တမ်းတဟစ်အော်၊
ခေါ်ဆိုပါသည် ၊ အကြင်သူကြားနိုင်ပါလေစ။
“သူ”
အခန်းတံခါးကိုတွန်းဖွင့်လိုက်သည်။ လရောင် လင်းလင်းက အခန်းထဲအထိ
ကျူးကျော်ဝင်ရောက်လာခြင်း မှအပ အခန်းထဲက ပကတိ မှောင်တိတ်နေသည်။ အခန်းတံခါးကို
ပြန်ပိတ်ပြီး မှီထားလိုက်သည်။ နံရံပေါ်မှ
မီးခလုတ်ကို ဖိနှိပ်လိုက်ချိန်တွင် သူ့မျက်လုံးအစုံကို မှိတ်ထားလိုက်သည်။
မျက်ခွံများကို ထိုးဖောက်လာသော အလင်းတန်း လေးများကို ရင်ဆိုင်နိုင်သည့်အချိန်ကျမှ
သူ့မျက်ခွံများကို ပင့်တင်ဆွဲဖွင့်လိုက်သည်။
“.....................”
အခန်းထဲက ငြိမ်သက်ဆဲ၊ ငြိမ်သက်မြဲ။
နှုတ်ခမ်းတစ်စုံကို တင်းတင်းပိတ်ပြီး နှာခေါင်းပေါက်သက်သက်ဖြင့်
အသက်ရှူသွင်းခြင်းနှင့် ရှူထုတ်ခြင်း တစ်ကြိမ်ဆီ ပြုလုပ်ပြီးမှ နံရံကို
ခပ်ဖွဖွပွတ်သပ်ကာ ကုတင်ဆီသို့ ရွှေ့လျားလိုက်သည်။
“ဖေဖေ..”
ခေါ်သူမရှိသော ခေါ်သံသည်
ယောင်ယမ်းပြီး ကြားနေရတာဖြစ်ကြောင်း သူသိနှင့်နေ နေသော်လည်း “သားရယ်..” ဟု ရင်ဘတ်တွင်းမှ
ထူးနေလိုက်မိသည်။ မခေါ်ဖူးသော ဝေါဟာရအတွက် စကားလုံးများသည် လည်ချောင်းဝတွင်
တစ်ဆို့နေဆဲ။ မျက်နှာကျက် ကျောက်ပြားများကိုသာ အဓိပ္ပါယ်မဲ့စွာ
ငေးမော့ကြည့်နေမိသည်။
“အဓိပ္ပါယ်...”
ထို စကားလုံး၏ အဓိပ္ပါယ်ကို
သူသေသေချာချာ နားမလည်နိုင်။ သားဆီမှ ထင်မှတ်မထားသော သတင်းစကားကြားရချိန်တွင်
“အဓိပ္ပါယ်မရှိဘူး၊ အဓိပ္ပါယ် မရှိတာတွေ လာမပြောနဲ့..” ဟု
ခါးခါးတူးတူးငြင်းဆန်ခဲ့ဖူးသည်။ “အဓိပ္ပါယ် မရှိတဲ့ လုပ်ရပ်တွေ ရပ်တန်းက ရပ်ပါတော့”
ဟု အမိန့်ပေးဖူးသည်။ သို့သော် သူ “အဓိပ္ပါယ်မရှိဘူး” ဟု ယူဆထားသော အဖြစ်အပျက်က
သူ့သား၏ ၊ သူ့သားဘ၀တစ်ခုလုံး၏ အဓိပ္ပါယ် ဖြစ်ခဲ့ရပြန်သည်။
စာပွဲပေါ်ရှိ ဓာတ်ပုံမှန်ဘောင်ထဲမှ
ပြုံးချိုရွှင်ပျော်နေသော သား၏ပုံကို ကြည့်ရင်း ခေါင်းကိုတွင်တွင်ခါလိုက်သည်။ ဆံပင်ထိုးထိုးထောင်ထောင်၊
တက်တူးဗလပွနှင့် အချွန် အတက်များပြည့်နေသော အဆင်တန်ဆာများ.....။
ထိုပုံစံနှင့်သားနှင့်မလိုက်ဖက်။ မလိုက်ဖက် ဆိုသည်ထက် မအပ်စပ်ဟု ပြောရလိမ့်မည်။
အမှန်အတိုင်းပြောရလျှင် ထိုအ၀တ်အစား၊ အပြင်အဆင်၊ အပြုအမူများသည် လုံးဝမဖြစ်သင့်သော
အချက်များဖြစ်သည်။
“သွေးသားက သွေးသားပါပဲ
အစ်ကိုရယ်...”
ဇနီးဖြစ်သူ၏ နှစ်သိမ့်မှုကို
ခေါင်းမာစွာငြင်းဆန်ခဲ့သော အချိန်များကို ပြန်အမှတ်ရမိ သည်။ ငယ်စဉ်ကလေးဘ၀ကတည်းက
အရိပ်တကြည့်ကြည့် ချစ်ခဲ့ရသော၊ ကျောင်းတွင် စာတော်လိမ္မာသော၊ ပတ်ဝန်းကျင်တွင်
ယဉ်ကျေးသိမ်မွေ့လွန်းခဲ့သော၊ အသိုင်းအ၀ိုင်းကြား တွင် ရိုကျိုး၊နာခံတက်သော
ကလေးတစ်ယောက်က ရုတ်ချည်းပြောင်းလဲလာသောအခါ တစ်စုံ တစ်ခု သို့မဟုတ်၊ တစ်စုံတစ်ရာကို
အပြစ်တင်ပစ်လိုက်ချင်သည်။
“ရွေးချယ်မှု ဟုတ်လားဖေဖေ။ ဟုတ်တယ်၊
ဖေဖေပြောသလို ဒါဟာ ရွေးချယ်မှုပဲ ထားလိုက်။ ဒါပေမယ့် ကိုယ့်ဘာသာကို ရွေးချယ်တာ
မဟုတ်ဘူး၊ ကံကရွေးချယ်ခဲ့တာ၊ ဒီလမ်းကို မဖောက်ပဲ လျှောက်နေရတာပါ..”
မျက်ရည်ကြားမှ
အံကြိတ်ရင်းပြောခဲ့သော သား၏ အရိပ်များက ရုပ်ရှင်ပြကွက် ဆန်ဆန် ခေါင်းထဲတွင်
စီတန်းပေါ်လာသည်။ ထိုနေ့ကသားနှင့် အကြီးအကျယ်ရန်ဖြစ်၊ စကားများခဲ့သည်။ (ဇနီးသည်ပြောသလို)
ကိုယ့်သွေးသားကို ကိုယ်လိုရာ ပုံသွင်းချင်မိခြင်းကို အပြစ်ဟု လုံးဝမယူဆ
မိလောက်အောင် ဒေါသမိုးမွှန်နေခဲ့သည်။
“ငါ့အိမ်မှာနေရင်
ငါ့စကားနားထောင်ရမယ်။ ငါချမှတ်စည်းကမ်းကို လိုက်နာရမယ်။ အေး ငါ့စကားကို
နားမထောင်နိုင်ဘူး၊ ငါ့စည်းကမ်းကို မလိုက်နာနိုင်ဘူးဆိုရင် ငါ့အိမ်မှာမနေနဲ့
င့ါအိမ်ပေါ်ကနေဆင်း။ ဒါပဲ။”
အဲဒီတုန်းက အာဏာဆန်ဆန်
အမိန့်ထုတ်ချင်ခဲ့တာလား။ ‘ဒီနည်းနဲ့ ခြိမ်းခြောက်ရင် ရလောက်တယ်။’ ဟု တွေးခဲ့သလား။
ဒါမှမဟုတ် ‘သူဆင်းမသွား လောက်ဘူး’ ဟု ပေါ့ပေါ့တန်တန် ယူဆခဲ့လေသလား။ ဒါဆို
တကယ်ဆင်းသွားချိန်မှာ ဘာလို့မတားမြစ်ခဲ့ ရတာလဲ...။
ကိုယ့်ကိုယ်ကိုယ် နှိပ်စက်သော
မေးခွန်းပေါင်းများစွာကို ခေါင်းခါ ထုတ်ရှင်းပစ်လိုက် သည်။ ကုတင်ဘေးမှ
စာပွဲပေါ်တွင် တင်ထားသောသားရေဖုံး diary စာအုပ်လေးကို လှန်လှော ကြည့်လိုက်သည်။
“အိမ်ပေါ်က ဆင်းတဲ့လားဖေဖေရယ်...။
ပြောရက်လိုက်တာ။ အမှန်တိုင်းပြောရရင် ကျွန်တော် အပြင်ကို ကြောက်တယ်။
လူတွေကိုကြောက်တယ်။ လူတွေရဲ့မျက်လုံးတွေကို ကြောက်တယ်။ အမှောင်ကို
အခွင့်ကောင်းယူပြီး အနိုင်ကျင့်တဲ့ လူတွေကို ကြောက်တယ်။ သူတို့ကြားမှာ
ကျီးလန့်စာစား ဖြစ်နေရတဲ့ဘ၀၊ ကြောက်ကြောက်ရွံ့ရွံ့ရှင်သန် နေရတဲ့ဘ၀။...............”
မျက်ဝန်းအိမ်မှ
မျက်ရည်များကျလာသဖြင့် စာသားများေ၀၀ါးသွားရသည်။ ခိုကိုးရာ နေမဲ့သော၊
ဒုက္ခပင်လယ်ဝေနေသော၊ လူအများက အနိုင်ကျင့်၊ စော်ကားနေမည့် ကလေး တစ်ယောက်ကို
မျက်ဝန်းထဲ ပုံဖော်ကြည့်လိုက်ယုံဖြင့် ကျင်စက်နှင့်အတို့ခံရသလို နာကျင် နေသည်။
အသည်းဆိုင်က ပြုတ်တူနှင့်ညှပ်ထားသလို ခံစားရသည်။ ပါးပြင်ပေါ်က စိုထိုင်းထိုင်း နှင့်ပူနွေးနေသော
အာရုံကို သတိထားမိသည်။
မျက်လုံးများကို စာအုပ်မှခွာပြီး ညာဖက်လက်မလက်သည်းကို
ကိုက်နေလိုက်မိသည်။ မျက်ရည်များကို မသုတ်ပစ်ရက်။ မျက်ရည်များကို
သုတ်ပစ်လိုက်ရုံမျှဖြင့် ရင်ဘတ်ထဲမှ မီးလျှံများ ငြိမ်းမသွားနိုင်ကြောင်း
သူသိနှင့်ပါသည်။
“သားသမီးနဲ့ မိဘဆိုတာ အခန့်မသင့်တာ အဆင်မပြေတာ
ပြဿနာရှိတယ်။ ဒါဓမ္မတာပါပဲ။ အဲဒီမှာ တစ်ခုသတိထားရမှာက ‘ငါ’ ဆိုတဲ့ အတ္တတွေ
အရမ်းများနေရင်၊ ဖြေရှင်းနည်းတွေက လွဲသွားတတ်တယ်။ အဲဒီအခါကျရင် မိဘက အပြည့်မှန်တယ်လို့ ပြောလို့မရတော့ဘူး။”
ဆရာကြီးတစ်ဦး၏ စကားလုံးများကို
ကြားယောင်မိသည်။
ငါမှားခဲ့သလား၊ ဒါမှမဟုတ်
မှန်ခဲ့သလား။ မှန်ခဲ့တယ်ဆိုရင်တောင် ရာနှုန်းပြည့်မမှန် ခဲ့ဘူးပေါ့။ အင်း
ဒီလိုဆုံးရှုံးမှုကြီးတွေ ဖြစ်ပြီးတော့မှ အတ္တကြီးကြီး တဇွတ်ထိုးဆန်ဆန်နဲ့
အမှားအမှန်တွေ တွက်ချက်နေရဦးမှာလား။ ခွဲတမ်းချနေရဦးမှာလား။ ကိုယ့်ကိုယ်ကိုယ်
ဘယ်လောက်ပဲမှန်ပါတယ် ပြောပြော ဒီဆုံးရှူံးမှုအတွက် အစားထိုးနိုင်မယ်တဲ့လား။
ဖြေသာမယ် တဲ့လား။ ဘယ်သူမပြု မိမိမှုပါပဲ။
ဖြစ်နိုင်လျှင်
အော်ဟစ်ငိုကြွေးပစ်ချင်သည်။ ရင်ဘတ်ကြီးတစ်ခုလုံးပေါက်ကွဲပွင့်ထွက် သွားအောင်
အော်ဟစ်လိုက်ချင်သည်။ ရင်ထဲစို့နစ်မှုများကို ဖြစ်သည့်နည်းဖြင့် ဖြေလျှော့ပစ် လိုက်ချင်သည်။
ကြည့်မှန်ထဲမှ ပုံရိပ်ယောင်ကိုကြည့်ရင်း ကိုယ့်ကိုယ်ကို လူသတ်တရားခံ တစ်ဦးပမာ
အော်ဂလီဆန် ရွံရှာနေမိသည်။
ဧည့်ခန်းမှ ဖုန်းမြည်သံ သဲ့သဲ့ကို
လှမ်းကြားလိုက်ရသည်။ ဇနီးဖြစ်သူ လက်ခံဖြေကြားလိမ့်မည်။ ဦးနှောက်ထဲသို့
ခြောက်ခြားဖွယ် ဖုန်းမြည်သံကိုကြားရသော မိုးသည်းည တစ်ည၏ အဖြစ်အပျက်များရောက်လာပြန်သည်။
မှတ်မှတ်ရရထိုညက
သန်းခေါင်ကျော်အချိန်တွင် မြည်သော ဖုန်းကို သူကိုယ်တိုင် လက်ခံစကားပြောခဲ့သည်။
တယ်လီဖုန်းကို ဖြတ်ဆီးလာသော အသံလှိုင်းက မိုးသံ၊ လေသံများ အပြင်ကို ကားသံ၊
လူသံများနှင့် ဆူညံ ပွတ်လောရိုက်နေမှန်းလည်း သူ မှတ်မိသည်။
“ဦး............ခင်ဗျားရဲ့..................လုယက်ကြရင်း................၀ိုင်းပြီး..................
အသက်အန္တရယ်.............ပြည်သူ့ဆေးရုံကြီးမှာ.............သက်ဆိုင်ရာကတော့.............”
ဖုန်းလိုင်း၏ အားနည်းချက်အပြင်
သူ့အသိများက မိတစ်ချက် မမိတစ်ချက် ဖြစ်နေခဲ့သည်။ ကြောက်လန့်ခြင်း၊ စိုးရွံ့ခြင်း၊
ထိတ်လန့်အံ့သြခြင်း၊ ကြေကွဲပူလောင်ခြင်းများ၊ ဒေါသမီးတောက်များ၊
ခံစားချက်ပေါင်းမြောက်များစွာနှင့် ကမ္ဘာမြေကြီး ချာချာသွားခဲ့သည်။ ဇနီးသည်၏
ဖေးမမှုကို အထိအတွေ့တစ်ခုအဖြစ် သိရှိလိုက်ရသေးသည်။
“ဟင်း............”
သက်ပြင်းငွေ့ငွေ့ချပြီး မျက်နှာပြင်တစ်ခုလုံးကို
လက်ဖ၀ါးနှစ်ဖက်ဖြင့် ခပ်ကြမ်းကြမ်းပွတ်ချေပစ်လိုက်သည်။ စာရွက်ပေါ်ရှိ
စာသားတစ်ချို့ကို အသံထွက် ရွတ်ဖတ်ကြည့်လိုက်သည်။
I
LOVE YOU, Dad
လူမှန်းသိတတ်စအရွယ်ကတည်းက၊
အဖေလို့စခေါ်တတ်ကတည်းက
ချစ်ခဲ့ရတဲ့ဖေဖေ...............။
ဒါငါ့အဖေလေလို့အမြဲတမ်း
ဂုဏ်ယူခဲ့ရတဲ့ဖေဖေ...........။
အကြိမ်ကြိမ်အခါခါပြိုလဲတိုင်း
ဖေဖေတစ်ယောက်လုံးရှိသေးတယ်ဆိုတဲ့စကားနဲ့
ခွန်အားတွေဖြည့်ပေးခဲ့တဲ့ ဖေဖေ
ရင်ထဲမှာလေးလေးနက်နက်
ပြောချင်တဲ့စကား
လေးတစ်ခွန်းရှိတယ်ဖေဖေ...။
Dairy စာရွက် တစ်ရွက်လှန်လိုက်တိုင်း ရင်ဘတ်ထဲက ဒဏ်ရာက ပိုပိုတိုးသွားသည်။ အဆိပ်လူးမျှားများ
ထိုးစိုက်လာသလို၊ မီးဖုတ်ဓားဖြင့် မွှန်းနေသလို နာကျင်ခံစားရသည်။ အသက်၀၀
မရှူနိုင်အောင် မွန်းကျပ်နေရသည်။ ဆေးရုံးပေါ်မှ ခါးသီး ရင့်ထော်နေသော နေ့ရက်
အချိန်များက အသိအာရုံထဲသို့ အလုအယှက်ဝင်လာကြသည်။
ဆေးရုံကုတင်ပေးတွင်
အားပျော့နွမ်းရိစွာ လဲလျှောင်းနေသော သားကို စိတ်ထဲမှ အကြိမ်ကြိမ်
တောင်းပန်နေမိသည်။ ထားရှိခဲ့သော အတ္တများ၊
ကြီးမားလွန်းခဲ့သော မာနများ၊ စွဲလမ်းခဲ့သော တစ်ယူသန်စိတ်များ............။ အရာရာသည်
လူနာကုတင်ဘေးတွင် ပုံကျ၊ ပြာကျခဲ့ရသည်။ အချိန်များကို နောက်လှည့်ပစ်လိုက်ချင်သည်။
“ခွင့်လွှတ်ပါ။ ဖေဖေ့ကို ခွင့်လွှတ်ပါ။”
အကြိမ်ကြိမ်ရေရွတ်နေမိသည်။
“ဖေဖေ............”
အားများကို
ခြစ်ချုပ်စုယူပြီးပထမဦးဆုံးထွက်ပေါ်လာသော အသံကြောင့် သူအားတက် ခဲ့ရသည်။
“ဖေဖေရှိတယ်လေ... ဖေဖေရှိတယ်”
“ဖေဖေ.............ကျေးဇူးပြုပြီး.........
‘သား’ .............လို့ တစ်ခွန်းလောက်............ တစ်ခွန်းလောက်ခေါ်ပေးပါဗျာ။”
စိတ် စေတသိက်၏ ၀ိရောဓိတရား
လွန်ဆွဲနေချိန် တဒင်္ဂအချိန်လေးကို မစောင့်နိုင်ပဲ သားကထွက်သွားခဲ့သည်။ သို့သော် နာကျင်ခါးသီးမှု၊
မွန်းကြပ်ပိတ်ဆို့များကြားတွင် “သား” ဟု သူ မခေါ်ထွက်ခဲ့ပါ။ ရင်ဘတ်ကိုသာ
လက်ဖနောင့်နှင့် ဖိထားလိုက်သည်။
အသက်ကို ခပ်ပြင်းပြင်းရှူပြီး
တုန်ရီနေသော လက်များဖြင့် Diary ထဲမှ စာမျက်နှာ တစ်ချို့ထပ်လှန်လိုက်သည်။
“အမြဲတမ်းနားလည်ခွင့်လွှတ်ပေးနိုင်ခဲ့တဲ့ဖေဖေ။
ကျွန်တော့်ရဲ့ စိတ်ခံစားမှုကိုလည်း နားလည်ပါစေလို့
အကြိမ်ကြိမ်ဆုတောင်းခဲ့ပေမယ့်.......................။ ဒါက ခြွင်းချက်လား။
ဒါလေးကိုပါ နားလည်ပေးလိုက်ပါတော့လား လို့ မတောင်းဆိုရက်ပါဘူးဖေဖေရယ်။ ဖေဖေ့အတွက်
ဂုဏ်ယူချင်စရာမကောင်းတဲ့ ကျွန်တော့်ကို ဖေဖေနားလည်နိုင်မှာ မဟုတ်ဘူးဆိုတာ
ကျွန်တော်သိပါတယ်။ အဲဒီအတွက် ဖေဖေ့ကို ကျွန်တော် စိတ်မကွက်ပါဘူး ဖေဖေ။
ညအိပ်ရာဝင်တိုင်း ဖေဖေ့ကို ရှိခိုးပြီးမှ အိပ်ရာဝင်တာပါ။”
သွားပြီ......။ အရာရာ
ပြီးဆုံးသွားပြီ။ မရှုမလှ ရှုံးပန်းဆင်ရတဲ့ ကစားပွဲတစ်ခုလို၊ အကျည်းတန်
နာကျင်စရာကောင်းတဲ့ စစ်ပွဲတစ်ပွဲလို၊ မုန်တိုင်းဆင်ပြီးစ စားကျက်မြေ တစ်ခုလို
အရာရာဟာ ဖရိုဖရဲ ပြီးဆုံးသွားပြီ။
Diary စာအုပ်မှ
နောက်စာမျက်နှာများကို ဖတ်ပြီးချိန်တွင် ပိုမိုနာကျင်ရသည်။ နာကျင်စူးရှသော
ရင်ဘတ်တွင်းမှ နာမည် တစ်ခုကို ခေါ်ဆိုရေရွတ်နေမိသည်။ နှုတ်ဖျားမှ ထွက်မလာရန် တားဆီး
ပိတ်ဆို့ခဲ့သော အတ္တ၊ မာန၊ ဒေါသများကို ထိုးဖောက်ကျော်လွန်ပြီး တမ်းတမ်းတတ
ခေါ်ဆိုအော်ဟစ်လိုက်မိသည်။
“သားးးးးးးးးးး................၊
သားရယ်..................”
* * * * * * * * * * *
တစ်သက်နှင့်တစ်ကိုယ် ပထမဦးဆုံးအကြိမ်
သူ အသံထွက် အော်ခေါ်လိုက်တဲ့ အဲဒီခေါ်သံ ကို သူ့“သမီးလေး” က ကြားနိုင်၊
မကြားနိုင်ဆိုတာကတော့..............................
For The
People Like Us
Note: ညီလေး ဆလိုင်းလီယိုရဲ့ဝတ္ထုတိုလေးတစ်ပုဒ်ပါ။ သဘောကျလို့တောင်းယူပြီး တင်ဆက်လိုက်ပါတယ်။
No comments:
Post a Comment