Sunday, June 25, 2023

လိင်တူ၊ လိင်ကွဲ ၂မျိုးလုံးကို စိတ်ဝင်စားခြင်း (Bisexuality)

  လိင်တူ၊ လိင်ကွဲ ၂မျိုးလုံးကို စိတ်ဝင်စားခြင်း (Bisexuality)



( Dr. Thurein Hlaing Win မှ အချက်အလက် စစ်ဆေးထားပါသည်။

Ye Myo Myat မှ ရေးသားသည်။)

လိင်တူ၊ လိင်ကွဲ ၂မျိုးလုံးကို စိတ်ဝင်စားခြင်း (Bisexuality) အကြောင်းလေး နည်းနည်းလောက် ပြောပြပေးချင်ပါတယ်။ ၂၁ ရာစုမှာ ကျွန်တော်တို့ ဘိုးဘေးဘီဘင် လက်ထက်တုန်းကလို ယောက်ျားဆိုရင် မိန်းမပဲ ကြိုက်ရမယ်၊ မိန်းမဆိုရင်လည်း ယောက်ျားကိုပဲ ကြိုက်ရမယ့် ဆိုတဲ့ ရှေးခေတ် အယူဝါဒတွေ မရှိသလောက် နည်းလာပါပြီ။


ဒါပေမယ့်လည်း တချို့လူတွေအတွက် ဒါကို မှားယွင်းတဲ့ သဘာဝလွန် အပြုအမူ၊ အတွေးအခေါ်တွေလို့ ထင်မြင်နေကြဆဲပါပဲ။ ဒါကတော့ ကိုယ် ယုံကြည်ထားတာနဲ့ ဆန့်ကျင်နေတဲ့ အရာဆိုရင် လက်မခံချင်တတ်တဲ့ လူ့သဘာဝဖြစ်တာကြောင့် သိပ်ပြီးတော့ မပြောလိုပါဘူး။ ဒီဆောင်းပါးမှာ လိင်စိတ်တိမ်းညွှတ်မှုထဲက လိင်တူကိုရော လိင်ကွဲကိုပါ စိတ်ဝင်စားတတ်တဲ့ သူတွေအကြောင်းကို ပြောပြပေးမှာ ဖြစ်ပါတယ်။


လိင်တူ၊ လိင်ကွဲ ၂မျိုးလုံးကို စိတ်ဝင်စားခြင်း (Bisexuality)


လိင်တူ၊ လိင်ကွဲ ၂မျိုးလုံးကို စိတ်ဝင်စားခြင်း (Bisexuality) ဆိုရာမှာ အဓိကကတော့ ကိုယ့်ရဲ့ လိင်စိတ်တိမ်းညွှတ်မှုကို ဝေခွဲမရဖြစ်နေတဲ့သူတွေရယ်၊ ဒီအကြောင်းနဲ့ ပတ်သက်ပြီး မသိနားမလည်တဲ့သူတွေအတွက် ဗဟုသုတဖြစ်စေလိုတဲ့ စိတ်နဲ့ ရေးရခြင်းဖြစ်ပါတယ်။ အကယ်လို့ ကိုယ့်ကိုယ်ကိုယ် ဒါမျိုး ကိစ္စတွေ လက်မခံတတ်တဲ့သူအဖြစ် ခံယူထားတယ် ဆိုရင်တော့ ဆက်မဖတ်ဘဲ ကျော်သွားပေးဖို့ မေတ္တာရပ်ခံချင်ပါတယ်။


လိင်တူ၊ လိင်ကွဲ ၂ မျိုးလုံးအပေါ် လိင်စိတ်တိမ်းညွှတ်ခြင်း


၁။ Bisexual သည် ယောက်ျား၊ မိန်းမ အသက်အရွယ် မရွေး ဖြစ်နိုင်ပါတယ်။


၂။ ယောက်ျားကို ကြိုက်ခြင်း၊ မိန်းမကို ကြိုက်ခြင်း ဆိုတာထက် မိမိရဲ့ လိင်နဲ့ တူညီတဲ့ လိင်ကိုရော ဆန့်ကျင်ဘက် လိင်ကိုပါ စိတ်ဝင်စားတယ်လို့ ပြောရင် ပိုမှန်ပါမယ်။


၃။ လိင်စိတ်တိမ်းညွှတ်မှုကို ရာခိုင်နှုန်း အတိအကျ ခွဲလို့ မရပါဘူး။ ဆိုလိုရင်းမှာ ယောက်ျားကိုလည်း ၅၀ ရာခိုင်နှုန်း ကြိုက်တယ်၊ မိန်းမကိုလည်း ၅၀ အတိအကျ ကြိုက်ကို ကြိုက်ရမယ် ဆိုတာမျိုး မသတ်မှတ်ထားပါဘူး။ ကာယကံရှင်ပေါ် မူတည်ပြီး ရာခိုင်နှုန်း အချိုးအစား ပြောင်းလဲ သွားနိုင်ပါတယ်။


၄။ လိင်ကွဲကိုပဲ စိတ်ဝင်စားဖူးသူ (Straight) ဟာ Bisexual ဖြစ်နိုင်သလို လိင်တူကိုသာ စိတ်ဝင်စားတဲ့ အမျိုးသား (Gay) အမျိုးသမီး (Lesbian) တွေ၊ လိင် ခွဲစိတ်ပြောင်းလဲဖူးသူ (Transgender) တွေသည်လည်း လိင်တူ၊ လိင်ကွဲ ၂ မျိုးလုံးကို စိတ်ဝင်စားနိုင်ပါတယ်။


၅။ ဥပမာ – လိင်ကွဲကိုပဲ စိတ်ဝင်စားတဲ့ အမျိုးသား တစ်ယောက်သည် လိင်တူ ၉၉ ရာခိုင်နှုန်းအပေါ် စိတ်ဝင်စားပြီး လိင်ကွဲ ၁ ရာခိုင်နှုန်း အပေါ် စိတ်ဝင်စားတယ်ဆိုရင် ထိုသူသည်လည်း Bisexual ဖြစ်နိုင်ပါတယ်။


၆။ Bisexual တချို့သည် လိင်အပေါ် စိတ်ဝင်စားတာဖြစ်ပြီး လိင်စိတ်တိမ်းညွှတ်မှုအပေါ် စိတ်ဝင်စားခြင်း မရှိပါ။ ဥပမာ – ကိုယ်ဝင်စားနေတဲ့ အမျိုးသားကို သူ့ရဲ့ လိင်ဇာတ် အပေါ်သာ စိတ်ဝင်စားခြင်း ဖြစ်ပြီး သူဟာ ဂေးဖြစ်သည်၊ Straight ဖြစ်သည် ဆိုတဲ့ လိင်စိတ်တိမ်းညွှတ်မှုကို ဂရုမစိုက်တတ်တာကို ဆိုလိုပါတယ်။


၇။ Bisexual တချို့မှာ သူ့တို့အတွက် ပိုပြီး ဦးစားပေးရွေးချယ်လိုတဲ့ လိင်ဆိုတာမျိုး ရှိပါတယ်။ ဥပမာ – လိင်တူ၊ လိင်ကွဲ ၂ မျိုးလုံး နှစ်သက်တာ မှန်ပေမယ့် လိင်တစ်မျိုး (ယောက်ျား သို့မဟုတ် မိန်းမ) တည်းကို ပိုပြီး ဦးစားပေးရွေးချယ်ကာ အတည်တွဲတာမျိုးပါ။


၈။ လိင်ကွဲတွေကိုပဲ ချစ်သူထားခဲ့ဖူးတယ်၊ လိင်ဆက်ဆံခဲ့တယ် ဆိုရင်တောင် ထိုသူကို Straight – လိင်ကွဲကိုသာ ကြိုက်နှစ်သက်တဲ့သူ အဖြစ် သတ်မှတ်လို့ မရပါဘူး။


၉။ တချို့သော Bisexual တွေဟာ ကိုယ်ရွေးချယ်လိုက်တဲ့ ချစ်သူအပေါ် မူတည်ပြီး စိတ်ဓာတ်၊ အမူအကျင့်များ ပြောင်းလဲနိုင်ပါတယ်။ ဥပမာ – ယောက်ျားပိုဆန်သွားတာ၊ မိန်းမ ပိုဆန်သွားတာ၊ အမူအရာ နွဲ့သွားတာမျိုး ရှိနိုင်ပါတယ်။ ဒါ့အပြင် လိင်ဆက်ဆံရာမှာလည်း အမျိုးသားတွေဆိုရင် အပေးရော အယူရော ၂ မျိုးလုံး ဖြစ်နိုင်ပါတယ်။ ဒါကို Bisexual ကတော့ ဂေးမဟုတ်တဲ့အတွက် ထိုးသွင်းဆက်ဆံခံတာမျိုး မလုပ်ရဘူးလို့ တရားသေ သတ်မှတ်လို့ မရပါ။


၁၀။ အသက်အရွယ်အလိုက်၊ သို့မဟုတ် ပြောင်းလဲလာတဲ့ ခေတ်ကာလပေါ် မူတည်ပြီး ကိုယ့်အကြိုက်တွေဟာ ပြောင်းလဲသွားနိုင်ပါတယ်။


၁၁။ လိင်တူ၊ လိင်ကွဲ ၂ မျိုးလုံး စိတ်ဝင်စားတာ ဖြစ်တဲ့အတွက် လိင်တူ သို့မဟုတ် လိင်ကွဲ တစ်မျိုးတည်းသာ စိတ်ဝင်စားသူတွေထက် ပိုပြီး ဖောက်ပြန်နိုင်ခြေ များတယ်လို့ အတိအကျ ယူဆလို့ မရပါဘူး။ ဖောက်ပြန်ခြင်း၊ မဖောက်ပြန်ခြင်း၊ တစ်လင် တစ်မယားစနစ်ကို ကြိုက်နှစ်သက်လို့ ကျင့်သုံးခြင်း သို့မဟုတ် ဆန့်ကျင်ခြင်းဟာ ကာယကံရှင်နဲ့ပဲ ဆိုင်ပါတယ်။


၁၂။ လိင်စိတ်တိမ်းညွှတ်မှုသည်လည်း ပြောင်းလဲနိုင်ပါတယ်။ ဥပမာ – လိင်ကွဲ သို့မဟုတ် လိင်တူကိုပဲ စိတ်ဝင်စားခဲ့သူ တစ်ယောက်ဟာ နောင်တစ်ချိန်မှာ လိင်တူ၊ လိင်ကွဲ ၂ မျိုးလုံးကို စိတ်မဝင်စားလာနိုင်ပါဘူးလို့ ဘယ်သူမှ တပ်အပ်ပြောလို့ မရသလို စစ်ဆေးလို့လည်း မရပါဘူး။




လိင်စိတ်တိမ်းညွှတ်မှုသည် မွေးရာပါ ဖြစ်တာကြောင့် စိတ်ရောဂါ၊ သို့မဟုတ် အပြုအမူပိုင်းဆိုင်ရာ မူမမှန်ခြင်းလို့ သတ်မှတ်လို့ မရပါဘူး။ Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း လိင်စိတ်တိမ်းညွှတ်မှုအပေါ် ခွဲခြားဆက်ဆံလိုတဲ့ စိတ်တွေ ကင်းရှင်းပြီး လူကို လူလို့သာ ညီတူညီမျှ ဆက်ဆံပေးကြဖို့ ထပ်ပြီး အကြံပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ချင်ပါတယ်။

No comments: