Saturday, October 25, 2014

သစ်တစ်ပင်ကို ချစ်သော ကောင်ကလေး



ပုံပြင်တစ်ပုဒ် သို့မဟုတ် အခုထိတိုင် တစ်ယောက်ယောက်ကိုမပြောပြရသေးသောအကြောင်အရာတစ်ခု ကျွန်တော့်ဆီမှာရှိပါတယ်။ လူတိုင်းလူတိုင်းမှာလည်း အကြောင်းပြချက်တစ်ခု သို့မဟုတ် အခြားသောအရာတွေကြောင့် မပြောပြ မဖော်ပြဖြစ်သော ပုံပြင် သို့မဟုတ် ဖြစ်ရပ်တွေရှိကြတယ်ဆိုတာ ကျွန်တော် အသေအချာပြောနိုင်ပါတယ်လေ။ နာကျင်စရာကောင်းတဲ့ အမှတ်ရစရာများစွာကို ပြန်လည် ခေါ်ဆောင် သတိရစေတဲ့ အကြောင်းအရာတစ်ရပ်ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ကျွန်တော့်အနေနဲ့တော့ အဲ….အမြဲလိုလို ကျွန်တော် တွေးမိရတာက ကိုယ်ပိုင်ပုံပြင်လေးဟာ ဘယ်လောက် ဦးနှောက်မရှိခဲ့သလဲ ပြီးတော့ ကလေးဆန်လိုက်သလဲဆိုတာကိုပါ။ ဒါပေမဲ့လည်း အမှတ်ရစရာကောင်းတဲ့ အမှတ်တရလေးတွေတော့ နည်းနည်းချန်ထားရစ်ခဲ့တယ်ဆိုပါတော့။

ကျွန်တော် ကောင်ကလေးအရွယ် ငယ်ငယ်တုန်းကပေါ့ အဖေရယ် အမေရယ် ကျွန်တော်ရယ် အဖိုးနဲ့အဖွားတို့ဆီကို အနည်းဆုံး တစ်လ တစ်ခေါက် သို့မဟုတ် နှစ်ခေါက်တော့အလည်သွားဖြစ်ကြတယ်။ တနင်္ဂနွေတစ်ရက် မိသားစုကားလေးကို အဖေမောင်းတာ နှစ်နာရီခရီး လောက်မောင်းရတယ် ထင်တယ်ဗျ။ အဖေက သွားတဲ့ခရီးမဆုံးခင် အမြဲလိုလို ခဏတဖြုတ်တော့နားလေ့ရှိတယ်။ သူပြောတာကတော့ ခြေခင်းလက်ဆန့် အညောင်းအညာမမိအောင်လို့ပြောခဲ့တာပါ။ ဒါပေမဲ့ ကျွန်တော်သိနေပါတယ် သူ နယ်တွေမှာအလုပ်ကိစ္စနဲ့သွားသွား နေရတုန်းက ဒဏ်ရာရခဲ့ဘူးတဲ့ ခြေထောက်ကြောင့်ဖြစ်မှာလို့ပေါ့။ အဖေက သူ့အလုပ်ကိစ္စနဲ့ပတ်သက်ရင် ကျွန်တော်တို့ကိုစကားများ များပြောလေ့မရှိပါဘူး။ ပျော်ရွှင်မှုကိုသာမျှဝေချင်တတ်တဲ့ အဖေမျိုးဖြစ်ပါတယ်။  ခရီးလမ်းရဲ့ တစ်ဝက်လောက်အရောက် ယာဉ်ရပ်နား စခန်းတစ်ခုမှာ ထုံးစံအတိုင်း အဖေ ကားရပ်နားခဲ့ပါရဲ့။ အဝေးပြေးလမ်းမကြီးမှာ ဒီလို ယာဉ်ရပ်နားစခန်းတွေရှိနေတတ်ပါတယ်။ ခရီးဝေး သွားတဲ့ ကားသမားတွေအတွက် အဆင်ပြေစေမယ့် ပုံစံရှိတဲ့ နေရာပေါ့။ စတိုးဆိုင်ငယ် စားသောက်ဆိုင်ငယ်လေးတွေ သန့်စင်ခန်းတွေ ယာဉ်ပျက်ရင် ပြင်ဆင်လို့ရမယ့် ၀ပ်ရှော့ပ်ငယ်လေးတွေပါဝင်တတ်တဲ့ အဆောက်အအုံအစုလေးပါပဲ။ မိသားစုအလိုက် နားနေဖို့လုပ်ပေး ထားတဲ့ ခုံတန်းလျားအချို့ဘေးမှာဆိုရင် နိုင်ငံခြားသားတွေအတွက် သို့မဟုတ် လိုအပ်သူတွေ ယူနိုင်မယ့် ခရီးသွားမြေပုံလေးတွေ၊ စာအုပ်ငယ်လေးတွေ၊ ပြီးတော့ ပြည်တွင်း နေ့စဉ်ထုတ်သတင်းစာအချို့ထားပေးထားပါတယ်။

အဆောက်အအုံကြီးနဲ့ မနီးမဝေး၀ယ် စားသောက်စရာတွေ တင်စားလို့ရမယ့် စားပွဲတွေ ဟိုသည် အပြန့်အကျဲ တစ်ဒါဇင်လောက်ရှိ မလားဘဲတွေ့ရသေးတယ်။ တစ်ယောက်ယောက် ထိုင်စားနေတာမျိုးကိုတော့ အတွေ့ရနည်းပါတယ်။ အင်း….ကျွန်တော့်မိဘတွေ ကတော့ တစ်မူထားပါတယ်။ စားသောက်စရာတွေကို အဲ့လိုစားပွဲခုံတစ်ခုခုမှာခင်းကျင်းပြီး လွတ်လွတ်လပ်လပ် စားသောက်တတ် ကြတဲ့အကျင့်ရှိပါတယ်။ သစ်တော အစပ်နားက ခပ်မြင့်မြင့် အရွက်နီနီတွေရှိတဲ့ Maple ပင်နားက စားပွဲခုံနားမှာ အဖေကအမြဲထိုင်စေ ခဲ့တယ်။ အဖေပြောတာကတော့ အဖိုးတို့အဖွားတဲ့မွေးတဲ့ ဇာတိမြေမှာ ဒီလိုအပင်တွေက ရှားရှားပါးပါး အများကြီး ပေါက်တတ်တယ်တဲ့။ အဖေရဲ့ ပြောစကားတွေကြောင့်ကော သစ်တောစပ်ဝယ် ကျွန်တော်ကြိုက်တာလေးတွေကိုစားရတာ ကြောင့်ရော နောက်ပိုင်း ဘာမှန်း မသိ ဒီအခြေအနေ ဒီမြင်ကွင်းကို စွဲမက်လာခဲ့ပါတယ်။

နှစ်အတော်များများကို ဖြတ်သန်းပြီးနောက်မှာတော့ ယာဉ်ရပ်နားစခန်းတွေတိုင်းရဲ့ အနားယူရန်နေရာတိုင်းမှာ Maple ပင် တစ်ပင်ပင် တော့ရှိနေတတ်တာကိုကြည့်မြင်ပြီးမှ ပြည့်စုံသလိုခံစားရပါတယ်။ အင်း….ဒီလိုခံစားချက်တွေဟာ တဖြည်းဖြည်းနဲ့ ကျွန်တော့်ဘ၀မှာ နေရာယူလာသလို များပြားလာခဲ့ပါရဲ့။

ဆောင်းရာသီရဲ့ နေ့လရက်တွေဟာ ကျွန်တော့်အတွက်တော့ မမေ့နိုင်စရာအကောင်းဆုံးကာလတွေဖြစ်ပါတယ်။ ပျော်ပွဲစားသဘော ထွက်ဖို့ သို့မဟုတ် အနားယူတဲ့ စားပွဲခုံတစ်ခုပေါ်မှာထိုင်ဖို့အတွက်တော့ အရမ်းအေးလွန်းသလိုပါပဲ။ Maple သစ်ပင်ခမျာလည်း အရွက် တွေမရှိတော့သလို လက်ကျန်သစ်ရွက်တွေကလည်း အရောင်ကင်းမဲ့ကုန်ပါပြီ။ ကလေးငယ်တစ်ယောက်အရွယ်တုန်းကတော့ ကျွန်တော့် အဖေက ရှင်းပြခဲ့တယ် အဲဒါ သစ်ပင် အိပ်ပျော်သွားခဲ့တာတဲ့။ ရာသီဥတု အရမ်းအေးတဲ့လတွေဆိုရင်တော့ အပြင်ဘက်မှာ ကျွန်တော်တို့ ကြာရှည်နေလေ့မရှိခဲ့ကြဘူး။ ရပ်နားစခန်း အဆောက်အဦးတစ်ခုထဲက ခုံတန်းလျားရှည်ကြီးတစ်ခုမှာပဲ အဖေက ခြေခင်းလက်ဆန့်နေ တတ်ပြီး အမေကတော့ စတိုးဆိုင်က ချိုချဉ်ပြားတွေ လှတပတ ချောကလက်လေးတွေဝယ်ကျွေးတတ်တာမှတ်မိပါသေးတယ်။ မကြာခင် မှာတော့ အဝေးပြေးလမ်းမပေါ်ကို ကျွန်တော်တို့တွေ နောက်တစ်ကြိမ်ရောက်ခဲ့ပြန်ပေါ့နော်။

နွေဦးရာသီမှာတော့ Maple သစ်ပင်တွေ နိုးထလာကြပါပြီ။ ၀ါစိမ်းနုရောင် သေးငယ်သော ဖူးအငုံလေးတွေဟာ သစ်ကိုင်းတလျောက် အလျင်အမြန်ကိုပဲ တောက်ပသော သစ်ရွက်များအဖြစ် ပြည့်နှက်ကုန်ပြန်တော့ သူ့ဘ၀လေးပြန်လည်ပြည့်စုံသွားသလိုခံစားရပါတယ်။ ဒုတိယ နွေဦးရာသီရောက်ချိန်မှာတော့ သစ်ကိုင်းတွေဟာ သူတို့အပေါ်တွယ်တက်လို့ရတဲ့အထိ ခိုင်ခံ့ကြီးမားကုန်ပါရော။ (ကျွန်တော့် အဖေက ကိုင်းတစ်ကိုင်းပေါ်ထိုင်ကြည့်ဖို့အမြဲလို ချီမပြီးတင်ပေးတတ်သေးတာပါ။) အညိုရောင် ရှဥ့်ငယ်လေးတွေ၊ အမျိုးစုံသောငှက်ငယ် လေးတွေ စတဲ့ တောသဘာဝ အကောင်ငယ်လေးတွေကို ယာဉ်ရပ်နားချိန် မိနစ် ၂၀ရချိန်လေးမှာ ဒီသစ်ကိုင်းတွေပေါ်ထိုင်ရင်း အကြိမ်များစွာ ကုန်ဆုံးခဲ့ဖူးတယ်။ တစ်ခါတလေ ကျွန်တော်မမြင်ဖူးတဲ့ မြောက်ပိုင်းဒေသကရှဥ့်အမျိုးအစားတွေကိုမြင်ဖူးခဲ့ရပြီး သမင်အချို့ကို နှစ်ကြိမ်လောက်တော့ ကျွန်တော်တို့မြင်ခဲ့ရသေးတယ်ဗျ။ ကျွန်တော် အဲဒီအပင်ရဲ့ သစ်ကိုင်းပေါ်မှာ ထိုင်ရတဲ့ ခံစားချက်ကို တကယ်ကြိုက်တယ်။

နွေရာသီနေ့ရက်တွေဟာ မကြာခဏဆိုသလို ပူပြင်းပြီး တစ်ခါတလေတော့ အရမ်းစိုစွတ်ပါတယ်။ အဲ့လိုနေ့ရက်တွေဆိုရင် သစ်ပင်တွေရဲ့ အရိပ်တွေဟာ နေမင်းကြီးရဲ့ အလင်းတန်းတွေကနေ လွတ်မြောက်ဖို့အကာအကွယ်ပေးပါရော။ အေးမြတဲ့အရိပ်ဟာ ထီးမလိုပဲ အေးမြနေတတ်တာပါ။ ငယ်ရွယ်တဲ့ ကျွန်တော့်မျက်ဝန်းတွေထဲမှာတော့ တစ်ကိုယ်တည်းနေတတ်ခြင်းရဲ့အကြောင်းပြချက်က အဲ့ဒီ အေးမြတဲ့အရိပ်မှာထိုင်ငေးရခြင်းက လုံလောက်တဲ့အကြောင်းပြချက်ဖြစ်မှာ။ နောက်ပိုင်းမှာ မြောက်များစွာသော သစ်ပင်တွေ အကြောင်း၊ အောက်ဆီဂျင်ဘယ်လိုထုတ်လုပ်တယ် ဘယ်လိုအသက်ရှင်တယ်ဆိုတဲ့အချက်တွေကို လေ့လာဖို့ဖန်တီးပေးတဲ့အရာလို့ ဆိုနိုင်ပါတယ်။ သူတို့ထုတ်ပေးသော သန့်စင်တဲ့အောက်ဆီဂျင်တွေကြောင့် ကျွန်တော်တို့အဆုတ်တွေသန်မာပြီး အသက်ရှင်ရတာ ပြီးတော့ စိမ်းပြာရောင်ကမ္ဘာကြီးတစ်ခု ဖြစ်တည်နေရတာလေ။

ရပ်နားစခန်းမှာ ရပ်တန့်နားနေချိန်များထဲမှာ ဆောင်းဦးကာလဟာ အမြဲတစေ စိတ်ဝင်စားစရာအကောင်းဆုံးအချိန်ဖြစ်ပါတယ်။ ပတ်ပတ်လည် သစ်တောထဲက တစ်ဝက်လောက်သော သစ်ပင်တွေဟာ အရောင်ပြောင်းကုန်သော်လည်း Maple ပင်ကတော့ အရောင် အစုံအလင်စုံးလို့ပြောရမယ်။ လိမ္မော်ရောင်ပြေး၊ အနီရောင် နှင့် အ၀ါရောင် သစ်ရွက်မျိုးစုံဖြင့် ခြယ်သထားသော သက်ရှိ ကင်းဘတ်စ တစ်ချပ်ဖြစ်နေခဲ့တယ်။ သစ်ပင်တွေဟာ သဘာဝအလှတရားတွေကို တိုက်နံရံမှာ ရောင်စုံဆေးတွေခြယ်မှုန်းသကဲ့သို့ပဲ ဟာမိုနီဖြစ်စွာ ပြသနေခဲ့တာဖြစ်မှာပါ။


ဒီဆောင်းဦးရာသီဝယ် အဲဒီသစ်ပင်တွေက ပျော်စရာလေးတွေပေးပြန်ပါတယ်။ ဘာတဲ့ ကျွန်တော့်အခေါ် ‘ဟယ်လီကော်ပတာ သေးသေးလေး’တွေလေ။ ကောင်ငယ်ကလေးတစ်ယောက်အတွက် သဘာဝကပေးတဲ့ ကစားစရာပစ္စည်းလေးတစ်ခုဖြစ်ပြီး မကြာခဏ ကျွန်တော်ကစားဖြစ်ခဲ့ပါတယ်။ အဲဒီအချိန်ကတော့ ဘာမှန်းမသိခဲ့ဘူးပေါ့လေ အစေ့လေးတွေလည်းတွဲလျက်ပါနေတာကိုး။ အစေ့တစ်စေ့ တိုင်းမှာ သူတို့ပိုင်ဆိုင်တဲ့ အတောင်ပံလေးတွေနဲ့လေ။ လေတွေတိုက်တိုင်း တ၀ဲလည်လည်နဲ့ လွင့်မျောတတ်ကျသလို သူတို့မိခင် အပင်ကြီးကနေ အဝေးရပ်ဆီကို လေရဲ့ခေါ်ဆောင်ရာအတိုင်း လိုက်သွားတတ်ကြတယ်။ အတောင်ပံလေးတွေနဲ့ လေရဲ့ခေါ်ဆောင်ရာ ကိုခရီးနှင်လိုက်ရင်း ကျရာနေရာဒေသတစ်ခုမှာ ဘ၀အသစ်တစ်ခုစတင်ကြသလားလို့။ အခုအချိန်မှာတော့ အတောင်ပံလေးတွေပါတဲ့ အစေ့လေးတွေအကြောင်း စဉ်းစားမိလိုက်တိုင်း သဘာဝတရားတစ်ခုရဲ့ဖန်တီးမှုဟာ ဘယ်လောက် အံ့အားသင့်စရာကောင်းသလဲ အတွေးထဲပေါ်ပေါ်လာတယ်။


ဆောင်းဦးရဲ့နောက်ပိုင်းတွင်တော့ သစ်ရွက်တွေဟာ စတင်ကြွေဆင်းကြပါပြီ။ ဆောင်းရာသီရောက်ကြောင်း အမှတ်သင်္ကေတတွေ ခပ်မြန်မြန်ရောက်လာသလို ကျွန်တော်အနှစ်သက်ဆုံးသစ်ပင်ကြီးလည်း မကြာခင်မှာ နောက်တစ်ကြိမ် အိပ်ပျော်ဦးတော့မယ်။ ကျွန်တော် မကြာခဏဆိုသလိုပါပဲ အရောင်စုံသစ်ရွက်ကလေးတွေကို မာမီရဲ့ စာအုပ်ငယ်လေးတစ်အုပ်ထဲမှာ ညှပ်ညှပ်ပြီးသိမ်းထားမိတတ်ပါတယ် အမှတ်တရပစ္စည်းလေးတွေအဖြစ်ပေါ့နော်။


တစ်ခုသော နွေရာသီရက်တစ်ရက်မှာ အပင်ကြီးရဲ့အောက်မှာ အကိုင်းအခက်အနည်းငယ်ဟာ ကျိုးပျက်ပြီး အပင်ခြေရင်းမှာ လဲလျောင်း နေတာကို ကျွန်တော်တို့တွေ့ခဲ့ကြပါတယ်။ ကျွန်တော့်မိဘတွေက ဒါဟာ သဘာဝလို့တွေးထင်ကြပေမယ့် ကျွန်တော့်အတွက်တော့ အတော့်ကို စိတ်အနှောင့်အယှက်ဖြစ်ရသလို စိတ်ထဲတစ်မျိုးခံစားရပါရဲ့။ ကျွန်တော့်အဖေကတော့ ဒါဟာ လေနီကြမ်းတစ်ခုခုကြောင့် ဖြစ်မယ်လို့တွေးထင်ပါတယ်။ ဒါပေမဲ့ တစ်စုံတစ်ယောက်ရဲ့ ဖျက်ဆီးမှုကြောင့် ကျိုးပျက်သွားခြင်းမဟုတ်ဘူးလို့ ဘယ်သူပြောနိုင်သလဲ။ တစ်ယောက်ယောက်သောသူ ဘာကြောင့် ဒီလိုဖျက်လိုဖျက်ဆီးလုပ်ရသလဲလို့ ကျွန်တော်အတွေးဝင်မိပါတယ်။ အင်း….ကျွန်တော့်ရဲ့ ကလေးအရွယ်ကမ္ဘာငယ်လေးတစ်ခုရဲ့ အဆုံးသတ်တဲ့ အစခရီးတစ်ခုဖြစ်မှာပါပဲ။


နှစ်တစ်နှစ်ကြာပြီးနောက်မှာတော့ တကယ့်ကမ္ဘာလောကကြီးက ပိုမိုထင်ရှားလာခဲ့ပါပြီ။ ခြောက်သွေ့ပူပြင်းသော နွေရာသီတစ်ခုရဲ့ အလယ်အလတ်မှာ ဖြစ်ပါတယ်။ အဲ့ဒီအချိန်မှာတော့ ကျွန်တော်ဟာ အသက် ၈နှစ်ရှိပြီပေါ့နော်။ ဟိုးအရင်အကြိမ်ပေါင်းများစွာ ယာဉ် ရပ်နားစခန်းမှာ ရပ်တန့်နားနေခဲ့ဖူးပေမယ့် အခုအကြိမ်မှာတော့ အရင်နဲ့မတူကွဲပြားခြားနားနေခဲ့ပါတယ်။ သစ်တော ဧရိယာအတော် များများ မီးလောင်ထားခဲ့တော့ အမဲရောင်ခြယ်မြင်ကွင်းရယ် မီးခိုးရောင် ပြာမှုန်တွေရယ်ကိုမြင်ခဲ့ရပါရော။ အခုထက်ထိ သစ်ပင်မီးလောင် ထားရာမှ ထွက်သောအနံ့တွေဟာ လေထုထဲပျံ့လွင့်နေဆဲပါပဲ။ ကျွန်တော့် Maple ပင်ကြီးကော?? ကျွန်တော်နဲ့အမြဲတစေရင်းနီးနေတဲ့ သစ်ပင်ကြီးဆီ ကျွန်တော်ပြေးသွားခဲ့ပါတယ်။ မြင့်သလောက် ကျိုးပျက်နေတဲ့ မဲမှောင်နေတဲ့ ပုံစံနဲ့ သစ်ကိုင်းတွေလုံးဝမရှိတော့ဟန်ကလွဲ လို့ ဘာမှမရှိတော့။ ကြည့်နေတဲ့ လူတစ်ယောက်က အဲ့ဒီအပင်က သေသွားပြီ ပြန်ပြုစုလို့မရတော့ဘူးတဲ့ ကျွန်တော့်ကိုပြောပြခဲ့တယ်။


ယာဉ်ရပ်နားစခန်းအဆောက်အအုံရဲ့အပြင်ဘက်မှာ အမှိုက်သယ်ယာဉ်အလွတ်တစ်စီးနဲ့အတူ ယာယီတာဝန်ရှိသူတစ်ဦးလို့ယူဆရသူ တစ်ယောက်ကို အဖေက သတိထားမိခဲ့ပုံရတယ်။ အဖေ လျှောက်လှမ်းသွားပြီးနောက် အသက်နည်းနည်းကြီးတဲ့ လူကြီးတစ်ယောက်နဲ့ စကားနည်းနည်းပြောကြတယ်။ အဖေပြန်လာပြီးနောက် အဲ့လူကြီးဘာပြောခဲ့သလဲဆိုတာ ကျွန်တော်တို့ကိုပြန်ပြောပြခဲ့ပါတယ်။ တောအုပ်ထဲမှာ တစ်ယောက်ယောက် စခန်းချခဲ့ပုံပေါ်ပြီး မီးမွှေးခဲ့တာကို သေချာမငြိမ်းသတ်ခဲ့တော့ ခြောက်သွေ့နေတဲ့ မြက်ခင်းတွေ ချုံပုတ်တွေကတစ်ဆင့် မီးလောင်ကျွမ်းခဲ့တာပါတဲ့။ ကံကောင်းတာက လေကြောင်းက သစ်တောအလယ်ပိုင်းဘက်ကိုတိုက်နေတော့ ယာဉ်ရပ်နားစခန်းဘက်ကို သိပ်မလာတော့ဘူးလေ။ မီးသတ်သမားတွေကလည်း အဲ့ထက်မပိုအောင် မီးငြိမ်းသတ်နိုင်ခဲ့တာကြောင့် အဆင်ပြေသွားတာဆိုပဲ။ ကျွန်တော် အဖိုးတို့အဖွားတို့အိမ်ကို သွားရာလမ်းတလျှောက်ဝယ် မရပ်မနားကိုငိုရှိုက်သွားခဲ့ပါတယ်။


ဖြစ်ရပ်တွေဖြစ်ပျက်သွားပြီးနောက်ပိုင်းမှာတော့ ယာဉ်ရပ်နားစခန်းရဲ့သွင်ပြင်တွေဟာ အရင်နဲ့အတူတူမဟုတ်တော့ပါဘူး။ အဲ့ဒီနေရာမှာ ကျွန်တော်တို့ ရပ်နားတိုင်း ကျွန်တော့်စိတ်ထဲမှာတော့ ကြီးမားတဲ့ သစ်ကိုင်းကြီးပေါ်ထိုင်ပြီး ရှုခင်းတွေကိုငေးရတဲ့ ခံစားချက်ကို သတိရ တာကြောင့် သစ်ပင်ကြီးကို အရမ်းလွမ်းဆွတ်ရပါတယ်။ ပြန်လည်စိုက်ပျိုးထားတဲ့ ပင်ပျိုလေးတွေကြောင့် ပြန်လည်အရောင်ပြောင်းလာတဲ့ သစ်တောကြီးဟာ စိမ်းစိုလာခဲ့ပေမယ့် ကျွန်တော့်စိတ်ထဲခံစားချက် သိပ်မထူးတော့သလိုပါပဲ။ အရင်လိုပြန်ဖြစ်ဖို့တော့ အချိန်တွေ အတော်ယူရဦးမယ်နဲ့တူပါတယ်။ ယာဉ်ရပ်နားစခန်းမှာ ကျွန်တော်တို့ရပ်နားတဲ့အချိန်မှာတော့ ထိုင်နားတဲ့ စားပွဲခုံက သစ်တောအစပ် မဟုတ်တော့ဘဲ အဆောက်အဦးနဲ့ နီးတဲ့ခုံမှာပဲထိုင်ဖြစ်ကြပါရော။ မိနစ် နှစ်ဆယ်သော ယာဉ်ရပ်နားချိန်ဟာ အရမ်းကြာလွန်းတယ်လို့ ကျွန်တော်တွေးထင်မိခဲ့သလားပဲ။


ရက်သတ္တပါတ်တွေဖြတ်သန်းသွားခဲ့ပါပြီ။ ဘယ်မှမသွား အိမ်မှာထိုင်နေမိတဲ့ရက်တစ်ရက်မှာ ကျွန်တော် ကစားစရာအရုပ်တွေထည့်ထား တဲ့ အိတ်ကြီးကိုမွှေရင်း ပလတ်စတစ်နဲ့ထုပ်ထားတဲ့ Maple ပင်ရဲ့အစေ့လေးတွေကိုတွေ့လိုက်ရပါတယ်။ ခပ်သေးသေး ဟယ်လီကော်ပတာလေးတွေလေ။ ဆောင်းနှောင်းကာလက အမှတ်မထင်သိမ်းထားခဲ့တာပါ။ လက်ထဲမှာ အစေ့လေးတွေကို ပြန်ကိုင်ကြည့်နေမိရင်း ဘာလုပ်မိမှန်းမသိထလုပ်မိပါတယ်။ အစေ့လေးတွေကိုယူ ပြီးတော့ အိမ်ရဲ့နောက်ဖက် ခြံဝင်းထဲကိုဆင်းသွား တဲ့ပြီး တစ်ဒါဇင်လောက်အစေ့တွေကို မြေကြီးထဲစိုက်ပျိုးခဲ့ပါတယ်။ စိုက်ခဲ့တဲ့အစေ့တစ်စေ့တိုင်း နေရာမမှားရ အောင် ရေခဲချောင်း တုတ်တံလေးတစ်ခုစီကိုပါ ထိုးစိုက်ခဲ့တာလေ။ မကြာခဏဆိုသလိုပါပဲ သွားသွားကြည့်ခဲ့ပါတယ်။ ရက်သတ္တပါတ်ပေါင်းများစွာ ပေါက်လာမယ့် ကြီးထွားလာမယ့်အရိပ်အယောင်ရှိမရှိ ကြည့်မိခြင်းပေါ့။ ဘယ်လိုမှမထူးခြားခဲ့ပါဘူး။


ဆောင်းရာသီ ရောက်လာခဲ့ပြန်ပါတယ်။ သစ်စေ့လေးတွေအပေါ်ထားတဲ့ ကျွန်တော့်မျှော်လင့်ချက်တွေကို အရှုံးပေးလိုက်ပါပြီ ဒီလောက် အေးတဲ့ ကာလရှည်မှာ သူတို့သေလောက်ရောပေါ့နော်။ ကျွန်တော် အိမ်အနောက်ဖက်ကို သွားသွားနေတာကို ရပ်တန့်လိုက်ပါတယ်။ ဒါပေမဲ့ တစ်ရက်တော့ နောက်ဆုံးအနေနဲ့ အဲ့ဒီသစ်စေ့လေးတွေ ဘယ်လိုအေးခဲသေဆုံးနေတယ်ဆိုတာသွားကြည့်ဖို့ဆုံးဖြတ်လိုက်ရော။ ပြန်တူးယူထားပြီး နောက်ရာသီမှ ပြန်စိုက်လို့ရနိုင်တာပဲဆိုတဲ့အတွေးနဲ့ပေါ့။ အဲ့ဒီနောက်မှာတော့ သူတို့…သူတို့တွေဘာဖြစ်နေတယ်ဆို တာကို မြင်ခဲ့ရပါတယ်။


ရေခဲ့ချောင်းတုတ်တံအစီအရီလေးတွေကိုပဲမြင်ရလိမ့်နိုးဆိုတဲ့အသွင်နဲ့သွားပေမယ့် အပင်ငယ်လေးငါးခုရှင်သန်နေတာကိုမြင်လိုက်ရ တာကြောင့် ခုန်ပေါက်ပျော်ရွှင်မိရတယ်ဗျ။ အကိုင်းသေးသေးလေးတွေနဲ့ အရွက်ငုတ်စိလေးတွေနဲ့ကြည့်ရတာများ ဟီး ဟီး။ ဟိုအရင်က တော့ Maple ပင်ပေါက်လေးတွေကိုမမြင်ဖူးခဲ့ပါဘူး။ ကျွန်တော် အပင်ပေါက်ကလေးတွေရဲ့ နံဘေးကမြေပြင်ပေါ်ဝယ်ထိုင်ချလိုက်ပြီး အပင်ငယ်လေး ငါးပင်ကို တကယ့် နုနုညံ့ညံ့လေး ထိတွေ့လိုက်တယ်။ ပြီးတော့ သစ်ရွက်နုလေးတွေကို -


‘မင်္ဂလာပါ သစ်ပင်ကလေးတွေရေ…. ငါ့နာမည်က ဇာနည်ပါ။ ကမ္ဘာလောကကြီးကနေကြိုဆိုပါတယ်။ မင်းတို့မေမေကလေ ငါ့အတွက် သူငယ်ချင်းအရင်းကြီးတစ်ယောက်ကွ သိလား’


Alex Aung (24 Oct 2014)


Ref: The Boy Who Loved a Tree by Robert G. Moons

No comments: