အမျိုးသားတွေ ဘာလို့ အတွင်းခံဘောင်းဘီကို ပုံမှန်လဲသင့်တာလဲ
#အမျိုးသားကျန်းမာရေး
#အမျိုးသားကျန်းမာရေးဆိုင်ရာများ
(Hello Sayarwon Panelမှ အချက်အလက် စစ်ဆေးထားပါသည်။ Hello Sayarwon Panel
Ye Myo Myat မှ ရေးသားသည်။ )
အမျိုးသားတွေဟာ အမြဲ နေပူထဲ သွားလာပြီး အလုပ်လုပ်နေရတာ၊ အားကစား၊ လေ့ကျင့်ခန်း အပြင်းအထန် လုပ်နေရတာကြောင့် အမျိုးသမီးတွေထက် ပိုပြီး ချွေးထွက်ပါတယ်။ အင်္ကျီ၊ ဘောင်းဘီတွေကတော့ တစ်ကြိမ်ထက် ပိုပြီး ဝတ်ဆင်တာ ပြဿနာ သိပ်မရှိပေမယ့် အတွင်းခံဘောင်းဘီတွေကိုတော့ အမြဲ လဲပေးဖို့ လိုအပ်ပါတယ်။ ကျန်တဲ့ နေရာတွေထက် ချိုင်းကြား၊ ပေါင်ခြံနေရာတွေဟာ ပိုပြီး ချွေးထွက်များပြီး အဝတ်အစားနဲ့ အမြဲထိကပ်နေတာကြောင့် ချွေးနံ့အပြင် ဘက်တီးရီးယားပိုးများစွာ ခိုအောင်းနေတတ်ပါတယ်။
အမျိုးသားတွေ ဘာလို့ အတွင်းခံဘောင်းဘီကို ပုံမှန်လဲသင့်တာလဲ ဆိုတာကို အောက်မှာ ဆက်ကြည့်ရအောင်။
အမျိုးသားတွေ ဘာလို့ အတွင်းခံဘောင်းဘီကို ပုံမှန်လဲသင့်တာလဲ
တစ်ကိုယ်ရေသန့်ရှင်းမှု နည်းတဲ့ အမျိုးသားတွေဟာ အတွင်းခံဘောင်းဘီကို ကြိမ်ဖန်များစွာ ဝတ်ဆင်ပြီးမှ လျှော်ဖွပ်တတ်ပါတယ်။ ဒါဟာ အရေပြားနဲ့ လိင်တံကျန်းမာရေးအတွက်လည်း မကောင်းတဲ့အပြင် အနံ့အသက်ဆိုးတွေ ဖြစ်စေနိုင်တဲ့ အဓိကတရားခံပါပဲ။ ဒါကြောင့် တည်ကြည်ခန့်ညားပြီး ဆွဲဆောင်မှုရှိတဲ့ ယောက်ျားသားတွေ ဖြစ်ဖို့ အပြင်ရုပ်ရည်တင်မကဘဲ ခန္ဓာကိုယ်မမြင်ရတဲ့ နေရာတွေကိုပါ သန့်ရှင်းအောင် ထားဖို့ လိုပါတယ်။ အထူးသဖြင့် အတွင်းခံဘောင်းဘီ ပုံမှန်လျှော်ဖွပ်တာ၊ ပုံမှန်လဲလှယ်တာတွေ လုပ်ပေးသင့်ပါတယ်။
ဒီလို မဟုတ်ဘူးဆိုရင်တော့ ကြာလာတဲ့အခါ
၁။ အနံ့အသက်အလွန်ဆိုးရွားမယ်။
အမျိုးသားတိုင်း သိကြမှာပါ။ အတွင်းခံဘောင်းဘီကို တစ်ရက်လောက် မလျှော်ဘဲ နောက်တစ်ခါ ပြန်ဝတ်တဲ့အခါ အနံ့အသက်က အောင့်သက်သက်နိုင်ပါတယ်။ ဝတ်ပြီးသား အတွင်းခံဘောင်းဘီကို နောက်တစ်ကြိမ် ထပ်ဝတ်လို့ ဘာကောင်းကျိုးမှ မရနိုင်တဲ့အပြင် ကိုယ့်ရဲ့ လိင်တံကိုလည်း ဒီအနံ့တွေ စွဲကပ်နိုင်ပါတယ်။
၂။ အရေပြားပြဿနာဖြစ်နိုင်တယ်။
ပေါင်ခြံတစ်ဝိုက်ဟာ အမျိုးသားတွေအတွက် ချွေးနဲ့ အနံ့ဆိုးတွေ အထွက်ဆုံးနေရာဖြစ်တဲ့အပြင် ဘက်တီးရီးယားပိုးမွှားတွေအတွက် ခိုအောင်းရာ နေရာလည်း ဖြစ်ပါတယ်။ အထူးသဖြင့် အားကစားလုပ်သူတွေ၊ လေ့ကျင့်ခန်းလုပ်သူတွေ၊ အမြဲလှုပ်ရှားသွားလာနေရတဲ့ အမျိုးသားတွေမှာ ပိုပြီးတောင် ဆိုးနိုင်ပါတယ်။
ဒီလို ချွေးတွေနဲ့ အမြဲစိုစွတ်နေတဲ့ အတွင်းခံဘောင်းဘီကို မလျှော်ပဲ ထားထားတဲ့အခါ ဘက်တီးရီးယားပိုးတွေ ပိုပွားများလာနိုင်ပြီး ပွေး၊ ဝဲ အစရှိတဲ့ မှိုကြောင့်ဖြစ်တဲ့ အရေပြားရောဂါတွေ ဖြစ်လာမှာပါ။
၃။ စေးကပ်ကပ်ဖြစ်ပြီး မှိုတက်နိုင်တယ်။
တစ်ခါတစ်လေ ဘာမှမတွေးနေတဲ့အချိန်မှာတောင် လိင်တံဟာ သူ့အလိုလို ထောင်မတ်နေတတ်တာ၊ လိင်စိတ်ထကြွနေတဲ့အချိန်ဆိုရင် သုက်ရည်ကြည် (Pre-cum) လေးတွေ ထွက်တတ်တာ အမျိုးသားတိုင်းလည်း ကြုံဖူးမှာပါ။ ဆီးသွားပြီးတဲ့အချိန် လိင်တံထိပ်မှာ ကျန်နေခဲ့တဲ့ ဆီးစက်တွေကြောင့် ကြာလာတဲ့အခါ အတွင်းခံဘောင်းဘီဟာ စေးကပ်ကပ်ဖြစ်နိုင်ပါတယ်။ မလျှော်ဖွပ်ဘဲ ဒီအတိုင်းထားထားလိုက်တဲ့အခါ အတွင်းခံဘောင်းဘီမှာ ဘက်တီးရီးယားတွေ ပိုပေါက်ဖွားနိုင်တဲ့အပြင် ဖားဥတွေစွဲပြီး မှိုတက်နိုင်ပါတယ်။
၄။ ဝက်ခြံနဲ့ အဖုအပိမ့်တွေ ပိုပေါက်လာနိုင်ပါတယ်။
မျက်နှာကို သေချာမသန့်ရှင်းတဲ့အခါ အဖုအပိမ့်တွေ ထွက်လာသလိုပါပဲ။ သန့်ရှင်းမှုမရှိတဲ့ အတွင်းခံဘောင်းဘီကို ဝတ်ဆင်တဲ့အခါ လိင်တံ၊ တင်ပါးတစ်ဝိုက် အရေပြားမှာ ဝက်ခြံ၊ အဖုအပိမ့်တွေအပြင် ပွေး၊ ဝဲ၊ ညှင်း အစရှိတဲ့ အရေပြားပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။
#အတွင်းခံဘောင်းဘီကို သန့်ရှင်းရေးလုပ်ရာမှာ ဘာတွေ သိထားသင့်လဲ။
၁။ အားကစား၊ လေ့ကျင့်ခန်းလုပ်ပြီးတိုင်း အတွင်းခံကို လဲပါ။
၂။ တစ်နေ့ ဝတ်တဲ့ အတွင်းခံဘောင်းဘီကို အပြင်ကနေ ပြန်ရောက်တာနဲ့ လဲပါ။
၃။ တစ်နှစ်ပြည့်တိုင်း ဟောင်းနွမ်းပြီး ရိရွဲနေတဲ့ အတွင်းခံဘောင်းဘီအဟောင်းတွေကို စစ်ဆေးပြီး အသစ်လဲပါ။
၄။ ကပ်စေးစေး ဖြစ်နေတဲ့ အတွင်းခံဘောင်းဘီတွေကို အမြဲလျှော်ဖွပ်ပါ။
၅။ ကိုယ်နဲ့ လိုက်ဖက်ညီပြီး လေဝင်လေထွက်ကောင်းမယ့် အတွင်းခံဘောင်းဘီတွေကို ရွေးချယ်ဝယ်ယူပါ။
နောက််ထပ်ဆောင်းပါး ===>
အတွင်းခံဘောင်းဘီနဲ့ ပတ်သက်ပြီး သင်မသိသေးတဲ့ အချက်တွေ
အတွင်းခံဘောင်းဘီဆိုတာ အမျိုးသားရော၊ အမျိုးသမီးရော ဝတ်တတ်ကြတဲ့ အရာတစ်ခုပါ။ ဒါနဲ့ ပတ်သက်ပြီး သိထားသင့်တဲ့ အချက်တွေကတော့
#ချွတ်မလား ဝတ်မလား။
ဒါဟာ အရေးပါတဲ့ ကိစ္စမဟုတ်သလို သင့်တကိုယ်ရည် ဆုံးဖြတ်ရမယ့် ကိစ္စလည်းဖြစ်ပါတယ်။ ဒါပေမယ့် သင့်အနေနဲ့ အတွင်းခံဝတ်သင့်တဲ့ အကြောင်းပြချက်ကောင်းတွေကလည်း ရှိလို့နေပြန်ပါတယ်။ ဥပမာ အပြင်သွားရမယ်၊ လူကြားထဲ သွားရမယ် ဆိုရင်ပေါ့။
စွတ်စိုပူနွေးတဲ့ အနေအထားဟာ ဘက်တီးရီးယားပိုးတွေနဲ့ yeast မှိုတွေအတွက် အင်မတန်အကြိုက်တွေ့စေမယ့် အနေအထား ဖြစ်ပါတယ်။
သင်အားကစားလုပ်တဲ့အခါ ချွေးတွေကို စုပ်ယူပြီး စိုထိုင်းမှု မရှိစေဖို့အတွက် အားကစားဘောင်းဘီအောက်မှာ အတွင်းခံတထပ်ကို ထပ်ပြီး ဝတ်သင့်ပါတယ်။
သာမန်အချိန်တွေနဲ့ အိပ်ချိန်တွေမှာတော့ လေဝင်လေထွက်ကောင်းအောင် ချွတ်အိပ်သင့်ပါတယ်။
#တင်ပါးမဖုံးတဲ့ အတွင်းခံ (thongs) တွေဟာ သင့်ရဲ့ မိတ်ဆွေကောင်း မဟုတ်ပါ။
အမျိုးသမီး အများစုဟာ အတွင်းခံအရာတွေ ပေါ်နေမှာစိုးတဲ့အတွက် တင်ပါးမဖုံးတဲ့ အတွင်းခံ (thongs) တွေကို ဝတ်လေ့ရှိကြပါတယ်။ ဒါပေမယ့် ဒီအတွင်းခံ အမျိုးအစားတွေဟာ အရမ်းကျပ်ပြီး လှုပ်ရှားတဲ့အချိန်မှာ သင့်အသားနဲ့ ရှေ့တိုးနောက်ဆုတ် ပွတ်တိုက်နေတတ်ပါတယ်။
ဒီလို ပွတ်တိုက်မှုတွေကရော၊ ပူလောင်မှုတွေကပါ သင့်ကို ဆီးလမ်းကြောင်းပိုးဝင်တာနဲ့ ယောနိထဲ ဘက်တီးရီးယားပိုးဝင်တဲ့ ရောဂါတွေကို ဖြစ်စေနိုင်ပါတယ်။
တကယ်တမ်းကျတော့ ဒီအတွင်းခံအမျိုးအစားဟာ ခန္ဓာကိုယ် အနောက်ပိုင်းတင်ပါးပိုင်းနဲ့ ယောနိ/ဆီးလမ်းကြောင်းတို့ အကြား ဘက်တီးရီးယားတွေ ပျော်ပျော်ပါးပါးကြီးသွားလို့ရအောင် ရွှေလမ်းငွေလမ်းဖောက်ပေးထားသလို ဖြစ်စေပါတယ်။
ဒါကြောင့် ဒီအတွင်းခံ အမျိုးအစားက နေ့စဉ်ဝတ်သင့်တဲ့အမျိုးအစားတော့ မဟုတ်ပါဘူး။ ရံဖန်ရံခါ အချိန်ပိုင်းလောက်ပဲ ဝတ်မယ်ဆိုရင်တော့ ပြဿနာမရှိပါဘူး။
ချွေးစုပ်တဲ့ အသားက အကောင်းဆုံးပါ။
ပိုးထည်လို အသားမျိုးဟာ ပိတ်လွန်းသလို ဇာကွက်လေးတွေကလည်း သင့်ကို တချိန်လုံး ပွတ်တိုက်နေမှာဖြစ်တဲ့အတွက် မိန်းမကိုယ်နှုတ်ခမ်းသားတွေ ရောင်ရမ်းလာနိုင်ပါတယ်။
အတွင်းခံဟာ ချွေးစုပ်တဲ့ အသားဖြစ်သင့်ပါတယ် (ဥပမာ ချည်သားလေးပေါ့)။ ချည်သားတွေက ချွေးကိုလည်း ပိုပြီးမြန်မြန် စုပ်ယူနိုင်တဲ့အတွက် သင့်ကို ခြောက်သွေ့နေစေပါတယ်။
#ဆီးခုံမွေး ရိတ်မလား၊ မရိတ်မလား။
ဒီခေတ် မိန်းမပျိုလေးတွေ အများအပြားဟာ သူတို့ရဲ့ အောက်ပိုင်းမှာ ရှင်းလင်းနေတော့မှ ပိုပြီးသန့်ရှင်းတယ်လို့ ယူဆတတ်ကြပါတယ်။ သန့်ရှင်းတာမှန်ပေမယ့် ရိတ်တာ၊ ဖယောင်းနဲ့ ခွာတာတွေဟာလည်း ဘေးထွက်ဆိုးကျိုးတွေ ကိုယ်စီ ရှိကြပါတယ်။
ဆီးခုံမွေးတွေဟာ အလွန်နုနယ်တဲ့ နေရာကို ကာကွယ်ဖို့အတွက် သဘာဝအလျောက် ရှိနေတာပါ။
သူတို့ကို ဖယ်ရှားရှင်းလင်းလိုက်မယ်ဆိုရင် သင်ဟာ ကိုယ့်တပ်ကို ပြန်နင်းသလို ဖြစ်သွားတာကြောင့် လိင်မှတဆင့်ကူးစက်တဲ့ ရောဂါတွေ၊ အရေပြားပွန်းတာတွေ၊ အမာရွတ်ဖြစ်တာတွေ စတဲ့ အခြေအနေတွေနဲ့ တွေ့ကြုံဖို့ အခွင့်အလမ်းပိုများသွားစေပါတယ်။ ဒါပေမယ့် နောက်ဆုံးတော့ ရိတ်မရိတ်က ကိုယ့်သဘောပါပဲ။
#အားကစား လုပ်တတ်တဲ့ သူတွေအတွက် အကောင်းဆုံး အတွင်းခံတွေက ဘာတွေလဲ။
တကယ်လို့ သင်ဟာ မာရသွန်ပြေးတာလိုမျိုး အားကစားနည်းတွေအတွက် ပြင်ဆင်နေတာဆိုရင် သင့်အနေနဲ့ အတွင်းခံနဲ့ပတ်သက်ပြီး သေချာစဉ်းစားရွေးချယ်သင့်ပါတယ်။ ဘာလို့လဲဆိုတော့ အကြာကြီး ဝတ်ထားရမှာမို့ပါ။ နှစ်မိုင်လောက်အရောက်မှာ နည်းနည်းလောက် ပွန်းရာလေးစ ဖြစ်လာရာက မိုင်၂၀လောက်ရောက်တဲ့အခါမှာ အရည်ကြည်ဖု အကြီးကြီး ဖြစ်နေလောက်ပါပြီ။
ရေကူးတာလိုမျိုး ရေနဲ့ ပတ်သက်တဲ့ အားကစားနည်းတွေနဲ့ ပတ်သက်ပြီး ပြောရရင် အပူနဲ့ စွတ်စိုမှုတို့ကို သတိထားသင့်ပါတယ်။ ဒီအပူနဲ့ စွတ်စိုမှုတို့ဟာ ဘက်တီးရီးယားတွေ ပေါက်ပွားတာကို အားပေးလို့ ဆီးလမ်းကြောင်းပိုးဝင်တာမျိုး ဖြစ်နိုင်သလို yeast မှိုပိုးကူးတာ ဒါမှမဟုတ် bacterial vaginosis ဆိုတဲ့ ဘက်တီးရီးယားကူးစက်ရောဂါဖြစ်တာတွေကိုလည်း ဖိတ်ခေါ်နိုင်ပါတယ်။ သင့်အနေနဲ့ အဝတ်စိုကြီးဝတ်ပြီး အကြာကြီး နေရမယ့် အနေအထားမျိုးမှာ ပြဿနာ ပိုတက်ပါလိမ့်မယ်။
#ရာသီလာချိန်မှာ ဘာဝတ်ကြမလဲ။
ဓမ္မတာလာနေတဲ့အချိန်ကျရင်လည်း အတွင်းခံနဲ့ ပတ်သက်ပြီး သိပ်အာရုံနောက်မနေပါနဲ့။ ပွပွချောင်ချောင် အတွင်းခံကြီးကြီးတွေကိုသာ ဝတ်လိုက်ပါ။ Padကြောင့် ပေါင်ပွန်းတာလည်း သက်သာပါလိမ့်မယ်။
Tampon သုံးတာနဲ့ menstrual cup ခွက်လေးတွေကို သုံးတာဟာ သင့်ကို နေရတာ သက်သောင့်သက်သာ ရှိစေပါလိမ့်မယ်။ ဒါပေမယ့် သင့်အတွက် နေလို့ အဆင်ပြေဆုံးအရာက သင့်အတွက် အကောင်းဆုံး အရာပဲ ဆိုတာ သိထားရပါမယ်။
အနံ့အသက်အတွက်လား။ ဒါတွေကို ခေါက်ထားလိုက်ပါ။ အောက်ပိုင်းမှာ အနံ့အသက်မွှေးနေဖို့လိုတယ်ဆိုတာ ယုံတမ်းစကားကြီးပါ။ အမျိုးသမီးတွေရဲ့ ပေါင်ခြံမှာ apocrine gland လို့ခေါ်တဲ့ ချွေး/အရည်ထုတ်ပေးတဲ့ ဂလင်းတမျိုးရှိတဲ့အတွက် အနံ့အသက်ကတော့ အနည်းနဲ့ အများ ရှိမှာ သဘာဝပါပဲ။
ပုံမှန်တကိုယ်ရည်သန့်ရှင်းရေးကို ဂရုစိုက်နေသမျှ ကာလပတ်လုံး အားလုံးအေးဆေးပါ။
#ဆီးမထိန်းနိုင်တဲ့သူတွေကရော ဘာဝတ်ကြမလဲ။
ဆီးမထိန်းနိုင်တာ၊ ဆီးမထိန်းနိုင်ဘဲ ထွက်ကျတာဟာ ကလေးမွေးထားတဲ့ အမျိုးသမီး အများအပြားမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ အခြေအနေတခုပဲ ဖြစ်ပါတယ်။ ကလေးမမွေးဖူးတဲ့ တချို့ အမျိုးသမီးတွေမှာတောင် ဖြစ်တတ်ပါသေးတယ်။
ဒီတော့ လူကြီးသုံး ဆီးခံလေးတွေကို သုံးနိုင်ပါတယ်။ ကလေး သေးခံလို တန်းဝတ်ရုံပဲ ဖြစ်ပါတယ်။
အားပြင်းပြင်းထန်ထန်သုံးလို့ ဆီးထွက်ကျတဲ့ အခြေအနေမျိုးမှာ Kegels လေ့ကျင့်ခန်းကို လုပ်ပေးတာက သက်သာနိုင်ပါတယ်။
ဒါပေမယ့် အခြေအနေပိုဆိုးလာပြီဆိုရင် (ဆီးခံတထည်နဲ့ မရတာ၊ တနေ့ကို ခဏခဏ ထွက်ကျတာ) ကျွမ်းကျင်တဲ့ ဆရာဝန်နဲ့ ပြသပြီး ဆွေးနွေးတိုင်ပင်ပါ။ ဟော်မုန်းကို အသုံးပြုပြီး ကုသတာမျိုး ဒါမှမဟုတ် ခွဲစိတ်ပြီး ကုသတာမျိုးလုပ်ဖို့ ဆရာဝန်က အကြံပေးကောင်းပေးပါလိမ့်မယ်။
***Hello ဆရာဝန် စာမျက်နှာမှကူးယူဖော်ပြသည်။


No comments:
Post a Comment