Tuesday, October 20, 2015

'' ကြယ်တို့သည်ပင်...ကြွေတတ်သည် (အပိုင်း ၃)”




ကားပေါ်ကဆင်းဆင်းခြင်းရွှေကြာ ရုံးရဲ့အောက်ထပ်ကအဆောက်အဦးကိုတန်းဝင်ပြီး မှန်တံခါးကိုဆွဲဖွင့်ကာစားပွဲများဆီကို တစ်ချက် ကြည့်လိုက်သည်။သက်ဆိုင်ရာစားပွဲအသီးသီးမှာအလုပ်များနေပုံရသောဝန်ထမ်းများနှင့်အရှေ့ဖက်ဆက်တီတွေမှာထိုင်နေသောလူတွေကရွှေကြာ့တံခါးဖွင့်ပုံကိုစူးစမ်းသလိုကြည့်နေကြသည်။ရွှေကြာခပ်တည်တည်နှင့်စာရေးမထိုင်နေသောစားပွဲဆီလျောက်လာပြီး ''ဦးလရောင်နဲ့စကားပြောချင်လို့ '' 

"ဆရာနေမကောင်းလို့ ..အိမ်မှာနားနေပါတယ်.မလာပါဘူးညီမလေး ...''

''ကျွတ် '' ရွှေကြာစိတ်ပျက်လက်ပျက်ဖြစ်သွားရင်း ''နေမကောင်းတာသေချာလို့လား...အခြောက်တွေကဥာဏ်ကခပ်များများရယ် '' 

''ညီမ ..ရုံးမှာပါစင်နယ်မပြောဖို့တောင်းပန်ပါတယ် ..ဒီမှာဝင်ထွက်နေတာကအလုပ်ကိစ္စနဲ့ပတ်သတ်သူတွေမို့လို့ပါ.. ညီမတစ်ခုခု ပြသနာရှိရင်အိမ်လိုက်သွားလို့ရပါတယ် '' 

''အဲ့ဒါဆိုအမတို့ဆရာဆိုတာအခြောက်ကြီးမှန်းသိလားအဲ့ဒါတစ်ခုဖြေပေး '' 

''အစ်မတို့ကသူများပါစင်နယ်ကိုမပြောတတ်ပါဘူးပြောခွင့်လည်းမရှိပါဘူး.. ဆောရီးညီမလေး...သူ့အိမ်ကိုဖုန်းဆက်လိုက်ပါနော် '' 

''ဒီမှာအစ်မတို့...ကျွန်မလည်းပေါက်လွှတ်ပဲစားမဟုတ်ဘူး..ကျွန်မမိကောင်းဖခင်သားသမီးအခုကျွန်မပြောနေတာအစ်မတို့ဆရာလားဆရာမလားမသိတဲ့လူကကျွန်မချစ်သူကိုငွေနဲ့ပေါက်ပြီးသိမ်းသင်းထားလို့တမင်လာပြောတာ ''
 ''ရွှေကြာ '' မိုးစစ်နောက်ကလိုက်လာပြီးမျက်နှာမကောင်းစွာခပ်တိုးတိုးခေါ်သည်။
ရွှေကြာမိုးစစ်ဖက်လှည့်ရင်း ''ငါမပြန်ဘူးမိုးစစ်....သူ့အိမ်ကိုလည်းမသွားဘူး။ ဖြစ်နိုင်ရင်သူ့ကိုဒီမှာတွေ့ချင်တာ ..သူဘာလည်းဆိုတာ သိစေချင်တာ ''

 ''ရွှေကြာ... ပြန်ရအောင်ငါတောင်းပန်တယ်ဟာ.အကိုနေမကောင်းဘူး ။ နင်နားလည်ပေးလိုက်ပါလို့ငါတောင်းပန်ပါတယ်။ 

နင်မကျေနပ်ရင်ငါ့ကိုနင့်စိတ်ကြိုက်ရိုက်လှည့်ပါ ...ဒါမှမကျေနပ်သေးရင်ငါနင်ကျေနပ်တဲ့အထိဒီမှာဒူးထောက်တောင်းပန်ပါ့မယ် '' 

''ဒူးထောက်တောင်တောင်းပန်မယ်တဲ့လား ...မိုးစစ် ...ငါလေနင့်ကိုဒီလောက်ချစ်တတ်မှန်းတစ်ခါမှမသိခဲ့ဖူးဘူး ...ငါချစ်ခဲ့ဖူးတဲ့ ယောက်ျားတောင်ဟုတ်ရဲ့လားဟင် ''

 ''ငါ့ကိုခွင့်လွှတ်ပါဟာ ..” ရွှေကြာမိုးစစ်ကိုကြည့်ရင်းဒေါသဖြစ်စွာကျလာသောမျက်ရည်ကိုလက်ဖြင့်ခပ်ကြမ်းကြမ်းသုတ်ရင်း ''အေး...'' ရွှေကြာခြောက်သွေ့လာသောနှုတ်ခမ်းကိုလျာဖြင့်တစ်ချက်သတ်လိုက်ရင်းဆို့နင့်စွာခဏငြိမ်သက်သွားသည်။သူမမိုးစစ်ကိုချစ်သည်။တစ်ဘဝစွာလက်တွဲဖို့လည်းဆုံးဖြတ်ထားခဲ့ပါသည်။သူ့အဖြစ်ကယောက်ျားတစ်ယောက်ကိုရဖို့အခြားယောက်ျားနှင့်လုရမည့်ပုံ။သူမမိုးစစ်မျက်နှာကိုတစ်ချက်ကြည့်လိုက်သည်။မိုးစစ်မျက်နှာကသူမနောက်ဆုတ်ရတော့မည်ဆိုတာသေချာမတတ်တောင်းပန်နေတာကိုသူမကြေကွဲစွာသိလိုက်ရသည်။သူမမရှုံးချင်။အပြင်မှာရှုံးသွားတာတောင်မှဒီရုံးခန်းထဲကလူနည်းစုရှေ့မှာသူမရှုံးရမည့်အဖြစ်မျိုးအဖြစ်မခံနိုင်တော့။ထုံးစံမရှိသောစွန့်ပစ်မှုမျိုးနဲ့သူမကရှုံးနိမ့်ကျန်ရစ်ရမယ့်အဖြစ်မျိုးလား။ဟင့်အင်း။ဒီလိုအဖြစ်မျိုးကိုသူမခါးသက်သည်။သူမမိုးစစ်ဖက်ကိုလှည့်ပြီး ''နင့်လုပ်ရပ်ကမိန်းကလေးတစ်ယောက်အပေါ်အရှက်ရစေတယ်မိုးစစ် ..ငါနဲ့ယှဉ်ရတဲ့လူကအခြောက်တစ်ယောက်ဖြစ်နေလိမ့်မယ်လို့ ငါ့ဘဝမှာတစ်ခါမှမတွေးမိဖူးဘူး ...နင့်ကိုစိတ်နာတယ် ...ရွံတယ် ..မုန်းတယ် ...မိုးစစ် ...နင်ငါ့ကိုဒူးထောက်တောင်းပန်တောင် ငါမကျေနပ်ဘူး'' 

''ရွှေကြာ .....နင် ...'' ''ဒါပေမယ့်နင်ငါ့ကို...တောင်းပန်ပါမိုးစစ်..မိန်းမတစ်ယောက်အနေနဲ့ငါနိုင်ချင်တယ် ...နိုင်မှဖြစ်မယ် '' 

ရွှေကြာမိုးစစ်မျက်နှာကိုကြည့်ရင်းငြိုးမျက်စွာတလုံးချင်းပြောသည်။မိုးစစ်မျက်နှာကဖြတ်ရိုက်ခံရသလိုနာကျင်သွားပြီး ''ကောင်းပြီရွှေကြာ...ငါနင့်ကိုဒူးထောက်ပေးမယ် ...နင်လည်းအကို့ကိုဒုက္ခမပေးဘဲထွက်သွားပေးပါ '' 

မိုးစစ်ဒူးထောက်ရန်ပြင်လိုက်သည်။သူရှက်လှပါသည်။သို့သော်သူချစ်သောအကိုကျေးဇူးရှင်အကိုသူ့အပေါ်ကောင်းရှာသောအကိုအရှက်မကွဲရင်ဘဲသူဒူးထောက်ရကျိုးနပ်ပါတယ်လေ။
 ''ဘာလုပ်နေတာလည်း ...မိုးစစ်၊မတ်တပ်ပြန်ရပ်စမ်း'' တံခါးအဝမှလရောင်ရဲ့အသံကဟိန်းထွက်လာသည်။

 ''မိုးစစ် ...ပြသာတစ်ခုကိုအဲ့လိုမဖြေရှင်းရဘူးးပြီးတော့ဒီလိုနေရာမှာလာမရှင်းရဘူး ...မင်းကမင်းသားတစ်ယောက် ...ညီမလေးလည်း ပြန်ပါ...သေချာဖြေရှင်းဖို့အကိုအကြံပေးပါရစေ ''

 "ဆောရီးပါအကိုတောင်းပန်ပါတယ် ...'' 

''ရှင်..ကမိုးစစ်ဘဝကိုချုပ်ကိုင်နိုင်ထားတာဘဲ...အခြောက်တစ်ယောက်အနေနဲ့ ရှင်တော်တယ်ဦးလရောင်.. မိုးစစ်ကကျန်မတို့ အဆက် ဖြတ်ရအောင်တဲ့...အဲ့ဒါရှင့်ကြောင့်ဘဲ ...ရှင်မိုးစစ်ကိုအောင်မြင်မှုတွေနဲ့မြူတယ်..ငွေကြေးချမ်းသာမှုနဲ့ချူတယ်...ရှင်မရှက်ဘူးလား ...ယောက်ျားတန်မဲ့နဲ့ယောက်ျားတစ်ယောက်ကိုချစ်နေတာမရှက်ဘူးလားဟင်'' 

''အထဲမှာလာပြောပါရွှေကြာ ..မိုးစစ်ရောလိုက်ခဲ့အကို့ရုံးခန်းကို '' လရောင်ပြောရင်းလှည့်ထွက်ဟန်ပြင်လိုက်သည်။
သို့သော်ရွှေကြာ့နှုတ်က ''ကျွန်မလူတွေရှေ့မှာဘဲပြောချင်ပါတယ်ဦးလရောင် ...ရှင့်ဘဝအမှန်ကိုလူတွေသိမှာကြောက်နေခဲ့တာလား '' 

''ရွှေကြာ ....မင်းတော်တော့လို့ပြောနေတယ် '' 

မိုးစစ်စူးစူးဝါးဝါးထအော်ရင်းတားသည်။ဝန်ထမ်းများရုံးကိုလာသောဧည့်သည်များနှင့်ကုန်ပစ္စည်းတင်သွင်းလာသူကိုယ်စားလှယ်များရှိနေသောရုံးဧည့်ခန်းကိုတစ်ချက်ဝေ့ကြည့်ရင်းလရောင်ရွှေကြာ့ဖက်ကိုပြန်လှည့်လိုက်သည်။
''ကျနော်ဂေးတစ်ယောက်ပါရွှေကြာ ...ရိုင်းရိုင်းပြောရရင်အခြောက်တစ်ယောက်ဖြစ်နေပါတယ် ...'' ရုံးခန်းတစ်ခုလုံး လရောင်ရဲ့အသံ ကြောင့်အားနာတိတ်ဆိတ်သွားတော့သည်။ 

''ကျွန်တော့ကိုယ်ထဲကဟိုမုန်းတွေပြောင်းလဲနေတာကြောင့်ရောဘဝတစ်ခုကအကုသိုလ်အကြောင်းတရားတစ်ခုကြောင့်ပါကျွန်တော်အခြောက်တစ်ယောက်ဖြစ်ခဲ့တယ်...ဒါကြောင့်ကျွန်တော်ယောက်ျားတစ်ယောက်ကိုချစ်ခဲ့မိတာ..ဒါပေမယ့်ကျွန်တော်မိုးစစ်ကိုခုထိချုပ်ကိုင်တားဆီးတာမျိုးမလုပ်ဘဲရိုးသားစွာချစ်မိတယ် ...ယောက်ျားခြင်းမို့မသင့်တော်မှန်းသိပေမယ့်ကျနော်လည်းနှလုံးသားရှိခဲ့သူတစ်ယောက်ပါ ....ရွှေကြာရှိတဲ့နောက်ကျနော်နောက်နားမှာရပ်နေပေးခဲ့တာပါ...ဒါပေမယ့်ကျနော်ချစ်တဲ့အချစ်ကကိုယ့်ချစ်သူလိုအောင်မြင်နေတဲ့လူတစ်ယောက်ကိုကိုယ့်မာနတစ်ခုအတွက်ဒူးထောက်ခိုင်းပြီးအရှက်ခွဲမယ့်အချစ်မျိုးမဟုတ်ဘူး.....သူတောက်ပလင်းထိန်နေတာကိုကျေနပ်ရင်းကိုယ်လောင်ကျွမ်းပြာကျပေးမယ့်ဖယောင်းတိုင်လိုအချစ်မျိုးရွှေကြာ....ကျနော်မပိုင်ဆိုင်နိုင်ပါဘူး...ကျနော်တို့မနီးစပ်နိုင်ပါဘူးးကျနော်တို့အသိုင်းအဝိုင်းကလက်မခံတာသိပေမယ့်ချစ်မိသွားတယ် ...အပြစ်ရှိတယ်ဆိုပေမယ့်...ကျနော်တို့လည်းနှလုံးသားပါ ,ပါတယ် .....ကဲ...ကျေနပ်ပြီလားရွှေကြာ ...အားလုံးရှေ့မှာကျွန်တော်ဂေးဆိုတာဝန်ခံပေးသွားတယ်....ဂေးတစ်ယောက်ဖြစ်တာဟာ ရောဂါတစ်ခု မဟုတ်သလိုရှက်စရာလည်းမဟုတ်ပါဘူး ...မိုးစစ်...ရွှေကြာ့ကိုအရင်လိုချစ်ချစ်ခင်ခင်နေပါ ...အကိုလည်းနားတော့မယ်.... နောက်မှ ဖုန်းဆက်လိုက်မယ် '' 

လရောင်နောက်သို့ပြန်လှည့်ထွက်သွားသည်။နောက်ပါးမှာကျန်ခဲ့သောရွှေကြာနှုတ်ခမ်းကိုပျက်လုမတတ်ကိုက်ရင်းရုံးခန်းထောင့်မှာထားသောကြွေပန်းအိုးကိုပြေးကိုင်ကာ ....လရောင်ရှိရာသို့ပစ်ပေါက်လိုက်သည်။ 

''ရွှေကြာ....မလုပ်နဲ့ '' 

မိုးစစ်ရွှေကြာ့ကိုပြေးဆွဲလိုက်သော်လည်းပန်းအိုးကလရောင်ပခုံးစွန်းကိုထိမိကာကြမ်းပြင်ပေါ်သို့ကျကွဲသွားလေသည်။လရောင်လဲပြိုမလိုဖြစ်သွားသောသူ့ကိုယ်ကိုထိန်းရင်းအခန်းထဲကလူတွေကိုတလှည့်ကြမ်းပြင်ကိုထိမိသည့်အရှိန်ကြောင့်ကျကွဲသွားသောပန်းအိုးကွဲစများကိုတလှည့်ကြည့်ရင်းသူ့အမြင်အာရုံတွေဝေဝါးလာသည်။စိမ့်ထွက်လာသောချွေးစေးတို့နှင့်အပြိုင်သူ့နှလုံးသားကမောပန်းစွာခုန်ပေါက်လှုပ်ရှားလာသည်။သူ့နားကိုလူတစ်ချို့စိုးရိမ်ကြီးစွာပြေးလာတာကိုတွေ့နေရသည်။သူရှက်ရွံ့စွာမတ်မတ်ရပ်ဖို့ကြိုးစားရင်းသူ့အာရုံမှောက်မှားကာအမှောင်ထုထဲသို့ ..ကျရောက်သွားတော့သည်။။ 

++++++

 ''လူနာရဲ့နှလုံးခုန်သံတွေမမှန်ဘူး...သူ့ရဲ့အသည်းမကောင်းတာကဆေးသောက်ဆေးစားလို့ရတယ် ..အသည်းဆိုတာကအစိတ်အပိုင်း တစ်ခုစာလေးအကောင်းကျန်ရစ်ခဲ့ရင်တောင်တဖြည်းဖြည်းအရွယ်အစားကြီးမားလာနိုင်တာမျိုးမို့ဆရာတို့ကတော့သူ့နှလုံးကိုပိုပြီးအလေးထားစေချင်တယ် '' 

''ကျွန်တော့ကိုလိုအပ်တာတွေစစ်ပေးပါဆရာ ...အကို့အတွက်လိုအပ်တာရှိရင်ကျွန်တော့်ကိုယ်ထဲကထုတ်ပေးပါရစေ။ '' 

မိုးစစ်ရဲ့အပြောကိုဆရာဝန်ကြီးကဂရုဏာသက်စွာပြုံးသည်။
 ''ဒီနိုင်ငံမှာကနှလုံးအစားထိုးဖို့မလွယ်ဘူး...ပြီးတော့အဲ့လိုခွဲစိတ်လို့လွယ်ရင်တောင်အောင်မြင်ဖို့ကခက်ခဲတယ်။အဆိုးဆုံးကတော့သားလှုရင်သားသေသွားမှာပေါ့..
.သေဆုံးပြီးကာစလူနာရဲ့အသည်းကိုလူနာသို့မဟုတ်လူနာရှင်ရဲ့ခွင့်ပြုချက်နဲ့ဆိုရင်အသုံးပြုလို့ရပါတယ် .... ကောင်းမွန်ကျန်းမာတဲ့နှလုံးဟာအပြင်မှာရှစ်နာရီကြာခုန်နိုင်ပါတယ်....ကဲ ...သားဘာသိချင်သေးလည်း '' 

''ဘယ်လောက်ကုန်နိုင်မလည်းဆရာ '' 

“ဆရာ့အထင်တော့ပြည့်စုံကျန်းမာတဲ့လူတစ်ယောက်ဖြစ်မယ့်အချိန်ထိဆိုထောင်ဂဏန်းလောက်ကုန်နိုင်တယ် ...သို့သော် အဲ့လောက် လည်းဆိုးရွားတာမျိုးမဟုတ်သေးပါဘူးသားရယ်...သေချာစမ်းသပ်ပြီးဆေးတွေသောက်ရင်းကျန်းမာရေးကိုဂရုစိုက်နိုင်တာဘဲ ''
သူကိုလရောင်အခန်းရှိရာပြန်လာပြီးကိုလရောင်ကိုတွေတွေကြီးစိုက်ကြည့်နေမိသည်။ကုတင်ပေါ်မျက်လုံးစုံမှိတ်ကာဆေးပိုက်တွေသွယ်တန်းထားသည့်ကြားက ကိုလရောင်ရဲ့မျက်နှာလေးကဖူးထွတ်ကြည်စင်နေသည်မှာချစ်စရာပင်ကောင်းသေးသည်။ မျက်ခုံးထူထူ နှာတံ စင်းစင်းအကို့မျက်နှာကမိုးးစစ်မျက်နှာထက်ပင်နုနယ်လွန်းလှသည်။ထ်ုလူကိုသူဘာကြောင့်ချစ်ရသည်ကိုအခုထိမိုးစစ်နားမလည်။သေချာတာကတော့ကိုလရောင်အနားသို့သူရောက်တိုင်းသူ့နှလုံးသားကယိမ်းထိုးလှုပ်ရှားလွန်း
လှသည်။ရွှေကြာ့အပေါ်သူဘယ်လိုမှခံစားလို့မရတဲ့အတူတူချက်ချင်းလမ်းခွဲဖို့ပြောလိုက်မိသည်။တကယ်ဆိုသူကအကို့ထက်အချစ်ကိုကိုးကွယ်မိသူပါလား။အကိုရယ်။ကျွန်တော်တို့နှစ်ယောက်ရေစက်ကဆိုးလိုက်တာ။
ဒီလိုပတ်သတ်မှုမျိုးနဲ့ကျွန်တော်တို့ဖြစ်တည်မှုတွေကိုဘယ်လိုများရှေ့ဆက်ရမလည်းဆိုတဲ့အဖြေကိုကျွန်တော်တွေ့သွားပြီအကို။ကျွန်တော်တို့နီးစပ်ဖို့ခွဲခွာဖို့အတွက်ဘယ်သူကမှစေခိုင်းလို့မရဘူးနောက်ဆုံးခွဲရတာတောင်အကို့နားကျွန်တော်မဖြစ်ဖြစ်တဲ့နည်းနဲ့လာမှာ။မိုးစစ်လရောင်လက်ကလေးကိုဖွဖွလေးကိုင်ရင်းငိုမိသည်။

အချစ်ဆိုတာပူလောင်လွန်းလေစွ။

 +++++++++ 

''ဘယ်အထိမောင်းနေတာလည်းမိုးစစ်ရယ် ''

 ''လိုက်ခဲ့ပါဆို..ဒီကလေးအရမ်းစကားရှည်တာဘဲ....'' 

လရောင်ဘာမှမပြောတော့ဘဲမိုးစစ်မျက်နှာကိုသာတစိမ့်စိမ့်ကြည့်နေလိုက်တော့သည်။ကားမောင်းရင်းမိုးစစ်ကမျက်စိမှိတ်လိုက်၊လျှာထုတ်လိုက်နှင့်သူ့ကိုစနေတာကိုကြည့်ရင်းသူမိုးစစ်ကိုပိုပြီးချစ်မြတ်နိုးလာသည်။ကြည်လင်သောအပြုံးလေးကြောင့်မိုးစစ်မျက်နှာကရှိရင်းစွဲအသက်ထက်နုပျိုလွန်းလှသည်။လရောင်ဂီယာတံကိုင်ထားသောမိုးစစ်လက်ကလေးကိုအပေါ်ကနေသူ့လက်ကလေးဖြင့်အုပ်ကိုင်လိုက်သည်။မိုးစစ်ကသူ့လက်ကိုရုန်းထွက်သွားပြီးလရောင်လက်ကိုပြန်ဆွဲယူကာဖွဖွလေးနမ်းလိုက်စဉ်မှာလရောင်ရင်ထဲနွေးထွေးလှိုက်ဖြာကာမျက်ရည်လည်လာမိသည်။သူမနေနိုင်စွာကိုယ်ကိုအနည်းငယ်ကြွပြီးမိုးစစ်နားသယ်စပ်ကိုဖြတ်ကနဲနမ်းလိုက်သည်။မိုးစစ်မျက်နှာကပြုံးမြသွားသော်လည်းသူ့ဖက်ကိုလှည့်ကာ ''ကလေးကိုမြူစွယ်နေတယ် .....ဗျို့ '' 

သူရှက်ရွံ့စွာရယ်ရင်းမိုးစစ်ပခုံးကိုတစ်ချက်ရိုက်လိုက်သည်။ 

မိုးစစ်ကကားကိုလမ်းတစ်နေရာမှာရပ်ရင်း ''ကဲ....ဆင်းပါခင်ဗျာ ...ရောက်ပါပြီ '' 

''ဟင် ....ဒါကဘယ်နေရာကြီးလည်း '' 

လရောင်ပါးစပ်ကပြောနေသော်လည်းလူကအောက်သို့ရောက်နှင့်ပြီးပတ်ဝန်းကျင်ကိုကြည့်မိသည်။မျက်စိတဆုံးစိမ်းဖန့်သောစပါးခင်းများကိုဖြတ်သန်းလာသောလေနုအေးကလရောင်မျက်နှာကိုတို့ထိသွားတာမို့ လူကတဒင်္ဂအတွင်းလန်းဆန်းသွားသည်။ လရောင် လေကို အဆုတ်ထဲရောက်သည်အထိအားပါးတရရှိုက်သွင်းလိုက်သည်။မိုးစစ်ကသူ့ပခုံးပေါ်အင်္ကျီပါးတစ်ထည်ခြုံပေးကာသူ့ပခုံးကိုဖက်ရင်း ''အကို့စိတ်တွေကျွန်တော့ကြောင့်ပင်ပန်းရတယ် ...ကျွန်တော်တောင်းပန်ပါတယ်ဗျာ..”

.'' ဒါကိုပင်ပန်းတယ်လို့မခေါ်သေးဘူးမိုးစစ် ...အရှေ့မှာဒီထက်ပိုဆိုးတဲ့စိန်ခေါ်မှုတွေရှိသေးတယ် ...အကိုတို့ရင်ဆိုင်ရဦးမှာ ...မိုးစစ် ....အကို ...လောဘမကြီးပါဘူး ..ရွှေကြာ့ကိုအဆက်မဖြတ်ပါနဲ့...အချိန်တန်ရင်မိုးစစ်ကရွှေကြာ့ကိုလက်ထပ်ပြီးမိသားစုဘဝကိုတည်ဆောက်ရမှာ ...ဒါကသဘာဝပဲ ...ဒီလောက်ချစ်တာကိုပဲအကိုသေပျော်ပါပြီ..''

 ''အကို '' 

မိုးစစ်ကလရောင်လက်ကိုဆွဲကိုင်ရင်းတိုးတိုးညင်းညင်းခေါ်ကာ   “ကျွန်တော်သေမှခွဲမယ်...အကိုသာ ကျွန်တော့်ကိုခွဲမသွားဖို့ကတိပေးပါ ...ကျွန်တော်တို့ရေဆုံးမြေဆုံးတူတူသွားကြတာပေါ့ '' 

''အကိုကတိပေးချင်ပါတယ်မိုးစစ်ရယ် '' လရောင်ရင်ထဲကတီးတိုးပြောမိသည်။ မိုးစစ်လရောင်ကိုဖက်ထားရင်းခပ်ဖွဖွနမ်းသည်။ တကယ်လို့များဒီကမ္ဘာမှာတစ်ယောက်ယောက်သာရှင်သန်ကျန်ခဲ့ရမယ်ဆိုအကိုရှင်သန်လှည့်ပါအကို၊လတစ်စင်းရဲ့အရောင်အဝါကကြယ်တစ်ပွင့်ထက်လင်းလက်နိုင်တာဘဲ၊အကို့အတွက်ဆိုကျွန်တော့်အသည်းနှလုံးကိုထုတ်ပေးဖို့အထိကြည်ဖြူပါတယ်ဗျာ.... ။ ကြယ်ဆိုတာ..အချိန်တိုင်းကြွေတတ်တာဘဲလေ...အကို့ကိုကျွန်တော်ခွဲသွားရတော့မှာအကိုရယ် ...လရောင်ပခုံးကိုကွယ်ရင်း မိုးစစ် မျက်ရည်ကျမိပြန်သည်။

အချစ်ဆိုတာပင်ပန်းလေစွ။

xxxxxxxxxxxx


'' ရွှေကြာ ''

သူ့ခေါ်သံကြောင့်ရွှေကြာနောက်သို့လှည့်ကြည့်သည်။သူ့မျက်နှာကိုအမြင်မှာရွှေကြာ့မျက်နှာမှာဒေါသကြောင့်အရောင်တစ်မျိုးပြောင်းသွားလေသည်။

'' ကျွန်မတို့တွေ့စရာမရှိဘူးမိုးစစ် ....ထွက်သွားပါ ''

''ခဏတော့စကားပြောပါရစေ .... ကြာရယ် ''

''နင့်ကိုငါအရမ်းမုန်းတယ်မိုးစစ်...နင့်ကြောင့်ငါ့မိသားစုကြားမှာငါမျက်နှာပြစရာမရှိအောင်စုတ်ပြတ်သတ်ပြီးအရှက်ကွဲရတာ ..နင်ထွက်သွား .....''

''နင်ငါ့ကိုမုန်းနိုင်ပါတယ်ကြာရယ် ....ငါ့အပြစ်တွေပါဘဲ ...ဒါပေမယ့်အကို့ကိုနင်အရှက်ခွဲမုန်းတီးနေတာတွေရပ်ပါတော့ ...နင်ပင်ပန်း လွန်းပါတယ် ...''

''မိုးစစ်.......ငါကနင့်ရည်းစား...နင်နဲ့အတုလက်ထပ်ဖို့ထိမိဘချင်းသိပြီးသားအခုငါ့အိမ်ကငါ့ကိုမေးနေပြီ ...ငါဘယ်လိုဖြေရလည်း ...မိုးစစ်ကအခြောက်တစ်ယောက်ကြောင့်သမီးကိုသစ္စာမဲ့သွားပါတယ်လို့အရှက်ကင်းကင်းဖြေရမှာလားးနင်မကာကွယ်နဲ့ ...နင်သူ့ကိုဘဲ မကာကွယ်နေနဲ့ ...ငါ့ဘက်ကိုနင်တစ်ချက်လေးစဉ်းစားဦး ... နင်အဲ့လိုလုပ်နေတာတွေကငါသူ့ကိုသတ်ပစ်ချင်လောက်အောင်ပိုမုန်း စေတယ်ဆိုတာနင်သိထား...နင်သွားတော့ဟာ ''

ရွှေကြာစာသင်ခန်းရှိရာသို့လှည့်ဝင်ရန်ပြင်သည်။

''အကိုကသေတော့မှာထင်တယ်ရွှေကြာ ''

''ဟင် ''

ရွှေကြာ့ခြေအစုံရပ်တန့်သွားသလိုအပေါ်သို့လှမ်းတက်ဟန်ပြင်နေသည့်လရောင်ခြေထောက်ပါတုန့်ကနဲရပ်တန့်သွားသည်။သူ့ထက်အရင်မိုးစစ်ကရောက်နှင့်နေတာမို့လရောင်လှေကားကိုဆက်မတတ်တော့ဘဲ ကော်ရစ်ဒါကရွှေကြာတို့ပြောနေသောစကား ကိုဆက်နားထောင် နေလိုက်မိသည်။

''ဟုတ်တယ်ရွှေကြာအကို့နှလုံးကပုံမှန်အလုပ်မလုပ်ဘူးးအသည်းကလည်းသိပ်မကောင်းဘူးးးဟာ ...နှလုံးခွဲစိတ်ဖို့ငါစီစဉ်နေတယ် ...တကယ်လို့အဲ့မှာအလှုရှင်မရရင်ငါအကို့ကိုငါ့ရင်ထဲကဟာထုတ်ပေးမလို့...''

''နင်ရူးသွားပြီလားမိုးစစ် ...နင်သေမှထုတ်ပေးလို့ရမှာလေ ...နင်အဲ့လောက်ထိ...''

''ဟုတ်တယ်...ငါဘာကြောင့်မမှန်းမသိ ...အကို့အပေါ်အရမ်းငြိတွယ်မိသွားတယ်... ဒါကြောင့်ငါတို့ကိုနင်ခွင့်လွှတ်ပေးဖို့ ငါနင့်ကို ဒူးထောက်တောင်းပန်ချင်လို့ပါရွှေကြာရယ် ''

မိုးစစ်ပြောပြောဆိုဆိုရွှေကြာ့ရှေ့ဒူးထောက်လိုက်သည်။ရွှေကြာ့ပါးမှာမျက်ရည်တို့စီးကျလာသည်။လရောင်ချောင်းကြည့်ရင်းမြင်လိုက်ရသောမြင်ကွင်းကြောင့်နှလုံးသွေးတို့တဒိတ်ဒိတ်တိုးကာရင်တွင်းတစ်နေရာမှအောင့်မျက်နာကျင်လာသဖြင့်နောက်လှည့်ပြန်လာခဲ့သည်။မိုးစစ်ရယ်။


+++++++++


"နင်မှားတယ်လရောင် ''

''အင်းးး''

လရောင်အင်းဟုခပ်လေးလေးပြန်ဖြေရင်း ''ငါ....မှားသွားတယ်တဲ့လား.... သူ့မှာကောင်မလေးရှိမှန်းသိကတည်းက ငါနောက်ဆုတ် ထားတာပါ .... သူရှေ့ကိုတိုးလာတဲ့အချိန်မှာနောက်မဆုတ်ချင်မိတာငါမှားတယ်လား''

လင်းညိုတစ်ချက်ပြုံးရင်းသူ့ပခုံးကိုခပ်ဖွဖွဆုတ်ကိုင်လာသည်။လရောင်ရှေ့ကပုလင်းထဲကအရက်ကိုသူ့ဖန်ခွက်လေးထဲထည့်လိုက်သည်။ ပြီးနောက်ဘာမှမရောဘဲဆတ်ကနဲမော့ချလိုက်ပြန်သည်။

''နင်သောက်တာများနေပြီလရောင် ... ငါနင့်ကိုနားလည်ပါတယ် ...ဂေးတစ်ယောက်အတွက်အချစ်တစ်ခုပိုင်ဆိုင်ဖို့မလွယ်ဘူးး။ အေး.... ဒီလိုအချစ်မျိုးပိုင်ဖို့ပိုတောင်မလွယ်သေးတယ်....ငါတို့အနားမှာငါတို့ပိုင်ဆိုင်မှုကိုမက်ပြီးငါတို့အမ်းသမျှယူမယ့်လူတွေကဒုနဲ့ဒေး။သူတို့ပေးမယ့်အချစ်တုတွေကလည်းအသင့်။နင်မက်မောသွားတာငါကိုယ်ချင်းစာပါတယ် ....ဖြစ်တတ်ပါတယ် ..ဒါပေမယ့်နင့်ကိုရွှေကြာပြသနာ တစ်ခုခုလုပ်မှာငါအရမ်းစိတ်ပူတယ် ....''

''ငါသေချာစဉ်းစားတယ် ....ငါမိုးစစ်ကိုသိပ်ချစ်တယ် ..ဒါကြောင့်ငါရွှေကြာ့ကိုတောင်းပန်မယ် ...သူကျေနပ်လာမယ့်အထိ ငါတောင်းပန်မယ် ....ငါမိုးစစ်ကိုသိပ်ချစ်တယ်ဟာာ ''

''နင်တော်တော့ ...လရောင် ...သောက်တာများနေပြီ ..နင့်ကျန်းမာရေးကိုဂရုစိုက်ဦး ...မိုးစစ်ကိုငါခေါ်လိုက်မယ်....''

''မခေါ်နဲ့ ...ငါတစ်ယောက်တည်းနေကြည့်ချင်တယ်...သူလည်း..ညဘက်တွေညည့်နက်တယ်ပြောတယ်နားပါစေ.....ငါလေ ..တကယ်ဆိုမိုးစစ်ကိုရွှေကြာ့လက်ထဲထည့်ရမလား...ငါသိမ်းထားရမလားဝေခွဲမရဖြစ်နေတယ်ဟ....စောင့်ထိန်းရာများလွန်းလို့ငါ့အသည်းကမွမွကြေတော့မယ် ....ငါ....ငါလေ ''

လရောင်ငိုတာကိုကြည့်ပြီးလင်းညိုစိတ်မကောင်း။ကျောင်းတုန်းကတည်းကအနေအေးသောလရောင်ကိုဘဝတူချင်းမို့ထက်ပိုပြီးချစ်ပါသည်။သို့သော် လရောင်သည် ဟိုးအရင်တည်းကမိုးစစ်ကိုအမှတ်မထင်တွေ့ပြီးချစ်ခဲ့တာကိုး။ လိင်တူချင်းအချစ်တောင်မှတခါတရံပြသနာရှိ သေးတာယောက်ျားစစ်စစ်ကိုချစ်မိတာဆိုပြောမနေနဲ့တော့။ညဆယ့်တစ်နာရီထိုးသံကနံရံထက်မှာချိတ်ထားသောနာရီကနေတိုးတိုးညင်သာစွာထွက်လာသည်။

''ငါပြန်တော့မယ် ...''

''နင်အရမ်းမူးနေတယ် ...ခဏစောင့် ..ငါလိုက်ပို့ပေးမယ်..လရောင်''

''ရတယ်လင်းညို ...ငါလမ်းလျောက်ပြန်မယ် ...နင့်ဆိုင်မှာကားထားခဲ့မယ် ... မနက်ကျဆိုင်ကကလေးတစ်ယောက်လာပို့ခိုင်းပေး''

''ကျွတ်.....နာရီဝက်လောက်လျောက်ရမှာ ...ငါလိုက်ပို့မယ်..နင်နေကောငးတာလည်းမဟုတ်ဘဲနဲ့...''

လရောင်သူ့ကိုနှုတ်ခမ်းတစ်ဖက်တွန့်ကာခပ်ညစ်ညစ်ပြုံးပြရင်းထွက်သွားသည်။လင်းညို မိုးစစ်ဖုန်းကိုဆက်လိုက်တော့ မိုးစစ်ကပြာပြာသလဲပင်လာကြိုပါ့မည်တဲ့။မိုးစစ်အချစ်ကို လင်းညိုနားလည်စွာကျေးဇူးတင်ကြောင်းပြောပြီးဖုန်းကိုချလိုက်သည။် လရောင် ခွဲစိတ်ဖို့လိုအပ်တာတွေကိုတိတ်တဆိတ်စီစဉ်နေတာလည်းလင်းညိုသိပါသည်။ဟိုဖက်ကလိုအပ်သောဆေးရုံကိုပင်သူကိုယ်တိုင်ချိတ်ပေးခဲ့ရသည်မဟုတ်လား။အားလုံးစီစဉ်ပြီးမှလရောင်ကိုဆေးစစ်မည်ဆိုတာခေါ်သွားဖို့တိုင်ပင်ထားကြတာပါ။လိုအပ်ရင်သူ့အသက်ကိုတောင်စွန့်ပြီးချစ်ပြရဲတဲ့မိုးစစ်အချစ်ကိုလင်းညိုလေးစားစွာနောက်ဆုတ်ပေးလိုက်ရတာတန်ပါသည်။ကိုယ်ကတော့အသက်ပေးပြီးမချစ်နိုင်တာသေချာတာကိုး။

ခပ်ယိုင်ယိုင်ဖြစ်နေသော်လည်းလရောင်လမ်းသွယ်လေးကတစ်ဆင့်လမ်းမပေါ်အထိတရွေရွေ့တက်လာခဲ့သည်။ပါးပြင်ကိုထိခတ်လာသည့်အေးမြသောညလေကြောင့်လရောင်ခေါင်းထဲကြည်လင်လတ်ဆက်သွားသည်။နေ့လည်ခင်းလောက်ကားသံတွေဆူညံမနေဘဲတိတ်ဆိတ်နေတာကိုကအရသာတစ်မျိုးလိုဖြစ်နေသည်မို့သူသဘောကျစွာခပ်တိုးတိုးရီမိပြန်သည်။အင်း..တိတ်တဆိတ်အသည်းကွဲဖို့လုံလောက်တဲ့ အနေအထားတစ်ခုဘဲမဟုတ်လား။သူခြေလှမ်းကိုသတိထားရင်းလှမ်းကာလှမ်းကာသွားမိသည်။ ပလက်ဖောင်းတို့သည်သူ့အာရုံထဲ မြင့်တခါနိမ့်တလှည့်နှင့်။

မိုးစစ်ကားမောင်းရင်းတစ်ချက်သမ်းလိုက်မိသည်။အိပ်ပျော်ကာစမှာပြန်ထလိုက်ရတော့ခေါင်းကဆစ်ဆစ်ကိုက်နေတာကိုလက်တစ်ဖက်ဖြင့်နားထင်ကိုဖိရင်းမောင်းကာလမ်းကဖြတ်သွားဖြတ်လာတွေကြားထဲသူလှမ်းကြည့်ရင်းလရောင်ကိုရှာနေမိသည်။

တဖြည်းဖြည်းနှင့်မီးပွိုင့်တစ်ခုနားအရောက်ဟိုဖက်ယာဉ်ကြောရဲ့ပလက်ဖောင်းမှာလမ်းလျောက်နေသောလရောင်ကသူ့ကားကိုမြင်ပြီးလက်ပြကာသူနာမည်ကိုလှမ်းခေါ်လိုက်တာမို့လရောင်ကိုသူအတွေ့မှာသူမေ့လျော့စွာကားကိုကွေ့လိုက်မိစဉ် ...တစ်ဖက်မှအရှိန်ဖြင့် မောင်းလာသောကားတစ်စီးနှင့်အရှိန်ပြင်းစွာ .......

''အုန်း '' ''ဒုန်း ''

''မိုးစစ် ''

လရောင်ထိတ်လန့်စွာအော်လိုက်စဉ် မိုးစစ်မြင်လွှာတွေအားလုံးမှောင်အတိကျသွားတော့သည်။


အညို

To be continued….

အညို့ FB Page - အညို

Thursday, October 15, 2015

ဆတ်ဆတ်ထိမခံ ရွှေပန်းကန်များနဲ့ အလွမ်းသင့်နည်း




စကားတစ်ခွန်း အပြုအမူလုပ်ဆောင်ချက်လေးတစ်ခု မြင်တွေ့လိုက်ရရုံဖြင့် ခံစားတတ်တုန့်ပြန်လွယ်တတ်သောသူတစ်ယောက်ကို ဘယ်လိုများ နာမည်တပ်ရင်ရပါသလဲ။ သာမန် စိတ်လှုပ်ရှား ခံစားတာထက် ပိုပိုမိုမိုအကဲသာပြီး အလွန်အမင်းဆတ်ဆတ်ထိမခံသူ တစ်ယောက်ကိုပြောချင်တာပါ။ အခြေခံအားဖြင့်တော့ သူဟာ အရာအားလုံအပေါ် လွန်လွန်ကဲကဲခံစားတတ်သူ တစ်စုံတစ်ယောက် ဖြစ်နိုင်ပါတယ်။

ဆူညံသံသောသောညံနေတတ်တဲ့လူအုပ်တွေနဲ့ပါတ်သက်ပြီး သည်းမခံနိုင်ဘူး၊ အနံ့အသက်တွေနဲ့ပတ်သက်ပြီး ဂဂျီဂဂျောင်၊ ပြီးတော့ ၀တ်ထားတဲ့အင်္ကျီချည်သားကြမ်းတာကိုလည်း စိတ်ထဲသည်းခံလို့မရဘူး စသဖြင့် အလွန်သိသာတဲ့တုန့်ပြန်မှုတွေ သူတို့လုပ်ဆောင်ပြ တတ်ကြပါတယ်။ သူတို့ဟာ အခြားသူတစ်ပါး ပျော်ရွှင် သို့မဟုတ် ၀မ်းနည်းလို့ပြောဆိုထွက်တတ်တဲ့ အသံ အတိုးအကျယ်ပေါ်မှာ လည်း တော်တော် မကျေနပ်တတ်ကြပါဘူး။ ဘာကြောင့်လဲဆိုတော့ အထိအခိုက်မခံတတ်သူတွေဟာ သူတို့ စကားပြောရာ သွားလာ လုပ်ဆောင်ကြရမှာ အပြစ်ဆိုစရာမဖြစ်အောင် ဂရုစိုက်တတ်ကြသလို အဲသလိုနေထိုင်ကြရတဲ့အတွက် ဘ၀ဟာ သူတို့အတွက် ပင်ပန်း နွမ်းနယ်မှုတွေကို ပေးတတ်လွန်းတယ်လို့ယူဆတတ်ကြတယ်။ အချိန်အတော်များများမှာ အဲ့သလိုဖြစ်ပျက်နေကြတဲ့အတွက် သူတို့ ပတ်ဝန်းကျင်က ဆတ်ဆတ်ထိမခံ မဖြစ်တတ်သူများအတွက်တော့ အထင်အမြင်လွဲမှားစေမှုတွေပေးနေသလိုပါပဲ။
အဲ ရိုးရိုးဆတ်ဆတ်ထိမခံမဟုတ်တဲ့ စပါယ်ရှယ်ဆတ်ဆတ်ထိမခံတွေဟာ အမြဲတမ်းတော့ အရှက်သည်းနေ သို့မဟုတ် သီးသန့် နေတတ်လွန်းတာမျိုးမဟုတ်ကြပါဘူး။ ရှက်တတ်လွန်းသူများဟာ ဆတ်ဆတ်ထိမခံဖြစ်ကောင်းဖြစ်နိုင်ပေမယ့် သူတို့ဟာ ငြင်းပယ်ခံရမှာ အပစ်ပယ်ခံဖြစ်နေရမှာကို သေမလောက်ကြောက်တတ်ကြပါတယ်။ 

လူများစွာနဲ့ဆက်ဆံပေါင်းသင်းရလို့ မောပန်းတာကြောင့် သီးသန့် နေတာဖြစ်မယ်။ အချို့သော ဆတ်ဆတ်ထိမခံသူများဟာ သီးသန့်နေထိုင်တတ်သူများပါပဲ။ ဒါပေမဲ့ လက်နဲ့ဆုပ်ကိုင်ရလွယ်ကူသလိုမျိုး ကိုင်တွယ်ဆက်ဆံရ လွယ်တတ်ပြန်ပါသေးတယ်။
မကြာခဏသောအချိန်တွေမှာတော့ ဆတ်ဆတ်ထိမခံတတ်သူတွေဟာ သူတို့ဘ၀နေထိုင်မှုအပေါ်ပြန်လည် သုံးသပ်ဖို့ စိတ်ကိုထိန်းညှိ ဖို့လိုနေတတ်တယ်။ နေ့တစ်နေရဲ့အချိန်နာရီအချို့ကို သူတို့အတွက် သူတို့ကိုယ်တိုင်လိုအပ်နေသလို တိတ်ဆိတ်သော လူနေမှု ၀န်းကျင်တစ်ခု သို့မဟုတ် အလုပ်ကနေ ရက်သတ္တပါတ်အချို့ ခွာနေဖြစ်ရင်တောင်မှလေ။
ထိန်းညှိတယ် သုံးသပ်တယ်ဆိုပေမယ့် ဆတ်ဆတ်ထိမခံတတ်တဲ့စိတ်မျိုးရှိသူဖြစ်တဲ့အတွက် ကိုယ်တိုင် ပြောင်းလဲထိန်းညှိချင်စိတ်ရှိဖို့က လုံးလုံးလျားလျားလိုအပ်ပါတယ်။ ဒါဟာ ဆတ်ဆတ်ထိမခံမဖြစ်တတ်သူများက ထည့်သွင်းစဉ်းစားဖို့အတွက် အရေးပါလွန်းပါရဲ့။

အထိအခတ်မခံတဲ့ ရွှေပန်းကန်များနဲ့ ဆက်ဆံထိတွေ့ဖို့အတွက် နည်းလမ်းအချို့ကိုပြောပြပါရစေ -

(၁) သူတို့နဲ့အနီးကပ်ရပ်နေတဲ့အခါ စကားတိုးတိုးပြောပါ (Speak softly when standing close to them)

သူတို့နဲ့အနီးကပ်ရပ်နေတာပဲဖြစ်ဖြစ် ထိုင်နေတာပဲဖြစ်ဖြစ် စကားကိုတိုးတိုးငြင်သာပြောဆိုပါ။ ကျယ်လောင် ကျယ်လောင်နဲ့ ဆူညံသံ အသံဗလံတွေဟာ သူတို့တွေကို မခံမရပ်နိုင် စိတ်မချမ်းမြေ့စရာဖြစ်စေပါတယ်။ အသံဗလံအုတ်အော်သောင်းနင်းဖြစ်နေတဲ့ ပတ်ဝန်းကျင် မှာ လုပ်ကိုင်နေထိုင်ဖို့ သူတို့တွေမှာ စွမ်းအားရှိကောင်းရှိနေနိုင်ပေမယ့် သူတို့ပတ်ဝန်းကျင်မှာ ဆူညံသံတွေအမြတစေရှိနေမယ်ဆိုရင် ကြာရှည် သည်းခံနိုင်စွမ်း ထိန်းသိမ်းနိုင်စွမ်း မရှိတတ် မရှိနိုင်ပါဘူး။ ဒါကြောင့် စာဖတ်သူအနေနဲ့ အခန်းအတွင်းမှာ ပြောတဲ့လေသံနှုန်း အတိုင်း အေးဆေးသက်သာပြောဖို့သတိရပါလို့။

(၂) အထိအခတ်မခံသူများဟာ အမြဲတစေ အထွန့်တက် တိုင်းတန်းနေတတ်သူများမဟုတ်ရပါ (Sensitives aren’t chronic complainers!)
ကမ္ဘာလောကကြီးက အရာရာမှာလွှမ်းမိုးတတ်တာမှန်ပါတယ်။ သူတို့တွေကို အမှတ်တံဆိပ် လေဘယ်တစ်ခုတပ်ခြင်း သို့မဟုတ် တော်ဝင်နန်းထိုက်သူလို သီးသန့်သဘောဆက်ဆံနေရတာ အဆင်မပြေကြောင်းသွားပြောဖို့ကြိုးစားတာမျိုးတွေ မလုပ်ပါနဲ့ခင်ဗျ။ သူတို့တွေဟာ အရာဝတ္ထုတွေ အကြောင်းအရာတွေအပေါ်လိုက်ပြီး အလွယ်တကူ သည်းမခံနိုင်တာ စိတ်ဆတ်မိတာဖြစ်ပါတယ်။ အဲဒါတွေနဲ့ ပတ်သက်ပြီး အလွန်တရာရိုးသားပြခြင်းမဖြစ်နိုင်ဘူးလားဗျာ။

(၃) ရွှေပန်းကန်တွေဟာ အမှန်အားဖြင့် အနုပညာကို အလွန်ချစ်တတ်ကြတယ် (Sensitives love really intense art.)
အ၀တ်မပါ ဗလာကိုယ်ထီးမော်ဒယ်လ်တွေကိုကြည့်ပြီး နာရီအတော်ကြာ သူတို့ပန်းချီရေးဆွဲနေတာကိုမြင်မိတဲ့အခါ အလွန်အကျွံ အံ့အား မသင့်သွားပါနဲ့။ ဒါဟာသူတို့အတွက် စိတ်တင်းကြပ်မှုဖြေဖျောက်ရာနည်းလမ်းတစ်ခုသာဖြစ်ပြီး မြူဆွယ်မှုနည်းလမ်းတစ်ခုမဖြစ် မဟုတ်ခဲ့ ပါဘူး။ အနုပညာသည် သူတို့အတွက် ရစ်ပတ်နှောင်တွယ်တတ်သော ဖျော်ဖြေမှုကိုပေးသော ပြီးတော့ အေးဆေးစိတ်ငြိမ်စေသော အရာ ဖြစ်ပါတယ်။ အဲဒါကိုလက်သင့်ခံဖို့ကြိုးစားပါ။ သူတို့ဆံပင်အရောင်ကာလာကို အပတ်စဉ်ပြောင်းလဲနေခြင်းဟာ တစ်မူထူးခြားကြောင်း ပြောလိုက်မယ့်အစားပေါ့။ သူတို့စိတ်ဖြစ်တည်မှုတစ်ခုဖြစ်ကောင်းဖြစ်မယ် သူတို့နဲ့လိုက်ဖက်တဲ့အရောင်ကို မရွေးချယ်နိုင်သေးတာလဲ ဖြစ်နိုင်တာပဲ။

(၄) ပျော်ဖို့သောက်တာဆိုပေမယ့် မူးနေတာကပြဿနာ
လူငယ်တွေပီပီ အရက်ယမကာနည်းနည်းသောက်တာဟာ ပျော်ရွှင်ချင်လို့ဆိုပေမယ့် မူးယစ်လာပြီး မူပျက်လာရခြင်းက ဆတ်ဆတ်ထိ မခံ စိတ်မျိုးရှိသူတွေအတွက်ကတော့ တကယ့်စိတ်အနှောင့်အယှက်ဖြစ်စေတဲ့ကိစ္စတစ်ရပ်ပါပဲ။  ဆတ်ဆတ်ထိမခံစိတ်မရှိသူများကတော့ မူးယစ်ပျော်ရွှင်ရတာ အရသာဖြစ်သလို သတ်မှတ် Limit ထက်ပိုသောက်မိရင်လည်း စိတ်အခြေသိပ်မပြောင်းတတ်ကြ ပါဘူး။ ဟိုလူတွေ အတွက်ကတော့ ခေါင်းကိုက်တယ် စိတ်ရှုတ်လာတယ်ဆိုပဲ။ ဆိုလိုတာက ကိုယ်တွေအနေနဲ့ပိုသောက်မိလို့ ခေါင်းကိုက်လာတာ အော့အံ ချင်လာတာ မူပျက်တာကိုမထိန်းနိုင်ဖြစ်လာရတာကို ဒေါသမထွက် စိတ်ထိန်းနိုင်ပေမယ့် သူတို့အတွက်ကတော့ ဒါဟာ မဟာပြဿနာ ကြီးပါပဲလို့။ ဒီလိုအခြေအနေမှာ သူတို့ကို သောက်ပါဟ ဘာဖြစ်တယ် ညာဖြစ်တယ်ဆိုပြီး ဖိအားပေးဆွဲမသွင်းသင့်ပါဘူး အသောက် ၀ိုင်းကိုလေ။ သူငယ်ချင်းတွေစုပြီးသောက်စားကြတဲ့အချိန်ကာလက ကြာရှည်ဦးမယ်လို့ယူဆရရင်တော့ ကိုကို ဆတ်ဆတ်ထိမခံဟာ အဖော်တစ်ယောက်ယောက်နဲ့အတူ ပထမနှစ်ခွက်လောက်မော့ပြီးချိန်မှာ အရင်ဦးဆုံးထပြန်ဖို့သေချာသလောက်ပါပဲ။

(၅) ဈေးဝယ်သွားမယ် Gym မသွားဘူး
တုန့်ပြန်မှုမြန်ဆတ်ဆတ်ထိမခံတွေဟာ တစ်ခုခုစားဖို့၊ တစ်ခုခုသောက်ဖို့၊ဈေးဝယ်ထွက်ဖို့ ဖိတ်ခေါ်ခံရတာအပြင် အခြားသော အရာတွေမှာ အဆင်ပြေသဘောကျတတ်ပေမယ့် Gym ကိုအတူသွားဖို့ကိစ္စ ဖိတ်ခေါ်ခံရတာကိုတော့ သဘောမကျတတ်ပါဘူး။ ချွေးတွေရွှဲ အသက်ခပ်ပြင်းပြင်းရှူရှိုက်နေရချိန်တွေမှာ စကားပြောဆိုရတာ သူ့အတွက်အခက်အခဲတစ်ခုပါပဲ။ လေ့ကျင့်ခန်းလုပ်တာ လေ့ကျင့်တာဟာ ဆတ်ဆတ်ထိမခံစိတ်အခြေရှိသူများကျန်းမာရေးအတွက် အထောက်အကူများစွာရှိနိုင်ပေမဲ့ တစ်ကိုယ်တော်လေ့ကျင့် ကစားနိုင်တယ်ဆိုပါက သူတို့အတွက်ပိုအဆင်ပြေပါတယ်။ ဆတ်ဆတ်ထိမခံသူတစ်ယောက်ဟာ ဘောလုံးကစားတာလိုမျိုးမှာအဆင် ပြေပြေပါဝင်နိုင်ပါ့ မလား? အစုအဖွဲ့အသင်းအုပ်စုနဲ့ လှုပ်ရှားဖို့ကစားဖို့ တောင်းဆိုမှုများပါက သူတို့အတွက် အားစိုက်ထုတ်ရတဲ့ အလုပ်တစ်ခုအသွင် ဖြစ်ကောင်းဖြစ်နေနိုင်ပါတယ်။ အအုပ်အသင်းနဲ့လုပ်ဆောင်ကြစို့ဆိုပါက ဘောလုံးအသင်းတစ်သင်းအနေနဲ့ ကွင်းထဲမှာကစားကြမယ့်အစား သူငယ်ချင်းတစ်စု ဘောလုံးပွဲကို အတူသွားကြည့်ကြမယ်ဆိုတဲ့ ရွေးချယ်မှုကို ဦးစားပေးကြပါလိမ့်မယ်။

(၆) ဖဲကြဉ်တာ သို့မဟုတ် တိတ်ဆိတ်သွားတာကို မစိုးရိမ်ပါနဲ့လေ
လူအုပ်အသင်းအဖွဲ့နဲ့လှုပ်ရှားသွားလာနေကြရင်းမှ သူတို့တွေက မသိမသာ ခပ်ခွာခွာထွက်ခွာဖဲကြဉ်လာတာ မြင်ကွင်းကနေ ပျောက်ကွယ်တတ်တာ သို့မဟုတ် ရုတ်တရက်ဆိုသလို စကားမဆိုအသံမပြု တိတ်ဆိတ်သွားတတ်တာတွေအပေါ် သိပ်တော့မစိုးရိမ် ပါနဲ့။ နေရာမျိုးစုံနယ်ပယ်မျိုးစုံမှာ အဆိုပါ ဆတ်ဆတ်ထိမခံသူအများစုဟာ ဖြတ်သန်းတဲ့အဆင့် လုပ်ငန်းစဉ်အများကြီးလိုနေတတ်ပါ တယ်။ ပြီးရင်တော့ အချိန်ကာလတိုအတွင်းမှာပဲ အရာရာကို အာရုံစိုက်ခြင်းမှာ သက်သောင့်သက်သာနဲ့လုပ်ဆောင်နိုင်သတိကပ်လာ နိုင်ပါမယ်။ သူတို့တွေဟာ ပျင်းနေဖို့ မကြိုးစားတတ်ကြသလို ပျင်းလည်းပျင်းနေကြတာမဟုတ်ပါဘူး သူတို့အနေနဲ့စိတ်အနှောင့် အယှက်ဖြစ်မနေဖို့လိုရင်းပါ။ သူတို့လိုအပ်တာလေးက ခဏတာ ငြိမ်းငြိမ်းချမ်းချမ်းဖြစ်မှုလေးပါပဲ။ ဒါကြောင့် သူတို့ခဏတော့ တိတ်တိတ်လေးနေခွင့်ပြုလိုက်ပါလေ။

(၇) ဘာဖြစ်နေတယ်မသိဘူး ခပ်ခွာခွာနေချင်နေတာ
ခပ်လှမ်းလှမ်း သို့မဟုတ် ခပ်ခွာခွာမှာနေဖို့ အင်း….တစ်ခုခုကိုစူးစိုက်ကြည့်နေတတ်ကြသလိုဖြစ်တတ်တာမျိုးဖြစ်ပေမယ့် သူတို့ ရိုင်းစိုင်း တဲ့ အပြုအမူကိုလုပ်ဆောင်ဖို့ ကြိုးစားကြတာမဟုတ်ပါဘူး။ အာရုံစူးစိုက်ရမယ့် အချိန်အခိုက်အတန့်၊ အတွေးဝင်ရမယ့်ကာလမှာ သူတို့ ကိုသွားမနှောင့်ယှက်ဘဲ ခပ်ငြိမ်ငြိမ်နေ ပေးလိုက်ခြင်းက စာဖတ်သူအနေနဲ့ အားဖြည့်ကူညီပေးရာရောက်ပါတယ်။ နှစ်မိနစ်လောက် တော့ လွှတ်ထားလိုက်ပါ မကြာခင်မှာပဲ ပစ္စုပ္ပန်အခြေအနေကို အာရုံပြန်ကပ်ပါလိမ့်မယ်။ သူတို့ကိုအတင်းတွန်းတိုက်လုပ်ကိုင်စေတာမျိုး ဘေးကြပ်နံကြပ်လုပ်လိုက်တာမျိုး မလုပ်ရပါဘူး။ အဲ့လိုလုပ်ခြင်းဟာ သူတို့စိတ်ကိုထိခိုက်စေသလို လတ်တလောဆောင်ရွက်နေတဲ့ ကိစ္စကို ဆက်မလုပ်ချင်တော့တဲ့ စိတ်အခြေအနေဆိုက်ရောက်သွားစေနိုင်ပါတယ်။

(၈) လောက၀တ်စကားဆိုမိ ဝေဖန်တယ်ထင်
တစ်ခါတလေ ကိုယ်တွေကဘာရယ်မဟုတ် နှုတ်ဆက်စကားဆိုလိုက်မိတာမျိုးအချိန်မှာ သူတို့တွေက ဒါဘာကိုဝေဖန်ချင်လို့လဲ ဘာအပြစ်တင်ချင်လို့လဲထင်ချင်ထင်တတ်ကြပါသေးတယ်။ ဘာကိုပြောချင်တာလည်း အဓိကအချက်ကိုပြော အဲဒါကိုထိရောက် အောင်လုပ်မယ်ဆိုတဲ့ ပုံစံမျိုးကို သူတို့ပိုသဘောကျတဲ့သဘောပါ။ ဒါကြောင့် ဥပမာအနေနဲ့ပြောရရင် ဟင်းတစ်ခွက်ချက်တာပဲဖြစ်ဖြစ် ဓာတ်ပုံတစ်ပုံရိုက်ကြတာပဲဖြစ်ဖြစ် သူတို့တွေအကြံပေးချက်ကိုလိုက်နာလိုက်ရင် မျက်နှာပွင့်မယ့်ဟင်းလျာ လှပတဲ့ဓာတ်ပုံတစ်ပုံ တော့ဖြစ်လာမှာသေချာပါတယ်လို့။

(၉) နှစ်ရက်သုံးရက်လောက် ပျောက်နေတတ်တာ သဘာဝပါ
ကျနော်တို့မြင်နေကြမြင်ကွင်းကနေ သူတို့တွေ ရက်အနည်းငယ်ပျောက်နေတတ်တာမျိုးကြုံလာရင် အဲ့ဒါပုံမှန်ဖြစ်စဉ်လေးတစ်ခုလို့ပဲ မှတ်ယူလိုက်ပါ။ ဘာကြောင့်လဲဆိုတော့ ကိုကို မမဆန်းဆန်းတင့်တွေဟာ သူတို့ကိုယ်ပိုင်ဘ၀လေးတွေမှာ ပျော်ရွှင်အေးချမ်းဖို့ အချိန် အနည်းငယ်တော့လိုအပ်ကြပါတယ်။ အပြင်ကိုထွက်ကာ ဟိုသည်သွားလာတာ ပါတီပွဲတွေဆင်နွှဲရတာသူတို့အနေနဲ့ ပျော်ရွှင်နှစ်လိုကြ တာသေချာပါတယ်လေ။ ဒါပေမဲ့ တစ်ခါတလေ လူရင်းတစ်ယောက်နှစ်ယောက်လောက်နဲ့ပဲ အေးအေးဆေးဆေးရက်အနည်းငယ် လောက် သူတို့အနားယူပျော်ရွှင်တတ်ကြတာလည်းရှိပါရဲ့။ အားလပ်ရက်မှာ ပျော်ဖို့ရွှင်ဖို့ အစီအစဉ် plan မရှိဘူးဆိုကာ သူတို့အနေနဲ့ အခန်းထဲမှာ တစ်ယောက်ထဲ အောင်းနေပျောက်နေ တိတ်ဆိတ်နေတတ်တာဟာ သူတို့အတွက် ငြိမ်းအေးစရာအစီအစဉ်တစ်ရပ်ပါပဲ။ ဘယ်လိုပဲဖြစ်ပါစေ ဒါဟာ သူတို့အတွက် တကယ်လိုအပ်တဲ့အနားယူနည်းတစ်ခုဖြစ်ပါတယ်။

(၁၀) ကျနော်တို့ဘယ်လိုခံစားရသလဲ ရိုးသားစွာဖြေကြည့် (Be honest about how you are feeling)
သူတို့နဲ့ပြောဆိုဆက်ဆံရာမှာ အလိမ်အကွေ့မပါ ရိုးသားစွာနဲ့ နားဝင်ကောင်းအောင်အဖြေပေးမိဖို့လိုပါတယ်။ သူကိုယ်တိုင်လုပ်ထားတဲ့ မုန့်တစ်မျိုးကို စားလို့အဆင်နည်းနည်းမချောဘူး မကြိုက်ဘူးဆိုတာပြောချင်ပေမယ့် ‘ကောင်းပါတယ်’ လို့မပြောလိုက်ပါနဲ့။ သူတို့ရဲ့ မိသားစုရေးရာတွေကို ကိုယ့်ကို ပွင့်ပွင့်လင်းလင်းပြောပြတိုင်ပင်လာတဲ့အခါ ‘မင်းအနေနဲ့ အမေ့ကို အဲ့လိုမပြောလိုက်သင့်ဘူး။ ငါ့အနေနဲ့ဆို စိတ်ဆိုးမိမှာသေချာတယ်’ လို့ စိတ်ထဲမှာခံစားရတဲ့အတိုင်း ဒေါသဖြစ်မိရင်လည်းဖြစ်မိတဲ့အတိုင်း တုန့်ပြန်ပြောဆိုလိုက်ရင် သူတို့ တကယ်ဝမ်းမြောက်မှာပါ။ အဲ့သလိုမဟုတ်ဘဲ ခံစားချက်အစစ်အမှန်ကိုဖုံးကွယ်ဖို့ကြိုးစားပြီး သူတို့အကြိုက်အမြဲပြောနေလိုက်ရင် တော့ အထိတ်အခတ်မခံကိုကိုမမတွေအနေနဲ့ ကိုယ်တွေဟာ ယုံကြည်ထိုက်သူတွေမဟုတ်ဘူးဆိုတာ အလိုလိုအာရုံခံမိပါလိမ့်မယ်။ ဘယ်လိုပြောရမလဲ သူတို့ပြုမူပြောဆိုလုပ်ဆောင်ချက်တွေအပေါ်ကိုယ်က အမြဲဖာထေးပြောဆိုဆက်ဆံပေးနေတာမျိုးလည်းမလုပ် ကန့်လန့်တိုက်ဆန့်ကျင်မှုလုပ်နေတာလည်းမဟုတ်ဘဲ ရိုးသားတဲ့ဆက်ဆံရေးတစ်ရပ်ထူထောင်မိဖို့အရေးကြီးပါတယ်။ ဘာကြောင့်လည်းဆိုတော့ သူတို့တွေဟာ သူတို့ပြောတဲ့စကားလုံး သို့မဟုတ် သူတပါးပြောတဲ့စကားလုံးတိုင်းကို အသေးစိတ်နားထောင်ပြီး ဘာမှားနေလဲစိစစ်တတ်သူတွေဖြစ်နေနိုင်လို့ပါ။ 

(၁၁) နိုင်ငံရေးအမြင် တူ မတူ မငြင်းခုန်သင့်
လတ်တလော အပြောင်းအလဲဖြစ်နေသော မိမိနိုင်ငံရဲ့ဖြစ်ပျက်မှုအထွေထွေ၊ နိုင်ငံရေးအခင်းအကျင်း၊ အတိုက်အခံပါတီအပေါ်သဘော ထားအမြင်၊ လက်ရှိအစိုးရအပေါ်အမြင် စတဲ့ အရေးပါသော နိုင်ငံ့အရေးတွေနဲ့ပတ်သက်ပြီး ကိုယ်မဟုတ်တဲ့ အခြားသူနဲ့ပြောဆိုဆွေးနွေး ရတဲ့အခါ အရာရာသတိထားသင့်ပါတယ်။ အထူးသဖြင့် စိတ်ကလက်တစ်ဆစ် သိပ်အထိအခိုက်မခံသူများနဲ့ နိုင်ငံရေးအကြောင်းပြောဆို ရမယ်ဆိုပါက ကမ္ဘာလောကကြီးတစ်ခုနဲ့မျက်နှာချင်းဆိုင်ရာမယ့် ကိစ္စတစ်ခုသဖွယ် ပြင်ဆင်ထားသင့်ပါတယ် အရာရာပေါ့။ စာဖတ်သူရဲ့ သူငယ်ချင်းတစ်ယောက်ဟာ အလွန်တရာ ပါးလွှာတဲ့စက္ကူပါးတစ်ချပ် (Hyper Sensitive Person) တစ်ယောက်ဖြစ်ခဲ့ပါက လတ်တလော မြင်ကြားနေရတဲ့ နိုင်ငံရေးသတင်းစကားလေးတွေနဲ့ အစပျိုးဆွေးနွေးကြည့်ပါ။ နှစ်ဦးသားရဲ့ အမြင်အတွေး ဆွေးနွေးလို့ရတဲ့လမ်း ကြောင်းတူနေပြီဆိုပါမှ နိုင်ငံရေးသဘောထားအမြင်ကိုဆက်လက်ဆွေးနွေးဖို့လုပ်သင့်ပါတယ်။ ဒီလိုမှမဟုတ်ဘဲ သူ့အမြင် သူ့သဘော ထားအပေါ်မှာပဲ လက်ကိုင်စွဲထားသည်ကိုမြင်နေရပါက စာဖတ်သူအနေနဲ့ နိုင်ငံရေးသဘောထားဆွေးနွေးသင့်အဆင့်သို့မတက်လှမ်း သင့်ပါဘူး။ စာဖတ်သူကလည်း စာဖတ်သူရဲ့ နိုင်ငံရေးသဘောထားက လမ်းကြောင်းအမှန်ဖြစ်ကြောင်း လက်ဆုပ်လက်ကိုင်ပြုထားသည် ဆိုပါလျှင် သူတို့အနေဖြင့် ဒါသက်သက်ချိုးနှိမ်ချင်လို့ ဆန့်ကျင်ဘက်အမြင်ကို ပြောနေတာလို့တွေးထင်ကာ စာဖတ်သူနဲ့ဆက်ဆံရေး ကို သွေဖယ်ရှောင်ရှားပါလိမ့်မယ် များမကြာခင်မှာပေါ့။

(၁၂) ဘာသာရေး ယုံကြည်မှုကိစ္စများတွင်လည်း မငြင်းခုန်သင့်
ဒီအကြောင်းအရာလေးကို ထည့်ပြောရတာကတော့ ဘာသာရေးကိုးကွယ်ယုံကြည်မှုဆိုတဲ့ကိစ္စမှာ ဆွေးနွေးတာမဟုတ်ဘဲ ငြင်းခုန်တာ တစ်ဘက်သတ် သိမ်းသွင်းတာမျိုးတွေကြောင့် အမုန်းပွားဖွယ်ဖြစ်လာနိုင်တာကို ထောက်ပြလိုရင်းဖြစ်ပါတယ်။ ကိုရွှေဆန်းဆန်းတင့် အများစုဟာ သူတို့အတွက် ‘ဘယ်လို နဲ့ ဘာကြောင့် ဒီနေရာကိုရောက်နေရတယ်’ဆိုတဲ့အဖြေမှန်ကို သိရှိပြီးဖြစ်သလို ယုံလည်းယုံ ကြည်တတ်ကြပါတယ်။ သူတို့တွေထဲမှာ ဥပမာအနေနဲ့ပြောရရင် ခရစ်ယာန်ဘာသာကို ကိုးကွယ်ဆည်းကပ်သူရှိသလို နတ်ဒေ၀ါ ဘုရားလောင်းတွေကို အားကိုးတတ်သူတွေလည်းရှိကြ ယုံကြည်မှုရှိကြမှာပါ။ သူတို့အတွက် ဘုရားသခင်ကလမ်းပြပေးမယ် အရာရာဆောင်ကြဉ်းပေးမယ် ဆည်းကပ်အားကိုးနိုင်မယ်လို့ အသည်းစွဲထားပြီးသားဆိုတော့ ကိုယ်နဲ့အမြင်မတူ ယုံကြည်မှုမတူတာကို ပြဿနာတစ်ရပ်အသွင် စာဖတ်သူက မခံယူမကျင့်သုံးစေချင်ပါဘူး။ သူတို့ဘယ်သူတွေ သူတို့ဘာကိုဘယ်လိုယုံကြည်တယ် ဆိုတဲ့အတိုင်း ထားလိုက်စေချင်ပါတယ်။ 

(၁၃) သူတို့ဟာ Good Listeners တွေပါ
သူတို့ဟာ ပြောဆိုဆွေးနွေး စကားပြောဆိုကြရာမှာ နားထောင်တတ်သူ နားဆင်ပေးတတ်သူများဖြစ်ကြပါတယ်။ စာဖတ်သူများအနေနဲ့ လည်း သူတို့လိုပဲဖြစ်သင့်ပါတယ်။ သူတို့တွေ တစ်ခုခုပြောစရာရှိလို့ပြောတဲ့အခါ ခဏထိုင်ပြီး နားစွင့်ပေးလိုက်ပါ။ သူတို့စကားပြောနေ ချိန် စကားဖြတ်ပြောတာ၊ စကားထောက်ပြီး အကြံဥာဏ် ရုတ်တရက်ဆိုသလိုပေးတာမျိုးတွေမလုပ်ပါနဲ့။ စာဖတ်သူအနေနဲ့ နေရာ တစ်နေရာရနေသော အကြံပေးပုဂ္ဂိုလ်အသွင်မဆောင်မိပါစေနဲ့ပေါ့ဗျာ။ လူတိုင်းကတော့ သူငယ်ချင်းမိတ်ဆွေကောင်းတစ်ယောက် ဖြစ်ချင်ခဲ့ကြတာပါ။ ဒါပေမဲ့ ဟိုဟိုသည်သည် စကားပြောဆိုလိုက်သည်ဆိုပါက စာဖတ်သူအနေနဲ့ သူတို့ပြောစကားကို နားထောင် မနေဘူးဆိုတာ သိသွားနိုင်တာပေါ့လေ မဟုတ်ဘူးလား။

(၁၄) သူတို့ရဲ့ နေ့စဉ် အစီအစဉ်ကို သူတို့ကိုယ်တိုင်ပဲရေးဆွဲဖို့လိုအပ်
သူတို့တွေရဲ့နေ့စဉ်နဲ့အမျှ အသက်ရှင်သန်လှုပ်ရှားသွားလာရာမှာ အစီအစဉ်တကျဖြစ်ဖို့ သူတို့ဘာသာ အစီအစဉ်ရေးဆွဲ အကောင်အထည်ဖော်ဖို့သာလိုအပ်တတ်ကြပါတယ်။ အချို့သော လူတွေက ခင်မင်ရင်းနှီးမှုကိုအကြောင်းပြုလို့ ဘာတွေတော့ ပိုလုပ်သင့်တယ် သို့မဟုတ် သူတို့လုပ်ကိုင်နေထိုင်မှုတွေအပေါ် အရင်မလိုဘဲ ခပ်အေးအေးသက်သောင့်သက်သာလုပ်ကိုင်ဖို့ အကြံပေးစကားပြောရအောင် ကြိုးစားတာမိတာမျိုးလုပ်တတ်ပါတယ် တစ်ခါတရံ။ HSP တွေဟာ အင်းအဲနဲ့ နားထောင်ကောင်း နားထောင်လိုက်မှာဖြစ်ပေမယ့် စာဖတ်သူပြောတဲ့အတိုင်း လုပ်ဖို့ခဲယဉ်းပါရဲ့။

(၁၅) ဆတ်ဆတ်ထိမခံသူ အများစုဟာ တော်တော် သတိထားတတ်တယ်
ဟုတ်ပါတယ် သူတို့တွေဟာ တော့်တော့်ကို အရာရာကို ဂရုတစိုက်နဲ့ သတိထားလေ့လာစူးစမ်းလေ့ရှိပြီး နည်းနည်းလောက်လေးပဲ ဖြစ်ဖြစ် ဝေဖန်မှုမပြတတ်ကြပါဘူး။ သူတို့ ပတ်ဝန်းကျင်အပေါ် စေ့စေ့စပ်စပ် စူးစမ်းသမှုပြုခြင်းကို ခွင့်ပြုထားလိုက်ခြင်းဖြင့် လောက အနှံ့အပြားအပေါ် ဘယ်လိုအာရုံတွေရ သုံးသပ်နေကြလည်းဆိုတာ စာဖတ်သူအနေနဲ့သိရတာပေါ့။ ဥပမာအနေနဲ့ အွန်လိုင်းပေါ်မှာ စီးပွားရေးနဲ့ပဲဖြစ်ဖြစ် ပညာရပ်တစ်ခုခုနဲ့ပဲဖြစ်ဖြစ် အရာရောက်ပေါက်မြောက်သူတစ်စု ပုံမှန်ဆွေးနွေးလေ့ရှိတဲ့အကြောင်းအရာများကို သူ့အနေနဲ့ အရေးမပါပေမဲ့ သေချာဖတ်တတ်ပါတယ်။ အထူးသဖြင့် အဲ့ဒီသူတွေရဲ့ ဖြေကြားချက်များဘယ်လိုရှိမလဲဆိုတာသိလိုရင်း ဖြစ်ပါတယ်။ မေးခွန်းတွေ သို့မဟုတ် အကြောင်းအရာတစ်ခုအပေါ်မှာ ဘယ်လိုခံစားသက်ဝင်ဖြေကြားသွားလဲဆိုတာက သူ့အတွက် စတင် အာရုံစိုက်ဖတ်မိစေတဲ့အချက်ဖြစ်ပါရော။

(၁၆) သူတို့ဟာ အမြဲတမ်းကိုယ့်အတွက် သောက်ဖော်သောက်ဖက် မဖြစ်နိုင်
သူတို့တွေဟာ စာဖတ်သူနဲ့အမြဲတမ်းလိုလိုသောက်ဖော်စားဖက်မဖြစ်နိုင်ပါဘူး။ အနုပညာပြပွဲတွေ၊ ရုပ်ရှင်ရုံတွေ၊ ထသွားထလာ စားသောက်ဆိုင်တွေ၊ ကော်ဖီဆိုင်တွေ သို့မဟုတ် အိမ်မှာပြုလုပ်တတ်တဲ့ လှုပ်ရှားမှုအချို့ ဘယ်အရာက သူတို့နဲ့အတူတကွ ပူးပေါင်း ပျော်ရွှင် လုပ်ဆောင်လို့ရမလည်းဆိုတာ ရှာဖွေကြည့်တာ အကောင်းဆုံးပါပဲ။ HSP တွေဟာ ခပ်ငြိမ်ငြိမ်အတူထိုင်ပြီး လက်ဖက်ရည်ကို တစ်ငုံပြီးတစ်ငုံသောက်ကာ စကားစမြည်ကိုခပ်ကြာကြာပြောဖြစ်ကြတာတွေကို ကြိုက်ကောင်းကြိုက်မှာသေချာပေမယ့် သူနဲ့ စကားပြောဆိုရာမှာ ဘယ်အကြောင်းအရာကို သူစိတ်ဝင်စားတတ်တယ်ဆိုတာ စာဖတ်သူက ရွေးချယ်မိဖို့လိုပါတယ်။

(၁၇) သူတို့မကြိုက်တဲ့ သီချင်းတွေကို ကျယ်ကျယ်မဖွင့်နဲ့
ပတ်ဝန်းကျင်တစ်ခုမှာ အတူတကွ အလုပ်လုပ်ကြတာပဲဖြစ်ဖြစ် ထိုင်ဖြစ်ကြတဲ့အခါမှာပဲဖြစ်ဖြစ် သူတို့မကြိုက်တဲ့ ဂီတအမျိုးအစား သို့မဟုတ် သီချင်းကို စာဖတ်သူကကြိုက်မိတာမှန်ပေမယ့် ခပ်ကျယ်ကျယ်မဖွင့်သင့်ပါဘူး။ စာဖတ်သူ့သူငယ်ချင်း ကိုဆန်းဆန်းတင့်က Country Music ကိုမုန်းတယ်ဆိုရင် သူ Country သီချင်းကို နားထောင်ချင်မှာမဟုတ်ပါဘူး။ စာဖတ်သူကော သူငယ်ချင်းဖြစ်သူကော သဘောကျကြိုက်နှစ်သက်တယ် ဖွင့်ရင်အစဉ်ပြေလို့ နားထောင်ဖို့အစီအစဉ်ရှိတယ်ဆိုရင် Blink 182  သီချင်းအချို့ကိုဖွင့်လှစ် နားထောင်မြူးတူးလိုက်ပေါ့ဗျာ။ Country Music တွေကိုနားထောင်ကြည့်ဖို့ သူ့ကိုယ်ပိုင်အချိန်မှာ ကြိုးစားကြည့်ကောင်းကြိုးစားကြည့် မှာ မှန်ပေမယ့် စာဖတ်သူနဲ့အတူရှိချိန် တစ်ဦးဦးရဲ့ကိုယ်ပိုင်အချိန်မှာတော့ နားထောင်ဖြစ်ဖို့ကြိုးစားကြမှာမဟုတ်ပါဘူး။

(၁၈) ကိုယ့်အမှိုက်ကိုယ်ရှင်း
တကယ်လို့ စာဖတ်သူဟာ သူတို့နဲ့အတူနေထိုင်သူဆိုပါက ကိုယ်စားသောက်ချက်ပြုတ်တာပဲဖြစ်ဖြစ် ပစ္စည်းပစ္စယတွေယူငင်သုံးစွဲပြီး ရင်ပဲဖြစ်ဖြစ် ရှုပ်ရှက်ခပ်နေအောင်မထားပစ်ခဲ့ဘဲ ကိုယ့်အမှိုက်ကိုယ်ရှင်း ကိုယ်ဖွတာကိုစနစ်တကျပြန်ရှင်း စည်းစနစ်တကျနေထိုင် လုပ်ကိုင်သင့်ပါတယ်။ ရှုပ်ပွနေတဲ့ပတ်ဝန်းကျင်အနေအထားဟာ သူ့ဖာသာသူ အထိတ်အခတ်မခံတတ်သူဖြစ်ဖြစ်မဖြစ်ဖြစ်နဲ့မဆိုင်ပါဘူး လူတိုင်းလိုလို သဘောမကျတတ်တဲ့အရာပါ။ HSP တွေအနေနဲ့ လူတွေအမြင်မှာ အပြစ်ကင်းအောင်ဘယ်လိုနေသလဲ သူတို့ကိုယ်ရည် ကိုယ်သွေးတွေကို အတုယူသင့်ယူရပါမယ် ခင်ဗျ။

(၁၉) စကားသွားမများနဲ့
စာဖတ်သူက သူတို့နဲ့အလုပ်အကိုင်အတူတူလုပ်သူဆိုပါက သူတို့တွေ ပရောဂျက်တစ်ခု အလုပ်တစ်စုံတရာအပေါ် အာရုံစိုက်နေချိန်မှာ စကားစမြည်သွားမပြောပါနဲ့။ သူတို့အတွေး သူတို့အာရုံစူးစိုက်မှုနဲ့ ဟာမိုနီကျကျအလုပ်လုပ်တတ်ကြလို့ပါ။ ဒီပရောဂျက်နဲ့ပတ်သက် လို့ ပြောဆိုဆွေးနွေးလိုတယ်ဆိုရင်ဖြင့် ဘယ်အချိန် ဘယ်တော့မှာဖြင့် မင်းနဲ့စကားပြောရအောင် ဆွေးနွေးရအောင်စသဖြင့်ကြိုတင် သတိပေးထား ပြောဆိုထားလိုက်ပါ။

(၂၀) နားလည်ပေးလိုက်ပါ
စာဖတ်သူရဲ့ ကိုယ်ရေးကိုယ်တာ တစ်စုံတရာ စာဖတ်သူပြောခဲ့လုပ်ခဲ့တာတွေကို သူတို့အနေနဲ့ အတုမြင်အတတ်သင်သဘော လုပ်ဆောင်သွားတယ်ဆိုရင် နားလည်ပေးလိုက်ပါ။ သူတို့အနေနဲ့ ဒီလိုမလုပ်ဆောင်သင့်ကြောင်း အခြားသော မကောင်းတဲ့သက်ရောက် မှုတွေသူတို့အတွက်ဖြစ်သွားနိုင်ကြောင်း ပြောပြလိုက်ပါနော်။ သူတို့ဟာ အလွန်စိတ်ခံစားမှုရှိစွာဖြင့် သိမြင်သွားတတ်ပါတယ်။

(၂၁) တစ်ကြိမ်တော့ ခွင့်ပြုလိုက်ပါ
တကယ်လို့စာဖတ်သူက သူတို့ကိုစီမံခန့်ခွဲရသူတစ်ယောက်ဖြစ်ခဲ့ပါက အချိန်ကာလအတိုင်းအတာတစ်ခုမှာ တစ်ကြိမ်ကြိမ်လောက် ပျက်ကွက်ခဲ့တယ်ဆိုရင် ခွင့်ပြုနားလည်ပေးလိုက်ပါ။ ပျှမ်းမျှအားဖြင့် ကိုယ်တွေအလွယ်တကူလုပ်ကိုင်ဆောင်ရွက်နေကျအရာလေးတွေကို သူတို့အနေနဲ့ လုပ်ကိုင်ဆောင်ရွက်လိုက်ဖို့ တစ်ခါတရံ အားပြန်မွေးနေရတတ်လို့ဖြစ်ပါတယ်။

Alex Aung (15 Oct 2015)
(ဝေဖန်အကြံပြုလိုပါက kyawkyawster@gmail.com သို့ဆက်သွယ်နိုင်ပါသည် ခင်ဗျ)

Ref: 21 Ways To Take Care Of A Highly Sensitive Person - Sophia Borghese