Tuesday, February 5, 2013

Help (Episode 5)


“ဘာလဲချစ်လေး?” ကျွန်တော့်မှာစိုးရိမ်တဲ့အမူအရာတွေကို မထိန်းနိုင်မသိမ်းနိုင်ဘဲ မြတ်သူကိုမေးမိရပါတယ်။

မြတ်သူဘာစကားမှမဆို ကျွန်တော့်မျက်ဝန်းတွေကိုပဲ သူစိုက်ကြည့်နေရင်တော့ ပျော်ရွှင်နေတဲ့ ပုံပြင်တစ်ပုဒ်ကိုပဲ သူမြင်ရမှာပေါ့။ လှစ်ကနဲ သူ့မျက်နှာမှာအပြုံးတစ်ချက်ပေါ်လာတယ် အမျိုးတူလိင်တစ်ယောက်နှင့်ပဲ သာယာကျေနပ်မှုတွေ ပိုင်ဆိုင်ခဲ့တဲ့အဖြစ်ကို သတိထားမိရင်းထင်ပါ့။ အညိုရောင် ညှို့မျက်ဝန်းတွေနှင့် ကျွန်တော့်ကိုစိုက်ကြည့်နေတာများ သူ့လောက်ချစ်တတ်သူမရှိဆိုတဲ့ ဟန်နဲ့ပါလား။

“မင်းသိလား?” “တစ်ယောက်ယောက်ရဲ့ မျက်ဝန်းတွေထဲစိုက်ကြည့်လိုက်တာနဲ့ သူဘာပြောချင်တယ်ဆိုတာ သိနေတဲ့ ခံစားချက် တွေကလေ…”

ကျွန်တော်သူ့ကိုဘာတွေပြောနေလဲဆိုတဲ့အကြည့်တွေနှင့် ပြန်ငေးကြည့်မိပေမဲ့ ဘာမှပြန်မပြောမိ။ မြတ်သူကတော့ ရှက်ရယ်ရယ်နေတာ များ ဟက်ဟက်ပက်ပက်ပါ။ ချစ်စရာအိမ်မွေးခွေးပုလေးက ကိုယ့်ကိုမျက်ဝန်းဝိုင်းဝိုင်းလေးတွေနှင့် ကြည့်နေတဲ့ပုံမျိုးလေးသာ ကျွန်တော့် ကိုယ်ဟန်အမူအယာက ဖော်ပြနေမိပါတယ်။ မြတ်သူက သူလုပ်ဆောင်ခဲ့တာတွေအပေါ် ပျော်ရွှင်ကျေနပ်နေဟန်တူပါတယ်။ ချိုချို လွင်လွင် စကားတွေ ဆက်တိုက်ပြောနေတာကို ကျွန်တော်က နားရွက်ကလေးထောင်ထားပေးရုံပေါ့။

“လာကွာ…သွားစို့” မြတ်သူကလောနေတယ်။ “မကြာခင် မှောင်တော့မှာကွ”

“ဟုတ်ပါပြီ၊ ငါတို့နှစ်ယောက် အိမ်ကိုတန်းတန်းမတ်မတ်ပြန်ဖို့ ငါစဉ်းစားနေပါတယ်”

ကျွန်တော်တို့နှစ်ဦးသား မတ်တပ်ရပ် အ၀တ်တွေကို ကောက်ယူဝတ်ဆင်လိုက်ကြပါတယ်။ ချွေးရွှဲပြီး မောဟိုက်နေတဲ့ ကျွန်တော်တို့တွေ လယ်တောပြင်နှင့်ဝေးရာကိုသွားတဲ့လမ်းစီ စပြီးလျှောက်လှမ်းကြပါတယ်။ 

စိုက်လိုက်မတ်တပ် လျှောက်လှမ်းနေတဲ့ မြတ်သူ့လက်ကို ကျွန်တော် ရုတ်တရက်ဆိုသလိုဆွဲကိုင်လိုက်ပါရဲ့။ မြတ်သူ ကျွန်တော့်မျက်နှာကို ပြန်လှည့်ကြည့်လိုက်ရင်း လက်ကိုပြန်ဖျစ်ညှစ်ပါတယ်။ နှစ်ဦးသား မျက်ဝန်းခြင်းဆုံကာ ပြုံးမိလိုက်ကြပေမဲ့ ကျွန်တော့်မျက်နှာပေါ်က အပြုံးဟာ ကြာကြာမခံ စိုးရိမ်ကြောင့်ကြမှုနှင့်အတူ ပျောက်ကွယ်သွားမိပါရဲ့လေ။

“ဘာလဲ?” မြတ်သူကမေးခွန်းထုတ်တယ်။

ကျွန်တော် စကားပြန်မဆို မြတ်သူရဲ့ အခြားလက်တစ်ဖက်ကိုပါဆွဲကိုင်လိုက်ရင်း ထိတ်လန့်စိတ်တွေ မထိန်းနိုင်စွာ သူ့ကိုစကားပြော လိုက်ပါတယ်။

“မြတ်သူ၊ ငါ့ကို မင်း ကတိတစ်ခုလောက်ပေးစေချင်တယ်”

“ဘာကိုလဲ?” သူကတော့ ခပ်အေးအေးလေသံနှင့်တုန့်ပြန်တယ်ဗျ။

“ငါ့မိဘတွေ၊ ပြီးတော့ တခြားဘယ်တစ်ယောက်ကိုမှ ဖြစ်ပျက်ခဲ့တဲ့အခြေအနေနဲ့ပတ်သက်မှုကို မပြောပြစေချင်ဘူး”

မြတ်သူ ဆွံ့အစွာရပ်တန့်သွားတယ်။ သူဘာပြောချင်မှန်း မသေချာစွာဖြင့်ပေါ့နော်။ ဒါပေမဲ့ သူပြန်ဖြေပါတယ်။ “ဘိုဘို၊ ငါ မင်းအတွက် တစ်ခုခုလုပ်ပေးရမယ်ဆိုရင် အမြဲလိုလို ငါလုပ်ပေးခဲ့ လုပ်ပေးချင်ခဲ့တယ်။ ဒါပေမဲ့”

“ဘာဒါပေမဲ့လဲ မြတ်သူ……ပြောပါ ငါတောင်းပန်ပါတယ်ကွာ” ကျွန်တော်မထိန်းနိုင်စွာ စကားဖြတ်ပြောလိုက်တယ်။
“ဒါပေမဲ့!!” မြတ်သူက ဒီစကားကိုပဲ အသံကျယ်ကျယ်နဲ့ထပ်ပြောပါတယ်။ “ဒီကိစ္စက ဖုံးကွယ်ထားစရာကိစ္စတစ်ခုလို့ ငါမထင်ဘူး ဘိုဘို။ အရေးပါတဲ့ ဆက်ဆံပါတ်သက်မှုတစ်ခုကွ”

“ဟုတ်ပါတယ်…..ငါသိပါတယ်ကွာ။ ဒါပေမဲ့ ဘယ်သူ့မှ ဖြစ်ပျက်ခဲ့တဲ့အကြောင်းအရာတွေကို မသိမကြားစေချင်သေးဘူး”

“ဘယ်အကြောင်းကိုလဲ?” မြတ်သူက စိုးရိမ်မကင်းတဲ့လေသံနှင့် ထပ်မေးတယ်။

“ဘယ်အကြောင်းပဲဖြစ်ဖြစ်ကွာ!!!” ကျွန်တော်အလောတကြီးအော်ပြောလိုက်မိရဲ့။

မြတ်သူ့မျက်ဝန်းတွေက စိုးရိမ်မှုနှင့်အတူ စိတ်ထဲရောထွေးသွားဟန်ဖော်ပြနေပါတယ်။ ကျွန်တော့်မျက်ဝန်းတွေကို ငေးကြည့်ရင်း စူးစမ်း နေတာများ Puzzle တစ်ခုကို အဖြေထုတ်နေတဲ့ပုံစံမျိုး။ သူ့ဦးနှောက်တွေ Overtime ဆင်းပြီး ပိုအလုပ်လုပ်နေရတဲ့အတွက် ထင်ပါတယ်။ ဘာကိုလူတွေသိမှာ စိုးရိမ်နေတာလဲ? လယ်စောင့်တဲကြီးထဲပိတ်မိတဲ့အကြောင်း ဒါမှမဟုတ် အတူတူရှိနေခဲ့တဲ့ အကြောင်းလား? နုညံ့ သော….ငြင်သာသော….အားလျော့….စိုးရိမ်စိတ်ကဲသော အမေးစကားတွေထွက်လာပေမယ့် ကျွန်တော်ကတော့ မြေပြင်ကိုသာခေါင်းငုံ့ ကြည့်မိရဆဲပါ။

“ငါတို့…..ငါတို့အကြောင်းကို မင်းမသိစေချင်ဘူးဆိုရင် ငါတို့နှစ်ယောက်ရဲ့ပတ်သက်မှုအပေါ် ဘယ်လိုခံစားရမှာလဲ ဒါမှမဟုတ် မင်း လယ်တောအိမ်တဲမှာ ပိတ်မိတဲ့အကြောင်းကို ဖုံးကွယ်ထားချင်တာလား?”

“ဘိုဘို….ဘိုဘို ဘာပြဿနာရှိလို့လဲကွာ။ ငါ့ကို ရှင်းရှင်းပြောပါလား….အဓိပ္ပာယ်မရှိဘူးဆိုရင်တော့ ငါမလုပ်နိုင်ဘူးဗျ။ မင်းကို ဘာကူညီ ရမှာလဲ? မင်းအဲသည်လို ငြိမ်မနေနဲ့လေ ငါပြောတာကောကြားလား?”

“ငါ….မင်းကိုပြောပြချင်ပါတယ် မြတ်သူ၊ ဒါပေမဲ့ ရှုပ်ထွေးလွန်းတယ်”

ကျွန်တော်နားလည်ပါတယ် သူဘယ်လိုခံစားနေရတယ်ဆိုတာ။ သက်သောင့်သက်သာမရှိ၊ စိုးရိမ်စရာ အဖြစ်အပျက်တွေရင်ဆိုင်ရတော့ မှာလား? အတွေးမျိုးစုံရောယှက်နေတဲ့အကြည့်တွေကို မြင်နေရပါတယ်။ ကျွန်တော့်စိတ်ထဲမှာ ခံစားနေမိတာက ထူးဆန်းတယ် မပြောရုံ တစ်မယ် လယ်တောစပ်က မြက်ခင်းပြင်ပေါ်ဖြစ်ခဲ့တာ တခြား…ဟုတ်တယ် တခြားသောဟာတွေအားလုံး အရင်က မဖြစ်ပျက်ခဲ့ဖူးဘူးလို့ ယူဆချင်ပြန်နေတာပါ။ သူ့အတွက်ပြဿနာက ကျွန်တော်တို့နှစ်ယောက်ကြား ပေါင်းသင်းဆက်နွယ်မှုအပေါ် အသိအမှတ်ပြုမှုမခံရမှာ ကို စိုးရိမ်စိတ်ကဲနေတာထင်ပါတယ်။
ကျွန်တော်သိပါတယ် မြတ်သူ့ကိုယုံကြည်နိုင်ခဲ့တယ်လို့လေ။ ဒါကျွန်တော် အဦးဆုံးသတိပြုမိတဲ့အရာပါ။ ကျွန်တော့်သူငယ်ချင်း ကျွန်တော့်ချစ်သူဖြစ်ရခြင်းကလည်း ယုံကြည်ကိုးစားမှုအပြည့်ရှိနိုင်ခြင်းကြောင့်ဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် ကူညီဖို့၊ အဆင်ပြေအောင် လုပ်ပေးဖို့ဆိုတာ မြတ်သူရဲ့သံယောဇဉ်တွေဖြစ်မယ်။ အကောင်းဆုံးသူငယ်ချင်းကောင်း၊ လိုအပ်ချိန်တိုင်း လိုအပ်နေဦးမယ့်လူလို့ ကျွန်တော့်စိတ်ထဲ ဆုံးဖြတ်ထားပါတယ်။

“ဘိုဘို၊ It’s ok ဘာပဲဖြစ်ဖြစ် ငါ့ကိုပြောနိုင်တယ်ကွာ”

ဒီလိုစကားမျိုးက သူ့ကိုချစ်စကားဖွင့်မပြောခင်ထဲက ကျွန်တော်ကြားဖူးပြီးသား။ မြတ်သူရဲ့ ဒီတစ်ခါတုန့်ပြန်မှုကတော့ သက်သောင့် သက်သာမဟုတ် သိလိုစိတ်ပြင်းပြစွာ မသိရတော့မယ့်အကြောင်းအရာကိုသိချင်နေတဲ့အတိုင်းပါပဲ။ ကျွန်တော်တို့ဖြစ်ပျက်ခဲ့တဲ့ အရှုပ် အထွေးတွေက ရုန်းမထွက်နိုင်ဘူးဆိုရင် ကျွန်တော်တို့ရဲ့ဆက်ဆံရေးက အမှိုက်ပုံးဖြစ်နေဦးမှာ။

ဟူး….မပြောဘဲနေရင်လည်း မြတ်သူ့စိတ်ထဲ မရေရာ မသေချာမှုတွေကို ပိုမိုဖြစ်တည်စေဦးမှာပါ။

“အိုကေ…..မြတ်သူ” ကျွန်တော် မြတ်သူရဲ့မျက်ဝန်းတွေကိုသေချာစိုက်ကြည့်ပြီးစကားစလိုက်တယ်။ “ငါ မင်းကိုပြောမှာပါ မြတ်သူ၊ ဒါပေမဲ့ ငါတို့နှစ်ယောက် လယ်တဲအိမ်ဝန်းကျင်မှာ ဖြစ်ပျက်ခဲ့တဲ့ကိစ္စကို ဘယ်သူ့ကိုမှမပြောပြဘူးလို့ မင်းကတိပေးနိုင်မလား?”

“ကောင်းပြီ” မြတ်သူက ကျွန်တော့်ပြောစကားကို တည်တည်ငြိမ်ငြိမ်ပဲ လက်ခံခဲ့ပါတယ်။ “ငါ ဘာကိုမှ မပြောဘူးကွာ”

ကျွန်တော် အသက်ခပ်ပြင်းပြင်း ရှိုက်သွင်းလိုက်တယ် တစ်ချက်။

“ဟူး… မင်း ငါgayဆိုတာ ကောင်းကောင်းသိတယ်” ကျွန်တော် သက်ပြင်းတစ်ချက်ချလိုက်ရင်း ပြောလိုက်တာပေါ့နော် သူ့ကို။

“ကောင်းကောင်းကိုသိတာ” မြတ်သူက တည်ငြိမ်တဲ့လေသံနှင့် တုန့်ပြန်ပါတယ်။

ကျွန်တော်ပြောမယ်ဆိုပြီးမှ မြေပြင်ကို ခဏစိုက်ကြည့်ကာ ဘယ်စကားလုံးနှင့် သင့်တော်မလဲ ကြိုးစားတွေးတောမိပါရဲ့။

“အင်း……မင်း…..မင်းဟာ ငါ့အတွက် တစ်ယောက်တည်းသောသူ……ပြီး…..ပြီးတော့”

“ငါ….ကလပ်မှာရှိတဲ့ ညတုန်းက မင်းဖြစ်နေတာကို ကြည့်ကတည်းက ပုံဖမ်းလို့ရပါတယ်။ ဒါပေမဲ့ မင်း လူတိုင်းလိုလို တစ်ချိန်ချိန်တော့ ပြောခဲ့ဖူးမှာပဲ ဟုတ်တယ်ဟုတ်” မြတ်သူက အမေးထုတ်တယ်ဗျ။ “ဟေး…ငါ အခုခံစားနေရတဲ့အခြေအနေကလည်း အဲဒီအချိန်ကနဲ့ အတူတူပါပဲ။ မင်းကလွဲပြီး ဘယ်သူမှ ငါ့အကြောင်းကို မသိဘူး။ ဟုတ်တယ်…..ဟုတ်ပါတယ် ငါဟာ bisexual တစ်ယောက် ….အင်း ငါ့အထင်ပါ။ ပြီးတော့ gay စစ်စစ်တစ်ယောက်ရဲ့ ပုံစံနှင့်တော့ နည်းနည်းခြားနားမယ်။ ငါ လူတိုင်းနည်းပါးကို ပြောပြဖြစ်မှာပါ ငါ ဘာဆိုတာ”

မြတ်သူ တခြားဘာမှမပြောခင် ကျွန်တော်စကားဖြတ်ပြောလိုက်ပါတယ်။

“Yeah! ဒါပေမဲ့ အဲဒါက ငါ့အတွက် ခပ်ရိုးရိုး မဖြစ်ခဲ့ဘူးလေ”

“မင်းက ဘာအကြောင်းကိုပြောနေတာလဲ ? မင်းအဲဒါဖြစ်နေတယ်ထားဦး လူတွေကို ရှင်းပြလိုက်ရုံကလေးပါပဲကွာ။ သူတို့ နားလည်မှုပေးမှာ…”

 “ဒါပေမဲ့……ရှင်းပြရုံလေးပဲ?” လူတိုင်း နားလည်မှုမပေးနိုင်ပါဘူး။ လူတစ်ချို့ကတော့ မုန်းမှာ။ ဖြစ်ပျက်ခဲ့တာတွေအားလုံးက အမှားအယွင်းတွေ….သဘာဝကိုမကျဘူး….အရူးတွေလို့ သူတို့ထင်ကြမှာပါ”

“မင်းကရော…အဲလိုစဉ်းစားနေတာလား?”

“မဟုတ်ပါဘူး။ ငါ အဲ့လိုတော့ မစဉ်းစားမိပါဘူး….ဒါပေမဲ့”

“ဒါပေမဲ့က ဘာလဲ? ဒီအချက်တွေအားလုံးနဲ့တော့ မဟုတ်သေးဘူး မဟုတ်လား? ငါ့ကိုယုံစမ်းပါ ဘိုဘိုရာ လူတွေက မင်းအကြောင်းတွေ ကို ဂရုတစိုက်ရှိတယ်ဆိုရင်….ထားပါ အဲလို စပ်စပ်စုစုရှိတဲ့သူတွေလည်းရှိတာ ငါသိတယ်။ မင်း gay ဖြစ်တယ်ဆိုတာနဲ့တင် သူတို့ အတွက်အနှောင့်အယှက်ဖြစ်မသွားလောက်ပါဘူး။ သူတို့ဂရုစိုက်နေရင်လည်း မင်းပျော်ရွှင်နေရင်ပြီးပြီလေ။ သူတို့ ဂရုစိုက်ပြီး စပ်စုအပုပ် ချနေလည်း မင်းပျော်ရွှင်နေတာနှင့်စာရင် ဘယ်ဟာက ပိုအရေးကြီးလဲ…..ပြော?”

“ဒါပေမဲ့ သူတို့ ဂရုစိုက်မှာ သေချာတယ်ကွ!!!!”

ကျွန်တော် စိတ်လက်မာန်ပါ သူ့ကိုအော်ဟစ်လိုက်ပြီး စတင်ငိုကြွေးမိပါတယ်။ မျက်ရည်များဟာ ကျွန်တော့်မျက်နှာပြင်အနှံ့အရွှဲသားပါပဲ။ လမ်းမတလျှောက် အသားကုန်ပြေးတာ မြတ်သူ့မြင်ကွင်းကနေ လှစ်ကနဲပျောက်ကွယ်သွားလောက်အောင်ပါပဲဗျာ။ ငိုကြွေးတာကလည်း ပိုပိုစိတ်ပါလာရပါတယ်။

X          x           x

ဘိုဘိုဘာဖြစ်သွားတာလဲ နားမလည်ပါဘူး။ ဘိုဘိုတစ်ယောက် ဘာတွေကြောင့် ဘယ်လိုခံစားချက်တွေနှင့် ဆက်ဆံရေးတစ်ခုကို ဖုံးကွယ်ထားချင်နေရတာလဲဗျာ။ သူ ရှေ့ကိုတအားပြေးထွက်သွားတယ်။ နောက်ကနေ အပြေးလိုက်ရတာများ ဒီနေ့အတွက် တကယ့် မာရသွန်ပါပဲ။

“ဘိုဘို!!!”

“ဘိုဘို ငါ့ကိုစောင့်ဦးကွ!”

“ငါ့ကို တစ်ယောက်တည်းထားခဲ့ကွာ၊ မင်းငါ့ကို နားမလည်ပါဘူး မြတ်သူရာ”

“ဟုတ်ပြီ….ဟုတ်ပြီကွာ ငါမပြောဘူး” သက်ပြင်းမောကြီးချမိရပါတယ်။ ဘိုဘိုရဲ့အသိရခက်တဲ့ပြေးလွှားမှုကို ဘာကြောင့်လဲဆိုတာ အဓိပ္ပာယ်ဖော်ဖို့ ကြိုးစားမိရရင်းပါ။ “ဒါပေမဲ့….ဒါပေမဲ့….မင်းငါ့ကိုဖွင့်မပြောခဲ့ရင် နောက်ပြီး….နောက် ငါမပြောတော့ဘူးကွာ…”
ဘိုဘို တကယ့်အရှိန်နှုန်းမြင့်စွာပြေးထွက်သွားပါပြီ။ ဟား…သူ့ကိုမမြင်စေချင်၊ အကြောင်းပြမေးမြန်းမှုတွေကို မကြားချင်တော့ သယောင်ပါ။ မြန်နိုင်သမျှ မြန်နိုင်သမျှ ပြေးတာများ လွန်ခဲ့တဲ့ ၂၄နာရီအတွင်း လယ်တောပြင်ထဲက တဲအိမ်တစ်လုံးထဲအပိတ်ခံ ထားရတာကြောင့် အားရအောင် အရှိန်မြှင့်နေသလားထင်ရပါတယ်။ နှစ်ဦးသားကြား စကားမပြောဖြစ်တော့ သူ့အပြေးနှုန်းနောက်က လိုက်ပြေးရတာကလေ နောက်က ခွေးဆိုးတွေ အသားကုန်အလိုက်ခံနေရသလိုပဲဗျာ။

အိုး…..သူ အဝေးပြေးကားလမ်းရှိတဲ့ တောင်စောင်းဘက်ကို ပြေးသွားတာ….။

“ဘိုဘို!!!” ကျွန်တော်လှမ်းအော်လိုက်တယ်။ “ဘိုဘို…စောင့်ဦးလေကွာ”

“ငါတစ်ယောက်တည်းနေပါရစေ….မင်း ငါ့ကို နားမလည်ပါဘူး မြတ်သူရာ”

“မဟုတ်ဘူး!!! မင်းမှန်ပါတယ် ငါသိပ်နားမလည်ဘူးဆိုတာ” သက်ပြင်းမောကိုချပြစ်လိုက်ရပါတယ်။ ဘာကြောင့်သူ အဲ့သည်လောက် ခံစားပြီး ပြေးထွက်သွားရမှန်း ကျွန်တော်ဖမ်းမမိဘူး။ “ဒါပေမဲ့!!! မင်း…..မင်း ငါ့ကိုပြောမပြခဲ့ဘူး…..ပြီးတော့…..ပြီးတော့ ငါမပြောဘူး မလုပ်ဘူးကွာ မင်းသဘောမကျရင်”

ဘိုဘို အပြေးနှုန်းကို ပိုမြှင့်သွားတယ်။ သူ့ကိုမြင်ရဖို့ ခွင့်မပြုချင် သိချင်နေတဲ့အကြောင်းပြချက်ကို သူမပြောချင် နှစ်ဦးသားကြား တိတ်ဆိတ်မှုနှင့်သာ။ မြန်နိုင်သမျှမြန်မြန် သူပြေးတာများ လယ်တောအိမ်ထဲ အပိတ်ခံထားရတာကြာလို့ အားရှိနေသလားမှတ်တယ်။ သူ့နောက်ကနေ အပြေးလေးလိုက်သွားပေမဲ့ မှီတော့မမှီနိုင်သေးပါဗျာ။ မြင်တော့ လှမ်းမြင်နေရပါတယ် ခပ်ဝေးဝေးကနေပေါ့… ဟော….. Shit!! ကုန်ကားတစ်စီး….ကုန်တင်ကားတစ်စီး အဝေးပြေးလမ်းဘက်ကနေ ချိုးကွေ့မောင်းလာတယ်။ ဘိုဘိုနှင့်ဆိုရင်….. ဘိုဘိုနှင့်ဆိုရင် “ဘိုဘို!!! သတိတား….” အော်နိုင်သမျှ အသံကုန်အော်ဟစ်ပြီး စူးစူးရှရှ သတိပေးမိတာပါ။

ဘိုဘို သူငိုနေတာရော ပြေးနေတာရော အရှိန်လျော့ကာ ထရပ်ကားကြီးလာရာကို ကြောင်ပြီးကြည့်နေတယ်။ ၀မ်းနည်းနေတာ အရှက် သည်းနေတာ ဖုံးကွယ်ချင်နေတာတွေ အဝေးရောက်ကာ ထိတ်လန့်ရင်ဖိုဖွယ်အဖြစ်ကို သူမျက်နှာခြင်းဆိုင်နေရပြီ။ ကားသမား…. ဟုတ်တယ် ကားမောင်းသမားကလည်း ကားအရှိန်လျော့ကာ ဘရိတ်အသားကုန်ဆွဲလေပြီ။ ကားနှင့် လူတိုက်မိကာနီးအချိန်မှ ဘိုဘို သတိဝင်ကာ နောက်ကိုခုန်ဆုတ်လိုက်တော့ လမ်းဘေးတစ်နေရာသို့ အကျမတော် မျက်နှာနှင့် မြေပြင်အရိုက်။ အသားကုန် ပြေးသွားရပြီ ပေါ့...ဖြစ်ပျက်သမျှ ဘာမှမကူညီလိုက်နိုင်ခြင်းက ရင်ထဲစိုးရိမ်စိတ်ကို သည်းထန်စေပါတယ်။

“ဘိုဘို!!” ကပိုကရိုလဲနေတဲ့ သူ့ခန္ဓာကိုယ်ကို ပခုံးကနေဆွဲထူမကာ ရင်ခွင်ထဲထွေးပွေ့မိရရင်း အသည်းအသန်ခေါ်နေမိသည်လေ။ အိုး…. ဘိုဘို့မျက်နှာနုနုမှာ…..အာ…..နှာခေါင်းကနေ သွေးတွေစီးကျနေတာပဲဗျ။

“ဘိုဘို….ဘိုဘို ငါ့ကိုစကားပြောကွာ….ဘိုဘို…..တစ်ခုခုပြောကွာ….Oh God!! ဘိုဘို ငါ့ကို တစ်ခုခုပြန်ပြောလေကွာ….ဘာပဲဖြစ်ဖြစ် ပြော” စိုးရိမ်စိတ်နှင့်အတူ ဘိုဘိုခန္ဓာကိုယ်ကို ပွေ့ညှစ်လှုပ်ခါမိပါတယ်။ ချစ်သူငယ်ချင်းလေး ဆိုးဆိုးရွားရွားနာကျင်ထိခိုက်မှုတွေ မဖြစ်ပါစေနဲ့။

“ငါ ဘာမှမဖြစ်ဘူး မြတ်သူ!!” အညိုရောင်မျက်ဝန်းတွေ ပွင့်ဟလာပြီး စကားပြန်ပြောပါရဲ့။ ပွေ့ဖက်ထားမိတဲ့သူ့လက်တွေကို အသာ လှုပ်ရှားကြည့်ရင်း “ငါ့လက်….ငါ့လက်ကျိုးသွားသလားမသိဘူး နာလိုက်တာ” ဘိုဘိုတစ်ယောက် နာနာကျင်ကျင် ညည်းတွား ပါတယ်။

မြေပြင်ပေါ်လဲကျနေတဲ့ဘိုဘို့ကို ငြင်ငြင်သာသာ ဆွဲပွေ့ထားမိပေမဲ့ အတော်စိုးရိမ်သွားမိတာအမှန်ပါပဲ။ မျက်လုံးကိုဖွင့်စကားပြန်ပြောပြီး တုန့်ပြန်မှုလုပ်တော့ ၀မ်းသာရမှုက နှိုင်းမရပါလားလေ။ 

သူ့ကိုဖက်ထားတော့ ပြန်လည်ထွေးဖက်ခံရသလို ပခုံးပေါ်မေးတင်ပြီး ထိတ်လန့်မှုက လွတ်မြောက်ကာစ ငိုကြွေးမှုနှင့် ဖြေလျော့ပါတော့တယ်။ ဘိုဘို ကံကောင်းထောက်မစွာ အသက်ဘေးက ကင်းလွတ်ခဲ့ရ တာကို နှစ်ဦးသား မယုံနိုင်ကြသေးဘူး။ “ဒုန်း” ကားတံခါးပိတ်သံ….အိုး…..ကားတံခါးပိတ်သံကိုကြားမှ ကုန်တင်ကားမောင်းသူကို နှစ်ယောက်လုံး သတိပြုမိရတယ်။ ကားသမားမျက်လုံးကို ဖမ်းကြည့်ဖို့ ကြိုးစားကြတာ သူ…..ညိုညိုမောင်းမောင်း ထွားထွားကြိုင်းကြိုင်း ဒီလူကြီး လမ်းလျှောက်လာတာကိုက မြင့်မြင့်မားမား၊ မျက်လုံးတွေက စူးစူးရဲရဲ။ သူ့ကားကို အသားကုန် ဘရိတ်ဖမ်းလိုက်ရလို့ ဒေါသ ထွက်နေမလား? ဘယ်သူမှ ထိခိုက်မှု မရှိလို့ သူဝမ်းသာသွားသလား?

ဘိုဘိုအပါအ၀င် နှစ်ယောက်သားရဲ့ ဦးခေါင်းတွေက ကားသမားဆီမှာ မျက်နှာမူထားရတာက အဲ့ဒီလူရဲ့ body language ကနေတစ်ဆင့် သူ့သဘောထားကို သိမြင်လိုကြခြင်းပေါ့နော်။

တကယ့် ဘီလူကြီးပါပဲ မြေပြင်ပေါ်ထိုင်နေတဲ့ ကိုယ်တွေနဲ့ယှဉ်ကြည့်မိရင်လေ။ နှစ်ယောက်သားကို မိုးနေတာပဲ ဘေးမှာလာရပ်ပြီး ကြည့် တာ။

ကားသမားဆီက စကားသံကြားမှ သူ့ကိုကြည့် အတွေးဝင်နေတာတွေပြတ်တောက်သွားကြပါတယ်။ “ဟေ့ကောင်လေးတွေ အားလုံး အဆင်ပြေရဲ့လား? မင်း…ခုန်ဆုတ်လိုက်တာကောင်းသွားတယ်၊ မင်း အဲ့သည်နေရာမှာ ရပ်နေတာ ရုတ်တရက် သတိမထားမိလိုက်ဘူး ကွာ”

“ဟုတ်ကဲ့၊ ကျွန်တော်လည်း ထင်ပါတယ် အဲ့သည်လို” ဘိုဘိုက ခပ်ဖြေးဖြေးနှင့် ယုံကြည်မှုရှိရှိလေသံမျိုးနှင့် ပြန်ပြောလိုက်တယ်။

“ မင်း လက်ဘာဖြစ်သွားတာလဲ?” သူ ဘိုဘို့လက်ကိုသတိပြုမိသွားပြီးနောက်အမေးထုတ်တယ်။ လက်ကိုဆုပ်ကိုင်ထားပြီး ကြောက်လန့် နေတဲ့ မျက်နှာတွေကို သတိပြုမိသွားတယ်ထင်ပါရဲ့။ 

“တော်တော်နာနေပုံပဲ….ကျိုးများသွားသလား?”

“ဟုတ်တယ် ထင်တာပဲဗျ” သူ့ရဲ့ဘယ်ဘက်လက်ကို ညာလက်နှင့်ထိန်းကိုင်ရင်း ဘိုဘိုကပြန်ပြောတယ်။ “နာတာများ တကယ့်ကို မခံစားနိုင်လောက်အောင်ပါပဲဗျာ”

“အိုကေ၊ မင်းလက်မောင်းကော နာနေသေးလား?”

“ဟုတ်ကဲ့ဗျ”

“မင်း….ငါ့ကို ကိုထူးလို့ခေါ်လို့ရပါတယ်။ ငါတို့ မင်းမိဘတွေကိုအကြောင်းကြားပြီး ဘယ်လိုဖြစ်ကြတယ်ဆိုတာ ရှင်းပြကြရအောင်လား? မင်းတို့ထဲက တစ်ယောက်ယောက်များ လက်ကိုင်ဖုန်းပါကြလားကွ”

“ဟာ….မလုပ်ပါနဲ့ ကျွန်တော့်မိဘတွေကို အကြောင်းမကြားပါနဲ့ဗျာ” ဘိုဘို ပြာပြာသလဲဖြစ်သွားတယ်။ “ကျွန်တော်….ကျွန်တော် သူတို့ကို စိတ်မပူစေချင်ဘူးဗျာ”

“ဘိုဘို??” မေးခွန်းထုတ်တဲ့ လေသံနှင့်သူ့ကိုခေါ်လိုက်မိတယ်။

“မြတ်သူ……ငါတောင်းပန်ပါတယ် မြတ်သူရာ….ဒီအကြောင်းတွေကို သူတို့မကြားစေချင်ဘူးကွာ”

“မရူးစမ်းနဲ့ဘိုဘိုရာ….သူတို့ မကြာခင်မှာ သိသွားကြမှာပဲလေ”

“ထားလိုက်ကွာ…..ကျေးဇူးပြုပြီး”

ကုန်တင်ကားမောင်းသမားက “ကောင်းပြီလေ….ဒါပေမဲ့ ဆေးရုံကိုတော့ ငါလိုက်ပို့ပါရစေ ကောင်လေးတွေ” တဲ့ စကားစကိုဖြတ်ပေးပါရဲ့။

“ဟုတ်ကဲ့ပါ…… ကိုထူးကိုအလုပ်တော့မရှုပ်စေချင်ပေမဲ့ ကူညီပါဦးဗျာ”

“ဟုတ်တယ်” ဘိုဘိုက စကားကြားဖြတ်ပြောတယ်။ “ဟုတ်တယ်ဗျာ….. ကျွန်တော့်ကို ကားပေါ်ပွေ့ချီပြီးတင်ပေးပါလားဟင်”

“တကယ်လားကွ” ကိုထူးကအသိအမှတ်ပြုလက်ခံလိုက်တယ်။ “အနည်းဆုံးတော့ ငါ ဒါလေးကို အကူအညီပေးနိုင်ရမှာပေါ့”

မကြည်သာတဲ့အကြည့်တစ်ချက်ပေးပြီး ကိုထူးသယ်ဆောင်ရာကို ဘိုဘိုလိုက်ပါသွားတယ်။ သူ့ဖာသာ မကြည်ကြည့်လည်း လျစ်လျူရှု ကာ နောက်ပါးက ထပ်ကြပ်မကွာလိုက်သွားရတာပေါ့နော်။

ဆေးရုံရောက်တော့ ဘိုဘို့ကို သူနာပြုတွေက ပြုစုကုသနေတုန်း အခန်းပြင်မှာ မငြိမ်သက်သောစိတ်တွေနှင့် ခပ်ငြိမ်ငြိမ် ထိုင်နေရ ပါတယ်။ ကိုထူးက မြို့ကြီးဆီ ဆက်သွားရမှာကြောင့် နှုတ်ဆက်ထွက်ခွာသွားလေရဲ့။ သူကတော့ သူ့အစီအစဉ်အတိုင်း လှုပ်ရှားသွားပြီ။ ဖြူဖွေးတဲ့ ဆေးရုံကြမ်းပြင်ပေါ် ရှူးဖိနပ်ထိပ်လေးနှင့် စည်းချက်လိုက်သလို ခေါက်လိုက် ဘာမှလုပ်စရာမရှိမဲ့အတူ ထိုင်လိုက်၊ ထပြီး ဟို သည်လမ်းလျှောက်လိုက်နဲ့ လုပ်နေရပါတယ်။ ပတ်ဝန်းကျင်ကိုကြည့်လိုက်တော့လည်း ပျင်းစရာကောင်းတဲ့ ပညာပေး ပိုစတာတွေ ကပ် ထားတဲ့နံရံတွေရယ်၊ နေမကောင်းလွန်းလို့….အရေးပေါ်ဖြစ်ရပ်လေးတွေကြောင့် လာကြတဲ့ လူအချို့ကို လူနာကုသခန်းအပြင်မှာတွေ့ ရပါရဲ့။ လူနာတွေနှင့် လိုက်ပါလာသူတွေ စောင့်ဆိုင်းနေရတဲ့ အခုအခန်းကလည်း အင်း….ဟော အခန်းထောင့်နားမှာ ပိုက်ဆံပေးပြီး ဆက်လို့ရတဲ့ အခပေးဖုန်းတစ်လုံးရှိနေတာပဲဗျ။ 
ဘိုဘို့ကို ခေါ်ရအောင်….ပြီးတော့ ဖျောင်းဖျလို့ရ အောင် လုပ်နိုင်တာဆိုလို့….အင်း။ အိပ်ကပ်ထဲ စမ်းလိုက်တော့ ငွေအကြွေတွေနည်းနည်းရှိတာကြောင့် သက်ပြင်းချမိပါရဲ့။ ဘိုဘို့မိဘတွေကို အနည်းဆုံး အဆက်အသွယ် တော့ လုပ်သင့်တယ်လေ ဘယ်ရောက်နေတယ် ဘာဖြစ်နေတယ်ဆိုတာပြောပြဖို့။

ဘိုဘို့မိဘတွေကို ဖုန်းခေါ်ဖို့စဉ်းစားလိုက်တော့ သူ့မိဘတွေကို ဘာအကြောင်းကြောင့် မခေါ်စေချင် အသိမပေးစေချင်တာလဲ တွေးမရ ပါဘူး။ ဘိုဘို့စိတ်အတွင်းပိုင်းမှာ ဘာတွေများ ထဲထဲဝင်ဝင်ခံစားနေပါလိမ့်။ ဘာပဲဖြစ်ဖြစ်လေ လောလောဆယ် ဖြစ်ပျက်နေတဲ့ အခြေ အနေတွေက မိဘတွေအနေနဲ့ သိသင့်တဲ့ကိစ္စမဟုတ်ဘူးလား။ ဟုတ်တယ်….အကြောင်းကြားပြီးခေါ်ရမယ်။ 

ဖုန်းရှိရာဆီကို လှမ်းသွားလိုက်တယ်။ ပြီးတော့ ဖုန်းနံပါတ်တွေကို နှိပ်နေစဉ်ခဏ “ကောင်းသွားပြီ၊ မင်း…ပတ်တီးစ အလဲအလှယ်လုပ်ဖို့ တစ်ပတ်နှစ်ကြိမ်လောက်တော့လာခဲ့ဦး။ နှစ်ပါတ်လောက်တော့ မင်းကိုကြည့်ပေးရမယ်” 
ဆိုတဲ့အသံကိုကြားလိုက်ရတယ်။ အဲဒီအသံက တွေးနေတဲ့ အတွေးကိုဖြတ်တောက်ပြီး တကယ့်အစစ်အမှန်ကမ္ဘာထဲပြန်ခေါ်ဆောင်လာပါရော။ လုပ်လက်စအလုပ်ကို ဘယ်လိုတုန့်ပြန် ရမှန်းတောင်မသိတော့။

“ဟုတ်ကဲ့…ကျေးဇူးပါဆရာမ” ဘိုဘို သူနာပြုဆရာမကြီးကို ကျေးဇူးစကားဆိုပြီး ထွက်လာပြီ။
ကိုင်ထားတဲ့ဖုန်းလက်ကိုင်ကို ခွက်မှာနေသားတကျပြန်ထားကာ ဘိုဘိုထွက်လာမယ့် အခန်းဝနားအမြန်ကပ်လိုက်ရတယ်။
“ဘယ်လိုဖြစ်တာတဲ့လဲ?” ဘာမှမဖြစ်သလို ဘာမှမလုပ်ထားသလို အမူအရာနှင့် မေးခွန်းထုတ်လိုက်တာပါ ဘိုဘို့ကို။ ဒါပေမဲ့ လုပ်သမျှ အားလုံး သူသိနေတယ်။

“မင်း….ဖုန်းမခေါ်တော့ဘူးလား?” ဘိုဘို့လေသံက စိတ်အနှောင့်အယှက်ဖြစ်နေဟန်နဲ့။ သူ့ကိုတုန့်ပြန်စကားမဆိုမိဘဲ ခဏတော့ ရပ်နေမိပါတယ်။ ပြီးတော့မှ မျက်နှာမှာ ဘာခံစာချက်မှ မရှိဟန်ပြုကာ လုပ်ဆောင်စရာရှိတာတွေကို စတင်လုပ်ဆောင်ရတော့တာ ပေါ့နော်။ ဘာလုပ်ခဲ့တယ် ဘာလုပ်ဖို့ကြိုးစားခဲ့တယ်ဆိုတာကို ဖုံးကွယ်ဖို့ဆုံးဖြတ်ခဲ့သေးပေမယ့် အမှန်စကားဆိုဖို့ ဆုံးဖြတ်လိုက် ရပါတယ်။

“ဟူး……” သက်ပြင်းငွေ့ငွေ့ချက်လိုက်မိသည်ပေါ့နော်။ “မလုပ်ပါဘူးကွာ……ဒါပေမဲ့….လုပ်မိတော့မလို့ပါ”

ဆေးရုံကြမ်းပြင် ဖြူဖြူဖွေးဖွေးပေါ်က ကိုယ်ဟန်အမူအရာတွေကိုကြည့်ပြီး ဘာဆိုလိုတယ်ဆိုတာ ဘိုဘို သတိပြုမိနိုင်ပါရဲ့။ ဒါပေမဲ့ သူ စိတ်အနှောင့်အယှက်ဖြစ်ပြီး လျစ်လျူလျှုနေဟန်ပဲဗျာ။

“ဒါပေမဲ့….မင်း….ငါ့ကို ကတိပေးထားတယ်လေ မြတ်သူ။ ဘာတစ်ခုမှမလုပ်ဘူး ငါသဘောမတူရင်လို့လေ။ မင်းငါ့ကို ညာခဲ့တာပဲ”
ဒီအချိန် ဒီအခိုက်အတန့်လေးမှာ……ဘာတွေရှုပ်ရှက်ခတ်မိပြီလဲ သတိပြုမိသွားရပါတယ်။ ဘိုဘို့စိတ်ထဲက နာကျင်မှု၊ ပြီးတော့ ရှက်ရွှံ့မှု စတာတွေ အာရုံခံမိရပါပြီ။

“ဆောရီးကွာ….ဘိုဘို”

“ငါတို့နှစ်ယောက်ကြား ဒါတွေမဖြစ်ခဲ့ဖူးဘူး ထားလိုက်ကွာ”

“ငါ ဒီလိုတွေး…”

“ကောင်းတယ်…..မင်းတွေးနေတာ အားလုံးမှားတယ်။ ကြည့်…..ဘယ်လိုကိစ္စမှ မရှိဘူး။ အိမ်ပြန်ကြစို့။ ငါ ပင်ပန်းနေပြီ။ ငါတို့ မနက်ဖြန်မှ စကားဆက်ပြောကြတာပေါ့”

ဘာမှကို မပြောမိတော့ပါ။ ဘာမှကို မပြောနိုင်တော့တာပါပဲ။ ရင်ထဲဟာတာတာဖြစ်မိတဲ့အထိ ရှက်စိတ်ဝင်မိပါပြီ။ ဆေးရုံကနေ အပြန်လမ်းကို ဦးတည်တဲ့ ကာလတလျှောက် တိတ်တိတ်ဆိတ်ဆိတ်။ ဒီလူငယ်လေးနှစ်ယောက် ဘယ်ကိုသွားပြီး ဘာတွေဖြစ်ခဲ့ကြ တယ်ဆိုတဲ့ အကြောင်းအရာတွေအားလုံး သိချင်ကြမယ့် အိမ်နီးနားခြင်းတွေရှိရာကို ပြန်ဖြစ်ခဲ့ကြခြင်းပေါ့။ အိမ်အပြန်လမ်းတလျှောက် တစ်ယောက်နှင့် တစ်ယောက် စကားတစ်လုံးတစ်ပါဒမှမပြောဖြစ်ကြ။ နှစ်ယောက်သားကြား ပြောစရာ စကားမဲ့နေကြခြင်းဖြစ်မှာ။

နှစ်ဦးသားကြားပြဿနာနံပါတ်စဉ်တွေ စီကာစဉ်ကာတွေက ရှင်းရှင်းလင်းလင်းလေးလေ။ အချိန်လည်းမဟုတ် နေရာဒေသလည်း အရေးမပါ မလိုအပ်။ ဘိုဘိုရော နှစ်ယောက်စလုံး မောပန်းနွမ်းလျနေကြပြီမို့။ ပြီးခဲ့တဲ့ ရက်သတ္တပါတ်ကာလဟာ ဘာတွေများ အကျိုးထူးခဲ့ သို့မဟုတ် ဘာများ ထူးဆန်းခဲ့ပါသလဲ....ဟူး...။

အချိန်လိုအပ်တယ် - တွေးဆဖို့အချိန် - ညှိနှိုင်းဖို့အချိန်။ အနာဂါတ်မှာ နှစ်ဦးသား ဘယ်လိုရှေ့ဆက်ကြမယ်ဆိုတာ ဆုံးဖြတ်ရမယ့် အချိန်။ ပြီးတော့ နှစ်ဦးသား စိတ်ဆန္ဒတွေဟာ ဘာတွေများ ဆက်လက်ဖြစ်တည်ကြမှာပါလိမ့်။ အရာအားလုံးဟာ အလျင်အမြန်ကို ဖြစ်တည်လာပါပြီ။ ခပ်ကြမ်းကြမ်းမွှေ့ရမ်းနေတဲ့ လေမုန်တိုင်းထဲကို ခုန်ဝင်လိုက်ခြင်း သို့မဟုတ် ဖန်တီးမိကြခြင်းကဲ့သို့ပါ။

ဟုတ်တယ်.....အရာအားလုံးရပ်တန့်....ခဏတော့...ရပ်လိုက်ဖို့သင့်ပြီ။

Alex Aung (4 Feb 2013)

To be continued....

စာကြွင်း။   ။ Help ဇာတ်လမ်းကို လပေါင်းကြာရှည်မရေးဖြစ်ဘဲ ပစ်ထားမိခြင်းအတွက် အချို့သောစောင့်ဖတ်သူများကို တောင်းပန်ပါ ရစေ။ အချစ်ဆိုတဲ့ စိတ်ခံစားချက်ကို နစ်ဝင်ခံစားဖို့ ကျွန်တော့်အတွက် ခက်ခဲနေတဲ့အချိန်ကာလရှည်ကိုဖြစ်သန်းနေရခြင်းကြောင့် ဆက်လက်မရေးသားဖြစ်ခဲ့ခြင်းဖြစ်ပါတယ်။ ဒီဇာတ်လမ်းကို အဆုံးသတ်ဖို့အတွက် နောက်ထပ်အခန်း(၂)ခန်းကျန်ပါသေးတယ်။ ကြိုးစား ရေးသားသွားမယ်လို့ ကတိပြုပါတယ် စာဖတ်သူတို့ရေ။

Saturday, February 2, 2013

လူငယ်စာနယ်ဇင်းသမား လိင်တူချစ်သူတဦးနဲ့ တွေ့ဆုံခြင်း




တဦးချင်း ပြုလုပ်တဲ့ In & Out အင်တာဗျူးကဏ္ဍလေးမှာတော့ “စာနယ်ဇင်းလောကနှင့် ယနေ့ လိင်တူချစ်သူ” ဆိုတဲ့ အကြောင်းအရာ ခေါင်းစဉ်အပေါ် လူငယ်စာနယ်ဇင်းသမား လိင်တူချစ်သူတဦးနဲ့ တွေ့ဆုံမေးမြန်းထားတာလေးတွေကို တင်ပြပေးမှာ ဖြစ်ပါတယ်။ 

ကိုယ့်ရဲ့နာမည်နဲ့ အလုပ်အကိုင်၊ ရာထူးတာဝန်တွေကို ပြောပြပေးပါ။
ကျွန်တော် နေရောင်လင်းခန့်ပါ။ စာနယ်ဇင်း သမား တစ်ဦးပါ။ လက်ရှိ ပြည်တွင်းက ဂျာနယ်တစ်စောင်မှာ အယ်ဒီတာအဖြစ် တာဝန်ယူထားပါတယ်။

ငယ်စဉ်က ကိုယ်ရဲ့ပတ်ဝန်းကျင်မှာ လိင်တူချစ်သူတွေကို မြင်ဖူး တွေ့ဖူးမှာပေါ့နော်။ သူတို့တွေအနေနဲ့ လူမှုအဖွဲ့အစည်းရဲ့ ပညာရေး၊ ကျန်းမာရေး၊လူမှုရေးကဏ္ဍအသီးသီးမှာ ဘယ်လို အခြေအနေမျိုးတွေ ရှိလဲဆိုတာကို ပြောပြပေးပါလား။
ငယ်ငယ်ကတော့ လိင်တူချစ်သူတွေဆိုတာ နတ်ကတော်၊ ရှောက်သီးဆေးပြားသည်နဲ့ မိတ်ကပ်လိမ်းတဲ့ သူတွေလောက်ပဲ သိထားပါတယ်။ သူတို့ကတော့ အပွင့်တွေပေါ့နော်။ နောက်အသက်ကြီးလာတော့ မိန်းမလို ၀တ်စားနေထိုင်မှ မဟုတ်ပဲ၊ လိင်တူချင်း တပ်မက်စိတ်ရှိတဲ့သူတွေဟာ အပုန်းအနေနဲ့ကော၊ အပွင့်အနေနဲ့ပါ နေရာတိုင်းမှာ ရှိတယ်ဆိုတာ သိလာပါတယ်။ သူတို့ဟာ သာမန်လူတွေနဲ့ ပြုမူပြောဆို နေထိုင်ပုံတွေ အတိုင်းအတာတစ်ခုအထိ ကွဲပြားပေမယ့် အားလုံးက လူသားတွေပါပဲ။ 

စာနယ်ဇင်းသမား တယောက်အနေနဲ့ လိင်တူချစ်သူတွေအပေါ် ဘယ်လိုမြင်လဲ။ သူတို့တွေက အသုံးမဝင်တဲ့ သူတွေလား၊ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာအရ မှားယွင်းနေတဲ့ သူတွေလား၊ လူ့အဖွဲ့အစည်းနဲ့ နိုင်ငံအတွက် တကယ်ပဲ အကျိုးမရှိတဲ့ သူတွေလား။
ကျွန်တော်ဟာ စာနယ်ဇင်းသမား တစ်ဦးဖြစ်သလို၊ လိင်တူချစ်သူ တစ်ဦးလည်း ဖြစ်တယ်။ အစ်ကိုပြောသလိုပဲ လိင်တူချစ်သူတွေဟာ တကယ်ပဲ စိတ်ပိုင်း၊ ရုပ်ပိုင်း မှားယွင်းနေတာလား၊ လူ့အဖွဲ့အစည်းအတွက် အသုံးမ၀င်တဲ့ သူတွေလား ဆိုတာ ကျွန်တော် ငယ်ငယ်ကတည်းက အရမ်း သိချင်ခဲ့တဲ့ မေးခွန်းပါ။ ကျွန်တော့်အနေနဲ့ကတော့ လူတိုင်းမှာ သူ့တန်ဖိုးနဲ့သူရှိကြတယ်လို့ ယုံကြည်တယ်။ လူတစ်ယောက်ရဲ့ တန်ဖိုးဆိုတာ သူဘယ်သူနဲ့ အိပ်သလဲ ဆိုတဲ့ အချက်နဲ့ တိုင်းတာလို့ မရဘူး။  လူတစ်ယောက်ရဲ့ တန်ဖိုးဆိုတာ နိုင်ငံနဲ့ လူမျိုးအတွက်၊ သူ့မိသားစုအတွက်၊ လူ့အဖွဲ့အစည်းအတွက် ဘာတွေ လုပ်ပေးခဲ့သလဲ ဆိုတာနဲ့ တိုင်းတာသင့်ပါတယ်။ 

ဒါပေမယ့် ကျွန်တော့်အမြင်က စာနယ်ဇင်းသမားအားလုံးကို ကိုယ်စားမပြုပါဘူး။ အများစုက ကျွန်တော့်လို အခြေအနေမဟုတ်တဲ့အတွက် သူတို့ရဲ့ အမြင်က ကျွန်တော့် အမြင်နဲ့ ကွဲလွဲနိုင်ပါတယ်။ 

မြန်မာစာနယ်ဇင်းလောကရဲ့ အခက်အခဲတွေနဲ့ အခုနောက်ပိုင်း တိုးတက်ပြောင်းလဲမှုတွေ အကြောင်းလည်း ပြောပြပါဦး။
မြန်မာစာနယ်ဇင်းလောကဟာ ၁၉၉၀ ခုနှစ်တွေကနေ မကြာသေးခင် ၂၀၁၁ခုနှစ်အထိ တင်းကြပ်တဲ့ စာပေစိစစ်ရေးရဲ့ ထိန်းချုပ်မှု ရှိနေတဲ့အတွက် စာနယ်ဇင်းတွေရဲ့ သတင်းဖော်ပြချက်တွေဟာ သူတို့ရဲ့ တကယ့် သဘောထား အမှန်မဟုတ်ခဲ့ဘူး။ တစ်ချိန်က မြန်မာနိုင်ငံမှာ စာနယ်ဇင်းရွှေခေတ်လို့ ပြောရမယ့် အချိန်တွေ ရှိခဲ့ဘူးပါတယ်။ လွတ်လပ်ရေးရပြီးစ ပါလီမန် ဒီမိုကရေစီ ခေတ်တုန်းကဆိုရင် နေ့စဉ်ထုတ် သတင်းစာတွေ၊ ညနေခင်း သတင်းစာတွေ၊ အင်္ဂလိပ်၊ တရုတ်၊ ဟင်ဒီ စကားနဲ့ ထုတ်တဲ့ သတင်းစာတွေ အများကြီး ရှိခဲ့တယ်။ စာနယ်ဇင်းနဲ့ဆိုင်တဲ့ အလုပ်အကိုင်တွေလည်း ခိုင်ခိုင်မာမာရှိပြီး၊ အရည်အချင်း ပြည့်တဲ့သူတွေ အများကြီး ရှိခဲ့တယ်။ အဲဒီကနေ ၁၉၆၀ ခုနှစ်တွေမှာ တော်လှန်ရေး အစိုးရတက်လာပြီး နောက်ပိုင်း ပုဂလိက စာနယ်ဇင်း အားလုံးကို ဖျက်သိမ်းလိုက်ပြီး၊ နိုင်ငံပိုင်  သတင်းစာနဲ့ ပါတီအာဘော် စာစောင်တွေပဲ ထုတ်ခွင့်ပေးလိုက်တဲ့ အခါမှာ စာနယ်ဇင်းလောကက အရမ်းကို ကျဉ်းမြောင်းသွားပြီး စာနယ်ဇင်းနဲ့ ပက်သက်တဲ့ အလုပ်အကိုင်တွေလည်း ပျောက်ကွယ်မတတ် ဖြစ်ခဲ့တယ်။ ၈၈ အရေးအခင်းအပြီး တပ်မတော်အစိုးရ တက်လာပြီးနောက်မှာ ပုဂ္ဂလိက ဂျာနယ်စာစောင် အချို့ပြန်ထုတ်ခွင့် ရလာတယ်။ ဒါပေမယ့် အရမ်းတင်းကြပ်တဲ့ စာပေစိစစ်ရေးရဲ့ စည်းမျဉ်းတွေ အောက်မှာ ကျပ်ကျပ်တည်းတည်း လုပ်ကိုင်ခဲ့ရတယ်။ ထုတ်ဝေမယ့် ဆောင်းပါး၊ ဓါတ်ပုံအားလုံးကို တစ်ပတ်ကြိုပြီး စိစစ်ရေးကို တင်ရလို့ နေ့စဉ်ထုတ် သတင်းစာ ထုတ်ဖို့ဆိုတာ လုံးဝမဖြစ်နိုင်ခဲ့ဘူး။ ခုထိလည်း သတင်းစာထုတ်ခွင့် မရသေးဘူး။ သတင်းထူးတွေကို အရဲစွန့်ပြီး စာပေစိစစ်ရေးကို မတင်ပဲ ထုတ်ခဲ့တဲ့ ဂျာနယ်တွေ အပိတ်ခံရတယ်။ အယ်ဒီတာ သတင်းထောက်တွေကို အလုပ်က ရပ်စဲခိုင်းတယ်။ အချို့ကိစ္စတွေမှာ တရားစွဲဆိုပြီး ထောင်ချတာပါ ခံခဲ့ရတယ်။ 

ဆင်ဆာဖြတ်တဲ့ အထဲမှာ အဓိကနှစ်မျိုး ရှိတယ်။ နိုင်ငံရေးနဲ့ဆိုင်တဲ့ အတိုက်အခံပါတီအကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် အကြောင်းနဲ့ အကျင့်ပျက် လာဘ်စားမှုတွေ၊ ဆင်းရဲ မွဲတေမှုတွေ၊ အစိုးရရဲ့ ညံ့ဖျင်းမှုတွေ အားလုံးကို ဘယ်လိုပုံစံနဲ့မှ ဖော်ပြလို့ မရဘူး။ နောက်တစ်မျိုးက လိင်တူချစ်သူတွေ အကြောင်း အပါအ၀င် မြန်မာ့ယဉ်ကျေးမှုနဲ့ မသင့်တော်ဘူးလို့ သူတို့ယူဆတဲ့ ကိစ္စရပ်အားလုံးကို ဆင်ဆာဖြတ်တယ်။ သူတို့သဘောကတော့ စာနယ်ဇင်းတွေကို ကောက်ကိုင်လိုက်ရင် မြန်မာပြည်ကြီး  သာယာဝပြောပြီး၊ လူတွေအားလုံး ပျော်ရွင်နေကြတယ်။ အရာအားလုံး ပုံမှန်ဖြစ်နေတယ်ဆိုတဲ့ ပုံရိပ်ကို ဖန်တီးဖို့ ကြိုးစားခဲ့တယ်။ 

လိင်တူချစ်သူတွေနဲ့ ပတ်သက်ပြီး စာနယ်ဇင်းမီဒီယာတွေရဲ့ ရေးသား၊ ဖော်ပြချက်တွေဟာ လိင်တူချစ်သူတွေနဲ့ လူမှုပတ်ဝန်းကျင် နယ်ပယ်အပေါ် ဘယ်လောက်အထိ အကျိုးသက်ရောက်မှုတွေ ရှိစေနိုင်တယ်လို့ ယူဆလဲ။
အပေါ်မှာ ပြောခဲ့သလိုပဲ မြန်မာနိုင်ငံမှာ သတင်းလွတ်လပ်ခွင့် မရှိခဲ့တဲ့အတွက် စာနယ်ဇင်းတွေမှာ ဖော်ပြတာတွေဟာ အပြင်မှာ တကယ်ဖြစ်နေတာတွေကို ထင်ဟပ်ပြဖို့ မလုပ်နိုင်ခဲ့ဘူး။အဲဒီအတွက် စာနယ်ဇင်းတွေကို ဖတ်နေကြတဲ့ ပြည်သူတွေရဲ့ တွေးခေါ်ပုံတွေကလည်း အမှန်မဖြစ်တော့ဘူး။ ဥပမာ အခုနောက်ပိုင်း စာနယ်ဇင်းတွေမှာ အိမ်ဖော်မိန်းကလေးကို အိမ်ရှင်မိန်းမက သေလောက်အောင် နှိပ်စက်တာလိုမျိုး၊ အမှုအခင်းတွေ ပိုပြီးတွေ့လာရတယ်လေ။ လူတွေက၊ အထူးသဖြင့် လူကြီးပိုင်းတွေက ဒါတွေကို ဖတ်ပြီး ပြောကြတယ်။ ‘ခေတ်ကြီးက မကောင်းတော့ဘူးတဲ့။ အရင်က ဒါမျိုးတွေ မြန်မာပြည်မှာ မရှိပါဘူးတဲ့။ ဘာကို ကြည့်ပြီး ပြောတာလဲ ဆိုတော့ အရင်တုန်းက စာနယ်ဇင်းတွေမှာ ဒါမျိုးတွေ သိပ်မတွေ့ရလို့တဲ့။ 

အဲလို ထင်နေတာဟာ စာနယ်ဇင်း လွတ်လပ်ခွင့် မရခြင်း ရလဒ်အတွက် အကောင်းဆုံး ဥပမာပဲ။ တကယ်တော့ ဒါမျိုး အမှုအခင်းတွေဟာ ဟိုးအရင့်အရင် ခေတ်တွေတုန်းကလည်း ရှိခဲ့တာပဲ။ ဒါပေမယ့် တင်းကျပ်တဲ့ ထိန်းချုပ်မှုတွေကြောင့် စာနယ်ဇင်းတွေပေါ် ရောက်မလာခဲ့ဘူး။ ခံရတဲ့သူတွေကလည်း တိုင်ရကောင်းမှန်း မသိလို့ ကြိတ်ခံခဲ့ကြတာကြောင့်လည်း ပါမှာပေါ့။ သေချာတာကတော့ ဒါမျိုးတွေ အခုမှ ရှိလာတာ မဟုတ်ပါဘူး။

လိင်တူချစ်သူတွေ ကိစ္စမှာလည်း ဒီလိုပဲ။ ခုနောက်ပိုင်း ခေတ်အခြေအနေက ပိုပြီးပွင့်လင်းလာတယ်။ အရင်က အပုန်းဘ၀နဲ့ နေခဲ့ရတဲ့သူတွေ ပွင့်ပွင့်လင်းလင်းဖြစ်လာကြတယ်။ စာနယ်ဇင်းတွေမှာ၊ ရုပ်သံ မီဒီယာတွေမှာလည်း လိင်တူချစ်သူတွေအကြောင်း ဖော်ပြခွင့် ပိုရလာတော့ အရင်က အခြောက်တွေ၊ မိန်းမလျှာတွေ သိပ်မရှိပါဘူး။ ခုနောက်ပိုင်းမှ အရမ်းကို များလာတယ်လို့ ထင်ကြတယ်။ ပိုဆိုးတာက အဲဒီအထင်ကို ချဲ့ကားပြီး အရင်က မြန်မာနိုင်ငံမှာ ဒါမျိုးတွေ မရှိဘူး။ ဒါတွေဟာ မြန်မာ့ယဉ်ကျေးမှု မဟုတ်ဘူးလို့ပါ ယုံကြည်နေကြတာပါပဲ။ ဒါတွေဟာ လိင်တူချစ်သူတွေကို ချိုးနှိမ်ဖို့ အကြောင်းပြချက်တွေ ဖြစ်လာစေပါတယ်။ 

စာပေစာနယ်ဇင်း နယ်ပယ်မှာပဲဖြစ်ဖြစ်၊ ရုပ်သံသတင်းဌာန စတာတွေမှာပဲဖြစ်ဖြစ် လိင်တူချစ်သူတွေနဲ့ ပတ်သက်ပြီး ဘယ်လိုမျိုး ရှုထောင့်တွေကနေ အများဆုံး ဖော်ပြလေ့ရှိလဲ။
လက်ရှိ စာနယ်ဇင်းတွေမှာ လိင်တူချစ်သူတွေကို ဖော်ပြတဲ့ ပုံသဏ္ဍာန် အမျိုးမျိုး တွေ့ရပါတယ်။ အများစုကတော့ ပုံမှန်မဟုတ်သူတွေ၊ သာမန်လူတွေထက် တဆင့်နိမ့်သူတွေ၊ မှားယွင်းနေသူတွေ၊ မိုက်တွင်းနက်နေသူတွေ ဆိုတဲ့ ယူဆချက်မျိုးနဲ့ ဖော်ပြကြတယ်။ အချို့ကတော့ စာနာနားလည်ပေးတဲ့ သဘောမျိုး ဖော်ပြကြပါတယ်။ အားလုံး တူညီတဲ့အချက်ကတော့ လိင်တူချစ်သူတွေကို လူများစု လိင်ကွဲချစ်သူတွေနဲ့ တန်းတူအခွင့်အရေး မပေးသင့်သေးဘူး။ ဒါမျိုးတွေကို ပွင့်ပွင့်လင်းလင်း လက်ခံဖို့ စောသေးတယ် ဆိုတဲ့ ယူဆချက်မျိုး ဖြစ်ပါတယ်။ အခုဆိုရင် ရုပ်သံလိုင်းအချို့ရဲ့ အစီအစဉ်တွေမှာ အလှဖန်တီးရှင်တွေကို ဖိတ်ခေါ်ပြီး၊ အကဲဖြတ်ဒိုင် လုပ်ခိုင်းတာ နေရာပေးလာတာမျိုး တွေ့ရပါတယ်။ ဒါကလည်း သူတို့ရဲ့ ကျွမ်းကျင်မှုကြောင့် ခေါ်သုံးတာမျိုးပါ။ သူတို့ရဲ့ ဘ၀၊ ခံစားချက်နဲ့ လိင်တူချစ်သူ တစ်ယောက်အနေနဲ့ ကြုံရတဲ့ဒုက္ခ အခက်အခဲတွေကို ရိုက်ပြပြီး၊ တန်းတူအခွင့်အရေးရဖို့ လှုံ့ဆော်ပေးတာမျိုး မဟုတ်သေးပါဘူး။

လိင်တူချစ်သူတွေနဲ့ ပတ်သက်ပြီး မီဒီယာ စာနယ်ဇင်းသမားတွေအနေနဲ့ ဘယ်လိုမျိုး ကျင့်ဝတ်၊ ဘယ်လိုမျိုး တာဝန်ယူမှုမျိုးနဲ့ ရေးသင့်တယ်လို့ ထင်သလဲ။ မှားယွင်းနေတဲ့ ရှေးရိုးစွဲအမြင်တွေအတိုင်း လိုက်ပြီး ရေးသင့်လား၊ ဒါမှမဟုတ် မှားနေတဲ့အမြင်တွေ အစွဲတွေကို သတ္တိရှိရှိနဲ့ ငြင်းပယ်ထောက်ပြပြီး လူမှုပတ်ဝန်းကျင် ပြောင်းလဲဖို့ (Social Changing) အတွက် ရေးသားဖော်ပြသင့်တယ်လို့ မယူဆဘူးလား။
ဘက်လိုက်မှုမရှိပဲ သမာသမတ်ကျစွာ တင်ပြခြင်းဆိုတာ စာနယ်ဇင်းပညာရပ်ရဲ့ အခြေခံကျင့်ဝတ်တစ်ခုပါ။ ဘယ်လို ကိစ္စမျိုးမှာမဆို ကွဲပြားတဲ့အမြင်တွေ ရှိတတ်ပါတယ်။ စာနယ်ဇင်းတွေဟာ အဲဒီကွဲပြားတဲ့ အမြင်တွေကို ထင်ဟပ်ဖော်ပြနိုင်ရပါတယ်။ လိင်တူချစ်သူတွေအပေါ် အဆိုးမြင်တဲ့ အမြင်တွေကို ဖော်ပြမယ်ဆိုရင်၊ လိင်တူချစ်သူတွေဘက်က အမြင်နဲ့ ခံစားချက်တွေကိုလည်း မေးမြန်းပြီး၊ ဖော်ပြရပါမယ်။ 

တာဝန်ယူမှုအနေနဲ့ကတော့ ဘယ်လိုသတင်းမဆို ခိုင်လုံတဲ့ အထောက်အထား ရှိရပါမယ်။ အင်တာဗျူးထားတဲ့သူဟာ အဲဒီ ဘာသာရပ်မှာ ကျွမ်းကျင်သူ ဖြစ်ရမယ်။ သုတေသနပြုချက်တွေ မှားယွင်း ဖော်ပြမိရင် ပြန်လည်ပြင်ဆင်ချက် ထည့်သွင်းပေးရပါတယ်။ ပြောခဲ့သလိုပဲ မီဒီယာလောကမှာ မျိုးဆက် ကွာဟနေတဲ့အတွက် နောက်ပေါက် စာနယ်ဇင်းသမားတွေဟာ အသက်ငယ်ကြပြီး၊ အတွေ့အကြုံလည်း နည်းကြတယ်။ အားလုံးမဟုတ်ပေမယ့် ကျင့်ဝတ်လိုက်နာမှု အရမ်းအားနည်းတဲ့ စာနယ်ဇင်းသမားတွေ ရှိတယ်။ သူတို့နဲ့ ဆက်ဆံရာမှာ သတိထားသင့်ပါတယ်။ အင်တာဗျူးလုပ်ပြီးရင် သတင်းမူကြမ်းကို ပြန်ပြဖို့ တောင်းဆိုဖို့ အကြံပြုချင်ပါတယ်။ 

ပြောင်းလဲမှုတခု ဖြစ်ဖို့ဆိုတာ နှစ်ဖက်စလုံးက လိုအပ်တာပေါ့နော်။ အဲတော့ လိင်တူချစ်သူတွေကိုယ်တိုင်က သူတို့ရဲ့ဘဝတွေ၊ သူတို့ကျင်လည်ရာ လူမှုပတ်ဝန်းကျင် (Community)တွေ ပြောင်းလဲဖို့အတွက် ဘာတွေကို ဘယ်လိုမျိုး လုပ်ဆောင်သင့်သလဲဆိုတာကိုလည်း စာနယ်ဇင်းသမား တယောက်အနေနဲ့ ထင်မြင်သလဲ။
လိင်တူချစ်သူ အခွင့်အရေးကိစ္စဟာ ရေရှည်လုပ်ရမယ့် ကိစ္စဖြစ်တယ်။ အစိုးရရဲ့ ဥပဒေတွေ ပြောင်းရုံတင်မကပဲ လူတွေရဲ့ အတွေးအခေါ်နဲ့ ယုံကြည်ချက်တွေကိုပါ ပြောင်းရမှာဆိုတော့ အများကြီး အချိန်ယူဖို့လိုပါတယ်။ 

လက်ရှိ မြန်မာနိုင်ငံမှာ ကဏ္ဍအားလုံးအတွက် အပြောင်းအလဲကာလ ဖြစ်နေတယ်။ တိုင်းရင်းသား အရေးတွေ၊ ဘာသာရေး၊ လူမျိုးရေးပဋိပက္ခတွေ၊ လာဘ်စားတာတွေ၊ ချမ်းသာသူတွေက ဆင်းရဲသူကို အနိုင်အထက် ပြုတာတွေ၊ ရာသီဥတုမမှန်လို့ သဘာဝဘေးအန္တရာယ် ကျရောက်တာတွေ နိုင်ငံအနှံ့ ဖြစ်နေတယ်။ ဒီလို အချိန်မျိုးမှာ လိင်တူချစ်သူတွေကို အခွင့်အရေး တန်းတူပေးဖို့ သွားပြီး ဖိအားပေးရင် ၀ိုင်းဆဲခံရမှာ သေချာတယ်။ အားလုံးရဲ့ ဒေါသက ကိုယ့်အပေါ် စုပြုံကျသွားတာမျိုးတောင် ဖြစ်သွားနိုင်တယ်။ 

ဒီလိုပြောလို့ ဘာမှ မလုပ်ပဲနေရမယ်လို့  မဆိုလိုပါဘူး။ လိင်တူချစ်သူ မုန်းတီးရေသမားတွေဘက်က ရပ်တန့်နေမှာ မဟုတ်ဘူးလေ။ အခါအားလျှော်စွာ သူတို့ဖက်က ပြောလာတဲ့ အယူအဆတွေ မမှန်ကြောင်း အားလုံးက တုံ့ပြန်ပြောဆိုကြဖို့ လိုတယ်။ အကောင်းဆုံးကတော့ လိင်တူချစ်သူအားလုံးဟာ ကိုယ့်ရဲ့ သက်ဆိုင်ရာ နယ်ပယ်မှာ တစ်ဖက်ကမ်းခတ် ကျွမ်းကျင်ပြီး၊ အများက ယုံကြည်အားထားရတဲ့သူတွေ ဖြစ်အောင် ကြိုးစားကြဖို့ လိုပါတယ်။ တစ်ဖက်မှာ ကိုယ့်ရဲ့ ကာမဆန္ဒနဲ့ လိုအင်တွေကို အစွန်းမရောက်အောင် ထိမ်းသိမ်းပြီး၊ တစ်ဖက်မှာလည်း ပရဟိတနဲ့ လူမှုရေးလုပ်ငန်းတွေမှာလည်း တက်တက်ကြွကြွ ပါဝင်လုပ်ဆောင်သင့်တယ်။ လိင်တူချစ်သူတွေဟာ လူပိုတွေ မဟုတ်ဘူး၊ နိုင်ငံ့အကျိုး၊ အများအကျိုးကို ထိထိရောက်ရောက် လုပ်ပေးနိုင်တယ် ဆိုတာကို သက်သေပြနိုင်ရင် လူတွေရဲ့ အမြင်တွေ ပြောင်းလာမှာပဲ။ 

လိင်တူချစ်သူတွေနဲ့ ပတ်သက်ပြီး အထင်အမြင် လွဲမှားနေကြတာ ဘာကြောင့်လို့ ထင်ပါသလဲ။ လိင်တူချစ်သူတွေရဲ့ နိမ့်ကျနေတဲ့ လူမှုအခြေအနေတွေ မြင့်မားအောင် နိုင်ငံတော်အဆင့်၊ အဲဒါမှတဆင့် နိုင်ငံတကာအဆင့်ထိ ဘာတွေ လုပ်ဆောင်သင့်သလဲဆိုတာကို မီဒီယာသမားတယောက်အနေနဲ့ ဘယ်လိုမျိုး အကြံပေး ပြောဆိုလိုပါသလဲ။
လိင်တူချစ်သူတွေနဲ့ ပက်သက်လို့ မှားယွင်းတဲ့ အတွေးအမြင်တွေကို ဖြစ်ပေါ်စေတဲ့ အရင်းအမြစ် သုံးခု ရှိပါတယ်။ ပထမတစ်ခုက ဘာသာရေးအဆုံးအမနဲ့ ယဉ်ကျေးမှုအရ ယုံကြည်ချက်တွေပါ။ ဘာသာရေးအရ လင်တူဆက်ဆံတာ ပုံမှန်မဟုတ်ဘူးလို့ ပညတ်ထားလို့ ကိုးကွယ်သူ အားလုံးက ဒါကို မှားယွင်းတယ် အပြစ်ရှိတယ်လို့ ယုံကြည်စေပါတယ်။ ဒါတွေကို ပြောင်းလဲဖို့ မျိုးဆက်နဲ့ ချီပြီး အချိန်ယူဖို့ လိုပါတယ်။ ကျမ်းစာထဲမှာ ပါသမျှကို မျက်စိမှိတ် ယုံလို့ မရဘူး။ အရာရာကို ဘာသာရေးပေတံနဲ့ တိုင်းလို့ မရဘူးဆိုတာ နားလည်အောင် ဖြည်းဖြည်းချင်း ပညာပေးရပါမယ်။ 

ဒုတိယတစ်ခုက အစိုးရက ချမှတ်ထားတဲ့ ဥပဒေနဲ့ မူဝါဒပေါ်လစီတွေပါ။ လိင်တူချစ်သူတွေကို အလိုလိုနေရင်း ပြစ်မှုကျူးလွန်သူ ဖြစ်စေတဲ့ ပုဒ်မ ၃၇၇ကို ဖျက်သိမ်းသင့်ပါတယ်။ အခြား ချိုးနှိမ်ရာရောက်တဲ့ ဥပဒေတွေကိုလည်း ပြင်ဆင်သင့်ပါတယ်။ ပြီးရင် နောက်တစ်ဆင့် လိင်တူချစ်သူတွေကို ရပ်ကွက်ထဲမှာ၊ လုပ်ငန်းခွင်မှာ၊ ဆေးရုံဆေးခန်းမှာ နှိမ်ချဆက်ဆံတာမျိုး၊ အလိုမတူပဲ စော်ကားကျူးလွန်တာမျိုး မလုပ်နိုင်အောင် အကာအကွယ်ပေးတဲ့ ဥပဒေတွေ ပြဌာန်းပေးရပါမယ်။ ဒီလို ဖြစ်လာဖို့ နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့အစည်းတွေကနေ အစိုးရကို ဖိအားပေး တောင်းဆိုနိုင်ပါတယ်။ အခုဆို လွှတ်တော်မှာ တင်ပြတောင်းဆိုခွင့် ရှိနေပြီ။ ဒါပေမယ့် လိင်တူချစ်သူအားလုံးကို ကိုယ်စားပြုပြီး တောင်းဆိုနိုင်မယ့် အမတ်တွေ ရှိဖို့ လိုတယ်။ အဲဒီလို ရှိလာဖို့ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ ပွင့်ပွင့်လင်းလင်း လိင်တူချစ်သူတစ်ဦး ရွေးကောက်ခံရပြီး လွှတ်တော်ထဲ ရောက်သွားမယ်ဆိုရင် ဖြစ်နိုင်ခြေ ရှိပါတယ်။ ဒါပေမယ့် တပ်မတော်သား ၂၅ ရာခိုင်နှုန်းပါတဲ့ လွှတ်တော်ထဲမှာ  အမတ်အများစုရဲ့ ထောက်ခံမဲရပြီး၊ ဥပဒေတွေ ပြင်ဆင်နိုင်ဖို့ အတွက်ကတော့ အချိန်တွေ အများကြီး ကြာဦးမှာပါ။

လိင်တူချစ်သူတွေနဲ့ ပက်သက်ရင် လူတွေရဲ့ အတွေးအခေါ်ကို ဖန်တီး၊ ပြောင်းလဲပေးနေတဲ့ အရင်းအမြစ် နောက်တစ်ခုကတော့ မီဒီယာတွေရဲ့ သတင်းဖော်ပြချက်တွေပါ။ အခုနောက်ပိုင်း မီဒီယာတွေရဲ့ ထိရောက်မှုက ပိုပြီးကျယ်ပြန့်လာတယ်။ အဲဒီအတွက် မီဒီယာသမားတွေကို ကိုယ်ရေးစေချင်သလို ရေးခိုင်းလို့ မရပေမယ့်၊ သူတို့ရဲ့ ယူဆချက်ကိုတော့ လွှမ်းမိုးမှုရှိအောင် လုပ်လို့ ရနိုင်ပါတယ်။ ဥပမာ HREIB က လုပ်တဲ့ သင်တန်းတွေ လုပ်တဲ့အခါ မီဒီယာသမားတွေကို ဖိတ်ခေါ်ပြီး တက်ခိုင်းဖို့ အကြံပြုချင်ပါတယ်။ မှားယွင်းတဲ့ ဖော်ပြချက်တွေရှိရင် ဂျာနယ်တိုက်ကို ဆက်သွယ်ပြီး၊ မှားယွင်းကြောင်း ၀ိုင်းပြောပါ။ သူတို့ရဲ့ ဖော်ပြချက်ကို လက်မခံတဲ့သူတွေ အများကြီး ရှိတယ်ဆိုတာ သိအောင် လုပ်သင့်ပါတယ်။ 

တဆက်တည်းဗျာ။ မြန်မာပြည်မှာ ဗြိတိသျှကိုလိုနီခေတ်ကတည်းကနေ လိင်တူချစ်သူတွေအတွက် သီးသန့်ပြဌာန်းခဲ့တယ်လို့ ယူဆနိုင်တဲ့ ၃၇၇ လို ပုဒ်မမျိုးတွေ အခုထိ အသက်ဝင်လျက်ရှိတုန်း ရှိသေးတယ်။ ဒါပေမေယ့် ဗြိတိသျှတွေတောင်မှ အဲဒီဥပဒေကို အခု မကျင့်သုံးတော့ဘူး။ အဲဒါနဲ့ ပတ်သက်ပြီး ဘာပြောချင်လဲ။
ကျွန်တော် သိထားသလောက်ကတော့ အရင် အစိုးရကော အခုအစိုးရပါ လိင်တူချစ်သူတွေကို ရွံရှာမုန်းတီးပြီး အရေးယူချင်လို့ ပုဒ်မ ၃၇၇ကို မဖျက်သိမ်းပဲ ထားတာမျိုး မဟုတ်ပဲ သူတို့ အမြင်မကြည်တဲ့သူမျိုးကို ထောင်ထဲ ထည့်လို့ရအောင် မပြတ်မသား လုပ်ထားတဲ့ သဘောပါပဲ။ အလားတူ အီလက်ထရောနစ် ဆက်သွယ်ရေး ဥပဒေဆိုတာလည်း ဒီလိုပဲ။ ကွန်ပြူတာကိုင်၊ အင်တာနက် သုံးနေတဲ့ လူအားလုံးကို သူတို့မကျေနပ်ရင်၊ သူတို့ကို ဆန့်ကျင်ရင် အပြစ်ပေးလို့ ရအောင် မရေမရာ လုပ်ထားတဲ့ အချက်တွေ ပါတယ်။ ပြောင်းလဲမယ်ဆိုရင် ခေတ်နဲ့ လျှော်ညီအောင် ပြောင်းရမယ့် ဥပဒေတွေကတော့ အများကြီးပဲ။ ၃၇၇တစ်ခုတည်း အရင်ပြောင်းပေးဖို့ တောင်းဆိုရင်တော့ မလွယ်လောက်ဘူး။ ကောင်းတာကတော့ အစိုးရဟာ လိင်တူချစ်သူတွေကို ပပျောက်အောင်လုပ်ချင်လို့ ရည်ရွယ်ချက်ရှိရှိ လုပ်ထားတာ မဟုတ်မှန်းသိတော့ ပြုပြင်ဖို့ သိပ်မခဲယဉ်းဘူးပေါ့။ 

ပြီးခဲ့တဲ့ ကာလ မေလ (၁၇)ရက်နေ့က လိင်တူချစ်သူတွေအပေါ် မုန်းတီးမှုပပျောက်ရေး နိုင်ငံတကာ အထိမ်းအမှတ် အခမ်းအနားနေ့ကို မြန်မာပြည်တွင်း ဒေသတချို့မှာ ကျင်းပခဲ့တယ်။ အဲဒီလို ကျင်းပတာနဲ့ ပတ်သက်ပြီး စာနယ်ဇင်းသမား တယောက်အနေနဲ့ ဘယ်လို မြင်လဲ။
တော်တော်များများကတော့ အံ့အားသင့်ကြတယ်။ ကျွန်တော့် မိတ်ဆွေ နိုင်ငံခြားသား အချို့တောင် ပါတယ်။ မြန်မာနိုင်ငံမှာ ဒီလို အခမ်းအနားမျိုး ရှိနေပြီလားပေါ့။ မြန်မာ့လိင်တူချစ်သူ လောကအတွက် သမိုင်းဝင် မှတ်တိုင်တစ်ခုပါပဲ။ တန်းတူအခွင့်အရေးရဖို့အတွက် လူတွေကို ပညာပေးဖို့ အကောင်းဆုံး entry point လည်း ဖြစ်တယ်။ နှစ်တိုင်း မပျက်မကွက် လုပ်ဖြစ်ဖို့ မျှော်လင့်ပါတယ်။ 

အဲဒီ IDAHO နဲ့ ပတ်သက်ပြီး စာနယ်ဇင်းနယ်ပယ်မှာ ဘယ်လိုမျိုး ရိုက်ခတ်မှုတွေ ရှိခဲ့သလဲ။
စာနယ်ဇင်း အတော်များများကတော့ ပုံမှန်သတင်းတစ်ပုဒ်အနေနဲ့ပဲ ဖော်ပြကြတယ်။ အရမ်းကြီး တင်ပေးတာမျိုး လုပ်ပေးတာမျိုးတော့မရှိဘူး။ အချို့ကတော့ နည်းနည်း အဆိုးမြင်တဲ့ ပုံစံမျိုးရေးကြတယ်။ မင်းတို့ ဘယ်လောက်လုပ်လုပ် ရမှာမဟုတ်ဘူးဆိုတဲ့ ပုံစံမျိုးပေါ့။ ဒါကလည်း စာနယ်ဇင်းရဲ့ သဘောက လူများစုရဲ့ အကြိုက်ကို လိုက်ပေးရတယ်လေ။ ဒီကိစ္စကို အရမ်းထောက်ခံ အားပေးတဲ့ ပုံစံမျိုးနဲ့ ရေးလိုက်လို့ သူတို့ရဲ့ အမာခံ စာဖတ်ပရိသတ်က အမြင်ကပ်သွားရင် ဂျာနယ်စောင်ရေ လျှော့မယ်။ ဂျာနယ်ရဲ့ ၀င်ငွေလည်း လျှော့မယ်လေ။ မီဒီယာလောကသားတွေထဲမှာလည်း ကျွန်တော်တို့လို လိင်တူချစ်သူတွေ အများကြီး ရှိပါတယ်။ ဒါပေမယ့် ဘယ်သူဖြစ်ဖြစ် ကိုယ့်ရဲ့ ပုဂ္ဂလိက အကျိုးစီးပွားအတွက် ရှေ့တန်းတင်ကြတာပါပဲ။ အဲဒီအတွက် အကျိုးအမြတ်ကို အဓိကမထားတဲ့  ကာလာရိန်းဘိုးလို မီဒီယာမျိုးကို မြန်မာနိုင်ငံထဲမှာ ကျယ်ကျယ်ပြန့်ပြန့် ရောက်စေချင်ပါတယ်။ 

နောက်ပြီး အဲဒီပွဲနဲ့ ပတ်သက်ပြီး ကျနော်တို့ ပြင်ပ လူမှုအဖွဲ့အစည်းထဲမှာကော ဘယ်လိုမျိုး ရိုတ်ခတ်မှုတွေ ရှိခဲ့သလဲ။
IDAHO နေ့ အခမ်းအနား ကျင်းပခွင့်ရပြီး၊ မီဒီယာတွေမှာ ပါလာတာ လူတွေရဲ့ အမြင်ကို  တော်တော် ပြောင်းစေပါတယ်။ မြန်မာလူမျိုးတွေမှာ အစိုးရကို ဘယ်လောက်မုန်းမုန်း အစိုးရရဲ့ ဆုံးဖြတ်ချက်ကို အတည်ယူချင်တဲ့ ဆန္ဒတော့ ရှိကြတယ်။ အခု အစိုးရကတောင် ဒါမျိုးတွေ ခွင့်ပြုလိုက်ပြီဆိုတော့ လိင်တူချစ်သူတွေကို လက်ခံသင့်တယ် ဆိုတဲ့ဘက်က အားသာသွားတဲ့ သဘောပါပဲ။ 

ဒီရိမ်းဘိုးမဂ္ဂဇင်းကိုကော ဘာတွေကိုများ ဖြည့်စွက်အကြံပေး ပြောဆိုလိုပါသလဲ။
မြန်မာပြည်တွင်းမှာ ဒီထက်မက ပျံ့နှံ့အောင် ဖြန့်ဖို့ ပြောချင်ပါတယ်။ နောက်ပြီး လိင်တူချစ်သူတွေထဲမှာ စာအရေးကောင်းတဲ့သူတွေ အများကြီးရှိပါတယ်။ အဲလိုလူတွေကို စင်တင်ပြီး ဖော်ပြပေးဖို့ အကြံပြုချင်ပါတယ်။ 

ရိမ်းဘိုးမဂ္ဂဇင်း စာဖတ်ပရိသတ်နဲ့ မြန်မာနိုင်ငံက လိင်တူချစ်သူတွေကိုကော ဘာတွေကို ဘယ်လိုမျိုး အကြံပေး ပြောဆိုလိုပါသလဲ။
လူတိုင်းကို ကိုယ်ချင်းစာစိတ်နဲ့ ကြည့်ဖို့ ပြောချင်တယ်။ လူတွေအနေနဲ့ လိင်တူချစ်သူတွေအကြောင်း မီဒီယာမှာ တွေ့ရရင် စိတ်အနှောက်အယှက် ဖြစ်ကောင်းဖြစ်မယ်။ ဒါပေမယ့် ခင်ဗျားတို့ စိတ်အနှောက်အယှက် ဖြစ်ရတာ မိနစ်ပိုင်း၊ အလွန်ဆုံး နာရီပိုင်းပါပဲ။ လိင်တူချစ်သူတွေ ခံစားနေရတာက တစ်ဘ၀လုံး ဖြစ်တယ်ဆိုတာ သိစေချင်ပါတယ်။