Wednesday, April 1, 2015

မမေးသင့်မပြောသင့်သော မေးခွန်းစကားအချို့



8 Things You Shouldn’t Say To A Lesbian

Kelsey Marshall


မမေးသင့်မပြောသင့်သော မေးခွန်းစကားအချို့
ပထမဦးဆုံး အခြားအကြောင်းအရာများကို ရေးမပြခင် ကျွန်တော့်ပတ်ဝန်းကျင်က ယောက်ျားလျာခေါ် လိင်တူအမျိုးသမီးခြင်း ချစ်ခင်နှစ်သက်တတ်သော (Lesbian) သူငယ်ချင်းများနှင့် နေ့စဉ်နဲ့အမျှ ဆက်ဆံပေါင်းသင်းရတာ ပွင့်ပွင့်လင်းလင်း အလွန် ပျော်ရွှင်ဖွယ်ကောင်းကြောင်းပြောပြလိုပါတယ်။ ကျွန်တော်တို့တွေ တစ်စုံတစ်ယောက်နဲ့ ပေါင်းသင်းဆက်ဆံရေးတစ်ရပ် ထူထောင်ဖြစ်ကြတဲ့အကြောင်း သို့မဟုတ် ကျွန်တော်တို့ရဲ့ဖြစ်တည်မှု သဘာဝနဲ့ပတ်သက်ပြီး ဆန့်ကျင်ဘက်အမြင်တွေနဲ့ ဝေဖန်ထောက်ပြခံကြရတဲ့အကြောင်းကို တစ်ယောက်ကိုတစ်ယောက် နားလည်မှုပေး ယုံကြည်မှုနဲ့ အသိပေးပြောဆိုဆွေးနွေး ဖြစ်ကြပါတယ်။ အချိန်နည်းနည်းလေးကြာလာပြီးနောက်မှာတော့ ကျွန်တော်တို့သူငယ်ချင်းတစ်တွေ ရယ်မောလိုက်ခြင်းဖြင့် အဆုံးသတ်တတ်ကြပါရဲ့။

ထို့အတူ နေ့စဉ်နဲ့အမျှ အချို့သော Straight သူငယ်ချင်းတွေဟာ လိင်တူကြိုက်အမျိုးသမီးတွေနဲ့ပတ်သက်ပြီး စကားစမြည်ပြောဆို ဖြစ်ကြရင် ကြားဖူးနေကြအကြောင်းအရာတွေကို သူတို့လေကန်ကြမယ် ပြီးရင် ရယ်ပွဲဖွဲ့ပြစ်လိုက်တာနဲ့အဆုံးသတ်ကြပါတယ်။ ဒါဟာ တစ်နိုင်ငံလုံးအနှံ့ဖြစ်ရိုးဖြစ်စဉ်တစ်ခုလိုဖြစ်နေလား? ဂျိုတစ်ချောင်းပဲပါတဲ့ နတ်မြင်းပျံလို လိင်တူကြိုက်အမျိုးသမီးတွေဟာ ထူးထူးဆန်း ဆန်းဖြစ်နေလား? လူတွေဟာ လိင်တူကြိုက်အမျိုးသမီးတစ်ယောက်အပေါ် ဘယ်လိုတုန့်ပြန်မှုထားဆက်ဆံရမယ်ဆိုတာ အမှန်တကယ် မသိကြဘူးလား?
ဒါကြောင့် လိင်တူကြိုက်အမျိုးသမီး (Lesbian) တစ်ယောက်နဲ့ဆက်ဆံပေါင်းသင်းတဲ့နေရာမှာ ကောင်းမွန်အောင်မြင်တဲ့ တုန့်ပြန်မှုနဲ့ အဆင်ချောအောင် ဘယ်လိုအကြောင်းအရာမျိုးကိုရှောင်ကြဉ်ရမယ်ဆိုတာ ပြောပြပါရစေ။ ကျွန်တော်သိပါတယ် ကျွန်တော်တို့တွေဟာ အသွင်ကွဲပုံစံ ခြိမ်းခြောက်မှုတစ်ခုပုံဟန် ခံစားရစေတယ်ဆိုတာလေ။ ဒါပေမဲ့ ရိုးရိုးသားသားပြောရရင် ကျွန်တော်တို့တွေနှင့် စကားပြော ဆိုဆက်ဆံကြတဲ့အခါ ပုံမှန်သဘာဝအတိုင်းပဲ ပြောဆိုဆက်ဆံစေချင်ပါတယ် ဒုတိယအကြိမ် အရှက်ရစေမယ့် စကားလုံးများ မပါဘဲပေါ့။

အောက်မှာရေးပြမယ့် ပြောဆိုချက်တွေဟာ ကျွန်တော်တစ်ကြိမ်မကကြားနေကြအကြောင်းအရာတွေဖြစ်သလို အထူးသဖြင့် မကြာခဏ ဆိုသလို သူစိမ်းတရံစာတွေစီကထက် ရင်းနှီးနေကြပတ်ဝန်းကျင်ကလူတွေပြောတာကပိုများနေတာတွေပါပဲ။

(၁) နင့်ကြည့်ရတာ ဂေးနဲ့လည်းမတူပါဘူး (“But you don’t look gay.”)

လူတစ်ယောက် ဂေးပုံစံပေါက်တယ် ဂေးပုံစံမပေါက်ဘူးဆိုတာ ဘယ်လိုအကြောင်းအရာကိုအခြေခံပြီးပြောတာလည်းဆိုတာ ကျွန်တော့် ကို ရှင်းပြပါလား။ လိင်တူကြိုက်အမျိုးသမီးတွေဟာ အခြားလူတွေထက် ထူးခြားနေတာမျိုး မဟုတ်တာကြောင့် ခုလိုပြောဆိုဖို့မလိုပါ ဘူးနော်။

(၂) ဒါဆို နင်က ယောက်ျားဆန်/မိန်းမဆန်တဲ့ မိန်းကလေးကိုကြိုက်တာပေါ့ (“So you must like really butch/feminine girls.”)

အမေးခံရတဲ့သူက မိန်းမအရမ်းဆန် အနုအရွအလှအပကြိုက်နှစ်သက်သူတစ်ယောက်ဖြစ်နေခဲ့ရင် ယောက်ျားဆန်ဆန်နေတဲ့ ကောင်မလေးကို ကြိုက်တာလား အမေးခံရနိုင်သလို အမေးခံရသူက ဆံပင်ခပ်တိုတို တီရှပ်တွေ ဂျင်းဘောင်းဘီတွေဝတ်ဆင်တတ်သူ ဆိုရင် နုနုနွဲ့နွဲ့မိန်းကလေးဆန်တဲ့ ကောင်မလေးကိုသာ စိတ်ဝင်စားသလား အမေးခံရမှာသေချာပါတယ်။ ပြောချင်တာက အဆိုပါ အနေအထားမျိုးတွေမဟုတ်တောင် မိန်းကလေးချင်းကြိုက်နှစ်သက်သူဖြစ်နေနိုင်တာကြောင့် မိန်းကလေးကိုသာစိတ်ဝင်စားတာလားလို့ ပြောလိုက်တာက ပိုကောင်းပါဦးမယ်။

(၃) အရင်က ယောက်ျားလေးရည်းစားရှိတယ်ထင်နေတာ (“I thought you had a boyfriend before.”)

တစ်ဖက်လူရဲ့အကြောင်းကို ခုလို ပြောဆိုလိုက်တာနဲ့တင် မသင့်တော်တဲ့ မေးခွန်းမှန်း ရိပ်စားမိဖို့သင့်ပါတယ်။ လူတစ်ဦးတစ်ယောက် ချင်းစီမှာ သူ့အကြိုက် သူ့ကိုယ်ပိုင်ရွေးချယ်ခွင့်ကိုယ်စီရှိကြပါတယ်။ ကြိုက်နှစ်သက်မှုတစ်ခု စစ်မှန်လားမစစ်မှန်လား လေ့လာချိန် ဆန်းစစ်ချိန်ဆိုတာ ရှိသေးတယ်လေဗျာ။

(၄) ဒါဆို ငါရယ် ၊ နင်ရယ် ၊ ငါ့ကောင်မလေးရယ် သုံးထပ်ကိတ်ဖုတ်လို့ရမယ်လား?(“So you’ll have a threesome with me and my girlfriend?”)

ဘုရားသခင်!!!….ဒီလိုစကားမျိုးကို လုံးဝမပြောသင့်ပါဘူး။ ဒါဟာ တစ်ဖက်သားကို အလွန်နှိမ့်ချတဲ့သဘောဖြစ်သွားနိုင်သလို စော်ကားတဲ့ သဘောတောင်သက်ရောက်သွားနိုင်ပါတယ်။ မေးတဲ့သူနဲ့ သူ့ကောင်မလေးကို အမေးခံရသူက တစ်သက်တာ သူငယ်ချင်းစာရင်းက ဖျက်မိသွားစေမယ့် မေးခွန်းမျိုးဖြစ်ပါတယ်။

(၅) ၀ိုး…..ဒီဘားမှာ မိန်းကလေးတွေ အတော်များသားဟ (“Wow there’s a lot of girls in this bar.”)
ဟုတ်တယ်လေ…ဒီနေရာက မိန်းကလေးတွေ အထူးသဖြင့် လိင်တူကြိုက်အမျိုးသမီးတွေလာတတ်တဲ့ Lesbian bar တစ်ခုပဲဟာ။ နောက်တစ်ကြိမ် ပတ်ဝန်းကျင် အသစ်တစ်ခုခုကိုရောက်သွားရင် ကိုယ့်အိမ်တံခါးမကြီးကိုဖွင့်ရုံပဲမလုပ်ပါနဲ့ ပြတင်းပေါက်ကိုလဲဖွင့်ကြည့်မှ အရောင်စုံနဲ့လှပတဲ့သက်တံကြီးအပြင်မှာရှိတာကို မြင်ရကြည့်ရမှာပေါ့ သူငယ်ချင်းရေ။ မျက်မှန်စိမ်းက နေပူထဲမှာပဲကောင်းတာဟ နေရိပ် ထဲမှာ တပ်မထားစမ်းပါနဲ့ကွာ။

(၆) နင်နဲ့ နင့်သူငယ်ချင်းက တော်တော်အစီးကပ်တာနော် (“You and your friend seem really close.”)

သိလို့ဖြစ်စေ၊ မသိပဲဖြစ်စေ လိင်တူချစ်သူစုံတွဲတွေကို အဲ့ဒီလိုသွားပြောရင် သူတို့က "ဒါ ငါ့ကောင်မလေးလေ။ ဒါပေမယ့် နင်ဒီလိုပြောလို့ ကျေးဇူးတင်ပါတယ်။ ငါတို့နှစ်ယောက်ခုလို အကြိုက်ချင်းတူ စိတ်ခံစားမှုချင်းတူတာတွေ အများကြီးရှိလို့လည်း ဒိတ်ဖြစ်သွားပေါ့" လို့ ပြန်ပြောလိုက်ပါလိမ့်မယ်။

(၇) နင်က အရမ်းချစ်စရာကောင်းတာပဲ။ ဒါပေမဲ့ ငါက ဂေးမဟုတ်တာခက်တယ်။ (သို့မဟုတ်) နင်သာ ဘဲတစ်ပွေဆိုရင် ငါ နင်နဲ့သေချာပေါက် ဒိတ်ဖြစ်မှာသေချာတယ်။
(“You’re so sweet! Too bad I’m not gay.” OR “I wish you were a guy, I’d totally date you.”) 
ရွဲ့ပြောတာလား၊ တမင်သက်သက်ပြောတာလားဆိုပြီး တစ်ဖက်လူ စိတ်ရှုပ်ထွေးကာ ခံပြင်းစိတ်ဝင်သွားနိုင်ပါတယ်။ မပြောသင့်တဲ့ စကားတွေလို့တော့ သိထားသင့်ပါတယ်ခင်ဗျ။

(၈) နင်တို့ဘယ်လိုများ အလုပ်ဖြစ်မှာလဲ (Any and all questions about scissoring)
ဒီမေးခွန်းဟာ သူတို့အတွက် အစော်ကားခံရဆုံးမေးခွန်းမျိုးလို့ ပြောနိုင်ပါတယ်။ ဒီအချက်ကို ပြန်ရှင်းပြမှာ မဟုတ်သလို သင့်ကို သူငယ်ချင်းစာရင်းက အပြီး ပယ်ဖျက်သွားနိုင်တဲ့ အမေးစကားတစ်ခုပါပဲ။

Alex Aung (17 March 2015)

Credit: 8 Things You Shouldn’t Say To A Lesbian by Kelsey Marshall

No comments: