Saturday, March 7, 2009

အမျိုးသားတွေနဲ့ လိင်မှုကိစ္စ Part II

(၆) သဘာဝဆေးမြစ်များ (Yohimbe, Tribulus, and Maca)
သဘာဝကရတဲ့ တိုင်းရင်းဆေးဖက်ဝင် သစ်ဥ၊ သစ်မြစ်၊ သစ်ခေါက်တွေဟာ ကာမအားတိုး အာနိသင်ရှိမရှိ လေ့လာသုတေသနပြုလုပ်နေဆဲဖြစ်ပါတယ်။ အဲဒီဆေးမြစ်တွေအနက် ယိုဟင်ဘီ Yohimbe ၊ တရွိုင်ဘူလပ်(စ်) Tribulus နဲ့မာကာ Maca ၃မျိုးဟာ ထိပ်တန်းရောက်နေကြပါတယ်။ ဒီဆေးမြစ်၃မျိုးကိုရောစပ်ပြီး သဘာဝ ဗိုင်ယာဂယာဆိုပြီး တိုင်းရင်းဆေးတစ်မျိုးအဖြစ် ထုတ်လုပ်ရောင်းချလျက်ရှိနေပါပြီ။ ဒါပေမယ့် ထိပ်တန်း သုတေသနပညာရှင်ကြီးတွေကတော့ ဒီဆေးတွေကနေ ဝေးဝေးရှောင်နေဖို့ အကြံပြုသတိပေးကြပါတယ်။ အကြောင်းကတော့ အနောက်အာဖရိကဒေသမှာပေါက်တဲ့ အမြဲစိမ်းအပင်မြင့်မြင့် သစ်ပင်ဖြစ်တဲ့ ယိုဟင်ဘီ သစ်ခေါက်ကို များများစားရင် လူကိုအန္တရာယ်ရှိစေနိုင်ပါတယ်။ တချို့အနောက်တိုင်းရင်းဆေးဝါးများဟာ (ဥပမာ- အက်စ်ပရင်ဆေး) သဘာဝသစ်ဥသစ်မြစ်တွေကနေ ထုတ်လုပ်နေကြတာဖြစ်ပေမယ့်လို့ ဒီယိုဟင်ဘီက နေထုတ်တဲ့ ဆေးရဲ့နောက်ဆက်တွဲပြဿနာတွေက ရှေ့ဆက်အများကြီးလေ့လာရဦးမှာဖြစ်လို့ မိမိရဲ့ကာမစိတ် အား ကောင်းစေရုံသက်သက်နဲ့တော့ ဒီဆေးကို မသုံးဘဲ တခြားရွေးချယ်စရာနည်းလမ်းတွေကို သုံးသင့်တယ် လို့ ပညာရှင်တွေက ဆိုပါတယ်။
(၇) ဗိုင်ယာဂယာဆိုတဲ့ ကာမအားတိုးဆေး (Viagra)
ဗိုင်ယာဂယာဆေးကို စတင်တီထွင်ထုတ်လုပ်တဲ့ ဖိုင်ဇာ (Pfizer's) ဆေးကုမ္ပဏီကြီးကတော့ ၀င်ငွေကောင်း သည်ထက်ကောင်းနေပါတယ်။ တကယ်တော့ ဗိုင်ယာဂယာဟာ ကာမစိတ်ဆန္ဒကို လှုံ့ဆော်ပေးနိုင်တဲ့ ကာမ အားဆေးမဟုတ်ပါ။ ပန်းသေပန်းညှိုးရောဂါရှိတဲ့ သူတွေမှာ လိင်တံမာတောင့်တင်းလာဖို့ ပြဿနာရှိနေတဲ့သူ တွေမှာလိင်ဆက်ဆံဖို့အတွက် လိင်တံမာတောင့်တင်းအောင် လုပ်ပေးနိုင်တဲ့ဆေးတစ်မျိုးသာလျှင်ဖြစ်ပါတယ်။ သို့သော်လည်း သုံးစွဲနေကြသူတွေကတော့ လိင်စိတ်နှိုးဆော်ပေးတာနဲ့ လိင်တံတောင့်တင်းလာအောင် လုပ်ပေးတာကို အယူလွဲမှားနေကြတာဖြစ်ပါတယ်။ ဒီဆေးမှာလည်း ဘေးထွက်ဆိုးကျိုးတွေရှိတာကြောင့် လိင်တံမာတောင့်တင်းဖို့ ပြဿနာမရှိတဲ့ လူတွေမှာ လိင်စိတ်ထကြွနိုးထလာဖို့အတွက် ဗိုင်ယာဂယာ မလိုအပ်ပါ။

(၈) စိတ်ကျန်းမာရေး (Psychoanalysis)
တစ်ခါတစ်ရံ ကျားမှာရော၊မမှာပါ လိင်စိတ်လျော့နည်းကျဆင်းရခြင်းဟာ စိတ်ဓာတ်ကျဆင်းခြင်း၊ ပင်ပန်းမှု လွန်ကဲခြင်း၊ စိုးရိမ်စိတ်များခြင်းနဲ့ တခြားစိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကြောင့်ဲဖြစ်ရတာဖြစ်ပါတယ်။ ဒီလို အခြေအနေမျိုးမှာတော့ စိတ်ကျန်းမာရေးဆရာဝန်တွေ၊နှစ်သိမ့်ဆွေးနွေးအကြံပေးသူတွေနဲ့ လိင်ကျွမ်းကျင်သူ (Sex Therapists) တွေရဲ့ အကူအညီလိုပါတယ်။ သူတို့နဲ့ ဆွေးနွေးတိုင်ပင်လိုက်တဲ့အခါမှာ ကျဆင်းနေတဲ့ လိင်စိတ်တွေ ပြန်လည်နိုးထလာနိုင်ပါတယ်။ ဒါပေမယ့် မိမိမှာ စိတ်ကျန်းမာရေးပြဿနာဘာမှမရှိဘဲနဲ့ တော့ လိင်ကျွမ်းကျင်သူတွေဟာ သင့်ရဲ့ကာမအားတိုးဆေးဖြစ်လာမှာ မဟုတ်ပါဘူး။

(၉) ကျန်းမာသန်စွမ်းဖို့လိုသလား (Getting in Shape)
အမေရိကန်ဆေးပညာဂျာနယ်မှာ ဖော်ပြခဲ့တဲ့ ဂျွန်ဟော့ကင်းတက္ကသိုလ်ဆေးရုံက သုတေသီတွေပြုလုပ်ခဲ့တဲ့ လေ့လာမှုတစ်ခုမှာ ပန်းသေပန်းညှိုး (Erectile dysfunction) ဟာ ကိုယ်ကာယစွမ်းအား မကောင်း တဲ့သူ၊ ကာယလှုပ်ရှားမှုနည်းမှုတွေနဲ့ ဆက်စပ်နေကြောင်းဆိုပါတယ်။ အဲဒီသုတေသနမှာ ဆီးချိုရောဂါရှိသူ တွေရဲ့ ၅၀ရာခိုင်နှုန်းနဲ့ သွေးတိုးရောဂါရှိသူတွေရဲ့ ၄၄ရာခိုင်နှုန်းဟာ အမြဲတမ်း သို့မဟုတ် တစ်ခါတစ်ရံ ပန်းသေ ပန်းညှိုးပြဿနာရှိကြောင်းတွေ့ရှိရပါတယ်။ အလားတူပဲ စားပွဲထိုင်ပြီး အလုပ်လုပ်ရတဲ့သူတွေနဲ့ တစ်နေ့၃နာရီ ထက် ပိုကြာကြာ တယ်လီဗေးရှင်းကြည့်သူတွေရဲ့ ၂၆ရာခိုင်နှုန်းမှာလည်း ပန်းသေပန်းညှိုးပြဿနာရှိ တယ်လို့ ဆိုပါတယ်။ ဒါကြောင့်ကျန်းမာရေးမကောင်းလို့ လင်စိတ်သားစိတ်ကုန်ခမ်းနေတဲ့သူတွေအဖို့ ကာမအားတိုးဆေး အဖြစ် ကျန်းမာရေးနဲ့ ညီညွတ်တဲ့အစာတွေကို စား၊ကာယလှုပ်ရှားမှုမှန်မှန်လုပ်ရင် ဒါတွေဟာကျန်းမာရေး ပိုကောင်းလာစေနိုင်သလို ကာမစိတ်ဆန္ဒတွေလည်း တိုးတက်လာမှာဖြစ်တယ်လို့ ဒေါက်တာကာရင်ဘွိုင်းလ်က ဆိုပါတယ်။

(၁၀) ချစ်ခင်ကြင်နာယုယမှု လေးစားတန်ဖိုးထားပါ။ (Respect)
တကယ်တော့ လိင်ဆက်ဆံမှုဟာ ဖိုမဆက်ဆံရေးတစ်ခုတည်း၊ ဒါမှမဟုတ် မိမိတစ်ဦးတည်း ဆန္ဒပြည့်ဝဖို့ သက်သက်သာ မလုပ်ဆောင်သင့်ပေ။ဖိုမနှစ်ဦး အကြား အပြန်အလှန်ချစ်ခင်ကြင်နာ ယုယလေးစား တန်ဖိုး ထားမှု၊ အပေးအယူမျှတမှု၊ နားလည်မှုရှိမှုတွေသည်သာ လိင်မှုကိစ္စတွေရဲ့ အကောင်းဆုံးသော ကာမအားတိုး ဆေးစစ်စစ်ဖြစ်ပါတယ်လို့ လိင်ကျန်းမာရေးပါရဂူဒေါက်တာရု(တ်)က မကြာခဏ ပြောဆိုလေ့ရှိပါတယ်။ ဒါကြောင့် ကာမအားတိုးဆေးတွေအဖြစ် တခြားဘာကိုမျှ အားမကိုးဘဲ လင်မယားနှစ်ဦးကြားအပြန်အလှန် နားလည်မှုထားရှိပြီး တစ်ဦးနဲ့တစ်ဦး လေးလေးစားစား ဆက်ဆံခြင်းသည်သာ အကောင်းဆုံး နည်းလမ်းဖြစ်ပါတယ်။ Ref: Vol. (6), No. (22) 4/3/2009 Health Digest Journalပါ လိင်ကျန်းမာရေးကဏ္ဍမှ

No comments: