Wednesday, July 22, 2009

No Regret Part IV

မင်းလေးမရှိတဲ့ အချိန်တိုင်းဟာ
မင်းလေးမရှိတဲ့ နေရာတိုင်းဟာ
ရှင်သန်ရန်မလွယ်ကူ
အားလုံးမှားယွင်းနေ


နံရမှာမှီရင်းထိုင်နေတဲ့ကျွန်တော့်ပေါင်ပေါ်သူခေါင်းကလေးအုံးထားတော့ရင်ထဲမှာ ဘာကိုကျေနပ်နေသလည်းမသိ။ အရာရာဟာပြည့်စုံနေသလိုပါပဲ။ သူ့ပါးပြင်လေးကို ငြင်ငြင်သာသာကိုင်တွယ်ပြီး စကားတွေတဖွဖွပြောဖြစ်ပြန်တယ်။ အိုး....ခပ်တည်တည်နေဖြစ်ခဲ့တဲ့ကျွန်တော် အပြုံးတွေဝေရင်း ပျော်ရွှင်မှုတွေမဖုံးနိုင်မဖိနိုင်ပါ။ သူ့နား အနားကပ်ပြီး စကားတွတ်ထိုးလိုက် အနမ်းဖွဖွပါးပြင်ကိုခြွေလိုက်နဲ့ပေါ့။

"နက်ဖြန်ငါ ရုံးမသွားတော့ဘူး။"
"ဟုတ်"
"ချစ်တယ်နော်"
"ဟုတ်"
"မခွဲဘူးနော်"
"ဟုတ်ကဲ့ပါဗျ"

သူ့မျက်ဝန်းတွေကလည်း ကြည်နူးမှုနဲ့အတူ အရည်တွေလဲ့နေတာပါပဲ။

ကျွန်တော် ကိုကြီးနဲ့မခွဲပါရစေနဲ့။ကျွန်တော့်ကိုဖက်ထားပေးပါ။ အနမ်းလေးတွေခြွေပါ။ တစ်ယောက်တည်း မထားခဲ့ပါနဲ့နော်။

'သီဟရေ မင်းတော့မသိဘူး ငါတော့ ကိုကြီးနဲ့အတူ မြို့ကိုတစ်ပတ်ပတ်နေပေါ့။ ရင်တွေလည်းအဆက်မပြတ်ခုန်နေတာကွ။ ဟိ...ကိုကြီးကိုဖက်တော့ ခါးလေးကိုကိုင်လိုက်တာ ယားတတ်မှန်းခုမှသိတယ်။ '

ရှည်လျားလွန်းတဲ့အနက်ရောင်လမ်းမကြီးပေါ်မှာ သွားနေတဲ့ ကားလေးအပေါ် ကြည်နူးမှုအပြည့်နဲ့လိုက်ပါသွားနေတဲ့ ကျွန်တော်တို့နှစ်ယောက်ကို မြင်နိုင်ပါတယ်။ စတီယာရင်ကိုင်ထားရင် ကျန်တဲ့လက်တစ်ဖက်က ကျွန်တော့်လက်တွေ ကိုဆုပ်ကိုင်ထားတဲ့သူ့မျက်နှာကပြုံးနေတာပါ။

လမ်းသွယ်လေးတွေအနှံ့မှာလည်း လက်ချင်းတွဲလို့လျှောက်လှမ်းကြသလို ဟိုးကျယ်ပြန့်လှတဲ့ ကောင်းကင်စက်ဝိုင်းကြီး ကိုတဆုံးမြင်ရတဲ့ ကမ်းခြေအရောက်လည်း နေလုံးနဲ့အတူ ညနေဆည်းဆာကိုကြည့်လို့မဆုံးပါဘူး။

ဖြူလွလွကမ်းခြေမှာအတူထိုင်ရင်း၊
တက်လိုက်ကျလိုက်ဖြစ်နေတဲ့လှိုင်းလုံးလေးတွေဟာ ကမ်းခြေကိုရိုက်ခတ်နေတာတဖျပ်ဖျပ်၊
ဟိုးအမြင့်ကောင်းကင်ကြီးကို မော်ကြည့်မိတော့လည်း ၊
ညနေခင်းနေရောင်နဲ့အတူ ထွက်ပြူစ ကြယ်လေးတွေဟာ အခုမှဘာကြောင့်များပိုပြီးတောက်ပနေပါလိမ့်။
ကောင်းကင်ကြီးက ကြည်လင်နေလို့တော့မဖြစ်နိုင်ဘူး။ အချစ်က အချစ်က အနားမှာရှိလို့များ.....။
ကိုကြီး......ကိုကြီးရဲ့ပုခုန်းတစ်ဖက်ဟာ ကျွန်တော့်အတွက် ကမ္ဘာ ကမ္ဘာပါဗျာ။

x x x

လေကလေးတချွန်ချွန်နဲ့ ညမွှေးပန်းရှိရာကို လှမ်းလာဖြစ်ပါတယ်။ နှစ်ရှည်ကြာအလုပ်လုပ်ဖြစ်ခဲ့တဲ့ အလုပ်လေးကိုရောက်ခါနီးတော့ ရင်ထဲတစ်ခုခုခံစားရသလိုပါပဲ။ ဆုံးရှုံးမှုတစ်ခုလိုများလား ၀မ်းသာမှုလား မပြောပြတတ်တော့ပါဘူး။
ကလပ်ထဲရောက်တော့လည်း လုပ်ဖော်ကိုင်ဖက်တွေ သူ့အလုပ်နဲ့သူ ရှုပ်နေကြလေရဲ့။ အထိန်းတော်ကြီး ....သူဟာ အစ်ကိုတစ်ယောက်လိုဖြစ်နေရဲ့။ဒါပေမဲ့ သူကတော့ သူ့ဝသီအတိုင်း ဆောင့်ဆောင့်အောင့်အောင့်ပေါ့ စကားပြောတာကိုက။

"လူတွေကဒီလိုပါပဲ အလိုရှိမှ သူတို့လိုအပ်ချက်ရှိမှ ငါတို့ဆီလာတာ။"
"တော်တော် အမြင်ကပ်ဖို့ကောင်းတဲ့ သောက်ဂေးတွေ"
"ဟား ဟား ကျွန်တော် အစ်ကို့ဆီကို လာလည်မှာပါဗျာ။ တကယ် တကယ်" သူ့ပုခုံးကို အသာဖက်ရင်း နှုတ်ဆက်စကားဆိုတော့ သူကျွန်တော့်မျက်နှာကိုစိုက်ကြည့်ရင်း ဟိုဖက်မျက်နှာလှည့်သွားလေရဲ့။
"အားလုံးအတွက် တကယ်ကျေးဇူးတင်ပါတယ်ဗျာ။ အရာရာအတွက်ကျေးဇူးပါ။"
ဘိုင့်ဘိုင်....ညမွှေးပန်းရေ။

x x x

သူအလုပ်လုပ်ရာ ရုံးခန်းကိုလိုက်သွားလိုက်တာ ခြေလှမ်းတွေက တော်တော်သွက်။ တွေ့ရတော့မယ်ဆိုတဲ့အတွေးကြောင့် ကိုယ်ချစ်ရတဲ့သူနဲ့တွေ့ရတော့မယ်ဆိုတဲ့ ရင်ခုန်နေမှုကြောင့်၊ အပြုံးလေးတွေ နွေးထွေးတဲ့ရင်ခွင်ကျယ်ကြီးထဲဝင်ရောက် ခိုလှုံနိုင်မယ်ဆိုတဲ့အတွေးတွေကြောင့် ထင်ပါရဲ့။

ခပ်ဟဟ အခန်းတံခါးလေးကလှမ်းကြည့် လိုက်တော့ အလုပ်ကိုကြိုးစားလုပ်နေတာများ နဖူးအရေပြားတောင်ရှုံ့နေလေရဲ့။ အခန်းတံခါးလေးကို တဒေါက်ဒေါက်ခေါက် လိုက်တော့ ၀မ်းသာအပြုံးတွေနဲ့အတူ လက်ကိုကမ်းလင့်ကြိုဆိုတယ်။ ဖွင့်ထားတဲ့ သူ့ရင်ခွင်ထဲ အသာအယာလှမ်းဝင်ရင်း နှုတ်ခမ်းဖူးဖူးလေးကို မော့အနမ်းမှာ သူက ကိုယ့်ဧည့်သည်ကို မနမ်းရဘူးလို့ ဖေဖေက ပြောထားပါသတဲ့....တော်တော်ဆိုးတဲ့ ကိုကြီး။

"ဒါဆို ဒီရင်ဘတ်လေးကိုနမ်းမယ်"
"ဒီနောက်ဖက်ကရော ဘယ်လိုလည်း"
"ကျွန်တော့်အတွက်ဆွဲဆောင်မှုအပြည့်ပေါ့ဗျာ"
"ဒါကိုတော့ အရစ်ကျဈေးနဲ့ပေးမယ်လို့ စိတ်ကူးထားတယ်"

ကျွန်တော့နဖူးလေးကို ကြည်ကြည်နူးနူးနဲ့ အနမ်းပေးချိန်မတော့ ကျွန်တော်ပင်ပန်းသမျှ ၊ ကျွန်တော် စိတ်ရှုပ်ခဲ့သမျှ ဟိုးအဝေးကို ရွေ့လျားပြေးထွက်သွားသလိုခံစားရပါ တယ်။ အနမ်းတစ်ခုဟာ ဒီလောက်စွမ်းသလားဆိုတာ ကျွန်တော်ဘယ်တုန်းကမှ မစဉ်းစားမိခဲ့ပါဘူး။ ကိုကြီးအနမ်းဟာ ကျွန်တော့်အတွက် အလိုအပ်ဆုံးအရာဖြစ်လာ ရပါပြီ။

ဘာရယ်ညာရယ်မဟုတ်နှစ်ဦးသားစကားတွေလျှောက်ပြော ကြည်နူးကြတာ သူလည်း အလုပ်ကြောင့်စိတ်ရှုတ်တာတွေ ပြေပျောက်သွားပုံရပါတယ် လန်းဆန်းတက်ကြွ ပြီးကြည်နူးနေလိုက်တာ ကျွန်တော်....ကျွန်တော် ချစ်လိုက်တာဗျာ။

"ဒါဆိုရင်တော့ ကျွန်တော့် ဆားဗစ်အတွက် ပိုက်ဆံတွေအများကြီးရတော့မယ်ပေါ့....ဟာ ဟ"
မင်းကော ကလပ်မှာ အလုပ်တွင်ကျယ်ဖို့မကြိုးစားတော့ဘူးလား လို့ဆိုတဲ့သူ့အမေးကို ကျွန်တော်ပြန်မဖြေဘဲ သူ့ရင်ခွင်ထဲခေါင်းမြှုပ်ရင်းငြိမ်သက်နေခဲ့မိပေါ့။ ကျွန်တော် အဲဒီအလုပ်ကို ၀ါသနာပါလို့လုပ်ခဲ့တာမှ မဟုတ်တာဘဲ ကိုကြီးရယ်။ အသက်ရှင်ဖို့ အသက်ရှင်သန်နေထိုင်ဖို့လုပ်ခဲ့တာပါဗျာ။ စိတ်ကူးနဲ့ကြည်နူးနေချိန်လေးမှာ လက်တွေ့ဆန်မပြပါနဲ့ဗျာ။

"မင်းနဲ့ ငါ ဥရောပဖက်ကို အလည်ခရီးထွက်ရအောင်။ Prague ကိုသွားစို့နော်။ ဘယ်လိုလည်း လိုက်မယ်မဟုတ်လား။"

အရည်လဲ့နေတဲ့ သူ့မျက်ဝန်းကိုမော့အကြည့်မှာ သူ့အချစ်တွေက အထင်းသားပါ။ နှစ်ဦးသားအတန်ကြာစိုက်ကြည့်နေရင်း ငြိမ်သာနေကြပေမဲ့ ရင်ဘတ်ထဲကနှလုံးသားမှာ တော့ တဆတ်ဆတ်ခုန်နေကြတာ အင်္ကျီစလေးတောင်လှုပ်နေသလားလို့။ အဖူးအသစ်ခံစားမှု အသစ်လေးပါ။

ကြယ်ရောင်လရောင်တွေ လင်းလက်နေတဲ့ကောင်းကင်ကြီးအောက်မှာ မီးပွင့်တစ်ခုသာလင်းနေတဲ့အခန်းထဲ ပျောက်ဆုံးသွားမှာစိုးသည့်အလား ဖက်တွယ်ထားကြသူနှစ်ဦးရဲ့ ပုံရိပ်ကို အဝေးကနေတောင် သတိထားမိနိုင်ပါတယ်။ ဘယ်သူ့ကိုမှမလိုအပ်တော့သလို ကျွန်တော်တို့ကိုလည်း ဘယ်သူမှ မနှောက်ယှက်စေချင်တော့ပါ။

x x x

"Stop that. Stop that, just for a moment."
"ငါတကယ်နောက်ကျတော့မှာကွာ.....Seriously Late."
"ဘာလည်းစိတ်မရှည်ချင်ဘူးပေါ့....ကလိ...ကလိ"
"ကိုကြီးက ယားတတ်တာကိုး ဟား ဟား "
"Come on...."
"တကယ်ရုံးနောက်ကျနေပြီနော် ဟား ဟား"
....
ရုတ်တရက် ကျွန်တော့်အပျော်တွေပျောက်ဆုံးသွားသလို မဟုတ်တာလုပ်နေတုန်းလူမိသွားသလိုမျိုးခံစားလိုက်မိရပါတယ်။ ဧည့်ခန်းက ဆိုဖာပေါ်မှာ လူရည်သန့်အမျိုးသမီးကြီး တစ်ယောက် ငြိမ်ငြိမ်သက်သက်ထိုင်နေရင်း ကျွန်တော်တို့ရှိရာကိုလှမ်းကြည့်နေမှန်း နှစ်ဦးသား သတိမူမိတဲ့အချိန်မှာပေါ့။ သူမရဲ့ မျက်ဝန်းတွေမှာ စတိဗ်ကိုကြည့်ပြီး ငါ့သမီးတော်လှတော်လှ ယောင်းမမြင်းစီးထွက်နေတယ်ဆိုတဲ့ အဓိပ္ပာယ်တွေ ပေါင်းစပ်ပါဝင်နေသလိုပါပဲ။

'ငါ့ကိုအပြင်ကစောင့် ဘာမှမပြောနဲ့ အပြင်ကသာစောင့်ပေးပါ'
ဟူး......ကိုကြီးရေ ကျွန်တော်တို့ဘ၀ကို ဒီလိုပဲနေရတော့မှာလား။ လူသိမခံဝံ့တဲ့ချစ်ပုံပြင်တစ်ပုဒ်ပဲဖြစ်ရတော့မလားဗျာ။

အိမ်ကိုပဲပြန်လာမိပါတယ်။ လမ်းမတစ်လျှောက်က လူတွေရဲ့ မျက်ဝန်းတွေကလည်းကျွန်တော့်ကို အပြစ်တင်နေကြပါပေါ့လား။ ကျွန်တော့် ကျွန်တော့်မှာလည်း ချစ်တတ်တဲ့စိတ်ရှိပါတယ်ဗျာ။ ချစ်ခွင့်မရှိရဘူးလား။

အိမ်ကိုရောက်တော့ တီဗီလေးဖွင့်ကြည့်ပြန်တော့ လိုင်းကမကြည်။ ခေါင်းမိုးပေါ် အသာတက်ရင်း အင်တင်နာကို ချိန်ညှိရပြန်ပေါ့။ လေတွေတသုန်သုန်တိုက်နေတဲ့ ကမ္ဘာလောက ကြီးကိုအပေါ်စီးကကြည့်နိုင်တဲ့ဒီအချိန်လေး ရွာမှာသာဆိုရင် အားရပါးရအော်ပြီး နေလောက်ပြီ စိတ်တင်းကျပ်မှုတွေပြေပျောက်သွားစေဖို့။

ညလေးရောက်တော့လည်း ဒီခံစားချက်တွေဟာ အဝေးကိုထွက်ပြေးသွားတာ မနက်ကခံစားခဲ့ရတာတွေက အလကားဖြစ်သွားပါပြီ။ ဘာကြောင့်လည်းလို့မမေးပါနဲ့ ကိုကြီးရယ် ပိုတယ်လို့ဆိုရင်ဆို ကိုကြီးရင်ခွင်ထဲ ကိုကြီးလက်မောင်းကို ခေါင်းတင်လိုက်တာနဲ့ ပန်းသမျှအဝေးရောက်သွားရတာအမှန်ပေါ့ဗျာ။

"ငါ့အမေက အဲဒီဟာ ငါဟိုမိုဆိုတာ သူသိတာကြာပါပြီ။ ငါ့မိဘတွေက ဒီကိစ္စမှာတော့ သဘောထားမကြီးနိုင်ကြဘူး။"

ဆွေးဆွေးမြေ့မြေ့ပြောနေတဲ့ သူ့မျက်ဝန်းတွေကိုစိုက်ကြည့်နေရင်း ရင်ထဲက လှိုက်ကနဲ ၀မ်းနည်းမှုအလုံးကြီးတက်လာသလို တစ်ဆို့နေတဲ့ခံစားမှုရရှိလာရတော့တာပါပဲ။ ကျွန်တော် ကျွန်တော်ဟာ ကိုယ့်ဟာကိုယ် ဟိုမိုတစ်ယောက်အဖြစ်မမြင်မိ ခဲ့ပါဘူး။

သာမန်လူတစ်ယောက်ထဲက လူသားတစ်ယောက်လို့သာခံစားနေထိုင်ခဲ့တာပါ။ ကိုကြီးကိုလည်း ဘာကြီးပဲဆိုတဲ့ အမြင်တစ်မျိုးနဲ့ ဘယ်တုန်းကမှ မမြင်ခဲ့သလို ထင်တယ်ဆိုတာတောင်မရှိခဲ့ဘူးပါ။ ချစ်ခဲ့တယ် စူးနစ်စွာ.....ချစ်သူတစ်ယောက်အဖြစ်သာ မြင်ယောင်ခံစားချစ်ခဲ့တာပါဗျာ။
"မင်းနဲ့အတူနေရချိန် အတူဆုံရချိန်မှာ ငါ့ဘ၀ပြည့်စုံသွားတဲ့ခံစားမှုမျိုး အပြည့်အ၀ခံစား....။"
သူ့ပါးစပ်ကိုအသာလှမ်းပိတ်ရင်း ဝေ့တက်လာတဲ့ မျက်ရည်တွေကို သူမမြင်နိုင်အောင် တစ်ဖက်ကိုစောင်းအိပ်လိုက်ရပါတယ်။ ချစ်သူကို အသက်သေဆုံးသည့်တိုင် ချစ်ခင်ပြီး အတူနေထိုင်လိုတဲ့စိတ်ကူးရှိသူ ကျွန်တော်ပါ။ လှိုက်တက်လာတဲ့ ခံစားမှုတွေကို မထိန်းချုပ်နိုင် တော့ပဲ ရှိုက်ကြီးတငင်ငိုဖြစ်ခဲ့ရပါပြီ။ အနည်းငယ်တုန်ခါနေတဲ့ ကျွန်တော့်ကို သူ့ရင်ခွင်ထဲဆွဲသွင်းရင်း ပါးပြင်ကိုတစ်ချက်နမ်းအပြီး သူလည်းငြိမ်သက် ကျွန်တော်လည်း ငြိမ်သက်တိတ်ဆိတ်သွားခဲ့ကြပေါ့။

x x x

တတီတီမြည်နေတဲ့ ဖုန်းသံကြောင့် အိပ်ယာပေါ်က အသာထလိုက်ပြီး ၀ရံတာကိုထွက် လာခဲ့ပါတယ်။ ဟော လှမ်းမြင်လိုက်ရပါပြီ အဖြူရောင်းကားအကောင်းစားကြီးနဲ့ သီဟကို။ ဖုန်းထဲကအသံကတော့ တက်ကြွနေတာလည်းပါ၊ ဆွေးမြေ့နေတာလည်းပါနေပါရဲ့။ ကျွန်တော့်အထင်ပဲဖြစ်မှာပါလေ။

"ငါမင်းကိုမနာလိုဘူးကွာ မင်းကားအသစ်ကြီးကိုလာကြွားတာပေါ့လေ"
"ဒီမြို့ကြီး တစ်ခုလုံးကို ပတ်မောင်းမယ်၊ မင်းနဲ့ငါ ခရီးတစ်ခုလောက် ဒီကားနဲ့ အတူသွားချင်တယ်ကွာ။"
"သူအပေါ်မှာ ဟုတ်လား၊ မင်းပျော်နေတယ်နဲ့တူတယ်။ ငါလည်းမနာလိုဘူးကွာ။ သူလိုလူက အခန်းကျဉ်းလေးမှာ မင်းနဲ့အတူလာအိပ်တယ်ဟုတ်လား။"

"ငါ့ကို ဂရုစိုက်တဲ့.........ဆိုတဲ့"စကားသံနဲ့အတူ စကားကိုဆက်မပြောတော့ဘဲသီဟ ကားထဲကိုဝင်ပြီး အပြင်းမောင်းထွက် သွားတော့တယ်။ သူငယ်ချင်းရေ မင်းလည်းပျော်ရွှင်ပါစေကွာ ငါလည်း ငါ့ချစ်သူနဲ့ပျော်ရွှင်နေတယ်ပေါ့အခုအချိန်မှာ။ နောက်တစ်ချိန်ကျရင်ကော.......

ဖြောင့်ဖြူးနေတဲ့ နိုင်လွန်ကတ္တရာလမ်းမကြီးပေါ်ကနေ မောင်းထွက်သွားတဲ့ သီဟရဲ့ကားကို ငေးကြည့်နေရင်း အချစ်ဆိုတာဘာလည်းလို့ စောကြောမိပါတယ်။ အချစ်ဆိုတာ ဘယ်သူတွေအတွက် ဘာလိုပဲ အဓိပ္ပာယ်ဖွင့်ကြပါစေ အခုချိန်မှာတော့ ကျွန်တော်လက်ခံထားတာက "ဘ၀ဆိုတာ ပန်းတစ်ပွင့်ဖြစ်ခဲ့လျှင်၊ အချစ်ဆိုတာ ၀တ်ရည်ဖြစ်သည်" လို့ပေါ့လေ။ သီဟ အတွက် ကျွန်တော်ပျားရည်မပေးနိုင်ခဲ့ပါဘူး။

တဖျပ်ဖျပ်လွင့်နေတဲ့ လိုက်ကာစကို အသာမလိုက်ရင်း အခန်းထဲကို ၀င်လာချိန်ထိ စတိဗ်မနိုးသေးပါဘူး။ အိပ်ယာပေါ်မှာကွေးကွေးလေး အိပ်နေပုံက ကလေးလေးအိပ်နေပုံနဲ့ ပင်တူပါသေးတယ်။ ဟိုဒီလူးလွန့်ရင်း သူ့နံဘေးကို လက်နဲ့စမ်းနေသေးတာ ကျွန်တော့်ကိုများရှာ သလား..။
သူ့နံဘေးကို အသာဝင်ထိုင်လိုင်ရင်း လက်ကလေးကို အသာကိုင်လိုက်တော့ ကျွန်တော့်မျက်နှာကိုမော့ကြည့်လိုက်ရင်း ပေါင်ပေါ်ကိုခေါင်းအုံးအိပ်တယ်။
ချစ်သူခင်သူနဲ့ အိပ်ယာခန်းဆောင်မှာ အတူနေရချိန်ဟာ ကျွန်တော့်အတွက်တော့ ရင်ခုန်ဖွယ်အကောင်းဆုံးပါဗျ။ ပြီးတော့ နွေးထွေး တဲ့ရင်ခွင်မှာ ခိုလှုံရချိန်ဟာလည်း ကျွန်တော့်အတွက် ကဗျာ တစ်ပုဒ်ဖြစ်တည်စွမ်းပါတယ်။ အိပ်ပျော်နေတဲ့သူ့ပါးပြင်လေးကို နမ်းရတာ ဟာလည်း တိမ်းမူးဖွယ်ကောင်းရော။

တစ်ဖက်စောင်းအိပ်နေတဲ့ သူ့နားလေးနားကပ်ပြီး ချစ်ခွန်းတုံ့တင် စကားဆိုရတာကို ကျွန်တော်အခုကြည်နူးဖြစ်ရပါပြီ။
"........................"
"ငါလည်း မင်းပျော်ရွှင်မယ့်အရာတွေကို ဖန်တီးပေးနိုင်ချင်ပါတယ်။ လုပ်ပေးချင်ပါတယ်ကွ"
"............................"
"ဟား ဟား ငါလည်း မနက်ခင်းရောက်လို့ မင်းအကြောင်းများတွေးမိရင် ငါ့ညီဘွားကထောင်ထောင်ထလာရော။"

ပျော်တယ်ဗျာ။ ဒီအချိန်လေးဟာ ကျွန်တော့်ဘ၀မှာ အကြည်နူးဆုံးအချိန်တွေထဲ အပါအ၀င်ဖြစ်တည်နေပါပြီ။ ကျွန်တော့်ကိုယ်ကို လှမ်းဖက်ရင်း နှစ်ဦးသားချစ်ကြည်နူးစွာဖြင့် လုံးထွေးဆော့ကစားကြတာဟာ နေရောင်ခြည်တွေထိုးကျနေတဲ့အခန်းငယ်ထဲ လေရူး တသုန်သုန်တိုက်ခတ်နေတဲ့ အခန်းလေးထဲ နှင်းဆီရနံ့သင်းနေတဲ့ ချောကလက်ချိုအရသာတွေ ပြည့်လှမ်းသွားစေခဲ့သော နံနက်ခင်း တစ်ခုရဲ့ အကြောင်းဖြစ်ပါသည်။

x x x

ကိုယ်လိုချင်တဲ့အချစ် ကြင်နာမှု နားလည်မှုတွေကို ရရှိပြန်တော့ ဘ၀ဆိုတဲ့ အကြောင်းအရာများက လက်တွေ့ဆန်လာကြပါသည်။ တိမ်တိုက်တွေထဲ မျောလွင့်နေလို့မရ။ မြေသားကို ခြေဖျားဖြင့် ခိုင်ခိုင်မာမာ ရပ်တည်ရပါပြီ။ ကိုယ်ဟာဘာလည်း ....။

အ၀တ်အစားတွေကို ထုံးစံအတိုင်း သပ်ရပ်ကြော့မော့စွာ ၀တ်ဆင်၍မြို့လည်က ကုမ္ပဏီရုံးခန်းရှိရာကို ခပ်သွက်သွက်လေး သွားဖြစ်ပါတယ်။ လူဆိုတာ အိပ်ရေးဝရင် စိတ်ဆန္ဒကြည်လင်နေတတ်တာတော့အမှန်။ ဒါပေမဲ့ကျွန်တော့်အတွက်တော့ ဒီလိုပုံမျိုး မဟုတ်ခဲ့ပါဘူး လတ်ဆတ်တဲ့မနက်ခင်းလေးမှာ။ အိပ်ရာက အိပ်ရင်းလမ်းထလျှောက် တတ်သူတစ်ယောက်လိုပဲ သွားနေကျ လုပ်နေကျပုံစံအတိုင်း လုပ်ကိုင်နေတဲ့ပုံစံမျိုးသာ။ ဖြစ်နိုင်ရင် အိပ်ယာခင်းတစ်ခုရဲ့ နွေးထွေးမှုကိုပြန်လည်ရယူချင်သား။

ရုံးခန်းတံခါးကို အသာလှစ်ပြီးဝင်လိုက်တာနဲ့ တစ်ပြိုင်နက် ရုံးဝန်ထမ်းတွေရဲ့ မျက်နှာက ၀မ်းပမ်းတသာနဲ့ ကျွန်တော့်ကို ကွန်ကရက် ကျူလေးရှင်းတဲ့လေ။ ဘာကြောင့်များပါလိမ့်။ ဟုတ်ကဲ့ကျေးဇူးတင်ပါတယ် ပြောနေပေမယ့် ကျွန်တော့်စိတ်ထဲမှာထူးတော့ ထူးဆန်း သားပါပဲ။

ဝန်ထမ်းတွေ အစ မန်နေဂျာအဆုံး ၀မ်းသာကြောင်းပြောရအောင် ဘာများပါလိမ့်ဆိုတဲ့ စိတ်နဲ့ ကျွန်တော့်အခန်းထဲ အ၀င်မှာတော့ မာမီရယ် ပြူတင်းတံခါးအနားမှာ ရပ်ရင်း အပြင်ကို ငေးကြည့်နေတယ်။ ဘာတွေမာမီတွေးနေသလဲ၊ မာမီ့အလိုကျဖြစ်အောင်ပုံစံသွင်းဖို့ သားအတွက်ဘာ အစီအစဉ်တွေဆွဲနေသလည်း မာမီ။

"မင်းနဲ့ မင်းကောင်လေးရဲ့ကိစ္စကို ငါစိတ်မ၀င်စားဘူး ဂရုမစိုက်ဘူး။"
"သေချာတာကတော့ မင့်ကောင်းလေးက မင်းအတွက်ကိုယ်ဝန်မဆောင်ပေးနိုင်တာအသေအချာပဲ။"
"နွေးနွေးကိုပဲလက်ထပ်ပါ။"
"မင်းဒယ်ဒီ ရုံးခန်းကိုသွားလိုက်ဦး၊ သူလည်းဒီကိစ္စကိုသိနေပြီ၊ မင်းဒယ်ဒီဆီကိုမသွားရင် လူတိုင်းကို ငါပြောလိုက်မှာနော်။"
"ငါ...အခုကျောင်းမှာ အတန်းရှိလို့သွားလိုက်ဦးမယ်။ သွားတွေ့ဖြစ်အောင်တွေ့ပါ။"

စကားလုံးတွေဟာ အသည်းအိမ်ကိုလာရောက်ထိခတ်နေကြတာ မြားအစင်းစင်းနှင့်ခွင်းနေသလိုပါပဲ။
မာမီပြောသွားတာတွေဟာ မှန်ပါတယ်ဗျာ။
ဒါပေမဲ့ကျွန်တော့်စိတ် ကျွန်တော့်ဘ၀နဲ့ စိတ်ခံစားချက်ကို ထည့်သွင်းမစဉ်းစားပေးနိုင်ဘူးလား။
ကျွန်တော့်ကို ကျွန်တော့်ကို လွတ်လပ်ခွင့်ပေးပါလားဗျာ..။

"ဒေါက်.....ဒေါက်"
"၀င်ခဲ့"
'..............'
'...............'
'................'
'....................'

လေးကန်သောခြေလှမ်းတွေနဲ့ လှမ်းနေတဲ့ ကျွန်တော့်ကိုယ်ခန္ဓာ...၊ ပျော်ရွှင်မှုစိတ်တွေ လွင့်မျောသွားတဲ့၊ မျှော်လင့်ချက်တွေ အလင်းစမဲ့ဖြစ်သွားသူတစ်ယောက် ဖြစ်တဲ့ကျွန်တော့်ကို စကားမဲ့မျက်ဝန်းအစုံနဲ့အတူ ရုံးခန်းထဲ အပြန်လမ်းတစ်လျှောက် လှမ်းနေတာကိုတွေ့မြင်နိုင်ပြီလို့ ပြောပါရစေတော့။

တစ်ဦးတည်းသော သားဖြစ်ရတာကို အခုချိန်တော့ ၀မ်းမသာတော့ဘူး....။

အချစ်စိတ်ကို ကိုယ့်ခံစားမှုအတိုင်းမျောလွင့်ခွင့်မရှိလို့ နှလုံးသားကိုသော့ခတ်ထားချင်ပြီ...။

အိမ်ထောင်တစ်ခုကို လက်ထပ်လိုက်တာနဲ့ အရာရာအောင်မြင်ပြီလို့ မာမီမျှော်လင့်ထားတာလားဗျာ။

ဟား........သွားကွာ။

" ခွမ်း....."
(to be continued)