Wednesday, December 7, 2022

"တစ်ခွန်းတည်းသောစကား....."

 "တစ်ခွန်းတည်းသောစကား....."




#ခံစားချက်စာစု


#သုတလုင်


#၀ဿန်_LGBTs_၀တ္ထုတိုဆုရ


(အချစ်ဆိုတဲ့ စကားလုံးဟာလေ ခပ်တိုတိုဆိုပေမယ့် လူသားနှစ်ယောက်အကြားမှာ ရိုက်ခတ်မှုအတော်ပြင်းထန်ပါတယ်။ လိင်စိတ် တိမ်းညွှတ်မှုတွေ သေချာမဆန်းစစ်သော်လည်းဘဲ တစ်ခါတလေ မျိုးတူအချင်းချင်းကို ချစ်မိကြတာတွေရှိနေတတ်တာတွေ့နိုင်တယ်ဗျ။ ကိုသုတလုလင် ရေးသားတဲ့ သည်ခံစားချက်စာစုကို ပြန်လည်ဖတ်ကြည့်ကြစေဖို့ ကျွန်တော်ကတစ်ဆင့်ပြန်ဝေငှလိုက်ပါတယ်။ ဖတ်ကြည့်ကြပါဦး။)


ဘ၀မှာ အချစ်ဆိုတာကို ခံစားတတ်ခဲ့ဖို့ အတော်ကြိုးစားခဲ့ဘူးပါတယ်။ ခံစားတတ်လာပြန်တော့လည်း ပျက်သုဉ်းသွားခဲ့တယ်။ စကားလုံး နှစ်လုံးတည်းသော အချစ်ဆိုတာကြောင့် ကျွန်တော့်အတွက် သွေးစက်တွေ တစ်စက်ခြင်းကျ ကြေမွသွားခဲ့ရဖူးတယ်ဆိုရင် ယုံမလားဗျာ။ 


ကျွန်တော် ရန်ကုန်မြေကို ခြေမချတာ ခြောက်နှစ်ရှိပြီ။ အဟောင်းတွေအသစ်ဖြစ်ပြီးခံစားရမှာကြောက်လို့ပါ။ 


လူတစ်ယောက်ဟာ တစ်သက်မှာတစ်ယောက်တော့ချစ်ခဲ့ဖူးမှာအသေအချာပဲ။ အဲ့လိုချစ်ခဲ့ဖူးတဲ့အထဲမှာ ကျွန်တော်လည်းပါတယ်။


အစဦး ပထမအချစ်က သိပ်လေးနက်တယ်လို့ ခံစားရတယ်ဗျ။ ခံစားရတယ်၊ ကြေကွဲရတတ်တယ်ဆိုတာကို ဝထ္ထုတွေ၊ ရုပ်ရှင်တွေထဲမှာပဲ ကြားခဲ့ဘူးတဲ့ကျွန်တော် လက်တွေ့ခံစားလာရတော့ ကြားဘူးထားတာတွေထက် ပြင်းထန်လွန်းပါလားလို့တွေးမိတယ်။ တွေးမိတိုင်းလည်း မျက်ရည်ဝဲတယ်။


အဲ့တာ သူ့ကို စကားလုံးနှစ်လုံးထဲရဲ့ လေးနက်တဲ့ခံစားချက်ကြောင့်ဆိုတာသိလိုက်လို့ပါ။


အခု ရန်ကုန်ဆိုတာကိုခြေစချချခြင်း အတိတ်ရဲ့အရိပ်တွေက ကပ်ပါလာပြန်ပြီ။ အမှတ် (၃) လိုင်းကားစပါယ်ယာက ‘တောင်ဘက်မုဒ်ပါ တယ်ဆရာရေ’ ဆိုတော့ငိုက်မြည်းလာတဲ့ကျွန်တော် အစွန်ဆုံးနေရာကတစ်ဆင့်  အပြင်ကိုကြည့်လိုက်မိတယ်။


စပါယ်ယာခုန်ဆင်းလိုက်မှ ဘွားကနဲ မြင်လိုက်တဲ့ ရွှေတိဂုံစေတီကြီးကို လက်စုံမိုးရှိခိုးဦးညွှတ်လိုက်ရင်းမှ ကားပြန်ထွက်တော့လည်း


သူ့အရိပ်တစ်ချို့ မြင်ယောင်လာပါတယ်။ စိတ်ကိုလျော့ချပြီး လမ်းမဘက်မျက်နှာမူထားလိုက်ပါရဲ့… လေတွေ… တိုးပါစေ။


စပါယ်ယာက ‘ဆောက်လုပ်ရေးပါလား’တဲ့ ‘ပါတယ်’ လို့ပြောလိုက်တယ်။ 


ဒီမှတ်တိုင်လေးက ရန်ကုန်စရောက်ရောက်ခြင်းဆင်းတဲ့မှတ်တိုင်မို့ပေါ့။ အခုလည်း ဒီမှတ်တိုင်ဆင်းမိပြန်ပြီ။ လမ်းလျောက်လာရင်း ဦးတည်ချက်က ဗိုလ်တစ်ထောင်ကမေမေ့ညီမ အဒေါ်အိမ်မှာနေပြီး၊ အဒေါ်ပြောထားပေးသော ကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်ဖို့။ ဘွဲ့ရသူတစ်ယောက်အတွက် အလုပ်ကောင်းကောင်း တစ်ခုခုတော့ ရနိုင်ပါရဲ့။


ဗိုလ်ချုပ်ဈေးသစ်ဘက် တန်းတန်းလျောက်လာတော့ မီးပွိုင့်လမ်းစုံမှာ အနီရောင်ရန်ကုန်ပြည်သူ့ဆေးရုံကြီးအားလှမ်းတွေ့လိုက်တော့ ကျွန်တော့်ရင်အစုံကို ယောင်ရမ်းဖိနှိပ်လိုက်မိတယ်ဗျာ။ တွဲခိုလာတဲ့မျက်ရည်တွေကိုလည်း ခေါင်းငုံ့ပြီး ကျခြင်ကျသွားပါစေတော့ရယ်လို့ တင်းမထားနိုင်တော့ပါဘူး။


လွန်ခဲ့တဲ့ ငါးနှစ်ကျော်က ရန်ကုန့်မြို့နှင့် အခုအခြေအနေက အတော်ကွာခြားတယ်ထင်ရပေမယ့် ဒီဆေးရုံကြီးက ကျွန်တော့်အတွက် ဘယ်တော့မှ ကွာခြားခြင်းမရှိမဲ့ အမြဲတမ်းနေရာဖြစ်ခဲ့ဘူးတယ်။


ဘယ်အချိန်ပဲဖြစ်ဖြစ် ဒီဆေးရုံကြီးထဲက နှလုံးကုသဆောင်ဘက်ကို ကျွန်တော်မျက်စိမှိတ်သွားတောင် မလွဲမချော် သွားတတ်ခဲ့ဘူးတယ်။


ဆေးရုံအပေါက်စောင့်တွေနဲ့ ရင်းနှီးအောင်နေပြီး မိုးချုပ်အလုပ်ကအပြန်ဝင်လို့ရအောင် ကျွန်တော်ကြိုးစားထားခဲ့ဘူးတယ်ဗျ။


ကျွန်တော်အတွေးစဖြတ်လိုက်တယ်။


သည်လိုတွေကြောင့် ရန်ကုန်ကိုမလာချင်ဘူး အဟောင်းက အသစ်ဖြစ်မှာဆိုးလို့ပါ။


သိမ်ကြီးဈေးဂုံးတံတားကြီးတောင် ဆေးအသစ်တွေသုတ်ထားပြီ။ အဆောက်အဦးအသစ်တွေ Shopping Mall အသစ်တွေနဲ့ အတော်ပြောင်းလဲနေပြီပဲ။ ဂုံးတံတာပေါ်တက်ပြီးခဏ ရပ်လိုက်မိတယ်။ အပြိုင်မောင်းနေတဲ့ကားတွေကြည့်ပြီး သူနဲ့ ဘယ်ကားက ဘယ်ရောက်တာ၊ ဘယ်ကားက ဘယ်မှာဂိတ်ဆုံးတာငြင်းခုန်ဘူးခဲ့သေးတာရယ်၊ သူ့အလုပ်ပြီးဆုံးချိန်ကို ဒီအပေါ်ကနေ ရပ်စောင့်နေပြီး အတူပြန်နေကြဆိုတဲ့အကြောင်းတွေ ကျွန်တော်အတွေးထဲက ဖျောက်နေရင်းနဲ့ပဲ အတိတ်ဖြစ်ရပ်တွေ တရေးရေးပေါ်လာခဲ့ပါတယ်။


x x x


ကျွန်တော်က ပုသိမ်ကနေ သုံးမိုင်လောက်သွားရတဲ့ ပန်တောင်းရွာသားပါ။ နာမည်က ရဲရင့်နောင်၊ အိမ်နာမည်နောင်နောင်။ ဆယ်တန်းကျတော့ ကျောင်းပြန်မတက်ချင်လို့ ရန်ကုန်ထွက်လာပြီးအလုပ်လုပ်တာဗျ။


ပုသိမ်ကနေကားစီးလာတာ ဘေးခုံက မိန်းကလေးမဟုတ်ဘဲ ရွယ်တူယောက်ျားလေးဆိုတော့ အနေအထိုင်လွတ်လပ်တော့ စိတ်ကျေနပ်မိတာတော့အမှန်။


သူ စမိတ်ဆက်တာပါ။ သူ့နာမည်က သက်ထက်အောင်တဲ့။


ပုသိမ်ကမ်းနားလမ်းမှာနေပြီး အမေ မရှိတော့ဘူး။ အဖေကနောက်အိမ်ထောင်နဲ့။ မိထွေးဖြစ်သူနဲ့အဆင်မပြေလို့ အသိတစ်ယောက်က သရက်တောကျောင်းတိုက်မှာတည်းပြီး အလုပ်ရှာဆိုလို့ အရဲစွန့်ထွက်လာတာတဲ့။


ကျွန်တော်နဲ့ သူ့ဘဝ အလုပ်ရှာထွက်လာတာခြင်းတူပေမယ့် ဘဝကုသိုလ်ကံတော့မတူဘူးထင်ပါတယ်။ သူက အသားဖြူဖြူ အရပ် ၅ပေ ၆ လောက်ရှိမယ်။ ကျွန်တော်ကတော့ သူ့ထက်အရပ်မြင့်နိုင်တယ်။ အသားညိုတာတော့သိတယ်။


သူနဲ့ပဲအတူတူ အဝေးပြေးဘတ်စ်ကားကနေ မြို့တွင်းလိုင်းကားစီး၊  မြေနီကုန်းကနေ အမှတ် (၃) ကားစီးပြီး ဆောက်လုပ်ရေးမှတ်တိုင် အတူဆင်း လမ်းလျောက်၊ သူက မီးပွိုင့်ကနေ ညာဘက်လမ်းချိုးရင်း သရက်တောကျောင်းတိုက်ကိုသွားသလို ကျွန်တော်က ဗိုလ်တစ်ထောင်ရှိ အမေ့ညီမအိမ်သွားဖို့ သိမ်ကြီးဈေးရှေ့နား အမှတ်(၄၆) ဘတ်စ်ကားစီးပြီးလမ်းခွဲခဲ့တာလေ။


မေ့မေ့ပျောက်ပျောက် ရက်သတ္တပါတ် တစ်ပတ်ကျော်သည်ထိ အလုပ်မရသေးပါဘူး။ ‘ဘွဲ့ရမဟုတ်တော့ရှာရခက်တာပေါ့’ လို့ဆိုတဲ့ အဒေါ့်ယောက်ကျားစကားက ကျွန်တော့်ကိုခွန်အားမဲ့စေပါတယ်။ 


တစ်လနီးပါးလောက်မှာ မြို့ထဲအလုပ်ရှာထွက်လာရင်း သက်ထက်အောင်ဆိုတဲ့ ရန်ကုန်အတူလာတဲ့ သူ့ကိုသတိရလိုက်တယ်။ ကျွန်တော် သူ့ကိုသွားတွေ့ဖို့ သရက်တောကျောင်းတိုက်ကို မနက် ၁၁ နာရီကျော်ကျော်လောက် ဦးဆုံးရောက်သွားပါတယ်။


လူရွယ်တစ်ယောက် ကျောင်းရဲ့ အုတ်ကန်ဘေးမှာ ပန်းကန်တွေ ဆေးကြောနေတယ်ဗျ။ ကျွန်တော်က အဲလူရွယ်ကိုမေးလိုက်တယ် ‘ပုသိမ်က သက်ထက်အောင် ဆိုတာရှိလား’လို့။ လူရွယ်က ‘ကိုထက်ရေ ဧည့်သည်’ ဆိုတော့ ဟုတ်မှ ဟုတ်ပါ့မလားလို့တွေးမိသေးတယ်။


ဟုတ်ပါတယ် သက်ထက်အောင်ပြေးထွက်လာတာတွေ့လိုက်တယ်။


"ဟာ မင်းလာလည်တာလားငါ့စီ ..."


"အေးကွ......"


"ငါ မထင်ထားဘူး။ မကြာမကြာလာပေါ့ကွ ပုသိမ်သားအချင်းချင်းပဲ။ ဒါနဲ့ ထမင်းစားပြီးပြီလား...."


"မစားသေးပါဘူးကွာ..."


"ဟာ တစ်ခါထဲစားသွားဟေ့ကောင်။ ဒီမှာက ထမင်းဟင်းက အလျှံပယ်ဟေ့ကောင်ရေ။ တော်သေးတယ် ငါ့အလုပ်နားရက်နဲ့ဆုံလို့၊ မဟုတ်ရင် မင်းရွာလည်ဦးမှာ"


ကျွန်တော်က အလုပ်ရှာတုန်း သူကအလုပ်တောင်ရနေတော့ ကျွန်တော် သူ့ကိုချက်ခြင်းမေးလိုက်ပါတယ်။


"ဟာ မင်းက အလုပ်ရနေပြီလား..."


"အေးလေ ရွှေတိုက်နာရီဆိုင်မှာကွ ရန်ကုန်ရောက်ပြီးတစ်ပတ်လောက်နေမှရတာ။သည်က အကိုတွေသွင်းပေးတာ"


"အော်..."


ကျွန်တော် ‘အော်’တစ်လုံးသာပြောနိုင်လိုက်သည်။


"လာ ဟေ့ကောင် ထမင်းစားတော့မယ်..."


ဗိုက်ကတော့ဆာတာအမှန်ပဲ၊ ပါလာတဲ့ပိုက်ဆံကလည်းနည်းနေတော့ ချွေတာနေရတာလေ။ ဟန်မဆောင်ချင်တော့တာမို့ သူ့နောက်လိုက်လာလိုက်တယ်။


သူ့အပြောအရ ဒီသရက်တောကျောင်းတိုက်မှာ နယ်က ဆေးလာကုသူတွေ လာတည်းကြတယ်။ အလုပ်ရှာသူတွေက ဘုန်းကြီးကျောင်း ဝေယျာဝစ္စလုပ်ပြီး ကျောင်းရှိသံဃာတွေ ဆွမ်းဘုန်းပြီးရင် ထမင်းစားခွင့်ရှိတယ်။ အဆင်မပြေခင်ထိနေ၊ အဆင်ပြေရင်ပြောင်းလို့ရတယ်လို့ အကြမ်းဖျင်းသိလိုက်ရပါတယ်။


သူ့ကို သရက်တောကျောင်းမှာ ကိုထက်လို့ အများကခေါ်ကြတယ်။


အဲ့ဒီနေ့ ဟင်းပေါင်းနှင့် ထမင်းနှစ်ဇလုံးစားပြီး သရက်တောကျောင်းဘေးက လက်ဖက်ရည်ဆိုင်မှာထိုင်ခဲ့ကြတယ်။ ကိုထက်က တရင်းတနီးဆက်ဆံတာကြောင့် ကျွန်တော့်စိတ်ထဲ သူ့ကို ခင်မင်သွားခဲ့မိပါတယ်။


"ငါတော့ အလုပ်ရှာတုန်းပါကွာ...."


"ငါတို့ဆိုင်ကတော့ လုပ်ဖို့လူမလိုသေးဘူးကွ။ ဆိုင်ဘေးက လျှပ်စစ်ပစ္စည်းဆိုင်တော့လူလိုတယ်ကြားတယ်။ မင်းလုပ်မယ်ဆို မနက်ဖြန်ငါမေးပေးရမလား..."


"အေး လုပ်မယ်ကွာ မေးထားလိုက် "


"အေး ဒါဆို မင်းမနက်ဖြန် နေ့လယ် ထမင်းစားနားချိန်လောက်လာခဲ့။ ၂၇ လမ်းထိပ်နားက ရွှေတိုက်နာရီဆိုင်နော်။ မင်းရှာတတ်တယ် မဟုတ်လား.."


"အေးပါကွာ...."


ကံကောင်းတယ်လို့ဆိုရမယ်။ လူလိုနေတဲ့ လျပ်စစ်ပစ္စည်းဆိုင်က မနက်ဖြန်စဆင်း၊ လစာ ရှစ်သောင်းကျပ်၊ ရက်မှန်ကြေးနဲ့ တစ်ပတ်ကို တစ်ရက်နားလို့ဆိုတယ်။ စနေ တနင်္ဂနွေမှလွဲရင် ကြိုက်တဲ့နေ့နားဆိုတော့ ကိုထက်က သူနဲ့ တူအောင် ဗုဒ္ဓဟူးနေ့ နားဟု ကပ်ပြော၍ အဲ့နေ့ကိုရွေးလိုက်ပါတယ်။


အလုပ်ရလို့ပျော်တယ်ဗျ။ကိုထက်ကိုလည်း ကျေးဇူးတင်တယ်။ အဲဒီနေ့ ကိုထက်က ကားမှတ်တိုင်လိုက်ပို့ရင်း ဗလာစာအုပ်တစ်အုပ် ခါးကြားထိုးထားတာတွေ့တာကြောင့် မနေနိုင်စွာမေးမိပါတယ်။


"ခါးကြားက စာအုပ်ကဘာလုပ်တာလဲ”


"ဟဲ ဟဲ ဒိုင်ယာရီရေးမလို့လေကွာ...."


"ဟွန်း မင်းကလည်း ငရူး..."


အလုပ်ဆင်းတော့ အခက်အခဲတစ်ခုရှိလာတယ်။ ဗိုလ်တစ်ထောင်ကနေကားစီးလာပြီး ကမ်းနားလမ်းမှတ်တိုင်မှာဆင်း လမ်းလျောက်ရ တယ်လေ။ အလိုလိုမှ အအိမ်မက်သည့် ကျွန်တော်က နံနက်စောစောထရသေးတယ်။ သည်တော့ အလုပ်မှာ ကျွန်တော်စောရောက် နေတာ ရှားပါတယ်။ လစမရသေးခင် ကျွန်တော့်အတွက် ထမင်းချိုင့်ကို ကိုထက်ပဲ ပိုပိုထည့်လာတယ်။ ပြန်ချိန်တော့ ကျွန်တော်ကစော တယ်ဗျ။ ကျွန်တော် ဆိုင်သိမ်းသော်လည်းပဲ သူက အသစ်ရောက်လာသောနာရီများကို အမျိုးအစားခွဲ၊ ပြုပြင်ရတာတွေရှိတတ်လို့ အချိန်ပို ဆင်းရပါတယ်။


ကျွန်တော်က မီးသီး၊ မီးချောင်း၊ မီးဆိုင်း နဲ့ မီးကြိုးတွေကို နေရာချရ၊ သယ်ရ၊ ဝယ်သူလိုအပ်သလောက်ဖြတ်ပေးရ၊ မီးခုံ မီးပလပ်ကအစ အကုန်မှတ်ပြီးရောင်းရသူဖြစ်ပါတယ်။ ကိုထက်ကို ပြန်ချိန်ရောက်တိုင်း နှုတ်မဆက်ဘဲပြန်တာကျွန်တော့်အကျင့်ဖြစ်သလို တစ်ခါတစ်ရံ ကိုထက်က သူပြန်တာစောရင် မုန့်အတူစားဖို့အတွက် သိမ်ကြီးဈေးဂုံးတံတားပေါ်မှာ စောင့်နေတတ်တယ်။


"ငါ့အဒေါ်အိမ်မှာ မနေချင်တော့ဘူး ကိုထက်ရာ..."


"အဆင်မပြေဘူးလား။ ငါ့ကျောင်းမှာနေမလား။ ငါ ဆရာတော်ကိုလျောက်ပေးမယ်လေ..."


"အေးလျောက်ပေးကွာ ရရင်ငါနေမယ်..."


အဒေါ်နဲ့အဆင်ပြေပေမယ့် အဒေါ့်ယောက်ျားနဲ့အဆင်မပြေပါ။ ဒါကြောင့်ပဲ ကိုထက် ကြိုးစားမှုနဲ့ သရက်တောကျောင်းတိုက်မှာ နေခွင့်ရခဲ့ပြန်တယ်။ ဒုတိယအကြိမ် ကိုထက်ကိုကျေးဇူးတင်မိပါတယ်။


သရက်တောကျောင်းတိုက်မှာ နေရတာအဆင်ပြေပေမယ့် မနက် ၃ နာရီခွဲ ထရတာကြောင့် ကျွန်တော့်အတွက် အခက်တွေ့ရပြန်တယ်။ ကျွန်တော်အိပ်ချင်သေးတယ်လေ။


ကိုထက်က ကျွန်တော့်ကို သူ့နံဘေးမှာပဲနေရာပေးလို့ ညညဆို စကားပြောရင်းမိုးချုပ်ခဲ့တာလဲရှိပါတယ်။ ဘယ်လောက်မိုးချုပ်ချုပ် ကိုထက်က နံနက် သုံးနာရီခွဲဆိုထ၊ သံဃာ့ဝေယျာဝစ္စအလုပ်တွေရယ် အရုဏ်ဆွမ်းအတွက်ရယ်ပြင်ဆင်၊ ရေစက်မောင်း၊ ဆေးကြော စရာရှိတာဆေးကြောပေါ့။ တာဝန်ကိုယ်စီလုပ်ရတဲ့ ဘုန်းကြီးကျောင်းတိုက်နေ ကျောင်းသားတွေအလုပ်လေ။ 


သည်အထဲ ကျွန်တော်က တစ်ရက်တစ်လေသာပါပါတယ်။ ကိုထက်တစ်ယောက် ကျွန်တော့်ကို မနှိုးပါဘူး။ နိုးမှာစိုးလို့တောင် ဖွဖွလေး ထတာ ကျွန်တော်သိတယ်။


တစ်ခါတလေ စောင်လေးတောင်ခြုံပေးသွားတတ်တယ်။ ကျောင်းရှိ ဘုန်းကြီး၊သံဃာတွေ အရုဏ်ဆွမ်းစားပြီးနောက် ကျွန်တော့် နံနက်စာ အတွက်ချန်ထားတတ်သလို အလုပ်သွားခါနီးမှ ရေမိုးချိုးဖို့နှိုးတတ်ပါတယ်။


အလုပ်နားတဲ့နေ့ဆို ကျွန်တော့်ရဲ့အဝတ်အစားတွေကို မမေးမမြန်း ဆပ်ပြာရေစိမ်ကာ ဖွေးဥနေအောင် စိတ်ရှည်လက်ရှည် ကိုထက် လျော်ပေးတတ်တယ်။


ခေါင်းအုံးစွပ်တွေလျော်၊ စောင်တွေလှန်း၊ လေးပေလောက်နေရာလေးကို ကြမ်းကတိုက်ချွတ်သေးတယ်ဗျ။ ဒါပေမယ့် သူ ဘယ်တုန်းကမှ ပင်ပန်းတယ်လို့ ကျွန်တော့်ရှေ့မှာ မညည်းညူခဲ့ပါ။


တစ်နေ့သူအိပ်ယာထဲ လှဲရင်းစကားတစ်ခွန်းပြောတယ် ‘ငါ ရင်ဘတ်ကစူးပြီးအောင့်တယ်၊မောတယ်ကွာ’တဲ့။


ကျွန်တော်ကပြောလိုက်တယ် "အလုပ်နားတဲ့ရက် အနားယူပေါ့ကွာမင်းက အေးဆေးမနေဘူး ရှောက်လုပ်နေတာကိုး...ငါ့ဟာတွေ မလုပ်ပါနဲ့ ငါဘာသာလျော်ပါ့မယ်ကွ.."လို့။


"ဟေ့ကောင် မင်းဘာသာလျော်တာစောင့်နေရင် မှိုတက်သွားမှာပေါ့။ ငါက အခုလို မင်းကို လုပ်ပေးရတာပျော်ပါတယ်ကွာ..."


ဘာအဓိပ္ပာယ်မှန်းသေချာမသိပေမယ့် သူပြောပြီးကျွန်တော့်ကိုကြည့်လိုက်ချိန် ကျွန်တော် ရှက်သလိုလို ခံစားမိတယ်။


သူက ချက်ချင်းပဲ 


"ညနေ ဘုရားတက်ရအောင်ကွာ..."


"အေး ဟုတ်တယ် တက်မယ်လေ...."


ကျွန်တော် တောင်ဘက်မုခ်လှေကားထစ်တွေပေါ်ပြေးတက်တော့ အနောက်က သူလိုက်ပြေးပြီးတက်တယ်။ စောင်းတန်း အလယ်နား ရောက်တော့ သူပြတ်ကျန်ခဲ့ပါတယ်။ သူ့ကို ရပ်စောင့်ရင်း အနားရောက်လာတော့


"မင်းကလဲ ယောက်ျားမဟုတ်တာကျနေတာဘဲ..."


"ဟ ငါအရမ်းမောတယ်ကွ။ မင်းတက်နှင့်လေ..."


အလိုက်မသိတဲ့ကျွန်တော်သူ့ကိုတွဲမခေါ်မိပါဘူး။ အပေါ်ရောက်သည်ထိ ဆက်တက်မိလိုက်တယ်။ ဘုရားမှာ ကျွန်တော်က ဦးသုံးကြိမ်ချ ကန်တော့ပြီးပေမယ့် ကိုထက်က ရိုရိုကျိုးကျိုးလေး ထိုင်ရှိခိုးနေတာ မိနစ် ၂၀ ခန့်ကြာပါတယ်။


အဲသည်နေ့က ည ၈ နာရီထိုးခါနီးမှ ဘုရားပေါ်ကဆင်း သရက်တောကျောင်းတိုက်နံဘေးရှိ ထမင်းကြော်ဆိုင်မှာ စားဖြစ်ကြတယ်။ ကျွန်တော်က ပုဇွန်ဆီပြန်ဟင်းမှာလိုက်တော့ သူက ကြက်သားဟင်း။


ကျွန်တော်က ရုတ်တရက်ပြောလိုက်မိတယ်။


"ဟာ ပုဇွန်တွေက အခွံလည်းချွတ်မထားဘူး..."


သူ ပုဇွန်တစ်ကောင်ယူပြီး အခွံချွတ်လိုက်ကာ ကျွန်တော့်ပန်ကန်ထဲ ထည့်လိုက်ပါတယ်။


"နေပါ ကိုထက်ရာ မင်းကလည်း ကိုယ့်ဘာသာစားပါ..."


အလိုက်မသိပြောလိုက်တော့ သူ့မျက်နှာညှိးသွားတာသတိထားမိတယ်ဗျ။


ကျောင်းပြန်ရောက်တော့ ဆရာတော်က ခေါ်တယ်ဆိုတာကြောင့် ကျွန်တော်သွားတွေ့ရပါတယ်။


ဆရာတော်က ကျွန်တော် ‘နံနက်ဆိုမထကြောင်း၊ ကျောင်းဝေယျာဝစ္စတွေမလုပ်ကြောင်းသိရတယ်’ဟုပြောတယ်ဗျ။ ဒါလည်း တစ်ယောက်ယောက်ကပြောလို့ဖြစ်မယ်။ ‘ကျောင်းမှာနေလျှင် ကုသိုလ်လည်းရအောင် အားလုံးလည်းကြည်ဖြူအောင် လုပ်ရမယ်၊ မလုပ်လျှင် အဆင်မပြေနိုင်ကြောင်း’ပြောလာသည့်အတွက် ကျွန်တော် စိတ်မကောင်းဖြစ်မိတယ်။ တကယ်လည်းကျွန်တော် မလုပ်ခဲ့ပါ။


"တယောက်ယောက်တိုင်တယ်ထင်တယ်ကွ ..." ကိုထက်ကျွန်တော့်အတွက်စိတ်မကောင်းဖြစ်နေပါတယ်။


"အေးပါ ထားလိုက်။ ငါ့ကို မနက်ကြနှိုးနော် ကိုထက်။ မနှိုးဘဲမနေနဲ့။ အများနဲ့ဆိုတော့ ထရမှာပေါ့..."


နံနက် ၃ နာရီကျော်တော့ အိပ်မပျော်တပျော်နဲ့ ကျွန်တော်မျက်လုံးဖွင့်ကြည့်လိုက်တယ်။ ကိုထက် ဝမ်းလျားမှောက်ပြီး စာရေးနေတာ တွေ့ရပါတယ်။ သူမအိပ်ဘူးလား၊ ဘာတွေရေးနေတာလဲ၊ သူ့အိမ်ကိုလား၊ တွေးရင်း မျက်လုံးကပြန်မှေးစင်းသွားပါတယ်။ အရိပ်လိုလို အုပ်မိုးလာတာကြောင့် မျက်လုံးလေးအသာ အားယူဖွင့်မိရော။ 


တိုးထွက်လာသောလေနွေးနွေးနဲ့အတူ နှာသီးဖျားတစ်ခုက ကျွန်တော့်ပါးကို တိုးကပ်လာတယ်။


"ဟေ့ကောင် ဘာလုပ်မလို့လဲ..." တုန်လှုပ်သွားသလို နောက်ပြန်ဆုတ်လိုက်သည့်ကိုထက်အား ကျွန်တော်မေးလိုက်တာပါ။


"မ မလုပ်ပါဘူး ခြင်ကိုက်နေသလားလို့..." ပြောရင်းသူ ထသွားတယ်။ ကျွန်တော်လည်းလိုက်ထလိုက်တာပေါ့။


အလုပ်ရောက်တော့ ဆိုင်ရှိဘဝတူအလုပ်သမားတစ်ယောက်က သံဈေးအနောက်လမ်း သူနေတဲ့အဆောင်မှာ လူလိုတယ်နေမလား တစ်လ နှစ်သောင်းဆိုတော့ မနက်ဖြန် အကြောင်းပြန်မယ်ပြောလိုက်တယ်။


"ကိုထက် ငါအဆောင်မှာဘဲနေတော့မယ်၊ ဆိုင်က အစ်ကိုတစ်ယောက်ရဲ့အဆောင်မှာ လူလိုနေတယ်တဲ့..." ကိုထက် ချက်ချင်းဘဲ မျက်စိမျက်နှာပျက်ကာ မျက်နှာလွှဲသွားပါတယ်။


"ငါ့ကို ဆိုင်ရှင်က လကုန်ကျရင် လစာတိုးပေးမယ်ပြောတယ်။ အတော်ပဲပေါ့ကွာ အဆောင်လစာရတာပေါ့ ...."


"အေးပါ မင်းအဆောင်နေတော့ အိပ်ရေးဝဝ အိပ်ရတာပေါ့။ အဆင်ပြေမယ်ဆိုလည်းနေပေါ့..."


ဆရာတော်ကို အဆောင်ပြောင်းမည့်အကြောင်းလျောက်ပြီး ပြန်လာတော့ ကိုထက် အိပ်မပျော်တာ ကျွန်တော်သတိထားမိတယ်။


သူ သက်ပြင်းခဏခဏချတာ သိတယ်ဗျာ။ ညည့်နက်နက်ရောက်မှ အိပ်ပျော်သွားခဲ့တယ်လေ။ 


လေးပင်သောအထိအတွေ့ကြောင့်နိုးသွားချိန် ကျွန်တော့်ရင်ဘတ်နားကို ထွေးဖက်ထားတဲ့ ကိုထက်တစ်ယောက် အနားကို တိုးကပ်အိပ် နေတာတွေ့ရတယ်။ ကျွန်တော် သူ့လက်ကိုဖြေးဖြေးလေးမ ဖယ်လိုက်ပြီး သူ့ကိုကျောပေးကာ လှည့်အိပ်နေလိုက်ပါတယ်။


နာရီနှိုးစက်သံမြည်တော့ သူ ပိတ်လိုက်တယ်။


ကျွန်တော် ပက်လက်လှန်ရင်းမျက်လုံးဖွင့်လိုက်စဉ်မှာ ကျွန်တော့်ကို သူစိုက်ကြည့်နေတာတွေ့ရရော။


"ဟေ့ကောင် ဘာကြည့်နေတာလဲငါ့ကို...ဟာ မင်းငိုနေတာလား..."


"ဟာ ဘာကိုငိုရမှာလဲ ငါ ထပြီ အရုဏ်ဆွမ်းဝိုင်းပြင်လိုက်အုန်းမယ်...."


သူအလုပ်သွားပြီးမှ ကျွန်တော် ကိုယ်ပိုင်တဲ့အဝတ်အစားလေးတွေ ထုပ်ပိုးထည့်ပြုပြီး တစ်ခါတည်းအလုပ်တန်းသွားပါတယ်။ သည်ည အဆောင်မှာ စအိပ်မယ်လေ။


x x x


အဆောင်ပြောင်းတဲ့နေ့ကစပြီး ဆယ်ရက်ကျော်သည်ထိ ကိုထက်နဲ့ကျွန်တော်မတွေ့ဖြစ်ပါ။ အလုပ်ပိတ်ရက်တူသော်လည်း အဆောင်မှာ နေဖင်ထိုးသည်ထိအိပ်ရင်း အချိန်ကုန်ခဲ့ပါတယ်။ 


လကုန်ခါနီးတစ်ရက် ကိုထက် ဆိုင်လာတယ်။ ဒီနေ့ အလုပ်ပြန် ဂုံးတံတားကစောင့်နေမယ်တဲ့။ မီးကြိုးတွေတိုင်းနေရင်း ခေါင်းညိတ်ပြ လိုက်တာပေါ့။ ညနေ ကျွန်တော်ဆိုင်ပိတ် ဂုံးပေါ်တက်သွားတော့မှ ကိုထက်ကို သတိထားမိတယ်ဗျ။


"ကိုထက်နေမကောင်းဘူးလား ပိန်သွားတယ်..."


"ဟုတ်လား မင်းထင်လို့ပါ...ဒါနဲ့ မင်းအဆင်ပြေရဲ့လား..."


"အေး…ပြေပါတယ် တခုခုစားရအောင် ငါကျွေးမယ်..."


တံတားအောက်ဘက် လမ်းကြားက အသုပ်ဆိုင်မှာထိုင်လိုက်ကြတယ်။


"ကိုထက်မင်းနေကောင်းရဲ့လား..."


"အေးကွာ ငါ အခုတလော အသက်ရူမဝဘူး မောလည်းမောတယ်။ အလုပ်ကလည်း အချိန်ပိုဆင်းနေရတယ် ပိုက်ဆံရပေမယ့် တခါတလေ အချိန်ပို မဆင်းချင်ဘူး။ အခုလဲ ငါမင်းကိုတွေ့ချင်လို့ အလုပ်ချိန်စောပြန်လာတာ..."


"အော် အေးပါ။ ငါလဲ မင်းနဲ့တွေ့မယ် တွေ့မယ်နဲ့ အလုပ်နားရက်ဆို အိပ်ပျော်ပျော်သွားတာ...."


"သိပါတယ် မင်းအအိပ်ကြီးတာ အဝတ်တွေလည်းပုံမှန်လျော်နော်။ မလျော်အားရင် ငါ့ ဆီလာပေးထား.."


"ဟား ဟား ကိုထက်ရာ ပြောတော့မောနေတယ်ဆို၊ အသက်ရူမဝဘူးဆို။ ငါ့အဝတ်တွေတောင်လျော်ပေးအုန်းမယ်ဆိုတော့ အသက်လဲထွက်သွားမှ ငါ့အမှုပတ်နေပါဦးမယ်ကွာ...."


နောက်နောက်ပြောင်ပြောင်ပြောလိုက်ပေမယ့် ကိုထက်က အားငယ်သလိုလေးဖြစ်သွားပါတယ်။


အဲသည့်နေ့က နန်းကြီးသုပ်နှစ်ပွဲနဲ့ ကော်ဖီနှစ်ခွက်ဖိုး ကိုထက်ကပဲ ရှင်းလိုက်သည့်အတွက် နောက်အပတ်နားရက် ကျွန်တော်ကျွေး မယ်လို့ပြောပြီးလမ်းခွဲပြန်ခဲ့တယ်။


နောက်တစ်ပတ် ကျွန်တော့် နားရက်မရောက်ခင် သူ့ဆိုင်သွားခဲ့ပါတယ်။ သူ့အဖေဆုံး၍ ခွင့်ယူကာ ပုသိမ်ပြန်သွားကြောင်း သိလိုက်ရ တယ်။ ဘာလို့ကျွန်တော့်ကို အသိမပေးဘဲပြန်သွားရတာပါလိမ့်။ ဒါဆို သူ့မိထွေးသာကျန်ခဲ့တော့ သူ ရန်ကုန်ပြန်လာပါဦးမလားလို့ လည်းတွေးမိလိုက်တယ်။


နောက်နှစ်ပတ်အကြာမှာ ကိုထက် ဆိုင်ရောက်လာတယ်။ သူအလုပ်ပြန်ဆင်းနေပြီဟုပြောတော့ ကျွန်တော်က သူ့အဖေဆုံးတာ စိတ်မကောင်းကြောင်းပြောပြီး အသိမပေးဘဲပြန်လို့ သူ့ကိုအပြစ်တင်တော့ ဘာမှ မဖြေဘဲပြုံးနေပါတယ်။


အလုပ်ပိတ်ရက်ကျရင် သရက်တောကျောင်းလာခေါ်မယ်လို့ ကိုထက်ကိုမှာမိတယ်။


အလုပ်ပိတ်ရက်နေ့လယ် ကျွန်တော်သွားတော့ ကိုထက်နဲ့မတွေ့ပါ။ ရန်ကုန်ဆေးရုံကြီးမှာ ဆေးရုံတက်နေကြောင်းသိလိုက်ရတယ်ဗျ။


နှလုံးရောဂါတဲ့။ ထိတ်လန့်မိတာ တကယ်ပါပဲ။ ကျွန်တော် ဆေးရုံကြီး နှလုံးရောဂါကုသဆောင်ကို မေးမြန်းပြီးရှာတော့ ပြတင်းပေါက် ထောင့်စွန်းကကုတင်ပေါ်မှာ ကိုထက်ကိုတွေ့လိုက်ရတယ်။


တကယ့်ကို ရင်ထဲမှာစူးနင့်သွားတယ်။ ကုတင်ဘေးမှာ အောက်ဆီဂျင်အိုးကြီးကလည်း အဆင်သင့်ထားထားသလိုပါ။


"ကိုထက်..." မျက်လုံးတွေဖွင့်ကြည့်ပြီးပြုံးပြတယ်။


"ဘယ်လိုဖြစ်တာလဲကွာ..."


"မင်းအလုပ်နားတာလား..."


"အေး ဟုတ်တယ် ငါ့ကို ဘာလို့မပြောခိုင်းတာလဲ..."


"မင်းကအလုပ်တစ်ဖက်နဲ့လေ...."


"အစောင့်မရှိဘူးလား..."


"ကျောင်းက လူတွေ ထမင်းပို့တယ်အလှည့်ကျ စောင့်တော့မစောင့်နိုင်ကြဘူးလေ သူတို့လဲ အလုပ်တစ်ဘက်နဲ့ဆိုတော့ ...."


"ဘယ်နေ့ကတက်တာလဲ..."


"နှစ်ရက်ဘဲရှိသေးတယ်...နှလုံးသွေကြောကျယ်နေတာတဲ့ ကောင်းသွားမှာပါ..."


"အေးပါ ငါ မင်းအိမ်အကြောင်းကြားပေးရမလား..."


"မင်းကလည်း ငါ့မိထွေးက ငါနဲ့အဆင်မပြေဘူးကွ ပြောလဲမပြောခြင်ပါဘူးကွာ နေကောင်းမှာပေါ့ ..."


"မင်း ဘာစားချင်လဲ..."


"မစားချင်ပါဘူးကွာ..."


"အေးပါ လိုတာပြော အားမငယ်နဲ့နော် ကိုထက်..." 


စိတ်ထဲက စိတ်ရင်းအမှန်အားပေးလိုက်တာပါ သူ့ကျေးဇူးတွေရှိနေတယ်လေ။ ကိုထက်က ကျွန်တော့်ကို ကြည့်ပြီးပြုံးတယ်ဗျ။ သူ အတော်ပျော်သွားပုံရတယ်။ နောက်ပြီးမျက်နှာလွဲပြီးညှိးသွားပြန်ရော။ မိုးချုပ်တော့....


"မင်း ပြန်တော့လေ မနက် အလုပ်ဆင်းရဦးမှာ..."


"မင်းကိုစောင့်မယ့်လူရော...."


"မလိုပါဘူးကွာ နာစ့်မတွေပေါလို့... ပြန်တော့...." ကျွန်တော်ပြန်လာခဲ့တယ်။ 


နောက်နေ့ အလုပ်မှာ ပစ္စည်တွေရောက်လို့ ဂိုထောင်သွားပို့ရတော့ ည ၉ နာရီထိုးနေပြီ။ ဒါပေမယ့် ကိုထက်ကို ကျွန်တော်တွေ့ချင်တယ်။ သူအားငယ်နေမလား။


"ဘယ်သွားမှာလဲ..."


အပေါက်စောင့်ကမေးတော့ ဒုတိယထပ်ဆိုတော့ ဧည့်ချိန်မဟုတ်ဘူးတဲ့... ကျွန်တော် ငါးရာတန် တစ်ရွက် ထုတ်ပေးလိုက်တော့ တံခါးဖွင့်ပေးပါတယ်။


အပြေးအလွှားတက်သွားတော့ ကိုထက်အိပ်ပျော်နေတယ်။ စောင်လွတ်နေတဲ့ သူ့ခြေထောက်၊ ခြေဖမိုးလေးတွေက ဖောင်းနေတယ်ဗျ။ ကျွန်တော် စောင်လေးဆွဲခြုံပေးလိုက်တော့ ကိုထက်နိုးသွားပါတယ်။


ကျွန်တော်က အနားကပ်ပြီး "နေကောင်းလားကိုထက်...."


"မိုးအတော်ချုပ်နေပြီမဟုတ်လား..."


"အေးပါ ငါ ပစ္စည်းချနေလို့ကွ နောက်ကျသွားတာ ငါ ဒီည မင်းကိုစောင့်မယ်နော်..."


"ပြန်ပါကွာ မင်းအိပ်ရေးပျက်နေပါမယ်။ အလုပ်ကရှိသေးတယ်...."


"ရပါတယ်ကွာ..."


ကျွန်တော်ကုတင်ဘေးက ခုံလေးမှာထိုင်လိုက်တော့ သူ့လက်လေးတစ်ဖက်မြောက်လာတာကြောင့် လှမ်းကိုင်လိုက်ပါတယ်။ ကျွန်တော် သူ့လက်ကလေး ဆုပ်နယ်လိုက်တော့ ပြုံးနေလိုက်တာဗျာ သူ့အတွက်အပျော်ဆုံးများဖြစ်နေမလား...."


သူ့လက်ဖမိုးလေးက ဖောင်းအိနေပြန်တယ်။ ကျွန်တော် သူ့ကိုပြန်ပြုံးပြလိုက်တယ်။ မကြာခင်မှာပဲ သူ့မျက်လုံးတွေမှေးစင်းသွားရော။


ကျွန်တော်သူ့ကို ကြည့်ရင်းတစ်ခုတွေးမိတယ်ဗျ။


သူ ကျွန်တော့်ကို အတော်ခင်တယ်။ 


သူ ကျွန်တော့်ကို ချစ်ကြိုက်နေတာလား။ သူအမူအယာ၊ သူ ကျွန်တော့်အပေါ် ဟိုးအရင်ကတည်းက ဆက်ဆံနေထိုင်ပုံတွေရိုးသားရဲ့ လား။ သူ ခိုးနမ်းဖို့လုပ်တာလည်း ကျွန်တော်ရိပ်မိပါတယ်။ အိပ်ခြင်ယောင်ဆောင် ဖက်ထားတာလဲသိတယ်လေ။ 


နှစ်ရက် သုံးရက်ခန့်အထိ အလုပ်ပြန်တိုင်း ကိုထက်စီ ဝင်ပြီးမှ ကျွန်တော်အဆောင်ပြန်တယ်။ မိုးချုပ်မှ လာတတ်သော ကျွန်တော့်ကို အပေါက်စောင့်က သိနေပြီ။ ကျွန်တော်ရောက်တိုင်း ဘေးကုတင်က လူနာစောင့်အမကြီး သေသေခြာခြာ လှမ်းကြည့်နေတတ်ပါတယ်။ ဘာကြောင့်လဲ။ တစ်ရက်တော့ အဲ့အမကြီးက ကျွန်တော့်ကိုမေးတယ်ဗျ။


"အလုပ်က ခွင့်ယူလို့မရဘူးလား"တဲ့။


ကျွန်တော်က ‘ပြောကြည့်ဦးမယ်အမ’ လို့သာပြောလိုက်တယ် သူက ဘာပြောချင်နေပါလိမ့်။


"ဒီမှာ လူနာရှင်လား..."


သူနာပြု (Nurse) ဆရာမတစ်ယောက်အနားရောက်လာတာကြောင့် ကျွန်တော့်အတွေးပြတ်သွားတယ်။


"အော် ဟုတ်ကဲ့ဗျ..."


"ခဏ လိုက်ခဲ့ဦး..."


ကျွန်တော်ထလိုက်သွားပါတယ်။


"လူနာက နှလုံးရောဂါဆိုတာသိတယ်နော်။ သူ့မှာ မိဘတွေ အုပ်ထိန်းသူတွေမရှိဘူးလား။ ရှင်က သူနဲ့ ဘာတော်လဲ။ မနက်ကလည်း အမောဖောက်တယ်။ညနေစောင်းကလည်း အမောဖောက်တယ်။ ထမင်းလာပို့သူတွေကလည်း စောင့်မနေနိုင်ဘူးတဲ့ ကြာရင်မကောင်း ဘူး...."


"ဗျာ..."


နာစ့်မ ပြောစကားက ကျွန်တော် ဘာမှ မသိတာ သိအောင်လာပြောမှန်းသိပါတယ်။ ကိုထက်မိသားစုအကြောင်းလေးပြောပြလိုက်တော့ လိပ်စာလေးတစ်ခုပေးလာတာကြောင့် ဆရာမပေးတဲ့ လိပ်စာကူးယူလိုက်ပြီးမှ ကိုထက်အနားပြန်သွားလိုက်တယ်။


ကျွန်တော် မှေးကနဲ အိပ်ပျော်သွားချိန်ခဏ ပြင်းလွန်းသောအသက်ရှူသံနှင့်အတူ ရုန်းကန်နေသောအသံကြောင့်နိုးသွားပါတယ်။


"ကိုထက် ကိုထက် ...ဆရာမ ဆရာမ...."ကျွန်တော် အော်လိုက်မိတယ်။ ဆရာမ အမြန်ရောက်လာပြီး ကိုထက်ကို အောက်ဆီဂျင် အသက်ရှူပိုက်တပ်လိုက်သလို ဆေးတစ်လုံးလည်းထိုးပေးတယ်လေ။ 


မျက်စိရှေ့မှာမြင်လိုက်ရတဲ့ ကိုထက်အဖြစ်ကို တွေ့ရသည်မို့ ကျွန်တော်ရင်ထဲ မချိအောင် ခံစားရပါတယ်။ ကိုထက်ခဏငြိမ်သွားတော့ သူမမြင်အောင် အဆောင်ကူးစင်္ကြံလမ်းဘက်ထွက်ပြီးငိုမိလိုက်ပါရော။ 


ဘာ့ကြောင့်ငိုမိတာပါလိမ့်....မိုးလင်းသည်ထိ ကျွန်တော်မအိပ်ပါ။


ပုလင်းမဟုတ်သော ဟောလစ်အထုတ်သေးတစ်ခုဖောက်ပြီး ဓာတ်ဘူးအဟောင်းလေးထဲက ရေနွေးနှင့်ဖျော်လိုက်ပါတယ်။ ကိုထက် နိုးရင်တိုက်မယ်။


ကိုထက်နိုးတော့ ဟောလစ်လေးတိုက်လိုက်တယ်။ ကိုထက်က အားအင်ချိနဲ့နေသလို ပြုံးရုံပဲပြုံးပြတယ်။


နာစ့်မ ပေးထားတဲ့ ဆေးတစ်ခွက်ယူတိုက်တော့ ကိုထက် စကားတစ်ခွန်းပြောပါတယ်။


"အလုပ်သွားတော့လေ"တဲ့...


ကျွန်တော်ခေါင်းငြိမ့်ပြလိုက်တယ်။ အလုပ်သွားမယ်၊ ခွင့်တစ်ပတ်ယူမယ်၊ လိုအပ်ရင်ထပ်ယူမယ်၊ ကိုထက်နားမှာနေမယ်၊ လစာ စုထားတာလေးတွေ ကုန်ချင်ကုန်ပါစေ။


ပထမဆုံး ရွာကသူငယ်ချင်းတစ်ယောက်ကို ကိုထက်လိပ်စာပြောပြ၊ အကျိုးအကြောင်းရှင်းပြပြီး သူ့ မိသားစုထံအသိပေးမယ်။ အလုပ်ရှင်ထံခွင့်တောင်းတော့ အဆင်ပြေပါတယ်။


ကျွန်တော်ဆေးရုံပြန်ပြေးပါတယ်။ ကိုထက်အမောဖောက်နေမလား......ဟင်။ 


ကိုထက်ကို ထမင်းလာပို့သောသရက်တောကျောင်းတိုက်မှ ကောင်လေးနှင့်အတူ ဆရာတော်ပါ ပါလာတယ်ဗျ။ ဆရာတော်က ဒီလိုဖြစ်နေမှန်းမသိကြောင်းပြောပြီး ကိုထက်ကို တရားဟောပြောပါသေးတယ်။


အဲသည့်နေ့က ကိုထက် သုံးခါတိတိ မိုးပြန်လင်းသည်အထိ အမောဖောက်တယ်။ သူအမောဖောက်ပြီးတိုင်း ကျွန်တော်ငိုမိပါတယ်။ 


သူ့လက်ကလေးကိုင်ရင် သူပြုံးနေတာကျွန်တော်သိတယ်။ ကျွန်တော့်ကို ဘေးကုတင်လူနာရဲ့ လူနာစောင့်အမကြီးက မျက်ရည်တွေဝဲပြီး ခိုးခိုးကြည့်တာလဲသိတယ်။


ရွာက သူငယ်ချင်း ကိုထက်အိမ် ဆိုင်ကယ်နှင့်သွားပြောပြီးကြောင်းလည်းသိရပါပြီ။


"ကိုထက် ငါထမင်းသွားစားဦးမယ် မင်းဘာစားချင်လဲ" လို့မေးတာကို ခေါင်းခါပြတယ်ဗျ။


ယောင်နေတဲ့ သူ့လက်ဖမိုးလေးကိုကိုင်ပြီး အမှတ်မထင်ကျွန်တော်နမ်းမိလိုက်တော့ ….ပြုံးတယ်… သူနှစ်နှစ်ခြိုက်ခြိုက်ပြုံးတယ်။


နံဘေးက အမကြီးကြည့်နေတာကြောင့် အပြင်ကိုအသာထထွက်လာခဲ့ပါတယ်။


ဆေးရုံဝင်းထဲက ထမင်းဆိုင်မှာ ထမင်းစားပြီး ကိုထက်ဖို့ လိမ္မော်သီးဝယ်လိုက်တယ်။ အချိန်တစ်နာရီနီးပါးကြာလိမ့်မယ်ထင်ရဲ့။ 


ဆေးရုံပေါ်ပြန်တက်သွားတော့ ကိုထက်ကုတင်နံဘေးမှာ လူတွေအုံနေတယ်လေ။ ကိုင်ထားတဲ့ ကျွန်တော့်လက်က လိမ္မော်သီးထုတ်ပြုတ် ကျသွားတဲ့အထိ ယောင်နနဖြစ်သွားပါတယ်။


"ကိုထက် ကိုထက် ဘာဖြစ်လို့လဲ..."


ကိုထက်ကို စက်ကြီးနှင့် ရင်ဘတ်ကိုဖိဖိပြီး ဆရာဝန်တွေ နာစ့်မတွေကုနေကြတယ်။ 


"ဆုံးသွားပြီ...."


"ဆုံးသွားပြီ...."


"ဆုံးသွားပြီ...."


နားစည်ထဲ ပဲ့တင်ထပ်သွားသောစကားအဆုံး အားရှိသလောက် ကျွန်တော်အော်ခေါ်လိုက်မိတယ်။


"ကိုထက်......."


ကျွန်တော် ကိုထက်ကို ဖက်ထားတယ်။ သူဖက်တုန်းက တွန်းဖယ်ခဲ့ဘူးတယ်လေ။ သူမနမ်းပေမယ့် အခုအချိန် အရှက်တရားမဲ့စွာသူ့ကို ကျွန်တော်နမ်းလိုက်တယ်။


ပြုံးစမ်းပါ ကိုထက်ရ ပြုံးပါကွ။


ရင်ထဲကပြုံးခိုင်းတာ သူ့အပြုံးကိုနောက်ဆုံးမြင်ချင်သေးတာလေ။


"ရော့ ငါ့မောင် မင်းသူငယ်ချင်းက မင်းကိုပေးခိုင်းထားတာ..."


နံဘေးကုတင်က အမကြီးပေးတဲ့ ဗလာစာအုပ်ခပ်နွမ်းနွမ်းလေးကိုလှမ်းယူလိုက်တော့ အဲ့ဒီအမကြီးကရော ငိုနေပါပေါ့လား။


စာအုပ် အလယ်နားလောက်ကိုဖွင့်လိုက်တော့ စာကြောင်းတစ်ကြောင်းဖတ်မိလိုက်ပါတယ်။


"ငါ မင်းကို အရမ်းချစ်တယ် ရဲရင့်နောင် မင်းနဲ့အတူနေရတာပျော်တယ်....."


စာအုပ်ကိုပိတ်လိုက်တယ်။


ကိုထက်ရေးတဲ့ ဒိုင်ယာရီဆိုတာ ငါ့ကိုချစ်တဲ့အကြောင်းတွေလားလို့တွေးရင်းငိုချလိုက်ပါတယ်။


ကိုထက်ရဲ့ မိထွေးဆိုသူလည်းရောက်လာတာကြောင့် သဂြုင်္ိဟ်ဖို့ပြင်ဆင်ပြီးမှ ကျွန်တော်အဆောင်ပြန်ခဲ့တယ်ဗျာ။ 


ကိုထက်က ဗလာစာအုပ်စာမျက်နှာစစခြင်းမှာ ကျွန်တော်နှင့်စတွေ့တဲ့ရက်စွဲမှအစ အလုပ်ရှာပေးပုံ၊ အတူနေဖြစ်ပုံ၊ အဝတ်လျော်ပေး ရတာစိတ်ကြည်နူးကြောင်း၊ ဘုရားအတူတက်ဖူးတုန်းက အရမ်းပျော်ကြောင်း၊ ခိုးနမ်းဖို့ကြိုးစားတာ ကျွန်တော်မိသွားကြောင်း၊ ဖက်ပြီးအိပ် တဲ့နေ့က အိမ်မက်ထဲအတူရှိနေကြောင်း၊ အသုပ်ဆိုင်လေးမှာထိုင်တဲ့နေ့က ဖွင့်ပြောဖို့စဉ်းစားပေမယ့် သူ့ကိုမုန်းသွားမှာစိုးရိမ်တာကြောင့် ဖွင့်မပြောဖြစ်ကြောင်း၊ ဆေးရုံတက်တော့အနားမှာလာနေပေးလို့ ကျေးဇူးတင်ကြောင်း စာမရေးနိုင်ပေမယ့် နောက်ဆုံးစာကြောင်းလေး နံဘေးကုတင်ကအမကြီးကို အကူညီတောင်းရေးခိုင်းလိုက်ကြောင်း ရေးထားပါတယ်။


စာအုပ်ကလေးကို ရင်ခွင်ထဲဖက်ထားလိုက်တယ်။ 


သတိရတိုင်းကျွန်တော်ဖတ်မယ်၊ ဖတ်တိုင်းလည်ကျွန်တော်ငိုဦးမယ်။ 


x x x


စာအုပ်ကလေးထဲက စာတွေကို ဖတ်မိတိုင်း ကျွန်တော်ဘာလို့ငိုမှာလည်း သိလားခင်ဗျာ။ 


ကိုထက်ကို ကျွန်တော်ကိုယ်တိုင်မပြောလိုက်ရတဲ့ ရင်ထဲကလာတဲ့ တစ်ခွန်းတည်းသောစကား မပြောလိုက်ရသောကြောင့်ပါ။


"ကိုထက် မင်းမသိနိုင်ပေမယ့် မင်းကို ငါ….. သိပ်ချစ်ပါတယ်.........."


ချစ်သူတိုင်းပေါင်းရပါစေ.....


ရေးသားသူ - သုတလုလင်

No comments: