Monday, May 17, 2010

Bunny's Ko Ko (Part I)

ယုန်ကလေးရဲ့ကိုကို

မိုးရယ် ရွာချလိုက်ပါဗျို့လို့ လူတချို့မိုးကိုခေါ်ကြတယ်။ မိုးက တာကျိုးအောင် ကန်သင်းကျိုးအောင်လည်းရွာချလိုက်မိရော။ သူတို့မိုးကို မလိုလားကြတော့ဘူး။

'ကိုကို့ကို တကယ်ချစ်ခဲ့တာပါ။ ဘ၀မှာ အဦးဆုံးနှင့် အသည်းထဲ တဆုံးဓားနှင့်ထိုးသလို စူးစူးနစ်နစ်ပေါ့။'

'ကိုကိုနှင့် လူခြင်းမတွေ့ခင် Online မှာ စကားတွေပြောကြ၊ ကိုယ့်အကြောင်း သူ့အကြောင်း ဝေမျှကြ၊ ပျော်စရာဝမ်းနည်းစရာ တွေပြောနေကြချိန်တုန်းက ရင်ထဲ တဆတ်ဆတ်ခုန်နေတာ ယုံမယ်မထင်ဘူး ဘယ်သူမှ။'

'ကိုကိုက ရွာတာများလွန်းလို့ မိုးကိုငြိုငြင်လာတာလား၊ ဒါမှမဟုတ် ဖက်စွတ်မိုးလောက် ဖုံသိပ်ရုံလောက်ပဲ ရည်ရွယ်တာ လားဗျာ။ တမင်တကာများ ရွာသွန်းစေချင်ရော့သလား။'

'အချစ်ဆိုတာ ရင်ခုန်ရုံသက်သက်ဆိုရင် ဘာမှမဟုတ်ပေမဲ့ Bunny ကတော့ ပျော်ဝင်သွားခဲ့တာဗျ။'

'တော်လောက်ပြီကိုကို အရမ်းချစ်ရပေမဲ့ လမ်းခွဲကြဖို့ Bunny ဆုံးဖြတ်လိုက်ပြီ။ လမ်းခွဲသင့်ပြီ။'

x              x              x

မှန်ပေါ်မှာ ပေါ်နေတဲ့ ကျွန်တော့်မျက်နှာကို အနားသတ်နေတဲ့ ဆံနွယ်မရှည့်တရှည်ကို နည်းနည်းစုစည်းလိုက်ကာ သပ်ရပ် အောင် လုပ်လိုက်ပြီးမှ မျက်ကပ်မှန် မတပ်ရသေးမှန်း သတိရတယ်။ ဒီနေ့စတူဒီယိုသွားမှာဆိုတော့ မျက်မှန်ထူထူတပ် သွားလို့ ဘယ်ဖြစ်မလည်း။

ကိုယ်ဝါသနာပါရာကို လုပ်နေရရင် ပျော်ရွှင်မြူးကြွနေတတ်ကြတာ အမှန်ဗျ။ အခုသီချင်းဆိုတာ ၀ါသနာပါတဲ့ ကျွန်တော် သီချင်းတွေစဆိုနေရပြီ၊ အတွဲခွေတွေမှာ ကျိုကြားပါနေရပြီဆိုတော့ ဘာပဲဖြစ်ဖြစ် အိုကေမှ စိုပြေနေပါပြီ။

နားမှာတပ်ထားတဲ့ Head phone ကို အသာဖြုတ် သူ့နေရာသူထားပြီး အသံသွင်းခန်းထဲက ထွက်လာချိန်မှာ ကျောပိုး အိတ်ထဲက ဖုန်းသံက တ၀ုတ်ဝုတ် ထဟောင်သလေ။ ပါပီ့အသံလေးသဘောကျလို့ ringtone လုပ်ထားတာ။

အစ်ကို ဘာလုပ်နေလည်း? ထမင်းစားပြီးပြီလားဗျ?'

'No ပါ၊အခုမှ အသံသွင်းပြီးတာကွ၊ ညီရော?'

'စားတော့မှာဗျ၊ အစ်ကိုကြိုက်တယ်ဆိုတဲ့ ဟင်းတွေအိမ်မှာ ချက်လို့ သတိရပြီး ဖုန်းဆက်တာ'

'Good! ညီ့အမေတို့ ဆိုင်ကိုသွားကုန်လို့ လွတ်လွတ်လပ်လပ် ဖုန်းဆက်နေတယ်ပေါ့ အိမ်ကနေ?'

'အစ်ကိုကလည်းဗျာ......ဟီး'

'မင်းကချစ်ဖို့ကောင်းသား၊ ကိုယ့်မှာ ညီမရှိတော့ ကိုယ့်ညီငယ်လေးတစ်ယောက်လို ချစ်ချင်တယ် ရမလား?'

'အစ်ကို ချစ်ချင်သလိုချစ်'

ချစ်ချင်သလိုချစ်တဲ့ ဘာကိုရည်ရွယ်သလည်း မသိပါဘူး။ ရင်ထဲတော့ တစ်မျိုးတမည်ဖြစ်သွားရပါတယ်။ ဟုတ်တယ်လေ ကျွန်တော့်မှာ ညီငယ်လေးမရှိတာ၊ ပြီးတော့ ကောင်လေးရဲ့ အစ်ကိုခေါ်သံဟာ ကြည်နူးစရာ အကောင်းသားမဟုတ်လား?

x           x           x

'၀ုတ်ဝုတ်....၀ုတ်'

'မောနင်း...ညီ'

'အစ်ကို အခုမှ ထတာလားဗျ၊ တစ်ခုပြောမလို့...ညီတို့...ဟို ခင်တာလည်းကြာပြီ မုံရွာကိုလာလည်ပါလား'

'Good တာပေါ့ ကိုယ်လည်း ဒီရက်ပိုင်းအတွင်းအားနေတာ။ မုံရွာလာခဲ့မယ်လေ။ ညီတို့အိမ်မှာတော့ မအိပ်ဖူးနော်.....ဟာ...မတည်းဘူးပြောတာကွ...မင်းကလည်း'

'အိုကေ...အိုကေ..ဘိုင့်..အစ်ကိုလည်း ညီ့ကိုချစ်ပါတယ်'

ဒီအတောအတွင်း နယ်ရှိုးတွေမှာ လိုက်ဆိုစရာအစီအစဉ်မရှိတာနဲ့အတော်ပါပဲ။ မာမီတို့လည်း အလုပ်မများတုန်း အလည် သွားဦးမှပါ။ ကောင်လေးက ဖော်ရွေတယ် ခင်ဖို့ကောင်းတယ်။ ဘာပဲဖြစ်ဖြစ် ရင်ထဲမှာ နှစ်လိုဖွယ် ခံစားမှုကိုဖြစ်ထွက်ခံစား ရပါတယ် သူနဲ့ပတ်သက်ရတာ။

အ၀တ်တွေ အစုံအလင်ထည့်၊ ပြီးတော့ ပိုက်ဆံလုံလောက်အောင်ဖြည့်ကာ အိတ်ထဲထည့်ထားတဲ့ ကားလတ်မှတ်ကို စမ်းကြည့်မိတော့ ခုလုခုလုနဲ့။ နှိုက်ကြည့်လိုက်မိမှ ကောင်လေးအတွက်ဝယ်ထားတဲ့ iPod ဖြစ်နေတယ်။ ဆိုထားတဲ့ သီချင်းလေးတွေ သွင်းပေးသွားဦးမှပါပဲ။ ဒါမှ သူလေးနားထောင်ဖြစ်မှာ။

'ဟုတ်ကဲ့မာမီ..သားမဆိုးပါဘူးဗျာ။ မုံရွာက သူငယ်ချင်းဆီ အလည်သွားမှာ။ မသောက်ဖူး စိတ်ချ'

ကားဂိတ်သွားခါနီး မာမီ့ကိုကန်တော့ချိန်မှာ စိတ်မပူဖို့ပြောရပါတယ်။ ကလေးမဟုတ်ပေမဲ့ ကျွန်တော်က တစ်ခါတလေ သူငယ်ချင်းတွေနဲ့စုပြီး Johnny Walker လေးမော့တတ်တာကြောင့်လေ။

x           x           x

'မင်းတို့မုံရွာကလည်းကွာ လည်စရာသိပ်မရှိဘူးနော်။ တစ်ပတ်တောင်မပြည့်သေးဘူး ကုန်သွားတာပဲ'

'အစ်ကိုကတော့လုပ်ပြီ ဒီလောက်တော့ရှိမှာပေါ့ဗျ'

'မေမေတို့ကပြောတယ်သိလား အစ်ကိုက ခင်ဖို့ကောင်းတယ် နှစ်သက်ဖို့ကောင်းတယ်တဲ့။ ညီပျော်သွားတာပဲ'

ကောင်လေးတို့အိမ်မှာ မတည်းဖြစ်ပေမဲ့ မုံရွာဟိုတယ်မှာ အခန်းယူပြီး နားဖြစ်ပါတယ်။ ရောက်စရက်တွေမှာတော့ ဧည့်ဝတ်ကျေပွန်မှုသက်သက်လို့ထင်ပေမယ့် ဒီကောင်လေး တိမ်းညွှတ်ပုံကတော့ တစ်မျိုး။

အခုလည်း တနေကုန်သွားလာထားတာဆိုတော့ ငြောင်းငြာနေတာကြောင့် ရေချိုးခန်းဝင်ခဲ့ပါတယ်။ ကောင်လေးကတော့ ပေးထားတဲ့လက်ဆောင်နဲ့အတူ ခုတင်ပေါ်မှာငြိမ့်နေတာပေါ့။

အေးမြနေတဲ့ ရေရဲ့အထိအတွေ့ကြောင့် တစ်ကိုယ်လုံးလန်းဆန်းသွားသလို၊ ရေချိုးဆပ်ပြာရည်အသစ်ကပေးတဲ့ မွှေးပျံ့မှု ကလည်း စိတ်ကိုနွေးထွေးစေသား။ အတန်ကြာ ရေချိုးပြီးနောက် အခန်းတွင်းပြန်ဝင်ခဲ့တော့ ကောင်လေး ကျွန်တော့် မျက်နှာဆီကို ကြည့်နေတဲ့ မျက်လုံးတွေက ရီဝေေ၀ပါ။

'အစ်ကို့ဘော်ဒီကမိုက်တယ်နော်'

'ဒီမွှေးညှင်းနုလေးတွေက ဘာကြောင့်ရင်ဘတ်ကနေ အောက်နားအထိဆက်နေရတာလဲဟင်'

'အဲဒီလောက် ရှိုးမထုတ်ပါနဲ့ဦးဗျာ....ညီ....ညီ'

'အစ်ကို့နှုတ်ခမ်းတွေက လှလိုက်တာ'

'ဟာ...ညီဘာလုပ်တာလည်း မလုပ်ပါနဲ့'

တရှိန်ထိုး ဆူတက်လာတဲ့ သွေးတွေ နှုတ်ခမ်းဖျားဆီရောက်ရှိကုန်ပြီထင်ပါရဲ့။ တစ်ကိုယ်လုံးတုန်ခါသွားရသလိုပဲ ကောင်လေး အနမ်းကျွမ်းကျင်ပေစွ။ နောက်ပြီး သူ့ရဲ့နူးညံ့တဲ့ ပခုံးသားကို ကိုင်တွယ်မိချိန်မှာတော့ ကျွန်တော့်ရင်ခွင်ထဲ သူတိုးဝင်လာတယ်။

ဘာပဲဖြစ်ဖြစ်ကွာ...။

ခါးမှာပတ်ထားတဲ့ တဘက်ဖြူဟာ ကြမ်းပြင်ပေါ်မှာ ပုံလျက်ကျနေသလို ဂျင်းတွေ တီရှပ်တွေနဲ့အတူ iPod ဟာလည်း အတူလှဲလျောင်းလျက်။

'အ...အစ်ကို.....'

x          x          x

ကိုယ့်ကိုချစ်သည်ဆိုသော ကောင်လေးတစ်ယောက်၊ ကိုယ့်ကို ဂရုစိုက်သောကောင်လေးတစ်ယောက်ရှိသည်ဆိုတော့ ပျော်မိသလိုပါ။ သူပို့ပေးသော အစားအသောက်များ၊ အညာအထည်များ၊ မနက်ခင်းတိုင်းလာနေကျ ဖုန်းထဲက အသံ တွေကလည်း နားဝင်ချိုမြိန်ပေစွ။

မထူးဆန်းဘူးလား? အစပိုင်းမှာတော့ ထူးဆန်းပါသည်။ သူက မိန်းကလေးတစ်ယောက် မဟုတ်ခဲ့ဘူးလေ။ ဒါပေမဲ့ ကျွန်တော့်ရင်ခုန်သံတွေ ပူနွေးစေတာ၊ မြန်လာစေတာကို ပေးစွမ်းနေတယ်။

ရန်ကုန်ရောက်လာရင်ပဲဖြစ်ဖြစ် တခြားနေရာမှာပဲဖြစ်ဖြစ် သူ့သူငယ်ချင်းတွေနဲ့မိတ်ဆက်ပေးတယ်၊ ခင်မင်စေတယ်။ ကျွန်တော်ကလည်း ညီလေးဆိုပြီး အပေါင်းအသင်းတွေဆီ မိတ်ဆက်ပေးဖြစ်တယ်။

အိမ်က မာမီတို့ကလည်း သူ့ကိုတော်တော်ချစ်ကြတာ။ ဒယ်ဒီကဆို သားငယ်လို့ခေါ်သည်အထိ။ ရန်ကုန်ကို သူလာလည် သည့်အခါ ကျွန်တော့်အခန်းမှာသာ အတူတူ အပ်စက်ဖြစ်ကြလေသတည်းပေါ့။

'ဘာပဲဖြစ်ဖြစ်နော် အစ်ကို....ညီ့ကိုခွဲမသွားရဘူး'

'အစ်ကို့ကို သ၀န်တိုတယ်သိလား သူတို့တွေက ဘာကြောင့် ဖုန်းအကြာကြီးဆက် ဓာတ်ပုံတွေတောင်းလုပ်ရတာလည်း'

'မိတ်ဆက်ပေးမိတာမှားပါတယ်၊ ညီ့သူငယ်ချင်းဖြစ်ပေမဲ့ မျက်လုံးတွေက အစ်ကို့ဆီက မခွာတော့ဘူး'

'အစ်ကို အိမ်စောစောပြန်ရမယ်နော်'

x              x              x

ကိုကို လို့ပဲခေါ်မယ်ဗျာ။ တစ်ခါမှ ရင်ထဲမဖြစ်ပေါ်ဘူးတဲ့ ရင်ခုန်မှုတွေ ကိုကိုနဲ့မှဖြစ်ပေါ်တာ။ ကိုကိုက စကားပြော ကောင်းတယ်။ Online မှာဆို အသံချိုချိုနှင့် အမြဲပျော်ရွှင်စေတာ။ အတော်လည်း တတ်နိုင်တယ် ရင်ခုန်သံတွေ ဆူတက်လာအောင် သူအမြဲလုပ်တယ်။

စခင်ကာစကတော့ အခုပုံစံမဟုတ်ပါဘူး။ ခပ်တည်တည်ကြီးနဲ့ စကားပြောတာကလည်း တောင့်တောင့်ကြီး။ သုံးလေး ရက်လောက်ကြာတော့ အဲဒီ့ပုံစံမဟုတ်တော့ဘူး အစအနောက်လေးတွေ ဟာသလေးတွေနှင့်။

ရင်ထဲဘာဖြစ်မှန်းမသိဘူးဗျာ။ လူတစ်ယောက်အပေါ် မမြင်ဘူးပဲ ဒီလောက်ပျော်ဝင်သွားမိစေတယ်ဆိုတာ။ စကားလုံး တွေကြောင့် ဟုတ်ဟန်မတူပါဘူး ကိုယ်တိုင်က အစိမ်းသက်သက်ဖြစ်နေလို့လား အချစ်နဲ့လေ။

မနက် မနက် အလုပ်ကိုရောက်တော့လည်း သူပြောတဲ့စကားတွေကိုကြားနေတာ။ အိမ်ရောက်လို့ အ၀တ်တွေလည်း တော့လည်း သူကြိုက်တဲ့ အင်္ကျီအရောင်လေးတွေကို သတိရနေတယ်။ ထမင်းစားတော့ရော သူကြိုက်တယ်ဆိုတဲ့ ဟင်းလေးတွေ....ကုန်ကုန်ပြောရရင် အချိုတည်းဖို့ မလိုင်လုံးစားရင်တောင် ရင်ထဲချိုပြီး အေးနှင့်နေပြီ။

ကဗျာဆန်တဲ့ ရင်ခုန်မှုတွေ ဖြစ်ပေါ်နေရပြီပဲ။

'ချစ်တယ် ကိုကို'

x           x           x

'ဟုတ်ကဲ့....ဟုတ်ပါတယ်ဗျ ထိုင်ပါ'

'ကိုယ်တို့ အခုမှတွေ့ဖြစ်ကြတာနော် အပြင်မှာ...မင်းက ကိုယ့်ထက်ငယ်တာပဲ'

'ကိုယ်ကလား....နည်းနည်းပဲကြီးတာပါဗျာ...အသက်..အသက်'

ကိုကို မသိပါဘူး ညီံခြေဖျားလက်ဖျားတွေအေးစက်နေတယ်ဆိုတာ။ စကားတွေပြောနေရတာ တိမ်တွေထဲလွင့်နေ သလိုပါပဲ။ အောက်ခြေလွတ်နေတဲ့ ခံစားမှုမျိုးဖြစ်နေတာ။ ကိုကို ဘာတွေပြောနေလည်း.. ညီကတော့ ရင်ခုန်နေတာကိုပဲ သိတယ်ဗျာ..။

'Bunny လို့ခေါ်မယ်ကွာ မင်းလေးက ယုန်လေးနဲ့တူလို့'

'ဟွန်...ကိုကို...အဲ ကိုကိုလို့ခေါ်မယ်နော်'

'ဒါပေါ့....ကိုသိပ်ပျော်သွားပြီ Bunny မင်းလေးက ချစ်ဖို့တကယ်ကောင်းတာပဲ'

ချစ်ဖို့ကောင်းတယ်တဲ့လားကိုကို။ ကိုကိုခေါ်သလိုဆို Bunny ရင်ထဲမှာလည်း ထို့အတူပါပဲဗျာ။ အတူအပြင်ကိုထွက် မြို့ထဲလျှောက်သွား သီချင်းစီဒီတွေဝင်ကြည့် လမ်း၂၀ နားက ဖက်ထုပ်ဆီချက်တို့ သံဈေးထိပ်နားက ကော်ကြော်တို့ စားရတာ အားလုံးဟာ အရသာကိုရှိလို့ ဒီနေ့ဟာ။

'Don't leave me alone Ko Ko'

x           x           x

ခင်ဗျားလေးကလေ တဲ့တိုးကြီးပဲပြောတယ်။ တဖက်သား ဘယ်လိုခံစားရမယ်ဆိုတာ ထည့်မစဉ်းစားဘူး။

Bunny မှ ငါးပိရည်မကျိုတတ်တာ၊ တခြားဟင်းတွေကတော့ အဆင်ပြေတယ်မဟုတ်လား?

ကိုကို အ၀တ်လဲပြီးရင် ထမင်းစားပြီး ဆေးသောက်လိုက်နော်။ ကိုယ်ငွေ့နည်းနည်းရှိချင်တယ်။

ကိုကိုရုံးကိုလာကြိုတာ အရမ်းပျော်တာပေါ့ဗျ။ Bunny အခုရုံးခဏပြန်သွားရဦးမယ်။ ကိုကို နေခဲ့ဦးနော် Bunny ပြန်လာမှ အိမ်ကို လိုက်ပို့ပေးမယ်လေ။

'စိတ်မဆိုးပါဘူး ကိုကိုရယ်၊ ပွင့်လင်းတာကြိုက်ပါတယ်။ ကိုကို့မာမီချက်တာလိုတော့ ဘယ်ဟုတ်ပါ့မလဲ။ ကိုယ်ချက်ကျွေးတာကို သဘောမကျဘူးဆိုပြီး နည်းနည်းတော့ အောင့်တာပေါ့ဗျ'

'နေကောင်းပါစေ ကိုကို'

x           x           x

မိုးဖွားလေးတွေကျတဲ့အချိန်မှ ကိုကို့ဆီဖုန်းဆက်ရမှာကို အားတင်းဖြစ်တယ်။ ကိုကိုစိတ်ခုသွားသလားမသိ။ Bunny....Bunny အတွေ့အကြုံမရှိတော့၊ နောက်ပြီး....Bunny ကြောက်လို့ပါကိုကိုရယ်။

Bunny တို့တွေ့ဖြစ်ကြတာ ဒီကိစ္စက အရေးပိုကြီးနေသလား? ကိုကိုခဏ ခဏတောင်းဆိုတာကို  မလိုက်လျောနိုင် တာကြောင့် ကိုကိုရှက်ပြီး စိတ်ခုသွားတယ်။

ကိုကိုနဲ့မတွေ့ရတာ Bunny မနေနိုင်ဘူး ကိုကို၊ ကိုကို့ကို Bunny တကယ်ချစ်သွားပြီဗျာ။ ကိုကို့ စိတ်သဘောအတိုင်း လိုက်လျော ပါတော့မယ်။ ကိုကိုသာ Bunny ကို အထင်သေး တန်ဖိုးမထားတာမျိုးတွေ မဖြစ်ပေါ်အောင် ပြုမူပေးပါလို့။

'ကိုကို Bunny တို့ တွေ့နေကြ ဆိုင်လေးကိုလာခဲ့နော်။ ဘာမှမလုပ်ပါဘူးဗျာ ကိုကိုနဲ့တွေ့ချင်လို့'

ဆိုင်ထဲ ထိုင်စောင့်ဖြစ်တဲ့ခဏ ရင်ထဲမှာ ရင်ခုန်သံအရမ်းပြင်းနေသလို ခံစားရတယ်။ သူ့ကိုချစ်ရင် သူ့ဆန္ဒအားလုံး လိုက်လျောရမှာဆိုတော့ ကိုယ်တကယ်လိုက်လျောနိုင်ပါ့မလား တွေးပြီးတော့....

'ဟုတ်...ကော်ဖီအေးမှာထားပေးတယ် ကိုကို'

'Bunny မွေးနေ့သက္ကရာဇ်ကို မှတ်မိလား ကိုကို? Bunny လက်ကိုင်ဖုန်း password ကအဲဒါပဲ။ ဖွင့်ပြပေးပါလား'

'ဟာဗျာ ကိုကိုကလည်း သေချာမကြည့်ဘူး၊ ပွင့်တာတော့ပွင့်တာပေါ့ ပြန်ဖွင့်ပြီး ဖုန်း screen ကို ကြည့်လေဗျာ'

'ဟုတ်တယ် တွေ့ပြီလား Bunny Love Ko Ko ဆိုတဲ့ စာတမ်းလေးကို'

'ရှက်တယ်ဗျာ....ချစ်တယ်ဆိုမှတော့ ကိုကို့သဘောပေါ့'

ကိုကို အရမ်းပျော်သွားတာ ကျေနပ်ပါတယ်။ မျက်နှာမှာ အပြုံးကိုဝေလို့။ အမြဲပျော်ရွှင်စေချင်တာ ပြုံးနေစေချင်တာ Bunny ဆန္ဒပါ။

ဒါပေမဲ့ကိုကို.....Bunny ကြောက်နေသလိုပဲ တစ်ခုခုကို...

x           x           x

'ရွှတ်....ရွှတ်..ဟေ့'

'ကိုကိုက ဘာကြောင့် လှည့်လှည့်ကြည့်ရတာလည်း ခေါ်သံကြားတာနဲ့။ ကိုကို့နာမည်ကို ခေါ်တာမှမဟုတ်တာပဲ'

'Bunny ကလည်းကွာ ကိုယ်က မျက်မှန်ပါဝါများတော့ တည့်တည့်ကြီးတိုးတာတောင် မမြင်ဘူး။ မျက်စိမှုန်တဲ့အပြင် နားမကြားဘူးလားထင်မှာစိုးလို့ပါကွာ'

'ဟုတ်ပါပြီ'

'ကိုကို ဒီသီချင်းလေးကို Bunny အတွက် သီချင်းအဖြစ်ရေးပေးပါလားဗျာ'

'Wan Lee Hon ရဲ့ သီချင်းလေးကို Bunny အတွက်လက်ဆောင်အဖြစ်ရေးပေးပါလား? ကိုကိုနားထောင်ပြီးရင် ကြိုက်သွား မှာပါ သူ့ရဲ့သံစဉ်လေးတွေကို။

'ကိုယ် ကော်ပီတော့မဆိုချင်ဘူး။ ဒါပေမဲ့ Bunny အတွက်သီးသန့်အဖြစ်ရေးပေးမှာပေါ့ '

'အင်း... ကိုကိုရေးပေးပါ့မယ်လေ'

သီချင်းဆိုတာ သံစဉ်လှလှလေးတွေနဲ့ ဖွဲ့စည်းထားတတ်ကြတယ်။ သီချင်းများစွာထဲမှာ ကိုယ့်အတွက် အထူးရည်ရွယ် ထားတဲ့ သီချင်းတစ်ပုဒ်ဆိုရင် ဘယ်လောက်ကောင်းမလဲ နားထောင်ရတာ။ အထူးသဖြင့် ကိုကို့နှုတ်ဖျားက ထွက်ကျ လာမယ့် သီချင်းချိုချိုကို နားထောင်ပါရစေ။

ကိုကို ဂစ်တာတီးပြီး သီချင်းဆိုတဲ့အခါ ကိုကို့မျက်နှာလေးကြည့်ပြီး သံစဉ်ကြောမှာ မျောရတာ Bunny တော်တော်ကြိုက် တယ်

'ကိုကို တေးသီငှက်လေးနား အမြဲနေချင်သူ Bunny ရယ်ပါ'

x           x           x

'ကို့ရဲ့အကြင်နာတွေ Bunny နားလည်စေ

အရာရာမှာ မင်းကတော့ ပေးခဲ့သူ

အကြိမ်ကြိမ် ခါ အမှားများလည်း ပြင်မရတော့ ကိုရူး

ကွဲကြေနေပါပြီ ကို့ရဲ့အသည်းတွေ'

နယ်ရှိုးပွဲလာဆိုရင်း ကိုရေးပေးထားတဲ့ သီချင်းတစ်ပိုင်းတစ်စကို ဆိုညည်းမိနေခြင်းပါ။ ကျွန်တော့်စိတ်ထဲမှာ အသည်းထဲမှာ သူပဲရှိပါတော့တယ်။ ဟုတ်တယ် ကိုပဲတကယ်ချစ်တယ်ဆိုတာ ကြာလာလေလေ ရင်ထဲပိုသိလာလေဖြစ်နေပါပြီ။ မနက်ခင်းတိုင်းလာနေကျ ဖုန်းသံလေးကလည်း တိတ်ဆိတ်နေတာကြာပြီ။ အဲဒီ့ဖုန်းသံကို ကျွန်တော် မေ့ချင်နေပြီဖြစ် သလို မမျှော်လင့်ချင်တော့ပါဘူး။

Bunny နှင့် တွေ့ဖြစ်ကြတာ အဦးအစမဟုတ်ခဲ့ပေမယ့် ကျွန်တော် တကယ်ချစ်မိသွားပြီ။ သူလည်းပဲချစ်တယ်ဆိုတာ ကျွန်တော်သိတယ်။ မြန်မာနိုင်ငံမှာများ ကျွန်တော်တို့အတွဲတွေ လက်ထပ်ခွင့်ရကြရင် သူနှင့်သာ လက်ထပ်မှာ။

'၀ုတ်...၀ုတ်'

'အင်း....လားရှိုးမှာဟုတ်လား အော်အမျိုးတွေဆီသွားလည်တာလား ညီ'

'အဆင်ပြေပါတယ်၊ ဘယ်လိုမှ မထင်ပါဘူး၊ ညီအဆင်ပြေရင် ပြီးတာပါပဲ'

'အိုကေ ဘိုင့်'

See you လို့မပြောဘဲ ဖုန်းပိတ်လိုက်တယ်။ ဖုန်းသံကိုမမျှော်လင့်ပါဘူးဆိုမှ ကြားရပါတဲ့ ဖုန်းသံလေးပါ။ မုံရွာက ကောင်လေးဆက်တာလေ။ လားရှိုးက အမျိုးတွေဆီသွားလည်သတဲ့။သူ့အသံကြားရတာ ရင်ထဲဘယ်လိုမှ မခုန်တော့ပါ။ သူ့အလိုလိုဖြစ်နေတဲ့ ဖြစ်တည်နေတဲ့ ခံစားချက်ဖြစ်မှန်း ကျွန်တော်သိတယ်။

'မင်းအဆင်ပြေပါစေညီ'

x           x           x

လောကကြီးထဲ ဘယ်သူ့ကိုမှ ဂရုမစိုက်ဘဲ ကျွန်တော်နဲ့ Bunny လက်ခြင်းချိတ်ကာ လျှောက်သွားနေကြတယ်။

မြို့ထဲအနှံ့၊ ဘုရားတွေ၊ ဥယျာဉ်တွေ နေရာများစွာကိုလည်းရောက်ပါတယ်။ ခိုကလေးတွေ အစာကျွေးရင်း နှစ်ဦးသား ကြည်နူးကြတာလည်းအခါခါ။

မင်းလေးရယ်လိုက်ရင် အရမ်းချစ်ဖို့ကောင်းတာပဲ Bunny ။ မင်းအပြုံးတွေကို တစ်သက်လုံးပိုင်ဆိုင်ချင်လိုက် တာ။ ပိုင်ဆိုင်ခွင့်ရအောင်ကိုယ်ကြိုးစားမယ်။

Bus ပေါ်မှာ တစ်ယောက်ကိုတစ်ယောက် ချိုချဉ်ခွင့်ကျွေးဖြစ်တော့ စပယ်ယာက မျက်လုံးကြီးပြူးလို့။ ယောက်ျားလေး နှစ်ယောက်က ဒီလိုကြင်နာပြကြဖို့လိုသလားပေါ့လေ။

'ကိုလေး...ကိုလေး....ထတော့လေဗျာ ခဏနေရန်ကုန်ပြန်ဖို့ ကားရောက်လာတော့မှာ'

'အင်း...ကျေးဇူး...ရည်းစားကိုလွမ်းပြီး ငိုက်သွားမိတာဗျ...ဟဲ ဟဲ'

'ဖြစ်ရမယ်....ဒီမှာ ကိုလေးအကြိုက် လိမ္မော်ရည်သောက်လိုက်ဦး ပရိတ်သတ်တစ်ယောက်က လက်ဆောင်တဲ့ လာပေးသွားတာ'

'ကျေးဇူး'

x           x           x

'ဟုတ်တယ် Bunny ကိုယ်အခုပဲပြန်ရောက်တာ'

'မတွေ့ချင်သေးဘူး ဟုတ်လား? ကိုယ်အရမ်းလွမ်းနေတာကွာ Bunny ကလည်း'

'ကိုယ်လည်းအလုပ်များတာပဲကွ......Bunny ရာ'

 'မင်းကွာ.....စိတ်တိုတယ်၊ မောမောပန်းပန်းပြန်လာသူကို ရင်ဝဆောင့်ကန်တယ်'

'ပြီးတာပဲ.....နက်ဖြန်တွေ့ကြမယ် အိုကေလေ'

ရင်ထဲထိတ်ကနဲဖြစ်သွားမိတယ်။ စိုးရိမ်တာတော့မဟုတ်ပါဘူး။ ဖြစ်မှမဖြစ်နိုင်တာ။ သူ့အရင်တစ်ယောက်ကို ငြိခဲ့တာ တွေကိုလေ။ အခုအလုပ်မအားလို့ပဲဖြစ်မှာပါ။

အရင်အခေါက်တွေပြန်လာတုန်းကတော့ အပြေးလေးရောက်လာပြီး ရင်ထဲခိုဝင်ကြည်နူးရတာအမော။ ညစ်ပေနေတဲ့ အ၀တ်အစားတွေကို သူကိုယ်တိုင်လျှော်ဖို့ စီစဉ်ရတာလည်းပါရဲ့။ ၀ယ်လာတတ်တဲ့ နယ်ကမုန့်ကလေးတွေကိုလည်း နှစ်သက်စွာ စားသေး။

'ဟူး.....Bunny ရယ် မခွဲနိုင်တော့ဘူးကွာ'

No comments: