မိန်းမလျာအခွင့်အရေး Gay’s Right နှင့် နိုင်ငံတော်ဖွံ့ဖြိုးရေး ဆက်စပ်ပုံ
လွန်ခဲ့သော နှစ်နှစ်ခန့်က အသက် ၁၇ နှစ်နှင့် ၁၅နှစ် အသီးသီးရှိကြသော ကျွန်တော်၏ သမီးနှစ်ယောက်သည် သူတို့ရဲ့အဒေါ်ဖြစ်သူ ထိုင်းနိုင်ငံသို့ ဘုရားဖူးသွားရာတွင် အဖော်အဖြစ် ဘန်ကောက်မြို့သို့လိုက်သွားကြပါသည်။ ပြန်လာတော့ သမီးကြီးက ကျွန်တော့် အတွက်ဟုဆိုကာ ဘန်ကောက်မှဝယ်လာသော တီရှပ်သုံးထည် လက်ဆောင်ပေးသည်။ ငယ်ငယ်ကတည်းက ဖအေနားအလွန်ကပ်ပြီး ဖအေကိုလည်း နောက်တတ်သည့် သမီးငယ်ကတော့ ‘ဖေကြီးအတွက် သမီးလည်းလက်ဆောင်ဝယ်လာတယ်’ဟုပြောရာ ကျွန်တော်က ဟုတ်လားသမီးဟု အလိုက်သင့်ပြန်ပြောတော့ သူမက ‘သမီးဝယ်လာတဲ့လက်ဆောင်က ဖေဖေ့အကြိုက်’ ဟု ထပ်၍ကွန့်ပါသည်။ ‘ဘာများလဲသမီးရဲ့’ ဟုမေးတော့ သမီးက ‘ရော့ ဖေကြီး၊ ဖေကြီးအကြိုက်လေးတွေ’ ဟုပြောပြီး ဓာတ်ပုံတစ်ပုံကို ထုတ်ပေးပါတော့သည်။ ကျွန်တော်က ဓာတ်ပုံကိုကြည့်လိုက်ရင်း ‘အောင်မလေးဟဲ့’ဟုပင် ပါးစပ်က ယောင်၍ထွက်သွားပါသည်။
ဓာတ်ပုံထဲမှာက ရေကူးဝတ်စုံနှင့် ခန္ဓာကိုယ်အလှကို အထူးပြထားသည့် အလွန်ချောသော မိန်းကလေးငါးယောက်လောက် စင်ပေါ်တက် ၍ သီချင်းဆိုနေသည့်ပုံ ဖြစ်ပါသည်။ ၎င်းမိန်းကလေးများသည် မျက်နှာရော ကိုယ်လုံးကိုယ်ပေါက်ရော၊ ကိုယ်ဟန်အနေအထားရော ပြောစရာမရှိအောင် လှသည်။ ခြောက်ပြစ်ကင်း သဲလဲစင်အလှဟုဆိုနိုင်ပါသည်။ ကျွန်တော့် ပါးစပ်က ‘အောင်မလေးဟဲ့’ ဟုယောင်၍ အသံထွက်သွားခြင်းမှာ သူတို့၏အလှကို ရင်ဖိုသွား၍ဟု စာဖတ်သူတို့ အထင်မလွဲစေလိုပါ။ ကျွန်တော်၏ အသက်အရွယ်သည် ရင်ခုန်ရမည့် အရွယ်မဟုတ်။ ၁၅နှစ်သမီးက ဖအေကို ဒီလိုပုံမျိုးလက်ဆောင်ပေးတော့ လန့်သွားတာပါ။ နောက်စရာရှားလို့ ကိုယ့်ဖအေကို ဒီလိုနောက်ရသလားဆိုပြီး သမီးငယ်ကို ဆုံးမလိုက်ရသေးသည်။ သမီးငယ်က ဆက်၍ပြောသည်မှာ ‘ဖေကြီး၊ သူတို့က ယောက်ျားဘဝကနေ ခွဲစိတ်ခံပြီး မိန်းမဘဝကို ပြောင်းထားတာ’ ဟုပြောပြပါသည်။ ပြီးတော့
‘သူတို့ကပွင့်ပွင့်လင်းလင်းပဲ။ သူတို့ခွဲစိတ်ခဲ့ပြီး လိင်ပြောင်းထားတာလို့လည်း ပြောင်ပြောင်တင်းတင်း ပြောတယ်။ ဓာတ်ပုံလည်းအရိုက်ခံ တယ်။ သူတို့ရဲ့ဘဝမှန်ကို ဘယ်သူဘာပြောပြော သူတို့က ပြဿနာမရှိဘူး။ ပတ်ဝန်းကျင်နဲ့လည်း ပြဿနာမရှိဘူး’ဟု သမီးငယ်က ကလေးတစ်ဦးအနေနှင့် သူသိသလောက် တိုတိုတုတ်တုတ် ပြောလိုက်သော်လည်း သူ့စကားအရ ထိုင်းနိုင်ငံ၏ ကျန်းမာရေးအခြေအနေ အဆင့်အတန်းတစ်ခုကို ချက်ချင်း ကျွန်တော်အကဲခတ်လိုက်မိသည်။
ဘယ်လိုအကဲခတ်လိုက်မိတာလဲ ရှင်းပြပါမည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ကျန်းမာရေး(Health) ကိုအဓိပ္ပာယ်သတ်မှတ်သည်မှာ -
‘ကျန်းမာခြင်းဟူသည်မှာ ရောဂါကင်းရှင်းနေရုံသာမဟုတ် ကိုယ်၏ကျန်းမာခြင်း(ကာယသုခ)၊ စိတ်၏ချမ်းသာခြင်း (စိတ္တသုခ)တို့အပြင် လူမှုရေးသုခနှင့် ပြည့်စုံနေခြင်းဖြစ်သည်’ ဟုဆိုပါသည်။ ဒီတော့ ယောက်ျားဘဝနှင့် မိန်းမစိတ်ပေါက်နေသူတစ်ယောက်ကို မြင်ယောင်ကြည့်ပါ။
သူ့မှာ ရောဂါကင်းရှင်းနေမယ်ဆိုပါစို့။ ဒါဆိုရင် ကာယသုခတော့ ရှိပါတယ်။ ဒါပေမယ့် ဖြစ်ချင်တဲ့မိန်းမဘဝကို တကယ်မဖြစ်ရရှာဘူး။ ဒီတော့ စိတ်မချမ်းသာဘူး စိတ္တသုခနဲ့မပြည့်စုံဘူး။ ဒါတင်ဘယ်ကမလည်း ပတ်ဝန်းကျင်ကလည်း သိပ်ပြီးအဖက်မလုပ်ဘူး။ မိန်းမလျာ (ဘန်းစကားနဲ့ဆိုရင် အခြောက်) ဆိုပြီး ပစ်ပယ်ထားမယ်။ ဒီတော့ လူမှုရေးသုခနဲ့ မပြည့်စုံတော့ဘူး။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ရဲ့ သတ်မှတ်ချက်နဲ့ချိန်ထိုးကြည့်ရင် ကာယသုခပဲပြည့်စုံတယ်၊ စိတ္တသုခနဲ့ လူမှုရေးသုခ မပြည့်စုံဘူး။ ဒီတော့ မိန်းမလျာတွေကို မကျန်းမာ ကြရှာဘူးဟု ပြောနိုင်ပါသည်။ လူတွေနားလည်တဲ့ ကျန်းမာခြင်းဆိုတာကလည်း ရောဂါ ရှိ မရှိဆိုတဲ့ ပေတံနဲ့ပဲ တိုင်းတာကိုး။ လူရာ ဝင်မဝင်၊ လူဝင်ဆန့်မဆန့်ဆိုတဲ့အချက်လည်း ပါသေးတယ်ဆိုတာ လူတွေ သိပ်မသိကြပါဘူး။ ဒါပေမယ့် ထိုင်းနိုင်ငံမှာ ကျွန်တော့် သမီးငယ်တွေ့ခဲ့တဲ့ စင်ပေါ်တက်ပြီး သီချင်းဆိုနေတဲ့ ရေကူးဝတ်စုံဝတ်၍ ‘ကျား’ ဘဝမှ ‘မ’ ဘဝသို့ပြောင်းထားကြသူများကတော့ သိပ်လှပြီး မြင်သူငေးနေရတယ်။ ရောဂါမရှိဘူး၊ ဒီတော့ ကာယသုခနဲ့ပြည့်စုံနေပြီး ခွဲစိတ်လိင်ပြောင်းထားလို့ ဖြစ်ချင်သလို ဖြစ်လာရပြီ ဆိုတော့ စိတ်ချမ်းသာပြီပေါ့။ ဒီတော့ စိတ္တသုခနဲ့ပြည့်စုံပြီး သူတို့က သူတို့အကြောင်းကို ပွင့်ပွင့်လင်းလင်း ပတ်ဝန်းကျင်မှာ ချပြရဲတယ်။ ပတ်ဝန်းကျင်နဲ့လည်း ပြဿနာမရှိဘူးဆိုတော့ လူမှုရေးသုခနဲ့လည်း ပြည့်စုံပြီပေါ့။ ဒီတော့ သူတို့ကျန်းမာကြသည်။ ဒီလို ကျန်းမာရေး အနေအထားတစ်ခုကို ရောက်ဖို့ ပတ်ဝန်းကျင်၏ နားလည်ပေးမှု Understanding နဲ့လည်းဆိုင်တယ်။ တနည်းအားဖြင့် Development Status of Social Environment (ခေါ်) လူမှုပတ်ဝန်းကျင်၏ ဖွံ့ဖြိုးတိုးတက်မှုနဲ့လည်း ဆိုင်ပါသည်။
ဥပမာတစ်ခုပြောရသော် အကယ်၍ လူတစ်ဦးကို သူ့ရဲ့ပတ်ဝန်းကျင်က ဝိုင်းပယ်လာတယ်ဆိုပါစို့။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အဓိပ္ပာယ် သတ်မှတ်ချက်အရ သူဟာ ကျန်းမာသူမဟုတ်ပါဘူး။ ၉၆ပါး ရောဂါဝေဒနာကင်းစင်နေသော်လည်း လူမှုရေးသုခ သူ့မှမပြည့်စုံပါ။ ထို့အပြင် သူ့ကိုဝိုင်းပယ်ထားသော ပတ်ဝန်းကျင်သည်လည်း ဖွံ့ဖြိုးရေးအဆင့်အတန်းမြင့်နေသည့် Development Status ဟု မဆိုသာပါ။ စာနာစိတ်နည်းနေသေးသည်ဟု ဆိုနိုင်ပါ၏။
ဘန်ကောက်မြို့က ပြန်လာတဲ့ ၁၅နှစ်အရွယ် ကျွန်တော့်သမီးက ဘန်ကောက်မှာ ယောက်ျားဘဝမှ မိန်းမဘဝသို့ ခွဲစိတ်လိင်ပြောင်းထား သူတွေ ပတ်ဝန်းကျင်နဲ့ ပြဿနာမရှိဘူး။ ပတ်ဝန်းကျင်မှာ မသိမ်ငယ်ရဘူးဆိုတော့ အဲဒီပတ်ဝန်းကျင်ရဲ့ Development ဟာ မြင့်မားနေ ပြီဟု ကောက်ချက်ချမိပါသည်။
မကြာသေးမီက ဂျာနယ်တစ်စောင်တွင် နိုင်ငံခြားတိုင်းပြည်တစ်ခုမှာ ‘ကျား’ဘဝမှ ‘မ’ဘဝသို့ ခွဲစိတ်လိင်ပြောင်းသော ဦးရေအရေအတွက် အလွန်များနေပါသည်ဟု ရေးခဲ့ရာ စာဖတ်သူအချို့က ပြဿနာတွေတော့များကုန်ပါပြီဟု စုတ်သပ်နေကြသည်ကို တွေ့ခဲ့ဖူးပါသည်။ တကယ်တော့ ကျားဘဝကနေ ခွဲစိတ်လိင်ပြောင်းလိုက်သော အရေအတွက်များလာခြင်းသည် ပြဿနာများလာခြင်းမဟုတ်၊ ပြဿနာဖြေရှင်းခြင်းများသာ ဖြစ်၏။
Problem များခြင်းမဟုတ်၊ Problem Solution များလာခြင်းဖြစ်ပါသည်။ ခွဲစိတ်လိင်မပြောင်းဘဲ ဒီအတိုင်းထားတော့ကော ၎င်းပုဂ္ဂိုလ်တို့ သည် ယောက်ျားစိတ်ပြန်ပေါက်မှာတဲ့လား။ ယောက်ျားစိတ်ပြန်မပေါက်သည့်အပြင် ယောက်ျားအင်္ဂါနှင့် မိန်းမစိတ်ဖြစ်နေပြီး ပြဿနာများ တော့၏။ ပြဿနာကတော့ လိင်တူဆက်ဆံခြင်း (Homo Sex) နှင့် လူမှုရေးပြဿနာအမျိုးမျိုးဖြစ်၏။ ၎င်းတို့ကို M.S.M (Men Sex with Men) ဟုခေါ်ပါ၏။ M.S.M တို့၌ အိတ်ချ်အိုင်ဗွီအန္တရာယ်လည်း မြင့်မားနေတတ်ပါသည်။
ကျွန်တော်သည် အိတ်ချ်အိုင်ဗွီကာကွယ်ရေးစီမံကိန်း၌ တာဝန်ထမ်းဆောင်ဖူးသဖြင့် M.S.M ပေါင်းများစွာနှင့် ခင်မင်ရင်းနှီးအသိအကျွမ်း ဖြစ်ခဲ့ဖူးပါသည်။ များသောအားဖြင့် ၎င်း M.S.Mတို့သည် အပယ်ခံများဖြစ်ကြပါသည်။ အနည်းဆုံးတော့ သူတို့ကို ‘ဟား’စရာဟု ယူဆကြ ပါသည်။ တချို့ကတော့ ကမ္ဘာပေါ်တွင် HIV ကူးစက်နှုန်းမြင့်မားအောင်လုပ်သူတွေထဲမှာ သူတို့လည်းပါသည်ဟု အပြစ်တင်တတ်ကြပါသည်။ မြန်မာနိုင်ငံမှ M.S.Mများတွင် တချို့မှာ ချမ်းသာပြီး ကံထူးကြပါသည်။ ဘာကြောင့်လဲဆိုတော့ ထိုင်းနိုင်ငံသို့ ကျွန်တော်သိရသလောက် ဘုရားဖူးလိုလိုသွားပြီး ခွဲစိတ်လိင်ပြောင်းခဲ့ကြပါသည်။ ဒီတော့ ကိုယ်ဖြစ်ချင်တဲ့ဘဝကို ကိုယ်ရောက်ရပြီး အတိုင်းအတာတစ်ခုအထိတော့ စိတ်ချမ်းသာရပါတယ်။ ဒါပေမယ့် လုံးလုံးလျားလျားတော့ မေပျော်ရဲပါ။ ဘာကြောင့်လဲဆိုတော့ ငါတော့ မိန်းမလုံးလုံးဖြစ်ပြီဟေ့လို့ မကြေငြာရဲပါ။ မိမိရဲ့ပြောင်းလဲသွားတဲ့ဘဝကို ပတ်ဝန်းကျင်သို့ ပေါ်ပေါ်တင်တင် အသိမပေးရဲတာ ကျွန်တော်တို့ အသိမိတ်ဆွေထဲတွင် ရှိပါသည်။
တချို့က ပြောကြပြန်ပါသည်။ ‘ကျား’ ဘဝမှ ‘မ’ ဘဝ-သို့ ခွဲစိတ်လိင်ပြောင်းခြင်းသည် ဥပဒေအရ ပြစ်မှုမြောက်သည်ဟု ဆိုကြပြန်၍ အပယ်ခံ M.S.M တို့ခမျာ သွေးလန့်ကြရှာပါသည်။ တပ်လိုက်တဲ့ ဥပဒေပုဒ်မက အကြီးကြီးမှ တကယ့်ကိုအကြီးကြီးပါ။ မြန်မာနိုင်ငံ ရာဇသတ်ကြီး ခေါ် ပြစ်မှုဥပဒေ ၃၂၆တွင် လူတစ်ဦး၏ ကိုယ်အင်္ဂါတစ်ခုခုကို ပျက်စီးစေလျှင် ကျွန်းဒဏ်အထိပြဋ္ဌာန်းထားပါသည်။ ဒီတော့ ယောက်ျားလိင်အင်္ဂါကြီးကို ခွဲစိတ်ဖြတ်တောက်လိုက်တာကြောင့် ကိုယ်အင်္ဂါတစ်ခုကို ဖျက်ဆီးလိုက်တာပဲဆိုပြီး ဒီပုဒ်မကြီးတပ်လိုက်တော့ သွေးပျက်ကုန်ကြရှာပါသည်။
ကိုယ်အင်္ဂါကို ပျက်စီးစေခြင်းလား၊ ဆေးကုသခြင်းလား
လူတစ်ဦးနှင့် တစ်ဦး ရန်ဖြစ်၍ ဒေါသအလျှောက် ဓားနှင့်ခုတ်လိုက်သဖြင့် တစ်ဖက်လူ လက်ပြတ်သွားသော် ကိုယ်အင်္ဂါပျက်စီးပြီး ဒုက္ခိတဖြစ်သွားသဖြင့် ပြစ်မှုဥပဒေပုဒ်မ ၃၂၆နှင့် အကျုံးဝင်ပါသည်။ သို့သော် ဆီးချိုလူနာတစ်ယောက် ဆီးချိုအလွန်ပြင်းထန်ကာ ခြေထောက်အနာဖြစ်၍ ခြေထောက်ပုပ်သဖြင့် အသက်အန္တရာယ်ရှိ၍ ဆရာဝန်က ၎င်းခြေထောက်ကို ဖြတ်ရသော် ဒ ီကိစ္စက ကိုယ်အင်္ဂါကို ပျက်စီးစေခြင်းဟု အဓိပ္ပာယ်မမှတ်ဘဲ ဆေးကုသခြင်းဟု အဓိပ္ပာယ်မမှတ်ဘဲ ဆေးကုသခြင်းဟုအဓိပ္ပာယ်သတ်မှတ်၍ ပုဒ်မ ၃၂၆နှင့် အကျုံးမဝင်ပြန်ပါ။
ဒီတော့ M.S.M တစ်ယောက်ရဲ့ လိင်အင်္ဂါကို ဖြတ်တောက်လိင်ပြောင်းရာ၌ ဤကိစ္စသည် ဆေးကုသပေးခြင်းဖြစ်ပါသည်ဟု လျှောက်လဲ နိုင်ပါသည်။ တကယ်တော့ ခွဲစိတ်လိင်ပြောင်းထားခြင်းကို တားမြစ်သော အထူးဥပဒေမရှိသလို ခွင့်ပြုထားသော ပြဋ္ဌာန်းချက်လည်း မရှိပါ။ ဤအမှုကိစ္စမျိုးကို တိုင်ကြားတရားစွဲဖူးခြင်း မရှိ၍ စီရင်ထုံးလည်းမရှိသေးပါ။
တချို့သော ဥပဒေရေးရာ အငြင်းပွားမှုများတွင် ကိုးကားစရာဥပဒေရှာမတွေ့ဘဲ စီရင်ထုံးများကို ကိုးကားရပါသည်။ စီရင်ထုံးဆိုသည်မှာ နိုင်ငံတစ်နိုင်ငံ၏ အမြင့်ဆုံးတရားရုံးဖြစ်သော တရားရုံးချုပ်၏ စုံညီစုံရုံးက ဆုံးဖြတ်ပေးဖူးသော အမှုတစ်ခု၏ ဆုံးဖြတ်ပုံ (ဝါ) ဖြတ်ထုံး (ဝါ) စီရင်ထုံးဖြစ်ပြီး အောက်တရားရုံးအားလုံးက လိုက်နာပါသည်။ ဥပမာ မြန်မာလင်မယားတို့၌ လင်က မယားကို ကြိမ်ဖန်များစွာ ပါးရိုက်သော် မယားကို ကွာရှင်းခွင့်ပြုရမည်ဟု အတိအလင်း တိတိကျကျ ပြဋ္ဌာန်းချက်မရှိ၍ ပါးရိုက်ခံရသော မယားက တရားရုံးတွင် လင်မယားကွာရှင်းခွင့်တောင်းသော် တရားရုံးအမျိုးမျိုး၌ မတူညီသော စီရင်ချက်အမျိုးမျိုးဖြစ်ပေါ်နိုင်ပါသည်။ သို့သော် ၁၉၆၈ ၌ တရားရုံးချုပ်၏ ၁၉၆၈ တရားမ ပထမအယူခံမှု အမှတ် ၁တွင် ဦးမျိုးမြင့်နှင့် ဒေါက်တာခင်မေကြည် စီရင်ထုံး၌ လင်မယားကွာရှင်းခွင့် ပေးခဲ့ပြီး စီရင်ထုံးအဖြစ်ထုတ်ပြန်ခဲ့သည်။ ထိုစီရင်ထုံးကို ကိုးကား၍ နောက်အခါ လင်မယားပါးရိုက်မှုဖြစ်သော် အောက်ရုံးအားလုံးက စီရင်ထုံးကို လိုက်နာ၍ ကွာရှင်းခွင့်ပေးရသည်။ ဒါက စီရင်ထုံးဥပမာတစ်ခုပါ။
သို့သော် M.S.M တို့လိင်ပြောင်းမှု၌ ယနေ့တိုင် အမှုမဖြစ်သေးသဖြင့် စီရင်ထုံးလည်း မရှိသေးပါ။ M.S.M တစ်ယောက် ခွဲစိတ်ဖြတ် တောက်၍ လိင်ပြောင်းသော် ဥပဒေအရ တကယ်ပင် မိန်းမဖြစ်သွားပြီလား။ ဥပမာ - လိင်ပြောင်းလိုက်သော M.S.M ဘဝကလာသူသည် ယောက်ျားတစ်ယောက်ကို တရားဝင်လက်ထပ်ခွင့်ရှိ မရှိဟူသော ဥပဒေပြဿနာမျိုးရှိပါသည်။ ကျွန်တော်တို့ နိုင်ငံတွင် ဤကိစ္စမျိုး၌ လည်း စီရင်ထုံး မရှိသေးပါ။
အပယ်ခံလူတန်းစားဆိုသည်မှာ ဘာလဲ
အပယ်ခံရသူတို့မှ ဥပမာတချို့ကတော့ လိင်တူဆက်ဆံသူများ၊ ပြည့်တန်ဆာများ၊ အနာကြီးဝေဒနာသည်၊ အေအိုင်ဒီအက်စ်ဝေဒနာ သည် စသဖြင့် ဖြစ်ကြပါသည်။
တစ်ခါက WHO မှ အိတ်ချ်အိုင်ဗွီပိုးရှိသူများကို စာနာကြည်ဖြူလက်တွဲကူရန် ဆောင်ပုဒ်ထုတ်ပြန်ခဲ့ဖူးပါသည်။ စာနာကြည်ဖြူခြင်းသည် Acceptance ပင်ဖြစ်ပါသည်။ လူမှုရေးအားနည်းချက်ရှိသူများအား ဝိုင်းပယ်သော ပတ်ဝန်းကျင်သည် ဖွံ့ဖြိုးမှုနောက်ကျနေသေးပြီး စာနာ ကြည်ဖြူလက်သင့်ခံသော ပတ်ဝန်းကျင်သည် ဖွံ့ဖြိုးမှု ခြေတစ်လှမ်းတိုးလာသည်ဟု ဆိုနိုင်ပါသည်။ ဖွံ့ဖြိုးပြီးဖြစ်သော လူမှုရေးအဆောက် အအုံတစ်ခုတွင် လူမှုရေးအားနည်းသူများကို ပစ်ပယ်လှောင်ပြောင်ခြင်း၊ ဝိုင်း၍ ‘ဟား’ခြင်းမရှိတော့ပါ။
မကြာသေးမီက ကျွန်တော်တို့နိုင်ငံတွင် ရုပ်ရှင်မင်းသားငယ်လေးတစ်ယောက် လက်ထပ်တော့ သူ၏သတို့သမီးအား ‘ကျား’မှ ‘မ’ သို့ ဘဝပြောင်းထားသူပါဟု တစ်စုံတစ်ယောက်က သတင်းလွှင့်ခဲ့သည်။ တချို့က ‘ဟား’ သည်၊ ဒါပေမယ့် တကယ်မဟုတ်တော့ ‘ဟား’လို့ မရတော့ဘူး။ သို့သော် တကယ်ဟုတ်နေကြတဲ့ M.S.M တွေခမျာ ဘယ်လောက်အဟားခံနေကြရရှာမလဲ။
တချို့က M.S.Mများနှင့် ပြည့်တန်ဆာများသည် အေအိုင်ဒီအက်စ်ပြန့်ပွားရေး တရားခံစာရင်း၌ ပါဝင်သည်ဆိုပြီး ၎င်းတို့ကို အပြစ်တင် ရှုတ်ချကြပါသည်။ ဤသို့အပြစ်တင်ခြင်းသည် အိတ်ချ်အိုင်ဗွီကာကွယ်ရေး၏ မှန်ကန်သောနည်းလမ်း Right Method မဟုတ်ပါ။ သူတို့အား စည်းခြားထားသော လူမှုရေးအတားအဆီး Social Barrier အားနည်းပါးစေလျက် ကာကွယ်ရေးနည်းလမ်းများ (ဥပမာ - ကွန်ဒုံး စသည်ဖြင့်)ကို အလေ့အထ အလေ့အကျင့်ဖြစ်စေခြင်းဖြင့်သာ အိတ်ချ်အိုင်ဗွီကို တားဆီးရပါမည်။
ဖွံ့ဖြိုးခြင်း
Development is a Change towards positive directions ဟုဆိုပါသည်။ ဖွံ့ဖြိုးခြင်းသည် ကောင်းသောဘက်သို့ ပြောင်းလဲခြင်းဖြစ်ပါ သည်။ တချို့က အာကာသယာဉ်စီး၍ ကမ္ဘာပတ်မှ ဖွံ့ဖြိုးခြင်းဟုထင်ကြပါသည်။ တကယ်ဖွံ့ဖြိုးခြင်းသည် အခန်းကဏ္ဍ Sector များစွာရှိ ပါသည်။ အာကာသယာဉ်စီး၍ ကမ္ဘာပတ်နိုင်ခြင်းသည် သိပ္ပံနည်းပညာကဏ္ဍ ဖွံ့ဖြိုးခြင်းသာဖြစ်ပြီး ပိုမိုအရေးကြီးသည်မှာ လူမှုရေးကဏ္ဍ များ Social Sector များပါဝင်သည်။
အပယ်ခံများအတွက် စာနာလက်ခံလုပ်ပေးနိုင်ခြင်းသည်လည်း ဖွံ့ဖြိုးခြင်းပင်ဖြစ်ပါသည်။ ကျွန်တော်တို့သည် လောလောဆယ်အခိုက် အတန့်မှာ လကမ္ဘာသို့ ဒုံးပျံစီး၍ မသွားကြသေးပါ။ သို့သော် M.S.M တို့၊ ပြည့်တန်ဆာတို့အတွက်တော့ စာနာသော ပတ်ဝန်းကျင်ကို ဖန်တီးနိုင်စွမ်းရှိကြသည်။ ယနေ့ပင် ဖန်တီးနိုင်သည်ဟု ဆိုချင်ပါသည်။ ထို့ကြောင့် ယနေ့ပင် ဖွံ့ဖြိုးနိုင်သည်။
နားလည်မှု၊ လေးစားမှုများပေးလျှင် အပြန်အလှန် လေးစားမှုရှိကြပေမည်။ ကျန်းမာရေးအဆင့်အတန်း၊ ဖွံ့ဖြိုးရေးအဆင့်အတန်း တိုးတက် လာမည်ဟု ဆိုနိုင်ပါ၏။
ကျမ်းကိုး
- မြန်မာနိုင်ငံ ရာဇသတ်ကြီးဥပဒေ
- မြန်မာ့ဓလေ့ထုံးတမ်းဥပဒေ (ဦးမြစိန်၊ ဗဟိုတရားရုံးရှေ့နေ)
- အေအိုင်ဒီအက်စ် ကာကွယ်ရေးနှင့် သက်ဆိုင်ရာဥပဒေများ (ဒေါက်တာထွန်းဝင်း စာရေးသူကိုယ်တိုင်)
ဒေါက်တာ ထွန်းဝင်း
*** ဒေါက်တာ ထွန်းဝင်း၏ ‘လိင်နှင့် ကျား မဆိုင်ရာ နိုင်ငံရေး (Sex and Gender Politics)’ စာအုပ်မှ ကူးယူဖော်ပြပါသည်။
No comments:
Post a Comment