(၁)
နွေရာသီရဲ့ ပူလောင်တဲ့နေ့တစ်ရက်မှာ သူနဲ့ကျွန်တော်စတွေ့ခဲ့တာ ခုဆို လေးနှစ်
ပြည့်ခဲ့ပြီပေါ့။ သူ့ကို ကျွန်တော့်ဆီ ခေါ်ဆောင်လာသူကတော့ ကျွန်တော့်သူငယ်ချင်း
မင်းမွန်အောင်။ အဲဒီနေ့က ပူပြင်းလွန်းလို့ ဘယ်ကိုမှမသွားဘဲ အိပ်ယာထဲမှာလှဲရင်း
စာအုပ်တစ်အုပ်ကိုဖတ်နေမိတယ်။ အဲ့အချိန် မင်းမွန်အောင် ရုတ်တရက် ရောက်လာပြီး
အော်ကျယ်အော်ကျယ်နဲ့ အတင်း ဆွဲထူတယ်။
“ဟကောင်ကြီး … ဇိမ်ကျနေတယ်ပေါ့ … အိပ်မနေနဲ့ … ထထ .. စတူဒီယိုကိုသွားမယ်”
“ ဟေ .. ဘာတုန်းဟ … သွားချင်ဘူးကွာ … ငါ ဒီနေ့နားချင်တယ် … ငါ အလုပ်လုပ်ချင်စိတ်
မရှိဘူး”
“အေဘေး … ငပျင်း … ထစမ်းပါဟ … အရေးကြီးလို့ … ထထ”
“ဟာကွာ … မင်းကလည်း”
အဲလိုနဲ့ပဲ မင်းမွန်အောင် ဒရွတ်တိုက်ဆွဲတဲ့နောက် ကန့်လန့်ကန့်လန့်နဲ့ ပါလာမိတယ်။
အောက်ထပ် ရောက်တော့ မီးဖိုခန်းထဲက မေမေ့ကို စတူဒီယိုကို သွားမယ့်အကြောင်း
အော်ပြောပြီး မင်းမွန်အောင် ကားပေါ်ပါလာခဲ့တယ်။ ကားပေါ်ကျမှ ငတိက ရှင်းပြတယ်။
“ဒီလိုကွ .. ငါ့ညီရဲ့ သူငယ်ချင်းတစ်ယောက်က မော်ဒယ်ဘွိုင်းရူး ရူးနေတာကွ … အဲဒါ
ဟိုနေ့ က မင်းအကြောင်းစကားစပ်မိလို့ ပြောရင်း ဓာတ်ပုံရိုက်တာ တော်တယ်ဆိုတော့ သူ
မဂ္ဂဇင်းတစ်ခုကို ပုံပို့ပြီး ပြိုင်ချင်တယ် … အဲဒါ
ပုံရိုက်ပေးနိုင်မလားမေးပေးပါတဲ့”
“ဟာကွာ .. အဲဒါနဲ့များ ငါ့ကို လာပြီး ဒုက္ခပေးရလား .. စတူဒီယိုဖွင့်တဲ့ရက်မှ လာခဲ့ရင်
ပြီးရော”
“မရဘူး .. ပြိုင်ပွဲရက်ကနီးနေပြီ … အဲဒီကောင်လေးရဲ့ ရူပါနဲ့ စတိုင်ရယ် ၊ မင်းရဲ့
အနုပညာ အစွမ်းရယ် ပေါင်းလိုက်လို့ကတော့ ဆုရဖို့ အတော်လေးနီးစပ်တယ်ကွ၊ မင်း
ဒီတစ်ခါတော့ ငါ့ကို ကူညီမှဖြစ်မယ်”
“ဟာကွာ .. သူဆုရဖို့အရေး မင်းက ဘာလို့ အဲ့လောက်တောင် တက်ကြွနေတာလဲ …ဘာလဲ
အဲ့ကောင်လေးမှာ အစ်မတွေ ညီမတွေ ရှိလို့လား … အခါတိုင်း ဒီလိုကိစ္စတွေဆို
မင်းစိတ်မ၀င်စား ပါဘူး … ယောက်ဖလောင်းလေးမို့လို့ ဂရုစိုက်နေတာလား”
“သေလေ .. ငါ့ဆို စော်ကိစ္စချည်း ထင်နေတော့တာပဲ … အဲ့ပြိုင်ပွဲက နိုင်ရင် ငါးသိန်း ရမှာကွ
.. ငါးသိန်းဖိုးစလုံးအပြည့် ငါတို့ကိုပြုစုမယ်တဲ့ .. သူက သူ့ပုံလေး
မဂ္ဂဇင်းမှာပါရင် ကျေနပ်ပါပြီတဲ့ …”
“သြော် .. လက်စသပ်တော့ စော်ဇယားမဟုတ်ဘဲ အသောက်ဇယားကိုးကွ … ဟဟ … လုပ်လိုက်လေ
ကြာသလားလို့”
အဲလိုနဲ့ပဲ ကျွန်တော့်စတူဒီယိုတိုက်ခန်းရှေ့ကို ရောက်လာကြတယ်။ တိုက်ခန်းပေါ်ကို
မတက်သေးဘဲ တိုက်ခန်းရှေ့က သစ်ပင်အောက်မှာထိုင်ရင်း မင်းမွန်အောင်ချိန်းထားတဲ့
ကောင်လေးကို စောင့်နေကြတယ်။ ကျွန်တော်ကိစ္စတစ်ခုကို ပြောမလို့ တွေးလိုက်ပြီးမှ
မပြောသေးဘဲ ငြိမ်နေလိုက်တယ်။ အဲ့ကောင် မင်းမွန် ဆဲလိမ့်မယ်။
ခဏနေတော့ ဆိုင်ကယ်တစ်စီး တိုက်ခန်းရှေ့လာရပ်တယ်။ ဟဲလ်မက် မှန်ချထားလို့ မျက်နှာကို
မမြင်ရပေမယ့် အရပ်အမောင်းနဲ့ ကိုယ်နေဟန်ထားကတော့ အတော်လေး ဆွဲဆောင်မှု
ရှိမယ့်ပုံပဲ။ ကျောပိုးအိတ်တစ်လုံးကိုလွယ်ထားပြီး စီးလာတဲ့ဆိုင်ကယ်ကို
နေရိပ်တဲ့နေရာမှာ ဒေါက်ထောက်လိုက်တယ်။ ဟဲလ်မက် ချွတ်လိုက်တဲ့အခါ …
“၀ိုး ….”
ကျွန်တော့်နှုတ်က လွှတ်ခနဲထွက်သွားမိတယ်။ နွေရာသီရဲ့ တောက်ပတဲ့နေ့တောင် သူ့အသား
အရေကြောင့် မှိန်ဖျော့သွားသလို ထင်လိုက်မိတယ်။ မျက်နှာလေးက နုငယ်ပြီး အပြစ်ကင်းစင်
နေတယ်။ မျက်လုံးတွေက လင်းလက်တောက်ပနေပြီး နီဖျော့ဖျော့ဆိုးထားတဲ့ ဆံပင်တွေက
နွေလေပူ လေရူးဝှေ့လိုက်တိုင်း လှိုင်းထနေတယ်။ ကျွန်တော် မိန်းမောပြီး
စူးစိုက်ကြည့်နေမိတယ်။
“ဟေ့ကောင် … ရောက်ပြီ သွားမယ်လေ … ဘာလုပ်နေတာလဲ”
ကျွန်တော့် ကျောကို ကားသော့နဲ့ခြစ်ရင်း မင်းမွန်က ပြောတယ်။ သတိလက်လွတ် ဖြစ်သွားတဲ့
စိတ်ကို ချုပ်တည်းပြီး အထစ်ထစ်အငေါ့ငေါ့နဲ့ ခုနက မပြောဖြစ်တဲ့စကားကို မင်းမွန်ကို
ပြောလိုက် မိတယ်။
“မင်းမွန် … ငါ … ငါ … ဟို … စတူဒီယိုသော့ … အဲဒါ … ငါ့အိပ်ခန်းထဲမှာ ကျန်ခဲ့တယ်”
“ဘာာာာာာာ … ခွေးမသား …. လုပ်လိုက်ရင် အဲလိုချည်းပဲ”
(၂)
“အစ်ကို ကျွန်တော့်နာမည် ကောင်းစစ်သွေးပါ .. အစ်ကို အရမ်းတော်တဲ့အကြောင်း
ကိုမင်းမွန်က ခဏခဏပြောပြပါတယ်၊ ကိုမင်းမွန်က လူတွေကို ချီးကျူးခဲတယ်၊
အစ်ကို့ကိုတော့ သူက လေးလည်းလေးစားတယ်ဗျ … အစ်ကို့အကြောင်း ခဏခဏကြားနေရတော့
ကျွန်တော်လည်း အစ်ကို လုပ်ပေးရင်ဖြစ်မယ်လို့ ယုံကြည်လို့ ကိုမင်းမွန်ကို
အပူကပ်ရတာဗျ”
“အဲ့လောက်လည်း မဟုတ်ပါဘူး ညီရ … အစ်ကိုက ပညာရှင်ကြီးတွေလို မကျွမ်းပါဘူး ..
သူများကို လှစေချင်တဲ့စေတနာကြောင့် သေချာဂရုစိုက်ပြီး ကြိုးစားဖြစ်တာပါ ..
အဲဒါလေးက သူများ ထက်သာစေတယ် ဆိုပါတော့”
“အစ်ကို
ကျွန်တော့်အတွက် အလားအလာရှိပါ့မလားဟင် … အစ်ကိုက ဓာတ်ပုံသမားဆိုတော့
မြင်တတ်မှာပေါ့ .. ဝေဖန်ပေးပါ … ကျွန်တော် ဘယ်လိုလုပ်ရင် နိုင်နိုင်မလဲဟင်”
သော့ခတ်ထားတဲ့ တံခါးချပ်ရှေ့က လှေခါးထစ်မှာသူနဲ့ ကျွန်တော် ထိုင်နေမိတယ်။
မင်းမွန်အောင်ကတော့ ကျွန်တော့်အိမ်ကိုသွားပြီး သော့ပြန်ယူနေတယ်။ သူ့ရဲ့စကားကြောင့်
ဘေးချင်း ယှဉ်လျက် ထိုင်နေတဲ့သူ့ကို ကျွန်တော် ငဲ့ကြည့်မိတယ်။ အိုး …
ကလေးတစ်ယောက်လို အပြစ်ကင်းပြီး တောက်ပနေတဲ့မျက်လုံးတွေနဲ့ သူ ကျွန်တော့်ကို
ကြည့်နေပါလား။ ရုတ်တရက် အမည်မဖော်တတ်တဲ့ ခံစားချက်တစ်ခု ကျွန်တော့်ကို
ဖြတ်စီးသွားတယ်။ ကျွန်တော် စကားမထစ်အောင် သေချာ ဂရုစိုက်ပြီး ပြောလိုက်ပါတယ်။
“အများကြီးအလားအလာရှိတာပေါ့ .. အစ်ကို တတ်နိုင်သလောက် အစွမ်းကုန် ကြိုးစား ပေးမယ်၊
ငါ့ညီ အဆင်ပြေရင်သာ အစ်ကို့ကို မမေ့နဲ့ပေါ့ … ဟဟ”
“အာ … ပြုစုမှာပါဗျာ .. ကျွန်တော်က photo model ဖြစ်ဖို့ အရမ်းဝါသနာကြီးတာဗျ၊
အစ်ကို သောက်ချင်တာပြော … ဘလက်တွေ ဘလူးတွေမကလို့ ဘာလေဘယ်ဖြစ်ဖြစ် အိတ်ထဲက
စိုက်ရစမ်းပစေ တိုက်မယ်ဗျာ … ရော့ .. လောလောဆယ်တော့ Coke သောက်ထားနှင့် … အဟဲ …
ရာသီဥတုက ပူတော့ အေးနေအောင် ဆိုင်ကယ် Box ထဲထည့်ယူလာတာ … ကန်တော့ဗျာ … ဖင်ခု
ထိုင်ထားတာမို့ မသောက်ချင်ဘူးဆိုရင် အသစ်သွားဝယ်ပေးမယ် …”
လက်ထဲရောက်လာတဲ့ Coke ဘူး ရဲရဲလေးကို ငေးကြည့်နေမိတယ်။ ဒီရေငွေ့တွေသီးနေတဲ့ Coke
ဗူးလေးက သူ့ပေါင်ကြားအောက်က Box ထဲမှာ ပါလာရတာတဲ့။ သူကတော့ သွက်သွက် လက်လက်နဲ့
စကားတွေ ဖောင်နေအောင် ဘေးက ထိုင်ပြောနေတယ်။ ကျွန်တော်ကတော့ သူပေးတဲ့ Coke ဗူး
နှုတ်ခမ်းဝလေးကို လက်နဲ့သပ်ရင်း စိတ်ထဲက သောင်စဉ်ရေမရ အတွေးစိတ်ရိုင်းတွေကို
မောင်းထုတ်လိုက် ပြန်ဝင်လာလိုက်နဲ့ အလုပ်တွေရှုပ်နေမိတယ်။
ခဏကြာတော့ မင်းမွန်အောင်ပြန်ရောက်လာတယ်။ သုံးယောက်သား စတူဒီယိုထဲဝင်ပြီး
မီးတွေပြင်၊ ကင်မရာတွေဆင် နဲ့ အလုပ်တွေရှုပ်ကုန်ကြတယ်။ ကောင်လေးက ကျွန်တော့်နား
ကပ်လာပြီး ခပ်တိုးတိုးမေးတယ်။
“အစ်ကို ပုဆိုးမရှိဘူးလား .. ”
“ဟေ .. ဘာဖြစ်လို့လဲ”
“အ၀တ်တွေက
ကျောပိုးအိတ်နဲ့ထည့်ယူလာတာ အဲဒါ အ၀တ်လဲဖို့ပုဆိုး ထည့်ယူလာဖို့ မေ့သွားတယ် …”
ခပ်တိုးတိုးပြောတာပေမယ့်
အနားရောက်လာတဲ့ မင်းမွန်က ကြားဖြစ်အောင် ကြားသွားသေး တယ်။
“ဟရောင်
.. ဘာပုဆိုး တောင်းနေတာတုန်း … မင်းမူးလာရင် ဖင်တုံးလုံးနဲ့ လျှောက်ပြေး နေတာကျ
မရှက်ဘူးလား၊ ယောက်ျားတွေချည်းပဲ ဒီအတိုင်းချွတ်လဲ”
ကျွန်တော်
ရယ်ချင်လို့ ခွိခနဲ တစ်ချက်ဖြစ်သွားတယ်။ ကောင်လေးရှက်သွားမှာစိုးလို့ အရှိန်
သပ်လိုက်ပါတယ်။ ကောင်လေးက နောက်စေ့ကို လက်နဲ့ဖွရင်း ရှက်ရယ် ရယ်တယ်။
“အဟီး
.. အဲ့တာာကြတော့ အစ်ကိုတို့နဲ့ ပြောမနာ ဆိုမနာတွေလေ .. ကိုမျိုးကျတော့ လေးစားရတဲ့
လူဆိုတော့ သူ့ရှေ့မှာ မလဲရဲဘူး … ”
“ဟဟ ..
တော်ကီကတော့ကွာ … မင်းပြောလို့ ငမျိုး မြောက်တက်သွားဘီဟ”
သုံးယောက်သား
ရယ်ဖြစ်ကြတယ်။ ဘောင်းဘီကိုင်ရင်း ယောင်တောင်တောင်ဖြစ်နေတဲ့ ကောင်လေးကို
ကွန်ပျူတာခန်းထဲ ၀င်လဲဖို့ ပြောလိုက်ရတယ်။ ဘာရယ်မသိဘဲ စိတ်ထဲမှာတော့ တမျိုး
ဖြစ်နေတယ်။ သူ အ၀တ်လဲရင် ဘယ်လိုနေမလဲ။ ကြည့်ချင်လိုက်တာ။ ဒါပေမယ့် ဆန္ဒတွေကို
ထိန်းချုပ်ရင်း ကင်မရာ setting တွေကို ဂရုတစိုက် ချိန်နေလိုက်တယ်။ ကောင်လေးရေ …
မင်း လှ နေမှဖြစ်မယ်လေ။
ခဏနေတော့
ကောင်လေး အ၀တ်လဲပြီး ပြန်ထွက်လာတယ်။ သုံးယောက်သား အပင်ပန်းခံပြီး
သေချာရိုက်ဖြစ်ကြတယ်။ ၀တ်စုံ နှစ်စုံလောက်လဲပြီးချိန်ကျတော့ သုံးယောက်
လုံးပင်ပန်းနေကြပြီ။ ခဏနားကြတဲ့အချိန်မှာ မင်းမွန်က အကြံပေးတယ်။ ခုည
ပင်ပန်းသွားကြတော့ သုံးယောက် အကြိုအနေနဲ့ သောက်ကြမယ်။ ကောင်းစစ်ကလည်း ကျွန်တော်နဲ့
မိတ်ဆွေဖြစ်တဲ့အနေနဲ့ သောက်ချင်တယ်။ အဲဒီတော့ ဟင်းချက်ကောင်းတဲ့ မင်းမွန်ကို
အမြည်းဖွယ်ဖွယ်ရာရာဖြစ်ဖို့ တာဝန်ပေးပြီး လွှတ်လိုက်တယ်။ ကျွန်တော်နဲ့ ကောင်းစစ်က
ဆက်ရိုက်နေရင်းကျန်ခဲ့မယ်ပေါ့။
“အစ်ကို
ဓားတို့ ကပ်ကြေးတို့ တစ်ခုခု မရှိဘူးလား”
အ၀တ်လဲနေရင်းက
ခန္ဓာကိုယ်အပေါ်ပိုင်းဗလာကျင်းနေပြီး ဘောင်းဘီ ကို ကြယ်သီး မတပ်ဘဲ ထွက်လာရင်း
မေးတယ်။ ၀ိုးး .. တကယ့်ကို အချိုးတကျနဲ့ အဆီပိုမရှိ လှပနေတဲ့ ခန္ဓာ ကိုယ်ပဲ။
ကျွန်တော့်ရှေ့မှာ လာရပ်တဲ့ သူ့ကို မော့ကြည့်ရင်း မေးမိတယ်။
“ဘာဖြစ်ပြန်ပြီလဲ
ညီ ”
“ဒီဘောင်းဘီက
အသစ်ကြီးဗျ၊ တံဆိပ်က ခုပဲ ဖြုတ်လိုက်တာ၊ ခါးက ကြယ်သီး ပေါက်က ဖောက်မထားဘူးဗျ၊ ခု
ဝတ်တော့မှ ကြယ်သီးတပ်မရဘူးဖြစ်နေတယ်”
ခက်နေပါပြီ။
ကျွန်တော့်စိတ်တွေကို ဂယောက်ဂယက်ဖြစ်အောင် ဒီကောင် သိပ်လုပ် တာပဲ။
ဒီပုံအတိုင်းဆိုရင်တော့ ကျွန်တော်စိတ်ထိန်းထားနိုင်ဖို့ မလွယ်တော့ဘူး။ အေးစက်
တုန်ရီနေတဲ့ လက်တွေနဲ့ ဓာတ်ပုံတွေဖြတ်ရင်သုံးတဲ့ ဓားကို အံဆွဲထဲက ယူပေးလိုက်တယ်။
သူကလှမ်းယူရင်း လက်ချင်းထိတော့ သူကျွန်တော့မျက်နှာကို မော့ကြည့်တယ်။
“အစ်ကို
လက်တွေ အေးနေပါလား၊ အဲရ်ကွန်းကြီး မတရားတင်ထားတာကိုး၊ လျှော့လိုက်ရမလား အစ်ကို၊
လက်က ရေခဲလိုဖြစ်နေပြီ”
ကျွန်တော်
ဘာမှပြန်မပြောနိုင်ခင်မှာပဲ Aircon လျှော့ဖို့ remote လိုက်ရှာနေပြီ။
တော်တော်သွက်တဲ့ ကောင်လေးပဲ။ ခဏနေတော့ ခုံတစ်လုံးကို aircon အောက်မှာ ချနေတာ
တွေ့ရတယ်။ remote မတွေ့လို့ ခလုပ်တက်နှိပ်တော့မယ်ထင်ရဲ့။ ဟော တက်နှိပ်နေပြီ။ ဟင်
.. ကြယ်သီးတပ်မထားတဲ့ ဘောင်းဘီက လျှောခနဲ ကျွတ်ကျသွားတယ်။
“ဟာ”
ကျွန်တော့်လက်ဖျားတွေဟာ
ဧ၀ရတ်တောင်ထိပ်က ဆီးနှင်းပွင့်တွေလို အေးစက်ဖြူဆုတ် သွားပါရော့လား။
(၃)
အိပ်မက်လား တကယ်လား စဉ်းစားနေမိတယ်။
ကောင်းစစ် ကျွန်တော့်ဘေးမှာ ယှဉ်လျက် လှဲ နေတယ်။ ဗလာကျင်းနေတဲ့ သူ့ခန္ဓာကိုယ်
အပေါ်ပိုင်းဟာ ပြူတင်းပေါက်က စဉ်ကျလာတဲ့ အလင်း ဖျော့ဖျော့အောက်မှာ နို့နှစ်ရောင်
ရောမ ကျောက်ဖြူရုပ်တစ်ရုပ်လို ငြိမ်သက်နေတယ်။ လက်နှစ်ဘက်ကို ခေါင်းအောက်မှာ
ခုထားတဲ့အတွက် သူ့ရဲ့ ဖုထစ်တဲ့လက်မောင်းကြွက်သားတွေနဲ့ ခပ်ရေးရေး
ချိုင်းမွေးလေးတွေက ကျွန်တော်နဲ့ အနီးဆုံးမှာ ရှိနေတယ်။
ဒီလိုပါ စတူဒီယိုထဲမှာ ဓာတ်ပုံဆက်ရိုက်နေကြရင်းနဲ့ မီးပျက်သွားတယ်။ နွေရာသီ
ဆိုတော့ Air-con ရပ်သွားတာနဲ့ ကျွန်တော့်ရဲ့ စတူဒီယိုခန်းလေးက
ပေါင်းအိုးတစ်လုံးလို ပူလှောင် အိုက်စပ် လာတယ်။ ကျွန်တော် အပြင်လေ၀င်အောင်
ပြူတင်းပေါက်တွေ အကုန် လိုက်ဖွင့် လိုက်တယ်။ ပြီးတော့ ညောင်းညာနေတဲ့
ခါးရိုးဆစ်လေးတွေကို အနားပေးဖို့ ကြမ်းပြင်ပ်ါမှာပဲ စိတ်လွတ် ကိုယ်လွတ်
လှဲချလိုက်တယ်။ အဲဒီအချိန်မှာပဲ ကောင်းစစ်လည်း အနားရောက်လာတယ်။ ချွေးစိုပြီး
ကပ်နေတဲ့ တီရှပ်ကို ဆွဲချွတ်ပြီး ကြမ်းပြင်ပေါ်ပစ်ချလိုက်ပြီး ကျွန်တော့်ဘေးမှာလာ
လှဲနေတယ်။
“ကိုမျိုး၊ ခုနက ဘောင်းဘီကျွတ်ကျတာလေ
… အဲဒါ ကိုမင်းမွန်ကို ပြန်မပြောနဲ့နော်”
“ဟဟ .. ငါက အလုပ်မရှိအလုပ်ရှာပြီး
အဲ့ကိစ္စကို သွားပြောနေရမှာလားကွာ”
“အဟဲ .. ဟိုလေ ဒါနဲ့ ကျွန်တော်
အဲဒီအချိန်ကလို ဗစ် လေးနဲ့ sexy ပုံရိုက်ရင်ရော ကောင်းမလားဟင်”
“ဟမ် .. ဘာလုပ်ဖို့လဲကွ ..
မင်းကရိုက်ရဲလို့လား”
“ရိုက်ကြည့်ချင်တယ်၊ မီးပြန်လာရင်
အဲလိုရိုက်ရအောင် နော်”
ကျွန်တော့်ဆီက အဟင်းခနဲ ရယ်လိုက်သံလား
သက်ပြင်းချသံလား မသဲကွဲတဲ့ လေမှုတ်သံ တစ်ချက် ထွက်သွားတယ်။ ကောင်းစစ်ကတော့
သူ့စကားကို အတည်ပြုလိုက်တယ်လို့ပဲ သတ်မှတ် လိုက်ပုံရတယ်။ ဘယ်လိုနေမယ်၊
ဘယ်လိုပုံရိုက်မယ်နဲ့ သူ့ဘာသာသူ အစီအစဉ်တွေချနေတယ်။
ရုတ်တရက် သူပက်လက်လှန်နေရာက
ကျွန်တော့်ဘက်ကို ဘေးတစောင်းပုံပြောင်း လိုက်တယ်။ အရမ်းနီးလွန်းနေတော့
သူ့နှာသီးဖျားလေးကထွက်လာတဲ့ လေတချို့ ပုခုံးမှာ လာစင်တာကို ခံစားရတယ်။
“ကိုမျိုး၊ ကိုမျိုး ကျွန်တော့်ကို
ဘယ်လိုမြင်လဲ၊ အရှိအတိုင်းဝေဖန်ပေးပါလား”
“ဘယ်လိုမျိုးကိုပြောတာလဲ၊
အနုပညာအလားအလာလား၊ ခု ပုံတွေရိုက်နေရင်း မင်းလည်း သိနေတာပဲ၊
စိတ်တိုင်းကျပုံတွေရတယ်၊ ထင်တောင်မထားဘူး၊ ဒီအတိုင်းဆို မင်း ပြိုင်ပွဲဝင်တွေ
အများကြီးကို ကျော်တက်နိုင်မယ်လို့ ငါယုံတယ်၊ တကယ့် အတွေ့အကြုံရှိတဲ့ model
တစ်ယောက် လိုပဲ၊ မင်း ကြိုးစားတာ တော်ပါတယ်”
“နောက်ပြီးတော့ရော”
“ဟဟ .. ငါက
အဲ့လောက်ပဲဝေဖန်နိုင်သေးတယ်လေ၊”
“အင်း တခြားအကြောင်း ဝေဖန်ကြည့်”
“အဲလိုတော့ မဝေဖန်တတ်ပါဘူး၊
တချို့ကိစ္စတွေတော့ စိတ်ထဲမှာပဲ ထားတယ်၊ ထုတ်မပြော ပါဘူး၊ လူတွေက အမှန်ကို ပြောရင်
ကြိုက်တဲ့လူရှိတယ် မကြိုက်တဲ့လူရှိတယ်။ ကိုယ်နဲ့မဆိုင်တဲ့ အလုပ်ကိစ္စထက်ကျော်ပြီး
မဝေဖန်ချင်ပါဘူးကွာ”
သူ တစ်ချက်ပြုံးလိုက်တယ်။
ကျွန်တော့်ရင်ဘတ်ပေါ်ကို သူ့ လက်ဖ၀ါးခပ်နွေးနွေး လာတင် တယ်။ ကျွန်တော်
သူ့အပြုအမူကို နည်းနည်း အံ့အားသင့်သွားတာတော့ အမှန်။
“ဒီရင်ဘတ်ထဲမှာပဲ သိမ်းထားတာပေါ့၊
သိချင်တယ်၊ ကျွန်တော့်ကို အစ်ကို ဘယ်လို သုံးသပ်လဲ ဆိုတာ”
ကျွန်တော့်စိတ်တွေ လေးလံလာတယ်။ ဒီပုံစံအတိုင်းဆို
ကျွန်တော့်အတွက် ထိန်းသိမ်းဖို့ ပိုခက်လာ လိမ့်မယ်။ ကျွန်တော့်ရဲ့
အသိုင်းအ၀ိုင်းအားလုံးက ကျွန်တော့်ကို straight တစ်ယောက်အဖြစ် လက်ခံ ထားကြတယ်။
ကျွန်တော့်ရဲ့ လျှို့ဝှက်တဲ့ စိတ်အပိုင်းအစလေးတွေကို လူတွေသာ ရှာဖွေတွေ့ရှိသွား
ကြရင် ဆိုတဲ့ အတွေးစိတ်ကြီးက ဖိစီးလာတယ်။ မိဘတွေကို ကျွန်တော်
ဘယ်လိုမျက်နှာပြရမလဲ။ သူတို့ကရော ကျွန်တော့်ကို ဘာပြောကြမှာလဲ။ Gay တစ်ယောက်ရဲ့
မိဘတွေ အနေနဲ့ ရှက်နေ ကြမလား။ အတွေးတွေအများကြီးနဲ့ အာခေါင်တွေ
ခါးသီးခြောက်ကပ်လာတယ်။ သူ့လက်ကို ရင်ဘတ်ပေါ်ကနေ ဖယ်ပြီး ဘေးမှာ အသာချလိုက်တယ်။
စိတ်သက်သာရာရဖို့အတွက်
ပြူတင်းပေါက်နားကို ထထွက်လာခဲ့တယ်။ နွေရာသီရဲ့ ညနေခင်း လေပြေလေးက ခပ်ငွေ့ငွေ့လေး
မျက်နှာကို လာခတ်သွားတယ်။ ဘောင်းဘီအိတ်ထဲက တွန့်ကြေသွားပြီဖြစ်တဲ့ စီးကရက်ဘူးကို
ထုတ်လိုက်တယ်။ တစ်နေကုန် ထည့်ထားတော့ စီးကရက်ဗူး လေးက ပိန်ရှုံ့ကြေမွနေတယ်။ အထဲက
ကွေးကောက်ကောက်စီးကရက် တစ်လိပ်ကို ထုတ်လိုက်ပြီး ဖြောင့်သွားအောင်
ပွတ်သပ်ဆွဲဆန့်လိုက်မိတယ်။
ဟင် … ။ ကျွန်တော့်လက်ထဲက
ဆွဲဆန့်နေတဲ့ စီးကရက်ကို ကောင်းစစ် စိုက်ကြည့်နေပါလား။ သူ့မျက်နှာမှာ တစ်စုံတစ်ရာ
အရိပ်အရောင်ပေါ်လာပြီး လျှာနဲ့နှုတ်ခမ်းတစ်ချက်သပ်တယ်။ ပြီးတော့ မျက်နှာ လွှဲလိုက်ပြီး
ခပ်ဝါးဝါးလေး ပြောတယ်။
“ဟာကွာ .. ကို
ဘာတွေလုပ်ပြနေမှန်းမသိဘူး”
အစ်ကိုလို့ပြောတာလား ကို
လို့ပြောတာလား မသဲကွဲလိုက်ဘူး။ သူပြောလိုက်မှ ကျွန်တော် လည်း ကိုယ့်လက်ထဲက
စီးကရက်ကို အဓိပ္ပါယ်ကောက်လွဲသွားမှန်း သတိထားလိုက်မိတယ်။ ကျွန်တော်
ဘာပြောရမှန်းမသိဘဲ ကြောင်နေတုန်း ကောင်းစစ်က ဆက်ပြောတယ်။
“ကို ဘာလုပ်ချင်နေလဲ၊
ကျွန်တော်ဘာလုပ်ပေးရမလဲ”
“ဟေ .. မဟုတ်ဘူး .. ဟိုကွာ .. ငါ … အဲ
ဆေးလိပ်သောက်ချင်လို့ … အဲဒါ … ဒါနဲ့ မင်းရော သောက်ဦးမလား”
ကျွန်တော့်ကို စိုက်ကြည့်နေတဲ့
ကောင်းစစ်မျက်လုံးတွေ ဖြတ်ခနဲ ကြမ်းပြင်ပေါ်ကို လွှဲ သွားတယ်။ ရုတ်တရက်
နှစ်ယောက်စလုံးကြားမှာ အနေရကျပ်တဲ့ခံစားချက်တစ်ခု ၀ုန်းခနဲ ကြီးထွား
လာသလိုခံစားလိုက်ရတယ်။
“ကျွန်တော်က အစ်ကို တစ်ခုခုလိုရင်
ကူညီပေးမလို့ပါ၊ ကျွန်တော်မလိုဘူး ဆိုလည်းရပါတယ်၊ ကျွန်တော်က အစ်ကို့ကို
အထင်လွဲသွားမိတာ ထင်ပါတယ်၊ ရတယ် ထားလိုက်၊ နောက်မှ တွေ့မယ်၊ ကျွန်တော်ပြန်တော့မယ်”
ပြောပြောဆိုဆိုနဲ့
ကြမ်းပြင်ပေါ်ကတီရှပ်ကို ကောက်ယူတယ်။ ကျွန်တော် စိတ်တွေ လွှတ်ပေး လိုက်တယ်။
ကျောခိုင်းထားတဲ့သူ့ကျောပြင်ကို နောက်ကနေ သိုင်းဖက်လိုက်တယ်။ ချွေးတွေနဲ့ စိုနေတဲ့
သူ့ကျောပြင်နဲ့ ကျွန်တော့်ရင်ဘတ် ကပ်နေတယ်။ ပူနွေးစိုစွတ်နေတဲ့ ခံစားချက်က
ကျွန်တော့် ရင်ဘတ်နဲ့ ဗိုက်သားတလျှောက်မှာ လှိုင်းထနေတယ်။ သူ ကျွန်တော့်ဘက်
လှည့်လာတယ်။ သူ့ရင်ဘတ်နဲ့ ကျွန်တော့်ရင်ဘတ် အပ်လျက်သားဖြစ်သွားတယ်။
သူလည်းကျွန်တော့်ကို
သိုင်းဖက်လိုက်ရင်း ပြောတယ်။
“ကို ကျနော် ကို့ကို သဘောကျတယ်၊
အဲဒါကြောင့် ကိုမင်းမွန်ကို ဓာတ်ပုံရိုက်ဖို့ အတင်း ပူဆာ တာပါ၊ အစ်ကိုနဲ့ကျနော်
အဆင်ပြေမယ်လို့ စိတ်ထဲက ဘာကြောင့်မှန်းမသိ ကြိုသိနေတယ်။ ကျွန်တော် တို့နှစ်ယောက်
လျှောက်နိုင်သမျှ ဝေးဝေးထိ လျှောက် ကြတာပေါ့”
“မင်း ငါ့ကို Homo မှန်းသိတယ်လား”
“မသိပါဘူး၊ အစ်ကိုသွားလာနေတာ
မြင်နေတော့ သဘောကျရုံသက်သက်ပဲ၊ ခု ရုတ်တရက် အစ်ကိုနဲ့ ခင်ခွင့်ရပြီးတဲ့နောက်မှာ
အစ်ကိုကို ပိုင်ဆိုင်မှဖြစ်မယ်ဆိုတဲ့ခံစားချက် ပေါ်လာတယ်၊ နောက်ပြီး
တန်ခိုးရှင်တစ်ယောက်ယောက်တိုက်တွန်းနေသလို အစ်ကိုနဲ့ ဆို .. အင်း .. သေချာပေါက်
couple ဖြစ်မယ်လို့ချည်း ထင်နေမိတယ်”
ကျွန်တော်တို့ ပြင်းပြစွာ အနမ်းတွေ
ပေးကြတယ်။ ညနေခင်းရဲ့ မှိန်ပျပျနေရောင်ဖျော့ဖျော့ အောက်မှာ ပူလောင်စွာ
ပူးကပ်နေကြမိတယ်။ ပူနွေးတယ်၊ စိုစွတ်တယ်၊ အရာရာတိုင်းကို မေ့လျော့ သွားစေတယ်။
XXXXXXXXXXXXXXXXXXXXXXXXXXXXXXX
(၄)
တိတ်ဆိတ်သန့်ရှင်းတဲ့ ဘီယာဆိုင်လေးထဲက အထူးခန်းထဲမှာ ကျွန်တော်၊ ကောင်းစစ်နဲ့
မင်းမွန်တို့ သုံးယောက် ထိုင်နေကြတယ်။ စားပွဲပေါ်မှာ အကောင်းစား
အရက်ပုလင်းအချို့နဲ့ အမြည်းအစုံ၊ နောက်ပြီး ကောင်းစစ်ပုံမျက်နှာဖုံးနဲ့
မဂ္ဂဇင်းတစ်အုပ်။ အောင်ပွဲခံတဲ့အထိမ်းအမှတ်နဲ့ ဒီနေ့ည အတူ သောက်ဖြစ်နေကြတာပါ။
“ကိုမင်းမွန် .. သောက်သာသောက် .. မူးအောင်သောက် .. ဒါပေမယ့် အရမ်း မူး မသွား
သေးခင်မှာ ကျွန်တော်နဲ့ကိုမျိုး ကိုမင်းမွန်ကို ပြောစရာရှိသေးတယ်”
“ဟေ .. ဘာတွေလဲဟ .. မင်းတို့က ငါ့ကို ဘာတွေပြောဦးမလို့လဲ .. ခုပြောကွာ ..
နားထောင် ပြီးမှ သောက်မယ်”
“အေးဆေးပေါ့ဗျ … သောက်ရင်းနဲ့မှ ဖြေးဖြေးပြောတာပေါ့ …”
မင်းမွန်က ကျွန်တော့်မျက်နှာကို လှမ်းကြည့်ပြီး မျက်ခုံးပင့်ပြတယ်။ ဘာတွေလဲ ဆိုတဲ့
သဘော။ ကျွန်တော်လည်း ပြုံးနေလိုက်တယ်။ ကျွန်တော်နဲ့ ကောင်းစစ် စတူဒီယိုလေးထဲမှာ
မြင်မြင်ချင်း ချစ်မိတဲ့နေ့ကနေ စပြီး ဒီနေ့ဆို လေးလ ကျော်ခဲ့ပြီ။ ဒီလေးလ
ဆိုတဲ့အချိန်အတွင်းမှာ ကောင်းစစ် ကျွန်တော့်ဆီ လာအိပ်တဲ့ညတွေလည်း များခဲ့တယ်။
နှစ်ဘက် မိဘတွေကတော့ ကျွန်တော်တို့ အကြောင်းကို မသိကြတော့ ရိုးရိုးသားသားပဲ
ထင်နေကြတယ်။ ရင်ခုန်သံချင်း တူတဲ့ အပြာရောင်ညပေါင်းများစွာကို ဖြတ်သန်းပြီးခဲ့ကြတဲ့နောက်မှာ
ကျွန်တော်တို့နှစ်ယောက် အရာရာကို ရင်ဆိုင်ပြီး လက်တွဲသွားကြဖို့
ဆုံးဖြတ်ခဲ့ကြပြီးပါပြီ။ ဒါပေမယ့် ကျွန်တော်တို့ အဆင်သင့်ဖြစ်မယ့် အချိန်
အတိုင်းအတာတစ်ခုကို စောင့်နေကြတယ်။
ကောင်းစစ်နဲ့ ကျွန်တော် ရန်ကုန်မှာ အခြေချမယ်။ ကောင်းစစ်လည်း အနုပညာအလုပ်တွေ
ဆက်လုပ်ပြီး ကျွန်တော်လည်း photographer အဖြစ် ရပ်တည်ကြမယ်။ ပတ်ဝန်းကျင်
အသိုင်းအ၀ိုင်း တွေကို ဖယ်ထားပြီး ကျွန်တော်တို့ နှစ်ယောက်ထဲ ကမ္ဘာလေး
ဖန်တီးနိုင်ကြပြီပေါ့။ ကျွန်တော်တို့ အသေးစိတ် အစီအစဉ်တွေကို ရေးဆွဲထားကြတယ်။
နှစ်ယောက်အတူ ကြိုးစား ဖန်တီးမယ့် Homo အချစ်ကမ္ဘာလေးရဲ့ Plan လေးကတော့ အတော်လေး
ခိုင်မာနေပါပြီ။
ဒီနေ့တော့ အရင်ဆုံး ကျွန်တော်တို့ရဲ့ သူငယ်ချင်း မင်းမွန်ကို ဖွင့်ပြောပြမယ်လို့
တိုင်ပင် ထားကြတယ်။ မင်းမွန် တစ်ယောက်တော့ အတော်လေး အံ့အားသင့်သွားမှာ သေချာတယ်။
ယုံချင် မှလည်း ယုံမယ်။ ကျွန်တော်တို့ နောက်နေတယ်လို့ ထင်ချင်ထင်မှာပေါ့။
ဘာပဲဖြစ်ဖြစ် ဒီညတော့ မင်းမွန်ကို ပြောပြလိုက်တော့မယ်လို့ ဆုံးဖြတ်ထားကြပြီးပြီလေ။
“ကိုမင်းမွန် .. ကျနော်နဲ့ ကိုမျိုး ချစ်သူတွေဖြစ်နေကြပြီဗျ”
“အမ် … ဘာရယ် .. မင်းတို့နှစ်ယောက် ရည်းစားရသွားကြတာလား .. ငါလည်း မသိလိုက်
ရပါလား၊ ဟဟ .. ပြောစမ်းပါဦး ဘယ်က ကောင်မလေးတွေနဲ့လဲ”
“မဟုတ်ပါဘူးဗျ .. ကိုမျိုးနဲ့ ကျွန်တော်နဲ့ ချစ်နေမိကြပြီ … အဲဒါ ကိုမင်းမွန်ကို
ဖွင့်ပြောတာ၊ တခြားဘယ်သူမှ မသိကြသေးဘူး၊ ကိုမင်းမွန်ကို အခင်ဆုံးအချစ်ဆုံးမို့လို့
ပြောပြတာ … ဟုတ်တယ် နော် ကိုမျိုး”
ကောင်းစစ် စကားအဆုံးမှာ မင်းမွန်က ကျွန်တော့်မျက်နှာကို ဖြတ်ခနဲ လှမ်းကြည့်တယ်။
ကျွန်တော့်မျက်နှာမှာ မွေးညင်းတွေထောင်သွားသလို ဖြန်းခနဲ အေးစက်သွားတဲ့ ခံစားချက်
ပေါ်လာတယ် ။ ဒါပေမယ် ကောင်းစစ်စကားကို ထောက်ခံတဲ့အပြုံးနဲ့ ပြန်ကြည့်နေလိုက်တယ်။
မင်းမွန် မျက်မှောင်ကုတ်ပြီး ကျွန်တော်နဲ့ ကောင်းစစ် မျက်နှာကို
သေချာလိုက်ကြည့်နေတယ်။ စက္ကန့်တချို့ ကြာသွားပြီးတဲ့နောက် ပြုံးလာတယ် … ။
“အယ် … မျက်နှာတွေက ပြုံးစိစိတွေနဲ့၊ ငါ့ကို အဲလို လာကျပ်လို့ရမလား၊ ဟားဟားဟား ..
အေးလေ မင်းတို့က တပူးတွဲတွဲနဲ့ လင်မယားလို နေနေကြတာပဲ၊ အဆန်းလုပ်လို့ … ဟရောင်တွေ
မင်းတို့ ဘာကြံစည်နေကြတာလဲ … ငါ့ကို နှစ်ယောက်ပေါင်းပီး တစ်ခုခု ကျပ်ကြမယ်မဟုတ်လား
… ငါ အဲ့လောက်တော့ နပ်ပါတယ်ကွ”
“တကယ်ပြောတာ မင်းမွန်ရ၊ ငါတို့ နောက်နေတာမဟုတ်ဘူး၊ ငါနဲ့ ကောင်းစစ်နဲ့ ညီအစ်ကိုလို
သူငယ်ချင်းလိုထက်ပိုပြီး ချစ်နေကြပြီ။ ငါတို့ မင်းကို ဒီနေ့ဖွင့်ပြောဖို့
တိုင်ပင်ထားကြတာ။ ဒီကိစ္စကို မင်း အရင်ဆုံးသိတာပဲ။ နောက်ပြီး ငါတို့
ရှေ့ဆက်သွားဖို့ အစီအစဉ်တွေရှိတယ်။ အဲ့ကိစ္စတွေလည်း မင်းကို တိုင်ပင်ချင်လို့”
မင်းမွန် မယုံသင်္ကာတဲ့ပုံမျိုးနဲ့ မျက်လုံးတွေ မှေးပြီး ကြည့်နေတယ်။ ကျွန်တော်တို့
ပြောတာ သူ ရုတ်တရက် လက်ခံဖို့ ခက်နေတဲ့ပုံပဲ။ ကျွန်တော်တို့လည်း တော်တော်တော့
ယုံအောင် ပြောရလိမ့် မယ်လို့ တွေးထားပြီးသားပါ။
“မင်းတို့က တကယ်ပြောနေတာလားဟ၊ ငါ့ကိုတော့ မကျပ်နဲ့နော်၊ ဟဟား .. ငါ ရပ်ကွက်ထဲမှာ
လျှောက်ပြော ဦးမှာ ငမျိုးနဲ့ ကောင်းစစ်က အခြောက်တွေ …
အချင်းချင်းကြိုက်နေကြပြီလို့ … ငါ့ ကျပ်လို့ကတော့ မင်းတို့ အရှက်ကွဲပြီပဲ”
“မကျပ်ပါဘူး ငါတို့ အတည်ပြောနေတာပါ”
မင်းမွန်ကို မျက်နှာပြန်တည်ပြီး ပြောရတယ်။ တော်ကြာ ကျပ်တယ်ချည်း ထင်နေမှာ။ အဲ့တော့
သူလည်း မျက်နှာတည်လာတယ်။
“အဲဒါဆို တကယ်ကြီးလားဟ၊ အဲဒါဆို မင်းတို့ ဘယ်လို ဆက်လုပ်ကြမှာလဲ၊ မင်းတို့ မိဘတွေ
သိကုန်ရင် ဘာတွေဆက်ဖြစ်ကြမလဲ၊ ဟာကွာ .. မင်းတို့ကလည်း …. ဘယ်လိုတွေများ ဖြစ်ကုန်ကြ
တာလဲ … ငါ ခေါင်းတောင်ကိုက်သွားသလိုပဲ”
“ငါတို့လည်း အဲဒီကိစ္စကို တွေးမိတယ်၊ ငါတို့ မိဘတွေနဲ့ ပတ်ဝန်းကျင်ကို ဘယ်လို
ဖွင့်ပြောရင် ကောင်းမလဲ တိုင်ပင်ချင်လို့ မင်းကို ခုည ပြောပြတာ”
“မင်းတို့ မိဘတွေ သိရင်တော့ မိုးမီးလောင်လိမ့်မယ်၊ ငမျိုး မင်းမိဘတွေဆိုလည်း ဂုဏ်
အရှိန် အ၀ါနဲ့ နေကြတာ၊ မင်းအတွက် ချွေးမတွေတောင် စိတ်ကြိုက်ရွေးနေကြတာ၊ မင်းက
ကောင်းစစ်နဲ့ ဆိုတော့ ရှက်တာနဲ့တင်သေလိမ့်မယ်။ ကောင်းစစ် မိဘတွေဆိုလည်း
တစ်ဦးတည်းသောသားလေး၊ ကောင်မလေးတွေ ၀ိုင်းဝိုင်းလည်နေတာကို ကောင်းစစ်အဖေကြီးက
ဂုဏ်ယူလို့မဆုံးဘူး။ ငါ့သားလေး စော်ကြည်တယ် စော်ကြည်တယ်နဲ့ ခဏခဏ ပြောတာ”
“အင်း အဲဒါတွေကို ငါတို့နှစ်ယောက် နားလည်တယ်၊ ငါတွေးနေတာက အစပိုင်း
ဖွင့်ပြောဖို့သာ ခက်မှာ၊ နောက်ပိုင်းတော့ ငါတို့နှစ်ယောက် အဆင်ပြေအောင်
ရင်ဆိုင်သွားနိုင်ဖို့ နည်းလမ်းတွေ ရှိလာ နိုင်မယ်ထင်တာပဲ”
“ဟုတ်တယ် ကိုမင်းမွန်၊ ဒီကိစ္စက ကျွန်တော်တို့ စိတ်ပူထားသလောက်မဟုတ်ဘဲ ခပ်အေးအေးနဲ့
ပြီးချင်လည်း ပြီးသွားနိုင်တယ်၊ ဟိုးလေးတကျော်နဲ့ အတိုက်အခံလုပ်ရဖို့လည်း ဖြစ်ချင်
ဖြစ်လာနိုင်တယ်၊ မိဘတွေ ဘယ်လို တုန့်ပြန်ကြမလဲဆိုတာ ကျွန်တော်တို့ မသိနိုင်ဘူး၊
သူတို့က အေးအေးဆေးဆေးပဲ မင်းတို့ သဘောအတိုင်း နေကြပေါ့ကွာလို့ ခွင့်ပြုရင်တော့
အတိုင်းထက်အလွန် သိပ်ကောင်းမှာပဲ”
မင်းမွန် လက်ထဲက အရက်ခွက်ကို နှစ်ခွက်ဆင့်ငှဲ့ပြီး မော့ချတယ်။ နည်းနည်းလည်း
စိတ်ညစ် သွားပုံရတယ်။ စကားဝိုင်းက ခဏတော့ တိတ်ဆိတ်သွားကြတယ်။
“ဒီလိုကိစ္စမျိုးတွေက အခြောက်တွေကြားမှာ သိပ်တော့မထူးဆန်းပါဘူး၊ ဒါပေမယ့်
မင်းတို့နှစ် ယောက်က ယောက်ျားစင်စစ်ကြီးတွေ၊ ပြီးတော့ ဒီမြို့လေးမှာ မင်းတို့ရော
မင်းတို့မိဘတွေကိုပါ မသိတဲ့ လူမရှိဘူး၊ မင်းတို့နှစ်ယောက် လက်တွဲကြမယ်ဆိုရင်
တစ်မြို့လုံးအတွက်တော့ ဟိုးလေးတကျော် ဖြစ်သွားမှာပဲ။ မင်းတို့ မိဘတွေက
ခေတ်အမြင်ရှိသင့်သလောက်ရှိ ပါတယ်၊ ဒါပေမယ့် ဒါကြီးကိုတော့ကွာ … အာ .. မဖြစ်ပါဘူး …
လက်ခံနိုင်စရာကို မရှိဘူး”
“မိန်းမလိုဝတ်မှ အဲလို ဖြစ်တာမဟုတ်ပါဘူးကွာ၊ ယောက်ျားလိုပေမယ့် တစ်ယောက်နဲ့
တစ်ယောက် မချစ်ရဘူးလား၊ စိတ်ထဲမှာတော့ လိင်တူချင်းသာယာတဲ့စိတ်လေးတွေကိုယ်စီ ရှိနေ
ပေမယ့် ဖုံးကွယ်ထားကြရတဲ့ ငါတို့နှစ်ယောက်တွေ့ကြတဲ့အချိန်မှာ ပွင့်လင်းပြီး
ခံစားချက်တွေ ပေါက် ထွက်ကုန်ကြတယ်၊ အခု ငါတို့ ဖြစ်လာမယ့်အခြေအနေကို အကောင်းဆုံး
ဘယ်လို ရင်ဆိုင်မလဲ စဉ်း စားနေကြတယ်”
“မင်းတို့က အပုန်း တွေပေါ့၊ ကောင်းကွာ … ငါလည်း ညံ့ပါ့၊ ကိုယ့်သူငယ်ချင်းတွေ ကို
အကဲတောင် မခတ်တတ်ခဲ့ဘူး၊ ခု ငါက မင်းတို့နှစ်ယောက်ကို တွေ့ပေးခဲ့တော့ ပြဿနာအစက
ငါပေါ့၊ မင်းတို့ မိဘတွေကို ဘယ်လို မျက်နှာပြရမှန်းတောင် မသိတော့ဘူး”
မင်းမွန် မျက်နှာ အတော်လေး ပျက်လာတယ်။ ကျွန်တော်တို့ ထက်တောင် ကြောက်နေပုံ
ပေါက်နေတယ်။ ကျွန်တော်တို့ မစဉ်းစားထားပေမယ့် မင်းမွန်ကို pressure ပေးတဲ့
လုပ်ရပ်လို ဖြစ်နေပြီလား တွေးလိုက်မိတယ်။ ဒီကိစ္စ သူကပဲ စတယ်လို့ တွေးနေပြီး ခုလည်း
သူ့တစ်ယောက်ထဲကို ပဲ အသိပေးတာဆိုတော့ သူ့မှာ တာဝန်ရှိတယ်လို့ တွေးပြီး စိတ်ပူနေပုံရတယ်။
“ကဲပါ .. ထားပါတော့၊ မင်းအပြစ်လည်းမဟုတ်ပါဘူး၊ ပြီးခဲ့တာတွေ ကျန်ခဲ့ပါစေ၊
ရှေ့ဆက်ဖို့ ငါတို့ ဘယ်လို လုပ်ရင်ကောင်းမလဲ အကြံပေးပါဦးကွာ”
“ဟုတ်တယ် ကိုမင်းမွန်၊ ကျွန်တော်တို့ ကိုမင်းမွန်ကို ယုံလည်း ယုံကြည်တယ် အားလည်း
ကိုးတယ်၊ ကိုမင်းမွန် အကြံဥာဏ်ပေးပါဦး”
“မင်းတို့က ဒီလိုပဲ လူကြီးတွေမသိအောင် ဆက်နေသွားကြလို့ မဖြစ်ဘူးလား၊ လူသိရှင်
ကြားကြီး လုပ်ချင်ကြတာလား၊ ခုဆို မင်းတို့နှစ်ယောက် တွဲနေပေမယ့် ညီအစ်ကိုတွေလို
အရမ်းချစ်ကြ လို့ ဒီလိုနေတာလို့ အားလုံးက ထင်နေတာပဲ၊ အဲလိုပဲ ဆက်နေကြပေါ့ကွာ၊ တော်ပြီ
တော်ပြီ ဒီကိစ္စ ဒီတင်ရပ်၊ ငါ မပါတော့ဘူး၊ ငါ့ကို ဆွဲမထည့်နဲ့၊ ဒီနေ့ကိစ္စတွေ
ငါမကြားခဲ့ဘူးလို့ပဲ သတ်မှတ်လိုက်မယ်”
“အာ ဒီအတိုင်းနေသွားလို့ မဖြစ်ဘူး ကိုမင်းမွန်၊ ကိုမျိုးကို သူ့အိမ်က
မိန်းမပေးစားဖို့ လုပ်နေကြပြီ၊ သူမိန်းမ ရသွားရင် ကျနော် ရင်ကွဲရမှာဗျ၊ နောက်ပြီး
ကျွန်တော်တို့ ဒီအတိုင်း ဆက်သွားရင် တစ်နေ့မဟုတ် တစ်နေ့တော့ သိသွားကြမှာ သေချာတယ်။
အဲဒီတော့ အဲဒီအချိန်မှ ဖြေရှင်းတာထက် စာရင် စောစောစီးစီး ၀န်ခံလိုက်တာက
ပိုကောင်းမယ်လို့ ကျွန်တော်တွေးတာပဲ”
ကောင်းစစ် လေသံတွေတောင် တုန်လာနေတယ်။ ကျွန်တော် မိန်းမယူလိုက်ရရင် ဆိုတဲ့ အတွေးက
သူ့စိတ်ထဲမှာ အတော်လေး ဖိစီးနေမှာသေချာတယ်။ သူ့ကို နှစ်သိမ့်တဲ့အနေနဲ့
သူ့ပုခုံးလေးကို နောက်က သိုင်းဖက်ထားလိုက်တယ်။ သူကလည်း ကျွန်တော့်ဘက်
ခေါင်းမှီလာတယ်။
မင်းမွန်
မျက်နှာတစ်ချက်မဲ့သွားပြီး အရက်တစ်ခွက် ထပ်မော့တယ်။
“လုပ်ကြကွာ .. လုပ်ကြ … ငါတော့ သေချင်တာပဲသိတယ်၊ စိတ်ညစ်လိုက်တာကွာ .. မင်းတို့
နှစ်ယောက် သူငယ်ချင်းကို အဲ့လောက်တောင်ညှဉ်းရလားကွာ … မင်းတို့ ဖြစ်နေပုံကြည့်ပြီး
.. ငါ စိတ်ညစ်လိုက်တာ”
“ကဲ ကောင်းစစ် .. သောက်ကြမယ် .. လောလောဆယ်တော့ စိတ်ညစ်စရာတွေ ခဏ ထားလိုက်၊ ဒီည
မင်း ဆုရတဲ့အထိန်းအမှတ်နဲ့ အပျော်ဆုံး အကြမ်းဆုံး ကဲကြမယ်၊ စိတ်လွတ်ကိုယ်လွတ် ပဲ …
ဟရောင် .. မင်းမွန် … ခုနကိစ္စ ထားလိုက်တော့ … ဒီနေ့အတွက် အဲဒီကိစ္စ
ဆက်မပြောတော့ဘူး၊ နောက်မှ ဆက်ဆွေးနွေးမယ် … ကဲ ရော့ … သောက်”
အေးစက်အုံ့မှိုင်းနေတဲ့ ၀ိုင်းလေး အသက်ဝင်လာအောင် စကားစဖြတ်လိုက်ပြီး အရက်
လိုက်ထည့်ပေးပြီး အတင်းသောက်ခိုင်းလိုက်တယ်။ ပေါ့ပေါ့ပါးပါး ပျော်စရာတွေပဲ
လျှောက်ပြောနေ လိုက်တယ်။ ခုနအခြေအနေထက်စာရင်တော့ လေထုက ပေါ့ပါးပြီး ရယ်သံလေးတွေ
ဆူညံလာတယ်။
ကြိုတွေးထားသလို
ပျော်စရာ သိပ်ကောင်းတဲ့ အရက်ဝိုင်းလေးတော့ မဟုတ်ခဲ့ဘူးပေါ့။
(၅)
အရက်ဝိုင်းလေးက
သောက်ရင်းနဲ့ ညဥ့်နက်လာတယ်။ မင်းမွန်က တွိုင်းလက် ခဏ၀င်ဖို့ ထထွက်သွားတယ်။
တော်တော်နဲ့ပြန်ရောက်မလာဘူး။ ကောင်းစစ်ကတော့ ကျွန်တော့်ပုခုံးပေါ်မှာ ခေါင်းမှီရင်း
အိပ်တောင် ပျော်နေပြီ။ ခဏနေလို့ မင်းမွန် ပြန်လာရင် ငွေရှင်းပြီး ပြန်ကြတော့မယ်။
ကောင်းစစ်ကိုနှိုးရမယ်။ အဲဒီအချိန်မှာပဲ ဖုန်းက အသံမြည်လာတယ်။
“ဟယ်လို
… မေမေလား .. ပြောလေ .. ”
“သား ကိုမျိုး၊ မင်း ဘယ်မှာလဲ၊ မင်းအဖေ မင်းကို လိုက်ရှာနေတယ်၊ မင်းတို့ဘာတွေ
လျှောက် လုပ်နေတာလဲ၊ ခုနက ကောင်းစစ်အဖေဆီက ဖုန်းလာတယ်၊ မင်းနာမည်ကိုလည်း
ပြောသံကြားတယ်၊ ဖုန်းပြောပြီးတော့ မင်းအဖေ ဒေါသတွေ ထွက်နေတယ်၊ မေမေမေးတာကိုလည်း
ဘာမှပြန်မပြောဘူး၊ ခွေးကောင် ငါသတ်မယ်လို့ ကြိမ်းနေတယ်၊ ခု ကောင်းစစ် မိဘတွေနဲ့
အပြင်ထွက်သွားတယ်၊ မေမေ စိတ်ပူလိုက်တာ၊ သားတို့ ဘာတွေဖြစ်လို့လဲ၊
မူးယစ်ဆေးတွေသုံးနေကြတာလား”
“ဗျာ …. မဟုတ်ဘူး မေမေ … အာ .. ဒုက္ခပါပဲ”
“သား … သား .. ဘာဖြစ်လို့လဲ .. မေမေ့ကိုပြော … ဟဲ့ သား …. သား”
မေမေ့ကို ဘာမှ ပြန်ပြောမနေအားတော့ဘဲ ကောင်းစစ်ကို နှိုးတယ်။
“ကောင်းစစ် .. ကောင်းစစ် … ထထ … မင်းမွန် ပြဿနာရှာပြီထင်တယ်၊ လူကြီးတွေ
သိသွားပြီလား မသိဘူး … ခု ငါတို့ကို လိုက်ရှာနေတယ်ပြောတယ် … ထ သွားမယ် …”
“ဟုတ်လား .. ကိုမင်းမွန်က ခုဘယ်မှာလဲ”
“တွိုင်းလက်ခဏ၀င်မယ်ဆိုပြီး ထွက်သွားတာပဲ .. ခုထိ ပြန်မလာသေးဘူး”
“ဟား ဒုက္ခပါပဲ .. ကျနော်ပိုက်ဆံ သွားရှင်းလိုက်မယ်၊ ကိုမျိုး ကိုမင်းမွန်ကို
လိုက်ရှာ … အာ … ပြဿနာတော့ အချိန်မတိုင်ဘဲ ကြီးပြီ ထင်တယ်ကိုရေ”
ကျွန်တော် တွိုင်းလက်ခန်းတွေထဲ ၀င်ကြည့်တယ်။ မင်းမွန် မရှိနေဘူး။ ဒါဆို
ကျွန်တော်တို့ ကိစ္စကို မိဘတွေကို သွားအသိပေးလိုက်ပြီထင်တယ်။ ဆိုင်ရှေ့ထွက်လာတော့
မင်းမွန်ရဲ့ကား ရှိမနေတော့ဘူး။ အဲဒီအချိန်မှာပဲ ကောင်းစစ်တို့ အိမ်က ကားအဖြူလေး
ဆိုင်ထဲကို ကွေ့ဝင်လာတယ်။ ကျွန်တော့်အင်္ကျီကို ရုတ်တရက် နောက်က ဆောင့်ဆွဲတာ
ခံလိုက်ရတယ်။
“ကိုမျိုး … အိမ်ကလိုက်လာပြီ .. ဒီဘက်ကိုလာ .. ဒီဘက်မှာ ဆိုင်ကယ်ရပ်ထားတယ် … အမြန်
ပြေးကြမယ် … လူကြီးတွေက ကျနော်တို့ကို ခွဲကြဖို့ များတယ် … နောင်ခါလာ
နောင်ခါဈေးပဲ .. လောလောဆယ်တော့ လွတ်အောင် ပြေးကြမယ်”
ကောင်းစစ် ဆိုင်ကယ်က ဆိုင်ဘေးမှာ ရပ်ထားတယ်။ ကျွန်တော့်ကို ဟဲလ်မက် ထိုးပေးပြီး
ဆောင်းထားဖို့ ပြောတယ်။ ကောင်းစစ် အတော်လေး ပြာယာခတ်နေတယ်။ ကျွန်တော်ကတော့ ဘာလုပ်
ရမှန်းမသိဘဲ ကြောင်နေမိတယ်။ နှစ်ယောက်လုံး ဆိုင်ကယ်ပေါ် တက်ပြီးတော့
မောင်းထွက်ပြေးလာခဲ့တယ်။ ကောင်းစစ် မိဘတွေနဲ့ ကျွန်တော့်အဖေ ကားလေးပေါ်က ဆင်းလာတာ
တွေ့လိုက်ရတယ်။ သူတို့ ဘေးက ဆိုင်ကယ်နဲ့ မောင်းထွက်လာခဲ့တယ်။ ရုတ်တရက်မို့
သူတို့ ကြောင်နေပေမယ့် သူတို့ဘေးက ဖြတ်သွားပြီးချိန်မှာတော့ နောက်က
အော်သံကြားလိုက်ရတယ်။
“ခွေးကောင်တွေ .. မပြေးနဲ့ ရပ်စမ်း … ”
ဘယ်သူ့အသံပဲဖြစ်ဖြစ် နောက်မှာချန်ထားခဲ့ပြီ။ ဆိုင်ကယ်လေးက မြို့ပြင်ဆီ ဦးတည်ပြီး
အရှိန် ပြင်းပြင်းနဲ့ မောင်းထွက်လာခဲ့တယ်။
“တောက် .. ကိုမင်းမွန် လုပ်ရက်တယ်ဗျာ၊ သူ့ကိုယုံလို့ တိုင်ပင်ကာမှပဲ၊ ပြောတော့
ပြောမှာပေါ့ ဗျာ ခုဟာက အချိန် မတိုင်သေးဘူး”
ကောင်းစစ်က လေတိုးသံ တဝေါဝေါကို ဖောက်ထွင်းအောင် အော်ပြောနေတယ်။ ကျွန်တော်
ပြောစရာစကားမရှိပါ။ လောလောဆယ် တစ်နေရာရာမှာခိုနေပြီး ခေါင်းအေးအေးထား စဉ်းစားဖို့
လိုနေပြီ။ သေချာ ပြင်ဆင်ပြီးမှ ရင်ဆိုင်စရာရှိတာတွေ ပြန်လာရင်ဆိုင်မယ်လို့
တွေးနေမိတယ်။
ရုတ်တရက် ဘောင်းဘီအိတ်ထဲက ဖုန်း တုန်လာတယ်။ ဘယ်သူ့ဖုန်းလဲ ဘာတွေလဲ မစဉ်းစား
ချင်တော့ဘူး။ ဖုန်းမကိုင်ဘဲ နေလိုက်တယ်။ မြို့တွင်းပိုင်းကနေပြီး လူရှင်းတဲ့
ရက်ကွက်လမ်းတွေကို ရောက်လာတယ်။ မိုးစက်လေးတချို့ ကျလာပြီး မျက်နှာကို ထိတာ
ခံစားရတယ်။
“ကိုမျိုး ဟဲလ်မက်ကို မှန်ချထား .. မိုးတွေရွာလာတယ် .. ဆိုင်ကယ်အရှိန်နဲ့ဆိုတော့
မိုးပေါက် မျက်နှာကို မှန်ရင် နာတယ်”
ကောင်းစစ်က အော်ပြောတယ်။ ကျွန်တော့်ကိုသာ အော်နေတာ သူကတော့ ခေါင်းဗလာနဲ့။
ကျွန်တော့်ဦးထုပ်ချွတ်လိုက်ပြီး သူ့ခေါင်းကို ဆောင်းပေးမလို့လုပ်တယ်။ လက်မခံဘူး။
ခေါင်းကို ခါ ပစ်တယ်။ ဆိုင်ကယ်မှောက်မှာစိုးလို့ ဆက်ဆောင်းမပေးတော့ဘူး။
“ကိုမျိုး၊ နောက်က မီးရောင်ကို ကြည့်ကြည့်ပေးစမ်းပါ၊
ကျွန်တော်လှည့်ကြည့်လို့မရဘူး၊ အိမ်က ကားမီးရောင်လို့ ထင်တယ်”
ကောင်းစစ်ပြောလို့ လှည့်ကြည့်လိုက်တော့ အဖြူရောင် ကားတစ်စီးကို ခပ်ရေးရေး
တွေ့နေရတယ်။ နေ့ဘက်ဆို ကောင်းစစ်တို့ အိမ်ကကား ဟုတ် မဟုတ် ပြောနိုင်တဲ့ အကွာအဝေး
ပေမယ့် ညဘက်ဆိုတော့ မပြောနိုင်ဘူး။
“မသိဘူး ကောင်းစစ်၊ ဟုတ်တော့ ဟုတ်မယ်ထင်တာပဲ၊ ဘယ်လိုလုပ် မီလာတာလဲ၊ မြန်လိုက်တာ”
“ရတယ် … ကျွန်တော်တို့ လွတ်တယ်၊ စိတ်မပူနဲ့၊ ညဈေးတန်းထဲကို ၀င်မယ်၊ ကျနော့်ခါးကို
သေချာဖက်ထား၊ ဦးထုပ်ပြန်ဆောင်းထားလေ၊ လက်ထဲမှာ ဘာလို့ ကိုင်ထားတာလဲ”
“ကောင်းစစ် .. ဆောင်းထားလေ … ကိုယ် ဆောင်းပေးမယ်”
“မလိုဘူး .. အဲဒါကြီးက ရှုပ်တယ်၊ မောင်းရတာ အဆင်မပြေဘူး၊ ကိုမျိုးသာ ဆောင်းထား”
ဆိုင်ကယ်ကို ညဈေးထဲ ခေါင်းတည်လိုက်တယ်။ ဆိုင်ကယ်ဟွန်းကို ဆက်တိုက်နှိပ်ထားပြီး
အရှိန်နဲ့ ညဈေးထဲ ၀င်သွားတယ်။ လူတွေ အမြန်ရှောင်ကြတယ်။ ဆိုင်ကယ်တွေ တိုက်မလို၊
ကားတွေ ငြိမလိုနဲ့ ကွေ့ပတ်မောင်းလာခဲ့တယ်။ ကျွန်တော် အရမ်းကို လန့်နေမိတာပဲ
သိတော့တယ်။
“ကောင်းစစ် … လျှော့ … အရှိန်လျှော့ … ကိုယ် တို့ကို မိသွားလည်း ဖြေရှင်းလို့ရတယ်၊
လူကြီးတွေ သဘောပေါက်လာအောင် ပြောကြမယ် … ကောင်းစစ် … ကောင်းစစ် … အရှိန်လျှော့ပါ
…”
ကျွန်တော် အော်ပြောနေတယ်။ ကောင်းစစ်က တကယ်ပဲမကြားတာလား၊ မကြားချင်ယောင်
ဆောင်နေတာလားမသိ၊ ဘာမှ ပြန်မပြောဘဲ ဆက်မောင်းနေတယ်။ ခဏနေတော့ လူတွေ ရှုပ်တဲ့
ညဈေးကို ကျော်လာခဲ့တယ်။ နောက်ကလိုက်လာတဲ့ ကားလေးလည်း ပြတ်ကျန်ခဲ့ပြီ။
မြို့ပြင်ကို ရောက်လာတယ်။
“ကိုမျိုး မိုးက တဖြည်းဖြည်း သည်းလာပြီ၊ ဦးထုပ်ကို သေချာဆောင်းထားလား၊
မေးသိုင်းကြိုးတပ်ထားနော်၊”
“ကောင်းစစ် .. ဆိုင်ကယ်ရပ်ပါ … ကားမမီတော့ပါဘူး … ဦးထုပ်ဆောင်း … ရော့”
“ကိုမျိုး ဆောင်းထား … ရတယ် .. ဟိုဘက်မြို့ရောက်မှ စိတ်ချရမှာ … ကိုမျိုး
မကြောက်ပါနဲ့၊ ကျွန်တော် ဆိုင်ကယ်စီးကျွမ်းပါတယ်၊ ကိုမျိုးဘာမှမဖြစ်စေရဘူး
ကတိပေးတယ်၊ ကျွန်တော့်ကိုယုံပါ”
“ကောင်းစစ် .. ကိုမျိုးကိုလည်းယုံပါ၊ ကိုယ် ပြေလည်အောင်ရှင်းပေးမယ်၊ ဆိုင်ကယ်
ရပ်ပါ၊ လူကြီးတွေကို ရင်ဆိုင်လိုက်ကြရအောင်”
“ကိုမျိုးကို ယုံတယ်၊ ဒါပေမယ့် ကံကြမ္မာကို မယုံဘူး၊ ကိုမျိုးနဲ့ ဝေးလို့မဖြစ်ဘူး၊
ကျွန်တော်တို့ လွတ်အောင်ပြေးမယ်၊ ကိုမျိုးနဲ့ ကျနော့်ကို ခွဲကြမှာဗျ”
“မိုး အရမ်းသည်းလာပြီ … အန္တရာယ်များတယ် .. အရှိန်လျှော့ပါ”
“ရတယ် … လမ်းတစ်ဝက်မှ အမိမခံနိုင်ဘူး .. ရောက်ကာနီးပါပြီ”
မိုးသံ လေသံနဲ့ စကားပြောရတာ အတော်လေး အော်နေရတယ်။ ထူထဲတဲ့ မိုးစက်
ကန့်လန့်ကာကြီးကို ကျွန်တော်တို့နှစ်ယောက် ဆိုင်ကယ်လေးနဲ့ထိုးခွဲနေတယ်။ လေကလည်း
ရက်ရက် စက်စက် အေးမြပြီး ပြင်းထန်နေတယ်။ အဝေးပြေးလမ်းမကြီးပေါ်က မိုးနဲ့
လေကြမ်းကြားမှာ မိဘအသိုင်းအ၀ိုင်းတွေကို ဆန့်ကျင်ထွက်လာတဲ့ ကျွန်တော်တို့
စုံတွဲကို ညှာတာသော အားဖြင့် ဆုံဆည်းခွင့် ပေးပါလို့ ကံတရားကို ဆုတောင်း
တိုင်တည်နေမိတယ်။
“ကိုမျိုး …………………”
ကောင်းစစ် တစ်ချက်အော်လိုက်သံနဲ့အတူ မိုးရေထဲက ဘွားခနဲ တွေ့လိုက်ရတဲ့ ရပ်ထားတဲ့
ကုန်တင်ကားကြီးတစ်စီး။ ကားကို ပတ်ရှောင်လိုက်တဲ့အချိန် ဆိုင်ကယ်က မိုးရေနဲ့
ယိုင်ထွက်ပြီး အရှိန်နဲ့ လွင့်စဉ်ထွက်သွားတယ်။ နားထဲမှာ ဆူဝေသွားပြီး
လေထဲမြောက်တက်သွားတာကို ခံစားလိုက်ရတယ်။
ဘယ်လောက်အချိန်ထိ ငြိမ်သက်နေမိလည်းမသိဘူး။ ပတ်ဝန်းကျင်တစ်ခုလုံး မှောင်မည်းနေ တယ်။
ခေါင်းက ဟဲလ်မက်ကို ချွတ်ပြီး လမ်းပေါ်လွှင့်ပစ်လိုက်တယ်။ ကောင်းစစ် ဘယ်မှာလဲ။
ကောင်းစစ် … ။ ပုခုံးတစ်ဘက်က အရမ်းနာနေတယ်။ ခြေထောက်လည်း ထောက်လိုက်တိုင်း စူးခနဲ
စူးခနဲ နာနေတယ်။ ကျွန်တော် ကောင်းစစ်နာမည်ကို ခေါ်ရင်း ရှာနေမိတယ်။
တွေ့ပြီ။ ကောင်းစစ် လမ်းပေါ်မှာ လဲကျနေတယ်။ ပြေးပြီးပွေ့ထူလိုက်တယ်။
မိုးရေတွေကြားမှာ ကောင်းစစ် ခေါင်းက သွေးတွေ စီးကျနေတယ်။ ကောင်းစစ် … ကောင်းစစ်
လို့ တတွတ်တွတ် အော်နေမိတယ်။ ကောင်းစစ် မျက်လုံး ပွင့်လာတယ်။
“ကိုမျိုး … ကိုမျိုး … ဘာဖြစ်သေးလဲ … ”
ကောင်းစစ် ထထိုင်တယ် ။သွေးတွေက လမ်းပေါ်မှာ အိုင်နေတယ်။ ကျွန်တော့် ခြေထောက်မှာလည်း
သွေးတွေ ထွက်နေတယ်။ ကောင်းစစ် က ကျနော့်ကိုမေးရင်း မတ်တပ်ရပ်ဖို့ ကြိုးစားတယ်။
ဒါပေမယ့် ပြန်လဲသွားတယ်။
“အား .. ကျနော်ထလို့မရဘူး .. ကိုမျိုး .. ဘာဖြစ်သေးလဲ .. ဆေးရုံသွားမှဖြစ်မယ်”
“ကောင်းစစ် .. ဘာမှမဖြစ်ဘူး .. ကောင်းစစ်”
“ကိုမျိုး .. ဘာမှမဖြစ်ဘူးနော် … ကျနော့် … ခေါင်းထဲက … အား …”
ကောင်းစစ် တစ်ချက်အော်လိုက်ပြီး မျက်နှာရှုံ့မဲ့သွားတယ်။ လက်တွေတုန်ရင်လာတယ်။
သူ့ကို ကျနော့်ရင်ဘတ်ထဲ ပွေ့ထားလိုက်တယ်။
“ကိုမျိုး .. ကျနော် တစ်ခုခုဖြစ်သွားတယ် … ဘာဖြစ်တာလဲ”
သူက ပြန်မေးနေတယ်။ ကျွန်တော်လည်း သူ့ကိုပွေ့ထားရင်း ဘာလုပ်ရမှန်းမသိ ဖြစ်နေတယ်။
“ဘာမှမဖြစ်ဘူး …. ကောင်းစစ် … ဘာမှမဖြစ်ဘူး… ဆေးရုံသွားကြမယ် ဆေးရုံကို”
“လက် .. လက် … ”
“ဘာဖြစ်လို့လဲ ကောင်းစစ်”
“လက်ပေး ….လက် …”
ကောင်းစစ် ကျွန်တော့်လက်ကို လိုက်စမ်းနေတယ်။ သူ့ကို လက်ပေးလိုက်တော့
ကျွန်တော့်လက်ကို ခပ်တင်းတင်း ဆုပ်ကိုင်ထားတယ်။
“ချစ်တယ်နော် … ကို .. ”
“အင်း ချစ်ပါတယ် ကောင်းစစ်ရယ် .. ချစ်ပါတယ် … ခု ဘယ်လိုနေလဲ … ဖုန်း … ဖုန်း ..
ဖုန်းဆက်ရမယ် .. ခဏ”
“မရ … ”
“ကောင်းစစ် .. စိတ်ထိန်းလေ .. ကောင်းစစ် ..”
“၀မ်းသာ … ကောင်း … ”
“ကောင်းစစ် …. ကောင်းစစ် ………”
“ချစ်တယ် ….”
ချစ်တယ်ဆိုတဲ့စကားအဆုံးမှာ ဆုပ်ကိုင်ထားတဲ့ လက်တွေပြေလျော့သွားတယ်။ မိုးရေထဲမှာ
သွေးအိုင်ထဲက ချစ်သူကို ပွေ့ထားရင်း အရူးတစ်ယောက်လို အော်ခေါ်နေတဲ့ ကျွန်တော့်ကို
ဂုဏ်တွေ အရှက်တရားတွေ အသက်လောက်တန်ဖိုးထားတဲ့ နှစ်ဘက်မိဘတွေ ရှာတွေ့သွားကြတယ်။
မိုးရေတွေရယ် လေကြမ်းတွေရယ် မှတ်သားပေးထားကြပါနော် … ကျွန်တော်တို့နှစ်ယောက်ဟာ
သဘာဝကို ဆန့်ကျင်တယ်လို့ စွပ်စွဲပြီး ခွဲခွာဖို့ ကြိုးစားကြတဲ့ မိဘတွေကို
တော်လှန်ခဲ့ပြီ၊ ဒါပေမယ့် ကျရှုံးခဲ့တဲ့ တိုက်ပွဲတစ်ပွဲပါပဲ၊ နောက်ထပ် ကမ္ဘာပေါ်က ဘယ်လို
လိင်တူချစ်သူမဆို ဒီလိုတိုက်ပွဲမျိုး မကြုံပါရစေနဲ့၊ ကြုံရင်လည်း
မရှုံးကြရပါစေနဲ့လို့ ချစ်သူသွေးတွေ ရင်ဘတ်မှာ တင်ရင်း အသက်နဲ့ ရင်းထပ်တဲ့
ဆုတောင်းမှု ပြုလိုက်ပါတယ်ဗျာ …. ။
(၆)
လေးနှစ်ပြည့်ခဲ့ပြီ။ ခပ်ဖွဲဖွဲ မိုးရေတွေကြားက အုတ်ဂူလေးပေါ်မှာ ဘာမှ မရှိ ပကတိ
ရှင်းလင်း နေတယ်။ ပန်းတွေ တင်တာ သူကြိုက်မှာမဟုတ်ဘူးလေ။ ရေညှိတွေ မြက်ပင်တွေကို
တိုက်ချွတ်ရှင်းလင်းပြီး ကျွန်တော် ဒီအုတ်ဂူလေးဘေးမှာ နှစ်တိုင်း
ဒီလိုအချိန်တိုင်းမှာ ထိုင်နေမိတယ်။
ကျွန်တော့်လိုပဲ
ဒီအုတ်ဂူလေးဆီကို လာတဲ့လူတစ်ယောက်ရှိတယ်။ မင်းမွန်။ ဒါပေမယ့် ကျွန်တော်တို့
မြင်ကွင်းရှိတဲ့နေရာကိုတော့ ထွက်မလာခဲ့ပါဘူး။ အကွယ် တစ်နေရာကနေ ကျွန်တော်နဲ့
အုတ်ဂူလေးကို စောင့်ကြည့်နေတတ်တယ်။ ကျွန်တော်သိနေပေမယ့် မသိသလိုပဲ နေနေခဲ့ပါတယ်။
“ကောင်းစစ် … ကိုယ့်ကို ထားခဲ့တာ လေးနှစ်ရှိခဲ့ပြီနော် … ကိုယ်တို့ စိတ်ကူးခဲ့တဲ့
ကမ္ဘာလေးထဲမှာ ခုအချိန်ဆို ပျော်နေသင့်တာ၊ ဒါပေမယ့် လိင်တူချစ်တာ ကို
လက်ခံအသိအမှတ်ပြုဖို့ ကို ရောဂါဆိုးတစ်ခုလို ရွံရှာနေတဲ့ ပတ်ဝန်းကျင်မှာ
ကိုယ်တို့ရဲ့ ကမ္ဘာလေး စတေးခဲ့ရပြီ၊ ကိုယ်တို့အ ကြောင်းကို လူတွေပြောနေကြတယ်၊
ဒါပေမယ့် ကိုယ်တို့ထင်ထားသလို ကဲ့ရဲ့စကားတွေတော့ မဟုတ်ဘူး၊ သြော်
ချစ်ရက်လိုက်ကြတာ၊ သနားဖို့ ကောင်းလိုက်ကြတာ တဲ့။ တကယ်လို့သာ ကောင်းစစ် အသက်
မစတေးခဲ့ဘူးဆိုရင် သူတို့ အဲဒီစကားတွေ ပြောကြမှာလား … ။ လူတွေကို အရမ်း
မုန်းနေမိတယ် ကောင်းစစ်ရယ်။ တို့ စုံတွဲကိစ္စ ဖြစ်ပြီးတဲ့နောက်မှာ တို့မြို့လေးမှာ
Homo စုံတွဲ တွေ ထပ်ပေါ်လာကြတယ်။ တို့ဖြစ်ရပ်ကြောင့် လူကြီးတွေကို ပြောရဲလာကြတယ်။
လူကြီးတွေကလည်း တို့လို ထပ်ဖြစ်မှာစိုးရိမ်လို့ လား၊ Homo တွေဆုံဆည်းခွင့်အတွက်
တို့ ပေးဆပ်ခဲ့ရတဲ့ တန်ဖိုးကို နားလည်ကြလို့လားမသိဘူး၊ အရင်လို သိပ်ပြီး
ခါးခါးသီးသီး မဟုတ်ကြတော့ဘူး ကောင်းစစ်။ မင်း တမလွန်ကနေ ဒီသတင်းတွေအတွက်
ကျေနပ်နေမှာ ကိုယ်သိပါတယ်။ ကိုယ် မင်းနဲ့ ညနေထိ နေပေးမယ်။ မင်းကို
ချစ်တဲ့အကြောင်းတွေ တစ်နေကုန် ပြောနေချင်တယ်။ ကောင်းစစ် … မင်းကို ချစ်တယ် …
ဘယ်လောက်ထိတောင်လဲဆို ………………..
……………………………………………………………………………………………………………………………………………………………………………………………………………………………………………………….
ညနေ
နေခြည်က မိုးရွာပြီးကာစကောင်းကင်မှာ သက်တံကြီးတစ်ခု ဖန်တီးပေးထားတယ်။ သက်တံမှာ
ရောင်စဉ်ခုနှစ်မျိုးပါတယ်တဲ့။ ကျွန်တော် အိမ်ပြန်ဖို့ အချိန်ကျပြီပဲ။ သက်တံကြီးက
ကျွန်တော်တို့ရဲ့ အချစ်ဇာတ်လမ်းလေးကို မှတ်တမ်းတင် ဂုဏ်ပြုပေးတာပဲ။ ကမ္ဘာ့
ကောင်းကင်မှာ သက်တံကြီး ပေါ်လာတိုင်း ကမ္ဘာပေါ်က လိင်တူချစ်သူအားလုံး လွတ်လပ်စွာ
ဆက်ဆံနိုင်ခွင့် ပတ်ဝန်းကျင်မှာ တန်းတူဆက်ဆံခံရခွင့်တွေ ရှိဖို့ သင်္ကေတ တစ်ခု
ဖြစ်နေပါစေလို့ ဆုတောင်းရင်း ကျွန်တော့် ဘေးက ချထားတဲ့ သတ္တုချိုင်းထောက်လေးကို
ယူပြီး မတ်တပ်ရပ်လိုက်တယ်။ ရွှီ ခနဲ လေချွန်လိုက်တော့ ကျွန်တော့် ခွေးလေး
အနားပြေးလာတယ်။
“ကဲ ပြန်ရအောင် .. မှောင်လာပြီ”
ညနေစောင်း နေညိုချိန်သင်္ချိုင်းတစ်နေရာမှာ
ခွေးလေးတစ်ကောင်ရယ်၊ ချိုင်းထောက်နဲ့ လူတစ်ယောက်ရယ်၊ နောက်ပြီးတော့ စတေးခံ
နှလုံးသားနှစ်ခုရယ် …. ရှိနေတယ်။
လူသားတိုင်း
တန်းတူညီမျှပြီး လွတ်လပ်ခြင်းအခွင့်အရေးအောက်မှာ ဆုံဆည်းနိုင်ကြပါစေ။
24.11.2013
- 9:45pm
Written by Phoe Thar Lay