Saturday, May 16, 2026

ဆီးခုံသန်း အတွက် အိမ်တွင်းကုသနည်းများ

 ဆီးခုံသန်း အတွက် အိမ်တွင်းကုသနည်းများ



(Htet Htet Zaw Win မှ ရေးသားသည်။ · အထွေထွေရောဂါကုဆရာဝန် · HHG)


လိင်ကတဆင့် ကူးစက်တတ်တဲ့ ရောဂါတွေထဲမှာ ဘက်တီးရီးယားလည်း မဟုတ်၊ ဗိုင်းရပ်စ်လည်း မဟုတ်ဘဲ အင်းဆက်ဖြစ်နေရဲ့နဲ့ ပါနေတဲ့ ရောဂါတစ်ခု ရှိပါတယ်။ ဒါကတော့ ဆီးခုံသန်း ပါ။ သန်းတွေ အများစုက အနီးကပ်ထိတွေ့မိရုံနဲ့ ကူးစက်တတ်တာဖြစ်ပြီး ဆီးခုံသန်းကတော့ လိင်ကတဆင့် ကူးစက်ပါတယ်။


ဆီးခုံသန်း က လိင်ကနေတဆင့် ဘယ်လိုကူးစက်တာလဲ။

မိမိရဲ့ အဖော်မှာ ဆီးခုံသန်း ရှိတယ်ဆိုရင် အတူနေရင်းကနေ မိမိဆီကို ရောက်လာတတ်ပါတယ်။ ဒါကတော့ တွေ့ရအများဆုံးပါ။


လိင်ဆက်ဆံလို့ မဟုတ်ဘဲ ကူးနိုင်တဲ့ အခြေအနေလည်း ရှိပါတယ်။ ဒါကတော့


သန်းတွယ်နေတဲ့ အတွင်းခံတွေ၊ အိပ်ရာခင်းတွေကို မျှဝေသုံးစွဲတာ

ဆီးခုံက သန်းက ခန္ဓာကိုယ်ရဲ့ တခြားနေရာ (ဥပမာ ခေါင်း၊ ချိုင်းမွေး)ကို ရောက်သွားပြီး ဒီကနေတဆင့် ကူးစက်တာပဲ ဖြစ်ပါတယ်။


ဆီးခုံသန်းရဲ့ အဓိက ပြဿနာက ဘာလဲ။

ဆီးခုံသန်းရဲ့ အဓိက ပြဿနာက ယားတာပါ။ နောက်တစ်ခု အမွေးရှိတဲ့ ဘယ်နေရာမှာမဆို ရှိနေနိုင်တာပါ။ ဆီးခုံက သန်းက ခြေသလုံးမွေး၊ ချိုင်းမွေး၊ မုတ်ဆိတ်မွေး၊ ပါးသိုင်းမွေးတွေထိ ရောက်ပြီး ယားနိုင်ပါတယ်။ သန်းကိုက်ရာလေးတွေ ရှိနိုင်ပါတယ်။


သန်းက လူရဲ့ သွေးကို စုပ်တာဖြစ်တဲ့အတွက် အရေပြားမှာ အညိုအမည်း စွဲလာနိုင်ပါတယ်။


ယားလို့ ကုတ်ရင်းနဲ့ အနာတွေ ဖြစ်လာနိုင်ပါတယ်။


ဆီးခုံသန်း ကို ဘယ်လိုကုသနိုင်မလဲ။

အရင်ဆုံးတော့ အိမ်မှာ အရင်ကုသနိုင်ပါတယ်။ ဆေးဆိုင်မှာ ဆေးစာမလိုဘဲ ဝယ်လို့ရတဲ့ သန်းသေဆေးတွေ သုံးနိုင်ပါတယ်။


Permethrin cream. (သို့)

Pyrethrin with piperonyl butoxide စတာတွေက ရှန်ပူတွေ၊ ခရင်မ်တွေအနေနဲ့ လာပါတယ်။


ကုသနည်းကတော့


ခန္ဓာကိုယ်ရဲ့ အမွေးရှိသမျှ နေရာတွေမှာ သန်းကို လိုက်ရှာပါ။ တတ်နိုင်ရင် တစ်ကိုယ်လုံးကို ဆပ်ပြာနဲ့ သေချာချိုးချပြီး ခြောက်အောင်သုတ်ပါ။

အထက်ပါ ဆေးရှန်ပူ၊ ခရင်မ်ကို သန်းရှိမယ်လို့ ထင်တဲ့နေရာတွေမှာ လိမ်းပါ။ မျက်တောင်၊ မျက်ခုံးမွေးမှာ မသုံးရပါ။


ပြီးရင် ဆေးညွှန်းပါအတိုင်း အချိန်တစ်ခုထားပြီး ရေနဲ့ စင်အောင် ဆေးချပါ။


အမွေးအမျှင်တွေကြားမှာ ရှိနေသေးတဲ့ သန်းတွေကို လက်နဲ့ဖယ်တာ ဒါမှမဟုတ် ဘီးစိတ်တိုက်တာ လုပ်ပေးပါ။


အားလုံးပြီးရင် အဝတ်အစားသစ်လဲလိုက်ပါ။

ဒီနည်းအတိုင်း တစ်ပတ်၊ ၁၀ရက်လောက် လုပ်သွားရပါမယ်။


ဆီးခုံသန်း အတွက် အိမ်တွင်းကုသနည်းများ


အသုံးအဆောင်များမှ သန်းဖယ်ရှားနည်း


များသောအားဖြင့်တော့ အိပ်ရာခင်းတွေ၊ အဝတ်အစားတွေ၊ အတွင်းခံတွေမှာ ကပ်နေတာ များပါတယ်။


လျှော်လို့ရတဲ့ အဝတ်တွေ၊ အိပ်ရာခင်းတွေကို ကုသမှု မစခင် ၂ရက်အလိုတည်းက လျှော်ထားရပါမယ်။ ပူရင် သန်းတွေ သေတဲ့အတွက် ရေပူကို သုံးပါ။ ၁၃၀ ဒီဂရီဖာရင်ဟိုက်လောက်ရှိတဲ့ ရေနွေးနဲ့ ဆပ်ပြာကို ဖျော်ပြီး စိမ်လျှော်ပါ။ ပြီးရင် နေပြင်းပြင်းမှာ အနည်းဆုံး မိနစ် ၂၀လောက် လှမ်းထားပါ။

လျှော်မရတဲ့ ပစ္စည်းတွေဆို အလုံပိတ်အိတ်နဲ့ ထည့်ပြီး ၂ပတ်ကြာမှ ပြန်သုံးပါ။

အဝတ်အစားတွေ၊ အသုံးအဆောင် ပစ္စည်းတွေကို ပိုးသတ်ဆေး မဖြန်းရပါ။


မိမိအဖော်ကို မကူးစက်စေဖို့


ဆီးခုံသန်းက လိင်ကတဆင့် ကူးစက်တာဖြစ်တဲ့အတွက် မိမိကနေ သူများကို ကူးတာကို ဖြစ်နိုင်သလို သူများကနေ မိမိကို ကူးလာတာလည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့်


မိမိအဖော်ကိုပါ စစ်ဆေးပြီး သန်းရှိရင် ကုသပါ။

၂ပတ်လောက် အတူနေတာကို ရှောင်ပါ။

ဆီးခုံသန်းက အတူနေတဲ့သူကတဆင့် ကူးစက်တာဖြစ်ပြီး တစ်ကိုယ်ရည်သန့်ရှင်းမှုနဲ့ မဆိုင်ပါဘူး။ ဒါ့ပြင် ဆီးခုံသန်း သေအောင် ဆီးခုံမွေးကို ရိတ်တာကလည်း အကျိုးမထူးပါဘူး။ ဒါပေမယ့် ဆီးခုံမွေးရိတ်ထားတာက သန်းမတွယ်အောင် အထိုက်အလျောက် ကာကွယ်ပေးပါတယ်။


ဆရာဝန်နဲ့ ပြသင့်တဲ့ အခြေအနေ


အပေါ်က ရှန်ပူတွေ၊ ခရင်မ်တွေ တစ်ပတ်၊ ၁၀ရက်လောက် သုံးပြီး မသက်သာရင်

မျက်ခုံးမွေးတွေမှာ ဖြစ်ရင်

ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်မှာ ဖြစ်နေရင်

ယားနာတွေ ဖြစ်လာရင် ဆရာဝန်နဲ့ ပြဖို့ လိုပါတယ်။


***Helloဆရာဝန် စာမျက်နှာမှကူးယူဖော်ပြသည်။

No comments: