"မောင်… ချစ်ကို ဘယ်တော့မှ ခွဲသွားဖို့ စိတ်မကူးနဲ့နော်… ခွဲသွားရင်တော့ အသေမုန်းပြစ်လိုက်မှာ"
ငြိမ်သက်နေတဲ့ ကန်ရေပြင်ကို မျက်နှာမူရင်း ကျနော့် လက်တွေကြားကို သူမရဲ့ လက်တွေ အတင်းထည့်ပြီး အတင်းဆုပ်ကိုင်ထားရင်း ပြောလာတဲ့ ကျနော့်ချစ်သူ ကောင်မလေးရဲ့ ချစ်စရာ ကောင်းလွန်းလှတဲ့ အမူအရာလေးမှာ ကျနော် ထပ်ခါတလဲလဲ ကျရှုံးရပြန်ပေါ့……
ကျနော် သိပ်ချစ်ရတဲ့ချစ်သူ… ကျနော့်ချစ်သူနဲ့ ကျနော် တွေ့ဆုံမှုက ရိုးရှင်းလွန်းလှပါတယ်…
နေမသာခဲ့တဲ့ နေ့လေးတနေ့မှာ… ရုတ်တရက် ရွာချလိုက်တဲ့… မိုး… ပြင်ဆင်မှုတွေ မရှိခဲ့တဲ့ကျနော် မိုးလုံအောင် လမ်းဘေးဆိုင်တဆိုင်ရဲ့ အမိုးအောက်ကို အပြေးကလေး သွားရပ်မိခဲ့တဲ့ချိန်က သိပ်ပြီး မချောလှပေမယ့် ချစ်စရာကောင်းလွန်းတဲ့ ကောင်မလေးနဲ့ ဆုံဆည်းခဲ့ရတာပေါ့…
"သား.. သေချာဖိတ်ခဲ့နော်…" ကျနော့်ကိုဆို အယုံအကြည် သိပ်မရှိတဲ့ မေမေက အတန်တန် မှာနေချိန်မှာ ကျနော်က အိမ်ပေါက်ဝ ရောက်နေပြီ…. ကျနော့်မေမေက တစ်လကို တစ်ကြိမ်လောက် သူ့မိတ်ဆွေ မိသားစုတွေကို ဖိတ်ပြီး ထမင်းဖြစ်ဖြစ် မုန့်တခုခုဖြစ်ဖြစ် လုပ်စားရင်း လူကြီးတွေသဘာဝ ဟိုပြောဒီပြော ပြောနေကြလေ… အဲ့ဒီအတွက် ကျနော့်တာဝန်က အလှည့်ကျ မေမေဖိတ်ခိုင်းတဲ့ အိမ်တွေကို ဖိတ်ပေးနေကြ….. မေမေ့သူငယ်ချင်းတွေမှာလည်း ကျနော်မသိတဲ့ အိမ်ဆိုတာတောင် မရှိတော့…
ဒီနေ့ တာဝန်ကျတဲ့အိမ်က ကျနော်တို့အိမ်ရဲ့ မျက်နှာချင်းဆိုင် မေမေ့ ငယ်သူငယ်ချင်းအိမ်… ဖုန်းဆက်ပြီး ဖိတ်ရင် ရရဲ့သားနဲ့… လူကိုယ်တိုင် ဖိတ်ခိုင်းတဲ့ မေမေ့ကို သိပ်တော့ မကျေနပ်ချင်ပေမယ့် ကျနော့် တာဝန်လို ဖြစ်နေတဲ့အတွက် ဘာမှပြောခွင့်မသာ..
"တီး… တီး" လူခေါ်ခေါင်းလောင်းကို အဆက်မပြတ်နှိပ်ရင်း… စိတ်က သိပ်မရှည်ချင်လာတော့…. အဆက်မပြတ် သုံးလေးခါလောက် နှိပ်ပြီးမှ ခြံဝန်းထဲက အပြေးလာနေတာ ကြားရတယ်… "ကျွီ" ဆိုပြီး ပွင့်သွားတဲ့ တံခါးကနေ ခေါင်းပြူပြီး ထွက်လာတဲ့ ခေါင်းတလုံး… ကျနော် အသက်ရူသံတွေ ပြောင်းပြန် ဖြစ်သွားသလားပဲ… ရုတ်တရက် ဘာပြောရမှန်းမသိပဲ ကြောင်ပြီးရပ်နေတဲ့ ကျနော့်ပုံကို ပြုံးစိစိကြည့်နေတဲ့ ကောင်မလေး…. မိုးရေတွေ ရွှဲနေခဲ့ဖူးတဲ့ ကောင်မလေး…
"၀ိုး… ကျနော့်ရဲ့ အပျော်တွေ ဘယ်ကနေ ဘယ်လိုဝင်လာပြီး ပျံ့နှံ့သွားတယ်မသိ…. ဘာမှပြန်မပြောပဲ ခြံထဲကို လှမ်းဝင်ပြီးသား ဖြစ်နေတဲ့ ကျနော့်ခြေလှမ်း… "ဘယ်သူနဲ့ တွေ့ချင်လို့လဲလို့ မေးနေတာလေ… ဖြေဦးမှပေါ့" စူပုတ်ပုတ် အမူအရာနဲ့ ကောင်မလေး… ကျနော် ချစ်မိသွားတာ သေချာတယ်…
ဒီလိုနဲ့ ကျနော်တို့ နှစ်ယောက်ရဲ့ သံယောဇဉ်တွေ တစ်ရက်ပြီး တစ်ရက် တိုးလာသလို… အကြောင်းပြချက် အမျိုးမျိုးနဲ့ ကောင်မလေးအိမ်ကို ရောက်ရောက်လာတတ်တဲ့ ကျနော့်ကို လူကြီးတွေက အကုန်လက်မြောက် ကုန်ပြီလေ… ချစ်တော့လည်း မရှက်တော့ပါဘူး… ချစ်မိသွားတာကိုး…
အားလပ်ချိန်တွေမှာ အတူလည်ရင်း အချိန်တွေ ဖြုန်းကြသလို… ညဖက်တွေမှာ ဖုန်းဆက်ရင်း ကြည်နူးခဲ့ရတဲ့ ဘ၀လေး… ဘယ်ချိန်တုန်းကမှ ဆုံးရှုံးသွားဖို့ မျှော်လင့်မထားခဲ့ဘူး… သူလည်း ကျနော့်ကို သိပ်ချစ်သလို… ကျနော်လည်း သူ့ကို သိပ်ချစ်တယ်…
ကျနော်တို့ နှစ်ဖက်မိဘတွေကလည်း သဘောတူနေ ကြည်ဖြူနေတဲ့ အခြေအနေမှာ ကျနော့်အတွက် ပူပင်သောက ဘာမှမရှိခဲ့ဘူးပေါ့… အားလုံးက အဆင်ပြေနေကြပြီပဲမို့… ကျနော်နဲ့ ကောင်မလေး အတူအမြဲ အဖော်မွန်အဖြစ် ဘ၀တသက်လုံး လက်တွဲဖို့ ကျနော် စိတ်ကူး အိပ်မက်တွေကို အမြဲမက်ခဲ့ဖူးပါတယ်… ဒါပေမယ့်… ဒီလိုအဆင်ပြေနေတဲ့ ကျနော့်ဘ၀လေးကို ကံကြမ္မာက လှလှပပ ထိုးနှက်လို့ ကျရှုံးစေခဲ့တာလေ…
"မောင်… ချစ်တို့ ထိုင်နေကြ ကန်ဘောင်လေး သွားရအောင်" ချွဲချွဲနွဲ့နွဲ့ တောင်းဆိုလာတိုင်း ငြင်းဆန်မှုမဲ့ ကျနော့် နူတ်ခမ်းက "ချစ် သဘောလေ" လို့ပြောနေကျလေ…
အဲ့နေ့… အဲဒီနေ့က စခဲ့တာပေါ့…
ကျနော်နဲ့ ကောင်မလေး ခုံတန်းလေးပေါ် ထိုင်နေရင်း…… ကောင်မလေးပြောပြတဲ့ သူမအကြောင်းတွေကို နှစ်ဦးလုံး သဘောတကျကျနဲ့ ရီရင်း သိပ်ကို အေးချမ်းခဲ့ရတာပါ… အဲ့ဒီအချိန်မှာ… ကျနော်တို့ ထိုင်နေတဲ့ ခုံတန်းလေးနား… မိန်းကလေးတစု ရောက်လာခဲ့ချိန်မှာ… ပြောလက်စ စကားကို ရုတ်တရက် ရပ်ပြီး အဲဒီ မိန်းကလေး အုပ်စုဆီကို ငေးကြည့်နေတဲ့ ကျနော့် ကောင်မလေးရဲ့ မျက်ဝန်းတွေမှာ ရွှန်းလဲ့လဲ့ အရည်ကြည်တချို့နဲ့…
"ဟေ့… ကောင်မလေး ဘာတွေ ငေးနေတာတုန်း" ကျနော့် အသံကြားတော့ ကျနော့် ချစ်သူက ရုတ်တရက် သတိပြန်ဝင်လာသူ တယောက်လို… ကျနော့်ကို ပြုံးပြီးတော့…. "မောင်.. ဟိုအုပ်စုကို ကြည့်စမ်းပါ.. အဲဒီက ဆံပင်ဂုတ်ဝဲလေး တယောက်က အရမ်းချစ်ဖို့ ကောင်းတယ်နော်… မျက်လုံးကလည်း အရမ်းလှတယ်"… ကျနော့်ချစ်သူ ညွှန်ပြတဲ့ ကောင်မလေးတစုကို ကျနော် ထပ်တခါ ပြန်ကြည့်မိတယ်… "မောင့် မျက်လုံးထဲမှာတော့ ချစ်ကမှ အလှဆုံးပါ.. မောင့်ချစ်ကို ဘယ်သူမှ မယှဉ်နိုင်ပါဘူးကွာ" ကျနော့် စကားကြောင့် အရင်ကလိုတော့ "မောင်ကတော့ ပိုချစ်အောင် လုပ်နေပြန်ပြီ"လို့ ကျနော့်ချစ်သူ မပြောခဲ့ဘူး…
ကျနော့် စိတ်ထဲမှာလည်း ဘာမှကို မရှိခဲ့ဘူး… ဒီလိုနဲ့ ကျနော်တို့ ချစ်သူနှစ်ယောက် အရင်ကလိုပဲ တယောက်ကို တယောက် သိပ်ချစ်ခဲ့ကြတာပေါ့… အဆက်အသွယ်ဆိုတာ ပြတ်တောက်သွားတယ် ဆိုတာတောင် မရှိဘူး… ကျနော့်ချစ်သူကို ကျနော်သိပ်ချစ်တယ်… သူမက ပွင့်လင်းသလို… ကျနော့်အပေါ် သိပ်နားလည်တယ်… ဒီအတွက် ကျနော် သိပ်ကံကောင်းတာပေါ့…
ဒါပေမယ့်… နောက်ပိုင်း… ကျနော့်စိတ်ထဲမှာ ကသိကအောက် ဖြစ်ဖြစ်လာစေတဲ့ အကြောင်း အရာတခုက… ကျနော့်ချစ်သူက ကျနော်နဲ့ စကားပြောနေရင်း… အဝေးကို တခါတခါ ငေးနေတတ်တာ… တခုခုကို အသည်းအသန် စဉ်းစားနေတတ်တာ… ဘေးက ဖြတ်လျှောက်သွားတတ်တဲ့ မိန်းကလေးတွေဆို အားကျတဲ့ မျက်ဝန်းတွေနဲ့ လိုက်ကြည့်လာတတ်တာ… "မောင့်ကို သိပ်ချစ်တာပဲ" ဆိုတဲ့ စကားတွေ အပြောနည်းလာတာ… ကျနော့်စိတ်ထဲမှာ သိပ်ကိုခံပြင်းပေမယ့်… သူ့ကို လက်ညှိုးထိုး ထောက်ပြစရာလည်း ဘာအားနည်းချက်မှ ကျနော် ရှာမတွေ.ခဲ့ဘူး…
"ချစ်… မောင့်ကို စိတ်ကောက်နေတာလားကွာ… မောင်ဘာလုပ်ပေးရမလဲ ပြောကွာ" ကျနော့်ဘက်က အဲလို ပြောလာရင်တော့ သူမ မျက်ဝန်းထဲမှာ ရစ်ဝဲလာတဲ့ မျက်ရည်စတွေ ကျနော် မကြာမကြာ တွေ့လာရတယ်… "ဟင့်အင်း… ချစ်ဘာမှ မဖြစ်တာ… မောင်က ဘာအမှားမှ မလုပ်ထားတာ ချစ်က ဘာလို့ စိတ်ကောက်ရမလဲ" သူမ အဖြေတိုင်းမှာ ကျနော် ကျေနပ်ပေမယ့် သူမကို ကြည့်လိုက်တိုင်း… ကျနော့် နှလုံးသားထဲမှာ နာကျင်တတ်လာတယ်… ၀မ်းနည်း တတ်လာတယ်… ကျနော် သူမကို သိပ်ပျော်စေချင်တာလေ… ကျနော့် အချစ်တွေကြောင့် သူမရယ်သံတွေကို ကြားနေချင်သူပါ…
ကျနော်တို့ မျှော်လင့်ခဲ့ရတဲ့ နေ့လေးတနေ့……
ကျနော်နဲ့ ကောင်မလေး စေ့စပ်ထားဖို့ လူကြီးတွေ ပြောလာတော့ ကျနော့်လောက် ပျော်မယ့်သူ ဘယ်သူရှိနိုင်မလဲ… ကျနော် ချက်ချင်း ကောင်မလေးဆီ ဖုန်းဆက်တော့… တိတ်ဆိတ်နေတဲ့ သူ့အသံ… "အင်း" ဆိုတဲ့ တိုးသဲ့သဲ့ ဖြေသံလေးကို ကျနော် စိတ်တိုင်း မကျခဲ့ဘူး… "ချစ် မပျော်ဘူးလားကွာ… မောင်တို့ အမြန် ဆုံဆည်း ရတော့မှာ" "မောင်တို့ အရင်က စိတ်ကူး ထားတဲ့အတိုင်း ဖြစ်လာတော့မှာ"… ကျနော့်ဘက်က တက်ကြွပြီး စကားတွေ များနေသလောက် ကောင်မလေး ဘက်က တိတ်ဆိတ် နေခဲ့တယ်…
ဖုန်းချခါနီးမှာ သူမဘက်က "မောင်… ကျမတို့ မနက်ဖြန် ကန်ဘောင်နားက ခုံတန်းလေးမှာ တွေ့ရအောင် ကျမစောင့်နေမယ်"တဲ့… တခွန်းထဲပြောပြီး သူမ ဖုန်းချသွားတယ်… အပျော်တွေ ပျံ့လွင့်နေတဲ့ ကျနော့်မှာတော့ မုန်တိုင်းတခု မလာခင် လေပြေလေး ၀င်သွားတယ် ဆိုတာကိုတောင် ကျနော် မသိလိုက်နိုင်ခဲ့ဘူး…
အဖြူနဲ့ အနက် ရောစပ်ထားတဲ့ အရောင်လေးနဲ့ သိပ်လိုက်ဖက်တဲ့ ကျနော့်ချစ်သူ ကြိုတင် ရောက်နေတာကို တွေ့လိုက်ရတယ်… ခုံတုန်းလေးမှာ ၀င်ထိုင်လိုက်ပေမယ့် သူမ ကျနော့်ဘက်ကို လှည့်မကြည့်ပဲ ဟိုး အဝေးတနေရာကို ငေးနေတာ… ကျနော် မတင်မကျဖြစ်နေတဲ့ ခံစားချက်ကို သူ့ကို ထုတ်မေးလိုက်မိတယ်… "ချစ်… မောင့်ကို မချစ်တော့ဘူးလား… အသစ်တွေ့နေလို့လား" ဘာလို့ မပျော်နေရတာလဲကွာ"… အဆက်မပြတ် မေးခွန်းတွေက သူမကို တချက်လေးတောင် တုန်လှုပ် မသွားစေဘူး…
"မောင် အချစ်ဆိုတာကို ဘယ်လိုထင်လဲဟင်" မထူးဆန်းတဲ့ မေးခွန်းလေးတခုလို့ ကျနော် ထင်ပေမယ့် မေးလာတဲ့ သူမနူတ်ခမ်း တုန်ရီနေသလို မို့အစ်နေတဲ့ သူမ မျက်ဝန်းတွေက သူမကို ငိုထားမှန်း သိပ်ကို ပေါ်လွင်နေတော့ ကျနော် တကယ်ကို တုန်လှုပ်သွားခဲ့ရတာပါ…
"အချစ်ဆိုတာ ဘာလဲ ဆိုတာတော့ အတိအကျမသိဘူး ချစ်ရာ… ဒါပေမယ့် ချစ်ကို ချစ်မိတာ ချစ်ကို ဘယ်သူမှန်း ဘာမှန်းမသိခင်က ချစ်မိသွားတာ… ဘယ်အရာမှ တွန်းပို့တာတွေ အတင်းအဓမ္မ ခိုင်းစေတာတွေ မရှိပဲ သူ့အလိုလို နှလုံးသားထဲ ၀င်လာတာ… မောင့်အထင်က တကယ့် အချစ်စစ်တွေက ဖန်တီးယူလို့ မရပဲ နှလုံးသားထဲ အလိုလို ၀င်ရောက်လာတဲ့ ခံစားမှုမျိုး"
"မောင့်ကို ကျမသိပ်ချစ်ခဲ့တာ မောင်ယုံလားဟင်"
"ယုံတယ်လေ ချစ်ရ… ဘာလို့ ခုမှဒါတွေ မေးနေရတာလဲကွာ"
"ကျမကိုယ်တိုင် မသိပေမယ့်… မောင့်ကို ကျမပြောပြချင်နေတာတွေ ရှိတယ်… ပြီးရင် မောင် ကြိုက်သလို ဆုံးဖြတ်ပေါ့…"… ကလေးလေးလို အမြဲလိုလို ဗိုလ်ကျတတ်တဲ့ ကျနော့်ချစ်သူ ခုတော့လည်း တကယ့် လူကြီးတယောက်လို ရင့်ကျက်နေလိုက်တာ…
"မောင်… မောင်နဲ့ စေ့စပ်ရတော့မယ် လက်ထပ်ရတော့မယ်ဆိုတဲ့ စကားကို ကြားလိုက်ရချိန်မှာ… ကျမ တကယ်ကို တုန်လှုပ်ခဲ့မိတယ်မောင်… ၀မ်းသာရမယ့်အစား ကျမ ၀မ်းနည်းခဲ့မိတယ်… မောင် ကျမကို အပြစ်တင်နိုင်တယ်မောင်… ကျမလေ တကယ်အရူးလို ဖြစ်ခဲ့တာပါ… ကျမ အရင်ချိန်တွေက မောင်နဲ့လက်ထပ်ပြီးရင် ဆိုတဲ့ စိတ်ကူးမျိုးတွေ တွေးဖြစ်တိုင်း ပျော်နေတတ်ခဲ့တယ်မောင်… အမှန်တရားကို ပြောရမယ်ဆိုရင် ကျမ အခု မပျော်ဘူးမောင်… ပြီးတော့ မောင်နဲ့… မောင်နဲ့ လက်ထပ်ပြီးရင်လည်း ကျမ ပျော်နိုင်မယ် မထင်ဘူးမောင်…"
မိုးမရွာပဲ မိုးခြိမ်းသံကို ကြားလိုက်ရသလိုပဲ… ကျနော့် နှလုံးသားတကယ်ကို မိုးကြိုးပစ်ခံလိုက်ရသလိုပါပဲ…
"မောင့်မှာ ဘာအားနည်းချက်ရှိလို့ ဒီလိုပြောရတာလဲကွာ… မင်းပျော်အောင် မောင့်ဘက်က အကုန်လုပ်ပေးမယ်… မောင်တို့မှာ ပူပင်စရာ ဘာမှမရှိတဲ့ ဘ၀မှာ ချစ်က ဘာကို စိုးရိမ်တာလဲကွာ"
"မောင့်မှာ ဘာအပြစ်မှ မရှိပါဘူးမောင်… အဓိကက အချစ်ဆိုတာကြောင့်ပဲမောင်… ကျမလေ… မောင့်ကို လက်ထပ်ရမယ်ဆိုပြီး အတင်းလုပ်လာရင်တော့ ကျမမှာ ငြင်းခွင့်မှ မရှိတာပဲမောင်… ဒါပေမယ့် ကျမနှလုံးသားထဲက မောင့်ကို ကျမ အိမ်ထောင်ဖက်အဖြစ် လက်ခံလို့ မရနိုင်တာက ကျမလေ… ကျမ… လူတယောက်ကို ချစ်မိနေလို့ပဲမောင်……"
"ဘာ… ဘာပြောလိုက်တယ်… မောင့်အပြင် မင်းမှာ ချစ်သူရှိနေတယ်ဟုတ်လား… ပြန်ပြောလိုက်စမ်းပါ"
"မောင် ကျမကို အပြစ်တင်ပါမောင်… ဒါပေမယ့် အဲ့ဒီတယောက်ကို ကျမ ချစ်ခွင့်ရနိုင်ဖို့ ကျမ အများကြီး ကြိုးစားရဦးမယ်မောင်… ဘာဖြစ်လို့လဲဆိုတော့… ကျမချစ်နေတဲ့သူက… မောင့်လို ယောက်ျားလေး တယောက် မဟုတ်ပဲ မိန်းကလေးတယောက် ဖြစ်နေတယ်မောင်… ကျမလေ သူနဲ့တွေ့ရင် ရင်ခုန်တယ်… သူနဲ့ စကားပြောမိရင် ပျော်တယ်… ကျမလက်ကို ရုတ်တရက် လာကိုင်ရင် ကျမ ရင်မှာ နွေးသွားတယ်… သူနေမကောင်းရင် ကျမသိပ်စိုးရိမ်တယ်မောင်… သူနဲ့ စကားမပြောရရင် ကျမ ဘေးကလူတွေကို ဒေါသထွက်နေမိတယ်… "ကျမလေ… ကျမ မောင့်အပေါ် ဒီလိုမဖြစ်ဖို့ ကိုယ့်ဘာသာကိုယ် အကြိမ်ကြိမ် သတိပေးပြီး နေခဲ့ပေမယ့် ကျမ ခံစားချက်က မရဘူးမောင်…"
"ကျမက မိန်းကလေးတယောက် ဖြစ်နေပါလျက်နဲ့ အခြား မိန်းကလေးတယောက်ကို ချစ်သွားမိတာ… ကျမ စိတ်ကစားတာ မဟုတ်ဘူးမောင်… ကျမ သူ့ကို တကယ်ချစ်သွားမိတာ… ကျမ သူပျော်နေတာကို ကြည့်ရင်း ပျော်နေချင်ခဲ့တယ်… ကျမကို ရူးတယ်လို့ မောင်ပြောမလားဟင်… သစ္စာမရှိတဲ့ မိန်းကလေး တယောက်လို့ ကျမကို ပြောလိုက်ပါ မောင်… ဒါပေမယ့် မောင့်မှာ ဘာအပြစ်တွေမှ မရှိပေမယ့် ကျမ နှလုံးသားက လက်ခံလို့ မရဘူးမောင်…" "အချစ်ဆိုတာ တကယ်ပဲ နှလုံးသားထဲက အလိုအလျောက် တစုံတယောက်အတွက် ဖြစ်ပေါ်လာတတ်တယ်ဆိုတာ ကျမအခု တကယ်လက်တွေ့ ခံစားနေရပြီမောင်"
ကွဲအက်အက် အသံတွေက အဆက်မပြတ် ထွက်နေပေမယ့် ကျနော့်ချစ်သူ… သူမ မျက်ဝန်းတွေက သိပ်ကို အလေးအနက်နဲ့ တည်ငြိမ်နေတယ်… ကျနော် ဘာလုပ်သင့်လဲ… ကျနော် သူ့ကို ထထိုးလိုက်ရမလား… နာကျင်အောင် တခုခု ပြန်ပြောလိုက်ရမလား… ကျနော့် အတွေးတွေမှာ တရိပ်ရိပ် ပေါ်ပေါ်လာတဲ့ သူမပုံရိပ်တွေ… မိန်းကလေး အချင်းချင်း အ၀တ်အစား လှလှလေးတွေ စတိုလ် လှလှလေးတွေကို အားကျလို့ လိုက်ငေးနေတယ်လို့ အရင်က ထင်ခဲ့ဖူးတဲ့ သူမနဲ့ပါတ်သက်တဲ့ အတွေးတွေ… "ဆံပင်ဂုတ်ဝဲလေးနဲ့ မိန်းကလေးက သိပ်ချစ်ဖို့ ကောင်းတာပဲ"လို့ ပြောဖူးတဲ့ သူမအသံလေးတွေ… ကျနော့်နားထဲ ပဲ့တင်သံတွေအလား… ထပ်ကာထပ်ကာ ပြန်ကြားနေမိတယ်…
"မောင်… မောင်ကျမကို သိပ်ချစ်တယ် ဆိုတာကို ကျမသိပါတယ်မောင်… မိန်းကလေးချင်း… လိင်တူချင်း ချစ်မိသွားတဲ့ ကျမရဲ့ အဖြစ်ကို ကျမတို့ အသိုင်းအ၀ိုင်းက လက်ခံပြီး နားလည်ပေးဖို့ ဒီအချိန်မှာ ခက်ခဲကြမယ် ဆိုတာ ကျမ သိပါတယ်… ဒါပေမယ့် မောင် ကျမအပေါ် ထားတဲ့ အချစ်တွေကို စော်ကားတာ မဟုတ်ပေမယ့်… မောင့်ဆီက အလိုချင်ဆုံး အတောင်းချင်ဆုံး အရာတခုက မောင် ကျမရဲ့ အချစ်ကို နားလည်ပေးပါ… ကိုယ်ချင်းမစာတာ မဟုတ်ပေမယ့်… ကျမ သတ္တိတွေ အများကြီး မွေးရဦးမယ်… ပြင်ဆင်မှုတွေ အများကြီး လုပ်ရဦးမယ်မောင်… ဒါကြောင့် ပထမဦးဆုံး ကျမကို နားလည်ပေးနိုင်မယ့် သူကို မောင့်ကို ဖြစ်စေချင်တယ်မောင်…"
ကျနော့် ရင်ဘတ်ထဲက စူးစူးရှရှ နာကျင်ပေမယ့် သူမ ကျနော့်ကို ဒီလိုစကားမျိုး ပြောထွက်ဖို့ ဘယ်လောက်တောင် သတ္တိတွေ မွေးခဲ့ရမလဲ… ပြင်ဆင်မှုတွေ လုပ်ခဲ့ရမလဲ… ကျနော့် အတွက်ဆိုတာကိုတောင် ခဏမေ့ပြီး သူမအတွက် ကျနော် ရုတ်တရက် တွေးလိုက်မိခဲ့တဲ့ အဖြစ်ရယ်…
ကျနော့်လက်ကို တင်းတင်းဆုပ်ထားတဲ့ သူမ လက်ချောင်းတွေမှာ ခွန်အားတွေ ယုံကြည်မှုတွေ အပြည့်တွေရှိနေတာကို ကျနော် ခံစားမိတယ်… ကျနော့်ဘက်က ဘာပြောနိုင်မှာလဲ… မယုံကြည်နိုင်စရာ ကောင်းတဲ့ လှည့်ကွက်တခုလို့ ပြောရလောက်အောင်လည်း သူမရဲ့ အချစ်တွေကို ကျနော်ယုံတယ်… ကျနော်သိပ်ချစ်ရတဲ့ ကောင်မလေး… ကျနော့် ကောင်မလေး သိပ်ချစ်မိနေပြီဆိုတဲ့ သူ့ မိန်းကလေး… ကျနော်တို့ သုံးယောက်ဟာ… ပြိုင်ပွဲတခုမှာ ကစားကြတဲ့ လူတွေဆိုရင်တောင် ဘယ်သူက အနိုင်ရသွားတာလဲ… ဘယ်သူက အရှုံးသမား ဖြစ်သွားတာလဲ…
ကျနော်တောင် သူ့ကို သိပ်ချစ်သလို… သူ့ဘက်ကလည်း အခြားတယောက်ကို သိပ်ချစ်နေမှတော့ ကျနော့်ဘက်က သူ့ကို လွတ်လပ်စွာ သွားခွင့်ပြုရမှာပေါ့… မိန်းကလေးချင်း ချစ်မိသွားတဲ့ သူမအနေနဲ့ အတိုက်အခိုက်တွေကြားထဲ ယိုင်လဲသွားမှာကို ကျနော် မကြည့်ရက်ပေမယ့် ဘာဖြစ်ဖြစ်… ကောင်မလေးအတွက် ကျနော့်ပခုံး သူခဏတာဖြစ်ဖြစ် မှီခိုရာ နေရာလေးတခု အဆင်သင့် ရှိနေချင်ခဲ့တာ…
မျက်လုံးအစုံကိုပိတ်ပြီး မိုးကောင်းကင်ကို မော့ထားတဲ့ မျက်နှာပေါ်ကို အဆက်မပြတ် ကျဆင်းနေတဲ့ မိုးစက်တွေက တကယ်ကို သနားညှာတာမှု ကင်းမဲ့နေခဲ့တာ.... တလှပ်လှပ်ဖြစ်နေတဲ့ ကွက်လပ်အပြည့်နဲ့ ရင်ဘတ်တစုံနဲ့ လူတယောက်… ဟိုး… ဝေးဝေးတနေရာက ရီသံသဲ့သဲ့ကို ကြားနေရတယ်… နီးလာလိုက် ဝေးသွားလိုက်… တိုးဖျော့လာလိုက်… ကျယ်လာလိုက်… ရီသံကနေ ရှိုက်သံဖြစ်သွားလိုက်… တင်းတင်းမှိတ်ထားတဲ့ မျက်ဝန်းတစုံကိုတော့ ဆက်လက်မှိတ်ထားမိနေဆဲ… မသေချာတော့တဲ့ စိတ်ကူးတခုအတွက်… ဟာတာတာ ရင်ဘတ်တစုံနဲ့ လူတယောက် မိုးတွေနဲ့အတူ နစ်မြောနေမိခဲ့မိတာ… အရှုံးသမားတယောက်ရဲ့ နိဂိုးတခုတဲ့လား……
လမ်းခွဲဖို့ဆိုတာ ဖြစ်မှမဖြစ်နိုင်တာ… မသွားပါနဲ့… အော်ဟစ်တားဆီး လိုက်မိချင်ပေမယ့်… တောက်ပလွန်းတဲ့ သူ့ရဲ့မျက်ဝန်းအစုံ… နူးညံ့သိမ်မွေ့လွန်းတဲ့ သူ့အပြုံးနဲ့ မျှော်လင့်ချက်ရောင်ခြည် ကျနော့် နှုတ်ခမ်းတွေကို ဆွံ့အစေခဲ့တာတွေ… ပြုံးလဲ့လဲ့ မျက်ဝန်းတခုကို စိုလဲ့လဲ့ မျက်ရည်စတွေ ရှိမနေစေချင်ဘူး… နာကျင်နေခဲ့ပေမယ့်… သူ့ အားတက်တရော စကားသံတွေ ရယ်သံတွေကို ကျနော့် ပတ်ဝန်းကျင်ထဲ ပျံ့လွင့်နေစေချင်ခဲ့သူပါ… ပြီးတော့ ကျနော်ချစ်တဲ့ ကောင်မလေး… သူမ လိုချင်တောင့်တနေတဲ့ မနက်ဖြန်တွေ ပိုင်ဆိုင်နိုင်ဖို့ ကျနော့်ဘက်က ဆုတောင်းရင်း…
ကြယ်စင်လေး
4 August, 2010
Resource: http://www.coloursrainbow.com/articles/35-article/366-2010-08-04-04-41-25.html
No comments:
Post a Comment