Sunday, November 18, 2012

ညဆိုးကလဲ့စား


By lovealone 

တစ်ခန်းလုံး တိတ်ဆိတ်ငြိမ်သက်လျှက်ရှိသည်။ သူမကတော့ အေးအေးဆေးဆေးပဲ သောက်လက်စ စီးကရက်ကို ဖွာနေသည်။ သူ သူမရှေ့တွင် ဇောချွေးတွေပြန်နေသည်။ သူမ၏ မျက်လုံးတွေက စိမ်းမြနေသည်။ စိမ်းသည်မှ ရက်စက်စိမ်းကားလွန်းသည့် အရောင်တွေလျှက်ပြေးလျှက်။ စင်စစ် သူမသည် သူပေါင်ပေါ်တွင် စိမ်ပြေနပြေထိုင်နေခြင်းသာ။ သူမ၏ လက်တစ်ဖက်က သူ့ပခုံးကို သိုင်းဖက်ထားပြီး ကျန်လက်တစ်ဖက်ကတော့ အငွှေ့တလူလူထွက်နေသည့် စီးကရက်ကိုကိုင်ထားသည်။ သူ သူမကကို မဝံ့မရဲကြည့်မိသည်။ သူ သူမကို သူ့အနားမှ လွင့်စင်သွားအောင် လုပ်ပစ်လိုက်ချင်သည်။ သူမကို သည်ကမ္ဘာလောက၏ အပြင်ဖက်သို့ ရောက်သွားအောင် တွန်းထုတ်ပစ်လိုက်ချင်သည်။ သူမ၏ မျက်နှာကိုမြင်ရသည်မှာ သူ့အတွက် ကျက်သရေကင်းမဲ့လှသလို သူ့စိတ်ကို အစဉ်အမြဲ တုန်လှုပ်ခြောက်ခြားနေစေသည်။ သူမ...........သူမဟာ တကယ်တော့ သေသွားပြီးသား သူတစ်ယောက်ပါ။ 


သေသွားပြီးသော လူတစ်ယောက်။ ရှင်းရှင်းပြောရလျှင် သေသွားပြီးသော မိန်းမတစ်ယောက်။ သည်ထက်ပိုရှင်းရှင်းပြောရလျှင် သေသွားပြီးသော transgender တစ်ယောက် သူ့ပေါင်ပေါ်တွင် ဇိမ်ကျကျထိုင်လျှက် သူ့ကိုပွတ်သပ်ကာ ယခုကဲ့သို့ပြုမူနေခြင်းမျိုးကို သူမသတီပါ။ သူမ၏ ဆံနွယ်တွေသည် မိန်းမတစ်ယောက်၏ ဆံနွယ်စစ်စစ်တွေကဲ့သို့ပါပင် ပျော့ခွေလျှက် တွန့်လိမ်ကောက်ကွေးနေသည်။ သူမ၏ ပခုံးရိုးများသည်လည်း အနည်းငယ်စွန့်ကားနေသည်မှ လွဲ၍ မိန်းမသားတစ်ဦးကဲ့သို့ပင် ဖြူမွတ်ချောမွေ့နေသည်။ သူမ၏ လက်မောင်းသားများကတော့ အနည်းငယ်တုတ်ခိုင်ကာ ရင်အုံမှ ဖြိုးမောက်လျှက်ရှိသည်။ သူမသည် လှပနေဆဲ။ သူမ၏ အသားအရည်သည်လည်း နုပျိုဝင်းလက်နေဆဲပင်။ 

အိုမဖြစ်နိုင်တာ...............သူမကို သူကိုယ်တိုင်း ကော်ဖီထဲတွင် အဆိပ်ခတ်ပြီးသတ်ခဲ့ပြီးသား မဟုတ်လား။ သူမကိုခတ်သည့် အဆိပ်သည် သေဆုံးပြီး(၇)ရက်အတွင်းတွင် အဆိပ်ကြောင့် သေဆုံးကြောင်းလုံးဝ လက္ခဏာမပြသည့် အပြင်းစားအဆိပ်မျိုး။ သူမ၏ အလောင်းကို သူကိုယ်တိုင် အသုဘပွဲကျင်းပကာ သဂျိုလ်ခဲ့ပြီးသား။ သူမသေဆုံးသွားပြီဖြစ်ကြောင်း လူအများကလည်း လက်ခံယုံကြည်ပြီးသား။ တကယ်ဆိုလျှင် သူမသေဆုံးသွားပြီဖြစ်ပါလျှက် အဘယ်ကြောင့် ယခု သူပေါင်ပေါ်တွင်ရောက်ရှိနေရပါသနည်း။ သူဇောချွေးတွေပြန်လာသည်။ 

“မောင် .............မောင့်ကို ကျွန်မသိပ်ချစ်တယ်သိလားမောင်” 

သူမက ပါးစပ်ထဲရှိဆေးလိပ်မီးခိုးငွှေ့တွေကို သူ့မျက်နှာတည့်တည့်သို့ ထွေးမှုတ်လိုက်ရင်း စကားဆိုသည်။ နှုတ်ခမ်းနီရဲရဲကြီးဆိုးထားသော သူမ၏ နှုတ်ခမ်းတွေသည် သူ့ကိုကြည့်ရင်း ကွေးညွတ်အောင် ပြုံးနေသည်။ ထိုနှုတ်ခမ်းထောင့်၏ တစ်နေရာတွင် သူ့ကိုလှောင်ပြောင်သရော်သော ခပ်နဲ့နဲ့ အဓိပ္ပါယ်တစ်ချို့ကို ပုံဖော်နေကြောင်း သူရိပ်စားမိသည်။ 

“ဧပရယ်............မင်း.............မင်းဟာသေသွားပြီးသား မဟုတ်လား ဧပရယ်” 
သူစိုးရွံ့စွာမေးလိုက်မိသည်။ 

“ဒါပေါ့မောင်ရဲ့ ကျွန်မဟာသေသွားပြီးသား သူတစ်ယောက်ပါမောင်။ ကျွန်မကို မောင်ကိုယ်တိုင်ပဲ ကော်ဖီထဲမှာ အဆိပ်ခတ်ပြီးသတ်ခဲ့တာလေ။ ကျွန်မဟာ မောင်ကစေတနာရှိရှိနဲ့ တိုက်တယ်ထင်တဲ့ ကော်ဖီတွေကိုသောက်ပြီး မချိမဆံ့နဲ့ အူတွေအသည်းတွေ ပြက်လုမတက်ဝေဒနာတွေကို ခံစားပြီး မရှုမလှအသေဆိုးနဲ့သေသွားခဲ့ရတာပါမောင်”

သူမ၏ စကားလုံးတွေတွင် နာကျင်မှုတွေဆွတ်ပြလျှက် အနည်းငယ်တုန်ရီနေသည်ကို သူသတိပြုမိသည်။ သူမ၏ မျက်လုံးများတွင်လဲ ရစ်ဝဲခိုတွဲနေသော မျက်ရည်ဥတွေသည် မျက်ထောင့်အစပ်မှ လိမ့်ဆင်းလာသည်။ သို့သော် သူမ၏ မျက်စံသားများကတော့ ကြောက်မက်ဖွယ် ကောင်းလောက်အောင် စူးရှတောက်ပနေသည်။ သူတဖြည်းဖြည်း ကျောချမ်းလာသည်။

“ဒါဆိုရင် မင်းက လူမဟုတ်ဘူးပေါ့။ မင်းငါ့ဆီဘာလာလုပ်တာနဲ့ မင်းငါ့ကိုဘာဒုက္ခပေးမလို့လဲ ။ မင်းနဲ့ငါနဲ့က ဘဝချင်းခြားသွားပြီလေ။ မင်းငါ့ကိုမတွယ်တာသင့်တော့ဘူး 

သွား..................မင်းသွား..............................မင်းထွက်သွားပါ...................” 

“ဟင်း.....ဟင်း.......ဟင်း........မောင်ကျွန်မရဲ့မျက်လုံးတွေကို တည့်တည့်ကြည့်ပြီးပြော စမ်းပါ မောင်ရယ်။ မောင်အခုမှ မျက်နှာမလွှဲထားပါနဲ့ ကျွန်မရဲ့မျက်လုံးတွေကို ကြည့်ပြီးပြောပါမောင်။ “ 

သူမ၏ အသံတွေက ခြောက်ကပ်ကပ်နိုင်ဆဲ............ 

“မောင်သိလား။ သေဆုံးခြင်းရဲ့အခြားတစ်ဖက်မှာ ရှင်သန်ခြင်းရှိတယ်တဲ့မောင်ရဲ့။ သေဆုံးပြီးသွားတာနဲ့ အဲ့ဒီလူတစ်ယောက်က အပြီးအပိုင် လောကကြီးကနေပျောက်ကွယ်သွား မှာမဟုတ်ဘူးမောင်။ 
သူဟာ သေဆုံးပြီးသွားရင် ပြန်လည်ရှင်သန်လာနိုင်သေးတယ်ဆိုတာ မောင်သိထားပါ။ မောင်ကျွန်မကို သေဆုံးခြင်းဆီရောက်အောင် မောင်ပို့ခဲ့တယ်။ ဒါပေမယ့် ကျွန်မကတော့ မောင့်ဆီကို ရှင်သန်ခြင်းတွေနဲ့အတူပြန်လာခဲ့တယ်မောင်။ “ 

“မင်းပြောတာ ဘာအဓိပ္ပါယ်တွေလဲ။ ငါတစ်ခုမှနားမလည်ဘူး မင်းလိုမိန်းမစစ်စစ်မဟုတ်တဲ့ သူတစ်ယောက်ကို ငါတစ်သက်လုံး စိတ်ဆင်းရဲပြီး ပေါင်းမနေနိုင်ဘူး။ ဒါကြောင့် ငါ့ဘဝလွတ် မြောက်ဖို့ ငါလုပ်ခဲ့တာပဲ။ မင်းကိုငါ ချစ်လည်းမချစ်ဘူး မင်းငါ့ဆီကိုလာစရာလဲမလိုဘူး ဧပရယ်”

“ကျွတ်စ်..........ကျွတ်စ်...........ကျွန်မဘဝဟာ သိပ်သနားစရာကောင်းတာပဲနော်မောင်။ ကိုယ့်ကိုမချစ်တဲ့ ယောကျာ်းတစ်ယောက်ကို စည်းစိမ်ဥစ္စာငွေကြေးဓနတွေနဲ့ ဖုံးဖိပြီး ပေါင်းသင်းနေခဲ့မိတယ်။ ပြီးတော့ အဲ့ဒီယောကျာ်းရဲ့ ဖောက်ပြန်မှုတွေ ညှင်းပန်းနိုပ်စက်မှုတွေ ရက်စက်ကြမ်းကြုတ်မှုတွေကို ခံစားခဲ့ရတယ်။ ကျွန်မဖက်က အချစ်ဆိုတဲ့အရာတစ်ခုတည်းနဲ့ အရာရာကို သည်းခံခဲ့ရတယ် နောက်ဆုံးတော့ ကျွန်မအသက်တောင်ပေးလိုက်ရတဲ့ အထိပဲ။ မောင် ကျွန်မအပေါ်လုပ်ရက်လိုက်တာမောင်ရယ်.............”


သူသူမကို သူ့ကိုယ်ပေါ်ကနေ တွန်းထုတ်ပစ်လိုက်ချင်ပါသည်။ သို့သော် သူ့ခန္ဓာကိုယ်တစ်ခုလုံး လှုပ်ရှား၍မရပါ။ သူ့လက်နှစ်ဖက်လုံး ကုလားထိုင်၏ လက်ရမ်းပေါ်တွင် နိုင်လွန်ကြိုးကြီးတွေနှင့် တုတ်နှောင်ခြင်းကို ခံထားရပြီးပြီလေ။ သူခြေထောက်တွေသည်လဲ ခြောက်လက်မသာ ရှည်သော သံဒေါက်(လက်ထိပ်ကဲ့သို့ ခြေထောက်တွင်ခတ်သော သံကွင်းကြိုး) ကြီးဖြင့် ခတ်ထားခြင်းခံရသည်။ သူမသည် သူ့ပါးပြင်ပေါ်ရှိ မွှေးညှင်းနုလေးတွေကို တယုတယပွတ်သပ်လျှက်ရှိသည်။ ထို့နောက် သူ့နဖူးပြင်ပေါ်သို့ ခပ်ဖွဖွလာနမ်းသည်။ သူ့ရင်ခုန်သံတွေသည် တဝုန်းဝုန်းတဟုန်းဟုန်း ကျယ်လောင်လျှက်ရှိနေသည်မှာ အခန်းတွင်းတိတ်ဆိတ်မှုကြောင့် အတိုင်းသားကြားနေရသည်။ 


“အခု မင်းငါ့ဆီပြန်လာတာ ဘာလုပ်မလို့လဲ။ ငါ့ကိုကျေးဇူးပြုပြီး ဒုက္ခမပေးပါနဲ့ မင်းပဲငါ့ကိုချစ်တယ်ဆို ဟင်.................” 

“ဟင်း..........ဟင်း.............ဟင်း............ဟင်း................” 

သူမ၏ စုန်းကဝေမလိုရယ်သံကြီးက အခန်းတစ်ခုလုံးကို စိုးမိုးဖုံးလွှမ်းသွားသည်။ သူမသည် အစီးခံသို့ရောက်ကာ ကုန်ခါနီးနေပြီဖြစ်သော ဆေးလိပ်တိုဖြင့် သူ့ပါးကို ထိုးပစ်လိုက်သည်။ 

“အား.............................”

“ဟင်း..........ဟင်း.............ဟင်း............ဟင်း................”

“နာလားမောင်..............” 

သူ့ပါးပြင်တစ်ခုလုံး မီးစကြီးဖြင့်အထိုးခံလိုက်ရပြီး နာလားဟုအမေးခံလိုက်ရသောအခါ သူ့စိတ်တွေ ပေါက်ကွဲလာသည်။ 

“မနာပဲနေမလား နာတာပေါ့” 

“သြော် မောင်ကနာတတ်တယ်လား။ ကျွန်မလဲနာတတ်တာပေါ့မောင်ရယ်။ မောင်ကြောင့် သေသွားခဲ့တဲ့ ကျွန်မဟာ မောင့်ကိုလက်စားချေဖို့ ရောက်လာတာပေါ့မောင်ရယ်။ ကျွန်မက လွယ်လွယ်နဲ့သေသွားခဲ့ပေမယ့် မောင့်ကိုတော့ ကျွန်မက လွယ်လွယ်နဲ့သေအောင် မသတ်ပါဘူး။ သေဆုံးခြင်းဆိုတဲ့ ပန်းတိုင်ဆီမရောက်မခြင်း မောင်အများကြီးခရီးဆက်ရမယ်မောင်။ မောင့်ကို ကျွန်မ တဖြည်းဖြည်းခြင်း ညှင်းပြီးသတ်မှာ။ လက်စားချေရတာ သိပ်ချိုမြိန်တာပဲမောင်ရယ်။ ကိုယ်လက်စားချေလိုက်ရလို့ လူတစ်ဖက်သား ကျဆုံးသွားတာကို ကြည့်ရတာလေ ဘာနဲ့မှ မလဲနိုင်တဲ့အရသာတစ်မျိုးပဲ။ ကျွန်မအဲ့ဒါကို သိပ်ခုံမင်တယ်သိလား” 

“ဟင်............အရူးမ.........မင်း......အခြောက်မ..............မဟုတ်ဘူး မင်းဟာ လူမဟုတ်ဘူး။ မင်းဟာ သူရဲမ...............သွားထွက်သွား..........ငါ့နားကိုမလာနဲ့..........သွား............”
“ဟား............ဟား..............ဟား............ဟား” 

သူမ၏ကြောက်မက်ဖွယ်ရာကောင်းသော ရယ်သံကြီးသည် ဟိန်းကနဲပတ်ဝန်းကျင်ကို ပြန့်နှံ့သွားသည် ။ ထိုအခိုက် အခန်းပြတင်းပေါက်ဆီမှ ပြင်ပမှလေတစ်ချို့ တဖြူးဖြူးဝင်ရောက်လာ သည်။ အခန်းထဲတွင် ထွန်းထားသော ခပ်မှိန်မှိန်ဖယောင်းတိုင်မီးမှာ ငြိမ်းတော့မလို ငွေ့ငွေ့လေးသာ ကျန်တော့သည်။ 

သူမသည် သူ့ပေါင်ပေါ်မှ ထပြီးသူမ၏ ဆံပင်တွေကို သိမ်းကာ ခွေလိုက်ပြီး ဆံထိုးဖြင့်ခေါင်းပေါ်တွင် သပ်တင်လိုက်၏။ ထို့နောက် အနားရှိစားပွဲခုံပေါ်သို့ထသွားပြီး ဓာတ်ပြားစက်ထဲသို့ ရှေးဟောင်း သီချင်းဓာတ်ပြားကြီးကိုဖွင့်လိုက်သည်။ ညဉ်နက်သန်းခေါင်တိတ်ဆိတ်နေသော ညမျိုးတွင် ဓာတ်စက်သံ စူးစူးကြီးကြောင့် အဝေးမှ ညငှက်တစ်ချို့ လန့်ကာထပျံကုန်ကြသည်။ သူ့နဖူးတွင်တော့ ချွေးသီးချွေးပေါက်တွေ ထွက်ပေါ်နေပြီး နဖူးမှတစ်ဆင့် မျက်နှာပေါ်သို့ လိမ့်ဆင်းလာသည်။ သူမသည် သူ့အနားသို့ပြန်ရောက်လာပြီး ခြောက်ကပ်ကာ ရေဆာနေသည့် သူ့နှုတ်ခမ်းသားမွမွကို အသာနမ်းသည်။ 

သူမ၏ အေးစက်နေသော လျှာကြီးက သူ့နှုတ်ခမ်းသားတွေကို ပွတ်တိုက်သွားရင်း သူ့ခံတွင်းထဲသို့ ဝင်ရောက်လာ၏။ သူမ၏ လက်တစ်ဖက်ကတော့ သူ့မေးစေ့ကို တင်းကြပ်စွာညှစ်ထားသည်။ အေးစက်စက်သူမ၏ လျှာကြီးကြောင့် သူ့တကိုယ်လုံး တောင့်တင်းသွားပြီး အတင်းကြိုးစားပြီး ရုန်းကန်ကြည့်သည်။ သူမက သူရုန်းနေသောအခါ နမ်းနေခြင်းကို ရပ်တန့်လိုက်ပြီး ........
“ဘာပဲဖြစ်ဖြစ် မောင်သိထားရမှာက ကျွန်မမောင့်ကို သိပ်ချစ်တယ်ဆိုတာပဲ”

ထိုသို့ပြောပြီး တစ်ချက်မျှ တွန့်ကနဲပြုံးကာစားပွဲပေါ်ရှိ ပလက်ယာကြီးကို သွားယူလာသည်။ ထို့နောက် သူ့အနားသို့ ဒူးထောက်ထိုင်ချလိုက်ကာ သူ့လက်ချောင်းတွေကို ညှင်သာစွာ လာရောက်ပွတ်သပ်သည်။ သူကြက်သီးတွေဖြန်းကနဲ ထသွားသည်။ 


“မောင့်လက်ချောင်းလေးတွေက သိပ်ပြီးလှတာပဲနော်မောင်။ ပြီးတော့ မောင့်လက်သည်းခွံလေးကလည်း ဖြူဖန့်ဖန့်လေး သိပ်ကြည့်လို့ကောင်းတာပဲ........ ဟောဒီမောင့်လက်ချောင်းကလေးတွေကို ကျွန်မသိပ်မြတ်နိုးရတာပေါ့မောင်ရယ်”
ထို့နောက်သူမက သူလက်ညိုးလေးကို ဆွဲထုတ်လိုက်ကာ ပလက်ဖြင့် လက်ညိုးလက်သည်းထိပ် ကိုညှပ်ပြီး အသားကုန်ဆွဲပစ်လိုက်သည်။ 

“အား.........................................................” 

သူနာကျင်လွန်း၍ပြောမပြနိုင်လောက်အောင်ပင် အသည်းခိုက်သွားသည်။ သူနှလုံးသွေးတွေ ပွက်ပွက်ဆူကုန်ကာ သွေးလည်ပတ်စီးဆင်းမှုတွေ ပူနွေးနေသည်။ သူ့ပါးပြင်မှ မျက်ရည်စတစ်ချို့ ပင်လိမ့်ဆင်းလာသည်။ သူမကတော့ ကျွတ်ထွက်သွားသည့် သူ့လက်သည်းခွံလေးကို ကြည့်ကာ စုပ်တကျွတ်ကျွတ်သပ်နေသည်။ သူ့လက်ညိုးထိပ်မှာ ထုံကျင်အေးကိုက်နေသော ခံစားမှုကြီးက သူကို သေဆုံးခြင်းဆီသို့ရောက်သွားအောင် တွန်းပို့လျှက်ရှိသည်။  ကြမ်းပြင်ပေါ်တွင် သူ့လက်မှ စီးကျလာသော သွေးတွေအိုင်လျှက်ရှိသည်။ 

“မောင် ကျွန်မက မိန်းမစစ်စစ်တစ်ယောက်မဟုတ်မှန်း မောင်သိလျှက်သားနဲ့ ကျွန်မကိုမောင်ချစ်တယ် ဆိုပြီးပေါင်းသင်းနေထိုင်ခဲ့တယ်နော်။ တကယ်တော့ မောင်က ကျွန်မကို ချစ်တာမှမဟုတ်ပဲမောင်ရယ်။ မောင်က ကျွန်မပိုင်ဆိုင်တဲ့ စည်းစိမ်တွေကိုမက်မောလို့ ကျွန်မကို လက်ထပ်ခဲ့တာလေ။ 

ဒါပေမယ့် မောင့်ရဲ့ပျားရည်အချိုသပ် နှစ်သိမ့်စကားတွေက မောင်ဖောက်ပြန်တဲ့ အချိန်မရောက်ခင်အချိန်ထိတော့ ကျွန်မကိုကျေနပ်စေခဲ့သေးပါတယ်။ မောင် တစ်ခြားမိန်းမတွေနဲ့ ဖောက်ပြန်တာကို မြင်လိုက်ရတဲ့အချိန်မှာတော့ ကျွန်မဟာ ကမ္ဘာပေါ်မှ ကံအဆိုးဆုံးလူတစ်ယောက်ဆိုတာကို ကိုယ့်ကိုယ်ကိုသိလိုက်ရတယ်မောင်။ ကျွန်မက နောက်ကျောကို ဓားနဲ့အထိုးခံလိုက်ရတာလေ။ ကျွန်မလောကက် ရင်နာစရာကောင်းတာမျိုး ရှိပါ့ဦးမလားရှင်......................” 

သူမသည် သူမစကားဆုံးသည်နှင့် ပါးပြင်မှ မျက်ရည်စတွေကို လက်မောင်းဖြင့် ခပ်ကြမ်းကြမ်းသုတ်ပစ် သည်ကိုတွေ့ရသည်။ ထို့နောက် ပလက်ယာကြီးကိုချက သူ့အနားမှ ထွက်သွားပြန်သည်။ ထို့နောက် အခန်းအပြင်ဖက်သို့ပြန်ထွက်သွားပြီး သင်တုန်းဓားတစ်ချောင်းယူ လာကာပြန်ဝင်လာသည်။ သည်သင်တုန်းဓားသည် သူမှုတ်ဆိတ်ရိတ်နေကျဓားဖြစ်သည်။ 

“မောင် မောင်ခြေထောက်မှာရှိတဲ့ သွေးကြောစိမ်းစိမ်းလေးတွေကလေ သိပ်ပြီးကြည့်လို့ ကောင်းတာပဲသိလားမောင်။ မောင့်ခြေသလုံးဖြူဖြူလေးကြားမှာ အဲ့လိုသွေးကြောစိမ်းလေးတွေ ထနေတာ ကိုကြည့်ပြီး ကျွန်မသိပ်ရင်ခုန်ရတာပဲသိလား” 

သူမသည် သူခြေထောက်ကိုကြည့်ပြီးပြောနေခြင်းသာဖြစ်သည်။ သူ သူမကိုထိတ်လန့်စွာကြည့်မိသည်။ သူမ၏ မျက်လုံးတွေသည် သူ၏ထိတ်လန့်နေသော အကြည့်တွေကို မြင်ရသောအခါ ကျေနပ်သွားဟန်ရှိသည်။ ထို့နောက် သူ့ခြေထောက်တွင် ယှက်သန်းနေသော သွေးကြောစိမ်းစိမ်းလေးတွေပေါ်သို့ သင်တုန်းဓားကိုတင်ကာ ဆတ်ကနဲ ဆတ်ကနဲ့ တစ်ခုခြင်းစီ ဖြတ်ပစ်လိုက်၏။ 

“အား.....................မလုပ်ပါနဲ့ ဧပရယ်ရယ်............မောင်တောင်းပန်ပါတယ်နော် ။ မောင့်ကိုမသနားတော့ဘူးလားဟင် မောင့်ကိုမလုပ်ပါနဲ့နော် မောင်မှားပါတယ် မောင့်အမှားကို မောင်ဝန်ခံပါတယ် ဧပရယ်ရယ်။ “
သူ သူမကိုကြည့်ရင်း ငိုကြွေးမိသည်။ သူနာကျင်လွန်း၍ အားအင်တွေချည့်နဲ့လာသည်။ 
သူခြေထောက် အောက်ပိုင်းတစ်ခုလုံး သွေးချင်းနီနေပြီဖြစ်သည်။ ထို့အပြင် သူ့ကိုရေခဲရိုက်ထားသလို ခြေထောက်နှစ်ချောင်းလုံး လုံးဝလှုပ်၍မရတော့ပါ။ 

“သိပ်သနားဖို့ကောင်းတာပဲ မောင်ရယ်...............” 

သူမက ထိုမျှတစ်ချက်သာပြောပြီး ဆားဘူးကြီးကို သွားယူထာကာ ကွဲရှနေသာ သူ့ခြေထောက်ဒဏ်ရာ များကိုဆားတွေဖြင့် ဖိတ်သိပ်လေတော့သည်။ စပ်ဖျင်းနေသော နာကျင်မှုအပြင် ဆားများဖြင့်ပါ အသိပ်ခံလိုက်ရသည့်အခါ သူအံသွားတွေ ပြုတ်ထွက်သွားမတက် နာကျင်သွားသည်။ သူနာကျင်နေသော ဝေဒနာသည် ဆိုးရွားသထက်ဆိုးရွာလာသည်။ အသားကုန် တင်းထားသော သူ့သွေးကြောတွေပင် ထောင်ကာ ပြက်ထွက်လုမတက်ဖြစ်လာသည်။ သူ့မျက်ရည်တွေ နာကျင်မှုတွေနှင့်အတူ ခါးသီးစွာကျဆင်းလျှက်ရှိသည်။ အညိုးကြီးလိုက်တာ ဧပရယ် ရယ်.................
သူမက သူဖြစ်နေပုံကိုကြည့်ပြီး ကျေနပ်စွာ ပြုံးရယ်နေသည်။ သူမ၏ အပြုံးတွေသည် အကြင်နာကင်းမဲ့ကာ ရက်စက်လွန်းပြီး အေးစက်စက်နိုင်လှသည်။ ထို့နောက်သူမသည် ထိုင်နေရာမှ ထကာ ဖန်ပုလင်းတစ်ခုနှင့် ကော်ဘူးတစ်ဘူး သွားယူလာသည်။ ထိုဖန်ပုလင်းထဲတွင် ပုတ်သင်ညိုတစ်ကောင်ရှိသည်။ ကော်ဘူး၏ တံဆိပ်တွင်ရေးထားသော Acid ဆိုသောစာကိုသူလှန်းကြည့်လိုက်တော့ ပို၍တုန်လှုပ်သွားသည်။ 

သူမသည် မနှောင်းမဆိုင်းမှာပင် သူ့မေးစေ့ကိုကိုင်ကာ ပါးစပ်ကို အတင်းဟစေပြီး acid ဘူးထဲမှ acid တွေကိုသူ့ပါးစပ်ထဲမှ တစ်ဆင့်လည်မျိုထဲသို့ရောက်အောင် လောင်းချပစ်လိုက်သည်။ သူ့ဝမ်းတွင်ရှိ အူများအသည်းများ အသားများ အရိုးများ သည် အက်ဆစ်နှင့်တွေ့သော အခါ လောင်ကျွမ်းသွားပြီး ပျော့ပျစ်ပျစ်အရည်တွေလိုဖြစ်ကုန်ကာ သွေးတွေနှင့်ရောပြီး သူ့ပါးစပ်မှ လျှံတက်လာသည်။ သူ့ဝမ်းဗိုက်ကြီးတစ်ခုလုံး ဖောက်စားထာခြင်းခံရသလို လစ်ဟာလျှက်ရှိသည်။ ထို့နောက်သူမသည် ဖန်ပုလင်းထဲတွင် ထဲ့ထားသော ပုတ်သင်ညိုကို အမြီးမှကိုင်ကာ လေထဲတွင် တွဲလောင်းဆွဲလိုက်သည် ။ ပုတ်သင်ညိုသည် မျက်လုံးပြူးကြီးများဖြင့် သူ့ကိုကြည့်ကာ လေထဲတွင် ယက်ကန်ယက်ကန်ဖြစ်လျှက်ရှိသည်။ သူမသည် တဖြည်းဖြည်းထိုပုတ်သင်ညိုကို သူ့ပါးစပ်ထဲသို့ အကောင်လိုက်ထည့်ပစ်လိုက်၏။ သူအံလုမတက်ဖြစ်နေချိန်တွင် ထိုပုတ်သင်ညိုသည် သူလည်ချောင်းထဲတွင် လှုပ်ရှားရုန်းကန်နေရင်း ဝမ်းဗိုက်ထဲသို့ရောက်သွားသည်။ ဝမ်းဗိုက်ထဲသို့ရောက်သော အခါပုတ်သင်ညိုသည် သူ့ဗိုက်ထဲတွင် ဟိုပြေးသည်ပြေးလုပ်နေသည်ကို အပြင်ဖက်မှ အရာထင်ကာဖောင်းကားလာသော အသားကြောင့် သူမြင်နေရသည်။ သူအောင်ချင်ပေမယ့် သူ့ပါးစပ်က အသံလုံးဝမထွက်တော့ချေ။ အော်လိုက်တိုင်း အော်လိုက်တာ ခပ်သဲ့သဲ့အသံလေးသာ ထွက်လာပြီး သူ့လည်းချောင်းတစ်ခုလုံး မီးနှင့်မြိုက်ထားသလို နာကျင်သွားသည်။ 

သူမသည် သူ့ကိုကြည့်ရင်း တဟားဟား သဘောကျရယ်မောလျှက်ရှိသည်။ ထို့နောက် သူ့နားကိုလာကာ သူ့ဆံစတွေကိုပွတ်သပ်းပေးပြန်သည်။ သူစကားပြောချင်ပေမယ့် သူ့နှုတ်က ဘာမှမပြောနိုင်တော့ပါ။ သူ့စိတ်တွေပူဖောင်းကြီးလို တင်းကားလျှက် ပျွတ်သိပ်ကြပ်ညှပ်လျှက် ရှိသည်။ 

“မောင်ဘယ်လိုနေလဲဟင်။ ပုတ်သင်ညိုလေးက မောင့်ဗိုက်ထဲမှာ ပြေးနေတယ်ကြည့်စမ်း။ အသည်းယားစရာလေးနော်မောင် ဟင်းဟင်း။ မောင်သေချင်နေပြီမဟုတ်လား။ မောင်သေရ တော့မှာပါ စိတ်ချပါမောင်............” 

အတားအဆီးမဲ့ကျဆင်းနေသော သူမျက်ရည်များသည် ခမ်းခြောက်သွားပြီး မျက်လုံးအိမ်မှ သွေးများသာ စိမ့်ယိုလာသည်။ အရှင်လတ်လတ်ငရဲကျနေသော သူ့ဘဝသည်  မည်သို့မည်ပုံ အဆုံးသတ်တော့မည်မသိပါ။ ဟုတ်သည် သူမကြာခင်သေရတော့မည်။ 

သူမသည် သည်တစ်ခါတော့ ဝပ်ရှော့များတွင်အသုံးပြုလေ့ရှိသည့် ခြောက်ပေါင်တူကြီးကို ယူလာသည်။ ထို့နောက် သူ့အနားတွင် ထိုင်သွေးရဲရဲဖြစ်နေသော သူ့ခြေထောက်ပေါ်သို့ တစ်ချက်ချင်း အားရပါးရ လက်လွှဲပြီးထုပစ်သည်။ သူ့ခြေထောက်တွေ အကုန်လုံး ကြေမွကုန်သည်။ အထဲမှ အရိုးများသား ငေါကနဲငေါကနဲ့ထွက်ပေါ်လာပြီး သေးတွေရေပန်းခရားမှ ရေတွေထွက်လာသလိုမျိုး ပန်းထွက်လာကုန်သည်။ သူ့ခြေထောက်မှ သွေးတွေက သူ့မ၏မျက်နှာပေါ်သို့ စင်ကုန်သည်။ သူ့ခြောက်တစ်ခုလုံးကြေမွသွားသောအခါ သူမသည်။ မတ်တပ်ထရပ်လိုက်သည်။ ထို့နောက် သူနဖူးကို တစ်ချက်လာနမ်းပြန်သည်။ 

“မောင့်ကို ကျွန်မသိပ်ချစ်တာပဲမောင်ရယ်.........” 

တိုးတိုးညှင်ညှင်ပြောလိုက်သော သူ့မ၏အသံက သူအတွက် ယမမင်း၏ ခေါ်သံတွေလို ဝေးဝါးနေခဲ့သည်။ သူ့မျက်လုံးထဲတွင် အရာအားလုံးသည် မှုန်ဝါးကုန်သည်။ ထို့နောက် သူမသည် ထိုတူကြီးဖြင့် သူ့နောက်စေ့တည့်တည့်သို့ ရိုက်ထည့်လိုက်သည်။ သူ့အမြင်တွေ လေထဲတွင် ဝဲတက်သွားသည်။ နှစ်ပတ်သုံးပတ်ကျွမ်းပစ်လိုက်သလို သူ့မျက်စိထဲတွင် အရာအားလုံးဇောက်ထိုး မိုးမျှော်ဖြစ်ကုန်သည်။ ထို့နောက် သူကြမ်းပြင်ပေါ်သို့ ပြင်းထန်စွာကျလာသည်။ သူမျက်လုံးတွေကို ပြန်ဖွင့်ကြည့်လိုက်သည်။ သူ့မျက်လုံးထဲတွင် မြင်လိုက်ရသည်က သူ၏ ခေါင်းမပါသော ခန္ဓာကိုယ် အပြက်ကြီးပင်။ သူထိတ်လန့်တုန်လှုပ်ခြောက်ခြားစွာ အော်ပစ်လိုက်သည်။ 

“အား.......................................................” 

သူရုတ်တရက် ဝုန်းကနဲ ထထိုင်ပစ်လိုက်သည်။ သူရင်တွေ တုန်ကာမောပန်းနေဆဲပင်။ သူကုတင်ပေါ်တွင် ခြောက်ခြားစွာ အိပ်ပျော်နေခဲ့သည်ပါလား။ တစ်ခန်းလုံး တိတ်ဆိတ်လျှက် တိုင်ကပ်နာရီမှာ စက္ကန့်တန်ရွေ့လျားသံသာ အခန်းထဲတွင် စိုးမိုးလျှက်ရှိသည်။ အပြင်ဖက်သို့ ပြတင်းပေါက်မှ ကြည့်လိုက်သောအခါ ရောင်နီပျိုးနေချေပြီ။ မကြာခင်မိုးလင်းတော့မည်။ သူသက်ပြင်းတစ်ချက်ချမိလိုက်သည်။ ထို့နောက် လိပ်ပြာမလုံစွာ ဧပရယ်၏ ဓာတ်ပုံကို လှမ်းကြည့် လိုက်မိသည်။ 

“ဟူး................တော်ပါသေးရဲ့” 

သူဒုတိယအကြိမ်သက်ပြင်းချကာ ကုတင်ပေါ်သို့ ပြန်လှဲချလိုက်သည်။ ထို့နောက် အမောဖြေရင်း အခန်းမီးကို ဖွင့်လားလိုက်၏။ ယခုတော့အရာရာသည် ဆိတ်ငြိမ်လျှက် ပကတိအေးချမ်းနေသည်။ စောစောက လှိုင်းဂယက်ထခဲ့သော ကြောင့်ပြန့်ကျဲသွားသော သူအာရုံတွေကို ပြန်လည်စုစည်း ယူနေမိသည်။ သြော်..........သည်နေ့ဆိုလျှင် ဧပရယ်တစ်ယောက်သူ့ကြောင့် သေဆုံးသွားခဲ့တာ တစ်နှစ်ပြည်ပြီလေ..........

သူအခန်းမီးကိုပြန်ပိတ်လိုက်ပြီး မျက်လုံးများကို အသာပြန်မှိတ်ထားလိုက်သည်။


အခန်းလေးသည် ပုံမှန်ပြန်လည်တိတ်ဆိတ်သွားသည်။ ကုတင်ပေါ်မှသူသည်လည်း ပြန်လည်ငြိမ်သက်သွားသည်။ ထိုအခိုက် စားပွဲပေါ်ရှိ ထောင်ထားသော ဧပရယ့်ဓာတ်ပုံမှ လရောင်ကြောင့် မြင်နေရသော မျက်ရည်စလေးကိုတော့ မည်သူမျှ သတိမထားမိလိုက်ကြပါချေ........................


                                                                                                     Lovealone

1 comment:

YYP Alex said...

အချစ်ကြီးရင်အမျတ်ကြီးတယ်တဲ့။ဒါကိုသူကရယ်စရာပြောတယ်ထင်မလားတော့မသိဘူး။သေအောင်တော့မသတ်ပါဘူး။ရင်နာအောင်တော့လုပ်ချင်တယ်။ဒီblogလေးကသိပ်ဖတ်လို့ကောင်းတာပဲ။