Thursday, August 13, 2015

Homo အတူတူကို စိတ်ဝင်စားခြင်း





ကျေးဇူးပြုပြီး မေးပါရစေ။ အမေရိကမှာ လိင်တူချင်းလက်ထပ်ခွင့်ပေးလိုက်တဲ့အပေါ် အမြင်လေး share ပေးပါ။
ကနေ့ပဲ စောစောက အမျိုးသမီးလို့ထင်ရသူတယောက်ကလည်း မေးသေးတယ်။ သည်အတိုင်းလိုလိုပါပဲ။ သူ့ကိုတော့ ဖြေလိုက်တယ်။ လူမှုရေးအရ အမြင်တွေတူကြပါ။ ဘာသာရေးမှာလည်း ကွဲပြားခြားနားတယ်။

ဥပဒေပိုင်းမှာလည်း ဆန့်ကျင်ဖက်တွေများတယ်။ ဆရာဝန့်အမြင်ကတော့ ခြားနားလှမယ်မထင်ပါ။ ကျွန်တော့် ကိုယ်ပိုင်အမြင်ရေးပြီးသားကို တင်ပါမယ်။

လိင်တူအကြောင်းကို ခရေစေ့တွင်းကျ မရေးလိုပါ။ အကျိုးရှိနိုင်တာသာရေးပါမယ်။ ဒီတော့ ဒီစာတိုမှာ လိုတာတွေရှိပါမယ်။
Gay ဆိုတဲ့စကားလုံးကို အပူအပင်ကင်းသူ၊ ပျော်ပျော်နေသူ၊ ထက်မြက်သူ၊ စတဲ့အဓိပ္ပါယ်တွေနဲ့ အရင်ကသုံးခဲ့ပါတယ်။ (ဂေး) ကို လိင်တူသမားလို့သာ သုံးလာကြတာက ၂ဝ ရာစု ရောက်ခါနီးမှပါ။ လိင်တူဆိုတာတောင် (ကျား-ကျား)၊ (မ-မ) နှစ်မျိုးလုံးနဲ့ဆိုင်ပေမယ့် ၂၁ ရာစုထဲမှာ (မ) တွေအတွက် Lesbian (လက်စဘီယန်) စကားလုံးကိုပေးပြီး၊ Gay (ဂေး) ကို ယောက်ျားတွေက အပိုင်သိမ်းလာကြတယ်။ ဗန်းစကားတွေကများတယ်။

ဒါပေမယ့် ခုခေတ်မှာ အဲလိုခေါ်ဘို့မပြောနဲ့ စာထဲမှာ အဲလိုရေးရင် ကလော်တုပ်တာခံရမယ်။ သူတို့က စွာကြတာကိုး။
ပုံမှန်တွေကို Straight အဖြောင့်သမားလို့သုံးလာရတယ်။ (ဟိုမိုဆက်ကျူရယ်လတီ) လိင်တူစိတ်ဝင်စားမှုရဲ့ သဘောဟာ အလွန်မတန်ရှုတ်ထွေးတယ်။ မိသားစု၊ ပါတ်ဝန်းကျင်၊ အကျင့်စရိုက်၊ အကုန်ဆိုင်နေတယ်။

အတော်များများမှာ မသိစိတ်ကနေ ရွေးချယ်ပေးနေတယ်။ တချို့မှာ ကလေးဘဝကတည်းက မိဘတွေက လိုအပ်တာမို့ ဖြစ်ကြရတယ်။ ပြောပါရစေ မျိုးဗီဇလို့ သက်သေ မပြနိုင်သေးပါ။

Eunuch (ယူနုခ်ျ) ခေါ်တဲ့ သင်းကွပ်ယောက်ျားတွေက တမျိုးဖြစ်ပါတယ်။ မြန်မာရာဇဝင်ထက် တရုပ်နဲ့ အိန္ဒိယသမိုင်းထဲမှာ ထင်းရှားခဲ့တာတွေရှိတယ်။ သင်းကွပ်တယ်ဆိုတာ ယောက်ျားအစိကို ထုတ်ပေးထားတာ ဖြစ်ပါတယ်။ (တက်စတိုစတီရုန်း) ကျားဟော်မုန်းမထုတ်နိုင်တော့လို့ လိင်ဆိုင်ရာတွေမှာ ယောက်ျားလိုမဖြစ်တော့ပါ။ ခုခေတ်မှာတော့ အဲဒီသူတွေကို တကယ်ပဲသင်းကွပ်ထား မထားပြောမရပါ။ အိန္ဒိယမှာတော့ သူတို့ဟာ ယဉ်ကျေးမှုရဲ့ အစိတ်အပိုင်းတခု ဖြစ်တယ်။ စီးပွါးရေးလုပ်ငန်းတခုလည်း ဖြစ်ပါတယ်။

တချို့နေရာတွေမှာ ဘာမဆိုပွင့်လင်းရမယ်၊ ချုပ်တည်းမှုတွေမလိုဘူး၊ နောင်ဘဝဆိုတာ မယုံဘူး၊ အခုသာယာနေတာ၊ ချမ်းသာတာတွေကအဓိကစတဲ့ အယူအဆေတွေကြောင့် ကမ္ဘာ့တခြားနေရာတွေထက် အကောင်းလို့ပြောနိုင်တာတွေရော အဆိုးအစစ်တွေပါ လွန်ကဲနေတယ်။ အမေရိကန်စစ်မှုထမ်းဥပဒေအသစ်အရ စစ်ထဲဝင်မယ့်သူကို (ကျား) လား၊ (မ) လား၊ (ဂေး) လား၊ (လက်စဘီယန်) လား၊ မေးလဲမမေးနဲ့၊ မေးလဲဖြေစရာမလိုဘူးတဲ့။ (ကျွန်တော့်ကို ကျန်းမာရေးမေးသူတွေက အဲတာထည့်မပြောကြရင် မဖြေနိုင်ပါ။)

မျက်မှောက်ကမ္ဘာမှာ လူတိုင်းဟာ ဦးနှောက်ဆေးခံနေကြရတယ်။ ရေဒီယိုနားထောင်၊ ရုပ်ရှင်-ပြဇာတ်-တီဗွီ-ဗွီစီဒီ ကြည့်၊ ကြော်ညာတွေမြင်၊ သတင်းစာကအစ ဖြစ်စေချင်တာ၊ ဖတ်စေချင်တာတွေနဲ့ သည်းခြေကြိုက်တွေကိုသာ (၂၄ x ၇) မဖတ်ချင်၊ မကြားချင်၊ မမြင်ချင်အဆုံး။ ဒီအထဲမှာ လိင်တူစိတ်ဝင်စားမှုလည်းပါတယ်။ ၂ဝဝ၉ တုံးက မောင်မစ္စကပြိုင်ပွဲကြီး ရန်ကုန်မှာ ခမ်းနားစွာကျင်းပလို့ ဖတ်လိုက်ရတယ်။

ဒီအကြောင်းအရာကို ဦးဆုံးစက်တင်ပုံနှိပ်ခဲ့တာ ၁၈၆၉ မှာ (ကားလ်-မာရီယာ ရကာ့ဘင်နီ) ရဲ့ ဝတ္ထုဖြစ်ပေမဲ့ အမည် မဖေါ်လိုသူတဦးဆိုပြီးသာ ရေးခဲ့ရတာပါ။ လိင်တူစိတ်ဝင်စားမှုကို စိတ်ပညာအရ စလေ့လာတုံးက
စိတ်ရောဂါတမျိုးလို့ သတ်မှတ်ခဲ့တယ်။ နောက်တော့ ပြန်ပြင်လာရတယ်။ ၁၉၇ဝ ကျော်တော့ လိင်စိတ်တိမ်းညွှတ်မှု ပြောင်းလဲတတ်တဲ့ သဘာဝဖြစ်စဉ်လို့ဆိုလာကြတယ်။ အမေရိကားနဲ့ အနောက်နိုင်ငံတွေမှာ ဒီလိုဖြစ်နေသူ ၂-၁၃% ရှိတယ်။ တိုးနေအုံးမှာပါ။

သဘာဝအရ ယောက်ျားကိုယ်ရှိသူဟာ မိန်းမကိုယ်ခန္ဓာကိုယ်ရှိသူကို နှစ်သက်တယ်။ အပြန်အလှန်ပေါ့။ အမြဲမှန်တာတော့ မဟုတ်ပြန်ဘူး။ တချို့ ပြောင်းပြန်ဖြစ်နေတာတွေရှိတယ်။ လိင်တူစိတ်ဝင်စားမှုဆိုတိုင်း လိင်အင်္ဂါတွေသုံးပြီးဆက်ဆံတာ မဟုတ်ပါ။ စိတ်ကစားတာ၊ အမူအယာပြုတာ၊ အပြောအဆို၊ ဝတ်စားတာ၊ စွဲလမ်းမှုဖြစ်တာတွေလဲပါတယ်။ ခုတလော ရေဒီယိုတွေကနေ အသံကြားတာနဲ့ ဘာလည်းကို မှန်းလို့ရတယ်။

ဘာလို့ လိင်တူဖြစ်လာသလည်း။ ၁၉၄ဝ-၁၉၇ဝ လိင်တူအကြောင်းလေ့လာမှုတခုအရ -
- ၂၂% မှာ လိင်တူအတွေ့အကြုံ ငယ်စဉ်ကရှိခဲ့ခြင်း။
- ၁၆% မှာ လိင်တူအတွေ့အကြုံ ငယ်စဉ်ကသာမကရှိခဲ့ခြင်း။
- ၁၅% မှာ မိခင်နဲ့ အဆင်မပြေဖြစ်ခဲ့ခြင်း။
- ၁၅% မှာ သူများနဲ့ကွဲပြားတဲ့အခြေအနေရှိခြင်း၊ (အနုပညာဆန်ခြင်း၊ ပျက်စီးခြင်း၊ လိင်ကျန်းမာရေးအသိနည်းခြင်း)။
- ၁၄% ဖခင်နဲ့ ဆက်ဆံရေးအဆင်မပြေဖြစ်ခြင်း။
- ၁၂% အနီးအနားမှာ လိင်တူသမားရှိနေခြင်း။
- ၉% လူမှုရေးအသိုင်းအဝိုင်း အားနည်းချို့တဲ့ခြင်း။
- ၉% မွေးကတည်းကလိုဖြစ်နေခြင်း။


မူးယစ်ဆေးသုံးစွဲသူတွေထဲမှာ အတွေ့အကြုံများသူတွေကနေ လူသစ်တန်းကို မွေးကြတယ်။ အသက်အရွယ်ကြီးတဲ့ လိင်တူသမားတွေက ငယ်ရွယ်သူတွေကို အမိဖမ်းကြတယ်။ အသက်ငယ်စဉ်တုံးက လိင်တူအတွေ့အကြုံကနေ ကြီးလာတဲ့အခါ လိင်အမူအယာကို လွှမ်းမိုးစေတယ်။ လိင်တူဖြစ်လာတဲ့သဘောဟာ နဂိုကတည်းကမဟုတ်ပဲ နောက်မှ ပြောင်းလာကြတာများတယ်။ အကုန်မပြောင်းကြပါ။ ဆန်းစစ်မှုတခုမှာ ၈၈% လက်စဘီယန်တွေနဲ့ ၇၃% ဂေးတွေဟာ ငယ်စဉ်တုံးကတော့ ဆန့်ကျင်ဖက်လိင်ကိုသာ စိတ်ဝင်စားခဲ့ပါတယ်လို့ ဝန်ခံတယ်။ အခုတော့ ဟိုမိုတွေဖြစ်နေပေမယ့် ဆန့်ကျင်ဖက်လိင်ကိုလည်း စိတ်ဝင်စားတယ်လို့ လက်စဘီယန်ထဲက ၈၅% နဲ့ ဂေးထဲက ၅၄% ကဝန်ခံတယ်။

လိင်မှုလုပ်ဆောင်ချက်ကို လူမှုရေး (အထူးသဖြင့် ဘာသာရေး) ကနေအများကြီးလွှမ်းမိုးတယ်။ ဘာသာရေးကို အလေးအနက်ထားသူတွေထဲမှာ အဖြစ်နည်းတယ်။ လေ့လာမှုတခုအရ ဘယ်ဘာသာကိုမှ မကိုးကွယ်သူတွေထဲမှာ ဟိုမိုဖြစ်တာ ၄ ဆ ပိုများတာတွေ့ရတယ်။ ရိုမန်ကက်သလစ်က (ပိုနိုဂရပ်ဖီ) လိင်ဆိုင်ရာပုံတွေကို အကုသိုလ်လို့ သတ်မှတ်တယ်။ ဗုဒ္ဓဘာသာအဆိုအရ အပြစ်ဆိုတာ စိတ်၊ နုတ်နဲ့ ကိုယ် ကံသုံးပါလုံးမှာ ကျူးလွန်နိုင်တယ်။ စိတ်က အဓိကကျတယ်။ စိတ်ထဲမှာကျန်နေနေ၊ နုတ်နဲ့ ရုပ်မပါစေနဲ့၊ ကာယကံမြောက်မဖြစ်စေနဲ့။

AIDS လေ့လာမှုအရ အသားဖြူလူတွေထက် အသားမည်းသူတွေထဲမှ ဟိုမို ၂ ဆ ပိုဖြစ်တာ တွေ့ရတယ်။ လိင်နှစ်မျိုးလုံး တိမ်းညွတ်သူတွေထဲမှာ အသားမည်းက အသားဖြူသူတွေထက် ၄ ဆ ပိုဖြစ်တယ်။ အသားမည်း ကလေးတွေဟာ ဖခင်မရှိပဲမွေးတာ ၃၇%၊ အဖြူတွေမှာ ၁၇% ရှိတာနဲ့ ဆက်စပ်စဉ်းစားနိုင်တယ်။ အဲလို ကွာခြားချက်ဟာ မျိုးဗီဇလို့တော့ ယူဆလို့မရပါ။
လိင်တူဆိုတာ သင်ယူလို့တတ်လာတယ်လို့ ယူဆကြတယ်။ ဘာလို့အဲလိုဖြစ်လာသလည်း။ ၁၉၄ဝ ကျော်တုံးက လိင်တူ ၁၇ဝဝ ယောက်နဲ့ လေ့လာမှုအကြီးစားတခုလုပ်တယ်။ ၁၉၇ဝ ကျော်မှာ ၉၇၉ ယောက်ကိုလုပ်တယ်။
အများစုကြီးရဲ့ အဖြေကတော့ ဆိုရှယ်နဲ့ ပတ်ဝန်းကျင်လွှမ်းမိုးမှုကနေ လိင်တူတွေဖြစ်လာပါသတဲ့။

ဘာလို့ လိင်တူသမားဖြစ်သလည်း
၁။ လိင်တူအတွေ့အကြုံရှိဘူးလိုက်ခြင်း။


၂။ မိသားစု ပုံမှန်မဟုတ်ဖြင်း
(က) မိခင်ရဲ့ လွှမ်းမိုးမှုရှိခြင်း၊ ပိုင်ဆိုင်မှုများခြင်း၊ လက်မခံမှုရှိခြင်း။
(ခ) ဖခင်မရှိခြင်း၊ အဆက်ဝေးခြင်း၊ လက်မခံမှုရှိခြင်း၊
(ဂ) မိဖတဦးဦးကနေ လိင်တူဆန်ဆန်ပြုမှုတာခံရခြင်း။
(ဃ) မောင်နှမတွေထဲမှာ လိင်တူဖြစ်နေသူရှိခြင်း။
(င) အိမ်တွင်းမှာ ဘာသာရေးအဆုံးအမနည်းခြင်း။
(စ) လင်မယားကွာရှင်းမှုရှိခြင်း။
(ဆ) မိဘတွေကနေ အစဉ်အလာမဟုတ်တဲ့လိင်မှုကို ပုံစံပြနေခြင်း။
(ဇ) လိင်တူလူနေမှုဘဝကို တရားသဖြင့်ဖြစ်တယ်လို့ သတ်မှတ်ပေးထားခြင်။ သူငယ်ချင်းတွေ၊ အသိုင်းအဝိုင်းတွေကို လက်သင့်ခံကြိုဆိုနေခြင်း။


၃။ အစဉ်အလာမဟုတ်တဲ့ လိင်အတွေ့အကြုံ အထူးသဖြင့် ငယ်စဉ်ကကြုံတွေ့ဘူးခြင်း။
(က) ငယ်ငယ်လေးနဲ့ (မာစတာဘေးရှင်း) ဖါသာအာသောဖြေခြင်း။
(ခ) အပြာ စာ-စာအုပ်-ဗီဒီယိုတွေနဲ့ ငယ်ငယ်ကတည်းကတွေ့ကြုံရဘူးခြင်း။
(ဂ) အစဉ်အလာမဟုတ်လိင်မှု (အုပ်စုလိုက်လိင်ဆက်ဆံခြင်း၊ တိရစ္ဆာန်နဲ့လိင်ဆက်ဆံခြင်း) ကိုမြင်ဘူးခြင်း။
(ဃ) မိန်းကလေးငယ်ငယ်မှာ အရွယ်ကြီးယောက်ျားနဲ့ လိင်မှုတမျိုးမျိုးရှိခြင်း။


၎။ ယဉ်ကျေးမှုလွှမ်းမိုးခြင်း
(က) လိင်တူအရေးကို ဆိုရှယ်ဘဝမှာ ကြည့်မြင်နေရခြင်း။
(ခ) လိင်တူအသားပေး ပညာပေးထာခံရခြင်း။
(ဂ) လွှမ်းမိုးသူ ဥပမာ ကျောင်းဆရာ-ဆရာမ၊ အားကစားဆရာ-ဆရာမက လိင်တူသမားဖြစ်နေခြင်း။
(ဃ) လူမှုအသိုင်းအဝိင်းနဲ့ ဥပဒေကြောင်းအရ လိင်တူကို ခွင့်လွှတ်လက်ခံထားခြင်း။
(င) လိင်တူဟာ ပုံမှန်သဘာဝပါလို့ ရုပ်ပုံ၊ ကြောညာတွေရှိနေခြင်း။


လိင်တူစိတ်ဖြစ်နေတာကို စောစောပြင်ရင် ဆက်မတိုးစေနိုင်ပါ။ တချို့က မပြင်ချင်ကြဘူး။ ပြင်ဘို့လိုကောင်းမှန်းတောင် မရှိစေအောင်၊ နက်သထက် နက်တဲ့တွင်းထဲ ပို့ချ-ဖိချနေတဲ့ လူမှုအသိုင်းအဝိုင်းမှာနေကြရတယ်။
ပြင်ချင်တဲ့သူတွေကို အားပေးကြဘို့ တိုင်တွန်းပါတယ်။ HIV ပိုးရှိသူတွေကိုလိုပဲ ဒီလိုလိင်တူတွေကို နှိမ်နင်းဘို့၊ နှိမ့်ချဘို့၊ ဝိုင်းပယ်ဘို့တော့ မလုပ်သင့်ပါ။ နားလည်မှုပေးပြီး၊ ဖေးမပြုပြင်ရမယ်။

၁၉၈၃ မှာ မိသားစုသုတေသနအင်စတီကျုကနေ လိင်တူ ၁၄၇ ယောက်ကိုလေ့လာတယ်။ ၃၅ ယောက်က မွေးရာပါ ဒီအတတ်ကိုတတ်ကြတာလို့ပြောတယ်။ ဒါပေမယ့် လိင်နှစ်မျိုးလုံးကို စိတ်ဝင်စားသူ ၃၄ဝဝ ထဲက ၈ဝ% ကတော့ သူတို့ဟာ လေ့လာသင်ယူရာကနေ တတ်မြောက်လာတာလို့ ပြောပါတယ်။ ဘယ်သုတေသနကမှ မျိုးဗီဇကွာခြားချက် ရှိတာကို ဖေါ်ထုတ်လို့မရပါ။ ဒါကြောင့် လိင်တူဟာမွေးရာပါလို့ပြောမရပါ။

လူတယောက်မှာ တသက်လုံး (ဂေး) ဖြစ်နေတော့မယ်ဆိုတာ မမှန်ဘူး။ ပြောင်းလဲစေနိုင်တယ်။ ငယ်တုံးကအကောင်း ကြီးမှပြောင်းတာလည်းရှိတယ်။ (အိုရီယန်တေးရှင်း) တိမ်းညွှတ်မှုဟာ (ဖလူယွတ်ဒတီ) အရည်သဘောမျှသာဖြစ်တယ်လို့ ခေါ်တယ်။ (ဂေး) တွေရော (လက်စဘီယန်) တွေပါ ဘဝအဆင့်တခုမှာ အမြင်မှန်ပြန်ရလာမျိုးဖြစ်နိုင်တယ်။ အဆင့် ၃ ဆင့်ရှိတယ်။ (၁) ကိုယ့်ကိုယ်ကို သိသွားခြင်း၊ (၂) သဘောပေါက်လာခြင်းနဲ့ (၃) ဆုံးဖြတ်ချက်ချနိုင်သွားခြင်း။

စိတ်ကုသနည်းနဲ့ လိင်တိမ်းညွှတ်မှုဆိုတာ ပြောင်းလို့ရနိုင်တယ်၊ နည်းအောင်လုပ်နိုင်တယ်။ ဒါပေမဲ့ ရာနှုန်းပြည့်မရသေးပါ။ အရုပ်၊ အသံ၊ ဗီဒီယိုတွေက စိတ်ကို ကြွစေတာမို့ ဆင်ခြင်နိုင်လေ မလိုလားအပ်တဲ့ စိတ်ဆန္ဒတွေ မပေါ်လေဘဲ။ ပေါင်းသင်း တာလဲ ရွေးသင့်တယ်။ ကျောင်းပြောင်း၊ အလုပ်ပြောင်းဘို့လိုရင် သတ္တိရှိရှိဆုံးဖြတ်သင့်တယ်။ မိဘတွေလဲ ကလေးအတွက် အချိန်ပိုပေးသင့်ကြတယ်။

လိင်တူဖြစ်နေတာကို ပြောင်းလို့ရလို့ လိင်တူဟောင်းများအသင်းတွေရှိတယ်။ စိတ်ပညာပြုပြင်ရေးနဲ့ ပျောက်ကင်းနှုန်း ၃ဝ% ရှိတယ်။ ဆီးချိုရှိနေလို့ အချိုမစားရဘူးဆိုပြီး ဆရာဝန်ကမှာထားတယ်။

လိုက်နာစောင့်ထိန်းသူတွေက လိုက်နာတော့ အသက်ရှည်တယ်။ ဆရာဝန်စကား မြေဝယ်မကျနားထောင်ထားလို့ ပြောချင်တာတော့ မဟုတ်ပါ။ ဆီးချိုသမား အချိုမစားတာ အချိုကို မကြိုက်တော့တာ မဟုတ်ပါ။

လိင်တူကနေ AIDS ရောဂါကိုစသိခဲ့တယ်။ အဲဒီကာလတွေမှာ (ဂေး) ရောဂါလို့ ခေါ်ခဲ့ကြတယ်။ HIV ပိုးတွေ့သူ ၇၈၄၇ဝ၁ ယောက်ထဲမှာ ယောက်ျားလိင်တူသမား ၃၉၆၈၁ဝ (၅၁%) ပါတယ်။ (ဂေး) နဲ့ (ဟက်ထရိုဆက်ကျူရယ်) နှစ်ဖက်ချွန် ခေါ်ကြတဲ့ လိင်တူရောဆန့်ကျင်ဖက်လိင်နဲ့ပါ အတူနေတဲ့ယောက်ျားတွေဟာ တခြားလူတွေထွက် HIV ကူးစက်တာ သိသိသာသာများတယ်။ ၂ဝဝ၈ ကနေ ၂ဝ၁ဝ အတွင်း အဲလိုများတာ ၂ဝ% တိုးလာခဲ့တယ်။

HIV ကူးစက်ခံရသူတွေထဲမှာ လိင်နှစ်မျိုးသမားတွေနဲ့ မူးယစ်ဆေးထိုးသူတွေဟာ ဆက်ပြီးများနေတယ်။ HIV ကပ်ရောဂါ ဖြစ်ကတည်းကဆိုရင် လိင်နှစ်မျိုးသမားပေါင်း ၉၂၆၁၃ ယောက်ပါတယ်။ HIV
အသစ်ကူးစက်ခံရတဲ့ အမျိုးသမီးတွေဟာ လိင်နှစ်မျိုးသမားနဲ့ အတူနေမိလို့ကအဓိကဖြစ်တယ်။ ၂ဝ၁ဝ ခုနှစ်ထဲမှာ ၈၄% ရှိခဲ့တယ်။ မူးယစ်ဆေးထိုးလို့ကူးစက်သူက ၁၆% ရှိတယ်။ ၂ဝ၁ဝ မှာ အမျိုးသမီးတွေကိုကူးစက်တာက ၂ဝ% ရှိတယ်။ ၂ဝ၁၁ မှာ ၂၃% ရှိတယ်။ အမျိုးသမီးတွေမှာ လိင်နှစ်မျိုးသမားနဲ့ အတူနေမိရင် ယောက်ျားတွေထက် HIV ကူးစက်ခံရနိုင်ခြေ ၂ ဆ များတယ်။ လိင်တူယောက်ျားတွေက HIV ကူးစက်ဖို့ အဆ ၂ဝ များတယ်။

အမေရိကမှာ လိင်တူချင်းလက်ထပ်ခွင့်ပြုလိုက်တဲ့နောက် ဘယ်လိုကျန်းမာရေးနောက်ဆက်တွဲတွေ ရှိလာမလည်းဆိုတာ မကြာခင်မှာ သိလာရပါတော့မယ်။

ဒေါက်တာတင့်ဆွေ (၂၈-၆-၂ဝ၁၅)
ဒေါက်တာတင့်ဆွေ - Homo အတူတူကို စိတ်ဝင်စားခြင်း

Sunday, August 9, 2015

Cover Girl




“မောင် ပြောစမ်းပါ။ ကျွန်မကို ဘာလို့အဲလိုမျိုးလုပ်ရတာလဲ။ ကျွန်မက မောင့်ဘ၀အတွက် အစမ်းသပ်ခံလား”

ကျွန်မပြောရင်းဖြင့် မျက်ရည်များက အလိုက်မသိစွာ ကျဆင်းလာနေသည်။ ကျွန်မ မငိုပါရစေနဲ့ရှင်။ ဘယ်လိုမှ ခံစားလို့ မရနိုင်ဘူး။

ဘယ်လို အငြိုးတရားကြောင့်များ ကျွန်မ ဒီလိုဘ၀မျိုးကို ကြုံတွေ့ရလည်းမသိ။ ပခုံးနှစ်ဖက်ကိုခပ်တင်းတင်း ဆုပ်ကိုင်ပြီး အားကုန် ဆောင့်မေးလိုက်သော်လည်း မောင့်ထံမှ မည်သည့်စကားမှ ထွက်မလာပေ။

‘ကျေးဇူးပြုပြီး ဖြေပေးပါ။ မောင် ဘယ်အငြိုးနဲ့ ကျွန်မကို ဒီလိုလုပ်တာလဲ’

ကျွန်မ မည်သို့ပင်မေးမေး မောင့်ထံက မည်သည့်အသံမှ ထွက်မလာပေ။

လက်ထပ်ဖို့ တိုင်ပင်တုန်းကလည်း ပြေပြေလည်လည်ပင် အရာအားလုံးကို လိုက်လျောခဲ့သည်။ မောင့်မိဘ မောင်ဖွားများ အလယ်မှာလဲ ကျွန်မသည် မကြာမီအချိန်အတွင်း မောင်နှင့်ပတ်သက်ပြီး သူတို့ဆွေမျိုးဟု သတ်မှတ်ထားကြပြီ။

အရာအားလုံးသည် သူများအတွဲများနှင့်မတူဘဲ ကံကောင်းလွန်းလှသည်ဟု ကျွန်မထင်မှတ်ထားခဲ့ဖူးသည်။

အခုတော့ ထိုစိတ်ကူးများသည် ကျွန်မနှင့် မိုင်ပေါင်းများစွာသော အဝေးသို့ အေးစက်သော လေများ၏ ပြင်းထန်သောအရှိန်ကြောင့် ရောက်သွားပြီ။ ကျွန်မရင်ထဲမှာ အမျိုးအမည်မသိသော ခံစားချက်တွေက တရိပ်ရိပ်တက်လာနေသည်။ ဘ၀သည် ထိုသို့ ပုံသေနည်းမဲ့ စွာ မှားယွင်းတတ်သည်လား။ အမှန်ဆို မောင် ပွင့်လင်းခဲ့သင့်သည်။

ထိုအတိုင်းအတာတွေကို ကျွန်မ မသိမြင် မခံနိုင်လောက်အောင် ပညာအရည်အချင်းနိမ့်ကျသူ မဟုတ်။ ကျွန်မယုံခဲ့သည်။ ချစ်ခဲ့သည်။ အားကိုးခဲ့သည်။ အခုတော့ ကျွန်မ၏ မျှော်လင့်ခြင်း၊ တောင့်တခြင်း၊လေးစားခြင်း၊ချစ်တတ်ခြင်း စသည့် သစ္စာစကားများသည် သိက္ခာ တရားများ၏ ချနင်းစရာ အကွက်အကွင်းဖြစ်နေသည်။ ကျွန်မက ချစ်ရသူမို့ ရက်စက်လိုက်တာ မောင်ရယ်လို့တော့ မပြောချင်ဘူး။ ဒါပေမဲ့ မောင် ကျွန်မအပေါ် အရမ်းရက်စက်သော ဆုံးဖြတ်ချက်များကို ချသည်။

မောင်သည် ကျွန်မနှင့် အရေးကြီးစကား ပြောစရာရှိသည်ဟုဆိုပြီး ဒီနေရာကိုချိန်းသည်။ ကျွန်မထုံးစံအတိုင်း အလှဆုံးပြင်ဆင်ပြီး မောင့်ထံလာသည်။ အတွေးထဲမှာမင်္ဂလာပွဲကို စိတ်ကူးပြီး ပျော်ရွှင်နေသည်။ ထို့ကြောင့် ကျွန်မ၏ခြေလှမ်းများသည် အင်အားပါပြီး ရဲရင့်နေသည်။ ချိန်းထားသော ကန်ဘောင်ကိုရောက်မှ မောင့်မျက်နှာ ပျက်နေမှန်းသိသည်။

ကျွန်မအားပြောမည့် အရေးကြီးကိစ္စသည် ထိုမျှ မောင့်မျက်နှာအား အပြုံးပင်မရှိအောင် ပျက်ယွင်းစေသည်လား။ ကျွန်မနှင့် မောင့်ကြားတွင် ထိုမျှ ရုပ်ပျက်ဆင်းပျက်ဖြစ်စေလောက်သော အကြောင်းတရားမရှိ။ မောင် ဒီနေ့ဝတ်စားထားပုံသည် အရမ်းသန့်သည်။ ဖြူဖွေးသော အသားအရေနှင့်လိုက်ဖက်အောင် ရှပ်အညိုအကွက်စိတ်ဖြင့် ပုဆိုးတစ်ထည်ကို ပုံကျစွာ ၀တ်ထားသည်။

တစ်ခါ တစ်ခါ ကျွန်မကို သေချာစူးစိုက်ပြီး ပြုံးပြသော အပြုံးများ၏အဆုံးတွင် ဖြူဖွေးသော သွားတက်နှစ်ဖက်က ကျွန်မကို မူးမေ့စေလောက်အောင် ဖြစ်စေတတ်သည်။ ဘယ်သောအခါမှ ကျွန်မအား အတိုက်အခံမပြုပေ။ အရာရာ ကျွန်မသဘောဖြစ်စေသော ကြောင့် ကျွန်မ မောင့်ကို ပိုပိုချစ်ရသည်။ လက်ထပ်မည်ဟု မောင့်မေမေတို့ တိုင်ပင်ဆုံးဖြတ်သောအချိန်တွင်လည်း မောင်က ချိုသည် ခါးသည် မပြောပေ။ အရာရာတိုင်းသည် ကျွန်မသဘော။ မောင့်မေမေသဘောဖြစ်စေသည်။

‘မောင် အရေးကြီး ပြောစရာရှိတယ်ဆို ပြောလေ’

ကျွန်မ စကားကြောင်းလိုက်သည်နှင့် မောင်က ကျွန်မမျက်ဝန်းများကို သေချာစွာမကြည့်ဘဲ ဘေးတိုက်အနေအထားဖြစ်အောင် မျက်နှာကိုရွှေ့လိုက်သည်။

‘၀တီ မောင့်ကို ဘယ်လိုမြင်လဲ’

‘ဘာကို ဘယ်လို မြင်ရမလဲမောင်။ မောင်က ၀တီချစ်သူ’

ကျွန်မစကားဆုံးတော့ မောင်က ကျွန်မကိုကြည့်ပြီး စကားတစ်ချို့ကိုပြောသည်။ ကျွန်မ အရမ်းအံ့သြသွားသည်။ ထိုသို့လည်း မထင်မိခဲ့။ အခုမှပင် ကျွန်မရင်သည် ပူလောင်လာသည်။ မဖြစ်နိုင်ဘူး။ ဖြစ်လည်း မဖြစ်သင့်ဘူးလေ။

‘ကျေးဇူးပြုပြီး ကျွန်မကို ခပ်တည်တည်ကြီး မစပါနဲ့မောင်ရယ်’

ကျွန်မ ပြောစကားအားလုံးကို မောင်က လေးစားတည်ငြိမ်စွာ နားထောင်ပြီး ‘တကယ်ပြောတာ ၀တီ။ အမှန်တော့ မောင် မကောင်းတာပါ။ ဒီလို မဖြစ်သင့်ဘူးမဟုတ်လား။ ဒါပေမဲ့ မောင့်ဘ၀ အနေချောင်အောင်၊ ပတ်ဝန်းကျင်က စကားတွေ မောင့်ထံရောက်မလာအောင် မောင် အတ္တကြီးခဲ့တာပါ။ မောင့်ကို ခွင့်လွှတ်ပါ’

မောင့်စကားဆုံးသွားသည်နှင့် ကျွန်မ၏ဘ၀သည် အရှုံးအားလုံးဖြစ်နေပြီ။ မောင်က ဆက်ပြောသည်။

‘ပတ်ဝန်းကျင်မှာ မောင့်ကို ယောက်ျားတစ်ယောက်လိုမြင်ဖို့….ပြီးတော့ မောင့်မိသားစုတွေ အမြင်ကြည်ဖို့ မောင်က ၀တီ့ကို ကာဗာသဘောမျိုး ချစ်သူဖြစ်စေမိတယ် ၀တီ။ အဲ့ဒီအတွက် မောင် ထပ်တောင်းပန်ပါတယ်။ မောင့်ကိုခွင့်လွှတ်ပါလို့ မတောင်းဆိုပါဘူး။ မောင်ဟာ ၀တီအတွက် လုံးဝမကောင်းတဲ့သူပါ။ အခု ၀တီသဘောအတိုင်း ဆုံးဖြတ်ပါ’

မောင့်စကားက ဆုံးသွားပြီ။ ကျွန်မသာ ခံစားချက်ပေါင်းစုံဖြင့် ရင်တလှပ်လှပ်ခုန်နေသည်။ ဘယ်ဘ၀ အတိတ်ကံကြောင့်များ ထိုသို့သော အကြောင်းတရားများ မောင်နှင့်ကျွန်မထံ ရောက်လာသည် မသိ။

မောင်ကတော့ မောင့်အခြေအနေမှန် ဖြစ်ရပ်မှန်တွေကို ကျွန်မကို ပွင့်ပွင့်လင်းလင်း ၀န်ခံနေပြီ။ ကျွန်မဆုံးဖြတ်ထားသော ကိစ္စများသည် ဘ၀နှင့်အချစ်၊ အချစ်နှင့် နာကျင်ခြင်း၊ နာကျင်ခြင်း နှင့် မေတ္တာတရားတို့ အားပြိုင်နေပြီ။

တိတ်ဆိတ်သွားသော ကျွန်မကိုကြည့်ပြီး မောင်က ကျွန်မလက်တစ်ဖက်ကို အသာလာကိုင်သည်။ အိုး….နွေးထွေးနေသေးသည်။

လွန်ခဲ့သော အချိန်တိုင်းက ကျွန်မနှင့် တွေ့လေတိုင်း မောင် နုနုညံ့ညံ့ ကိုင်ခဲ့ဖူးသော လက်၏ ထိတွေ့ခြင်းအရသာနှင့် ဘာမှ မခြားနား။

ဒီလက်နွေးနွေးလေးဖြင့် ကျွန်မလက်နှစ်ဖက်ကို ဆုပ်ကိုင်ခဲ့ဖူးသည်။ ဒီလက်လေးဖြင့် ကျွန်မပါးပြင်ကို ခပ်ဖွဖွ ပွတ်သပ်ချော့မြူပေးဖူးသည်။ သြော် မောင်ရယ် အခုတော့ ကျွန်မက မောင့်အတွက် အသုံးမ၀င်တော့ဘူးလား။

တစ်ဖက်သတ် ခံစားချက်တွေနှင့် ရှင်သန်နေရမည့် ကျွန်မဘ၀ကိုကော မောင် မစာနာနိုင်တော့ဘူးလား။ ကျွန်မ မောင့်ကို ချစ်ခဲ့တာက တစ်ဘ၀လုံးအတွက်ပါ။

တဖြည်းဖြည်းနှင့် မောင်သည် ကျွန်မတစ်ကိုယ်လုံးကို တင်းတင်းဖက်လာသည်။ ထိုအချိန်တွင် မောင့်မျက်ရည် ပူနွေးနွေးများသည် ကျွန်မ ပခုံးထက်မှ အင်္ကျီ။ ထိုမှတစ်ဆင့် ကျွန်မကိုယ်ခန္ဓာအတွင်းပိုင်းသို့ ၀င်ရောက်လာသည်။

မောင် ငိုနေလေပြီ။ မောင် ရင်နာစွာ ငိုကြွေးခြင်းသည် မောင် ဖုံးကွယ်ထားသော တစ်စုံတစ်ရာကြောင့်လား။ သို့မဟုတ် ကျွန်မအား ပွင့်လင်းစွာ ၀န်ခံခြင်းကြောင့် ရှက်ရွံ့ခြင်းကြောင့်များလား။ ဒီလိုမှ မဟုတ်ရင် ကျွန်မကို စွန့်လွှတ်ရမည်ကို ၀မ်းနည်းခြင်းကြောင့် များလား။

ကျွန်မ၏အတွေးများ ပိုမိုသိပ်သည်းလာသလို မောင့်ရှိုက်သံလေးများကလည်း တဖြည်းဖြည်းနှင့် လျော့နည်းလာသည်။ ခံစားချက်ကို မျက်ရည်ဖြင့် ထုတ်ပြလိုက်ရသဖြင့် မောင် အနည်းငယ် စိတ်ပေါ့ပါးသွားပုံ ပေါ်သည်။ ကျွန်မကတော့ သိပ်မထူးခြားနားပါပဲ။ မောင့် မျက်ရည်စများနည်းတူ ကျွန်မမျက်ရည်စများကလည်း အတားအဆီးမရှိစွာ ကျဆင်းနေပြီ။

ကျွန်မကို တင်းတင်းဖက်ထားသည့် မောင့်ကို အသာခွာပြီး မောင့်မျက်ဝန်းတွေကို သေချာကြည့်သည်။ မျက်ဝန်းများက ငိုထားသည့် အရှိန်ဖြင့် နီရဲပြီး ပိုမိုချစ်ဖွယ်ကောင်းနေသည်။

“အချစ်ဆိုတာ လုပ်ယူဖန်တီးလို့လည်းမရသလို လုပ်ယူဖန်တီးခြင်းကြောင့်လည်း တစ်သက်လုံး ပျောက်သွားမှာ မဟုတ်ဘူး။ ကျွန်မ မောင့်ကိုချစ်တယ်။ ကျွန်မအချစ်မှာ ဘာလိုချင်တောင့်တမှုမှ မရှိဘူး။ ကျွန်မ ဘေးနားမှာ နေသွားပေးရင်ကို လုံလောက်ပြီ။ မောင့်အတွက် ကျွန်မက ကာဗာဂဲလ်ဆိုရင်လည်း မောင့်အနားမှာ နေခွင့်ရဖို့တစ်ခုအပေါ် ရဲရဲဝံ့ဝံ့ ရင်ဆိုင်လိုက်မယ်”

ကျွန်မ စကားအဆုံးမှာ မောင်က ကျွန်မကို မယုံကြည်နိုင်လောက်အောင် ကြည့်သောကြောင့် မောင့်အံ့သြခြင်းကို ပြေပျောက်စေခြင်း အလို့ငှာ မောင့်ရင်ခွင်သို့ တိုးဝှေ့ဝင်ပြီး သင်းပျံ့ပျံ့ ကိုယ်သင်းရနံ့လေးကို ခိုးယူနမ်းရှိုက်လိုက်တော့ အရာအားလုံးက မောင့်ရင်ခွင်မှာ နေသားကျသွားလေရဲ့။

ကြင်နာလိုသူ
ကြည်ဖြူစေဖို့
အချစ်အတွက်
ခံစားချက်ကို
ခဏသိမ်းဆည်း
မြတ်နိုးဆဲမို့
ကာဗာဂဲလ်လို့
သုံးစွဲရင်လည်း
ထာဝရလက်တွဲ
ဘ၀တိုက်ပွဲမှာ
တူယှဉ်တွဲလို့
ခွဲမသွားပါဘူး မောင်…။

                  (၀တီ)

ဇော်ညီညီ (နေပြည်တော်)

စာကြွင်း ။       Color Rainbow Magazine – Volume (26) – 2015 ပါ ၀တ္ထုတိုကဏ္ဌမှ ညီငယ်တစ်ယောက်ရဲ့ ၀တ္ထုတိုလေးဖြစ်ပါတယ်။