Tuesday, January 21, 2014

ဂျစ်ပစီထိပ်ထား

 
“ထိပ်ထား” တဲ့။ ဖေဖေက ဒီနာမည်လေးကို သမီးလေးတစ်ယောက်မို့ မြတ်မြတ်နိုးနိုးနဲ့ တန်ဖိုးထား ပေးခဲ့တာတဲ့။ မိမိကတော့ ဒီ “ထိပ်ထား” လို့ နာမည်ခေါ်တဲ့လူဆို သိပ်မုန်း၊ တစ်ချို့တွေက ကျနော့်ကို အမြင်ကပ် ပုဒ်မနဲ့ ဒီလောက်တောင် လုံးချင်တဲ့ ကောင်ဆိုပြီး “ငထိပ်”တဲ့ ခေါ်ကြပြန်ရော။ ဘာပဲဖြစ်ဖြစ် ထိပ်ထားဆိုတဲ့ နာမည်ထက်စာရင် “ငထိပ်” အခေါ်ခံရတာကို ကျေနပ်တယ်။
          “ဟဲ့ ဋ္ဌေးရင်… အဲဒါ ညည်း သမီးလား”
          အိမ်လာလည်တဲ့ ကြီးဒေါ်ဝမ်းကွဲတစ်ယောက်က ထိပ်ထားကိုမြင်ပြီး မေးတယ်။
          “ဟုတ်တယ်လေ မမလေး”
          ကြီးဒေါ် နှာခေါင်းတစ်ချက်ရှုံ့ရင်း
          “ဋ္ဌေးရင်ရယ် ညည်းကို ငါ့နှမတွေထဲမှာ ထက်လှပြီ ထင်နေတာ”
          “ဘာဖြစ်လို့တုန်း မမလေးရယ်”
          “ဟဲ့ ညည်းသမီးကိုပဲ အခုကြည့်လေ ပုံစံက၊ ဟိုမရောက် ဒီမရောက်နဲ့”
          “ဩော်… မမလေးရယ်။ ညီမလည်း ဆုံးမနည်း သွန်သင်နည်းတွေ စုံလှပေါ့။ ရမှ မရတာ မမတူမက”
          “ဟဲ့…. အဲဒါညည်းက ဒီအတိုင်း ပစ်ထားရသလား။ ယဉ်ကျေးလိမ္မာ သင်တန်းတို့ ဘာတို့ပို့ပေါ့။ မရရင် ငါ့ဆီ ပို့ခဲ့။ ဒီအချိုးမပြေတဲ့ ကောင်မကို ငါ ကောင်းကောင်း သင်တန်းပေးပစ်မယ်”
♣ ♣ ♣ ♣ ♣
          မေမေနဲ့ မန္တလေးက လာလည်တဲ့ ဒေါ်လေးရဲ့ အချီအချ စကားသံတွေကြောင့် ထိပ်ထား လွယ်အိပ်ကို မချိတ်တော့ပဲ ခုတင်ပေါ် ပစ်တင်လိုက်သည်။
          “အမေ ကျနော် ဘယ်မှ မသွားဘူးနော်။ ဘယ်သူ့အိမ်မှ သွားမနေနိုင်ဘူး။ သူများကိုလည်း ဘယ်သူမှ လာမခေါ်နဲ့။ ဒါပဲ”
          ထိပ်ထားရဲ့ ခပ်မာမာ စကားသံကြောင့် ဒေါ်လေးရော မေမေပါ အသံတိတ်သွားသည်။ ကျောင်းက ဝတ်လာတဲ့ ကျောင်းစိမ်းလုံခြည်ကို စိတ်ပေါက်ပေါက်နဲ့ ကွင်းလုံးချွတ်ချပြီး ခုတင်ပေါ် ခြေထောက်နဲ့ ကန်တင်လိုက်တယ်။ လျော့ပင်နဲ့မို့ အခုမှ ပိုလွတ်လပ်သွားတယ်။ ကျောင်းက ဆရာမနဲ့ကလည်း ဒီကိစ္စကြောင့် အချေအတင် စကားများခဲ့ရတယ်။
“ဟူး….. လောကကြီးက မလွယ်ပါလား”
သူတို့ခံစားချက်၊ သူတို့ပုံစံ၊ သူတို့အတ္တတွေကိုပဲ ရှေ့တန်းတင်နေကြပြီး တစ်ဖက်လူကို အဲဒီခံစားချက် ပုံစံခွက်ထဲ ထည့်ဖို့လောက်ပဲ စဉ်းစားနေကြတာ။ တစ်ဖက်လူ ဘယ်လိုရှိမလဲဆိုတာကိုတော့ တစ်ချက်လေးမှ မစဉ်းစားကြ။ “ထိပ်ထား” အတွက်တော့ လောကကြီးက မတရားဘူးလို့ ခံယူတယ်။ စဉ်းစားကြည့်လေ။ ထိပ်ထားရဲ့ နေမှုထိုင်မှု၊ ပြောမှုဆိုမှု၊ ဝတ်မှုစားမှုတွေ အားလုံးက ဒီပတ်ဝန်းကျင်အတွက် ပြောစရာတွေချည်းပဲတဲ့။
“ဘယ်ကိုလဲ။ ဟဲ့… ဒီမှာ မင်း ကြီးဒေါ် ရောက်နေတယ်”
အခန်းထဲကနေ ခြေသံတဒုန်းဒုန်းနဲ့ လှေကားထိ ပြေးဆင်းသံကို ကြားတဲ့ အမေက လှမ်းမေးတယ်။
“ကျော်ကြီးတို့ အုပ်စုနဲ့ ဂစ်တာ သွားတီးမလို့”
“အဲဒီ ကလေကဝ ၁၀၉ ၁၁၀ တွေနဲ့ပဲ တနေ့တနေ့ သွားနေ၊ ကြားလား”
“အမေရာ… သားသမီးချင်း ကိုယ်ချင်းစာပြီး ပြောပါဗျာ။ ဆယ်တန်းမအောင်ကြသေး”
“တွေ့လား။ မမလေး တူမက အဲဒီ ၁၀၉ ၁၁၀ တွေကို ထိရင် လုံးဝလုံးဝကို အထိမခံဘူး”
“ဟူး..... နင်လည်း တယ်ဝဋ်ကြီးတာပဲ ဋ္ဌေးရင်ရယ်”
အမေနဲ့ ကြီးဒေါ် ပြောနေတဲ့ စကားတွေကို နားမထောင်တော့ပဲ မြင်းဇောင်းထဲက ပြိုင်ဘီးကိုယူပြီး ရွာထောင် ဘူတာနားက “ကိုယ်လူပျို” လက္ဘရည်ဆိုင်ကို ထွက်ခဲ့တယ်။
♣ ♣ ♣ ♣ ♣
        “ဟော ဟိုမှာ လာပါပြီ၊ မယ်ဘယက်”
          အဝေးကနေ ထိပ်ထားကို လှမ်းမြင်လိုက်တဲ့ ချဉ်ပေါင်ကြော်က လှမ်းနောက်တယ်။ ထိပ်ထား စက်ဘီးကို ရပ်ရင်း….
          “မနောက်နဲ့ကွာ။ ငါ ပေါက်နေတယ်”
          “ဘာပေါက်တာလဲကွ”
          “မင်းတို့ကြောင့်ပေါ့ကွ”
          အကြောင်းစုံကို ကျော်ကြီး၊ ချဉ်ပေါင်ကြော်နဲ့ ပီတူးတို့ကို ရှင်းပြလိုက်တယ်။
          “ဒါတွေ ထားလိုက်ဟာ ဘယက်”
          “ပါလာပြန်ပြီလား ဒီဘယက်။ ငါ ဆွဲထိုးပစ်မှာနော်”
          “ချဉ်ပေါင်ကြော်…. နင်ကလည်းဟာ မကြိုက်ပါဘူးဆို”
          “အေးလေ”
          ပီတူးနဲ့ ကျော်ကြီးက လှမ်းဟောက်တယ်။ ချဉ်ပေါင်ကြော်က မျက်နှာပိုးသတ်ရင်း ခဏငြိမ်သွားတယ်။ ပီတူးနဲ့ ကျော်ကြီးကလည်း မနှစ်က တန်ဆောင်တိုင်ပွဲကို သိရသွားလို့လား မသိ။ ကျနော့်ရှေ့မှာ မရယ်ရဲပေမယ့် ပြုံးဖြီးဖြီး။ ချဉ်ပေါင်ကြော်လည်း ဒီအတိုင်းပဲ။
          “ဩော်… မနှစ်က မနှစ်ကဆိုတာ ခဏလေးပါလား”
♣ ♣ ♣ ♣ ♣
          တန်ဆောင်တိုင်ပွဲမှာ ထိပ်ထားတို့ သောတာပန်ရပ်ကွက်က ဦးစီးပြီးတော့ အပျိုလူပျို အငှားပစ္စည်းတွေ ထပ်ဝယ်ဖို့အတွက် ဝင်္ကပါပွဲနဲ့ စတိတ်ရှိုးလ် လုပ်တယ်။ ရပ်ကွက်မှူးက ရပ်ကွက်ထဲက ဂီတနဲ့ ပတ်သက်ပြီး လက်စလက်နရှိတဲ့ မိမိတို့အဖွဲ့ကို ဆရာတင်တယ်။ ကျော်ကြီးနဲ့ ချဉ်ပေါင်ကြော်တို့ကလည်း ဂစ်တာနဲ့ ပတ်သက်ရင် စင်ပေါ် တက်တီးနိုင်လောက်တဲ့အထိ အလေ့အကျင့် ရနေကြပြီး ပီတူးကလည်း ဒရမ်အတီးကို မန္တလေးမှာ ဇာတ်နဲ့ လိုက်တီးဖူးသူ။ ထိပ်ထားကလည်း အဆိုရော၊ အတီးရော ရသူတွေမို့ ရှိုးလ်ပွဲ လုပ်ဖြစ်ကြတယ်။
ဖြစ်ချင် တော့ ထိပ်ထားဆိုတဲ့ သီချင်းသုံးပုဒ်စလုံးမှာ အဝတ်အစားနဲ့ ကိုယ်ပိုင်စတိုင်တွေ အားလုံးကို သီချင်းနဲ့ လိုက်ဖက်စေချင်တယ်။ တစ်ပုဒ်က အငဲရဲ့ ညမီးအိမ်၊ တစ်ပုဒ်က ဖြိုးကြီးရဲ့ အထည်ကြီးပျက် သီချင်း။ သီချင်းနဲ့ လိုက်ဖက်ဖို့ ပလက်တီနမ်ဆွဲကြိုးကို စစ်ကိုင်းတမြို့လုံး ရှာတာ၊ နယ်မြို့ဆိုတော့ လုံးဝ ရှာမရဘူး။ ကိုယ့်သီချင်းနဲ့လည်း လိုက်ဖက်စေချင်တယ်ဆိုတော့ မေမေရဲ့ မနှဲလေး ဆက်ထားတဲ့ လင်းလင်းလက်လက် ဘယက်ကုံးကြီးကို မေမေ မသိအောင် နှစ်ရက်လောက်ကတည်းက ကြိုခိုးထားလိုက်တယ်။ တောင်းလို့၊ ခဏ ငှားလို့လည်း ရမှာမဟုတ်။ အမေက အရမ်း အယူသည်းတာမို့ အမေ မသိခင် ခိုးထားလိုက်တာ။ မေးတော့ မေးသေးတယ်။
“ဟဲ့…. ငါ့မနှဲလေး ဆွဲကြိုး မြင်မိလား”
“အဲဒါ အမေ့ကိစ္စတွေလေ။ ကျနော့်ကို လာမမေးနဲ့”
ခပ်တည်တည်နဲ့ ဖိန့်ပေးလိုက်တာ မေမေ မျက်စိလေး ထောင့်ကပ် စဉ်းစားရင်း….
“အဲဒါလည်း ဟုတ်တာပဲ။ နင်က ဒါမျိုးမှ စိတ်မဝင်စားတာ။ နင်ကလည်း သားသမီးချင်း ပြေပြေလည်လည် ပြော ရပါတယ်” ဆိုပြီး တိတ်သွားလေရဲ့။
အမှန်အတိုင်းဆို အမေက ပွဲတွေလမ်းတွေ ဝါသနာ မပါဘူး။ ပွဲလမ်းသဘင် သွားတာလည်း အမျိုးသမီကောင်းတွေရဲ့ အလုပ်မဟုတ်ဘူးလို့ ခံယူထားသူလေ။ အဲဒီနေ့ ညနေက ဝါးချက်က ဖေဖေ့အမျိုးတွေ ရောက်လာလို့ ပွဲလိုက်ပြတာတဲ့။ ထိပ်ထားအတွက်တော့ ကံဆိုးမိုးမှောင်ကျတာပဲ။ စဉ်းစားကြည့်လေ။ စင်ပေါ်မှာ ဖြိုးကြီးရဲ့…
“အကောင်းဆုံး ကားကို စီးပြီးတော့ x x x x ဟန်းဖုန်းကိုလည်း မနားနိုင်အောင် ပြော x x x x ဒီပလက်တီနမ် ဆွဲကြိုးက  ဒက်ဒီ….”
ဆိုပြီး ဘယက်ဆွဲကြိုးကို ကိုင်ကိုင်ပြပြီး ဆိုနေခါမှ စင်ထောင့်မှာ ကြည့်နေတဲ့ မေမေနဲ့ တည့်တည့်တိုးတာ။ သီချင်းဆိုလို့ မပြီးခင်မှာပဲ ငါးတောင့်ထိုး ဓါတ်မီးနဲ့ စင်ပေါ် တက်လာပြီး…
          “သူခိုးမ ဟင်…. နင် မိုက်လုံးကြီးလှချည်လား။ နတ်ဆက်ထားတဲ့ မနှဲလေးရဲ့ ဘယက်တောင် မချန်ဘူး။ ကဲ့ဟယ်… ကဲ့ဟယ်”
ဆိုတဲ့ အသံကြီးက မိုက်ခရိုဖုန်းကတဆင့် လော်စပီကာနဲ့ ပျံ့သွားလို့ ပရိသတ်တွေ ခိုးခိုးခွိခွိနဲ့ တဝါးဝါး ပွဲကြခဲ့ကြတာပေါ့။ ရှက်လိုက်တာ မပြောပါနဲ့တော့၊ ပြန်တွေးမိတိုင်း။ အဲဒီနေ့ကစပြီး ထိပ်ထားကို အမြင်ကပ်တဲ့သူတွေ က “ဘယက်” ဆိုပြီး ချိုးချိုးနှိမ်နှိမ် ခေါ်ကြလေရဲ့။ သူငယ်ချင်းတွေထဲမှာ ထိပ်ထားကို “ထိပ်ကြီး”၊ ခင်မောင်ဇော် ကို “ချဉ်ပေါင်ကြော်”၊ ကျော်စွာကို “ကျော်ကြီး”၊ ပီတာကို “ပီတူး”ဆိုပြီး နာမည်ပြောင် ခေါ်ကြတယ်။ ဒီလောက်တော့ မထိရှကြပါဘူးပေါ့။
♣ ♣ ♣ ♣ ♣
          သူနဲ့ စတွေ့တာက ဆယ်တန်းဖြေပြီးခါစ နွေရာသီ ကျောင်းပိတ်တုန်းကပါ။ အဲဒီတုန်းက မေမေက ဈေးရောင်းဖို့ ရွှေမင်းဝံဈေးထဲမှာ အတင်းခေါ်လို့ မရလို့ ဖေဖေက မြင်းလှည်းငှားပေးပြီး မောင်းခွင့် ပေးလိုက်တာကနေ စရမယ်။ ကျနော်တို့ မြင်းလှည်းတွေက ပုံမှန်ဆိုရင် ကိုးပေဂိတ်မှာ ရပ်နေကျ။ အဲဒီနေ့မှ ကျနော်လည်း အော်ဒါ ပါသွားလို့ မြို့ထဲ ကားဂိတ်ဖက် ရောက်သွားတယ်။
          “ဟိတ် ဟိတ်… ရွှတ် ရွှတ်…. မြင်းလှည်းအားလား”
ကြည့်လိုက်တော့ ကျနော်နဲ့ သက်တူရွယ်တူ ကောင်မလေးတစ်ယောက်။
          “ကျနော့်ကို ခေါ်တာလား”
          “နင်ပဲ ရှိတာ။ နင့်ကိုပဲ ခေါ်တာပဲ”
ကောင်မလေးက ခပ်စွာစွာ ပုံပါပဲ။
          “ရတယ်လေ။ ဘယ်သွားချင်လို့လဲ”
          “ကောင်းမှုတော်ကို သွားမယ်။ ဘယ်လောက်လဲ”
          “မြင်တဲ့အတိုင်းပဲလေ။ ဒီမှာ ငါးယောက်”
          “ဟဲ့….သမီး မြင်းလှည်း စီးအုံးမလို့လား။ မာမီတို့ကားက ခဏပဲ ပြင်တာ စောင့်ရမှာ။ မစီးပါနဲ့ သမီးရယ်။ အန္တရာယ် များတယ်”
“ဟုတ်သားပဲ ကြယ်စင်ရယ်။ မစီးပါနဲ့။ ကိုယ်လည်း ကြယ်စင့်ကို စိတ်မချဘူး”
ခပ်ချွဲချွဲနဲ့ ပြောနေတဲ့ ငနဲက သူ့ဘဲ ထင်တယ်။ မြင်းလှည်း စီးတာများ အသက်အာမခံကြေးတွေ၊ ဘာ ကြေး၊ ညာကြေးတွေတောင် ဆောင်ထားရမယ့် ပုံကြီးပဲ။ တွေးရင်း အနုစိတ်ကျပြီး အဖြစ်သည်းလွန်းတဲ့ လူတွေကြောင့် သနားကြည့် ကြည့်နေရင်း ဟက်ဟက်ပက်ပက် ရယ်ပစ်လိုက်ချင်တယ်။
“ဟိတ်…. မောင်းလေ”
ကောင်မလေး၏ သတိပေးသံကြောင့် မြင်းကို ကြာပွတ်နဲ့ တစ်ချက် တို့လိုက်တယ်။
          “အောင်မယ်လေး သမီးရယ်။ ဒုံးပျံနဲ့ မြင်းလှည်းများ မှားငှားလာသလား အောက်မေ့ရတယ်။ ဘုရား.. ဘုရား”
          အဒေါ်ကြီးရဲ့ အဖြစ်သည်းလွန်းတဲ့ အသံကြောင့် မြင်းဇက်ကို ခပ်မှန်မှန်လေး ပြန်လျော့လိုက်တယ်။ “ခင်ဗျားတို့ ရန်ကုန်မှာ လိုင်းကား တွယ်စီးရတာလောက်တော့ အန္တရာယ် မများပါဘူးဗျ” ဟု အော်ပြောလိုက်ချင်ပေမယ့် မြင်းလှည်းခ မရသေးလို့သာ နှုတ်ဆိတ်နေလိုက်တယ်။
          “ဟိတ်…. နင် ကျောင်းတက်လား”
          ကောင်မလေးက လှသလောက် စပ်စုတယ်။
          “တက်တယ်”
          “အခု ဘယ်နှစ်တန်းလဲ”
          “ဆယ်တန်း ဖြေထားတယ်”
          “ဟယ်…. ဒါဆို ကြယ်စင်နဲ့ အတူတူပေါ့။ ဘာလဲ ကျောင်းပိတ်တုန်း မိဘကို ဝိုင်းကူတာလား။ နင် လိမ္မာလိုက်တာ။ ငါက အဲလိုလူမျိုးတွေဆို အရမ်းခင်တာ”
          “မိဘကို ကူတာလည်း ပါပါတယ်။ ပြီးတော့ ဆင်းရဲလို့ပါ”
          “အိုး…. အဲဒါတွေက အဓိက မကျပါဘူး။ စိတ်ထားကောင်းဖို့ပဲ။ နင့်ပုံက ဂျစ်တစ်တစ်ပုံစံပေမယ့် စိတ်ထား မွန်မြတ်မယ့် ပုံပဲ။ ငါ နင့်ကို ခင်လို့ ရလား”
          “ရပါတယ်။ ဒါပေမယ့် ကျနော်တို့က ဆင်းရဲတယ်”
          “အဲဒါ အဓိက မကျပါဘူးဆို။ ဒို့နာမည် မှတ်ထား။ ကြယ်စင်တဲ့။ ယူ့နာမည်ရော”
          “ထိပ်ထား”
          “နာမည်လေးက လှသားပဲ။ ယူ့ကို ဆက်သွယ်လို့ရတဲ့ ဖုန်းနံပါတ် ရှိလား”တဲ့။
          ဒီလိုဒီလိုနဲ့ သူမနဲ့ ကျနော် ရင်းနှီးခဲ့ကြတယ်။ ရန်ကုန် ပြန်ရောက်ပြီးပြီးချင်း သူ ကျနော့်ဆီ ဖုန်းဆက်လို့ အရမ်းအံ့ဩပြီး ရင်ခုန်ခဲ့ရတယ်။ ရန်ကုန်သူမို့လား မသိ။ သူမက ရင်းနှီးပွင့်လင်းလွန်းတယ်။
          “ဒို့ကို သတိမရဘူးလားတဲ့” တဲ့။ မေးပုံက…။ ကျနော် မအောင့်နိုင်တော့….
          “အရမ်းလွမ်းတယ်ကွာ”
လို့ ပြန်ဖြေလိုက်တယ်။


♣ ♣ ♣ ♣ ♣
          သူမက ရန်ကုန်လာဖို့ ခဏခဏ ခေါ်ပေမယ့် ထိပ်ထား ရန်ကုန်ကို တော်တော်နဲ့ မရောက်ဖြစ်ခဲ့။ ဆယ်တန်း အောင်တော့ အဝေးသင်တက်ဖို့ လျှောက်ထားလိုက်တယ်။ ပြီးတော့ မန္တလေးမှာ အလုပ်တစ်ခုရဖို့ လိုက်ရှာတယ်။ ဘာကြောင့်ရယ် မသိ။ လူတွေက ထိပ်ထားပုံစံကိုကြည့်ပြီး အလုပ်မခန့်ချင်ကြ။ အမေကတော့ ပြောတယ်။
          “နင့် နေပုံထိုင်ပုံ၊ ဝတ်ပုံစားပုံကြောင့်….”
          လူတစ်ယောက်ရဲ့ အရည်အချင်းဆိုတာ အနေအထိုင်နဲ့၊ အဝတ်အစားအပေါ်မှာပဲ သတ်မှတ်လို့ ရပါသလား။ အပေါ်ယံ အဝတ်အစား၊ နေပုံထိုင်ပုံကိုပဲ ကြည့်တတ်တဲ့ အဲဒီအသိုင်းအဝိုင်းမျိုးကိုလည်း ထိပ်ထားလုံးဝ အထင်မကြီးသလို သူတို့ ပတ်ဝန်းကျင်မှာလည်း အလုပ်လုပ်ဖို့ ဆန္ဒ လုံးဝမရှိ။
          ဒီလိုနဲ့ ယောင်ချာချာဘဝကနေ ဆေးကုမ္ပဏီတစ်ခုရဲ့ အရောင်းမြှင့်တင်ရေး ဝန်ထမ်း အလုပ်ရတယ်။ လမ်းလျှောက်ရတဲ့ အလုပ်ပေါ့။ ရန်ကုန်မှာ လုပ်ရမှာတဲ့။ နေထိုင်ဖို့ သူတို့ စီစဉ်ပေးမယ်တဲ့။ အဲဒီညမှာပဲ သူ့ဆီ ဖုန်းဆက်တော့ သူမလည်း အရမ်းပျော်နေပုံပါပဲ။ ကျနော့်ရင်ထဲမှာလည်း သူနဲ့တွေ့ရင် ပြောဖို့ စကားတွေက အပြည့်ရှိပြီးသား။
♣ ♣ ♣ ♣ ♣
          “ရန်ကုန်”
          ဘတ်စကား ခပ်ကြပ်ကြပ်ပေါ် စပယ်ယာ အအော်ခံပြီး အောင့်သက်သက် ပိုက်ဆံပေးနေရတဲ့ မျက်နှာ၊ ကာလပေါ် ဆေးတွေနဲ့ နီရဲပြီး ဝင်းမွတ်နေတဲ့ မျက်နှာ၊ ထမင်းချိုင့် တဖက်၊ လွယ်အိပ်တဖက် လုယက်တက်ပြီး ချွေးတဒီးဒီးနဲ့ အဆီပြန်နေတဲ့ မျက်နှာ။ နယ်မြို့လေးမှာ မြင်းလှည်းစီးရတာလောက် မသာယာတာ အမှန်ပါ။
          ရန်ကုန်မြို့ရဲ့ မွန်းကြပ်မှု များစွာထဲမှာ ကျနော့်အပေါ် အမြဲအားပေးခဲ့တာက “ကြယ်စင်” ဆိုတဲ့ သူမပဲပေါ့။ ဆေးကုမ္ပဏီမှာ အဆောင်ကိစ္စနဲ့ အဆင်မပြေလို့ ထွက်လိုက်တယ်။ အဓိကကတော့ ကျား၊ မ ခွဲခြားတဲ့ အဆောင်မှူးတွေကြောင့်ပေါ့။ ဒါပေမယ့် ရန်ကုန်မှာ ထိပ်ထားလို “လယ်စဘီယံ” သူငယ်ချင်းတွေက အများသားမို့ ထိပ်ထား ပျော်တယ်။ နယ်မှာဆို လက်တစ်ဆုပ်စာလောက်ရှိတဲ့ ထိပ်ထားတို့ ကို မြင်တဲ့လူတိုင်းက နှာခေါင်းရှုံ့၊ ဟာသလုပ်၊ အပြစ်တင်။ ဒါတွေကိုပဲ ထိပ်ထားတို့ ရင်ဆိုင်ရတာ။
          အခု ထိပ်ထား ဆေးဆိုင်တွေ ရောင်းတဲ့ အရောင်းစာရေးဘဝက Supermarket မှာ စောင့်တဲ့ ဒရဝမ် ဖြစ်သွားပေမယ့် ထိပ်ထား ဝတ်ချင်တဲ့ အဝတ်အစားမျိုး ဝတ်ရလို့ ပျော်တယ်။ ရန်ကုန် ရောက်တာ မကြာသေးဘူး။ အလုပ်တွေ မကြာခဏ ပြောင်းလိုက်ရလို့ ဘဝတူ သူငယ်ချင်းတွေက ထိပ်ထားနာမည်ရှေ့မှာ “ဂျင်ပစီ” ဆိုပြီး ဘွဲ့ပေးခဲ့တယ်။
          “ဂျင်ပစီထိပ်ထား”
          “ထိပ်ထား” လို့ ခေါ်တာထက်စာရင် ဒီနာမည်လေး အခေါ်ခံရတာကို ပိုကြိုက်ပါတယ်။ ခေါ်ပါစေလေ။
♣ ♣ ♣ ♣ ♣
“ကြယ်စင်… ပြောစရာ ရှိတယ်ဆို ပြောလေ”
“ကိုလည်း ပြောမယ်ဆို ပြောလေ”
သူငယ်ချင်းတွေ မြှောက်ပင့်ပေးမှုကြောင့်ရယ်၊ ရင်းနှီးလာတာကလည်း နှစ်နှစ်နီးပါး ကြာခဲ့ပြီဆိုတော့ သူ့ကို ချစ်တဲ့အကြောင်း ဖွင့်ပြောဖို့ပါ။ ဒါပေမယ့် အခုပုံက သူက စပြောမယ့်ပုံပဲ။
“Lady first ကွာ။ ကြယ်စင် အရင်ပြော”
သူမဘက်ကို ခေါင်းလေးညိတ်ပြီး နားစွင့်ထားလိုက်တယ်။
“ကြယ်စင် လက်ထပ်ရတော့မယ်…. ကို”
“ဘာ…!”
ရေကန်ထဲမှာ ကူးခတ်နေတဲ့ ရေဘဲလေးတွေ လန့်ဖျပ်ပျံသွားတယ်။ ဝတ်မှုန် ကူးနေတဲ့ လိပ်ပြာလေးတွေလည်း မျက်စိရှေ့မှာ ဦးတည်ရာမဲ့ ပြေးလွှားလို့…။ ရုတ်တရက် လေသင့်လိုက်တဲ့ ကန်ရေပြင်ဟာလည်း လိုင်းကြက်ခွပ်တွေနဲ့ ငြိမ်သက်ခြင်း မရှိ၊ ချစ်သူနှစ်ယောက်ကတော့ တိတ်ဆိတ် ငြိမ်သက်လို့။
“ကို…. တိတ်လှချဉ်လား။ ကြယ်စင့်ကို တစ်ခုခု တုံ့ပြန်ပါအုံး..”
ချောက်ကပ်နေတဲ့ အာခေါင်ထဲက တံတွေးကို အားယူပြီး ခပ်ပြင်းပြင်တစ်ချက် မျိုချလိုက်တယ်။
“ကြယ်စင်…. ကိုယ့်ဘဝတစ်ခုလုံးအတွက် ချစ်ခဲ့တာပါ။ ဒါပေမယ့် အခုကိစ္စမှာတော့ ကြယ်စင့် ဆုံးဖြတ်ချက်ကိုပဲ လိုက်နာပါရစေ။ ဒါဟာလည်း သတ္တိနည်းတာ မဟုတ်ပဲ ကြယ်စင့်ရဲ့အချစ်ကို ကိုယ် တန်ဖိုးထားလို့ပါ”
ဒီတစ်ခါတော့ သူမလည်း တိတ်ဆိတ်သွားတယ်။
“ကိုယ် ပြန်မယ် ကြယ်စင်”
သူမကို လှည့်မကြည့်ပဲ သံပတ်ပေး စက်ရုပ်တစ်ရုပ်လို ထပြန်ခဲ့တယ်။ သူမထံမှလည်း ဘာတုံ့ပြန်မှုမှ မရှိတော့။
♣ ♣ ♣ ♣ ♣
ကြယ်မလင်းတဲ့ ညမို့လား မသိ။ လက မသာချင်ဘူး။ ကိုယ့်စိတ်ကူးနဲ့ ရူးသွပ်ခဲ့တဲ့ ကမ္ဘာကလည်း အမြဲလိုလို အဆိပ်သင့် သင့်ခံခဲ့ရတာ။ ဘာကြောင့်များလည်းလို့ တွေးနေမိတယ်။ လည်ချောင်းထဲမှာလည်း ချောက်ကပ်လို့ ခပ်ဝေးဝေးက အဝေးပြေး ကားကြီးတွေ ဖြတ်မောင်းသွားသံမှအပ ညဟာ တိတ်ဆိတ်ပြီး ချောက်ကပ်လို့ နေတယ်။ ဒီအချိန်မှာ ဝီစကီခပ်ပြင်းပြင်း တစ်လုံးလောက်သောက်ပြီး စိတ်ရှိလက်ရှိ မှောက်ပစ်လိုက်ချင်ပေမယ့် မနက် အလုပ်မဆင်းရင် ပြုတ်သွားနိုင်လို့ အောင့်အီးကြိတ်မှိတ်နေရပြန်တယ်..။
“သြော်…. ရန်ကုန်… ရန်ကုန်… အသည်းကွဲတာတောင် လွတ်လပ်စွာကွဲခွင့် မရပါလားနော်”
တွေးရင်း ခပ်ဟက်ဟက် ပြုံးလိုက်မိတယ်။ ဒါဟာလည်း မွန်းကြပ်တဲ့ အပြုံးပဲ ဖြစ်နေအုံးမလား မသိ။
“ဒေါက်… ဒေါက်”
“ဘယ်သူလဲ ဟေ့…”
စီးကရက်မီးခိုးကို ခပ်ပြင်းပြင်း မှုတ်ထုတ်ရင်း လေသံမာမာနဲ့ ဟောက်ပစ်လိုက်တယ်။
“ကိုယ် ကြယ်စင်ပါ”
မျက်စိတွေ လင်းလက်သွားတယ်။ နှလုံသွေးတွေလည်း ဆူပွက်လို့၊
“ကြယ်စင် မင်း..မင်း”
“ကြယ်စင် ကို့ကို မခွဲနိုင်ဘူး…. အဟင့် ဟင့်”
အကြားချင်ဆုံးက ဒီစကားပါလေ။ ချစ်သူ့ကိုယ်လုံးလေးကို ခပ်တင်းတင်း ဖက်ထားလိုက်တယ်။ ခဏအတွင်းလေးမှာပဲ ဘဝက အဓိပ္ပါယ်ရှိသွားတယ်။ ခပ်ပြာပြာ ကောင်းကင်ကို လှမ်းမျှော်ကြည့်တော့လည်း ကြယ်တာရာတွေက စုံလို့။ အလို…. သိပ်လှပလွန်းတဲ့ ညပါလား။ ချစ်သူနှစ်ယောက် တစ်ယောက်ကို တစ်ယောက် ရင်ချင်းအပ်ပြီး ဖက်ထားလိုက်ကြတယ်။ ဘယ်တော့မှ ဘယ်လိုအကြောင်းနဲ့မှ မဝေးတော့ဘူးဆိုတဲ့ သဘောပါလေ…………။
                                                                                                 ချစ်ခင်လေးစားလျက်
                                                                                                   နိုင်ထက်ခိုင်

No comments: