Sunday, December 9, 2012

ကိုကြီးပြောမယ် ညီလေးနားထောင် (အပိုင်း ငါး)





သူစိမ်းနှစ်ဦး တွေ့ဆုံကြတယ် သဘောထားခြင်းတိုက်ဆိုင်စွာဖြင့် ချစ်သူရည်းစားဖြစ်သွားကြတယ်ဆိုတာ ကျွန်တော်တို့ လူ့လောက ၀ယ်ဖြစ်ရိုးဖြစ်စဉ်တစ်ခုဖြစ်ပါသလား? ယောက်ျားမိန်းမ ဆန့်ကျင်ဘက်လိင်တွေ တစ်ယောက်ကိုတစ်ယောက်စွဲဆောင်မှုပြင်းစွာဖြင့် ချစ်သူဖြစ်လိုကြတယ်ဆိုတဲ့စိတ်ခံစားမှုဟာ သဘာဝလို့ဆိုတတ်ကြပါတယ်။ ကျွန်တော်တို့လို လိင်တူခြင်းစိတ်ဝင်စားသော ယောက်ျား များကြတော့ လိင်တူခြင်းစိတ်ဝင်စားသူအခြင်းခြင်းသာစိတ်ဝင်စားခွင့်က ရာခိုင်နှုန်းပိုများနေတတ်ကြပါတယ်လေ။ ဒီတော့ အမျိုးတူ ယောက်ျားနှစ်ယောက်အတွက်ကရော သဘောထားခြင်းတိုက်ဆိုင်စွာ ချစ်သူရည်းစားဖြစ်သွားကြတယ်ဆိုတာက ဖြစ်ရိုးဖြစ်စဉ်တစ်ခု မဟုတ်ဘူးလား?

ဘယ်လိုပဲဖြစ်ဖြစ် သူစိမ်းနှစ်ဦးတစ်ဦးနဲ့တစ်ဦး အကြောင်းတိုက်ဆိုင်လို့ သဘောကျကြတယ်ဆိုရင် တစ်ယောက်အကြောင်း တစ်ယောက်သိဖို့အရင်ကြိုးစားဖို့လိုမယ်ထင်ပါတယ်။ နှစ်ဦးသားစိတ်ထားခြင်းသိသွားကြပြီ ညှိနှိုင်းလို့အဆင်ပြေသွားကြပြီဆိုရင်တော့ နှစ်ဦးသားရဲ့ပေါင်းသင်းဆက်နွယ်မှုကိုဘယ်လိုရှေ့ဆက်ကြမလဲဆိုတာ ဒုတိယအနေနဲ့စဉ်းစားကြတာပေါ့နော်။ နောက်တစ်ဆင့် အရာ အားလုံးအဆင်ပြေနေကြပြီဆိုဦး လူ့လောကရဲ့သဘာဝအတိုင်းဖြောင့်သောလမ်းသည်မရှိဆိုတာကြောင့် နှစ်ဦးသားရဲ့ ပေါင်းသင်း ဆက်ဆံရေးဆက်လက်တည်မြဲစေဖို့ကြိုးစားရပါမယ်။ငွေကြေးဥစ္စာ နေထိုင်မည့်ပတ်ဝန်းကျင်ရယ် ပြီးတော့ နှစ်ဦးနှစ်ဖက်ရဲ့မိသားစု အမျိုးအနွယ်တွေကို ရင်ဆိုင်ဖို့ဆိုတာကိုပါ ထည့်သွင်းစဉ်းစားရမယ်ထင်ပါတယ်။

ကဲပါလေ နှစ်ဦးသားရဲ့ပေါင်းသင်းဆက်ဆံရေးမှာ ဘယ်အချက်တွေက ပျော်ရွှင်မှုကိုသယ်ဆောင်လာတယ်၊ ဘယ်အချက်တွေကတော့ ၀မ်းနည်းမှုကိုပိုစေတယ်၊ ဘယ်အချက်တွေကိုတော့ သတိထားသင့်တယ် စတာတွေကို သတိပြုမိစေဖို့ ကျွန်တော်ထောက်ပြပါမယ်  စာဖတ်သူ ညီငယ်တို့ အဆင်ပြေပါစေနော်။

အမျိုးမျိုးအထွေထွေပေါင်းသင်းဆက်ဆံရေး (Types of relationships)
ကျွန်တော်တို့အတွက် ကြီးပြင်းလာရာသက်တမ်းတစ်လျှောက်မှာ ဒီလူကတော့ စံပြပုဂ္ဂိုလ်တစ်ယောက်လို့ စံထားစရာအမူအကျင့်တွေ နဲ့ပြည့်စုံတဲ့လူမတွေ့ခဲ့ရဖူးဘူး။ အဲလေ ဂေးတစ်ယောက်ရဲ့ အမူအကျင့်ဆိုတာဒီလိုဖြစ်ရမယ် ဂေးတွေရဲ့ပေါင်းသင်းဆက်ဆံမှုအမူအကျင့် တွေကဒီလိုဖြစ်ရမယ်ဆိုတာကို ပြသမယ့်ဂေးရိုးလ်မော်ဒယ်လ်တစ်ယောက်ကိုပြောချင်တာ။ ကျွန်တော်တို့ဟာ မိဘနှစ်ပါးရဲ့ ပေါင်းသင်း ဆက်ဆံရေး အမူအကျင့် ယုံကြည်ချက် တစ်ယောက်အပေါ်တစ်ယောက်သဘောထားစတာတွေအပေါ်ကိုသာ အာရုံထားပြီးသကာလ ကျွန်တော်တို့ရဲ့ကိုယ်ပိုင်ဘ၀မှာ ရှင်သန်ခဲ့ကြရတာဖြစ်ပါတယ်။ ယောက်ျားမိန်းမနှစ်ဦးသား လက်ထပ်ထိမ်းမြားကြခြင်းဆိုတာ ကျွန်တော် တို့ လူမှုအဖွဲ့အစည်းမှာ အရေးပါတဲ့အစိတ်အပိုင်းတစ်ခုဖြစ်ပါရဲ့။ ဒါကြောင့် လက်မထပ်ကြသေးသောစုံတွဲများ၊ လက်မထပ်နိုင်သောစုံတွဲ များ အပေါ်အမြင်က လက်ထပ်ဖို့အရည်အချင်းမပြည့်မှီသူများအဖြစ် ယူဆထင်မြင်တတ်ကြပါတယ်။ တစ်စုံတစ်ယောက်ဟာ တစ်ယောက်သောသူအတွက် မရှိမဖြစ်အရာ၊ ဘယ်တော့မှမလိမ်မညာတဲ့ လူ၊ ပြီးတော့ ရုန်းကန်လှုပ်ရှားရတဲ့ ဘ၀နေ့တွေမှာ ကူညီ ပေးနိုင်တဲ့သူဆိုတဲ့ ပေါင်းသင်းဆက်နွယ်မှုပုံစံတွေအပေါ်မှာ သူတို့ဂရုမမူမိတတ်ကြပါဘူးလေ။

သင့်အနေနဲ့ အဆင်ပြေနေတဲ့ ပေါင်းသင်းဆက်ဆံရေးပုံစံရှိသော ပေါင်းသင်းဆက်နွယ်မှုပုံစံတစ်ခုဟာ (နီးနီးကပ်ကပ် သို့မဟုတ် တစ်ကိုယ်ရည်သီးသန့်) မှားတယ်လို့မဆိုနိုင်တာတော့သေချာတယ်။ ကွဲပြားခြားနားသော လူအများအတွက် ကွဲပြားခြားနားသော အလုပ် ဖြစ်နေတဲ့ ကိစ္စတွေအတွက် ပေါင်းသင်းဆက်ဆံမှုပုံစံကတစ်ခုတည်းရှိတာမှမဟုတ်တာပဲ။သင့်အနေနဲ့တော့ ပွင့်လင်းမြင်သာတဲ့ ဆက်ဆံရေးမျိုး (open relationship) ကို သေချာပေါက်ရွေးချယ်မှာပါ။ သင် သို့မဟုတ် သင့်ပါတနာဟာ နှစ်ဦးသားပေါင်းသင်းဆက်ဆံ ရေးရဲ့ပြင်ပမှာ ကိုယ်မဟုတ်တဲ့ တခြားသော မိန်းကလေး သို့မဟုတ် အမျိုးသားတစ်ယောက်နှင့် စိတ်လှုပ်ရှားမှုတစ်ခုခု ဒါမှမဟုတ် လိင် ပိုင်းဆိုင်ရာပက်သက်ဆက်ဆံမှုပြုနိုင်ခြင်း ပြုခွင့်ပေးခြင်းရှိနေတာကိုး။ သင့်အနေနဲ့ ကိုယ်လိုသမျှဖေးမကူညီတတ်သော သူငယ်ချင်း အချို့နဲ့ အေးအေးသက်သာနေတာ၊ ဒါမှမဟုတ် တစ်ယောက်တည်း တစ်ကိုယ်ရေနေတာကိုနှစ်သက်နေတာ၊ ပြီးတော့ တစ်ယောက် ယောက်သော အမျိုးသားနှင့် ချိန်းဆိုတွေ့ဆုံတာ သို့မဟုတ် အိပ်ကြပြုကြ ချုပ်နှောင်မှုမရှိ ချည်တွယ်ထားခြင်းမရှိ စတဲ့ပုံစံမျိုးရှိတဲ့ ပေါင်းသင်းဆက်ဆံရေးပုံစံတွေကိုလည်း ရွေးချယ်မှာသေချာသလောက်ရှိပါတယ်။

ပျော်ရွှင်ကျန်းမာတဲ့ ပေါင်းသင်းဆက်ဆံရေးတစ်ရပ်ကဘာလဲ? (What is a healthy relationship?)
အရေးကြီးတဲ့ အဦးဆုံးအဆင့်တစ်ခုကတော့ သင့်ပါတနာဟာ သင့်အတွက် လူမှန်တစ်ယောက်ဖြစ်တယ်ဆိုတာ သင်ကိုယ်တိုင် သိနေဖို့လိုပါတယ်။ သင့်ကိုယ်သင် မလိမ်မညာ ရိုးဖြောင့်မှုရောရှိရဲ့လား? ဒီတစ်ခါပြောပြမယ့်အရာတွေက သင်နဲ့သင့်ရဲ့ ပါတနာ အရာရာမှာ အတူတူမျှဝေခံစားမှု အဆင့်ဘယ်လောက်ရှိတယ်ဆိုတာ သင်စဉ်းစားနိုင်ဖို့အထောက်အကူဖြစ်မယ်ထင်ပါတယ်။

-       သူဟာ သင့်လိုအပ်ချက်အပေါ်မေတ္တာထားနိုင်ရဲ့လား?
-       သင်ဘာပြောဆိုနေတယ်ဆိုတာတွေကို သူအမှန်တကယ်နားထောင်ရဲ့လား?
-       သင့်အမြင်နှင့် တန်ဖိုးထားမှုတွေအပေါ် သူလေးစားသမှုရှိရဲ့လား?
-       သူ့ဖိုမလက္ခဏာ (his sexuality) နှင့် သူ သက်သောင့်သက်သာရှိသလား?
-       သင်နှင့်ပတ်သက်ပြီးသူခံစားရတာတွေအပေါ် ပြောဆို ဆွေးနွေးတာမျိုးလုပ်နိုင်သလား?
-       သင့်ဆီကသူလိုချင်တာ လိုအပ်တာတွေအပေါ် သူပြောဆိုဆွေးနွေးနိုင်သလား?
-       သင်တို့နှစ်ဦး ပေါင်းသင်းဆက်နွယ်မှုပြင်ပမှာ လိင်ကိစ္စနှင့်ပတ်သက်ပြီး အတွင်းရော အပြင်ရော အနည်းဆုံးသာယာမှုတစ်ခု သက်သက်ပတ်သက်မှုအပေါ် တူညီတဲ့သဘောထားအမြင်ရှိနိုင်ပါ့မလား?

မပျော်ရွှင်မကျန်းမာတဲ့ ပေါင်းသင်းဆက်ဆံရေး? (Unhealthy relationship?)
ပျော်ရွှင်ကျန်းမာသောပေါင်းသက်းဆက်ဆံရေးတစ်ရပ်ကို ခေါင်းပန်းလှန်ရင် ဆန့်ကျင်ဘက်မျက်နှာပြင်တစ်ခုလို့တွေးထင်နိုင်ပါတယ်။

-       ပေါင်းသင်းဆက်ဆံရေးတစ်ရပ်ဟာ ကိုယ့်လိုအပ်ချက်အတွက်သက်သက် တွေ့ဆုံမှုတစ်ခုမဟုတ်တာကို သိနေပေမယ့် ကိုယ်ပြောချင်တဲ့စကား ကိုယ်ဝေမျှချင်တဲ့စိတ်ခံစားမှုတွေကို သင့်ပါတနာအားအခုအချိန်ထိဖွင့်ပြောခွင့်မရသေးပါ။
-       သာတူညီမျှမှုမရှိခြင်း - သင်တို့နှစ်ယောက်ထဲက တစ်ယောက်က ဆုံးဖြတ်ချက်အားလုံးကိုသူကချမှတ်ပြီး သူ့နည်းလမ်း အတိုင်းသာ အမြဲရွေးချယ်လုပ်ဆောင်လေ့ရှိပါသလား? သူနဲ့အငြင်းအခုန်တစ်ခုမှမလုပ်ချင်တဲ့အတွက် ဖြစ်ပျက်သမျှကို သင်ခွင့်ပြုလိုက်လျောနေရပါသလား?
-       ကိုယ်မဟုတ်တဲ့တစ်ပါးသူနဲ့ပတ်သက်နေမှုကို တစ်ဦးကိုတစ်ဦးနားလည်ပေးနေရတယ်။
-       သင့်ပါတနာနှင့် လိင်မှုကိစ္စလက်တွေ့လုပ်ဆောင်မှုတွေမှာ သို့မဟုတ် လက်တွေ့ လူမှုဆက်ဆံရေးနယ်ပယ်တွေမှာ(ဥပမာ - သင့်အနေနှင့် ခွင့်မပြုမလိုက်လျောချင်တဲ့ သို့မဟုတ် ပြုလုပ်လိုတဲ့ အရက်သောက်ခြင်း၊ ဆေးသုံးခြင်း ကိစ္စလိုမျိုးတွေမှာ ပေါ့နော်။) ဖိအားတစ်ရပ်အနေနဲ့ခံစားနေရခြင်း။
-       အဆက်အစပ်မရှိမမိခြင်း - ကိစ္စသေးသေးလေးကနေ ပြဿနာအကြီးကြီးဖြစ်သွားတဲ့အထိ နှစ်ဦးသားကြားအချို့ကိစ္စရပ် လေးတွေကို လစ်လျူရှုဖြစ်နေခြင်း။
-       လစ်လျူရှုခံရခြင်း သို့မဟုတ် မကျေမချမ်းဖြစ်နေခြင်းဆိုတာကို ခံစားမိနေခြင်း၊
-       ဘ၀ရဲ့အရေးပါသောဆုံးဖြတ်ချက်တွေမှာ ကိုယ့်ဆုံးဖြတ်ချက်အတွက် တစ်ခြားသူကိုထည့်မတွက်ခြင်း ထည့်မတွေးခြင်း။
-       ပြဿနာတွေနဲ့ပတ်သက်ပြီးဆွေးနွေးညှိနှိုင်းရာမှ လိမ်ညာခြင်း၊ ငြင်းပယ်ခြင်း သို့မဟုတ် စွပ်စွဲခံရခြင်း။

ပေါင်းသင်းဆက်ဆံရေးကိုအဆုံးသတ်ခြင်း (ending relationships)
များစွာသောပေါင်းသင်းဆက်ဆံရေးပုံစံတွေဟာ ကျွန်တော်တို့အစီအစဉ်ချထားသလို အလုပ်မဖြစ်တတ်ကြပါဘူး။ ကျွန်တော်တို့ ဘယ်လောက်ပင်ချစ်ခင်နှစ်သက်ပါသည်ဆိုဦးတော့ အချို့ပြဿနာတွေဟာ ကျော်လွှားဖို့မဖြစ်နိုင်သလို ထိန်းချုပ်ကျော်လွှားလို့ မရနိုင်တဲ့အရာတွေအများကြီးရှိနေတတ်ပါသေးတယ်။ ဆုံးရှုံးရတဲ့ခံစားမှု၊ အမျက်ဒေါသ နှင့် စိတ်ထိခိုက်မှုတွေကိုဘယ်လိုဖုံးကွယ် ရမလဲဆိုတဲ့သင်ခန်းစာတွေကိုသာ အတွေ့အကြုံတစ်ရပ်အနေဖြင့်ရရှိမှာသေချာသည်ပေါ့လေ။ အဲဒါတွေကို မမေ့လိုက်ဖို့အရေးကြီးရ ခြင်းက ဘ၀ဆိုတာ ဆက်လျှောက်ရဆဲဆိုတော့ ကိုယ်ဘာမှားလဲဘာချို့ယွင်းခဲ့လဲဆိုတာသင်ခန်းစာယူ သူမပါတဲ့ဘ၀နေ့ရက်တွေမှာ အသက်ရှင်သန်နေထိုင်ဖို့နည်းလမ်းနဲ့ ပြန်လည်နာလန်ထူဖို့ဆိုတာ အတွေ့အကြုံက ဆရာကြီးဖြစ်လို့ပါပဲ။

တစ်ယောက်ယောက်နဲ့ပေါင်းသင်းဆက်ဆံရေးတစ်ခုထူထောင်ဖြစ်တာကိုက ကျရှုံးမှုတစ်ခုဖြစ်ခဲ့တယ်လို့တော့မယူဆစေချင်ပါဘူး။ အတိတ်ဇာတ်လမ်းတစ်ခုရဲ့ပုံရိပ်တွေဟာ နောက်လာမယ့်ဇာတ်လမ်းသစ်တစ်ခုအတွက် သင်ဘာလိုချင်ခဲ့တယ် လိုအပ်တယ်ဆိုတာကို သင်ယူနားလည်နိုင်ဖို့အကူအညီဖြစ်ပါလိမ့်မယ်။ အချစ်ဇာတ်လမ်းတစ်ခုကိုအဆုံးသတ်ရခြင်းကြောင့် ကြေကွဲရတယ်၊ ဆုံးရှုံးရတယ်ဆိုတဲ့ ခံစားမှုတွေနဲ့ နာကျင်ရတယ်ဆိုတာအမှန်တရားဆိုပေမယ့် အချိန်ဆိုတဲ့ဆေးဆရာနဲ့အတူ ရခဲ့ဖူးတဲ့ဖြစ်ရပ်မှန်ကို နောက်ထပ်မကြီးထွား စေတော့ဘဲ ကုစားလိုက်ပါတော့နော်။

မောင်တစ်ထမ်းမယ်တစ်ရွက် (moving in together)

နှစ်ဦးသားတက်ညီလက်ညီ အရာရာမှာပူးပေါင်းလုပ်ဆောင်ကြခြင်းက စုံတွဲအတော်များများရဲ့ ပေါင်းသင်းဆက်ဆံရေးမှာ မကြာခဏကြုံ ရလေ့ရှိတဲ့ဖိအားတွေကို ပြေလျော့စေဖို့ ကြီးမားတဲ့ခြေလှမ်းတစ်ရပ်ပဲဖြစ်ပါတယ်။ မှန်ကန်တဲ့ အကြောင်းအရာတစ်ရပ်အပေါ် အတူတကွ ချဉ်းကပ်စဉ်းစားလုပ်ဆောင်ဖို့ဆိုတာ တကယ့်ကိုသေသေချာချာစဉ်းစားသင့်တဲ့အရာတစ်ခုမဟုတ်ပါလား။ လူတစ်ချို့ကတော့ နှစ်ဦးသား ရဲ့ ပေါင်းသင်းဆက်နွယ်မှုအဆင့် နောက်တစ်ဆင့်မြှင့်နိုင်ဖို့အတွက် ကိစ္စအတော်များများမှာ အတူတကွလုပ်ဆောင်ကြခြင်းဆိုတဲ့ အမြင် ကို သဘောတူကြသလို အချို့သောလူတွေကတော့ အမြင်မတူကြပါဘူး။ ကိုယ်ပိုင်အတွေးကိုယ်ပိုင်အခွင့်အရေးတစ်ချို့တော့ ရှိသင့် တယ်လို့ယူဆလက်ခံကြပြီး အရာအားလုံးလိုလို မဝေမျှချင်ကြပါ။

အတူတကွလုပ်ငန်းဆောင်တာအတော်များများကိုလုပ်ဆောင်ကြခြင်း ကိစ္စကို အရေးတယူပြောရခြင်းက ဒီကိစ္စကိုတွေးဆထားသင့်ပြီး သင့်ပါတနာဘာကိုတွေးနေတယ်ဆိုတာ အတိအကျသိနေနိုင်ဖို့ ဖြစ်ပါ တယ်။

အိမ်မှုကိစ္စ (Housework)
(နှစ်ဦးသားအတူတကွနေထိုင်ကြမည့်သူများအတွက် ပိုမိုအရေးပါမယ်ထင်တဲ့အချက်တွေကို ကျွန်တော်အလေးပေးပြောပါ့မယ်။)
လူနှစ်ဦးအတူတကွနေထိုင်ကြတဲ့အိမ်မှာ ၀င်ငွေကို တစ်ဦးက ဒိုင်ခံရှာပြီးတော့ အိမ်ရဲ့ကိစ္စ အိမ်ရဲ့ဗာဟီရတွေကို ကျန်တစ်ယောက်တည်း က ဒိုင်ခံလုပ်ရမှာလားလို့အရင်ဆုံးတွေးမိပါတယ်။ ဘာကြောင့်ဆို ယောက်ျားမိန်းမအိမ်ထောင်တစ်ခုမှာလဲ သာမန်အားဖြင့် ကျွန်တော် ဆိုခဲ့သလိုပဲနေထိုင်တတ်ကြတာကိုး။ ဒါပေမဲ့ ကျွန်တော်တို့လို လိင်တူချစ်သူများမှာတော့ နှစ်ဦးစလုံးက ၀င်ငွေကိုအမိအရရှာပြီး နှစ်ဦးစလုံးဟာ အိမ်ရဲ့ကိစ္စဗာဟီရတွေကို ညီတူမျှတူလုပ်ကိုင်ကြပါတယ် သာမန်အားဖြင့်ပေါ့နော်။ ပြောစရာတော့ရှိနေပါတယ် တစ်ယောက်သောသူက ချမ်းသာသောမိသားစုအသိုင်းအ၀ိုင်းက အေးအေးသက်သာနေထိုင်တတ်ခဲ့သူဖြစ်ပြီး အခြားတစ်ယောက်က သာမန်မိသားစုက ကိုယ်ထူကိုယ်ထလုပ်ကိုင်နေထိုင်ခဲ့သူဖြစ်ခဲ့တယ်ဆိုရင် အိမ်မှုကိစ္စအပေါ် အတူတကွလုပ်ဆောင်ဖို့သဘောညီနိုင်ပါ့ မလားမေးခွန်းထုတ်စရာပါ။

အချစ်ဆိုတာက အတူတကွနေထိုင်ကျက်စားကြတဲ့အချိန်မှာ အရောင်ပြောင်းလာနိုင်ပါတယ်။ အတူတကွ စားစရာရှိတာသွားဝယ်စား လိုက် သွားလိုက်လာလိုက်နဲ့တုန်းကတော့ သာသာယာယာဖြစ်နေပြီး အိမ်ခန်းတစ်ခုထဲမှာ အသက်အရွယ်ကြီးတဲ့အထိမပြောနဲ့ နှစ်ကာလကြာရှည်နေထိုင်ကြပြီဆိုရင် ကျွန်တော်အထက်မှာပြောခဲ့တဲ့ အိမ်မှုကိစ္စဗာဟီရကို အတူတကွလုပ်ဆောင်ကြခြင်းဆိုတာလေး က အရေးပါလာနိုင်ပါတယ်။ကဲပါလေ ဒီလိုလေးမျှော်လင့်ကြည့်ရအောင် ကိုယ့်ချစ်သူနဲ့အတူနေတဲ့အခါ သူက ထမင်းချက်ရင် ကိုယ်က သူဟင်းချက်တဲ့အခါအသင့်ဖြစ်အောင် အသီးအရွက်တွေကိုလှီးဖြတ်ထားပေးတာမျိုး၊ သူပန်းကန်တွေဆေးကြောပေးရင် ကိုယ်က အ၀တ်နဲ့ခြောက်အောင်သုတ်ပေးလိုက်တာမျိုး၊ စာအုပ်စင်က စာအုပ်တွေစီဖို့ဖုန်ခါနေရင် ကိုယ်ကစာရေးဆရာနာမည်အလိုက် စာအုပ်စင်မှာ စီရီပေးလိုက်တာမျိုးတွေကို အိမ်အကူမဟုတ်တဲ့ ချစ်သူစိတ်နဲ့ အတူတကွလုပ်ကိုင်ပြီး အသက်ကြီးတဲ့အထိ အတူနေထိုင်ကြဖို့လေ။

ငွေကြေးကိစ္စလေးတွေ (Money Matters)
အခန်းငှားပြီးအတူနေကြမယ်ဆိုရင် အဲဒီ့အခန်းကိုမပြောင်းရွှေ့ခင် အခန်းငှားခအတွက်၊အစားအသောက်အတွက် ကုန်ကျစရိတ်နှင့် တခြားတခြားသော ပြေစာလေးတွေကို ဘယ်သူကရှင်းမယ် ဘယ်လိုရှင်းမယ်ဆိုတာ ကြိုတင်စဉ်းစား ဆွေးနွေးကြဖို့လိုပါတယ်လို့ အဦးဆုံးပြောချင်ပါတယ်။ ဒီလိုပြောရခြင်းကလည်း နှစ်ယောက်ရှိတဲ့အထဲ တစ်ယောက်သောသူက ၀င်ငွေနည်းတဲ့သူများဖြစ်နေခဲ့ရင် သူ့အနေနဲ့ နှစ်ယောက်သားအတူတကွနေထိုင်ကြတဲ့ကိစ္စမှာ ဘယ်လိုအထောက်အပံ့ပြုနိုင်သလဲတွေးဆထားနိုင်အောင်လို့ဖြစ်ပါတယ်။ အချိန်ကြာကြာထိုင် ဟိုဘောင်ချာယူ ဒီဘောင်ချာယူ ဂဏန်းတွက်စက်နဲ့ပေါင်းပြီး မရေမတွက်နိုင်သောခေါင်းကိုက်ရခြင်းတွေ ကင်းဝေး နိုင်အောင်လို့လည်း ကယ်တင်နိုင်ပါလိမ့်မယ်။ သတိထားဖို့ကတော့ သင် သို့မဟုတ် သင့်ပါတနာရဲ့ ပူးတွဲငွေရေးကြေးရေးသဘောတူ ချက်ထဲသို့ဝင်ဖို့ လိုလိုလားလားရှိခြင်း သို့မဟုတ် ချီတုံချတုံဖြစ်နေခြင်းက သင်ဘယ်လောက်ချစ်တယ် တစ်ယောက်ကိုတစ်ယောက် ဘယ်လောက်ယုံကြည်မှုရှိတယ်ဆိုတာကိုပြသရာရောက်ကြောင်းအမြင်နဲ့တော့ မကြည့်မြင်သင့်ပါဘူးလို့။

ကိုကြီး ကိုကြီး (older guys)
ကိုယ့်ထက်အသက်နည်းနည်းကြီးတဲ့သူ(22-25) သို့မဟုတ် အတော့်ကိုအသက်ပိုကြီးတဲ့သူ(50+) တစ်ယောက်နဲ့ ပေါင်းသင်းဆက်နွယ်ရ တာ တစ်ခါတလေ ပိုပြီး hot ဖြစ်နိုင်သလို၊ စိတ်ဆန္ဒပိုပြည့်ဝတယ် ၊ ပြီးတော့ ပိုပြီးတော့တပ်မက်ဖို့ကောင်းနေပြန်ပါတယ် ကိုယ့်လိုရွယ်တူ တွေထက်စာရင်လေ။ ဒါပေမဲ့လည်း ဒီပေါင်းသင်းဆက်ဆံရေးပုံစံမှာက လိုက်နာသင့်တဲ့ လူမှုရေး တားမြစ်ချက်တွေ ၊ ပုံသေကားကျဖြစ် နေပြီးနည်းနည်း သတိထားဖို့လိုတဲ့ အချို့သောလူပုံစံတွေရှိနေပါတယ်။ ဥပမာပြောရရင် ကိုယ်ထက်ငယ်တဲ့ ကောင်လေးတစ်ယောက် ဟာ အရုပ်ကလေး (toyboy)၊ အငှားပစ္စည်းတစ်ခုလို အငှားကောင်လေး(rentboy)၊ ပိုက်ဆံအတွက်သာ ဦးစားပေးအပေးအယူရှိ သော ကောင်လေး (prostitute) ဖြစ်နေခြင်း၊ ကိုယ့်ထက် အသက်နည်းနည်းကြီးသူကျတော့ သူဟာ ကိုယ့်ထက်အသက်ထက်ဝက်မကငယ်တဲ့ သူလေးတွေကို သဘောကျသူ (a cradle snatcher) သို့မဟုတ် စပွန်ဆာကိုကိုလုပ်တတ်သူ (a sugar daddy ) တစ်ယောက်ဖြစ်နေခြင်း တို့ပါ။ သင့်ထက်အသက်အနည်းငယ်ကြီးသူနှင့် တွေ့ဆုံနေသော်လည်း သင့်ရဲ့အချို့သောသူငယ်ချင်းမိတ်ဆွေတွေ သို့မဟုတ် မိသားစု ၀င်တွေက မှတ်ချက်တွေပေး ဝေဖန်သုံးသပ်မှုတွေပြုနိုင် ဒါမှမဟုတ် သင်နဲ့ သင့်ရဲ့လုံခြုံစိတ်ချရမှုတွေအပေါ်စိုးရိမ်မကင်းဖြစ်ကြပါမယ်။

ဒီအပိုင်းမှာ မစူးမစမ်းပြုမူမိခြင်းနှင့် အကျိုးပျက်စီးဆုံးရှုံးခြင်းတွေအပေါ်အခြေပြုဖြစ်တည်နေတယ်ပဲဆိုဆို ငယ်ရွယ်သောလူငယ်များ (၂၀နှစ်ရဲ့ အစောပိုင်း ဆယ်ကျော်သက်များ)အတွက်မှာ ကိုယ်ပြုမူနေတဲ့ နေထိုင်နေတဲ့သဘောသဘာဝကိုသဘောမပေါက်ခြင်းကြောင့် အမှန်ဖြစ်နေဦးတော့ မြင်နိုင်စွမ်းမရှိသေးတာကိုကအားနည်းချက်တစ်ခုကိုဖြစ်နေပါတယ်။ သင်က အပြင်ကိုမကြာခဏထွက်လေ့မရှိတာ မျိုး၊ ပြီးတော့ ဂေးတွေရဲ့အပြောင်းအလဲသဘာဝကို သိပ်မသိတာ သို့မဟုတ် အခြားလူတွေက ပါတနာအဖြစ်ဘယ်လိုနေကြတယ်၊ လိင်မှုကိစ္စ နှင့် စိတ်ခံစားချက်တွေက ဘယ်လိုရှိကြတယ်ဆိုတာ မရိပ်စားမသိရှိတတ်တာတွေကြောင့်လို့ဆိုရမှာပေါ့နော်။ 18 နဲ့ 24 ကို ကိန်းဂဏန်းများအနေနဲ့ကြည့်ရင်တော့ ကွာခြားမှုမရှိဘူးလို့ထင်ရပေမဲ့ ဘ၀အတွေ့အကြုံ အနည်းအများနဲ့ စိတ်ခံစားမှုတွေကွာဟချက် ကတော့ ကြီးမားနိုင်ပါတယ်နော်။ 12 နဲ့ 18 ဆိုရင် နှစ်ကာလတွေသိပ်ကွာခြားမှုမရှိ သင့်အနေဖြင့် အရင်နဲ့မတူကွဲပြားခြားနားတဲ့လူတစ် ယောက်အဖြစ် ဖွံ့ဖြိုးကြီးပြင်းဆဲအချိန် စူးစမ်းမှုကဲသောနှစ်တွေဖြစ်မှာပါ။

အသက်အရွယ်ရနေသော လူတစ်ယောက်နဲ့ Dating သို့မဟုတ် အတူအိပ်မိနေတယ်ဆိုရင် သင့်ကိုပြောဖို့ အချက်အလက် နည်းနည်းရှိ နေပါတယ်။
-       သူ့မှာ သင့်ထက် ခြားနားသော ဘ၀မျှော်လင့်ချက်များနှင့် ယူဆချက်များ သေချာပေါက်ရှိနေပါတယ်။ အဲ့ဒီ မျှော်လင့်ချက်များ နှင့် ယူဆချက်တွေဟာ ဘယ်လိုအချက်တွေ ဘယ်လိုခံယူချက်တွေကနေလာတယ်ဆိုတာ သင်သေချာပေါက်နားလည်လက်ခံ လို့ရအောင်လုပ်ဖို့လိုပါမယ်။
-       သင်နဲ့သူ့အကြားမှာ ဘယ်နေရာ ဘယ်အကြောင်းရာမှာ ခြားနားတဲ့စွမ်းအားတွေရှိနေတတ်သလဲ တွေးကြည့်ပါ။ သူက အလုပ်အကိုင်ကောင်းကောင်းရှိပြီး သင့်ထက်ဝင်ငွေပိုရနေသူလား? ဒါဆို သူ့အတွက်သင်သုံးစွဲပေးနိုင်တဲ့ ငွေကြေးပမာဏ ထက် သူက သင့်အတွက်သူကပိုမိုအကုန်အကျခံသုံးစွဲပေးနေသလား? သင့်ကို တန်ဖိုးကြီးလက်ဆောင်တွေ သူဝယ်ပေးသလား သို့မဟုတ် သင့်ကုန်ကျစရိတ်တွေကို သူကကူညီဖြေရှင်းကျခံပေးနေသလား? ဘယ်လိုပဲဖြစ်ဖြစ် သင်က သူ့အတွက် တုန့်ပြန် ပေးကမ်းနိုင်မှု နည်းသော်လည်း ကြည်ဖြူနေခြင်းက ခင်တွယ်မှုနှင့် ရက်ရောမှုတို့ရဲ့သင်္ကေတ ဖြစ်ပါတယ်။
-       သူ့အိမ်မှာ သူ့ငွေကြေးစရိတ်စကနဲ့ သင်နေထိုင်နေသလား? သင်ဟာ ကျောင်းသားတစ်ယောက် ဒါမှမဟုတ် လစာဝင်ငွေ နည်းသော အလုပ်သမားတစ်ယောက်ဖြစ်နေရင် သူက ကန်ထုတ်လိုက်တဲ့အခါ သင်အိမ်ခြေမဲ့တစ်ယောက်ဖြစ်သွားနိုင်တယ် သို့မဟုတ် သင်မနေချင်ပေမဲ့ နေရာတစ်ခုမှာ သူနဲ့အတူနေနေရတယ်ဆိုရင် ဖိအားတစ်ခုအနေနဲ့လည်း ခံစားရနိုင်ပါတယ်။

ကျွန်တော်ပြောခဲ့တဲ့အချက်လေးတွေကို ရင်ထဲမှာထား အတုန့်အပြန် မေတ္တာ၊ ဖြည့်စည်းမှုလေးတွေနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေး တစ်ရပ်ကို သင့်ရဲ့ကိုကြီး (an older guy) နဲ့အတူထူထောင်နိုင်ပါစေကြောင်း ဆန္ဒပြုလိုက်ပါတယ်နော်။

Alex Aung (9 Dec 2012)
ဆက်ရန်ရှိသေးသည်………

1 comment:

Unknown said...

ပြီးကိုမပြီးနိုင်ဘူးနော် ခိခိ