Friday, October 2, 2026

တောက်ပလာသော အမျိုးသား ပြည့်တန်ဆာလုပ်ငန်း

 စစ်အာဏာရှင် လက်အောက်မှာ တောက်ပလာသော အမျိုးသား ပြည့်တန်ဆာလုပ်ငန်း




Democratic Press/ ၂၀၂၆ အောက်တိုဘာ ၁


(ရုပ်သံကို မှတ်ချက်တွင် ကြည့်ရှူနိုင်သည်)


အောက်ခံ ဘောင်းဘီတိုတစ်ထည်နှင့် အပေါ်ပိုင်း ဗလာကျင်းကာ ရေချိုးနေသည့် အမျိုးသားလူငယ်များ၏ ဗီဒီယိုဖိုင်တစ်ခုသည် TikTok စာမျက်နှာတွင် စက္ကန့်ပိုင်းမျှအတွင်း ပျံ့နှံ့သွားခဲ့သည်။


ဗီဒီယိုပေါ်တွင် "၂၄ နာရီ ဝန်ဆောင်မှု၊ ဧည့်စာရင်းစစ်မည်ကို မပူရ" ဟူသည့် စာသားနှင့်အတူ Booking ယူရန် ဖုန်းနံပါတ်ပါ ပေါ်တင် ရေးသားထားသည်။


မျက်နှာများကို အတားအဆီးမရှိ ဖော်ပြထားသည့် ထိုလူငယ်များသည် အနှိပ်ခန်း အမည်ခံ အမျိုးသား ပြည့်တန်ဆာ (Boy Spa) လုပ်ငန်းတွင် လုပ်ကိုင်နေကြသူများ ဖြစ်သည်။


"ဖာဆိုရင် မတူမတန်သလို ဆက်ဆံတဲ့ နိုင်ငံမှာ ကိုယ့်ဆောက်ခွက်ကိုယ်ပြပြီး ကြော်ငြာချင်နေတယ် ထင်နေတာလား" ဟု ထိုအလုပ်ကို လုပ်ကိုင်နေသည့် အသက် ၂၀ ကျော်အရွယ် လူငယ်တစ်ဦးက မေးခွန်းထုတ်သည်။


မြန်မာ့လူအသိုင်းအဝိုင်းတွင် လိင်ဖျော်ဖြေရေး လုပ်ကိုင်သူများ (ပြည့်တန်ဆာ) ကို လူမှုရေးအရ အနိမ့်ချစွဲချက်များ၊ ရွံရှာခွဲခြားမှုများဖြင့် စနစ်တကျ နှိမ့်ချလေ့ရှိသည်။


ယခင် စစ်အာဏာရှင် ခေတ်အဆက်ဆက်တွင်လည်း ယင်းလုပ်ငန်း၏ နောက်ကွယ်မှ အကျိုးအမြတ်ယူသူ အမျိုးသားများကို "ဖာခေါင်း" ဟုသာ ခေါ်ဆိုလေ့ရှိကြပြီး၊ အမျိုးသားများ ကိုယ်တိုင် ခန္ဓာကိုယ်ကို ပေါ်တင် ရောင်းချသည့်ဖြစ်စဉ်မှာ ကြားပင် မကြားဖူးခဲ့ပေ။


သို့သော်လည်း ယနေ့ ရန်ကုန်မြို့ကြီးတွင်မူ အခြေအနေများ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။


ကုန်ဈေးနှုန်းနှင့် ဂုဏ်သိက္ခာကြားက ကိန်းဂဏန်းများ


အကျပ်အတည်း၏ အဓိက မောင်းနှင်အားမှာ စီးပွားရေး ပျက်စီးယိုယွင်းမှု ဖြစ်သည်။


ရန်ကုန်မြို့ရှိ စက်ရုံ၊ အလုပ်ရုံများတွင် တစ်နေ့လျှင် ၈ နာရီမက ပင်ပန်းခံ လုပ်ကိုင်ပါက တစ်လလျှင် ကျပ် ၄ သိန်းမှ ၅ သိန်းဝန်းကျင်သာ ရရှိသည်။


တစ်ဖက်တွင်မူ အခြေခံ စားသောက်ကုန် ဈေးနှုန်းများမှာ အဆမတန် မြင့်တက်သွားခဲ့ပြီး အခြေခံ အကျဆုံး ကြက်ဥတစ်လုံးလျှင် ကျပ် ၁,၀၀၀ အထိ ဈေးနှုန်း ရှိနေသည်။ 


စက်ရုံလုပ်ခ လစာဖြင့် ငှားရမ်းခ၊ စားသောက်စရိတ်နှင့် လစဉ် လျှပ်စစ်ဘေလ် ပေးချေရန်ပင် မလုံလောက်တော့ပေ။


"တစ်လ သိန်း သုံးလေးဆယ်ရဖို့က ဒီအလုပ်က သေချာတယ်။ စက်ရုံမှာ လေးငါးသိန်းက ထမင်းစားလို့ မရတော့ဘူး။ ကြက်ဥတစ်လုံး တစ်ထောင်ခေတ်မှာ အစ်ကိုက ကျွန်တော်တို့ကို ဒီအလုပ် ဘာလို့လုပ်တာလဲ မေးရမှာ မဟုတ်ဘူး" ဟု အဆိုပါ လူငယ်က ဆိုသည်။


ဂုဏ်သိက္ခာထက် ဝမ်းရေးကို ဦးစားပေးရသည့် ဤခါးသီးသော အမှန်တရားကြောင့်ပင် လူငယ်များမှာ မိမိတို့၏ မျက်နှာနှင့် ခန္ဓာကိုယ်ကို ဆိုရှယ်မီဒီယာများပေါ်တွင် ပေါ်တင်ဖော်ပြ၍ အမျိုးသား ပြည့်တန်ဆာများအဖြစ် ဈေးကွက်သွင်းနေကြရခြင်း ဖြစ်သည်။


အမှောင်ရိပ်ထဲက အာမခံချက်များ


ပိုမို ထူးခြားသည့် အချက်မှာ အဆိုပါ Boy Spa များ၏ စည်းရုံးကြော်ငြာပုံစံ ဖြစ်သည်။


TikTok နှင့် ဆိုရှယ်မီဒီယာများတွင် "FOR YOU MAN ONLY SPA" နှင့် "Boss Spa" စသည့် အကောင့်များ ဖွင့်လှစ်ကာ ဘောင်းဘီတို ဝတ်ဆင်ထားသည့် လူငယ်များ၏ ပုံများ၊ လိင်အင်္ဂါ ဖော်ပြထားသည့် ဓာတ်ပုံများနှင့်အတူ Viber နှင့် Telegram ဖုန်းနံပါတ်များကို ဘိုကင်ယူရန် ပေါ်တင် ဖော်ပြထားကြသည်။


ထို့အပြင် ရန်ကုန် အောင်ဆန်းကွင်း အနီးတဝိုက် အပါအဝင် မြို့လယ်ခေါင် နေရာများတွင် လည်ပတ်နေသည့် ယင်းအနှိပ်ခန်းများ၏ ကြော်ငြာတွင် "ဧည့်စာရင်းစစ်မည်ကို မပူရ၊ မီး ၂၄ နာရီရသည်" ဟု အာမခံချက် ပေးထားသည်။


ညဘက် ဧည့်စာရင်း စစ်ဆေးမည်ကို သာမန် ပြည်သူများ ထိတ်လန့်နေရပြီး ရပ်ကွက်အတွင်း အမျိုးသားများ စုဝေးနေရန်ပင် လုံခြုံရေးအရ မဖြစ်နိုင်သည့် ခေတ်ကာလတွင် အမျိုးသား ပြည့်တန်ဆာ ဆယ်ဂဏန်းကို စုစည်းကာ အနှောင့်အယှက်မရှိ လည်ပတ်ခွင့် ရရှိနေခြင်းဖြစ်သည်။


ယင်းအချက်သည် တရားမဝင် လိင်ဖျော်ဖြေရေး လုပ်ငန်းများ၏ နောက်ကွယ်တွင် ဒေသဆိုင်ရာ အာဏာပိုင်များ၊ ရဲများနှင့် အာဏာရှိသူများ၏ လာဘ်ပေးလာဘ်ယူမှုနှင့် ကြေနပ်ဖွယ် အပေးအယူများ မည်မျှအထိ အမြစ်တွယ်နေသည်ဆိုသည်ကို လှစ်ဟပြနေသည်။


အနာဂတ်တွေ မှေးမှိန်သွားတဲ့ နောက် တောက်ပလာတဲ့ အမှောင်လမ်း


စစ်အာဏာရှင် စနစ်၏ ဆိုးဆိုးရွားရွားဖျက်ဆီးမှုအောက်တွင် မြန်မာနိုင်ငံ၏ စီးပွားရေးနှင့် တရားဥပဒေ စိုးမိုးရေး စနစ်တစ်ရပ်လုံး ပျက်စီးသွားသောအခါ လူငယ်များအတွက် ပုံမှန် လမ်းစများ ပိတ်ဆို့သွားခဲ့သည်။ မျှော်လင့်ချက်များ၊ အနာဂတ်များ အားလုံး မှေးမှိသွားသည်။


ယင်းတို့အစား ယခင်က မရှိခဲ့ဖူးသည့် အမျိုးသား ပြည့်တန်ဆာခန်းများ ပြောင်ပြောင်တင်းတင်း စည်ကားလာခြင်းသည် ရန်ကုန်မြို့၏ အပြာရောင် စီးပွားရေး ကြီးထွားလာမှုကို ပြသနေရုံမက၊ စနစ်တစ်ခုလုံး ယိုယွင်းသွားပြီး အာဏာပိုင်များက တရားမဝင် လုပ်ငန်းများမှ အကျိုးအမြတ် ထုတ်နေကြသည့် မြန်မာ့လူမှုအသိုင်းအဝိုင်း၏ အမှောင်ဆုံး အခန်းကဏ္ဍတစ်ခုကို မီးမောင်းထိုးပြနေပေတော့သည်။


စစ်အာဏာရှင်လက်အောက်တွင် အမျိုးသား ပြည့်တန်ဆာ လုပ်ငန်းသည် ဘယ်ခေတ်ကနှင့်မှ မတူအောင် တောက်ပစွာ ကြီးထွားလာခဲ့ပြီဖြစ်သည်။





 #Rejectthemilitarycoup #democraticpress #TerroristJunta #Myanmar #WhatIsHappeningInMyanmar  #Yangon


မူရင်း သတင်းစာမျက်နှာ - Democratic Press


Video ကြည့်ရန် -

 https://www.facebook.com/reel/1664581078470031


No comments: