Thursday, May 25, 2023

နောင်တမရခဲ့ပါ (ဇာတ်သိမ်း)




နောက်ဖုံးတံခါးကို ဖွင့်လိုက်တော့ဘာများတွေ့ရမယ်လို့ထင်ပါသလည်း။ အခိုင်အခံ့ဆုံးကြိုးတွေနဲ့ချည်နှောင်ထားတဲ့ အသံမပြုနိုင်အောင် တိပ်ကြီးကြီးနဲ့ကာဗာလုပ်ပေးထားတဲ့ စတီဗင်ရယ်လေ။


'ဝက်လိုအော်နေတာကို ရပ်စမ်းဗျာ....နားညည်းတယ်!'


ဟာ....ဘာဖြစ်တာလည်း ရင်ဘတ်ထဲက စစ်ကနဲဖြစ်သွားရသေးတယ်။


ဘာမှမဖြစ်ပါဘူး မဖြစ်ဘူး....မဖြစ်ဘူး....။


ဓာတ်မီးနဲ့ စတိဗ်ရဲ့မျက်နှာကို အသေအချာထိုးကြည့်ပြီး ကျေနပ်နေတဲ့သူရကတော့ အလုပ်တစ်ခုကို အောင်မြင်အောင် လုပ်ဆောင်ပေး နိုင်လို့ပျော်ရွှင်နေတဲ့ မန်နေဂျာတစ်ယောက်လို သူဌေးအလိုကျ ဖြစ်စေတော့မယ်ထင်ပါရဲ့။


"Wow, တန်အောင်ကြည့်ရမယ့်ပွဲတစ်ခုပဲ ဒီဟာ....တကယ့်ကို တန်တယ်."


ကားပေါ်ကနေ ဆွဲချလိုက်တာ ဘုန်းကနဲအသံမည်သံနဲ့အတူ သူ..သူပြုတ်ကျလာတယ်။ အသည်းမဲ့သူလိုပါပဲ ခနိုးခနဲ့လေသံနဲ့ သူရက သူ့ကို စကားတွေနဲ့ကန်ကျောက်လိုက်သေးတယ်။ သူရဘာတွေကိုနာကြည်းနေတာလည်းမသိ တကယ်ဆို ကာယာကံရှင် ကျွန်တော့် ထက်သူက ပိုပြီးဘာကြောင့်ထူးကဲနေရတာလဲ။


'Sir, သာသာယာယာရှိရဲ့လားဗျ?'


'နောက်ဆုံးအကြိမ်တောင်တက်လေ့ကျင့်ခန်းလေးပါ, Sir.'


စတိဗ် ထိတ်လန့်သွားတယ်ထင်ပါရဲ့ သူရကို မော့ကြည့်ပြီး မလုပ်ပါနဲ့လို့များပြောချင်နေသလား ပါးစပ်ကတလှုပ်လှုပ်နှင့်။ မျက်ဝန်းတွေ ကရော မျက်ရည်စများဝေ့နေရော့သလား။


ဓာတ်မီးကိုစွဲကိုင် ဂေါ်ပြားကိုပုခုံးမှာထမ်းရင်း ကျွန်တော်ရှေ့က ခပ်ဖြေးဖြေးလျှောက်လာသလို သူရက ကြိုးတွေနဲ့တုပ်နှောင်ထား တဲ့ စတိဗ်ကို ခေါ်ဆောင်လာနေတဲ့ ဒီအချိန်များမှာတော့ သူရဟာ စကားတွေပြောပြောပြီး ရိုက်နှက်နေတဲ့ အာဏာပါးကွက်သားနဲ့တူနေ ပြန်ပါတယ်။


ဆက်လျှောက်လာတဲ့လမ်းမှာ လေအေးတစ်ချက် အဝေ့ ရင်ဘတ်ကဇစ်ကိုဆွဲစိရင်း ရှေ့နားလှမ်းမျှော်ကြည့်တော့ ဆီးနှင်းတွေက မြက်ခင်းတွေပေါ် သစ်ပင်တွေပေါ် ဖွေးနေအောင်ကျနေတာ စိုစွတ်လို့။ ခြေလှမ်းကိုခပ်သွက်သွက်လေး လှမ်းရင်းသွားတော့ သူရကလည်း လေလေးတချွန်ချွန်နဲ့။


တောင်ကုန်းလေးအတက်ကိုအရောက် စတိဗ်ကိုခြေလှမ်းတွေသွက်စေပြန်ရင်း သူရ နောက်ကနေပြီးအမျိုးမျိုးသောစကား တွေနဲ့ထိုးနှက် တိုက်ခိုက်နေတဲ့အဖြစ်က သူ့ခြေလှမ်းတွေကို တုန့်နှေးသွားစေတယ်ထင်ပါရဲ့။ ကျွန်တော်နောက်ကိုပြန်လှမ်းကြည့်လိုက်စဉ်မှာတော့ ချွေးတွေ ရွှဲနေပြီး ကျွန်တော့်မျက်ဝန်းကိုပြန်စိုက်ကြည့်နေတဲ့ စတိဗ်မျက်လုံး.... မျက်လုံး ကို ကျွန်တော် ဘာကြောင့်....စိုက်မ ကြည့်ရဲပါ လိမ့်။


တောင်ကုန်းလေးတွေကိုကျော်လွှား စမ်းချောင်းလေးတွေကိုဖြတ်နဲ့ အေးစက်တဲ့ရာသီကြားမှာ စတိဗ်ချွေးပြန်နေ...တယ်။ စတိဗ်လို လူမျိုးအတွက်ကတော့ ယိုင်တိယိုင်တိုင်ခြေလှမ်းမျိုးတွေကိုဖြစ်စေတဲ့ ခရီးစဉ်ပါပဲ။ မကြာခင်ရင်ဆိုင်ရတော့မည့်အဖြစ်အတွက်လည်း သူကြောက်များကြောက်နေသလား။


'ရွံစရာကောင်းတဲ့ -ီး၊ ကန်ဖို့ကောင်းတဲ့ ဖင်!"


ရှေ့ကနေဦးဆောင်နေရာကနေ နောက်ကိုလှည့်ကြည့်မိလိုက်ပြန်တော့ မြေပြင်ပေါ်ကို လဲကျနေတဲ့စတိဗ်။ ဒါကို သူရကဒေါကန်ပြီး မြည်တွန်တောက်တီးလုပ်နေတာ။ မြင်ရပြန်တော့လည်း ကျွန်တော့်ရင်ထဲ တော်တော်ခံပြင်းသား။


အို....သွားစမ်းပါ ငါနဲ့ဘာဆိုင်လည်း။


'ထစမ်းပါဗျာ။ ခင်ဗျားဟန်ဆောင်နေတာ တော်သင့်ပြီ။ အခုထစမ်း။'


သူ..သူ ဒဏ်ရာရနေသူတစ်ယောက်က လဲကျနေရာမှ ကုန်းထသလိုမျိုးမြေပြင်ပေါ်ကနေ ကြိုးစားထတယ်။ လှမ်းသွားတယ် ခြေလှမ်းတွေ တစ်လှမ်းခြင်း ခပ်ယိုင်ယိုင်..။


ဟိုး....တိုက်အမြင့် ပြတင်းပေါက်ကနေ ကျွန်တော့်အရုပ်လေးပြုတ်ကျသွားတယ်။ ရင်ထဲမှာ ဟာကနဲပဲ။ ဒါပေမဲ့ အသုံးမလိုတော့တဲ့ အရုပ်ပဲ ဒီတစ်ကြိမ်မလွှင့်ပစ်လည်း နောက်ဆိုပိုင်ဆိုင်ခွင့်မှ မရတော့တာ။ ဒီတော့ ပြုတ်ကျပါစေတော့။ လေပြင်းအနှော့မှာ လေဟာနယ် ထဲထိုးကျနေတဲ့ အရုပ်ကလေးကိုကြည့်ရင်း .....ရင်ထဲမောနေရုံပဲပေါ့။


အပြိုင်းအရိုင်းပေါက်နေတဲ့ မြက်ရိုင်းတောတွေရဲ့ အလယ်အရောက်မှာတော့ သူရက မြေကျင်းနက်နက်ကို အားသွန်ခွန်စိုက် တူးတယ်။ ကျွန်တော်က ဘေးကနေ မီးထိုးပြပြီးကူညီရတာ။


ဟူး........အငြိုးအာဃာတက အပြုခံရသူအတွက်တော့မသိဘူး ပြုသူတွေတောင် တော်တော်ပင်ပန်းသား။


အရေးထဲ ရာသီဥတုအေးနေတာ ဆီးကသွားချင်နေသေးတယ်။ ဒါကြောင့် ကျင်းဘေးကိုတစ်ချက်လှမ်းသွားပြီး သေးပေါက်မိနေစဉ် သူရအသံကြောင့်ရော မသိစိတ်ကလှုံ့ဆော်မှုကြောင့်ရောပဲလားမသိ အလိုလိုစောင်းငဲ့ကြည့်မိလိုက်တော့ စတိဗ်က မြေပေါ်တွားသွား ရင်းအဝေးကို ဖယ်ရှောင်ဖို့ကြိုးစားနေတာကို သူရကမြင်သွားတာဖြစ်မှာ။


'ဘော်ဒါကြီး ဒါစစ်ရေးလေ့ကျင့်နေတာမဟုတ်ဘူးဗျနော်။'


'ဟေး ဆွေမင်း သူ့ကိုကြည့်လိုက်စမ်း။ သူတွားသွားနေတာကိုကြည့်လိုက်စမ်း.....ဟား ဟား။'


'အချစ်ကလေး....လာပါ......ဒီကိုလာပါ။ ကောင်းကင်ဘုံက အချစ်ကလေးကိုစောင့်နေပါတယ်။'


'မြန်မြန်လာဗျာ.....။'


အို.......ကျွန်တော်သူရလုပ်သမျှကိုမတားမြစ်ဖြစ်ဘူး။ ဘာကြောင့်လည်း ကျွန်တော့်ခံစားချက်ကဘာလည်း။ မုန်းတီးမှုလား ဟန်ဆောင်သရုပ်ဆောင်မှုတွေလား။


ကြိုးတုပ်ထားတဲ့ စတိဗ်ကို ခြေထောက်ကနေ သူရဆွဲခေါ်လာတယ် မြေကျင်းရှိရာကို။တရွတ်..တရွတ်နဲ့....မြေကျင်းရှိရာကို ပါလာတာ။


မြေကျင်းနှုတ်ခမ်းလေးပေါ်မှာ စတိဗ်ပက်လက်လေးလှဲလျောင်းနေရချိန်မှာ သူရကတော့ သူ့ရဲ့ အစီအစဉ်တွေအတိုင်း ဆက်လက် ဖော်ဆောင်နေတာများ ကလည်း တစ်ဆင့်ပြီးတစ်ဆင့်။


မြေသားတွေက ကျင်းနှုတ်ခမ်းပေါ် အတော်အသင့်ရောက်ရှိလာချိန်မှာတော့ သူရအပေါ်ကို တက်လာတယ်။ ပြီးတော့ ကျွန်တော့်ကို တောင်ဘာမှမပြောတော့ဘူး ရုပ်ရှင်ထဲကလူကြမ်းတစ်ယောက်လို ဆက်လက်သရုပ်ဆောင်နေတော့တာ။


'မသေခင် စီးကရက်တစ်လိပ်လောက် သောက်ချင်သေးလား..။'


'Ooops! မေ့နေလိုက်တာ စီးကရက်က ခင်ဗျားကျန်းမာရေးကိုထိခိုက်စေတယ်လေ။'


သူရရဲ့ခြေတစ်ဖက်မြောက်တက်သွားပြီး ဘုန်းကနဲကျင်းထဲကျသွားတဲ့ စတိဗ်ကိုမကြည့်ရဲတော့သလိုပဲ။ သူဟာ ဘာမှ ပြန်လည်မတုန့်ပြန် နိုင် တဲ့အတွက်လား ဒါမှမဟုတ် အရာရာကို လက်လျော့ပြီး နေနေတဲ့ လူတစ်ယောက်လို့ခံယူသွားတာကြောင့်လား အဲဒီလိုလူရဲ့ ပုံစံမျိုး ဖြစ်နေရတာ ဘာကြောင့်များလည်း။ တကယ်ဆိုသူရုန်းကန်ထွက်ပြေးရင်ရနေသားပဲ။ ကျွန်တော်...ကျွန်တော့်ကိုချစ်များ ချစ်နေသေး တာလား။


လွှားကနဲဖြစ်ဖြစ်သွားတဲ့ သူရရဲ့ ဂေါ်ပြား လှုပ်ရှားမှုအတိုင်း စတိဗ်အပေါ်ကိုမြေသားတွေ ဖွာကနဲဖွာကနဲ ကျနေတာ သူ့ခြေချောင်း လေးတွေကိုတောင် ဖုန်းလွှမ်းစပြုလာပြီ။ စတိဗ်မျက်ဝန်းတွေက မျက်ရည်တွေစီးဆင်းလာသလို ကျွန်တော့်မျက်နှာဆီကိုစိုက်ကြည့် နေတာက မခွာတော့ဘူး...။


'ဟမ်.....ပိုက်ဆံက သစ်ပင်တွေကို မရှင်သန်စေနိုင်ဘူး ခင်ဗျားသိလား'


'ဒါပေမဲ့ လူသေပေါ်မှာတော့ ကောင်းကောင်းရှင်နိုင်တယ်ဗျ'


'ခင်ဗျား မနာမကျင်ဘဲနဲ့ ကောင်းကင်ဘုံကိုရောက်ရစေမယ်။ နောက်များမှ ကျေးဇူးမတင်နဲ့နော်...။'


ပြူတင်းပေါက်ကနေ မြေပြင်ပေါ်လဲကျနေတဲ့ အရုပ်လေးကို လှမ်းမြင်နေရတယ်။ မိုးစက်လေးတွေကလည်း တဖွဲဖွဲကျလာပြီ။ ရွှံ့ရေတွေလည်း လမ်းပေါ်မှာအိုင်စပြုလာပြီ။ ကျွန်တော့်ရင်ထဲ ဘယ်လိုမှ တင်းမထားနိုင်တော့ဘူး။ ကိုယ်မပိုင်ဆိုင်ရပေမဲ့ အသုံးမပြုချင်တော့ပေမဲ့ စင်ပေါ်မှာထားပြီး သူ့ကိုအလှကြည့်နေနိုင်သေးတာပဲ။ ပြီးတော့ သူနဲ့ပတ်သက်ခဲ့ရတဲ့ ပိုင်ဆိုင်ခဲ့ရတဲ့ ပျော်ရွှင်မှုအတိတ်ကို တမ်းတနိုင်နေသေးတာပဲ။


'အဲဒါကိုရပ်လိုက်တော့ ၊ အားလုံးပြီးသွားပြီ....အားလုံးပြီး သွားပြီ။ ငါပြောနေတယ်လေကွာ ပြီးပြီ'


ကိုယ့်ညီအကိုမောင်နှမကို တစ်ယောက်ယောက်က လည်းပင်းညှစ်နေတာကို လှမ်းမြင်လိုက်ရသလိုမျိုး၊ ကိုယ်ပိုင်ဆိုင်သမျှအားလုံးကို တစ်ယောက်ယောက်ကလွှင့်ပစ်နေတာကို မြင်ရတဲ့ သူတစ်ယောက်ရဲ့ခံစားမှုမျိုး ကျွန်တော့်ရင်ထဲခံစား...ခံစားလာရတာကြောင့် သူရဆီကို အပြေးလှမ်းသွားပြီးတားမြစ်မိပါတော့တယ်။ သူရလက်ထဲက ဂေါ်ပြားကိုဆွဲယူပြီး ဟိုးအဝေးကို လွှင့်ပစ်လိုက်တယ်။


'Fuck you ဘာမှားလို့လဲကွ?'


'ရပ်ယုံလေးပဲအခုရပ်လိုက်တော့၊ ငါ အဲဒီလို မလုပ်နိုင်ဘူး၊ ပိုက်ဆံတွေ ယူသွား....မင်းအကုန်ယူသွားတော့'


နှစ်ဦးသားမြေပြင်ပေါ်ကိုလုံးထွေးပြီး အပြင်းအထန်လုံးထွေးသတ်ပုတ်ကြတာ မြက်ပင်တွေတောင် လဲပြိုကုန်ပါရော။


'မင်းသောက်ရူးပဲဟေ့ကောင်....'


'မင်းငါ့ကို အဲဒီလိုမပြောနဲ....'


'ခွပ်...ခွပ်'


ဘယ်တုန်းကမှ ဒီလိုဒေါသမျိုးမထွက်ခဲ့ဖူးတဲ့ကျွန်တော် သူရကိုမြောက်တက်သွားအောင် ကန်ပစ်လိုက်တဲ့အထိ ထိုးနှက်မိသည် အထိ ဖြစ်ခဲ့ပါသည်။ သူတစ်ပါးကိုနာကျင်စေဖို့ဆိုတာ ဘယ်တုန်းကမှ စိတ်ထဲမှာမဖြစ်ခဲ့ဖူးတဲ့ကျွန်တော် ကိုယ့်ချစ်သူ..ချစ်သူဖြစ်ခဲ့သူကို အမှန် တကယ်ရန်ရှာနိုင်တော့မယ်ဆိုသောအခါမှာတော့ ဘယ်လိုမှကို မထိန်းနိုင်တော့ပါ။


'မင်းသွားတော့...ငါတို့ကိုထားပြီး သွားတော့။ ကားထဲမှာရှိတဲ့ပိုက်ဆံတွေအားလုံးကိုယူသွား၊ ငါမလိုချင်တော့ဘူး၊ ငါပိုက်ဆံအတွက် လှုပ်ရှားခဲ့တာမဟုတ်ဘူး၊'


'သူကလည်း ရဲကိုတိုင်မှာမဟုတ်ဘူး၊ သွားတော့..သွားတော့'


သူရမျက်ဝန်းတွေက အတန်ငယ်ငြိမ်သက်သွားပြီး ထိုးကြိတ်တာတွေလည်းမလုပ်တော့ပဲ ကျွန်တော့်မျက်နှာကိုသာ စူးစိုက်ကြည့်တယ်။ ဒါဆိုတော့ ကျွန်တော်လည်း မြေကျင်းထဲမှာ ထိတ်လန့်ခြောက်ခြားစွာ လှဲလျောင်းနေရတဲ့ စတိဗ်...ကိုကြီးရှိရာကို အပြေးလေးဆင်းပြီး ကူကယ်ရာမမဲ့အောင်ပြုလုပ်ပေးရတော့မပေါ့။


မြေသားထဲနစ်မြုပ်စပြုနေတဲ့ ခြေထောက်တွေကို အသာဖယ်....ရင်ဘတ်ပေါ်က သစ်ရွက်ကလေးတွေကိုအသာအယာဖယ်ပြီး ချစ်သူ့မျက်နှာငွေလဝန်းကို ကျွန်တော်ဝမ်းသာအားရ ကြည့်မိရသလို ဝမ်းနည်းမျက်ရည်တွေလည်း တွေတွေကျမိရတာပေါ့ဗျာ။


'ကိုကြီးကို မုန်းလို့မဟုတ်ရပါဘူးဗျာ....ကိုကြီး ကိုကြီးကထားသွားမှာကိုမခံစားနိုင်လို့ပါ'


'ကိုကြီး.....စိတ်မဆိုးပါဘူးနော် ကျွန်တော့်ကိုလေ ကျွန်တော့်ကိုစိတ်မဆိုးပါဘူးနော်'


ကိုကြီးကလည်း ကျွန်တော့်မျက်နှာကို ဝမ်းသာမျက်ရည်တွေနဲ့အတူ မျှော်လင့်မျက်လုံးတွေဖြင့် ကြည့်မဝဖြစ်နေရင်း ဘာကို ထိတ်လန့် တကြားဖြစ်သွားသလည်း မသိ ရုတ်တရက်ပြူးကျယ်လာရင်း တစ်စုံတစ်ခုကို ပြောချင်နေတဲ့ ရုန်းကန်လှုပ်ရှားမှုတွေ ဖြစ်တည်လာတယ်။ ဒီတော့မှ သူ့ပါးစပ်က တိပ်ကိုခွာဖို့ ခွာပေးဖို့ သတိတရကျွန်တော်လက်လှမ်းလိုက်စဉ်မှာ ' ခွပ်...'


'Aw, ငါ -ိုးမသား...မင်းက ဘယ်ဘက်ကခံစားနေရတာလည်း!'


လေရူးသုန်သုန်မှာ ကျွန်တော့်ခေါင်းတွေချာချာလည်မှုနဲ့အတူ ခိုလှုံဖူးရာ ရင်ခွင်ကျယ်ထဲ တအိအိလဲကျသွားရတာကို နောက်ဆုံး သတိရလိုက်ရပါတော့တယ်။ အမှောင်လောကဟာ မိတ်ဆွေရင်းပဲဆိုပါတော့လေ...။


'အား...'


x x x


ချာချာလည်လို့ မူးမိုက်သွားခဲ့ရာက အမှောင်တိုက်ထဲကို ကျွန်တော်ထိုးစိုက်ကျရောက်သွားခဲ့ရတာ အချိန်အတော်ကြာခဲ့ရတာပေါ့။ ကျွန်တော်ဘာကြောင့်များ ရုတ်တရက်မူးဝေပြီး လဲကျသွားခဲ့ရတာလည်း ဘာဖြစ်သွားခဲ့ရတာလည်း စဉ်းစားမရခဲ့ဘူး။


အေးမြတဲ့ အရိုင်းလေတွေရဲ့ ထိခတ်မှုကို အရေပြားကတစ်ဆင့်သိလိုက်ရချိန်မှာတော့ ကျွန်တော့်တစ်ကိုယ်လုံးဟာ ကြိုးတွေနှင့် တုပ်နှောင်ထားတာခံနေရကြောင်း ပြီးတော့ နှုတ်ခမ်းအစုံကလည်း အသံပြုမရအောင် တိပ်ပြားကြီးကြီးနှင့် ပိတ်ခံထားရကြောင်း ကျွန်တော်အလွန်ထိတ်လန့်တုန်လှုပ်စွာသိလိုက်ရပါပြီ။


လမ်းတွေရဲ့ ဖြောင့်ဖြူးမှု ကြမ်းတမ်းမှုတွေရဲ့ အာရုံကို အတိအကျသိနေရတဲ့ ကားနောက်ခန်းက ကျွန်တော့်မှာ ဘာကို လုပ်ဆောင် ရမည်မှန်းမသိ၊ ဘာကြောင့်များ ကျွန်တော့်ကို ဖမ်းဆီးခေါ်ဆောင်လာပါလိမ့်။ ဒက်ဒီတို့မှာ ပြီးတော့ ကျွန်တော့်ကို ရန်ညှိုးထားမဲ့သူမရှိဘူး အခုအချိန်ထိမရှိခဲ့ဘူးပါ။ ငွေကြောင့်လား ငွေကြောင့်ဆိုရင်တော့ ကျွန်တော့်ကားထဲမှာလည်း အတော်အသင့်ပါနေသား မဟုတ်လား။


ကားပြူတင်းကတစ်ဆင့် မြင်လိုက်ရတဲ့ နီယွန်မီးရောင်ကြောင့် မြို့စွန်လမ်းမပေါ်ကတစ်နေရာဆိုတာကို သတိပြုမိလိုက်တယ်။ ရှေ့ခန်းက ဒရိုင်ဘာနေရာကလူကတော့ အေးအေးဆေးဆေး ကားရေဒီယိုက သီချင်းကိုလိုက်ညည်းနေရင်း ဘယ်သူ့ကိုစောင့်နေသည်မသိ။


ခဏလေးအကြာမှာတော့ ကားတံခါးဖွင့်ပြီး ဆောင့်ပိတ်သံနှင့်အတူ တစ်စုံတစ်ယောက် ကားထဲဝင်ထိုင်လိုက်တာကို သတိပြုမိ လိုက်တယ်။


ဟင်......ဒီရေမွှေးနံ့ကို ရဖူးတယ်...ရဖူးခဲ့ပါတယ် ဆွေမင်း......ဆွေမင်းသုံးတဲ့ရေမွှေးနံ့။ သူများလား.... ။


ငြိမ့်ကနဲ ခပ်ဖြည်းဖြည်းမောင်းထွက်လာတဲ့ကားဟာ အရှိန်အတော်အသင့်ရလာတော့ အမြန်မောင်းတော့တာပဲ။ အဝေးပြေး လမ်းမ....ဟုတ်တယ် အဝေးပြေးလမ်းမပေါ်ရောက်လာပြီထင်ပါရဲ့။ ကားမောင်းနေသူနဲ့ ဘေးကထိုင်လိုက်လာသူတို့ စကား ကိုတပြောပြောနဲ့ တစ်ခါတစ်လေ ကြားလိုက်ရတာရှိသလို မကြားလိုက်ရတာလည်းရှိပါရဲ့။


ထို့နောက် မြက်တောတွေထဲ တိုးဝင်လာခဲ့သလို နိမ့်လိုက်မြင့်လိုက်မောင်းရင်း မြေပြင်ညီတစ်ခုကိုအရောက် ငြိမ့်ကနဲကားထိုးရပ် သွားတယ်။


"ဖျောက်...ဖျောက်"


လာပြီ....လာနေပြီ ကားနောက်ခန်းကို။


'ဝုန်း'


ကားနောက်ခန်းတံခါးကို ခပ်ပြင်းပြင်းဖွင့်လိုက်တဲ့ အရှိန်ကြောင့်ရုတ်တရက်လန့်သွားရသလို မျက်နှာဆီကို စူးရှစွာထိုးလာတဲ့ အလင်းဓာတ်မီးကြောင့် မျက်လုံးများ ပြာဝေသွားရတာ။ နည်းနည်းကြာတော့ ခပ်ဖြည်းဖြည်းဖွင့်ကြည့်လိုက်တာ ဆွေမင်း....ဆွေမင်းရယ် သူ့ဘော်ဒါလေးရယ်ပါလား။


ကိုယ့်ကို ရက်စက်နိုင်ပြီလား....ညီရာ။


ကားပေါ်ကနေဆွဲချလိုက်တာများရက်ရက်စက်စက်.. နာကျင်သွားပေမဲ့ အားယူပြီးထလိုက်ရပါတယ်။ ဒီကောင်လေးက မင်းအတွက် ဘာလည်း မင်းနဲ့ဘယ်လိုပတ်သက်လည်း သူက ကိုယ်နဲ့ဘာဆိုင်လို့ ပါဝင်လုပ်ဆောင်နေရတာလည်း။


"ဘယ်လိုလည်း သူဌေးမင်းရဲ့ အခုကောရယ်နိုင်သေးရဲ့လား။ မဒီလေးကတော့ဆွေးနေတော့မှာနော်"


အိုး.....မင်းစကားတွေက စွပ်စွဲချက်တွေများလှချည်လား။ တစ်ဖက်သတ်စွပ်စွဲချက်တွေဖြစ်နေတယ်ဆိုတာကောမင်းသိရဲ့လား။ ကိုယ့်အနေနဲ့ကျတော့ ဘာမှပြန်လည်ချေပခွင့်မရှိရပါလား။ ညီ မင်းကရော ကိုယ့်ကို ဒီလိုလုပ်မှ ကျေနပ်တော့မှာလား။


သူ့မျက်နှာကိုတစ်ချက်ကြည့်လိုက်တော့ ဘာမှခံစားချက်မရှိ အေးစက် ခံစားချက်မဲ့။


တောင်ကုန်းတွေပေါ်လည်းတက်ရတယ် ဒီခရီးဟာ ဘာခရီးပါလိမ့်။ ပင်ပန်းလိုက်တာ....ဘာလိုအပ်တာလည်း ကိုယ်ကဘာလုပ်ပေး နိုင်မှာမို့လိုက်ခဲ့ရမှာလည်း။ နောက်ကနေတွန်းထိုးလိုက်တာများ ရာဇဝတ်သားကိုခေါ်လာတာကျနေတာပါပဲ။


'ရွှပ်.....ရွှပ်'


ဆိုတဲ့မည်သံတွေနဲ့အတူ မြေကျင်းကိုတူးနေပြီ ဘုရား...ဘုရား ငါ့ကို ငါ့ကို မင်းတို့ဘာလုပ်မှာလည်း။ ဘဝဟာဒီလိုအဆုံးသတ်ရတော့ မှာလား။ ကိုယ့်အတွက် မင်းတို့ ဒီလိုစီရင်တော့မှာလား....။


ကျွန်တော် သူတို့မြေကျင်းကို ဂရုစိုက်တူးနေတုန်း လွတ်ရာလွတ်ကြောင်း ရုန်းကန်လှုပ်ရှားမိရတာပေါ့။ ဘာပဲဖြစ်ဖြစ်..လွတ်ရမယ်။


လွတ်တော့မယ်.....လွတ်တော့မယ်။


'ဟား ဟား.....ဘော်ဒါကြီး ဒါစစ်ရေးလေ့ကျင့်ခန်းဆင်းနေတာမဟုတ်ဘူးနော်။'


ခြေထောက်က ကြိုးကို တရွတ်တိုက်ဆွဲပြီး ကျင်းဆီကိုဆွဲခေါ်သွား...သွားခြင်းနဲ့အတူ ဘုန်းကနဲပစ်ချခြင်းကို ခံရပြန်ပါတယ် မြေကျင်းထဲ။


ညီရယ် မင်းအကြည့်တွေကအေးစက်လှချီလား။ ကိုယ့်အပေါ် နည်းနည်းလေးမှ မချစ်တော့ဘူး။


ကျွန်တော့်ရင်ထဲမှာ တကယ့်ကိုနာကျင်မှုတွေ ဝမ်းနည်းဆုံးရှုံးမှုတွေနဲ့ မျက်ရည်တွေ တွေတွေကျမိပါတော့တယ်။


မြေသားတွေ တဖွားဖွားခန္ဓာကိုယ်ပေါ်ကျလာတဲ့အခါမှာတော့ ဆွေမင်းနည်းနည်းလှုပ်ရှားစပြုလာတယ်။ သူ့ဘော်ဒါကတော့ ဝမ်းသာအားရများဖြစ်နေသလားမသိ ခပ်သွက်သွက်ကျင်းကို ဖို့နေတာများ။


ခဏလေးနေတော့ ဆွေမင်းနဲ့ သူ့ဘော်ဒါ စကားများပြီး လုံးထွေးသတ်ပုတ်ကျပါရော။ ကိုယ်သိပါပြီ ကိုယ်သိနေပါတယ် ညီရယ် မင်းကိုယ့်ကို မရက်စက်နိုင်ဘူးဆိုတာ။ ကျင်းပေါ်ကနေ ဆွေမင်းခုန်ဆင်းလာတယ်။ ပြီးတော့ .....ကျွန်တော့်မျက်ဝန်းတွေကို စိုက်ကြည့်ရင်းတောင်ပန်းစကားတွေဆိုတယ်။


ကိုယ်မင်းခံစားချက်ကို နားလည်ပါတယ်။ နားလည်ပေးပါတယ်....ညီ။ ကိုယ်ဝမ်းသာလိုက်တာ....မင်းကိုယ့်ကို နာကျည်းမုန်းတီးမှု မဖြစ်သေးဘူးပေါ့။ ကိုယ်လည်းထို့အတူ..အတူ။


'ညီ...မင်းအနောက်မှာ အနောက်မှာ...သတိထား'


သူ့ဘော်ဒါက ဂေါ်ပြားကိုမြောက်တင်ရင်း ဆွေမင်းကိုရိုက်ထည့်လာတာ ဖြာကနဲဆင်းလာတဲ့သွေးတွေနဲ့အတူ သူစိုက်ကျလာတယ် ကျွန်တော့်ရင်ခွင်ရှိရာ။


'Yeah, မင်းသူ့ကိုအရမ်းချစ်တယ် ဟုတ်လား? အရမ်းချစ်တယ် ဆိုတော့လည်း သူနဲ့အတူ မြှုပ်ပေးရတာပေါ့ကွာ'


ကျွန်တော်တို့နှစ်ဦးသားကို မြေသားတွေနဲ့ ဖို့ဘို့ကြိုးစားရင်း သူစိတ်ပြေသွားသလား စိတ်ပျက်သွားတာလားမသိ ဂေါ်ပြားကိုလွှင့်ပစ်ကာ ဓာတ်မီးကိုကျင်းထဲကန်ချ ပြီးတော့ အဝေးကိုထွက်ခွားသွားတော့တယ်။


'Fuck! ဘာကြောင့် ငါတို့ဘဝတွေက စိတ်ညစ်စရာကောင်း နေရတာလဲ?'


ကျွန်တော်တို့ကိုထားခဲ့တော့တာပါလား။ မထားခဲ့ပါနဲ့ ကူညီပါဦးကွာ...။


ဟိုး...ကောင်းကင်ပေါ်ကို မော့ကြည့်လိုက်တော့လည်း လေရူးတသုန်သုန်နဲ့ နှင်းတွေကျနေတဲ့ အေးစက်စက်ညမှာ ကိုယ့်ချစ်သူကိုဘာမှ မလုပ်ပေးနိုင်ပါလားဆိုတဲ့ ခံစားချက်ကိုသာရရှိခဲ့ရပေါ့။ ခြေလက်တွေကလည်း ကြိုးချည်ထားတာ။ ပါးစပ်ကလည်း တိပ်နဲ့ပိတ်ထား.. အား။


'ဆွေမင်း....ချစ်ညီ'


အောက်ခြေကိုမမြင်ရလောက်အောင် နက်ရှိုင်းလှတဲ့ ရေကန်ကြီးထဲကို ထိုးကျသွားတယ်။ ရှေ့ကရေပြင်မှာလည်း ကိုယ့်ချစ်သူက မေ့ မြောခြင်းနဲ့အတူ တဖြည်းဖြည်းနစ်မြှုပ်လို့။ ကျွန်တော်ဘာလုပ်ရမှာလည်း ဘယ်လိုကယ်ဆယ်ရမလည်း ထမင်းလုံးတစ္ဆေခြောက်ခံ ရသူလို့ အလွန်တရာထိတ်လန့်ခြောက်ခြားနေရတဲ့အခြေအနေကိုရင်ဆိုင်နေရပြီ။


ဟင့်...အင် ညီ မင်းကိုကိုယ်မဆုံးရှုံးပါရစေနဲ့....။


.....'ချစ်ညီ'.....။


x x x


အမှောင်......နက်မှောင်နေတဲ့ လောကကမ္ဘာကြီး။ ကျွန်တော် ဘယ်ကိုသွားရမလည်း။ ဟိုးအဝေးကိုကြည့်လိုက်တော့လည်းအမှောင် အပေါ်မော့ကြည့်လိုက်တော့လည်းအမှောင်၊ ခြေထောက်အောက်ကို ငုံ့ကြည့်လိုက်တော့လည်း အမှောင်........။


အား....။


တစစ်စစ် ကိုက်ခဲနေတဲ့ခေါင်းကို ထောင်မကြည့်မိနိုင်လိုက်အောင် မူးဝေနေသေးတာ အတန်ကြာ။ အေးစက်နေတဲ့ အရာပေါ်လဲ ကျနေတာတော့လည်းမဟုတ်ပြန်ဘူး။ နှလုံးခုန်သံ တဒုတ်ဒုတ်နဲ့အတူ နွေးထွေးတဲ့ရင်ခွင်တစ်ခုထဲမှာ....။


ရာသီဥတုရဲ့ အေးစက်မှုက ဦးခေါင်းကိုနည်းနည်းပိုပြီးနာကျင်စေသလိုပါပဲ။ အပေါ်ကအုပ်မိုးထားသော သစ်ပင်များထက်က သစ်ရွက်တွေ ကလည်း တဖွဲဖွဲကျနေတာများ နှင်းမိုးစက်တွေအတိုင်း။ ဘာပဲဖြစ်ဖြစ် ကျွန်တော် မသေးသေးပါဘူး။


အေးစက်စက် သစ်တောကြီးက ဘာကြောင့်များတိတ်ဆိတ်နေရပါလိမ့်။ တောကောင်တွေရဲ့ အသံလည်းမကြားရ ဟိန်းဟောက်သံ တောင် မမြည်။ ဒါပေမဲ့ ရဖူးနေကြ ကိုယ်သင်းနံ့သင်းသင်းလေးကြောင့် အမူးပြေ လာရတာမှာ ကျွန်တော် အသာခေါင်းထောင်ကြည့် လိုက်မိရပါတယ်။


မျက်ရည်တွေနဲ့စိုရွှဲပြီး ထိတ်လန့်နေတဲ့ မျက်ဝန်းများနဲ့စိုက်ကြည့်နေတဲ့ ကိုကြီး....ကျွန်တော့်လှုပ်ရှားမှု ခေါင်းထောင်ထလာတဲ့အပြု အမူတွေကြောင့် သူ့မျက်လုံးများဟာ ပျော်ရွှင်မှုတွေ လင်းလက်လာပါတော့တယ်။


အားအင်တွေမရှိတော့သလို ခန္ဓာကိုယ်ဟာ နုံးကျသွားတာများမယုံနိုင်ပါဘူး။ ရှိသမျှအားတွေနဲ့ အသာထက ချည်နှောင်ထားတဲ့ကြိုးတွေ ပါးစပ်မှာ ပိတ်ထားတဲ့ တိပ်တွေစတဲ့ အချုပ်အနှောင် မှန်သမျှကို ဖယ်ရှားပေးလိုက်ရတာဟာ ခရီးရှည်တစ်ခုကို သွားရသလို မောလိုက် တာ ဗျာ..။


'ညီ....မင်း...မင်းဘာမှမဖြစ်ဘူးနော်'


ဟုတ်ကဲ့ပါ။ ကျွန်တော်ဘာမှမဖြစ်ပါဘူး။ ဒါပေမဲ့ မထပါရစေနဲ့ ခဏလေးငြိမ်နေပေးပါလားဗျာ။


ဒီရင်ခွင်...ရင်ခွင်ကျယ်ကြီးထဲ ခဏတာပဲဖြစ်ဖြစ် ခိုလှုံပါရစေ....ခိုလှုံခွင့်ပေးပါဦး။


ကြည်လင် တည်ငြိမ်နေတဲ့ ကန်ရေပြင်မှာ လေပြင်းတွေကြောင့် လှိုင်းကြက်ခွပ်တွေထခဲ့တယ်။ မုန်တိုင်းကြောင့်ကန်ရေပြင်ဟာ လှိုင်းထန်ခဲ့တယ်။ ကန်ရဲ့တစ်ဖက်ကမ်းကိုမရောက်သေးတဲ့ လှေငယ်ပေါ်မှာ အသည်းအသန် ထိတ်လန့်နေရတဲ့ လူသားတွေက နှစ်ယောက်ထဲ။ အခုတော့ လေပြင်းမုန်တိုင်းဆဲသွားချိန်မှာတော့ လှေပေါ်မှာ မလှုပ်မယှက် ငြိမ်သက်နေကြမိရော။ အချိန်အတော်ကြာ စကားတောင်မပြော ဖြစ်ကြပါဘူးလေ။


'ညီ..ထ ကိုယ့်ကျောပေါ်တက်' ကျွန်တော့်အဖြစ်ကိုကြည့်ပြီး ချစ်စိတ်ဝင်သွားတယ်ထင်ပါ့။ သူ့ကျောပြင်ပေါ်ကိုအသာအယာတင်ပြီး ရပ်ထားခဲ့တဲ့ကားရှိရာကို ခပ်ဖြေးဖြေးရွေ့ခဲ့ကြပါတယ်။


ကိုကြီးရယ် ဒီအချိန်လေးက အရမ်းချမ်းမြေ့တာပဲ ကျွန်တော့်အတွက်။ ချစ်ရသူရဲ့ ကျောပြင်ပေါ်မှာ မှေးစက်ပြီးလိုက်ပါရတာ ဘယ် လောက်စိတ်ချမ်းမြေ့စေတယ်ဆိုတာ ဘယ်သူမှ မသိနိုင်ပါဘူး။ သိမယ်မထင်ပါဘူး။


ရပ်ထားတဲ့ကားကို ကားလမ်းမရှိရာဘက်ကိုအသင့်လှည့်ပြီးသားတွေ့ရတဲ့အခါ သူရ...ချစ်သူငယ်ချင်းကို ကျေးဇူးတင်ရပါတယ်။ ဘာပဲဖြစ်ဖြစ် တို့တွေက သူငယ်ချင်းဖြစ်ကြတာပဲ မဟုတ်လား။ တံခါးကိုအသာဖွင့်.... အသာချပြီးထိုင်စေကာ ကျွန်တော့်ကို မျက်ဝန်း တွေနှင့် တွေတွေစိုက်ကြည့်နေတာ စူးစူးနင့်နင့်။ ဒီလိုအကြည့်တွေမှာ နစ်မြောခဲ့ရတာ ရင်ခုန်တိမ်းမူးခဲ့ရတာ။


အရှေ့ဆီက ရောင်ခြည်တွေထွန်းလင်းစ မနက်စောစောကြောင့်ထင်ပါရဲ့ အမှောင်တွေကွယ်ပျောက်စပြုလာတယ်။ ခပ်သွက်သွက် မောင်းလာတဲ့ ကိုကြီးလက်တွေက ကျွမ်းကျင်စွာ စတီယာရင် ကိုလှည့်ပတ်လို့။ ဒါပေမဲ့ မျက်လုံးတွေက နောက်ကြည့်မှန်ကနေ အဆက်မပြတ်ကြည့်နေ အကဲခတ်နေတာမကြာခဏ။


မရည်ရွယ်ခဲ့ပါဘူး။ အရိုင်းစိတ်လေးတွေဝင်ခဲ့မိတယ်လို့ပဲ သဘောထားပေးပါနော်။


ချစ်လို့ ...ချစ်ဖို့မဖြစ်နိုင် တော့မှာစိုးရိမ်လို့ ကျွန်တော်........။


'Sorry....I'm so sorry'


'Nice to meet you, Steven'


စကားတွေကိုပြန်မပြောပဲ မျက်ရည်တွေဝေ့နေတဲ့ အကြည့်မျက်ဝန်းတွေကတစ်ဆင့် ကိုကြီးရင်ဘတ်ကိုလှမ်းမြင်နေရပါတယ်။ ကျွန်တော်နားလည်ပါပြီဗျာ ကိုကြီးက ကျွန်တော့်လိုထုတ်ဖော်ပြီး မချစ်ပြတတ်သူဆိုတာ။


ကားကလေးက ခပ်သွက်သွက်နှင့် ခရီးမိုင် အတော်များများကိုဖြတ်သန်းလာခဲ့ပါပြီ။ စိတ်တွေအေးဆေးသွားပြီဆိုတော့မှ ခရီးမိုင်အတော်များများကို ညကလာခဲ့တယ်ဆိုတာ သတိပြုမိရပါတော့တယ်။


နေရောင်ခြည်ကတော့ နှင်းမှုန်တွေကြားကနေ ထွက်ပြူစပြုလာပါပြီ။ ခပ်သဲ့သဲ့လေးလင်းလို့....။


'ဒုန်း.......' ဆိုတဲ့အသံနှင့်အတူ မိတ်ဆွေကြီးဖြစ်တဲ့ အမှောင်ကမ္ဘာကြီး တစ်လှည့်ရောက်လာပြန်ပေါ့။


နောက်ကိုပဲလှည့်ကြည့်နေတဲ့ သူ့ကြောင့်လို့ အပြစ်မတင်ရက်ပါ။ ......တစ်စက္ကန့်.........၅မိနစ် .......မိနစ် ၂၀..........။


x x x


နွေးထွေးစိုစွတ်တဲ့ နှုတ်ခမ်းဆီက အတွေ့၊ ရင်ဘတ်ဆီကို ခပ်ဖွဖွတို့ထိလာတဲ့ လက်အစုံတို့ကြောင့် ကျွန်တော် မျက်မှောက်ကမ္ဘာကို ပြန်လည်ရောက်ရှိ......နိုးထလာခဲ့ပါပြီ။ အို.....နဖူးမှာ သွေးစအနည်းငယ်နဲ့ ကိုကြီး။ စိုးရိမ်မျက်ဝန်းတွေနဲ့ စိုက်ကြည့်နေတာ....အခုတော့ အပူလုံးကျသွားရောပေါ့နော်။


မျက်ရည်ကျတာ ယောက်ျားတွေရဲ့အလုပ်မဟုတ်ဘူးလို့ ကိုကြီးကပြောခဲ့ဘူးတယ်နော်။ ဘယ်တုန်းကမှ မျက်ရည်ကျ အောင်မခံစားခဲ့မိဖူး ဘူးကျွန်တော်။ ဒါကြောင့် မျက်ရည်မကျမိအောင်ကြိုးစားရင်း အလိုလို မျက်နှာကြောတင်းလာခဲ့တယ်။ ဒါပေမဲ့...အချစ်ဆိုတာ ရင်ထဲဝင် ရောက်လာခဲ့တဲ့အခါ ချိုချဉ်စပ်ခါးအရသာများစွာဖြင့် လူသားဆန်ခဲ့ရပါတယ်။


ဟင့်အင်.......ဝမ်းသာမျက်ရည်ပါဗျာ။ ကိုကြီးလည်း မျက်ရည်မကျနဲ့တော့ ကျွန်တော်လည်း.....မ...ငို.....တော့.....ဘူး။


ကောင်းကင်ဘုံက ဘုရင်းသခင်သာကြည့်နေရင် ပြုံးရွှင်နေတဲ့ ချစ်သူနှစ်ဦး......လူသူကင်းမဲ့ရာ ဒေသကနေ လူတွေအလွန်ရှုပ်ထွေး အပူအပင်တွေများလှတဲ့ လူစုလူဝေးရှိရာ အရပ်ကို ဇွတ်တိုးဝင်ဖို့ ကားတစ်စင်းနှင့် မောင်းထွက်သွားတာကို စိတ်ပျက်လက်ပျက် နဲ့များကြည့်နေမလားပဲ။


မဟူရာရောင်တောက်ပနေတဲ့ လမ်းမတစ်လျှောက်......နေအလာ နှင်းပျောက်ချိန်။ သစ်ပင်တွေထက်မှာလည်း သစ်ရွက်တွေ ဟာစွေးစွေးနီလို့။


ကားပြူတင်းကတစ်ဆင့် တိုးဝင်လာတဲ့ လေအေးအေးလေးကြောင့် ကိုကြီးပုခုံးဆီ ကျွန်တော် တိုးလို့ကပ်မှီရင်း... ..ငြိမ်သက် လိုက်ပါသွားရပေါ့။


ကိုကြီး..'I Love You'...။


x x x




ဝရံတာ အကျယ်ကြီးမှာ တစ်ယောက်တည်းရပ်နေကာ ကောင်းကင်ပြင်ကျယ်ကြီးကို မော့ကြည့်မိသည်။ ကျယ်ပြောလိုက်တာ..။


အောက်ကိုငုံ့ကြည့်လိုက်တော့လည်း လူတွေ ကားတွေက အလျှိုလျှိုသွားလာလှုပ်ရှားနေကြသည်။


ခပ်လှမ်းလှမ်းက ပင်လယ်အနားသတ်ကိုကြည့်လိုက်တော့လည်း လှိုင်းလုံးပြာပြာတွေက တက်လိုက်ကျလိုက်..။


နေရောင်ကလည်း သိပ်မပူပြင်းတော့ အရာအားလုံးဟာ သာယာနေကြသလိုပဲ။


ပုခုံးထက်ကနွေးထွေးတဲ့လက်တစ်ဖက်ကြောင့် အနားကို ကိုကြီးရောက်လာမှန်းသိလိုက်ရသည်။ ကိုယ်သင်းနံ့မွှေးရီရီက တိမ်းမူးဖွယ်ပင်။


'ဘာလည်းကိုကြီး..ဘာကိုသဘောကျနေတာလည်း'


'ညီ့ဒိုင်ယာရီကို ဖတ်ပြီးသဘောကျနေတာ...ဟုတ်လား။


အင်းဟုတ်တယ်...အဲဒီကဗျာလေးက ကျွန်တော့်ခံစားမှုနဲ့ တိုက်ဆိုင်လို့ ကူးရေးထားတာဗျ။'


ဝင်္ကပါ မုဆိုး


တောနဲ့ တောင်နဲ့


ကျေးငှက်သာရကာနဲ့


တိတ်ဆိတ်မှုနဲ့


ကြည်နူးစရာ


အာရုံမှာဝိုးတဝါး။


နေလာလည်း နှင်း မပျောက်ဘူး


ခံစားချက်တွေလည်း မငြိမ်းသက်နိုင်သေးဘူး


မကျွတ်လွတ်သူ လူစစ်စစ်မို့


တရားရှာလည်း တရား မတွေ့သေးဘူး။


သံသရာ တစ်ကွေ့မှာ


ဒုက္ခကို ဝါးမျိုပြီး


ဒုက္ခကို စွန့်ပစ်ချင်သူ လူငယ်လေး တစ်ဦးပါ


မေတ္တာကို ဝါးမျိုပြီး


မေတ္တာကို ပေးဆပ်ချင်သူ လူငယ်လေး တစ်ဦးပါ


နှုတ်ဆိတ်


ရပ်တန့်


ပစ်မှတ်ရဲ့လားရာ


မြားကို ချစ်ခြင်းတရားဆီ အထပ်ထပ် ပစ်လွှတ်လိုက်ပါတယ်။


(လူဇော်သစ်)


ကျွန်တော်တော်တော်လေးကို ကြည်နူးချမ်းမြေ့ရပါပြီ။ ဘဝဟာ အားလုံးအိုကေစိုပြေသွားပြီမဟုတ်လား။ လူဆိုတာ ချစ်ရမှနေပျော်မှာတဲ့။ ဟုတ်တယ် ကျွန်တော်ချစ်ရတယ် အချစ်ခံရတယ်။ ကျောင်းကိုလည်း အဆင့်မြင့်မြင့်တက်နိုင်ပြီ။ ကိုကြီးလည်း အလုပ်မှာရော ဘဝမှာရော ဘာအနှောင့်အယှက်မှမရှိတော့ဘူး။ ပတ်ဝန်းကျင်ကတော့ အသစ်၊ လူမှုပတ်ဝန်းကျင်ကလည်း အသစ် ဒါပေမဲ့ ကျွန်တော်တို့ကို တသား ထဲ ဆက်ဆံတတ်ကြတယ်။ ကျွန်တော်တို့ချစ်ခြင်းကိုလည်း ဖြစ်ရိုးဖြစ်စဉ်တစ်ခုလိုသာ သဘောထားကြတယ်။ ကဲ...ဘယ်လောက် သာယာလိုက်သလည်း။


'ဟုတ်..ကိုကြီး သွားကြတာပေါ့။ မာမီတို့ဆီ စာသွားထည့်ရင်း လက်ဆောင်လေးတွေပါ ဝယ်ထည့်ပေးရတာပေါ့ဗျ။'


'ဒါလေးတွေကြောင့် ချစ်နေရတာ'


'အဲလိုမဟုတ်ဘူးဆိုရင် ချစ်တော့ဘူးပေါ့လေ....ဟုတ်လား။ ဟား ဟား'


စိမ့်ကနဲအေးလာတဲ့ ပြတင်းပေါက်ကလေကြောင့် တံခါးတွေကိုပိတ် ယင်းလိပ်တွေကိုအသာချရင်း မီးပွင့်တွေကို ပိတ်လိုက်ဖြစ်ပါတယ်။ ကိုကြီးက စာသွားထည့်ချင်လို့တဲ့လေ။


ညနေချမ်းလေးဟာ အအေးပိုလာတာကြောင့် နှစ်ဦးသားလှေကားတွေကတစ်ဆင့်သာ ခပ်သွက်သွက်ဆင်းဖြစ်ခဲ့ကြတယ်။ ကျွန်တော် တို့ခြေသံတွေဟာ တဒေါက်ဒေါက်ပေါ့။ Lobby ထဲအရောက် နှင်းဆီရနံ့လေး ထုံသင်းသွားတာကြောင့် ဝေ့၀ဲကြည့်လိုက်တော့ ကောင်လေး တစ်ယောက်က ချစ်စရာကောင်မလေးကို ချစ်ရည်ဝေ့နေတဲ့မျက်လုံးတွေနဲ့စိုက်ကြည့်ရင်း ပန်းစည်းတစ်ခုကို ဆက်သနေ တာကို မြင်ဖြစ် အောင်မြင်လိုက်ရသေးတော့တာ။


'ဘယ်လိုလည်း ဟန်နီ...မင်းကော ပန်းစည်းလေးမလိုချင်ဘူးလား။'


'ဟင့်အင်......အဲဒါလိုချင်ဘူး.....ဟိုဟာလိုချင်တယ်.....ဟိ'


'ဘာလိုချင်တာ.....လာထား.....'


'ဟား......ဟား'


ရယ်သံများဟာ ကြည်နူးမှုအပြည့်။



Alex Aung


Ref: 'No Regret' Movie (Korean)

Saturday, May 20, 2023

One night stand နေတဲ့အခါ အန္တရာယ်ကင်းစေဖို့

 One night stand နေတဲ့အခါ အန္တရာယ်ကင်းစေဖို့


( Dr. Htet Htet Zaw Win မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Htet Htet Zaw Win မှ ရေးသားသည်။)





One night stand ဆိုတာက တစ်ညတာ အတူနေတာကို ဆိုလိုတာပါ။ Dating app တွေကနေဖြစ်ဖြစ်၊ ဘားတွေ ကလပ်တွေကနေဖြစ်ဖြစ် ရင်းနှီးလာပြီး တစ်ညတာကို အတူကုန်ဆုံးကြတာပါ။ ဒါပြီးရင်တော့ သူလည်း သူ့လမ်းသူလျှောက်၊ ကိုယ်လည်း ကိုယ်လျှောက်ပါ။ ဒါမှမဟုတ် သဘောကျရင်လည်း ထပ်တွေ့ပေါ့။


အဲ့ဒီတစ်ညတာမှာ လိင်မှုကိစ္စသက်သက်ပဲ တာဝန်ယူတာ၊ တာဝန်ခံတာ၊ သံယောဇဉ်စတာတွေ ဘာမှမပါတဲ့အတွက် စိတ်ထဲမှာ ပေါ့ပေါ့ပါးပါးတော့ ဖြစ်မှာပါ။ သမီးရည်းစားလည်း မဟုတ်ဘဲနဲ့ နှစ်ဦးသဘောတူဖြစ်တဲ့အတွက် နောက်ကြောင်းလည်း အေးပါတယ်။ သူကျေနပ် ကိုယ်ကျေနပ်ရင် ဒီကိစ္စ ဒီမှာတင် ပြီးပါပြီ။


တစ်ညတာပဲ ဆုံလိုက်တယ်ဆိုပေမယ့် One night standတွေက တကယ်တော့ အန္တရာယ်ကင်းရဲ့လား။ လူမှုရေး ရှုထောင့်ကမဟုတ်ဘဲ ကျန်းမာရေးရှုထောင့်ကနေ ကြည့်ရအောင်။


One night stand တွေကနေ ဘယ်လို ကျန်းမာရေးပြဿနာတွေ ဖြစ်လာနိုင်သလဲ။


လိင်ကတဆင့် ကူးစက်တတ်တဲ့ ရောဂါတွေ ကူးလာတာ

တစ်ညတည်း တစ်ခါတည်း ဆိုပေမယ့် အဖော်မှာ ကူးစက်ရောဂါတွေ ရှိနေရင် ကိုယ့်ဆီကိုကူးလာနိုင်ပါတယ်။ HIV၊ အသည်းရောင် အသားဝါ ဘီကစလို့ ဂနို၊ ဆစ်ဖလစ်အလယ် အသားချင်းထိရုံနဲ့ ကူးတတ်တဲ့ လိင်အင်္ဂါရေယုန်၊ ကြွက်နို့တွေ ကူးလာနိုင်ပါတယ်။


မလိုချင်သေးဘဲ ကိုယ်ဝန်ရသွားတာ

တစ်ခါတည်း ပန်းအိုးကွဲပေမယ့် ကိုယ်ဝန်ရသွားနိုင်ပါတယ်။ ကိုယ်ဝန်ရဖို့ ဘယ်နှခါ လိင်ဆက်ဆံရမယ်ဆိုတာမှ မရှိတာပဲ။ အထူးသဖြင့် ဒီလို တစ်ညပြီးတာနဲ့ ခွဲခွာမယ့် သူတွေမှာ မလိုချင်ဘဲ ကိုယ်ဝန်ရသွားတာက ရှုပ်ထွေးမှုတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။



လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရတာ

ကိုယ်နေချင်တဲ့ ပုံစံကတခြား သူဆက်ဆံတဲ့ ပုံစံက တခြား ဖြစ်သွားတာပါ။ အတူနေဖို့ ခွင့်ပြုတယ်ဆိုရင်တောင် BDSMလိုမျိုး အကြမ်းဖက် လိင်ဆက်ဆံတာကို ခွင့်မပြုဘဲ အတင်းလုပ်မယ်ဆိုရင် ဒါလိင်ပိုင်းဆိုင်ရာ အကြမ်းဖက်တာပါပဲ။ ဒါက အမျိုးသားမှာရော အမျိုးသမီးမှာရောတွေ့ရနိုင်ပါတယ်။


လူမှုရေး နှောင့်ယှက်ခံရတာ

ပြောရမယ်ဆိုရင်တော့ stalk လုပ်ခံရတာပါ။ တစ်ညတည်းပဲ။ ပြီးရင် တာ့တာလို့ ပြောခဲ့ပေမယ့် နောက်ရက်တွေမှာ ကိုယ့်ကို မလွှတ်ပေးတာ၊ တွယ်ကပ်တာ၊ နောက်ကနေ လိုက်နေတာ ဒီလိုမျိုး အပြုအမူတွေ လုပ်တတ်ပါတယ်။ ကိုယ်က One night standအတွက်ပဲ ရည်ရွယ်ထားတာဆိုရင် စိတ်အနှောင့်အယှက်ဖြစ်တတ်ပါတယ်။


အန္တရာယ်ကင်းတဲ့ One night standဖြစ်စေဖို့

One night stand နေသင့် မနေသင့် လူမှုရေးအရ ဝိဝါဒကွဲပြားပေမယ့် နေခြင်းမနေခြင်းကို ဘယ်သူမှ တားလို့မရပါဘူး။ အရွယ်ရောက်ပြီးသူတွေဖြစ်တဲ့အတွက် ကိုယ့်ဆုံးဖြတ်ချက်နဲ့ကိုယ်၊ ကိုယ့်ကိစ္စကိုယ် တာဝန်ယူရမှာပါ။


One night standကို အန္တရာယ်ကင်းကင်း ဖြစ်စေဖို့ဆိုရင် -


ဆန္ဒရှိမှ လုပ်ပါ။

လိင်မှုဆိုင်ရာ ကိစ္စဖြစ်တဲ့အတွက် ‘consent’ လို့ခေါ်တဲ့ နှစ်ဦးသဘောတူမှုက အရေးကြီးပါတယ်။ အတူနေမယ်ဆိုပေမယ့် နေချင်သလို နေဖို့ မသင့်ပါဘူး။ ဘယ်လိုနေမှာလဲ။ မိန်းမကိုယ်နဲ့ ဆက်ဆံမှာလား။ စအိုပါလား။ အတတ်ဆန်းတဲ့ အတူနေမှုတွေကို လက်ခံမှာလား စတာတွေကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးထားဖို့ လိုပါတယ်။ မကြိုက်တာရှိရင် သဘောတူစရာမလိုပါဘူး။


ကွန်ဒုံးသုံးပါ။

လိင်ကတဆင့် ကူးစက်ရောဂါတွေ ကာကွယ်ဖို့ ကွန်ဒုံးသုံးပါ။ ပါးစပ်နဲ့ ဆက်ဆံမယ်ဆို dental dams သုံးပါ။ ဒါတောင် ကွန်ဒုံးတို့၊ dental dams တို့က ကူးစက်ရောဂါအကုန်လုံးကို မကာကွယ်နိုင်ပါဘူး။ လိင်အင်္ဂါကြွက်နို့တို့ ရေယုန်တို့က အရေပြားချင်းထိတွေ့ရုံနဲ့ ကူးနိုင်တဲ့အတွက် One night stand နေပြီး တစ်ခုခု လက္ခဏာတွေ ပေါ်လာရင် ဆေးစစ်ကြည့်ပါ။



ကိုယ်ဝန်တားပါ။

ကွန်ဒုံးသုံးမယ်ဆိုရင် ကိုယ်ဝန်ပါ တားပြီးသား ဖြစ်သွားပါပြီ။ ဒါပေမယ့် စိတ်ချရစေချင်ရင် အတူနေပြီးတဲ့အခါ အရေးပေါ်တားဆေးကို ထပ်သောက်သင့်ပါတယ်။ ခဏခဏ One night standရင်တော့ အိမ်ထောင်သည်တွေလိုမျိုး သန္ဓေတားဆေးတစ်မျိုးမျိုးကို ပုံမှန်သုံးပေးပါ။


အရက်နဲ့ မူးယစ်ဆေးရှောင်ပါ။

One night stand နေတဲ့အခါ အရက်ကို မှောက်နေအောင် သောက်တာ၊ မူးယစ်ဆေးတွေ သုံးတာ ရှောင်ပါ။ အသိစိတ်လွတ်နေတဲ့အခါ လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခံရတာ၊ ရာဇဝတ်မှုတွေ ကျူးလွန်ခံရတာ ဖြစ်တတ်ပါတယ်။


တစ်ယောက်ယောက်ကို ပြောသွားပါ။

အနည်းဆုံးတော့ ယုံကြည်ရတဲ့ သူငယ်ချင်းကို ဒီည ဘယ်မှာအိပ်မှာလောက်တော့ ပြောသွားပါ။ ကိုယ်အန္တရာယ်တစ်ခုခုနဲ့ ကြုံနေတဲ့အခါ လိုက်ရှာဖို့ လွယ်အောင်ပါ။


One night stand နေခြင်းနဲ့ ပတ်သက်လို့

One night standနေတာ မနေတာကို လူမှုရေးအရ တားမြစ်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် ကျန်းမာရေးအရ စိတ်ချရအောင်၊ မဖြစ်သင့်တာ မဖြစ်ရအောင်တော့ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ထားသင့်ပါတယ်။


ရင်းမြစ်များ


Condom Fact Sheet In Brief https://www.cdc.gov/condomeffectiveness/brief.html Accessed date Dec 5, 2022



Unintended Pregnancy https://www.cdc.gov/reproductivehealth/contraception/unintendedpregnancy/index.htm#:~:text=Most%20unintended%20pregnancies%20result%20from,intentions%20or%20reproductive%20life%20plan. Accessed date Dec 5, 2022



Partying safely and sex https://www.betterhealth.vic.gov.au/health/healthyliving/partying-safely-and-sex Accessed date Dec 5, 2022



Sexual Consent https://www.plannedparenthood.org/learn/relationships/sexual-consent Accessed date Dec 5, 2022



How One-Night Stands Turn Into Something More https://www.psychologytoday.com/us/blog/in-the-name-love/202206/how-one-night-stands-turn-something-more Accessed date Dec 5, 2022

Tuesday, May 16, 2023

No Regret (Part I)

နောင်တမရခဲ့ပါ (အပိုင်း တစ်)






ပြာလွင်နေသောကောင်းကင်ပြာပြာ ကြည်လင်နေသောရေ ပြာပြာရှိရာတောင်ကျစမ်းချောင်းထဲမှာ ကျွန်တော် လွတ်လွတ် လပ်လပ်ကူး ခပ်နေချိန် ဘဝဟာစမ်းရေကြည်လိုချိုမြိန်ပါရဲ့။ ချောင်းရိုးတစ်လျှောက်အားရပါးရကူးခပ်အပြီး သဘာဝပတ်ဝန်း ကျင်ကိုပုံတူကူးဆွဲနေသူ အဖြူရောင်ကျောက်ဆောင်တွေပေါ် ထိုင်နေတဲ့ ကျွန်တော့်သူငယ်ချင်းရှိရာကို လှမ်းလာခဲ့ပါတယ်။ သီဟဆိုတဲ့ ကျွန်တော့် သူငယ်ချင်း လေး နဲ့ ကျွန်တော် လိမ္မော် ခင်းကအပြန် အိမ်မပြန်သေးဘဲ အေးအေးသက်သာ ကြည်နူး ချိန်ယူနေကြတာနေ့စဉ်ပေါ့ ဒီချောင်းရိုးလေးမှာ။ ခဲပန်းချီကို ကျွမ်းကျွမ်းကျင်ကျင်ခြစ်နေတဲ့ သူ့ဘေးမှာထိုင်လိုက်တဲ့အချိန် စာရွက်တွေကိုသိမ်းလိုက်ရင်း ကျွန်တော့်ပခုံးပေါ်သူ မှီလိုက်ချိန် မှာ ခံစားရတာက ရင်ထဲအဆုံးမရှိချမ်းမြေ့ခြင်းတွေ။ သူ့မျက်ဝန်း မှာ နှစ်လိုအားကိုးခြင်းတွေ နွေးထွေးတဲ့အချစ်အင်အားတွေ ကို မြင်နေရ သလိုပဲ။ ဘာပဲဖြစ်ဖြစ်သူဟာ ကျွန်တော့်အချစ်ဆုံး သံယောဇဉ်အရှိဆုံး ဘယ်သူမှအစားထိုးလို့မရမဲ့သူ...သူပါပဲ။


"ဟား....ဟား ခါးကိုအဲဒီလောက်မဖက်နဲ့ကွာ ငါယားတတ်တာသိရဲ့နဲ့"


"ဘာဖြစ်တာလည်းကွ ဖက်မှာပဲ၊ကိုယ့်သူငယ်ချင်းခါးကိုယ်ဖက်တာ...ကဲ"


"စက်ဘီးနင်းရတာမကောင်းဘူးကွ...စက်ဘီးလဲရင်မင်းရောငါ ရောနာမှာနော်။"


အိမ်အပြန်လမ်းတလျှောက် ခပ်ဖြည်းဖြည်းနင်းလာတဲ့ ကျွန်တော့်စက်ဘီးနောက်မှာသီဟကိုတင်နင်း၊ သူက နောက်ထိုင်ခုံမှာ ခွထိုင်ပြီး ခါးကိုတင်းတင်းဖတ် နောက် ကျောကိုခေါင်းမှီထားတာကိုး။


အင်း....နွေဦးလေပြေနဲ့အတူ လေလွင့်ရွက်ဝါကြွေတွေ ဝေ့၀ဲ နေတဲ့ လမ်းပေါ်မှာ နှစ်ဦးသားကြည်နူးနေရချိန်ဟာ သိပ်မကျန် တော့ပါလား။ ကောလိပ်တက်ဖို့ငွေကြေးပြည့်စုံအောင် မြို့တက် ပြီးငွေရှာရမယ်.. ..ကျွန်တော့် ရှေ့ရေးအတွက်။


ကျောပြင်ပေါ်မှာ စိုစွတ်မှုကိုခံစားရတော့ စက်ဘီးနင်းတာကိုရပ် နောက်ပြန်လှည့်အကြည့်မှာ သူ့မျက်ဝန်းတွေက မိုးတွေရွာ နေ ပါလား.... " မငိုပါနဲ့လားကွာ. ..ငါလည်းမင်းနဲ့ဒီလိုအမြဲနေချင် တာပါပဲ။"သိပ်ချစ်စရာကောင်းတဲ့သူငယ်ချင်းလေး စကားနား ထောင်တယ် မျက်ရည် တွေကိုသုတ်ပြီး အပြုံးတွေနဲ့ပြန်လည် စိုပြေစေ တော့တာ ချက်ချင်းလိုပဲ။ သူ့အိမ်ကိုရောက် တော့ စကားမဆိုဖြစ်ကြဘူး တိတ်တဆိတ် ဝင်သွား တယ်အိမ်ခန်းထဲကိုလေ။ ကျွန်တော်လည်း ဘာမှမပြောဖြစ်ပေမဲ့ မျက်ဝန်းမှာ ပုလဲတွေခိုသီလာတာ မျက်တောင်များကို ခပ်သွက် သွက်အလုပ်ပေးရင်း စက်ဘီးကိုဖိနင်းရင်း....ဟား..။


အမေရယ် အဖေရယ် ညီလေးရယ် ညစာကိုတိတ်တိတ်ဆိတ် ဆိတ်စားသောက်ဖြစ်ရင်း နက်ဖြန်အတွက်ပြင်ဆင်ထားတာ တွေကိုသာ အာရုံစိုက်သယောင် လုပ်ဆောင်နေမိကြတယ်။


အဖေကသားတစ်ယောက်တိုးတက်ဖို့ မျှော်လင့်ချက်တွေများ နေပုံပဲ။ဒီမှာဆို ရွာကစိုက်ပျိုး ရေးလုပ်ငန်းတွေမှာသာ လုပ်ကိုင် နေထိုင် သွားရမှာ။ မြို့ကြီး...မြို့ကြီးဆိုတာ တောနေလူတွေ အတွက် အိပ်မက်မဟုတ်လားလေ။ အမေကတော့သားနဲ့ခွဲရမှာ မို့ မျက်ရည်စမ်းစမ်းနဲ့ ကျွန်တော်ကြိုက်တဲ့ဟင်းတွေကို ပန်းကန်ထဲ ထည့်ပေးနေလေရဲ့။ ကျွန်တော့် ညီလေးကတော့ အစ်ကို့ကို အားကျတဲ့ မျက်ဝန်းတွေနဲ့ စိုက်ကြည့် တယ်ပေါ့ အဲဒီညချမ်း လေးမှာ။ ကျွန်တော်ကရော မိဘတွေ မောင်ဖွားတွေနဲ့ခွဲရမှာကို ဝမ်းနည်းနေသလား သီဟနဲ့ခွဲရမှာမို့ လစ်ဟာနေသလား နက်ဖြန်နေ့ရက်တွေအတွက် ရင်ခုန်နေသလား ရောထွေးနေတဲ့ စိတ်နဲ့ ရင်ထဲမှာဟာတာတာ။


အင်း....အဝတ်အစားတွေထည့်ပြီးပြီ ငွေအနည်းငယ်လည်း ထည့်ပြီးပြီ အမေ့ရဲ့မှာတမ်းကိုလည်းစာအုပ်လေးထဲချရေးပြီးပြီ။ ဒီငွေရောင်သော့တွဲ....သော့တွဲငယ်လေး..အထက်တန်း ကျောင်းရဲ့နောက်ဆုံးနေ့ရက်လေးတစ်ရက်မှာ ပေးခဲ့တဲ့သူ့ လက်ဆောင်လေးရယ်ပါ။


နှောင်တည်းထားတဲ့ ကြိုးတွေကို နောက်ဆုံးအနေနဲ့ အတူ ပျော်ရွှင်ခဲ့တဲ့ နေ့ရက်အမှတ်တရဓာတ်ပုံတချို့ကို အတန်ကြာ စိုက်ကြည့် မိရင်းအားလုံး အားလုံးကို အဆုံးသတ်လိုက်တယ်။ နေရာဒေသသစ်ကို လှမ်းရတော့မယ့်ခံစားချက်က ရင်ထဲပြင်း ပြင်းပြပြ။


မသွားချင်ဘူး....မသွား တော့ဘူး...ဟင့်အင်....သွားမှဖြစ်မယ်. ..သွားတာကောင်းပါတယ်လေ...။


"သားကျန်းမာရေးကို ဂရုစိုက်နော်၊ငါ့သားကလိမ္မာပြီးသားပါ အထူးမှာစရာမလိုဘူး၊စာရေးနော်။" အဖေကမှာတယ်။


"ငါ့သားထမင်းကိုဝအောင်စားနော်၊ မြို့မှာအဆင်မပြေရင် အမေ့ အိမ်ကိုပြန်လာခဲ့။"တဲ့ အမေရယ်မျက်ရည်ဝဲရင်းဆိုပြန်တယ်။


"ကိုကြီး ကျွန်တော့်အတွက် ဖတ်စာအုပ်လေးတွေဝယ်ထည့်ပေး လိုက်နော်။"လို့ ညီလေးကမှာတမ်းချွေတယ်လေ။


ကျွန်တော့်သူငယ်ချင်းလေးကရော စကားတစ်ခွန်းမှ မဆိုတော့ဘူး ကျွန်တော်သွားလာလှုပ်ရှားနေတာကို မျက်တောင် မခတ် တမ်း လိုက်ကြည့် စိုက်ကြည့်တယ်၊ အထုပ်အပိုးတွေကိုကိုင် တွယ်ပြီးလိုက်ပို့ဖို့ပြင်တယ်။ မိဘတွေရှေ့မှာ ဒီထက် ပိုလို့မရ တော့တာမို့ မျက်ဝန်းတွေကသာ စကားဆိုရင်းပေါ့ နှုတ်ဆက်... .နှုတ်ဆက်ဖို့ကြိုးစား..။


ဒီအဝါရောင်လမ်းလေး..လမ်းသွယ်လေးထဲ ဘယ်အချိန်ပြန် လာနိုင်မယ်ဆိုတာမသိသေးဘူး။


သွားစမ်း ဒီသစ်ရွက်ကြွေ တွေ....ငါ့ခန္ဓာ ကိုယ်ပေါ် မကျကြစမ်း နဲ့။ဒီမျက်ရည်တွေကရော ဘာကိစ္စကျနေရတာလည်း...ငါ...ငါ သေရွာကိုသွား နေတာမှမဟုတ်တာ။


လေနုအေးတွေ တိုက်ခတ်မယ့် အာရုဏ်သစ် မြို့ကြီးဆီကိုသွား ရမှာပဲ။ လက်တွေဝှေ့ယမ်းနေတာ သူတို့မျက်ဝန်းတွေမှာ ခွဲခွာရ ခြင်းကိုခံစားနေကြရတာတွေက ကျွန်တော် အဝါရောင်လမ်း လေးကနေ......အနီရောင်လမ်းမပေါ် ခြေလှမ်းတွေတင်ဖို့ တွန့် ဆုတ်စေတာတော့အမှန်ပါပဲ။


နှုတ်ဆက်ခဲ့ပါတယ်....နှုတ်ဆက်ခဲ့ပါပြီ ထင်းရှုးနံ့သင်းတဲ့ လမ်းကလေးရယ်။


ခပ်မြင့်မြင့်ရှိနေတဲ့ တောင်ကုန်းကတစ်ဆင့်အဆင်းမှာတော့ မြို့ကြီးကိုသယ်ဆောင်သွားမယ့် ဘူတာကြီးရှိပါတယ်။ လူတွေ များအုပ်စုလိုက်သွားနေကြတာ များမှများ။ ဒီတော့ကျွန်တော် လည်း ခပ်သွက် သွက်သွားမယ် ခြေလှမ်းတွေကို သွက်လိုက် စမ်း.....နှောင့်နှေးမနေနဲ့တော့ကွာပေါ့။


"တူ..တူ" ခုတ်မောင်းလာတဲ့ ရထားကြီး ဘူတာကိုဆိုက် ရောက်လာတော့ ကျွန်တော် လက်မှတ်ကိုအသင့်ပြင်ရင်း ရထားပေါ်ကို တစ်လှမ်းခြင်း..တစ်လှမ်းခြင်း..။


ကျွန်တော့်ခြေထောက်တွေက ရထားအပေါ်မရောက်ချင်တော့ဘူးထင်ရဲ့ လေးကန်လိုက်တာ။


x x x


ကျော်ကျော်...မြို့ရောက်နေတဲ့သူငယ်ချင်းတစ်ဦး။ ရွာကထွက် ခွာသွားတာကြာပြီဖြစ်တဲ့ ဘော်ဒါအသိတစ်ယောက်ပေါ့။ သူ့ ဆက်သွယ် ပေးမှုကြောင့် နို့ဘူးတွေကို ပက်ကင်ထည့်ပေးတဲ့ စက်ရုံမှာအလုပ်ရခဲ့ပါတယ်။ ရောက်ခါစမှာတော့ သိပ်အဆင် မပြေသေးပေမဲ့ ကြိုးစား လုပ်ကိုင်ခဲ့ပါတယ်... အလုပ်ဟူသမျှ ကျွန်တော့်အတွက်ဂုဏ်ရှိစွမဟုတ်လား။


တရွေ့ရွေ့လည်ပတ်နေတဲ့ ပတ်လမ်းပေါ်မှာ တရွေ့ရွေ့လည် ပတ်နေတဲ့နို့ဘူးလေးတွေက အစီအရီ။


"သူငယ်ချင်း...ဘယ်လိုလည်းအလုပ်လုပ်ရတာအဆင်ပြေလား၊ပင်ပန်းနေလား။"


"ဒီလိုပဲပေါ့ကွ.....ငါမပင်ပန်းပါဘူး....ကျေးဇူး။"


ညနေ၅နာရီဝန်းကျင်မှာ လည်ပတ်နေတဲ့စက်ရုံကြီးတစ်ခုလုံး တိတ်ဆိတ်လို့။ ကိုယ်စီကိုယ်စီ ပြန်ဖို့ပြင်ဆင်ကြရင်း ကျွန်တော့် စိတ်ထဲ ဘာလည်းတော့မသိဘူး။ ပျော်ရွှင်တာလား.....အားရ တာလား အလိုလိုမြောက်နေသလိုပဲ... .အလုပ်လုပ်ရလို့လား... ဒါမှမဟုတ်။


"ဘိုင့်ဘိုင်....ပြန်ပြီဗျ၊ ခင်ဗျားတို့ရောပြန်တော့မှာလား"


"အေးကွ....ဂရုစိုက်သွားနော်"


"ဟုတ်" ခင်ဖို့တော့အကောင်းသား အလုပ်လုပ်တဲ့နေရာမှာ အကူအညီပေးတတ်တယ်။ အသစ်တွေကိုနားလည်မှုပေး တတ်သားပဲ။


လမ်းမတစ်လျှောက် လျှောက်လာရင်း အင်တာနက်ကဖေးကို ခဏဝင်ဖြစ်ပါတယ်။ အချိန်ပိုင်းအလုပ်တွေရှာဖွေဖို့ပေါ့ဗျာ။ အွန်လိုင်းကတစ်ဆင့် အလုပ်ရှာဖွေရတာက ကျွန်တော့်အတွက် အဆင်ပိုပြေတာကြောင့်လေ။


"တီ...တီ" ရုတ်တရက် လက်ထဲကိုင်ထားတဲ့ ဟမ်းဖုန်းကအသံ မြည်လာတယ်...သူငယ်ချင်းလေး သီဟဆီကပေါ့။ လွမ်း ကြောင်း..... မြို့ပေါ်မှာ လူရှုပ်တွေ များသတဲ့၊ သူကိုသတိရ ပါဆိုတဲ့အကြောင်းတွေလေ။


သူပြောသလို မြို့က မာယာများမယ် မထင် ပါဘူး... ပျော်စရာ ပါ။


အိမ်နား....သူငယ်ချင်းကျော်ကျော်ရဲ့ အိမ်ခန်းနားရောက်တော့ စတိုးဆိုင်ထဲဝင် ခေါက်ဆွဲထုပ်တွေ၊ မုန့်တွေ.....နို့ဘူး.. ..အင်း. .. ကိုယ့်စက်ရုံ ကထုတ်တဲ့နို့ဘူးကိုယ်ပြန်ဝယ်သောက်ရ ပြန် တယ်။ပြီးတော့လည်း ပိုက်ဆံအိတ်လေးကို ဂရုတစိုက်.. ..ပြန် ထည့်ရ တယ်...မြို့မှာငွေကအရေးကြီး သမို့။


အိမ်အပြန်လှေကားတွေပေါ်ခက်သွက်သွက်တက်ရင်း မြင်ရတာ ကတော့ တိုက်ခန်းတွေက ပဆစ်အိမ်လို ကျဉ်းမြောင်း နေသ လို... အသက် ရှူကျပ်သလို ထင်ရတဲ့ ခံစားရတဲ့ မြင်ကွင်းတွေ မြင်ရပြန်တယ်။ ဒါဟာမြို့ပြဆိုတဲ့....မြို့ပြပါပဲ။ ဒါဟာအရေးကြီး သလား အခုအချိန် မှာ မစဉ်းစားနိုင်သေးပါ။ ကောလိပ်တက်ဖို့ ပိုက်ဆံစုမိဖို့သာအဓိကရည်ရွယ်ချက်ဆိုတော့။


ညနေခင်းအခန်းထဲမှာကျော်ကျော် တစ်ယောက် အပြတ်ရှိုင်းနေ လေရဲ့။ သူ့မျက်နှာမှာ အပြစ်အနာအဆာရှာနေသည့်အလား မှန်ကိုစိုက်ကြည်နေတော့တာ။ သန့်ပြန့်နေသည့်သူ့အသွင်က နေ့လည်ကပုံစံနှင့်လုံးဝမတူတော့။


"အဝတ်တွေလဲနေတာ ဘယ်သွားမလို့လည်းဗျ"


"ငါလား....ငါညပိုင်းအလုပ်လုပ်မယ့် ဘားကိုသွားမလို့လေ၊ အဲဒီမှာလုပ်ရတာကောင်းတယ်ကွ၊ မင်းလည်း ကောလိပ်အ တွက်ငွေစုနေတာ မလား...ငါနဲ့လိုက်ခဲ့မလား။"


"ဟုတ်လား...တကယ်လား..မင်းအဲဒီမှာအလုပ်လုပ်ရတာအဆင်ပြေတယ်ဆိုရင် ငါလည်းစိတ်ဝင်စားပါတယ်။


'ငါ့ကောင်ရ အဲဒီလောက်ဆိုတော်လောက်ပါပြီကွာ မင်း ကသန့်ပြန့်ပြီးသားပဲဟာ"


"ဒီလောက်သန့်မှ အလုပ်ကအိုကေမှာကွ....စကားမစပ် မင်းကို ပြောပြရဦးမယ်၊ နိုက်ကလပ်တစ်ခုမှာ အလုပ်လုပ်တုန်းက မမ တစ်ချို့နဲ့ လိုက်လိုက်သွားတော့ ငါ့လက်ကိုကိုင်ကြည့်ပြီး ကြမ်း တယ်နော်တဲ့။ ကျွန်တော်က ဂေါ့ဖ်ကစားလို့ပါလို့လိမ်ပြော ရတာ ပေါ့ကွာ၊ ငါ့ကိုယ်ငါသိပါတယ် ငါကလူချောပဲ ဟုတ်တယ်မလား .. ဟား...ဟား"။


ဒီကောင်တော်တော်တော့ မလွယ်ဘူး။ငွေတော့အဆင်ပြေပုံပါ ပဲ....ညပိုင်းကလပ်မှာအလုပ်သွားလုပ်တာ အဲဒီလောက် သန့် ပြန့်ဖို့ လိုသလားတွေးမိပါတယ်။ ဘာပဲဖြစ်ဖြစ်လေ နေ့ပိုင်းအ လုပ်အပြင် ညပိုင်းအလုပ်ပါအဆင်ပြေရင်တော့ ကောလိပ် တက်တဲ့ အခါစိုပြေမယ်ထင်ပါရဲ့။


x x x


အိပ်မက်ဆိုတာ အလိုဆန္ဒရဲ့ခြေရာ


မျှော်လင့်ခြင်းဟာလေ မမြင်နိုင်တဲ့လမ်းကလေး


ကိုယ့်စိတ်ကူးနဲ့ တိတ်တဆိတ်လျှောက်နေပါ့မယ်.....။


ရေပန်းကတစ်ဆင့်ကျလာတဲ့ရေမှုန်ရေမွှားတွေ....ခန္ဓာကိုယ်ကိုထိခတ်တာအဆက်မပြတ်။စိတ်ထဲမှာတော့ ရေချိုးနေတာ ကို မေ့မေ့ လျော့လျော့ကိုဖြစ်လို့။ အတန်ကြာရေချိုးပြီးမှ ရေချိုးခန်း ထဲကထွက်လာမိတယ်။ "တီ....တီ"ကုတင်ဘောင်ပေါ်တင်ထားတဲ့ ဟမ်းဖုန်းလေးက အသံမြည်လာတော့ ဘယ်သူ့ဆီကများလည်း...။


"ဟုတ်ကဲ့ပါ...ကျွန်တော်အခုချက်ချင်းလာခဲ့ပါမယ်ခင်ဗျာ့... ကျေးဇူးပါ။"


အချိန်မဆိုင်းအဝတ်တွေခပ်သွက်သွက်လဲရင်း သီးသန့်လူကုံထံ သူဌေးရပ်ကွက်တစ်ခုက အရက်ဘားကိုအမြန်သွားရတာပေါ့။ ကိုယ်ရတဲ့အချိန်ပိုင်းအလုပ်လေးကို တာဝန်ကျေပွန်မှကောင်း တာလေ။


တံခါးကိုအသာတွန်းဖွင့်လိုက်စဉ်မှာတော့ မီးရောင်မှိန်မှိန်ထွန်း ထားတဲ့ ဘားအတွင်းမှာ မွှေးရနံ့တစ်ချို့သင်းပျံ့နေပါရဲ့။ ကိုယ်စီ ကိုယ်စီ စားပွဲဝိုင်းတွေမှာအေးအေးသက်သာ အပန်းဖြေနေကြ တဲ့ လူတွေကအများသား။ ဟော.....ပြောထားတဲ့ခုံနံပါတ်မှာ ခေါင်းငိုက်စိုက်ချ သောက်နေတဲ့ ခပ်သန့်သန့်လူရွယ်တစ်ဦး။ သူ့ကိုကြည့်ရတာ ဘာကိုများ စိတ်ဆင်းရဲနေပါလိမ့် သူများတွေ လိုမဟုတ် တစ်ယောက်တည်း။


]] private taxi အတွက် ရောက်ပါပြီခင်ဗျာ့ /}}


]]...........................................}}


သူ့ဆီကစကားသံသိပ်မကြားရဘူး။ စကားမဆိုနိုင်လောက် အောင်များကြီးကျယ်နေသူလားမသိ။ နောက်တော့မှ ပက်ကင် နံပါတ် ၃၃၆မှာ ထိုးထားတဲ့ကားကိုသွားမောင်းယူလာပြီး စောင့် ဖို့ပြောကာ ကားသော့ကို ပေးတော့တယ်။ ...ကျွန်တော့်ကို မော့ကြည့်တဲ့ သူ့မျက်ဝန်း တွေကတစ်မျိုးပဲ။


ညှင်းသွဲ့သွဲ့တိုးဝင်လာတဲ့နွေဦးလေပြေတွေနှင့်အတူ ရွက်ကြွေ တွေကို သူငေးကြည့်နေသလား ဘာတွေကိုတွေးနေပါသလဲ။ ချစ်သူသက်ထား ကိုသတိရနေတာလား။ ငါနဲ့တော့မဆိုင်ပါဘူး လေ.။ နောက်ကြည့်မှန်ကတစ်ဆင့်အကဲခတ် ကြည့်တော့ သူ ကျွန်တော့်ကိုစိုက်ကြည့် နေသလိုပဲ။


"စီဒီဖွင့်လိုက်ပါ....မင်းဘေးနားမှာ သီချင်းစီဒီတွေရှိတယ်။"


"ဆောရီး...ဒီအခွေလေးထည့် လိုက်မယ်နော်.." လို့ပြောရင်း သီချင်းစီဒီလေးကိုထိုးထည့်လိုက်တယ်ဖွင့်စက်ထဲကို။


ငြိမ့်ငြိမ့်ညောင်းညောင်းထွက်လာတဲ့ ဂီတသံနဲ့အတူသူကျေနပ် နှစ်သိမ့်မှုတစ်ခုရသွားတယ်ထင်ပါ့. ..အပြုံးတစ်ခုတွဲလွဲခိုလာ တယ် သူ့နှုတ်ခမ်းဖျားမှာ။ ကားကိုဂရုတစိုက်မောင်းနှင်ရင်း မြို့စွန်ကနေမောင်းထွက်လာကြတယ် သူ့အိမ်ခန်းရှိရာ မြို့တွင်းကိုပေါ့။ ကားက လည်းကောင်းလိုက်တာ ငြိမ့်နေတာ ပဲ.....ကိုယ်ပိုင်ဘယ်တော့များမှရမလည်း....ဒီလိုကားလေးကို မောင်း ကိုယ်ပိုင်အိမ်ခန်းနဲ့ ခန့်ခန့်ထည်ထည် ကောလိပ် တက်ရရင် သူငယ်ချင်းတွေကြားထဲစတားပဲ။ အတွေးလေးရယ်မှ တလည်လည်ပေါ့လေ။


အိမ်ခန်းကို ရောက်ပြီးခဏ အပြင်မှာခဏစောင့်ရသေးတယ်။ မိနစ်အနည်းငယ်အကြာမှာတော့ "ကျွီ...."ဆိုတဲ့တံခါးပိတ်သံ နဲ့အတူ သူ့အိပ်ခန်းထဲကထွက်လာတယ် ပိုက်ဆံအိတ်ကိုကိုင် ရင်း။ ပိုက်ဆံကလုံလုံ လောက်လောက် မထည့်လာမိလို့တဲ့။ ဒီလူကြည့်ရတာ ပိုက်ဆံ နေထိုင်မှု အလုပ်အကိုင်ပြည့်စုံနေရဲ့ သားနဲ့ ဘာတွေ ဖြစ်နေသလည်း ခံစားချက်မျက်ဝန်း တွေနဲ့။ အလုပ်အကိုင်အကြောင်း ဘယ်မှာနေတာတွေမေးနေသေး တယ် အဲဒါသူနဲ့ဆိုင်လို့လား သူများအကြောင်းကိုစပ်စုတာ စိတ်အတိုဆုံးပဲ။ "ဟေ့...မင်းနာမည်ဘယ်လိုခေါ်လည်း...အချိန်ရရင်အတူ သောက်ရအောင်လား။"


ကျွန်တော်မကြားချင်ယောင်ဆောင်ပြီးထွက်လာခဲ့တယ်။ အခန်းလှေကားနားအရောက် သူ့အခန်းဖက်ကို ကြည့်လိုက် တော့ ဝရန်တာကနေကျွန်တော့်ကိုကြည့်နေဆဲ၊ သူ့ကိုကြည့်မှန်း သိတော့ လက်လှမ်းပြတယ်.. .သွားကွာ....ဘာ မှန်းမသိ။


x x x


မနက်ခင်းလေပြည်တွေနဲ့အတူ မအေးစက်နိုင်ဘဲ ကျွန်တော်တို့ တစ်တွေ ဘောလုံးကစားဖြစ်ကြတယ် အလုပ်နားချိန်မှာလေ။ ကျော်ကျော်ရယ် လုပ်ဖော်ကိုင်ဖက်တစ်ချိုု့ရယ် လွတ်လွတ် လပ်လပ်ပေါ့ဗျာ။


အလုပ်ထဲစိတ်နှစ်ထားသမျှ အခုမှစိတ်ထဲ နည်းနည်းပေါ့သွား တော့တယ်။ပြီးတော့ အလုပ်ဆက်လုပ်ကြပေါ့။ ညနေအရောက် အလုပ် ဆင်းချိန်ရောက်တဲ့အခါ ကျော်ကျော်က သူအလုပ်လုပ် တဲ့ဘားအကြောင်း မင်းအတွက်အလုပ်တစ်နေရာစာပြောခဲ့ ကြောင်း ပြောတယ်။ ကျွန်တော်ကလည်း အလုပ်အကိုင် အကြောင်း ကောလိပ်အတွက် ငွေစုဖြစ်ကြောင်းစသဖြင့်စကား တွေဆိုရင်း နှစ်ဦးသား အလုပ်ဆင်း ဖို့ပြင်ဆင်ပြီး ထွက်လာကြ တယ် စက်ရုံထဲကနေ။


အဲဒီအချိန် စက်ရုံတံခါးနားမှာ ကားခပ်သန့်သန့်တစ်စီးထိုး စိုက်လာတယ်...ပြီးတော့ ကားထဲမှလူရွယ်တစ်ဦးဆင်းအလာ စက်ရုံမှူးတွေ ဘာတွေက ပျာပျာသလဲကြိုကြပြုကြနဲ့။ ဘယ်သူ မှန်းတော့မသိဘူး.....။ နောက်ပြန်လှည့်ကြည့်လိုက်မိတော့ သူကျွန်တော့်ကိုစူးစိုက် ကြည့်နေရင်း စကားပြောဖို့ကြိုးစား တာလားမသိ ကျွန်တော်ရှိရာလှည့်ကြည့်လှည့်ကြည့်လုပ်ရင်း ကျွန်တော်ရှိရာလှမ်းလာတယ်။ သူ့ကိုဂရုမစိုက်ဘဲ ဆက် လျှောက်အလာ ကျော်ကျော်က "ဆွေမင်း....အဲဒီလူက CEO ရဲ့သားလေ။ မင်းဒီထက်ကောင်းတဲ့ရာထူးရချင်ရင် အတည် ဝန်ထမ်းဖြစ်ချင်ရင် သူကထောက်ခံပေးနိုင်တယ်ကွ။ သူနဲ့သွား စကားပြောပြီး မင်းရဲ့အကြောင်းပြောပြကြည့်ပါလား အကူအညီ ရ လိုရငြားပေါ့ကွာ။"


စိတ်ထဲထောင်းကနဲ ဒေါသထွက်သွားမိတယ်။ ကျော်ကျော်က ကိုယ်ချင်းစာစိတ်နဲ့ပြောတာမှန်ပေမဲ့ ကျွန်တော်အဲဒီလောက် နိမ့်ပါးနေသူ မှမဟုတ်တာ၊ကိုယ့်ဝင်ငွေနဲ့ ကိုယ်ရပ်တည်ဖို့ ကြိုးစားနေသူပဲဗျ။အလုပ်တစ်ခုမှာ လူတစ်ယောက်ထောက်ခံ ပေးမှ တည်မြဲမှာလား၊အဲဒီလူ ကြည်ဖြူမှ ရာထူးတိုးမတဲ့လား ..သွားစမ်းပါ။


လှေခါးလေးကနေတစ်ဆင့် ခပ်မိုက်မိုက်ရုံးခန်းတစ်ခန်းထဲကို ဝင်လာဖြစ်တယ်နောက်တနေ့မှာ။ စားပွဲခုံတစ်ခုမှာ ထိုင်ရင်း အလုပ်လုပ် နေတဲ့ သူဟာ ကျွန်တော်ဝင်လာတာကိုမြင်တော့ သူ့မျက်ဝန်းတွေမှာ အပျော်ရိပ်တွေထင်းလာတယ်။ "မင်းနဲ့ပြန် တွေ့ရတာဝမ်းသာ တယ်ကွာ၊ မင်းဒီစက်ရုံမှာအလုပ်လုပ်နေတာလား။ ငါဘာကူညီပေးနိုင်မလည်းမင်းအတွက်။ ဟောဒီမှာ ငါ့ရဲ့ လိပ်စာကဒ်။" ကျွန်တော် လာရင်းကိစ္စကို မပြောဖြစ်သေးဘူးသူ့ စကားတွေကိုနားထောင်ရင်း စိတ်ထဲဘာကိုမှန်းမသိ မကျေနပ် ဖြစ်နေတာ။ သူ့လိပ်စာကဒ်ကို လှမ်းပေးတော့... ဘာမှဆက် မပြောတော့ဘဲ သူ့အခန်းထဲကထွက်လာခဲ့တယ်။


သွားစမ်းကွာ...လက်အိပ်တွေ ဝန်ထမ်းဝတ်စုံတွေချွတ်ပြီး စက်ရုံ ထဲကထွက်လာခဲ့လိုက်တော့တယ်။ ငါ့ကိုဘာထင်နေ သလည်း မသိပေါ့ ကျွန်တော့်စိတ်ထဲမှာ ခံစားခဲ့ရတာက။ ဟား.......... သက်ခပ်ပြင်းပြင်းရှူရင်းတောင်ကုန်းလေးပေါ်ရှိအိပ်ခန်းကျဉ်းလေးကိုပြန်လာခဲ့တယ်။ ရေခဲသေတ္တာထဲကရှိတာလေးတွေ ထုတ်ပြုပြီးချက်ပြုတ်၊ပြီးတော့ထမင်းစားရင်း...ကျော်ကျော်ပြောတဲ့ဘားခန်းကို လှမ်းဖုန်းဆက်လိုက် တယ်။ လာခဲ့ပါတဲ့လေ.....။ ရေမိုးချိုးသန့်ပြန့်အောင်ပြင်ပြီး စစ်မြေပြင်တစ်ခုကိုထွက်ခွာလာ ရသလို လှမ်းဖြစ်ခဲ့ပါတယ်။


တောင်ကြားလမ်းတွေရှိတဲ့ ရပ်ကွက်တစ်ခုရဲ့ ခပ်မှောင်မှောင် လမ်းသွယ်လေးကတစ်ဆင့်ဝင်လာခဲ့တာ ဟောတွေ့ပါပြီ နီယွန် မီးတွေ လင်းနေတဲ့ ကားတွေစီရီနေတဲ့ ကလပ်ဘားတစ်ခု။ ရင်ခုန်ဖွယ် ဂီတသံတွေထုံမွှမ်းထားတဲ့ ကပွဲကြမ်းပြင် စား သောက်နေသူတွေ အစီအရီ ကာရာအိုကေအခန်းများက အဆို ဝါသနာရှင်တို့အတွက် ကလပ်ရဲ့ နောက်ပိုင်းအခန်းတွေမှာတော့...။


ဝန်ထမ်းအုပ်ချုပ်တဲ့မန်နေဂျာဆီရောက်တော့ ကျွန်တော့် တစ်ကိုယ်လုံးသူစိုက်ကြည့်ရင်း ကြောင်ပြုံးပြုံးပါရဲ့။ ...ဘာ ကြောင့်လည်း။


To be continued.....


Alex Aung


စာကြွင်း။ ။ ဒီဝတ္ထုလေးဟာ ကျွန်တော်လွန်ခဲ့သောနှစ်တွေတုန်းက ရေးပြီးတင်ခဲ့တဲ့ အခန်းဆက်ဝတ္ထုလေးပါပဲ။ အဓိက ဇာတ်လမ်းကတော့ ကိုရီးယားကားလေးတစ်ကား( No Regret) ကိုကြည့်ရင်း ခံစားချက်တစ်ခုဖြစ်တည်လာတာကြောင့် ကျောရိုးယူရေးဖြစ်ခဲ့ခြင်းပါ။ သူငယ်ချင်းတွေအားလုံးလည်းဖတ်ဖူးခဲ့ကြမယ်ထင်ပါတယ်။ အခုပြန်တင်ဖြစ်ရခြင်းက ကျွန်တော် စာရေးဖို့အချိန်မရတာများနေတဲ့အတွက်ကြောင့် သူငယ်ချင်းတို့လည်းမပျင်းရအောင် ပြန်လည်ဖတ်စေချင်တဲ့သဘောနဲ့ ပြည်လည်ဖော်ပြလိုက်ပါတယ်လို့နော်။

Wednesday, May 10, 2023

A Second Chance







စကြဝဠာလောကဓာတ်ကြီးဟာ ရပ်နားမှုမရှိ လည်ပတ်နေတဲ့ အရာတစ်ခုက မောင်းနှင်ခံနေခဲ့ရသလား။ ကျွန်တော်တို့ မွေးဖွားလာတယ်၊ အသက်ရှင်သန် နေထိုင်ကြတယ်၊ သေဆုံးကြတယ်။ သည်လိုနဲ့ဘဝစက်ဝန်းတွေလည်ပတ်သလားပဲ။ ဘဝတစ်ခု ဘယ်လိုစတင်တယ် ဘယ်လိုအဆုံး သတ်တယ်ဆိုတာ စက္ကန့်မခြားဖြစ်ပျက်နေတာပါ။ အစက်အပြောက်အမှတ် A ကနေ B အထိ ကျွန်တော်တို့ ဘယ်ဟာကို  ရွေးချယ်ယုံကြည်ကြမယ်ဆိုတဲ့ အကြောင်းပြချက်၊ ကျွန်တော်တို့ရဲ့ ရိုးရှင်းလွယ်ကူတဲ့ အရင်းခံအကြောင်းရင်းများ၊ ပြီးတော့ ရောယှက် အရှုပ်ထွေးဆုံး လှုပ်ရှားမှုများနဲ့ပေါ့။ အလုံးစုံကြွယ်ဝချမ်းသာကုံလုံဖို့ တနေကုန်လိုက်နေရင်း ဒါမှမဟုတ် ပြည့်စုံကုံလုံဖို့ ပျင်းပျင်းရိရိ စောင့် ကြည့်နေရင်း ဆိုပါစို့။ နေ့ရက်တွေဟာ ဂဏန်းအရေအတွက်သက်သက်မျှသာပါပဲ။ တစ်ရက်တာကုန်ဆုံးတာနဲ့ နောက်တစ်ရက်ဟာ ဖျပ်ကနဲဆိုပြီးရောက်လာတာများ ကျွန်တော်တို့တွေ ဘယ်အရာမဆို ကောင်းပါတယ်လို့ တန်ဖိုးဖြတ်ဝေဖန်နေစဉ်အခိုက်အတန့်မှာပေါ့။ ဝမ်းနည်းနောင်တ အစုံစုံဟာ အတော်ဆိုးရွားပါတယ်။




ဒါပေမဲ့ ကျွန်တော်ကတော့ အမှတ် A အဖြစ်သူတကာတွေ စတင်တဲ့နေရာထက် အမှတ် B ကသာ အစပြုခဲ့ပါတယ်။ မှန်ကန်နေဖို့သာလို ကြောင်း ကျွန်တော်သိတယ်။ ဘယ်တော့မှ အဆုံးမသတ်သေးမယ့် ဘဝစက်ဝန်းတစ်ခုကို မွေးဖွားခြင်းတစ်ခုနဲ့ ပြန်လည်အစပြုကြောင်းကို ကျွန်တော်တို့အားလုံး တစ်ခါက အတွေ့အကြုံရှိခဲ့ကြတယ်လေ။ သည်စကြဝဠာအလုံးစုံကို ကစဉ့်ကလျား ရှုပ်ထွေးခြင်းများအားလုံးက ဖန်တီးထိမ်းချုပ်တယ်၊ ဘဝတစ်ခုရဲ့ မျိုးစေ့ဟာ သေဆုံးခြင်းကနေ တဖန်အညှောင့်ပေါက်တယ်ဆိုတာလည်း ကျွန်တော်သိတယ်။ အချိန်ကာလဟာ  စက်ဝန်းတစ်ခုဖြစ်တယ်။ မည်သည့်အရာမျှမရှိခြင်းသည်ပင် အစဉ်အတိုင်းဖြစ်နေခြင်းပါပဲ။




ကိုယ်ပိုင် စဉ်းစားဆင်ခြင်မှုအတွေးအမြင်များရဲ့ လွှမ်းမိုးခြင်းကို ကျွန်တော်တို့ ခံစားဖူးသလား။ ကျွန်တော်တို့ ဦးခေါင်းထဲကနေ ထုတ်လို့ မရတဲ့ စိတ်ကူးစိတ်သန်းတစ်ခုရဲ့ ထိန်းချုပ်ထားခြင်းမျိုးပေါ့။ အမျိုးအမည်မသိ ခွန်အားတစ်ခုက ကျွန်တော်တို့ကို မောင်းနှင် ထိန်းကျောင်း တာကို ခံရဖူးသလား။ တစ်ရက်သောနေ့မှာ ကျွန်တော် ခံစားတွေ့ကြုံခဲ့ရပါတယ်။ အဲသည့်တစ်ရက်ကပဲ ကျွန်တော့်ကို အရာရာ ပြောင်းလဲသွားစေခဲ့တယ်ဗျ။ 




လွတ်လပ်ပေါ့ပါးသော အနှောင်အတွယ်ကင်းသော တစ်ကိုယ်ရည်နေထိုင်မှုက ကျွန်တော်ဆိုသူကို သင်္ကေတပြုထားပါတယ်။ အရင်က အတော်အတန်အားဖြင့် အရာရာဟာ ‘အစဉ်အတိုင်းဖြစ်နေသော’လို့ ကျွန်တော် ယုံကြည်ခဲ့သူပါ။




ကျွန်တော်က ဘယ်လိုလူပါဆိုတဲ့အကြောင်းအရာအားလုံးက သည်နေ့အတွက်တော့ ကွဲပြားခြားနားတဲ့ အဖြစ်အပျက်တစ်ခု ဖြစ်လာ ပါတယ်။ ကျွန်တော်ပြောနေကြထက် ပိုအရေးပါတဲ့ အဖြစ်အပျက်တစ်ခုပေါ့။ ဒါပေမဲ့ သည်အဖြစ်အပျက်ကို ကိုယ်မဟုတ်တဲ့ အခြားသူ တစ်ဦးတစ်ယောက်လေးကိုသော်မှ မပြောပြရဲပါဘူး။ ကျွန်တော် ရဲရင့်သတ္တိရှိဖို့လိုနေသေးတယ်။ အရူးအနှမ်းတစ်ယောက်လို့ အခေါ်မခံ ချင်ဘူး။ ပြီးတော့ လူလိမ်လို့လဲအစွပ်စွဲမခံချင်ဘူးရယ်။ လူတွေရဲ့ ခွန်းတုံ့ပြန်ပြောဆိုလာမယ့် တုန့်ပြန်စကားတွေအတွက် ကျွန်တော် အမြဲတစေ အဆင်သင့်မဖြစ်ခဲ့တာသေချာတယ်။ သို့သော်လည်း သည်အဖြစ်အပျက်အားလုံးက အမှန်ဖြစ်ပြီး သည်လျှို့ဝှက် ချက်ကို ဖုံးဖိဖို့နဲ့ ထာဝရ ပျောက်ဆုံးစေဖို့ ပြုလုပ်နိုင်သောမည်သည့်အရာမျှမရှိ။




ယခင်က ကျွန်တော် မြိုင်သေလာမြို့ ဒါမှမဟုတ် သည်လမ်းမပေါ်ကို တစ်ခါမှမရောက်ဖူးပါဘူး။ လွန်ခဲ့တဲ့ ရက်သတ္တပါတ် မတိုင်မီကကို သည်မြို့အကြောင်းမကြားဖူးခဲ့ပါ။ လက်ထဲမှာရှိနေတဲ့ တစ်တန်လောက်လေးမယ့် ဖတ်စရာမှတ်စရာတွေဖတ်ဖို့အချိန်အများကြီးပေးနေခဲ့ ရတယ်။ သတင်းစာတွေ၊ စာအုပ်စာတမ်းတွေ၊ မဂ္ဂဇင်းတွေ၊ ရှုပ်ပွနေတဲ့ e-mails တွေနဲ့ online ပေါ်ကစာတွေ ဟိုဖတ်သည်ဖတ်နဲ့ စိတ်ထဲ မှတ်မှတ်ထင်ထင်စိတ်ဝင်စားစရာ သိပ်ရှာမတွေ့ဘူး။ အမြဲတစေ တစ်ခုခုကို ရှာဖွေနေခဲ့တာ။ သည်အကြောင်းအရာ သည်နေရာကို မတွေ့ခင်အထိ ဒါကိုရှာဖွေနေတာဖြစ်ကြောင်း မသိခဲ့ဘူးလို့ဆိုရမယ်။


 


မြေပုံပေါင်းချုပ်စာအုပ် (atlases) နဲ့ မြေပုံများကို စိုက်ကြည့်နေရင်း အချိန်တော်တော်ဖြုန်းခဲ့တယ်လို့  ပြောခံရမှာကို ကျွန်တော်မရှက် ပါဘူး။ ကျွန်တော်ကလေးတစ်ယောက်အရွယ်ကတည်းကကို ဘာကိုရှာလို့ရှာနေမှန်းမသိ မြေပုံတွေထဲ တစ်စုံတစ်ခုကို အချိန်များစွာ ရှာနေခဲ့ပါတယ်။ မြို့တစ်မြို့ရဲ့ အနောက်ဘက်ခပ်ဝေးဝေးက လမ်းတစ်လမ်းကိုတွေ့လိုက်ချိန်မှာ ကျွန်တော့်စိတ်ဝင်စားမှုကို အကုန်ဆွဲယူ သွားရောဗျ။ နာမည်လေးတစ်ခု ကျွန်တော့်မျက်လုံးတွေကိုဖမ်းစားသွားကတည်းက ဘယ်လိုအကြောင်းအရာတွေ ဖြစ်ပျက်ခဲ့မယ်ဆိုတဲ့ စိတ်ကူးအိပ်မက်တွေ တစ်လှေကြီးပေါ်ခဲ့သလို မြိုင်သေလာရဲ့ ၅.၂ မိုင်အကွာအဝေးထိကို ဆန့်ကားသွားရော။




‘မင်းသွေးနှော’ လမ်းတဲ့လေ။ မြိုင်သေလာလို့ခေါ်တဲ့ မြို့တစ်မြို့ရဲ့အနီးအနားက လူနေဦးရေသိပ်မရှိတဲ့နေရာပေါ့။




သည်လိုလမ်းနာမည်မျိုးကို လူတွေအမည်ပေးတတ်ကြတယ်ဆိုတာ လက်တွေ့အပြင်မှာ မြင်ဖူးချိန်အထိ ကျွန်တော်မယုံခဲ့ဘူး။ တစ်ခါက မိသားစုတစ်စု စိုက်ပျိုးနေထိုင်သွားခဲ့ပြီးနောက်မှာမှ လမ်းက သည်အမည်တွင်ခဲ့တယ်လို့ဆိုပါတယ်။ ကောင်းပါလေရဲ့… လက်တစ်ဆုပ်စာ လောက်ရှိတဲ့ ဒေသခံလူတွေက ခြောက်လှန့်မှုတွေရှိတဲ့နေရာလို့ လက်ခံယုံကြည်ကြတာပါ။ ‘ထူးဆန်းထွေလာ အဖြစ်အပျက်များ’ ဆိုတဲ့ အကြောင်းအရာ စာအုပ်စာတမ်းတွေကို ဖတ်နေကြ ကျွန်တော့်အတွက် သိချင်စိတ်ကို ပိုပိုပြီးတိုးလာစေပါတယ်။ ကြားရမြင်ရ သတင်း အချက်အလက်အတော်များများဟာ သိသိသာသာ မမှန်တာများတယ်ဗျ။ ပျင်းရိခြင်း၊ အထီးကျန်ဆန်ခြင်း၊ လူပြော သူပြော ဒါမှမဟုတ် အာရုံစိုက်ခံချင်သောလူတွေက သူတို့ယခင်က မမြင်ဖူးမကြုံဖူးတာတွေကို အခိုင်အမာဖန်တီးပြောဆိုခြင်းတွေကနေ အဖြစ်အပျက် ပုံပြင် တွေ ပေါ်လာကြတာလေ။ ဒါပေမယ့် သည်နေရာမှာတော့ အလှည့်အပြောင်း မရှိ Version မကွာတဲ့ ပုံဝတ္ထုတစ်ခုကို ကြားရပါတယ်။ ကျွန်တော်သိနေပြီးသား အကြောင်းအရာ ပုံဝတ္ထုတစ်ပုဒ်ပါပဲ။ ဘယ်နေရာမှာ ကြားခဲ့ရမှန်းမသိ ကျွန်တော်မမှတ်မိတော့သော မြို့ပြ ဒဏ္ဍာရီတစ်ပုဒ်လိုပဲ ရင်းနှီးနေတဲ့ ဝတ္ထုပုံပြင်။




အသက် ၁၇နှစ်အရွယ် အထက်တန်းကျောင်းတက်ရစဉ်အချိန်မှာတော့ ကားပြိုင်ပွဲတွေအကြောင်းဖတ်တဲ့အဆင့်တက်လာပါပြီ။ ထူးဆန်း ဖြစ်ရပ် စာဝတ္ထုတွေမှာတော့ အဓိကအစိတ်အပိုင်းတစ်ရပ်ပျောက်ဆုံးနေသယောင်ထင်ရဆဲမို့ ဘယ်အစိတ်အပိုင်းတွေ ပျောက်ဆုံးနေ သလဲဆိုတာ ကျွန်တော်စိတ်ကူးပုံဖော်ကြည့်နိုင်အောင် လုပ်ထားတဲ့ပုံ။ ကျွန်တော့်အလုပ်မှာ၊ အိမ်မှာ၊ သူငယ်ချင်းတွေနဲ့ အပြင်ထွက် လည်ရမှာ၊ ခရီးထွက်လို့ အပြင်မှာ ရက်သတ္တပတ်အနည်းငယ်ကြာလို့ အိမ်ပြန်ရောက်ချိန်ထိ ကျွန်တော့်စိတ်ထဲ အဖြေရှာရတာ ထုံးစံ ဖြစ်လာတယ်။ ကျွန်တော် ပိုပိုပြီးသိဖို့လိုလာသလို အဲသလိုသိချင်စိတ်ဆိုတာကလည်း ခပ်ရိုးရိုးသိလိုစိတ်တစ်ခုကဲ့သို့ ကြာရှည်ပစ် ထားလို့မရတော့ပါဘူး။ ဒါကြောင့် ရာသီဥတု အေးစိမ့်စပြုလာတဲ့ တစ်ခုသော အောက်တိုဘာလ နေ့လယ်ခင်းမှာ စီးတော်ယာဉ် Hilux 4WD ကားကို ဆီအပြည့်ဖြည့်လျက် နာရီပိုင်းလောက် ကျွန်တော်ခရီးထွက်ခဲ့လိုက်တယ်။ ယခင်က တစ်ခါမှမရောက်ဖူးတဲ့ မြို့နဲ့ လမ်းမပေါ် ကျွန်တော်ရောက်သွားရော။




            ကတ္တရာလမ်းမဟာ အစားထိုးပြုပြင်တာ ပြန်ခင်းတာတွေမလုပ်ဘဲ ပစ်ထားတာ နှစ်အတော်ကြာပြီထင်တယ်။ မြိုင်သေလာမြို့ ရှိရာ မြန်မာပြည်မြောက်ဖျားပိုင်းဟာ နေအတော်သာတယ်လို့ လူသိများရုံမကဘူး လွင်တီးခေါင် ကန္တာရတစ်ခုရဲ့ အလယ်ပိုင်းစီကို အလွယ်တကူသွားနိုင်တဲ့ လမ်းတစ်လမ်းအစပြုရာလည်းဖြစ်ပါတယ်။ ကျွန်တော့်လိုကားမျိုးနဲ့ တစ်နာရီ ၁၆မိုင်နှုန်းမောင်းနေရတဲ့ မြေပြင် အနေအထားဟာ အပေါက်တွေ ချိုင့်တွေအပြင် ချောမွေ့မှုမရှိ။ များသောအားဖြင့် ရိတ်သိမ်းပြီးတဲ့ ပြောင်းခင်းတွေ၊ စပါးခင်းတွေဝန်းရံ နေတဲ့ ကားလမ်းမပေါ် ကျွန်တော်တစ်ယောက်တည်း ကားမောင်းနေတာပါ။ အခြားကားတစ်စီးစီး ဒါမှမဟုတ် အခြားလူပုဂ္ဂိုလ်တစ်ဦး တစ်ယောက်မှမရှိပါဘူး။ မိုင်အနည်းငယ်လောက်မောင်းလာတဲ့ လမ်းတလျောက် အိမ်နှစ်အိမ်၊ စပါးကျီအနည်းငယ်၊ အဖီချတဲအနည်းငယ် လောက်သာ ရိုးတို့ရိပ်တိပ်မြင်ခဲ့ရတယ်။ 




ကလေးဘဝကတည်းက ကားထဲမှာ ဘာမှမလုပ်နိုင်ထိုင်နေရတာမျိုးကို မုန်းပါတယ်။ ဗိုက်ထဲမှာ စားထားသမျှအစားအစာတွေ ကြေညက် ပြီး ဆာလောင်လာတဲ့အဖြစ်ကို လစ်လျှုရှုကာ ကားအကြာကြီးစီးရတာလေ။ ကျွန်တော့် စိတ်မရှည်သည်းမခံနိုင်မှု စိတ်အခြေအနေက ငယ်စဉ်ကားအကြာကြီးစီးနှင်းခဲ့ရတာကို ပြန်သတိရစေတယ်ဗျ။ တစ်ခါမှမရောက်ဖူးတဲ့နေရာကို သွားဖို့မမျှော်လင့်ထားဘူးဆိုရင် သို့မဟုတ် ကားနဲ့သွားရတဲ့ခရီးရှည်တစ်ခုကို အကြာကြီးသွားနေရပြီဆိုရင် ကျွန်တော့်စိတ်ရှည်သည်းခံမှု ရှိ မရှိ မသေချာသလို အခြား အခြေအနေတွေထက် ဗိုက်ထဲ ပိုနာ ပိုလေအောင့်သလို ခံစားရပါတယ်။




ကားရပ်ပြီးနားစရာ နေရာတစ်ခုခုမရှိဘူးလို့ စိတ်ထဲတွေးနေတုန်း နောက်တစ်မိုင်လောက်အရောက် လမ်းအခုံး အကွေ့တစ်ခုကို ကျွန်တော် မြင်ခဲ့ရတယ်။ မြေပုံတွေထဲ မြင်ခဲ့ရသမျှတော့ သည်လိုအကွေ့အကောက်မျိုးဆိုတာ လမ်းဆုံးတစ်မျိုးဖြစ်နေတတ်တာလို့ ကျွန်တော်သိထားတယ်လေ။ ကျွန်တော်ရှာဖွေနေတဲ့လမ်း မဟုတ်တာတော့သိတယ်။ သစ်ပင်တစ်ပင်ရဲ့ နံဘေးမှာ ကားဘေးကပ် ရပ်လိုက်ပါတယ်။ အလိုလိုသိတဲ့စိတ်လို့ ခေါ်မလား ဒါမှမဟုတ် အရိုးစွဲနေဆဲ ပြောင်းလဲတတ်တဲ့စိတ်ကြောင့်လားပဲ ကျွန်တော်ဘယ်ကို သွားနေတယ်ဆိုတဲ့ အသိစိတ်အလွန် မောင်းလာတဲ့ကားကို လမ်းဘေးဆွဲချရပ်ပစ်ခဲ့တယ်။ နည်းမှန်လမ်းမှန် အနေအထားမှန် ကားကို ရပ်ထားတယ်လို့ မဆိုသာပါဘူး။ အန္တရာယ်ကို စိုးရိမ်ကြောက်လန့်တဲ့ ခံစားမှုတစ်ခု ကျွန်တော့်ကို ဖုံးလွှမ်းလာတယ်။ အဲ့ခံစားမှုက အတော် ပြင်းတယ်။ သည်နေရာမှာ ကျွန်တော်ဘာလာလုပ်မိပါလိမ့်လို့ ကိုယ့်ကိုယ်ကိုယ် မေးခွန်းထုတ်မိတယ်ဗျ။




သည့်အတွက် အကြောင်းပြချက်ကောင်းတစ်ခုရှိသော်လည်းပဲ အဲဒါကိုတွေးဆခြင်းက မေးခွန်းအသစ်တွေ ပိုပိုများလာစေပါတယ်။ ယခင်ကတော့ သည်လိုမရေမရာမေးခွန်းတွေအပေါ် အယုံအကြည်နည်းသလို များသောအားဖြင့် ထူးဆန်းတဲ့ ခံစားချက်တွေကို အရေးမစိုက်ဖြစ်ဘူးဗျ။ အခုတော့ သေချာမရှင်းပြနိုင်တဲ့ အကြောင်းပြချက်ကြောင့် ကားလမ်းနံဘေး သစ်ပင်တစ်ပင်အနား ကားကို ရုတ်ခြည်းဆိုသလို ဆွဲချရပ်ပစ်မိတယ်ပြောရမယ်။




ကျွန်တော့်ဖုန်း signal ကလည်း ရခြင်းနဲ့ မရခြင်းအကြား အတက်အကျဖြစ်နေပါတယ်။ ကားရပ်လျက်အနေအထားမှာပဲ အပြောင်းအလဲ မရှိ အတန်ကြာ ကျွန်တော်ထိုင်နေခဲ့တယ်။ ကားစက်မသပ်ရသေးတာကြောင့် ကျွန်တော့်ကားခမျာ အမည်တပ်ဖို့ခက်တဲ့ အသံတွေထွက် လျက်မို့ ကားသော့ကိုလှည့်ကာ ပိတ်လိုက်တော့ ပတ်ဝန်းကျင်မယ် ဘာသံမှမကြားရအောင် တိတ်ဆိတ်သွားပါတယ်။ လေတွေ တဝှီးဝှီး မြည်အောင်တိုက်ခတ်လာတာ မြက်ပင်များ ဒါမှမဟုတ် သစ်ခြောက်ပင်က အရွက်များကို လေချွန်သံတွေထွက်စေသယောင် ဆူညံတဲ့ အသံတွေမြည်ဟည်းလာရရော။ 




ကားအပြင်ဘက် လေတွေခမျာ ဆောင်းဦးရာသီချဉ်းကပ်လာချိန်မို့ ကျောစိမ့်အောင်အေးပါတယ်။ ဒါပေမဲ့ ကျွန်တော့်အတွက် အနှောင့်အယှက် သိပ်မဖြစ်ပါဘူး။ နေမင်းကြီးကလည်း မိနစ်ပိုင်းအတွင်းကို ပျောက်ကွယ်သွားတာ ညနေခင်းအချိန်လေးက ငါးမိနစ်လောက်ပဲ ဖြတ်သန်းလိုက်ရတယ်။ ပတ်ပတ်လည် လယ်ကွင်းတွေစီက ပြောင်းရိုးခြောက်နံ့တွေရခြင်းကြောင့် ငယ်စဉ်အရွယ် အိမ်နောက်ဖေးခြံထဲက ရွှေဖရုံသီးခူးဆွတ်ချိန်ကရတဲ့ ရနံ့ကို သတိရသလိုလိုပါ။




 ကျွန်တော်ကားရပ်ထားတဲ့နေရာရဲ့ မျက်နှာချင်းဆိုင် လမ်းတစ်ဖက်က အမှတ်အသားတစ်ခုကို ကြည့်လိုက်မိတယ်။ ဘာရယ်မဟုတ် ကျောပေးလျက်သားအနေအထားကနေ နောက်ပြန်ငဲ့စောင်းကြည့်လိုက်တာပါ။ ကျွန်တော်သိပြီ… ကြားနေရတဲ့ အဖြစ်အပျက်တွေ ဖြစ်ပွားခဲ့တဲ့ နေရာပဲ။ သူတို့အားလုံး သေဆုံးခဲ့တဲ့နေရာ။ ကောင်ငယ်လေးက အဲ့သစ်ပင်အောက်မှာ သေဆုံးခဲ့တာလေ။   


        


ကျွန်တော် စီးကရက်တစ်လိပ်ခဲပြီး မိနစ်အနည်းငယ်လောက် မတ်တပ်ရပ်နေမိတယ်။ ဘာလုပ်ဖို့ လာကြည့်မိမှန်းမသိဘူး သစ်ပင်အောက် မှာ ခဏရပ်လျက် ပတ်ဝန်းကျင်ကို ဟိုသည်စူးစမ်းဖြစ်တယ်။ ကျွန်တော့်မှာ တကယ်တော့ ကြိုတင်စီစဉ်ထားတာ မရှိ၊ ဘာလုပ်မယ် ဆိုတာမျိုး မစဉ်းစားထားတော့ ဟိုလှည့်သည်လှည့်နဲ့ စီးကရက်တစ်လိပ်သာကုန်သွားတယ်။ သိတာတစ်ခုကတော့ ကျွန်တော်အိမ်မပြန် ချင်သလို သည်နေရာကလည်းထွက်မသွားချင်ဘူး။ ကျွန်တော်ထွက်မသွားနိုင်တာပါ။




ကျွန်တော် သမာဓိရပြီး ငြိမ်သက်နေတဲ့အနေအထားမှာ အသံတစ်သံ နီးကပ်လာတာကြောင့် ပျက်သုဉ်းသွားတယ်။ ကျွန်တော်မောင်း လာတဲ့ ကားလမ်းအတိုင်း အခြားကားတစ်စီးမောင်းချလာသံကို တစ်မိုင်လောက်ကတည်းက ကြားရသလိုပဲ။ အဲသည်ကားလေးကို လှမ်းမြင်ရကတည်းက ကျွန်တော်ထထွက်သွားချင်မိတယ်။ အားလုံးပြောခဲ့သလိုပဲ ကျွန်တော်က ဧည့်စိမ်းသက်သက်တစ်ယောက် သာဖြစ်ပြီး ဒေသခံတွေ သူတို့ကြုံဖူးတဲ့ ဆိုးရွားအဖြစ်အပျက်တွေ ခြောက်လှန့်စကားများပြည့်နေတဲ့ သည်လမ်းအကြောင်းသတင်းစုံကို သေချာကြားပြီးပြီလေ။ ဒါပေမဲ့ ကျွန်တော် ထွက်မသွားနိုင်ခဲ့ဘူး။




ကားက ကျွန်တော့်နောက်ပါး မလှမ်းမကမ်းမှာ လမ်းဘေးဆွဲချရပ်လိုက်တယ်။ ကားမောင်းသူကို ကျွန်တော်သေချာမကြည့်ပေမယ့် သူတစ်ယောက်တည်းမောင်းလာတယ်ဆိုတာကို အလွယ်တကူသိနိုင်ပါတယ်။ ပြီးတော့ သူက ရဲတစ်ယောက်လည်းမဟုတ်ဘူး။ ကျွန်တော်က ကျူးကျော်သူမဟုတ်ခဲ့သလို ဖိတ်ခေါ်ခံရသူလည်းမဟုတ်ဘူး။ ကျွန်တော် ပုံဖမ်းကြည့်ရသလောက် သူဟာ လယ်သမား တစ်ယောက်ယောက်ရဲ့သားဖြစ်ပြီး ကျွန်တော့်ကို အဝေးထွက်သွားအောင် ခြောက်လှန့်ထုတ်မလို့ထင်ပါတယ်။ လိုရမယ်ရ ဂျာကင် အင်္ကျီအိပ်ကပ်ထဲထည့်ထားတဲ့ ကားသော့တွဲကို ညာဘက်လက်နဲ့ကျစ်အောင်ဆုပ်ကိုင်ထားပြီး လက်နက်တစ်ခုအသွင်ပြင်ထားမိရော။




‘ခင်ဗျား သည်နေရာကို ဘာလာလုပ်တာလဲဗျ’




သူ့အသွင်အပြင်က ကျွန်တော့်ထက် ကျန်းမာသန်စွမ်းပုံပေါ်ပါတယ်။ တောင့်တင်းသန်မာတဲ့ လက်မောင်းကြီးတွေက သူဝတ်ထားတဲ့ ဂျာကင်အင်္ကျီထဲကနေ ဖုဖောင်းထွက်နေတာပဲ။ ကျွန်တော်တို့နှစ်ယောက်စလုံး အသက်အရွယ်တူတွေ။ နှစ်ယောက်သားဟာ အသက် နှစ်ဆယ်ဝန်းကျင်လောက်ပါ။ သူ့အကြည့်မျက်ဝန်းတွေဟာ နုညံ့တယ်၊ နှစ်သိမ့်မှုပေး ချမ်းမြေ့စေတဲ့သဘောတွေပြည့်နေတယ်။




‘I’m sorry, ကျွန်တော် တစ်ခုခု ဒုက္ခရောက် နစ်နာအောင်လုပ်ဖို့ မရည်ရွယ် မလုပ်မိပါဘူးနော်’




"Harm?"




‘ ကျွန်တော် သည်နေရာအကြောင်းကို online မှာဖတ်ပြီးသိခဲ့တာဗျ။ လူတွေ သူစိမ်းတွေ သည်ဝန်းကျင်လာတာကို ခင်ဗျားတို့တွေ မကြိုက်တာတော့ ကျွန်တော်သေချာပြောနိုင်ပါတယ်’




သူ ကျွန်တော့်ကို ကြည့်နေတဲ့ အကြည့်ကြောင့် သက်သောင့်သက်သာမဖြစ်သလိုခံစားရတယ်။ သူက ဘာစကားလုံးမှမပြောဘဲ သည်အတိုင်းစိုက်ကြည့်နေတော့ ကျွန်တော့်မျက်နှာတစ်ပြင်လုံး ပူနွေးရဲတွတ်လာပါရော။




‘ကျွန်တော် ဥပဒေတစ်ခုခုကိုများ မချိုးဖောက်မိပါဘူးနော်…’




‘ကျုပ်လည်း သည်ပတ်ဝန်းကျင်က မဟုတ်ဘူးဗျ’




ကျွန်တော့် တကိုယ်လုံးရဲ့အလေးချိန်ကို ခြေတစ်ဖက်တည်းအားပြုရပ်ခိုင်းသလိုမျိုး ခဏတော့ တောင့်တင်းသွားတယ်။ ‘ကျွန်တော်လည်း သည်နားက မဟုတ်ပါဘူး’




ကားလမ်းအတိုင်း နောက်ထပ်ကားတစ်စီးများ မောင်းချလာမလား မျှော်လင့်ရင်း အရှေ့အရပ်နဲ့ အနောက်အရပ်ကို ကျွန်တော် မသိမသာ ငေးကြည့်လိုက်ချိန် ပတ်ဝန်းကျင်မှာ ဘာသံမှမကြားရအောင် တိတ်ဆိတ်သွားပါတယ်။ ကျွန်တော်တို့နှစ်ယောက်တည်းရယ်။ သူသာ ကျွန်တော့်ကို သတ်ပြီး ထွက်သွားချင်ရင် တကယ့်ကိုလွယ်လွယ်လေး။




သူ့ဦးခေါင်းကလည်း ကျွန်တော်ရွေ့လျားတဲ့အတိုင်း လမ်းရဲ့ အထက် အောက် စုန် ဆန်လိုက်ကြည့်တယ်။ ‘ခင်ဗျား သည်နေရာကို ဘာကြောင့်လာတာလဲဗျ’




"I don't know."  ကျွန်တော်ဘယ်လိုအဖြေပေးရမှန်းကိုမသိတာ။ 




နောက်တစ်ကြိမ် သူ တိတ်ဆိတ်သွားပါတယ်။ ကျွန်တော့်ရဲ့ သက်သောင့်သက်သာမရှိမှုက ရေချိန်တစ်ခုကို ရောက်လာတာမို့ အတော်ဆိုးရွားတဲ့ idea တစ်ခုပါပဲ။ ကျွန်တော် သူ့မျက်ဝန်းတွေကို စိုက်ကြည့်ချင်တယ်။ ဒါပေမဲ့ သည်အတွေးက ကျွန်တော့်ကို ခြောက်လှန့်နေသလိုဗျ။




‘ကျွန်တော် သည်မှာ သိပ်ကြာကြာမနေပါဘူး’


‘No, အဲဒါက အဆင်ပြေပါတယ်’




သူသည်လည်း အလားတူ နည်းနည်းထိတ်လန့်နေမှန်း ကျွန်တော် အာရုံခံစားမိတယ်။ သူတစ်ခုခုကို ပြုလုပ်ခဲ့ပုံရပါတယ်။




‘တော်တော်ဆိုးတဲ့ Idea တစ်ခုဖြစ်ခဲ့တာပဲ’ ကိုယ့်ဘာသာကိုယ် စိတ်ထဲသိမ်းထားတဲ့ စကားလုံးကို အသံခပ်ကျယ်ကျယ်နဲ့ ပါးစပ်က ထုတ်ပြောမိတယ်။




‘No….ခင်ဗျားနေချင်သလောက်နေလို့ပြောချင်တာ….ကျုပ်…ကျုပ်အဲသလို မဆိုလိုပါဘူးဗျာ..’




သူ စကားလုံးရှာမရတာကြောင့်ထင်ရဲ့ ပြောလက်စ စကားကိုရပ်ပစ်တယ်လေ။




သူ့ရဲ့စူးစိုက်ကြည့်နေမှုကို ကျွန်တော်မသက်မသာဖြစ်နေကြောင်း သူရိပ်မိသွားပုံရတယ်။ ကျွန်တော့်ကို စိုက်မကြည့်တော့ဘဲ အဝေးကို ငေးလေရဲ့။ ကျွန်တော်ကြည့်နေတဲ့ နေရာအကွက်အကွင်းကိုပဲ ထပ်တူသူကြည့်တာပါ။ သည်လိုလုပ်လို့လည်း ကျွန်တော့်စိတ်တင်းကြပ် နေမှုကို လျော့ပါးသက်သာမသွားစေပါဘူး။ သူ ကားအမြန်မောင်းတဲ့အရှိန်နှုန်းကို လိုက်မှီပြီး ရုတ်တရက်ရပ်တန့်လိုက်သလိုမျိုး ကျွန်တော်ပြုလုပ်နိုင်ပါ့မလား။




 ‘စကားမစပ် ငါ့နာမည် သူရိန်’




ကျွန်တော်လည်း ဘာစကားပြန်ပြောရမယ်မသိတာကြောင့် ‘အင်း…ငါ့နာမည်က ဥက္ကာ’ လို့ပြန်ဖြေလိုက်တယ်။         


   


‘ဒါဆို…သည်လမ်းရဲ့ ဒဏ္ဏာရီကိုသိလား ဥက္ကာ’




‘Online ပေါ်မှာဖတ်ဖူးသလောက်ပဲသိတာ’




‘အစကတော့ ငါလည်း မင်းသိသလောက်ပဲသိတယ် ပြောရမယ်’




ကျွန်တော် စကားခွန်းတုန့်ပြန်မပြောမိဘူး။ 




အဲ့တော့ ကျွန်တော့်ကို သူပြန်လည်ပြန်လှည့်ကြည့်တာမို့ စိတ်ထဲ မသက်မသာခံစားရပါတယ်။ 




‘သည်နေရာအကြောင်းကို ငါ အဦးဆုံးဖတ်တာ တစ်နှစ်လောက်ကြာပြီထင်တယ်။ လက်တွေ့မရောက်ဖူးခင်အထိတော့ သည်အဖြစ်အပျက်အကုန်လုံးကို ငါမသိခဲ့ဘူးကွ’




‘သည်ကို လာခဲ့တာ တစ်နှစ်လောက်ရှိပြီပေါ့’ စိတ်ရှုပ်ထွေးစရာ ထူးဆန်းတဲ့ နေရာအပေါ် ကြာရှည်စွာ သူအာရုံစိုက်ထားတဲ့ အကြောင်း ကျွန်တော်စူးစမ်းလိုတာမို့ အမေးစကားတစ်ခွန်းစလိုက်တယ်။ 




‘မဟုတ်ပါဘူး….တစ်နှစ်လုံးလာနေတာ၊ ရောက်နေတာမဟုတ်ဘူးရယ်။ တစ်ကြိမ်ပဲ ရောက်ခဲ့တာ’ 




နောက်ဆုံး ရှင်းပြချက်က အတော်ထူးဆန်းတယ်။ တစ်နှစ်လုံးနေမှ တစ်ခေါက်ရောက်ဖူးခဲ့တဲ့ သည်နေရာ သည်ဌာနကို နှစ်တစ်နှစ်ကြာ အပြီး တိုက်တိုက်ဆိုင်ဆိုင်ပြန်လာသော သည်လူအား ထူးဆန်းသူလို့ ဆုံးဖြတ်ရမလား ကျွန်တော်မသိဘူး။ အချိန်တူ နေ့ရက်တူ ကျွန်တော်ရောက်နေချိန်ကို သူရောက်လာတာပါ။




‘ဒါဆို ဖြစ်ရပ်အကြောင်းအရာတစ်ခုလုံးကို မင်းသိတယ်ပေါ့’ 


သူရိန် ခေါင်းငြိမ့်ပြပါတယ်။




‘အဲတော့ ဘာကြောင့် သည်နေ့မှ ဒီနေရာကို မင်းရောက်လာတာလဲ’




ကျွန်တော့်မသိစိတ်အချို့က ခပ်မြန်မြန်လေး ကားမောင်းပြန်ထွက်ခွာဖို့ ပြောနေသော်ငြား မပြောပြတတ်တဲ့ စိတ်အခြေအနေအချို့က မြေပြင်ကနေ ခြေကြွလှမ်းဖို့ကိုတောင် ခွင့်မပြုချင် ဆွဲကိုင်ထားပါတယ်။ သူ့အတွက် အစိမ်းသက်သက်ဖြစ်မနေအောင် ဘာကြောင့် ကျွန်တော် ဧည့်ထောက်ခံမိနေမှန်း မသိဘူး။ ဘယ်လိုပြောပြော အဝေးကို ပြေးမထွက်နိုင်ဘူးဖြစ်နေရော။ 




‘အရေးကြီးတဲ့ နေ့တစ်နေ့လိုမျိုးမို့ပေါ့ကွာ’ 




သူ့ကိုမေးခွန်းတွေ ဆက်ထုတ်ရမလား ကျွန်တော်မသေချာ။ ကိုယ်မသိတဲ့ သူစိမ်းတစ်ယောက်ယောက်နဲ့ လူသူကင်းတဲ့ လမ်းဘေးတစ် နေရာမှာ ဘယ်လူတွေက သည်လိုစကားစမြည်ပြောနေပါ့မလဲ။ အကြည့်ချင်းလည်းမဆုံ စကားလည်းတစ်ခွန်းမှမဟကြဘဲ မိနစ်အနည်း ငယ်လောက် ကြာသွားတယ်။ ဦးစွာပထမ ကျွန်တော်ဟာ သူ့ပုဂ္ဂလိကအကြောင်းအရာတွေပေါ် စိုးရိမ်ကြောင့်ကြစိတ် ဝင်လာတယ်။ ဒါပေမဲ့ ကျွန်တော့်ရဲ့ စူးစမ်းချင်စိတ်က မေးခွန်းတွေ ပိုပိုထုတ်ဖို့ အားပေးအားမြှောက်လုပ် တွန်းပို့တယ်။




‘မင်းဘယ်ကလာတာလဲကွ’ ကျွန်တော် တွေးနိုင်တဲ့ မေးခွန်းနဲ့ပဲပြန်အစပျိုးလိုက်တယ်။ 




‘ငါ ဒဂုံမြို့ကြီးရဲ့ ဆင်ခြေဖုံးအရပ်ထဲမှာနေတာ’


‘ငါလည်း အတူတူပဲကွ။ ဒါပေမဲ့ သည်နေရာကို ဟိုးအရင်တုန်းက ငါရောက်ဖူးနေသလို ရင်းနီးနေတယ်’




ကျွန်တော် ပြုစားခံရသလိုမျိုး သူရိန်အကြောင်းကို စိတ်ဝင်စားခဲ့တယ်ဗျ။ နှစ်ယောက်သား စကားစမြည်ပြောလက်စကို ဆက်ချင်သေး ပေမယ့် ကျွန်တော်ဘယ်ကစရမှန်းမသိ။ ကားလမ်းနံဘေးမှာ ဘေးချင်းယှဉ်ရပ်နေတဲ့ သူ့ကို မျက်လုံးထောင့်စွန်းကပ်ပြီး ကျွန်တော်ကြည့် နေမိတယ်။ သူ့စိတ်ဝင်စားမှုတွေကို အဓိကထားမေးချင်သော်လည်း မေးစရာအများအပြားကို လစ်လျူရှုရမလား ကျော်သွားရမလား မသိတော့ပါ။ ဘာကြောင့်မှန်းပြောရခက်စွာ သူ့စိတ်ဝင်စားတဲ့အကြောင်းအရာတွေကို သိချင်သလို ကျွန်တော့်ကိုလည်း စိတ်ဝင်စားနေ စေချင်တယ်။ ကျွန်တော့်ကို သူအနည်းငယ်ထိတ်လန့်နေသော်လည်း ကျွန်တော့် အလေးထားဂရုစိုက်ခြင်းအား လိုလားပုံရပါတယ်လေ။




မိနစ်အနည်းငယ်အကြာက သူပြောခဲ့တာကို ကျွန်တော်သတိရတယ်။ ဒါကြောင့် ‘ဒါဆို ငါ့ကို မင်းပြောပြမှာလား’ လို့မေးလိုက်တယ်။




‘မင်းကို ဘာပြောပြရမှာလဲ’




‘ဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာတွေအားလုံးကိုပေါ့။ မင်းသိတယ်လို့ပြောထားတာ မဟုတ်လား’




သူရိန် တုတ်ချောင်းတစ်ချောင်းကို ဆွဲယူလိုက်ပြီး လယ်ကွင်းထဲကို ပစ်ထည့်လိုက်တယ်။ ‘မင်းကော ဘာတွေသိထားသေးလဲ’




‘Drag Racers တွေအကြောင်း။ ၁၉၇၀ နှစ်များစီက အထက်တန်းကျောင်းသားနှစ်ယောက် သည်နေရာမှာသေခဲ့တာ။ အခု သူတို့ဝိညာဉ်တွေက အနီးအနား လမ်းတဝိုက်ကို ခြောက်လှန့်ကြတယ်ပြောတယ်’




သူရိန် မပြုံးတစ်ဝက် ပြုံးတစ်ဝက်ပြုံးပါရော။ ‘နည်းနည်း နီးစပ်ပါတယ်’




‘ငါပြောတာ နည်းနည်းလိုသွားလို့လား’




‘ ၇၀ ဝန်းကျင်က ဖြစ်ပျက်ခဲ့တာမဟုတ်ဘူးကွ။ တကယ်တော့ ၈၁ခုနှစ်အတွင်းမှာ ဖြစ်ပျက်ခဲ့တာ။’




ကျွန်တော်က ၁၉၉၁ခုနှစ်မှာ မွေးဖွားခဲ့တာ။ သို့သော်လည်း ၁၉၈၁ခုနှစ်ဆိုတဲ့ ခုနှစ်က ကျွန်တော့်အတွက် အဓိပ္ပာယ်အများကြီးရှိပါတယ်။ ငါတော့ ဆယ်နှစ်လောက်နောက်ကျပြီး မွေးလာတာ၊ တကယ်တန်းဆို ၈၀ခုနှစ်များမှာ မွေးဖွားသင့်ခဲ့တာလို့ ကျွန်တော် ဟာသနှောလေ့ရှိ တယ်လေ။ ဒါပေမယ့် အဲသလို ရယ်မောဖွယ် အကြောင်းအရာက ကျွန်တော်မွေးဖွားပြီး ဘဝတလျောက် လိုက်ပါနေလိမ့်မယ်လို့ မထင်ဘူး။




            ပြောရင်းဆိုရင်း တဖြေးဖြေး နေလုံးကြီးပျောက်ကွယ်လာတာ သက်တံ့ရောင်စဉ်တန်းထဲက ပထမအရောင် သုံးခုကိုတောင် သတိရစေသလိုမျိုးဖြစ်လာတယ်။ သည်လိုနေရာစိမ်းမှာ ကိုယ်မသိတဲ့ သူစိမ်းနဲ့ ညအမှောင်ထဲ ကျွန်တော်အတူမရှိချင်ဘူး။ သို့သော် သူ့ကို ထားမသွားနိုင်တာကို ကျွန်တော်သိတယ်။ အမျိုးအမည်မသိတဲ့ စိတ်ခံစားချက်တစ်မျိုးက သူ့အကြောင်းပိုမိုသိချင်စိတ်ဖြစ်အောင် နှိုးဆော်နေသလို ကျွန်တော့်စိတ်အလျဉ်ကို ဘယ်လိုမောင်းနှောင်နေမှန်း မပြောတတ်။ ကျွန်တော် သရဲတစ္ဆေတွေကို မကြောက်လန့် သော်လည်း သရဲပုံပြင်တွေ ဝတ္ထုတွေကို ကြိုက်နှစ်သက်ပါတယ်။




ကျွန်တော်တို့နှစ်ဦးသားကြားက တိတ်ဆိတ်မှုဟာ ပြန်လည်အသံထွက် ကျယ်လောင်လာခဲ့ပါတယ်။ ရာသီဥတု အခြေအနေပြောင်းလာ မှုကြောင့် ပုစဉ်းရင်ကွဲအကောင်တွေကို အော်မြည်ဖို့ တိုက်တွန်းသယောင်ဖြစ်တာမို့ ကျွန်တော့်နားထဲမယ် အသံတွေ တစီစီကြားနေရ တယ်။




‘အခုကားရပ်ထားတဲ့နေရာတဝိုက်မှာ သူတို့မရှိတော့ဘူးဆိုတာ မင်းသိလား’ 




သူ့စကားလုံးတွေက ကျွန်တော့်အတွေးမျှင်ကို ဖြတ်တောက်လိုက်ကာ ပတ်ဝန်းကျင်က စီစီညံညံ ပုရစ်ရင်ကွဲသံတွေကို သတိပြုမိစေတယ်။ 




‘ဘယ်သူတွေ သည်နေရာမှာမရှိတာလဲ’




‘ငါ့ထက်ပိုပြီး မင်းသိတယ်ဆိုတာသိပါတယ် ဥက္ကာရာ’




ကျွန်တော် သူ့ကို အနည်းငယ်ထိတ်လန့်သလို ထပ်ဖြစ်ပါတယ်။ လျှို့ဝှက်ကြံစည်တဲ့ လှုပ်ရှားမှုက ဆေးအရောင်ဆိုးသလိုဖြစ်လာတယ်။




‘ငါသွားသင့်ပြီ’




ခြေလှမ်းအနည်းငယ်သာဝေးတဲ့ ကျွန်တော့်ကားရှိရာကိုလှည့်လိုက်တယ်။ ကျွန်တော့်ဘဝမှာ အချိန်အကြာဆုံးသော ခြေလှမ်းတွေပါပဲ။




ကျွန်တော် ကားတံခါးကို အလျင်အမြန်ဆွဲဖွင့်ချိန်အထိ သူရိန်က ရပ်မြဲနေရာမှာ မတ်တပ်ရပ်မြဲဗျ။


‘ငါသာ မပြောပြရင် သည်အကြောင်းအလုံးစုံကို ဂဃနဏ မင်းမသိနိုင်ဘူးဆိုတာ လောင်းရဲတယ်’




သူ့စကားလုံးတွေက ရိုးရိုးဆိုသော်ငြား ကျွန်တော့်လှုပ်ရှားမှုအလုံးစုံကို တုန့်နှေးသွားစေပါတယ်။ သူပြောပြီးပြီးချင်း ကျွန်တော့်ရင်ခုန်သံ က စည်းချက်မမှန်တော့တာမို့ ထူးဆန်းတယ်။




ကားသော့ကိုပြန်ဆွဲနှုတ်ကာ လက်ထဲဆုပ်ကိုင်ပြီး ကားအပြင် ကျွန်တော်ပြန်ထွက်လိုက်တယ်။ သူ့မျက်နှာကို ကျွန်တော် တည့်တည့် မကြည့်ဝံ့ဘူး။ ဒါပေမယ့် သူ့မျက်ဝန်းတွေနဲ့ အကြည့်ချင်းဆုံလိုက်တဲ့ခဏ အဖြစ်အပျက်ကိစ္စအတော်များများ ရုပ်ရှင်ပြကွက်များလို အသိ စိတ်ထဲ ဖျက်ကနဲပေါ်လာရော။




‘ငါသတိရပြီ’


‘အင်းလေ….မင်းသတိရမယ်ဆိုတာ ငါသိပါတယ်’




အချိန်မတန်မီ တရင်းတနီးဆက်ဆံလာတဲ့ သူ့ရဲ့ပေါင်းသင်းဆက်ဆံရေးပုံစံက ကျွန်တော့်ကို ကြာကြာမထိတ်လန့်စေဘူးဗျ။ ချက်ခြင်းဆို သလို သူ့အကြောင်းအလုံးစုံက ကျွန်တော့်ကို သွေးဆောင်ဖျားယောင်းသလို ဖြစ်လာတာကိုတော့ ထိတ်လန့်မိသလိုပဲ။




သူ့ဆီကိုကြည့်နေတဲ့ အကြည့်ကို ကျွန်တော်မလွှဲမိဘူး။ ‘ဘာကြောင့် ငါက အဲဒီအကြောင်းတွေကို မှတ်မိသတိရနေသင့်သလဲ’




‘ငယ်ငယ်ရွယ်ရွယ်နဲ့ သေဆုံးမယ်လို့ မင်းစိတ်ကူးကြည့်ဖူးလား’ ကျွန်တော့်မေးခွန်းကို သူရိန် လစ်လျူရှုပြီး စကားဆက်တယ်။ ‘ငါတို့ အခုအသက်အရွယ်ထက် ပိုငယ်တဲ့အချိန်မှာ သေဆုံးခဲ့မယ်ဆိုရင်ကော’




ကျွန်တော် တစ်စုံတစ်ခုကို သတိရသွားခဲ့ပါတယ်။




‘အင်း….ငါတွေးလို့ရ ခံစားလို့ရပါတယ်’




‘ဘယ်လိုမျိုးလဲ’




‘ငါမပြောတတ်ဘူး’




ကျွန်တော် လှတပတ မိန်းကလေးနှစ်ယောက်ကို သတိရသွားခဲ့တာပါ။ 


‘ဖူးပွင့်နဲ့ သင်းသင်း’




သူရိန် နာနာကျင်ကျင်ပြုံးလိုက်ရင်း အဝေးတစ်နေရာကို အကြည့်လွှဲပါတယ်။




‘ယောက်ျားလေးတွေက သူတို့ချစ်သူမိန်းကလေးတွေအတွက်ဆိုရင် ထူးထူးဆန်းဆန်းတွေလုပ်ဖို့ စွန့်စားဖို့ ဘာဖြစ်ဖြစ်လုပ်ကြတာပဲလေ’


သူရိန် ရယ်သွမ်းသွေးပါတယ်။ ‘ငါသိတယ်’




ရွှင်လန်းအားရခြင်း၊ ဝမ်းနည်းခြင်းနဲ့ ပြီးပြည့်စုံခြင်းတွေရောပြွမ်းနေတဲ့ ခံစားချက်တစ်မျိုး ကျွန်တော့် ခန္ဓာကိုယ်ကို ကြက်သီးဖြန်းကနဲ ထသွားသလို ဖြတ်သန်းသွားပါတယ်။




သူရိန် နောက်တုတ်တစ်ချောင်းကို ကောက်ကိုင်ခဲ့ပါတယ်။ ‘သူတို့ ရုတ်ခြည်းသေဆုံးသွားခဲ့တယ်လို့ သတင်းစာဟောင်းတစ်စောင်မှာ ငါဖတ်ဖူးခဲ့တယ်။ အသေးစိတ်အကြောင်းအရာတွေက ထိတ်လန့်စက်ဆုပ်စရာကောင်းတယ်။ သူတို့ ဦးခေါင်းတွေ ပြတ်တောက်ကုန်တာ၊ အပြင်းစားလောင်ကျွမ်းခံရတာမျိုး။ တစ်ခါတလေ ဝိညာဉ်တွေဟာ သူတို့သေဆုံးပြီးပြီဆိုတာမသိသေးဘဲ ခြောက်လှန့်လေ့ရှိကြောင်း တစ်ခါဖတ်ဖူးတယ်။ သူတို့ဘာတွေဖြစ်ပျက်ခဲ့တာကိုလည်း မရိပ်စားမိကြသေးတဲ့သဘောပေါ့။’




‘ငါ ဝိညာဉ်တွေ သရဲတွေရှိတာကို မယုံဘူး’ 


‘အေး….မင်း မယုံဘူး’




ကျွန်တော် အဝေးကို ငေးလိုက်မိတယ်။ ကျွန်တော့် ဦးခေါင်းထဲ အတွေးထဲ တစ်နေရာရာမှာ ပုန်းအောင်းနေတဲ့အရာတွေ ခုန်ပေါက်ကစား တာ မြင်နိုင်ပါပြီ။ ကားအမြန်မောင်းပြိုင်ပွဲတစ်ခုရဲ့ ကားမတော်တဆဖြစ်ရပ်များ။




နုညံ့တဲ့ သူ့မျက်ဝန်းတွေကို ကျွန်တော်ပြန်စိုက်ကြည့်ရင်း ‘သမင်တစ်ကောင် လမ်းပေါ်ရှိနေခဲ့တာ’


‘ဟုတ်တယ် သမင်ရှိနေတယ်’




နောက်တစ်ကြိမ် အသံတိတ် ငြိမ်သက်သွားပါတယ်။ သည်လမ်းမကြီးပေါ်မှာ သူရိန်နဲ့အတူ သီးခြားဖြစ်နေတယ်။ တစ်နေ့တာရဲ့ နောက်ဆုံး အလင်းလက်ကျန်အဖြစ် အနောက်ဘက်ကောင်းကင်ယံမှာ အနီရောင် အစင်းအကြောင်းလေးသာကျန်ပါတယ်။ ကျွန်တော့် နှလုံးခုန်သံဟာ ရုတ်တရက် တဒိတ်ဒိတ်မြည်အောင်ထခုန်လာတာမို့ ရင်ဘတ်ကို အသာကိုင်ကြည့်ပြီး လူသတ်ခံရမယ့်အတိုင်း ခံစားရ သလားထင်မိရော။ ကျွန်တော် ကားကိုမှီရင်း ကားလမ်းမပေါ်ကို ထိုင်ချလိုက်ပါတယ်။ သူရိန်ရဲ့ မျက်ဝန်းတွေကို ကျွန်တော်မကြည့်ဝံ့သလို အဝေးတစ်နေရာကိုလည်း အကြည့်မလွှဲနိုင်ပါ။




သူ့ဘာသာသူ ကျွန်တော့်ရှေ့လာရပ်တယ်ဗျ။ ကျွန်တော် မထိတ်လန့်ခဲ့ဘူးထင်တာပဲ။




‘ဘယ်လောက်ကြာအောင် အချိန်ယူခဲ့ရတယ်လို့ မင်းထင်လဲ’ သူရိန်က ကျွန်တော့်ကိုမေးတယ်။




‘ဘာအတွက် အချိန်ယူရမှာလဲကွ’ 




‘သူတို့ အမှန်တကယ်ဘာဖြစ်ခဲ့ကြတယ်ဆိုတာ သဘောပေါက်ဖို့’




စိတ်ကူးမြင်ယောင်ထားမှုများကနေ အဖြစ်အပျက်အကြောင်းအရာအသွင် တိုက်ရိုက်ဖွဲ့သီဖို့ ကျွန်တော်ကြိုးစားခဲ့ပါတယ်။ ကျွန်တော့် ဦးခေါင်းထဲ တဝဲလည်လည်ဖြစ်နေတဲ့ ဝိုးတဝါးမှတ်ဉာဏ်တွေကို ကျော်လွန်လိုက်တဲ့ စိတ်ကူးစိတ်သန်းတွေပါ။




‘သူတို့ သိပ်မကြာဘူး သိသွားခဲ့တယ်။ အလန့်တကြားအော်ဟစ်သံတွေနဲ့အတူ နာကျင်မှုတွေကော ခံစားခဲ့ရတာပဲ။ သူတို့ ချက်ချင်းဆို သလိုသိသွားခဲ့တာ’




 မျက်ရည်တစ်ပေါက် ကျွန်တော့်မျက်ဝန်းကနေ ပါးပြင်ပေါ်လိမ့်ဆင်းလာရာ သူရိန်က သူ့လက်မနဲ့ သုတ်ဖယ်ပစ်လိုက်ရော။ တဒင်္ဂ သူ့တို့ထိမှုလေးဟာ ကျွန်တော့်တကိုယ်လုံး သိမ့်သိမ့်တုန်သွားစေပြီး ပျော်ရွှင်မိတယ်ဗျ။




‘မင်း အဲလိုထင်တယ်ပေါ့’




‘ငါသိတယ်လေ’




‘ဒါဆို မင်းမှတ်မိတယ်ပေါ့’




‘အင်း ငါမှတ်မိတယ်’




ကျွန်တော့်လိုပဲ သူရိန်သည်လည်းခံစားမိတယ်ထင်ရဲ့ ကိုယ်လုံးကြီး တဆတ်ဆတ်တုန်ရီလာကာ ‘မင်း ဘာတွေမှတ်မိသလဲ’ တဲ့။




‘အချိန်အကြာကြီး မေ့ထားပစ်ခဲ့တာတွေကို ငါသတိရ မှတ်မိလာတာ’




‘ဆက်ပြောပါဦး’




‘ငါမုတ်ဆိတ်မွှေးထားတာကို မင်းမှတ်ချက်ချတာ သတိရတယ်။ နောက်တော့ အရာရာအားလုံးပဲ’




သူရိန် အဝေးကို ငေးကြည့်ပါတယ်။ ‘ငါလည်းအတူတူပဲ။ ဒါပေမယ့် အဓိကအစိတ်အပိုင်းတွေကိုမေ့နေခဲ့တာ။ ငါသေဆုံးခဲ့တယ်ဆိုတာကို လက်မခံချင်ခဲ့ဘူးကွ’




ကျွန်တော်မျက်ရည်များနဲ့အတူ ခေါင်းငြိမ့်ပြခဲ့ပါတယ်။




‘ဘာကြောင့် ငါ့ကို မထားခဲ့တာလဲ’




‘အဲဒါ ငါ့အမှားဖြစ်ခဲ့တာပါ။ သမင်က ငါ့ကားရှေ့မှာရောက်နေတာ မင်းရဲ့ကားရှေ့မှာမဟုတ်ဘူး။ ငါ ကားကို ဘေးဘက်ယိမ်းအောင်  စတီယာရင်ကို ဆွဲလှည့်ပစ်တာ။ မင်းကို သေအောင် ငါလုပ်ခဲ့တာ’




‘ဒါပေမဲ့ ငါအခု အသက်ရှင်နေတယ်လေ’




ကျွန်တော့်စိတ်ထိခိုက်လှုပ်ရှားမှုတွေကို မထိန်းချုပ်နိုင်ခဲ့ပါဘူး။ ‘ဒါပေမယ့်လည်း ငါ မင်းကိုသေအောင်လုပ်ခဲ့တာ’




သူ့လက်အစုံဟာ ကျွန်တော့်မျက်နှာပြင်ပေါ်ရောက်လာတယ်။ သူ့အထိအတွေ့များဟာ စိမ်းမနေဘဲ အကျွမ်းတဝင်ရှိလှပါတယ်။




‘အဲ့အချိန်မှာ မင်းက ကလေးတစ်ယောက်ဖြစ်နေဆဲ အရွယ်မရောက် လူကြီးမဖြစ်သေးဘူးလေ။ အဲဒါ မင်းအမှားမဟုတ်ပါဘူး။ ငါတို့တွေ ရူးရူးနှမ်းနှမ်း ကိစ္စတွေလုပ်ခဲ့ကြတာ။ အခုတော့ ကောင်းတဲ့အရာတွေ မှန်ကန်တာတွေလုပ်ဖို့ ဒုတိယအကြိမ် အခွင့်အရေးရနေပြီပဲ။ ဟုတ်တယ်မဟုတ်လား’




သဘာဝကျကျ စိမ်းသက်မနေဘဲ ကျွန်တော့်အနားကို သူတိုးကပ်လာကာ တင်းကြပ်နေတဲ့အထိ ကျွန်တော့်ကိုဆွဲဖက်ထားပါတယ်။ တဖြည်းဖြည်း ကျွန်တော့်အနားတိုးလာတဲ့သူ့ ကိုယ်သင်းရနံ့ဟာ မွှေးမြနေသလို ထွေးဖက်လိုက်တဲ့ သူ့ရင်ခွင်ကြီးဟာလည်း နွေးထွေး နေတယ်။ တစ်ဘဝလုံး ဗလာသက်သက်ဖြစ်နေတဲ့ ကျွန်တော့်အတွက် မပြည့်စုံ မစုံလင်သော လစ်ဟာမှုဟာ စက္ကန့်ပိုင်းအတွင်း အဝေး ကိုထွက်ပြေးသွားရော။ တစ်စုံတစ်ယောက်ရဲ့အချစ်ကို ခံစားရယူဖို့ စောင့်ဆိုင်းနေခဲ့တဲ့ ကျွန်တော်ပါလား။ ကျွန်တော်တို့ စိတ်ဝိညာဉ်တွေ ဟာ ဘယ်သောအခါမှ သီးခြားမဖြစ်တော့သလိုမျိုးဆိုပေမယ့် သူ့အထိအတွေ့တွေကိုတော့ မခံစားဖူးခဲ့ဘူးထင်တယ်။




ကျွန်တော်တို့နှစ်ယောက်သား ပါးပြင်ဟာ ပူးကပ်နေကြသလို သူ့ရင်ခုန်သံဟာ ကျွန်တော့်ရင်ခုန်သံလိုပဲ အရှိန်ပြင်းနေပါတယ်။ ထွေးဖက်ထားတဲ့ သူ့လက်မောင်းများကြားမှာ ကျွန်တော့်ရင်ဘတ်အစုံကို ဖြတ်သန်းလျက် ခံစားချက်တွေကို ခံစားသိရှိလျက်ပေါ့။




‘ငါ မင်းကိုသတ်ခဲ့တာ’



‘မင်း ငါ့ကို ကယ်တင်ခဲ့တာပါ’



Alex Aung (18 October 2021)

Friday, May 5, 2023

လိင်တံနှစ်ခုပါခြင်းဟာ ကျန်းမာရေးပြဿနာလား


Diphallia ဒါမှမဟုတ် မွေးရာပါ လိင်တံနှစ်ခုပါတာကို ယောက်ျားလေးအများစုကတော့ ကံကောင်းတယ်လို့ သတ်မှတ်နိုင်ပေမယ့် တကယ်တမ်းမှာတော့ ကျန်းမာရေးပြဿနာတစ်ခုပါပဲ။ Diphallia ဟာ မျိုးဗီဇဆိုင်ရာ ကျန်းမာရေးပြဿနာတစ်ခုဖြစ်ပြီး ယောက်ျား ၆ သန်းမှာ တစ်ယောက်မှာသာ ဖြစ်နိုင်တဲ့အထိ ရှားပါးတဲ့အခြေအနေဖြစ်တယ်လို့ စစ်တမ်းများအရ တွေ့ရပါတယ်။ လိင်တံနှစ်ခုရှိခြင်းဟာ ယေဘုယျအားဖြင့် ပြဿနာမရှိပေမဲ့ နောက်ဆက်တွဲ တခြားကျန်းမာရေးပြဿနာတွေ ဝင်လာနိုင်တာကိုတော့ သတိပြုသင့်ပါတယ်။

#သူ့ရဲ့လက္ခဏာတွေက ဘာတွေလဲ
Diphallia ပြဿနာနဲ့ မွေးလာတဲ့ ယောက်ျားလေးတွေဟာ မွေးဖွားစဉ်မှာ လိင်တံ၊ ဝှေးစေ့နဲ့ ကပ္ပါယ်အိတ်မှာ ပုံမှန်မဟုတ်တဲ့ ရုပ်ပိုင်းဆိုင်ရာ လက္ခဏာတွေကို အလွယ်တကူမြင်ရနိုင်ပြီး ဒီလူတွေရဲ့

၁။ ၈၀ - ၉၉% ခန့်မှာ လိင်တံ၊ ကပ္ပါယ်အိတ် နှစ်ခြမ်းကွဲနေတတ်ပါတယ်။

၂။ ၃၀ - ၇၉% ခန့်မှာ စအိုမှ သဘာဝအတိုင်း မစင် မစွန့်နိုင်ခြင်း၊ ဆီးလမ်းကြောင်းနှစ်ခု ကွဲထွက်နေခြင်း၊ ကပ္ပါယ်အိတ်က ပုံမှန်အနေအထားမှာမရှိနေတဲ့ လက္ခဏာတွေကို တွေ့ရတတ်ပါတယ်။

၃။ ၅ - ၂၉% ခန့်မှာသာ တွေ့ရတဲ့ ရှားပါးလက္ခဏာနဲ့ ပြဿနာတွေကတော့…

ကျောက်ကပ်အနေအထား မှားယွင်းနေခြင်း
သုက်ပိုးကောင်ကို ပုံမှန်အတိုင်း မထုတ်လုပ်နိုင်ခြင်း
ဆီးခုံရိုးအနေအထား မှားယွင်းနေခြင်း
ခန္ဓာကိုယ်ပြင်ပမှာ ကျောက်ကပ်ရောက်နေခြင်း
ဝှေးစေ့ အောက်မကျလာခြင်း
လိင်တံထိပ်ပေါက် အနေအထားမှားနေခြင်း
ကျောက်ကပ်အပိုပါနေခြင်း
အူကျွံခြင်း စတာတွေပဲ ဖြစ်ပါတယ်။


#ဒီပြဿနာကို ကြိုတင်ကာကွယ်လို့ ရလား
မျိုးရိုးဗီဇဆိုင်ရာ ကျန်းမာရေးပြဿနာဖြစ်တဲ့အလျောက် မိဘတွေဘက်က ကြိုတင်ကာကွယ်မှုတွေ လုပ်ထားလို့မရသလို၊ ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်တဲ့ နည်းလမ်းတွေလည်း မရှိပါဘူး။

ရှားပါးဖြစ်စဉ်တစ်ခုဖြစ်တာကြောင့် ကိုယ့်ကလေးမှာ ဒီပြဿနာဖြစ်လာနိုင်ခြေဟာလည်း တော်တော်လေးကို နည်းပါးပါတယ်။


#Diphallia အတွက် ဘယ်အချိန်မှာ ဆရာဝန်နဲ့ သေချာပြသမလဲ
၁။ မီးဖွားပေးလိုက်တဲ့ ဆရာဝန်အနေနဲ့ ကလေးမွေးလာစဉ်ကတည်းက ဒီကျန်းမာရေးပြဿနာရှိမရှိကို အလွယ်တကူ အတည်ပြုပေးမှာဖြစ်ပြီး အသက်ကြီးလာလို့ တခြားကျန်းမာရေးပြဿနာတွေ ကြုံတွေ့ခြင်းမရှိတဲ့တိုင်အောင် ပုံမှန်ကျန်းမာရေးစစ်ဆေးမှု ခံယူဖို့တော့ လိုအပ်ပါတယ်။

၂။ Diphallia ရှိနေပေမယ့်လည်း တခြားကြီးမားတဲ့ ကျန်းမာရေးပြဿနာမရှိဘူးဆိုရင် သာမန်လူတစ်ယောက်လိုပဲ ကျန်းကျန်းမာမာနဲ့ သက်တမ်းစေ့နေနိုင်ပါတယ်။ ပုံမှန်အားဖြင့် မဖြစ်မနေကုသစရာ မလိုဘူးဆိုပေမယ့်လည်း ကုသမှုခံယူချင်တယ်ဆိုရင်လည်း ခွဲစိတ်ကုသမှုခံယူပြီး ပိုနေတဲ့ လိင်တံ၊ ဝှေးစေ့၊ ဆီးလမ်းကြောင်းကို ခွဲစိတ်ဖယ်ရှားနိုင်ပါတယ်။

၃။ မွေးဖွားစဉ်ကတည်းက ပါလာခဲ့တဲ့ လိင်တံနှစ်ခုလုံးဟာ များသောအားဖြင့် ထောင်မတ်နိုင်မှု၊ လိင်ဆက်ဆံနိုင်မှု၊ မျိုးအောင်နိုင်မှု၊ ဆီးသွားနိုင်မှု၊ သုက်လွှတ်နိုင်မှု စတဲ့လုပ်ငန်းဆောင်တာတွေအားလုံးကို အဆင်ပြေပြေ လုပ်ဆောင်နိုင်မှာဖြစ်ပြီး ပုံမှန်အတိုင်း သာယာတဲ့အိမ်ထောင်ရေးဘဝကို ခံစားရစေမှာပါ။

၄။ ချွင်းချက်အနေနဲ့ ဆီးသွားဖို့၊ မျိုးအောင်နိုင်ဖို့ အခက်အခဲဖြစ်လာတာ၊ ထောင်မတ်နိုင်စွမ်းမရှိတော့တာ၊ ကိုယ်တွင်းအင်္ဂါတွေမှာ ထိခိုက်ပျက်စီးမှုတွေ ဖြစ်လာတယ်ဆိုရင်တော့ ကုသမှုလိုအပ်ပါတယ်။




အချုပ်အားဖြင့်ဆိုရမယ်ဆိုရင် အများစုက ကံကောင်းတယ်လို့ မှတ်ယူထားကြတဲ့ လိင်တံနှစ်ခုပါတဲ့ အမျိုးသားတွေဟာလည်း တခြားကျန်းမာရေးပြဿနာမရှိဘူးဆိုရင် သာမန်လူတွေလိုပဲ ကျန်းမာပျော်ရွှင်ပြီး လိင်မှုဘဝသာယာတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရနိုင်ပါတယ်ခင်ဗျာ။

(ရဲမျိုးမြတ်)

Monday, May 1, 2023

လိင်တံပျော့ခြင်းရောဂါကို ဖြေရှင်းပေးနိုင်တဲ့ အစားအစာများ

 လိင်တံပျော့ခြင်းရောဂါကို ဖြေရှင်းပေးနိုင်တဲ့ အစားအစာများ





(Arkar Hein မှ ရေးသားသည်။ )


အစားအစာတွေက သင့်ရဲ့ လိင်တံအပေါ် သက်ရောက်မှုရှိပါသလား။


ဆေးတွေ၊ လိင်တံပြွန်တွေ၊ ခွဲစိတ်မှုတွေက အမျိုးသားလိင်တံပျော့ခြင်းကို ကုသပေးနိုင်တယ်ဆိုတာ စာဖတ်သူတို့ သိကြမှာပါ။ ဒါဖြင့်ရင် အစားအစာတွေကရော အမျိုးသားလိင်တံပျော့ခြင်း အပေါ် သက်ရောက်မှုရှိသလား။ အဖြေကိုပြောရမယ်ဆိုရင်တော့ အစားအစာတွေကလည်း လိင်တံပျော့ခြင်းဆိုင်ရာ ပြဿနာ Erectile dysfunction (ED) ကို ကုသပေးနိုင်ပါတယ်။ အခုဒီဆောင်းပါးမှာတော့ Hello ဆရာဝန် ပရိတ်သတ်ကြီးအတွက် လိင်တံပျော့ခြင်း ရောဂါကို ကုသပေးနိုင်တဲ့ အစားအစာတွေကို ဖော်ပြလိုက်ပါတယ်။



၁။ ဖရဲသီး

လိင်တံပျော့ခြင်းကို ကုသပေးနေတဲ့ ဆေးတွေမှာပါဝင်တဲ့ ဓာတ်ပေါင်းဟာ ဈေးတွေမှာ အလွယ်တကူဝယ်ယူနိုင်တဲ့ ဖရဲသီးတွေမှာလည်း ပါဝင်ပါတယ်။ ဒါ့အပြင်ဖရဲသီးဟာ အမျိုးသားတွေရဲ့ လိင်စိတ်ဆန္ဒပြင်းပြခြင်းကို အရှိန်မြှင့်တင်ပေးနိုင်တယ်လို့ လေ့လာချက်တွေက ဆိုပါတယ်။ ဖရဲသီးမှာ ရေဓာတ်အများဆုံးပါဝင်တဲ့အပြင် lycopene လို့ခေါ်တဲ့ အနီရောင်ခြယ်ပစ္စည်းဟာ နှလုံး၊ ပရော့စတိတ် (သုက်ရည်ဂလင်း) နဲ့ အရေပြားတို့အတွက် ကောင်းကျိုးဖြစ်စေပါတယ်။



၂။ ကမာကောင်

အခွံမာ ရေနေသတ္တဝါတစ်မျိုးဖြစ်တဲ့ ကမာကောင်တွေဟာ သင့်ရဲ့ တက်စတိုစတီရုန်း (testosterone) ဟော်မုန်းပမာဏကို မြှင့်တက်စေနိုင်ပြီး လိင်စိတ်ဆန္ဒကို တိုးမြှင့်စေပါတယ်။ ဒါ့အပြင် ကမာကောင်တွေမှာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ Zinc ဓာတ်လည်း ပါဝင်ပါသေးတယ်။ ဒါပေမဲ့ ကမာကောင်ကို စားမယ်ဆိုရင် ဘယ်ဒေသက ကမာကောင်လဲ၊ သေချာ ချက်ပြုတ်ထားရဲ့လားဆိုတာ စစ်ဆေးပြီးမှ စားသုံးသင့်ပါတယ်။



၃။ ကော်ဖီ


မနက်ခင်းမှာ ကော်ဖီတစ်ခွက်သောက်သုံးလိုက်ခြင်းဟာ စိတ်ကျေနပ်ဖွယ်ကောင်းရုံသာမကဘဲ သင့်ရဲ့ လိင်ပိုင်းဆိုင်ရာ လုပ်ဆောင်ချက်တွေကိုလည်း အရှိန်မြှင့်တင်စေနိုင်ပါတယ်။ တစ်နေ့ကို ကော်ဖီ ၂ ခွက်ကနေ ၃ ခွက် ကြားသောက်သုံးတဲ့ အမျိုးသားတွေဟာ လိင်တံပျော့ခြင်းပြဿနာ (Erectile dysfunction (ED)) ဖြစ်ခြင်း နည်းပါးတယ်လို့ လေ့လာချက်တစ်ခုက ဆိုပါတယ်။ ဒါဟာ ဘာကြောင့်လဲဆိုတော့ ကဖင်းဓာတ်က သွေးလည်ပတ်မှုနှုန်းကို အားကောင်းစေတဲ့ အတွက်ဖြစ်ပါတယ်။ တကယ်လို့ သင်က ကော်ဖီကို မကြိုက်ဘူးဆိုရင်လည်း ကဖင်းဓာတ်ပါတဲ့ လက်ဖက်ရည်နဲ့ အအေးတွေကို သောက်သုံးပေးနိုင်ပါတယ်။



၄။ ချောကလတ် အနက်

တစ်ပတ်ကို ချောကလက် အောင်စ အနည်းငယ်စားသုံးပေးခြင်းက သင့်ရဲ့ နှလုံးနဲ့ တခြားခန္ဓာကိုယ် အစိတ်အပိုင်းတွေရဲ့ ကျန်းမာရေးကို ကောင်းမွန်စေပါတယ်။ ချောကလက်မှာပါဝင်တဲ့ ဖလေဗန်နောလ် (Flavanol) ဆိုတဲ့ သဘာဝ ဓာတ်ပေါင်းတစ်မျိုးဟာ သွေးကြော ကျန်းမာရေးကို ကောင်းမွန်စေပြီး သွေးဖိအားကိုလည်း လျော့ကျစေပါတယ်။ ဒါအပြင် ဒီ ဖလေဗန်နောလ် (Flavanol)ဟာ လိင်တံထောင်မတ်ခြင်းကို ဖြစ်စေနိုင်တဲ့ နိုက်ထရစ်အောက်ဆိုဒ် ဓာတ်ပေါင်း ထွက်ရှိဖို့လည်း ကူညီပေးနိုင်ပါတယ်။



၅။ အခွံမာသီး

အခွံမာသီးဆိုတာ စားလို့မရတဲ့ အခွံမာနဲ့ စားလို့ရတဲ့ အစေ့ ပါဝင်တဲ့ အသီးအမျိုးအစားတွေကိုခေါ်တာပါ။ အခွံမာသီး အမျိုးအစားတွေထဲမှာ ဟေဇဲလ်သီး၊ သစ်ကြားသီး၊ မြေပဲနဲ့ ဝက်သစ်ချသီးတို့ပါဝင်ပါတယ်။


အခွံမာသီးတွေမှာ arginine လို့ခေါ်တဲ့ နိုက်ထရစ် အောက်ဆိုဒ်ထွက်ရှိစေဖို့ ကူညီပေးနိုင်တဲ့ အမိုင်နို အက်ဆစ်တွေပါဝင်ပါတယ်။ ဒါ့အပြင် အခွံမာသီးတွေမှာ ဗီတာမင် E၊ ဗီတာမင် B အုပ်စုဝင် ဖောလစ် အက်ဆစ်နဲ့ အမျှင်ဓာတ်တို့ ကြွယ်ဝစွာပါဝင်ပါတယ်။ ဒါပေမဲ့ အခွံမာသီးတွေမှာ ကယ်လိုရီဓာတ်တွေ ကြွယ်ဝစွာပါဝင်တဲ့အတွက် တရားလွန် မစားသုံးသင့်ပါဘူး။




၆။ စပျစ်သီးဖျော်ရည်များ

သင်ဟာ စပျစ်ဝိုင် ကို နဂိုကတည်းက ကြိုက်နှစ်သက်သူတစ်ယောက်ဖြစ်ရင်တော့ ဒါက သတင်းကောင်းတစ်ခုပါ။ စပျစ်ဝိုင်မှာ ပါဝင်တဲ့ အာဟာရဓာတ်တွေဟာ သင့်ခန္ဓာကိုယ်တွင်း နိုက်ထရစ်အောက်ဆိုဒ် ပမာဏ ကိုတိုးမြှင့်ပေးနိုင်ပါတယ်။ စပျစ်ဖျော်ရည်ကို မကြိုက်နှစ်သက်ဘူးဆိုရင်လည်း စပျစ်သီးနဲ့ ပါဝင်ပစ္စည်းတွေ တူညီတဲ့ တလည်းသီးဖျော်ရည်ကို သောက်သုံးနိုင်ပါတယ်။



၇။ ကြက်သွန်ဖြူ

အနံ့ပြင်းလွန်းတဲ့ ကြက်သွန်ဖြူတွေဟာ သင့်ရဲ့ သွေးကြောအတွက် အဓိက အထောက်အပံ့ဖြစ်စေတဲ့ အရာတစ်ခုပါ။ သွေးလွှတ်ကြောတွေမှာ ချိုးများဖြစ်ပေါ်တဲ့အခါ သွေးစီးဆင်းမှုကို ပိတ်ဆို့စေနိုင်ပါတယ်။ ဒီလို သွေးကြော ကောင်းကောင်းမစီးဆင်းတဲ့အခါ သင့်ရဲ့ လိင်မှုကိစ္စ ကိုလည်း ထိခိုက်နိုင်ပါတယ်။ ဒါပေမဲ့ ကြက်သွန်ဖြူကို စားသုံးပေးမယ်ဆိုရင် သင့်ရဲ့ သွေးလွှတ်ကြောတွေရဲ့ ကျန်းမာရေးကို ကောင်းမွန်စေပြီး သွေးစီးဆင်းမှု အားကောင်းစေပါတယ်။



၈။ ငါး

ဆယ်လမွန်နဲ့ တစ်ခြားသော အဆီကြွယ်ဝတဲ့ ငါးတွေဟာ အိုမီဂါ ၃ အက်ဆစ်တွေ အများအပြားဝင်တဲ့ ငါးတွေပါ။ အိုမီဂါ ၃ အက်ဆစ်ဟာ သင့်ခန္ဓာကိုယ်တွင်း နိုက်ထရစ် အောက်ဆိုဒ်ဓာတ်ထုတ်လုပ်မှုကို တိုးမြှင့်ပေးနိုင်ပါတယ်။ ဒါ့အပြင် ဒီအက်ဆစ်တွေဟာ သွေးဖိအားကို လျော့ကျစေပြီး နှလုံးဖောက်ပြန်မှုနဲ့ သွေးကြောခဲခြင်းများကိုလည်း ကာကွယ်ပေးပါတယ်။ ကျန်းမာလိုသူတစ်ယောက်အနေနဲ့ တစ်ပတ်ကို ဆယ်လမွန်ငါး ၈ အောင်စခန့်စားသုံးပေးသင့်ပြီး ဆယ်လမွန်ငါး စားသုံးဖို့ မလွယ်ကူဘူးဆိုရင်လည်း ငါးသေတ္တာငါး၊ တူနာငါး နဲ့ မက်ကရယ်ငါးတို့ဟာ အိုမီဂါ ၃ အက်ဆစ် ကြွယ်ဝတဲ့အတွက် စားသုံးပေးနိုင်ပါတယ်။



၉။ ဟင်းသီး သစ်ရွက်များ

ကိုက်လန်လို အရွက်မျိုးဟာ နိုက်ထရစ် အောက်ဆိုဒ်ပမာဏကို များပြားစေနိုင်ပါတယ်။ ကိုယ့်ရဲ့ လိင်မှု ကျန်းမာရေး ကောင်းမွန်ရုံသာ မကဘဲ သစ်သီးသစ်ရွက်တွေဟာ ခန္ဓာကိုယ်အတွက် အရေးပါ အာဟာရဓာတ်တွေ ဖြစ်တဲ့ ဗီတာမင်တွေ၊ သတ္တုဓာတ်တွေနဲ့ အိုမီဂါ ၃ အက်ဆစ်တို့ပါဝင်ပါတယ်။



၁၀။ ငရုတ်သီးများ

ငရုတ်သီးတောင့်များဟာ သင့်ရဲ့ လိင်မှုကိစ္စပိုင်းဆိုင်ရာ စွမ်းအားကို မြှင့်တင်ပေးနိုင်ပါတယ်။ ငရုတ်သီးအမျိုးအစားအမျိုးမျိုးမှာ ပါဝင်တဲ့ အပူဓာတ်ဟာ သွေးလမ်းကြောင်းတွေကို ကောင်းမွန်စွာစီးဆင်းစေပြီး နှလုံးနဲ့ တစ်ခြား အင်္ဂါတွေဖြစ်တဲ့ လိင်အင်္ဂါတို့ ထံသို့ သွေးကြောများ လွယ်ကူစွာ စီးဆင်းစေပါတယ်။ ဒါ့အပြင် ငရုတ်သီးတွေဟာ သွေးဖိအားနဲ့ ကိုလက်စထရော ပမာဏကို ကျဆင်းစေပြီး သွေးခဲခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။



၁၁။ သံလွင်ဆီ

သံလွင်ဆီတွေဟာ သင့်ရဲ့ ခန္ဓာကိုယ်ကို တက်စတို စတီရုန်း (testosterone) ဟော်မုန်းတွေ ပိုထွက်စေပါတယ်။ ဒါ့အပြင် သံလွင်ဆီနဲ့ အခွံမာသီးတွေမှာပါဝင်တဲ့ monounsaturated အဆီဟာ မကောင်းတဲ့ ကိုလက်စထရော တွေကို သင့်ခန္ဓာကိုယ်တွင်းမှ ရှင်းလင်းပေးနိုင်ပါတယ်။ သံလွင်ဆီကို သုံးစွဲတဲ့ အခါကျရင်လည်း ဓာတုပစ္စည်းတွေနဲ့ မထုတ်လုပ်ထားတဲ့ သံလွင်ဆီတွေမှာမှ ကျန်းမာရေးအတွက်ကောင်းမွန်တဲ့ အန်တီအောက်ဆီဒန့် (antioxidants) ဓာတ်တွေ အပြည့်အဝ ပါဝင်တာ ဖြစ်ပါတယ်။




မူလဘူတဖော်ပြမျှဝေသူ _ Hello ဆရာဝန် စာမျက်နှာ 



ရင်းမြစ်များ


https://www.webmd.com/erectile-dysfunction/ss/slideshow-foods-erectile-dysfunction



https://draxe.com/omega-3-benefits-plus-top-10-omega-3-foods-list/



https://en.wikipedia.org/wiki/Erectile_dysfunction



https://www.marscocoascience.com/about-cocoa-flavanols/benefits-of-flavanols



https://en.wikipedia.org/wiki/Nut_(fruit)