၈၀၈ ဟု နံပါတ်ထွင်းထားသော ကြေးပြားလေးက အေးစက်နေသည်။ ကြေးပြားပေါ် ထိတင်ထားသော ကျနော့်လက်ချောင်းထိပ်က သွေးများက တဒုတ်ဒုတ်ခုန်နေသည်ကို နားနှင့်ပင် ကြားနေရသည်ဟု ကျနော် ထင်မိသည်။
တံခါးလက်ကိုင်ကို ရှိသမျှ အားအင်နှင့် ဆွဲဖွင့်တော့လက်ကိုင်က ချွေးစေးတို့ဖြင့် စေးကပ်ကုန်သည်။
" CCTV ရှေ့မှာ ဟန်မပျက်စေနဲ့ " သူ့စကားက ခေါင်းထဲမှနေ၍ အမိန့်ပေးနေသလို လှိုင်ထွက်နေသည်။ ခပ်မှန်မှန် ကြိုးစားလျှောက်နေရသော ခြေလှမ်းများက တလှမ်းထက် တလှမ်း ပိုလေးလံလာသယောင်။ ဓာတ်လှေကားကို စောင့်ရင်း ဘာလို့လဲ ဆိုသည့်မေးခွန်းကို စိတ်ထဲမှ အကြိမ်ကြိမ်မေးနေမိသည်။ အဖြေကားမရ၊ ဓာတ်လှေကားက ဂဏန်း 8 ကိုပြရင်း ရပ်တန့်ကာ တံခါးပွင့်လာသည်။
ဓာတ်လှေကား နံရံကို မှီရင်း ကြမ်းပြင်မှ လှိုင်းတွေတွန့်လာသလို မူးဝေလာသည်။ " ဟန်မပျက်စေနဲ့ ကိုရှိုင်း၊ မပျက်စေနဲ့ " ကျနော့်ကို ကျနော်အားပေးရင်း အောက်အမြန်ရောက်ရန်သာ ဆုတောင်းနေမိသည်။ 8 လွှာမှ ground floor သို့ ဆင်းရသည်က တသက်မျှ ကြာသည်ဟုထင်မိသည်။ မှီပါ့မလား ဆိုသောအတွေးနဲ့ ရင်တွေပူလာသည်။ အောက်ရောက်ရင်ဘာဆက်ဖြစ်မှာလဲ ? မေးခွန်းတွေက ကျနော့်ခေါင်းထဲ ပလုံစီလာသည်။
" တောင် " ဓာတ်လှေကား ပွင့်သွားပြီ၊ ဘာဆက်လုပ်ရမလဲ၊ ဧည့်ကြိုကောင်တာက တယောက်ယောက်ဆီ ပြေးသွားရမလား၊ မဖြစ်နိုင်။ မဖြစ်နိုင်တာတွေမတွေးသင့်၊ ခုချိန်မှာလုပ်ကိုလုပ်ရမည်က ဟိုတယ်အပြင်ဘက်ကို ထွက်၊ ဘယ်ဘက်က လမ်းကြားထဲကို ချိုး၊ အသင့်စောင့်နေသော မီးခိုးရောင် ဗန်ကားထဲသို့ ဝင်ရန်သာဖြစ်သည်။
ခြေလှမ်းများ မပျက်စေဘူးဟု မျှော်လင့်လျက် အပြေးတပိုင်းဖြင့် ဟိုတယ်ပြင်သို့ ထွက်လာသည်။ အပြင်ဘက်တွင် ညနေစောင်း လေတဖြူးဖြူးက တိုက်နေသည်။ ကျနော်ကတော့ ချွေးစေးများပြန်ကာ တကိုယ်လုံး တုန်ယင်နေပြီး လမ်းတွေ လှိုင်းထနေသလို မြင်ရသည်ထိ မူးဝေလာသည်။
ဘယ်ကို ချိုး ကိုယ့်ကိုကိုယ် အော်ဟစ်အားတင်းရင်း ဘယ်ဘက်ကို ချိုးကာ လမ်းကြားထဲ အပြေးတပိုင်း ဝင်သည်။ မြေကြီးများက လိပ်တက်လာသလို မူးဝေနေသဖြင့် မပြေးနိုင်၊ မောလှပြီ၊ ကျနော် ဒီနေရာတွင်ပင် လှဲအိပ်ချင်မိသည်။ ဘယ်ဘက်ပါးတခြမ်းက ခုမှ တဆစ်ဆစ်ကိုက်ခဲလာသည်။ ကျနော့်ဘဝမှာ ဘယ်သူမှ မရိုက်ခဲ့ဖူးသည့် ပါးကိုမှ အားပြင်းပြင်းဖြင့် ရိုက်ခဲ့သော သူ့ကို ကျနော် စိတ်ဆိုးဒေါသထွက်ရမည်လား လက်ရှိအခြေအနေအတွက် စိတ်ပူရမည်လား မဝေခွဲနိုင်တော့။
ခြေလှမ်းတွေ မသယ်နိုင်တော၊့ ခန္ဓာကိုယ်မှာ လေးလံသထက် လေးလံလှပြီ၊ ဟော တွေ့ပါပြီ မီးခိုးရောင် ဗန်ကား၊ ဗန်ကားထိပ်တွင် ဦးထုပ်ဆောင်းထားသော လူတစ်ယောက် ဆေးလိပ်ဖွာနေသည်။ သူက ကျနော့်ကို လှည့်တောင်မကြည့်၊ ကျနော်လဲကျမလို ဖြစ်နေတာ၊ အသက်ငင်နေသလို မောဟိုက်နေတာ၊ ချွေးတွေ ရွှဲနစ်နေတာ သူသိပုံမပေါ်။ သူက ကျနော်ရှာနေတဲ့သူ ဟုတ်ပါ့မလားဟု သံသဖြစ်လာသည်။ ကျနော့်မှာ ငါးမိနစ်သာ အချိန်ရှိသည်။ ခုဆို ပြည့်ပင်ပြည့်တော့မည်။ ထိုသူ့ဆီသို့ အားကုန်ပြေးရင်း ဗလုံးဗထွေးဖြင့် ပြောလိုက်သည်။
" အခန်း ၈၀၈ "
ထိုသူက ကျနော့်ကို လှည့်ပင် မကြည့်၊ သွားပြီ၊ ငါမှားသွားပြီ ဟူသော အတွေးဝင်လာမိချိန်တွင် သူက စီးကရက်ကို ပစ်ချနင်းချေကာ ဗန်ကားတံခါးကို ဖွင့်ပေးသည်။
" တက်လေ " တဲ့
ပြောပြောဆိုဆိုပင် သူက ကျနော့်ကို တွဲကာ ကားပေါ်တက်နိုင်ရန် ကူပေးသည်။ ဘုရားမတာပဲ၊ ကျနော်ဒီလူကို ရှာတွေ့ပြီ၊ ဒါပေမဲ့ ရှေ့ဆက်ပြီး ဘာတွေ ဖြစ်လာဦးမှာလဲ၊ ငါးမိနစ်မပြည့်ခင် ဒီလူကို ရှာတွေ့ပြီဟူသော စိတ်ဖြင့် ဇောချွေးတွေ တိတ်သွားသော်လည်း ခေါင်းက တရိပ်ရိပ်ပို၍ မူးလာသည်။ မျက်လုံးများကို မှိတ်ထားပြီး သက်တော့င်သက်သာ ရှိစေရန် အတင်းကြိုးစားရင်း ဘာတွေ ဖြစ်မှန်းမသိ ဖြစ်လာသော ကိစ္စတွေကို အစီစဉ်ကျအောင် ပြန်ဆက်နေမိသည်။
လွန်ခဲ့သော နာရီဝက်ဝန်းကျင်က ကျနော် အခန်း ၈၀၈၏ ရှေ့ကို ရောက်လာခဲ့သည်။
တံခါးရှေ့ရောက်ရုံ ရှိသေး ကျွီခနဲ မြည်သံနဲ့အတူ အတွင်းသ်ို့ပွင့်သွားသည်။ အထဲကို ဝင်လိုက်ပြီးတာနဲ့ တံခါးက ပိတ်သွားသည်။ ဟိုတယ်အခန်းက မကျဉ်းလွန်း၊ မကျယ်လွန်း၊ မှန်ပြတင်းရှည်ကြီးများကို ဖုံးထားသော ကန့်လန့်ကာရှည်ထူထူနောက်မှ နေရောင်က စိမ့်ဝင်ပြီး အိပ်ယာပေါ် ကွက်တိကွက်ကျား ထိုးကျနေသည်။ အိပ်ယာပေါ်ရှိစောင်က တဖက်သို့ လှပ်လျက်သား၊ စားပွဲပေါ်တွင် ခေါက်ဆွဲဘူးခွံ၊ ကျွဲရိုင်းဘူးခွံနဲ့ စားကြွင်းစားကျန်များ ပွနေသည်။ ကုတင်ခြေရင်းတွင် အဝတ်အစားအချို့က ပြန့်ကျဲလျက်။ ကျနော့်နောက်မှာ သူရှိနေမှန်း ကျနော် ခံစားသိ၍ရနေသည်။
" ထိုင်လေ " သူ့အသံက အက်ကွဲကွဲ၊ အမိန့်သံပါသည်။ တကယ်တော့ ရန်ကုန်ကလူဖြစ်ပါလျက်နဲ့ နေ့ခင်းကြောင်တောင် ဟိုတယ်မှာနေပြီး ခေါ်တယ်ဆိုတော့ High နေတဲ့သူများလားလို့ တွေးပြီး ကျနော် စိုးရိမ်မိသေးသည်။ ဘဝတူ သူငယ်ချင်းတစ်ယောက်ကတော့ High နေသည့် ဖောက်သည် တစ်ယောက်ကြောင့် အကြမ်းပတမ်းဆက်ဆံခံရပြီး ဒဏ်ရာအနည်းငယ်ရကာ တပတ်လောက် အလုပ်မလုပ်နိုင်ပဲ နားနေလိုက်ရသေးသည်။ စိုးရိမ်စိတ်ဖြင့် ပူလောင်မှုက အဲကွန်းအေးနေသော ဟိုတယ်ခန်းထဲတွင်ပင် ကျနော် ချွေးပြန်လာသည်။
ကုတင်ပေါ်သို့ တက်ပြီး မထိုင်တော့ပဲ၊ တခါထဲ စောင်အောက်သို့ ဝင်လှဲလိုက်တာ တီရှပ်ကို ချွတ်ရန်ပြင်လိုက်တော့ သူက ကျနော့်လက်ပေါ်မှ ဖိကိုင်ကာ
" ဖြည်းဖြည်းပေါ့ " တဲ့၊ အသံက ခုနကလို အက်ကွဲကွဲ။ တပိုင်းတစ နေရောင်ကို ကျောပေးထားတဲ့ သူမျက်နှာတွင် ဆံပင်တွေ ငှက်သိုက်လို ရှုပ်ပွနေသည်။ မျက်နှာက နေရောင်ကို ကျောပေးထားသဖြင့် သေချာမမြင်ရ၊ သက်လတ်ပိုင်းလောက်ဟု ခန့်မှန်းမိသည်။
သူက ကျနော့ကို ပုခုံးမှ သိမ်းဖက်ဆွဲယူပြီး စတင်နမ်းသည်။ ချက်ချင်း ပြန်ခွာပြီး အာမွှေးတွေ ဝါထားတာလားဟု မေးသည်။ ကျနော်လည်း ပါးစပ်မနံအောင် ဝါးထားမိကြောင်း ပြောလိုက်သည်။ သူက စပရေးသုံးသင့်ကြောင်း အမိန့်သံပါပါဖြင့် ပြောရင်း ကျနော့်ပေါ် ထပ်ထိုင်ကာ တီရှပ်ကို ဆွဲချွတ်လိုက်သည်။ သူက ရေချိုးဝတ်စုံကို ဝတ်ထားပြီး ခါးစည်းကျိုးကို ဖြည်ချလိုက်တော့ အပေါ်ပိုင်းက လျှောပြီး ခါးမှာ ပုံကျသွားသည်။ လူကခပ်ပိန်ပိန်၊ ဗိုက်အနည်းငယ်ပူသည်။ ဝိုးတဝါးနေရောင်တခြမ်းထိုးထားသော သူ့မျက်နှာ တခြမ်းက အဖုအပိန့်မရှိ၊ ခုကျမှ သူသည် ကျနော်ထင်သလို လူလတ်ပိုင်း အမျိုးသားတစ်ယောက်မဟုတ်ပဲ ၂၅ ဝန်းကျင် လူငယ်တစ်ယောက်ဖြစ်နေမှန်း သတိထားလိုက်မိသည်။ သူ့မျက်နှာက ချောသည်ဟုလည်း ပြောမရ၊ ရုပ်ဆိုးသည်လည်း မဟုတ် သာမန်ရုပ်ရည်မျိုးပင် ဖြစ်သော်လည်း ပျော်ပါးဖို့အတွက် တကူးတက ကြေးစားခေါ်ရလောက်အောင် အဖြစ်မရှိသည့် ရုပ်ရည်မျိုးလည်း မဟုတ်သဖြင့် High နေတာဟူသော ကျနော့် သံသယက ပိုခိုင်မာလာသည်။
သူ့လက်ချောင်းက ကျနော့်ဗိုက်သားပေါ်တွင် ခပ်ဖြေးဖြေးဆွဲခြစ်ရင်း မျက်လုံးများက ကျနော့ မျက်နှာပေါ်မှ မခွာပဲ စိုက်ကြည့်နေသည်။ သူ့အတွေ့တွင် သာယာရမ္မက်ကြွရမည့် အစား သူ့အကြည့်ကြောင့် စိတ်ထဲတွင် ကြောက်ရွံ့လာသလို ဖြစ်လာသည်။ အဖိုးတန်ကျောက်တစ်လုံးကို စူးစမ်း တန်ဖိုးဖြတ်နေသော ပွဲစားတစ်ယောက်လို ကျနော့်ကို စိုက်ကြည့်နေသည်။ ကျနော်ကတော့ အဖိုးတန်ကျောက်တစ်လုံး မဟုတ်သလို တန်ဖိုးကလည်း ၂သောင်းခွဲသာဖြစ်သည်။ တက္ကစီ ၂ထောင်နှင့်ကွန်ဒုံးတစ်ဘူး၊ စုစုပေါင်း ငွေ၅ထာင်နှင့် ခန္ဓာကိုယ်တစ်ခု ရင်းပြီး ၂သောင်းကို ကျနော် ရှာနိုင်တော့မည်။ အပြန်တော့ ဘတ်စ်ကားပဲ စီးပြန်မည်ဟု စိတ်ကူးသည်။ ၂၀၀ နဲ့ ၂ထောင် မလဲနိုင်၊ ငွေ၂ထောင်က ပြတ်လပ်နေချိန်တွင် အတော်အသုံးဝင်သည်။
သူ့လက်ချောင်းတွေက ကျောဘက်သို့ ရွေ့လျားလာပြီး ကျောအောက်မှ တစ်ဆင့် ခါးပတ်ပတ်ထားသောဘောင်းဘီအောက်သို့ နှိုက်ကာ ဆွဲချလိုက်သည်။ ခါးစောင်းနှင့် ဂျင်းဘောင်းဘီအနားစ ရုတ်တရက် ခပ်ပြင်းပြင်း ပွတ်ဆွဲမှုက စပ်ဖျင်းဖျင်းနှင့် ပူခနဲဖြစ်သွားပြီး ခန္ဓာကိုယ်အောက်ပိုင်းတစ်ခုလုံး ဟာလာဟင်းလင်း ဖြစ်သွားကာ အေးစိမ့်နေသော အခန်းထဲတွင် ပိုမိုအေးစက်လာသည်။ ခုနက ဇောချွေးများလည်း ကြက်ပျောက်ငှက်ပျောက်ဖြစ်သွားကာ တဖန်ပြန်တုန်ရီလာပြန်သည်။
" မှောက် " လေသံခပ်မာမာက ကျနော့ကို ဆွဲမှောက်ပြီးချိန်မှ ထွက်လာသည်။ မွေ့ရာက အတော်ပျော့အိပါသည်။ ထိုအထဲတွင်မှ မျက်နှာကို အပ်ထားမိပြီး တစ်ကိုယ်လုံးပေါ်တွင် သူ့ရဲ့ ခန္ဓာကိုယ်ဖြင့် တက်ဖိထားခံရသောကြောင့် အသက်ရှုရသည်မှာ သိပ်မဝ။
" တီ တီ တီ " ရီမုဒ်ဖြင့် အပူချိန်လျော့ချိန်သံ တတီတီသာ ထွက်ပေါ်လာပြီး အခန်းက ပြန်လည် တိတ်ဆိတ်သွားသည်။ မွေ့ရာပေါ်မှ သူ့ရေချိုးဝတ်ရုံအနားစ ပွတ်တိုက်သံထွက်ပေါ်လာသည်။ ထို့နောက် ဘုတ်ခနဲ မြည်သံနှင့်အတူ ထိုဝတ်ရုံ ကြမ်းပေါ်သို့ ပြုတ်ကျသွားသည်ဟု ကျနော် ခံစားရသည်။ ခါးနေရာမှ ပိုမိုလေးလံသွားပြီး အခြားနေရာများမှ ပေါ့သွားသဖြင့် သူ ကျနော့်အပေါ် မှောက်အိပ်နေရာမှ ထိုင်လိုက်ကြောင်း ခံစားမိသည်။ သူ့လက်ချောင်းတွေက ကျနော့် နားရွက်ဖျားနှင့် ကျောပြင်တစ်လျှောက်လို အသာအယာ ကုတ်ခြင်နေရင်း ကျနော် ထိတ်လန့်မှုက လည်မျိုဝရောက်လာသည်။
ဒီလိုအတွေ့အကြုံသည် ကျနော့်အတွက် ပထမဆုံး မဟုတ်၊ ငွေကြေးရယူပြီး ယောကျာ်းများနှင့် လိင်ဖျော်ဖြေပေးသည့်အလုပ်မှာ ကျနော့်ရဲ့ လတ်တလော စီးပွားဖြစ်လုပ်ငန်းဖြစ်နေသည်မို့ စိတ်ထဲ ထူးခြားပြီး လှုပ်ရှားမှု မရှိလှ၊ လိုအပ်သည်ကို ဝန်ဆောင်မှု ပေးသည်။ တခါတခါ လိုအပ်မည်ထင်လျှင် ဆေးကြိုတင် သောက်သုံးထားလေ့ ရှိသည်။ များသောအားဖြင့် ကျနော့် ဖောက်သည်များက အသက်ကြီးကြီး အမျိုးသားများဖြင့် မိန်းမလျာများသာ၊ သူ့ကဲ့သို့ ခပ်ငယ်ငယ်တစ်ယောက်နဲ့ အခကြေးငွေယူဆက်ဆံရသည်မှာ ပထမဆုံးဖြစ်သည်။
ခုစိတ်ထဲက ကြောက်လန့်နေသည်မှာ သူ့ပုံစံ ငယ်ရွယ်ခြင်းကြောင့် မဟုတ်ပဲ ခံစားချက် သပ်သပ်က ကြောက်ရွံနေခြင်းသာ ဖြစ်သည်။ ဘာကြောင့်လည်း ကျနော်မရှင်းပြတတ်။ ငယ်ငယ်က ခွေးလိုက်ခံရဖူးသည်။ တောင်ပေါ်ခွေးများက ဝံပုလွေလို အကောင်ကြီးပြီး ဟောင်သံနှင့်ပင် အလွန်ကြောက်စရာ ကောင်းသည်။ တနေ့တော့ ထိုခွေးသုံးကောင်ခန့်က ကျနော့်ကို လိုက်ဆွဲသည်။ အဲ့တုန်းက ကျနော်က ၁၀ နှစ်အရွယ်၊ ပြေးမိပြေးရာ ပြေးရင် ချောင်ပိတ်မိတော့ ခွေးသုံးကောင်က ချက်ချင်း ဝင်မလာသေးပဲ ကျနော့်ကို စူးစိုက်ကြည့်လျက် အနားမှာ ပတ်လျှောက်နေခဲ့သည်။ ထိုတုန်းကလည်းကျနော့် ရင်တွေ ပေါက်ကွဲမတတ်တဒုန်းဒုန်းခုန်ကာ ကြောက်ရွံ့နေခဲ့သည်။ ခဏနေရရင် ငါအစားခံရတော့မယ်၊ ငါတစစီ အဆွဲဖြဲခံရတော့မယ်ဆိုတဲ့အတွေးနဲ့ နားသယ်စပ်မှ အပူတွေထွက်လာပြီး ခေါင်းတွေ မူးဝေလာတဲ့ထိ ကြောက်ရွံ့ခဲ့သည်။ အဲတုန်းကတော့ အဘရောက်လာပြီး ခွေးတွေကို မောင်းထုတ်နိုင်ခဲ့သဖြင့် ကျနော် အသက်ချမ်းသာခဲ့ရသည်။ ခုတော့ အဘလည်း သေပြီ၊ အဘရှိနေရင်တောင် ဟိုတယ်ခန်းတော့ ရောက်မလာနိုင်၊ ရောက်လာရင်တောင် ကျနော်ကရော ကယ်တင်ခွင့်ပေးနိုင်မည်မှာ မသေချာ။ ကျနော်ကိုယ်တိုင် အခကြေးငွေယူ၍ လိုလိုလားလားရောက်လာပြီးမှ ကယ်တင်ခံ၍ မဖြစ်လေ။
ကျနော့်ကို ဒီဘဝရောက်စေတဲ့ အကြောင်းကို ပြန်တွေးမိတော့လည်း အကြောင်းအရင်းက ကျနော် ကိုယ်တိုင်ပင်ဖြစ်သည်။ တောင်ပေါ်သား၊ အတန်းစာ သိပ်မရှိ၊ ၁၄ နှစ်အရွယ်ရောက်တော့ မန်းလေးက စားသောက်ဆိုင်တစ်ဆိုင်မှာ စားပွဲထိုးလုပ်သည်။ အဲ့က စားပွဲထိုးသူငယ်ချင်းနှင့် ငြိစွန်းရင်း ကိုယ့်ကိုကိုယ် လိင်တူသာယာတတ်သူမှန်း သိလာသည်။ ဒါမှမဟုတ် ဖြစ်သွားသည်။ အစောတည်းက ကျနော်က GAY လား၊ လိင်တူဆက်ဆံမိလို့ GAY သွားတာလား၊ ကျနော် မသိ၊ အဲ့လောက်ထိ တွေးဖို့လည်း ညဏ် မမှီ။ သာယာမိတာတော့ သိသည်။ အရပ်၆ပေ၊ ခန္ဓာကိုယ် ခပ်တောင့်တောင့်၊ အသားဖြူ ရုပ်ရည်သင့်သည့် တောင်ပေါ်သား ကျနော့်ကို လူပျိုဖော် ဝင်လာသည့် အချိန်မှ စ၍ လက်တည့်စမ်းချင်သူ ကျားရောမပါ တွေ့လာရသည်။ ကျနော်ကတော့ ယောကျာ်းများနှင့်သာ တွေ့ဖြစ်သည်။ အစကတော့ သူတို့က ကိုယ့်ကို ချစ်လို့ ကြိုက်လို့ဟု ထင်မိသည်။ ချစ်သူရည်းစားတွေလို ဖြစ်လာမလားဟု မျှော်လင့်မိသည်။ သို့သော်လည်း တစ်ခါနှစ်ခါ ပတ်သတ်ဖူးရုံနဲ့ ပြီးသွားတာချည်းများသည်။ တခါတရံတွင်တော့ မုန့်ဖိုးလေး ဘာလေးရသည်။ ထိုအချိန်တွင် ကျနော့် အသက် ၁၈ နီးနေပြီ ဖြစ်သည်။ မိစုံဖစုံ ရှိသည့်ပြင် အကိုနဲ့ ညီမပါရှိသော မိသားစုတွင်ကျနော်က အလတ်၊ ကျနော့်အနေနှင့် မိသားစုကို အထူးတလည် ထောက်ပံ့ဖို့ မလိုဟုထင်သည်။
ကျနော့်အသက် ၁၈ ပြည့်ပြီးချိန်မှာတော့ သူငယ်ချင်း တစ်ယောက်၏ မိတ်ဆက်ပေးမှုဖြင့်မန္တလေးကို လာသည့် ရန်ကုန်က သူဠေးတစ်ယောက်နှင့်တွေ့သည်။ သူက ကျနော့်ကို ဘန်ကောက်ခေါ်သည်။ ကျနော်လည်း လိုလိုလားလားပင် လိုက်သွားသည်။ ၅ရက်လုံးလုံး ညတိုင်းနှင့်နေ့ပိုင်းတွင်ပါ တစ်ခါနှစ်ခါ သူနှင့်ဆက်ဆံပေးရသည်။ သူက အပြန်အလှန်သမားဖြစ်သဖြင့် ကျနော့်က ပေးသည့်အခါ ပေးရပြီး သူက ပြန်ပေးသည့်အခါ ပေးသည်။ သူပေးသည်က အကြိမ်ရေပိုများသည်။ ခရီးစရိတ် အားလုံး အကုန်အကျခံသည်။ အဝတ်အစားနဲ့ ဖုန်းတစ်လုံး ဝယ်ပေးသည်။ အိမ်ပြန်ရောက်တော့ အိမ်မှာ နေရတာ မပျော်တော့၊ ပင်ပင်ပန်းပန်း စားပွဲထိုးလည်း မလုပ်ချင်၊ အတန်းပညာကလည်း မတတ်သော ကျနော့်အတွက် အလုပ်အကိုင်ကလည်း မရှိ၊ ဘန်ကောက်သွားတုန်းကလိုပင် လှလှပပ ပျော်ပျော်ရွှင်ရွှင်နေချင်သည်။ နဂိုရုပ်ခံလေးရှိသော ကျနော် ဝတ်ကောင်းစားလှလေး ဝတ်ပြီး ကောင်းကောင်းနေ ကောင်းကောင်းစားတော့ ရုပ်လေးထွက်လာတာ ကျနော် မြင်ပြီးပြီ။ ဆင်းရဲတွင်းထဲတော့ ထပ်မနစ်နိုင်။ နောက်ထပ်များ အဲ့လို ခေါ်မဲ့သူရှိမလားဟု မျှော်သည်။ မျှော်သာမျှော် ပေါ်မလာ။ တရက်တော့ gay dating app တစ်ခု ဖြစ်သော grindr ဆိုတာကို သုံးကြည့်သည်။ သူက အနီးအနားတွင် ရှိသော app အသုံပြုသူ gay များကို ဖော်ပြပေးသည်။ အစကတော့ ဒီတိုင်း သုံးကြည့်ရုံသာ။ တရက်တော့ ငွေလိုနေချိန် grindr မှ ဒိတ်ရန် လာပြောသောသူကို ငွေလိုကြောင်း ပြောမိသည်။ ထိုသူက လိုလိုလားလားပင် ပေးမည်ဟု ပြောလာတော့ ကျနော် အံ့သြမိသည်။ ဒီလိုနဲ့ပဲ တခါက နှစ်ခါ၊ တစ်ယောက်က နှစ်ယောက်နှင့် ကျနော် အော်ဖာ ဖြစ်လာသည်။ မန်းလေးထက် ရန်ကုန်က လုပ်ငန်းပိုတွင်ကျယ်သည်ဟု ရန်ကုန်က သူငယ်ချင်း တစ်ယောက်ပြောသဖြင့် ရန်ကုန်ပြောင်းကာ အဆောင်နေသည်။ အကြံပေးသော သူငယ်ချင်းနှင့်တော့ အတူမနေ၊ ဘာကြောင့်လည်းတော့ ကိုယ့်ကိုကိုယ် မသိ၊ သိလည်း မသိချင်။ သိသည်က grindr တို့ facebook တို့သုံးပြီး ဖောက်သည်ရှာဖို့၊ ပိုက်ဆံရဖို့၊ ကောင်းကောင်းနေကောင်းကောင်းစားရဖို့သာ၊ ဒီတိုင်းပဲ နေသွားမှာလားဟု မေးလာရင်တော့ နိုးလို့ ဖြေမိမည်။ ဘာဆက်လုပ်မှာလည်း မေးရင်လည်း အဖြေမရှိ။ အနာဂါတ်သည်မရှိ၊ စိတ်ကူးအိပ်မက်တွေ ဘယ်ဆီနေမှန်းမသိ။ အဆင်ပြေလားဆိုတော့ ပြေသည့်အခါ ပြေသည်၊ မပြေသည့်အခါများလည်း မပြေ၊ တရက်ထဲ ၂ခေါက်လိုက်ရသည့်အခါမျိးတွေ ရှိသလို တလလုံး ဖောက်သည်မရတာတွေလည်း ကြံဖူးပြီ။
ခုလည်း ကျနော့် ကျောပေါ် လောလောဆယ်တက်ထိုင်နေသော သူနှင့် Grindrမှာ လွန်ခဲ့သော နာရီဝက်ကမှ တွေ့ခဲ့ချင်းဖြစ်သည်။ သူက အတော့်ကို စေ့စေ့စပ်စပ် မေးပြီးမှ ခေါ်ခြင်း ဖြစ်သည်။ ကျနော် နယ်ကမှန်း၊ ဒီမှာ ဆွေမျိုးသားချင်း အပေါင်းအသင်း မရှိမှန်း ပြောပြခဲ့ရသေးသည်။ သူက နယ်ကလူတွေ ၊ အထူးသဖြင့် တောင်ပေါ်သားတွေကို ကြိုက်သည်ဟု ပြောခဲ့သည်။ ခုတော့ သူပြောသော ဟိုတယ်လိပ်စာအတိုင်းလာပြီး သူပြောသော အခန်းထဲဝင်ကာ ခုတော့ သူ့ကိုတွေ့၍ ကိုယ့်ကျောပေါ်တွင်ပင် ရောက်နေလေပြီ။
" သည်းခံလိုက် ကိုရှိုင်းရေ .. အလိုက်သင့်လေးနေ၊ ပြီးတော့လည်း ပြီးသွားမှာပဲ၊ အဲ့ကျ ရေချိုး၊ ပိုက်ဆံယူပြီး ပြန်ရုံပဲ " မွေ့ယာပေါ် မျက်နှာအပ်ထား၍ အသက်ရှု ကြပ်ရသည့် ကြားမှ စိတ်ထဲ ရေရွတ်မိသည်။
" သူ့နှုတ်ခမ်းများက ကျနော့် လည်တိုင်တစ်လျှောက်နှင့် ကျောပြင်တစ်လျှောက်ကို နမ်းရှုံ့နေသည်။ ကိုက်တော့ မကိုက်။ လက်ချောင်းများက အသာယာ ပွတ်သပ်နေဆဲ၊ သူ ကျနော့် အပေါ် တက်လာသည်ကိုသာ သိမထားခဲ့လျှင် ကျနော့ ကိုယ်ကို မြွေတစ်ကောင် ရစ်ပတ်နေသည်ဟုသာ ခံစားမိမည် ဖြစ်သည်။ ခုလည်း သိပ်တော့ မထူးခြားလှ၊ သူ၏ ပွတ်သပ်မှုများက ရမ္မက်ကြွဖို့ မပြောနဲ့ ထွက်မပြေးမိအောင်ပင် အတင်းအားတင်းနေရသည်။ သူ့လက်ချေင်းများက တင်ပါးကို စတင်ပွတ်သပ် ဆုပ်ကိုင်လာတော့ ကျနော်က စတော့မလားဟု မေးရင်း အိပ်ယာစွန်းရှိ ဘောင်းဘီထဲမှ ကွန်ဒုံးဘူးကို လှမ်းယူသည်။
" နာရီကို ၅:၄၀ Alarm ပေးထားလိုက် သွားစရာရှိသေးလို့ " ထုံးစံအတိုင်း သူ့အသံက အမိန့်သံအပြည့်။
" အကို့ ဖုန်းကရော "
" ကိုယ့် ဖုန်းရော ပိုက်ဆံအိတ်ရော တခြားတန်ဖိုးရှိတာတွေ အကုန်လုံးမီးခံသေတ္တာထဲ ထည့်ထားတယ်၊ အဲ့တာကြောင့် မင်းဖုန်းကို ပေးခိုင်းတာ "
မျက်နှာကို ဖြတ်ရိုက်ခံလိုက်သလို ထူပူပြီး ရှက်တာလိုလို ဒေါသထွက်တာလိုလို ဖြစ်သွားမိသည်။ သူပြောတာ မှန်ပါသည်။ သူစိမ်းတစ်ယောက် အခန်းထဲ ရောက်လာချိန် သူ့ပိုင်ပစ္စည်းတွေ ထိန်းသိမ်းတာ မမှားပေမဲ့ အဲ့အကြောင်းတွေ ထုတ်မပြောသင့်ဘူးဟုထင်မိသည်။ ခုပြောပုံက မင်းခိုးမှာစိုးလို့ ငါသော့ခတ်ထားတာဟု မပြောရုံ တမယ်။
သြော် ကြေးစားလေ ဒီလိုပဲ ဆက်ဆံခံရမပေါ့ဟု ဖြေရင်း ကွန်ဒုံးဗူးကိုဖောက်သည်။ ရှက်လို့လား၊ ဝမ်းနည်းလို့လား၊ ဒေါသထွက်လို့လားမသိ ကျသော မျက်ရည်များကိုတော့ သူမမြင်စေချင်ပါ။
"နေဦး" သူက ကွန်ဒုံးဘူးကို ဆွဲယူရင်း ကျနော့်ကို လေးဖက် ကုန်းစေသည်။ တင်ပါးကိုဖြန်းခနဲ ဖြန်းခနဲ ၂ချက်ရိုက်ပြီး စအိုဝကို လက်ဖြင့်ထိုးကြည့်ကာ မင်းဟာက မဟုတ်သေးပါဘူး၊ ဒီဘက်ပြန်လှည့်စမ်း ဟုဆိုကာ ကျနော့် ဗိုက်သားများနှင့် အရှေ့ပိုင်းကို ကိုင်တွယ် ပွတ်သပ်ပြန်သည်။
" မင်းဘော်ဒီက တောင့်သားပဲ၊ 6packs နဲ့၊ အင်း......... ဒီဟာလည်း မိုက်တယ်၊ မင်းက top ပဲ နေသင့်တာ " သူ့လေသံက အနည်းငယ် ပျော့ပျောင်းလာသည်ဟု ထင်မိသည်။
" ရပါတယ်အကို ကျနော် top လည်း နေပါတယ်၊ ပိုတောင် အနေများပါသေးတယ် "
" ဟုတ်လို့လား " သူ့အသံက သရော်သံအပြည့်၊ လက်ချောင်းက ခုနက စမ်းသပ်ထားသည့်အတိုင်း တေ့ပြီး ဆောင့်သွင်းလိုက်တော့ ခပ်လျှောလျှောပင် ဝင်သွားသည်။
မရတော့၊ ကျနော့် မျက်ရည်တွေ စီးကျလာပြီ။ သူကပဲ စော်ကားလွန်းနေတာလား၊ အော်ဖာတစ်ယောက်အတွက် ဒါပုံမှန်ပဲလား ကျနော်မသိတော့။
" ကိုယ်က B မနေဘူး၊ Tနေရအောင်လည်း မင်းက ပြားချပ်နေတာပဲ၊ ပြီးတော့လည်း.. " သူ့လက်ချောင်းက ပို၍ အထဲရောက်လာသည်။ အသံက သရော်သံ၊ လှောင်ပြောင်သံထက်၊ စော်ကားသံ ပေါက်လာသည်။
"ကျနော် ဘာလုပ်ပေးရမလဲ အကို " မငိုမိအောင်ထိန်းရင်း ကျနော်မေးလိုက်သည်။
" လာ ဒီလာခဲ့ " သူက ပြတင်းပေါက်ဆီသို တိုးကပ်ကာ ကျောမှီလိုက်ရင်း ကျနော့်ကို ဆွဲယူကာ ဒူးထောက်ထိုင်စေလိုက်သည်။ သူ့နောက်က ကန့်လန်ကာ တပိုင်းတစကိုလှန်လိုက်တော့ နေရောင်က ကျနော့်မျက်နှာပေါ် တည့်တည့်ကျလာသည် ။
" မင်းက လူချောပဲကွ .. ရော့" ကျနော့် ဘာလုပ်ပေးရမည်ကို အလိုက်သိစွာဖြင့် ကျနော်လုပ်နေမိသည်။ သူက လက်တစ်ဖက်ကို ခေါင်းနောက်ပစ်ရင်း တဖက်မှ ကန့်လန့်ကာ လှန်ထားကာ ကျနော့်မျက်နှာကို နေရောင်ကျအောင် လုပ်ရင်း အလုပ်များနေသည်။
သူအဆင်ပြေရဲ့လား၊ ကြိုက်ရဲ့လား ဟုအကဲခတ်ရန် မော့ကြည့်တော့ သူက ကျနော့်ကို စိမ်းစိမ်းကြီး ငုံ့ကြည့်ရင်း ပြုံးနေသည်။ ကြောက်စရာ ကောင်းလိုက်တဲ့ အပြုံး၊ ချောင်ပိတ်မိထားသော သားကောင်ကို မသတ်ခင် ကစားလိုသော မုဆိုးအပြုံး။ တစ်ကိုယ်လုံးက သွေးတွေ အေးခဲသွားသလို ခံစားရပြီး ကျနော့် ဝန်ဆောင်မှုကို ရပ်လိုက်သည်။
" ဘာလို့ ထုတ်လိုက်တာလဲ " သူကကျနော့်ကို မေးရိုးမှ ဆွဲယူကာ ပြန်တည့်ဖို့ ကြိုးစားသည်။ ကျနော် ထွက်ပြေးချင်နေပြီ။ ၂ သောင်းခွဲ မရရင် နေပါစေ။ ကျနော် ပြေးတော့မယ်။ ဦးဏှောက်ထဲမှ ဆူညံစွာဖြင့် ပြေး ကိုရှိင်းရေ ပြေးဟု အော်သံကိုတောင် ကြားနေရသည်ဟု ထင်မိသည်။ ကျနော့်သွားကို တင်းတင်းစေ့ထားရင်း သူ့ကို အာခံမိသည်။
" ဖြောင်းခနဲ " အသံနှင့်အတူ ကျနော့်ဘယ်ဘက် ပါးတခမ်းလုံး မီးပွင့်သလို ပူထွက်သွားပြီး မျက်လုံးထဲတွင် လင်းခနဲ ဖြစ်သွားတာ ကြမ်းပြင်ပေါ် ပုံကျသွားသည်။
ဒီတခါတော့ ကျနော် သည်းမခံနိုင်တော့၊ ကုန်းထပြီး အဝတ်အစားများကို ပြန်ကောက်ယူကာ ဝတ်ရန်ပြင်သည်။
" မင်း ဒါဘာလုပ်တာလဲ "
" ခဗျားတော်တော်လွန်နေပြီ၊ ကျုပ်ပြန်တော့မယ်၊ ခု ပိုက်ဆံရှင်းပေး၊ မဟုတ်ရင် ကျနော် အော်လိုက်မယ်၊ ကျနော်က အစောကတည်းက ဖာခေါင်းပဲ၊ တခုခုဆို ခဗျားပဲ နာမည်ပျက်.."
ကျနော့် စကားမဆုံးသေးခင်မှာပဲ ဝုန်းခနဲ မြည်သံနဲ့အတူ ကုတင်ပေါ်သို့ ကျနော့် ခန္ဓာကိုယ် ကိုင်ပေါက်ခံလိုက်ရသည်။ ကျနော်က သူ့ထက် အရပ်မြင့်ပြီး ဘော်ဒီတောင့်သည်။ သို့သော် သူက သန်လွန်းသည်။ ကျနော့်ကို မှောက်ချကာ လက်နောက်ပြန်ချုပ်ရင်းဖိထားသည်။ စိတ်ထဲတွင် ကျနော့်ကို မုဒိမ်းကျင့်တော့မည်ဟု ထင်မိသည်။
" ဝူအူ ဝွတ် " လွှတ် ဟု ကျနော့်အော်သံက မျက်နှာနှင့် ဖိကာ အကပ်ခံထားရသော ခေါင်းအုံးကြားမှ ဗလုံးဗထွေး ထွက်ပေါ်လာသည်။
လက်ကို နောက်ပြန်လိမ်ခံထားရသဖြင့် လက်မောင်းရင်းမှ ပြုတ်ထွက်မတတ် နာကျင်ကာ လက်ကောက်ဝတ်နှစ်ခုက ပူလောင်စပ်ဖျင်းနေသည်။ တခေါက်ကွေးနေရာတွင် သူ့ဒူးနှစ်ခုက နေရာတကျ ဖိထောက်ထားလေရော သေမတတ်၊ အရိုးကျိုးကြေမတတ် နာကြင်ရသည်။
" ကယ်ကြပါ ဗုဒ္ဓကယ်ပါ၊ အရှင်ဘုရား ကယ်ပါ၊ တပည့်တော်ကို ပစ်မထားပါနဲ့၊ ကယ်ပါဦး ဘုရား " အခြေအနေတွေ ယောက်ယက်ခတ်နေသည့်ကြားမှာ တခုတည်းသော အားကိုးရာဖြစ်သည့် ဘုရားမြတ်စွာကို တွင်တွင်တရင်း ရုန်းကန်နေမိသည်။
ထိုစဉ် ဖိထားသော သူ့ခန္ဓာကိုယ်မှ အနည်းငယ် ပေါ့သွားသည်ကို ခံစားမိသည်။ ဤသည်ကို အခွင့်ကောင်းယူလျက် ရုန်းထလျက် ပြင်လိုက်ချိန်တွင် ညာဘက် လည်ပင်းမှ စူးခနဲ ဖြစ်သွားတာ အရည်တချို့ လည်ပင်းသား တစ်လျှောက် ပေါ်တွင် စိုစွတ်လာသည်ကို ခံစားလိုက်ရသည်။
ကျနော့် ခန္ဓာကိုယ်ပေါ်တွင် သူမရှိတော့၊ အတင်းရုန်းကန် ထရင်း နောက်ကို လှည့်ကြည့်တော့ လက်ထဲမှာ ဆေးထိုးအပ် အလွတ်တစ်ချောင်းကိုင်လျက် ကျနော့်ကို ပြုံးကြည့်နေသာ သူ့ကို တွေ့လိုက်ရသည်။ ဆေးထိုးအပ်ကား အလွတ်၊ ဆေးရည်တွေက ကျနော့်ကိုယ်ထဲ ရောက်ကုန်ပြီ။
" ဘာကြောင့်လဲ.. ဘာလို့ ဒီလိုလုပ်တာလဲ ဘာကြောင့် ကျနော့်ကိုမှလဲ " ကျနော် မျက်ရည်တွေ စီးကျလာသည့်ကြားမှ မေးမိသည်။ သူက ခပ်ပြုံးပြုံး၊ သို့သော် မကောင်းဆိုးဝါး ဆန်သည့် ကြောက်စရာ အပြုံး။
" မင်းကိုမှ ဘာကြောင့်လုပ်ရသလဲဆိုတဲ့ အကြောင်းပြချက်တော့ မရှိပါဘူး၊ ဘာလို့လုပ်တာလဲဆိုတာတော့ ရှင်းပြချင်ပါတယ်။ ဒါပေမဲ့ မင်းမှာ အချိန်မရှိဘူး"
" အချိန် မရှိဘူး ? "
" အင်း မင်းကို ကိုယ်ထိုးထည့်ပေးလိုက်တာ အဆိပ်တွေပဲ၊ ငါးမိနစ်ပြည့်တာနဲ့ မင်းရဲ့ အာရုံကြောတွေကို သေအောင်လုပ်ပစ်လိမ့်မယ်၊ နှလုံးခုန်တာ ရပ်သွားပြီး မင်းသေသွားလိမ့်မယ်။ အဲ့တော့ ငါးမိနစ်မပြည့်ခင် မင်းဖြေဆေးထိုးခံရမှ ရမယ် ၊ ကဲ ဒီတော့ကိုယ်ပြောတာ နားထောင်၊ ဒီတံခါးကနေ ထွက်ပြီးဓာတ်လှေခါးဆီ ဟန်မပျက်လျှောက်သွား၊ CCTV တွေ ရှိတယ်။ ငါ့အခန်းထဲက မင်းအေးအေးဆေးဆေး ထွက်သွားတာ မြင်ပါစေ၊ ဟန်မပျက်စေနဲ့၊ နောက် ဟိုတယ် အပြင်ကိုထွက်၊ ဘယ်ဘက်ကို ချိုး၊ အဲ့လမ်းကြားလေးထဲမှာ မီးခိုရောင်ဗန်ကားနဲ့ လူတစ်ယောက်ရှိမယ်။ အဲ့ကျရင် စကားဝှက်ပြော၊ စကားဝှက်က အခန်း ၈၀၈ ၊ သူကမင်းကို ဖြေဆေးထိုးပေးလိမ့်မယ်။ CCTV ရှေ့မှာ ဟန်ပျက်တာပဲ ဖြစ်ဖြစ်၊ လမ်းမှာ လူတွေကို အကူအညီတောင်းတာပဲ ဖြစ်ဖြစ် မင်းငါ့ဆီက ဖြေဆေးရမှာမဟုတ်ဘူး။ မင်း အကူအညီတောင်းလည်း မင်းကို ဘယ်သူမှ မိနစ်ပိုင်းအတွင်း ကူညီပေးနိုင်မှာ မဟုတ်ဘူး ။ အဲ့ကျ မင်းသေရမှာပဲ၊ ကဲ သဘောပေါက်ရင် အကျီဝတ်၊ ဒိုးတော့ မြန်မြန် "
သူက ကျနော့် အကျီနဲ့ ဘောင်းဘီကို ကမ်းပေးရင်း ခပ်အေးအေး ရှင်းပြနေသည်။
ဘောင်းဘီကို ဝတ်၊ တီရှပ်ကိုစွပ်ရင်း ကျနော် အိပ်မက်မက်သလို ဖြစ်နေသည်။ ဘာကြောင့်လဲ ဘာဖြစ်နေတာလဲ ကျနော်နားမလည်နိုင်တော့။ ခေါင်းတွေလေးပြီး ချာချာလည်သလို စခံစားလာရသည်။
" ဟေ့ ဟေ့ကောင်တင်းထားစမ်း၊ သားရေတွေ သိမ်း၊ သုတ်ပစ်လိုက် " သူက ကျနော့် ပါးစောင်မှ စီးကျလာသော သားရေများကို သုတ်ပစ်ရင်း ပါးကို ခပ်စပ်စပ်ရိုက်သည်။ တကယ်ပင် ကျနော် အားလေးလျှာလေး ဖြစ်ပြီး သားရေ မနိုင်ဖြစ်လာသည်။
" သွား မြန်မြန် ကိုယ်မှာတာတွေ မမေ့နဲ့၊ ဟန်မပျက်စေနဲ့၊ စကားဝှက်က အခန်း၈၀၈ "
စိတ်ညိုခံရသူပမာ သူ့အမိန့်အတိုင်း နာခံရင်း တံခါးဆီကို ပြေးကပ်သွားလိုက်သည်။ 808 ဆိုသည့် အခန်းနံပါတ် ထွင်းထားသော ကြေးပြားက အေးစက်နေသည်.......
အင်း ဟုတ်သည်။ ဒါပါပဲ ဒါကပဲ ကျနော် ဗန်ကားပေါ် ဘယ်လိုရောက်လာသည်ဆိုသည့် ဇာတ်လမ်း။ ခုတော့ ကျနော်က ကားပေါ်မှာ၊ ဘေးမှာ သူပြောခဲ့သည် လူက ထိုင်လျက်။
" အခန်း ၈၀၈ ဖြေဆေး " ကျနော် အာလေးလျှာလေးဖြင့် ရေရွတ်ရင်း အကူအညီတောင်းမိသည်။
" မပူပါနဲ့ မင်းကိုယ်ထဲက အိပ်ဆေး တစ်မျိုးပါ၊ မင်းဖြေဆေးမလိုပါဘူး "
" တကယ် ဆေးမလိုဘူးလား၊ ကျနော် မသေတော့ဘူးလား " ကျနော့် လည်ပင်း မခိုင်တော့၊ ဇာတ်တစ်ခြမ်းစောင်းနေပြီ။
" အေးပေါ့ ဖြေဆေးရရင် မင်းပြန်နိုးလာမှာပေါ့၊ အဲ့လို မင်းနိုးနေရင် မင်းကျောက်ကပ်ကို ငါတို့ထုတ်တဲ့အာ မင်းနာမှာပေါ့ " သူ့အသံက လှောင်သံ အပြည့်ဖြင့် ဖြစ်သည်။ သို့သော်လည်း ထိုလူ နောက်နေခြင်းမဟုတ်ပဲ အတည်ပြောနေသည်မှန်းကျနော်ယုံကြည်သည်။ ကျနော့်သူ့ကို မမြင်ရတော့၊ ကျနော့် မျက်လုံးတွေ ပိတ်လာနေပြီ။
" ကျောက်ကပ်.. ထုတ်မယ်.. ဟလား..." စကားလုံးတစ်လုံးထွက်ဖို့ သေလုမျောပါးအားတင်းပြီး ကျနော်မေးသည်။
" အေ့လေ မင်းကိုကျောက်ကပ်ထုတ်ဖို့လေ၊ အဲ့အတွက် မင်းကို ရောင်းစားသွားတာပဲ "
" ဘာ..လို့ ကျ...ေ..နာ်..လဲ.. "
" အကြောင်းပြချက် မရှိပါဘူး၊ တခါတရံ လူတစ်ယောက်အပေါ် သတ်ဖြတ်ဖို့၊ ယုတ်မာဖို့၊ အမြတ်ထုတ်ဖို့အတွက် ဘာလို့ အဲ့လူကိုမှ ရွေးလဲဆိုတဲ့ အကြောင်းပြချက် မလိုအပ်ပါဘူး။ ဘယ်သူမဆို အကြောင်းပြချက် မရှိပဲ သားကောင် ဖြစ်သွားနိုင်တာပဲ "
ကျနော့်မှိတ်နေသည့် မျက်လုံးမှ မျက်ရည်ပူများ စီးကျလာသည်။ သြော် ကျနော် သေရတော့မယ်တဲ့၊ ကျနော့် ကျောက်ကပ်ကို ထုတ်ယူပြီး ရောင်းကြတော့မယ်တဲ့၊ မနက်က ကျနော် ပုံမှန်အတိုင်း နေမြင့်မှ အိပ်ယာထသည်။ လေ့ကျင့်ခန်းလုပ်သည်၊ မနက်စာစားသည်၊ ထိုအချိန်ကတော့ ညနေကျရင် ငါတော့ သေရတော့မှာပဲလို့ မတွေးမိ၊ ကြိုလည်း မသိ၊ ကျနော့်ဘဝ အဆုံသတ်ရမည်ဆိုမှ ကျနော် ဘာမှမလုပ်ရသေးမှန်း သတိရသည်။ ကျနော့်အတွက်၊ ကျနော့် မိသားစုအတွက် ကောင်းကျိုး တစ်စုံတစ်ရာ ကျနော်မလုပ်ခဲ့။ ကျနော်သည် တန်ဖိုးမရှိ။ ရုတ်တရက် ကျနော့် စိတ်ထဲ မေးခွန်းတစ်ခုကို သတိရလာသည်။
မျက်လုံးမဖွင့်နိုင်၊ မလှုပ်နိုင်၊ လျှာတွေလေးလာသည့်ကြားမှ အားယူမေးသည်။
" ကျနော့်...ကို .. ဘ..ယ်လောက် .. နဲ့ ဝယ်ခဲ့ရ... လဲ " ထိုသူ့ မျက်နှာ ဘယ်လိုဖြစ်သွားမည်မှန်း မမြင်ရသဖြင့် ကျနော် မသိနိုင်ပါ။ ရုတ်တရက် တိတ်ဆိတ်သွားပြီးမှ
" မင်း ကျောက်ကပ်အတွက် ၂၅ သိန်းပေးခဲ့ရတယ်၊ တခြား အပိုင်းတွေ သူဘယ်သူ့ကို ဘယ်လောက်နဲ့ ရောင်းဦးမလဲတော့ ငါလဲ မသိဘူး"
သြော်.. ကျနော်ပြုံးမိလား ကျနော် မသေချာ။ ပြုံးခဲ့လျင်လည်း အခန်း၈၀၈ မှ ကျနော့်ကို ဆေးထိုးလွှတ်လိုက်သော သူ့လို လှောင်ပြုံးပင် ဖြစ်မည်ဟု ထင်သည်။ သူကတော့ ကျနော့်ကို လှောင်သည်။ ကျနော်ကတော့ ကံတရားကို လှောင်သည်၊ လောကကြီးကို လှောင်သည်၊ မြတ်စွာဘုရားကို လှောင်သည်။ ကျနော့်ရဲ့ ရှင်သန်ရာ ပတ်ဝန်းကျင် တစ်ခုလုံးကို လှောင်သည်။
ဘယ့်နယ့် ကိုယ်ပိုင်တဲ့ ခန္ဓာကိုယ်တစ်ခုကို ၂သောင်းခွဲနဲ့ ရောင်းတာတောင် သူ့ဆီက ပိုက်ဆံမရသေး၊ သူကတော့ သူမပိုင်သော ကျနော့် ခန္ဓာကိုယ်ကို ၂၅ သိန်းဖြင့် ရောင်းသွားပေပြီ။ ဘာတွေကများ ကျနော်တို့ကို ကွာခြားစေခဲ့တာလဲ၊ ကိုယ့်ကိုကိုယ် အသုံးချတာနဲ့ သူများကို အသုံးချတာလား၊ အခန်း၈၀၈ မှာ နေတာနဲ့ အဆောင်မှာ နေတာလား၊ ရန်ကုန်သားနဲ့ တောင်ပေါ်သားလား၊ ပညာအရည်အချင်းလား၊ ဘာကြောင့်လဲ ဘာတွေကများ ကျနော်တို့ကို ကွာခြားသွားစေတာလဲ။
တချို့သောအရာတွေအတွက် အကြောင်းပြချက် မရှိကြောင်း ကျနော် သိပါသည်။ ထိုအထဲတွင် ကျနော် သေဆုံးရခြင်းလည်း ပါကောင်းပါနိုင်သည်။
ခန္ဓာကိုယ်လေးလံလာသလို ကျနော့်အတွေးများလည်း လေးလံလာသည်ဟု ထင်သည်။ လူများကိုမသတ်ခင် နောက်ဆုံးဆန္ဒကို ဖြည့်ဆည်းပေးလေ့ရှိေုကာင်း ရုပ်ရှင်ထဲတွင် မြင်ဖူးသည်။ ကျနော့် ဆန္ဒကို ကျနော် စဉ်းစားမိသည်။ ကျနော့် ဆန္ဒမှာ အခန်း၈၀၈ကသူ ဖြစ်ချင်ရုံသာဖြစ်သည်။ အဲဒိ့လိုသာ ဆိုလျှင် ကျနော့် ခန္ဓာကိုယ်ကို အကြောင်းပြချက်ဖြင့် ရောင်းစားရန်မလိုပဲ သူများခန္ဓာကိုယ်ကိုသာ အကြောင်းပြချက်မလိုပဲ တန်ဖိုးကြီးကြီးဖြင့် ရောင်းနိုင်ဝယ်နိုင်မည်ဖြစ်သည်။
#တီနို
(`တီနို´ ဆိုသောစာသားလေးပေါ်နှိပ်ကာ မူလစာရေးသူ Teno ရဲ့စာမျက်နှာစီသွားကြည့်နိုင်ပါကြောင်း)
No comments:
Post a Comment