Sunday, March 25, 2018

<<< ဆန္ဒတို့ရဲ့ စတေးခံ >>>


ခြေလှမ်းတို့က လှုပ်လှီလှုပ်လဲ့
မကြွချင်ကြွချင်နဲ့ လှမ်းနေရတဲ့ခြေလှမ်းတွေကို
မနိုင်မနင်း မချီ၍လှမ်းနေရသည်။
နောက်ကို တစ်ချက် ငဲ့စောင်း
ကြည့်လိုက်ချိန်မှာတော့ နာကျင်ခါးသီးမှုတွေကို
မြင်လိုက်ရသည့်အတွက် ခြေလှမ်းတွေက
အလိုလို ခပ်စိတ်စိတ်လေး လှမ်းဖြစ်သွားရသည်။
ရုတ်တရက်မိုးက သည်းထန်စွာ
ရွာချလိုက်ချိန်မှာတော့ စူးရှ တစ်ကိုယ်လုံး
နစ်နေအောင်စိုရွဲလို့သွားရသည်။
မိုးရေက အခိုက်အတန့် စူးရှရဲ့ ပူလောင်မှုကို
ငြိမ်းအေးစေခဲ့သလား။ ဒါမှမဟုတ်
စီးကျနေသောမျက်ရည်တွေအတွက်
အားပေးအားမြှောက်လုပ်ရန် ကြံရွယ်လေသလား ကာယကံရှင် စူးရှပင် ဝေခွဲမရတက်ခဲ့ပေ။
မိုးခြိမ်းသံတွေ လျပ်စီးကြောင်းတွေက
သြကာသလောကတစ်ခွင်မှာတော့
သူတစ်လူငါတစ်မင်း မာန်ဟုန်ကြီးစွာ
ဘယ်လိုအငြိုးတွေနဲ့ ကြီးစိုးနေသည်မသိ။
တစ်ချက်တစ်ချက် ကျယ်လောင်
်မြည်ဟိန်းသွားသော မိုးခြိမ်းသံတွေနှင့်အတူ
စူးရှရဲ့ ရင်ဘက်ထဲက နာကျင်လောင်မြိုက်ခြင်းတွေကလည်း အဟုန်ပြင်းပြင်းဖြင့်

………££££………
အဒေါ်ဖြစ်သူရဲ့ လက်ကို ယုံကြည်မှုတွေပိုက်ထွေးရင်း ရင်ခုန်စိတ်လှုပ်ရှားဖွယ် လျောက်လှမ်းခဲ့တဲ့
ဆယ်နှစ်သားအရွယ် စူးရှတစ်ယောက်။
တွေ့မြင်သမျှအရာအားလုံးက ဆန်းသစ်နေသည်။
ကြီးကျယ်ခမ်းနားလွန်းသော အိမ်ကြီးထဲ
ဲဝင်လိုက်ချိန်မှာပဲ စူးရှအတွက် အရာရာဟာ
ပို၍ပင်ဆန်းသစ်နေသည်။
အိမ်ထောင်ပရိဘောဂတွေက
ရွာဦးဘုန်းကြီးကျောင်းထက်ပင်
ခမ်းနားလွန်းနေသည်။ သက်တူရွယ်တူမျှရှိသော ကောင်လေးတစ်ယောက်က စူးရှကို ခြေဆုံးခေါင်းဆုံးကြည့်ကာ

"မေမေ အဲ့ဒါဘယ်သူလဲ။"

အမေးကရိုးရှင်းသည်။ သို့သော် စူးရှအတွက်တော့ သိမ်ငယ်မှုတွေက ပိုလို့ပင်
တူးဆွပေးလိုက်သယောင်။
အမေးခံလိုက်ရသောမိန်းမကြီးက

"အဲ့ဒါ စောမြရဲ့ တူ
အိမ်မှာ လက်တိုလက်တောင်းခိုင်းရအောင်
စောမြ ရွာကခေါ်လာတာ။"

"အော်!"

အော် ဆိုသည့် အာမေဋိတ်အသံက စူးရှဘဝကို  တချိန်မှာ ကျွမ်းထိုးမှောင်ခုံဖြစ်အောင်ဖန်တီးဖို့
အစပျိုးလိုက်ခြင်း ဖြစ်သည်ကို ဧည့်ခန်းမကြီးရဲ့
စက်တီခုံတွေ ကြား ကြမ်းပြင်ထက်မှာ ကျုံ့ကျုံ့လေးထိုင်နေသော ၁၀ နှစ်သားအရွယ်စူးရှတစ်ယောက် သိနိုင်ခဲ့မယ်ဆိုရင်………
………£££……………

အိမ်အကူဆိုသည် ခေါင်းစဉ်အောက်မှာ ကလေးဘဝကို ကုန်ဆုံးစေခဲ့ရသည့် စူးရှ။
အပေါင်းသင်းသူငယ်ချင်းဆိုတာ ဝေး
အိမ်မှာရှိနေသော အသက် ၂ နှစ်လောက်သာကြီးသည့် စစ်သွေးကပင် ခိုင်းစရာကိစ္စမရှိလျင် စူးရှကို စကားပြောဖို့ အတော်လေး ရွံ့ရှာနေသယောင်။
ဒီလိုပုံစံဒီလိုအသိုင်းအဝိုင်းထဲ နေသားကျစွာဖြင့်
စူးရှ ဖြတ်သန်းရင်း အချိန်တွေကို
ကုန်ဆုံးစေခဲ့သည်။
ငယ်စဉ်ကတည်းက ရိုးအ ဖြူစင်ခဲ့သူတစ်ဦး
ဖြစ်သည့်အပြင် စိတ်ပိုင်းဆိုင်ရာ
နူးညံ့သူဖြစ်သောကြောင့် စူးရှတစ်ယောက်
ယခုလိုနေထိုင်ကြီးပြင်းရသည့်အပေါ် စိုးစဉ်းမှ
မသိမ်ငယ်ခဲ့ပေ။
ဒီမိသားစုရဲ့ လောင်းရိပ်အောက်မှာ
နေရသောကြောင့် ဒီမိသားစုရဲ့ မျက်နှာက
စူးရှအတွက် တစ်ကမ္ဘာပင်။ အထူးသဖြင့်
မိသားစုရဲ့ ဦးစားပေးအလိုလိုက်ခံရသော
စစ်သွေး က စူးရှအတွက်တော့
အရှင်သခင်တစ်ယောက်ပင်။

စစ်သွေးဆယ်တန်းအောင်ပြီး တက္ကသိုလ်
စတက်တော့ နဂိုကမှ အရပ်အမောင်းနှင့် အသားအရည်က ကြည့်ကောင်းသူဖြစ်နေပြီး
ယခုတော့ ဝတ်တက်စားတက်လာတော့ စစ်သွေး တစ်ယောက် ပျိုတိုင်းကြိုက်တဲ့ ဥစ္စာပေါ ရုပ်ချော
လေးတစ်ယောက်ဖြစ်၍နေပါပြီ။
မင်းသားတစ်ယောက်နည်းပါး ကြည့်၍ကောင်း
နေသော စစ်သွေးကို မှစိတ်ထဲကနေကြိတ်၍
စိတ်ကူးယဉ်နေမိသူက စူးရှပါလေ။
အစကတည်းက ကနွဲ့ကလျလေးမို့ တစ်အိမ်လုံးက အခြောက်ဟု နှိမ့်ချဆက်ဆံခံနေရသူ
ူဖြစ်သောကြောင့် စူးရှ ပို၍ပင်အနေအထိုင်ဆင်ခြင်ရသည်။
အိမ်ကလူကြီးတွေက စူးရှရဲ့ ပုံစံကို သိပ်မနှစ်မြို့ဟု ခံစားမိပေမယ့် မည်သူကမှ ထဲထဲဝင်ဝင် စူးရှကို
အပြစ်တင်ဝေဖန်မှု မပြုလေသောအခါ စူးရှမှာ
ပို၍စိတ်သက်သာရခဲ့ရသည်။

မီးဖိုခန်းထဲ လုပ်လက်စတွေလက်စသတ်ပြီး
စူးရှရေချိုးရန် ပြင်ဆင်လေသည်။
အိမ်မှာ အိမ်သားတွေကလွဲရင် အလုပ်သမား
အားလုံး နောက်ဖေးဘက်က
အုတ်ကန်ကြီးမှာရေချိုးရသည်။
စူးရှ ဒီလိုမနက်စောစော ရေချိုးမှသာ
စိတ်လွတ်လက်လွတ် လုံးလုံခြုံခြုံ ဖြစ်သည်ဟု
ခံစားရသည်။
မဟုတ်ရင် ကားမောင်းတဲ့ ဒရိုင်ဘာနှင့်
ခြံစောင့်တွေကြောင့် ခဏခဏ စူးရှ
အရှက်ရခဲ့ဖူးသည်။
သူတို့ကတော့ စူးရှကို စနောက်သည် ဆိုပေမယ့် စူးရှကတော့ ရှက်လွန်းလို့ ငိုရသည်အထိ ဖြစ်ခဲ့ရဘူးသည်။

တစ်နေ့ စူးရှရေချိုးစဉ် ဒရိုက်ဘာ ကိုဟိန်း က
ရေချိုးရန်ရောက်လာပြီး စူးရှအနားကပ်ကာ
ပုဆိုးကိုပြင်ဝတ်သလိုလိုဘာလိုလိုနှင့် စူးရှကို ထိကပါးရိကပါး
လုပ်လို့ စူးရှမှာ ငိုယိုပြီးထွက်အပြေး
စစ်သွေးနှင့်ဝင်တိုက်မိ၍ အော်ငေါက်ခံခဲ့ရဘူးသည်။

တစ်ခါတစ်လေမှာလည်းစိတ်တွေအရမ်း
ကျဉ်းကြပ်သည်။ တစ်ခါတစ်လေလည်း လုံခြုံစွာ
စူးရှဘဝလေး အေးမြရသည်ဟု ခံစားရသည်။
ဒီလိုနှင့် တဖြည်းဖြည်း အရွယ်ရောက်လာသော
စူးရှတစ်ယောက်ပါ။
…………£££…………

သားငြင်းဆန်ဖို့ လုံးဝမကြိုးစားပါနဲ့။
ပြီးတော့ မင်းနှစ်သက်နေပါတယ်ဆိုတဲ့
အဲ့ဒီမိန်းခလေးက်ု မေမေတို့လုံးဝသဘောမတူဘူး။
အေးရှေ့ဆက်တိုးမယ်ဆိုရင်တော့
မေမေ့အကြောင်းသားသိတယ်နော်။

ပြင်းထန်ပြတ်သားသော မေမေ့ရဲ့စကားလုံးများက စစ်သွေးကို အကျပ်ရိုက်စေတာအမှန်ပင်။
ချစ်ရသူ ဆွေဆွေ ကိုလက်လွတ်ဆုံးရှုံးရမည်ကို
တွေးပြီး စစ်သွေး တုန်လှုတ်မိသည်။
ကတိတွေအထပ်ထပ်ပေးကာ ကျူးလွန်ခဲ့သော
ချစ်ခြင်းတွေအတွက် ယောကျာ်းပီသစွာ တာဝန်ယူဖို့လိုအပ်သည်။
စစ်သွေးရဲ့ အတွေးများစွာက လူကိုပူထူကာ
ဘာလုပ်ရမည်မတွေးတက်အောင်ဖြစ်လို့နေသည်။

အတွေးတွေနဲ့ ညမအိပ်နိုင် မစားနိုင်ဖြစ်ကာ
လူက ငြီးစီစီဖြစ်ပြီးမလန်းဆန်းနေပါ။
မနက်စောစော ဆွေဆွေနဲ့တွေ့နေကြနေရာလေးကို သွားဖို့ အားရှိဖို့လိုသည်။
ဖြစ်ကြောင်းကုန်စင် ဆွေဆွေ့ကိုရှင်းပြပြီး ဘာလုပ်သင့်သည်ဆိုတာ တိုင်ပင်ဖို့ စစ်သွေး
စဉ်းစားနေသည်။
ဟူးးးးမည်မျှပင်တွေးတွေး ချစ်ရသူအတွက် အဖြေက ထွက်မလာ။
လူလည်းမူးထူနေပြီ။
ဒါနဲ့ပဲ စစ်သွေးတစ်ယောက် ရေထချိုးရန်ရေချိုးခန်းသို့ဝင်တော့လည်း ရေပိုက်က ပျက်ကာ
ရေကမလာပေ။
အော် ငါ့နှယ် အဆင်မပြေတော့လည်း
ဘာမှကိုအဆင်မပြေတာပါလား။

စိတ်အတော်လေးညစ်ကာ နောက်ဖေးက အလုပ်သမားရေချိုးကန်ဘက်ကိုထွက်လာခဲ့လေသည်။
ခါးမှာ တပတ်လေးသာရုံပြီး ထွက်လာသော စစ်သွေးတစ်ယောက် ရေကန်မှာရေချိုးဖို့ ပုဆိုးလေးသာ ခါးအပေါ်တင်ပြီးဝတ်ထားသော စူးရှနှင့် မျက်နှာချင်းဆိုင် တိုးတော့

"ဟင် စူးရှ ဘာလုပ်နေတာလဲ ဒီအချိန်ကြီး"

"ဟို ဟို ဒီအချိန်က စူးရှ ရေချိုးနေကြလေ ကိုစစ်ရဲ့။
ကိုစစ်က ဘာလာလုပ်တာလဲ။"

တုန်ရီနေသောအသံဖြင့် ရှက်ရွံကြောက်လန့်နေ
ဟန်အမူအယာက မသိရင် မိန်းခလေးတစ်ယောက်က ယောကျာ်းတစ်ယောက်ရှေ့ ထမီရင်လျားထားလို့ ရှက်နေသည့်ဟန်။
စစ်သွေး စူးရှကို ခြေအဆုံးခေါင်းအဆုံးကြည့်ပြီး

"ငါလည်းရေချိုးမလို့ ဒါနဲ့နေစမ်းပါဦး
မင်းပုံစံကဘာဖြစ်နေတာလဲ။
ယောကျာ်းလိုလို မိန်းမလိုလိုနဲ့ "

စစ်သွေးပြောလည်းပြော စူးရှကိုပုခုံးချင်းဝင်တိုက်ကာ ရေချိုးကန်ဘက်ကိုခြေလှမ်းကျဲဖြင့်လှမ်းကာ
ခါးမှပုဝါကို ချွတ်ချလိုက်လေသည်။

အို  အစအဆုံး ကိုလှည့်ကြည့်လိုက်မိသည့် စူးရှ
မျက်လုံးတွေပြာဝေသွားကာ လူက
နတ်ဝင်သည်တစ်ဦးလို တစ်ကိုယ်လုံးတုန်ရီစွာဖြင့် အပြေးကလေး လှည့်ပြေးခဲ့ရလေတော့သည်။

မနက်စောစော ဘုရားဆွမ်းကပ်ပြီး မီးဖိုချောင်ဘက်ဝင်လာသည့် ဒေါ်ယုယ တစ်ယောက် ရေချိုးကန်
ဘက်မှ စူးရှ အပြေးအလွားထွက်ပြေးလာတာကို အမှတ်မထင်တွေ့လိုက်ရတော့ စိတ်ပူပန်စွာဖြင့်

"ဟဲ့ စူးရှ ဘာဖြစ်လို့ပြာလောင်ခတ်နေတာလဲ။
အကျီ င်္မပါ ဘာမပါနဲ့ လူကလည်း တုန်ရီလို့ အဲ့ဒါဘာဖြစ်လို့လဲ။"

"မဖြစ် မဖြစ်ပါဘူး ဒေါ်ဒေါ် ဟို ဟို ရေချိုးမလို့ ကိုစစ် ရောက်လာလို့ ပြန်ထွက်လာတာပါ။"

"ဘာ သားက ဘာလာလုပ်တာလဲ ဒီမှာ။"

"ရေချိုးမယ်ပြော"

စကားပင်မဆုံးလိုက် ဒေါ်ယုယ လှည့်ထွက်ကာ

"စစ်သွေး"

"ဗျာ"

"မင်းအဲ့မှာဘာလုပ်နေတာလည်း"

"ရေချိုးနေတာလေ"

"မင်းအခန်းကရေချိုးခန်းကဘာဖြစ်နေလို့ ဒီမှာလာချိုးရတာလည်း"

"အာ ရေပိုက်ပျက်နေတာ ရေကမလာဘူးအမေရ။"

"ဟဲ့အဲ့ဒါဆိုလည်း ငါတို့အခန်းမှာလာချိုးပါလား
ဒီမှာ ဘာလို့ရေလာချိုးရတာလဲ။"

ဒေါ်ယုယက ရေကန်နားမလာပဲ သားဖြစ်သူကို
အော်၍ပြောနေသော အသံက စူးရှကိုပါကြားစေခဲ့သည်။

ဒေါ်ယုယရဲ့ လိုတာထက်ပိုပြီး ပြစ်တင်ပြောဆိုနေမှုတွေက စစ်သွေးကို ခေါင်းရှုပ်စေသည်။

ဘာမှန်းလည်းမသိဘူး။ ရေလာချိုးတာပဲကို အမေကလေ။
စိတ်ထဲကနေ စစ်သွေးပြောနေမိခြင်းပါ။
ရေချိုးပြီးပြန်ထွက်အလာ

"ဟင် အမေ
ဘာရပ်လုပ်နေတာလဲ"

"နင့်ကိုစောင့်နေတာလေ။"

"ဟင် ဘာပြောမလို့လဲ အမေ။"

"နောက်တစ်ခါ နင်ဒီဘက်ကိုမလာနဲ့။
ပြီးတော့ စူးရှနဲ့လည်း ပရောပရီမနေနဲ့။
ကြားလား"

"ဗျာ"

စစ်သွေးအတော်လေးပင် အံ့အားသင့်
သွားခဲ့ရသည်။
စူးရှကို အစကတည်းက ကြည့်မရနေခြင်းကို
အမေက အခုလိုပြောလာတော့ စိတ်ထဲ တစ်ခုခုကို အတွေးရသွားစေခဲ့သည်။

အမေက စူးရှနဲ့ငါ့ကို စိတ်မချနေတာပါလား။
ဟားဟား ဖြစ်ရလေအမေရယ်။
ဒါပေမယ့် ဒါလည်းကောင်းတာပဲ။ ငါ့အတွက်
အခွင့်ရေးတစ်ခုတော့ရအောင်ယူမှပဲ။

"အဲ့ဒါပဲ ဆွေဆွေ ကိုယ်လည်း ဘာလုပ်ရမယ်မသိ
တော့ဘူး။ အမေတို့က ကိုယ်နဲ့ ဆွေဆွေ့ကို
သဘောမတူဘူးဆိုတော့ ကိုယ်တို့ခိုးပြေးဖို့ပဲရှိတော့တယ်။"

"ဘယ်ဖြစ်မလဲ ကိုရယ်။ စဉ်းစားပါဦး။
အဖြေတစ်ခုတော့ရလာမှာပါ။ ဒါပေမယ့် ဆွေဆွေတို့က"

"ကို သိပါတယ်ဆွေဆွေရယ်။"

စစ်သွေးရဲ့ အာရုံထဲ ရောက်လာတာကတော့ စူးရှ။
ဟာ ဟုတ်တယ်
စူးရှ သူ့ကို အမေကငါနဲ့စိတ်မချနေတာပဲ။ဟုတ်ပြီ ဒါအခွင့်ရေးပဲ။

စစ်သွေးဆုံးဖြတ်ချက်တစ်ခုနှင့် အိမ်ပြန်လာခဲ့လေ
တော့သည်။

…………£££………

စူးရှတစ်ယောက် စစ်သွေးရဲ့ လိုတာထက်ပိုပြီး
ဂရုတစိုက်ဆက်ဆံခြင်းကို ရုတ်တရက်
ရလာခဲ့သောအခါ စိတ်ထဲ ဝမ်းသာရမည်လား
ဒါမှမဟုတ် ဘာအတွက်ကြောင့် စစ်သွေးကခုလို ဆက်ဆံလာသည်လဲ ဆိုသည့် အတွေးများဖြင့်
လက်တွေ့ဘဝမှာတော့ မကြုံဘူးသော
ပျော်ရွှင်စိတ်လှုပ်ရှားခြင်းများစွာနှင့် စူးရှ
ကျေနပ်နေမိသည်။

ဒေါ်ယုယတစ်ယောက် သားဖြစ်သူရဲ့ နေထိုင်မှုကို အရိပ်လိုစောင့်ကြည့်နေရင်း ပို၍သတိထားလာ
မိခြင်းက သားစစ်သွေးတစ်ယောက်
အိမ်ကအခြောက်မ စူးရှအပေါ် ပိုပြီး အရောတဝင်ဆက်ဆံလာခြင်းပင်။
ဘုရားဘုရား
သားက မိန်းခလေးတွေထက် လိင်တူကြိုက်နေတာများလား။
မဟုတ်လောက်ပါဘူး။ သူ့မှာ
ချစ်သူရှိတယ်တောင်ပြောနေတာပဲကို ဘာလို့ ခုလိုစူးရှအပေါ် အရောတဝင်နေနေတာပါလိမ့်။
မဖြစ်နေပါဘူး တော်တော်ကြာ
ကျော်မကောင်းကြားမကောင်းတွေဖြစ်နေမှဖြင့်
ရောဂါတွေက အဆန်းအပြားတွေရယ်။
မဖြစ်ဘူး မဖြစ်ဘူး ငါတစ်ခုခုတော့ စီစဉ်ရမယ်။

"စူးရှ။"

"ဗျာ"

"ကိုစစ် နောက်ကျောတွေတက်နေတယ်ကွာ
ကိုစစ်ကို နည်းနည်းလောက်နှိမ့်ပေးပါလား"

"အို ဟို ဟို"

"ဟိုတွေဘာတွေလုပ်မနေနဲ့ လာအခန်းထဲကို"

စူးရှ ရင်ဖိုစိတ်လှုပ်ရှားစွာဖြင့် စစ်သွေးရဲ့အခန်းထဲ လိုက်ဝင်သွားသည်။
အစအဆုံးကို တွေ့မြင်နေရသည့် ဒေါ်ယုယက
စိတ်မချစွာဖြင့် နောက်က လိုက်ကာ
လိုက်ကြည့်တော့
စစ်သွေးနဲ့ စူးရှ အခန်းထဲဝင်သွားလေသည်။

အခန်းတံခါးနားကပ်ပြီး နားစွင့်လိုက်တော့

"အ့ စူးရှ အားနည်းနည်းထည့်လေကွာ။
အောက်နားနည်းနည်းဆင်း
ဟုတ်ပြီ အား
ကောင်းလိုက်တာကွာ ထိတယ်။
စူးရှက တော်တယ်။ "

ကြားနေရသည်များက ဒေါ်ယုယကို
ကတုန်ကယင်ဖြစ်စေသည်။
အခန်းအပြင်တွင် အမေဖြစ်သူရှိနေသည်ကို
သိနေသော စစ်သွေးကလည်း လိုတာထက်ပိုပြီး အနှောင့်အသွားမလွတ်စကားများကို
ပြောနေခြင်းဖြစ်သည်။
ဒါကို ဘာမှမသိတဲ့ စူးရှကတော့ သူနှိမ့်ပေးတာ
ထိထိရောက်ရောက်ဖြစ်တယ်ဆိုသည့်အထင်ဖြင့်
စိတ်ထဲကျေနပ်ကာ

"ကိုစစ် နောက်လည်း စူးရှကို လိုအပ်ရင်ခေါ်ပေါ့။
စူးရှ လာနှိမ့်ပေးမယ်။"

"အွန်း အမြဲနှိမ့်ပေးရမယ်နော် စူးရှ။"

"ကိုစစ်တစ်ခုတွေးနေတာ စူးရှကိုစစ်နားအမြဲရှိရင်
ကောင်းမှာပဲလို"

"အို ကိုစစ်ကလည်း ဘယ်လိုပြောလိုက်တာလဲ။"

"တစ်ကယ်ပြောတာ စူးရှရ ကိုစစ်ကို အနွံ့တာခံတာဆိုလို့ စူးရှပဲရှိတာ။ စူးရှအခုလိုလေး ရှက်နေတဲ့ပုံက မိန်းခလေးနဲ့တူတယ် ပြီးတော့ လိမ်းထားတဲ့သနပ်ခါးကလည်း နမ်းချင်စရာ"

"အို ကိုစစ်
ဘာမှန်းလည်းမသိဘူး"

စူးရှ ရှက်ရှက်ဖြင့် စစ်သွေးအခန်းထဲက အပြေးလေးထွက်လာသည်။
ဒေါ်ယုယ အလျင်အမြန် အကွယ်လေးတွင်နေရာယူလိုက်ပြီး အခြေနေက်ု တစ်ချက်သုံးသပ်သည်။
သေချာပြီ သူတို့ တစ်ခုခုတော့ တစ်ခုခုပဲ။
မဖြစ်တော့ဘူး ငါ သားကိုအဆုံးရှုံးမခံနိုင်ဘူး။
ငါဘာလုပ်ရမလဲ။
သူ့အဖေသာသိရင် မိုးမီးလောင်တော့မှာပဲ။

စစ်သွေးတစ်ယောက် သူပစ်လိုက်သည့်မြားက
အမေဖြစ်သူကိုတည့်တည့်ထိမှန်သွားခြင်းအပေါ်အကျေနပ်ကြီးကျေနပ်နေလေသည်။
အမေနဲ့ ကြုံကြိုက်တိုင်းလည်း စူးရှတော်ကြောင်း
လိမ်မာကြောင်း မိန်းခလေးနဲ့ပို၍တူလာကြောင်း
တွေကို ခပ်စိတ်စိတ်လေးပြောဖြစ်နေသလို
တစ်ဖက်ကနေလည်း ဆွေဆွေ့ကို သဘောတူပေးဖို့ တစ်စွန်းတစ်စ ထည့်ထည့်ပြောလေသည်။

ဒေါ်ယုယ အတော်လေး ဒွိဟဖြစ်ရသောအခြေနေတစ်ခုက သားဖြစ်သူ စစ်သွေးက စူးရှအပေါ်လည်း အာရုံရောက်နေသလို သူ့ချစ်သူမိန်းခလေးကိုလည်း လက်ထပ်ဖို့ ခဏခဏပြောလာသောကြောင့် ဘယ်လိုစီစဉ်ရမည်မသိဖြစ်ရလေသည်။

နောက်ဆုံးမှာတော့ ဒေါ်ယုယ ဖြစ်ကြောင်းကုန်စင်ကို လင်ယောကျာ်းကိုပြောပြပြီး ဘာလုပ်သင့်သည်ကို ဆုံးဖြတ်ခဲ့လေသည်။

…………£££………
"ကဲ စူးရှ နင် မနက်ဖြန်ကနေစပြီး ဒီမှာ အလုပ်လုပ်ဖို့လိုတော့ဘူး။ နင့်အဒေါ်စောမြကိုလည်း
ငါအကြောင်းကြားထားပြီးပြီ။
နင်အထုတ်ပြင်ထားလိုက်တော့"

"ဗျာ"

"ငါပြောတဲ့စကားထဲ နင်နားမလည်တာဘာပါလို့လဲ"

"စူးရှ စူးရှ ဘာလုပ်မိလို့လည်း ဒေါ်ဒေါ်"

"ဘာလုပ်မိလည်း ဟုတ်လား။
ဘာမှမလုပ်ပါဘူး
အေး ဒါပေမယ့် နင့်ကို ဒီမှာ ဆက်ပြီးလက်မခံချင်တာက နင်ကခြောက်နေလို့ပဲ
ရှင်းလား။"

"အိမ်မှာ ဘာရောဂါ ညာရောဂါ ဆိုပြီး ငါအရှက်ကွဲလူညွှန့်တုန်းမယ့်ကိစ္စတွေကို မကြုံခင်
တားတဲ့သဘောပဲ။"

"ဗျာ"

"ဒေါ်ဒေါ်ရယ် ကျတော် ကျတော်"

"အာ ဘာမှရှင်းပြမနေနဲ့ နင်ဘာပြောပြော
ငါစိတ်မဝင်စားဘူး မနက်ပြန်ဖို့သာပြင်ထား ဒါပဲ။"

စူးရှ ဝမ်းနည်းစွာငိုရှိုက်ရင်း အိမ်နောက်ဘက်က
ိုပြေးထွက်လာတော့ စစ်သွေးနှင့်တည့်တည့်တိုးပြန်ပါလေသည်။

"ဟင် စူးရှ
ဘာ ဘာဖြစ်လာတာလဲ။"

"ဟီးးဟီးးးကိုစစ် ကိုစစ်
ဟီးးး"

"ဟင် စူးရှ ပြောလေ ဘာဖြစ်လာတာလဲလို့။"

"ဒေါ်ဒေါ်က စူးရှကို အိမ်ကနှင်ချလိုကိပြီ။
 စူးရှကိုအိမ်ကထွက်သွားတဲ့။"

"ဟင် ဘယ်လို ဘာလို့တဲ့လဲ စူးရှ။"

"ဟီးးဟီးးဟင့် စူးရှက ခြောက်နေလို့တဲ့ ရောဂါတွေဘာတွေကူးမှစိုးလို့တဲ့ ကိုစစ်ရယ် စူးရှကို ဒေါ်ဒေါ်က အဲ့လိုပြောပြီး မနက်ဖြန် အိမ်ကဆင်းတဲ့။
ဟီးးဟီးး"

"အော် အမေက အ့လိုပြောလိုက်တာလား။
ကိုစစ် အမေ့ကိုမေးကျိပါဦးမယ်။
လောလောဆယ် စူးရှ အိပ်နှင့် ဟုတ်ပြီလား။
စူးရှမျက်ရည်တွေက်ု သုတ်ပေးရင်း စစ်သွေး
နှစ်သိမ့်ပေးလိုက်သည်။"

"အမေ
စူးရှကို ဘာလို့အိမ်က ပြန်ခိုင်းတာလဲ။"

"ဟဲ့ မဖြစ်ခင်ကြိုတားတာ။ နင်ဘယ်ခြေလှမ်း
လှမ်းနေတယ်ဆိုတာငါအသိဆုံး။
နင့်ကို ဒီအတိုင်းထားလို့မဖြစ်ဘူး
မိန်းမပေးစားမှဖြစ်တော့မှာ"

"ဟာ ဘာဆိုင်လို့လဲ အမေရ
ဒါပေမယ့်အမေ သားချစ်သူနဲ့ သားကိုပေးစားမှသားယူမှာ။"

ဒေါ်ယုယ အကြပ်ကိုင်ခံလိုက်ရပြီ။ သားဖြစ်သူ လူညွှန့်မတုန်းစေရေး မည်သည့်မိန်းမပင်
ဖြစ်နေစေကာမူ ဒေါ်ယုယ ကြည်ဖြူရတော့မည်။

"အေး နင်ဟိုအခြောက်နဲ့ မပတ်သက်ရင်
ငါလိုက်လျောပေးမယ်။"

"အမေတစ်ကယ်ပြောတာနော်။
စူးရှနဲ့သား မပက်သက်ပဲနေမယ်။
အမေသားနဲ့ဆွေဆွေကိုသာသဘောတူပေး။"

………££…………

"ဘယ်လို ကိုစစ်
ကိုစစ်အိမ်ထောင်ပြုဖို့ ဒေါ်ဒေါ်က သဘောမတူလို့ စူးရှကို ခုတုန်းလုပ်တာ
ဟုတ်လား။
စူးရှကို ဒေါ်ဒေါ်အိမ်ပေါ်က မောင်းချတာ ကိုစစ်နဲ့ တစ်ခုခုဖြစ်မှာစိုးလို့ ဟုတ်လား။"

"အော်
အဲ့ဒီလိုမျိုးတွေက သာမာန် ယောကျာ်းမိန်းမတွေမှာသာ ဖြစ်လေ့ရှိတဲ့ ရုပ်ရှင်ဆန်ဆန် လုပ်ရပ်တွေပါ ကိုစစ်ရဲ့။"

"ခုတော့ စူးရှက ကိုစစ်ဘဝအတွက် အသုံးချခံသပ်သပ်ဖြစ်ခဲ့ရတယ်။ ပြီးတော့ အစကတည်းက
ဒီမိသားစုလောင်းရိပ်အောက်မှာ နေခဲ့တဲ့ စူးရှက
အခု ဘယ်သူ့ကိုမှီခိုပြီး ရပ်တည်ရမလဲ။
ဘယ်မှာသွားနေရမလဲ။
ကိုစစ်က စူးရှကို ဘဝပျက်အောင်လုပ်လိုက်တာပဲ။"

"အဲ့လိုတော့မပြောပါနဲ့ကွာ။ ငါယောကျာ်းပီသချင်လို့ပါ။ ငါဆွေဆွေ့ကို တာဝန်ယူဖို့ ခုလိုတွေ
လုပ်လိုက်တာပါ။ ပြီးတော့ မင်းက မိန်းကလေးမှ
မဟုတ်တာ မင်း နစ်နာတယ်လို့မရှိပါဘူးစူးရှရာ။
တစ်ခုပဲ ဒီမှာ မနေရဘူးဆိုပေမယ့် မင်းအတွက်
ငါပိုက်ဆံပေးလိုက်မှာပါ။ ဘာမှမပူနဲ့
မင်းလည်းယောကျာ်းတစ်ယောက်ပဲဟာ။
ဗိုက်တစ်လုံးနဲ့ကျောတစ်ခင်းစာအတွက်တော့
ပူဖို့မလိုပါဘူးကွာ။"

စစ်သွေးရဲ့ စကားလုံးများကို စူးရှ နားထောင်ရင်း
ပြုံးလိုက်ပါသည်။
နာကျင်မှု ရှက်ရွံ့မှု ဝမ်းနည်းမှုတွေရောပြွန်းနေသည့် ထိုအပြုံးကို စစ်သွေးက မျက်နှာချင်းမဆိုင်ဝံ့စွာပင်
မျက်နှာကိုတစ်ဖက်သို့လွဲလိုက်ပြီး ပိုက်ဆံထုပ်တစ်ထုပ် ကို ကမ်းပေးသည်။

စူးရှ ပိုက်ဆံထုပ်ကို စိုက်ကြည့်ပြီး

"ကိုစစ်ရဲ့ ပိုက်ဆံတွေကို ကိုစစ်ရဲ့ယောကျာ်းပီသမှုအတွက် မွန်းမံဖို့ပဲသုံးလိုက်ပါ။ စူးရှတို့လို အသုံးချခံ နင်းပြားတွေအတွက်က တစ်ကယ်လိုအပ်တာ
ငွေမဟုတ်ဘူး ဗျ
စစ်မှန်တဲ့ မေတ္တာတရား။

ကိုစစ်ကို တစ်ခုတော့ အသိပေးခဲ့ပါရစေ။
မိန်းမမှ ယောကျာ်းမှ ချစ်တက် မုန်းတက်
ခံစားတက်တာမဟုတ်ဘူး
အခြောက်ဆိုတာလည်း ရင်ဘက်နဲ့ပါ။
တိရိစ္ဆာန်တွေတောင် သူ့သခင်အပေါ် သံယောဇဉ်ဆိုတာ ထားရကောင်းမှန်းနားလည်တယ်ဗျ။
ကျတော်က လူ
ခင်များအပေါ်ထားမိတဲ့သံယောဇဉ်ကြောင့်
ခုတော့………………"

စူးရှ ငိုရှိုက်စွာ လှည့်ထွက်ခဲ့လေတော့သည်။

ခြေလှမ်းတို့က လှုပ်လှီလှုပ်လဲ့
မကြွချင်ကြွချင်နဲ့ လှမ်းနေရတဲ့ခြေလှမ်းတွေကို
မနိုင်မနင်း မချီ၍လှမ်းနေရသည်။
နောက်ကို တစ်ချက် ငဲ့စောင်း
ကြည့်လိုက်ချိန်မှာတော့ နာကျင်ခါးသီးမှုတွေကို
မြင်လိုက်ရသည့်အတွက် ခြေလှမ်းတွေက
အလိုလို ခပ်စိတ်စိတ်လေး လှမ်းဖြစ်သွားရသည်။
ရုတ်တရက်မိုးက သည်းထန်စွာ
ရွာချလိုက်ချိန်မှာတော့ စူးရှ တစ်ကိုယ်လုံး
နစ်နေအောင်စိုရွဲလို့သွားရသည်။
မိုးရေက အခိုက်အတန့် စူးရှရဲ့ ပူလောင်မှုကို
ငြိမ်းအေးစေခဲ့သလား။ ဒါမှမဟုတ်
စီးကျနေသောမျက်ရည်တွေအတွက်
အားပေးအားမြှောက်လုပ်ရန် ကြံရွယ်လေသလား ကာယကံရှင် စူးရှပင် ဝေခွဲမရတက်ခဲ့ပေ။
မိုးခြိမ်းသံတွေ လျပ်စီးကြောင်းတွေက
သြကာသလောကတစ်ခွင်မှာတော့
သူတစ်လူငါတစ်မင်း မာန်ဟုန်ကြီးစွာ
ဘယ်လိုအငြိုးတွေနဲ့ ကြီးစိုးနေသည်မသိ။
တစ်ချက်တစ်ချက် ကျယ်လောင်
်မြည်ဟိန်းသွားသော မိုးခြိမ်းသံတွေနှင့်အတူ
စူးရှရဲ့ ရင်ဘက်ထဲက နာကျင်လောင်မြိုက်ခြင်းတွေကလည်း အဟုန်ပြင်းပြင်းဖြင့် …………

ပြီးပါပြီ

လူသားအားလုံးချစ်တက်ပါစေ။
လူသားအချင်းချင်း စာနာနိုင်ပါစေ။
လူသားအချင်းချင်း လူကိုလူလို့သာမြင်နိုင်ပါစေ။
ကျတော်တို့ပတ်ဝန်းကျင်ကြီး
ချစ်ခြင်းများဖြင့်သာယာပါစေ။

ဘဲကြီး (ကိုထိုက်)

No comments: