Tuesday, January 28, 2014

I want to make friend with my ex-bf


အဆက်ဟောင်းတစ်ယောက်နဲ့ မိတ်ဆွေအဖြစ်ဆက်ရှိစေဖို့

ကိုယ့်ရဲ့ချစ်သူကောင်းလေး၊ဒါမှမဟုတ် ကောင်မလေးနဲ့ အဆင်မပြေဖြစ်ပြီးပြတ်သွားကြ တယ်။ ဒါပေမယ့် သူ့ကိုကိုယ်က ဂရုစိုက်နေဆဲပဲ၊သူနဲ့ဆက်ပြီး သူငယ်ချင်းတစ်ယောက်အဖြစ် ရှိနေချင်ဆဲပဲလား။ ဒါမျိုးက တစ်ခါတစ်လေမှာ ဖြစ်တတ် ပါတယ်။ ဒီမှာကိုယ့်အဆက်ဟောင်းနဲ့ဘယ်လိုဆက်ပြီး သူငယ်ချင်းအဖြစ် ရှိနေအောင်လုပ်ရမလဲဆိုတဲ့ လမ်းညွှန်လေးတွေ.....

ဒီလိုဖြစ်ဖို့အတွက် လုပ်ဆောင်ရတာဟာ ခက်ခဲပြီး အချိန်နဲ့ စိတ်ရှည်မှုလည်း အများကြီးလိုအပ်ပါလိမ့်မယ်။

(၁) သူ့ကို ကိုယ်ချစ်တဲ့စိတ်မရှိတော့ဘူးဆိုတာ သေချာအောင်လုပ်ပါ။ အခင်ဆုံးသူငယ်ချင်းတွေအဖြစ် ပြန်နေ ကြဖို့ဆိုရင် လမ်းခွဲအပြီးမှာ နှစ်ယောက်စလုံးအနေနဲ့ ကိုယ့်ကိုယ်ကို ပြန်စုစည်းမှုရှိအောင် အရင်လုပ်ဖို့အတွက် အချိန် လိုအပ်ပါလိမ့်မယ်။

(၂) ကိုယ့်ရဲ့ ရည်ရွယ်ချက်က ကောင်းတယ်ဆိုတာ သေချာပါစေ။ သူ့ကိုစိတ်ညစ်ရအောင် ညှဉ်းပန်းနှိပ်စက်ဖို့ သက် သက်နဲ့၊ ဒါမှမဟုတ် သူနောက်ထပ်တခြားသူတွေနဲ့ မကြိုက်သွားအောင် တားဆီးဖို့အတွက်နဲ့ သူနဲ့မိတ်ဆွေအဖြစ် ဆက်ရှိ နေဖို့ ကြိုးစားတာဆိုရင်တော့ ရေရှည်မှာ နှစ်ယောက်စလုံးအတွက် အကျိုးမရှိနိုင်ပါဘူး။

(၃) သူ့ကို မကြာမကြာစောင့်ကြည့်ဂရုစိုက်ပေးပါ။သူငယ်ချင်းဆန်ဆန် နှုတ်ဆက်တဲ့ မက်ဆေ့ခ်ျလေးတွေ ပို့ပေးပါ။ ဒါမှမဟုတ် သူ့မွေးနေ့မှာ ဖုန်းခေါ်တာမျိုးဖြစ်ဖြစ်ပေါ့။ အခြေအနေဘယ်လိုလဲ၊ ဘာတွေဖြစ်နေလဲဆိုတာမျိုးတွေ မေးပါ။ သူ့ဘ၀မှာ ဘာတွေထပ်ဖြစ်နေလဲ။ ကိုယ်နဲ့ ပြတ်သွားပြီးနောက်ပိုင်းမှာ သူ့မှာဘာတွေပြောင်းလဲလာလဲဆိုတာတွေကို စုံစမ်းပါ။ သူ့ရဲ့သီးသန့်ရပ်တည်မှုကို အထောက်အပံ့ပေးပါ။

(၄) သူ့ကို လူတစ်ယောက်အနေနဲ့ အပေါင်းလက္ခဏာဆောင်တဲ့ ခံစားချက်ကိုယ့်မှာ ရှိတဲ့အကြောင်းနဲ့ သူနဲ့သူငယ်ချင်း ဖြစ်ချင်တဲ့အကြောင်း အသိပေးပါ။ တကယ့်သူငယ်ချင်းအစစ်ဖြစ်ချင်တယ်လို့ပြောပြပါ။ သူ့အတွက် ကိုယ်ကချစ်သူ တစ်ယောက်အနေနဲ့ ရှိပေးနိုင်ခဲ့တယ်ဆိုရင် သူ့အတွက် သူငယ်ချင်းတစ်ယောက်အနေနဲ့လည်း နေပေးနိုင်စရာအကြောင်း ရှိပါတယ်။

(၅) သူ့ကို အရမ်းအထာကျတယ်လို့ ထင်တဲ့အကြောင်းပြောပြပါ။ အရေးအကြီးဆုံးကတော့ သူနဲ့ပတ်သက်လို့ ဘာကိုမှ ပြောင်းလဲသွားစေချင်တဲ့ ဆန္ဒ ကိုယ့်မှာမရှိတဲ့အကြောင်းပြောပြဖို့ပါ။ ကိုယ့်ကိုယ်ကို အထင်ကြီးစိတ်ကို မြှင့်တင် ပေးတာဟာ လမ်းခွဲစဉ်က ဒဏ်ရာတွေရဲ့ လက်ကျန်တချို့ကို ပြန်ကုသပေးနိုင်ပါလိမ့်မယ်။

(၆) လိင်ပိုင်းဆိုင်ရာနဲ့ ရင်ခုန်စရာခေါင်းစဉ်တွေကို ရှောင်ကြဉ်ပါ။ နောက်ပြီး အီစီကလီလုပ်ချင်မိတဲ့ စိတ်ကိုလည်း ထိန်းချုပ်ထားပါ။ အထူးသဖြင့် ကိုယ်ကသူငယ်ချင်းအဖြစ် ဆက်ဆံရေးကို ပြန်အသက်သွင်းချင်နေတယ်ဆိုရင်ပေါ့။ ကိုယ်အရင်က ချစ်ကြိုက်ခဲ့ဖူးသူတစ်ယောက်နဲ့ ဒီလိုလုပ်ဖို့ဟာ တကယ်တော့ခက်ခဲမှာပါ။ ဒါပေမယ့် ကိုယ့်စိတ်အာရုံ စူးစိုက်မှုရှိမယ်ဆိုရင် သင်လုပ်နိုင်ပါလိမ့်မယ်။ တစ်ဖက်လူကို ကိုယ်က လမ်းမှားကို မဦးဆောင်မိအောင်နဲ့ သူကလည်း ကိုယ့်ကိုအဲဒီလို စမလုပ်လာအောင် သတိထားပါ။

(၇) အစပိုင်းမှာ သူနဲ့စကားပြောဆိုမှု၊ တွေ့ဆုံမှုတွေကို တိုတိုတုတ်တုတ်ပဲဖြစ်ပါစေ။ ပြီးတော့တကယ်လို့ ဖြစ်နိုင်မယ် ဆိုရင် ဒီစကားပြောဆိုမှု၊ တွေ့ဆုံမှုတွေကို ပျော်စရာကောင်းတဲ့ ဟာသလေးတွေစွက်ပါ။ ကိုယ်ဟာ ဘယ် လောက်အတူတွဲ လို့ ကောင်းတဲ့သူလဲဆိုတာကို သူ့ပြန်အမှတ် ရစေပါ။ ဒါပေမယ့် သူနဲ့ဘယ်လောက်မကြာခဏတွေ့မယ်၊ စကားပြောမယ်ဆို တာတွေကိုတော့ ကိုယ့်ကိုယ်ကို အကန့်အသတ်လုပ်ထားပါ။

(၈) ကိုယ့်ရဲ့ ကိုယ်ပိုင်ပန်းတိုင်တွေကို ရရှိဖို့ ဆက်ကြိုးစားသွားပါ။ အရင်ဇာတ်လမ်းတုန်းကအတိုင်း အနုတ်လက္ခဏာ ဆောင်တဲ့ အကျင့်ဆိုးတွေထဲ ပြန်မနစ်မြှုပ်သွားပါစေနဲ့။ ကိုယ့်အနေနဲ့ ကိုယ်ပိုင်စိတ်ဝင်စားမှုတွေကို ဖြစ်ပေါ်လာစေပြီး ကိုယ့်ရဲ့အဆက်ဟောင်းကိုလည်း ဒီလိုလုပ်ဖို့အားပေးပါ။

(၉) တကယ်လို့ ကိုယ့်ရဲ့အဆက်ဟောင်းက သူငယ်ချင်းအဖြစ် ပြန်နေကြဖို့ ဆန္ဒမရှိဘူးဆိုရင်လည်း သူ့ရဲ့ဆန္ဒကို ကိုယ်ကလေးစားမှုထားပေးရပါမယ်။ နောက်အနာဂတ်မှာတော့ ပြန်ပြီးသူငယ်ချင်းဖြစ်ရင် ဖြစ်လာနိုင်ကြမှာပါ။ ဒါပေမယ့် အခုအချိန်အတွက်တော့ ကိုယ့်ရဲ့ တခြားသူငယ်ချင်းတွေနဲ့ပဲ ပြန်ပြီးအာရုံစိုက်နေလိုက်ပါဦး။


(၁၀) နောက်ပြီး ကိုယ့်အဆက်ဟောင်းက ကိုယ့်ကို တခြားမိတ်ဆွေသူငယ်ချင်းတွေက ကိုယ့်အပေါ်ထားတဲ့ လေးစား ချစ်ခင်မှုမျိုးနဲ့ မဆက်ဆံဘူးဆိုရင်လည်း သူနဲ့ပြန်ပြီး သူငယ်ချင်းဖွဲ့ဖို့ အချိန်ကောင်းမဟုတ်သေးပါဘူး။

အသုံးဝင်မယ့် နည်းကောင်းလေးတွေ
- ကိုယ့်အဆက်ဟောင်းနဲ့ သူငယ်ချင်းလိုပြန်နေဖို့ ကြိုးစားနေတဲ့အကြောင်း ကိုယ့်ရဲ့သူငယ်ချင်းကောင်း တစ်ယောက်ကိုပြောပြပြီး ကိုယ့်ကို ဂရုစိုက်စောင့်ကြည့်ထိန်းသိမ်းပေးခိုင်းပါ။

- ကိုယ့်အဆက်ဟောင်းအပေါ် ခင်မင်မှု၊ကြင်နာမှုရှိပြီး ဆက်ဆံပုံဟာလည်း တစ်သမတ်တည်း ဖြစ်နေပါစေ။ ကိုယ့်ဘ၀မှာ တစ်စိတ်တစ်ပိုင်းအဖြစ် သူပါဝင်နေတဲ့အတွက် ကိုယ်ဝမ်းသာတဲ့ အကြောင်း မကြာခဏပြန်ပြောပေးပါ။

- ကိုယ့်ရဲ့ အချစ်သစ်နဲ့ သွားတွေ့ဖို့အတွက် သူနဲ့ချိန်းထားတာကို မဖျက်ပစ်ပါနဲ့။ သူ့အနေနဲ့ လမ်းခွဲခဲ့ရမှုရဲ့ တချို့အပိုင်းတွေကို စိတ်အစာမကြေဖြစ်နေနိုင်ဆဲဖြစ်ပြီး ကိုယ်နောက်ထပ်အသစ်တစ်ယောက်နဲ့ တွဲနေတာ အပေါ် တစ်မျိုးကြီး ခံစားနေရနိုင်တယ်ဆိုတာ သတိပြုပါ။


- ကိုယ့်အဆက်ဟောင်းက ကိုယ်နဲ့သူငယ်ချင်းမဖြစ်ချင်တော့ဖို့ဟာလည်း ဖြစ်နိုင်ပါတယ်။ ဒီလိုဆိုရင်တော့ ခွင့်လွှတ်နားလည်ပေးပြီး သူ့ကို မေ့ဖျောက် ကိုယ့်ဘ၀နဲ့ကိုယ် ရှေ့ဆက်သွားနိုင်ဖို့ကိုပဲ ကြိုးစားပါတော့။

ဂျွန်မိုးစက်
(Ref: teenadvice.com)

Tuesday, January 21, 2014

ဂျစ်ပစီထိပ်ထား

 
“ထိပ်ထား” တဲ့။ ဖေဖေက ဒီနာမည်လေးကို သမီးလေးတစ်ယောက်မို့ မြတ်မြတ်နိုးနိုးနဲ့ တန်ဖိုးထား ပေးခဲ့တာတဲ့။ မိမိကတော့ ဒီ “ထိပ်ထား” လို့ နာမည်ခေါ်တဲ့လူဆို သိပ်မုန်း၊ တစ်ချို့တွေက ကျနော့်ကို အမြင်ကပ် ပုဒ်မနဲ့ ဒီလောက်တောင် လုံးချင်တဲ့ ကောင်ဆိုပြီး “ငထိပ်”တဲ့ ခေါ်ကြပြန်ရော။ ဘာပဲဖြစ်ဖြစ် ထိပ်ထားဆိုတဲ့ နာမည်ထက်စာရင် “ငထိပ်” အခေါ်ခံရတာကို ကျေနပ်တယ်။
          “ဟဲ့ ဋ္ဌေးရင်… အဲဒါ ညည်း သမီးလား”
          အိမ်လာလည်တဲ့ ကြီးဒေါ်ဝမ်းကွဲတစ်ယောက်က ထိပ်ထားကိုမြင်ပြီး မေးတယ်။
          “ဟုတ်တယ်လေ မမလေး”
          ကြီးဒေါ် နှာခေါင်းတစ်ချက်ရှုံ့ရင်း
          “ဋ္ဌေးရင်ရယ် ညည်းကို ငါ့နှမတွေထဲမှာ ထက်လှပြီ ထင်နေတာ”
          “ဘာဖြစ်လို့တုန်း မမလေးရယ်”
          “ဟဲ့ ညည်းသမီးကိုပဲ အခုကြည့်လေ ပုံစံက၊ ဟိုမရောက် ဒီမရောက်နဲ့”
          “ဩော်… မမလေးရယ်။ ညီမလည်း ဆုံးမနည်း သွန်သင်နည်းတွေ စုံလှပေါ့။ ရမှ မရတာ မမတူမက”
          “ဟဲ့…. အဲဒါညည်းက ဒီအတိုင်း ပစ်ထားရသလား။ ယဉ်ကျေးလိမ္မာ သင်တန်းတို့ ဘာတို့ပို့ပေါ့။ မရရင် ငါ့ဆီ ပို့ခဲ့။ ဒီအချိုးမပြေတဲ့ ကောင်မကို ငါ ကောင်းကောင်း သင်တန်းပေးပစ်မယ်”
♣ ♣ ♣ ♣ ♣
          မေမေနဲ့ မန္တလေးက လာလည်တဲ့ ဒေါ်လေးရဲ့ အချီအချ စကားသံတွေကြောင့် ထိပ်ထား လွယ်အိပ်ကို မချိတ်တော့ပဲ ခုတင်ပေါ် ပစ်တင်လိုက်သည်။
          “အမေ ကျနော် ဘယ်မှ မသွားဘူးနော်။ ဘယ်သူ့အိမ်မှ သွားမနေနိုင်ဘူး။ သူများကိုလည်း ဘယ်သူမှ လာမခေါ်နဲ့။ ဒါပဲ”
          ထိပ်ထားရဲ့ ခပ်မာမာ စကားသံကြောင့် ဒေါ်လေးရော မေမေပါ အသံတိတ်သွားသည်။ ကျောင်းက ဝတ်လာတဲ့ ကျောင်းစိမ်းလုံခြည်ကို စိတ်ပေါက်ပေါက်နဲ့ ကွင်းလုံးချွတ်ချပြီး ခုတင်ပေါ် ခြေထောက်နဲ့ ကန်တင်လိုက်တယ်။ လျော့ပင်နဲ့မို့ အခုမှ ပိုလွတ်လပ်သွားတယ်။ ကျောင်းက ဆရာမနဲ့ကလည်း ဒီကိစ္စကြောင့် အချေအတင် စကားများခဲ့ရတယ်။
“ဟူး….. လောကကြီးက မလွယ်ပါလား”
သူတို့ခံစားချက်၊ သူတို့ပုံစံ၊ သူတို့အတ္တတွေကိုပဲ ရှေ့တန်းတင်နေကြပြီး တစ်ဖက်လူကို အဲဒီခံစားချက် ပုံစံခွက်ထဲ ထည့်ဖို့လောက်ပဲ စဉ်းစားနေကြတာ။ တစ်ဖက်လူ ဘယ်လိုရှိမလဲဆိုတာကိုတော့ တစ်ချက်လေးမှ မစဉ်းစားကြ။ “ထိပ်ထား” အတွက်တော့ လောကကြီးက မတရားဘူးလို့ ခံယူတယ်။ စဉ်းစားကြည့်လေ။ ထိပ်ထားရဲ့ နေမှုထိုင်မှု၊ ပြောမှုဆိုမှု၊ ဝတ်မှုစားမှုတွေ အားလုံးက ဒီပတ်ဝန်းကျင်အတွက် ပြောစရာတွေချည်းပဲတဲ့။
“ဘယ်ကိုလဲ။ ဟဲ့… ဒီမှာ မင်း ကြီးဒေါ် ရောက်နေတယ်”
အခန်းထဲကနေ ခြေသံတဒုန်းဒုန်းနဲ့ လှေကားထိ ပြေးဆင်းသံကို ကြားတဲ့ အမေက လှမ်းမေးတယ်။
“ကျော်ကြီးတို့ အုပ်စုနဲ့ ဂစ်တာ သွားတီးမလို့”
“အဲဒီ ကလေကဝ ၁၀၉ ၁၁၀ တွေနဲ့ပဲ တနေ့တနေ့ သွားနေ၊ ကြားလား”
“အမေရာ… သားသမီးချင်း ကိုယ်ချင်းစာပြီး ပြောပါဗျာ။ ဆယ်တန်းမအောင်ကြသေး”
“တွေ့လား။ မမလေး တူမက အဲဒီ ၁၀၉ ၁၁၀ တွေကို ထိရင် လုံးဝလုံးဝကို အထိမခံဘူး”
“ဟူး..... နင်လည်း တယ်ဝဋ်ကြီးတာပဲ ဋ္ဌေးရင်ရယ်”
အမေနဲ့ ကြီးဒေါ် ပြောနေတဲ့ စကားတွေကို နားမထောင်တော့ပဲ မြင်းဇောင်းထဲက ပြိုင်ဘီးကိုယူပြီး ရွာထောင် ဘူတာနားက “ကိုယ်လူပျို” လက္ဘရည်ဆိုင်ကို ထွက်ခဲ့တယ်။
♣ ♣ ♣ ♣ ♣
        “ဟော ဟိုမှာ လာပါပြီ၊ မယ်ဘယက်”
          အဝေးကနေ ထိပ်ထားကို လှမ်းမြင်လိုက်တဲ့ ချဉ်ပေါင်ကြော်က လှမ်းနောက်တယ်။ ထိပ်ထား စက်ဘီးကို ရပ်ရင်း….
          “မနောက်နဲ့ကွာ။ ငါ ပေါက်နေတယ်”
          “ဘာပေါက်တာလဲကွ”
          “မင်းတို့ကြောင့်ပေါ့ကွ”
          အကြောင်းစုံကို ကျော်ကြီး၊ ချဉ်ပေါင်ကြော်နဲ့ ပီတူးတို့ကို ရှင်းပြလိုက်တယ်။
          “ဒါတွေ ထားလိုက်ဟာ ဘယက်”
          “ပါလာပြန်ပြီလား ဒီဘယက်။ ငါ ဆွဲထိုးပစ်မှာနော်”
          “ချဉ်ပေါင်ကြော်…. နင်ကလည်းဟာ မကြိုက်ပါဘူးဆို”
          “အေးလေ”
          ပီတူးနဲ့ ကျော်ကြီးက လှမ်းဟောက်တယ်။ ချဉ်ပေါင်ကြော်က မျက်နှာပိုးသတ်ရင်း ခဏငြိမ်သွားတယ်။ ပီတူးနဲ့ ကျော်ကြီးကလည်း မနှစ်က တန်ဆောင်တိုင်ပွဲကို သိရသွားလို့လား မသိ။ ကျနော့်ရှေ့မှာ မရယ်ရဲပေမယ့် ပြုံးဖြီးဖြီး။ ချဉ်ပေါင်ကြော်လည်း ဒီအတိုင်းပဲ။
          “ဩော်… မနှစ်က မနှစ်ကဆိုတာ ခဏလေးပါလား”
♣ ♣ ♣ ♣ ♣
          တန်ဆောင်တိုင်ပွဲမှာ ထိပ်ထားတို့ သောတာပန်ရပ်ကွက်က ဦးစီးပြီးတော့ အပျိုလူပျို အငှားပစ္စည်းတွေ ထပ်ဝယ်ဖို့အတွက် ဝင်္ကပါပွဲနဲ့ စတိတ်ရှိုးလ် လုပ်တယ်။ ရပ်ကွက်မှူးက ရပ်ကွက်ထဲက ဂီတနဲ့ ပတ်သက်ပြီး လက်စလက်နရှိတဲ့ မိမိတို့အဖွဲ့ကို ဆရာတင်တယ်။ ကျော်ကြီးနဲ့ ချဉ်ပေါင်ကြော်တို့ကလည်း ဂစ်တာနဲ့ ပတ်သက်ရင် စင်ပေါ် တက်တီးနိုင်လောက်တဲ့အထိ အလေ့အကျင့် ရနေကြပြီး ပီတူးကလည်း ဒရမ်အတီးကို မန္တလေးမှာ ဇာတ်နဲ့ လိုက်တီးဖူးသူ။ ထိပ်ထားကလည်း အဆိုရော၊ အတီးရော ရသူတွေမို့ ရှိုးလ်ပွဲ လုပ်ဖြစ်ကြတယ်။
ဖြစ်ချင် တော့ ထိပ်ထားဆိုတဲ့ သီချင်းသုံးပုဒ်စလုံးမှာ အဝတ်အစားနဲ့ ကိုယ်ပိုင်စတိုင်တွေ အားလုံးကို သီချင်းနဲ့ လိုက်ဖက်စေချင်တယ်။ တစ်ပုဒ်က အငဲရဲ့ ညမီးအိမ်၊ တစ်ပုဒ်က ဖြိုးကြီးရဲ့ အထည်ကြီးပျက် သီချင်း။ သီချင်းနဲ့ လိုက်ဖက်ဖို့ ပလက်တီနမ်ဆွဲကြိုးကို စစ်ကိုင်းတမြို့လုံး ရှာတာ၊ နယ်မြို့ဆိုတော့ လုံးဝ ရှာမရဘူး။ ကိုယ့်သီချင်းနဲ့လည်း လိုက်ဖက်စေချင်တယ်ဆိုတော့ မေမေရဲ့ မနှဲလေး ဆက်ထားတဲ့ လင်းလင်းလက်လက် ဘယက်ကုံးကြီးကို မေမေ မသိအောင် နှစ်ရက်လောက်ကတည်းက ကြိုခိုးထားလိုက်တယ်။ တောင်းလို့၊ ခဏ ငှားလို့လည်း ရမှာမဟုတ်။ အမေက အရမ်း အယူသည်းတာမို့ အမေ မသိခင် ခိုးထားလိုက်တာ။ မေးတော့ မေးသေးတယ်။
“ဟဲ့…. ငါ့မနှဲလေး ဆွဲကြိုး မြင်မိလား”
“အဲဒါ အမေ့ကိစ္စတွေလေ။ ကျနော့်ကို လာမမေးနဲ့”
ခပ်တည်တည်နဲ့ ဖိန့်ပေးလိုက်တာ မေမေ မျက်စိလေး ထောင့်ကပ် စဉ်းစားရင်း….
“အဲဒါလည်း ဟုတ်တာပဲ။ နင်က ဒါမျိုးမှ စိတ်မဝင်စားတာ။ နင်ကလည်း သားသမီးချင်း ပြေပြေလည်လည် ပြော ရပါတယ်” ဆိုပြီး တိတ်သွားလေရဲ့။
အမှန်အတိုင်းဆို အမေက ပွဲတွေလမ်းတွေ ဝါသနာ မပါဘူး။ ပွဲလမ်းသဘင် သွားတာလည်း အမျိုးသမီကောင်းတွေရဲ့ အလုပ်မဟုတ်ဘူးလို့ ခံယူထားသူလေ။ အဲဒီနေ့ ညနေက ဝါးချက်က ဖေဖေ့အမျိုးတွေ ရောက်လာလို့ ပွဲလိုက်ပြတာတဲ့။ ထိပ်ထားအတွက်တော့ ကံဆိုးမိုးမှောင်ကျတာပဲ။ စဉ်းစားကြည့်လေ။ စင်ပေါ်မှာ ဖြိုးကြီးရဲ့…
“အကောင်းဆုံး ကားကို စီးပြီးတော့ x x x x ဟန်းဖုန်းကိုလည်း မနားနိုင်အောင် ပြော x x x x ဒီပလက်တီနမ် ဆွဲကြိုးက  ဒက်ဒီ….”
ဆိုပြီး ဘယက်ဆွဲကြိုးကို ကိုင်ကိုင်ပြပြီး ဆိုနေခါမှ စင်ထောင့်မှာ ကြည့်နေတဲ့ မေမေနဲ့ တည့်တည့်တိုးတာ။ သီချင်းဆိုလို့ မပြီးခင်မှာပဲ ငါးတောင့်ထိုး ဓါတ်မီးနဲ့ စင်ပေါ် တက်လာပြီး…
          “သူခိုးမ ဟင်…. နင် မိုက်လုံးကြီးလှချည်လား။ နတ်ဆက်ထားတဲ့ မနှဲလေးရဲ့ ဘယက်တောင် မချန်ဘူး။ ကဲ့ဟယ်… ကဲ့ဟယ်”
ဆိုတဲ့ အသံကြီးက မိုက်ခရိုဖုန်းကတဆင့် လော်စပီကာနဲ့ ပျံ့သွားလို့ ပရိသတ်တွေ ခိုးခိုးခွိခွိနဲ့ တဝါးဝါး ပွဲကြခဲ့ကြတာပေါ့။ ရှက်လိုက်တာ မပြောပါနဲ့တော့၊ ပြန်တွေးမိတိုင်း။ အဲဒီနေ့ကစပြီး ထိပ်ထားကို အမြင်ကပ်တဲ့သူတွေ က “ဘယက်” ဆိုပြီး ချိုးချိုးနှိမ်နှိမ် ခေါ်ကြလေရဲ့။ သူငယ်ချင်းတွေထဲမှာ ထိပ်ထားကို “ထိပ်ကြီး”၊ ခင်မောင်ဇော် ကို “ချဉ်ပေါင်ကြော်”၊ ကျော်စွာကို “ကျော်ကြီး”၊ ပီတာကို “ပီတူး”ဆိုပြီး နာမည်ပြောင် ခေါ်ကြတယ်။ ဒီလောက်တော့ မထိရှကြပါဘူးပေါ့။
♣ ♣ ♣ ♣ ♣
          သူနဲ့ စတွေ့တာက ဆယ်တန်းဖြေပြီးခါစ နွေရာသီ ကျောင်းပိတ်တုန်းကပါ။ အဲဒီတုန်းက မေမေက ဈေးရောင်းဖို့ ရွှေမင်းဝံဈေးထဲမှာ အတင်းခေါ်လို့ မရလို့ ဖေဖေက မြင်းလှည်းငှားပေးပြီး မောင်းခွင့် ပေးလိုက်တာကနေ စရမယ်။ ကျနော်တို့ မြင်းလှည်းတွေက ပုံမှန်ဆိုရင် ကိုးပေဂိတ်မှာ ရပ်နေကျ။ အဲဒီနေ့မှ ကျနော်လည်း အော်ဒါ ပါသွားလို့ မြို့ထဲ ကားဂိတ်ဖက် ရောက်သွားတယ်။
          “ဟိတ် ဟိတ်… ရွှတ် ရွှတ်…. မြင်းလှည်းအားလား”
ကြည့်လိုက်တော့ ကျနော်နဲ့ သက်တူရွယ်တူ ကောင်မလေးတစ်ယောက်။
          “ကျနော့်ကို ခေါ်တာလား”
          “နင်ပဲ ရှိတာ။ နင့်ကိုပဲ ခေါ်တာပဲ”
ကောင်မလေးက ခပ်စွာစွာ ပုံပါပဲ။
          “ရတယ်လေ။ ဘယ်သွားချင်လို့လဲ”
          “ကောင်းမှုတော်ကို သွားမယ်။ ဘယ်လောက်လဲ”
          “မြင်တဲ့အတိုင်းပဲလေ။ ဒီမှာ ငါးယောက်”
          “ဟဲ့….သမီး မြင်းလှည်း စီးအုံးမလို့လား။ မာမီတို့ကားက ခဏပဲ ပြင်တာ စောင့်ရမှာ။ မစီးပါနဲ့ သမီးရယ်။ အန္တရာယ် များတယ်”
“ဟုတ်သားပဲ ကြယ်စင်ရယ်။ မစီးပါနဲ့။ ကိုယ်လည်း ကြယ်စင့်ကို စိတ်မချဘူး”
ခပ်ချွဲချွဲနဲ့ ပြောနေတဲ့ ငနဲက သူ့ဘဲ ထင်တယ်။ မြင်းလှည်း စီးတာများ အသက်အာမခံကြေးတွေ၊ ဘာ ကြေး၊ ညာကြေးတွေတောင် ဆောင်ထားရမယ့် ပုံကြီးပဲ။ တွေးရင်း အနုစိတ်ကျပြီး အဖြစ်သည်းလွန်းတဲ့ လူတွေကြောင့် သနားကြည့် ကြည့်နေရင်း ဟက်ဟက်ပက်ပက် ရယ်ပစ်လိုက်ချင်တယ်။
“ဟိတ်…. မောင်းလေ”
ကောင်မလေး၏ သတိပေးသံကြောင့် မြင်းကို ကြာပွတ်နဲ့ တစ်ချက် တို့လိုက်တယ်။
          “အောင်မယ်လေး သမီးရယ်။ ဒုံးပျံနဲ့ မြင်းလှည်းများ မှားငှားလာသလား အောက်မေ့ရတယ်။ ဘုရား.. ဘုရား”
          အဒေါ်ကြီးရဲ့ အဖြစ်သည်းလွန်းတဲ့ အသံကြောင့် မြင်းဇက်ကို ခပ်မှန်မှန်လေး ပြန်လျော့လိုက်တယ်။ “ခင်ဗျားတို့ ရန်ကုန်မှာ လိုင်းကား တွယ်စီးရတာလောက်တော့ အန္တရာယ် မများပါဘူးဗျ” ဟု အော်ပြောလိုက်ချင်ပေမယ့် မြင်းလှည်းခ မရသေးလို့သာ နှုတ်ဆိတ်နေလိုက်တယ်။
          “ဟိတ်…. နင် ကျောင်းတက်လား”
          ကောင်မလေးက လှသလောက် စပ်စုတယ်။
          “တက်တယ်”
          “အခု ဘယ်နှစ်တန်းလဲ”
          “ဆယ်တန်း ဖြေထားတယ်”
          “ဟယ်…. ဒါဆို ကြယ်စင်နဲ့ အတူတူပေါ့။ ဘာလဲ ကျောင်းပိတ်တုန်း မိဘကို ဝိုင်းကူတာလား။ နင် လိမ္မာလိုက်တာ။ ငါက အဲလိုလူမျိုးတွေဆို အရမ်းခင်တာ”
          “မိဘကို ကူတာလည်း ပါပါတယ်။ ပြီးတော့ ဆင်းရဲလို့ပါ”
          “အိုး…. အဲဒါတွေက အဓိက မကျပါဘူး။ စိတ်ထားကောင်းဖို့ပဲ။ နင့်ပုံက ဂျစ်တစ်တစ်ပုံစံပေမယ့် စိတ်ထား မွန်မြတ်မယ့် ပုံပဲ။ ငါ နင့်ကို ခင်လို့ ရလား”
          “ရပါတယ်။ ဒါပေမယ့် ကျနော်တို့က ဆင်းရဲတယ်”
          “အဲဒါ အဓိက မကျပါဘူးဆို။ ဒို့နာမည် မှတ်ထား။ ကြယ်စင်တဲ့။ ယူ့နာမည်ရော”
          “ထိပ်ထား”
          “နာမည်လေးက လှသားပဲ။ ယူ့ကို ဆက်သွယ်လို့ရတဲ့ ဖုန်းနံပါတ် ရှိလား”တဲ့။
          ဒီလိုဒီလိုနဲ့ သူမနဲ့ ကျနော် ရင်းနှီးခဲ့ကြတယ်။ ရန်ကုန် ပြန်ရောက်ပြီးပြီးချင်း သူ ကျနော့်ဆီ ဖုန်းဆက်လို့ အရမ်းအံ့ဩပြီး ရင်ခုန်ခဲ့ရတယ်။ ရန်ကုန်သူမို့လား မသိ။ သူမက ရင်းနှီးပွင့်လင်းလွန်းတယ်။
          “ဒို့ကို သတိမရဘူးလားတဲ့” တဲ့။ မေးပုံက…။ ကျနော် မအောင့်နိုင်တော့….
          “အရမ်းလွမ်းတယ်ကွာ”
လို့ ပြန်ဖြေလိုက်တယ်။


♣ ♣ ♣ ♣ ♣
          သူမက ရန်ကုန်လာဖို့ ခဏခဏ ခေါ်ပေမယ့် ထိပ်ထား ရန်ကုန်ကို တော်တော်နဲ့ မရောက်ဖြစ်ခဲ့။ ဆယ်တန်း အောင်တော့ အဝေးသင်တက်ဖို့ လျှောက်ထားလိုက်တယ်။ ပြီးတော့ မန္တလေးမှာ အလုပ်တစ်ခုရဖို့ လိုက်ရှာတယ်။ ဘာကြောင့်ရယ် မသိ။ လူတွေက ထိပ်ထားပုံစံကိုကြည့်ပြီး အလုပ်မခန့်ချင်ကြ။ အမေကတော့ ပြောတယ်။
          “နင့် နေပုံထိုင်ပုံ၊ ဝတ်ပုံစားပုံကြောင့်….”
          လူတစ်ယောက်ရဲ့ အရည်အချင်းဆိုတာ အနေအထိုင်နဲ့၊ အဝတ်အစားအပေါ်မှာပဲ သတ်မှတ်လို့ ရပါသလား။ အပေါ်ယံ အဝတ်အစား၊ နေပုံထိုင်ပုံကိုပဲ ကြည့်တတ်တဲ့ အဲဒီအသိုင်းအဝိုင်းမျိုးကိုလည်း ထိပ်ထားလုံးဝ အထင်မကြီးသလို သူတို့ ပတ်ဝန်းကျင်မှာလည်း အလုပ်လုပ်ဖို့ ဆန္ဒ လုံးဝမရှိ။
          ဒီလိုနဲ့ ယောင်ချာချာဘဝကနေ ဆေးကုမ္ပဏီတစ်ခုရဲ့ အရောင်းမြှင့်တင်ရေး ဝန်ထမ်း အလုပ်ရတယ်။ လမ်းလျှောက်ရတဲ့ အလုပ်ပေါ့။ ရန်ကုန်မှာ လုပ်ရမှာတဲ့။ နေထိုင်ဖို့ သူတို့ စီစဉ်ပေးမယ်တဲ့။ အဲဒီညမှာပဲ သူ့ဆီ ဖုန်းဆက်တော့ သူမလည်း အရမ်းပျော်နေပုံပါပဲ။ ကျနော့်ရင်ထဲမှာလည်း သူနဲ့တွေ့ရင် ပြောဖို့ စကားတွေက အပြည့်ရှိပြီးသား။
♣ ♣ ♣ ♣ ♣
          “ရန်ကုန်”
          ဘတ်စကား ခပ်ကြပ်ကြပ်ပေါ် စပယ်ယာ အအော်ခံပြီး အောင့်သက်သက် ပိုက်ဆံပေးနေရတဲ့ မျက်နှာ၊ ကာလပေါ် ဆေးတွေနဲ့ နီရဲပြီး ဝင်းမွတ်နေတဲ့ မျက်နှာ၊ ထမင်းချိုင့် တဖက်၊ လွယ်အိပ်တဖက် လုယက်တက်ပြီး ချွေးတဒီးဒီးနဲ့ အဆီပြန်နေတဲ့ မျက်နှာ။ နယ်မြို့လေးမှာ မြင်းလှည်းစီးရတာလောက် မသာယာတာ အမှန်ပါ။
          ရန်ကုန်မြို့ရဲ့ မွန်းကြပ်မှု များစွာထဲမှာ ကျနော့်အပေါ် အမြဲအားပေးခဲ့တာက “ကြယ်စင်” ဆိုတဲ့ သူမပဲပေါ့။ ဆေးကုမ္ပဏီမှာ အဆောင်ကိစ္စနဲ့ အဆင်မပြေလို့ ထွက်လိုက်တယ်။ အဓိကကတော့ ကျား၊ မ ခွဲခြားတဲ့ အဆောင်မှူးတွေကြောင့်ပေါ့။ ဒါပေမယ့် ရန်ကုန်မှာ ထိပ်ထားလို “လယ်စဘီယံ” သူငယ်ချင်းတွေက အများသားမို့ ထိပ်ထား ပျော်တယ်။ နယ်မှာဆို လက်တစ်ဆုပ်စာလောက်ရှိတဲ့ ထိပ်ထားတို့ ကို မြင်တဲ့လူတိုင်းက နှာခေါင်းရှုံ့၊ ဟာသလုပ်၊ အပြစ်တင်။ ဒါတွေကိုပဲ ထိပ်ထားတို့ ရင်ဆိုင်ရတာ။
          အခု ထိပ်ထား ဆေးဆိုင်တွေ ရောင်းတဲ့ အရောင်းစာရေးဘဝက Supermarket မှာ စောင့်တဲ့ ဒရဝမ် ဖြစ်သွားပေမယ့် ထိပ်ထား ဝတ်ချင်တဲ့ အဝတ်အစားမျိုး ဝတ်ရလို့ ပျော်တယ်။ ရန်ကုန် ရောက်တာ မကြာသေးဘူး။ အလုပ်တွေ မကြာခဏ ပြောင်းလိုက်ရလို့ ဘဝတူ သူငယ်ချင်းတွေက ထိပ်ထားနာမည်ရှေ့မှာ “ဂျင်ပစီ” ဆိုပြီး ဘွဲ့ပေးခဲ့တယ်။
          “ဂျင်ပစီထိပ်ထား”
          “ထိပ်ထား” လို့ ခေါ်တာထက်စာရင် ဒီနာမည်လေး အခေါ်ခံရတာကို ပိုကြိုက်ပါတယ်။ ခေါ်ပါစေလေ။
♣ ♣ ♣ ♣ ♣
“ကြယ်စင်… ပြောစရာ ရှိတယ်ဆို ပြောလေ”
“ကိုလည်း ပြောမယ်ဆို ပြောလေ”
သူငယ်ချင်းတွေ မြှောက်ပင့်ပေးမှုကြောင့်ရယ်၊ ရင်းနှီးလာတာကလည်း နှစ်နှစ်နီးပါး ကြာခဲ့ပြီဆိုတော့ သူ့ကို ချစ်တဲ့အကြောင်း ဖွင့်ပြောဖို့ပါ။ ဒါပေမယ့် အခုပုံက သူက စပြောမယ့်ပုံပဲ။
“Lady first ကွာ။ ကြယ်စင် အရင်ပြော”
သူမဘက်ကို ခေါင်းလေးညိတ်ပြီး နားစွင့်ထားလိုက်တယ်။
“ကြယ်စင် လက်ထပ်ရတော့မယ်…. ကို”
“ဘာ…!”
ရေကန်ထဲမှာ ကူးခတ်နေတဲ့ ရေဘဲလေးတွေ လန့်ဖျပ်ပျံသွားတယ်။ ဝတ်မှုန် ကူးနေတဲ့ လိပ်ပြာလေးတွေလည်း မျက်စိရှေ့မှာ ဦးတည်ရာမဲ့ ပြေးလွှားလို့…။ ရုတ်တရက် လေသင့်လိုက်တဲ့ ကန်ရေပြင်ဟာလည်း လိုင်းကြက်ခွပ်တွေနဲ့ ငြိမ်သက်ခြင်း မရှိ၊ ချစ်သူနှစ်ယောက်ကတော့ တိတ်ဆိတ် ငြိမ်သက်လို့။
“ကို…. တိတ်လှချဉ်လား။ ကြယ်စင့်ကို တစ်ခုခု တုံ့ပြန်ပါအုံး..”
ချောက်ကပ်နေတဲ့ အာခေါင်ထဲက တံတွေးကို အားယူပြီး ခပ်ပြင်းပြင်တစ်ချက် မျိုချလိုက်တယ်။
“ကြယ်စင်…. ကိုယ့်ဘဝတစ်ခုလုံးအတွက် ချစ်ခဲ့တာပါ။ ဒါပေမယ့် အခုကိစ္စမှာတော့ ကြယ်စင့် ဆုံးဖြတ်ချက်ကိုပဲ လိုက်နာပါရစေ။ ဒါဟာလည်း သတ္တိနည်းတာ မဟုတ်ပဲ ကြယ်စင့်ရဲ့အချစ်ကို ကိုယ် တန်ဖိုးထားလို့ပါ”
ဒီတစ်ခါတော့ သူမလည်း တိတ်ဆိတ်သွားတယ်။
“ကိုယ် ပြန်မယ် ကြယ်စင်”
သူမကို လှည့်မကြည့်ပဲ သံပတ်ပေး စက်ရုပ်တစ်ရုပ်လို ထပြန်ခဲ့တယ်။ သူမထံမှလည်း ဘာတုံ့ပြန်မှုမှ မရှိတော့။
♣ ♣ ♣ ♣ ♣
ကြယ်မလင်းတဲ့ ညမို့လား မသိ။ လက မသာချင်ဘူး။ ကိုယ့်စိတ်ကူးနဲ့ ရူးသွပ်ခဲ့တဲ့ ကမ္ဘာကလည်း အမြဲလိုလို အဆိပ်သင့် သင့်ခံခဲ့ရတာ။ ဘာကြောင့်များလည်းလို့ တွေးနေမိတယ်။ လည်ချောင်းထဲမှာလည်း ချောက်ကပ်လို့ ခပ်ဝေးဝေးက အဝေးပြေး ကားကြီးတွေ ဖြတ်မောင်းသွားသံမှအပ ညဟာ တိတ်ဆိတ်ပြီး ချောက်ကပ်လို့ နေတယ်။ ဒီအချိန်မှာ ဝီစကီခပ်ပြင်းပြင်း တစ်လုံးလောက်သောက်ပြီး စိတ်ရှိလက်ရှိ မှောက်ပစ်လိုက်ချင်ပေမယ့် မနက် အလုပ်မဆင်းရင် ပြုတ်သွားနိုင်လို့ အောင့်အီးကြိတ်မှိတ်နေရပြန်တယ်..။
“သြော်…. ရန်ကုန်… ရန်ကုန်… အသည်းကွဲတာတောင် လွတ်လပ်စွာကွဲခွင့် မရပါလားနော်”
တွေးရင်း ခပ်ဟက်ဟက် ပြုံးလိုက်မိတယ်။ ဒါဟာလည်း မွန်းကြပ်တဲ့ အပြုံးပဲ ဖြစ်နေအုံးမလား မသိ။
“ဒေါက်… ဒေါက်”
“ဘယ်သူလဲ ဟေ့…”
စီးကရက်မီးခိုးကို ခပ်ပြင်းပြင်း မှုတ်ထုတ်ရင်း လေသံမာမာနဲ့ ဟောက်ပစ်လိုက်တယ်။
“ကိုယ် ကြယ်စင်ပါ”
မျက်စိတွေ လင်းလက်သွားတယ်။ နှလုံသွေးတွေလည်း ဆူပွက်လို့၊
“ကြယ်စင် မင်း..မင်း”
“ကြယ်စင် ကို့ကို မခွဲနိုင်ဘူး…. အဟင့် ဟင့်”
အကြားချင်ဆုံးက ဒီစကားပါလေ။ ချစ်သူ့ကိုယ်လုံးလေးကို ခပ်တင်းတင်း ဖက်ထားလိုက်တယ်။ ခဏအတွင်းလေးမှာပဲ ဘဝက အဓိပ္ပါယ်ရှိသွားတယ်။ ခပ်ပြာပြာ ကောင်းကင်ကို လှမ်းမျှော်ကြည့်တော့လည်း ကြယ်တာရာတွေက စုံလို့။ အလို…. သိပ်လှပလွန်းတဲ့ ညပါလား။ ချစ်သူနှစ်ယောက် တစ်ယောက်ကို တစ်ယောက် ရင်ချင်းအပ်ပြီး ဖက်ထားလိုက်ကြတယ်။ ဘယ်တော့မှ ဘယ်လိုအကြောင်းနဲ့မှ မဝေးတော့ဘူးဆိုတဲ့ သဘောပါလေ…………။
                                                                                                 ချစ်ခင်လေးစားလျက်
                                                                                                   နိုင်ထက်ခိုင်

Sunday, January 12, 2014

ဖူးကိုး၊ ဆတ်ဝစ်ခ်နှင့် ကွီးယားသီအိုရီ

Michel Foucault ; History of Sexuality
လိင်ပိုင်းဆိုင်ရာ ဖိနှိပ်သိုသိပ်မှုဟာ တည်ရှိနေတဲ့ သမိုင်းဆိုင်ရာ အချက်အလက်တွေအပေါ်မှာ မှီတည်နေလား။  လိင်ပိုင်း ဖိနှိပ်သိုသိပ်မှုတွေ လုပ်ခဲ့တာဟာ ခေတ်ကာလအားဖြင့် ၁၇ရာစုကနေ စတင်ခဲ့တယ်။…. ဥပဒေဆိုင်ရာ ရေးသားပို့ချမှု အမျိုးမျိုးကနေ လိင်အပေါ် အမြင်ကို ပြောင်းလဲခဲ့ကြတယ်။  လိင်ပိုင်းဆိုင်ရာ မဆိုစလောက် သွေဖယ် မှားယွင်းမှုတွေကို ဥပဒေနဲ့ တားမြစ်ပိတ်ပင်လိုက်တဲ့အခါ ပိုမိုကြီးကျယ်တဲ့ အမှားအယွင်းကြီးသဖွယ် ဖြစ်လာစေတယ်။ လိင်ပိုင်းဆိုင်ရာ ပုံမှန်မဟုတ်မှုတွေကို စိတ်မကျန်းမာမှုအနေနဲ့ သတ်မှတ်လိုက်တယ်။ ကလေးငယ်ဘ၀ကနေစပြီး အသက်အရွယ် ကြီးတဲ့အထိ လိင်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှု စံပုံစံတစ်ရပ်ကို အဓိပ္ပာယ်ဖွင့်ဆို သတ်မှတ်လိုက်တယ်။ ဖြစ်နိုင်ချေရှိတဲ့ လိင်ပိုင်းဆိုင်ရာ သွေဖယ်မှုကို ဂရုတစိုက် ဖော်ပြခဲ့ကြတယ်။ စာသင်ကျောင်းတွေနဲ့ ဆေးဝါးကုသမှု ပုံစံတွေကနေ တဆင့် စုစည်းဖော်ပြတယ်။ မနှစ်မြို့ဖွယ်ရာအဖြစ် တံဆိပ်ကပ်ကြတယ်။ (Michel Foucault ; History of Sexuality page-37)

ဖူးကိုး၊ ဆတ်ဝစ်ခ်နှင့် ကွီးယားသီအိုရီဆိုတဲ့အတွက် ဖူးကိုး (Foucault) နဲ့ ဆတ်ဝစ်ခ် (sedgwick) အကြောင်းကို မိတ်ဆက်ပေးဖို့ လိုပါတယ်။ နောက် ကွီးယားသီအိုရီ အကြောင်းလည်း တစ်စွန်းတစ်စ ပြောပြီးမှ ကွီးယားသီအိုရီအပေါ် ဒဿနပညာရှင် မီရှယ်ဖူးကိုးနဲ့ ဆတ်ဝစ်ခ်တို့အနေနဲ့ ဘယ်လို အထောက်အပံ့တွေ ပေးခဲ့သလဲ ဆိုတာနဲ့စပ်လျဉ်းပြီး  ပြောရပါလိမ့်မယ်။

မီရှယ်ဖူးကိုးဆိုတာ ဘယ်သူလဲ
မီရှယ်ဖူးကိုး(Michel Foucault) ဆိုတဲ့ ခေတ်ပြိုင်ပညာရပ်ဆိုင်ရာ နယ်ပယ်တွေထဲမှာ သြဇာလွှမ်းမိုးနိုင်စွမ်းရှိတဲ့ အတွေးအခေါ်စနစ်များ သမိုင်းပညာရှင်တစ်ဦးပါပဲ ။ ဒဿနပညာရှင် တစ်ဦးလို့ ဆိုရင်လည်း မမှားပါဘူး။ ဖူးကိုး လွှမ်းမိုးနိုင်စွမ်းရှိတဲ့ နယ်ပယ်တွေက သမိုင်း၊ ကွီးယားသီအိုရီ၊ ပို့စ်ကိုလိုနီယာယ် သီအိုရီ၊ နိုင်ငံရေးသီအိုရီ၊ လူမှုရေးဗေဒ၊ စာပေ၊ ဒဿန၊ ရုပ်ရှင်လေ့လာမှု ပညာ၊ ယဉ်ကျေးမှုဆိုင်ရာ လေ့လာမှု ပညာ၊ စာပေသီအိုရီ နယ်ပယ်တွေမှာပါပဲ။                      
ဖူးကိုးကို ၁၉၂၆မှာ  မွေးပြီး ၈၄မှာ ကွယ်လွန်ပါတယ်။ သူဟာ ဂေးတစ်ဦးပါပဲ။ သူတင် မကပါဘူး။ ခေတ်ပြိုင် ဒဿနပညာမှာလွှမ်းမိုးနိုင်စွမ်းရှိပြီး သူနဲ့ လုပ်ဖော်ကိုင်ဖက်များ ဖြစ်ကြတဲ့ ရိုလွန်ဘာ့သ်၊ ဒီလူးစ်တို့ဟာလည်း ဂေးတွေပါပဲ။ ဖူးကိုးကို လွှမ်းမိုးသူတွေကတော့ နစ်ရှေး၊ ဟိုက်ဒေးဂါး၊  ဒူးမဇီး၊ ကန်ဂွီလန်၊ ဟစ်ပိုလိုက်နဲ့ ဟေဂယ်တို့ပါပဲ။ ဖူးကိုးရဲ့ ခွဲခြမ်းစိတ်ဖြာပုံတွေဟာ တည်ရှိဆဲ ပညာရပ်တွေထဲမှာ ဘယ်ပညာရပ် ပုံစံထဲမှာမှ မ၀င်တဲ့အတွက် သူ့ကို ပါမောက္ခခန့်တဲ့အခါ  အတွေးအခေါ် စနစ်များ သမိုင်းဌာနအဖြစ် သက်သက် သတ်မှတ်ပြီး ခန့်ရတယ်။                   
             
ဖူးကိုးရဲ့ ခွဲခြားစိတ်ဖြာပုံတွေမှာ
(၁)။ အသိပညာစနစ်တွေ ပုံသဏ္ဌာန် ပြောင်းလဲနေတာ၊ ဖွဲ့စည်းတည်ရှိနေ တာတွေ၊ အမှတ်တရားအဖြစ် တည်ဆောက်လက်ခံလာပုံတွေ၊
(၂)။ အတ္တအပေါ်မှာ တည်ဆောက်လာပုံ၊
(၃)။ လူသားရဲ့ လူမှုအတ္တ သဘာဝကို ဖွဲ့စည်းတည်ဆောက်လာပုံတွေအပေါ်ကို အခြေခံတယ်။
ကွီးယားသီအိုရီနဲ့ အဓိက ပတ်သတ်နေတဲ့ လက်ရာကတော့ လိင်သဘာဝ သမိုင်းဆိုတဲ့ စာအုပ်ပါပဲ ။ လိင်သဘာဝတွေအပေါ် တည်ဆောက်ပြီး အမှားအမှတ် သတ်မှတ်လာပုံတွေကို ဖော်ပြတယ်။ ဖူးကိုးဟာ သူ့ရဲ့ ပညာရပ်တွေနဲ့ ဂေး၊ လတ်စဘီယံတွေကို အမြဲထောက်ခံခဲ့ရုံသာမကဘူး။ တတ်ကြွလှုပ်ရှားသူအဖြစ်နဲ့ပါ လုပ်ကိုင်ခဲ့တာတွေ ရှိတယ်။ အထူးသဖြင့် ဖူးကိုးကို နိုင်ငံရေး တတ်ကြွလှုပ်ရှားသူတစ်ဦးအဖြစ်နဲ့ သတ်မှတ်နိုင်တယ်။ အောင်မြင်တဲ့ နိုင်ငံရေး တတ်ကြွလှုပ်ရှားသူလည်း ဖြစ်တယ်။ ဘေးဖယ်ထုတ် ခံရသူတွေ ဘက်ကနေ အမြဲရပ်တည်ခဲ့တယ်။  ဖူးကိုးရဲ့ အောင်မြင်မှု၊ တက်ကြွလှုပ်ရှားမှုဟာ ဂေး၊ လတ်စဘီယံနဲ့ လိင်ပြောင်းလဲထားသူတွေအတွက် အားကျဖွယ်ရာ စံပုံစံလည်း ဖြစ်တယ်။ 

ကွီးယားသီအိုရီ သမိုင်း
ယေဘုယျအားဖြင့် ကွီးယားဆိုတာ ဂေးနဲ့ လတ်စဘီယံတွေကို နှိမ့်ချခေါ်ဝေါ်ထားတဲ့စကားပဲ။ ဒါပေမယ့် ပညာရှင် ဂေးနဲ့ လတ်စဘီယံတွေက ဒီလိုနှိမ့်ချခေါ်ဝေါ်ထားတဲ့ အသုံးကိုပဲ ပြန်ယူသုံးစွဲပြီး အဓိပ္ပာယ်သစ် ဖြစ်ပေါ်လာအောင် ပညာရပ်စကားလုံး ဖြစ်ပေါ်လာအောင် လုပ်ခဲ့တယ်။ ၁၉၇၀နဲ့ ၉၀ခုနှစ်များမှာ စတင် ပေါ်ထွက်လာတယ်လို့ ဆိုရမယ်။ ဒီကာလတွေမှာ ဂေးနဲ့ လတ်စဘီယံတွေဟာ သူတို့ရဲ့ ကိုယ်ပိုင် သီးခြား အမှတ်လက္ခဏာကို သူတို့ ပြန်ရှာဖွေလာကြတယ်။ နောက် အေအိုင်ဒီအက်စ်နဲ့ အိပ်ခ်ျအိုင်ဗွီရောဂါအပေါ် ကာကွယ်တားဆီးတဲ့ နေရာမှာ လိင်တူဆက်ဆံခြင်းကို ပုံမှန်မဟုတ်တဲ့ လိင်ဆက်ဆံမှုအထိ ဖော်ပြလာခြင်းအပေါ် ကန့်ကွက်မှုတွေလည်း ၁၉၇၀ ခုနှစ်များကတည်းက ဆူညံနေခဲ့တယ်လို့ ဆိုရမယ်။ ဘာပဲပြောပြော ဂေးနဲ့ လတ်စဘီယံတွေအားလုံး စည်းလုံးညီညွတ်လာပြီး သူတို့ရဲ့ အသံတွေကို တခြားသူတွေ နားထောင်ဖို့၊ သူတို့ရဲ့ လိင်နှစ်သက်မှုကို သူတို့ဘာသာ လွတ်လွပ်လပ်လပ် ရွေးချယ်လာနိုင်ဖို့၊ ကိုယ်ရဲ့ ကိုယ်ပိုင် သီးခြားအမှတ်လက္ခဏာကို ကိုယ်တိုင် ရှာဖွေလာနိုင်ဖို့အတွက်  ရည်ရွယ်ချက်ရှိရှိ တောင်းဆိုးတာ၊ ထုတ်ဖော်တာမျိုးတွေ လုပ်လာနိုင်ခဲ့တယ်။ 

ပညာရပ်ဆိုင်ရာ စာအုပ်စာတမ်းတွေအနေနဲ့လည်း ဂျူးဒစ်ဘတ်တလာရဲ့ gender trouble၊ ဖူးကိုးရဲ့ History of Sexuality လို စာအုပ်တွေ ထွက်လာတယ်။ ဂျက်ဖရီ ၀ိခ် (Jeffrey Weeks)၊ အလန် ဘရေး (Alan Bray)၊  အိဗ် ကော့ဆော့စကီး ဆတ်ဝစ်ခ် (Eve Kosofsky Sedgwick)၊ ဒိုင်ယာနာ ဖက်စ် (Diana Fuss) ၊ လောရက်တီစ် (Laurestis)၊  ဆူးအဲလန် ကေ့စ် ( Sue – Ellen Case)၊  ကိတ်ဒါဗီ (Kate Davy) ၊ စတက်ဖင် အော်ဂျယ်(Stephen Orgel) ၊ ဂျွန်နသန် ဂိုးဘာ့ဂ် ( Johnathan Goldberg) တို့ကလည်း ဂေးနဲ့ လတ်စဘီယံ လေ့လာမှု ပညာရပ် (၀ါ) ကွီးယားသီအိုရီ နယ်ပယ်ကို စတင်ခဲ့သူတွေ၊ ပိုကျယ်ပြန့် သိသာထင်ရှားအောင် လုပ်ခဲ့သူတွေပဲ။ သူတို့အားလုံးဟာလည်း ဂေးတွေ၊ လတ်စဘီယံတွေ ဖြစ်ကြတယ်။ အထင်ရှားဆုံးကတော့ ဆတ်ဝစ်ခ်ပါပဲ။ သူ့အကြောင်းတွေ၊ သူ့အမြင်တွေကို တခမ်းတနား ဖော်ပြထာတွေလည်း အတော်များများ ရှိပါတယ်။ ဖူးကိုးပြီးရင် ကွီးယားသီအိုရီအတွက် ဒုတိယဦးစားပေး လေ့လာသင့်တဲ့ ဆတ်ဝစ်ခ်အကြောင်းကိုလည်း ဖော်ပြပေးလိုက်ပါတယ်။

Eve Kosofsky Sedgwick: Epistemology of  the Closet

အိဗ် ကော့ဆော့စကီး ဆတ်ဝစ်ခ် (Eve Kosofsky Sedgwick) (၁၉၅၀-၂၀၀၈)
ဒီယဉ်ကျေးမှုထဲမှာ လူတိုင်းဟာ ဂေးကလေးငယ်တွေကို အထောက်အပံ့ပေးဖို့နဲ့ ဂုဏ်ပြုဖို့ရာ အရည်အချင်းဟာ ဒီကလေးငယ်တွေကို ဂေးဖြစ်နေတဲ့အတိုင်း ပုံဖော် အမည်နာမ မှည့်ခေါ်ပေးဖို့ရာ အရည်အချင်း ဘယ်လောက်ရှိသလဲ ဆိုတာအပေါ် မှီတည်နေတယ်။ အကြောင်းကတော့ မြောက်မြားစွာသော ဂေးလူကြီးတွေက ငယ်ငယ်က ဂေးကလေးငယ် ဘယ်တုန်းကမှ မဖြစ်ခဲ့သလို၊ ငယ်ငယ်က ဂေးကလေးငယ် တစ်ချို့ကလည်း ဂေးလူကြီအဖြစ် ပြောင်းလဲချင်မှ ပြောင်းလဲခဲ့မှာ ဖြစ်တဲ့အတွက်ပဲ။ (ဆတ်ဝစ် Epistemology of  the Closet)

ဆက်ဒ်ဝစ်ခ်ကို အိုဟိုင်းအိုး ဒေးတန် အရပ်မှာ မွေးတယ်။ အမေရိကန် ကောနဲတက္ကသိုလ်နဲ့ ယေးတက္ကသိုလ်မှာ ပညာသင်ယူခဲ့တယ်။ ယေးကနေ ၁၉၇၅မှာ ဒေါက်တာဘွဲ့ ရတယ်။ ဘော်စတွန်၊ ဒါးမောင့်၊ ဂျူခ်တက္ကသိုလ် အပါအ၀င် အင်စတီကျူးရှင်း တော်တော်များများမှာ သင်ကြားပို့ချခဲ့တယ်။ အခု နယူးယော့ခ် စီးတီး တက္ကသိုလ်မှာ သင်ကြားပို့ချနေဆဲပဲ။ သူမရဲ့ အစောပိုင်း လက်ရာတွေဟာ ကွီးယားသီအိုရီလို့ခေါ်တဲ့ ဂေးနဲ့ လတ်စဘီယံ လေ့လာမှု နယ်ပယ်အတွင်းကပဲ။ သူမရဲ့ ၁၉၈၅ခုနှစ်ထုတ် လက်ရာတစ်ခုဖြစ်တဲ့ Between Men မှာ လိင်တူ လူမှုရေး (homosocial ) စိတ်ဆန္ဒနဲ့ ပတ်သတ်တဲ့ အယူအဆကို မိတ်ဆက်ပေးတယ်။  လိင်တူ လူမှုရေး အယူအဆဟာ အရေးပါတဲ့ အယူအဆတစ်ရပ် ဖြစ်လာပြီး သူမ ပထမဆုံး မိတ်ဆက်ပေးခဲ့တာ ဖြစ်တယ်။ နောက် ရူဘင်နဲ့ ရီညယ် ဂီးရက်ဒ်တို့ရဲ့ လက်ရာတွေကို အခြေခံပြီး “ တြိ ရမ္မက်ဆန္ဒ” (triangular desire) သီအိုရီကို တည်ဆောက်ပြခဲ့တယ်။ တြိရမ္မက်ဆန္ဒဆိုတာ ယောက်ျားနှစ်ယောက်ရဲ့ လိင်တူသာလျှင် နှစ်ခြိုက်သာယာတဲ့ ရမ္မက်ဆန္ဒကြားထဲမှာ မိန်းမတစ်ယောက်က ကြားခံအနေနဲ့ ဆက်သွယ်ပေးရတဲ့ အနေအထားတစ်ရပ် အကြောင်းကို ထုတ်ဖော်ပြသတယ်။ လူမှုရေးပါဝါအတွက် အခွင့်ထူးခံဖြစ်ဖို့အတွက် ယောက်ျားတွေဟာ မိန်းမတွေကို လိုအပ်သလို၊ တစ်ချိန်တည်းမှာလည်း ဘေးဖယ်ထုတ်မှုတွေ လုပ်နေတယ်။ 

၁၉၉၀ခုနှစ်ထုတ် Epistemology of Closet ကတော့ စာပေထဲက လူတူဆက်ဆံမှု သဘာဝကို ရှာဖွေပြတဲ့ ပိုင်အိုးနီးယား လက်ရာတစ်ခုပဲ။  မဲလ်ဗီး၊ အော်စကား ၀ိုင်း၊ ဂျိမ်းနဲ့ ပရောက်စ်တို့ရဲ့ လက်ရာတွေအပေါ် အဓိကထား လေ့လာတယ်။  ဆက်ဒ်ဝစ်ရဲ့ သီအိုရီမှာ အဓိက အထူးသဖြင့် လွှမ်းမိုးနိုင်စွမ်းရှိတာက လိင်တူဆက်ဆံမှုဆိုင်ရာ ထိတ်လန့်မှု ( Homomsexual panic) ပဲ။  လိင်တူဆက်ဆံမှုဆိုင်ရာ ထိတ်လန့်မှုဆိုတာက လိင်တူချင်း လိင်စိတ်ကြွမှုနဲ့ ပတ်သတ်တဲ့ ထုတ်ဖော်ချက်တွေ ဒါမှမဟုတ်  လိင်တူ လူမှုဆက်ဆံရေး ပုံစံကို ခြိမ်းခြောက်နေတဲ့ လိင်တူဆက်ဆံမှု အပြုအမူတွေကို အကြမ်းဖက် တုံ့ပြန်တာပဲ။ 

၁၉၉၀ခုနှစ်များ အစောပိုင်းမှာ သူမဟာ ကွီးယား (ဂေးနဲ့ လတ်စဘီယံ)တွေရဲ့ သီးခြားအမှတ်လက္ခဏာကို စာပေထဲကနေ လေ့လာတယ်။ အဲဒီလေ့လာမှုတွေထဲမှာ သူမရဲ့ အက်ဆေး “ Jane Austen and Mastrubating Girl “  ကြောင့် အငြင်းပွားဖွယ်ရာဖြစ်ပြီး သူမ ဂုဏ်သိက္ခာ ထိခိုက်လောက်အောင်  ပြဿနာ တက်သေးတယ်။ စုပေါင်း ထုတ်ဝေတဲ့ Performativity and Performance (1995) နဲ့  Shame and Its Sisters: A Silvan Tomkins Reader (1995) အပါအ၀င် စာအုပ်တစ်ချို့ကို တွဲဖက်အယ်ဒီတာအဖြစ် ပါဝင်လုပ်ကိုင်ကြသေးတယ်။  ဒုတိယစာအုပ်ကြောင့် ဆက်ဒ်ဝစ်ဟာ တွမ်ကင်းကို စိတ်ဝင်စားလာခဲ့တယ်။ တွမ်ကင်းရဲ့ မွေးရာပါ ကနဦး အကျိုးသက်ရောက်မှု (innate primal effect) သီအိုရီကို စိတ်ဝင်စားခဲ့တယ်။ အဲဒီ သီအိုရီနဲ့ သူမရဲ့ အယူအဆတစ်ခုဖြစ်တဲ့ “ကွီယား သရုပ်ပြ သဘောသဘာဝ (Queer Performativity)” ကို ပြန်လည်သန့်စင်ခဲ့တယ်။ “Touching Feeling: Affect, Pedagogy, Performativity (2003) မှာပါပဲ။
သူမရဲ့ အခြေခံအကျဆုံး အဓိကအလုပ်က သီအိုရီအလုပ်ပဲ။ ဒါပေမယ့် သီအိုရီအလုပ်အပြင် ကဗျာစာအုပ် တစ်အုပ်ကိုလည်း ထုတ်ဝေခဲ့တယ်။ Fat art, Good art (1994) နာမည်နဲ့ပါပဲ။ နောက် သူမ ရင်သား ကင်ဆာဖြစ်ပြီး ပြန်ကောင်းခါစ စိတ်ကျနေတဲ့ အတွေ့အကြုံကို ရေးထားတဲ့ A Dialogue on Love ဆိုတဲ့ စာအုပ်လည်း ရှိသေးတယ်။ သူမရဲ့ ကိုယ်တွေ့ဖြစ်စဉ်မှာ စမ်းသပ်တီထွင်မှုတွေ ရှိတယ်။ စိတ်ကုထုံးနဲ့ ကိုယ့်ကိုယ်ကို ပြန်လည်ရှာဖွေ စူးစမ်းခြင်းရဲ့ ပါဝါကိုလည်း ရေးသားဖော်ပြထားတယ်။

ကြီးယားသီအုိရီဆုိတာ ဘာလဲ
ကြီးယားဆုိတဲ့ အဂၤလိပ္စကားဟာ နာမ်၊ နာမ၀ိသေသန ၊ ကြိယာ သုံးခုစလုံးအနေနဲ့ အလုပ်လုပ်နိုင်တယ်။ ဘယ်လိုပဲ သုံးသုံး ကွီးယားရဲ့ အဓိပ္ပာယ်  သာမန် (normal) ဆိုတဲ့ အရာကို ဆန့်ကျင်တဲ့အဓိပ္ပာယ် သက်ရောက်တယ်။ နောက်ကွီးယား သီအိုရီဆိုတာ တစ်ခုတည်းသော အယူအဆတစ်ရပ်တော့ မဟုတ်ဘူး။ ဖူးကိုးက ပြောခဲ့တာမျိုး၊ ဆတ်ဝစ်ခ်က ပြောခဲ့တာ၊ နောက် ဘတ်တလာစသဖြင့် မျိုးကွဲတွေနဲ့ မျိုးစုံတည်ရှိနေတာ။ ဘာရယ်လို့ ထုတ်ဖော်ပြောနိုင်တဲ့ တစ်ခုတည်းသော သီအိုရီမျိုး မဟုတ်ဘူး။ ဒါကြောင့်တဲ့ နည်းလမ်းဘောင်ချ လေ့လာပုံလည်း သူ့မှာ မရှိဘူး။  ဒါပေမယ့် ခြုံပြီးပြောရရင်တော့ လိင်၊ လူမှုလိင်၊ လိင်ပိုင်းဆိုင်ရာ ရမ္မက်ဆန္ဒတွေ ဆက်သွယ်ချက်ကို အသိပညာဆိုင်ရာနဲ့ ချိတ်ဆက် လေ့လာပြထားတဲ့ သီအိုရီတစ်ရပ်လို့တော့ ဆိုနိုင်တယ်။ ပြီးတော့ ကွီးယား သီအိုရီဆိုတာကို အတွေးအခေါ်ဂိုဏ်းတစ်ခုအနေနဲ့ မှတ်ယူမယ်ဆိုရင်တောင် ဒီဂိုဏ်းဟာ ရှေးရိုးစွဲဂိုဏ်း မဟုတ်ပဲ လေ့လာမှုပညာအရ ပြုပြင်ပြောင်းလဲဖို့ရာ အမြဲတမ်း ပွင့်နေတဲ့ ဂိုဏ်းမျိုးလို့ ဆိုရပါမယ်။  
                                                     
ကွီးယားဆိုတဲ့ ဝေါဟာရဟာ ကွဲပြားခြားနားတဲ့ ဝေဖန်စဉ်းစား တွေးခေါ်ခြင်းဆိုင်ရာ အလေ့အကျင့်တွေနဲ့ ဦးစားပေးအရတွေကို ပြနိုင်စွမ်းရှိတဲ့ ဝေါဟာရပါပဲ။  သူတို့က စာပေလက်ရာတွေထဲမှာ တွေ့ရတဲ့ လိင်တူ တပ်မက်မှုတွေ၊  ရုပ်ရှင်၊ ဂီတနဲ့ နိမိတ်ပုံတွေထဲမှာ တွေ့ရတဲ့ လိင်တူချင်း နှစ်သက်သာယာမှုတွေအပေါ် ကိုယ်စားပြုထားပုံတွေကို ဖတ်ရှုပြတယ်။  နောက် ဖူးကိုးကဆိုရင် လိင်သဘာဝမှာ ဖြစ်ပေါ်နေတဲ့ နိုင်ငံရေး ပါဝါဆိုင်ရာ ဆက်သွယ်ချက်တွေကို ခွဲခြမ်းစိတ်ဖြာပြတာ၊ လိင်- လူမှုလိင် 
(sex- gender) စနစ်ကို ဝေဖန်စစ်ကြောပြတာ၊  ဇီဝလိင် ပြောင်းလဲလိုက်တာ၊ လူမှုလိင်ပုံသဏ္ဌာန် ပြောင်းလဲသွားတာတွေကြောင့် ဖြစ်ပေါ်လာတဲ့ သီးခြားအမှတ်လက္ခဏာ ပြောင်းလဲခြင်းကို  လေ့လာပြတာ၊ လိင်အရ ထူးခြားဆန်းကြယ်တဲ့ အတွေ့အကြုံသစ်တွေကို ရှာဖွေခြင်းနဲ့ ကျူးလွန်ချိုးဖောက်ခြင်းတွေကို လေ့လာတာတွေကို လုပ်ကြပါတယ်။

ကြီးယား ဂ်ီနီယာယ္လုိဂ်ီ
ဂျီနီယာယ်လိုဂျီ (genealogy ) ဆိုတာကတော့ ဖူးကိုးရဲ့ သမိုင်းလေ့လာမှု နည်းလမ်းပါပဲ။ ဒီအက်ဆေး တစ်အုပ်လုံးမှာ ပိုပြီး သြဇာလွှမ်းမိုးမှု ကြီးမားတဲ့ ဖူးကိုးအကြောင်းကို ပြောပြီး ဆတ်ဝစ်ခ်နဲ့ တခြားသောပုဂ္ဂိုလ် အမြင်များကိုလည်း ကြားညှပ်ပြောသွားမှာ ဖြစ်ပါတယ်။  ဖူးကိုးဆိုတာ ဓါတုဗေဒစကားနဲ့ ပြောရရင် ဓါတ်ကူပစ္စည်း တစ်ခုပဲ။ သူရဲ့ လေ့လာမှု အမြင်တွေက နောက်ထပ် အတွေးအခေါ်အသစ်တွေ ပေါ်ထွက်လာဖို့ရာ အကူအညီပေးတယ်။ ဒီသဘောက ဖူးကိုးဟာ ကွီးယားသီအိုရီရဲ့ အရင်းအမြစ်လို့ မပြောနိုင်ဘူးလို့လည်း ဆိုရာရောက်တယ်။ ဒီလိုပဲ ဖူးကိုး အတွေးအခေါ်ရဲ့ ပန်းတိုင်ဟာလည်း ကွီးယားသီအိုရီတော့ဖြင့် မဟုတ်ပြန်ဘူး။  တနည်းအားဖြင့် ယနေ့ဖြစ်ပေါ်လာတဲ့ လိင်သဘာဝအပေါ် အမြင်တွေ၊ အမှန်တရား သတ်မှတ်ချက်တွေ၊ သာမန်စံပုံစံ သွတ်သွင်းမှုတွေ သမိုင်းမှာ ဘယ်လို စုစည်း ဖြစ်ပေါ်လာသလဲဆိုတာကို ဂျီနီယာယ်လိုဂျီနည်းအရ ဖူးကိုးရဲ့လေ့လာမှုဟာ ကွီးယားသီအိုရီအတွက် ဓါတ်ကူပစ္စည်းပဲ။

လိင်၊ အမှန်တရား၊ ရေးသားပို့ချမှု
ဖူးကိုးရဲ့ လိင်အကြောင်း ရေးသားတဲ့   History of Sexuality ပထမတွဲ ၁၉၇၀ ခုနှစ်များမှာ ရေးသားခဲ့တာ။ အနောက်တိုင်းမှာ လိင်ပိုင်းဆိုင်ရာ တော်လှန်ရေး (Sexual revolution) တစ်ရပ်ကို ဆင်နွဲခဲ့ပြီးတဲ့ ကာလပါပဲ။  ဒီစာအုပ်က ၀ိတိုရိယခေတ်မှာ လိင်အပေါ်ကို ဖိနှိပ်သိုသိပ်မှုတွေ စတင်လုပ်ခဲ့ပုံနဲ့ ပတ်သတ်ပြီး တန်ပြန်ထားတဲ့ အဆိုတစ်ခုပါပဲ။  အဲဒီလို လိင်အရ ဖိနှိပ်သိုသိပ်မှုတွေ လုပ်ခဲ့ပုံကို လေ့လာခြင်းဟာ ဖူးကိုးရဲ့ အဓိက ပရောဂျက်ပါပဲ။ ဒါပေမယ့် သူ့စိတ်တိုင်းကျ ပြီးပြည့်စုံအောင် မလုပ်လိုက်နိုင်ခင်မှာပဲ ကွယ်လွန်ခဲ့ပါတယ်။

အစဉ်အလာ အမြင်အရတော့ လိင်သဘာဆိုတာ လူသားရဲ့ သဘာဝသွင်ပြင်တစ်ခုပဲ။ ဒါပေမယ့် ယောက်ျားနဲ့ မိန်းမသာလျင်  နှစ်ခြိုက်ရမယ်ဆိုတဲ့ လိင်သဘာဝအပေါ် ပုံသေတံဆိပ် ခတ်နှိပ်မှုတွေဟာ အနောက်တိုင်း လူ့အဖွဲ့အစည်းကြီးထဲမှာ ဖြစ်ပေါ်ခဲ့တယ်။ အထူးသဖြင့် ၁၇ရာစုလောက်ကစပြီး လိင်ကွဲနှစ်ခြိုက်မှုကိုသာလျင် ပုံသေဖြစ်အောင် ပြုမူလုပ်ကိုင်ခဲ့ကြတယ်။  ၀ိတိုရိယခေတ်မှာဆိုရင် လိင်သဘာဝအကြောင်း လွတ်လပ်စွာ ရေးသားမှုနဲ့ ပြောဆိုဆွေးနွေးခွင့် မှန်သမျှကို ဆင်ဆာ တားမြစ်ပိတ်ပင်ခဲ့တာပါ။  လိင်သဘာဝဟာ တဖြည်းဖြည်းနဲ့  ၁၉ရာစု ဘူဇွာတွေရဲ့  စံပုံစံအောက်မှာ ပြားပြားဝပ်ခဲ့တယ်။ သူတို့ သတ်မှတ်ထားတဲ့ လိင်သဘာဝ စံပုံစံတွေကသာလျှင် လူသားအားလုံး တပြေးညီထဲ ဖြစ်ပေါ်နေတဲ့ စံပုံစံလိုမျိုး ဖြစ်နေခဲ့တာ။ သူတို့ရဲ့ စံပုံစံအတွင်းကနေ တားမြစ်ပိတ်ပင်မှု၊ ဖိနှိပ်သိုသိပ်မှုတွေ လုပ်ခဲ့ကြတာ။ နောက်ပိုင်း ၂၀ရာစု အလယ်လောက်မှာ မီနီစကတ်တွေ ၀တ်၊  ကိုယ့်ရဲ့ ခြေသလုံးနဲ့ ပေါင်းသားတွေဖော်၊ ကိုယ့်ရဲ့ အတွင်းပိုင်း လိင်ပိုင်းရမ္မက်ကို ဖော်ထုတ်ခွင့် စတာတွေ ရရှိလာခဲ့ကြတာ ဖြစ်တယ်။  

ယခင်က ကိုယ့်စိတ်ထဲမှာ တကယ် ဖြစ်ပေါ်နေတဲ့ လိင်ရမ္မက်ကို အတိုင်းအတာတစ်ခု ထုတ်ဖော်ခွင့် ရလာတော့ အဲဒီလို လူတွေဟာ ယခင်ကထက်ပိုပြီး ကျန်းမာပျော်ရွှင်လာတယ်။ တစ်နည်းအားဖြင့် လိင်ရမ္မက် ဒါမှမဟုတ် လိင်သဘာဝဆိုတာ ပုံသေအံကျ ဖြစ်နေတာ မဟုတ်ဘူး။  လိင်သဘာဝဟာ လူသားရဲ့ အတွင်းပိုင်းထဲ ကိန်းအောင်းနေတာထက် အမျိုးမျိုးပြောင်းလဲ ဖြစ်တည်နေတာလို့ ဖူးကိုးနဲ့ နှောင်းပိုင်း ပညာရှင်တွေက မြင်တယ်။ လိင်သဘာဝ ပုံသေအံကျ ဖြစ်ပေါ်နေတဲ့ သဘောမျိုး ဖြစ်လာရတာဟာ လိင်အပေါ်ကို  ဖိနှိပ်သိုသိပ်ထားတဲ့အတွက်ပဲ။ လိင် ဆွေးနွေးမှုတွေ၊ ထုတ်ဖော်မှုတွေ မပေးတော့ပဲ လွှမ်းမိုးကြီးစိုးဆဲ တန်ဖိုးစံတစ်ခုအတွင်းကနေ အတွင်းပိုင်း လူ့သားသဘာဝလို ဖိနှိပ်သိုသိပ်မှုတွေ လုပ်ထားတဲ့အတွက်ပဲလို့ ဆိုရမယ်။ ချုပ်ရရင် လိင်သဘာဝဟာ အသေဖြစ်နေတာမျိုး မဟုတ်ပဲ  ဖိနှိပ်သိုသိပ်ခံရမှု၊ တန်ပြန်တုံ့ပြန်မှုတွေအတွင်း အမြဲပြောင်းလဲ ရွှေ့လျားနေတဲ့အရာ ဖြစ်တယ်။ ဖူးကိုးရဲ့ History of Sexuality vol 1( page 19 ) ကို ကိုးကားရရင် -
“လိင်သဘာဝဆိုတာ လူ့အဖွဲ့အစည်းက ရှုပ်ရှုပ်ထွေးထွေး ထုတ်လုပ်လိုက်တဲ့အရာ ဖြစ်တယ်ဆိုတာကို ကျွန်တော်တို့ လေ့လာကြည့်သင့်တယ်။ လိင်သဘာဝဟာ ကွဲပြားခြားနားတဲ့ လူမှုရေး အလေ့အကျင့်တွေကြောင့် ထွက်လာတာ။ ဒီလူမှုရေး အလေ့အကျင့်တွေက လူသားရဲ့ အပြုအမူတွေကို အဓိပ္ပာယ်ဖွင့်ပေးလိမ့်မယ်။ လူမှုရေးဆိုင်ရာ အဓိပ္ပာယ်ဖွင့်ဆိုချက်တွေကို ဖွင့်ပေးလိမ့်မယ်။ ပါဝါရှိသူတွေ လိင်ကို သူတို့အလိုကျ အဓိပ္ပာယ်ဖွင့်ဆိုဖို့ ၊ စည်းမျဉ်းစည်းကမ်းနဲ့ လည်ပတ်ထိန်းကျောင်းဖို့နဲ့ ပြန်လည်ခုခံချင်သူတွေကြား တိုက်ပွဲအတွင်းကနေလည်း အဓိပ္ပာယ်တွေ ထွက်လာအောင် လုပ်ပေးလိမ့်မယ်။ လိင်သဘာဝဆိုတာ သဘာဝကနေ ပေးအပ်ထားတာ မဟုတ်ဘူး။ လူလူချင်းအကြားက စေ့စပ်ညှိနှိုင်းခြင်း၊ တိုက်ပွဲတိုက်ခြင်းတွေရဲ့ ရလဒ်တစ်ခုဖြစ်တယ်။(page-19)”

လိင်သဘာဝဆိုတာဘာလဲ
လိင်သဘာဝဆိုတာ ဘာလဲရယ်လို့ အတော်ကလေး အဓိပ္ပာယ်ဖွင့်ဆိုရ ခက်ပါလိမ့်မယ်။ လူတစ်ယောက်မှာ လိင်ကွဲနှစ်ခြိုက်မှု သဘာဝဆိုတာ ရှိပေမယ့် နောက်တစ်ယောက်မှာ လိင်တူနှစ်ခြိုက်မှု သဘာဝ ရှိမယ်။ တခြားတစ်ယောက်မှာတော့ သူ့ကိုယ်သူ နာကျင်အောင် လုပ်ပြီးမှ လိင်အရ သာယာမှုရတဲ့ သဘာဝလည်း ရှိကောင်းရှိပါတယ်။ ဒါပေမယ့် လူ့အဖွဲ့အစည်းမှာတော့ လိင်ကွဲဆက်ဆံမှု နှစ်ခြိုက်မှုကလွဲလို့ တခြားအရာတွေကို စံသွေနေတဲ့ အရာအဖြစ် အဓိပ္ပာယ်ဖွင့်ဆိုခဲ့ကြတာပါ။
ဖူးကိုးရဲ့ ငြင်းခုံမှုမှာ အဓိကကျတဲ့ အမြင်ကတော့ လိင်သဘာဝဆိုတာ သဘာဝတရားဆိုင်ရာ မဟုတ်ဘူး ဆိုတာပဲ။ 

လူသားရဲ့ တွေ့ကြုံခံစားမှုကို တည်ဆောက်ထားတဲ့ အမျိုးအစားခွဲတစ်ရပ်ပဲ။ လိင်သဘာဝမှာ ဇီဝဗေဒနဲ့ မူလအရင်းအမြစ် အခြေခံထက် သမိုင်း၊ လူမှုရေးနဲ့ ယဉ်ကျေးမှုဆိုင်ရာတွေ ရှိနေတယ်လို့ ဖူးကိုးက မြင်တာပါ။ လိင်သဘာဝ ယူဆချက်ကတော့ ဖမ်းဆုပ်ရခက်ခဲတယ်။ ရှိနေတဲ့ အရာဆိုတာထက်  လူသားရဲ့ အတွင်းပိုင်း ရမ္မက်ဆန္ဒကနေ ဘယ်လို ပြုမူသလဲဆိုတဲ့ သရုပ်ပြသဘော ( performative ) အရသာလျှင် တည်ရှိနေတာ။ ဥပမာဆိုရရင် လူတစ်ယောက်ဟာ သူ့ကိုယ်သူ ယောက်ျားရင့်မာကြီးလို့ ထင်မယ်။ လိင်ကွဲတွေအပေါ်သာ နှစ်ခြိုက်သူလို့ ထင်မယ်။ ဒါကြောင့်လည်း အဲဒီလူဟာ သူ့ကိုယ်သူ တန်ဖိုးဖြတ်တဲ့အခါမှာ သူ့ရဲ့ လိင်သဘာဝဟာ လိင်ကွဲနှစ်ခြိုက်မှု သဘာဝလို့ ဆုံးဖြတ်ချက်ချလိမ့်မယ်။ ဒါမှမဟုတ် သူဟာ သူ့ရဲ့ ဇီဝလိင်အင်္ဂါကို ကြည့်မယ်။ ဇီဝလိင်အင်္ဂါမှာလည်း ချို့ယွင်းချက် မရှိဘူး။ ဒါနဲ့ပဲ သူဟာ သူ့ကိုယ်သူ လိင်ကွဲ နှစ်ခြိုက်မှု သဘာဝရှိတယ်လို့ ဆုံးဖြတ်ကောင်း ဆုံးဖြတ်လိမ့်မယ်။ တကယ်တော့ လိင်သဘာဝဆိုတာ ဒီလို ဆုံးဖြတ်ချက်ချဖို့ မဖြစ်နိုင်ဘူး။ 

ပထမတစ်ခုက မူလအရင်းအမြစ်အရ ဆုံးဖြတ်ချက်ချတာ ဖြစ်ပြီး ဒုတိယစဉ်းစားပုံက ဇီဝလိင်သဘာဝအရ စဉ်းစားတာဖြစ်တယ်။
တကယ်တော့ လိင်သဘာဝဆိုတာ  လူသားက ဘယ်လိုပြုမူ လုပ်ဆောင်လိုက်သလဲ ဆိုတာအပေါ် မူတည်ပြီး အမြဲပြောင်းလဲနေတာ။ ပုံသေအံကျဆိုတာ မရှိဘူး။ လူသားဟာ သူ့ကိုယ်သူ လိင်ကွဲနှစ်ခြိုက်သူလို့ သတ်မှတ်ထားနိုင်ပေမယ့်လည်း အဲဒီလို သတ်မှတ်ချက်ကြောင့် ထပ် အဲဒီလူသားရဲ့ အတွင်းပိုင်း ရမ္မက်ဆန္ဒမှာ လိင်ကွဲတစ်ယောက်ကို နှစ်ခြိုက်လိုက်တဲ့ အပြုအမူ၊ လိင်ဆက်ဆံလိုက်တဲ့ အပြုအမူအတွင်းမှာသာလျင် လိင်ကွဲနှစ်ခြိုက်မှုဆိုတာ ရှိနေတာ ဖြစ်တယ်။ ဒါကြောင့် လူတစ်ယောက်ဟာ  အကြောင်းတစ်စုံတစ်ရာကြောင့် လိင်တူတစ်ယောက် ဖက်ယှက် နမ်းရှုပ်လိုက်ပြီဆိုရင် သူ့ရဲ့ စိတ်ထဲမှာလည်း အဲဒီလို နမ်းရှုပ်ချင်တဲ့ အလိုဆန္ဒ တစ်စုံတစ်ရာနဲ့ ပြူမူလိုက်ပြီဆိုရင် အဲဒီပြုမူမှု အခိုက်အတန့်မှာပဲ သူ့ရဲ့ လိင်သဘာဝ လိင်တူနှစ်ခြိုက်မှု သဘာဝ ရှိနေပြီလို့ ခေါ်နိုင်တယ်။  တနည်းအားဖြင့် ဒီသဘောဟာ လိင်သဘာဝကို သရုပ်ပြသဘောအရသာလျင် ဆုံးဖြတ်တဲ့ သဘောပါပဲ။

Saturday, January 4, 2014

လိင်တူချစ်သူများ အခွင့်အရေး လှုပ်ရှားမှုဆိုင်ရာ သမိုင်းဝင် ဖြစ်စဉ်များ


ဒီကနေ့ ကမ္ဘာတလွှား ဖြစ်ပေါ်နေတဲ့ လိင်တူချင်း ချစ်သူများရဲ့ အခွင့်အရေး တောင်းဆိုလှုပ်ရှားမှုတွေဟာ ရှည်လျားတဲ့ သမိုင်းကြောင်းတွေ ရှိခဲ့ပါတယ်။ 

LGBT Rights Movement လို့ခေါ်တဲ့ လှုပ်ရှားမှုတွေဟာ အများအားဖြင့် လိင်တူချစ်သူများအပေါ် ရွံရှာ မုန်းတီးမှုတွေ ပပျောက်ဖို့နဲ့ လူ့အဖွဲ့အစည်းမှာ လိင်ကွဲချစ်သူတွေလိုပဲ တန်းတူအခွင့်အရေးရပြီး လူများစုမှ လက်ခံ အသိအမှတ်ပြုလာဖို့ တိုက်တွန်းနှိုးဆော် တောင်းဆိုတဲ့ လှုပ်ရှားမှုတွေ ဖြစ်ပါတယ်။ 

ဒီနေ့အချိန်မှာ ရုပ်ရှင်၊ ဗွီဒီယိုနဲ့ စာနယ်ဇင်းတွေမှာ တွေ့မြင်နေရတဲ့ လိင်တူချစ်သူများ လမ်းမပေါ်ထွက်ပြီး ချီတက်ကြတာ၊ လူမြင်ကွင်းမှာ စုဝေးပြီး ဟောပြောလှုံ့ဆော်ကြတာမျိုးဟာ နောက်ပိုင်းခေတ်ကျမှ ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။ အဲဒီမတိုင်ခင် ရှေးခေတ်ကတည်းက လိင်တူချစ်သူများ အခွင့်အရေး လှုပ်ရှားမှုတွေ ရှိခဲ့ကြပါတယ်။
အစောဆုံး လိင်တူချစ်သူများ အခွင့်အရေး လှုပ်ရှားမှုတွေဟာ စာပေအရေးအသားပုံစံနဲ့ စတင်ခဲ့တာ ဖြစ်ပါတယ်။ လိင်တူချစ်သူတွေရဲ့ အခွင့်အရေးအတွက် တောင်းဆို ရေးသားခဲ့တဲ့သူတွေထဲမှာ ပထမဦးဆုံးလို့ ဆိုရမယ့်သူကတော့ သော်မဆင်ကင်နွန်လို့ခေါ်တဲ့ အင်္ဂလိပ်စာရေးဆရာ ဖြစ်ပါတယ်။ အဲဒီခေတ်အခါက အပြစ်ရှိတယ်လို့ ယူဆထားကြတဲ့ လိင်တူဆက်ဆံသူတွေဘက်ကနေ ကာကွယ်ရေးသားထားတဲ့ Ancient and Modern Pederasty လို့ ခေါ်တဲ့ အက်ဆေးတစ်ပုဒ်ကို ၁၇၄၉ ခုနှစ်မှာ ရေးသားပြီး ပုံနှိပ်ထုတ်ဝေခဲ့ပါတယ်။ ၎င်းအပြင် ဂျာရယ်မီ ဘန်သမ်လို့ခေါ်တဲ့ အင်္ဂလိပ်လူမျိုး လူမှုရေးပညာရှင်ကလည်း လိင်တူချစ်သူတွေကို အပြစ်ပေးထားတဲ့ ဥပဒေတွေကို ပြင်ဆင်ဖို့ ၁၇၈၅ ခုနှစ်မှာ ရေးသားတောင်းဆိုခဲ့ပါသေးတယ်။ 

အဲဒီနောက် ပြင်သစ်နိုင်ငံမှာ တော်လှန်ရေးကြီး ဖြစ်ပွားခဲ့ပြီး အုပ်ချုပ်သူ သက်ဦးဆံပိုင် ဘုရင်စနစ်နဲ့ တည်ဆဲ ဥပဒေတွေကို ဖျက်သိမ်းတဲ့ အဖြစ်အပျက်တရပ် ပေါ်ပေါက်လာခဲ့ပါတယ်။ အဆိုပါ ပြင်သစ်တော်လှန်ရေးနဲ့အတူ “လိင်တူချစ်သူ နိုင်ငံသားများ” လို့ အမည်ပေးထားတဲ့ တော်လှန်ရေးသမားတစ်စုဟာ အသစ်ပေါ်ထွန်းလာခဲ့တဲ့ ပြင်သစ်သမ္မတနိုင်ငံမှာ လိင်တူချစ်သူတွေကို အပြစ်ပေးတဲ့ ဥပဒေတွေကို ဖျက်သိမ်းပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။ ဒီလိုနဲ့ ၁၇၉၁ ခုနှစ်မှာ ပြင်သစ်နိုင်ငံဟာ လိင်တူဆက်ဆံတာကို ရာဇဝတ်မှုအဖြစ် သတ်မှတ်ထားတဲ့ ဥပဒေကို တရားဝင် ဖျက်သိမ်းလိုက်တဲ့ ပထမဦးဆုံးနိုင်ငံ ဖြစ်လာပါတယ်။ အဲဒီနောက် ဘရားဇီးနိုင်ငံဟာလည်း ၁၈၃၀ ခုနှစ်မှာ အလားတူဥပဒေကို ဖျက်သိမ်းပေးခဲ့ပါတယ်။ 

အဲဒီနောက်ပိုင်း ခေတ်တွေမှာ လိင်တူချစ်သူတွေဖက်က ကာကွယ်ရေးသားတဲ့ စာပေတွေ၊ လိင်တူချစ်တဲ့ ဇာတ်လမ်းတွေ၊ ဝတ္ထုတွေ၊ ကဗျာနဲ့ ပြဇာတ် အရေးအသားမျိုးတွေ အမြောက်အများ ပေါ်ထွန်းလာခဲ့ပါတယ်။ ဒီအထဲမှာ အထင်ရှားဆုံးကတော့ စာရေးဆရာနဲ့ ကဗျာဆရာကြီး အော်စကာဝိုင်းဒ်ဖြစ်ပြီး၊ သူတည်ထောင်ခဲ့တဲ့ လျှို့ဝှက်လိင်တူချစ်သူများအဖွဲ့ဟာ လိင်တူဆက်ဆံခြင်းကို အင်္ဂလန်နိုင်ငံမှာ တရားဥပဒေအရ အသိအမှတ်ပြု လက်ခံဖို့ စတင်တောင်းဆိုခဲ့ကြပါတယ်။  

၁၉၁၇ ခုနှစ်မှာလည်း ရုရှားနိုင်ငံမှာ ဘော်ရှီဗစ်တွေရဲ့ ကွန်မြူနစ်တော်လှန်ရေး ဖြစ်ပွားခဲ့ပြီး ဇာဘုရင် လက်ထက်က ရှိခဲ့တဲ့ လိင်တူဆက်ဆံမှုကို ရာဇဝတ်မှုဖြစ်စေတဲ့ ဥပဒေကို ဖျက်သိမ်းပစ်ခဲ့ပြီး လိင်တူချင်း ပေါင်းဖက်မှုကို တရားဝင် အသိအမှတ်ပြုခဲ့ပါတယ်။ အဆိုပါ အဖြစ်ပျက်တွေဟာ အဲဒီအချိန်မှာ အဘက်ဘက်က ခေတ်နောက်ကျနေခဲ့တဲ့ ရုရှားနိုင်ငံအတွက် ခေတ်ရှေ့ပြေးတဲ့ တိုးတက်မှုတစ်ခု ဖြစ်စေခဲ့ပါတယ်။ အလားတူပဲ အမေရိကန်နိုင်ငံရဲ့ မြို့ကြီးတွေမှာလည်း လိင်တူဆက်ဆံသူတွေ အချင်းချင်းကြား တူရာတူရာတွေနဲ့ စုဖွဲ့ထားတဲ့ လျှို့ဝှက်အဖွဲ့တွေ ပေါ်ထွန်းလာခဲ့ပါတယ်။
အဲဒီနောက် ဒုတိယကမ္ဘာစစ်ကြီး ဖြစ်ပွားလာခဲ့တဲ့အခါမှာ အခြေအနေအရပ်ရပ်ဟာ လုံးဝ ပြောင်းလဲသွားခဲ့ပါတယ်။ ဂျာမနီမှာ လိင်တူဆက်ဆံသူတွေကို ပုံမှန်မဟုတ်တဲ့သူတွေ၊ လူပိုတွေအဖြစ် သတ်မှတ်ထားတဲ့ ဖက်ဆစ်နာဇီတွေ အာဏာရလာခဲ့ပြီးနောက် ဥရောပမှာ ကျူးကျော်ရေး စစ်ပွဲတွေကို ဆင်နွဲခဲ့ကြပါတယ်။ ဂျာမနီ နာဇီတွေရဲ့ သိမ်းပိုက်ခံခဲ့ရတဲ့ ဥရောပနိုင်ငံတွေမှာ လိင်တူချစ်သူတွေဟာ အကျဉ်းစခန်းအသီးသီးကို ဖမ်းဆီးပို့ ဆောင်ခံခဲ့ရပြီး နှိပ်စက်ညှင်းပမ်းကာ သတ်ဖြတ်ခံခဲ့ကြရပါတယ်။ ဆေးပညာသုတေသန လုပ်ငန်းတွေအတွက် စမ်းသပ်တာမျိုးကို ခံခဲ့ရပါတယ်။

ဒုတိယကမ္ဘာစစ်ကြီး ပြီးဆုံးသွားချိန်မှာတော့  အမေရိကန်၊ အင်္ဂလန်၊ ပြင်သစ်၊ ဂျာမနီ၊ နယ်သာလန်နဲ့ ဆွီဒင်နိုင်ငံတွေမှာ လိင်တူချစ်သူ အခွင့်အရေး လှုပ်ရှားမှုတွေဟာ တဖန်ပြန်လည် ခေါင်းထောင်လာခဲ့ပါတယ်။ အရင်က လျှို့ဝှက်အဖွဲ့အစည်းအနေနဲ့သာ လှုပ်ရှားခဲ့ပေမယ့် ကမ္ဘာစစ်ကြီးအတွင်းမှာ ရက်စက် ကြမ်းကြုတ်မှုတွေနဲ့ အများဆုံး ခံစားလိုက်ရပြီးတဲ့နောက် လိင်တူချစ်သူတွေဟာ ပိုပြီး တက်တက်ကြွကြွ လှုပ်ရှားလာခဲ့ကြပါတယ်။ အမေရိကန်မှာ ဝမ်းအင့်ခ်လို့ခေါ်တဲ့ လိင်တူချစ်သူလှုပ်ရှားမှုအဖွဲ့ဟာ ပထမဦးဆုံး လူသိရှင်ကြား ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းအဖြစ် ၁၉၅၂ ခုနှစ်မှာ ပေါ်ထွန်းလာခဲ့ပါတယ်။ အလားတူပဲ ဆန့်ကျင်ဖက်လိင်ကဲ့သို့ ဝတ်စားဆင်ယင်သူ အပွင့်မတွေကလည်း Transvestia လို့ ခေါ်တဲ့ ပထမဦးဆုံး အပွင့်မမဂ္ဂဇင်းကို ၁၉၅၂ ခုနှစ်မှာ စတင်ထုတ်ဝေခဲ့ပါတယ်။ 

၁၉၆၂ ခုနှစ်မှာ အစောဆုံး လိင်တူချစ်သူတွေရဲ့ ချီတက်ပွဲကို ဖီလာဒဲဗီးယားမြို့ လွတ်လပ်ရေး ခန်းမရှေ့မှာ ပြုလုပ်ခဲ့ပြီး ၁၉၆၉ ခုနှစ်မှာ အမေရိကန်နိုင်ငံတဝှမ်းက လိင်တူချစ်သူများ အခွင့်အရေးဆိုင်ရာ အဖွဲ့တွေ၊ စာစောင်မဂ္ဂဇင်းတွေ ပူးပေါင်းပြီး နိုင်ငံလုံးဆိုင်ရာ ကွန်ယက်အဖွဲ့ကို စတင်ဖွဲ့စည်းခဲ့ကြပါတယ်။ ဒါပေမယ့် ဒီတိုးတက်ပြောင်းလဲမှုတွေကို မီဒီယာတွေမှာ အရေးလုပ် ဖော်ပြခြင်းမရှိပဲ လျစ်လျူရှုခံခဲ့ကြရပါတယ်။ 

အဲဒီနောက် ဗီယက်နမ်စစ်ပွဲ ဖြစ်ပွားနေတဲ့ ၁၉၇၀ ခုနှစ်တွေအတွင်း အမေရိကန်နိုင်ငံမျာ လူမဲတွေနဲ့ အမျိုးသမီးတွေရဲ့ တန်းတူညီမျှမှု အခွင့်အရေးအတွက် တောင်းဆိုလှုပ်ရှားမှုတွေဟာ အရှိန်ရလာခဲ့ပါတယ်။ ဒီလှုပ်ရှားမှုတွေဟာ အလားတူ လူနည်းစုအဖြစ် ခွဲခြားဆက်ဆံမှုတွေ ခံနေကြရတဲ့ လိင်တူချစ်သူတွေအတွက်လည်း ဥပမာကောင်းတွေ ဖြစ်လာစေခဲ့ပါတယ်။



လိင်တူချစ်သူများ အခွင့်အရေး လှုပ်ရှားမှု သမိုင်းကြောင်းမှာ မှတ်တိုင်တစ်ခုလို့ ဆိုရမယ့် အဖြစ်အပျက်ကတော့ ၁၉၆၉ ခုနှစ်၊ နယူးယောက်မြို့မှာ ဖြစ်ပွားခဲ့တဲ့ စတုန်းဝေါ အဓိကရုဏ်းပဲ ဖြစ်ပါတယ်။ နယူးယောက်မြို့ ဂရင်းဝစ်ခ်ျ ရပ်ကွက်မှာရှိတဲ့ စတုန်းဝေါအင်း အမည်ရှိတဲ့ အဆောက်အဦမှာ လိင်တူချစ်သူတွေ စုဝေးတွေ့ဆုံနေကျ ဘားတစ်ခု ရှိပါတယ်။ ၁၉၆၉ ခုနှစ်၊ ဇွန်လ ၂၈ ရက်နေ့မှာ အဲဒီဘားကို နယူးယောက် ရဲတွေက အင်အားသုံးပြီး ဝင်ရောက်စီးနင်းခဲ့ပါတယ်။ အမှန်ကတော့ ဒီဘားထဲမှာ တရားမဝင် အရက်သေစာ ရောင်းချမှုတွေ ရှိနေတယ်လို့ သတင်းရတဲ့အတွက် ရဲတွေက ဝင်ရောက်ဖမ်းဆီးတာလို့ မှတ်တမ်းတွေမှာ ဖော်ပြထားပါတယ်။ အဲဒီ အချိန်မှာ လူနှစ်ရာလောက် ရှိနေတဲ့ ဒီဘားထဲကို ရဲတွေ ရုတ်တရက် ဝင်လာပြီး အထဲက လူအားလုံးကို ရှာဖွေ စစ်ဆေးပြီး အချို့ကိုသာ ပြန်လွှတ်ပေးခဲ့ပြီး အများစုကို ပြစ်ချက် ရေရေရာရာ မရှိပဲ ဘားထဲမှာ ပိတ်ဆို့ထိန်း သိမ်းထားခဲ့ပါတယ်။ ဘားထဲမှာ ဖမ်းချုပ်ထားတဲ့သူတွေကို ရဲစခန်းကို ခေါ်သွားဖို့ အပြင်ထုတ်လာချိန်မှာတော့ အပြင်ဘက်မှာ မကျေမနပ် ဖြစ်နေတဲ့ လိင်တူချစ်သူ လူအုပ်ကြီးက အသင့်စောင့်ဆိုင်းနေပြီး ရဲအချို့နဲ့ ရုန်းရင်းဆန်ခတ် ပဋိပက္ခတွေ စတင်ဖြစ်ပွားပါတော့တယ်။ 

အဲဒီနောက် ရဲတွေရဲ့ အင်အားသုံး နှိမ်နှင်းမှုကို မကျေနပ်ကြတဲ့ လိင်တူချစ်သူတွေဟာ အရင်တုန်းကလို့ ငုံ့ခံမနေကြတော့ပဲ  လူစုလူဝေးတွေနဲ့ ချီတက်ဆန္ဒပြမှုတွေ၊ ဆူပူမှုတွေကို ရက်ဆက် ပြုလုပ်ကြပါတော့တယ်။ မီဒီယာတွေမှာလည်း စတုန်းဝေါ အဓိကရုဏ်းအကြောင်းကို အကျယ်တဝင့် ဖော်ပြခဲ့ကြပြီး လိင်တူချစ်သူတွေရဲ့ ဆန္ဒပြ ဆူပူမှုတွေဟာ ချီကာဂို၊ လော့စ်အိန်ဂျယ်လိစ်နဲ့ ဆန်ဖရန်စစ္စကိုတို့လို့ အခြားမြို့ကြီးတွေကိုပါ ပျံ့နှံ့သွားပါတယ်။ အရင်က တစ်နေရာရာမှာ စုဝေးပြီး ပုန်းလျှိုးကွယ်လျှိုး နေခဲ့ကြတဲ့ လိင်တူချစ်သူတွေဟာ လမ်းမတွေပေါ် ထွက်လာပြီး ထင်ထင်ပေါ်ပေါ် ချီတက်ဆန္ဒပြတာတွေ လုပ်လာကြပါတယ်။ ၎င်းအပြင် လိင်တူချစ်သူ အခွင့်အရေးတွေကို တောင်းဆိုရုံသာမကပဲ လိင်တူချစ်သူတွေအပေါ် အကာအကွယ် ပေးနိုင်ဖို့အတွက် Gay Liberation Front လို အဖွဲ့အစည်းမျိုးတွေကို စတင်တည်ထောင်ခဲ့ကြပါတယ်။ စတုန်းဝေါ အဓိကရုဏ်း ဖြစ်ပွား ခဲ့တဲ့ ဇွန်လ ၂၈ ရက်ကိုလည်း လိင်တူချစ်သူတွေရဲ့ ချီတက်လှုပ်ရှားမှု Prade Day အဖြစ် သတ်မှတ်ပြီး ချီတက်ပွဲတွေကို ဒီကနေ့အထိ နှစ်စဉ်နှစ်တိုင်း ကျင်းပခဲ့ကြပါတယ်။

စတုန်းဝေါ အဖြစ်အပျက်နောက်ပိုင်း လိင်တူချစ်သူများ အခွင့်အရေးဆိုင်ရာ တောင်းဆိုလှုပ်ရှားမှုတွေဟာ ပိုမိုပွင့်လင်း ရဲတင်းလာသလို၊ မလိုလားသူတွေဘက်ကနေ ဆန့်ကျင်မှုတွေဟာလည်း တန်ပြန်တဲ့အနေနဲ့ ပေါ်ပေါက်လာခဲ့ပါတယ်။ ၁၉၇၇ ခုနှစ်မှာ လိင်တူချစ်သူ နိုင်ငံရေးသမားတဦးဖြစ်တဲ့ ဟာဗေးမစ်ခ်ဟာ ဆန်ဖရန် စ္စကိုမြို့ အုပ်ချုပ်ရေးအဖွဲ့မှာ ရာထူးတစ်နေရာစာ ရွေးကောက်တင်မြှောက်ခံရပြီးတဲ့နောက် အမေရိကန်နိုင်ငံမှာ ပထမဦးဆုံး ပွင့်ပွင့်လင်းလင်း လိင်တူချစ်သူ အာဏာရ နိုင်ငံရေးသမားတစ်ဦးအဖြစ် စတင်ဖြစ်လာခဲ့ပါတယ်။ ဒါပေမယ့်လည်း သူ တာဝန်ထမ်းဆောင်နေစဉ်တုန်းမှာပဲ ၁၉၇၈ ခုနှစ်မှာ လိင်တူချစ်သူတွေအပေါ် မလိုလားတဲ့ သူ့ရဲ့ လုပ်ဖော်ကိုင်ဖော်ဖြစ်သူ နိုင်ငံရေးသမား ဒန်ဝှိုက်ဆိုသူက လုပ်ကြံသတ်ဖြတ်လို့ သေဆုံးခဲ့ရပါတယ်။ 

၎င်းအပြင် ဟာဗေးမစ်ခ်အနေနဲ့ မြို့တော်အုပ်ချုပ်ရေးအဖွဲ့မှာ ရွေးကောက်ခံရချိန်မှာပဲ မယ်အမေရိက ပြိုင်ပွဲဝင်တစ်ဦးအဖြစ် ထင်ရှားခဲ့တဲ့ အန်နီတာ ဘရိုင်ယန်ဆိုသူ အမျိုးသမီးဟာလည်း လိင်တူချစ်သူတွေကို တန်းတူ အခွင့်အရေးတွေ မပေးဖို့ လှုံ့ဆော်တဲ့ လှုပ်ရှားမှုတွေကို ပြုလုပ်ခဲ့ပါသေးတယ်။ သူမရဲ့ အဆိုအရ လိင်တူချစ်သူတွေဟာ ကလေးငယ်တွေကို အတုယူမှားစေတဲ့အတွက် ကျောင်းတွေမှာ လိင်တူချစ်သူ ဆရာ၊ ဆရာမတွေကို မခန့်အပ်နိုင်ဖို့အရေး ဥပဒေတရပ်အနေနဲ့ ပြဌာန်းပေးဖို့ အဓိကထား တောင်းဆို လှုပ်ရှားခဲ့ပါတယ်။ အဆို ပါ လှုပ်ရှားမှုရဲ့ အကျိုးဆက်အဖြစ် လိင်တူချစ်သူလို့ အထင်ခံရသူ ကျောင်းဆရာ အများအပြားဟာ အလုပ်ကနေ ထုတ်ပယ်ခံခဲ့ရပါတယ်။ ၎င်းအပြင် သူမဟာလည်း လိင်တူချစ်သူတွေရဲ့ အခွင့်အရေး ဆန့်ကျင်မှုအတွက် တန်ပြန်လှုပ်ရှားတဲ့ အမှတ်သင်္ကေတတစ်ခု ဖြစ်လာခဲ့ပါတယ်။



၁၉၇၉ ခုနှစ်မှာ ဆွီဒင်နိုင်ငံဟာ လိင်တူချင်း တပ်မက်တာကို စိတ်ရောဂါအဖြစ် သတ်မှတ်ထားခြင်းမှ ပယ်ဖျက်ပေးလိုက်တဲ့ ပထမဦးဆုံးနိုင်ငံ ဖြစ်လာခဲ့ပါတယ်။ အမေရိကန်နဲ့ အခြားနိုင်ငံတွေမှာလည်း အလားတူ သတ်မှတ်ချက်ကို ပယ်ဖျက်ပေးဖို့ ဆက်လက်လှုပ်ရှားခဲ့ကြပါတယ်။ 

အဲဒီနောက် ၁၉၈၀ ခုနှစ်တွေ ရောက်လာတဲ့အခါမှာလည်း လိင်တူချစ်သူ အခွင့်အရေး လှုပ်ရှားမှုတွေဟာ မှေးမှိန်မသွားသလို စိန်ခေါ်မှုအသစ်တွေလည်း ထပ်မံပေါ်ထွက်လာခဲ့ပြန်ပါသေးတယ်။ ၁၉၈၀ ခုနှစ်နောက် ပိုင်းမှာ လိင်တူချစ်သူ အမျိုးသားတွေကြားမှာ ထူးဆန်းပြီး ကုသဖို့ ခက်ခဲတဲ့ ရောဂါတစ်မျိုး  ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားလာပါတယ်။ နောင်အခါမှာ AIDS လို့ လူသိများလာတဲ့ ဒီရောဂါကြောင့် လိင်တူချစ်သူအရေး လှုပ်ရှားမှုအဖွဲ့တွေဟာ AIDS ရောဂါ ကာကွယ်ရေးနဲ့ ကုသရေးအပိုင်းကို အာရုံစိုက်လာခဲ့ကြရပါတယ်။ 

တချိန်တည်းမှာ လယ်စဘီယံလို့ခေါ်တဲ့ လိင်တူချစ်သူ အမျိုးသမီးတွေဟာလည်း ပင်မ လိင်တူချစ်သူများ အခွင့်အရေး လှုပ်ရှားမှု ရေစီးကြောင်းအောက်မှာ ပိုမိုပါဝင်လာခဲ့ကြသလို လယ်စဘီယံ အဖွဲ့အစည်းတွေကို သီးသန့်ဖွဲ့စည်းပြီး သီးခြားအခွင့်အရေး လှုပ်ရှားမှုတွေကိုလည်း လုပ်ဆောင်လာခဲ့ကြပါတယ်။ လိင်တူချစ်သူ လူနည်းစုအားလုံးကို ခြုံငုံမိစေဖို့ LGBT၊ LGBTIQ စတဲ့ စကားလုံးတွေကိုလည်း စတင်သုံးစွဲလာခဲ့ကြပါတယ်။ ကမ္ဘာလုံးဆိုင်ရာ လိင်တူချစ်သူတွေရဲ့ သမိုင်းဝင် အောင်မြင်မှုတရပ်အနေနဲ့ ၁၉၉၀ ခုနှစ်မှာတော့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်းကြီးဟာ လိင်တူချင်း တပ်မက်သာယာမှုကို စိတ်ရောဂါ အမျိုးအစားတရပ်အဖြစ် သတ်မှတ်ထားတာကနေ ပယ်ဖျက်ပေးခဲ့ပါတယ်။ အဆိုပါ ပယ်ဖျက်ခဲ့တဲ့နေ့ကို အစွဲပြုပြီး IDAHO (လိင်တူချစ်သူများ အပေါ် ရွံရှာမုန်းတီးမှုများအား ကန့်ကွက် ဆန့်ကျင်ရေး အပြည်ပြည်ဆိုင်ရာနေ့) အခမ်းအနားတွေကို ကမ္ဘာနဲ့ အဝှမ်းက မြို့ကြီးအသီးသီး၊ ဒေသအသီးသီးမှာ ယနေ့ချိန်အထိ နှစ်တိုင်းနှစ်တိုင်း ကျင်းပလေ့ရှိပါတယ်။

ယခင်က လိင်တူချစ်သူများ အခွင့်အရေးဆိုင်ရာ လှုပ်ရှားမှုတွေဟာ အမေရိကန်နဲ့ အနောက်ဥရောပ နိုင်ငံတွေမှာပဲ အများစု ဖြစ်ပေါ်နေခဲ့တာကနေ လွတ်လပ်ပွင့်လင်းလာတဲ့ အာရှနိုင်ငံတွေနဲ့ အခြားဒေသအသီးသီးက နိုင်ငံတွေဆီကိုလည်း စတင်ပျံ့နှံ့ ရောက်ရှိလာခဲ့ပါတော့တယ်။ ၁၉၉၄ ခုနှစ် ဇွန်လ ၂၄ ရက်နေ့မှာ အာရှတိုက်ရဲ့ ပထမဦးဆုံး လိင်တူချစ်သူများ ချီတက်လမ်းလျှောက်ပွဲကို ဖိလစ်ပိုင်နိုင်ငံမှာ ကျင်းပနိုင်ခဲ့ပါတယ်။ အိန္ဒိယနိုင်ငံမှာလည်း ဆန့်ကျင်ဖက်လိင်လို ဝတ်စားဆင်ယင် နေထိုင်ကြတဲ့ လိင်တူချစ်သူတွေကို တတိယလိင်အဖြစ် အသိအမှတ်ပြုပေးဖို့ Hijra လို့ခေါ်တဲ့ တက်ကြွလှုပ်ရှားသူတွေက တောင်းဆိုလာကြပါတယ်။ လက်တင်အမေရိကနိုင်ငံတွေမှာလည်း လိင်တူချစ်သူတွေ အထူးသဖြင့် ဆန့်ကျင်ဖက်လိင်လို ဝတ်စားဆင်ယင်တဲ့ လိင်တူချစ်သူတွေအပေါ် ရဲတွေရဲ့ အခွင့်အရေးယူ နှိပ်ကွပ်မှုတွေကို အရေးယူပေးဖို့ Travesti ဆိုတဲ့ အဖွဲ့ တွေက တောင်းဆိုခဲ့ကြပါတယ်။ 

ဒီလိုနဲ့ မျက်မှောက်ခေတ်အထိ လိင်တူချစ်သူများအရေး လှုပ်ရှားမှုတွေမှာ အသိအမှတ်ပြု လက်ခံမှုနဲ့ ဖိနှိပ်တားဆီးမှုဆိုတဲ့ အစွန်းနှစ်ဖက်လုံးကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ ၂၀၀၁ ခုနှစ်မှာတော့ နယ်သာလန်နိုင်ငံဟာ လိင်တူချင်း လက်ထပ်ထိမ်းမြားမှုကို တရားဝင် အသိအမှတ်ပြုတဲ့ ပထမဦးဆုံးနိုင်ငံ ဖြစ်လာခဲ့ပါတယ်။ ဒီနေ့ဒီအချိန်မှာတော့ ဆွီဒင်၊ ဘယ်ဂျီယံ၊ အာဂျင်တီးနား၊ ကနေဒါ၊ အိုက်စလန်၊ နော်ဝေ၊ တောင်အာဖရိက၊ စပိန်၊ ပြင်သစ်၊ အင်္ဂလန်၊ ပေါ်တူဂီ၊ ဒိန်းမိတ်၊ ဥရုဂွေး၊ ဘရားဇီးနဲ့ နယူးဇီလန်နိုင်ငံတွေဟာ လိင်တူချင်း လက်ထပ် ထိမ်းမြားခွင့်ကို တရားဝင်အသိအမှတ်ပြု လက်ခံခဲ့ပါပြီ။ အမေရိကန်နိုင်ငံမှာ ပြည်နယ်ပေါင်း တစ်ဆယ့်လေး ပြည်နယ်ဟာ လိင်တူချင်း လက်ထပ်ခွင့်ကို တရားဝင် လက်ခံအသိအမှတ်ပြုခဲ့ပြီ ဖြစ်ပါတယ်။



၂၀၀၆ ခုနှစ် အောက်တိုဘာလအတွင်း အင်ဒိုနီးရှားနိုင်ငံ ဂျော်ဂျာကာတာမြို့မှာ ထုတ်ပြန်ခဲ့တဲ့ ဂျော်ဂျာကာတာ ကြေငြာစာတမ်းမှာ လိင်စိတ်ခံယူမှု၊ လိင်စိတ်ကွဲပြားမှုနဲ့ သက်ဆိုင်တဲ့ အချက်တွေကို အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး မူဘောင်များအရ အခြေခံလူသားအခွင့်အရေး ရပိုင်ခွင့်တစ်ခုအဖြစ် ထည့်သွင်းခဲ့ပါတယ်။ လူ့အခွင့်အရေးဆိုင်ရာ အထူးကျွမ်းကျင်ပညာရှင်တွေ၊ လိင်စိတ်ခံယူမှုဆိုင်ရာ တတ်သိကျွမ်းကျင်သူ ပညာရှင်တွေ ပြုစုခဲ့တဲ့ အဆိုပါ ဂျော်ဂျာကာတာ ကြေငြာစာတမ်းလာ အချက်တွေဟာ လိင်တူချစ်သူတွေရဲ့ လူ့အခွင့်အရေးတွေနဲ့ ပတ်သက်ပြီး တစ်ကမ္ဘာလုံးက လိုက်နာကြရမယ့် လိင်တူချစ်သူများ လူ့အခွင့်အရေး အခြေခံမူတွေ ဖြစ်လာပါတယ်။ 

၂၀၁၁ ခုနှစ်ကစပြီး ကမ္ဘာ့တဝှမ်း လိင်တူချစ်သူတွေရဲ့ လူ့အခွင့်အရေးဆိုင်ရာ လှုပ်ရှားမှုတွေဟာ ပိုမို တိုးတက် မြန်ဆန်လာခဲ့တယ်လို့ ဆိုနိုင်မှာ ဖြစ်ပါတယ်။ အဆိုပါနှစ်အတွင်း အိန္ဒိယနိုင်ငံမှာ ဗြိတိသျှကိုလိုနီ လက်ထက်ကတည်းက ပြဌာန်းထားခဲ့တဲ့ ပုဒ်မ ၃၇၇ ကို အိန္ဒိယနိုင်ငံရဲ့ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေလာ ပြဌာန်းချက်တွေနဲ့ ဆန့်ကျင်နေတဲ့ ပုဒ်မအဖြစ် အိန္ဒိယနိုင်ငံရဲ့ ဒေလီအထက်တန်းတရားရုံးက ဆုံးဖြတ်ခဲ့ပါတယ်။ အလားတူပဲ အမေရိကန်နိုင်ငံမှာလည်း လိင်တူချစ်သူ စစ်သည်တွေနဲ့ ပတ်သက်ပြီး တပ်မတော်ဆိုင်ရာ ပေါ်လစီ တရပ်ဖြစ်တဲ့ Don’t Ask, Don’t Tell ပေါ်လစီကို သမ္မတအိုဘားမား အာဏာရလာပြီးတဲ့နောက် ပယ်ဖျက်ပေးခဲ့ပါတယ်။ 

၂၀၁၂ ခုနှစ်မှာတော့ လိင်တူချစ်သူတွေအပေါ် စာနာနားလည် လက်ခံပေးနိုင်စွမ်းရှိတဲ့ နိုင်ငံရေးသမားတွေ အာဏာစင်မြင့်ပေါ်ကို ရောက်လာခဲ့ကြပါတယ်။ အဆိုပါ နိုင်ငံရေးသမားတွေ အာဏာရလာပြီးတဲ့နောက် လိင်တူချစ်သူတွေအပေါ် လူ့အခွင့်အရေးအရ အကာအကွယ်ပေးနိုင်တဲ့ ဥပဒေတွေကို ပြဌာန်းနိုင်လာအောင် လုပ်ဆောင်ခဲ့ကြပါတယ်။ ၂၀၁၃ ခုနှစ်မှာတော့ ပြင်သစ်နိုင်ငံ၊ အင်္ဂလန်နိုင်ငံ၊ စကော့တလန်နိုင်ငံ၊ ဥရုဂွေးနိုင်ငံ၊ နယူးဇီးလန်နိုင်ငံတွေက လွှတ်တော်အသီးသီးမှာ လိင်တူချစ်သူတွေအတွက် လက်ထပ်ထိမ်းမြားခွင့် ခံစားခွင့်ပြုရေးဥပဒေနဲ့ ခွဲခြားဆက်ဆံမှု တိုက်ဖျက်ရေးဆိုင်ရာ ဥပဒေတွေကို ရေးဆွဲအတည်ပြုမှုတွေ ပြုလုပ်နိုင်ခဲ့ကြပါတယ်။ အလားတူပဲ အမေရိကန်နိုင်ငံမှာဆိုရင်လည်း သမ္မတကလင်တန် လက်ထက်ကတည်းက လွှတ်တော်မှာ ပြဌာန်းခဲ့တဲ့ DOMA (Defense of Marriage Act) လို့ခေါ်တဲ့ လက်ထပ် ထိမ်းမြားမှုဆိုင်ရာ ကာကွယ်ရေး ဥပဒေကို ဖယ်ဒရယ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေလာ ပြဌာန်းချက်တွေနဲ့ မကိုက်ညီတဲ့ ဥပဒေအဖြစ် ပြည်ထောင်စု တရားလွှတ်တော်ချုပ်က ၂၀၁၃ ခုနှစ်မှာ ဆုံးဖြတ်ခဲ့ပါတယ်။ အဆိုပါ သမိုင်းဝင် ဆုံးဖြတ်ချက်ကြောင့် အမေရိကန်နိုင်ငံတဝှမ်းမှာ နေထိုင်ကြတဲ့ လိင်တူချစ်သူ စုံတွဲတွေဟာ အာမခံကြေး၊ ပင်စင်နဲ့ အခွန်ဆိုင်ရာ အကျိုးခံစားခွင့်တွေမှာ အခြားလိင်တူချစ်သူ မဟုတ်ကြတဲ့ လင်မယားစုံတွဲတွေနည်းတူ ရရှိခံစားခွင့် ရှိသွားပြီ ဖြစ်ပါတယ်။ 

အခြားတစ်ဖက်မှာလည်း ဥရောပအရှေ့ပိုင်း၊ အရှေ့အလယ်ပိုင်းဒေသနဲ့ အာဖရိကနိုင်ငံအချို့မှာ လိင်တူချင်း လက်ထပ်ထိမ်းမြားမှုကိုတောင် မဟုတ်သေးပဲ လိင်တူချင်း ဆက်ဆံမှုအတွက်တောင်မှ သေဒဏ်နဲ့ ကြီးလေးတဲ့ ပြစ်ဒဏ်တွေ ချမှတ်ပြီး အရေးယူနေတာကို တွေ့ရှိနေရဆဲ ဖြစ်ပါတယ်။ ရုရှားနိုင်ငံဟာ လိင်တူချစ်သူတွေအပေါ် ပိုမိုတိုးမြှင့်ပြီး ဖိနှိပ်လာတာကို တွေ့နေရပါတယ်။ ၂၀၁၃ ခုနှစ်မှာ Gay Propaganda Law လို့ ခေါ်တဲ့ အများပြည်သူ မြင်ကွင်းမှာ လိင်တူချင်း ချစ်တာကို ဖော်ပြမှုအား တားမြစ်အရေးယူနိုင်မယ့် ဥပဒေ၊ လိင်တူချစ်သူတွေအပေါ် ကလေးမွေးစားခွင့်ကို တားမြစ်နိုင်မယ့် ဥပဒေတွေကို ရုရှားနိုင်ငံအနေနဲ့ ပြဌာန်းခဲ့ပါတယ်။ လိင်တူချင်း လက်ထပ်ခွင့်ကို တရားဝင် ခွင့်ပြုတဲ့ နိုင်ငံတွေအပါအဝင် လိင်တူချင်း ဆက်ဆံမှုကို ရာဇဝတ်မှုအဖြစ် သတ်မှတ်ပြီး ပြင်းပြင်းထန်ထန် အပြစ်ပေးနေတဲ့ နိုင်ငံတွေကို ILGA (International Lesbians and Gay Association) အဖွဲ့က ၂၀၁၃ ခုနှစ်မှာ ထုတ်ပြန်ခဲ့တဲ့ မြေပုံမှာ အသေးစိပ် ကြည့်ရှုနိုင်ပါတယ်။ 

မြန်မာနိုင်ငံမှာလည်း ဗြိတိသျှအစိုးရ လက်ထက်ကတည်းက ရှိနေခဲ့တဲ့ သဘာဝမကျသော နည်းလမ်းနဲ့ လိင်ဆက်ဆံမှုအပေါ် ရာဇဝတ်မှုအဖြစ် သတ်မှတ်အရေးယူနိုင်တဲ့ ပုဒ်မ ၃၇၇ လို့ခေါ်တဲ့ ဥပဒေကို ပယ်ဖျက်ဖို့ ကျန်ရှိနေဆဲ ဖြစ်ပေမယ့် အပြုသဘောဆောင်တဲ့ တိုးတက်မှုတွေကို အများကြီး တွေ့လာရပြီ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်မှာ လိင်တူချစ်သူများအပေါ် ရွံရှားမုန်းတီးမှုများ ပပျောက်ရေး အပြည်ပြည်ဆိုင်ရာနေ့ (IDAHO) အခမ်းအနားကို ရန်ကုန်အပါအဝင် အခြားမြို့ကြီးတွေမှာ ပထမဦးဆုံးအကြိမ် စတင်ကျင်းပခွင့် ရရှိခဲ့ပြီး ပြည်တွင်း ပြည်ပမှာရှိတဲ့ မီဒီယာအသီးအသီးမှာ ဝေဝေဆာဆာ ဖော်ပြခံခဲ့ရပါတယ်။ လိင်တူချစ်သူတွေရဲ့ လူ့အခွင့်အရေးနဲ့ ပတ်သက်တဲ့ သင်တန်းတွေ၊ ဟောပြောလှုပ်ရှားမှုတွေဟာလည်း သိသိသာသာ တိုးပွားလာနေပြီ ဖြစ်ပါတယ်။ မြန်မာ့လူ့အဖွဲ့အစည်းထဲမှာလည်း လိင်တူချစ်သူတွေရဲ့ အခန်းကဏ္ဍကို ပိုမိုနားလည် လက်ခံလာပြီ ဖြစ်တာမို့ မြန်မာနိုင်ငံက လိင်တူချစ်သူတွေရဲ့ အနာဂတ်ဟာ မျှော်လင့်ချက် ရောင်ခြည်တွေ ပိုမိုတောက်ပလာပြီလို့ ဆိုနိုင်မှာ ဖြစ်ပါတယ်။

Thursday, January 2, 2014

သက်တံ့အောက်က စတေးခံလူသားများ





(၁)
          နွေရာသီရဲ့ ပူလောင်တဲ့နေ့တစ်ရက်မှာ သူနဲ့ကျွန်တော်စတွေ့ခဲ့တာ ခုဆို လေးနှစ် ပြည့်ခဲ့ပြီပေါ့။ သူ့ကို ကျွန်တော့်ဆီ ခေါ်ဆောင်လာသူကတော့ ကျွန်တော့်သူငယ်ချင်း မင်းမွန်အောင်။ အဲဒီနေ့က ပူပြင်းလွန်းလို့ ဘယ်ကိုမှမသွားဘဲ အိပ်ယာထဲမှာလှဲရင်း စာအုပ်တစ်အုပ်ကိုဖတ်နေမိတယ်။ အဲ့အချိန် မင်းမွန်အောင် ရုတ်တရက် ရောက်လာပြီး အော်ကျယ်အော်ကျယ်နဲ့ အတင်း ဆွဲထူတယ်။
          “ဟကောင်ကြီး … ဇိမ်ကျနေတယ်ပေါ့ … အိပ်မနေနဲ့ … ထထ .. စတူဒီယိုကိုသွားမယ်”
          “ ဟေ .. ဘာတုန်းဟ … သွားချင်ဘူးကွာ … ငါ ဒီနေ့နားချင်တယ် … ငါ အလုပ်လုပ်ချင်စိတ် မရှိဘူး”
          “အေဘေး … ငပျင်း … ထစမ်းပါဟ … အရေးကြီးလို့ … ထထ”
          “ဟာကွာ … မင်းကလည်း”
          အဲလိုနဲ့ပဲ မင်းမွန်အောင် ဒရွတ်တိုက်ဆွဲတဲ့နောက် ကန့်လန့်ကန့်လန့်နဲ့ ပါလာမိတယ်။ အောက်ထပ် ရောက်တော့ မီးဖိုခန်းထဲက မေမေ့ကို စတူဒီယိုကို သွားမယ့်အကြောင်း အော်ပြောပြီး မင်းမွန်အောင် ကားပေါ်ပါလာခဲ့တယ်။ ကားပေါ်ကျမှ ငတိက ရှင်းပြတယ်။
          “ဒီလိုကွ .. ငါ့ညီရဲ့ သူငယ်ချင်းတစ်ယောက်က မော်ဒယ်ဘွိုင်းရူး ရူးနေတာကွ … အဲဒါ ဟိုနေ့ က မင်းအကြောင်းစကားစပ်မိလို့ ပြောရင်း ဓာတ်ပုံရိုက်တာ တော်တယ်ဆိုတော့ သူ မဂ္ဂဇင်းတစ်ခုကို ပုံပို့ပြီး ပြိုင်ချင်တယ် … အဲဒါ ပုံရိုက်ပေးနိုင်မလားမေးပေးပါတဲ့”
          “ဟာကွာ .. အဲဒါနဲ့များ ငါ့ကို လာပြီး ဒုက္ခပေးရလား .. စတူဒီယိုဖွင့်တဲ့ရက်မှ လာခဲ့ရင် ပြီးရော”
          “မရဘူး .. ပြိုင်ပွဲရက်ကနီးနေပြီ … အဲဒီကောင်လေးရဲ့ ရူပါနဲ့ စတိုင်ရယ် ၊ မင်းရဲ့ အနုပညာ အစွမ်းရယ် ပေါင်းလိုက်လို့ကတော့ ဆုရဖို့ အတော်လေးနီးစပ်တယ်ကွ၊ မင်း ဒီတစ်ခါတော့ ငါ့ကို ကူညီမှဖြစ်မယ်”
          “ဟာကွာ .. သူဆုရဖို့အရေး မင်းက ဘာလို့ အဲ့လောက်တောင် တက်ကြွနေတာလဲ …ဘာလဲ အဲ့ကောင်လေးမှာ အစ်မတွေ ညီမတွေ ရှိလို့လား … အခါတိုင်း ဒီလိုကိစ္စတွေဆို မင်းစိတ်မ၀င်စား ပါဘူး … ယောက်ဖလောင်းလေးမို့လို့ ဂရုစိုက်နေတာလား”
          “သေလေ .. ငါ့ဆို စော်ကိစ္စချည်း ထင်နေတော့တာပဲ … အဲ့ပြိုင်ပွဲက နိုင်ရင် ငါးသိန်း ရမှာကွ .. ငါးသိန်းဖိုးစလုံးအပြည့် ငါတို့ကိုပြုစုမယ်တဲ့ .. သူက သူ့ပုံလေး မဂ္ဂဇင်းမှာပါရင် ကျေနပ်ပါပြီတဲ့ …”
          “သြော် .. လက်စသပ်တော့ စော်ဇယားမဟုတ်ဘဲ အသောက်ဇယားကိုးကွ … ဟဟ … လုပ်လိုက်လေ ကြာသလားလို့”
          အဲလိုနဲ့ပဲ ကျွန်တော့်စတူဒီယိုတိုက်ခန်းရှေ့ကို ရောက်လာကြတယ်။ တိုက်ခန်းပေါ်ကို မတက်သေးဘဲ တိုက်ခန်းရှေ့က သစ်ပင်အောက်မှာထိုင်ရင်း မင်းမွန်အောင်ချိန်းထားတဲ့ ကောင်လေးကို စောင့်နေကြတယ်။ ကျွန်တော်ကိစ္စတစ်ခုကို ပြောမလို့ တွေးလိုက်ပြီးမှ မပြောသေးဘဲ ငြိမ်နေလိုက်တယ်။ အဲ့ကောင် မင်းမွန် ဆဲလိမ့်မယ်။
          ခဏနေတော့ ဆိုင်ကယ်တစ်စီး တိုက်ခန်းရှေ့လာရပ်တယ်။ ဟဲလ်မက် မှန်ချထားလို့ မျက်နှာကို မမြင်ရပေမယ့် အရပ်အမောင်းနဲ့ ကိုယ်နေဟန်ထားကတော့ အတော်လေး ဆွဲဆောင်မှု ရှိမယ့်ပုံပဲ။ ကျောပိုးအိတ်တစ်လုံးကိုလွယ်ထားပြီး စီးလာတဲ့ဆိုင်ကယ်ကို နေရိပ်တဲ့နေရာမှာ ဒေါက်ထောက်လိုက်တယ်။ ဟဲလ်မက် ချွတ်လိုက်တဲ့အခါ …
          “၀ိုး ….”
          ကျွန်တော့်နှုတ်က လွှတ်ခနဲထွက်သွားမိတယ်။ နွေရာသီရဲ့ တောက်ပတဲ့နေ့တောင် သူ့အသား အရေကြောင့် မှိန်ဖျော့သွားသလို ထင်လိုက်မိတယ်။ မျက်နှာလေးက နုငယ်ပြီး အပြစ်ကင်းစင် နေတယ်။ မျက်လုံးတွေက လင်းလက်တောက်ပနေပြီး နီဖျော့ဖျော့ဆိုးထားတဲ့ ဆံပင်တွေက နွေလေပူ လေရူးဝှေ့လိုက်တိုင်း လှိုင်းထနေတယ်။ ကျွန်တော် မိန်းမောပြီး စူးစိုက်ကြည့်နေမိတယ်။
          “ဟေ့ကောင် … ရောက်ပြီ သွားမယ်လေ … ဘာလုပ်နေတာလဲ”
          ကျွန်တော့် ကျောကို ကားသော့နဲ့ခြစ်ရင်း မင်းမွန်က ပြောတယ်။ သတိလက်လွတ် ဖြစ်သွားတဲ့ စိတ်ကို ချုပ်တည်းပြီး အထစ်ထစ်အငေါ့ငေါ့နဲ့ ခုနက မပြောဖြစ်တဲ့စကားကို မင်းမွန်ကို ပြောလိုက် မိတယ်။
          “မင်းမွန် … ငါ … ငါ … ဟို … စတူဒီယိုသော့ … အဲဒါ … ငါ့အိပ်ခန်းထဲမှာ ကျန်ခဲ့တယ်”
          “ဘာာာာာာာ … ခွေးမသား …. လုပ်လိုက်ရင် အဲလိုချည်းပဲ”
         
(၂)
          “အစ်ကို ကျွန်တော့်နာမည် ကောင်းစစ်သွေးပါ .. အစ်ကို အရမ်းတော်တဲ့အကြောင်း ကိုမင်းမွန်က ခဏခဏပြောပြပါတယ်၊ ကိုမင်းမွန်က လူတွေကို ချီးကျူးခဲတယ်၊ အစ်ကို့ကိုတော့ သူက လေးလည်းလေးစားတယ်ဗျ … အစ်ကို့အကြောင်း ခဏခဏကြားနေရတော့ ကျွန်တော်လည်း အစ်ကို လုပ်ပေးရင်ဖြစ်မယ်လို့ ယုံကြည်လို့ ကိုမင်းမွန်ကို အပူကပ်ရတာဗျ”
          “အဲ့လောက်လည်း မဟုတ်ပါဘူး ညီရ … အစ်ကိုက ပညာရှင်ကြီးတွေလို မကျွမ်းပါဘူး .. သူများကို လှစေချင်တဲ့စေတနာကြောင့် သေချာဂရုစိုက်ပြီး ကြိုးစားဖြစ်တာပါ .. အဲဒါလေးက သူများ ထက်သာစေတယ် ဆိုပါတော့”
“အစ်ကို ကျွန်တော့်အတွက် အလားအလာရှိပါ့မလားဟင် … အစ်ကိုက ဓာတ်ပုံသမားဆိုတော့ မြင်တတ်မှာပေါ့ .. ဝေဖန်ပေးပါ … ကျွန်တော် ဘယ်လိုလုပ်ရင် နိုင်နိုင်မလဲဟင်”
          သော့ခတ်ထားတဲ့ တံခါးချပ်ရှေ့က လှေခါးထစ်မှာသူနဲ့ ကျွန်တော် ထိုင်နေမိတယ်။ မင်းမွန်အောင်ကတော့ ကျွန်တော့်အိမ်ကိုသွားပြီး သော့ပြန်ယူနေတယ်။ သူ့ရဲ့စကားကြောင့် ဘေးချင်း ယှဉ်လျက် ထိုင်နေတဲ့သူ့ကို ကျွန်တော် ငဲ့ကြည့်မိတယ်။ အိုး … ကလေးတစ်ယောက်လို အပြစ်ကင်းပြီး တောက်ပနေတဲ့မျက်လုံးတွေနဲ့ သူ ကျွန်တော့်ကို ကြည့်နေပါလား။ ရုတ်တရက် အမည်မဖော်တတ်တဲ့ ခံစားချက်တစ်ခု ကျွန်တော့်ကို ဖြတ်စီးသွားတယ်။ ကျွန်တော် စကားမထစ်အောင် သေချာ ဂရုစိုက်ပြီး ပြောလိုက်ပါတယ်။
          “အများကြီးအလားအလာရှိတာပေါ့ .. အစ်ကို တတ်နိုင်သလောက် အစွမ်းကုန် ကြိုးစား ပေးမယ်၊ ငါ့ညီ အဆင်ပြေရင်သာ အစ်ကို့ကို မမေ့နဲ့ပေါ့ … ဟဟ”
          “အာ … ပြုစုမှာပါဗျာ .. ကျွန်တော်က photo model ဖြစ်ဖို့ အရမ်းဝါသနာကြီးတာဗျ၊ အစ်ကို သောက်ချင်တာပြော … ဘလက်တွေ ဘလူးတွေမကလို့ ဘာလေဘယ်ဖြစ်ဖြစ် အိတ်ထဲက စိုက်ရစမ်းပစေ တိုက်မယ်ဗျာ … ရော့ .. လောလောဆယ်တော့ Coke သောက်ထားနှင့် … အဟဲ … ရာသီဥတုက ပူတော့ အေးနေအောင် ဆိုင်ကယ် Box ထဲထည့်ယူလာတာ … ကန်တော့ဗျာ … ဖင်ခု ထိုင်ထားတာမို့ မသောက်ချင်ဘူးဆိုရင် အသစ်သွားဝယ်ပေးမယ် …”
          လက်ထဲရောက်လာတဲ့ Coke ဘူး ရဲရဲလေးကို ငေးကြည့်နေမိတယ်။ ဒီရေငွေ့တွေသီးနေတဲ့ Coke ဗူးလေးက သူ့ပေါင်ကြားအောက်က Box ထဲမှာ ပါလာရတာတဲ့။ သူကတော့ သွက်သွက် လက်လက်နဲ့ စကားတွေ ဖောင်နေအောင် ဘေးက ထိုင်ပြောနေတယ်။ ကျွန်တော်ကတော့ သူပေးတဲ့ Coke ဗူး နှုတ်ခမ်းဝလေးကို လက်နဲ့သပ်ရင်း စိတ်ထဲက သောင်စဉ်ရေမရ အတွေးစိတ်ရိုင်းတွေကို မောင်းထုတ်လိုက် ပြန်ဝင်လာလိုက်နဲ့ အလုပ်တွေရှုပ်နေမိတယ်။
          ခဏကြာတော့ မင်းမွန်အောင်ပြန်ရောက်လာတယ်။ သုံးယောက်သား စတူဒီယိုထဲဝင်ပြီး မီးတွေပြင်၊ ကင်မရာတွေဆင် နဲ့ အလုပ်တွေရှုပ်ကုန်ကြတယ်။ ကောင်လေးက ကျွန်တော့်နား ကပ်လာပြီး ခပ်တိုးတိုးမေးတယ်။
          “အစ်ကို ပုဆိုးမရှိဘူးလား .. ”
          “ဟေ .. ဘာဖြစ်လို့လဲ”
“အ၀တ်တွေက ကျောပိုးအိတ်နဲ့ထည့်ယူလာတာ အဲဒါ အ၀တ်လဲဖို့ပုဆိုး ထည့်ယူလာဖို့ မေ့သွားတယ် …”
ခပ်တိုးတိုးပြောတာပေမယ့် အနားရောက်လာတဲ့ မင်းမွန်က ကြားဖြစ်အောင် ကြားသွားသေး တယ်။
“ဟရောင် .. ဘာပုဆိုး တောင်းနေတာတုန်း … မင်းမူးလာရင် ဖင်တုံးလုံးနဲ့ လျှောက်ပြေး နေတာကျ မရှက်ဘူးလား၊ ယောက်ျားတွေချည်းပဲ ဒီအတိုင်းချွတ်လဲ”
ကျွန်တော် ရယ်ချင်လို့ ခွိခနဲ တစ်ချက်ဖြစ်သွားတယ်။ ကောင်လေးရှက်သွားမှာစိုးလို့ အရှိန် သပ်လိုက်ပါတယ်။ ကောင်လေးက နောက်စေ့ကို လက်နဲ့ဖွရင်း ရှက်ရယ် ရယ်တယ်။
“အဟီး .. အဲ့တာာကြတော့ အစ်ကိုတို့နဲ့ ပြောမနာ ဆိုမနာတွေလေ .. ကိုမျိုးကျတော့ လေးစားရတဲ့ လူဆိုတော့ သူ့ရှေ့မှာ မလဲရဲဘူး … ”
“ဟဟ .. တော်ကီကတော့ကွာ … မင်းပြောလို့ ငမျိုး မြောက်တက်သွားဘီဟ”
သုံးယောက်သား ရယ်ဖြစ်ကြတယ်။ ဘောင်းဘီကိုင်ရင်း ယောင်တောင်တောင်ဖြစ်နေတဲ့ ကောင်လေးကို ကွန်ပျူတာခန်းထဲ ၀င်လဲဖို့ ပြောလိုက်ရတယ်။ ဘာရယ်မသိဘဲ စိတ်ထဲမှာတော့ တမျိုး ဖြစ်နေတယ်။ သူ အ၀တ်လဲရင် ဘယ်လိုနေမလဲ။ ကြည့်ချင်လိုက်တာ။ ဒါပေမယ့် ဆန္ဒတွေကို ထိန်းချုပ်ရင်း ကင်မရာ setting တွေကို ဂရုတစိုက် ချိန်နေလိုက်တယ်။ ကောင်လေးရေ … မင်း လှ နေမှဖြစ်မယ်လေ။
ခဏနေတော့ ကောင်လေး အ၀တ်လဲပြီး ပြန်ထွက်လာတယ်။ သုံးယောက်သား အပင်ပန်းခံပြီး သေချာရိုက်ဖြစ်ကြတယ်။ ၀တ်စုံ နှစ်စုံလောက်လဲပြီးချိန်ကျတော့ သုံးယောက် လုံးပင်ပန်းနေကြပြီ။ ခဏနားကြတဲ့အချိန်မှာ မင်းမွန်က အကြံပေးတယ်။ ခုည ပင်ပန်းသွားကြတော့ သုံးယောက် အကြိုအနေနဲ့ သောက်ကြမယ်။ ကောင်းစစ်ကလည်း ကျွန်တော်နဲ့ မိတ်ဆွေဖြစ်တဲ့အနေနဲ့ သောက်ချင်တယ်။ အဲဒီတော့ ဟင်းချက်ကောင်းတဲ့ မင်းမွန်ကို အမြည်းဖွယ်ဖွယ်ရာရာဖြစ်ဖို့ တာဝန်ပေးပြီး လွှတ်လိုက်တယ်။ ကျွန်တော်နဲ့ ကောင်းစစ်က ဆက်ရိုက်နေရင်းကျန်ခဲ့မယ်ပေါ့။
“အစ်ကို ဓားတို့ ကပ်ကြေးတို့ တစ်ခုခု မရှိဘူးလား”
အ၀တ်လဲနေရင်းက ခန္ဓာကိုယ်အပေါ်ပိုင်းဗလာကျင်းနေပြီး ဘောင်းဘီ ကို ကြယ်သီး မတပ်ဘဲ ထွက်လာရင်း မေးတယ်။ ၀ိုးး .. တကယ့်ကို အချိုးတကျနဲ့ အဆီပိုမရှိ လှပနေတဲ့ ခန္ဓာ ကိုယ်ပဲ။ ကျွန်တော့်ရှေ့မှာ လာရပ်တဲ့ သူ့ကို မော့ကြည့်ရင်း မေးမိတယ်။
“ဘာဖြစ်ပြန်ပြီလဲ ညီ ”
“ဒီဘောင်းဘီက အသစ်ကြီးဗျ၊ တံဆိပ်က ခုပဲ ဖြုတ်လိုက်တာ၊ ခါးက ကြယ်သီး ပေါက်က ဖောက်မထားဘူးဗျ၊ ခု ၀တ်တော့မှ ကြယ်သီးတပ်မရဘူးဖြစ်နေတယ်”
ခက်နေပါပြီ။ ကျွန်တော့်စိတ်တွေကို ဂယောက်ဂယက်ဖြစ်အောင် ဒီကောင် သိပ်လုပ် တာပဲ။ ဒီပုံအတိုင်းဆိုရင်တော့ ကျွန်တော်စိတ်ထိန်းထားနိုင်ဖို့ မလွယ်တော့ဘူး။ အေးစက် တုန်ရီနေတဲ့ လက်တွေနဲ့ ဓာတ်ပုံတွေဖြတ်ရင်သုံးတဲ့ ဓားကို အံဆွဲထဲက ယူပေးလိုက်တယ်။ သူကလှမ်းယူရင်း လက်ချင်းထိတော့ သူကျွန်တော့မျက်နှာကို မော့ကြည့်တယ်။
“အစ်ကို လက်တွေ အေးနေပါလား၊ အဲရ်ကွန်းကြီး မတရားတင်ထားတာကိုး၊ လျှော့လိုက်ရမလား အစ်ကို၊ လက်က ရေခဲလိုဖြစ်နေပြီ”
ကျွန်တော် ဘာမှပြန်မပြောနိုင်ခင်မှာပဲ Aircon လျှော့ဖို့ remote လိုက်ရှာနေပြီ။ တော်တော်သွက်တဲ့ ကောင်လေးပဲ။ ခဏနေတော့ ခုံတစ်လုံးကို aircon အောက်မှာ ချနေတာ တွေ့ရတယ်။ remote မတွေ့လို့ ခလုပ်တက်နှိပ်တော့မယ်ထင်ရဲ့။ ဟော တက်နှိပ်နေပြီ။ ဟင် .. ကြယ်သီးတပ်မထားတဲ့ ဘောင်းဘီက လျှောခနဲ ကျွတ်ကျသွားတယ်။
“ဟာ”
ကျွန်တော့်လက်ဖျားတွေဟာ ဧ၀ရတ်တောင်ထိပ်က ဆီးနှင်းပွင့်တွေလို အေးစက်ဖြူဆုတ် သွားပါရော့လား။
(၃)
အိပ်မက်လား တကယ်လား စဉ်းစားနေမိတယ်။ ကောင်းစစ် ကျွန်တော့်ဘေးမှာ ယှဉ်လျက် လှဲ နေတယ်။ ဗလာကျင်းနေတဲ့ သူ့ခန္ဓာကိုယ် အပေါ်ပိုင်းဟာ ပြူတင်းပေါက်က စဉ်ကျလာတဲ့ အလင်း ဖျော့ဖျော့အောက်မှာ နို့နှစ်ရောင် ရောမ ကျောက်ဖြူရုပ်တစ်ရုပ်လို ငြိမ်သက်နေတယ်။ လက်နှစ်ဘက်ကို ခေါင်းအောက်မှာ ခုထားတဲ့အတွက် သူ့ရဲ့ ဖုထစ်တဲ့လက်မောင်းကြွက်သားတွေနဲ့ ခပ်ရေးရေး ချိုင်းမွေးလေးတွေက ကျွန်တော်နဲ့ အနီးဆုံးမှာ ရှိနေတယ်။
          ဒီလိုပါ စတူဒီယိုထဲမှာ ဓာတ်ပုံဆက်ရိုက်နေကြရင်းနဲ့ မီးပျက်သွားတယ်။ နွေရာသီ ဆိုတော့ Air-con ရပ်သွားတာနဲ့ ကျွန်တော့်ရဲ့ စတူဒီယိုခန်းလေးက ပေါင်းအိုးတစ်လုံးလို ပူလှောင် အိုက်စပ် လာတယ်။ ကျွန်တော် အပြင်လေ၀င်အောင် ပြူတင်းပေါက်တွေ အကုန် လိုက်ဖွင့် လိုက်တယ်။ ပြီးတော့ ညောင်းညာနေတဲ့ ခါးရိုးဆစ်လေးတွေကို အနားပေးဖို့ ကြမ်းပြင်ပ်ါမှာပဲ စိတ်လွတ် ကိုယ်လွတ် လှဲချလိုက်တယ်။ အဲဒီအချိန်မှာပဲ  ကောင်းစစ်လည်း အနားရောက်လာတယ်။ ချွေးစိုပြီး ကပ်နေတဲ့ တီရှပ်ကို ဆွဲချွတ်ပြီး ကြမ်းပြင်ပေါ်ပစ်ချလိုက်ပြီး ကျွန်တော့်ဘေးမှာလာ လှဲနေတယ်။
“ကိုမျိုး၊ ခုနက ဘောင်းဘီကျွတ်ကျတာလေ … အဲဒါ ကိုမင်းမွန်ကို ပြန်မပြောနဲ့နော်”
“ဟဟ .. ငါက အလုပ်မရှိအလုပ်ရှာပြီး အဲ့ကိစ္စကို သွားပြောနေရမှာလားကွာ”
“အဟဲ .. ဟိုလေ ဒါနဲ့ ကျွန်တော် အဲဒီအချိန်ကလို ဗစ် လေးနဲ့ sexy ပုံရိုက်ရင်ရော ကောင်းမလားဟင်”
“ဟမ် .. ဘာလုပ်ဖို့လဲကွ .. မင်းကရိုက်ရဲလို့လား”
“ရိုက်ကြည့်ချင်တယ်၊ မီးပြန်လာရင် အဲလိုရိုက်ရအောင် နော်”
ကျွန်တော့်ဆီက အဟင်းခနဲ ရယ်လိုက်သံလား သက်ပြင်းချသံလား မသဲကွဲတဲ့ လေမှုတ်သံ တစ်ချက် ထွက်သွားတယ်။ ကောင်းစစ်ကတော့ သူ့စကားကို အတည်ပြုလိုက်တယ်လို့ပဲ သတ်မှတ် လိုက်ပုံရတယ်။ ဘယ်လိုနေမယ်၊ ဘယ်လိုပုံရိုက်မယ်နဲ့ သူ့ဘာသာသူ အစီအစဉ်တွေချနေတယ်။
ရုတ်တရက် သူပက်လက်လှန်နေရာက ကျွန်တော့်ဘက်ကို ဘေးတစောင်းပုံပြောင်း လိုက်တယ်။ အရမ်းနီးလွန်းနေတော့ သူ့နှာသီးဖျားလေးကထွက်လာတဲ့ လေတချို့ ပုခုံးမှာ လာစင်တာကို ခံစားရတယ်။
“ကိုမျိုး၊ ကိုမျိုး ကျွန်တော့်ကို ဘယ်လိုမြင်လဲ၊ အရှိအတိုင်းဝေဖန်ပေးပါလား”
“ဘယ်လိုမျိုးကိုပြောတာလဲ၊ အနုပညာအလားအလာလား၊ ခု ပုံတွေရိုက်နေရင်း မင်းလည်း သိနေတာပဲ၊ စိတ်တိုင်းကျပုံတွေရတယ်၊ ထင်တောင်မထားဘူး၊ ဒီအတိုင်းဆို မင်း ပြိုင်ပွဲဝင်တွေ အများကြီးကို ကျော်တက်နိုင်မယ်လို့ ငါယုံတယ်၊ တကယ့် အတွေ့အကြုံရှိတဲ့ model တစ်ယောက် လိုပဲ၊ မင်း ကြိုးစားတာ တော်ပါတယ်”
“နောက်ပြီးတော့ရော”
“ဟဟ .. ငါက အဲ့လောက်ပဲဝေဖန်နိုင်သေးတယ်လေ၊”
“အင်း တခြားအကြောင်း ဝေဖန်ကြည့်”
“အဲလိုတော့ မဝေဖန်တတ်ပါဘူး၊ တချို့ကိစ္စတွေတော့ စိတ်ထဲမှာပဲ ထားတယ်၊ ထုတ်မပြော ပါဘူး၊ လူတွေက အမှန်ကို ပြောရင် ကြိုက်တဲ့လူရှိတယ် မကြိုက်တဲ့လူရှိတယ်။ ကိုယ်နဲ့မဆိုင်တဲ့ အလုပ်ကိစ္စထက်ကျော်ပြီး မဝေဖန်ချင်ပါဘူးကွာ”
သူ တစ်ချက်ပြုံးလိုက်တယ်။ ကျွန်တော့်ရင်ဘတ်ပေါ်ကို သူ့ လက်ဖ၀ါးခပ်နွေးနွေး လာတင် တယ်။ ကျွန်တော် သူ့အပြုအမူကို နည်းနည်း အံ့အားသင့်သွားတာတော့ အမှန်။
“ဒီရင်ဘတ်ထဲမှာပဲ သိမ်းထားတာပေါ့၊ သိချင်တယ်၊ ကျွန်တော့်ကို အစ်ကို ဘယ်လို သုံးသပ်လဲ ဆိုတာ”
ကျွန်တော့်စိတ်တွေ လေးလံလာတယ်။ ဒီပုံစံအတိုင်းဆို ကျွန်တော့်အတွက် ထိန်းသိမ်းဖို့ ပိုခက်လာ လိမ့်မယ်။ ကျွန်တော့်ရဲ့ အသိုင်းအ၀ိုင်းအားလုံးက ကျွန်တော့်ကို straight တစ်ယောက်အဖြစ် လက်ခံ ထားကြတယ်။ ကျွန်တော့်ရဲ့ လျှို့ဝှက်တဲ့ စိတ်အပိုင်းအစလေးတွေကို လူတွေသာ ရှာဖွေတွေ့ရှိသွား ကြရင် ဆိုတဲ့ အတွေးစိတ်ကြီးက ဖိစီးလာတယ်။ မိဘတွေကို ကျွန်တော် ဘယ်လိုမျက်နှာပြရမလဲ။ သူတို့ကရော ကျွန်တော့်ကို ဘာပြောကြမှာလဲ။ Gay တစ်ယောက်ရဲ့ မိဘတွေ အနေနဲ့ ရှက်နေ ကြမလား။ အတွေးတွေအများကြီးနဲ့ အာခေါင်တွေ ခါးသီးခြောက်ကပ်လာတယ်။ သူ့လက်ကို ရင်ဘတ်ပေါ်ကနေ ဖယ်ပြီး ဘေးမှာ အသာချလိုက်တယ်။
စိတ်သက်သာရာရဖို့အတွက် ပြူတင်းပေါက်နားကို ထထွက်လာခဲ့တယ်။ နွေရာသီရဲ့ ညနေခင်း လေပြေလေးက ခပ်ငွေ့ငွေ့လေး မျက်နှာကို လာခတ်သွားတယ်။ ဘောင်းဘီအိတ်ထဲက တွန့်ကြေသွားပြီဖြစ်တဲ့ စီးကရက်ဘူးကို ထုတ်လိုက်တယ်။ တစ်နေကုန် ထည့်ထားတော့ စီးကရက်ဗူး လေးက ပိန်ရှုံ့ကြေမွနေတယ်။ အထဲက ကွေးကောက်ကောက်စီးကရက် တစ်လိပ်ကို ထုတ်လိုက်ပြီး ဖြောင့်သွားအောင် ပွတ်သပ်ဆွဲဆန့်လိုက်မိတယ်။
ဟင် … ။ ကျွန်တော့်လက်ထဲက ဆွဲဆန့်နေတဲ့ စီးကရက်ကို ကောင်းစစ် စိုက်ကြည့်နေပါလား။ သူ့မျက်နှာမှာ တစ်စုံတစ်ရာ အရိပ်အရောင်ပေါ်လာပြီး လျှာနဲ့နှုတ်ခမ်းတစ်ချက်သပ်တယ်။ ပြီးတော့ မျက်နှာ လွှဲလိုက်ပြီး ခပ်ဝါးဝါးလေး ပြောတယ်။
“ဟာကွာ .. ကို ဘာတွေလုပ်ပြနေမှန်းမသိဘူး”
အစ်ကိုလို့ပြောတာလား ကို လို့ပြောတာလား မသဲကွဲလိုက်ဘူး။ သူပြောလိုက်မှ ကျွန်တော် လည်း ကိုယ့်လက်ထဲက စီးကရက်ကို အဓိပ္ပါယ်ကောက်လွဲသွားမှန်း သတိထားလိုက်မိတယ်။ ကျွန်တော် ဘာပြောရမှန်းမသိဘဲ ကြောင်နေတုန်း ကောင်းစစ်က ဆက်ပြောတယ်။
“ကို ဘာလုပ်ချင်နေလဲ၊ ကျွန်တော်ဘာလုပ်ပေးရမလဲ”
“ဟေ .. မဟုတ်ဘူး .. ဟိုကွာ .. ငါ … အဲ ဆေးလိပ်သောက်ချင်လို့ … အဲဒါ … ဒါနဲ့ မင်းရော သောက်ဦးမလား”
ကျွန်တော့်ကို စိုက်ကြည့်နေတဲ့ ကောင်းစစ်မျက်လုံးတွေ ဖြတ်ခနဲ ကြမ်းပြင်ပေါ်ကို လွှဲ သွားတယ်။ ရုတ်တရက် နှစ်ယောက်စလုံးကြားမှာ အနေရကျပ်တဲ့ခံစားချက်တစ်ခု ၀ုန်းခနဲ ကြီးထွား လာသလိုခံစားလိုက်ရတယ်။
“ကျွန်တော်က အစ်ကို တစ်ခုခုလိုရင် ကူညီပေးမလို့ပါ၊ ကျွန်တော်မလိုဘူး ဆိုလည်းရပါတယ်၊ ကျွန်တော်က အစ်ကို့ကို အထင်လွဲသွားမိတာ ထင်ပါတယ်၊ ရတယ် ထားလိုက်၊ နောက်မှ တွေ့မယ်၊ ကျွန်တော်ပြန်တော့မယ်”
ပြောပြောဆိုဆိုနဲ့ ကြမ်းပြင်ပေါ်ကတီရှပ်ကို ကောက်ယူတယ်။ ကျွန်တော် စိတ်တွေ လွှတ်ပေး လိုက်တယ်။ ကျောခိုင်းထားတဲ့သူ့ကျောပြင်ကို နောက်ကနေ သိုင်းဖက်လိုက်တယ်။ ချွေးတွေနဲ့ စိုနေတဲ့ သူ့ကျောပြင်နဲ့ ကျွန်တော့်ရင်ဘတ် ကပ်နေတယ်။ ပူနွေးစိုစွတ်နေတဲ့ ခံစားချက်က ကျွန်တော့် ရင်ဘတ်နဲ့ ဗိုက်သားတလျှောက်မှာ လှိုင်းထနေတယ်။ သူ ကျွန်တော့်ဘက် လှည့်လာတယ်။ သူ့ရင်ဘတ်နဲ့ ကျွန်တော့်ရင်ဘတ် အပ်လျက်သားဖြစ်သွားတယ်။
သူလည်းကျွန်တော့်ကို သိုင်းဖက်လိုက်ရင်း ပြောတယ်။
“ကို ကျနော် ကို့ကို သဘောကျတယ်၊ အဲဒါကြောင့် ကိုမင်းမွန်ကို ဓာတ်ပုံရိုက်ဖို့ အတင်း ပူဆာ တာပါ၊ အစ်ကိုနဲ့ကျနော် အဆင်ပြေမယ်လို့ စိတ်ထဲက ဘာကြောင့်မှန်းမသိ ကြိုသိနေတယ်။ ကျွန်တော် တို့နှစ်ယောက် လျှောက်နိုင်သမျှ ဝေးဝေးထိ လျှောက် ကြတာပေါ့”
“မင်း ငါ့ကို Homo မှန်းသိတယ်လား”
“မသိပါဘူး၊ အစ်ကိုသွားလာနေတာ မြင်နေတော့ သဘောကျရုံသက်သက်ပဲ၊ ခု ရုတ်တရက် အစ်ကိုနဲ့ ခင်ခွင့်ရပြီးတဲ့နောက်မှာ အစ်ကိုကို ပိုင်ဆိုင်မှဖြစ်မယ်ဆိုတဲ့ခံစားချက် ပေါ်လာတယ်၊ နောက်ပြီး တန်ခိုးရှင်တစ်ယောက်ယောက်တိုက်တွန်းနေသလို အစ်ကိုနဲ့ ဆို .. အင်း .. သေချာပေါက် couple ဖြစ်မယ်လို့ချည်း ထင်နေမိတယ်”
ကျွန်တော်တို့ ပြင်းပြစွာ အနမ်းတွေ ပေးကြတယ်။ ညနေခင်းရဲ့ မှိန်ပျပျနေရောင်ဖျော့ဖျော့ အောက်မှာ ပူလောင်စွာ ပူးကပ်နေကြမိတယ်။ ပူနွေးတယ်၊ စိုစွတ်တယ်၊ အရာရာတိုင်းကို မေ့လျော့ သွားစေတယ်။
XXXXXXXXXXXXXXXXXXXXXXXXXXXXXXX
(၄)
          တိတ်ဆိတ်သန့်ရှင်းတဲ့ ဘီယာဆိုင်လေးထဲက အထူးခန်းထဲမှာ ကျွန်တော်၊ ကောင်းစစ်နဲ့ မင်းမွန်တို့ သုံးယောက် ထိုင်နေကြတယ်။ စားပွဲပေါ်မှာ အကောင်းစား အရက်ပုလင်းအချို့နဲ့ အမြည်းအစုံ၊ နောက်ပြီး ကောင်းစစ်ပုံမျက်နှာဖုံးနဲ့ မဂ္ဂဇင်းတစ်အုပ်။ အောင်ပွဲခံတဲ့အထိမ်းအမှတ်နဲ့ ဒီနေ့ည အတူ သောက်ဖြစ်နေကြတာပါ။
          “ကိုမင်းမွန် .. သောက်သာသောက် .. မူးအောင်သောက် .. ဒါပေမယ့် အရမ်း မူး မသွား သေးခင်မှာ ကျွန်တော်နဲ့ကိုမျိုး ကိုမင်းမွန်ကို ပြောစရာရှိသေးတယ်”
          “ဟေ .. ဘာတွေလဲဟ .. မင်းတို့က ငါ့ကို ဘာတွေပြောဦးမလို့လဲ .. ခုပြောကွာ .. နားထောင် ပြီးမှ သောက်မယ်”
          “အေးဆေးပေါ့ဗျ … သောက်ရင်းနဲ့မှ ဖြေးဖြေးပြောတာပေါ့ …”
          မင်းမွန်က ကျွန်တော့်မျက်နှာကို လှမ်းကြည့်ပြီး မျက်ခုံးပင့်ပြတယ်။ ဘာတွေလဲ ဆိုတဲ့ သဘော။ ကျွန်တော်လည်း ပြုံးနေလိုက်တယ်။ ကျွန်တော်နဲ့ ကောင်းစစ် စတူဒီယိုလေးထဲမှာ မြင်မြင်ချင်း ချစ်မိတဲ့နေ့ကနေ စပြီး ဒီနေ့ဆို လေးလ ကျော်ခဲ့ပြီ။ ဒီလေးလ ဆိုတဲ့အချိန်အတွင်းမှာ ကောင်းစစ် ကျွန်တော့်ဆီ လာအိပ်တဲ့ညတွေလည်း များခဲ့တယ်။ နှစ်ဘက် မိဘတွေကတော့ ကျွန်တော်တို့ အကြောင်းကို မသိကြတော့ ရိုးရိုးသားသားပဲ ထင်နေကြတယ်။ ရင်ခုန်သံချင်း တူတဲ့ အပြာရောင်ညပေါင်းများစွာကို ဖြတ်သန်းပြီးခဲ့ကြတဲ့နောက်မှာ ကျွန်တော်တို့နှစ်ယောက် အရာရာကို ရင်ဆိုင်ပြီး လက်တွဲသွားကြဖို့ ဆုံးဖြတ်ခဲ့ကြပြီးပါပြီ။ ဒါပေမယ့် ကျွန်တော်တို့ အဆင်သင့်ဖြစ်မယ့် အချိန် အတိုင်းအတာတစ်ခုကို စောင့်နေကြတယ်။
          ကောင်းစစ်နဲ့ ကျွန်တော် ရန်ကုန်မှာ အခြေချမယ်။ ကောင်းစစ်လည်း အနုပညာအလုပ်တွေ ဆက်လုပ်ပြီး ကျွန်တော်လည်း photographer အဖြစ် ရပ်တည်ကြမယ်။ ပတ်ဝန်းကျင် အသိုင်းအ၀ိုင်း တွေကို ဖယ်ထားပြီး ကျွန်တော်တို့ နှစ်ယောက်ထဲ ကမ္ဘာလေး ဖန်တီးနိုင်ကြပြီပေါ့။ ကျွန်တော်တို့ အသေးစိတ် အစီအစဉ်တွေကို ရေးဆွဲထားကြတယ်။ နှစ်ယောက်အတူ ကြိုးစား ဖန်တီးမယ့် Homo အချစ်ကမ္ဘာလေးရဲ့ Plan လေးကတော့ အတော်လေး ခိုင်မာနေပါပြီ။
          ဒီနေ့တော့ အရင်ဆုံး ကျွန်တော်တို့ရဲ့ သူငယ်ချင်း မင်းမွန်ကို ဖွင့်ပြောပြမယ်လို့ တိုင်ပင် ထားကြတယ်။ မင်းမွန် တစ်ယောက်တော့ အတော်လေး အံ့အားသင့်သွားမှာ သေချာတယ်။ ယုံချင် မှလည်း ယုံမယ်။ ကျွန်တော်တို့ နောက်နေတယ်လို့ ထင်ချင်ထင်မှာပေါ့။ ဘာပဲဖြစ်ဖြစ် ဒီညတော့ မင်းမွန်ကို ပြောပြလိုက်တော့မယ်လို့ ဆုံးဖြတ်ထားကြပြီးပြီလေ။
          “ကိုမင်းမွန် .. ကျနော်နဲ့ ကိုမျိုး ချစ်သူတွေဖြစ်နေကြပြီဗျ”
          “အမ် … ဘာရယ် .. မင်းတို့နှစ်ယောက် ရည်းစားရသွားကြတာလား .. ငါလည်း မသိလိုက် ရပါလား၊ ဟဟ .. ပြောစမ်းပါဦး ဘယ်က ကောင်မလေးတွေနဲ့လဲ”
          “မဟုတ်ပါဘူးဗျ .. ကိုမျိုးနဲ့ ကျွန်တော်နဲ့ ချစ်နေမိကြပြီ … အဲဒါ ကိုမင်းမွန်ကို ဖွင့်ပြောတာ၊ တခြားဘယ်သူမှ မသိကြသေးဘူး၊ ကိုမင်းမွန်ကို အခင်ဆုံးအချစ်ဆုံးမို့လို့ ပြောပြတာ … ဟုတ်တယ် နော် ကိုမျိုး”
          ကောင်းစစ် စကားအဆုံးမှာ မင်းမွန်က ကျွန်တော့်မျက်နှာကို ဖြတ်ခနဲ လှမ်းကြည့်တယ်။ ကျွန်တော့်မျက်နှာမှာ မွေးညင်းတွေထောင်သွားသလို ဖြန်းခနဲ အေးစက်သွားတဲ့ ခံစားချက် ပေါ်လာတယ် ။ ဒါပေမယ် ကောင်းစစ်စကားကို ထောက်ခံတဲ့အပြုံးနဲ့ ပြန်ကြည့်နေလိုက်တယ်။ မင်းမွန် မျက်မှောင်ကုတ်ပြီး ကျွန်တော်နဲ့ ကောင်းစစ် မျက်နှာကို သေချာလိုက်ကြည့်နေတယ်။ စက္ကန့်တချို့ ကြာသွားပြီးတဲ့နောက် ပြုံးလာတယ် … ။
          “အယ် … မျက်နှာတွေက ပြုံးစိစိတွေနဲ့၊ ငါ့ကို အဲလို လာကျပ်လို့ရမလား၊ ဟားဟားဟား .. အေးလေ မင်းတို့က တပူးတွဲတွဲနဲ့ လင်မယားလို နေနေကြတာပဲ၊ အဆန်းလုပ်လို့ … ဟရောင်တွေ မင်းတို့ ဘာကြံစည်နေကြတာလဲ … ငါ့ကို နှစ်ယောက်ပေါင်းပီး တစ်ခုခု ကျပ်ကြမယ်မဟုတ်လား … ငါ အဲ့လောက်တော့ နပ်ပါတယ်ကွ”
          “တကယ်ပြောတာ မင်းမွန်ရ၊ ငါတို့ နောက်နေတာမဟုတ်ဘူး၊ ငါနဲ့ ကောင်းစစ်နဲ့ ညီအစ်ကိုလို သူငယ်ချင်းလိုထက်ပိုပြီး ချစ်နေကြပြီ။ ငါတို့ မင်းကို ဒီနေ့ဖွင့်ပြောဖို့ တိုင်ပင်ထားကြတာ။ ဒီကိစ္စကို မင်း အရင်ဆုံးသိတာပဲ။ နောက်ပြီး ငါတို့ ရှေ့ဆက်သွားဖို့ အစီအစဉ်တွေရှိတယ်။ အဲ့ကိစ္စတွေလည်း မင်းကို တိုင်ပင်ချင်လို့”
          မင်းမွန် မယုံသင်္ကာတဲ့ပုံမျိုးနဲ့ မျက်လုံးတွေ မှေးပြီး ကြည့်နေတယ်။ ကျွန်တော်တို့ ပြောတာ သူ ရုတ်တရက် လက်ခံဖို့ ခက်နေတဲ့ပုံပဲ။ ကျွန်တော်တို့လည်း တော်တော်တော့ ယုံအောင် ပြောရလိမ့် မယ်လို့ တွေးထားပြီးသားပါ။
          “မင်းတို့က တကယ်ပြောနေတာလားဟ၊ ငါ့ကိုတော့ မကျပ်နဲ့နော်၊ ဟဟား .. ငါ ရပ်ကွက်ထဲမှာ လျှောက်ပြော ဦးမှာ ငမျိုးနဲ့ ကောင်းစစ်က အခြောက်တွေ … အချင်းချင်းကြိုက်နေကြပြီလို့ … ငါ့ ကျပ်လို့ကတော့ မင်းတို့ အရှက်ကွဲပြီပဲ”
          “မကျပ်ပါဘူး ငါတို့ အတည်ပြောနေတာပါ”
          မင်းမွန်ကို မျက်နှာပြန်တည်ပြီး ပြောရတယ်။ တော်ကြာ ကျပ်တယ်ချည်း ထင်နေမှာ။ အဲ့တော့ သူလည်း မျက်နှာတည်လာတယ်။
          “အဲဒါဆို တကယ်ကြီးလားဟ၊ အဲဒါဆို မင်းတို့ ဘယ်လို ဆက်လုပ်ကြမှာလဲ၊ မင်းတို့ မိဘတွေ သိကုန်ရင် ဘာတွေဆက်ဖြစ်ကြမလဲ၊ ဟာကွာ .. မင်းတို့ကလည်း …. ဘယ်လိုတွေများ ဖြစ်ကုန်ကြ တာလဲ … ငါ ခေါင်းတောင်ကိုက်သွားသလိုပဲ”
          “ငါတို့လည်း အဲဒီကိစ္စကို တွေးမိတယ်၊ ငါတို့ မိဘတွေနဲ့ ပတ်ဝန်းကျင်ကို ဘယ်လို ဖွင့်ပြောရင် ကောင်းမလဲ တိုင်ပင်ချင်လို့ မင်းကို ခုည ပြောပြတာ”
          “မင်းတို့ မိဘတွေ သိရင်တော့ မိုးမီးလောင်လိမ့်မယ်၊ ငမျိုး မင်းမိဘတွေဆိုလည်း ဂုဏ် အရှိန် အ၀ါနဲ့ နေကြတာ၊ မင်းအတွက် ချွေးမတွေတောင် စိတ်ကြိုက်ရွေးနေကြတာ၊ မင်းက ကောင်းစစ်နဲ့ ဆိုတော့ ရှက်တာနဲ့တင်သေလိမ့်မယ်။ ကောင်းစစ် မိဘတွေဆိုလည်း တစ်ဦးတည်းသောသားလေး၊ ကောင်မလေးတွေ ၀ိုင်းဝိုင်းလည်နေတာကို ကောင်းစစ်အဖေကြီးက ဂုဏ်ယူလို့မဆုံးဘူး။ ငါ့သားလေး စော်ကြည်တယ် စော်ကြည်တယ်နဲ့ ခဏခဏ ပြောတာ”
          “အင်း အဲဒါတွေကို ငါတို့နှစ်ယောက် နားလည်တယ်၊ ငါတွေးနေတာက အစပိုင်း ဖွင့်ပြောဖို့သာ ခက်မှာ၊ နောက်ပိုင်းတော့ ငါတို့နှစ်ယောက် အဆင်ပြေအောင် ရင်ဆိုင်သွားနိုင်ဖို့ နည်းလမ်းတွေ ရှိလာ နိုင်မယ်ထင်တာပဲ”
          “ဟုတ်တယ် ကိုမင်းမွန်၊ ဒီကိစ္စက ကျွန်တော်တို့ စိတ်ပူထားသလောက်မဟုတ်ဘဲ ခပ်အေးအေးနဲ့ ပြီးချင်လည်း ပြီးသွားနိုင်တယ်၊ ဟိုးလေးတကျော်နဲ့ အတိုက်အခံလုပ်ရဖို့လည်း ဖြစ်ချင် ဖြစ်လာနိုင်တယ်၊ မိဘတွေ ဘယ်လို တုန့်ပြန်ကြမလဲဆိုတာ ကျွန်တော်တို့ မသိနိုင်ဘူး၊ သူတို့က အေးအေးဆေးဆေးပဲ မင်းတို့ သဘောအတိုင်း နေကြပေါ့ကွာလို့ ခွင့်ပြုရင်တော့ အတိုင်းထက်အလွန် သိပ်ကောင်းမှာပဲ”
          မင်းမွန် လက်ထဲက အရက်ခွက်ကို နှစ်ခွက်ဆင့်ငှဲ့ပြီး မော့ချတယ်။ နည်းနည်းလည်း စိတ်ညစ် သွားပုံရတယ်။ စကားဝိုင်းက ခဏတော့ တိတ်ဆိတ်သွားကြတယ်။
          “ဒီလိုကိစ္စမျိုးတွေက အခြောက်တွေကြားမှာ သိပ်တော့မထူးဆန်းပါဘူး၊ ဒါပေမယ့် မင်းတို့နှစ် ယောက်က ယောက်ျားစင်စစ်ကြီးတွေ၊ ပြီးတော့ ဒီမြို့လေးမှာ မင်းတို့ရော မင်းတို့မိဘတွေကိုပါ မသိတဲ့ လူမရှိဘူး၊ မင်းတို့နှစ်ယောက် လက်တွဲကြမယ်ဆိုရင် တစ်မြို့လုံးအတွက်တော့ ဟိုးလေးတကျော် ဖြစ်သွားမှာပဲ။ မင်းတို့ မိဘတွေက ခေတ်အမြင်ရှိသင့်သလောက်ရှိ ပါတယ်၊ ဒါပေမယ့် ဒါကြီးကိုတော့ကွာ … အာ .. မဖြစ်ပါဘူး … လက်ခံနိုင်စရာကို မရှိဘူး”
          “မိန်းမလိုဝတ်မှ အဲလို ဖြစ်တာမဟုတ်ပါဘူးကွာ၊ ယောက်ျားလိုပေမယ့် တစ်ယောက်နဲ့ တစ်ယောက် မချစ်ရဘူးလား၊ စိတ်ထဲမှာတော့ လိင်တူချင်းသာယာတဲ့စိတ်လေးတွေကိုယ်စီ ရှိနေ ပေမယ့် ဖုံးကွယ်ထားကြရတဲ့ ငါတို့နှစ်ယောက်တွေ့ကြတဲ့အချိန်မှာ ပွင့်လင်းပြီး ခံစားချက်တွေ ပေါက် ထွက်ကုန်ကြတယ်၊ အခု ငါတို့ ဖြစ်လာမယ့်အခြေအနေကို အကောင်းဆုံး ဘယ်လို ရင်ဆိုင်မလဲ စဉ်း စားနေကြတယ်”
          “မင်းတို့က အပုန်း တွေပေါ့၊ ကောင်းကွာ … ငါလည်း ညံ့ပါ့၊ ကိုယ့်သူငယ်ချင်းတွေ ကို အကဲတောင် မခတ်တတ်ခဲ့ဘူး၊ ခု ငါက မင်းတို့နှစ်ယောက်ကို တွေ့ပေးခဲ့တော့ ပြဿနာအစက ငါပေါ့၊ မင်းတို့ မိဘတွေကို ဘယ်လို မျက်နှာပြရမှန်းတောင် မသိတော့ဘူး”
          မင်းမွန် မျက်နှာ အတော်လေး ပျက်လာတယ်။ ကျွန်တော်တို့ ထက်တောင် ကြောက်နေပုံ ပေါက်နေတယ်။ ကျွန်တော်တို့ မစဉ်းစားထားပေမယ့် မင်းမွန်ကို pressure ပေးတဲ့ လုပ်ရပ်လို ဖြစ်နေပြီလား တွေးလိုက်မိတယ်။ ဒီကိစ္စ သူကပဲ စတယ်လို့ တွေးနေပြီး ခုလည်း သူ့တစ်ယောက်ထဲကို ပဲ အသိပေးတာဆိုတော့ သူ့မှာ တာဝန်ရှိတယ်လို့ တွေးပြီး စိတ်ပူနေပုံရတယ်။
          “ကဲပါ .. ထားပါတော့၊ မင်းအပြစ်လည်းမဟုတ်ပါဘူး၊ ပြီးခဲ့တာတွေ ကျန်ခဲ့ပါစေ၊ ရှေ့ဆက်ဖို့ ငါတို့ ဘယ်လို လုပ်ရင်ကောင်းမလဲ အကြံပေးပါဦးကွာ”
          “ဟုတ်တယ် ကိုမင်းမွန်၊ ကျွန်တော်တို့ ကိုမင်းမွန်ကို ယုံလည်း ယုံကြည်တယ် အားလည်း ကိုးတယ်၊ ကိုမင်းမွန် အကြံဥာဏ်ပေးပါဦး”
          “မင်းတို့က ဒီလိုပဲ လူကြီးတွေမသိအောင် ဆက်နေသွားကြလို့ မဖြစ်ဘူးလား၊ လူသိရှင် ကြားကြီး လုပ်ချင်ကြတာလား၊ ခုဆို မင်းတို့နှစ်ယောက် တွဲနေပေမယ့် ညီအစ်ကိုတွေလို အရမ်းချစ်ကြ လို့ ဒီလိုနေတာလို့ အားလုံးက ထင်နေတာပဲ၊ အဲလိုပဲ ဆက်နေကြပေါ့ကွာ၊ တော်ပြီ တော်ပြီ ဒီကိစ္စ ဒီတင်ရပ်၊ ငါ မပါတော့ဘူး၊ ငါ့ကို ဆွဲမထည့်နဲ့၊ ဒီနေ့ကိစ္စတွေ ငါမကြားခဲ့ဘူးလို့ပဲ သတ်မှတ်လိုက်မယ်”
          “အာ ဒီအတိုင်းနေသွားလို့ မဖြစ်ဘူး ကိုမင်းမွန်၊ ကိုမျိုးကို သူ့အိမ်က မိန်းမပေးစားဖို့ လုပ်နေကြပြီ၊ သူမိန်းမ ရသွားရင် ကျနော် ရင်ကွဲရမှာဗျ၊ နောက်ပြီး ကျွန်တော်တို့ ဒီအတိုင်း ဆက်သွားရင် တစ်နေ့မဟုတ် တစ်နေ့တော့ သိသွားကြမှာ သေချာတယ်။ အဲဒီတော့ အဲဒီအချိန်မှ ဖြေရှင်းတာထက် စာရင် စောစောစီးစီး ၀န်ခံလိုက်တာက ပိုကောင်းမယ်လို့ ကျွန်တော်တွေးတာပဲ”
          ကောင်းစစ် လေသံတွေတောင် တုန်လာနေတယ်။ ကျွန်တော် မိန်းမယူလိုက်ရရင် ဆိုတဲ့ အတွေးက သူ့စိတ်ထဲမှာ အတော်လေး ဖိစီးနေမှာသေချာတယ်။ သူ့ကို နှစ်သိမ့်တဲ့အနေနဲ့ သူ့ပုခုံးလေးကို နောက်က သိုင်းဖက်ထားလိုက်တယ်။ သူကလည်း ကျွန်တော့်ဘက် ခေါင်းမှီလာတယ်။
မင်းမွန် မျက်နှာတစ်ချက်မဲ့သွားပြီး အရက်တစ်ခွက် ထပ်မော့တယ်။
          “လုပ်ကြကွာ .. လုပ်ကြ … ငါတော့ သေချင်တာပဲသိတယ်၊ စိတ်ညစ်လိုက်တာကွာ .. မင်းတို့ နှစ်ယောက် သူငယ်ချင်းကို အဲ့လောက်တောင်ညှဉ်းရလားကွာ … မင်းတို့ ဖြစ်နေပုံကြည့်ပြီး .. ငါ စိတ်ညစ်လိုက်တာ”
          “ကဲ ကောင်းစစ် .. သောက်ကြမယ် .. လောလောဆယ်တော့ စိတ်ညစ်စရာတွေ ခဏ ထားလိုက်၊ ဒီည မင်း ဆုရတဲ့အထိန်းအမှတ်နဲ့ အပျော်ဆုံး အကြမ်းဆုံး ကဲကြမယ်၊ စိတ်လွတ်ကိုယ်လွတ် ပဲ … ဟရောင် .. မင်းမွန် … ခုနကိစ္စ ထားလိုက်တော့ … ဒီနေ့အတွက် အဲဒီကိစ္စ ဆက်မပြောတော့ဘူး၊ နောက်မှ  ဆက်ဆွေးနွေးမယ် … ကဲ ရော့ … သောက်”
          အေးစက်အုံ့မှိုင်းနေတဲ့ ၀ိုင်းလေး အသက်ဝင်လာအောင် စကားစဖြတ်လိုက်ပြီး အရက် လိုက်ထည့်ပေးပြီး အတင်းသောက်ခိုင်းလိုက်တယ်။ ပေါ့ပေါ့ပါးပါး ပျော်စရာတွေပဲ လျှောက်ပြောနေ လိုက်တယ်။ ခုနအခြေအနေထက်စာရင်တော့ လေထုက ပေါ့ပါးပြီး ရယ်သံလေးတွေ ဆူညံလာတယ်။
ကြိုတွေးထားသလို ပျော်စရာ သိပ်ကောင်းတဲ့ အရက်ဝိုင်းလေးတော့ မဟုတ်ခဲ့ဘူးပေါ့။
 
(၅)
အရက်ဝိုင်းလေးက သောက်ရင်းနဲ့ ညဥ့်နက်လာတယ်။ မင်းမွန်က တွိုင်းလက် ခဏ၀င်ဖို့ ထထွက်သွားတယ်။ တော်တော်နဲ့ပြန်ရောက်မလာဘူး။ ကောင်းစစ်ကတော့ ကျွန်တော့်ပုခုံးပေါ်မှာ ခေါင်းမှီရင်း အိပ်တောင် ပျော်နေပြီ။ ခဏနေလို့ မင်းမွန် ပြန်လာရင် ငွေရှင်းပြီး ပြန်ကြတော့မယ်။ ကောင်းစစ်ကိုနှိုးရမယ်။ အဲဒီအချိန်မှာပဲ ဖုန်းက အသံမြည်လာတယ်။
“ဟယ်လို … မေမေလား .. ပြောလေ .. ”
          “သား ကိုမျိုး၊ မင်း ဘယ်မှာလဲ၊ မင်းအဖေ မင်းကို လိုက်ရှာနေတယ်၊ မင်းတို့ဘာတွေ လျှောက် လုပ်နေတာလဲ၊ ခုနက ကောင်းစစ်အဖေဆီက ဖုန်းလာတယ်၊ မင်းနာမည်ကိုလည်း ပြောသံကြားတယ်၊ ဖုန်းပြောပြီးတော့ မင်းအဖေ ဒေါသတွေ ထွက်နေတယ်၊ မေမေမေးတာကိုလည်း ဘာမှပြန်မပြောဘူး၊ ခွေးကောင် ငါသတ်မယ်လို့ ကြိမ်းနေတယ်၊ ခု ကောင်းစစ် မိဘတွေနဲ့ အပြင်ထွက်သွားတယ်၊ မေမေ စိတ်ပူလိုက်တာ၊ သားတို့ ဘာတွေဖြစ်လို့လဲ၊ မူးယစ်ဆေးတွေသုံးနေကြတာလား”
          “ဗျာ …. မဟုတ်ဘူး မေမေ … အာ .. ဒုက္ခပါပဲ”
          “သား … သား .. ဘာဖြစ်လို့လဲ .. မေမေ့ကိုပြော … ဟဲ့ သား …. သား”
          မေမေ့ကို ဘာမှ ပြန်ပြောမနေအားတော့ဘဲ ကောင်းစစ်ကို နှိုးတယ်။
          “ကောင်းစစ် .. ကောင်းစစ် … ထထ … မင်းမွန် ပြဿနာရှာပြီထင်တယ်၊ လူကြီးတွေ သိသွားပြီလား မသိဘူး …  ခု ငါတို့ကို လိုက်ရှာနေတယ်ပြောတယ် … ထ သွားမယ် …”
          “ဟုတ်လား .. ကိုမင်းမွန်က ခုဘယ်မှာလဲ”
          “တွိုင်းလက်ခဏ၀င်မယ်ဆိုပြီး ထွက်သွားတာပဲ .. ခုထိ ပြန်မလာသေးဘူး”
          “ဟား ဒုက္ခပါပဲ .. ကျနော်ပိုက်ဆံ သွားရှင်းလိုက်မယ်၊ ကိုမျိုး ကိုမင်းမွန်ကို လိုက်ရှာ … အာ … ပြဿနာတော့ အချိန်မတိုင်ဘဲ ကြီးပြီ ထင်တယ်ကိုရေ”
          ကျွန်တော် တွိုင်းလက်ခန်းတွေထဲ ၀င်ကြည့်တယ်။ မင်းမွန် မရှိနေဘူး။ ဒါဆို ကျွန်တော်တို့ ကိစ္စကို မိဘတွေကို သွားအသိပေးလိုက်ပြီထင်တယ်။ ဆိုင်ရှေ့ထွက်လာတော့ မင်းမွန်ရဲ့ကား ရှိမနေတော့ဘူး။ အဲဒီအချိန်မှာပဲ ကောင်းစစ်တို့ အိမ်က ကားအဖြူလေး ဆိုင်ထဲကို ကွေ့ဝင်လာတယ်။ ကျွန်တော့်အင်္ကျီကို ရုတ်တရက် နောက်က ဆောင့်ဆွဲတာ ခံလိုက်ရတယ်။
          “ကိုမျိုး … အိမ်ကလိုက်လာပြီ .. ဒီဘက်ကိုလာ .. ဒီဘက်မှာ ဆိုင်ကယ်ရပ်ထားတယ် … အမြန် ပြေးကြမယ် … လူကြီးတွေက ကျနော်တို့ကို ခွဲကြဖို့ များတယ် … နောင်ခါလာ နောင်ခါဈေးပဲ .. လောလောဆယ်တော့ လွတ်အောင် ပြေးကြမယ်”
          ကောင်းစစ် ဆိုင်ကယ်က ဆိုင်ဘေးမှာ ရပ်ထားတယ်။ ကျွန်တော့်ကို ဟဲလ်မက် ထိုးပေးပြီး ဆောင်းထားဖို့ ပြောတယ်။ ကောင်းစစ် အတော်လေး ပြာယာခတ်နေတယ်။ ကျွန်တော်ကတော့ ဘာလုပ် ရမှန်းမသိဘဲ ကြောင်နေမိတယ်။ နှစ်ယောက်လုံး ဆိုင်ကယ်ပေါ် တက်ပြီးတော့ မောင်းထွက်ပြေးလာခဲ့တယ်။ ကောင်းစစ် မိဘတွေနဲ့ ကျွန်တော့်အဖေ ကားလေးပေါ်က ဆင်းလာတာ တွေ့လိုက်ရတယ်။ သူတို့ ဘေးက ဆိုင်ကယ်နဲ့ မောင်းထွက်လာခဲ့တယ်။  ရုတ်တရက်မို့ သူတို့ ကြောင်နေပေမယ့် သူတို့ဘေးက ဖြတ်သွားပြီးချိန်မှာတော့ နောက်က အော်သံကြားလိုက်ရတယ်။
          “ခွေးကောင်တွေ .. မပြေးနဲ့ ရပ်စမ်း … ”
          ဘယ်သူ့အသံပဲဖြစ်ဖြစ် နောက်မှာချန်ထားခဲ့ပြီ။ ဆိုင်ကယ်လေးက မြို့ပြင်ဆီ ဦးတည်ပြီး အရှိန် ပြင်းပြင်းနဲ့ မောင်းထွက်လာခဲ့တယ်။
          “တောက် .. ကိုမင်းမွန် လုပ်ရက်တယ်ဗျာ၊ သူ့ကိုယုံလို့ တိုင်ပင်ကာမှပဲ၊ ပြောတော့ ပြောမှာပေါ့ ဗျာ ခုဟာက အချိန် မတိုင်သေးဘူး”
          ကောင်းစစ်က လေတိုးသံ တဝေါဝေါကို ဖောက်ထွင်းအောင် အော်ပြောနေတယ်။ ကျွန်တော် ပြောစရာစကားမရှိပါ။ လောလောဆယ် တစ်နေရာရာမှာခိုနေပြီး ခေါင်းအေးအေးထား စဉ်းစားဖို့ လိုနေပြီ။ သေချာ ပြင်ဆင်ပြီးမှ ရင်ဆိုင်စရာရှိတာတွေ ပြန်လာရင်ဆိုင်မယ်လို့ တွေးနေမိတယ်။
          ရုတ်တရက် ဘောင်းဘီအိတ်ထဲက ဖုန်း တုန်လာတယ်။ ဘယ်သူ့ဖုန်းလဲ ဘာတွေလဲ မစဉ်းစား ချင်တော့ဘူး။ ဖုန်းမကိုင်ဘဲ နေလိုက်တယ်။ မြို့တွင်းပိုင်းကနေပြီး လူရှင်းတဲ့ ရက်ကွက်လမ်းတွေကို ရောက်လာတယ်။ မိုးစက်လေးတချို့ ကျလာပြီး မျက်နှာကို ထိတာ ခံစားရတယ်။
          “ကိုမျိုး ဟဲလ်မက်ကို မှန်ချထား .. မိုးတွေရွာလာတယ် .. ဆိုင်ကယ်အရှိန်နဲ့ဆိုတော့ မိုးပေါက် မျက်နှာကို မှန်ရင် နာတယ်”
          ကောင်းစစ်က အော်ပြောတယ်။  ကျွန်တော့်ကိုသာ အော်နေတာ သူကတော့ ခေါင်းဗလာနဲ့။ ကျွန်တော့်ဦးထုပ်ချွတ်လိုက်ပြီး သူ့ခေါင်းကို ဆောင်းပေးမလို့လုပ်တယ်။ လက်မခံဘူး။ ခေါင်းကို ခါ ပစ်တယ်။ ဆိုင်ကယ်မှောက်မှာစိုးလို့ ဆက်ဆောင်းမပေးတော့ဘူး။
          “ကိုမျိုး၊ နောက်က မီးရောင်ကို ကြည့်ကြည့်ပေးစမ်းပါ၊ ကျွန်တော်လှည့်ကြည့်လို့မရဘူး၊ အိမ်က ကားမီးရောင်လို့ ထင်တယ်”
          ကောင်းစစ်ပြောလို့ လှည့်ကြည့်လိုက်တော့ အဖြူရောင် ကားတစ်စီးကို ခပ်ရေးရေး တွေ့နေရတယ်။ နေ့ဘက်ဆို ကောင်းစစ်တို့ အိမ်ကကား ဟုတ် မဟုတ် ပြောနိုင်တဲ့ အကွာအဝေး ပေမယ့် ညဘက်ဆိုတော့ မပြောနိုင်ဘူး။
          “မသိဘူး ကောင်းစစ်၊ ဟုတ်တော့ ဟုတ်မယ်ထင်တာပဲ၊ ဘယ်လိုလုပ် မီလာတာလဲ၊ မြန်လိုက်တာ”
          “ရတယ် … ကျွန်တော်တို့ လွတ်တယ်၊ စိတ်မပူနဲ့၊ ညဈေးတန်းထဲကို ၀င်မယ်၊ ကျနော့်ခါးကို သေချာဖက်ထား၊ ဦးထုပ်ပြန်ဆောင်းထားလေ၊ လက်ထဲမှာ ဘာလို့ ကိုင်ထားတာလဲ”
          “ကောင်းစစ် .. ဆောင်းထားလေ … ကိုယ် ဆောင်းပေးမယ်”
          “မလိုဘူး .. အဲဒါကြီးက ရှုပ်တယ်၊ မောင်းရတာ အဆင်မပြေဘူး၊ ကိုမျိုးသာ ဆောင်းထား”
          ဆိုင်ကယ်ကို ညဈေးထဲ ခေါင်းတည်လိုက်တယ်။ ဆိုင်ကယ်ဟွန်းကို ဆက်တိုက်နှိပ်ထားပြီး အရှိန်နဲ့ ညဈေးထဲ ၀င်သွားတယ်။ လူတွေ အမြန်ရှောင်ကြတယ်။ ဆိုင်ကယ်တွေ တိုက်မလို၊ ကားတွေ ငြိမလိုနဲ့ ကွေ့ပတ်မောင်းလာခဲ့တယ်။ ကျွန်တော် အရမ်းကို လန့်နေမိတာပဲ သိတော့တယ်။
          “ကောင်းစစ် … လျှော့ … အရှိန်လျှော့ … ကိုယ် တို့ကို မိသွားလည်း ဖြေရှင်းလို့ရတယ်၊ လူကြီးတွေ သဘောပေါက်လာအောင် ပြောကြမယ် … ကောင်းစစ် … ကောင်းစစ် … အရှိန်လျှော့ပါ …”
          ကျွန်တော် အော်ပြောနေတယ်။ ကောင်းစစ်က တကယ်ပဲမကြားတာလား၊ မကြားချင်ယောင် ဆောင်နေတာလားမသိ၊ ဘာမှ ပြန်မပြောဘဲ ဆက်မောင်းနေတယ်။ ခဏနေတော့ လူတွေ ရှုပ်တဲ့ ညဈေးကို ကျော်လာခဲ့တယ်။ နောက်ကလိုက်လာတဲ့ ကားလေးလည်း ပြတ်ကျန်ခဲ့ပြီ။ မြို့ပြင်ကို ရောက်လာတယ်။
          “ကိုမျိုး မိုးက တဖြည်းဖြည်း သည်းလာပြီ၊ ဦးထုပ်ကို သေချာဆောင်းထားလား၊ မေးသိုင်းကြိုးတပ်ထားနော်၊”
          “ကောင်းစစ် .. ဆိုင်ကယ်ရပ်ပါ … ကားမမီတော့ပါဘူး … ဦးထုပ်ဆောင်း …  ရော့”
          “ကိုမျိုး ဆောင်းထား … ရတယ် .. ဟိုဘက်မြို့ရောက်မှ စိတ်ချရမှာ … ကိုမျိုး မကြောက်ပါနဲ့၊ ကျွန်တော် ဆိုင်ကယ်စီးကျွမ်းပါတယ်၊ ကိုမျိုးဘာမှမဖြစ်စေရဘူး ကတိပေးတယ်၊ ကျွန်တော့်ကိုယုံပါ”
          “ကောင်းစစ် .. ကိုမျိုးကိုလည်းယုံပါ၊ ကိုယ် ပြေလည်အောင်ရှင်းပေးမယ်၊ ဆိုင်ကယ် ရပ်ပါ၊ လူကြီးတွေကို ရင်ဆိုင်လိုက်ကြရအောင်”
          “ကိုမျိုးကို ယုံတယ်၊ ဒါပေမယ့် ကံကြမ္မာကို မယုံဘူး၊ ကိုမျိုးနဲ့ ဝေးလို့မဖြစ်ဘူး၊ ကျွန်တော်တို့ လွတ်အောင်ပြေးမယ်၊ ကိုမျိုးနဲ့ ကျနော့်ကို ခွဲကြမှာဗျ”
          “မိုး အရမ်းသည်းလာပြီ … အန္တရာယ်များတယ် .. အရှိန်လျှော့ပါ”
          “ရတယ် … လမ်းတစ်ဝက်မှ အမိမခံနိုင်ဘူး .. ရောက်ကာနီးပါပြီ”
          မိုးသံ လေသံနဲ့ စကားပြောရတာ အတော်လေး အော်နေရတယ်။ ထူထဲတဲ့ မိုးစက် ကန့်လန့်ကာကြီးကို ကျွန်တော်တို့နှစ်ယောက် ဆိုင်ကယ်လေးနဲ့ထိုးခွဲနေတယ်။ လေကလည်း ရက်ရက် စက်စက် အေးမြပြီး ပြင်းထန်နေတယ်။ အဝေးပြေးလမ်းမကြီးပေါ်က မိုးနဲ့ လေကြမ်းကြားမှာ မိဘအသိုင်းအ၀ိုင်းတွေကို ဆန့်ကျင်ထွက်လာတဲ့ ကျွန်တော်တို့ စုံတွဲကို ညှာတာသော အားဖြင့် ဆုံဆည်းခွင့် ပေးပါလို့ ကံတရားကို ဆုတောင်း တိုင်တည်နေမိတယ်။
          “ကိုမျိုး …………………”
          ကောင်းစစ် တစ်ချက်အော်လိုက်သံနဲ့အတူ မိုးရေထဲက ဘွားခနဲ တွေ့လိုက်ရတဲ့ ရပ်ထားတဲ့ ကုန်တင်ကားကြီးတစ်စီး။ ကားကို ပတ်ရှောင်လိုက်တဲ့အချိန် ဆိုင်ကယ်က မိုးရေနဲ့ ယိုင်ထွက်ပြီး အရှိန်နဲ့ လွင့်စဉ်ထွက်သွားတယ်။ နားထဲမှာ ဆူဝေသွားပြီး လေထဲမြောက်တက်သွားတာကို ခံစားလိုက်ရတယ်။
          ဘယ်လောက်အချိန်ထိ ငြိမ်သက်နေမိလည်းမသိဘူး။ ပတ်ဝန်းကျင်တစ်ခုလုံး မှောင်မည်းနေ တယ်။ ခေါင်းက ဟဲလ်မက်ကို ချွတ်ပြီး လမ်းပေါ်လွှင့်ပစ်လိုက်တယ်။ ကောင်းစစ် ဘယ်မှာလဲ။ ကောင်းစစ် … ။ ပုခုံးတစ်ဘက်က အရမ်းနာနေတယ်။ ခြေထောက်လည်း ထောက်လိုက်တိုင်း စူးခနဲ စူးခနဲ နာနေတယ်။ ကျွန်တော် ကောင်းစစ်နာမည်ကို ခေါ်ရင်း ရှာနေမိတယ်။
          တွေ့ပြီ။ ကောင်းစစ် လမ်းပေါ်မှာ လဲကျနေတယ်။ ပြေးပြီးပွေ့ထူလိုက်တယ်။ မိုးရေတွေကြားမှာ ကောင်းစစ် ခေါင်းက သွေးတွေ စီးကျနေတယ်။ ကောင်းစစ် … ကောင်းစစ် လို့ တတွတ်တွတ် အော်နေမိတယ်။ ကောင်းစစ် မျက်လုံး ပွင့်လာတယ်။
          “ကိုမျိုး … ကိုမျိုး … ဘာဖြစ်သေးလဲ … ”
          ကောင်းစစ် ထထိုင်တယ် ။သွေးတွေက လမ်းပေါ်မှာ အိုင်နေတယ်။ ကျွန်တော့် ခြေထောက်မှာလည်း သွေးတွေ ထွက်နေတယ်။ ကောင်းစစ် က ကျနော့်ကိုမေးရင်း မတ်တပ်ရပ်ဖို့ ကြိုးစားတယ်။ ဒါပေမယ့် ပြန်လဲသွားတယ်။
          “အား .. ကျနော်ထလို့မရဘူး .. ကိုမျိုး .. ဘာဖြစ်သေးလဲ .. ဆေးရုံသွားမှဖြစ်မယ်”
          “ကောင်းစစ် .. ဘာမှမဖြစ်ဘူး .. ကောင်းစစ်”
          “ကိုမျိုး .. ဘာမှမဖြစ်ဘူးနော် … ကျနော့် … ခေါင်းထဲက … အား …”
          ကောင်းစစ် တစ်ချက်အော်လိုက်ပြီး မျက်နှာရှုံ့မဲ့သွားတယ်။ လက်တွေတုန်ရင်လာတယ်။ သူ့ကို ကျနော့်ရင်ဘတ်ထဲ ပွေ့ထားလိုက်တယ်။
          “ကိုမျိုး .. ကျနော် တစ်ခုခုဖြစ်သွားတယ် … ဘာဖြစ်တာလဲ”
          သူက ပြန်မေးနေတယ်။ ကျွန်တော်လည်း သူ့ကိုပွေ့ထားရင်း ဘာလုပ်ရမှန်းမသိ ဖြစ်နေတယ်။
          “ဘာမှမဖြစ်ဘူး …. ကောင်းစစ် … ဘာမှမဖြစ်ဘူး… ဆေးရုံသွားကြမယ် ဆေးရုံကို”
          “လက် .. လက် … ”
          “ဘာဖြစ်လို့လဲ ကောင်းစစ်”
          “လက်ပေး ….လက် …”
          ကောင်းစစ် ကျွန်တော့်လက်ကို လိုက်စမ်းနေတယ်။ သူ့ကို လက်ပေးလိုက်တော့ ကျွန်တော့်လက်ကို ခပ်တင်းတင်း ဆုပ်ကိုင်ထားတယ်။
          “ချစ်တယ်နော် … ကို .. ”
          “အင်း ချစ်ပါတယ် ကောင်းစစ်ရယ် .. ချစ်ပါတယ် … ခု ဘယ်လိုနေလဲ … ဖုန်း … ဖုန်း .. ဖုန်းဆက်ရမယ် .. ခဏ”
          “မရ … ”
          “ကောင်းစစ် .. စိတ်ထိန်းလေ .. ကောင်းစစ် ..”
          “၀မ်းသာ … ကောင်း … ”
          “ကောင်းစစ် …. ကောင်းစစ် ………”
          “ချစ်တယ် ….”
          ချစ်တယ်ဆိုတဲ့စကားအဆုံးမှာ ဆုပ်ကိုင်ထားတဲ့ လက်တွေပြေလျော့သွားတယ်။ မိုးရေထဲမှာ သွေးအိုင်ထဲက ချစ်သူကို ပွေ့ထားရင်း အရူးတစ်ယောက်လို အော်ခေါ်နေတဲ့ ကျွန်တော့်ကို ဂုဏ်တွေ အရှက်တရားတွေ အသက်လောက်တန်ဖိုးထားတဲ့ နှစ်ဘက်မိဘတွေ ရှာတွေ့သွားကြတယ်။ မိုးရေတွေရယ် လေကြမ်းတွေရယ် မှတ်သားပေးထားကြပါနော် … ကျွန်တော်တို့နှစ်ယောက်ဟာ သဘာဝကို ဆန့်ကျင်တယ်လို့ စွပ်စွဲပြီး ခွဲခွာဖို့ ကြိုးစားကြတဲ့ မိဘတွေကို တော်လှန်ခဲ့ပြီ၊ ဒါပေမယ့် ကျရှုံးခဲ့တဲ့ တိုက်ပွဲတစ်ပွဲပါပဲ၊ နောက်ထပ် ကမ္ဘာပေါ်က ဘယ်လို လိင်တူချစ်သူမဆို ဒီလိုတိုက်ပွဲမျိုး မကြုံပါရစေနဲ့၊ ကြုံရင်လည်း မရှုံးကြရပါစေနဲ့လို့ ချစ်သူသွေးတွေ ရင်ဘတ်မှာ တင်ရင်း အသက်နဲ့ ရင်းထပ်တဲ့ ဆုတောင်းမှု ပြုလိုက်ပါတယ်ဗျာ …. ။
 
(၆)
          လေးနှစ်ပြည့်ခဲ့ပြီ။ ခပ်ဖွဲဖွဲ မိုးရေတွေကြားက အုတ်ဂူလေးပေါ်မှာ ဘာမှ မရှိ ပကတိ ရှင်းလင်း နေတယ်။ ပန်းတွေ တင်တာ သူကြိုက်မှာမဟုတ်ဘူးလေ။ ရေညှိတွေ မြက်ပင်တွေကို တိုက်ချွတ်ရှင်းလင်းပြီး ကျွန်တော် ဒီအုတ်ဂူလေးဘေးမှာ နှစ်တိုင်း ဒီလိုအချိန်တိုင်းမှာ ထိုင်နေမိတယ်။
ကျွန်တော့်လိုပဲ ဒီအုတ်ဂူလေးဆီကို လာတဲ့လူတစ်ယောက်ရှိတယ်။ မင်းမွန်။ ဒါပေမယ့် ကျွန်တော်တို့ မြင်ကွင်းရှိတဲ့နေရာကိုတော့ ထွက်မလာခဲ့ပါဘူး။ အကွယ် တစ်နေရာကနေ ကျွန်တော်နဲ့ အုတ်ဂူလေးကို စောင့်ကြည့်နေတတ်တယ်။ ကျွန်တော်သိနေပေမယ့် မသိသလိုပဲ နေနေခဲ့ပါတယ်။
          “ကောင်းစစ် … ကိုယ့်ကို ထားခဲ့တာ လေးနှစ်ရှိခဲ့ပြီနော် … ကိုယ်တို့ စိတ်ကူးခဲ့တဲ့ ကမ္ဘာလေးထဲမှာ ခုအချိန်ဆို ပျော်နေသင့်တာ၊ ဒါပေမယ့် လိင်တူချစ်တာ ကို လက်ခံအသိအမှတ်ပြုဖို့ ကို ရောဂါဆိုးတစ်ခုလို ရွံရှာနေတဲ့ ပတ်ဝန်းကျင်မှာ ကိုယ်တို့ရဲ့ ကမ္ဘာလေး စတေးခဲ့ရပြီ၊ ကိုယ်တို့အ ကြောင်းကို လူတွေပြောနေကြတယ်၊ ဒါပေမယ့် ကိုယ်တို့ထင်ထားသလို ကဲ့ရဲ့စကားတွေတော့ မဟုတ်ဘူး၊ သြော် ချစ်ရက်လိုက်ကြတာ၊ သနားဖို့ ကောင်းလိုက်ကြတာ တဲ့။ တကယ်လို့သာ ကောင်းစစ် အသက် မစတေးခဲ့ဘူးဆိုရင် သူတို့ အဲဒီစကားတွေ ပြောကြမှာလား … ။ လူတွေကို အရမ်း မုန်းနေမိတယ် ကောင်းစစ်ရယ်။ တို့ စုံတွဲကိစ္စ ဖြစ်ပြီးတဲ့နောက်မှာ တို့မြို့လေးမှာ Homo စုံတွဲ တွေ ထပ်ပေါ်လာကြတယ်။ တို့ဖြစ်ရပ်ကြောင့် လူကြီးတွေကို ပြောရဲလာကြတယ်။ လူကြီးတွေကလည်း တို့လို ထပ်ဖြစ်မှာစိုးရိမ်လို့ လား၊ Homo တွေဆုံဆည်းခွင့်အတွက် တို့ ပေးဆပ်ခဲ့ရတဲ့ တန်ဖိုးကို နားလည်ကြလို့လားမသိဘူး၊ အရင်လို သိပ်ပြီး ခါးခါးသီးသီး မဟုတ်ကြတော့ဘူး ကောင်းစစ်။ မင်း တမလွန်ကနေ ဒီသတင်းတွေအတွက် ကျေနပ်နေမှာ ကိုယ်သိပါတယ်။ ကိုယ် မင်းနဲ့ ညနေထိ နေပေးမယ်။ မင်းကို ချစ်တဲ့အကြောင်းတွေ တစ်နေကုန် ပြောနေချင်တယ်။ ကောင်းစစ် … မင်းကို ချစ်တယ် … ဘယ်လောက်ထိတောင်လဲဆို ………………..
……………………………………………………………………………………………………………………………………………………………………………………………………………………………………………………….
ညနေ နေခြည်က မိုးရွာပြီးကာစကောင်းကင်မှာ သက်တံကြီးတစ်ခု ဖန်တီးပေးထားတယ်။ သက်တံမှာ ရောင်စဉ်ခုနှစ်မျိုးပါတယ်တဲ့။ ကျွန်တော် အိမ်ပြန်ဖို့ အချိန်ကျပြီပဲ။ သက်တံကြီးက ကျွန်တော်တို့ရဲ့ အချစ်ဇာတ်လမ်းလေးကို မှတ်တမ်းတင် ဂုဏ်ပြုပေးတာပဲ။ ကမ္ဘာ့ ကောင်းကင်မှာ သက်တံကြီး ပေါ်လာတိုင်း ကမ္ဘာပေါ်က လိင်တူချစ်သူအားလုံး လွတ်လပ်စွာ ဆက်ဆံနိုင်ခွင့် ပတ်ဝန်းကျင်မှာ တန်းတူဆက်ဆံခံရခွင့်တွေ ရှိဖို့ သင်္ကေတ တစ်ခု ဖြစ်နေပါစေလို့ ဆုတောင်းရင်း ကျွန်တော့် ဘေးက ချထားတဲ့ သတ္တုချိုင်းထောက်လေးကို ယူပြီး မတ်တပ်ရပ်လိုက်တယ်။ ရွှီ ခနဲ လေချွန်လိုက်တော့ ကျွန်တော့် ခွေးလေး အနားပြေးလာတယ်။
          “ကဲ ပြန်ရအောင် .. မှောင်လာပြီ”
 ညနေစောင်း နေညိုချိန်သင်္ချိုင်းတစ်နေရာမှာ ခွေးလေးတစ်ကောင်ရယ်၊ ချိုင်းထောက်နဲ့ လူတစ်ယောက်ရယ်၊ နောက်ပြီးတော့ စတေးခံ နှလုံးသားနှစ်ခုရယ် …. ရှိနေတယ်။
 
လူသားတိုင်း တန်းတူညီမျှပြီး လွတ်လပ်ခြင်းအခွင့်အရေးအောက်မှာ ဆုံဆည်းနိုင်ကြပါစေ။
24.11.2013 - 9:45pm
Written by Phoe Thar Lay