ကိုကိုလွင်နဲ့ လင်းလက်အောင်တို့နှစ်ယောက်ပေးတဲ့ အကြံဉာဏ်ကိုကြားတော့ ကျွန်တော့်မှာ ဟက်ဟက်ပက်ပက် ရယ်မောမိပါတယ်။ မော်ရွှေမြိုင်ကို ပြောင်းနေဖြစ်သော လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်ကစလို့ ကျွန်တော်တို့ သူငယ်ချင်းတွေဖြစ်ခဲ့ကြသူများပါ။
‘ငါ့အတွက် Blind date မလိုပါဘူးဟ …ငါ့ကောင်တွေရ’
‘ကောင်းလေစွ….ဘယ်လို ဒိတ်မျိုး မင်းကလုပ်ချင်လို့လဲ။ မင်းဒိတ်လိုက်ရင် ကိုယ့်ထက်ငယ်တဲ့သူကိုမရဘူး’ လင်းလက်က အပြောင်းအလဲဖြစ်စေချင်တဲ့သဘောနဲ့ပြောတယ်။
‘ငါတို့နှစ်ယောက် မင်းနဲ့အတူသွားရင်လည်း နှစ်ယောက်တပြိုင်နက်ဒိတ်သလိုဖြစ်မှာနော်….Please’ ကိုကိုလွင်က ကျွန်တော့်ပခုံးကို သူ့လက်မောင်းအစုံနဲ့ ရစ်သိုင်းဖက်တွယ်ရင်း ဦးခေါင်းကို မှီတင်ကာ မျက်တောင်တွေကို အရုပ်မတွေ မျက်တောင်တဖျတ်ဖျတ်ခတ်သလို ခတ်ပြရင်းပြောပါတယ်။
‘အဝေးကိုသွားကွာ…..အဲ့သလိုလုပ်ပြရင် ငါအသေအမြင်ကပ်တယ်’ ကျွန်တော်ပြောလည်းပြော တစ်ဖက်ကိုမျက်နှာလှည့်လိုက် တာကြောင့် မျက်နှာကရယ်ကျဲကျဲအမူအယာကို သူတို့တွေ မမြင်ရတော့ဘူး။
‘အမယ်….အဲ့တာက အလုပ်ဖြစ်ပါတယ်နော်’ ကိုကိုလွင် အားမလျော့ဘဲပြောသေးတယ်။
‘သည်ငနဲက ဘယ်သူလဲဟ…..မေးဦးမယ်….သည်ငနဲနဲ့ ဘာကြောင့်ဒိတ်ပြီးအပြင်သွားဖို့ အတင်းတိုက်တွန်းနေတာလဲ?’ ပုံမှန်ဆို ကျွန်တော်သည်လိုမမေးတတ် မပြောတတ်ပေမယ့် သူတို့နှစ်ယောက်က သိသိသာသာကြီး တိုက်တွန်းနေကြတာကြောင့် ဖန်ပေးတဲ့ငနဲအကြောင်းကို ခရေစေ့တွင်းကျသိချင်လာမိတယ်။
‘Okay…..သူ့နာမည်က ချာလီ ၊ ပြီးတော့ သူက တကယ်ကြည့်ကောင်းတာနော်….အဲဒီတော့ဘာဖြစ်လဲ?
‘အင်း….သူ့အသက်ဘယ်လောက်ရှိပြီလဲ’
‘အဲ မင်းထက်တော့ နှစ်နည်းနည်းလောက်ကြီးမယ်’
‘ဘယ်နှစ်နှစ်လောက်ကြီးတာလဲပြောကွာ လင်းလက်? ငါ့ကိုလိမ်ဆင်တော့မလုပ်ပါဘူးနော်’
‘အဲသလိုလုပ်ဖို့ အကြံပြုနေတာ….ဟီး’
‘ဟုတ်တယ်လေ…..ငါ ပါတနာတစ်ယောက်ရမယ်ကြံရင် မင်းက ဉာဏ်ဆင်တတ်လွန်းလို့။ အဲတာကြောင့် မင်းပေးတဲ့အကြံဆိုရင် ချိန်ဆနေရတာ’
‘ကောင်းပါပြီခင်ဗျာ……ရှစ်နှစ် ဒါမှမဟုတ် ကိုးနှစ်လောက်တော့ မင်းထက်ကြီးမယ်’
‘ရှစ်နှစ်လား ဒါမှမဟုတ် ကိုးနှစ်လား’
‘ဆယ်နှစ်’
‘*#$^* ကောင်တွေ’
ကိုကိုလွင်တစ်ယောက် ပြုံးရယ်ကာ သူ့နှာခေါင်းကိုတစ်ချက်တွန့်ရင်း ကျွန်တော့်ကိုခေါင်းငြိမ့်ပြကာ ခပ်တိုးတိုးပြောတယ် ‘ဆယ်နှစ်’
‘ကျေးဇူး ကိုလွင်……ငါသူနဲ့သွားမတွေ့ခင် ဘာတွေထပ်ပြောချင်သေးလဲပြော’
‘အဟမ်း….ရှိသင့်ရှိထိုက်တဲ့ သူ့ကိုယ်အလေးချိန်ထက်တော့ နည်းနည်းပိုနေသေးတယ်’
‘လင်းလက်……ငါ မင်းဖင်ကို ပိတ်ကန်မိတော့မယ်….ပေါင်ချိန်ဘယ်လောက်များနေလို့လဲ’
‘မသိဘူးလေ….ဒါပေမဲ့ အလွန်အကျူးကြည့်လို့ကောင်းတဲ့ ဘဲကွ’
‘တကယ်…သေချာတယ်….သူက ဆက်ဆံရေးကောင်းမယ့်ပုံဆိုတာ ပြောရဲတယ်ကွာ’
‘လာကွာ….ညီညီ။ ညစာလေးအတူစား သောက်စရာလေးအတူသောက်ရုံပဲဟာကို တသက်လုံးစာဆုံးဖြတ်ခိုင်းတာမှမဟုတ်တာ’
‘Okay, maybe.’
‘အဲဒါက ဘာပြောချင်ပြန်တာလဲ’
‘ငါသွားကိုသွားမှဖြစ်မယ်…..အဲ့သလိုသွားဖြစ်အောင် မင်းကြိုစီစဉ်ထားခဲ့ပြီးသားမလား။ ဟေ့….ငါ့ကိုအဲသလိုမကြည့်နဲ့ဟ။ သည်လိုစီစဉ်ပေးဖို့ တစ်ဝိုင်းစာတနင့်တပိုးပိုက်ဆံရခဲ့ပြီးပြီမလား မင်း’
‘မင်း….မင်း…အဲဒါကိုဘယ်လိုသိသလဲ’
‘ကိုကိုလွင်ပြောပြတာ’ ကျွန်တော့်မှာ လင်းလက်မျက်နှာပေါ်ကဖြစ်ပျက်သွားပုံကိုကြည့်ပြီး စိတ်လိုလက်ရရယ်မောမိရပါတယ်။
လင်းလက်တယောက် သူ့ဘော်ဒါ ကိုကိုလွင်ဘက်လှည့်ပြီး ‘ကိုလွင်….မင်းဘယ်လိုလုပ်လိုက်တာလဲ’ ပြောပါရော။
‘ဟုတ်တယ်လေ…မင်းက ချာလီကို အတင်းတိုက်တွန်းပြီးဆွယ်ခဲ့တဲ့ကောင်ပဲဟာ။ နည်းနည်းပါးပါးလောက် မင်းအဆင်ချောအောင် အဆင်းဘီးတပ်ပေးလိုက်တာပါဟ’
‘သောက်စရာ၊ ညစာ၊ no sex ၊ ကျသလောက်မင်းရှင်း….ပြီးတော့ အိမ်ကို ငါတစ်ယောက်တည်းပြန်မယ်။ ဘယ်လိုပြောဦးမလဲ Mr. Moneybags?’ ကျွန်တော်သူစီစဉ်ထားတာကိုလည်း စိတ်ထဲကတထင့်ထင့်ဖြစ်မိသယောင်ဆိုပေမယ့် သူငယ်ချင်းအချင်းချင်းအနိုင်ပိုင်း စကားပြောလိုက်ရတာ ၀မ်းသာအားရဖြစ်မိသားပါ။
စက္ကန့်အနည်းငယ်လောက် သူတွေးနေပြီးမှ ‘Okay’ တဲ့။
‘ကျယ်ကျယ်ပြော’
“OKAY!”
“Deal?”
“Deal.”
ကျွန်တော် လင်းလက်ကို အားရပါးရထွေးဖက်လိုက်ကာ သူ့ကိုသြဘာပေးခဲ့ပါရဲ့။ ‘ငါကောင်းကောင်းနေပါ့မယ်ဟ မင်းသူငယ်ချင်းပါ’ နောက်မကြာခင် စနေနေ့တစ်ရက်မှာတော့ The Embarcadero ထဲက Boudin’s Bistro မှာ ည ၈နာရီ အတိ Reservation တစ်ခု လုပ်ပြီးသားဆိုတာ တွေ့လိုက်ရပါတယ်။ ကျွန်တော်သူ့ကိုအော်ဟစ်ဆဲဆိုမိခဲ့သော်လည်း သူ့မျက်နှာ အောက်ကိုငိုက်စိုက်ကျသွားတာ တွေ့မိပြန်တော့ ပြန်တောင်းပန်ခဲ့ပါရဲ့။ ကိုကိုလွင်က ဘာပဲပြောပြောပြုံးနေတတ်သူဆိုတော့ သူ့ကိုပါရောယောင်ပြန်လည်အားနာပြီး တစ်ချက်ဖက်မိပါတယ်။
အိမ်ကကားလည်းမမောင်းသွားချင်တာမို့ လမ်းပေါ်ဦးဒဟိုမောင်းနှင်နေကြတဲ့ အငှားယာဉ်တွေထဲက ခပ်သန့်သန့်တစ်ကားကို တားစီးရင်း ချိန်းဆိုထားတဲ့နေရာရောက်အောင်သွားလိုက်ပါတယ်။ တကယ့်ကို အရသာရှိလှတဲ့ ညနေခင်းအချိန်လေးတစ်ခုလို့ပြောရမှာပါပဲ။ The Embarcadero ကို ဖြတ်သန်းလမ်းလျှောက်ရတဲ့အချိန်တိုင်း ကိုယ့်ကိုယ်ကိုယ် အားပေးသလို တက်ကြွစိတ်တွေဖြစ်ဖြစ်လာတယ်။ လင်းလက်နေတဲ့ မီးအလင်းရောင်နဲ့အတူ တစုတဝေးလူအများကြောင့်ပဲလားတော့မသိပါဘူး။
ကျွန်တော် Boudin’s အရောက် ဘားမှာ လင်းလက်တို့ ကိုကိုလွင်တို့အနဲ့အတူ ခပ်သန့်သန့်ဘဲတစ်ပွေအတူထိုင်နေတာကိုမြင်လိုက်ရ ပါတယ်။ ချာလီဆိုတဲ့သူပဲဖြစ်မှာပါ။ တော်တော်ထွားကြိုင်းတဲ့လူလို့ပြောရမယ် သောက်လက်စ ဘီယာဖန်ခွက်တစ်ခွက်သူ့ရှေ့ချထား တာများ သေးသယောင်ထင်ရတဲ့အထိပါပဲ။ ဘီယာကိုတစ်ငုံစုပ်လိုက် ၀င်ပေါက်တံခါးရှိရာကို တစ်ချက်ကြည့်လိုက်နဲ့ ပစ္စည်းပျောက်နေတဲ့ ကလေးတစ်ယောက်နဲ့တောင်တူသေးတယ်။ သူက လူတကာငေးလောက်အောင် ချောမောတဲ့လူတစ်ယောက်တော့မဟုတ်ပေမယ့် အပြစ်ကင်းစင်တဲ့ မျက်နှာလေးဆိုတော့ ကျွန်တော်သဘောကျပါတယ်။ ကျွန်တော်လည်း ငေးကောင်းကောင်းနဲ့ငေးတာ လုံခြုံရေးက သတိပြုမိပြီး ဘာအကူအညီလိုသလဲမေးတော့မယ့်အခြေအနေစိုက်တဲ့အထိလေ။ သူသည်လည်းယခင်က Blind Date မလုပ်ခဲ့ဖူးဘူး ဆိုတာ ကျွန်တော်ရိပ်မိတာကြောင့် စိတ်ထဲအလိုလိုမြူးလာပါတယ်။ လင်းလက်နဲ့ ကိုကိုလွင်တို့ ဘယ်လိုအကြောင်းကြောင့်သူ့ကို သည်လို ချိန်းဆိုတွေ့ဆုံပုံမျိုး အကြံဉာဏ်ပေးလိုက်ရပါလိမ့်။
ခပ်စောစောတုန်းကတော့ ကိုကိုလွင်နဲ့ လင်းလက်တို့မရောက်လာခင်အပြင်မှာထိုင်စောင့်နေမယ်ပေါ့။ အခုတော့ စိတ်ပြောင်းသွားပြီ။ ချာလီဆိုတဲ့လူကိုတွေ့ကြည့်ပြီး စကားပြောချင်လာရော။ ကျွန်တော် အတွင်းထဲကို အသာအယာလျှောက်ဝင်သွားလိုက်တော့ သူ့ဦးခေါင်းက ကျွန်တော်ရှိရာဘက်လှည့်လာတယ်။ ကျွန်တော် သူ့ကိုပြုံးပြလိုက်တယ်လေ။ သူ့မျက်နှာကိုမော့ကြည့်ကြည့်ခြင်း ကျွန်တော့်ကို မြင်ခဲ့တာကိုး။ ဘားအနားကိုရောက်တော့ သူထိုင်နေရာကနေ ထရပ်ပြီး မြင်ဖူးသမျှအပြုံးထဲမှာ အလှဆုံးသောအပြုံး တစ်ပွင့်ကို ကျွန်တော့်ကိုပေးပါတယ်။ သူ့သွားတွေမှာ braces တပ်ထားတာကြောင့် စားသောက်ဆိုင် မီးရောင်ထဲမှာ တလက်လက်ဖြစ် သွားပါရဲ့။ ဘာရယ်မသိဘူး သူ့အနားရောက်သွားတာနဲ့ ကျွန်တော့်နှလုံးခုန်သံတွေဟာ မမှန်တော့သလို ခုန်ပေါက်ပြီး အပြင်ထွက်လာ တော့မယ့်အတိုင်း ခံစားရပါတယ်။
“Charlie?”
သူ မတ်မတ်ရပ်လိုက်ကာ ကမ်းပေးထားသောကျွန်တော့်လက်ကိုဆွဲကိုင်ရင်း “Yeah.”
‘ကျွန်တော်က ညီညီပါ။ တွေ့ရတာဝမ်းသာပါတယ်ဗျ။ လင်းလက်နဲ့ ကိုကိုလွင်က ခင်ဗျားအကြောင်းကိုပြောပြပါတယ်’
‘ကျုပ်လည်း တွေ့ရတာဝမ်းသာပါတယ်ဗျ’
ကျွန်တော် မထင်မိဘူး သူရှက်နေမယ်လို့။ ကျွန်တော်ရောက်သွားတော့ ခဏနေက အတူထိုင်နေတဲ့ ကိုကိုလွင်တို့ဘယ်ရောက်သွားမှန်း မသိ မတွေ့တာကြောင့် ‘ကျွန်တော့် ဘော်ဒါတွေ မရောက်လာသေးဘူးထင်တယ်’ လို့စကားစလိုက်တယ်။
‘အင်း….သူတို့မလာသေးဘူး’
‘သူတို့မရောက်ခင် ခင်ဗျားက ချာလီဆိုတာ ကျွန်တော်ဘယ်လိုသိမှန်းမပြောတတ်တော့ဘူး’
သူ ပြုံးပြီးပြန်ထိုင်ချလိုက်တယ်။ ကျွန်တော် ဘီယာတစ်ခွက် အော်ဒါမှာလိုက်တယ်။ သူ့ကြည့်ရတာ စကားပြောကောင်းသူတစ်ယောက် မဟုတ်ဘူးဆိုတာ ထင်သာမြင်သာရှိပါရဲ့။ ကျွန်တော့်မှာ ဟိုအကြောင်း သည်အကြောင်းလေးပြောပြောပြီး စကားပြောချင်လာအောင် ဆွယ်ရပါတယ်။ သူ့ကြည့်ရတာ သက်သောင့်သက်သာနဲ့ အေးအေးဆေးဆေးနေတတ်ဟန်ပေါက်တယ်ဗျ။ နောက်တော့ တုန့်ဆိုင်းဆိုင်းနဲ့ ‘ကိုကိုလွင်ပြောတော့ ခင်ဗျားက အာခီတက်တစ်ယောက်ဆို’ လို့မေးတယ်။
‘ဟုတ်တယ်ဗျ’
သူ နောက်တစ်ကြိမ်ပြုံးရင်း သူ့ဘီယာပုလင်းလေးကို စိုက်ကြည့်နေတယ်။ ‘ခင်ဗျားက အဆောက်အအုံတွေကို ဒီဇိုင်းထုတ်တယ်၊ ကျုပ်က အဆောက်အအုံတွေကို ဆောက်တယ်လေ’
ဆောက်လုပ်ရေးလုပ်ငန်းနဲ့ အသက်မွေးသူတစ်ယောက်ဖြစ်ကြောင်း ကျွန်တော့်ကိုပြောပြတာများ ရှက်တက်တက်အမူအယာနဲ့။ ကျွန်တော့်မှာ ထိုင်နေရာက သူ့အနားတိုးကပ်သွားမိရင်း လုပ်ငန်းခွင်ထဲကအတွေ့အကြုံတွေအကြောင်းကို မေးခွန်းတွေတရပ်စပ် ထုတ်မိပါရော။ အဆောက်အဦးတစ်ခုကို ဆောက်လုပ်ခြင်းလုပ်ငန်းစဉ်ရဲ့ အတွေးအခေါ်အယူအဆတွေ၊ ဒီဇိုင်းတွေအကြောင်း နှိုင်းယှဉ်ပြောဆိုစပြုချိန်ကနေ သူ့အမူအယာတွေက ရှက်ရွံ့ဟန်တွေပျောက်ကွယ်သွားကာ ရဲရင့်တည်ကြည်မှုတွေမြင်ရပါတယ်။ လုပ်ငန်းလိုအပ်ချက်အရ ပါမစ်ရအောင် စာရွက်စာတမ်းတွေ ပြင်ဆင်တာ သူအလွန်မုန်းကြောင်း ကျွန်တော့်ကိုပြောပြချိန်မှာတော့ နှစ်လိုလက်ရ ရယ်မောတယ်ဗျ။ ကျွန်တော်ပြောသမျှရယ် ကျွန်တော့်စတိုင်လ်တွေအကုန်လုံးရယ်တော့ သူနဲ့ အံကိုက်မဖြစ်ဘူးထင်ပါ တယ်။ မြေကွက်တစ်ကွက်ဝယ်ထားပြီး အဲသည့်နေရာမှာဆောက်ဖို့ အိမ်ဒီဇိုင်းသီးသန့်ဆွဲနေကြောင်း ချာလီကိုပြောပြတဲ့အခါ သူ့ပါးစပ်က မေးခွန်းတွေ တရစပ်ထွက်လာရော။ ကျွန်တော် ဒီဇိုင်းဆွဲတဲ့အခန်းထဲမှာ ဆွဲလက်စတွေရှိကြောင်း လိုက်ကြည့်ချင်တယ်ဆိုပါက ကြည့်လို့ ရကြောင်း သူ့ကိုစကားကမ်းလှမ်းလိုက်တယ်။
သူ့ကြည့်ရတာ ရှက်ရှက်နဲ့ဘာတွေတွေးနေတယ်မသိ အတန်ကြာနှုတ်ဆိတ်နေပြီးမှာ ‘အင်း….ကောင်းပြီလေ….ကျုပ်လိုက်ခဲ့မယ်’ လို့ပြောတယ်ဗျ။
“ချာလီ? ဆွဲလက်စအနေအထားတွေကို ခင်ဗျားကိုကြည့်စေချင်လို့ပါ။ အတွေ့အကြုံအများကြီးရှိတဲ့သူဆီက အကြံဉာဏ်တွေက အလုပ်ဖြစ်တယ်လေ။ ကျွန်တော် အခက်တွေ့နေတဲ့အပိုင်းတွေကို ခင်ဗျား အကူအညီပေးနိုင်မလားလို့ပါ။ ဘယ်လိုလဲဗျ?” သူ့မျက်နှာကို အသာမော့ကြည့်လိုက်တော့ သူ့braces တွေက မီးရောင်မှာ တလက်လက်တောက်နေတယ်။ သူ့ဦးခေါင်းကို တဆတ်ဆတ်ငြိမ့်ပြပြီး “ဟုတ်ပါပြီဗျာ…..ကျုပ်လည်းလိုက်ကြည့်ချင်ပါတယ်”
“အမိုက်စားပေါ့ ဒါဆို။ ကျွန်တော် sourdough ပေါင်မုန့်နှစ်လုံးလောက်ဝယ်လိုက်ဦးမယ်။ ပြီးရင် ကျွန်တော့်နေရာကိုသွားပြီး အိမ်ဒီဇိုင်း ဆွဲလက်စတွေကြည့်ကြတာပေါ့နော်”
“ကိုကိုလွင်နဲ့ လင်းလက်တို့ ဘယ်လိုလုပ်မလဲ”
“လာပါဗျာ….သူတို့ဘာသာပြန်လာတတ်ပါတယ်” ကျွန်တော် ရယ်မောရင်း ကလပ်ကနေပြန်ဖို့လောဆော်လိုက်ပါတယ်။ ပေါင်မုန့်ဝယ်ပြီး နောက်မှာတော့ Cable Car တစ်စင်းစီးကာ ကျွန်တော့်နေရာကို ပြန်လာကြတယ်ပေါ့။ ကိုကိုလွင်နဲ့ လင်းလက် ကျွန်တော်တို့နှစ်ယောက် ကိုရှာဖို့ ဘားထဲဟိုကြည့်သည်ကြည့်နဲ့ ၀င်လာတာကို မြင်လိုက်ပေမယ့် ဖုန်းကိုပါဝါပိတ်ပစ်ကာ အသာလစ်ထွက်လာလိုက်တယ်။
Cheese တစ်တုံးရယ် ၀ိုင်တစ်ပုလင်းရယ်ဆွဲကိုင်ပြီး Drawing Board က ဒီဇိုင်းဆွဲလက်စကို သေချာစေ့ငုနေတဲ့ ချာလီအနားကို သွားတယ်။ သူလုပ်နေတဲ့အလုပ်ကို အာရုံစိုက်နေတာများ မျက်မှောင်များပင်ကျုံ့လို့။ ထိရောက်ပြီး ချက်ကျလက်ကျမေးခွန်းတွေ သူမေးတဲ့အခါ ကျွန်တော်လည်း သေချာပြောပြတယ်။ ကျွန်တော် သင်္ကာမကင်းဖြစ်မိတာထက်ပိုအောင် သူသိသလို ကျွန်တော်မတွေးမိ လိုက်တဲ့ အချက်အလက်တွေကို သူသေချာအကြံဉာဏ်ပေး ထောက်ပြတယ်လေ။
နံနက် ၂ နာရီထိုးချိန်ရောက်တော့ ချာလီက သူပြန်တော့မယ့်အကြောင်း စကားစတယ်။
“ချာလီ….အချိန်က အတော်နောက်ကျနေပြီဗျ။ အိပ်ဖို့ အိပ်ရာပြင်လိုက်ဦးမယ် သည်မှာညအိပ်သွားပါ။ ကျွန်တော်သိတယ် သည်အချိန် ခင်ဗျားကို ကျွန်တော့်အခန်းရှေ့မှာ ကိုကိုလွင်နဲ့ လင်းလက်တွေ့ရင် ညက နှစ်ယောက်သားဘာတွေဖြစ်ကြသလဲ မေးခွန်းပေါင်းသောင်း ခြောက်ထောင်မေးကြတော့မှာ။ အဲတာတွေကို ခင်ဗျားအဖြေမပေးချင်ဘူးမဟုတ်လား”
အသံထွက်တဲ့အထိ ရယ်မောရင်း သူ့လက်ကနာရီကိုတစ်ချက်ကြည့်ကာ သဘောတူပါတယ်။
ခပ်သင်းသင်းကော်ဖီရနံ့က နောက်တစ်နေ့နံနက် ၇နာရီလောက်မှာ နိုးထလာစေခဲ့တယ်။ မီးဖိုခန်းထဲက စားပွဲမှာ ကော်ဖီတစ်ခွက်နဲ့ သူထိုင်နေတာကို မြင်လိုက်ရပြီး မရှေးမနှောင်းမှာပဲ အခန်းတံခါး ဘဲလ်သံကိုကြားလိုက်ရပါတယ်။ “တွေ့လား…..ငါဘာပြောလဲဆိုတာ” ကျွန်တော် အခန်းတံခါးအနားကပ်ကာ ဘယ်သူလည်းဘာညာထူးသံပေးဖို့ကြိုးစားစဉ်မှာပဲ စကားတီးတိုးသံ ရယ်မောသံနဲ့အတူ ကိုကိုလွင်တို့နှစ်ယောက် အတွင်းကိုဝင်လာကြတယ်ဗျ။ ‘ဘာတွေဖြစ်နေခဲ့တာလည်း ငါ့ကောင်ရ? ပြီးတော့ မင်းဖုန်းကိုခေါ်လို့ လည်းမရဘူး’ လင်းလက်က ကျွန်တော့်ကို သူ့ဝသီအတိုင်းပြောလည်းပြော အတင်းတိုးဝင်လာတာ သူ့နောက်ကနေ ကိုကိုလွင် ပြုံးဖြီးဖြီးနဲ့ ပါလာတယ်။
‘ငါ ဖုန်းပိတ်ထားတာ’
‘ဘာကြောင့်ပိတ်တာလဲဟ’
‘ချာလီ မီးဖိုချောင်ထဲမှာရှိတယ် သူ့ကိုမေး’
‘ဘယ်လို?’ နှစ်ယောက်စလုံး တပြိုင်နက်တည်း မေးသံထွက်လာပါရဲ့။
Sourdough ပေါင်မုန့်နောက်တစ်လုံးကို ထပ်လှီးလိုက်ပြီး ထောပတ်နဲ့ ချယ်ရီသီးယိုတို့ကိုသုပ်လိမ်းလိုက်ကာ စားပွဲရှိရာ ကျွန်တော် ယူသွားလိုက်ပါတယ်။ ကော်ဖီတစ်ခွက်သောက်ပြီး ငြိမ်နေတဲ့ ချာလီအနားမှာ သူ့ထက်စကားပိုပြောတတ်ကြသော ကိုကိုလွင် သို့မဟုတ် လင်းလက်ကို သေချာရှင်းလင်းအောင်ပြောပြမယ့်အသံ နားထောင်ချင်တာလည်းပါတာပေါ့။ မုန့်ပန်းကန်လေးအသာချပြီး ၀င်ထိုင်တော့ နှစ်ယောက်သား ကျွန်တော့်မျက်နှာကို မေးခွန်းပေါင်းသောင်းခြောက်ထောင်အကြည့်နဲ့ စိုက်ကြည့်ကြတယ်လေ။ ‘ဘာတွေဖြစ်ခဲ့ကြတာလဲ’ ‘မင်းတို့နှစ်ယောက် အဟမ်း…..တစ်ခုတင်တည်းအတူအိပ်ခဲ့ကြတာလား’ စတဲ့မေးခွန်းမြားတွေ ပစ်လွှတ်ကြတဲ့ အကြည့်တွေပေါ့။ ကျွန်တော် ပြုံးပြီး သူ့တို့မေးခွန်းအကြည့်တွေကို လစ်လျူရှုလိုက်ပါတယ်။
ချာလီတစ်ယောက် စကားတွေတောင်မှားလို့ပြောတာဆိုတာများ။ ဒါကြောင့် Boudin’s မှာ နေ့လယ်စာသွားစားဖို့ ကျွန်တော်ကြားဖြတ် အကြံပေးလိုက်ရတယ်။ ‘ပြီးတော့….လင်းလက်ကျွေးရမှာနော်’ လင်းလက်လည်း ပြုံးရယ်ကာ သဘောတူပါရဲ့။
ကျွန်တော်တို့ The Embarcadero ကိုရောက်ဖို့ cable car ပြန်စီးခဲ့ကြပါတယ်။ ကျွန်တော်တို့ရဲ့ ပါရမီထူးသော ဦးဆောင်သူလေးပြော ဆိုသမျှကို နားထောင်နေရင်း သူ့ရင်ဘတ်ထဲက ဘဲလ်တီးသံကို စူးစမ်းမိတာပေါ့နော်။ ချာလီ သွားလာပြောဆိုနေတာတွေကို အသာလေး ကျွန်တော်စောင့်ကြည့်နေရင်း ရတနာတစ်ပါးပျောက်ဆုံးမှာကြောက်သူတစ်ယောက်လို ခံစားလာရကြောင်း ကိုယ့်ကိုယ်ကိုယ် သတိထားမိ တယ်ဗျ။ သည်လို blind date လေးလုပ်မိဖို့ ဘေးတီးပေးခဲ့ကြသော ကိုကိုလွင်နဲ့ လင်းလက်တို့ကြောင့် ၀မ်းမြောက်ဝမ်းသာ ဖြစ်ရတာ ပေါ့နော်။ စားသောက်နေရင်း ကြောင်တောင်တောင်မေးခွန်းတွေ တစ်ယောက်မှမမေးကြပါဘူး။ တိတ်ဆိတ်နေတဲ့စကားဝိုင်းကို နွေးသွား အောင် ကျွန်တော်ကပဲပြုလုပ်ဖို့ စဉ်းစားမိရပြီ။
Alex Aung (27 April 2019)
No comments:
Post a Comment