လူတစ်ယောက်ကို လက်မထပ်ခင်မှာ သူ့ရဲ့ စိတ်ဒဏ်ရာက ဘာလဲဆိုတာကို အရင်သိအောင် လေ့လာထားသင့်တယ်။
◾
သဘာဝကိုယ်တိုင်က အမ,တွေဆီ အဖိုတွေ.. ချဉ်းကပ်လာအောင် လုပ်ထားပြီးသားဆိုတော့... ဘယ် Society မှာမဆို ယောက်ျားက မိန်းမကို ချဉ်းကပ်တယ်။ မိန်းမဆီက အဖြေကို စောင့်တယ်။
ရိုးရိုးလေးပဲ ကြည့်ရင် တစ်ယောက်ကိုတစ်ယောက် အဖြေမပေးခင်၊ ချစ်တယ်လို့ မပြောခင်၊ ကိုယ် Propose လုပ်တဲ့သူက ခေါင်းမညိတ်ခင်၊ နောက်ဆုံး.. လက်မထပ်ခင်ထိ သူ့ကို လေ့လာတယ်။
သူ ဘယ်လိုလူလဲ၊ ဘာလုပ်လဲ၊ ကိုယ့်မိသားစုနဲ့ကော တည့်ရောတည့်ပါ့မလား၊ ပညာအရည်အချင်း၊ စိတ်နေစိတ်ထား၊ဘယ်လောက်ထိ ငါ့အပေါ်ကောင်းနိုင်မလဲ စတာ..မှန်သမျှကို လေ့လာတယ်။ စုံစမ်းတယ် ပေါ့။
ပုံမှန်တိုင်း ကြည့်ရင် လူတစ်ယောက် ဘာဖြစ်နေလဲဆိုတာ မသိသာဘူး။ တစ်ခါတလေ ပေါင်းကြည့်.. အနားနေကြည့်တော့မှ ဒီလူ ဘယ်သူလဲဆိုတာ သိရတာ။
ယောက်ျားဆို “ ဘီလူးလား.. မင်းသားလား ” မိန်းကလေးဆိုရင် “ သူယောင်မယ်လား မင်းသမီးလား ” ဆိုတာမျိုးက အဝေးကြည့်ရင် သိပ်မသိရဘူး.. ဟုတ်တယ်ဟုတ်။
ဒါ့ကြောင့်မို့ စတွဲချိန် ကနဦးမှာ ချစ်စိတ်တွေ မွှန်ပြီး ဘာမှ မမြင်ကြတာ ပေါ့။ နောက်ပိုင်း အကြောင်းလည်းသိကော တွဲလာတဲ့ သက်တမ်းကပဲ သံယောဇဥ်ကြိုးတွေ ဖြစ်သွားပြီး လူနှစ်ယောက်ကို တင်းတင်းကြပ်ကြပ်ကြီး ချည်နှောင်လိုက်ကော။
ဖြတ်တော့လည်း အခက်၊ မဖြတ်လည်း အခက်။ နာကျင်ဖို့အကြောင်းရင်းချည့်ပဲ။
ဆိုတော့ ကိုယ်နဲ့လက်ထပ်မယ့်လူကို တွဲနေတုန်း လေ့လာတဲ့နေရာမှာ သူ.. ဘယ်လောက် ဝင်ငွေကောင်းလဲ၊ နာမည်ဘယ်လောက်ရှိလဲ၊ လိင်ကိစ္စ ဘယ်လို ကျွမ်းလဲ၊ အနာဂတ်အတွက် ရေရှည် Plan ဘာလဲ.. စတာတွေကို လေ့လာတာအပြင် “ သူ့မှာ စိတ်ဒဏ်ရာ ဘယ်လောက်ရှိလဲ ”... ဆိုတာကိုပါ လေ့လာထားဖို့ လိုမယ်။
◾
ဘာလို့ စိတ်ဒဏ်ရာကိုမှ အရင်ဦးဆုံး လေ့လာသင့်သလဲဆိုပြီး ယူဆမိလဲဆိုရင်.. လူတစ်ယောက်စီတိုင်းမှာ သူ့နဲ့ တွဲပါနေတဲ့ စိတ်ဒဏ်ရာဆိုတာ ရှိကြလို့ပဲ။ ဒီစိတ်ဒဏ်ရာမျိုးက နည်းတာ များတာပဲ ကွာတာ။
အကြောင်း မတိုက်ဆိုင်လို့၊ တွေ့ကြုံခဲ့ရတဲ့ အဖြစ်အပျက်တစ်ခုခုက မလှုံ့ဆော်သေးလို့သာ ကိုယ့်စိတ်ထဲမှာ မပေါ်သေးတာ။ ဒီတိုင်းပဲ အပြင်ပန်းကြည့်လိုက်ရင် မိန်းကလေးဆို ချစ်ချင်စရာလေး၊ ယောက်ျားလေးဆို အားကိုးချင်စရာလေး။
တကယ့်တကယ် လူတွေ မမြင်ရတဲ့ နောက်ကွယ်မှာ စိတ်ဒဏ်ရာတွေ ကြိတ်ခံစားနေရတဲ့ လူတွေမှ တစ်ပုံကြီး..။ ဒါ အပြစ်လားလို့ မေးရင် အပြစ်တစ်ခု မဟုတ်ပါဘူး။ လူတစ်ယောက်ရဲ့ စိတ်အခြေအနေ (စိတ်ဒဏ်ရာ) ကို သိထားမှပဲ Relationship မှာ အဆင်ပြေစေမှာ မဟုတ်လား။
ဒါကြောင့်မလို့ တခြား ရေလျှံတာ၊ အလုပ်ကောင်းကောင်းရှိတာ စတဲ့ဟာကို လေ့လာတာအပြင် စိတ်ဒဏ်ရာကိုရော ထည့်လေ့လာဖို့လိုကြောင်း ဆိုချင်တာ။ ဒါဆို ဘာကိုကြည့်ပြီးတော့ ကိုယ့်လူရဲ့ စိတ်ဒဏ်ရာကို အကဲဖြတ်မလဲ။
◾
၁။ အိမ်ထောင်ရေးကို အယုံကြည် ရှိ၊ မရှိ။
တွဲတာတော့ တွဲနေတာပဲ။ ချစ်လားဆိုပြီး မေးတော့လည်း ခေါင်းညိတ်နေတာပဲ။ ယူကြတော့မလား မေးလိုက်တော့မှ နည်းနည်း တွန့်ဆုတ်သွားတာ။
ဒါမျိုးက တစ်အိုးတစ်အိမ် ထူထောင်ဖို့ ဝင်ငွေ၊ အလုပ်ကိုင်၊ မိသားစုချင်း အဆင်သင့်ဖြစ်နေတာကိုမှ ကိုယ်ပဲ အဆင်သင့်မဖြစ်သေးတာ၊ အဆင်မပြေနေတာမျိုး။ အဲ.. သူ့ငယ်ဘဝကို သွားကြည့်လိုက်တော့ Broken Family မှာ ကြီးပြင်းခဲ့တာမျိုး ဖြစ်နေတယ်။
သူ့အဖေနဲ့အမေက အားအားရှိ ရန်ဖြစ်။ အဖေအမေဖြစ်သူတွေက သားသမီးအရေးလည်း စိတ်မဝင်စား၊ ပစ်ချင်သလို ပစ်ထား၊ အဖေက မူးလာတိုင်းမှာ အမေ့ကို ရိုက်။ အမေက အဖေရှာသမျှ ပိုက်ဆံတွေကို နှစ်လုံးထိုး ဖြုန်းတီး။ အဖေနဲ့ အမေနဲ့ ကွာရှင်း။ နောက်ဆုံး မိသားစုလည်း ပြိုကွဲသွားကြရောပဲ။
အဲဒီလို ပြိုကွဲသွားတဲ့မိသားစု (Broken Family) ထဲကနေ ကြီးပြင်းလာတဲ့ လူဆိုရင် အိမ်ထောင်ပြုချင်စိတ် ကုန်သွားတာမျိုးတွေ ဖြစ်တတ်တယ်။ တချို့ မိသားစု ပြိုကွဲတာကျတော့ ဖောက်ပြန်တာနဲ့ စတာ။ အမေကလည်း လင်ငယ်နဲ့၊ အဖေ့မှာလည်း မယားငယ်နဲ့၊ အူမြူးနေကြတာပဲ။
အဲဒီခါကျတော့ ပိုဆိုးသွားပြီ။ ငါယူထားတဲ့ လူက ငါ့အပေါ်မှာ ဖောက်ပြန်သွားလို့ ရှိရင် ဘယ်နှယ့်လုပ်ရမလဲ။ ငါ့အဖေ ငါ့အမေလိုပဲ ငါတို့ အိမ်ထောင်ရေးကို အပေါစားဆိုပြီး ထင်နေလေမလား။ အိမ်ထောင်ရေးကို ဒီလိုနဲ့ပဲ.. အယုံအကြည် နည်းသွားတာ။
ဒီကတစ်ဆင့် တစ်ယောက်ယောက်နဲ့ ဘဝတစ်ခု ဖန်တီးဖို့ မဖြစ်ဘူးဆိုတဲ့ အစွဲတွေ၊ အားလုံး အဆင်သင့်ဖြစ်နေပါရဲ့နဲ့ ငယ်ဘဝ ကိုယ့်မိသားစုထဲက ပါလာတဲ့ စိတ်ဒဏ်ရာ အငွေ့တွေကြောင့် “ Happy Marriage ” က ငါ့နဲ့ မဖြစ်ဘူးဆိုတဲ့ အစွဲတွေ ဝင်လာတတ်တယ်။
၂။ ငယ်ဘဝမှာ ဘာတွေ ဖြစ်ခဲ့လဲ
များသောအားဖြင့် စိတ်ဒဏ်ရာဆိုတာ ကြီးမှ ဖြစ်တာထက် ငယ်တုန်းမှာ ရခဲ့တာကပဲ ပိုများတယ်။ ငယ်ငယ်တုန်းကဆိုရင် ဦးနှောက်ကလည်း နုတုန်း၊ စိတ်ကလည်း ကလေးဆန်နေတုန်း။
ကြုံလာတဲ့ အဖြစ်အပျက်ဆိုးတွေကိုလည်း မတော်လှန်နိုင်သေးဘူး။ ဒီကနေတစ်ဆင့် တဖြည်းဖြည်း အသက်အရွယ်ရလာမှ trauma တွေက အပြင်ကို ဝေါခနဲ ထွက်လာတာ။
ဘယ်လိုမျိုးလဲဆို ငယ်ငယ်တုန်းက Rape ခံရ၊ အစော်ကားခံခဲ့ရတဲ့ အမျိုးသမီးတစ်ယောက်အတွက်က အိမ်ထောင်ပြုဖို့ဆိုတာ ခက်ခဲတဲ့ အရာလိုပဲ။ ကိုယ့်လင်နဲ့ကိုယ်.. အတူနေဖို့ကိစ္စ.. လိင်ကိစ္စပြုမယ်ဆိုရင်တောင် Rape အဖြစ်အပျက်က လိုက်ခြောက်နေတာမျိုးတွေ။
အဲဒါတွေ ကြုံမှာစိုးလို့ ချစ်တော့ချစ်ပါရဲ့၊ လက်မထပ်ရဲဘူး၊ အိမ်ထောင်မပြုရဲဘူး။ တချို့ အမျိုးသမီးတွေမှာကျတော့ ငယ်ဘဝက အစော်ကားခံခဲ့ရလို့ ကိုယ်ဝန်မဆောင်ရဲတော့တာမျိုးတွေ ဖြစ်သွားတယ်။ ငါ့ရှက်ရှက်ကို တခြားလူတွေ မြင်ရင် ဘယ်လိုလုပ်မလဲ.. အဲလိုကြောင့်ပဲ အိမ်ထောင်ပြုဖို့ ခေါင်းမာနေတာ။
ဒီအချက်က အမျိုးသမီးတွေမှာ ပိုအဖြစ်များပြီး အမျိုးသားဘက်က အလေးထားရမယ့် အချက်ပေါ့။ နောက်တစ်ချက်ကျ အမျိုးသားတွေမှာ အဖြစ်များလို့ အမျိုးသမီးတွေဘက်ကနေ ဂရုစိုက်ရမယ့် အချက်ပါ။ ဘာလဲဆိုတော့..
၃။ ဘယ်လို သားယောက်ျားမျိုး ဖြစ်ခဲ့လဲ
ငယ်တုန်းက သူ့မိဘဆီမှာတော့ လိမ္မာပါရဲ့၊ ကိုယ့်လက်ထဲ ရောက်လာတော့မှ ထိန်းမရသိမ်းမရ ဖြစ်သွားလို့ စိတ်ညစ်နေတဲ့ အိမ်ထောင်ရှင်မတွေ အများကြီး ရှိတယ်။
သူတို့နဲ့ စကားစပ်မိတော့ တချို့က.. ဘယ်လိုပြောသလဲဆိုရင် “ လူကောင်းလူမွန် ထင်လို့သာ ယူခဲ့တာ ဒါမျိုးမှန်းသိခဲ့ရင် မယူခဲ့ပါဘူး ” တဲ့။ ပြန်မေးလိုက်ချင်တယ်။ ဘယ်သူက အဲလို ကြိုသိနေလို့တုံး ဆိုပြီး။
ဒါက ဘယ်က,စလာသလဲဆိုရင် ကိုယ်ယူမယ့်ယောက်ျားရဲ့ မိဘအုပ်ထိန်းမှုပုံစံကို လုံးဝ လုံးဝ သတိမထားမိခဲ့ရာက စလာတာပဲ။ အမှန်တကယ် သူ့မိဘလက်အောက်မှာ လိမ္မာနေခဲ့တာ.. မဟုတ်ဘူး။ သူ့မိဘတွေက တင်းကြပ်လွန်းလို့သာ မခုတ်တတ်တဲ့ ကြောင်လို နေခဲ့ရတာ။
မိန်းမ ရလည်းရရော သူ့အတွက် လွတ်လမ်းရသွားသလိုကို ဖြစ်သွားရော။ မိဘဆီမှာ မလုပ်ခဲ့ရတာ မှန်သမျှ အခုမိန်းမဆီမှာ လုပ်လာကော။
တချို့မိဘတွေ ရှိတယ်လေ၊ ယောက်ျားလေးပဲ.. လှေကားသုံးထစ်ဆင်းရင် လူပျိုပြန်ဖြစ်တယ်တို့၊ ယောက်ျားလေးပဲကွယ် KTV သွား အပျော်အပါးမက်တာ ဆန်းသလား ဆိုပြီး ဆုံးမထားတဲ့ မိဘတွေလည်း ရှိတယ်။
အထူးသဖြင့် သူ့မိဘတွေက အမျိုးသမီးတွေကို လေးစားမှုရှိအောင် သင်ပေးခဲ့လား၊ မသင်ပေးခဲ့ဘူးလား... ဒါလေးကို လေ့လာသင့်တယ်။ သားရှင်ဆိုပြီး တချို့ သားရှင်မိဘတွေမှာ သူတို့ ချွေးမဆိုရင် လူလို့ မမြင်တတ်တာတွေ ပုံနေတာပဲ။
သူ့မိဘတွေက သူ့ကို “ ယောက်ျားတွေဟာ ဘုန်းတန်ခိုးနဲ့၊ အဆင်မပြေလည်း ကွာလိုက်.. ယောက်ျားအတွက် မိန်းမဆိုတာ မရှားဘူး၊ မိန်းမတွေသာ လင်ပေါင်းများရင် ကဲ့ရဲ့ခံရတာ ” စသဖြင့် အဲလို သားယောက်ျားအဖြစ် ပုံသွင်းထားတယ်ဆိုရင် အမျိုးသမီးတွေမှာ သတိထားဖို့ လိုပါမယ်။
အဲ့ကြောင့် ဘယ်လို သားယောက်ျားမျိုးဖြစ်ခဲ့လဲ ဆိုတာကို “ သူ့ကိုအုပ်ထိန်းတဲ့ သူ့မိဘတွေရဲ့ Parenting style ” က ပြောပြပေးလိမ့်မယ်။ (ဒီအချက်က အခု ပြောနေတဲ့ စိတ်ဒဏ်ရာအကြောင်းနဲ့ နည်းနည်းတော့ မဆိုင်သလို ဖြစ်နေလိမ့်မယ်၊ ဒါပေမဲ့ တချို့ သားယောက်ျားတွေမှာတော့ သူ့မိဘကြောင့် စိတ်ဒဏ်ရာ ရခဲ့တာမျိုးလည်း ရှိတတ်တယ်)
၄။ ကိုယ့်အပေါ်မှာ ယုံကြည်မှု ရှိရဲ့လား
နံပါတ်တစ်မှာလည်း အိမ်ထောင်ရေးအပေါ် အယုံအကြည်ရှိ၊ မရှိဆိုတာနဲ့ ပတ်သက်ပြီး ပြောခဲ့ပြီးပြီ။
ဒီတစ်ခုကကျ လူကို မယုံတာ၊ ကိုယ့်နဲ့ လက်တွဲလာမယ့်လူကို မသင်္ကာတာ။ အဲကြောင့် အိမ်ထောင်ရေးကို မယုံတာ။ တကယ်တမ်း တစ်ဖက်လူအပေါ် ယုံကြည်မှု နည်းပါးတာကလည်း စိတ်ဒဏ်ရာအသေးစား (Emotional damage) တစ်မျိုးပဲ။
အစကိုကြည့်လိုက်တော သူ့အဖေအမေရဲ့ အိမ်ထောင်ရေး Effect ကပဲ ဖြစ်နေတယ်။ အဖေက.. အမေ့ကို ပစ်ထားပြီး နောက်မယား ယူသွားတာ၊ အမေက.. နောက်လင်ယူသွားတာ၊ သစ္စာဖောက်သွားတာမျိုး။
အဲ.. တချို့ကျတော့ အရင်ရည်းစားဟောင်းရဲ့ လုပ်ရပ်တွေကြောင့် အခု လက်ရှိလူ (ကိုယ့်ကို) ယုံကြည်မှုနည်းပါးတာတွေ ရှိတတ်တယ်။ အရင်တုန်းက လူတွေကို မတရားယုံခဲ့လို့ ငါ ခံခဲ့ရပြီးပြီ၊ အခု ဘယ်သူ့ကိုမှ မယုံတော့ဘူး... ဒါမျိုးတွေပေါ့။
အဲလို ယုံကြည်မှု နည်းနေလို့ရှိရင် လင်မယား မပြောနဲ့၊ ခု ရည်းစားဘဝမှာတောင် ကိုယ့်ရည်းစားကို CIA, FBI ထဲက စုံထောက် တစ်ယောက်လိုတောင် ထင်နေအုံးမှာပဲ။ ကိုယ်ကလည်း တရားခံတစ်ယောက်လို အစစ်ဆေးခံနေရအုံးမှာပဲ။
၅။ သူ့ကိုယ်သူ ဘယ်လိုမြင်လဲ
အခုလက်ရှိ ကိုယ့်ကိုယ်ကိုယ် မြင်နေတဲ့အမြင် Self-image ဆိုတာ ငယ်ဘဝမှာ ဖြစ်ပျက်ခဲ့တဲ့အရာတွေနဲ့ ဆိုင်တယ်။
သူ့ကို သူ့မိဘတွေက ဘယ်လိုပုံသွင်းခဲ့လဲ၊ သူ့မိသားစုတွေ ဘာဖြစ်ခဲ့လဲ၊ သူက ရုန်းကန်နေရတဲ့သူလား၊ ရွှေပန်းကန်နဲ့ အခန့်သား ထမင်းစားနေရတဲ့ လူလား၊ ဒါတွေကို လေ့လာသင့်တယ်။
သူ့ဘဝကိုလေ့လာပါဆိုတာက ကိုယ့်လူက ရေလျှံရင် ကပ်၊ ရုန်းကန်နေရင် ပစ်ထားလိုက်၊ ဒါမျိုးကို ဆိုလိုတာ မဟုတ်ဘူး။ သူ့ဘဝအခြေအနေက သူ့ကိုယ်သူ ဘယ်လိုမြင်သလဲဆိုတာကို ရောင်ပြန်ဟပ်နိုင်လို့ (အဲဒီထဲမှာ စိတ်ဒဏ်ရာ ပါမပါ) လေ့လာစေချင်တာ။
တချို့လူတွေမှာ ငယ်ဘဝက.. စိတ်ဒဏ်ရာ သက်ရောက်မှုတွေကြောင့် သူ့ကိုယ်သူ မြင်တဲ့အမြင်တွေ ပြောင်းလဲလာတတ်သလို၊ ကြီးမှ ဖြစ်တဲ့ အဖြစ်ဆိုးကြောင့်လည်း မြင်တဲ့ အမြင်က ပြောင်းလဲသွားတတ်တယ်။
ဥပမာ - ငယ်ဘဝက ရခဲ့တဲ့ စိတ်ဒဏ်ရာ သက်ရောက်မှုဆိုတာ မိန်းကလေးဆို Rape ခံရတာမျိုး၊ ယောက်ျားလေးဆို အမေက ဒီလောက် အနွံတာခံတဲ့ အဖေ့ကိုမှ သစ္စာဖောက်သွားတာမျိုး။
အဲဒါနဲ့ပဲ Rape ခံရတဲ့ မိန်းကလေးဆို လိင်ကိစ္စနဲ့ပတ်သက်ပြီး သွေးလန့်သွားတာ၊ အမေ့ရဲ့ သစ္စာဖောက်ခြင်းကို ကြုံခဲ့ရတဲ့ ယောက်ျားလေးဆို မိန်းမမှန်ရင် ကြည့်မရနေတာမျိုးပေါ့။
ကြီးမှဖြစ်တဲ့ အဖြစ်အပျက်တွေကျတော့ ရည်းစားဟောင်းလုပ်ရပ်ကြောင့် ဥပမာ - ကိုယ် ဂရုစိုက်ပေး၊ ချစ်ပေးနေတဲ့ ကြားက ကိုယ့်အပေါ် ရက်စက်သွားတာမျိုး။ ဒါနဲ့ပဲ လူတွေကို မယုံတော့တာ၊ ချစ်ဖို့ ကြောက်သွားတာ၊ အိမ်ထောင်ပြုဖို့ ဝန်လေးသွားတာတွေ ဖြစ်တတ်တယ်။
နောက်တစ်ခု၊ လူတစ်ယောက်ရဲ့ Self-image ဆိုတာဟာ သူ့ကို လူတွေ ဘယ်လိုဆက်ဆံကြလဲ ဆိုတာနဲ့လည်း ဆိုင်သေးတယ်။
ငယ်ငယ်က မိဘတွေဆီမှာ ခဏခဏ အပြစ်တင်ခံခဲ့ရတာတွေ၊ ဘဝမှာ နောက်ကျောကို ဓားနဲ့ထိုးတဲ့လူနဲ့ ဆုံခဲ့ရတာတွေ၊ အနှိမ်ခံခဲ့ရတာတွေ၊ အနိုင်ကျင့်ခံခဲ့ရတာတွေ၊ ကိုယ် ကြိုးစားလို့ ရလဒ်ကောင်းနေပါရဲ့ ချီးမွမ်းခြင်း မခံခဲ့ရတာမျိုးတွေ.. စသဖြင့်ပဲ။
ဒါမျိုးတွေ ကြုံခဲ့ရတဲ့ လူဆိုရင် Negative self-image တွေ ဝင်သွားတယ်။ ငါ အသုံးမကျဘူး၊ မဦးဆောင်နိုင်ဘူး၊ အရှုံးသမားဆိုပြီး ကိုယ့်ကိုယ်ကိုယ် ပြန်မြင်တတ်တယ်။
ဒီအခါ ကိုယ့်ဘေးက ကိုယ့်လူကပါ ကိုယ့်ကို ချစ်သူဘဝမှာတင် လက်ပါတာ၊ အနိုင်စား ဗိုလ်ကျတာ၊ အထင်သေးတာတွေပါ ဖြစ်လာရင် အိမ်ထောင်ရေးကို စိတ်မဝင်စားတာမျိုးတွေ ဖြစ်တတ်တယ်။
◾
လူတစ်ယောက်ရဲ့စိတ်ဒဏ်ရာကို အကဲဖြတ်တဲ့အခါမှာ သူ့ငယ်ဘဝကို မေ့ထားလို့ မရပါဘူး။ အပေါ်က ငါးခုစလုံးကို ကြည့်လိုက်ရင် ငယ်ဘဝနဲ့ ဆက်နွှယ်နေတာကို တွေ့ရပါလိမ့်မယ်။
ဒီ့ထက် သတိထားရမှာ တစ်ခုကတော့ တစ်ဖက်လူရဲ့ စိတ်ဒဏ်ရာကြောင့်... ကိုယ်က အိမ်ထောင်ပြုရမှာကို ဝန်လေးသွားတာ၊ တွန့်သွားတာ၊ ယုံကြည်မှုမဲ့သွားတာမျိုးတွေ ကြုံရတတ်တယ်။
သဘောက သူ့အဖေလို အရက်မူးလာတိုင်း ငါ့ကို ရိုက်နေမလား၊ ဒီမိန်းမက သူ့အမေလိုပဲ လင်ငယ်နေတဲ့ ဟာမ,လား၊ အသုံးအဖြုန်းကြမ်းမလား.. စသဖြင့် ထင်လာတတ်တယ်။
အမှန်က ကိုယ့်လူရဲ့ စိတ်အခြေအနေ၊ စိတ်ဒဏ်ရာတွေကို လေ့လာတယ်ဆိုတာ အဲဒါကို ခုတုံးလုပ်ပြီး အနိုင်စားဗိုလ်ကျဖို့ တိုက်တွန်းတာ မဟုတ်သလို “ ရုပ်ကိုကြည့် မထင်ရဘူးနော်၊ စိတ်ကဖြင့် မူမမှန်ဘူး ရူးများ ရူးနေပြီလား ” ဆိုပြီး သူ့ကိုထား၊ ပြီးရင် နောက်တစ်ယောက် တွဲ... အဲလိုမျိုးလည်း မဆိုလိုဘူး။
စိတ်ဒဏ်ရာကြောင့် အိမ်ထောင်ရေး အဆင်မပြေတာတွေ ဖြစ်တတ်တယ်ဆိုတာကို သိထားရင် ကိုယ့်လူကို Mental Healing လုပ်ရတာ ပိုလွယ်သွားတယ်မလား။ ချစ်တယ်ဆိုတာ အပြစ်အနာအဆာရှိတိုင်း စွန့်ပစ်ဖို့မှ မဟုတ်တာကိုး။
ဘုန်းမောင်ဦး
ဖေဖော်ဝါရီ ၁၉၊ ၂၀၂၄။



No comments:
Post a Comment