Saturday, January 4, 2014

လိင်တူချစ်သူများ အခွင့်အရေး လှုပ်ရှားမှုဆိုင်ရာ သမိုင်းဝင် ဖြစ်စဉ်များ


ဒီကနေ့ ကမ္ဘာတလွှား ဖြစ်ပေါ်နေတဲ့ လိင်တူချင်း ချစ်သူများရဲ့ အခွင့်အရေး တောင်းဆိုလှုပ်ရှားမှုတွေဟာ ရှည်လျားတဲ့ သမိုင်းကြောင်းတွေ ရှိခဲ့ပါတယ်။ 

LGBT Rights Movement လို့ခေါ်တဲ့ လှုပ်ရှားမှုတွေဟာ အများအားဖြင့် လိင်တူချစ်သူများအပေါ် ရွံရှာ မုန်းတီးမှုတွေ ပပျောက်ဖို့နဲ့ လူ့အဖွဲ့အစည်းမှာ လိင်ကွဲချစ်သူတွေလိုပဲ တန်းတူအခွင့်အရေးရပြီး လူများစုမှ လက်ခံ အသိအမှတ်ပြုလာဖို့ တိုက်တွန်းနှိုးဆော် တောင်းဆိုတဲ့ လှုပ်ရှားမှုတွေ ဖြစ်ပါတယ်။ 

ဒီနေ့အချိန်မှာ ရုပ်ရှင်၊ ဗွီဒီယိုနဲ့ စာနယ်ဇင်းတွေမှာ တွေ့မြင်နေရတဲ့ လိင်တူချစ်သူများ လမ်းမပေါ်ထွက်ပြီး ချီတက်ကြတာ၊ လူမြင်ကွင်းမှာ စုဝေးပြီး ဟောပြောလှုံ့ဆော်ကြတာမျိုးဟာ နောက်ပိုင်းခေတ်ကျမှ ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။ အဲဒီမတိုင်ခင် ရှေးခေတ်ကတည်းက လိင်တူချစ်သူများ အခွင့်အရေး လှုပ်ရှားမှုတွေ ရှိခဲ့ကြပါတယ်။
အစောဆုံး လိင်တူချစ်သူများ အခွင့်အရေး လှုပ်ရှားမှုတွေဟာ စာပေအရေးအသားပုံစံနဲ့ စတင်ခဲ့တာ ဖြစ်ပါတယ်။ လိင်တူချစ်သူတွေရဲ့ အခွင့်အရေးအတွက် တောင်းဆို ရေးသားခဲ့တဲ့သူတွေထဲမှာ ပထမဦးဆုံးလို့ ဆိုရမယ့်သူကတော့ သော်မဆင်ကင်နွန်လို့ခေါ်တဲ့ အင်္ဂလိပ်စာရေးဆရာ ဖြစ်ပါတယ်။ အဲဒီခေတ်အခါက အပြစ်ရှိတယ်လို့ ယူဆထားကြတဲ့ လိင်တူဆက်ဆံသူတွေဘက်ကနေ ကာကွယ်ရေးသားထားတဲ့ Ancient and Modern Pederasty လို့ ခေါ်တဲ့ အက်ဆေးတစ်ပုဒ်ကို ၁၇၄၉ ခုနှစ်မှာ ရေးသားပြီး ပုံနှိပ်ထုတ်ဝေခဲ့ပါတယ်။ ၎င်းအပြင် ဂျာရယ်မီ ဘန်သမ်လို့ခေါ်တဲ့ အင်္ဂလိပ်လူမျိုး လူမှုရေးပညာရှင်ကလည်း လိင်တူချစ်သူတွေကို အပြစ်ပေးထားတဲ့ ဥပဒေတွေကို ပြင်ဆင်ဖို့ ၁၇၈၅ ခုနှစ်မှာ ရေးသားတောင်းဆိုခဲ့ပါသေးတယ်။ 

အဲဒီနောက် ပြင်သစ်နိုင်ငံမှာ တော်လှန်ရေးကြီး ဖြစ်ပွားခဲ့ပြီး အုပ်ချုပ်သူ သက်ဦးဆံပိုင် ဘုရင်စနစ်နဲ့ တည်ဆဲ ဥပဒေတွေကို ဖျက်သိမ်းတဲ့ အဖြစ်အပျက်တရပ် ပေါ်ပေါက်လာခဲ့ပါတယ်။ အဆိုပါ ပြင်သစ်တော်လှန်ရေးနဲ့အတူ “လိင်တူချစ်သူ နိုင်ငံသားများ” လို့ အမည်ပေးထားတဲ့ တော်လှန်ရေးသမားတစ်စုဟာ အသစ်ပေါ်ထွန်းလာခဲ့တဲ့ ပြင်သစ်သမ္မတနိုင်ငံမှာ လိင်တူချစ်သူတွေကို အပြစ်ပေးတဲ့ ဥပဒေတွေကို ဖျက်သိမ်းပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။ ဒီလိုနဲ့ ၁၇၉၁ ခုနှစ်မှာ ပြင်သစ်နိုင်ငံဟာ လိင်တူဆက်ဆံတာကို ရာဇဝတ်မှုအဖြစ် သတ်မှတ်ထားတဲ့ ဥပဒေကို တရားဝင် ဖျက်သိမ်းလိုက်တဲ့ ပထမဦးဆုံးနိုင်ငံ ဖြစ်လာပါတယ်။ အဲဒီနောက် ဘရားဇီးနိုင်ငံဟာလည်း ၁၈၃၀ ခုနှစ်မှာ အလားတူဥပဒေကို ဖျက်သိမ်းပေးခဲ့ပါတယ်။ 

အဲဒီနောက်ပိုင်း ခေတ်တွေမှာ လိင်တူချစ်သူတွေဖက်က ကာကွယ်ရေးသားတဲ့ စာပေတွေ၊ လိင်တူချစ်တဲ့ ဇာတ်လမ်းတွေ၊ ဝတ္ထုတွေ၊ ကဗျာနဲ့ ပြဇာတ် အရေးအသားမျိုးတွေ အမြောက်အများ ပေါ်ထွန်းလာခဲ့ပါတယ်။ ဒီအထဲမှာ အထင်ရှားဆုံးကတော့ စာရေးဆရာနဲ့ ကဗျာဆရာကြီး အော်စကာဝိုင်းဒ်ဖြစ်ပြီး၊ သူတည်ထောင်ခဲ့တဲ့ လျှို့ဝှက်လိင်တူချစ်သူများအဖွဲ့ဟာ လိင်တူဆက်ဆံခြင်းကို အင်္ဂလန်နိုင်ငံမှာ တရားဥပဒေအရ အသိအမှတ်ပြု လက်ခံဖို့ စတင်တောင်းဆိုခဲ့ကြပါတယ်။  

၁၉၁၇ ခုနှစ်မှာလည်း ရုရှားနိုင်ငံမှာ ဘော်ရှီဗစ်တွေရဲ့ ကွန်မြူနစ်တော်လှန်ရေး ဖြစ်ပွားခဲ့ပြီး ဇာဘုရင် လက်ထက်က ရှိခဲ့တဲ့ လိင်တူဆက်ဆံမှုကို ရာဇဝတ်မှုဖြစ်စေတဲ့ ဥပဒေကို ဖျက်သိမ်းပစ်ခဲ့ပြီး လိင်တူချင်း ပေါင်းဖက်မှုကို တရားဝင် အသိအမှတ်ပြုခဲ့ပါတယ်။ အဆိုပါ အဖြစ်ပျက်တွေဟာ အဲဒီအချိန်မှာ အဘက်ဘက်က ခေတ်နောက်ကျနေခဲ့တဲ့ ရုရှားနိုင်ငံအတွက် ခေတ်ရှေ့ပြေးတဲ့ တိုးတက်မှုတစ်ခု ဖြစ်စေခဲ့ပါတယ်။ အလားတူပဲ အမေရိကန်နိုင်ငံရဲ့ မြို့ကြီးတွေမှာလည်း လိင်တူဆက်ဆံသူတွေ အချင်းချင်းကြား တူရာတူရာတွေနဲ့ စုဖွဲ့ထားတဲ့ လျှို့ဝှက်အဖွဲ့တွေ ပေါ်ထွန်းလာခဲ့ပါတယ်။
အဲဒီနောက် ဒုတိယကမ္ဘာစစ်ကြီး ဖြစ်ပွားလာခဲ့တဲ့အခါမှာ အခြေအနေအရပ်ရပ်ဟာ လုံးဝ ပြောင်းလဲသွားခဲ့ပါတယ်။ ဂျာမနီမှာ လိင်တူဆက်ဆံသူတွေကို ပုံမှန်မဟုတ်တဲ့သူတွေ၊ လူပိုတွေအဖြစ် သတ်မှတ်ထားတဲ့ ဖက်ဆစ်နာဇီတွေ အာဏာရလာခဲ့ပြီးနောက် ဥရောပမှာ ကျူးကျော်ရေး စစ်ပွဲတွေကို ဆင်နွဲခဲ့ကြပါတယ်။ ဂျာမနီ နာဇီတွေရဲ့ သိမ်းပိုက်ခံခဲ့ရတဲ့ ဥရောပနိုင်ငံတွေမှာ လိင်တူချစ်သူတွေဟာ အကျဉ်းစခန်းအသီးသီးကို ဖမ်းဆီးပို့ ဆောင်ခံခဲ့ရပြီး နှိပ်စက်ညှင်းပမ်းကာ သတ်ဖြတ်ခံခဲ့ကြရပါတယ်။ ဆေးပညာသုတေသန လုပ်ငန်းတွေအတွက် စမ်းသပ်တာမျိုးကို ခံခဲ့ရပါတယ်။

ဒုတိယကမ္ဘာစစ်ကြီး ပြီးဆုံးသွားချိန်မှာတော့  အမေရိကန်၊ အင်္ဂလန်၊ ပြင်သစ်၊ ဂျာမနီ၊ နယ်သာလန်နဲ့ ဆွီဒင်နိုင်ငံတွေမှာ လိင်တူချစ်သူ အခွင့်အရေး လှုပ်ရှားမှုတွေဟာ တဖန်ပြန်လည် ခေါင်းထောင်လာခဲ့ပါတယ်။ အရင်က လျှို့ဝှက်အဖွဲ့အစည်းအနေနဲ့သာ လှုပ်ရှားခဲ့ပေမယ့် ကမ္ဘာစစ်ကြီးအတွင်းမှာ ရက်စက် ကြမ်းကြုတ်မှုတွေနဲ့ အများဆုံး ခံစားလိုက်ရပြီးတဲ့နောက် လိင်တူချစ်သူတွေဟာ ပိုပြီး တက်တက်ကြွကြွ လှုပ်ရှားလာခဲ့ကြပါတယ်။ အမေရိကန်မှာ ဝမ်းအင့်ခ်လို့ခေါ်တဲ့ လိင်တူချစ်သူလှုပ်ရှားမှုအဖွဲ့ဟာ ပထမဦးဆုံး လူသိရှင်ကြား ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းအဖြစ် ၁၉၅၂ ခုနှစ်မှာ ပေါ်ထွန်းလာခဲ့ပါတယ်။ အလားတူပဲ ဆန့်ကျင်ဖက်လိင်ကဲ့သို့ ဝတ်စားဆင်ယင်သူ အပွင့်မတွေကလည်း Transvestia လို့ ခေါ်တဲ့ ပထမဦးဆုံး အပွင့်မမဂ္ဂဇင်းကို ၁၉၅၂ ခုနှစ်မှာ စတင်ထုတ်ဝေခဲ့ပါတယ်။ 

၁၉၆၂ ခုနှစ်မှာ အစောဆုံး လိင်တူချစ်သူတွေရဲ့ ချီတက်ပွဲကို ဖီလာဒဲဗီးယားမြို့ လွတ်လပ်ရေး ခန်းမရှေ့မှာ ပြုလုပ်ခဲ့ပြီး ၁၉၆၉ ခုနှစ်မှာ အမေရိကန်နိုင်ငံတဝှမ်းက လိင်တူချစ်သူများ အခွင့်အရေးဆိုင်ရာ အဖွဲ့တွေ၊ စာစောင်မဂ္ဂဇင်းတွေ ပူးပေါင်းပြီး နိုင်ငံလုံးဆိုင်ရာ ကွန်ယက်အဖွဲ့ကို စတင်ဖွဲ့စည်းခဲ့ကြပါတယ်။ ဒါပေမယ့် ဒီတိုးတက်ပြောင်းလဲမှုတွေကို မီဒီယာတွေမှာ အရေးလုပ် ဖော်ပြခြင်းမရှိပဲ လျစ်လျူရှုခံခဲ့ကြရပါတယ်။ 

အဲဒီနောက် ဗီယက်နမ်စစ်ပွဲ ဖြစ်ပွားနေတဲ့ ၁၉၇၀ ခုနှစ်တွေအတွင်း အမေရိကန်နိုင်ငံမျာ လူမဲတွေနဲ့ အမျိုးသမီးတွေရဲ့ တန်းတူညီမျှမှု အခွင့်အရေးအတွက် တောင်းဆိုလှုပ်ရှားမှုတွေဟာ အရှိန်ရလာခဲ့ပါတယ်။ ဒီလှုပ်ရှားမှုတွေဟာ အလားတူ လူနည်းစုအဖြစ် ခွဲခြားဆက်ဆံမှုတွေ ခံနေကြရတဲ့ လိင်တူချစ်သူတွေအတွက်လည်း ဥပမာကောင်းတွေ ဖြစ်လာစေခဲ့ပါတယ်။



လိင်တူချစ်သူများ အခွင့်အရေး လှုပ်ရှားမှု သမိုင်းကြောင်းမှာ မှတ်တိုင်တစ်ခုလို့ ဆိုရမယ့် အဖြစ်အပျက်ကတော့ ၁၉၆၉ ခုနှစ်၊ နယူးယောက်မြို့မှာ ဖြစ်ပွားခဲ့တဲ့ စတုန်းဝေါ အဓိကရုဏ်းပဲ ဖြစ်ပါတယ်။ နယူးယောက်မြို့ ဂရင်းဝစ်ခ်ျ ရပ်ကွက်မှာရှိတဲ့ စတုန်းဝေါအင်း အမည်ရှိတဲ့ အဆောက်အဦမှာ လိင်တူချစ်သူတွေ စုဝေးတွေ့ဆုံနေကျ ဘားတစ်ခု ရှိပါတယ်။ ၁၉၆၉ ခုနှစ်၊ ဇွန်လ ၂၈ ရက်နေ့မှာ အဲဒီဘားကို နယူးယောက် ရဲတွေက အင်အားသုံးပြီး ဝင်ရောက်စီးနင်းခဲ့ပါတယ်။ အမှန်ကတော့ ဒီဘားထဲမှာ တရားမဝင် အရက်သေစာ ရောင်းချမှုတွေ ရှိနေတယ်လို့ သတင်းရတဲ့အတွက် ရဲတွေက ဝင်ရောက်ဖမ်းဆီးတာလို့ မှတ်တမ်းတွေမှာ ဖော်ပြထားပါတယ်။ အဲဒီ အချိန်မှာ လူနှစ်ရာလောက် ရှိနေတဲ့ ဒီဘားထဲကို ရဲတွေ ရုတ်တရက် ဝင်လာပြီး အထဲက လူအားလုံးကို ရှာဖွေ စစ်ဆေးပြီး အချို့ကိုသာ ပြန်လွှတ်ပေးခဲ့ပြီး အများစုကို ပြစ်ချက် ရေရေရာရာ မရှိပဲ ဘားထဲမှာ ပိတ်ဆို့ထိန်း သိမ်းထားခဲ့ပါတယ်။ ဘားထဲမှာ ဖမ်းချုပ်ထားတဲ့သူတွေကို ရဲစခန်းကို ခေါ်သွားဖို့ အပြင်ထုတ်လာချိန်မှာတော့ အပြင်ဘက်မှာ မကျေမနပ် ဖြစ်နေတဲ့ လိင်တူချစ်သူ လူအုပ်ကြီးက အသင့်စောင့်ဆိုင်းနေပြီး ရဲအချို့နဲ့ ရုန်းရင်းဆန်ခတ် ပဋိပက္ခတွေ စတင်ဖြစ်ပွားပါတော့တယ်။ 

အဲဒီနောက် ရဲတွေရဲ့ အင်အားသုံး နှိမ်နှင်းမှုကို မကျေနပ်ကြတဲ့ လိင်တူချစ်သူတွေဟာ အရင်တုန်းကလို့ ငုံ့ခံမနေကြတော့ပဲ  လူစုလူဝေးတွေနဲ့ ချီတက်ဆန္ဒပြမှုတွေ၊ ဆူပူမှုတွေကို ရက်ဆက် ပြုလုပ်ကြပါတော့တယ်။ မီဒီယာတွေမှာလည်း စတုန်းဝေါ အဓိကရုဏ်းအကြောင်းကို အကျယ်တဝင့် ဖော်ပြခဲ့ကြပြီး လိင်တူချစ်သူတွေရဲ့ ဆန္ဒပြ ဆူပူမှုတွေဟာ ချီကာဂို၊ လော့စ်အိန်ဂျယ်လိစ်နဲ့ ဆန်ဖရန်စစ္စကိုတို့လို့ အခြားမြို့ကြီးတွေကိုပါ ပျံ့နှံ့သွားပါတယ်။ အရင်က တစ်နေရာရာမှာ စုဝေးပြီး ပုန်းလျှိုးကွယ်လျှိုး နေခဲ့ကြတဲ့ လိင်တူချစ်သူတွေဟာ လမ်းမတွေပေါ် ထွက်လာပြီး ထင်ထင်ပေါ်ပေါ် ချီတက်ဆန္ဒပြတာတွေ လုပ်လာကြပါတယ်။ ၎င်းအပြင် လိင်တူချစ်သူ အခွင့်အရေးတွေကို တောင်းဆိုရုံသာမကပဲ လိင်တူချစ်သူတွေအပေါ် အကာအကွယ် ပေးနိုင်ဖို့အတွက် Gay Liberation Front လို အဖွဲ့အစည်းမျိုးတွေကို စတင်တည်ထောင်ခဲ့ကြပါတယ်။ စတုန်းဝေါ အဓိကရုဏ်း ဖြစ်ပွား ခဲ့တဲ့ ဇွန်လ ၂၈ ရက်ကိုလည်း လိင်တူချစ်သူတွေရဲ့ ချီတက်လှုပ်ရှားမှု Prade Day အဖြစ် သတ်မှတ်ပြီး ချီတက်ပွဲတွေကို ဒီကနေ့အထိ နှစ်စဉ်နှစ်တိုင်း ကျင်းပခဲ့ကြပါတယ်။

စတုန်းဝေါ အဖြစ်အပျက်နောက်ပိုင်း လိင်တူချစ်သူများ အခွင့်အရေးဆိုင်ရာ တောင်းဆိုလှုပ်ရှားမှုတွေဟာ ပိုမိုပွင့်လင်း ရဲတင်းလာသလို၊ မလိုလားသူတွေဘက်ကနေ ဆန့်ကျင်မှုတွေဟာလည်း တန်ပြန်တဲ့အနေနဲ့ ပေါ်ပေါက်လာခဲ့ပါတယ်။ ၁၉၇၇ ခုနှစ်မှာ လိင်တူချစ်သူ နိုင်ငံရေးသမားတဦးဖြစ်တဲ့ ဟာဗေးမစ်ခ်ဟာ ဆန်ဖရန် စ္စကိုမြို့ အုပ်ချုပ်ရေးအဖွဲ့မှာ ရာထူးတစ်နေရာစာ ရွေးကောက်တင်မြှောက်ခံရပြီးတဲ့နောက် အမေရိကန်နိုင်ငံမှာ ပထမဦးဆုံး ပွင့်ပွင့်လင်းလင်း လိင်တူချစ်သူ အာဏာရ နိုင်ငံရေးသမားတစ်ဦးအဖြစ် စတင်ဖြစ်လာခဲ့ပါတယ်။ ဒါပေမယ့်လည်း သူ တာဝန်ထမ်းဆောင်နေစဉ်တုန်းမှာပဲ ၁၉၇၈ ခုနှစ်မှာ လိင်တူချစ်သူတွေအပေါ် မလိုလားတဲ့ သူ့ရဲ့ လုပ်ဖော်ကိုင်ဖော်ဖြစ်သူ နိုင်ငံရေးသမား ဒန်ဝှိုက်ဆိုသူက လုပ်ကြံသတ်ဖြတ်လို့ သေဆုံးခဲ့ရပါတယ်။ 

၎င်းအပြင် ဟာဗေးမစ်ခ်အနေနဲ့ မြို့တော်အုပ်ချုပ်ရေးအဖွဲ့မှာ ရွေးကောက်ခံရချိန်မှာပဲ မယ်အမေရိက ပြိုင်ပွဲဝင်တစ်ဦးအဖြစ် ထင်ရှားခဲ့တဲ့ အန်နီတာ ဘရိုင်ယန်ဆိုသူ အမျိုးသမီးဟာလည်း လိင်တူချစ်သူတွေကို တန်းတူ အခွင့်အရေးတွေ မပေးဖို့ လှုံ့ဆော်တဲ့ လှုပ်ရှားမှုတွေကို ပြုလုပ်ခဲ့ပါသေးတယ်။ သူမရဲ့ အဆိုအရ လိင်တူချစ်သူတွေဟာ ကလေးငယ်တွေကို အတုယူမှားစေတဲ့အတွက် ကျောင်းတွေမှာ လိင်တူချစ်သူ ဆရာ၊ ဆရာမတွေကို မခန့်အပ်နိုင်ဖို့အရေး ဥပဒေတရပ်အနေနဲ့ ပြဌာန်းပေးဖို့ အဓိကထား တောင်းဆို လှုပ်ရှားခဲ့ပါတယ်။ အဆို ပါ လှုပ်ရှားမှုရဲ့ အကျိုးဆက်အဖြစ် လိင်တူချစ်သူလို့ အထင်ခံရသူ ကျောင်းဆရာ အများအပြားဟာ အလုပ်ကနေ ထုတ်ပယ်ခံခဲ့ရပါတယ်။ ၎င်းအပြင် သူမဟာလည်း လိင်တူချစ်သူတွေရဲ့ အခွင့်အရေး ဆန့်ကျင်မှုအတွက် တန်ပြန်လှုပ်ရှားတဲ့ အမှတ်သင်္ကေတတစ်ခု ဖြစ်လာခဲ့ပါတယ်။



၁၉၇၉ ခုနှစ်မှာ ဆွီဒင်နိုင်ငံဟာ လိင်တူချင်း တပ်မက်တာကို စိတ်ရောဂါအဖြစ် သတ်မှတ်ထားခြင်းမှ ပယ်ဖျက်ပေးလိုက်တဲ့ ပထမဦးဆုံးနိုင်ငံ ဖြစ်လာခဲ့ပါတယ်။ အမေရိကန်နဲ့ အခြားနိုင်ငံတွေမှာလည်း အလားတူ သတ်မှတ်ချက်ကို ပယ်ဖျက်ပေးဖို့ ဆက်လက်လှုပ်ရှားခဲ့ကြပါတယ်။ 

အဲဒီနောက် ၁၉၈၀ ခုနှစ်တွေ ရောက်လာတဲ့အခါမှာလည်း လိင်တူချစ်သူ အခွင့်အရေး လှုပ်ရှားမှုတွေဟာ မှေးမှိန်မသွားသလို စိန်ခေါ်မှုအသစ်တွေလည်း ထပ်မံပေါ်ထွက်လာခဲ့ပြန်ပါသေးတယ်။ ၁၉၈၀ ခုနှစ်နောက် ပိုင်းမှာ လိင်တူချစ်သူ အမျိုးသားတွေကြားမှာ ထူးဆန်းပြီး ကုသဖို့ ခက်ခဲတဲ့ ရောဂါတစ်မျိုး  ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားလာပါတယ်။ နောင်အခါမှာ AIDS လို့ လူသိများလာတဲ့ ဒီရောဂါကြောင့် လိင်တူချစ်သူအရေး လှုပ်ရှားမှုအဖွဲ့တွေဟာ AIDS ရောဂါ ကာကွယ်ရေးနဲ့ ကုသရေးအပိုင်းကို အာရုံစိုက်လာခဲ့ကြရပါတယ်။ 

တချိန်တည်းမှာ လယ်စဘီယံလို့ခေါ်တဲ့ လိင်တူချစ်သူ အမျိုးသမီးတွေဟာလည်း ပင်မ လိင်တူချစ်သူများ အခွင့်အရေး လှုပ်ရှားမှု ရေစီးကြောင်းအောက်မှာ ပိုမိုပါဝင်လာခဲ့ကြသလို လယ်စဘီယံ အဖွဲ့အစည်းတွေကို သီးသန့်ဖွဲ့စည်းပြီး သီးခြားအခွင့်အရေး လှုပ်ရှားမှုတွေကိုလည်း လုပ်ဆောင်လာခဲ့ကြပါတယ်။ လိင်တူချစ်သူ လူနည်းစုအားလုံးကို ခြုံငုံမိစေဖို့ LGBT၊ LGBTIQ စတဲ့ စကားလုံးတွေကိုလည်း စတင်သုံးစွဲလာခဲ့ကြပါတယ်။ ကမ္ဘာလုံးဆိုင်ရာ လိင်တူချစ်သူတွေရဲ့ သမိုင်းဝင် အောင်မြင်မှုတရပ်အနေနဲ့ ၁၉၉၀ ခုနှစ်မှာတော့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်းကြီးဟာ လိင်တူချင်း တပ်မက်သာယာမှုကို စိတ်ရောဂါ အမျိုးအစားတရပ်အဖြစ် သတ်မှတ်ထားတာကနေ ပယ်ဖျက်ပေးခဲ့ပါတယ်။ အဆိုပါ ပယ်ဖျက်ခဲ့တဲ့နေ့ကို အစွဲပြုပြီး IDAHO (လိင်တူချစ်သူများ အပေါ် ရွံရှာမုန်းတီးမှုများအား ကန့်ကွက် ဆန့်ကျင်ရေး အပြည်ပြည်ဆိုင်ရာနေ့) အခမ်းအနားတွေကို ကမ္ဘာနဲ့ အဝှမ်းက မြို့ကြီးအသီးသီး၊ ဒေသအသီးသီးမှာ ယနေ့ချိန်အထိ နှစ်တိုင်းနှစ်တိုင်း ကျင်းပလေ့ရှိပါတယ်။

ယခင်က လိင်တူချစ်သူများ အခွင့်အရေးဆိုင်ရာ လှုပ်ရှားမှုတွေဟာ အမေရိကန်နဲ့ အနောက်ဥရောပ နိုင်ငံတွေမှာပဲ အများစု ဖြစ်ပေါ်နေခဲ့တာကနေ လွတ်လပ်ပွင့်လင်းလာတဲ့ အာရှနိုင်ငံတွေနဲ့ အခြားဒေသအသီးသီးက နိုင်ငံတွေဆီကိုလည်း စတင်ပျံ့နှံ့ ရောက်ရှိလာခဲ့ပါတော့တယ်။ ၁၉၉၄ ခုနှစ် ဇွန်လ ၂၄ ရက်နေ့မှာ အာရှတိုက်ရဲ့ ပထမဦးဆုံး လိင်တူချစ်သူများ ချီတက်လမ်းလျှောက်ပွဲကို ဖိလစ်ပိုင်နိုင်ငံမှာ ကျင်းပနိုင်ခဲ့ပါတယ်။ အိန္ဒိယနိုင်ငံမှာလည်း ဆန့်ကျင်ဖက်လိင်လို ဝတ်စားဆင်ယင် နေထိုင်ကြတဲ့ လိင်တူချစ်သူတွေကို တတိယလိင်အဖြစ် အသိအမှတ်ပြုပေးဖို့ Hijra လို့ခေါ်တဲ့ တက်ကြွလှုပ်ရှားသူတွေက တောင်းဆိုလာကြပါတယ်။ လက်တင်အမေရိကနိုင်ငံတွေမှာလည်း လိင်တူချစ်သူတွေ အထူးသဖြင့် ဆန့်ကျင်ဖက်လိင်လို ဝတ်စားဆင်ယင်တဲ့ လိင်တူချစ်သူတွေအပေါ် ရဲတွေရဲ့ အခွင့်အရေးယူ နှိပ်ကွပ်မှုတွေကို အရေးယူပေးဖို့ Travesti ဆိုတဲ့ အဖွဲ့ တွေက တောင်းဆိုခဲ့ကြပါတယ်။ 

ဒီလိုနဲ့ မျက်မှောက်ခေတ်အထိ လိင်တူချစ်သူများအရေး လှုပ်ရှားမှုတွေမှာ အသိအမှတ်ပြု လက်ခံမှုနဲ့ ဖိနှိပ်တားဆီးမှုဆိုတဲ့ အစွန်းနှစ်ဖက်လုံးကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ ၂၀၀၁ ခုနှစ်မှာတော့ နယ်သာလန်နိုင်ငံဟာ လိင်တူချင်း လက်ထပ်ထိမ်းမြားမှုကို တရားဝင် အသိအမှတ်ပြုတဲ့ ပထမဦးဆုံးနိုင်ငံ ဖြစ်လာခဲ့ပါတယ်။ ဒီနေ့ဒီအချိန်မှာတော့ ဆွီဒင်၊ ဘယ်ဂျီယံ၊ အာဂျင်တီးနား၊ ကနေဒါ၊ အိုက်စလန်၊ နော်ဝေ၊ တောင်အာဖရိက၊ စပိန်၊ ပြင်သစ်၊ အင်္ဂလန်၊ ပေါ်တူဂီ၊ ဒိန်းမိတ်၊ ဥရုဂွေး၊ ဘရားဇီးနဲ့ နယူးဇီလန်နိုင်ငံတွေဟာ လိင်တူချင်း လက်ထပ် ထိမ်းမြားခွင့်ကို တရားဝင်အသိအမှတ်ပြု လက်ခံခဲ့ပါပြီ။ အမေရိကန်နိုင်ငံမှာ ပြည်နယ်ပေါင်း တစ်ဆယ့်လေး ပြည်နယ်ဟာ လိင်တူချင်း လက်ထပ်ခွင့်ကို တရားဝင် လက်ခံအသိအမှတ်ပြုခဲ့ပြီ ဖြစ်ပါတယ်။



၂၀၀၆ ခုနှစ် အောက်တိုဘာလအတွင်း အင်ဒိုနီးရှားနိုင်ငံ ဂျော်ဂျာကာတာမြို့မှာ ထုတ်ပြန်ခဲ့တဲ့ ဂျော်ဂျာကာတာ ကြေငြာစာတမ်းမှာ လိင်စိတ်ခံယူမှု၊ လိင်စိတ်ကွဲပြားမှုနဲ့ သက်ဆိုင်တဲ့ အချက်တွေကို အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး မူဘောင်များအရ အခြေခံလူသားအခွင့်အရေး ရပိုင်ခွင့်တစ်ခုအဖြစ် ထည့်သွင်းခဲ့ပါတယ်။ လူ့အခွင့်အရေးဆိုင်ရာ အထူးကျွမ်းကျင်ပညာရှင်တွေ၊ လိင်စိတ်ခံယူမှုဆိုင်ရာ တတ်သိကျွမ်းကျင်သူ ပညာရှင်တွေ ပြုစုခဲ့တဲ့ အဆိုပါ ဂျော်ဂျာကာတာ ကြေငြာစာတမ်းလာ အချက်တွေဟာ လိင်တူချစ်သူတွေရဲ့ လူ့အခွင့်အရေးတွေနဲ့ ပတ်သက်ပြီး တစ်ကမ္ဘာလုံးက လိုက်နာကြရမယ့် လိင်တူချစ်သူများ လူ့အခွင့်အရေး အခြေခံမူတွေ ဖြစ်လာပါတယ်။ 

၂၀၁၁ ခုနှစ်ကစပြီး ကမ္ဘာ့တဝှမ်း လိင်တူချစ်သူတွေရဲ့ လူ့အခွင့်အရေးဆိုင်ရာ လှုပ်ရှားမှုတွေဟာ ပိုမို တိုးတက် မြန်ဆန်လာခဲ့တယ်လို့ ဆိုနိုင်မှာ ဖြစ်ပါတယ်။ အဆိုပါနှစ်အတွင်း အိန္ဒိယနိုင်ငံမှာ ဗြိတိသျှကိုလိုနီ လက်ထက်ကတည်းက ပြဌာန်းထားခဲ့တဲ့ ပုဒ်မ ၃၇၇ ကို အိန္ဒိယနိုင်ငံရဲ့ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေလာ ပြဌာန်းချက်တွေနဲ့ ဆန့်ကျင်နေတဲ့ ပုဒ်မအဖြစ် အိန္ဒိယနိုင်ငံရဲ့ ဒေလီအထက်တန်းတရားရုံးက ဆုံးဖြတ်ခဲ့ပါတယ်။ အလားတူပဲ အမေရိကန်နိုင်ငံမှာလည်း လိင်တူချစ်သူ စစ်သည်တွေနဲ့ ပတ်သက်ပြီး တပ်မတော်ဆိုင်ရာ ပေါ်လစီ တရပ်ဖြစ်တဲ့ Don’t Ask, Don’t Tell ပေါ်လစီကို သမ္မတအိုဘားမား အာဏာရလာပြီးတဲ့နောက် ပယ်ဖျက်ပေးခဲ့ပါတယ်။ 

၂၀၁၂ ခုနှစ်မှာတော့ လိင်တူချစ်သူတွေအပေါ် စာနာနားလည် လက်ခံပေးနိုင်စွမ်းရှိတဲ့ နိုင်ငံရေးသမားတွေ အာဏာစင်မြင့်ပေါ်ကို ရောက်လာခဲ့ကြပါတယ်။ အဆိုပါ နိုင်ငံရေးသမားတွေ အာဏာရလာပြီးတဲ့နောက် လိင်တူချစ်သူတွေအပေါ် လူ့အခွင့်အရေးအရ အကာအကွယ်ပေးနိုင်တဲ့ ဥပဒေတွေကို ပြဌာန်းနိုင်လာအောင် လုပ်ဆောင်ခဲ့ကြပါတယ်။ ၂၀၁၃ ခုနှစ်မှာတော့ ပြင်သစ်နိုင်ငံ၊ အင်္ဂလန်နိုင်ငံ၊ စကော့တလန်နိုင်ငံ၊ ဥရုဂွေးနိုင်ငံ၊ နယူးဇီးလန်နိုင်ငံတွေက လွှတ်တော်အသီးသီးမှာ လိင်တူချစ်သူတွေအတွက် လက်ထပ်ထိမ်းမြားခွင့် ခံစားခွင့်ပြုရေးဥပဒေနဲ့ ခွဲခြားဆက်ဆံမှု တိုက်ဖျက်ရေးဆိုင်ရာ ဥပဒေတွေကို ရေးဆွဲအတည်ပြုမှုတွေ ပြုလုပ်နိုင်ခဲ့ကြပါတယ်။ အလားတူပဲ အမေရိကန်နိုင်ငံမှာဆိုရင်လည်း သမ္မတကလင်တန် လက်ထက်ကတည်းက လွှတ်တော်မှာ ပြဌာန်းခဲ့တဲ့ DOMA (Defense of Marriage Act) လို့ခေါ်တဲ့ လက်ထပ် ထိမ်းမြားမှုဆိုင်ရာ ကာကွယ်ရေး ဥပဒေကို ဖယ်ဒရယ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေလာ ပြဌာန်းချက်တွေနဲ့ မကိုက်ညီတဲ့ ဥပဒေအဖြစ် ပြည်ထောင်စု တရားလွှတ်တော်ချုပ်က ၂၀၁၃ ခုနှစ်မှာ ဆုံးဖြတ်ခဲ့ပါတယ်။ အဆိုပါ သမိုင်းဝင် ဆုံးဖြတ်ချက်ကြောင့် အမေရိကန်နိုင်ငံတဝှမ်းမှာ နေထိုင်ကြတဲ့ လိင်တူချစ်သူ စုံတွဲတွေဟာ အာမခံကြေး၊ ပင်စင်နဲ့ အခွန်ဆိုင်ရာ အကျိုးခံစားခွင့်တွေမှာ အခြားလိင်တူချစ်သူ မဟုတ်ကြတဲ့ လင်မယားစုံတွဲတွေနည်းတူ ရရှိခံစားခွင့် ရှိသွားပြီ ဖြစ်ပါတယ်။ 

အခြားတစ်ဖက်မှာလည်း ဥရောပအရှေ့ပိုင်း၊ အရှေ့အလယ်ပိုင်းဒေသနဲ့ အာဖရိကနိုင်ငံအချို့မှာ လိင်တူချင်း လက်ထပ်ထိမ်းမြားမှုကိုတောင် မဟုတ်သေးပဲ လိင်တူချင်း ဆက်ဆံမှုအတွက်တောင်မှ သေဒဏ်နဲ့ ကြီးလေးတဲ့ ပြစ်ဒဏ်တွေ ချမှတ်ပြီး အရေးယူနေတာကို တွေ့ရှိနေရဆဲ ဖြစ်ပါတယ်။ ရုရှားနိုင်ငံဟာ လိင်တူချစ်သူတွေအပေါ် ပိုမိုတိုးမြှင့်ပြီး ဖိနှိပ်လာတာကို တွေ့နေရပါတယ်။ ၂၀၁၃ ခုနှစ်မှာ Gay Propaganda Law လို့ ခေါ်တဲ့ အများပြည်သူ မြင်ကွင်းမှာ လိင်တူချင်း ချစ်တာကို ဖော်ပြမှုအား တားမြစ်အရေးယူနိုင်မယ့် ဥပဒေ၊ လိင်တူချစ်သူတွေအပေါ် ကလေးမွေးစားခွင့်ကို တားမြစ်နိုင်မယ့် ဥပဒေတွေကို ရုရှားနိုင်ငံအနေနဲ့ ပြဌာန်းခဲ့ပါတယ်။ လိင်တူချင်း လက်ထပ်ခွင့်ကို တရားဝင် ခွင့်ပြုတဲ့ နိုင်ငံတွေအပါအဝင် လိင်တူချင်း ဆက်ဆံမှုကို ရာဇဝတ်မှုအဖြစ် သတ်မှတ်ပြီး ပြင်းပြင်းထန်ထန် အပြစ်ပေးနေတဲ့ နိုင်ငံတွေကို ILGA (International Lesbians and Gay Association) အဖွဲ့က ၂၀၁၃ ခုနှစ်မှာ ထုတ်ပြန်ခဲ့တဲ့ မြေပုံမှာ အသေးစိပ် ကြည့်ရှုနိုင်ပါတယ်။ 

မြန်မာနိုင်ငံမှာလည်း ဗြိတိသျှအစိုးရ လက်ထက်ကတည်းက ရှိနေခဲ့တဲ့ သဘာဝမကျသော နည်းလမ်းနဲ့ လိင်ဆက်ဆံမှုအပေါ် ရာဇဝတ်မှုအဖြစ် သတ်မှတ်အရေးယူနိုင်တဲ့ ပုဒ်မ ၃၇၇ လို့ခေါ်တဲ့ ဥပဒေကို ပယ်ဖျက်ဖို့ ကျန်ရှိနေဆဲ ဖြစ်ပေမယ့် အပြုသဘောဆောင်တဲ့ တိုးတက်မှုတွေကို အများကြီး တွေ့လာရပြီ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်မှာ လိင်တူချစ်သူများအပေါ် ရွံရှားမုန်းတီးမှုများ ပပျောက်ရေး အပြည်ပြည်ဆိုင်ရာနေ့ (IDAHO) အခမ်းအနားကို ရန်ကုန်အပါအဝင် အခြားမြို့ကြီးတွေမှာ ပထမဦးဆုံးအကြိမ် စတင်ကျင်းပခွင့် ရရှိခဲ့ပြီး ပြည်တွင်း ပြည်ပမှာရှိတဲ့ မီဒီယာအသီးအသီးမှာ ဝေဝေဆာဆာ ဖော်ပြခံခဲ့ရပါတယ်။ လိင်တူချစ်သူတွေရဲ့ လူ့အခွင့်အရေးနဲ့ ပတ်သက်တဲ့ သင်တန်းတွေ၊ ဟောပြောလှုပ်ရှားမှုတွေဟာလည်း သိသိသာသာ တိုးပွားလာနေပြီ ဖြစ်ပါတယ်။ မြန်မာ့လူ့အဖွဲ့အစည်းထဲမှာလည်း လိင်တူချစ်သူတွေရဲ့ အခန်းကဏ္ဍကို ပိုမိုနားလည် လက်ခံလာပြီ ဖြစ်တာမို့ မြန်မာနိုင်ငံက လိင်တူချစ်သူတွေရဲ့ အနာဂတ်ဟာ မျှော်လင့်ချက် ရောင်ခြည်တွေ ပိုမိုတောက်ပလာပြီလို့ ဆိုနိုင်မှာ ဖြစ်ပါတယ်။

No comments: