ညအိပ်မီးရဲ့ အလင်းဖျော့ဖျော့အောက်မှာ
သူခပ်ငူငူထိုင်ရင်း စားပွဲခုံပေါ်တင်ထားတဲ့ ဖုန်းကို မမှိတ်မသုန်ကြည့် နေမိသည်။
သူ့ပုံစံက မကြာခင်သောကာလမှာ သေမိန့်ချခံရတော့မည့် ရာဇ၀တ်သားတစ်ယောက်ပမာ ခြောက်ခြားတုန်ရီလွန်းလှသည်။
ညတာသည် ရှည်လွန်းလေစွ။ ထိုစဉ်ဖုန်းရဲ့ ဖလက်ရှ်မီးက ဖျက်ကနဲ တစ်ချက်လင်းကာ
မက်ဆေ့စ်တစ်စောင်ဝင်လာသည့် သင်္ကေတလေး ဖုန်းမျက်နှာပြင်မှာပေါ်လာသည်။
ဒီးကနဲတစ်ချက်တုန်သွားသောဖုန်းကို ကောက်ယူပြီး အသစ်ဝင်လာသောမက်ဆေ့စ်ကို သူ
လေးကန်သော လက်အစုံဖြင့် ဖွင့်ဖတ်လိုက်သည်။
“ကျွန်တော့်အနားကထွက်သွားပေးပါတော့……ကျွန်တော် ခင်ဗျားကို ဘယ်တော့မှမချစ်နိုင်ဘူး….အဲ့ဒါသေချာ တယ်…..ကျွန်တော် စိတ်ကစားမိခဲ့တာပါ….Sorry”
“ကျွန်တော့်အနားကထွက်သွားပေးပါတော့……ကျွန်တော် ခင်ဗျားကို ဘယ်တော့မှမချစ်နိုင်ဘူး….အဲ့ဒါသေချာ တယ်…..ကျွန်တော် စိတ်ကစားမိခဲ့တာပါ….Sorry”
မျှော်လင့်ပြီးသားစကားဖြစ်ပေမယ့်
သူ့မျက်ဝန်းတို့စိုစွတ်သွားခဲ့ရသည်။ နှုတ်ခမ်းက နာကျင်စွာပြုံးရင်း သူ့ဖုန်းကို
အဓိပ္ပာယ်မဲ့စွာ ကြည့်နေမိသည်မှာ မည်မျှကြာသည် မသိ။ သူ ဖုန်းနံပါတ်တွေကို
တဆတ်ဆတ်နှိပ်ရင်း ဖုန်းခေါ်လိုက်သည်။
ဖုန်းမြည်သံဆုံးသွားသည်အထိ
ဖုန်းကိုမကိုင်သဖြင့် ဖုန်းသံတတူတူက နားဆူစွာထွက်လာ သည်။အိပ်ရာဘေးစားပွဲပေါ် တင်ထားသောရေပုလင်းမှ
ရေကို တစ်ခွက်ငှဲ့သောက်ရင်း သူ အိပ်ရာထက်က ဖြေးညင်းစွာထလိုက်သည်။ညဝတ်အင်္ကျ
ီကြိုးစကိုခပ်လျော့လျော့ပြင်ရင်း ဝရံတာကိုထွက်လာလိုက်သည်။ ပြတင်းဝက
တိုက်ခတ်လာသော လေနုအေးမှာ သူ့ရင်တွင်းအပူကို မအေးမြနိုင်။
ရန်ကုန်မြို့ရဲ့ညကိုကြည့်ရင်း သူ တစ်စုံတရာကို ပြင်းပြစွာ သတိရမိသွားသည်။
''ဟင့်အင်းး'' သူခေါင်းကို တစ်ချက်ခါလိုက်မိသည်။
မေ့သင့်တဲ့အချိန်မှာ
နာကျင်စရာတွေတွေးသင့်တယ်။ သူက……သူက
သူ့ရင်ဘတ်ထဲတင်းကြပ်စွာဆို့နင့်လာရင်း….မျက်ရည်စီးကြောင်းက
ပါးပြင်ပေါ်စီးကျလာသည်။ သူမတ်တပ်ရပ် နေရာမှ တဖြည်းဖြည်းထိုင်ကျသွားပြီးနောက်
သည်းထန်စွာငိုကြွေးမိတော့သည်။
ဘ၀မှာ နောက်ထပ်ဆုံးရှုံးစရာ
မကျန်တော့လောက်အောင် သူ့နှလုံးသားသည် မွမွကြေလျက်။
“ဘာ့ကြောင့်လဲ……..ဘာလို့လဲ…. ‘မိုးစစ်’…..မင်းအပေါ်
ငါ့အချစ်မစစ်ခဲ့လို့လား…..ဒါမှမဟုတ် ငါချစ်တာကို မင်း မမြင်တာလား
ကလေးရယ်…..ငါ..ငါရူးတော့မယ်ကွာ…”
+++++++++++++++++++++++
သာယာကြည်လင်သောညနေခင်းတစ်ခုမှာ ပြင်းရှရှကော်ဖီတစ်ခွက်နဲ့အတူ သူ ငြိမ်သက်စွာထိုင်နေမိသည်။
သူ ကော်ဖီကြိုက်သည်ထက် ပိုမိုစိတ်ဝင်စားစေသည်က
ဆိုင်အပြင်ဘက် နံဘေးတလျောက်ရှိ မုန့်ဆိုင်သေးသေး လေးတွေနဲ့
စည်ကားနေသောလမ်းလေးပင်ဖြစ် သည်။ ဒီနေရာလေးက လူစုံသည်။ အဆောင်နေသူများ၊
သင်တန်းတက်သူများအပြင် ညနေခင်းဈေးတန်းလျောက်သူများ အများအပြား။ ဆိုင်အပြင်က
သွားလာလှုပ်ရှား နေသောလူတွေမှာ သက်ဝင်လှုပ်ရှားနေသော
ပန်းချီကားတစ်ချပ်နှယ်ပင်ဖြစ်သည်။ သူက လူတစ်မျိုး အဲ့သလို ရှုပ်ထွေးနေသောလူတွေကို
စောင့်ကြည့် ငြိမ်သက်ပြီးငေးရတာကို အလွန်နှစ်သက်သည်။ သူ ကြည့်နေရင်း မြင်ကွင်းထဲသို့
ခြေထောက်တစ်ဖက်တရွတ်တိုက်ရင်းဝင်လာသော ကောင်လေးတစ်ယောက် ရောက်လာသည်။ ဖြူစင်သော
အသားအရေကြောင့် မျက်နှာနီပြီးရှက်နေဟန်ပေါ်တာမို့ ကောင်လေးခြေထောက် ဆီသို့အရောက်မှာ
သူ တစ်ချက်ပြုံးမိသွားသည်။ သူပြုံးနေသည်ကိုမြင်သော ကောင်လေးက
စူပွပွတစ်ချက်လုပ်ပြီး ဟိုတစ်ဖက်ကို မျက်နှာလှည့်သွားသည်။ သူ
ခပ်ပြုံးပြုံးပဲဆက်ကြည့်နေမိလိုက်သည်။ ချစ်စရာလေး...ပဲ။ ကောင်လေးက မသိမသာ သူ့ကိုတစ်ချက် တစ်ချက်ခိုးကြည့်နေသည်ကို
သူ ကော်ဖီသောက်ရင်းငေးနေရတာ နှစ်ခြိုက်မိသလိုပင်။
အချိန်အတော်ကြာလာပြီ။ ကောင်လေးက
နေရာကမရွေ့သေး။သူ မနေနိုင်စွာ ထရပ်ပြီးထွက်လာခဲ့လိုက်သည်။
“ဘာကူညီပေးရမလည်း ညီလေး”
“ရတယ်အစ်ကို ဖိနပ်ပြတ်သွားလို့ပါ”
ကောင်လေးက ခပ်ရှက်ရှက်ပြောရင်း
ခေါင်းလေးမသိမသာငုံ့သွားခိုက် သူ့စိတ်ထဲ အားနာစွာဖြင့်…
“အစ်ကို လိုက်ပို့ပေးရမလား
ဘယ်ပြန်မလို့လဲ အကိုလည်းအခုပြန်တော့မှာ”
“ရပါတယ်ဗျ ကျွန်တော့်သူငယ်ချင်း ဖိနပ်လာပို့ပေးမှာပါ
ကျေးဇူးပါခင်ဗျာ”
“OK အဲ့ဒါဆို
အစ်ကို့ကိုခွင့်ပြုပါဦး”
သူ့အပြုံးတစ်ခုသည် နှလုံးသားကို
ကျင်စက်တစ်ခုနှင့်ထိခတ်လိုက်သလို မသိမသာတုန်ခါစေသည်။ အနည်းငယ် ခုန်လှုပ်နေသော
ရင်အစုံဖြင့် သူ ကားတံခါးကိုဖွင့်ကာ မိနစ်အနည်းငယ်ငြိမ်သက်နေရသေးသည်ကို ရှက်ရွံ့စွာပြုံး
မိသေးသည်။ သေချာတာကတော့ နောက်နေ့ပေါင်းများစွာကို ဒီဆိုင်လေးမှာ
ခြေချဖြစ်တော့မည်ထင်သည်။
+++++++++++++++++++++++++
နောက်ဆုံးကျန်သည့်
သုံးယောက်ကိုစောင့်နေရင်း သူ နာရီကိုတစ်ချက်ကြည့်လိုက်သည်။ နှစ်နာရီခွဲပြီ။
နံနက်ခင်း တစ်ခုလုံးမှာ နန်းကြီးသုပ်တစ်ပွဲအပြင် ဘာမှမစားရသေးသဖြင့် အစာအိမ်က
ဆန္ဒပြနေသည်။ အင်တာဗျူးလည်း သူ့အလုပ်ပင်။ သူဌေးတစ်ယောက်ရဲ့
လူယုံလူရင်းတစ်ယောက်လုပ်ရသည်မှာ တကယ်မစားသာ။ အင်တာဗျူးဖြေ မည့်
ကလေးတစ်ယောက်ဝင်လာသည်။ လိုအပ်သည်များကိုမေးမြန်းပြီး နောက်တစ်ယောက်၊ပြီးတော့
နောက်ဆုံးတစ်ယောက်။ ၀င်လာသောနောက်ဆုံးကောင်လေးကိုအမြင်မှာတော့ သူ့လက်က ဘောပင်သည်
ဖြတ်ကနဲ ခုန်ဆင်းသွားတော့သည်။
ကံတရားသည် ဆန်းကြယ်လေစွ။
ပြီးခဲ့သောတစ်ပါတ်လုံး သူသည် ကော်ဖီခွက်မြောက်များစွာဖြင့်
ခြောက်ခြောက်ခြားခြားဖြင့် ရှာဖွေနေမိခဲ့သည်။ တွေ့မယ့်တွေ့တော့လည်း သူ့ထံသို့
ဆိုက်ဆိုက်မြိုက်မြိုက်ပင်။ သူ ဒီကလေးကို အလုပ်ပေးရန်သေချာနေသော်လည်း
ဟန်မပျက်ဗျူးရသေးသည်။
“မိုးစစ်မင်း” တဲ့။
သူ့ပက်စ်ပို့ဆိုဒ်
ဓာတ်ပုံလေးကိုကြည့်ရင်း မြင်ရသောအပြုံးလေးများက အသက်ဝင်လှပနေသလိုခံစားရသည်။ ကိုယ်
လိင်တူခြင်းချစ်ကြိုက်တတ်တဲ့ ဂေးတစ်ယောက်ဆိုတာ တစ်နေ့နေ့တော့ဝန်ခံပြီး မင်းနဲ့ချစ်ရဖို့
နီးကပ်လာပြီ ထင်ပါတယ်။ မနက်ဖြန်ဆိုတာလေ ကိုယ့်အတွက် အဓိပ္ပာယ်တွေပြည့်ဝစပြုပြီပေါ့
မိုးစစ်ရယ်။
လရောင်ရဲ့ကား
ကုမ္ပဏီကားပါကင်မှာရပ်လိုက်သည်နှင့် အတူတူ စာရင်းလုပ်နေသည့် ကိုသူရိန်က “မိုးစစ်….မင်းအသဲတုန်းကြီးလာနေပြီ…သွားကြိုလိုက်ဦး”
“ဟာဗျာ မစစမ်းပါနဲ့….ကြားသွားဦးမယ်”
“ဟေ့ကောင် မင်းမှတ်ထားကွ….ဒီမှာ
ငါ့ထက်အရင်ရောက်နေတဲ့လူတွေအကုန်မေးကြည့် မင်းလိုအရေးပေး ဆက်ဆံခံရတဲ့သူရှိရင်
ငါ့ကိုလည်ပင်းလာဖြတ်လှည့်”
“တော်ပါဗျာ”
သူ စိတ်ပေါက်ပေါက်နဲ့ ကိုသူရိကို
ပိတ်ဟောက်ကာ ထွက်လာခဲ့လိုက်သည်။ ခေတ်ကာလသားသမီးပဲ ဒါကို မသိနေပါ့မလား။ ဒါပေမယ့်
လူ့ကျင့်ဝတ် လူ့သိက္ခာဆိုတာရှိသေးသည် မဟုတ်လား။ ကိုလရောက်ဘက်က သူ့အပေါ်
အလျော့ပေးဆက်ဆံတာတွေ၊ ချစ်ခင်မြတ်နိုးမှုပြတာတွေသိပေမယ့် သူ ဒါတွေကို အားလည်းနာ
စိတ်လည်း ကျဉ်းကြပ်လှပါသည်။ တော်ကြာ လူ့ပါးစပ်ဆိုတာပြော လို့မရ၊ ချူစားသည်ဟု
အပြောမခံလိုသောကြောင့် ခပ်ခွခွာနေသော်လည်း အလွန်စနောက်တတ်သော ရုံးက အစ်ကိုအစ်မတွေက
ကိုလရောင်လာတိုင်း သူ့လက်ဆွဲအိတ်ကို မိုးစစ်ကိုသာ ထွက်ယူခိုင်းသည်။
‘တင်’ကနဲမြည်သံအဆုံးမှာ ဓာတ်လှေကားရဲ့
တံခါးနှစ်ချပ်က လျောကနဲပွင့်သွားသည်။ တံခါးအပြင်မှာ သူ့ကိုကြိုဖို့ရောက်နေတဲ့
မိုးစစ် ကြောင့် သူ့ရင်သည်နွေးကနဲဖြစ်ကာ နှစ်နှစ်ခြိုက်ခြိုက်ပြုံးလိုက်မိသည်။
ဒီလို အဓိပ္ပာယ်ရှိသော မနက်ခင်းတိုင်းကို သူ ရူးမိုက်စွာ နှစ်ခြိုက် တတ်နေပြီဆိုတာ
သေချာခဲ့ပြီလေ။
မိုးစစ်က လရောင်လက်ထဲမှ
အိတ်ကိုလှမ်းယူရင်း လရောင်ကိုပြုံးပြလိုက်သည်။ လရောင်က ကြည်နူးစွာပြုံးရင်း “မိုးစစ်အတွက်
အစ်ကို နေ့လယ်စာပိုထည့်လာတယ် အစ်ကို့အခန်းမှာလာစားနော်….အခုလောလောဆယ်
အစ်ကို့ကားထဲထည့်ထားခဲ့တယ်”
“နေပါစေ
အစ်ကို….ထမင်းချိုင့်ယူလာပါတယ်”
“စကားများတာ ကိုယ်မကြိုက်ဘူး
မိုးစစ်…”
“……”
လရောင်ရဲ့ အခန်းထဲအရောက်မှာ မိုးစစ်က
ဖိုင်တွဲ၊ Laptop ကွန်ပျူတာအိတ်တွေကို စားပွဲခုံပေါ် သေချာတင်ရင်းလှည့်ထွက်မည်အပြု
“မိုးစစ်”
သူ့နောက်မှ လရောင်က
ခပ်တိုးတိုးခေါ်ရင်း မိုးစစ်အနားကို လျှောက်လာကာ အင်္ကျီ ကော်လာစလေးကိုသေချာထောင်ပေးရင်း
“အစ်ကို့ကို ခပ်ရှောင်ရှောင်မနေပါနဲ့လား မိုးစစ်ရယ် အစ်ကို…အစ်ကိုလေ”
လရောင်မျက်နှာသည် သွေးရောင်လွှမ်းလာကာ
စကားသံတို့ထေ့ငေါ့လျက် ….သူ့နှလုံးသားသည်လည်း ဦးစိုက်ဂျွမ်းပြန်မတတ်
လှုပ်ရှားခုန်ပေါက်လာသလို မိုးစစ်နားရွက်ဖျားတွေသည်လည်း ပူနွေးလာသည်။ ထိုစဉ်
ချက်ကနဲတံခါးဖွင့်သံနှင့်အတူ “ဟာ”
ဝန်ထမ်းတစ်ယောက်ရဲ့
အံ့သြမှင်သက်သံနှင့်အတူ သူနှင့်မိုးစစ်တို့ လူခြင်းခွာလိုက်မိသည်။
မိုးစစ်မျက်နှာမှာ ရှက်လွန်းသောကြောင့် ရဲရဲနီနေသည်ကိုကြည့်ပြီး
လရောင်စိတ်မကောင်း။ ၀န်ထမ်းကောင်လေးယူလာသော ဖိုင်တစ်ထပ်ကို သူလက်မှတ်ထိုးနေတုန်း
အခန်းထဲမှ တိတ်ဆိတ်စွာထွက်သွားသော မိုးစစ်ကို သူ့မျက်လုံးအိမ်ထောင့်မှ
ခပ်ရိပ်ရိပ်မြင်လိုက်ရသည်။ သူ ၀န်ထမ်းကောင်လေးကိုတစ်ချက်မော့ ကြည့်လိုက်သည်။
ကောင်လေးရဲ့ မျက်နှာက အားနာရိပ်တွေစွန်းထင်းစွာ….။
သူနားလည်သလို
တစ်ချက်ပြုံးလိုက်ရင်း “နောက်ဆို တံခါးခေါက်ပါ ညီလေး”
“တောင်းပန်ပါတယ်ဆရာ….ကျွန်တော်ရုတ်တရက်မို့..”
သူလက်ကာပြလိုက်ရင်း
“အခုအဖြစ်အပျက်ကသာမန်ပါပဲ….ဘာမှမထူးခြားပါဘူး…..ဒီကိစ္စကအပြင်ကို
စကားပြန်ရောက်ရင်သာ သာမန်ထက်ထူးတဲ့ကိစ္စဖြစ်လာမှာ….အဲတော့”
သူစကားကိုဖြတ်ပြီး ကောင်လေးမျက်နှာကို
အဓိပ္ပါယ်ပါစွာ တစ်ချက်ကြည့်လိုက်သည်။
“နားလည်ပါပြီဆရာ….ကျွန်တော်ဘာမှ
မမြင်ပါဘူး”
“အိုကေ….သွားလို့ရပြီ
ညီလေး”
ထွက်သွားသော
ဝန်ထမ်းလေးရဲ့နောက်ကျောကိုကြည့်ပြီး သူစိတ်မကောင်း။ အမိန့်သံမပါပေမယ့်
သူ့မျက်လုံးရဲ့ အကြည့်ကိုနားလည် စွာ မျက်နှာပျက်သွားသည်ကိုး…..ဟူး။
သူစိတ်ရှုပ်စွာ
ခေါင်းကဆံပင်ထဲကိုလက်ဆယ်ချောင်းထည့်ပြီး ထိုးဖွလိုက်မိသည်။ မစခင်ကတည်းက
စတင်လာတဲ့ပြဿနာ…အင်း… အချစ်….အချစ်….။
++++++++++++++++++++++
သာမန်ထက် အနည်းငယ်စောစွာ ရုံးဆင်းရင်း
သူ မိုးစစ်ရှိရာစားပွဲကို တစ်ချက်ကြည့်လိုက်သည်။ နေရာမှာရှိမနေ။ သူ တိတ်ဆိတ်စွာ
ကားပါကင်သို့ လျှောက်လာခဲ့လိုက်သည်။ သူ့ကိုမြင်တော့ ဒရိုင်ဘာကောင်လေးကပြေးလာကာ
တံခါးဖွင့်ရင်း “ဆရာမှာထားတဲ့ကောင်လေး ထမင်းဗူးလာမယူဘူးဆရာ”
သူရုတ်တရက်အံ့သြသွားသည်…။နောက်မှ
သတိထားမိကာ မျက်နှာကိုပြင်ရင်း “မင်း ဒီကနေ ကားစီးဖို့လွယ်လားညီလေး”
“ဟုတ်ကဲ့…..ကားမှတ်တိုင်က
ဒီထိပ်လေးတင်ဆရာ”
“အိုကေ….ဒီနေ့တော့
စောစောနားလိုက်ပေါ့ ကားကို အစ်ကိုပြန်မောင်းသွားလိုက်မယ်….နော်”
သူ
အိတ်ထဲက ငါးထောင်တန် ပိုက်ဆံတစ်ရွက်ကိုထုတ်ကာ ပေးလိုက်သည်။ ကားထဲဝင်ထိုင်ပြီး
စက်နှိုးကာ မိုးစစ်စီးနေကျ ဘတ်စ်ကားဂိတ်နားကို မောင်းလာပြီး စောင့်နေလိုက်သည်။
မကြာခင် ဒီကားဂိတ်ကို မိုးစစ် ကားလာစီးလိမ့်မည်။
သူတွေးရင်းတောင် ရင်အစုံက
တဖြတ်ဖြတ်တုန်အောင် ကြည်နူးလိုက်သည့်ဖြစ်ခြင်း။
မိုးစစ်ရယ်…..။
သူ တိုးဖွဖွ ရွတ်ဆိုမိသည်အထိ ထိုကောင်လေးက သူ့အားဖမ်းစားထားလေသည်။
ခဏအကြာမှာ မိုးစစ်နှင့်
ကောင်လေးတစ်ယောက် လမ်းလေးအတိုင်းထွက်လာကြသည်။
သူ့ကားကိုမြင်တော့ ကောင်လေးခြေလှမ်း
တုန့်ကနဲဖြစ်သွားပြီးမှ ဆက်လျှောက်သွားသည်။
သူ မြင်ကွင်းကိုတိတ်တဆိတ်ကြည့်နေတုန်း
မိုးစစ်က သူ့ကားရှိရာဖက်ကို လျှောက် လာပြီး ကားမှန်ကိုလက်ဖြင့်ခေါက်လိုက်သည်။
သူ
ကားမှန်ကိုခပ်လျောလျောဖွင့်ပေးပြီး မေးတစ်ချက်ဆတ်ပြလိုက်မှ “အော် ….မရပ်စဖူး
ရပ်ထားလို့ ဘာများဖြစ်နေလဲလို့”
“စိတ်ပူလို့လား မိုးစစ်”
“ပူတာပေါ့ဗျ…”
သူ့ရဲ့ပြုံးဟဟ အမေးကို မိုးစစ်က
စူပွပွဖြေရင်း နောက်မှ ‘ကိုယ့်အထက်လူကြီးမို့’ဟုခပ်တိုးတိုးပြောလေသည်။
“ကားပေါ်တက်…မိုးစစ်”
“ကျွန်တော်ပြန်တော့မှာ အစ်ကို”
သူ မိုးစစ်ကို
တစ်ချက်စိုက်ကြည့်လိုက်တော့မှ တစ်ဖက်ကိုကွေ့သွားပြီး ကားထဲဝင်ထိုင်သည်။
လရောင်ကားကို ကျင်လည်စွာမောင်းထွက် ရင်း “နေ့ခင်းက ဘာလို့ ထမင်းဗူးလာမယူတာလဲ
မိုးစစ်”
“…….”
“ဟင်…..လို့”
သူ့အသံကို လရောင် ပြန်လန့်သွားသည်အထိ
သူ့ရဲ့ ဟင်နဲ့လို့ကြားမှ အကွာအဝေးနဲ့လေသံသည် မိန်းမဆန်စွာ ချွဲ့နွဲ့လွန်းလှသည်
မဟုတ်လား။ မိုးစစ်နဲ့တွေ့တိုင်းသူသည် မိန်းကလေးဆန်ဆန်ချွဲ့နွဲ့ချင်မိသည်။
အရာရာစီမံနေရသော လူကြီးတစ်ယောက်အဖြစ်မှ အိမ်မွေးကြောင်တစ်ကောင်လို
အယုအယခံချင်မိသည့်သူ့အဖြစ်ကို သူ့ဘာသာပြန်သနားမိသွားရသည်။
“ကျွန်တော် ရှက်လို့ပါ….”
''ကျနော် ညနေပိုင်းစာသင်ရမယ် အစ်ကို
''
“ဖျက်လိုက်ပါ
မိုးစစ်….ကျေးဇူးပြုပြီး….ကိုယ် မိုးစစ်ကို လိုမယ်ထင်တာလေးတွေဝယ်ပေးချင်လို့”
“ဟင့်အင်း” မိုးစစ်နှုတ်ခမ်းက
ခပ်တိုးတိုး အသံလေးထွက်လာသည်။
“ကျွန်တော့်အတွက်မလိုပါဘူး
အစ်ကို….ကျွန်တော့်ကို ဒါတွေမ၀ယ်ခြမ်းပေးလည်း ကျွန်တော်…..အစ်ကို့ကို…” မိုးစစ်က
စကားကိုဖြတ်ကာ ရှေ့သို့ကြည့်နေသည်။
လရောင်မှာ
သူ့စကားတွေကိုမျှော်လင့်စွာဖြင့် “ဘာဖြစ်လဲ….ဟင်”
“အစ်ကို့ကို…..ခင်ပြီးသားပါ”
သူသက်ပြင်းတစ်ခုကို
တိုးတိတ်စွာချရင်း “လာပါ….ခဏတော့ဆင်းလိုက်…..အစ်ကို ဟိုနေ့ကျရင်
မိုးစစ်ကိုခေါ်သွားစရာပွဲတစ်ခုရှိလို့… မိုးစစ်က မော်ဒယ်လ်လည်းလုပ်တယ်ဆိုတော့”
အတင်းငြင်းဆန်နေသည့်ကြားက မိုးစစ်ကို
ဝယ်ခြမ်းပေးမိသည်။ အားနာနေသည့်မျက်နှာလေးကိုမြင်သော်လည်း သူမသိချင်ယောင် ဆောင်ကာ
ဒီလိုအတူသွားနေရသည့်အခွင့်အရေးကို ခပ်ကြာကြာဖန်တီးထားခြင်းပင်။ မသိမသာ
မိုးစစ်လက်မောင်းလေးကို ကိုင်ထား သော်လည်း မရုန်းတာမို့ ဒီညနေသည် သူ့အတွက်
အချစ်ရိပ်ညနေဆိုတာအသေအချာပင်။ သူ့ရဲ့ချစ်စိတ်သည် တရိပ်ရိပ်တိုးလာ လေသည်။
သူ့ဖက်ကတော့ သေချာခိုင်မာနေပြီဖြစ်သည်မို့ တနေ့နေ့တော့သူသည်….မိုးစစ်ကို….။
''ဟင် ''
မိုးစစ်ရဲနှုတ်ဖျားမှ အသံနှင့်အတူ
သူ့လက်ကိုလူးလွန့်ကာဖြုတ်ချလိုက်သောကြောင့် သူ အသံလာရာကို
ကြည့်လိုက်မိသည် ။
''သူက ဘယ်သူလည်း မိုးစစ် ''
''ကျွန်တော့့ချစ်သူပါ ''
သူ့ရင်အစုံသည်ရေခဲရေဖြင့်အဖျန်းခံလိုက်ရသလို
အေးစက်တောင်တင်းသွားသည် ။
ကောင်မလေးကသူတို့ရှိရာကိုပြုံးကာလျောက်လာရင်း
''ဈေးလာဝယ်တာလား မိုးစစ် ...ကြာ့ကိုတောင်မပြောဘူး
...ဖုန်းဆက်လည်းရရက်သားနဲ့ ...တိတ်တိတ်လေးလာတာ ဘာသဘောလည်း ...ပြော ''
ကောင်မလေးကချစ်စဖွယ်မျက်စောင်းလေးထိုးကာ
မိုးစစ်ပခုံးကိုသူ့ပခုံးလေးဖြင့် တိုက်ကာ ခနဲ့စကားဆိုသည် ။
သူမျက်နှာမထားတတ်စွာ မိုးစစ်ကိုကြည့်တော့ မိုးစစ်မျက်နှာကအားနာသလို
နဖူးကြောလေးကို ရှုံ့ထားသည်ကိုတွေ့ရသည် ။သူကအခြေအနေကိုဟန်မပျက်စွာ
ထိန်းရင်း ''အကိုက အရေးတကြီးခေါ်လာလို့ မိုးစစ်ကပါလာတာ ညီမလေး ..''
''ရတယ်အကို ...သူ့ကို ကြာကစတာပါ
...ရွှေကြာပါ အကို .. Private Teacher ပါ...အပြင်မှာတွေ့လည်းနုတ်ဆက်နိုင်ပါတယ်
အကို .... သူ့ကိုကြာက ဒီညနေမုန့်လိုက်ကျွေးခိုင်းထားတာမို့
အကိုလိုက်ရင်လိုက်ခဲ့ပါလား ''
ကောင်မလေးကခပ်ပြုံးပြုံးပြောရင်း
သူ့ကိုလက်ကမ်းပေးသည် ။
သူလက်ဆွဲနှုတ်ဆက်ရင်း သူ့အမည်ကိုပါမိတ်ဆက်တော့ကောင်မလေးကမျက်ခုံးပင့်ရင်း ဂရိတ်တွေပဲ လို့ခပ်တိုးတိုးရေရွတ်လိုက်သည့်  အတွက်သူလိပ်ပြာသိပ်မလုံချင်ဖြစ်သွားမိသည် ။နှုတ်ဆက်ပြီးထွက်လာချိန်မှာတော့ ကြာကမိုးစစ်ကိုအဓိပ္ပာယ်ပါသော မျက်ဝန်းတစ်စုံဖြင့်ခပ်စိုက်စိုက်ကြည့်သွားလေသည် ။သူတိုးတိတ်စွာ MKထဲဝင်လာပြီး အင်္ကျီတွေရွေးနေလိုက်သည် ။ ရွေးသာရွေးနေပေမယ့် မျက်စိထဲဘာ အရောင်မှသူမမြင်တော့ ။ပင်ပန်းနွမ်းနယ်သွားသည်မှာတကိုယ်လုံးကအားများကိုထုတ်ယူသွားသည့်နှယ် ။
''တောင်းပန်ပါတယ်
အကို....တောင်းပန်ပါတယ် ''
နောက်ပါးမှမိုးစစ်အသံက
တိုးတိုးလေးထွက်လာသည် ။သူလှည့်ကြည့်လိုက်တော့နောက်မှာ
ခပ်ယို့ယို့လေးရပ်နေရှာသည့်မိုးစစ် ။မျက်နှာကအားနာရိပ်စွန်းထင်လျှက် ။
သူမျက်နှာကို ပြုံးလိုက်ပြီး ''
မိုးစစ်ရယ်....တောင်းပန်စရာလား ....ဘာမှမဆိုင်တာတွေ...ရော့...ဒါလေး
ဖစ်တင်လုပ်ကြည့်စမ်း လိုက်မယ်ထင်တယ် ''
''.........''
သူ့ရဲ့ဟန်ဆောင်ခြင်းကိုနားလည်စွာ
မိုးစစ်ကအဝတ်လဲခန်းထဲဝင်ြီပီးလဲရှာသည် ။
အဝတ်လဲခန်းမှထွက်လာသောမိုးစစ်ကိုသူကြည့်ပြီးကျေနပ်လှစွာဖြင့် ''
သိပ်စမတ်ဖြစ်တယ်မိုးစစ်....သဘက်ခါညသွားမယ့်ပွဲမှာ မိုးစစ်ကို
ဒါရိုက်တာတစ်ယောက်နဲ့ချိတ်ပြီး ကင်မရာတက်စ်လုပ်မယ်...ကြိုးစားပါမိုးစစ်....မိုးစစ်ကို
ကိုယ်တောက်ပလင်းလက်တဲ့ကြယ်တစ်ပွင့်ဖြစ်စေချင်တယ် ....မိုးစစ်ဟာ မော်ဒယ်လ်ထက်
သရုပ်ဆောင်တစ်ယောက်ဖြစ်သင့်တဲ့ ရုပ်ရည်အဆစ်အပေါက်မျိုး
....ကိုယ့်အမြင်မမှားဘူးဆိုတာ ကိုယ့်မိတ်ဆွေ
ဒါရိုက်တာတစ်ယောက်ကလည်းထောက်ခံထားပြီးသား ... ''
သူအိမ်မက်ရင်းယောင်ရမ်းသူတစ်ယောက်လို
ပြောရင်းမိုးစစ်ကိုကြည့်သည် ။မိုးစစ်မျက်နှာက
ရုတ်ချည်းတောက်ပသွားသော်လည်း ချက်ချင်းတည်ငြိမ်သွားကာ ''ကျွန်တော့်အတွက်ဆိုရင်တော့
မလုပ်ပါနဲ့အစ်ကို ကျွန်တော်ကတော့ သာမန်ဘဝနဲ့ဘဲနေချင်တယ် ..ဒါကြောင့် သင်တန်းတက်ဖြစ်တာတောင်ကျနော်မော်ဒယ်
ဆက်မလုပ်တော့ဘူးး''
ကောင်တာကပြန်ပေးသော
ကဒ်ကိုယူရင်း လရောင်အပြင်ဘက်ကိုပြန်ထွက်လာသည်
။မိုးစစ်ကအထုတ်တွေဆွဲရင်း ''ဈေးတွေကြီးတယ် အစ်ကို
...ကျွန်တော်မယူချင်ဘူး လူပြောခံရမယ် ...အစ်ကို့စေတနာကိုနားလည်ပါတယ် ''
''ကြယ်ဆိုတာ
ကောင်းကင်ပေါ်ရှိသလို ကြာဆိုတာရေထဲရှိရတယ် မိုးစစ်...ဒါဟာ
နေရာမှန်ဖြစ်တာပါ ...သူ့နေရာနဲ့သူ ရှိရမယ်လေ
...မိုးစစ်ဆိုတာအောင်မြင်ထွန်းပေါက်နေရမယ် ....အစ်ကိုက
အရောင်တင်ပေးမှာ ..ဘာကြောင့်လည်းဆို ....ကိုယ်မိုးစစ်ကို
မြင်နေခွင့်ရချင်လို့ဘဲ....မိုးစစ် အရမ်းရူးသွပ်ပြီး ဝါသနာပါနေတာကို အစ်ကိုသိပြီးပြီ
ငွေကြောင့်နောက်ဆုတ်ရတာမျိုး အဖြစ်မခံပါနဲ့''
သူမိုးစစ်မျက်နှာကို တောက်ပရွှန်းစိုစွာကြည့်ရင်း
ပြောလိုက်သည် ။သူစိတ်ကူးပြီးသားကိစ္စမို့ နောက်လည်းမဆုတ်ချင်တော့ ။
ချစ်သူရှိမယ်ဆိုတာလည်း ဖြစ်နိုင်တာဘဲလေ
၊သူနားလည်ပေးနိင်အောင်ကြိုးစားရမှာပေါ့ ။ဦးဏှောက်က သိနေပေမယ့်
နှလုံးသားကမနာခံနိုင်တာကိုတော့ သူလည်းမတတ်နိုင် ။
ဒါပေမဲ့ အရာအားလုံးကိုအရှုံးပေးဖို့ပြင်ဆင်ထားတာကသာအကောင်းဆုံးဖြစ်ပေလိမ့်မည်
ဟူး…။
အညို
To be continued......
Note: စာရေးသူအညိုရဲ့ Facebook Page - အညို
No comments:
Post a Comment