Tuesday, March 8, 2011

ကျွန်တော့် မှတ်စု

ကျွန်တော်လိုချင်တဲ့ ဘ၀အချစ်ရေးဟာ သာမန်လူသားတွေနှင့် မတူဘူးလို့သတိထားမိပါတယ်။ အဲဒီလိုသတိထားမိချိန် အတောအတွင်း မှာ ကျွန်တော် စိတ်ခြောက်ခြားမှုတွေထဲကနေ ရှင်သန်နေရသလိုပါပဲ။ လာမယ့် အနာဂတ်ဟာ မှုန်ဝါးနေတယ်။ ရှေ့ဆက်ဖို့ ခရီးဟာ လည်း အရမ်းခက်ခဲလှပါတယ်။ ကျွန်တော့်အတွက် စိတ်ဒုက္ခတွေများပြီး လွတ်မြောက်ဖို့ ခက်ခဲလှပါရဲ့။ ကျွန်တော့်စိတ်အတွင်းပိုင်းထဲမှာ ရှိတဲ့ အချစ်ဟာ ပင်လယ်ရေအောက်အနက်ဆုံးအပိုင်းမှာရှိတဲ့ ရေလှိုင်းလုံးလိုပဲ အားသန်နေပါတယ်။ ဒါပေမဲ့ ကျွန်တော့်မှာရှိတဲ့ ရှိသမျှ ခွန်အားတွေနဲ့ အဲဒီလှိုင်းလုံးများကို ဖိနှိပ်ထားရတာလေ။ ဒီလှိုင်းလုံးများ ရေပြင်အထက်ကိုတက်မလာစေဖို့ ကာကွယ်ရတယ် လူတွေ မမြင်အောင်ပေါ့။ လူတွေရဲ့ ပြောင်လှောင်ချင်တဲ့ အကြည့်နှင့် အရယ်ကိုခံရမှာ စိုးရွံ့ခဲ့တယ်။ နောက်ဆုံးလက်ထပ်တဲ့နည်းဖြင့် ရုံးထွက်နိုင် မယ်လို့ စဉ်းစားမိခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော်လက်လျော့လိုက်မိပါရဲ့။ ကျွန်တော်ဘယ်လိုမှ မဖြစ်နိုင်၊ ကိုယ့်ကိုယ်ကိုယ် ဘယ်လိုမှ မပြောင်းလဲနိုင်ခဲ့ပါဘူး။ ဒီအဖြစ်မျိုးဟာ မွေးရာပါလို့ဆိုတဲ့ အချစ်လား ဒါမှမဟုတ် ရက်တွေ လတွေ ကြာရှည်ပေါင်းစပ်ပြီး ဖြစ်လာတဲ့ အချစ်တွေလား ကျွန်တော်နားမလည်ခဲ့ပါဘူး။ အချစ်ဆိုတဲ့ သူဟာ ကျွန်တော့်ရဲ့ စိတ်ဝိညာဉ်အတွင်းပိုင်းထိ အမြစ်တွယ်ခဲ့ရတယ်လို့ ခံစားရပါပြီ။ အသီးအပွင့်သာမဝေဆာပေမဲ့ သူ့အမြစ်ပင်စည်တွေက တဖြည်းဖြည်း ရှင်သန်အမြစ်တွယ်ကြီးထွားလာပါတယ်။

သည် နှစ်နှစ်အတွင်းမှာ ကျွန်တော်ဟာ အင်တာနက် ပင်လယ်အတွင်းမှာ လောကသစ် ဘ၀သစ်တစ်ခုကို ရှာဖွေတွေ့ရှိသွားတယ်လို့ ဆို ရမှာပါ။ ကျွန်တော့်မျက်လုံးတွေကို ၀လုံးဖြစ်သွားစေခဲ့တယ်။ 'အာ....ဒီလောကကြီးမှာ ကျွန်တော့်လိုအချစ်မျိုးတွေနှင့် သူငယ်ချင်းတွေ များပြားလှပါလား' သူတို့ဟာ ကျွန်တော်နှင့် အတူတူပဲ။ မူလမျက်နှာကို အားလုံးဖုံးကွယ်ထားကြတယ်လေ။ မျက်နှာဖုံးစွပ်ပြီး လူ့လောက မှာရှိတဲ့ သာမန်လူတွေနှင့် နေထိုင်နေရတယ်။ သာမန်လူတွေထက် ဘ၀လမ်းကြောင်းမှာ တစ်ခုပိုခက်ခဲရပေမယ့် ကျွန်တော်တို့လိုချင်တဲ့ ဘ၀မျိုးလည်း နေထိုင်လို့ရပါတယ်။ ကျွန်တော် သည်တွေ့ရှိချက်ကို အံ့သြ၀မ်းသာမိရပါရော။ ကျွန်တော် နောက်ထပ် အထီးကျန်တယ် လို့ မခံစားရတော့၊ မှီခိုတွယ်တာမှုမရှိခြင်းလည်း မခံစားရတော့ပါ။ အချိန်ရှိတာနဲ့ ကျွန်တော်ဟာ အင်တာနက်လောကကြီးထဲမှာ ၀င် ထွက်သွားလာနေတာပေါ့။ ဂေး(gay) သူငယ်ချင်းများနဲ့ ဆက်သွယ်မှုပြုလုပ်ပြီး အထီးကျန်နေတဲ့ ကွက်လပ်လေးကို ပြည့်အောင်ဖြည့်မိခဲ့ ပါပြီ။ ကိုယ့်ကိုယ်ကို နှစ်သိမ့်မှု တစ်ခုရှာတွေ့လိုက်ရပါတယ်။ အလင်းတန်းတစ်ခုကိုတွေ့ရတယ် ကျွန်တော့်အထင်။ အလင်းတန်းထဲမှာ ပြုတ် ကျခဲ့သော်လည်း ကျေနပ်ခဲ့ပါတယ်လေ။

ကျွန်တော့်စိတ်ဟာ အရမ်းပျော်ရွှင်လာခဲ့ပါတယ်။ လူမှုဘ၀ပတ်ဝန်းကျင်ရဲ့ ဖိနှိပ်မှုသည် ကျွန်တော့်စိတ်အတွင်းမှာတော့ မမျှတဘူးလို့ ခံစားမိပါတယ်။ ကျွန်တော်တို့ သည်စက်ဝိုင်းအတွင်းမှာ အမျိုးသားများဖြစ်ခြင်းကြောင့် အချင်းချင်း အားနာရှက်ကြောက်ခြင်းများမလိုပဲ ပွင့်ပွင့်လင်းလင်းရှိကြတယ်လို့ ခံစားရတာပေါ့။ လေတွေ မိုးတွေ တားမရသလို မြန်လှတဲ့ အချစ်မျိုးဟာ လူတွေရဲ့ နှာခေါင်းရှုံ့တာခံရ၊ လူတွေရဲ့ မျက်လုံးထဲမှာတော့ ကျွန်တော်တို့ဟာ ထူးခြားနေတယ် ရှုပ်ထွေးနေပါတယ်။ လူမှုပတ်ဝန်းကျင်မှာ ကျွန်တော်တို့ဟာ အဖျက် သမား၊ လူသတ်တရားခံတွေလို့ သူတို့က ယူဆကြတယ်။ တကယ်တော့ ကျွန်တော် ၀န်ခံပါတယ် ကျွန်တော်တို့ သည်စက်ဝန်းထဲမှာ (သူဋ္ဌေး၊ ဆင်းရဲသား၊ ရုပ်ရည်ချောတာ၊ ရုပ်ဆိုးတာပါတယ်၊ ပျော်ရွှင်တာ ၀မ်းနည်းတာ) ကျောက်မျက်ရတနာနှင့် ကျောက်စရစ်တွေ စုစည်းနေထိုင်တဲ့ စက်ဝန်းကြီးဖြစ်ပါတယ်။ လူ့လောကမှာလည်း ဒီလိုပဲ မဟုတ်လား? တခြားနည်းနဲ့ စဉ်းစားကြည့်ရအောင်။ လူတွေက သာ စိတ်အေးအေး ဥာဏ်နီဥာဏ်နက်နှင့် ရှုထောင့်တစ်ခုကနေကြည့်မယ်ဆိုရင် ကျွန်တော်တို့ရဲ့အချစ်ဟာ နေရောင်အလင်းရောင် အောက်မှာ ရှင်သန်နိုင်ပါတယ်။

'လောကကြီးမှာ ကျွန်တော်သာ စိတ်မှန်တဲ့လူဖြစ်ခဲ့လျှင် အားလုံးဟာ စိတ္တဇအရူးမဖြစ်ကုန်ဘူးလား' ဟု အများက စိတ္တဇအရူးဟု အပြော ခံရ သူကဖြေကြားလိုက်ပုံတစ်ခုကို ဖတ်ရှုလိုက်မိချိန်တုန်းကတော့ ကျွန်တော် အရမ်းရယ်မောချင်ခဲ့ပေမဲ့ အခုအချိန်မှာတော့ သူ့ကို အရမ်း ချီးကျူးလေးစားမိပါတော့တယ်။ ကျွန်တော်တို့ဟာ ကိုယ့်ကိုယ်ကို ပြောင်းလဲလို့ မရဘူး၊ ကိုယ့်ကိုယ်ကို ပြောင်းလဲဖို့ ဘယ်လိုမှ အား လည်းမရှိခဲ့ဘူး။ မီးတောင်လို ဟုန်းဟုန်းတောက်နေတဲ့ ကျွန်တော်တို့ရဲ့ သည်အချစ်မျိုးကို ကျွန်တော်တို့စေရာဖြစ်နိုင်ပါ့မလား? လူတွေကသာ ကိုယ်လိုချင်တဲ့ အချစ်မျိုးကို ကိုယ်တိုင်ဖန်ဆင်းနိုင်မယ်ဆိုရင် အာဒမ်နဲ့ ဧ၀ စားခဲ့တဲ့ သစ်သီးသည် ကမ္ဘာပေါ်တွင် အပြင်း ဆုံး ကာမဆေးဖြစ်ခဲ့လျှင်လည်း အသုံးမ၀င်တော့ချေ။ သူတို့သည်လည်း သားစဉ်မြေးဆက်များ မွေးဖွား၍ ကမ္ဘာတစ်ခုလုံးကို လွှမ်းခြုံ စေခဲ့သည်လော။ ဂေးတစ်ယောက်ဖြစ်နေလျှင်လည်း ကျွန်တော်တို့သည်လူသားတွေပါ။ လူတိုင်းတွင် ရည်မှန်းချက်ရှိကြတယ်။ ကျွန်တော်တို့တွင်လည်း ကိုယ်လိုချင်တဲ့ အချစ်မျိုးကိုလိုချင်ကြတာပဲ။ ကျွန်တော်တို့ ဦးတည်ချက်တစ်ခုတည်းသာ ကွဲပြားခဲ့တာပါ။ လူတိုင်းသည် မိမိနေထိုင်တတ်သော ဘ၀နေထိုင်မှုဟန်ပန် ကိုယ်စီရှိကြသည်။ ဂေးသည်လည်း ရောဂါမဟုတ်ပါ။

လူတွေက ကျွန်တော်တို့ကို ဘာကြောင့်များ နားမလည်ကြတာလဲ ကျွန်တော်တို့က ပတ်ဝန်းကျင်တွေကို မထိခိုက်စေချင်ဘူး။ ထို့အတူ ပတ်ဝန်းကျင်ကိုလည်း မထိခိုက်စေခဲ့ဖူးဘူး။ ဒါပေမဲ့ ပတ်ဝန်းကျင်က ကျွန်တော်တို့ကို အမြဲထိခိုက်အောင် လုပ်ခဲ့ပါတယ်။ ကျွန်တော်တို့ ခိုးကြောင်ခိုးဝှက်ပဲ နေထိုင်ရမှာလား? အသက်အရွယ်ကြီးလာသည်နှင့်အမျှ သည်အချစ်မျိုးမှာ လျှောက်လှမ်းလာရသော ဘ၀ခရီး တလျှောက်လုံးမှာ ကိုယ့်ကိုယ်ကို နောက်ဆုံး ဆုံးဖြတ်ရတော့မည်ဟု ခံစားမိရပါတယ်။ အဲဒီအတွက်ကြောင့် ကျွန်တော်ဟာ သူ (gay love) ဘာပဲဖြစ နေဖြစ်နေ လူတွေရဲ့ ပြစ်တင်ပြောဆိုမှုတွေကိုလည်း ဂရုမစိုက်တော့ပါ။ စိတ်အတွင်း၌ သိုသိမ်းထားသော စိတ်ဝေဒနာ များကို ဖွင့်အန် ပြောချလိုက်ချိန်မှာ ကျွန်တော့်ကိုယ် ကျွန်တော် အရမ်းပေါ့ပါးလွတ်လပ်သွားတယ်လို့ ခံစားရပါတယ်။ ထိုနည်းအတူ ကျွန်တော့်စိတ်အတွင်း၌ ရှိသော စကားကိုလည်း ပြောထွက်ချင်ပါတယ်။ လူတွေက ဂေးတွေကို မှားယွင်းတဲ့ထင်မြင်ချက်နှင့် အထင် သေးသော အကြည့်မျိုးတို့နှင့် ထပ်မဆက်ဆံစေရန်ပေါ့။ ဘာကြောင့်လဲဆိုရင် လူတွေရဲ့ ပွစိပွစိပြောဆိုမှုတွေဟာ လူတစ်ယောက်ရဲ့ အသက်ဆုံးရှုံးသည်အထိ ဖြစ်စေနိုင်သည်လေ။ကိုယ့်ကိုယ်ကို ယုံကြည်တဲ့ စကားတစ်ခွန်းထပ်ပြောချင်ပါသေးတယ်။ နေရာတိုင်းလုပ်ငန်း ခွင်တိုင်းမှာ ဂေးတွေရှိကြတာပဲ။ သူတို့တွေက ကိုယ့်နေရာအတွင်းရှိ တာဝန်ကို အကောင်းဆုံးဖြစ်အောင် စွမ်းဆောင်နိုင်ကြတယ်။ သူ တို့တွေရဲ့ကိုယ်ပိုင်စွမ်းရည်ဟာ သူတို့လုပ်ငန်းခွင်မှာရှိတဲ့ လူတွေရဲ့ ချီးကြူးမှုကို ခံကြရတတ်တယ်။ အကယ်၍သာ သူသည် သူတောင်းစားတစ်ယောက်ဖြစ်ခဲ့လျှင်လည်း သူတောင်းစားအသိုင်းအ၀ိုင်းတွင်း၌အတော်ဆုံးဖြစ်နိုင်သည်။ ဂေးတွေက ပတ်ဝန်းကျင်ကို ပေးဆပ်မှုသည် သာမန်လူထက်မသေးငယ်ပါ။ သူတို့သည်လည်း ပတ်ဝန်းကျင်၏ တစ်စိတ်တစ်ပိုင်းဖြစ်ပါတယ်။ ပတ်ဝန်းကျင်၏ တိုးတက်ပြောင်းလဲမှု ခရီးတွင် သူတို့သည်လည်း မပါမဖြစ် ထောက်ပံ့ပေးခဲ့ကြသည်!

ကျွန်တော် အချစ်ဆိုသော အရာကို ရှာဖွေနေခဲ့သည်မှာ ကြာလှပါပြီ။ တစ်ခါက ရယ်ဖူး၊ ငိုဖူး၊ ရင်နာခဲ့ဖူး။ ဖူးစာကုန်ခဲ့ပြီဟု ထင်ရသည်။ ကျွန်တော် သေချာသိခဲ့ပါတယ် အကယ်၍ဂေးတစ်ယောက်က သာမန်ယောက်ျားတစ်ယောက်ကို ချစ်မိခဲ့မယ်ဆိုလျှင် အဲဒီကိစ္စဟာ အရမ်း ရင်နာဖို့ ကောင်းတဲ့ကိစ္စတစ်ခုပါပဲ။ ကျွန်တော်တို့ ဂေးတစ်စုသည် ညစ်ပတ်သည်ဟု ခင်ဗျားကို ထင်ချင်လျင်ထင်လိမ့်မယ်။ ဒါပေမဲ့ အဲသည့်ကိစ္စက ကျွန်တော်တို့ရဲ့ အစ မဟုတ်ပါ။ ကျွန်တော်တို့လည်း ပုံမှန်ဘ၀ကိုလိုချင်ကြတာပဲ ပုံမှန်လမ်းကိုလျှောက်ချင်ကြတာပဲ။ ဒါပေမဲ့ ကျွန်တော်တို့ မလုပ်နိုင်ခဲ့ဘူး။ အမျိုးသမီး တစ်ယောက်ဟာ ကျွန်တော်တို့ကို ခံစားချက်ဘယ်လိုမှ မပေးနိုင်ခဲ့ပါ။ အဲဒါ ကျွန်တော် တို့ရဲ့ အမှားလား? ကျွန်တော်တို့ ဂေးသည်လည်း သွေးနှင့်သားနှင့်ပါ။ အချစ်နှင့် သံယောဇဉ်နှင့်ပါ။ ကျွန်တော်တို့သည်လည်း လူ တစ်ယောက်ကို ချစ်ခွင့်ရဖို့ အခွင့်အရေးရှိပါတယ်။ ကျွန်တော်တို့က ဂေးတစ်ယောက်ဖြစ်နေလို့လူတစ်ယောက်ကို ချစ်ခွင့်ဆုံးရှုံးရမှာ လား?

ဦးခေါင်းထက်မှာ ဆံပင်ဖြူလေးတွေရှိနေသော မိဘကိုကြည့်၍ ပျော်ရွှင်နေသော ကျွန်တော့်စိတ်ထဲ၌ နည်းနည်းတော့ ၀မ်းနည်းမှုကိုခံစား ရလာပါတယ်။ အချိန်ရဲ့စွမ်းအားကို အရမ်းအံသြမိပါရဲ့။ ဒါပေမဲ့ ကျွန်တော် ဘာမှကို တားဆီးလို့မရပါဘူး။ ကျွန်တော်လုပ်နိုင်တာတစ်ခု ကတော့ ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်ပြီး မိဘကို ပျော်ရွှင်မှုတစ်ခုပေးနိုင်ခဲ့ပါတယ်။ သားတစ်ယောက်အနေနဲ့ လုပ်သင့်လုပ် ထိုက်တာကိုပေါ့။ ဒါပေမဲ့ အိမ်ထောင်ရေးကိစ္စမှာတော့ ကျွန်တော် ဒီ ဂေးဘ၀ကို အတည်ပြုရွေးချယ်လိုက်ခဲ့ပြီဆိုတာကြောင့် ပြောင်းလဲဖို့ စိတ်ကူးလည်းမရှိဖဲ့တော့ပါဘူး။ ဒီတစ်ချက်မှာတော့ ကျွန်တော့်မိဘတွေကို ပါပဲ။ ဒါပေမဲ့လည်း ကျွန်တော့်ကို သူတို့နားလည်ပေးနိုင်မယ် လို့ ယုံကြည်မိပါတယ်။ ဘာလို့လည်းဆိုတော့ သူတို့လည်း ကျွန်တော့်ကိုချစ်လို့ပါပဲ။ 'မင်းကိုချစ်တဲ့လူတစ်ယောက်ဟာ မင်းရဲ့ သာယာ ပျော်ရွှင်မှု တစ်ခုအတွက် သူ့အတ္တကို နည်းနည်းလျော့ပြီး လိုက်လျောပေးတတ်မယ်ဆိုရင် မင်းရွေးချယ်လိုက်တဲ့ အချစ်ရေးကို လေးစား ပေးလိုက်ပါမယ်' လို့ ဖေဖေတို့ကပြောထားပါတယ်။

လိင်ကွဲအချစ်ဖြစ်စေ၊ လိင်တူအချစ်ဖြစ်စေ အချစ်ဆိုတာ အရမ်းမြင့်မားတဲ့ ပညာရပ်တစ်ခုပါပဲ။ အားလုံးထဲမှ အနည်းငယ်သော မွေးရာပါ ကံကြမ္မာနှင့် ဖူးစာရှင်ဖက်တို့သည်သာ သူတို့၏ အချစ်ကို အပြည့်အ၀ခံစားရတတ်ကြသည်။ ကျန်တဲ့ အများစုသည် အချစ်ကိုအငှားပြု၍ တစ်ယောက်ကို တစ်ယောက် နာကျင်အောင်သာပြုလုပ်နေကြပါသည်။ ကိုယ် မင်းကိုချစ်တယ်၊ ကိုယ့်ကို မင်းပိုချစ်လာအောင်ဆိုတာမျိုး ၊ ငါမင်းကို အရာရာပေးဆပ်ပါတယ်၊ မင်းလေးဆီက ပိုမိုသော ပေးဆပ်မှုကို ပြန်ပေးခိုင်းစေချင်တာမျိုးတွေပဲမဟုတ်လား။ ကျွန်တော် တစ်ခါ က ဂေးအချစ်ကို ရိုးရိုးသားသားချစ်ခဲ့ပါတယ်။ အကျိုးအမြတ်နှင့် မျိုးဆက်ပြန့်ပွားရေး စသည့်အချစ်နှင့် မသက်ဆိုင်သောအရာများ၏ နှောက်ယှက်မှုကို မခံစားခဲ့ရပေ။ နောက်တော့ တွေ့တာများတော့လည်း ရိုးသွားခဲ့တာပါပဲ။ ဒီလိုပါပဲလေ အချစ်အမုန်း ပျော်ရွှင်မှုနာကျင်မှု တစ်ကိုယ်ကောင်းဆန်မှုနှင့် တောင့်တမှု အားလုံးသည် အတူတူပါပဲ။ လိင်တူအချစ်သည် လိင်ကွဲအချစ်ထက် အဆင့်လည်း မမြင့်ပါ အဆင့်နိမ့်သည်လည်း မရှိပါဘူး။ မယား သားသမီးကို စွန့်သည့် လိင်ကွဲအချစ်ရှိသလို၊ လူရှုပ်လူပွေ လိင်တူအချစ်မျိုးလည်း ရှိကြ သည်။လူတစ်ဦးနှင့် တစ်ဦးကြားတွင် စာပေစာတမ်းနှင့် ပတ်သက်မှုကိုပြသကြသည်လော၊ ပတ်သက်မှုအပိုင်းသည်လည်း ဥစ္စာ အာဏာ များ မဟုတ်ဘူးလား တစ်ခုတည်းသော အချစ်သည်ကား တစ်စုံတစ်ရာမှ ထိန်းချုပ်မရပေ။ လူတွေကပြောကြပါတယ် သတိရခြင်းသည် စိတ်ဒုက္ခတစ်ခုပဲတဲ့။ ကျွန်တော့်အထင်ကတော့ အဲဒါ တစ်ဖက်သတ် သတိရခြင်းဖြစ်သည်လို့ပဲ။ လူနှစ်ယောက် တစ်ယောက်ကို တစ်ယောက် သတိရခြင်းသည် ပျားရည်လိုချိုမြိန်သည်ဟု ခံစားရပါတယ်။ ခါးသည်းသည်ဟု နည်းနည်းလေးမှ မခံစားရပါဘူး။ အဲ့ဒါ ကြောင့် ကျွန်တော် ဒီသူငယ်ချင်းတွေအားလုံးအတွက် ဆုတောင်းပါတယ်၊ ကိုယ်တကယ်ချစ်တဲ့လူ ကိုယ့်ကိုပြန်ချစ်နေတဲ့ လူကိုသွား ချစ်ပါ။ ဒီလိုမှသာ ချစ်ခြင်းနှင့်ပြန်အချစ်ခံရတဲ့ ခံစားမှုကို ခံစားရပါလိမ့်မယ်။

သစ္စာမဲ့တဲ့လောကကြီးထဲမှာ ကျွန်တော့်လို သနားစရာကောင်းတဲ့လူတွေ ဘယ်နှစ်ယောက်ရှိမလဲဆိုတာ ကျွန်တော် မသိခဲ့ပါဘူး။ ကောင်လေး တစ်ယောက်ကို ချစ်နေတဲ့ ကောင်လေးတစ်ယောက်။ချစ်ခြင်းကို လူတွေနဲ့ပြောလို့မရ ခါးသီးတဲ့ခံစားမှုကိုလည်း ပြောလို့မရ၊ နာကျင်သောခံစားမှုကိုလည်း ပြောလို့မရ၊ လူ့ကိုယ်ခန္ဓာနှင့် စိတ်ဝိညာဉ်တို့ရဲ့ စစ်ဆင်မှုသည် ဆီပူအိုးထဲနှင့် အလားတူခံစားရခက်လှပါသည်။ တစ်ကြိမ်ပြီးတစ်ကြိမ် တစ်လှည့်ပြီးတစ်လှည့် ဖြူစင်လှသော ကောင်လေးတစ်ယောက်ရဲ့အချစ်ကို တိုက်ခိုက်နေပါသည်။ ဒီလိုမှီခိုရာမဲ့အချစ်မျိုး၊ ထုံကျဉ်မှု ကင်းမဲ့အချစ်မျိုး၊ ကောင်လေး၏ စိတ်ထဲမှာ ရှိနေစေခဲ့ပြီး လူတွေရဲ့အမြင်မှာတော့ ယောက်ျားလေး သူငယ်ချင်းပေါင်းသင်းဆက်ဆံမှုဟု သတ်မှတ်ကြသည်မှာ အလွန်ရက်စက်ခြင်းနှင့် သစ္စာသွေဖည်ခြင်းမဟုတ်လား.....။

Alex Aung (8-3-2011)

စာကြွင်း ။ ကျွန်တော် စိတ်ထဲမှာ ခံစားမှုတစ်ခုရှိတိုင်း ရေးချတတ်တဲ့ ကျွန်တော့်မှတ်စုထဲက အကြောင်းအရာများကို စာတစ်ပုဒ်အသွင် ရေးထားခြင်းဖြစ်သည့်အတွက် ဖတ်ရတာ အဆင်မပြေဖို့များပါသည်။ အရေးအသားကို အချောမဆင် အသွင်မပြောင်းဘဲ မှတ်စုထဲက အတိုင်း စီကာစဉ်ကာရေးလိုက်ပါသည်။

2 comments:

Unknown said...

အရမ်းကို ထပ်တူကျတဲ့ ခံစားမှုတွေနဲ့ရေးထားတာမို့လို့အရမ်းကို ဖတ်ရင်းခံစားရပါတယ် မင်းရဲ့စိတ်ဓါတ်ကို စာနာပါတယ် just like you but not (gay).

Jeremy said...

ကျွန်တော်တို့ဘဝကဝဋ်ခံရေသလိုပဲနော်။အရမ်းမွမ်းကျပ်တယ်။ခံစားချက်ချင်းထပ်တူပါပဲအကို