Saturday, February 2, 2013

လူငယ်စာနယ်ဇင်းသမား လိင်တူချစ်သူတဦးနဲ့ တွေ့ဆုံခြင်း




တဦးချင်း ပြုလုပ်တဲ့ In & Out အင်တာဗျူးကဏ္ဍလေးမှာတော့ “စာနယ်ဇင်းလောကနှင့် ယနေ့ လိင်တူချစ်သူ” ဆိုတဲ့ အကြောင်းအရာ ခေါင်းစဉ်အပေါ် လူငယ်စာနယ်ဇင်းသမား လိင်တူချစ်သူတဦးနဲ့ တွေ့ဆုံမေးမြန်းထားတာလေးတွေကို တင်ပြပေးမှာ ဖြစ်ပါတယ်။ 

ကိုယ့်ရဲ့နာမည်နဲ့ အလုပ်အကိုင်၊ ရာထူးတာဝန်တွေကို ပြောပြပေးပါ။
ကျွန်တော် နေရောင်လင်းခန့်ပါ။ စာနယ်ဇင်း သမား တစ်ဦးပါ။ လက်ရှိ ပြည်တွင်းက ဂျာနယ်တစ်စောင်မှာ အယ်ဒီတာအဖြစ် တာဝန်ယူထားပါတယ်။

ငယ်စဉ်က ကိုယ်ရဲ့ပတ်ဝန်းကျင်မှာ လိင်တူချစ်သူတွေကို မြင်ဖူး တွေ့ဖူးမှာပေါ့နော်။ သူတို့တွေအနေနဲ့ လူမှုအဖွဲ့အစည်းရဲ့ ပညာရေး၊ ကျန်းမာရေး၊လူမှုရေးကဏ္ဍအသီးသီးမှာ ဘယ်လို အခြေအနေမျိုးတွေ ရှိလဲဆိုတာကို ပြောပြပေးပါလား။
ငယ်ငယ်ကတော့ လိင်တူချစ်သူတွေဆိုတာ နတ်ကတော်၊ ရှောက်သီးဆေးပြားသည်နဲ့ မိတ်ကပ်လိမ်းတဲ့ သူတွေလောက်ပဲ သိထားပါတယ်။ သူတို့ကတော့ အပွင့်တွေပေါ့နော်။ နောက်အသက်ကြီးလာတော့ မိန်းမလို ၀တ်စားနေထိုင်မှ မဟုတ်ပဲ၊ လိင်တူချင်း တပ်မက်စိတ်ရှိတဲ့သူတွေဟာ အပုန်းအနေနဲ့ကော၊ အပွင့်အနေနဲ့ပါ နေရာတိုင်းမှာ ရှိတယ်ဆိုတာ သိလာပါတယ်။ သူတို့ဟာ သာမန်လူတွေနဲ့ ပြုမူပြောဆို နေထိုင်ပုံတွေ အတိုင်းအတာတစ်ခုအထိ ကွဲပြားပေမယ့် အားလုံးက လူသားတွေပါပဲ။ 

စာနယ်ဇင်းသမား တယောက်အနေနဲ့ လိင်တူချစ်သူတွေအပေါ် ဘယ်လိုမြင်လဲ။ သူတို့တွေက အသုံးမဝင်တဲ့ သူတွေလား၊ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာအရ မှားယွင်းနေတဲ့ သူတွေလား၊ လူ့အဖွဲ့အစည်းနဲ့ နိုင်ငံအတွက် တကယ်ပဲ အကျိုးမရှိတဲ့ သူတွေလား။
ကျွန်တော်ဟာ စာနယ်ဇင်းသမား တစ်ဦးဖြစ်သလို၊ လိင်တူချစ်သူ တစ်ဦးလည်း ဖြစ်တယ်။ အစ်ကိုပြောသလိုပဲ လိင်တူချစ်သူတွေဟာ တကယ်ပဲ စိတ်ပိုင်း၊ ရုပ်ပိုင်း မှားယွင်းနေတာလား၊ လူ့အဖွဲ့အစည်းအတွက် အသုံးမ၀င်တဲ့ သူတွေလား ဆိုတာ ကျွန်တော် ငယ်ငယ်ကတည်းက အရမ်း သိချင်ခဲ့တဲ့ မေးခွန်းပါ။ ကျွန်တော့်အနေနဲ့ကတော့ လူတိုင်းမှာ သူ့တန်ဖိုးနဲ့သူရှိကြတယ်လို့ ယုံကြည်တယ်။ လူတစ်ယောက်ရဲ့ တန်ဖိုးဆိုတာ သူဘယ်သူနဲ့ အိပ်သလဲ ဆိုတဲ့ အချက်နဲ့ တိုင်းတာလို့ မရဘူး။  လူတစ်ယောက်ရဲ့ တန်ဖိုးဆိုတာ နိုင်ငံနဲ့ လူမျိုးအတွက်၊ သူ့မိသားစုအတွက်၊ လူ့အဖွဲ့အစည်းအတွက် ဘာတွေ လုပ်ပေးခဲ့သလဲ ဆိုတာနဲ့ တိုင်းတာသင့်ပါတယ်။ 

ဒါပေမယ့် ကျွန်တော့်အမြင်က စာနယ်ဇင်းသမားအားလုံးကို ကိုယ်စားမပြုပါဘူး။ အများစုက ကျွန်တော့်လို အခြေအနေမဟုတ်တဲ့အတွက် သူတို့ရဲ့ အမြင်က ကျွန်တော့် အမြင်နဲ့ ကွဲလွဲနိုင်ပါတယ်။ 

မြန်မာစာနယ်ဇင်းလောကရဲ့ အခက်အခဲတွေနဲ့ အခုနောက်ပိုင်း တိုးတက်ပြောင်းလဲမှုတွေ အကြောင်းလည်း ပြောပြပါဦး။
မြန်မာစာနယ်ဇင်းလောကဟာ ၁၉၉၀ ခုနှစ်တွေကနေ မကြာသေးခင် ၂၀၁၁ခုနှစ်အထိ တင်းကြပ်တဲ့ စာပေစိစစ်ရေးရဲ့ ထိန်းချုပ်မှု ရှိနေတဲ့အတွက် စာနယ်ဇင်းတွေရဲ့ သတင်းဖော်ပြချက်တွေဟာ သူတို့ရဲ့ တကယ့် သဘောထား အမှန်မဟုတ်ခဲ့ဘူး။ တစ်ချိန်က မြန်မာနိုင်ငံမှာ စာနယ်ဇင်းရွှေခေတ်လို့ ပြောရမယ့် အချိန်တွေ ရှိခဲ့ဘူးပါတယ်။ လွတ်လပ်ရေးရပြီးစ ပါလီမန် ဒီမိုကရေစီ ခေတ်တုန်းကဆိုရင် နေ့စဉ်ထုတ် သတင်းစာတွေ၊ ညနေခင်း သတင်းစာတွေ၊ အင်္ဂလိပ်၊ တရုတ်၊ ဟင်ဒီ စကားနဲ့ ထုတ်တဲ့ သတင်းစာတွေ အများကြီး ရှိခဲ့တယ်။ စာနယ်ဇင်းနဲ့ဆိုင်တဲ့ အလုပ်အကိုင်တွေလည်း ခိုင်ခိုင်မာမာရှိပြီး၊ အရည်အချင်း ပြည့်တဲ့သူတွေ အများကြီး ရှိခဲ့တယ်။ အဲဒီကနေ ၁၉၆၀ ခုနှစ်တွေမှာ တော်လှန်ရေး အစိုးရတက်လာပြီး နောက်ပိုင်း ပုဂလိက စာနယ်ဇင်း အားလုံးကို ဖျက်သိမ်းလိုက်ပြီး၊ နိုင်ငံပိုင်  သတင်းစာနဲ့ ပါတီအာဘော် စာစောင်တွေပဲ ထုတ်ခွင့်ပေးလိုက်တဲ့ အခါမှာ စာနယ်ဇင်းလောကက အရမ်းကို ကျဉ်းမြောင်းသွားပြီး စာနယ်ဇင်းနဲ့ ပက်သက်တဲ့ အလုပ်အကိုင်တွေလည်း ပျောက်ကွယ်မတတ် ဖြစ်ခဲ့တယ်။ ၈၈ အရေးအခင်းအပြီး တပ်မတော်အစိုးရ တက်လာပြီးနောက်မှာ ပုဂ္ဂလိက ဂျာနယ်စာစောင် အချို့ပြန်ထုတ်ခွင့် ရလာတယ်။ ဒါပေမယ့် အရမ်းတင်းကြပ်တဲ့ စာပေစိစစ်ရေးရဲ့ စည်းမျဉ်းတွေ အောက်မှာ ကျပ်ကျပ်တည်းတည်း လုပ်ကိုင်ခဲ့ရတယ်။ ထုတ်ဝေမယ့် ဆောင်းပါး၊ ဓါတ်ပုံအားလုံးကို တစ်ပတ်ကြိုပြီး စိစစ်ရေးကို တင်ရလို့ နေ့စဉ်ထုတ် သတင်းစာ ထုတ်ဖို့ဆိုတာ လုံးဝမဖြစ်နိုင်ခဲ့ဘူး။ ခုထိလည်း သတင်းစာထုတ်ခွင့် မရသေးဘူး။ သတင်းထူးတွေကို အရဲစွန့်ပြီး စာပေစိစစ်ရေးကို မတင်ပဲ ထုတ်ခဲ့တဲ့ ဂျာနယ်တွေ အပိတ်ခံရတယ်။ အယ်ဒီတာ သတင်းထောက်တွေကို အလုပ်က ရပ်စဲခိုင်းတယ်။ အချို့ကိစ္စတွေမှာ တရားစွဲဆိုပြီး ထောင်ချတာပါ ခံခဲ့ရတယ်။ 

ဆင်ဆာဖြတ်တဲ့ အထဲမှာ အဓိကနှစ်မျိုး ရှိတယ်။ နိုင်ငံရေးနဲ့ဆိုင်တဲ့ အတိုက်အခံပါတီအကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် အကြောင်းနဲ့ အကျင့်ပျက် လာဘ်စားမှုတွေ၊ ဆင်းရဲ မွဲတေမှုတွေ၊ အစိုးရရဲ့ ညံ့ဖျင်းမှုတွေ အားလုံးကို ဘယ်လိုပုံစံနဲ့မှ ဖော်ပြလို့ မရဘူး။ နောက်တစ်မျိုးက လိင်တူချစ်သူတွေ အကြောင်း အပါအ၀င် မြန်မာ့ယဉ်ကျေးမှုနဲ့ မသင့်တော်ဘူးလို့ သူတို့ယူဆတဲ့ ကိစ္စရပ်အားလုံးကို ဆင်ဆာဖြတ်တယ်။ သူတို့သဘောကတော့ စာနယ်ဇင်းတွေကို ကောက်ကိုင်လိုက်ရင် မြန်မာပြည်ကြီး  သာယာဝပြောပြီး၊ လူတွေအားလုံး ပျော်ရွင်နေကြတယ်။ အရာအားလုံး ပုံမှန်ဖြစ်နေတယ်ဆိုတဲ့ ပုံရိပ်ကို ဖန်တီးဖို့ ကြိုးစားခဲ့တယ်။ 

လိင်တူချစ်သူတွေနဲ့ ပတ်သက်ပြီး စာနယ်ဇင်းမီဒီယာတွေရဲ့ ရေးသား၊ ဖော်ပြချက်တွေဟာ လိင်တူချစ်သူတွေနဲ့ လူမှုပတ်ဝန်းကျင် နယ်ပယ်အပေါ် ဘယ်လောက်အထိ အကျိုးသက်ရောက်မှုတွေ ရှိစေနိုင်တယ်လို့ ယူဆလဲ။
အပေါ်မှာ ပြောခဲ့သလိုပဲ မြန်မာနိုင်ငံမှာ သတင်းလွတ်လပ်ခွင့် မရှိခဲ့တဲ့အတွက် စာနယ်ဇင်းတွေမှာ ဖော်ပြတာတွေဟာ အပြင်မှာ တကယ်ဖြစ်နေတာတွေကို ထင်ဟပ်ပြဖို့ မလုပ်နိုင်ခဲ့ဘူး။အဲဒီအတွက် စာနယ်ဇင်းတွေကို ဖတ်နေကြတဲ့ ပြည်သူတွေရဲ့ တွေးခေါ်ပုံတွေကလည်း အမှန်မဖြစ်တော့ဘူး။ ဥပမာ အခုနောက်ပိုင်း စာနယ်ဇင်းတွေမှာ အိမ်ဖော်မိန်းကလေးကို အိမ်ရှင်မိန်းမက သေလောက်အောင် နှိပ်စက်တာလိုမျိုး၊ အမှုအခင်းတွေ ပိုပြီးတွေ့လာရတယ်လေ။ လူတွေက၊ အထူးသဖြင့် လူကြီးပိုင်းတွေက ဒါတွေကို ဖတ်ပြီး ပြောကြတယ်။ ‘ခေတ်ကြီးက မကောင်းတော့ဘူးတဲ့။ အရင်က ဒါမျိုးတွေ မြန်မာပြည်မှာ မရှိပါဘူးတဲ့။ ဘာကို ကြည့်ပြီး ပြောတာလဲ ဆိုတော့ အရင်တုန်းက စာနယ်ဇင်းတွေမှာ ဒါမျိုးတွေ သိပ်မတွေ့ရလို့တဲ့။ 

အဲလို ထင်နေတာဟာ စာနယ်ဇင်း လွတ်လပ်ခွင့် မရခြင်း ရလဒ်အတွက် အကောင်းဆုံး ဥပမာပဲ။ တကယ်တော့ ဒါမျိုး အမှုအခင်းတွေဟာ ဟိုးအရင့်အရင် ခေတ်တွေတုန်းကလည်း ရှိခဲ့တာပဲ။ ဒါပေမယ့် တင်းကျပ်တဲ့ ထိန်းချုပ်မှုတွေကြောင့် စာနယ်ဇင်းတွေပေါ် ရောက်မလာခဲ့ဘူး။ ခံရတဲ့သူတွေကလည်း တိုင်ရကောင်းမှန်း မသိလို့ ကြိတ်ခံခဲ့ကြတာကြောင့်လည်း ပါမှာပေါ့။ သေချာတာကတော့ ဒါမျိုးတွေ အခုမှ ရှိလာတာ မဟုတ်ပါဘူး။

လိင်တူချစ်သူတွေ ကိစ္စမှာလည်း ဒီလိုပဲ။ ခုနောက်ပိုင်း ခေတ်အခြေအနေက ပိုပြီးပွင့်လင်းလာတယ်။ အရင်က အပုန်းဘ၀နဲ့ နေခဲ့ရတဲ့သူတွေ ပွင့်ပွင့်လင်းလင်းဖြစ်လာကြတယ်။ စာနယ်ဇင်းတွေမှာ၊ ရုပ်သံ မီဒီယာတွေမှာလည်း လိင်တူချစ်သူတွေအကြောင်း ဖော်ပြခွင့် ပိုရလာတော့ အရင်က အခြောက်တွေ၊ မိန်းမလျှာတွေ သိပ်မရှိပါဘူး။ ခုနောက်ပိုင်းမှ အရမ်းကို များလာတယ်လို့ ထင်ကြတယ်။ ပိုဆိုးတာက အဲဒီအထင်ကို ချဲ့ကားပြီး အရင်က မြန်မာနိုင်ငံမှာ ဒါမျိုးတွေ မရှိဘူး။ ဒါတွေဟာ မြန်မာ့ယဉ်ကျေးမှု မဟုတ်ဘူးလို့ပါ ယုံကြည်နေကြတာပါပဲ။ ဒါတွေဟာ လိင်တူချစ်သူတွေကို ချိုးနှိမ်ဖို့ အကြောင်းပြချက်တွေ ဖြစ်လာစေပါတယ်။ 

စာပေစာနယ်ဇင်း နယ်ပယ်မှာပဲဖြစ်ဖြစ်၊ ရုပ်သံသတင်းဌာန စတာတွေမှာပဲဖြစ်ဖြစ် လိင်တူချစ်သူတွေနဲ့ ပတ်သက်ပြီး ဘယ်လိုမျိုး ရှုထောင့်တွေကနေ အများဆုံး ဖော်ပြလေ့ရှိလဲ။
လက်ရှိ စာနယ်ဇင်းတွေမှာ လိင်တူချစ်သူတွေကို ဖော်ပြတဲ့ ပုံသဏ္ဍာန် အမျိုးမျိုး တွေ့ရပါတယ်။ အများစုကတော့ ပုံမှန်မဟုတ်သူတွေ၊ သာမန်လူတွေထက် တဆင့်နိမ့်သူတွေ၊ မှားယွင်းနေသူတွေ၊ မိုက်တွင်းနက်နေသူတွေ ဆိုတဲ့ ယူဆချက်မျိုးနဲ့ ဖော်ပြကြတယ်။ အချို့ကတော့ စာနာနားလည်ပေးတဲ့ သဘောမျိုး ဖော်ပြကြပါတယ်။ အားလုံး တူညီတဲ့အချက်ကတော့ လိင်တူချစ်သူတွေကို လူများစု လိင်ကွဲချစ်သူတွေနဲ့ တန်းတူအခွင့်အရေး မပေးသင့်သေးဘူး။ ဒါမျိုးတွေကို ပွင့်ပွင့်လင်းလင်း လက်ခံဖို့ စောသေးတယ် ဆိုတဲ့ ယူဆချက်မျိုး ဖြစ်ပါတယ်။ အခုဆိုရင် ရုပ်သံလိုင်းအချို့ရဲ့ အစီအစဉ်တွေမှာ အလှဖန်တီးရှင်တွေကို ဖိတ်ခေါ်ပြီး၊ အကဲဖြတ်ဒိုင် လုပ်ခိုင်းတာ နေရာပေးလာတာမျိုး တွေ့ရပါတယ်။ ဒါကလည်း သူတို့ရဲ့ ကျွမ်းကျင်မှုကြောင့် ခေါ်သုံးတာမျိုးပါ။ သူတို့ရဲ့ ဘ၀၊ ခံစားချက်နဲ့ လိင်တူချစ်သူ တစ်ယောက်အနေနဲ့ ကြုံရတဲ့ဒုက္ခ အခက်အခဲတွေကို ရိုက်ပြပြီး၊ တန်းတူအခွင့်အရေးရဖို့ လှုံ့ဆော်ပေးတာမျိုး မဟုတ်သေးပါဘူး။

လိင်တူချစ်သူတွေနဲ့ ပတ်သက်ပြီး မီဒီယာ စာနယ်ဇင်းသမားတွေအနေနဲ့ ဘယ်လိုမျိုး ကျင့်ဝတ်၊ ဘယ်လိုမျိုး တာဝန်ယူမှုမျိုးနဲ့ ရေးသင့်တယ်လို့ ထင်သလဲ။ မှားယွင်းနေတဲ့ ရှေးရိုးစွဲအမြင်တွေအတိုင်း လိုက်ပြီး ရေးသင့်လား၊ ဒါမှမဟုတ် မှားနေတဲ့အမြင်တွေ အစွဲတွေကို သတ္တိရှိရှိနဲ့ ငြင်းပယ်ထောက်ပြပြီး လူမှုပတ်ဝန်းကျင် ပြောင်းလဲဖို့ (Social Changing) အတွက် ရေးသားဖော်ပြသင့်တယ်လို့ မယူဆဘူးလား။
ဘက်လိုက်မှုမရှိပဲ သမာသမတ်ကျစွာ တင်ပြခြင်းဆိုတာ စာနယ်ဇင်းပညာရပ်ရဲ့ အခြေခံကျင့်ဝတ်တစ်ခုပါ။ ဘယ်လို ကိစ္စမျိုးမှာမဆို ကွဲပြားတဲ့အမြင်တွေ ရှိတတ်ပါတယ်။ စာနယ်ဇင်းတွေဟာ အဲဒီကွဲပြားတဲ့ အမြင်တွေကို ထင်ဟပ်ဖော်ပြနိုင်ရပါတယ်။ လိင်တူချစ်သူတွေအပေါ် အဆိုးမြင်တဲ့ အမြင်တွေကို ဖော်ပြမယ်ဆိုရင်၊ လိင်တူချစ်သူတွေဘက်က အမြင်နဲ့ ခံစားချက်တွေကိုလည်း မေးမြန်းပြီး၊ ဖော်ပြရပါမယ်။ 

တာဝန်ယူမှုအနေနဲ့ကတော့ ဘယ်လိုသတင်းမဆို ခိုင်လုံတဲ့ အထောက်အထား ရှိရပါမယ်။ အင်တာဗျူးထားတဲ့သူဟာ အဲဒီ ဘာသာရပ်မှာ ကျွမ်းကျင်သူ ဖြစ်ရမယ်။ သုတေသနပြုချက်တွေ မှားယွင်း ဖော်ပြမိရင် ပြန်လည်ပြင်ဆင်ချက် ထည့်သွင်းပေးရပါတယ်။ ပြောခဲ့သလိုပဲ မီဒီယာလောကမှာ မျိုးဆက် ကွာဟနေတဲ့အတွက် နောက်ပေါက် စာနယ်ဇင်းသမားတွေဟာ အသက်ငယ်ကြပြီး၊ အတွေ့အကြုံလည်း နည်းကြတယ်။ အားလုံးမဟုတ်ပေမယ့် ကျင့်ဝတ်လိုက်နာမှု အရမ်းအားနည်းတဲ့ စာနယ်ဇင်းသမားတွေ ရှိတယ်။ သူတို့နဲ့ ဆက်ဆံရာမှာ သတိထားသင့်ပါတယ်။ အင်တာဗျူးလုပ်ပြီးရင် သတင်းမူကြမ်းကို ပြန်ပြဖို့ တောင်းဆိုဖို့ အကြံပြုချင်ပါတယ်။ 

ပြောင်းလဲမှုတခု ဖြစ်ဖို့ဆိုတာ နှစ်ဖက်စလုံးက လိုအပ်တာပေါ့နော်။ အဲတော့ လိင်တူချစ်သူတွေကိုယ်တိုင်က သူတို့ရဲ့ဘဝတွေ၊ သူတို့ကျင်လည်ရာ လူမှုပတ်ဝန်းကျင် (Community)တွေ ပြောင်းလဲဖို့အတွက် ဘာတွေကို ဘယ်လိုမျိုး လုပ်ဆောင်သင့်သလဲဆိုတာကိုလည်း စာနယ်ဇင်းသမား တယောက်အနေနဲ့ ထင်မြင်သလဲ။
လိင်တူချစ်သူ အခွင့်အရေးကိစ္စဟာ ရေရှည်လုပ်ရမယ့် ကိစ္စဖြစ်တယ်။ အစိုးရရဲ့ ဥပဒေတွေ ပြောင်းရုံတင်မကပဲ လူတွေရဲ့ အတွေးအခေါ်နဲ့ ယုံကြည်ချက်တွေကိုပါ ပြောင်းရမှာဆိုတော့ အများကြီး အချိန်ယူဖို့လိုပါတယ်။ 

လက်ရှိ မြန်မာနိုင်ငံမှာ ကဏ္ဍအားလုံးအတွက် အပြောင်းအလဲကာလ ဖြစ်နေတယ်။ တိုင်းရင်းသား အရေးတွေ၊ ဘာသာရေး၊ လူမျိုးရေးပဋိပက္ခတွေ၊ လာဘ်စားတာတွေ၊ ချမ်းသာသူတွေက ဆင်းရဲသူကို အနိုင်အထက် ပြုတာတွေ၊ ရာသီဥတုမမှန်လို့ သဘာဝဘေးအန္တရာယ် ကျရောက်တာတွေ နိုင်ငံအနှံ့ ဖြစ်နေတယ်။ ဒီလို အချိန်မျိုးမှာ လိင်တူချစ်သူတွေကို အခွင့်အရေး တန်းတူပေးဖို့ သွားပြီး ဖိအားပေးရင် ၀ိုင်းဆဲခံရမှာ သေချာတယ်။ အားလုံးရဲ့ ဒေါသက ကိုယ့်အပေါ် စုပြုံကျသွားတာမျိုးတောင် ဖြစ်သွားနိုင်တယ်။ 

ဒီလိုပြောလို့ ဘာမှ မလုပ်ပဲနေရမယ်လို့  မဆိုလိုပါဘူး။ လိင်တူချစ်သူ မုန်းတီးရေသမားတွေဘက်က ရပ်တန့်နေမှာ မဟုတ်ဘူးလေ။ အခါအားလျှော်စွာ သူတို့ဖက်က ပြောလာတဲ့ အယူအဆတွေ မမှန်ကြောင်း အားလုံးက တုံ့ပြန်ပြောဆိုကြဖို့ လိုတယ်။ အကောင်းဆုံးကတော့ လိင်တူချစ်သူအားလုံးဟာ ကိုယ့်ရဲ့ သက်ဆိုင်ရာ နယ်ပယ်မှာ တစ်ဖက်ကမ်းခတ် ကျွမ်းကျင်ပြီး၊ အများက ယုံကြည်အားထားရတဲ့သူတွေ ဖြစ်အောင် ကြိုးစားကြဖို့ လိုပါတယ်။ တစ်ဖက်မှာ ကိုယ့်ရဲ့ ကာမဆန္ဒနဲ့ လိုအင်တွေကို အစွန်းမရောက်အောင် ထိမ်းသိမ်းပြီး၊ တစ်ဖက်မှာလည်း ပရဟိတနဲ့ လူမှုရေးလုပ်ငန်းတွေမှာလည်း တက်တက်ကြွကြွ ပါဝင်လုပ်ဆောင်သင့်တယ်။ လိင်တူချစ်သူတွေဟာ လူပိုတွေ မဟုတ်ဘူး၊ နိုင်ငံ့အကျိုး၊ အများအကျိုးကို ထိထိရောက်ရောက် လုပ်ပေးနိုင်တယ် ဆိုတာကို သက်သေပြနိုင်ရင် လူတွေရဲ့ အမြင်တွေ ပြောင်းလာမှာပဲ။ 

လိင်တူချစ်သူတွေနဲ့ ပတ်သက်ပြီး အထင်အမြင် လွဲမှားနေကြတာ ဘာကြောင့်လို့ ထင်ပါသလဲ။ လိင်တူချစ်သူတွေရဲ့ နိမ့်ကျနေတဲ့ လူမှုအခြေအနေတွေ မြင့်မားအောင် နိုင်ငံတော်အဆင့်၊ အဲဒါမှတဆင့် နိုင်ငံတကာအဆင့်ထိ ဘာတွေ လုပ်ဆောင်သင့်သလဲဆိုတာကို မီဒီယာသမားတယောက်အနေနဲ့ ဘယ်လိုမျိုး အကြံပေး ပြောဆိုလိုပါသလဲ။
လိင်တူချစ်သူတွေနဲ့ ပက်သက်လို့ မှားယွင်းတဲ့ အတွေးအမြင်တွေကို ဖြစ်ပေါ်စေတဲ့ အရင်းအမြစ် သုံးခု ရှိပါတယ်။ ပထမတစ်ခုက ဘာသာရေးအဆုံးအမနဲ့ ယဉ်ကျေးမှုအရ ယုံကြည်ချက်တွေပါ။ ဘာသာရေးအရ လင်တူဆက်ဆံတာ ပုံမှန်မဟုတ်ဘူးလို့ ပညတ်ထားလို့ ကိုးကွယ်သူ အားလုံးက ဒါကို မှားယွင်းတယ် အပြစ်ရှိတယ်လို့ ယုံကြည်စေပါတယ်။ ဒါတွေကို ပြောင်းလဲဖို့ မျိုးဆက်နဲ့ ချီပြီး အချိန်ယူဖို့ လိုပါတယ်။ ကျမ်းစာထဲမှာ ပါသမျှကို မျက်စိမှိတ် ယုံလို့ မရဘူး။ အရာရာကို ဘာသာရေးပေတံနဲ့ တိုင်းလို့ မရဘူးဆိုတာ နားလည်အောင် ဖြည်းဖြည်းချင်း ပညာပေးရပါမယ်။ 

ဒုတိယတစ်ခုက အစိုးရက ချမှတ်ထားတဲ့ ဥပဒေနဲ့ မူဝါဒပေါ်လစီတွေပါ။ လိင်တူချစ်သူတွေကို အလိုလိုနေရင်း ပြစ်မှုကျူးလွန်သူ ဖြစ်စေတဲ့ ပုဒ်မ ၃၇၇ကို ဖျက်သိမ်းသင့်ပါတယ်။ အခြား ချိုးနှိမ်ရာရောက်တဲ့ ဥပဒေတွေကိုလည်း ပြင်ဆင်သင့်ပါတယ်။ ပြီးရင် နောက်တစ်ဆင့် လိင်တူချစ်သူတွေကို ရပ်ကွက်ထဲမှာ၊ လုပ်ငန်းခွင်မှာ၊ ဆေးရုံဆေးခန်းမှာ နှိမ်ချဆက်ဆံတာမျိုး၊ အလိုမတူပဲ စော်ကားကျူးလွန်တာမျိုး မလုပ်နိုင်အောင် အကာအကွယ်ပေးတဲ့ ဥပဒေတွေ ပြဌာန်းပေးရပါမယ်။ ဒီလို ဖြစ်လာဖို့ နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့အစည်းတွေကနေ အစိုးရကို ဖိအားပေး တောင်းဆိုနိုင်ပါတယ်။ အခုဆို လွှတ်တော်မှာ တင်ပြတောင်းဆိုခွင့် ရှိနေပြီ။ ဒါပေမယ့် လိင်တူချစ်သူအားလုံးကို ကိုယ်စားပြုပြီး တောင်းဆိုနိုင်မယ့် အမတ်တွေ ရှိဖို့ လိုတယ်။ အဲဒီလို ရှိလာဖို့ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ ပွင့်ပွင့်လင်းလင်း လိင်တူချစ်သူတစ်ဦး ရွေးကောက်ခံရပြီး လွှတ်တော်ထဲ ရောက်သွားမယ်ဆိုရင် ဖြစ်နိုင်ခြေ ရှိပါတယ်။ ဒါပေမယ့် တပ်မတော်သား ၂၅ ရာခိုင်နှုန်းပါတဲ့ လွှတ်တော်ထဲမှာ  အမတ်အများစုရဲ့ ထောက်ခံမဲရပြီး၊ ဥပဒေတွေ ပြင်ဆင်နိုင်ဖို့ အတွက်ကတော့ အချိန်တွေ အများကြီး ကြာဦးမှာပါ။

လိင်တူချစ်သူတွေနဲ့ ပက်သက်ရင် လူတွေရဲ့ အတွေးအခေါ်ကို ဖန်တီး၊ ပြောင်းလဲပေးနေတဲ့ အရင်းအမြစ် နောက်တစ်ခုကတော့ မီဒီယာတွေရဲ့ သတင်းဖော်ပြချက်တွေပါ။ အခုနောက်ပိုင်း မီဒီယာတွေရဲ့ ထိရောက်မှုက ပိုပြီးကျယ်ပြန့်လာတယ်။ အဲဒီအတွက် မီဒီယာသမားတွေကို ကိုယ်ရေးစေချင်သလို ရေးခိုင်းလို့ မရပေမယ့်၊ သူတို့ရဲ့ ယူဆချက်ကိုတော့ လွှမ်းမိုးမှုရှိအောင် လုပ်လို့ ရနိုင်ပါတယ်။ ဥပမာ HREIB က လုပ်တဲ့ သင်တန်းတွေ လုပ်တဲ့အခါ မီဒီယာသမားတွေကို ဖိတ်ခေါ်ပြီး တက်ခိုင်းဖို့ အကြံပြုချင်ပါတယ်။ မှားယွင်းတဲ့ ဖော်ပြချက်တွေရှိရင် ဂျာနယ်တိုက်ကို ဆက်သွယ်ပြီး၊ မှားယွင်းကြောင်း ၀ိုင်းပြောပါ။ သူတို့ရဲ့ ဖော်ပြချက်ကို လက်မခံတဲ့သူတွေ အများကြီး ရှိတယ်ဆိုတာ သိအောင် လုပ်သင့်ပါတယ်။ 

တဆက်တည်းဗျာ။ မြန်မာပြည်မှာ ဗြိတိသျှကိုလိုနီခေတ်ကတည်းကနေ လိင်တူချစ်သူတွေအတွက် သီးသန့်ပြဌာန်းခဲ့တယ်လို့ ယူဆနိုင်တဲ့ ၃၇၇ လို ပုဒ်မမျိုးတွေ အခုထိ အသက်ဝင်လျက်ရှိတုန်း ရှိသေးတယ်။ ဒါပေမေယ့် ဗြိတိသျှတွေတောင်မှ အဲဒီဥပဒေကို အခု မကျင့်သုံးတော့ဘူး။ အဲဒါနဲ့ ပတ်သက်ပြီး ဘာပြောချင်လဲ။
ကျွန်တော် သိထားသလောက်ကတော့ အရင် အစိုးရကော အခုအစိုးရပါ လိင်တူချစ်သူတွေကို ရွံရှာမုန်းတီးပြီး အရေးယူချင်လို့ ပုဒ်မ ၃၇၇ကို မဖျက်သိမ်းပဲ ထားတာမျိုး မဟုတ်ပဲ သူတို့ အမြင်မကြည်တဲ့သူမျိုးကို ထောင်ထဲ ထည့်လို့ရအောင် မပြတ်မသား လုပ်ထားတဲ့ သဘောပါပဲ။ အလားတူ အီလက်ထရောနစ် ဆက်သွယ်ရေး ဥပဒေဆိုတာလည်း ဒီလိုပဲ။ ကွန်ပြူတာကိုင်၊ အင်တာနက် သုံးနေတဲ့ လူအားလုံးကို သူတို့မကျေနပ်ရင်၊ သူတို့ကို ဆန့်ကျင်ရင် အပြစ်ပေးလို့ ရအောင် မရေမရာ လုပ်ထားတဲ့ အချက်တွေ ပါတယ်။ ပြောင်းလဲမယ်ဆိုရင် ခေတ်နဲ့ လျှော်ညီအောင် ပြောင်းရမယ့် ဥပဒေတွေကတော့ အများကြီးပဲ။ ၃၇၇တစ်ခုတည်း အရင်ပြောင်းပေးဖို့ တောင်းဆိုရင်တော့ မလွယ်လောက်ဘူး။ ကောင်းတာကတော့ အစိုးရဟာ လိင်တူချစ်သူတွေကို ပပျောက်အောင်လုပ်ချင်လို့ ရည်ရွယ်ချက်ရှိရှိ လုပ်ထားတာ မဟုတ်မှန်းသိတော့ ပြုပြင်ဖို့ သိပ်မခဲယဉ်းဘူးပေါ့။ 

ပြီးခဲ့တဲ့ ကာလ မေလ (၁၇)ရက်နေ့က လိင်တူချစ်သူတွေအပေါ် မုန်းတီးမှုပပျောက်ရေး နိုင်ငံတကာ အထိမ်းအမှတ် အခမ်းအနားနေ့ကို မြန်မာပြည်တွင်း ဒေသတချို့မှာ ကျင်းပခဲ့တယ်။ အဲဒီလို ကျင်းပတာနဲ့ ပတ်သက်ပြီး စာနယ်ဇင်းသမား တယောက်အနေနဲ့ ဘယ်လို မြင်လဲ။
တော်တော်များများကတော့ အံ့အားသင့်ကြတယ်။ ကျွန်တော့် မိတ်ဆွေ နိုင်ငံခြားသား အချို့တောင် ပါတယ်။ မြန်မာနိုင်ငံမှာ ဒီလို အခမ်းအနားမျိုး ရှိနေပြီလားပေါ့။ မြန်မာ့လိင်တူချစ်သူ လောကအတွက် သမိုင်းဝင် မှတ်တိုင်တစ်ခုပါပဲ။ တန်းတူအခွင့်အရေးရဖို့အတွက် လူတွေကို ပညာပေးဖို့ အကောင်းဆုံး entry point လည်း ဖြစ်တယ်။ နှစ်တိုင်း မပျက်မကွက် လုပ်ဖြစ်ဖို့ မျှော်လင့်ပါတယ်။ 

အဲဒီ IDAHO နဲ့ ပတ်သက်ပြီး စာနယ်ဇင်းနယ်ပယ်မှာ ဘယ်လိုမျိုး ရိုက်ခတ်မှုတွေ ရှိခဲ့သလဲ
စာနယ်ဇင်း အတော်များများကတော့ ပုံမှန်သတင်းတစ်ပုဒ်အနေနဲ့ပဲ ဖော်ပြကြတယ်။ အရမ်းကြီး တင်ပေးတာမျိုး လုပ်ပေးတာမျိုးတော့မရှိဘူး။ အချို့ကတော့ နည်းနည်း အဆိုးမြင်တဲ့ ပုံစံမျိုးရေးကြတယ်။ မင်းတို့ ဘယ်လောက်လုပ်လုပ် ရမှာမဟုတ်ဘူးဆိုတဲ့ ပုံစံမျိုးပေါ့။ ဒါကလည်း စာနယ်ဇင်းရဲ့ သဘောက လူများစုရဲ့ အကြိုက်ကို လိုက်ပေးရတယ်လေ။ ဒီကိစ္စကို အရမ်းထောက်ခံ အားပေးတဲ့ ပုံစံမျိုးနဲ့ ရေးလိုက်လို့ သူတို့ရဲ့ အမာခံ စာဖတ်ပရိသတ်က အမြင်ကပ်သွားရင် ဂျာနယ်စောင်ရေ လျှော့မယ်။ ဂျာနယ်ရဲ့ ၀င်ငွေလည်း လျှော့မယ်လေ။ မီဒီယာလောကသားတွေထဲမှာလည်း ကျွန်တော်တို့လို လိင်တူချစ်သူတွေ အများကြီး ရှိပါတယ်။ ဒါပေမယ့် ဘယ်သူဖြစ်ဖြစ် ကိုယ့်ရဲ့ ပုဂ္ဂလိက အကျိုးစီးပွားအတွက် ရှေ့တန်းတင်ကြတာပါပဲ။ အဲဒီအတွက် အကျိုးအမြတ်ကို အဓိကမထားတဲ့  ကာလာရိန်းဘိုးလို မီဒီယာမျိုးကို မြန်မာနိုင်ငံထဲမှာ ကျယ်ကျယ်ပြန့်ပြန့် ရောက်စေချင်ပါတယ်။ 

နောက်ပြီး အဲဒီပွဲနဲ့ ပတ်သက်ပြီး ကျနော်တို့ ပြင်ပ လူမှုအဖွဲ့အစည်းထဲမှာကော ဘယ်လိုမျိုး ရိုတ်ခတ်မှုတွေ ရှိခဲ့သလဲ။
IDAHO နေ့ အခမ်းအနား ကျင်းပခွင့်ရပြီး၊ မီဒီယာတွေမှာ ပါလာတာ လူတွေရဲ့ အမြင်ကို  တော်တော် ပြောင်းစေပါတယ်။ မြန်မာလူမျိုးတွေမှာ အစိုးရကို ဘယ်လောက်မုန်းမုန်း အစိုးရရဲ့ ဆုံးဖြတ်ချက်ကို အတည်ယူချင်တဲ့ ဆန္ဒတော့ ရှိကြတယ်။ အခု အစိုးရကတောင် ဒါမျိုးတွေ ခွင့်ပြုလိုက်ပြီဆိုတော့ လိင်တူချစ်သူတွေကို လက်ခံသင့်တယ် ဆိုတဲ့ဘက်က အားသာသွားတဲ့ သဘောပါပဲ။ 

ဒီရိမ်းဘိုးမဂ္ဂဇင်းကိုကော ဘာတွေကိုများ ဖြည့်စွက်အကြံပေး ပြောဆိုလိုပါသလဲ။
မြန်မာပြည်တွင်းမှာ ဒီထက်မက ပျံ့နှံ့အောင် ဖြန့်ဖို့ ပြောချင်ပါတယ်။ နောက်ပြီး လိင်တူချစ်သူတွေထဲမှာ စာအရေးကောင်းတဲ့သူတွေ အများကြီးရှိပါတယ်။ အဲလိုလူတွေကို စင်တင်ပြီး ဖော်ပြပေးဖို့ အကြံပြုချင်ပါတယ်။ 

ရိမ်းဘိုးမဂ္ဂဇင်း စာဖတ်ပရိသတ်နဲ့ မြန်မာနိုင်ငံက လိင်တူချစ်သူတွေကိုကော ဘာတွေကို ဘယ်လိုမျိုး အကြံပေး ပြောဆိုလိုပါသလဲ။
လူတိုင်းကို ကိုယ်ချင်းစာစိတ်နဲ့ ကြည့်ဖို့ ပြောချင်တယ်။ လူတွေအနေနဲ့ လိင်တူချစ်သူတွေအကြောင်း မီဒီယာမှာ တွေ့ရရင် စိတ်အနှောက်အယှက် ဖြစ်ကောင်းဖြစ်မယ်။ ဒါပေမယ့် ခင်ဗျားတို့ စိတ်အနှောက်အယှက် ဖြစ်ရတာ မိနစ်ပိုင်း၊ အလွန်ဆုံး နာရီပိုင်းပါပဲ။ လိင်တူချစ်သူတွေ ခံစားနေရတာက တစ်ဘ၀လုံး ဖြစ်တယ်ဆိုတာ သိစေချင်ပါတယ်။

No comments: