Sunday, February 23, 2020

' သူမ နာမည်က Lola ဒါဟာ သူမရဲ့ နာမည်အရင်းတော့ မဟုတ် ♥


' သူမ နာမည်က Lola
ဒါဟာ သူမရဲ့ နာမည်အရင်းတော့ မဟုတ်၊
ဒေါ်လာ ၂၀၀ ပေးပြီး သူမနဲ့ အတူ အိပ်ခဲ့တယ် '

သူမ နာမည်က Lola ဆိုတာ အစစ်ဟုတ်မဟုတ်ဆိုတာကိုတော့ သေချာမမေးခဲ့ပါဘူး။
နာမည်အရင်း ဖြစ်ချင်လည်း ဖြစ်မှာပေါ့၊ ဖြစ်ချင်မှလည်း ဖြစ်မှာပါပဲ။
ကျွန်တော်ကလည်း လဝက ကမှ မဟုတ်ပဲ။
သူမ နာမည် Lola ဖြစ်ခြင်း မဖြစ်ခြင်းဟာ သူမ ရှိနေခြင်းလောက် အရေးမကြီးပါဘူး။
သူမရဲ့ ကြီးမားဖွံ့ထွားတဲ့ ရင်သားတွေနဲ့ တင်ပါးတွေကတော့ အစစ်တွေဆိုတာ အသေအချာပါပဲ။
သူမက ပြည့်တန်ဆာ မဟုတ်ဘူး။
ဒါပေမယ့် သူမကို ပိုက်ဆံပေးပြီး အိပ်ခဲ့တာ။

သူမက လက်တင်အမေရိက က မြို့လေးတစ်မြို့ရဲ့ စားသောက်ဆိုင်တစ်ဆိုင်မှာ အချိန်ပိုင်း စားပွဲထိုးလုပ်နေတာ။
သူမ လုပ်နေတဲ့စားသောက်ဆိုင်မှာ ကျွန်တော်တစ်ယောက်တည်း ပေါင်မုန့်အသားညှပ်နဲ့ အာလူးချောင်းကြော်ထိုင်စားနေခဲ့တယ်။
အဲ့ဒီအချိန် သူမက လာထိုင်ပြီး စ စကားပြောခဲ့တယ်။

'ရှင်က စပိန်စကားမပြောတဲ့ အာရှ နိုင်ငံကလား။'
'ဟုတ်ပါတယ်။'
'ကျွန်မက အင်္ဂလိပ်စကားပြောတာ လေ့ကျင့်နေတာ။ ရှင်နဲ့ စကား နည်းနည်း ပြောလို့ ရမလား။'
'ရပါတယ်။ ပြဿနာမရှိပါဘူး။'

ခင်ဗျားအနေနဲ့ အဲ့ဒီနိုင်ငံတွေမှာ အင်္ဂလိပ်လို ပြောတတ်တဲ့ ဒေသခံတွေ့ရင် တကယ်ကို ထူးဆန်းတယ်လို့သာ မှတ်ပါ။ ဘာကြောင့်ဆို သူတို့တွေဟာ အင်္ဂလိပ်လို လုံးဝ မပြောဘူး။ ခင်ဗျား ဘာသာ အင်္ဂလိပ်လိုပြောပါ၊ စပိန်လိုမရပါဘူးဆိုတာကို အာပေါက်အောင် ပြောလည်း သူတို့က ခင်ဗျားကို ကြောင်တောင်တောင်ကြည့်ပြီး  စပိန်လိုပဲ ပြန်ပြောနေလိမ့်မယ်။ တစ် နှစ် သုံး လေးတောင် အင်္ဂလိပ်လို မပြောဘူး။ ပိုက်ဆံရှင်းတာဖြစ်ဖြစ် မုန့်မှာတာဖြစ်ဖြစ် လက်ညှိုးတွေထောင်ပြီး ဘယ်လောက်ဆိုတာကိုပြနေတာတောင် သူတို့ပါးစပ်က စပိန်လို ၁ ၂ ၃ ၄ ပဲ ထွက်တယ်။

Lola က အသက်နှစ်ဆယ်၊ ဆေးကျောင်းတက်နေတာ ပြောတယ်။ စားသောက်ဆိုင်မှာ အချိန်ပိုင်း စားပွဲထိုးရင်း ဝင်ငွေရှာနေတာ။ သူမ အလုပ်ချိန်ပြီးတော့မှာမို့ မြို့ထဲ လိုက်ပြပေးရမလားလို့ မေးတယ်။ 'ကောင်းသားပဲ' လို့ ပြောတော့ သူမက ခဏစောင့်ခိုင်းတယ်။ ပြီးတော့ ကျွန်တော်တို့ နှစ်ယောက် တူတူထွက်လာခဲ့ကြတယ်။ ဒါပေမယ့် ဘယ် မြို့ထဲမှ မရောက်လိုက်ဘူး။ သူမ အခန်းဆီ ရောက်သွားပြီး ကျွန်တော်တို့ လိင်ဆက်ဆံခဲ့ကြတယ်။

ကိစ္စပြီးချိန်မှာ ကျွန်တော် မပြန်ခင် သူမ ပိုက်ဆံအိတ်ကိုယူ၊ သူမ ပိုက်ဆံအိတ်ထဲ ဒေါ်လာ တစ်ရာတန် ၂ ရွက် ထည့်ပေးနေတာ သူမက လှဲနေရင်း ကြည့်နေတယ်။ ဘာမှတော့ မပြော။ ကျွန်တော်ဟာ နှစ်ဦးသဘောတူ အိပ်ကြတာမို့ တစ်ပြားမှ မပေးဘူး ဆိုတဲ့ ဘဝင်ရူးနေတဲ့ စောက်ရူးကောင်တော့ မဟုတ်ဘူး။ ကျွန်တော်ဟာ Tom Hiddleston တို့ Leonardo DiCaprio တို့လို ရုပ်ဖြောင့်ဖြောင့်ကောင်လို့ ပြောလည်း ခင်ဗျားတို့ ယုံရမှာပဲ။ ဒါမှမဟုတ် Chris Hemsworth
 တို့လို ဗလတောင့်တောင့် ကောင်လို့ ပြောလည်း ခင်ဗျားတို့ ယုံရမှာပဲ။ ကျွန်တော်ဟာ အဲ့လို ရုပ်ဖြောင့်ဖြောင့်ကောင်မျိုး မဟုတ်ဘူး။ ရိုးရိုးသာမန်ကောင်ပဲ။ သူမ အတူလိုက်အိပ်တာ ကျွန်တော့်ရုပ်ရည်ကြောင့်လို့ သွေးနားထင်ရောက်နေတာမျိုး မရှိဘူး။ သူမဟာ ပြည့်တန်ဆာ မဟုတ်တာကြောင့် ကျွန်တော်နဲ့ အတူမအိပ်ခင် တစ်နေ့တည်း တစ်ခြား ယောက်ျား လေးငါးခြောက်ယောက်လောက်နဲ့ အတူ အိပ်ထားတာမျိုးတော့ မရှိတာ အသေအချာပါပဲ။ သူမ တစ်ခြားသူနဲ့ အိပ်တာ မအိပ်တာ ကျွန်တော့်အတွက် အရေးမကြီးပါဘူး။ ကျွန်တော် ဘယ်သူနဲ့ အိပ်တာ မအိပ်တာဟာလည်း သူမ အတွက် အရေးမှ မကြီးပဲ။ တန်ရာတန်ကြေးပေးတယ် ဆိုတာထက် သူမ သုံးစရာစွဲစရာ တစ်ခုခုရှိအောင် ပေးတဲ့သဘောပါပဲ။ ဒီကိစ္စနဲ့ ပတ်သတ်လို့ ကျွန်တော်တို့ ဘာမှမပြောကြ။

သူမရဲ့ ဖုန်းနံပတ်ကို မေးလိုက်တယ်။
contact ထဲ save လိုက်ပြီး whatsapp အကောင့်ကနေ msg ပို့လို့ရအောင် လုပ်ထားလိုက်တယ်။
သူမရဲ့ facebook, twitter, instagram စတဲ့ social media တွေကိုတော့ မမေးဘူး။
သူမရဲ့ ကိုယ်ပိုင်ဘဝနဲ့ ကျွန်တော့်ရဲ့ ကိုယ်ပိုင်ဘဝက တစ်လမ်းစီပဲလေ။
နောက်တစ်ခေါက်ပြန်ရောက်လာရင် whatsapp ကနေဆက်သွယ်လိုက်မယ်ပြောတော့ သူမက ခေါင်းညိတ်ပြတယ်။

ဒါပေမယ့် နောက်တစ်ခေါက် သူမရှိတဲ့မြို့ဆီ မရောက်တော့ဘူး။
သင်္ဘောဟာ run ပြောင်းသွားပြီး သူမရှိရာ မြို့ကို မဝင်တော့။
အဲ့ဒီအကြောင်း သူမကို ပြောပြတော့ သူမက ကျွန်တော့်သင်္ဘောသွားမယ့် မြို့တွေ နိုင်ငံတွေကို မေးတယ်။
ကျွန်တော်ပြောပြလိုက်တော့ မြို့တစ်မြို့ကိုတော့ သူမ လိုက်လာလို့ ရတဲ့အကြောင်း သူမက ပြောတယ်။

အဲ့ဒီမြို့ကို သူမ လိုက်လာခဲ့ပါတယ်။
ကျွန်တော်တို့ ဟိုတယ်တစ်ခုဆီ အမြန်သွားကြပြီး ချစ်ရည်လူးကြတယ်။
နောက်တော့ ဟိုတယ်ရဲ့ ပြတင်းပေါက်လေးကိုဖွင့် ဆေးလိပ်အတူသောက်၊ ရှုခင်းကို ကြည့်ရင်း စကားတွေပြောကြတယ်။
သူမနဲ့ တစ်လတစ်ခါလောက်တွေ့ကြတယ်။
ပြန်ခါနီးတိုင်း သူမ အိတ်ထဲ ဒေါ်လာ တစ်ရာတန် နှစ်ရွက်ထည့်မြဲ၊ သူမက ငေးကြည့်နေဆဲ။
ကျွန်တော်ဟာ သူမနဲ့ ချစ်သူတွေမဟုတ်သလို သူမကို ပိုက်ဆံပေးပြီး ပျော်ပါးနေတာ မဟုတ်ဘူး။
တစ်လအတွင်း သူမ တစ်ခြား ယောက်ျားတွေ အိပ်လား မအိပ်လား ကျွန်တော် မမေးသလို သူမကလည်း မမေး။
သူမရဲ့ စပွန်ဆာ ဦးလေးကြီးပြောရအောင်လည်း သူမနဲ့ ကျွန်တော်နဲ့ ကွာတာမှ ငါးနှစ်။ သူမကို တစ်ခါတစ်ခါ ပေးတာ ကျွန်တော်ရတဲ့ လစာရဲ့ ငါးပုံတစ်ပုံလောက်ရှိပါတယ်။
ပြောရရင် ကျွန်တော်တို့ဟာ ချိတ်တွေလိုပဲ။
ဘယ်သူနဲ့ ချိတ်မိဖို့ ကြိုးစားကြိုးစား နှစ်ဖက်လုံး ကြိုးစားမှ ချိတ်မိကြတာ။
သူမနဲ့ တွေ့ဖို့ ကျွန်တော် ကြိုးစားသလို သူမကလည်း တွေ့ဖို့ ကြိုးစားလို့ ချိတ်မိကြတယ်။
ဒီလောက်ပါပဲ။
ဘာ အချစ်တွေ အသည်းတွေ ကလီစာတွေ လိုဟာမျိုးတွေ မပါ။

သူမနဲ့ လိင်ဆက်ဆံပြီးရင် စကားတွေပြောနေလေ့ရှိတယ်။
ကြာလာတော့ သူမနဲ့ အိပ်ရတာထက် သူမနဲ့ စကားပြောနေရတာက ပျော်စရာပိုကောင်းတယ် ထင်လာတယ်။
သူမနဲ့ ရုပ်ရှင်တွေအကြောင်း၊ စာအုပ်တွေအကြောင်း၊ သီချင်းတွေအကြောင်းပြောကြတယ်။
သူမနဲ့ ကျွန်တော်နဲ့ အတူတူသိတဲ့ စာရေးဆရာတွေက နည်းတယ်။
ကျွန်တော်ကလည်း လက်တင်အမေရိကထဲကဆိုရင် Gabriel García Márquez, Julio Cortázar, Neruda  တို့လောက်ပဲ ဖတ်ဖူးတာရယ်။
သူမ သိတဲ့ စာရေးဆရာတွေ အများကြီး ကျွန်တော်မသိသလို ကျွန်တော်သိတဲ့ စာရေးဆရာအများကြီး သူမ မသိဘူး။

' Paulo Coelho ကော သိလား'
' အင်း သိတယ်'
' သူက စပိန်လို ရေးတာ မဟုတ်ဘူးထင်တယ်။ ဘရားဇီးလို မဟုတ်ဘူးလား။'
' ရှင်လည်း စပိန်လို ရေးထားတဲ့စာတွေအကုန် ဖတ်ဖူးတာပဲ။ ကျွန်မ Paulo Coelho ဖတ်ဖူးတာ ဘာထူးဆန်းလို့လဲ။ ဘာသာပြန်တွေ ရှိတယ်လေ'

ဟုတ်သားပဲ။ ကျွန်တော်ဖတ်ဖူးတာတွေကလည်း မြန်မာလိုတွေချည်းပဲလေ။ ရုပ်ရှင်တွေကတော့ သိတာတူကြတာများပါတယ်။ အဆိုတော်တွေထဲ Imagine Dragons, Lana, Maroon 5 ကြိုက်ကြတာချင်းတူတယ်။ သူမနဲ့ အတူ ဆက်ဆံနေတုန်း၊ စကားပြောနေတုန်း Imagine Dragons နဲ့ Lana သီချင်းတွေ ခပ်တိုးတိုး ဖွင့်ထားတတ်ကြတယ်။

' ရှင်ပြောလိုက်ရင် တော်တော်ပျင်းစရာကောင်းတဲ့အကြောင်းတွေပဲနော်။ ပျင်းစရာကောင်းတဲ့ စာအုပ်တွေ၊ ပျင်းစရာကောင်းတဲ့ ရုပ်ရှင်တွေ'

ဟုတ်ပါတယ်။ ကျွန်တော်ဟာလည်း ကျွန်တော့်ကိုယ်ကျွန်တော် ပျင်းစရာကောင်းတဲ့လူတစ်ယောက်အဖြစ်သတ်မှတ်ထားတာပါပဲ။ ကောင်မလေးတွေကျအောင် ပြောနိုင်တဲ့ အရည်အချင်းမျိုး မရှိဘူး။

' ဒါကပဲ ရှင့်ကို စိတ်ဝင်စားစရာဖြစ်နေတာပဲ နေမှာပါလေ'

ကျွန်တော် ရှက်ပြီး ပြုံးမိသွားတယ်။ အဲ့တာကို သူမ မြင်သွားပြီး စနောက်ရင်း ရယ်နေတော့တာပဲ။
.
.

' ရှင့် တိုင်းပြည်အကြောင်း အင်တာနက်က ရှာကြည့်သေးတယ်။ ရှင့် မြို့က ဘုရားအကြီးကြီးက ရွှေအစစ်လား။'
'  အင်း။ အစစ်။'
' အဲ့တာဆို ရှင်တို့ တိုင်းပြည်ကလူတွေ တော်တော်ချမ်းသာမှာပဲနော်။'
' ငါ့ကို ကြည့်တာ တော်တော်ချမ်းသာတဲ့ ပုံပေါက်နေလား။ မင်းအကြောင်း ငါသိပါတယ်။ တုံးချင်ယောင်ဆောင်  မနေပါနဲ့။'
သူမက ရယ်လျက်
' ဒါကတော့ ဘယ်မှာဖြစ်ဖြစ်ပါ။ ဘာသာတရားတွေက လူတွေထက် ချမ်းသာကြတယ်။'
သူမက လည်ပင်းမှာ လက်ဝါးကပ်တိုင်ဆွဲကြိုးသေးသေးလေးဆွဲထားတယ်။ သူမနဲ့ လိင်ဆက်ဆံတိုင်း အဝတ်အစားတွေ ကိုယ်မှာမကပ်နေလည်း အဲ့ဆွဲကြိုးက ကျွန်တော်တို့ နှစ်ယောက်ကြား ရောက်ရောက်နေသလို ခံစားရတယ်။
' ခရစ်ယာန်ဘာသာကိုကော ဘယ်လိုမြင်လဲ။'
' ငါ အဲ့အကြောင်းမပြောချင်ဘူး။'
' ဘာလို့လဲ။ ဘာသာမဲ့ဆိုတာ ဝန်ခံရမှာ အဲ့လောက် သောကများနေလား။'
' ငါ့မှာ ဘာမှ ဝန်ခံစရာမရှိသလို ဘာမှ သောကမရောက်ပါဘူး။ မင်းကိုးကွယ်ချင်တာကိုးကွယ်ပါ။ ငါ မလှောင်ပါဘူး။'
' ဘာသာတရားတွေသာ မရှိတော့ရင် ဘယ်လို နေမယ် ရှင်ထင်သလဲ။'
' ငါမသိဘူး။'
' ပြော...ပါ။ ( talk please ကို ပူဆာသလို ဆွဲပြောတာ)
' ဘာသာတရားတွေ မရှိတော့ရင် တစ်ခြား အရာတစ်ခုခုက အစားထိုးဝင်ရောက်လာမှာပဲ။ လူတွေရဲ့ အကြောက်တရားကို ဖြေဖျောက်ပေးမယ့်အရာ၊ လူတွေ မျက်စိမှိတ်ကိုးကွယ်မယ့်အရာ။ အဲ့တာကြောင့် ဘာသာတရားတွေ မရှိတော့လည်း ဘာမှ ထူးခြားသွားမှာ မဟုတ်ဘူး။'
.
.

တစ်ခါကျတော့ သူမနဲ့ ကျွန်တော်နဲ့ ပြတင်းပေါက်ကနေ အပြင်ကို ထိုင်ကြည့်ရင်း စီးကရက်ထိုင်သောက်နေခဲ့ကြ။
ပင်လယ်ကိုလှမ်းမြင်နေရပြီး ဆိပ်ကမ်းမှာ ကပ်ထားတဲ့ ကျွန်တော့်သင်္ဘောကိုတောင် လှမ်းမြင်နေရတယ်။
လှိုင်းတွေက ဟိုဘက်ခြမ်းက ကမ်းခြေကို လာလာရိုက်လို့။
ဟိုတယ်အောက်မှာက ငါးဈေး။
တစ်လမ်းလုံး လူတွေပြည့်နှက်နေတယ်။
ကျွန်တော်တို့ နှစ်ယောက်ဟာ အခန်းထဲ ကိုယ်တုံးလုံး ထိုင်နေကြရင်း အပေါ်ကနေ လှမ်းကြည့်နေကြတယ်။

' သီချင်းဆိုပြပါလား'
' အသံမကောင်းဘူး'
'နားထောင်ချင်လို့ပါ။ မြန်မာသီချင်းဆိုပြ'
'နားလည်းမလည်ပဲနဲ့'
' အဲ့ဘာသာစကားရဲ့ အသံကိုကြားချင်လို့။ နားမလည်လည်း နားထောင်ချင်တယ်'

' အသည်းခွဲသွားမယ်ဆိုရင်လည်း သွားပါ
တားဆီးခွင့်တော့ မရှိသူပါ
နောက်ဆုံးတစ်ခေါက်လောက်တော့ နင့်မျက်နှာ
ငါ့တစ်သက်မမေ့အောင် ကြည့်ခွင့်လေးတော့ ပေးခဲ့ပါလား'

မောင်မောင်ဇော်လတ်ရဲ့ လမ်းခွဲချိန် သီချင်းကို ဆိုပြနေမိခဲ့။ သူမဟာ ပြတင်းတန်းပေါ် လက်မှီ၊ သူမလက်မောင်းပေါ်မေးထောက်ရင်း နားထောင်ပြီးကြည့်နေခဲ့တယ်။
ကျွန်တော့်အသံဟာ အရမ်းကြီးတော့ မကောင်းပါဘူး။ အဆိုတော်မှ မဟုတ်ပဲ။

' ဘယ်တော့မှ အပြစ်တွေ မမြင်ပါဘူး
အမြဲ ခွင့်လွှတ်ထားပြီးသား
နှုတ်ဆက်ဖို့ ခဏလောက်တော့ အခွင့်အရေးလေးပေး
ရက်စက်ပြီး နှင်မထုတ်ဘူး မဟုတ်လား'~

တစ်ပုဒ်လုံး ဆိုပြပြီးချိန် သူမက မေးထောက်ရင်း ပြုံးပြီးကြည့်နေတယ်။ သူမ သဘောကျလောက်အောင်တော့ ဆိုပြနိုင်ခဲ့တယ် ထင်ပါတယ်။ သီချင်းတစ်ပုဒ်လုံးရဲ့ အဓိပ္ပာယ်ကို မေးလို့ တစ်ကြောင်းချင်း ရှင်းပြရသေးတယ်။
.
.

တွေ့ကြတာ တစ်လ တစ်ခါလောက်ကနေ ရက်တွေစိပ်လာတယ်။ တစ်ခြား လာလို့ လွယ်လောက်မယ့် လက်တင်အမေရိက နိုင်ငံတွေထိလိုက်လိုက်လာတယ်။ သူမ ကျွန်တော့်ဆီက ပိုက်ဆံ သိပ် မယူတော့ဘူး။ ကျွန်တော့်မှာလည်း ပေးစရာလည်း သိပ်မရှိတော့ဘူး။ တစ်ယောက်နဲ့တစ်ယောက် လိင်ဆက်ဆံကြတယ်။ အဝတ်အစားဗလာနဲ့ ဆေးလိပ်သောက်ရင်း စကားတွေပြောကြတယ်။ ဒါတွေက ပျော်စရာတွေ ဖြစ်လာတယ်။
.
.

ဒီလိုနဲ့ပဲ သူမ ထားခဲ့ရတော့မယ့်ရက်ကို ရောက်လာပါတော့တယ်။ အဲ့ဒီနေ့တုန်းက သူမက သိပ်စကားမပြော။ ကျွန်တော်တို့ ဟိုတယ်ကိုရောက်လာခဲ့ကြတယ်။ လိင်ဆက်ဆံပြီးချိန်မှာ သူမဟာ ဘာစကားမှမပြော။ တအောင့်ကြာတော့ သူမ ငိုပါတော့တယ်။ ဘာဖြစ်လို့လဲမေးတော့ ကျွန်တော်တို့ နှစ်ယောက်တွေ့တွေ့နေတာ သူမ ရည်းစား သိသွားလို့တဲ့။ ပြောဆိုပြီး လမ်းခွဲသွားလို့လား မေးတော့ မဟုတ်ဘူး။ သူမ ဒီဝင်ငွေရနေတာကို သူ့ကို တစ်ပြားတစ်ချပ်မှ မထောက်ပံ့လို့ တဲ့။
ကျွန်တော်လည်း ဘာပြန်ပြောရမှန်းမသိတော့။
ကုတင်စောင်းကို ကျောမှီရင်း လက်တစ်ဖက်က သူမ ကျောပြင်ကိုပွတ်သပ်၊ လက်တစ်ဖက်က စီးကရက်ထိုင်သောက်နေမိတယ်။ ဒီနေ့မှ စကားတွေ ရှားပါးနေခဲ့တယ်။ အဲ့ဒီတော့မှ သတိထားမိတာက ပြောသမျှစကားတွေဟာ သူမ က ဦးဆောင်စတင်ခဲ့တာတွေချည်းမှန်း သတိထားမိတယ်။ သူမ ပြောသမျှကို လိုက်ပြော၊ စိတ်ပါလာရင်း ပိုပြောတွေပဲ ရှိခဲ့ပြီး ကိုယ်က ဦးဆောင်ပြောတာတွေ သိပ်မရှိခဲ့။ သူမ ငိုနေတာကြောင့်လည်း ဘာမှ မပြောပဲ တိတ်တိတ်နေနေမိတာလည်း ပါပါတယ်။

တအောင့်ကြာတော့ သူမ အငိုတိတ်စပြုလာတယ်။ သူမက ရုတ်တရက် ကျွန်တော့်လိင်တံကို ပါးစပ်နဲ့ စုပ်ပေးတယ်။ သူမဟာ ဘယ်တုန်းကမှ ပါးစပ်နဲ့ မလုပ်ပေးဖူးခဲ့။ သူမဟာ အားရပါးရကို စုပ်ပေးနေခဲ့တယ်။ ပြီးတော့ အပေါ်ကနေတက်ပြီး ဆက်ဆံတယ်။ ကျွန်တော်စိတ်တော်တော်လာနေတဲ့အချိန် သူမ ရပ်လိုက်တယ်။ ပြီးတော့ သူမဟာ တစ်ဖက်ကို လှည့်လိုက်တယ်။ သူမရဲ့ ရှေ့ ပေါက်အစား နောက်ပေါက်နဲ့ ဆက်ဆံခဲ့တယ်။ ကျွန်တော်လည်း ချွေးတွေပြန်၊ မောပန်းပြီး ပြီးဆုံးခဲ့ရ။ ပြီးဆုံးသွားချိန် ကျွန်တော်လည်း အိပ်ပျော်သွားခဲ့တယ်။

နိုးလာတော့ သူမ မရှိတော့။
သူမ အဝတ်အစားတွေလည်း မရှိ။
သူမ အသုံးအဆောင်တွေလည်း မရှိ။
ပြောရရင် ဆေးလိပ်ပြာခွက်ထဲမှာတောင် သူမ နှုတ်ခမ်းနီရာစွန်းထင်နေတဲ့ စီးကရက်ဖင်စီခံတွေတောင် မရှိတော့။
phone ကို ဖွင့်လိုက်တယ်။
ပြန်သွားပြီလား မေးဖို့ ဖုန်းနံပတ်ကို ရှာတော့ contact list ထဲ သူမ နာမည်မရှိတော့။
whatsapp application ထဲလည်း chat ထားတွေ မရှိ၊ ဘာမှ မရှိတော့။
album ထဲ သူမ ဓာတ်ပုံ နှစ်ပုံလောက် ရှိတာတွေပါ မကျန်ခဲ့။
phone ကို password ခံထားတာ ဘယ်လို သိပြီး ဝင်ဖျက်သွားခဲ့သလဲ မသိသလို အဲ့လောက်ထိလုပ်ဖို့ လိုလို့လားဆိုတာ နားမလည်နိုင်ခဲ့။
သူမ phone no. ကို အလွတ် မှတ်မိရအောင်လည်း ဒီခေတ်မှာ ဘယ်သူတွေဟာ ဖုန်းနံပါတ်ကို အလွတ်ကျက်ကြသေးသလဲ။
ကျွန်တော် သူမ ဖုန်းနံပတ်ကို တစ်လုံးတောင် မမှတ်မိဘူး။
ကျွန်တော့် ပိုက်ဆံအိတ်ထဲ မှာပါလာတဲ့ ဒေါ်လာ တစ်ရာတန် တစ်ရွက်နဲ့ အကြွေတစ်ချို့ဟာလည်း အရာမယွင်းခဲ့။
ဒါပေမယ့် တစ်ခုခုတော့ ပျောက်ဆုံးသွားခဲ့တယ်။
ကျွန်တော့်ကိုယ်တွင်းထဲက လိပ်ပြာကို သူမ ယူဆောင်သွားခဲ့တယ်။
.
.
.

ဒီလိုနဲ့ ကျွန်တော်လည်း အဲ့သင်္ဘောကနေ အိမ်ပြန်ဖို့ အချိန်ကို နီးလာခဲ့ပြီ။
သူမ ပျောက်ဆုံးသွားခဲ့တဲ့ မြို့လေးကို နောက်ဆုံးတစ်ခေါက် ရောက်ခဲ့တယ်။
ဂိတ်ဝမှာ သူမ စောင့်နေမလား ရှာကြည့်မိတယ်။
ဟိုတယ်နားမှာ သူမ စောင့်နေမလား သွားရှာကြည့်မိတယ်။
ငါးဈေးထဲ ပတ်လျှောက်ရင်း အပြန်ပြန်အလှန်လှန်လိုက်ရှာနေမိခဲ့။
တခါတရံ ခေါင်းထဲ ဝင်လာခဲ့တာ သူမ ဆိုတာ ကျွန်တော့်ဘဝထဲ တကယ် ဖြစ်ရှိခဲ့တာလား၊ အိပ်မက်လားဆိုတာပါ စဉ်းစားနေမိတယ်။
သူမကိုသာ ပြန်တွေ့ခဲ့ရင် ပြောမိမှာက ငါတို့ ဘဝတွေတော့ ဒီလောက်ပဲ။ ဒီလောက်နဲ့ပဲ လမ်းခွဲကြရအောင်လို့ လက်ဆွဲနှုတ်ဆက်မိမှာ။
အခုတော့ သူမကို ဆိုပြခဲ့တဲ့ သီချင်းရဲ့ ဆန့်ကျင်ဘက် တည့်တည့်ကို သူမက ဦးတည်သွားခဲ့တယ်။
ကျွန်တော့်ရဲ့ ပျောက်ဆုံးသွားတဲ့ လိပ်ပြာနဲ့။
.
.
.

တစ်နှစ်ကျော်လောက်ကြာသွားတယ်။
ကျွန်တော်လည်း အဲ့သင်္ဘောကနေ အိမ်ပြန်ပြီးနား၊ ပြီးတော့ နောက်တစ်စီးထပ်စီးတယ်။
ဒီတစ်စီးကတော့ လက်တင်အမေရိကဘက်ကို မရောက်တော့ပဲ ဥရောပဘက်ကို သွားတယ်။
ကျွန်တော့်အနေနဲ့ လက်တင်အမေရိက ကိုသွားချင်တာ မသွားချင်တာက အရေးမကြီးပါဘူး။
သင်္ဘော company က ကျွန်တော့်အဖေပိုင်တာမှ မဟုတ်ပဲ။
ကျွန်တော် ဘယ်သွားချင်ပါတယ်၊ ညာသွားချင်ပါတယ် ပြောလို့မှ မရတာ။
စင်္ကာပူမှာ ကျွန်တော့် သူငယ်ချင်းတွေ၊ ဆွေမျိုးတွေ ရှိတယ်။
ဒါပေမယ့် ကျွန်တော် စင်္ကာပူ တစ်ခါမှမရောက်ဖူးဘူး။
သင်္ဘောလိုက်တဲ့ သူငယ်ချင်းတော်တော်များများ စင်္ကာပူကိုရောက်ကြပေမယ့် ကျွန်တော်ကတော့ တစ်ခါမှကို မရောက်ဖူးဘူး။
ကျွန်တော်တို့ ဘဝတွေဟာလည်း ဒီလိုပါပဲ။
ကိုယ် သွားချင်တဲ့လမ်းကို ကိုယ်ကိုယ်တိုင် ရွေးချယ်ခွင့်မရပဲ လမ်းကသာ ကိုယ့်ကို ပြန်လည်ရွေးချယ်ကြတယ်။

ဥရောပသွားတဲ့ သင်္ဘောကနေ အိမ်ပြန်တဲ့အချိန်မှာပါ။ အဲ့ဒီ အိမ်အပြန်မှာ ကျွန်တော်တစ်ယောက်တည်း လေဆိပ်မှာ transit စီးဖို့ ထိုင်စောင့်နေခဲ့တယ်။ တအောင့်အကြာ ကျွန်တော့်ထိုင်ခုံနဲ့ မျက်နှာချင်းဆိုင် ခပ်လှမ်းလှမ်းတစ်နေရာက ထိုင်ခုံမှာ သူမကို လှမ်းတွေ့လိုက်တယ်။
သူမက ကျွန်တော့်ကို မြင်တော့ ပြုံးပြတယ်။
ကျွန်တော်လည်း သူမကို ပြုံးပြတယ်။
နောက်တော့ ကျွန်တော် ပြုံးနေတာ သူမကို မဟုတ်တော့ပဲ သူမ လည်ပင်းကို မြင်တာကြောင့်ပဲ။
သူမ လည်ပင်းက ဆွဲကြိုးဟာ လက်ဝါးကပ်တိုင် မဟုတ်တော့ဘူး။
ကျွန်တော့်ကိုယ်တွင်းက ပျောက်ဆုံးသွားတဲ့ လိပ်ပြာကို သူမလည်မှာ အမြတ်တနိုးဆွဲထားတာကြောင့်ပဲ။
သူမဟာလည်း ထမလာသလို ကျွန်တော်ဟာလည်း သူမဆီ ထမသွားခဲ့။
ခဏအကြာမှာ လူဖြူယောက်ျားတစ်ယောက်ဟာ ကော်ဖီခွက်နှစ်ခွက်ကို ကိုင်လာပြီး သူမဘေးဝင်ထိုင်ရင်း သူမကို တစ်ခွက်ကမ်းပေးတယ်။
သူမပခုံးကို သိုင်းဖက်ရင်း သူမ နှုတ်ခမ်းကို ခပ်ဖွဖွ အနမ်းပေးတယ်။
ကျွန်တော်ထိုင်နေတဲ့နေရာကနေ ထထွက်သွားလိုက်တယ်။
သူမ အားတုံ့အားနာနဲ့ ကျွန်တော့်ဆီ လှမ်းကြည့်မှာ ကျွန်တော်မလိုလားဘူး။
သူမ အဆင်ပြေနေတာ သိရတော့ ကျွန်တော် ဝမ်းသာပါတယ်။

သူမနာမည်က Lola။
ဒါ သူမ နာမည်အရင်းတော့ မဟုတ်။
သူမရဲ့ လည်မှာ ကျွန်တော့်ရဲ့ ပျောက်ဆုံးသွားတဲ့လိပ်ပြာကို ဆင်မြန်းထားတယ်။

- မြတ်သန်း

No comments: