Thursday, July 12, 2012

ယောက်ျားလျာများနှင့် စိတ်ကျန်းမာရေး


အမျိုးသမီးတစ်ယောက်ဟာ အခြားအမျိုးသမီးတစ်ယောက်ကိုကြိုက်နှစ်သက်တာ၊ အခြားအမျိုးသမီးတစ်ယာက်နဲ့လိင်ဆက်ဆံတာဟာ သဘာဝလွန်ဖြစ်ရပ်တစ်ခုမဟုတ်ပါဘူး။ သင့်ရဲ့လိင်ပိုင်းဆိုင်ရာ Orientation ကိုသင်သိရှိပြီးသွားရင် ဒါကို သင်လက်ခံရမှာပါ။ မိမိ ဘယ်လိုလူမျိုးလဲဆိုတာ အရင်လက်ခံပြီး အဲဒီလိုလူစားမျိုးဖြစ်ရတဲ့အတွက် ဂုဏ်ယူလိုက်မယ်ဆိုရင် ယောက်ျားလျာတစ်ယောက်ရဲ့ ဘ၀ဟာ နေလို့ထိုင်လို့ကောင်းသွားပါလိမ့်မယ်။ယောက်ျားလျာတွေဟာ များသောအားဖြင့် ဘေးပတ်ဝန်းကျင်များရဲ့ဖိအားပေးခြင်းကို ခံရလေ့ရှိပါတယ်။ အဲဒီဖိအားတွေဟာ မိမိကိုယ်ကို ယောက်ျားလျာဖြစ်တယ်ဆိုတာ လက်ခံဖို့ အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။ အဲဒီဖိအားတွေ ကျော်လွှားပြီး မိမိကိုယ်ကိုမိမိလက်ခံရာတွင် အကျိုးပြုနိုင်မယ့် အကြံပေးချက်အချို့ကို ဖော်ပြလိုက်ရပါတယ်။

ကမ္ဘာပေါ်မှာရှိတဲ့ လူတိုင်းက ခေတ်မီအမြင်ကျယ်ကြတာမဟုတ်ပါဘူး။

ယောက်ျား၊မိန်းမ မဟုတ်ဘဲနဲ့ ယောက်ျားလျာဆိုတာကို လူတိုင်း လက်ခံနိုင်ကြမှာမဟုတ်ပါ။ ဒါ့ကြောင့် သင်ဟာယောက်ျားလျာတစ် ယောက် ဖြစ်တယ်ဆိုတာကို သင့်ရဲ့အသိုင်းအ၀ိုင်းထဲမှာ ဖြန့်လိုက်ဖို့မလိုအပ်ပါ။ သင်နဲ့သိတဲ့လူတိုင်းကိုလည်း လိုက်လံပြောပြနေစရာ မလိုပါ။ သင့်ရဲ့ဘေးပတ်ဝန်းကျင်မှာ သဘောထားသေးတဲ့သူတွေများတယ်ဆိုရင် သင့်အနေနဲ့စိတ်ပိုင်းဆိုင်ရာရော ခန္ဓာကိုယ်ပိုင်းဆိုင်ရာ ပါ ထိခိုက်နိုင်လို့ဖြစ်ပါတယ်။သင်ဟာ ယောက်ျားလျာဖြစ်တယ်ဆိုတာက သင့်ကိစ္စပါ။ သင့်ကိုယ်သင် ရှာဖွေတွေ့ရှိနားလည်ဖို့သာ အရေး ကြီးပါတယ်။ အခြားသူများလက်မခံတာက သူတို့ကိစ္စသာဖြစ်ပါတယ်။ သင့်ကို အရမ်းထိခိုက်လာပြီဆိုရင်တော့ သင့်ကိုလက်ခံနိုင်မယ့် အသိုင်းအ၀ိုင်းသို့ ပြောင်းရန် စဉ်းစားနိုင်ပါတယ်။

သင်ယောက်ျားလျာဖြစ်ကြောင်းကို လက်ခံပေးနိုင်မယ့် မိဘများရှိတယ်ဆိုရင်တောင် ထုတ်ဖော်ပြောပြဖို့ အချိန်ကောင်းရွေးချယ်ရန်လို အပ်ပါတယ်။ သူတို့ကို မှီခိုနေထိုင်နေရတဲ့အသက်အရွယ်မှာ အဖြစ်မှန်ကိုဝန်ခံဖို့မသင့်ဘဲ မိမိခြေထောက်ပေါ်မိမိ ရပ်နိုင်တဲ့အချိန်ကျမှ ယောက်ျားလျာဖြစ်ကြောင်း အသိပေးဖို့ ကျွမ်းကျင်သူများက အကြံပေးထားကြပါတယ်။

သဘာဝအတိုင်း ယောက်ျား၊မိန်းမတွေ ပေါများတဲ့ လောကကြီးမှာ ယောက်ျားလျာအဖြစ် နေထိုင်အသက်ရှင်ရတာ တစ်ခါတစ်ရံမှာ သီးသန့်ခွဲထွက်နေသလို ခံစားရတတ်ပါတယ်။ ငါ့ကျမှ ဘာလို့ထူးခြားနေရတာလဲလို့ တွေးမိပြီး မိမိအဖြစ်ကို ၀မ်းနည်းနေနိုင်ပါတယ်။ လုံခြုံမှု၊ ပျော်ရွှင်ချမ်းမြေ့မှုကို ခံစားရဖို့ သင်ဟာ မိန်းမတစ်ယောက်အဖြစ် ပြန်လည်ပြောင်းလဲနေထိုင်နိုင်ခွင့် သင့်မှာ အပြည့်အ၀ရှိ ပါတယ်။ အမှန်တကယ်တော့ နေထိုင်ရာပတ်ဝန်းကျင်ရဲ့လက်ခံမှု၊ လက်မခံမှုပေါ်မူတည်ပြီး လိုက်လံပြောင်းလဲရတာ မလွယ်ကူနိုင်ပါဘူး။ အခြားနိုင်ငံတွေမှာတော့ မိမိကိုယ်ကို လက်ခံလာအောင်၊ ယောက်ျားလျာ တစ်ယောက်အဖြစ် အသက်ရှင်နေထိုင်နိုင်ရန် ကူညီပေးတဲ့ အဖွဲ့အစည်းတွေ များစွာရှိပါတယ်။

လူ့အဖွဲ့အစည်းထဲမှာ ယောက်ျားလျာတွေ၊ မိန်းမလျာတွေ အများကြီးရှိတယ်ဆိုတာကို သတိရပါ။ သင်နဲ့ အခြေအနေတူတွေဟာ သင့် ကို ကူညီဖေးမပေးနိုင်ပါတယ်။ အုပ်စုအဖွဲ့လိုက်ဖြစ်စေ၊ အကြံဥာဏ်ပေးသူထံကိုဖြစ်စေ ခံစားချက်တွေကို ဖွင့်ဟပြနိုင်တဲ့ နေရာတွေ အခြားနိုင်ငံတွေမှာ ရှိပါတယ်။ အဲလိုမရှိရင် မိမိကို နားလည်ပေးနိုင်မယ့်လူ၊ ထောက်ပံ့အားပေးမယ့်လူတွေကို သင့်ရဲ့ခံစားချက်တွေ ရင်ဖွင့်မယ်ဆိုရင် အခက်အခဲတွေကို ကျော်လွှားရတာ လွယ်ကူသွားပါလိမ့်မယ်။

ယောက်ျားလျာတစ်ယောက်ကို မိန်းမဖြစ်အောင် ပြန်လည်ကုသခြင်း ကုထုံးများကတော့ ကျန်းမာရေးနှင့် မညီညွတ်သည့်အပြင် အန္တရာယ်ရှိနိုင်တယ်လို့ အမေရိကန်စိတ်ကျန်းမာရေးအဖွဲ့အစည်းကြီးက ကြေငြာထားပါတယ်။ စိတ်ခံစားမှုတွေကို ဖိနှိပ်ချုပ်တည်း ထားခြင်းဟာ စိတ်ပိုင်းဆိုင်ရာရော ခန္ဓာကိုယ်ပိုင်းဆိုင်ရာမှာပါ ထိခိုက်မှုတွေ ဖြစ်စေနိုင်ပါတယ်။ ဒါပေမယ့် မိမိဘ၀ကို မိမိဆုံးဖြတ်ပိုင် ခွင့်ရှိတယ်လို့လည်း အငြင်းပွားကြသူများရှိပါသေးတယ်။

Ref: Health Digest Journal Vol. (9), No (34) 11-7-2012

No comments: