ဦးလှဝင်းနဲ့ ဒေါ်နန်းသူဇာတို့ နှစ်ယောက်ဟာ ကုတင်ပေါ်က သားဖြစ်သူ မော်ကွန်းကို တစ်လှည့် ၊ ဒေါက်တာဦးခန့်နိုင်ကို တစ်လှည့်ကြည့်ရင်း မျက်နှာ မသာမယာ ရှိနေကြတယ်။ ဒေါက်တာဦးခန့်နိုင်ရဲ့  လက်ထဲက ကြိုးတန်းလန်းနဲ့ ချိန်သီးဟာ ပက်လက်လှန်အိပ်နေတဲ့ မော်ကွန်းရဲ့ မျက်နှာပေါ်မှာ ဟိုဒီလှုပ်ရှား ယိမ်းထိုးနေတယ်။ မော်ကွန်းရဲ့  ကြောင်စီစီ မျက်လုံးတွေထဲက မျက်ဆန်နက်နှစ်ခုဟာ အိပ်မွေ့ချ ချိန်သီးသွားလေရာကို ရွေ့ လျားလိုက်ပါနေတယ်။ အခန်းထဲမှာက ဒေါက်တာဦးခန့်နိုင်ရဲ့  အသံတစ်ခုကလွဲရင် အပ်ကျသံကြားရလောက်အောင် တိတ်ဆိတ်လျက်။
" မျက်လုံးတွေ တဖြည်းဖြည်းနဲ့ မှေးစင်းလာပြီ ၊ မင်း အိပ်ချင်လာပြီ ၊ ဟုတ်တယ် ၊ မင်း အရမ်းကို အိပ်ချင်နေပြီ ၊ မင်း အိပ်တော့မယ် ၊ အိပ်တော့မယ် "
ဒေါက်တာဦးခန့်နိုင်ရဲ့  လေသံက တိုးတိုးလေးပေမယ့် အမိန့်သံ နည်းနည်းရောစွက် ပါဝင်နေတယ်။ မော်ကွန်းရဲ့  မျက်လုံးတွေဟာ ချိန်သီးကို လိုက်ကြည့်နေရာကနေ ဒေါက်တာရဲ့  စကားကို မလွန်ဆိုင်နိုင်သည့်အလားတဖြည်းဖြည်း မှေးစင်းလာတယ်။
" မျက်လုံးတွေ မှေးလာပြီ .. မျက်ခွံတွေ အရမ်းလေးလံလာပြီးတော့ မင်း အိပ်ချင်နေပြီ .. အိပ်တော့မယ် .. အိပ်ပစ်လိုက် .. အိပ်ပစ်လိုက် .. ဘာကိုမှ မစဉ်းစားပဲ အိပ်ပစ်လိုက် .. အိပ်တော့ .. အိပ်ပစ်လိုက်တော့ "
မော်ကွန်းရဲ့ မျက်လုံးတွေဟာ တဖြည်းဖြည်းနဲ့ မှေးသည်ထက် မှေးစင်းလာတယ် .. နောက် မှေးနေရာကနေ မျက်လုံးတွေ မှိတ်သွားတယ် .. ဒါပေမယ့် မျက်ခွံတွေအောက်က မျက်လုံးတွေဟာ ဂနာမငြိမ်ပဲ လှုပ်ရှားနေတုန်းပဲ .. ဒေါက်တာ ဦးခန့်နိုင်ရဲ့ အသံက အဆက်မပြတ် ဆက်လက်ထွက်ပေါ်နေတယ် .
" မင်း အိပ်သွားပြီ .. ဟုတ်တယ် .. မင်း အိပ်ပျော်သွားပြီ .. အိပ်သွားပြီ "
မျက်ခွံတွေအောက်မှာ လှုပ်ရှားနေတဲ့ မော်ကွန်းရဲ့ မျက်လုံးတွေက တဖြည်းဖြည်း ငြိမ်သက်သွားတယ် .. ခဏအကြာမှာတော့ အသက်ရှူသံ မှန်မှန်နဲ့ မော်ကွန်း အိပ်ပျော်သွားတယ် .. ဒေါက်တာ ဦးခန့်နိုင်စာ နဖူးပေါ်က ချွေးစတချို့ကို လက်ဖမိုးနဲ့ အသာပင့်သုတ်လိုက်ရင်း ဦးလှဝင်းနဲ့ ဒေါ်နန်းသူဇာကို တစ်ချက်ကြည့်တယ် .. ပြီးနောက် လက်ထဲက အိပ်မွေ့ချ ချိန်သီးကို ကုတင်အစွန်းမှာ အသာချထားလိုက်ရင်း ခဏ ငြိမ်သက်သွားတယ် .. ခဏအကြာမှာတော့ ဒေါက်တာဦးခန့်နိုင်ရဲ့  အသံက တိတ်ဆိတ်မှုကို ဖြိုခွင်းပြီး ပြန်လည်ထွက်ပေါ်လာတယ် ..
" ကောင်လေး .. ကောင်လေး .. "
ဒေါက်တာဦးခန့်နိုင်က အိပ်ပျော်နေတဲ့ မော်ကွန်းမျက်နှာကို စူးစူးစိုက်စိုက် ကြည့်ရင်း ခေါ်လိုက်တယ် ..
"ကောင်လေး .. ကောင်လေး .. "
ခေါ်သံကြောင့် မော်ကွန်းဟာ အိပ်ပျော်နေလျက်ကနေ အနည်းငယ် လှုပ်ရှားလာတယ် .. ဒေါက်တာဦးခန့်နိုင်က ခေါင်းကို အသာအယာ ညိတ်လိုက်ရင်း မေးခွန်းကို စမေးတယ် ..
" ကောင်လေး .. မင်းနာမည် ဘယ်လိုခေါ်လဲ .. "
မော်ကွန်းရဲ့ ခေါင်းဟာ သိသိသာသာ ဘယ်ညာ လှုပ်ရှားလာတယ် .. နောက် နှုတ်ခမ်းတွေက တဖြည်ြး့ဖည်း တုန်ယင်လှုပ်ခတ်လာရာကနေ စကားသံ တစ်ခု ထွက်လာတယ် ..
" မော် .. မော်ကွန်း "
ထွက်လာတဲ့ အသံက တိုးတိုးလေး .. တကယ့်ကို လေသံမျှလောက် သဲ့သဲ့ကလေး .. ဒေါက်တာဦးခန့်နိုင်က ခေါင်းကို တချက် ညိတ်လိုက်ပြန်ကာ မေးခွန်းကို ထပ်မေးတယ် ..
" ဟုတ်တယ် .. မှန်တယ် .. မင်း နာမည်က မော်ကွန်းပဲ .. ဒါဖြင့် မင်းအသက် ဘယ်လောက် ရှိပြီလဲ "
မော်ကွန်းဆီက အဖြေတန်းထွက်မလာဘူး .. ဒေါက်တာဦးခန့်နိုင်က မေးခွန်းကို နောက်တစ်ကြိမ် ထပ်မေးတယ် ..
" မင်း အသက် ဘယ်လောက် ရှိပြီလဲ .. "
မော်ကွန်းရဲ့  ဦးခေါင်းဟာ စောစောကထက် ပိုပြီး ဘယ်ညာ လှုပ်ယမ်းလာတယ် .. နောက်တော့ သူ့ နှုတ်ခမ်းက မေးခွန်းနဲ့ ဘာမှ မဆိုင်တဲ့ စကားတစ်ခွန်း ထွက်လာတယ် ..
" ကျွန်တော် .. ကျွန်တော် .. ယောက်ျားစစ်စစ်တစ်ယောက်ပါ "
" မဟုတ်သေးဘူး .. မေးတာက မင်းအသက် ဘယ်လောက် ရှိပြီလဲလို့ မေးတာ "
" ကျွန်တော် ယောက်ျားစစ်စစ် တစ်ယောက်ပါ .. "
ဒေါက်တာက ခေါင်းကို ယမ်းတယ် .. နောက် "မင်း အသက် ဘယ်လောက်ရှိပြီလဲ" လို့ ထပ်မေးတယ် .. ဒါပေမယ့် မော်ကွန်းရဲ့ အဖြေက တစ်ခွန်းတည်းပဲ .. ဘယ်လို မေးမေး "ကျွန်တော် ယောက်ျားစစ်စစ် တစ်ယောက်ပါ " .. ဆိုတာကိုပဲ ထပ်တလဲလဲ ဖြေတယ် .. ဒါပေမယ့် မော်ကွန်းရဲ့  အသံကတော့ တိုးတိုးလေးကနေ တဖြည်းဖြည်း ကျယ်လာတယ် .. အသက်ရှူသံက ပုံမှန်ကနေ တဖြည်းဖြည်း မြန်လာသလို ခန္ဓာကိုယ်ကလည်း ပိုမို လှုပ်ရှားယိမ်းထိုးလာတယ် .. ပြီးတော့ လက်နှစ်ဘက်က အိပ်ရာခင်းတွေကို တင်းတင်းကျပ်ကျပ် လုံးထွေးဆုပ်ကိုင်ထားတယ် .. မျက်လုံး ထောင့်စွန်းနှစ်ဘက်ကနေ မျက်ရည်တွေ စီးကျလာတယ် ..
" ကျွန်တော် .. ကျွန်တော် ယောက်ျားစစ်စစ်ပါ .. ကျွန်တော် ယောက်ျားစစ်စစ် တစ်ယောက်ပါ .."
မော်ကွန်း အသံက သွေးရူးသွေးတန်းဆန်လာတယ် .. တစ်ခုခုကို အရမ်းကြောက်လန့်နေသလိုမျိုး .. ဒေါက်တာဦးခန့်နိုင်ကလည်း မေးခွန်းတွေကို တစ်ခုပြီးတစ်ခု ပြောင်းမေးတယ် .. "မင်း ဘယ်နှစ်တန်းရောက်ပြီလဲ .. မင်း ဘာတွေ ကြိုက်လဲ .. မင်းမှာ ဘာလျှို့ဝှက်ချက်တွေ ရှိလဲ" စသဖြင့် ပြောင်းလဲပြီး လှည့်ပတ်မေးပေမဲ့လို့ မော်ကွန်းရဲ့ အဖြေကတော့ တစ်မျိုးတည်းပဲ .. တစ်ခါမှာတော့ ..
"အာကာမင်း .. အာကာ့ကို ကျွန်တော် သိပ်ချစ်တာ .. ဒါပေမယ့် ကျွန်တော် ယောက်ျားစစ်စစ် တစ်ယောက်ပါ .. ကျွန်တော် ယောက်ျားစစ်စစ်ပါ .. "
ဆိုတဲ့ အဖြေတစ်ခုက ထွက်လာတယ် .. အာကာမင်းက ဘယ်သူလဲလို့ မေးတော့ မဖြေ .. ယောက်ျားစစ်စစ်တစ်ယောက်ပါဆိုတာကိုပဲ ထပ်တလဲလဲ ပြောနေတော့တယ် .. ကြာတော့ ဘယ်လိုမှ ထိန်းသိမ်းမရလောက်အောင် လှုပ်ရှားယိမ်းထိုးလာတဲ့အဆုံးမှာတော့ ဒေါက်တာက အိပ်ဆေးတစ်လုံးထိုးပေးလိုက်တော့တယ် .. ဒီတော့မှ မော်ကွန်းဟာ ပြန်လည် ငြိမ်သက် အိပ်ပျော်သွားတယ် .. ဒေါက်တာ ဦးခန့်နိုင်က မော်ကွန်းရဲ့  မိဘတွေဘက် လှည့်လိုက်ရင်း
" အာကာမင်းဆိုတာ ဘယ်သူလဲ .. ကျွန်တော် သူနဲ့ တွေ့ချင်တယ် .. "
" အာကာက သားလေး သူငယ်ချင်းပါ ဆရာ .. အပြင်မှာ သူ ပါပါတယ် .. "
ဒေါ်နန်းသူဇာရဲ့  အသံမှာ ငိုသံစွက်နေတယ် .. ဦးလှဝင်းက ဆေးခန်းအပြင်ထွက်သွားပြီး သိပ်မကြာဘူး .. လူငယ်တစ်ယောက်နဲ့ အတူ ပြန်ဝင်လာတယ် ..
" ကျွန်တော် အာကာမင်းပါ ဆရာ .. "
ခဏအကြာမှာတော့ ဒေါက်တာဦးခန့်နိုင်နဲ့ အာကာမင်းတို့ နှစ်ယောက်တည်း ဆေးရုံဝန်းထဲက သစ်ပင်ရိပ်တစ်ခုအောက်မှာ စကားပြောဖြစ်ကြတယ် ..
" မောင်အာကာမင်းနဲ့ မောင်မော်ကွန်းတို့အကြောင်း ဆရာ့ကို ပြောပြပါလား .. အထူးသဖြင့် မောင်မော်ကွန်း အခုလို ဖြစ်သွားရတဲ့ အကြောင်းအရင်းကိုပေါ့ .. "
အာကာမင်းက ဒေါက်တာဦးခန့်နိုင်ကို ခပ်တွေတွေ တစ်ချက်ကြည့်တယ် .. နောက်တော့ သူ့အကြည့်က ဟိုးအဝေးကို ရောက်သွားတယ် ..
" ကျွန်တော် ပြောပြပါ့မယ် ဆရာ .. ဒါပေမယ့် ဆရာ တစ်ခုတော့ ယုံကြည်ပေးပါ .. အဲဒါဘာလဲဆိုတော့ ကျွန်တော်ဟာ ယောက်ျားစစ်စစ်တစ်ယောက်ဖြစ်တယ်ဆိုတာကိုပါ .. "
* * * * *
အာကာမင်းနဲ့ မော်ကွန်းတို့က သိပ်ချစ်ကြတဲ့ သူငယ်ချင်းတွေ .. နေတာကလည်း အိမ်ချင်းကပ်လျက် .. ပြီးတော့ တစ်ဦးတည်းသောသားတွေလည်းဖြစ်နေတဲ့အခါကျတော့ သူတိုနှစ်ယောက်က ညီအကို အရင်းတွေလောက်ကို သံယောဇဉ်ကြီးကြတယ် .. မောင်နှမ မရှိတဲ့အခါကျတော့ အဖော်မက်တဲ့ လူငယ်တို့ရဲ့ ထုံးစံအတိုင်း ဘယ်အချိန်ဖြစ်ဖြစ် သူတို့နှစ်ယောက်က တပူးတွဲတွဲ .. ကစားလည်းအတူ .. စားလည်း အတူတူ ကျောင်းသွားလည်း အတူတူ ... ညအိပ်တာတောင်မှ ဟိုဘက်အိမ်နဲ့ ဒီဘက်အိမ်ကို တစ်လှည့်စီ ပြောင်းပြီး အတူတူ အိပ်ကြတာ .. စည်းလုံးချက်ကလည်း ပြောမနေနဲ့ .. တစ်ယောက်ယောက် အပြင်မှာ ရန်ဖြစ်ပြီဆိုတာနဲ့ ကျန်တဲ့တစ်ယောက်က အမှားအမှန် မခွဲခြားပဲ ကိုယ့်သူငယ်ချင်းဘက်က ၀င်ဆော်တော့တာ .. ကြာတော့ မိဘတွေတောင် အမြင်ကတ်လာပြီး နင်တို့တွေ မိန်းမမယူပဲ နင်တို့နှစ်ယောက်ပဲ အချင်းချင်း ပြန်ယူကြပါလားလို့ ပြောလာတဲ့အထိကို သူတို့ နှစ်ယောက် တွဲမိတာ ..
အဲဒီလို နှစ်ကိုယ့်တစ်စိတ် ဖြစ်နေတဲ့ သူတို့ နှစ်ယောက်ရဲ့  ကြားကို နံရံတစ်ခုအနေနဲ့ ၀င်ရောက်လာခဲ့တာက "၀ါဆိုမေ" .. သိပ်ကို လှပတဲ့ ကောင်မလေးတစ်ယောက်
" ငါ ၀ါဆိုမေ့ကို ချစ်မိနေပြီ .. အဲဒါကြောင့် သူ့ကို ရအောင် လိုက်တော့မလို့ .. "
အာကာမင်းဆီက အဲဒီစကားကို စကြားလိုက်ရတဲ့အခါမှာ မော်ကွန်းစိတ်ထဲမှာ တစ်မျိုးကြီး ခံစားလိုက်ရတယ် .. ဒါပေမယ့် အဲဒီခံစားချက်ကို မော်ကွန်း ဘာသာမပြန်တတ်ဘူး .. ရင်ထဲက တစ်ခုခုကို ဆွဲထုတ်ခံလိုက်ရတယ်လို့ပဲ ပြောရမလား .. ဒါမှမဟုတ် ကိုယ့်ရဲ့ ကစားစရာအရုပ်တစ်ခုကို လုယူခံလိုက်ရတဲ့ ကလေးတစ်ယောက်ရဲ့ ခံစားချက်မျိုးလို့ပဲ ပြောရမလား .. သေချာတာကတော့ ၀ါဆိုမေဆိုတဲ့ မိန်းကလေးကို မော်ကွန်းစိတ်ထဲမှာ အမှိုက်တစ်ခုလို့ မှတ်ယူထားလိုက်မိတာပဲ ..
" မင်းကလည်း .. ၀ါဆိုမေ့ကို ဘယ်နေရာ ကြည့်ပြီး ကြိုက်တာလဲ .. လှလည်း မလှပဲနဲ့ "
မော်ကွန်းရဲ့  မကျေနပ်သံ အနည်းငယ် စွက်နေတဲ့ စကားကို အာကာမင်းက ခေါင်းကို ခပ်သွက်သွက်ရမ်း ငြင်းဆန်လိုက်ရင်း ..
" ဟေ့ကောင် .. ၀ါဆိုမေ့ကို မလှဘူးလို့ပြောတာ မင်းတစ်ယောက်ပဲ ရှိသေးတယ် .. လှလို့ပဲ ငါတို့ အီးမေဂျာရဲ့  ကွင်းဖြစ်နေတာပေါ့ကွ .. မင်းရဲ့ မျက်လုံးကို ဆေးခန်းပြသင့်နေပြီ .. တိမ်ပါးတဲ့ဘက်ကနေ ကြည့်စမ်းပါ ငါ့ကောင်ရ .. "
ဒီနောက်ပိုင်းကစပြီး အာကာမင်းက ၀ါဆိုမေရဲ့ အချစ်ကို ရဖို့ အပြင်းအထန်ကြိုးစားတော့တာပဲ .. အာကာမင်းက ၀ါဆိုမေကို ရည်းစားစာတွေ နေ့တိုင်းပေး ဖုန်းတွေ နေ့တိုင်းဆက် ၀ါဆိုမေ့ အလှဋီကာကို ကဗျာတွေစပ် .. ၀ါဆိုမေတို့ အိမ်ရှေ့ မှာ ဂစ်တာတစ်လက်နဲ့ သီချင်းတွေ နေ့တိုင်သွားဆို စသဖြင့် လမ်းပေါင်းစုံနဲ့ ချစ်ရေးဆိုတယ် .. အဲဒီလိုမျိုး အာကာမင်းက နေ့စဉ်ရက်ဆက် အချိန်ရှိသမျှ ၀ါဆိုမေ့ဆီမှာ အခစားဝင်နေတဲ့အခါကျတော့ မော်ကွန်းနဲပ အရင်ကလောက် တတွဲတွဲ မလုပ်ဖြစ်တော့ဘူး ..
ဒါကို မကျေမနပ်ဖြစ်လာက မော်ကွန်း .. အရင်ကတည်းက မော်ကွန်းစိတ်ထဲမှာ ၀ါဆိုမေ့ကြောင့် ရင်ခံနေရတဲ့အထဲ အာကာမင်းရဲ့  လုပ်ရပ်တွေက ဘော်ဒါကဏ္ဍကိုပါ ထိခိုက်လာတဲ့အခါ မော်ကွန်းရဲ့  သွေးတွေဟာ ဆူပွက်လာခဲ့တယ် .. အဲဒီမှာတင် မော်ကွန်းက အာကာမင်းနဲ့ ၀ါဆိုမေ့ကြားမှာ ဖြတ်မျဉ်းတစ်ခုအဖြစ် ရပ်တည်ဖို့  ဆုံးဖြတ်လိုက်တယ် . .
" အာကာ .. မင်း ကြားပြီးပြီလား .. ၀ါဆိုမေ့မှာ အရင်က ရည်းစားတွေ အများကြီး ရှိခဲ့ဖူးတယ်တဲ့ .. "
" မဖြစ်နိင်တာ .. မင်း ဘယ်က ကြားလာတာလဲ "
" ကန်တင်းမှာ .. ၀ါဆိုမေ့ သူငယ်ချင်းတွေ ပြောတာ ကြားလာတာ .. "
" လျှောက်ပြောနေတာ ဖြစ်မှာပါကွာ .. မယုံပါဘူး "
" တကယ်ဖြစ်နေရင်ရော .. "
" တကယ်ဖြစ်နေလဲ ကိစ္စ မရှိဘူး . ငါ ခွင့်လွှတ်ပေးနိုင်တယ် . ဘာလို့လဲဆိုတော့ ငါက သူ့ကို လက်လွှတ်မခံနိုင်လောက်အောင် ချစ်မိသွားခဲ့လို့ပဲ "
အစကတော့ မော်ကွန်းက အာကာမင်းကို ၀ါဆိုမေ့အပေါ် စိတ်ပျက်သွားအောင် ၀ါဆိုမေ့ မကောင်းကြောင်းတွေကို အမျိုးမျိုး လုပ်ကြံပြီး ပြောတယ် .. ၀ါဆိုမေ့မှာ ရည်းစားတွေ အများကြီး ရှိခဲ့တာတို့ .. အဲဒီ ရည်းစားတွေကိုလဲ ၀ါဆိုမေ့ဘက်ကပဲ စပြီး အစိမ်းဖြတ် ဖြတ်ခဲ့တာတို့ စသည်ဖြင့် လုပ်ကြံပြောတယ် .. ဒါပေမယ့် အာကာမင်းရဲ့  အချစ်စိတ်က အရှိန်လွန်နေပြီ .. ဘယ်လိုမှ တားလို့ မရတော့ဘူး .. ဆေးမမီတော့ဘူး .. ဒီတော့ မော်ကွန်းရဲ့  မြားဦးက ၀ါဆိုမေ့ဘက် လှည့်ပြန်တယ် ..
" ၀ါဆိုမေ .. ငါ နင့်ကို မောင်နှမလို သဘောထားလို့ ပြောပြတာနော် .. အာကာမင်းကို နင် ပြန်မချစ်လိုက်နဲ့ သိလား .. ဒီကောင်က ကောင်မလေးတွေကို ဟောတစ်ယောက် ဟောတစ်ယောက် တွဲပြီး ထားခဲ့တဲ့ ကောင် .. မိန်းကလေးတစ်ယောက်ရဲ့  အချစ်ကို ရပြီးရင်လည်း သုံးလထက် ပိုမတွဲဘူး .. သုံးလပြည့်တာနဲ့ ဖြတ်ပစ်လိုက်တာပဲ .. ဒီအကြောင်းတွေ ငါက ပြောပြတယ်လို့ သူ့ကို သွားမပြောနဲ့ဦး " ... ဆိုတာမျိုး
" အာကာက မိန်းကလေးတစ်ယောက်နဲ့ အချစ်နယ်လွန်ပြီး တာဝန်မယူလို့ အမှုတွေ ဘာတွေ ဖြစ်ခဲ့သေးတယ်.. သူ့ မိဘတွေက ပိုက်ဆံကို မက်လောက်အောင် ပေးပြီး ရှင်းခဲ့လို့ တိုးတိုးတိတ်တိတ်နဲ့ ပြီးသွားခဲ့တာ .. ဒီကိစ္စ ငါ ပြောပြတာကို အာကာ မသိစေနဲ့နော် " .. ဆိုတာမျိုး စသဖြင့် ၀ါဆိုမေ စိတ်ပျက်သွားအောင် အမျိုးမျိုး လိမ်ညာပြီး ပြောခဲ့တယ် .. ပြီးတော့ သူ့ လုပ်ရပ်အတွက်လည်း သူ့ကိုယ်သူ ကျေနပ်နေခဲ့တယ် .. ဒါပေမယ့် ...............
* * * * *
" မော်ကွန်း .. ဟေ့ကောင် .. ၀ါဆိုက ငါ့အချစ်ကို လက်ခံလိုက်ပြီကွ .. ဟားဟား "
အူယားဖားယားနဲ့ ပြေးလာပြီး ၀မ်းသာအားရ ပြောလာတဲ့ အာကာမင်းစကားကြောင့် မော်ကွန်း ကြက်သေသေသွားတယ် .. သူ့ နားသူတောင် မယုံနိုင်အောင်လည်း ဖြစ်ရတယ် .. ပြီးတော့ တစ်ပြိုင်နက်တည်းမှာပဲ အလိုမကျခြင်း . မကျေနပ်ခြင်း . ခံပြင်းဒေါသဖြစ်ခြင်းတွေက အလုံးအရင်းနဲ့ ရင်ဘတ်ကို ၀င်ဆောင့်တယ် .. အဲဒီမှာတင်ပဲ မော်ကွန်းက ၀ါဆိုမေ့ကို အင်းလျားကန်ဘောင်ပေါ်မှာ နှစ်ယောက်တည်း တွေ့ဖို့ ဖုန်းဆက်ချိန်းလိုက်တယ် ..
" နင် ရူးနေလား .. ဟင် .. နင် ရူးနေပြီလား ၀ါဆိုမေ .. အာကာ့အချစ်ကို လက်မခံဖို့ ငါ အတန်တန် သတိပေးနေတဲ့ကြားထဲက လက်ခံလိုက်တာ .. နင် ဦးနှောက်ကော ကောင်းသေးရဲ့လား .. နင့် ဦးနှောက်က ပုံမှန်မှ ဟုတ်ရဲ့လား "
လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ပြီး လည်ပင်းကြောကြီးတွေ ထောင်သွားတဲ့အထိ ဒေါသတကြီးအော်ပြောလာတဲ့ မော်ကွန်းကို ၀ါဆိုမေက ခပ်အေးအေးပဲ ပြန်ကြည့်နေတယ် .. ဒါပေမယ့် သူမရဲ့ အကြည့်တွေထဲမှာ သရော်ရိပ်တွေနဲ့ .. .. ..
" ငါ့ ဦးနှောက်က ပုံမှန်ပါပဲ .. ပုံမှန် မဟုတ်တာက နင်လေ .. "
" ဘာာာာာာာာာာာာာာ .......... "
" ဟုတ်တယ် .. အပျိုနဲ့ လူပျို ချစ်ကြိုက်တာ သဘာဝပဲ .. ပုံမှန်ပဲ .. ယောက်ျားချင်းကြိုက်နေတဲ့ နင်ကမှ ပုံမှန်မဟုတ်တာ သိရဲ့ လား .. "
မော်ကွန်းရင်ထဲမှာ ဒိန်းခနဲ မြည်ဟည်းသွားတယ် .. မျှော်လင့်မထားတဲ့ စကားကို ကြားလိုက်ရတဲ့အတွက် ဘာစကားမှ ပြန်မပြောနိုင်လောက်အောင် ဆွံအ မင်သက်သွားတယ် .. သူ့ခေါင်းထဲက မိုက်ခနဲ ဖြစ်သွားတယ် ..
" ဟုတ်တယ် .. နင်က အခြောက်ပဲ .. ငါနဲ့ အာကာ့ကို ချစ်သူတွေ မဖြစ်အောင် အမျိုးမျိုး ခလောက်ဆန်ပြီး နင် ဖျက်နေတာ .. နင်နဲ့အာကာကို ကျောင်းခန်းထဲမှာ ငါ သတိထားမိနေတာ ကြာပြီ .. အများသူငါ သူငယ်ချင်းတွေထက် နင်တို့က ပိုတွဲလွန်းနေလို့ စိတ်ထဲမှာ သင်္ကာမကင်းဖြစ်နေတာ .. နှစ်ယောက်စလုံးက ရည်းစားတွေဘာတွေလဲ ထားသံမကြားပဲ အမြဲ တတွဲတွဲဖြစ်နေတာမို့လို့ ပုံမှန်မဟုတ်ဘူးထင်နေတာ .. အခုတော့ ဒီကိစ္စကို အဖြေထုတ်ရင် ပုံမှန်မဟုတ်တာ .. ခြောက်နေတာက နင်ဆိုတာ အသေအချာပဲ "
" မဟုတ်ဘူး .. လုံးဝ မဟုတ်ဘူး .. ငါ မခြောက်ဘူး .. ငါ အခြောက်မဟုတ်ဘူး .. "
" ဟုတ်တယ် .. နင်က အခြောက် .. ဂျီပုံး .. "
မော်ကွန်းရဲ့  အော်သံက အင်းလျားကန်ဘောင်ပေါ်မှာ ပဲ့တင် ထပ်သွားတယ် .. ကန်ဘောင်ပေါ်က မျက်လုံးပေါင်းများစွာက သူတို့ဆီ ရောက်လာတယ် .. နော်ကတော့ ကန်ဘောင်ပေါ်ကနေ မော်ကွန်း အသိစိတ်မဲ့စွာ ပြေးထွက်လာခဲ့တယ် .. နားထဲမှာတော့ ၀ါဆိုမေရဲ့  စကားတွေ ပဲ့တင်ထပ်လျှက် .. .. ..
* * * * *
နောက်တစ်နေ့ မော်ကွန်း ကျောင်းကိုသွားတော့ ကျောင်းထဲက မျက်လုံးပေါင်းများစွာက သူ့ကိုပဲ လိုက်ကြည့်နေတယ်လို့ ခံစားရတယ် .. တစ်ခုခုတော့ လွဲနေပြီ .. သူက ပတ်ဝန်းကျင်ကို မကြည့်တော့ပဲ ခေါင်းငုံ့လျှောက်ရင်း ကန်တင်းဘက်ကို ထွက်လာလိုက်တယ် .. အအေးတစ်လုံးမှာပြီး ထိုင်နေတုန်းမှာပဲ နောက်နားဆီက ..
" အဲဒီတစ်ယောက်ပေါ့ .. ခြောက်နေတယ်ဆိုတာ "
" နှမြောစရာနော် .. ရုပ်ကလေး သနားကမားနဲ့ "
ရင်ဘတ်ထဲက ဒိန်းခနဲ .. နားထဲမှာ ဗုံးတစ်လုံးပေါက်ကွဲသွားသလို ကျယ်လောင်စွာ မြည်ဟည်းပြီး ထူပူသွားတယ် .. ဒါပေမယ့် နောက်ကို သူ လှည့်မကြည့်ရဲဘူး .. သူ့ကို လှောင်ပြောင်နေမယ့် မျက်လုံးတွေကို သူ ရင်မဆိုင်ရဲဘူး .. စိတ်လှုပ်ရှားမှုကြောင့် လူက ကတုန်ကယင်ဖြစ်လာတယ် ..
" ဟဲ့ .. သူက သူ့ သူငယ်ချင်းကို ပြန်ကြိုက်နေတာဆို .. သူက နင်တို့ မေဂျာကမလား .. မော်ကွန်းဆိုတာ သူမဟုတ်လား .. သူကြိုက်နေတဲ့ ကောင်လေးက ဘယ်သူ "
" ကျွတ် .. နင်ကလည်း .. ကျောင်းထဲမှာ ဒီလောက် ပြန့်နေတဲ့ သတင်းကိုတောင် မသိဘူးလား .. အာကာမင်းတဲ့ .. ငါတို့ အီးမေဂျာ ကွင်းရဲ့  ရည်းစားလေ .. "
ဆက်ပြီး နားထောင်နိုင်စွမ်း မရှိတော့ .. အအေးဖိုးငွေကို ပုလင်းအောက်မှာ ဖိခဲ့ပြီး ထိုင်ရာကနေ ထ လာခဲ့တယ် .. နောက်ကို လှည့်မကြည့်မိပေမယ့်လို့ မျက်လုံးပေါင်းများစွာဟာ သူ့နောက်ကျောပေါ်မှာ ကပ်ငြိပါလာသလို ခံစားရတယ် .. အကြည့်တွေကို ရင်မဆိုင်ရဲလို့ ကန်တင်းထဲက ထွက်လာခဲ့ပေမယ့် ကျောင်းဝင်းထဲရောက်တော့မှ ပိုဆိုးသွားတယ် ..
သူ မလာခင်အထိ ဆူညံသံတွေနဲ့ ပွက်လောရိုက်နေတဲ့ ကျောင်းခန်းတစ်ခုလုံးဟာ တံခါးဝမှာ သူ ပေါ်လာတာနဲ့ မီးကို ရေနဲ့ ငြိမ်းလိုက်သလို ရှဲခနဲ ဖြစ်သွားတယ် .. တိတ်ဆိတ်သွားလိုက်တာများ အပ်ကျသံ ကြားရလောက်အောင်ပဲ .. ပြီးတော့ အကြည့်တွေ .. ပစ်မှတ်တစ်ခုတည်းမှာ မြားတံပေါင်းများစွာ စိုက်ဝင်နေသလို သူ့ အပေါ် စုပြုံ ကျရောက်လာတဲ့ သရော်တော်တော် အကြည့်တွေ .. အဲဒီအကြည့်တွေထဲမှာမှ ၀ါဆိုမေရဲ့  အကြည့်က ခံရအခက်ဆုံး .. သူ သိလိုက်တယ် .. ဒီသတင်းကို ဖြန့်ခဲ့တာ ၀ါဆိုမေပဲ .. တစ်ရက်ကလေးအတွင်းမှာ သတင်းပြန့်နှံ့သွားပုံက မယုံနိုင်စရာ .. အရှက်တရားကြောင့် သူ့ ခေါင်းထဲမှာ ချာချာလည်လာတယ် .. ဒူးတွေ ညွှတ်ခွေကျမသွားအောင် မနည်းထိန်းမတ်လိုက်ရတယ် .. နောက်တော့ ကျောင်းခန်းထဲကနေ သူ တဟုန်ထိုး ပြေးထွက်လာခဲ့တယ် ..
နောက်နေ့ကစပြီး မော်ကွန်း ကျောင်းမသွားတော့ဘူး .. အခန်းထဲက အခန်းအပြင် မထွက်ပဲ အာကာမင်း အပါအ၀င် ဘယ်သူနဲ့မှ မတွေ့အောင် နေတယ် .. သူ့ နားထဲမှာ ကြားနေတာက ၀ါဆိုမေ့ စကားသံတွေနဲ့ ကျောင်းကလူတွေရဲ့  အသံတွေ .. မျက်လုံးထဲမှာက သရော်တော်တော်အကြည့်တွေကိုပဲ မြင်ယောင်နေမိတယ် .. ကြာတော့ အအိပ်ပျက် အစားပျက်ဖြစ်လာပြီး လူက ပိန်ကပ်လာတယ် .. မိဘတွေက ဘာဖြစ်တာလဲမေးတော့လည်း မရ .. နောက်ဆုံးတော့ စိတ်ရောဂါ ဖြစ်တဲ့အဆင့်ထိ ရောက်သွားတယ် .. ဒီလိုနဲ့ .. ..
* * * * *
" ကျွန်တော့် သူငယ်ချင်း ရူးသွားပြီလား ဆရာ "
ဝမ်းနည်းယူကျုံးမရစွာ မေးလာတဲ့ အာကာမင်း စကားကို ဒေါက်တာဦးခန့်နိုင်က ခေါင်းကို အသာယမ်းပြတယ် .. ဒေါက်တာက အာကာမင်းကို နှစ်သိမ့်သလို ကြည့်လိုက်ရင်း -
" မရူးပါဘူးကွာ .. စိတ်ရောဂါဖြစ်တယ်လို့ဆိုတိုင်း ရူးတယ်လို့ မဆိုလိုပါဘူး .. မောင်မော်ကွန်းခံစားနေရတာက စိတ်ကျရောဂါ အပြင်းစားတစ်မျိုးပါ .. သူ့ရဲ့  စိတ်ကို အချိန်ယူပြီး တဖြည်းဖြည်းချင်း ပြုပြင်သွားရင် လူကောင်းပကတိ ပြန်ဖြစ်လာမှာပါ .. "
အာကာမင်းက သက်ပြင်းမောတစ်ခုကို မှုတ်ထုတ်လိုက်တယ် .. နောက် ဒေါက်တာ ဦးခန့်နိုင်ကို မ၀ံ့မရဲကြည့်လိုက်ရင်း -
" ကျွန်တော့မှာ ၀န်ခံစရာတစ်ခု ရှိတယ် ဆရာ .. ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျွန်တော့်ရင်ထဲမှာ အရမ်း လေးလံနေခဲ့တာ .. တစ်ယောက်ယောက်ကို ရင်ဖွင့်လိုက်ရမှ ပေါ့သွားမယ်ထင်လို့ပါ ဆရာ .. ဒါပေမယ့် ဒီကိစ္စကို ၀န်မခံခင် ကျွန်တော်ဟာ ယောက်ျားစစ်စစ်တစ်ယောက် ဖြစ်တယ်ဆိုတာကို ဆရာ ယုံပေးပါ .. "
ပြောပြီး အာကာမင်းက ခဏ ငြိမ်သွားတယ် .. စက္ကန့် သုံးဆယ်လောက်ကြာတော့မှ -
" ကျွန်တော့ ၀ါဆိုမေ့ကို တကယ် မချစ်ခဲ့ဘူး ဆရာ "
ဒေါက်တာ ဦးခန့်နိုင်ရဲ့ မျက်ခုံနှစ်ဘက်ဟာ အပေါ်ကို မြင့်တက်သွားရင်း အာကာမင်းကို နားမလည်သလို ကြည့်နေတယ် .. အာကာမင်းက ဒေါက်တာ ဦးခန့်နိုင်ရဲ့ အကြည့်ကို မျက်လွှာချ ရှောင်လွှဲရင်း -
"ဟုတ်တယ် ဆရာ .. ကျွန်တော် ၀ါဆိုမေ့ကို တကယ် မချစ်ခဲ့ဘူး .. မော်ကွန်းအပေါ်မှာ ဖွဲ့တည်နေတဲ့ ကျွန်တော့်ရဲ့  သံယောဇဉ်ထုထည်ကို လျှော့ချပစ်ချင်လို့ ၀ါဆိုမေ့ကို ချစ်ဟန်ဆောင်ခဲ့တာ .. ကျွန်တော် ခုချိန်ထိ ဘယ်မိန်းကလေးကိုမှ ရင်မခုန်ခဲ့မိဘူး .. ကျွန်တော့်ရဲ့  အချစ်တွေ သံယောဇဉ်တွေအားလုံးက မော်ကွန်းဆီမှာပဲ ရောက်နေခဲ့တာ .. အဲဒါ ပုံမှန် မဟုတ်ဘူးနော် ဆရာ .. "
အာကာမင်းက စကားစကို ခဏ ဖြတ်လိုက်ပြီး တံတွေးတစ်ချက် မျိုချလိုက်တယ် .. ဒေါက်တာ ဦးခန့်နိုင်က အာကာမင်းရဲ့  စကားကို စိတ်ဝင်တစား နားထောင်နေတယ် ..
" ယောက်ျားချင်း ကြိုက်ရအောင် ကျွန်တော် အခြောက်မဟုတ်ပါဘူး ဆရာ .. ဒါပေမယ့် အခုအသက်အရွယ်အထိ ဘယ်မိန်းကလေးကိုမှ ရင်မခုန်ပဲ ဘာမှ သွေးမတော် သားမစပ်တဲ့ ယောက်ျားလေး သူငယ်ချင်းတစ်ယောက်ကို ချစ်နေမိတာ ဆရာရဲ့  .. ဒါဟာ ၁၅၀၀ အချစ်တော့ မဟုတ်ဘူး ဆရာ .. ဒါပေမယ့် ၅၂၈ ထက်လည်း မကသလိုပဲ .. ဘယ်လို ခံစားချက်ကြီးမှန်း မသိဘူးဆရာ .. အဲဒီ ခံစားချက်ကြီး ပျောက်သွားအောင်လို့ ကျွန်တော့်ရဲ့  စိတ်တွေကို ၀ါဆိုမေ့ဘက် မရမက ဇွတ်ပြောင်းပေးပစ်ခဲ့တာပါ ဆရာ .. ဒါဟာ ကျွန်တော် ယောက်ျားစစ်ကြောင်း ကိုယ့်ကိုကိုယ် သက်သေထူပြခဲ့တာပါ .. ကျွန်တော် အခြောက်မဟုတ်တာ သေချာပါတယ်နော် ဆရာ .. ကျွန်တော် ယောက်ျားစစ်တယ် မဟုတ်လား .. "
စကားဆုံးသွားတော့ အာကာမင်းက ဒေါက်တာ ဦးခန့်နိုင်ရဲ့  မျက်လုံးတွေထဲမှာ အဖြေတစ်ခုခုကို မရမက ရှာဖွေနေတယ် .. ဒေါက်တာ ဦးခန့်နိုင်ကတော့ အကောင်အထည် မမြင်ရပေမယ့် ဆွဲငင်အားပြင်းလွန်းတဲ့ သံယောဇဉ်ရဲ့  အနက်အဓိပ္ပာယ်ကို ဥာဏ်မီသလောက် ဖော်ထုတ်ကြည့်နေလေတော့တယ် .. ... ...
- သမိုင်းကိုကို -
( "ရွှေအသစ် " ရွေးချယ်ခံစာမူ - ဇန်န၀ါရီ ၂၀၁၃ )
No comments:
Post a Comment