Tuesday, January 1, 2019

"ကျားမ …"


-------------

မှိုင်းညို့ညို့ကောင်းကင်က မိုးရိပ်ဆင်နေသည်မှာ ကြာပြီဖြစ်သည်။ လက်ထဲမှ တာလီချောင်းများကို ရေတွက်ပြီးရမည့်ငွေကို စိတ်တွက် တွက်ချက်ရင်း ပြန်ရမည်လား ဝေခွဲမရစွာ သူ ငိုင်နေမိသည်။

" ကျားကြီး ဘာတွေငိုင်နေလဲကွ … "

သူနှင့် လုပ်ဖော်ကိုင်ဖက် 'ဇော်ဇော်'က ပခုံးကို ရုတ်တရက် ပုတ်မေးလိုက်မှ အသိဝင်ရသည်။

" ပြန်ရင်ကောင်းမလား စဉ်းစားနေတာပါ … "

"စောပါသေးတယ်ကွာ … "

" ငါ့သား နေသိပ်မကောင်းလို့ ဇော်ဇော်  … "

"ဂျိမ်းးး! "
သူ့ စကားအဆုံး မိုးခြိမ်းသံတစ်ချက်ကြောင့် ဆုံးဖြတ်ချက်ကို ဒုန်းဒုန်းချလိုက်မိသည်။

" ငါ ပြန်တော့မယ်ကွာ … "

 နံရံတွင် ချိတ်ထားသော ထမင်းဗူးထည့်ထားသည့် လွယ်အိတ်ညိုကျင်ကျင် အနွမ်းလေးကို ဖြုတ်လွယ်လိုက်ပြီး တာလီချောင်းလေးတွေကို ကျစ်ကျစ်ဆုပ်ရင်း သူ့ခြေလှမ်းများဦးတည်ရာကား အလုပ်သမားခေါင်း ကိုကျော်ကြီး ဆီသို့ … ။

" ကျားကြီး ပြန်တော့မယ်လားဟ … "

"ဟုတ်ကဲ့ ကိုကျော်ကြီး ကျွန်တော့်သား သိပ်နေမကောင်းလို့ ဆေးခန်းသွားမလားလို့ဗျာ "

 သူ ကမ်းပေးလိုက်သော တာလီချောင်းများကို ရေတွက်ရင်း ကိုကျော်ကြီးက ကွမ်းချိုးတက်နေသော သွားကျဲကြီးများပေါ်အောင် သဘောကျစွာ ပြုံးလေသည်။

" ဒါ ဒီနေ့အတွက် ကျားကြီး … "

ကိုကျော်ကြီးဆီက နေ့တွက်ပိုက်ဆံထုတ်ပြီး ပြန်လာတော့ မိုးက ဖွဲဖွဲလေးပင် ရွာနေလေပြီ။
ဖျားနေသော သားက ဂျီများနေလေမလား တွေးမိ တော့ သူ့ခြေလှမ်းတွေ ပို၍သွက်လာသည်။ ပြီးတော့ ဝေက မိုးရွာလျှင် ကြောက်တတ် အားငယ်တတ်သည်လေ။ အိမ် အမြန်ရောက်ချင်လှပြီလေ … ။

" အီးးးး ဖေကြီး ဖေကြီး … "

" သားရယ် ဖေကြီးက အလုပ်သွားတယ်လေ "

အိမ်ပေါက်ဝမှပင် သားရဲ့ငိုသ၊ံ ဝေရဲ့ချော့မော့သံ ကိုကြားရသည်။  သူ အိမ်ထဲအပြေးဝင်လိုက်ရင်း -

" သားရေ ဖေကြီးပြန်လာပြီ … "

" အယ်  … အကို  အစောကြီး … "

"ဟုတ်တယ်ဝေ ဒီနေ့ စောပြီးပြန်လာခဲ့လိုက်တာ ၊
လာပါဦး သားရဲ့ … "

သားက သူ့ကိုမြင်လိုက်ရ၍ အငိုရပ်သွားသော်လည်း အဖျားသွားအရှိန်နှင့် မျက်နှာလေးကနွမ်းကာ ညိုနေသည်။ သားကို ရင်ခွင်ထဲ ပွေ့ချီပြီး နဖူးကိုစမ်းမိတော့ သားရဲ့ကိုယ်ပူငွေ့သည် သူ့ရင်ထဲထိ ဝင်လာသလို … ။

" ဆေးခန်းသွားရအောင် ဝေရယ် … သား ကို အကို မကြည့်ရက်တော့ဘူး … "

" လမ်းထိပ်ကွမ်းယာဆိုင်က စိန်လက်မလေး တိုက်ထားပါတယ် အကိုရယ် … ပျောက်သွားမှာပါ ၊ ပြီးတော့ လကုန်ရက်လေ … "

ဝေ ဘာကိုဆိုလိုသည်ကို သူနားလည်ပါသည်။ ဆန်ပွဲရုံမှ နေ့စားအလုပ်သမားတစ်ဦးအဖို့ လကုန်ရက်ဆိုတာ လခထုတ်ရက်မဟုတ်။ အိမ်လခ ပေးရမည့်ရက်။ သားလေး ဝေဒနာခံစားနေရသည်ကိုလည်း သူ မကြည့်ရက်ချေ။

" အိမ်လခ ဖယ်ထားတဲ့ ငွေ ယူခဲ့လိုက်ပါဝေ ၊ ဆေးခန်းသွားရအောင်… "

ဝေ့ ထံမှ သက်ပြင်းချသံ သဲ့သဲ့ထွက်လာသည်။

" အကို အိမ်လခငွေမယူပဲ  ဟို စုဗူးလေးကိုပဲ … "

" တော်တော့ဝေ အဲဒီစုဗူးကို ဘယ်တော့မှ ဘာအကြောင်းနဲ့မှ မထိပါနဲ့ဝေ အိမ်လခငွေပဲ ယူခဲ့လိုက်ပါ … "

ဝေ အိမ်ခန်းထဲဝင်သွားသည်။ သားက အဖျားရှိန်နဲ့ သူ့ရင်ခွင်ထဲ မှိန်းနေသည်။ အပြင်မှာမိုးကလည်း သည်းလာသည်။ မိုးစဲလျှင်တော့ ဆေးခန်းသွားရ မည်။ သားကို နွေးထွေးသွားစေရန် ပို၍ခပ်တင်းတင်းပွေ့လိုက်မိသည်။ ခေါင်းပေါ် မိုးရေတစ်ပေါက်ယိုကျလာ၍ မိုးလွတ်ရာသို့ မှိန်းနေသော သားမနိုးအောင် အသာအယာရွှေ့ထိုင်လိုက်ရသည်။ သူ့ မျက်ဝန်းက အိမ်ခေါင်မိုးမှ တပေါက်ပေါက်ယိုကျလာနေသော မိုးစက်ပေါက်များကို အကြောင်းမဲ့ ငေးနေမိသည် … …။

----------------------------------------------------------

သားက အဖျားကျသွားပြီဖြစ်သော်လည်း သူက ဖျားနေလေပြီ။  ခပ်လှမ်းလှမ်းမှ ဘောလုံးကလေး  ဖြင့် သားကဆော့နေသည်။

" ကျားကြီးရေ ကျားကြီး … "

အိမ်နားမှ ဒေါ်ကြီးအေးက အသံစာစာနှင့် အော်ခေါ်ရင်း ဝင်လာသည်။ ပြီးဈေးမှဝယ်လာသော သူမှာလိုက်သည့် အဖျားပျောက်ဆေးကဒ်ကို ဈေးခြင်းထဲမှ ထုတ်ပေးသည်။

"ဘယ်လိုနေသေးလဲ ကျားကြီး …"

"  မိုးမိသွားလို့ ရိုးရိုးဖျားတာပါဗျာ ၊ ဆေးသောက်လိုက်ရင် သက်သာသွားမှာပါ "

" တုပ်ကွေးရာသီနော် ဂရုလည်းစိုက်ဦး .."

"ဟုတ်သားပဲ အကိုရယ် ဒီတစ်နေ့တော့ အိမ်မှာပဲ နားလိုက်ပါနော် … "

အိမ်ထဲမှ ထွက်လာသော ဝေက သူ့နဖူးကို စမ်းကြည့်ရင်းပြောတော့ သူ ပြုံးမိသည်။

" ဟုတ်သားပဲ ကျားကြီးရယ် နေမကောင်းတဲ့အခါများတော့ နားစမ်းပါဦး … "

"မနားပါဘူး ဒေါ်ကြီးအေးရယ် တစ်ရက်အလုပ်မဆင်းရင် တစ်ရက်လုပ်ခနာတယ်ဗျ … "

" ဝေဝေတို့များ အားကျပါ့အေ ၊ အရှာကောင်း အဖွေကောင်း အသောက်အစားကင်းတဲ့ စပါယ်ရှယ် ယောကျာ်းကိုရထားတာ တို့များတော့ ပလိုင်းပေါက်နဲ့ဖားကောက်နေရသလိုပါပဲအေ ၊အိမ်ကဟာကြီးများ ကျားကြီးတစ်ဝက်လောက်ပဲသိစမ်းပါ ဘုရားစင်ပေါ်တင်ပြီးကို ကိုးကွယ်ချင်စမ်းပါရဲ့ ၊
ကဲ သွားမယ် သွားမယ် သင်းကြီး နိုးလာလို့ မတွေ့ရင် အော်လား ဟစ်လား လုပ်နေဦးမယ် "

သူ့ဝသီအတိုင်း အသံတစာစာနှင့်ပြောပြီး ဒေါ်ကြီးအေးက ဈေးခြင်းဆွဲကာ ဘောက်ဆတ်ဘောက်ဆတ် ထထွက်သွားသည်ကို ငေးရင်း သူရော ဝေပါ ပြုံးမိကြသည်။ ဒေါ်ကြီးအေး ယောကျာ်း ဦးလေးမြင့်မှာ အရက်ကိုနေ့ရော ညပါသောက်သူဖြစ်ပြီး မူးလာသည့်အခါ မိန်းမကိုဂျီကျတတ်သေးတာ။ တစ်အိမ်လုံးကို ဒေါ်ကြီးအေးက ရှာဖွေကျွေးမွေးနေရသူဖြစ်သည်။

သားသမီးမထွန်းကား၍ တော် တော်ပါသေး။ ဘဝအဆန်တွေသည် တခါတရံတော့ ခြေကုန်လက်ပန်းကျ မောဟိုက် ချင်စရာကောင်းလွန်းလှသည် မဟုတ်လား။

" အကို ထမင်းကြော်ရပြီ စားတော့မလားဟင် "

"အင်း စားတာပေါ့ ဝေ သားကိုပါခေါ် … "

ထမင်းကြော်စားပြီး အလုပ်သွားဖို့ပြင်သည်။

" အကို ဆေးသောက်ဦးလေ "

ဝေ ခပ်ပေးသော ရေအေးလေးနှင့် ဆေးသောက်ကာ သနပ်ခါးရေကျဲလေးဖြင့် နုမွတ်နေသော ဝေ့ ပါးကို နမ်းမိတော့ - " အာာ အကိုနော် ကလေးနဲ့" ဟု ဆိုကာ ဝေက ရှက်သွေးဖြာသေးသည်။

သားက ရယ်နေသည်။ ရယ်နေသော သားပါးကိုနမ်းတော့ အူယား၍ပဲလားထင့် သားက တခစ်ခစ်ရယ်လေ သည်။ ဝေနှင့်သားရဲ့ အပြုံးတွေသည် သူ့ရဲ့ တစ်နေ့စာ ခွန်အားပဲဖြစ်သည်။ ခွန်အားကိုသုံး၍ ငွေရှာရသော သူ့အတွက် ထိုအပြုံးများသည် အမောပြေ အားရှိစေခဲ့သည်။ ဒီဘဝလေးကို သူ မက်မောသည်။ ချစ်သည်။ ခင်တွယ်သည်လေ … ။

----------------------------------------------------------

စုဗူးလေးကို လှုပ်ကြည့်မိသည်။ 'ဂလောက်! ဂလောက်!' ဟူသော အသံလေးများက နားဝင်ချိုလွန်းလှသည်။ ဝေက သူ့ကိုပြုံးကြည့်သည်။ ဒီ စုဗူးလေးစတင်အသက်ဝင်လာသည့်ရက်ကို သူ ပြန်တွေးနေ မိသည် … ။

    တစ်ရက် အိမ်ပေါက်ဝတွင် ဆော့ကစားနေသော သားက " ဖေကြီး ဖေကြီး " ဟု အော်ကာ သူ့ဆီကို ပြေးလာသည်။ သူ့လက်ကိုဆွဲကာ အိမ်ဝဆီသို့ လက်ညှိုးထိုးပြသည်။ ကိုရင်ငယ်လေးတစ်ပါး သူတို့အိမ်ဝတွင် ဆွမ်းခံရပ်လာခြင်းပင်။ သားအတွက် ကိုရင်ငယ်လေးသည် အထူးအဆန်းဖြစ်လို့နေပုံပင်။

" ဝေရေ ဆွမ်းတော် … " ဟု အိမ်ထဲတွင်ချက်ပြုတ် နေသည့် ဇနီးသည်ကို အော်ပြောကာ တစ်ဆက် တည်း သားကိုလည်း -

" အဲဒါ ကိုရင်လေးလို့ခေါ်တယ်သားရဲ့ လက်အုပ်ချီ ရတယ် "

ဟု ပြောကာ သူ လက်အုပ်ချီပြတော့ သားကပါ လက်အုပ်ချီသည်။ ဝေ ဆွမ်းလောင်းပြီး ကိုရင်လေး ထွက်သွားသည်ထိ သားက စိတ်ပါဝင်စားစွာကို မျက်စိတစ်ဆုံး ရပ်ငေးနေလေသည်။

" ဖေဖေ သား ကိုရင်လေး လုပ်ချင်တယ် "

သူရော ဝေပါ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်မိကြသည်။ ဝေ့ မျက်ဝန်းမှာ မျက်ရည်တွေရစ်သိုင်းလို့။

" ဖေဖေ သား ကိုရင်လေး လုပ်ချင်တယ် "

သားက ဖြစ်ချင်နေသည့်စိတ်ဇောသန်စွာ ဒုတိယတစ်ခါထပ်ပြောတော့မှ သူ အသိဝင်လာရသည်။
သား ပခုံးလေးကို ကျစ်ကျစ်ဆုပ်ရင်း ကတိပေးမိသည်။ ကတိတွေကို သူ လွယ်လွယ်မပေးတတ်။ ထိုနေ့ကတော့ သားကို လေးလေးနက်နက် ကတိပေးခဲ့ မိသည်။

"လုပ်ရမှာပေါ့သားရယ် … ။ "

" ဟေးးးး ဟေးးးး ! ..."

သား မျက်နှာက အပျော်တွေဖြင့် ခပ်ရွှင်ရွှင်လေးဖြစ်သွားသည်။

" အကိုတို့ ပိုကြိုးစားမှ ဖြစ်တော့မယ် ဝေ ၊ သား ဆန္ဒလေးကို အကိုဖြည့်ဆည်းပေးချင်တယ်၊ ဘဝမှာ တစ်ခါတော့ အကိုရော ဝေပါ ဘုရားဒါယကာ ၊ ဒါယိကာမတွေ ဖြစ်ချင်သေးတယ် ဝေ "

" ကျေးဇူးပါ အကိုရယ် ဝေနဲ့သားအပေါ်မှာ ခင်ပွန်း ကောင်း ဖခင်ကောင်း ပီသပေးတဲ့အတွက်ပါ အကို"

သားလေးအသက်က အခုဆို ခြောက်နှစ်စွန်းနေပြီ ဖြစ်သော်လည်း ကျန်းမာရေးချွတ်ယွင်းချက်ကြောင့် ကျောင်းထား၍မဖြစ်။ သားကို သူနှင့် ဝေရဲ့ မျက်စိ အောက်မှာသာ အရိပ်တကြည့်ကြည့် ကြီးပြင်းစေ ခဲ့ရသည်။ သားက ရုတ်တရက်လန့်သွားလျှင်ပဲဖြစ်ဖြစ် ၊ သူ စိတ်လှုပ်ရှားလွန်းသောအခါပဲဖြစ်ဖြစ် တက် တတ်သည့်ရောဂါရှိသည်။

ထိုညနေက သူ စုဗူးအနီရောင်လှလှလေး ဝယ်လာခဲ့သည်။ သားကမေးတော့ -
" သားပဲ ကိုရင်လေးဝတ်မယ်ဆို သားအတွက် သင်္ကန်းတွေ၊ သပိတ်တွေ ဝယ်ဖို့ ဒီစုဗူးလေးထဲမှာ ဖေဖေကပိုက်ဆံတွေစု ပေးမလို့၊ ဒီစုဗူးလေးပြည့်တဲ့အခါ သား ကိုရင်လေးလုပ်လို့ရပြီ " ဟု သူပြောလိုက်ကတည်း သားက စုဗူးအနီလေးကို အရိပ်တကြည့်ကြည့် ပွေ့ပွေ့ပိုက်ပိုက်နှင့် ခင်တွယ်လွန်းလှသည်။

သားရဲ့ဆန္ဒကို ဖြည့်ဆည်းပေးချင် ဇောဖြင့် သူ အလုပ်ကြိုးစားလုပ်ရ သည်။ သူ လည်း စုဗူးအနီလေးကို အမြန်ပြည့်စေချင်လွန်းလှပြီ။ စိတ်ဇောသန်လွန်း၍ပဲလား မသိ။ သားရဲ့ ရှင်ပြုအလှုပွဲလေးကို အိပ်မက်များပင် မက်သည်။ သူက အလှု့ဒါယကာကြီး အဖြစ်။ ဝေက အလှုဒါယိကာမကြီးအဖြစ်။ သားလေးက မောင်ရင်လောင်းလေးအဖြစ်။ အိပ်မက်သည်ပင် ချို မြိန်လွန်းလှသည်ဖြစ်ခြင်း။

" ကဲ အကိုရေ အိပ်တော့လို့ပြောနေတာကို စုဗူးကြီးပိုက်ပြီး ပြုံးဖြီးဖြီးကြီးလုပ်နေတယ် … "

ဝေ့ရဲ့ မျက်စောင်းဖွဖွချိတ်အပြောကြောင့် သူ မလုံလဲစွာ ခပ်ဟဟ တစ်ချက်ရယ်မိသည်။ ရင်ခွင်ထဲက စုဗူးအနီလေးကို နေရာတကျပြန်ထားလိုက်သည်။ သူ့ ရင်ထဲမှာတော့ မျှော်လင့်ချက်ပျားရည်မြစ်လေးက ငြိမ့်ငြိမ့်လေး စီးဆင်းလို့ … ။

----------------------------------------------------------

မျက်စိထောင့်စွန်းက အရိပ်တစ်ခုကြောင့် သူမျက်နှာ ပျက်သွားသလို ဝေ့မျက်နှာကလည်း ဒေါသရိပ်နှင့် နီမြန်းလာသည်။ ထိုအရိပ်သည် … … … ။

" အကို ပြန်ကြရအောင် အကို … "

"သြော် အေး အေး ပြန်တာပေါ့ "

ရပ်ကွက်ထိပ်ရှိ ဘုရားပွဲဈေးလေးတွင် ဝေနှင့်သား အားခေါ်ပြီး ညဘက်လျှောက်ကြည့်နေသည့်အချိန် တွင် ဝေရော သူပါ ထိုအရိပ်ကို မြင်လိုက်ရခြင်းဖြစ် သည်။ သားကတော့ ဘာမျှမသိရှာ။ ကလေးပီပီ ပွဲ ဈေးတန်းမြင်ကွင်းများကိုငေးရင်း ပျော်နေရှာသည်။

သူ မမြင်ချင်သော ၊ ဝေ မုန်းတီးစက်စုပ်သော ထိုအရိပ်သည် သူတို့နောက်တွင် ကပ်ပါလာနေသည်ကို သူ လှည့်မကြည့်ပါပဲ အတပ်သိပါသည်။ ဝေ့ ခြေလှမ်းတွေက ထိုအရိပ်နှင့် ဝေးလိုဇောဖြင့် သွက်လွန်းလှသည်။ သူ လည်း ဝေးချင်လှပါသည်။ ဘယ်တော့မှ မဆုံနိုင်သော ဝေးခြင်းမျိုးဖြင့်  … ။

ထိုနေ့ညက ဝေရော သူပါ အတွေးကိုယ်စီဖြင့် အိပ်မပျော်ပဲ တလူးလူး တလွန့်လွန့်ဖြင့် ညကို ခက်ခဲစွာ ကျော်ဖြတ်ခဲ့ကြရသည်။

အိမ်ပေါက်ဝမှာပင် ဝေ့ ရှိုက်သံသဲ့သဲ့ကို ကြားရသဖြင့် ခြေလှမ်းတွေကိုအသာရပ်လိုက်သည်။

" ညည်း ဒုက္ခကလည်း မသေးပါ့လား ဝေဝေရယ် ၊ ဒီတစ်ခါပေးလိုက်လို့ပြီးသွားရင်တော်သေး ၊ အကြိမ်ကြိမ်ဆိုရင်တော့ မလွယ်ပါဘူးအေ၊ ထောင် ဆိုတာကြီးကလဲအေ ဒီလိုလူမျိုး ပြန်လွှတ်နေရသေး၊ တစ်သက်လုံးသာ ထောင်ချထားလိုက်ပြီးရော "

ဒေါ်ကြီးအေး အသံကိုပါ ကြားရတော့ ဘာဆိုတာ သူ သိလိုက်ပြီဖြစ်သည်။ အံကို ခပ်တင်းတင်းဖိကြိတ်မိသည်။ လက်သီးကို ကျစ်နေအောင်ဆုပ်ထား မိသည်။ သွေးတို့သည် ဆူဝေလာရ၏ ။

" ဒီလိုကောင်မျိုးက ဆေးပြတ်လို့ သူ ငွေလာတောင်းတဲ့အခါ ပေးနိုင်ရင်ကောင်းတယ် ၊ မပေးနိုင်ရင် လူကိုရန်ပြုလာရော လူ့အရိုင်းအစိုင်းတွေ၊ ခုပဲ ကြည့်လေ တော်သေးတာပေါ့ ငါ အသံတွေကြားလို့ ပြေးလာလိုက်လို့ မဟုတ်ရင် ညည်းမလွယ်ဘူး ဝေဝေ "

' တောက်' အသံတိတ် ရင်ထဲတွင်ခံပြင်းစွာ တောက် ခတ်မိသည်။ ဝေ့ ကို သနားလွန်းလှသည်။

" အကို့ကို ဒီအကြောင်းတွေပြန်မပြောပါနဲ့နော် ဒေါ်ကြီးအေး အကို စိတ်ညစ်မှာစိုးလို့ပါနော် ၊ သူလည်း ထပ်တော့ မလာတော့လောက်ပါဘူးလေ"

ဝေရယ် …။ အချစ်ဆိုတာ မျှဝေခံစားခြင်းဆိုတာ ဝေ မေ့နေလေရော့သလားလေ။

" အေးပါ ဝေဝေရယ် မပြောနဲ့ဆိုလည်း မပြောပါဘူး အေ စိတ်ချပါ လောကကြီးကလည်းနော် တခါတလေ ပြောင်းပြန်နဲ့ဇောက်ထိုး ၊ ဖအေအရင်းက လူစိတ်မဲ့ ဘာမှမဆိုင်တဲ့လူက … …  ဟူး …  ငါ ညည်းအစား ရင်မောလိုက်တာ ဝေဝေရယ် … "

" ဝေ့ ကံပေါ့လေ "

ဝေ့ ကို သနားစိတ်ဖြင့် မျက်ရည်လည်လာမိသည်။ ခြေသံမကြားအောင် သူ့ ခြေလှမ်းများက ခြံပြင်သို့။
တစ်နေရာရာတွင် စိတ်တည်ငြိမ်သည်အထိ သူ သွားထိုင်နေပါဦးမည်။ အရာရာကို မေ့ပစ်သည်ထိ။
ဝေ့ကို ဘာမှမသိသလို ဟန်ဆောင်ပြုံးပြနိုင်သည့်အချိန်ထိ။

အရင်တုန်းက တာလီချောင်းတွေလက်နဲ့မဆန့်အောင် အင်တိုက် အားတိုက် ထမ်းနိုင် ပိုးနိုင် သော သူသည် ယခုတော့ သတ်မှတ်ချိန်မပြည့်ခင်ရသလောက် တာလီချောင်းလေးတွေကို ငွေဖြင့်လဲကာ အိမ်သို့သာ အမြန်ပြန်တတ်လာသည်။ ဝေ နှင့် ကျန်းမာရေးချူ ချာသော သားလေးကို သူ စိတ်မချ။

ဆေးသမားများ လာနှိပ်စက်နေလေမည်လား။ အလုပ် လုပ်နေရသည်မှာ နောက်ဆံတတင်းတင်း ဖြင့် စိတ်ကမဖြောင့်။ သူ မရှိသည့်အချိန်ကို တစ်ဖက်က ချောင်းနေနိုင်သည်လေ။

    ဒီရက်ပိုင်းတွေ ဝေ့ မျက်နှာညှိုးနေသည်ကို သတိထားမိသည်။ ဝေ့ ကို သနားစိတ်နှင့် သူ မမေးဖြစ်သလို ဝေကလည်း သူ့ကိုအားနာစိတ်နှင့် တစ်ခွန်းမျှမပြောချေ။

" ပြန်ပြီလား ကျားကြီးရ ဆန်ကား နောက်တစ်စီး ဝင်စရာရှိသေးတယ်လေ မစောင့်တော့ဘူးလား "

" မစောင့်တော့ပါဘူးကွာ အိမ်မှာ မိန်းမက သိပ်နေမကောင်းလို့ သွားပြီ "

" မင်းက အပူရှာတာကိုးကွ ကျားကြီးရ ဟားး ဟားး"

လုပ်ဖော်ကိုင်ဖက်များက သူ့ကို ပြောပြီး သဘောကျစွာ အော်ရယ်နေသည်။ အပူ။ ဝေ နှင့် သားကို တော့ အပူ ဟု သူ တစ်ခါမျှ မတွေးဖူး။ ဝေနှင့် သားသည် ခြောက်သွေ့သော သူ့ ဘဝ၏ အိုအေစစ်ကလေးသာ။ မိဘမဲ့ တစ်ကောင်ကြွက် ဘဝဖြင့် ကြီးပြင်းခဲ့ရသော သူသည် သားလေးကို ပို၍စာနာစွာ သူ မရခဲ့သည့် ဖခင်မေတ္တာတွေအပြည့်ပေးမိသည်။ ဝေ့ ဘဝရဲ့ ကွက်လပ်ကလေးကို သူ ကိုယ်စွမ်းရှိသ၍ နားလည်မှုများဖြင့် ဖြည့်စွမ်းခဲ့သည်။ ငယ်ငယ်ရွယ်ရွယ်နှင့် နာကျင်ခဲ့ရသော ဝေ့ ဘဝလေးကို အရိပ်အဖြစ်ထီးမိုးပေးခဲ့သည်။ ဆေးမှု ဖြင့် ဝေ့ ယောကျာ်းထောင်ကျသွားတော့ ဝေ ကျန်ခဲ့ သည်က ဗိုက် က လွဲရင် ဘာမျှမရှိ။ ယောကျာ်းရှိနေ စဉ်းတုန်းကလည်း ကိုယ့်လက် ကိုယ့်ခြေနှင့်သာ ဝေ့ ခမျာ ရုန်းကန်ခဲ့ရရှာသည်။ ဆေးသမားဆိုတာ ယူပြီး အချိန်နှောင်းမှ သိခဲ့ရသော ဝေ့ အတွက် ဖြစ်သမျှ ကို အံခဲ ခါးစည်းခံရုံသာ။ ဘယ်အလုပ်မှ လက်ကျောမတင်းသည့်အပြင် မိန်းမရှာသည့်ငွေကို ပင် ဆေးဖိုးအဖြစ်သုံးသေးသည့် လူစားမျိုး။ ဝေ့ကို သူ စတွေ့တော့ ဝေသည် ဗိုက်ကြီးတကားကားဖြင့်
လမ်းဘေးကွမ်းယာသည်မလေးဖြစ်နေပြီ ။ မြင်မြင်ချင်း ဂရုဏာသက်စိတ်ဖြင့် တစ်သက်လုံးက မစားခဲ့သည့် ကွမ်းယာကို သူ စွဲစွဲမြဲမြဲစားတတ်လာခဲ့သည်။  သံယောဇဉ်တို့ရစ်ဖွဲ့ပြီး နားလည်မှုတွေ မိုးကာ ဝေ နှင့်သူ ပေါင်းစည်းဖြစ်ခဲ့ကြသည်။ ခြောက်သွေ့သော သူ့ ဘဝတွင် ဝေနှင့်သားသည်  ပထမဆုံးသော မေတ္တာမိုးဦး မိုးစက်လေးများသာ ဖြစ်သည်။ အတွေးများဖြင့် လမ်းလျှောက်လာရင်း ကောင်းကင်ကို မော့ကြည့်မိတော့ နေညိုချိန်လေးက နီကျင်ကျင်အသွေးအမွေးနှင့် လွမ်းစရာ ကောင်း လွန်းလှသည် … … … … … …။

----------------------------------------------------------

" ဟာာ ပေးစမ်းပါဟာ ငါ တကယ်လိုနေလို့ပါ "

" အို မပေးဘူး မပေးဘူး "

"အီးးးး မေမေကို မလုပ်ပါနဲ့ မလုပ်ပါနဲ့ … "

" ဟာ သောက်ရေးထဲ ဒီကလေးကတစ်မှောင့် "

မဆူညံစဖူး ဆူညံနေသော သူ့ အိမ်ကလေး။ ဝေ့ အသံ။ သားငိုသံတို့ကြောင့် ဆူဝေစိတ်နဲ့ အိမ်ထဲ ပြေးဝင်မိသည်။ မြင်ကွင်းက ဖရိုဖရဲနိုင်လွန်းလှသည်။ ဒေါသက ငယ်ထိပ်တက်ဆောင့်လာချေပြီ။

" ဟေ့ကောင် ငါ့မိန်းမနဲ့ ငါ့သားကိုမထိနဲ့ …"

" ဘာ ဒါက မင်းမိန်းမနဲ့ မင်း သား ဟုတ်လား ဟားး ဟားး ဟုတ်ပါပြီကွာ ဒါဆိုလည်း မထိပါဘူး ၊ ငါ့ကို ဒါလေးတော့ ခဏငှားလိုက်ကွာနော် "

စုဗူးနီနီလေး။ သားက သူ့စုဗူးလေးကို ကြည့်ကာ ရှိုက်ကြီးတငင်။ သူ မျက်လုံးတွေပြာဝေသွားသည်။

"အေး ဒါပဲရမယ် … "

" ခွပ် ! "
လက်သီးချက်ကြောင့် ယိုင်ထွက်အသွား ဘေးက သစ်သားချောင်းဖြင့် အဆက်မပြတ်ရိုက်ပစ်မိသည်။

"အကို တော်တော့ တော်ပါတော့ ..."

နာကျင်စွာလူးလှိမ့်နေသော မျက်နှာအား စက်ဆုပ်စွာကြည့်ပြီး သူ ရပ်လိုက်သည်။ ဘေးနားတွင် ကျနေသော စုဗူးအနီလေးအားကောက်ကာ ငို နေ သော သားလေး လက်ထဲသွားထည့်ပေးမိသည်။

" သား မငိုနဲ့ တိတ်တိတ်၊ တိတ်တော့နော် သား၊
ရော့ သားစုဗူးနီလေး ..."

" အ ကို  ! "

သားကို ချော့မော့နေစဉ် ဝေ့ရဲ့အော်သံ။ ကြားဖူးသမျှသော ဝေ့ရဲ့ အကို ခေါ်သံအားလုံးတို့ထဲတွင် အကျယ်လောင်ဆုံး။ အတုန်ဟီးဆုံး ဖြစ်ပါလိမ့်မည်။
ခါးစပ်မှ ပူ ခနဲ ဝေဒနာတစ်ခု။ မျက်လုံးကပြာခနဲ ဖြစ်သွားသည်။

" ကယ်ကြပါဦးး ဓါးနဲ့ထိုးသွားလို့ ကယ်ကြပါဦးရှင်"

ဝေ့ အော်သံ။ သား ငိုသံ။ ခြေသံတွေ။ မငိုနဲ့သား။ မငိုနဲ့ဝေ။ အသံတွေက နီးတစ်ခါ ဝေးတစ်လှည့်။ သားက စုဗူးအနီလေးပိုက်ကာ သူ့ကိုကြည့်ပြီး ငိုနေသည်။ ခါးဆီမှ နာကျင်မှုက မခံမရပ်နိုင်အောင် အတိုင်းအဆမရှိ နာကျင်လာသည်။ သူ သတိကို အတင်းဆွဲကပ်ကြည့်သည်။ ဝေနှင့်သား … … …။ အသိတရားသည် နီးလိုက် ဝေးလိုက်ဖြင့်။

" လူနာ နာမည် "

" ကျားကြီး "

" နာမည်အရင်းကို ပြောပါရှင် "

" ညိုညိုသွယ် ပါ "

ထိုစကားသံတွေနှင့် အဝေးဆုံးသို့သူရောက်သွားချေသည်။ မှောင်လွန်းသည်။ နက်လွန်းသည်။

----------------------------------------------------------

"အကိုရေ အကိုရေ … "

"ဖေကြီး ဖေကြီး အီးးး ! "

" ဝေဝေ အားပါးတရ ငိုချလိုက် သမီး၊ စိတ်ကို တင်းမထားစမ်းနဲ့ ငိုချလိုက်သမီး … "

ပိတ်ဖြူ စလွှမ်းထားသော မှန်အခေါင်းထဲမှာ ငြိမ်သက်နေသော အကိုရဲ့မျက်နှာသည် တည်ကြည်ကာ ယောကျာ်းပီသလွန်းနေသည်။ ဝေ မဖြေနိုင်။
ရွှေတောင်ကြီးပြိုသလို ရင်ကွဲပက်လက် ရူးမတက် ဖြစ်ရသည်။

" ကဲ နောက်ဆုံး ကန်တော့လို့ရပြီ "

 မှန်အခေါင်းထဲမှမြင်ရသော အကို့ရဲ့ ခြေဖဝါးဖြူ နုနု ကို ဝေရော သားပါ မျက်ရည်များဖြင့်ကန်တော့မိသည်။ အကို့မျက်နှာကို နောက်ဆုံး စူးစူးနစ်နစ် ဝေ ငေးမိသည်။ ပါးပြင်သည် ပူ ခနဲ။
လူချစ်လူခင်ပေါများသော အကို့နာရေးသည် လုပ်ဖော်ကိုင်ဖက်များဖြင့် စည်းကားခဲ့ပါ၏ ။
အကို့ကို သဂြိုလ်ရာမှ ထွက်ပေါ်လာသော မီးခိုး ငွေ့များမစဲခင် သားလေးလက်ကိုဆွဲကာ ဝေ ပြန်ခဲ့ပါသည်။

----------------------------------------------------------

ရေစက်ခွက်ကို ချပြီး အလှု့ဒါယိကာမ ဝေ တစ်ယောက် အကို့ကို သတိရစိတ်ဖြင့် မျက်ရည်ကျမိသည်။ သား ကိုရင်လေးကို ပီတိဖြစ်စွာ ငေးမဝနိုင်။ အကိုလည်း တစ်နေရာရာကနေ ကျေနပ်နေမှာပါ ဟု တွေးရင်းစိတ်ဖြေရသည်။ ဒီလိုနေ့အတွက် အိပ်မက်တွေ မက်ခဲ့သူကြီးရေ။ အလှု့ဒါယကာကြီး
ဖြစ်ချင်စမ်းလှချည်ရဲ့ဆို။ သားကိုရင်လေးကို ဖူးချင် စမ်းရဲ့ဆို။

" ကျားကြီးလည်း ရောက်တဲ့ဘုံဘဝကနေ သာဓုခေါ် ကျေနပ်နေမှာပါ ဝေဝေရယ် ၊ စိတ်ကိုထိန်းပါအေ ၊ တကယ်ဆိုရင် ကျားကြီးဆုံးသွားတာ ခြောက်လဆို ပေမယ့် တို့တွေရင်ထဲမှာတော့ သူ ရှိနေပါတယ် အေ၊ သူ မသေသေးပါဘူး ဝေဝေရယ် … "

လူ အကွယ် ထောင့်တစ်နေရာမှာ ကြိတ်ရှိုက်နေမိသော ဝေ့အနားကို ဒေါ်ကြီးအေးရောက်လာကာ နှစ်သိမ့်စကား ဆိုသည်။ ဝေ့ ပခုံးကို ခပ်ဖွဖွဆုပ်ကိုင်၍ ပြောလိုက်သော ဒေါ်ကြီးအေးစကားတစ်ခွန်းကို ဝေ့ ရင်ထဲ အထိရှဆုံး ဖြစ်ခဲ့သည်။

" တကယ်တော့ ကျားတွေ မတွေဟာ အဓိကမဟုတ်ပါဘူးဝေဝေ၊ လောကမှာလေ ယောကျာ်းစင်စစ်ဖြစ်ပါရဲ့ မိန်းမလို ယုတ်မာအောက်တန်းကျတဲ့ ကျားခန္ဓာကိုယ်နဲ့ မ စိတ်ရှိတဲ့လူတွေ အများကြီးရှိသလို၊ ဘဝပေးကုသိုလ်ကံအရ မ ခန္ဓာကိုယ်ဖြစ်နေပေမယ့် ယောကျာ်းစစ်စစ်တွေထက် စိတ်ထားဖြူ စင်တဲ့
မ ခန္ဓာကိုယ်နဲ့ ကျား စိတ်ရှိတဲ့ ကျားကြီးတို့လို လူမျိုး တွေလည်း ဒုနဲ့ဒေးပါအေ ၊"

နောက်ဘဝဆိုသည်များရှိလျှင် အကိုနှင့် ဝေ ပြန်ဆုံချင်ပါသေးသည်။ ဘယ်လို ခန္ဓာမျိုးနှင့်ဖြစ်ပါစေ အကိုနှင့် ဝေ ပြန်ဆုံလိုပါသေးသည်။ သံသရာတစ်လျှောက် ကျားဖြစ်ပြီး မ စိတ်ရှိသော သူတွေနှင့် မဆုံစည်းရပဲ မ ဖြစ်ပါစေ ကျား စိတ်ရှိသော အကို့လိုလူမျိုးနှင့်သာ အဖန်တလဲလဲ ဆုံစည်းရပါ စေလို၏ ဟူ၍ … … … … … … … … …။

လင်းဆစ်​အိမ်
ဝဿန်​ LGBT ဝတ္တုတိုပြိုင်​ပွဲ ၂၀၁၈
(ပထမဆုရစာမူ)

1 comment: