Monday, September 4, 2017

``အလွမ်းသည်းသည်း မိုးသည်းသည်း"


လူနှစ်ဦး လူနှစ်ယောက် သံ​ယောဇဉ်​ ၊ မေတ္တာ ၊ တက်မက်မှု ၊ ချစ်ခင်မှုတွေကတစ်ဆင့် တွယ်ငြိမှုတွေနဲ့အတူ အလွမ်းစိတ်ကို ဖန်​တီးပေးခဲ့သည်ဟု ကျနော် ထင်မြင်ယူဆမိသည်။

သွပ်​ပြားမိုးထားတဲ့ ခေါင်မိုးပေါ်မှာ ခုန်ပေါက်နေသော မိုးစက်သံများကြောင့်  ရုတ်တရက်ဆိုသလို အိပ်လုဆဲဆဲ ကျနော် အိပ်စက်ရာ ခုတင်ပေါ်မှ ထထိုင်လိုက်သည်။ မြေသင်းနံ့နဲ့အတူ ရေငွေ့အချို့က ဆွဲဟလိုက်သော ပြတင်းတံခါးက ၀င်လာသလို ခပ်ဟဟ ​ရေချိုးခန်း တံခါးရွက်မှာ လေတိုးမှုကြောင့် အသံမြည်သွားရသည်။

တဖွားဖွား လွင့်​စင်​နေသော မိုးမှုံများ ကျနော့်မျက်နှာအနှံ့ စွတ်စိုလာသော်လည်း ပြတင်းတံခါးကို မပိတ်မိသည့်အပြင် ခပ်သောသော ၀မ်းသာလှိုက်လှဲမှုများ ရင်ထဲ ဖြစ်တည်လာရသည်။ တဖန် လမ်းမီး ခပ်ဝါးဝါးအောက် မိုးစက်များအောက် ဖိနပ်မစီးဘဲ ခပ်ပါးပါး ညအိပ်ဝတ်စုံများနဲ့ တခစ်ခစ်ရယ်မော ခုန်ပေါက်ခဲ့သော ညသန်းခေါင်ယံတစ်ခုကို လွမ်းစာခွေရသည်။

`အအေးမိမယ်လေ´ ဘယ်သူပြောလိုက်သလဲ မသိစွာ အသံတစ်ခုကြားလိုက်ရတာကြောင့် ပြတင်းတံခါးကို စေ့ပိတ်လိုက်ရင်း အ၀တ်စိုများကို လဲလှယ်​လိုက်သည်။ မီးဖိုခန်းက ပြန်ထွက်လာတော့ ကော်ဖီအိုးလေးက ရနံ့ မှာ ကျနော်နဲ့အတူ လိုက်ပါခဲ့တော့သည်။ ရင်မတုန်ပါဘူး ရင်ခုန်လာခဲ့သည်လေ။

မီးဖွင့်ရမလား ၊ တီဗီ Channel တွေမွှေရမလား တွေဝေနေရင်းမှ စားပွဲခုံပေါ်တင်ထားတဲ့ ပန်းသီးဖုန်းလေးက ဖွင့်လက်စ သီချင်းတစ်ပုဒ်ကို ဆက်သွားစေလိုက်သည်။ Sia သီချင်းသံတွေ လွင့်ပျံ့လာမှုမှာ အချစ်စိတ်တိုးလာတော့သည်။

`ဒုန်း ဒုန်း ဒုန်း ´

`ဒုန်း ဒုန်း ဒုန်း ´

`ဒုန်း ဒုန်း ဒုန်း ´

`ဘယ်သူလဲ.. ...ဥက္ကာလား´

`ဒုန်း ဒုန်း ဒုန်း ´

x x x

ဘယ်သူတွေ ဘာပြောပြော ကျနော် ဂရုမစိုက်ခဲ့ သူ့ကို ကျနော်ချစ်သည်။ အချစ်စိတ်ဆိုတာ ကိုယ်နဲ့  အသွင်ကွဲ ဆန့်ကျင်ဘက် လိင်အပေါ်သာ ကျက်စားရမည်ဟု ပြောသော သင်သော လူမှု အ၀န်းအ၀ိုင်းမှာ မွေးဖွားခဲ့သည်။ ယောက်ျားနှစ်ယောက် တစ်သက်လုံးအတူတူနေဖို့ဆိုတာ ဘယ်လိုဖြစ်နိုင်မှာလဲ၊ မင်းက ငါ့ရဲ့ လင်ယောက်ျားမဖြစ်နိုင်သလို ငါဟာ မင်းရဲ့ ဇနီးမယားတစ်ယောက် မဖြစ်လာနိုင်ဘူးလို့ ပြောသော ချစ်ဦးသူများဖြင့် ချစ်သူဖြစ် အရွယ်ရောက်လာခဲ့သည်။

`ဟယ်....ဥက္ကာ ထီးမပါဘူးလားမသိ´အလုပ်က ကောင်မလေးတွေရဲ့ အာမဋိတ်အသံကတစ်ဆင့် ကျနော်သူ့ကို မြင်ခဲ့တဲ့အချိန်က အစပြုရင်း သဘောကျမိခဲ့သည်။ ထို့နောက် ရင်​ခုန်​သံတွေ ဗရမ်းဗတာ ဖြစ်လာသည်မှာ အလုပ်ဆင်းရသော ရုံးဖွင့်ရက်တိုင်း ဖြစ်တော့သည်။

လုပ်ဖော်ကိုင်ဖက်ခြင်း ချစ်သူရည်းစား မထားရသော ရုံးစည်းကမ်းသည် ကျနော်တို့အတွက် တစ်​မျိုးတစ်​ဖုံ Excuse ဖြစ်ခဲ့သည်။ သူ ရုံးကိစ္စအတွက် လိုအပ်သော စာရွက်​စာတမ်း ၊ သူ့ကိုယ်ရေးကိုယ်တာအတွက် လိုအပ်သော ကိစ္စအ၀၀ ပါးစပ်ဟစရာမလို ကျနော်ပြင်ဆင်ပေးခဲ့သည်။ အချို့သော ၀န်ထမ်းကောင်မလေးတွေရဲ့ တီးတိုးတီးတိုး သဖန်းပိုး ပြောသံ၊ ငြူစူစောင်းမြောင်းဟန်တွေအပေါ် ကျနော် မမြင်မကြားခဲ့သည်လေ။

ညနေခင်း ရုံးဆင်းချိန် Gym သွားလည်း အတူတူ၊ ညစာသွာစားလည်း အတူတူ ၊ ရုံးပိတ်ရက် ဘုရားသွားလည်းအတူတူ ဘယ်နေရာသွားလည်းအတူတူဖြစ်လာသည်။ အစကတော့ နယ်မှာကျန်ခဲ့သော မိသားစုရဲ့ နွေးထွေးတဲ့ မေတ္တာမျိုးကို ကျနော့်စီမှာ အာရုံစိုက်မိရုံသက်သက်ဖြစ်စေခဲ့သည်။ နောက်ပိုင်း   မှာတော့ခေတ်လူငယ်ဖြစ်သော သူသည် ကျနော့်စိတ် ဆန္ဒ အပေါ် မငြင်းဆန်သလို ထူးခြားနေသည်ဟု သဘောမထား။

ထူးထူးခြားခြား Overtime ဆင်းရသောည သူနေထိုင်ရာအခန်းကို မပြန်ဖြစ် ကျနော့်အိမ်လိုက်အိပ်သော သန်းခေါင်းယံမှာ မိုးတွေ သည်းသည်းထန်ထန်ရွာသွန်းခဲ့သည်။ မအိပ်ကြဘဲ ထိတ်လန့်သည်းဖို ရုပ်ရှင်တွေ ကြည့်နေကြရင်း အပြင်ကို ပြေးထွက်ကာ ခုန်ပေါက်အော်ဟစ်မိတာ မတိုင်ပင်ရပါ။

`ဥက္ကာ.. ...မင်းနှုတ်ခမ်းလေးတွေက ရဲနေတာပဲနော်´
`အင်း....အဲ့ဒီတော့´
`ကော်ဖီ....သောက်..မလား´
`No...ကော်ဖီက ခါးတယ်´
`ဆိုတော့ကာ.. .ချို...အောင်´
`ဟေ့ဟေ့.. ..´

x x x

`ဘယ်သူလဲ ´

`လာပြီ.....လာပြီ´

ဘေးခြံမှာနေသော လုပ်ဖော်ကိုင်ဖက် ညီလေးတစ်ယောက် ကတုန်​ကယင်​နဲ့ ပြောပြနေသော သတင်းစကားများအပေါ် ကျနော် မကြားတစ်ချက် ကြားတစ်ချက်ပါ။ ကျနော့် ပခုံးကို တစ်ချက်ဖျစ်ညှစ်အားပေးရင်းမှ ထွက်ခွာသွားသော သတင်းပေး ညီလေးကို ငေးနေရင်းမှ အတန်ကြာသည်အထိ အိမ်တံခါးမကို ကျနော် မပိတ်မိဘဲ ငေါင်နေခဲ့သည်။

`ဟင့်အင်.. ..မဟုတ်ဘူး.. ..လာနောက်နေတာနေမှာပါ´

တဗြောင်းဗြောင်းမြည်လာသော ခေါင်မိုးထက်က အသံတွေကို ကျနော် စိတ်အလိုမကျဖြစ်ချင်လာသည်။ တတီတီ နှိပ်မိနေသော တယ်​လီဖုန်းကလည်း လူကြီးမင်းပဲပြောနေတာ တစ်ခါ တစ်ခါ လိုင်းပျက်သွားသေးသည်။ တရွှီးရွှီးမည်နေသော ကော်ဖီအိုးကိုလည်း ပလပ်ခုံကနေ ဆွဲဖြုတ်ပစ်သည်။ အိမ်တစ်အိမ်လုံးက မီး​တွေ အကုန်ဖွင့်ပစ်လိုက်ကာ ၀ရန်​တာက မိုးစက်တွေကို ကျိန်ဆဲလိုက်မိသည်။

`ဟင်...´ ဘယ်အချိန်က အိပ်ပျော်သွားသည်မသိ နိုးလာချိန်မှာ ရောင်နီသမ်းနေသည်။ ကျနော့် အခန်းတစ်ခန်းလုံး သန့်ရှင်းကာ နေရာတကျဖြစ်ပြီ။ ပြတင်းတံခါးက ငုံ့ကြည့်လိုက်တော့ ဥက္ကာစားနေကြ မော်လမြိုင်မုန့်ဟင်းခါးသည်လေး ဆိုင်ခင်းနေသည်။ အလုပ်သွားဖို့ပြင်ဆင်မှဖြစ်မည် ဗိုက်ထဲတွင် ပိုးမျိုးရှစ်ဆယ်က တဂြီဂြီ အော်နေကြသည်လေ။

ရုံးရောက်တော့ ကျနော့်ကို လုပ်ဖော်ကိုင်ဖက်များက သနားသလိုလိုအကြည့်တွေ စကားတီးတိုးတွေပြောဆိုကြည့်ရှုနေကြသည်။ ထူးထူးခြားခြား ကျနော် ဟန်မပျက် အလုပ်လုပ်ခဲ့သည်။ အလုပ်ကြိုးစားသော တက်ကြွလန်းဆန်းသောသူကို ဥက္ကာက သဘောကျသည် မဟုတ်​လား။

အိမ်ပြန်ရောက်တော့ တံခါးသော့မဖွင့်မီ ကော်ဖီ ရနံ့ က ကြိုတင် စောင့်စားနေသည်။ ဖိနပ်ထားရာနေရာကို ကြည့်လိုက်တော့ စိုစိစိ ရှူးဖိနပ်တစ်ရံကို တွေ့သည်။ ဒါဆို ဒါဆို ဥက္ကာပြန်ရောက်နေပြီခြအိပ်ခနဆက်သ်းတံခါးကခပ်ဟဟဖြစ်နေသည်။   ညမီးကိုလည်း ဖွင့်ထားသည်ပဲ။

`ကလင် ကလင် ´
`ကလင် ကလင် ´
`ဗျာ...ဟုတ်.. .ကဲ့.....ကျေးဇူး.. .တင်ပါတယ်´

မလာတာကြာပြီဖြစ်သော ကြိုးဖုန်းက ​ဆေးရုံတစ်ခုမှ ဆက်သွယ်မှုကိုကြားရသည်။ သူ့အဖေ..ဥက္ကာ အဖေ ဖုန်းဆက်လာသည် `သူ ဆုံးပြီ ´။ နံနက်ကျရင် လိုက်သွားဖို့ပြင်ဆင်ရမည်။

ဟိုက်... အိပ်​ခန်းထဲက ဘယ်သူလဲ။

x x x

ခပ်စိမ့်စိမ့်အေးနေသော အခန်းအပူချိန်ကြောင့် အပြင်မှာ မိုးသည်းနေသည်ဆိုတာ ကျနော်သိသည်။ ညသန်းခေါင်ယံထိ မအိပ်သေးသော ကျနော် ပြတင်းတံခါးကို တွန်းဖွင့်လိုက်တော့ ၀ရန်​တာမှာ စိုက်ပျိုးထားသော စံပယ်​ပန်းအိုးစီက ရနံ့ သည် မိုးငွေ့နဲ့အတူ တိုးဝင်လာသည်။ လေအတိုးကြောင့် ပြတင်းအထက်ဘောင်မှာ ချိတ်ထားသော ချူသည် တလွင်လွင် ခပ်ကြမ်းကြမ်း အခန်းအနှံ့ ဆူညံသွားတော့သည်။

အချို့ကတော့ မိုးသည်းသည်းထဲ ချစ်သူနဲ့အတူ ပျော်ရွှင် ခုန်ပေါက် သွားလာရတာ ကြိုက်သည်။ ကျနော်ကတော့ မိုးစက်​များထက် နှင်းမှုန်တွေရဲ့ စိုစွတ်မှုကို ခံစားရတာ ပိုကြိုက်သည်။ ခပ်လျော့လျော့ ည၀တ်စုံကြောင့် နွေးထွေးတဲ့ ချစ်သူရင်ခွင်ကို တမ်းတမိသည်။ ၀ိုင်ချို တစ်ခွက်နဲ့ အတူ လွမ်းတေးဆိုမိရသည်။

ဖွင့်ထားသော တံခါးတွေ အကုန်ပိတ်၊ လေအေးပေးစက်ကိုလည်း အနိမ့်ဆုံးလျော့၊ သီချင်းတွေပိတ် မီးတွေပိတ်   နားရွက်အစုံကိုတိုးဝှေ့နေသောလေတိုးသံကိုသာ သားချော့တေးအလား နားဆင်ရင်း အိပ်ပျော်အောင် ကြိုးစားလိုက်သည်။

`ဒုန်း ဒုန်း ဒုန်း ´
`ဒုန်း ဒုန်း ဒုန်း ´
`ဘယ်​သူလဲ.. .ညီဇော်လား´
`ဒုန်း ဒုန်း ဒုန်း ´

(Alex Aung - 21 August 2017)

No comments: