Friday, April 1, 2011

အောင်မြင်လိုသော အမျိုးသားများအတွက် အရေးအကြီးဆုံး ကျန်းမာရေးပြဿနာတစ်ခု

ဒေါက်တာသီဟသစ်

ကျွန်တော် ပထမနှစ်ဆေးကျောင်းသားဘ၀လောက်ကတည်းကစပြီး အခုအချိန်အထိ အသိမိတ်ဆွေယောက်ျားလေး သူငယ်ချင်းတွေ အားကိုးတကြီးခဏခဏလာလာမေးနေကြတဲ့ ကျန်းမာရေးပြဿနာဆိုင်ရာ မေးခွန်းကဘာလဲဆိုတော့ သူတို့ဟာ နာမကျန်းဖြစ်မှုတစ်စုံ တစ်ရာမရှိဘဲနဲ့ လိင်ကိစ္စမှာစိတ်ပါဝင်စားမှုအလိုလိုကျဆင်းနေကြရတာ ဘာဖြစ်လို့လဲ၊ (မရိုသေစကား ပြန်ပြောရရင်) အတူတူနေချိန်မှာ လည်း အမျိုးသားသဘာဝ တောင့်တင်းမှုလျော့နည်းနေရတာ ဘာဖြစ်လို့လဲဆိုတဲ့မေးခွန်းပါပဲ။

ဒီလိုလာဆွေးနွေးကြသူတွေထဲမှာ အိမ်ထောင်သည်တွေပါသလို အိမ်ထောင်မရှိသူတွေလည်း ပါပါတယ်။ သူတို့ဟာ ထွေထွေထူးထူးမြင် သာထင်သာတဲ့ ဘာရောဂါမှခံစားနေကြရတာမဟုတ်ကြသလို အိမ်ထောင်ဖက်နဲ့လည်း ပြဿနာမရှိကြပါဘူး။ အလုပ်အကိုင်အားဖြင့် လည်း သိပ်ပင်ပန်းကြမ်းတမ်းတဲ့ အလုပ်အကိုင်မဟုတ်ကြပါဘူး။ ကျွန်တော်တလည်း မတောက်တခေါက် ဆေးပညာအမြင်လေးနဲ့ မျိုးစုံ စစ်ကြောမေးမြန်းကြည့်ပါတယ်။ ဒါပေမဲ့ အဲဒီတုန်းက ကျွန်တော့်ရဲ့ဆေးပညာအသိလေးနဲ့ အကြောင်းအရင်းကို တိတိကျကျကိုရှာဖွေ မတွေ့ခဲ့ပါဘူး။

ဒုတိယနှစ်ကနေစပြီး တစစနဲ့သိလာရတာက ဒါဟာ တက်စတိုစတီရုန်း (Testosterone) ခေါ် ကျားဟော်မုန်းအားနည်းခြင်းဆိုင်ရာ ပြဿနာတစ်ခုဖြစ်ဖို့ သေချာသလောက်ဖြစ်တယ်ဆိုတာပါပဲ။ ကျွန်တော်ဒီလိုပြောလို့ အထက်ပါဝေဒနာမျိုးတွေခံစားနေရခြင်းဟာ ကျား ဟော်မုန်းအားနည်း တာကြောင့်ပဲလို့ လှေနံဒါးထစ်အသေမှတ်သားပြီး အယူမလွဲစေချင်ပါဘူး။ ပန်းသေပန်းညှိုး၊ ဆန္ဒနည်းဖြစ်စေတဲ့ အကြောင်းရင်းတွေက မျိုးစုံရှိလို့ပါပဲ။

နောက်ပြီး တစ်ဆက်တည်းရှင်းပြချင်တာက ဒီဆောင်းပါးမှာ တက်စတိုစတီရုန်း ရေရှည်အားနည်းရင် ခံစားရတတ်တဲ့လက္ခဏာတွေကို ကျွန်တော်ဆက်ရေးသွားပါမယ်။ ဒါတွေဟာ သိသာထင်ရှားကွဲပြားမှုမရှိတဲ့၊ ယေဘုယျသဘောဆောင်တဲ့၊ ရောဂါအတော်များများမှာ ခံစားရတတ်တဲ့လက္ခဏာ(Vague Symptoms)တွေဖြစ်နေတော့ ဒီရောဂါလက္ခဏာတွေနဲ့ ခပ်ဆင်ဆင်တူနေရုံနဲ့ ငါတော့ ဟော်မုန်း အားနည်းနေတာပဲလို့စွဲထင်မှတ်ယူသွားတာမျိုးမဖြစ်သင့်ဘဲ ဆရာဝန်နဲ့ပဲ တိုင်ပင်ပြသပါ။ ဒီဆောင်းပါးတင်မက ဘယ်ကျန်းမာရေး ဆောင်းပါးပါ အချက်တွေကိုမဆို ကျန်းမာရေးဆိုင်ရာ ဗဟုသုတတွေအနေနဲ့ပဲ ဖတ်မှတ်သင့်ပြီး တကယ့်တကယ် ဝေဒနာတစ်ခုပေါ် လာပြီဆိုရင် ဆရာဝန်မဟုတ်တဲ့ ဘယ်သူနဲ့ကုသတာမျိုး၊ နည်းနည်းပါးပါး သိမှတ်ထားတာလေးနဲ့ ဆေးတွေ ကိုယ့်သဘောနဲ့ကိုယ် သောက်တာမျိုး မလုပ်သင့်ပါဘူး။ လုပ်ရင် အာဘော်ကုတွေသာဖြစ်ကုန်ပြီး ပညာကုမဖြစ်ဘဲနေကုန်မယ်လို့ အကြံပြုပါရစေ။

တက်စတိုစတီရုန်းဆိုတာဘာလဲ

အမျိုးသားတွေရဲ့သက်စောင့်ဟော်မုန်းတွေထဲကတစ်ခုဖြစ်တဲ့ တက်စတိုစတီရုန်း(Testosterone)ဆိုတာ အားလုံးကြားဖူးကြမှာပါ။ (နောက်တစ်ခုကတော့ အဲန်ဒရိုဂျင်(Androgen)ဆိုတာဖြစ်ပါတယ်) ဟော်မုန်းလို့ပြောလိုက်တာနဲ့ လူအများက ဘာကိုပဲပြေးစဉ်းစား မိသလဲဆိုတော့ လိင်ကိစ္စမှာ အသုံးဝင်မှုကိုပဲတွေးမိကြပါတယ်။ ဟော်မုန်းဆေးလို့ပြောရင်ပဲ ဟိုဆေးလိုလိုဒီဆေးလိုလို ထင်တတ် ကြပါတယ်။

တကယ်တမ်းကတော့ လူခန္ဓာကိုယ်မှာဟော်မုန်းများ များပြားစွာရှိနေပြီး အဲဒီဟော်မုန်းတစ်ခုချင်းစီမှာ များပြားလှတဲ့အသက်ရှင်သန် ပုံမှန်ဖြစ်ရေးလုပ်ငန်းတာဝန်တွေ ရှိနေပါတယ် အဲဒီတာဝန်တွေဆိုတာကလည်း ခန္ဓာကိုယ်က ဆဲလ်တွေရဲ့အသက်ရှင်ရပ်တည်ရေး ဓာတုဓာတ်ပြုမှုတွေ၊ ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုနဲ့တစ်ခု အချက်ပေးညှိနှိုင်းဆောင်ရွက်မှုတွေအတွက် အထောက်အပံ့ပစ္စည်းတွေ အနေနဲ့၊ အချက်ပြပစ္စည်းတွေအနေနဲ့ အသက်ရှင်ရေးလုပ်ငန်းစဉ် (Vital Activities) များကိုဆောင်ရွက်ပေးနေတာဖြစ်ပါတယ်။

ဒါကြောင့်အရွယ်ရောက်ပြီး ယောက်ျားတစ်ယောက်မှာ ပုံမှန်ကာယဥာဏစွမ်းရည်တွေ ထက်မြက်နေစေဖို့၊ အာရုံစူးစိုက်နိုင်စွမ်း ဖန်တီး တီထွင်နိုင်စွမ်းတွေ ကောင်းမွန်နေစေဖို့၊ အကောင်းမြင်စိတ်၊ ကြိုးစားတည်ဆောက်လိုစိတ်၊ အောင်မြင်မှုပန်းတိုင်ဆီသွားချင်တဲ့ စိတ်ဓာတ် အင်အားတွေ ပုံမှန်တက်ကြွနေစေဖို့ လူမှုရေးမှာ အပြုသဘောဆောင်ပြီး အောင်မြင်နိုင်ဖို့၊ မျိုးဆက်ပွားကိစ္စမှာ ကျန်းမာရွှင်လန်းပြီး စိတ် သွားတိုင်းကိုယ်ပါနေစေဖို့၊ အရေးကြီးဆုံးက အသက်ရှည်ရှည်နေရဖို့တွေအတွက် တက်စတိုစတီရုန်းဟာ မရှိမဖြစ်လိုအပ်လှပါတယ်။

တက်စတီစတိုရုန်း လျော့နည်းလာရင် ဘာတွေဖြစ်မလဲ

ပုံမှန်အားဖြင့် အမျိုးသားတစ်ယောက်ရဲ့ သွေးထဲမှာ တက်စတိုစတီရုန်း ပမာဏ ၃၅၀-၁၀၀၀ ng/ dl လောက်ရှိနေဖို့ လိုအပ်ပါတယ် ဒီပမာဏအောက်နည်းနေတာ ကြာလာခဲ့ရင် လိင်မှုကိစ္စမှာ စွမ်းဆောင်ရည်ကျဆင်းလာရုံမျှမက စိတ်ဓာတ်ပိုင်းဆိုင်ရာ ဆိုးဝါးစွာထိခိုက် စေမှာဖြစ်ပါတယ်။ အသက်ရှည်ကျန်းမာရေးနဲ့ဆိုင်တဲ့ ခန္ဓာကိုယ်ရဲ့လုပ်ငန်းတာဝန်တွေမှာလည်း ထိခိုက်နိုင်လို့ ကျန်းမာရေးလည်း အဖက်ဖက်ကနေကျဆင်းလာမှာဖြစ်ပါတယ်။

စိတ်ပိုင်းဆိုင်ရာအနေနဲ့ဆိုရင် ဘာကြောင့်မှန်းမသိဘဲ ဒေါသထွက်နေခြင်း၊ အားငယ်နေခြင်း၊ ကြိုးစားအားထုတ်လိုစိတ် လူတွေကြားထဲ ပြောဆို ဆက်ဆံလိုစိတ် လျော့ပါးနေခြင်း စတဲ့အထက်မှာပြောခဲ့တဲ့ ကောင်းကျိုးတွေရဲ့ ဆန့်ကျင်ဘက် ဆိုးကျိုးတွေကို ရရှိမှာဖြစ် ပါတယ်။

ဒီလိုတွေခံစားနေရရင်လည်း ကျွန်တော်တို့ဟာ တက်စတိုစတီရုန်းနည်းနေလို့ဆိုတာ နှစ်ရှည်လများ သတိထားမိမှာမဟုတ်ပါဘူး။ ဘာ လို့လဲဆိုတော့ ဒီလိုကျန်းမာရေးဗဟုသုတမျိုးက တော်ရုံနဲ့ မသိနိုင်တာရယ်၊ လက္ဓဏာတွေက အရမ်းသိမ်မွေ့လွန်းပြီး မသိသာလွန်းလို့ ဖြစ်ပါတယ်။ ဒါကြောင့်အမျိုးသားများအနေနဲ့ အောက်ဖော်ပြပါ လက္ခဏာများ ကာလကြာရှည် မိမိမှာ ခံစားနေရလားဆိုတာ ဆန်းစစ် ကြည့်ပါ။

- အိမ်ထောင်ဖက်နှင့် တူတူနေလိုစိတ် (သို့) လိင်မှုကိစ္စတွင် စိတ်ပါဝင်စားမှု ပုံမှန်အောက် သိသာစွာလျော့နည်းကျဆင်းလာခြင်း၊

- ပန်းသေပန်းညှိုး ဝေဒနာများ မကြာခဏ ခံစားရတတ်ခြင်း၊ တောင့်တင်းမှုရသော်လည်း စိတ်ကျေနပ်မှု (သို့) ပုံမှန်အနေအထား မရခြင်း၊

- ဆံပင်အကျွတ်များလာခြင်း၊

- ကြွက်သားများ၏ ကြံ့ခိုင်သန်စွမ်းမှုနှင့် ထုထည်လျော့နည်းကျဆင်းလာခြင်း၊

- ရေတိုအနေအထားတွင် အရိုးကျစ်လျစ်သိပ်သည်းမှု စစ်ဆေးကြည့်ပါက အရိုးပွနေသည်ဟု အဖြေရတတ်ပြီး ရေရှည်တွင် အရိုးကျိုး လွယ်တတ်သော အန္တရာယ်ရှိခြင်း၊

- ကိုယ်အလေးချိန်တိုးနှုန်းမြန်လာခြင်း (သို့) သိသာထူးကဲစွာအ၀လွန်လာခြင်း၊

- အမျိုးသမီးများကဲ့သို့ ရင်သားများတောင့်တင်းကြီးမားလာခြင်း၊

- လုပ်ငန်းဆောင်တာ နေ့စဉ်ဘ၀များ၌ စိတ်ပါတက်ကြွစွာဆောင်ရွက်လိုစိတ် လျော့နည်းကျဆင်းလာခြင်း၊

- သိသာစွာ မေ့တတ်လာခြင်း၊

- အာရုံစူးစိုက်နိုင်မှုအားနည်းလာခြင်း၊

- ကာလကြာရှည် အလိုလိုနေရင်း စိတ်အားငယ် စိတ်ဓာတ်ကျနေတတ်ခြင်း၊

- ကိုယ့်ကိုယ်ကိုယ်ပင် အံ့သြရလောက်အောင် ထိလွယ်၊ရှလွယ် စိတ်ဆတ်လာခြင်း၊

- လက်ရှိဘ၀အနေအထားအပေါ် ကျေနပ်နှစ်သိမ့်အားရမှုရှုထောင့်မှမတွေးမိတော့ဘဲ ဆန့်ကျင်ဘက်အတွေးများ လွှမ်းမိုးအားကောင်း လာခြင်း

ဒါတွေက ဆေးပညာရှင်တွေစာရင်းပြုစုထားတဲ့ တက်စတိုစတီရုန်း ကျဆင်းလာခြင်း ရေရှည်/ရေတို လက္ခဏာမျိုးစုံဖြစ်ပါတယ်။ ဒါပေမဲ့ ဒီလိုရောဂါတွေရကြပြီး နောက်ခံအကြောင်းအရာဆန်းကြယ်သလို အစဦးပိုင်းလက္ခဏာတွေကလည်း အမျိုးသားတစ်ယောက်နဲ့ တစ်ယောက် တစ်ထပ်တည်းတူချင်မှတူကြမှာပါ။

ကျွန်တော်ရဲ့ဆေးပညာ အတွေ့အကြုံအရရယ်၊ သင်ကြားမှတ်သားဖူးတာရယ်အရ ပြောရရင် အသက်အရွယ်လေး အနည်းငယ်ရလာတဲ့ အမျိုးသားတွေမှာ (အရမ်းစောရင် အသက် ၂၂နှစ်ကျော်ကတည်းက စတတ်ပါတယ်) ၀မ်းဗိုက်အဆီထူလာခြင်း ဗိုက်ရွှဲလာခြင်းနဲ့ စလာ တတ်ပါတယ်။ အထိုင်များလို့၊ အစားများလို့၊ ကိုယ်လက်လှုပ်ရှားမှုမလုပ်လို့ စတဲ့အကြောင်းရင်းတွေကြောင့်လည်း ဖြစ်နိုင်ပေမယ့် အဲဒီ အကြောင်းတွေကြောင့် ဗိုက်ရွှဲတာက လေ့ကျင့်ခန်းမှန်မှန်ပြန်လုပ်ရင် နဂိုအတိုင်းဗိုက်ပြန်ချပ်နိုင်ပေမယ့် တက်စတိုစတီရုန်းကျဆင်းလာ သူတွေကျတော့ အဲလိုပြန်ချပ်ဖို့မလွယ်တတ်တာ တစ်ခုတွေ့ရပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ တက်စတိုစတီရုန်းပမာဏကျဆင်းလာချိန်မှာ ပုံမှန်ဆိုရင်အမျိုးသားတွေကိုယ်ထဲမှာ အနည်းငယ်သောပမာဏပဲရှိ ရတဲ့ မဟော်မုန်း အီစထိရိုဂျင်(Oesterogen)ဟာ ထကြွများပြားလာပြန်တာမို့ အီစထိုရိုဂျင်ရဲ့သက်ရောက်မှုနဲ့ အမျိုးသားတွေဝမ်းဗိုက်နဲ့ ရင်သားမှာ အဆီတွေစုမိလာတတ်ကြတာဟာ လက္ခဏာတစ်ရပ်ပါပဲ။

နောက်ပြီး မနက်ခင်းအိပ်ယာကနိုးလာရင် အမျိုးသားအင်္ဂါတောင့်တင်းမှု အလိုအလျောက်ဖြစ်ခြင်း (Morning Erection) ဆိုတာအာရုံ ကြောစနစ်ဆိုင်ရာ သဘာဝဖြစ်စဉ်တစ်ခုပဲဖြစ်ပါတယ်။ နေ့တိုင်းနေ့တိုင်းဖြစ်စရာမလိုပေမယ့် တစ်ပတ်မှာအနည်းဆုံးနှစ်မနက်လောက်မှ မဖြစ်ရင်တော့ သတိပြုရမယ့်အစဦးလက္ခဏာတစ်ခုလို့ဆိုနိုင်ပါတယ်။ တက်စတိုစတီရုန်းပမာဏ လျော့နည်းကျဆင်းသွားရင် ရေရှည်မှာ သွေးချို၊ ဆီးချိုနဲ့ နှလုံးသွေးကြောပိတ်ရောဂါများ ဖြစ်လာတတ်ပါတယ်။

တက်စတိုစတီရုန်း ကျဆင်းစေတဲ့ အကြောင်းရင်းတွေက ဘာတွေလဲ

စာဖတ်ပရိတ်သတ်တွေအတွက် အသုံးမတည့်လို့ ဆေးပညာဆန်ဆန်ခွဲခြားရေးသားထားတာတွေကို မဖော်ပြတော့ဘဲ လိုအပ်တာလေး တွေပဲဖော်ပြပါမယ်။

ဦးနှောက်အတွင်းမှာရှိတဲ့ ဟိုက်ပိုသဲလမတ်(Hypothalamus) ပီကျူထရီ ဂလင်းအကျိတ်(Pituitary Gland)ကနေ LH နဲ့ FSHလို့ခေါ်တဲ့ ဟော်မုန်းတွေထုတ်ပြီးလှုံ့ဆော်မှ အမျိုးသား တွေရဲ့ လိင်အင်္ဂါ (အမျိုးသမီးတွေမှာ သားဥအိမ်)မှ တက်စတိုစတီရုန်းကိုထုတ်ပေးထာမို့ အထက်ပါဦးနှောက်နေရာများနဲ့ သက်ဆိုင်ရာ ဟော်မုန်းများမှာ ချို့ယွင်းချက်တစ်ခုခုရှိနေမယ်ဆိုရင် သွေးတွင်း တက်စတိုစတီရုန်း ပမာ ဏကျဆင်းလာမှာ ဖြစ်ပါတယ်။

အသက်အရွယ်ကြီးလာရင်လည်း ဖြစ်တတ်တဲ့အကြောင်းအရင်းပါပဲ။ ဒါပေမဲ ဒါကအမျိုးသားအများစုမှာတော့ အရမ်းကြီးမဆိုးဝါးတတ်ပါ ဘူး။ အကြမ်းဖျဉ်းအားဖြင့် တက်စတိုစတီရုန်းပမာဏဟာ အမျိုးသားတွေ အသက် ၃၀ကျော်တာနဲ့ တစ်နှစ်ကို ၃%လောက်စီ စတင်ကျ ဆင်းလာတယ်လို့တော့ မှတ်သားနိုင်ပါတယ်။ အထူးသဖြင့် အစားအသောက်၊ အဟာရ၊ အနေအထိုင်၊ အလုပ်အကိုင်တွေက တက်စတို စတီရုန်းထွက်ရှိခြင်းကို အားပေးတဲ့ အနေအထားမရှိဘူးဆိုရင် နှစ်စဉ်လျော့နည်းကျဆင်းလာမှုက ပိုသိသာတယ်လို့ ကျန်းမာရေးပညာ ရှင်များ ဆိုကြပါတယ်။

မွေးရာပါဝှေးစေ့တစ်လုံးပဲ ပါသူတွေ(အရပ်အခေါ် နတ်ကွပ်)တွေမှာ လုံလောက်တဲ့တက်စတိုစတီရုန်းပမာဏမရတတ်လို့ အရွယ်ငယ် ငယ်ကတည်းက တက်စတိုစတီရုန်းကျဆင်းခြင်းရဲ့ လက္ခဏာတွေ တခြားသူတွေထက်စောစွာခံစားရတတ်ပါတယ်။

ကပ္ပာယ်အိတ်နေရာကို ထိခိုက်ဒဏ်ရာရဖူးပြီး ဝှေးစေ့နှစ်ဖက်စလုံးထိဖူးရင်တော့ ခံစားရနိုင်ပါတယ်။ ကင်ဆင်ရောဂါတစ်ခုခုရှိလို့ ဓာတ် ကင်နေရသူတွေ၊ ခီမိုခေါ် ကင်ဆာဆေးသွင်းနေရသူတွေလည်း ဖြစ်တတ်ပါတယ်။ ဒါပေမဲ့ ဒီလိုလူမျိုးတွေကျတော့ စိတ်ဓာတ်ပိုင်းအရရော ဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးစတာတွေကြောင့်ရော ပုံမှန်အတိုင်း လန်းဆန်းတက်ကြွ နေကောင်းမှုမရှိတာကြောင့် တက်စတိုစတီရုန်း ကျနေတာကို ထူးပြီးသတိမထားမိတတ်ကြဘူးပေါ့လေ။

ငယ်စဉ်ကာလမှာ မော်နာခေါ် ပါးချိပ်ရောင်ယမ်းခြင်းရောဂါ ဖြစ်ခဲ့ဖူးတဲ့ကောင်လေးတွေကြီးလာရင် တက်စတိုစတီရုန်းအားနည်းတဲ့ ရောဂါ ရတတ်ပါတယ်။ အကြောင်းရင်းကတော့ ပါးချိတ်ရောင်စေတဲ့ ဗိုင်းရပ်စ်ဟာ ဝှေးစေ့ရဲ့ဆဲလ်တွေကိုပါ ရောင်ယမ်းစေပြီး ရာသက်ပန်အနာ တရ ချို့ယွင်းမှုတစ်ခုဖြစ်သွားစေလို့ပါပဲ။ အရမ်းဆိုးရင် သားသမီးမရတဲ့အထိတောင် ဖြစ်တတ်တယ်လို့ ပညာရှင်များက ဆိုပါတယ်။ ယနေ့ခေတ်မှာတော့ MMR ခေါ်ကာကွယ်ဆေးကြောင့် ဒီရောဂါဟာ အတော်လေးကို ပပျောက်နေပြီဖြစ်ပါတယ်။

တက်စတိုစတီရုန်းချို့တဲ့မှုကို ဖြစ်စေတဲ့ အခြားရောဂါတွေကတော့ တီဘီ၊ Sarcoidosis၊ ဦးနှောက်ဆိုင်ရာအကျိတ်ရောဂါများ၊AIDS ၊ အ၀လွန်ခြင်း စတာတွေဖြစ်ပါတယ်။ အ၀လွန်ရင် ကိုယ်မှာ အဆီတစ်သျှူးအစုအဝေးတွေများတဲ့အတွက် အမျိုးသားဟော်မုန်း တက်စတို စတီရုန်းကို မဟော်မုန်းအီစထရိုဂျင်အဖြစ် ပြောင်းလဲနှုန်းမြင့်မားလာတာကြောင့်ဖြစ်ပြီး ကျန်တဲ့ရောဂါများကတော့ ဟိုက်ပိုသဲလမတ်နဲ့ ပီကျူထရီဂလင်းကို ရောင်ယမ်းစေလို့ပဲဖြစ်ပါတယ်။

နောက်ပြီး ခန္ဓာကိုယ်ထွားကျိုင်းဖွံ့ဖြိုးလာအောင် Anabolic Steroid တွေသောက်နေသူတွေနဲ့ အဟာရအမျိုးအစားစုံလင်အောင် မစားသူတွေ (အထူးသဖြင့် တက်စတိုစတီရုန်းကို အားပေးတဲ့အောက်မှာ ဖော်ပြထားတဲ့ အစားအသောက်တွေ မစားဖြစ်သူတွေ) ဟာလည်း ဒီကိစ္စအတွက် အန္တရာယ်ရှိပါတယ်။

ဒီလိုဖြစ်ရင် ရေရှည်အန္တရာယ်က ဘာလဲ

အမျိုးသားများဟာ သူတို့ရဲ့ သက်စောင့်ဟော်မုန်း ပမာဏငယ်ငယ်ကတည်းကစပြီး ကျဆင်းလျော့နည်းနေခဲ့ရင် အမျိုးသားသွေးဆုံးခြင်း (Andropause ac: Male Menopause) အဖြစ်စောစေနိုင်တယ်လို့ တွေ့ရှိရပါတယ်။ (ကြားဖြတ်ပြောချင်တာက ဒီလိုအမျိုးသားသွေးဆုံး ခြင်းဆိုတဲ့ ဝေါဟာရကို နာမည်ကျော် ကျန်းမာရေးစာရေးသူ ဆရာဝန်ကြီးတစ်ဦးက မိန်းမတွေနဲ့သွားတူနေတဲ့ အသုံးအနှုန်းဖြစ်လို့ သူ မကြိုက်ကြောင်းရေးဖူးပါတယ်။ ဒါပေမယ့် သွေးဆိုတာ အမျိုးသမီးတွေ ရာသီသွေးလာခြင်းကိုဆိုလိုတဲ့ စကားမဟုတ်ဘဲ သွေးသားသဘာ ၀ကို ဆိုလိုတယ်လို့ ကျွန်တော်ကခံယူလို့ ဒီအတိုင်းပဲဆက်သုံးပါရစေ)

ဒါ့အပြင် နောက်ထပ်ဆိုးတဲ့ အချက်တစ်ခုက တက်စတိုစတီရုန်းကျဆင်းလာရင် ဖြစ်တတ်တဲ့ အောက်ပါရောဂါကြီးတွေကြောင့်ပါပဲ။

၁။ နှလုံးနှင့် သွေးကြောဆိုင်ရာရောဂါအမျိုးမျိုး၊

၂။ သွေးတိုးရောဂါ၊

၃။ ဆီးချိုရောဂါ၊

၎။ အရိုးပွရောဂါ၊

၅။ သက်ကြီးသတိမေ့ရောဂါများနဲ့ အယ်လ်ဇိုင်းမားရောဂါ (ဦးနှောက်ကျုံ့ပြီး ပျက်စီးသွားကာ မှတ်ဥာဏ်တွေပျက်စီးကုန်တဲ့ရောဂါတစ်မျိုး ပါ)

၆။ အရွယ်မတိုင်ခင်သေဆုံးတတ်ခြင်း (သို့) အသက်တိုခြင်းစတာတွေမို့ အမျိုးသားများအထူးသတိထားသင့်တဲ့အချက်များဖြစ်ပါတယ်။

ဒါ့အပြင် ပစ္စုပ္ပန်မှာ အပြုသဘောဆောင်တဲ့ စိတ်အနေအထား အင်အားတွေ၊ လုပ်ငန်းစွမ်းဆောင်ရည်တွေ၊ ဖန်တီးနိုင်စွမ်း၊ အာရုံစူးစိုက် နိုင်စွမ်းတွေကျဆင်းခြင်းဆိုတဲ့အချက်ကလည်း ရေရှည်မှာ အထက်ပါရောဂါတွေ ဖြစ်လာနိုင်တယ်ဆိုတဲ့ အချက်တွေနဲ့ တန်းတူအရေး ပါတယ်ပြောရင် စာဖတ်သူသဘောတူမယ် ထင်ပါတယ်။

တက်စတိုစတီရုန်းကျဆင်းခြင်းရဲ့ ရောဂါလက္ခဏာတွေ ခံစားနေရပြီဆိုရင် ဘာလုပ်ကြမလဲ

အထက်မှာ ဖော်ပြခဲ့တာတွေ အကုန်လုံးနီးပါး တူညီစွာခံစားနေရပြီဆိုတာနဲ့ ပြည်ပကနေ (တရားဝင်လား တရားမ၀င်လားမသေချာတဲ့) တက်စတိုစတီရုန်းအားဖြည့်ဆေးတွေပြေးဝယ်ပြီး ကိုယ့်သဘောနဲ့ကိုယ် သောက်ဖို့ မကြိုးစားစေချင်ပါဘူး။ နားလည်တတ်ကျွမ်းသူ ဆရာဝန် (အထူးသဖြင့် အဲန်ဒိုခရိုင်းဆိုင်ရာ အထူးကု သို့မဟုတ် သမားတော်ကိုဆိုလိုသည်) နဲ့ပြပြီး လိုအပ်တဲ့စစ်ဆေးမှုတွေလုပ်စေချင် ပါတယ်။ ဘာကြောင့်လဲဆိုတော့ ထိုဆေးတွေထဲမှာပါတဲ့ တက်စတိုစတီရုန်းဟော်မုန်းတွေဟာ သဘာဝတက်စတိုစတီရုန်းနဲ့ မော်လီကျူး တည်ဆောက်ပုံနဲ့ အာနိသင်တူအောင်လုပ်ထားတာကလွဲရင် ဘေးထွက်ဆိုးကျိုးတွေရှိလို့ပါ။ တက်စတိုစတီရုန်းအားဖြည့်ဆေးတွေစွဲ သောက်ရင် ဆီးကျိတ်ကင်ဆာဖြစ်စေတတ်တယ်လို့ ဆေးဝါးဗေဒဆိုင်ရာ လေ့လာမှုအချို့အရ တွေ့ရှိအတည်ပြုနိုင်ခဲ့ပါတယ်။

ဒါဆိုရင် ဒီအတိုင်းခံစားနေရတော့မှာလားလို့ မေးစရာရှိပါတယ်။ ဆေးတွေမသောက်ဘဲ သဘာဝနည်းကျကျ တက်စတိုစတီရုန်း ပမာဏ ကို မြှင့်တင်နိုင်တဲ့ နည်းလမ်းများကို စုစည်းတင်ပြပေးလိုပါတယ်။ ဒီလို သဘာဝကျကျစားသောက်နေထိုင်မယ်ဆိုရင် တက်စတိုစတီရုန်း ဟော်မုန်းပမာဏ မြင့်တက်လာစေပေမယ့် ဆေးတွေလိုတော့ ပိုလျှံလာစေခြင်း မဖြစ်စေနိုင်တာကြောင့် ဘေးထွက်ဆိုးကျိုးတွေ မဖြစ်စေ နိုင်ပါဘူး။ အရွယ်ရောက်ပြီး အမျိုးသားတိုင်းအတွက် တက်စတိုစတီရုန်းဟာ ကိုယ်ထဲမှာ ပြည့်ပြည့်၀၀ရှိနေမယ်ဆို အစစအရာရာကောင်း ကျိုးတွေက များလှတာကြောင့် စာဖတ်ပရိတ်သတ်များအတွက် တက်စတိုစတီရုန်းပြည့်ဝအောင် စားသောက်နေထိုင်နည်းများကို ဖော်ပြ ပေးလိုက်ပါတယ်။

တက်စတိုစတီရုန်း ပုံမှန်အတိုင်း ပြည့်ဝနေစေရန် လုပ်ဆောင်နိုင်သော သဘာဝနည်းလမ်းများ

(၁) ဇင့် (Zinc) ခေါ်သွပ်ဓာတ်ပါဝင်သော အစားအသောက်များ မှန်မှန်စားပေးပါ

တက်စတိုစတီရုန်းကို ခန္ဓာကိုယ်ထဲမှာ ပုံမှန်အတိုင်းအတာရှိနေအောင် ထုတ်လုပ်ပြီး ထိန်းသိမ်းထားနိုင်ဖို့ ဇင့်လိုပါတယ်။ ဇင့်ချို့တဲ့မှု ဟာလည်း ထူးထူးခြားခြား သိသာတဲ့ လက္ခဏာတွေ တော်ရုံနဲ့မပြတဲ့အတွက် ကျွန်တော်တို့မသိနိုင်ဘဲ ချို့တဲ့နေတတ်ပါတယ်။

နောက်တစ်ချက်က ကိုယ်ထဲမှာရှိတဲ့ Aromatase လို့ခေါ်တဲ့အဲန်ဇိုင်း(Enzyme) တစ်မျိုးက ရှိပြီးသား တက်စတိုစတီရုန်းတွေကို မ ဟော်မုန်း အီစထရိုဂျင်တွေအဖြစ် ပြောင်းပစ်ပါတယ်။ ဒါကို ဇင့်တစ်မျိုးထဲကသာဟန့်တားနိုင်လို့ ကိုယ်ထဲမှာ ဇင့်ချို့တဲ့နေမယ်ဆိုရင် အသက်ကြီးရင် အီစထရိုဂျင်ကြောင့်ဖြစ်တဲ့ကင်ဆာတွေတောင် ဖြစ်လာနိုင်ပါတယ်။ ဇင့်ကြွယ်ဝတဲ့စားစရာတွေကတော့ အမဲသား၊ အသည်းအမျိုးမျိုး၊ ဂဏန်း၊ ပင်လယ်စာ၊ ဆယ်လ်မွန်ငါး၊ ဆန်လုံးညို၊ ချိစ်၊ ပဲကြီး၊ နို့၊ ဒိန်ချဉ်၊ ဂျုံ၊ သလဲသီး၊ နာနတ်သီး၊ အခွံမာအသီး အဆန်များ၊ နေကြာစေ့၊ ဖရုံသီးစေ့(အ၀ါ၊အနက်) စတာတွေဖြစ်ပါတယ်။ ဆန္ဒရှိရင် ဇင့်ပါဝင်တဲ့ အားဆေးတွေလည်း မှီဝဲနိုင်ပါတယ်။ အစားအသောက်နဲ့ ဖြည့်တင်းတာကတော့ အန္တရာယ်အကင်းဆုံး အကောင်းဆုံးနည်းလမ်းပါပဲ။

(၂) ကျန်းမာရေး အထောက်အကူပြု အဆီများစားပေးပါ

တက်စတို စတီရုန်းအပါအ၀င် ခန္ဓာကိုယ်အတွက် အရေးကြီးတဲ့ ဟော်မုန်းအချို့နဲ့ ဒြပ်ပေါင်းအတော်များများဟာ ကိုယ်ထဲမှာ အဆီတွေ ကနေတစ်ဆင့် ပြောင်းလဲထုတ်လုပ်ရတာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီအဆီလို့ပြောတဲ့ အဆီတွေဟာ ကျန်းမာရေးနဲ့ညီညွတ်ပြီး အထောက် အကူပြုတဲ့ အိုမီဂါသရီး (Omega-3)လိုမျိုး မပြည့်ဝဆီတွေဖြစ်နေဖို့ မဖြစ်မနေလိုအပ်ပါတယ်။ မပြည့်ဝဆီကြွယ်ဝတဲ့ စားစရာတွေက တော့ အခွံမာသီး အဆန်များ၊ ငါးများ (ရေချိုငါးများလည်း ကောင်းမွန်သော်လည်း အကောင်းဆုံးမှာ ကျူနာငါး၊ ဆယ်လ်မွန်ငါးတို့ကဲ့သို့ ပင်လယ်ငါးများကတော့ အကောင်းဆုံးလို့ဆိုနိုင်ပါတယ်။ ဒါတွေကိုပုံမှန်စားဖို့မလွယ်ပေမယ့် Omega-3 ခေါ် ငါးကြီးဆီ အားဖြည့်ဆေး များကိုလည်း အားကိုးနိုင်ပါတယ်)၊ ထောပတ်သီး၊ သံလွင်ဆီ၊ ဟင်းသီးဟင်းရွက်ဆီ၊ မြေပဲအနှစ် (Peanut Butter) စတာတွေဖြစ်ပါတယ်။

(၃) ခန္ဓာကိုယ်ပေါ်က အဆီပိုတွေကိုချပါ

ခန္ဓာကိုယ်မှာ အဆီပိုတွေများလာတာနဲ့အမျှ ယောက်ျားဆန်တဲ့ဟော်မုန်း တက်စတိုစတီရုန်းကို မိန်းမဆန်တဲ့ ဟော်မုန်း အီစထရိုဂျင် အဖြစ် ပြောင်းပစ်မယ့် Aromatase အဲန်ဇိုင်းပမာဏလည်း များလာတယ်ဆိုတာ သိထားပါ။ ဒါကြောင့် အဆီပိုတွေ သိသိသာသာ စုနေတယ်ဆိုရင် ချသင့်ပါတယ်။ ဒီလိုချတဲ့အခါမှာ ကျန်းမာရေးနဲ့လျော်ညီတဲ့ နည်းနဲ့ပဲချသင့်ပြီး တစ်ပတ်အတွင်း ၃ပေါင်ထက် ပိုမကျသွားသင့်ဘူးလို့ ကျန်းမာရေးပညာရှင်များက လမ်းညွှန်ထားကြပါတယ်။

(၄) ကိုယ်ထဲမှာ ပိုလျှံနေတဲ့ အီထရိုဂျင်တွေကိုဖယ်ရှားပါ

ပန်းဂေါ်ဖီစိမ်း၊ ဂေါ်ဖီထုပ်၊ပန်းဂေါ်ဖီ၊ မုန်လာဥဖြူ၊ ကိုက်လန်စတဲ့ အသီးအရွက်တွေမှာ Di-indolyl Methane DIM လို့ခေါ်တဲ့ ဓာတု ပစ္စည်းတစ်မျိုးပါရှိပြီး အမျိုးသားတွေ ကိုယ်ထဲမှာရှိသင့်တဲ့ပမာဏထက် မြင့်မားလာတဲ့ မဟော်မုန်း အီစထရိုဂျင်ကို ဟန့်တားဖယ် ရှားနိုင်တဲ့ အာနိသင်ရှိပါတယ်။ စပျစ်သီးအညိုရဲ့ အခွံမှာပါတဲ့ Resveratrol ဒြပ်ပေါင်းဟာ အမျိုးသားတွေကိုယ်တွင်း ပိုလျှံနေတဲ့ အီစထရိုဂျင်တွေကို အသည်းကနေ စွန့်ထုတ်ပစ်ဖို့အထူး အထောက်အပံ့ပေးကြောင်း လေ့လာတွေ့ရှိထားပါတယ်။ ဒါတွေကို မိန်းကလေးတွေစားရင်တော့ ဒီလိုမဟော်မုန်း ဆိုးရွားစွာထိခိုက်တဲ့အာနိသင် မတွေ့ရဘူးလို့ သိရပါတယ်။

(၅) ပြင်ပမှ ကိုယ်ထဲဝင်လာတတ်သော အီစထရိုဂျင်ဒြပ်ပေါင်းများကို တတ်နိုင်သမျှ ရှောင်ကြဉ်ပါ

ဒီလို ဒြပ်ပေါင်းတွေကို Xenoestrogen လို့ခေါ်ပြီး ပိုးသတ်ဆေးများ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးသုံး ကြီးထွားဆေးများ၊ Air Fesher ခေါ်အခန်းတွေထဲမှာ မွှေးနေအောင်ဖျန်းတဲ့ဆေးများ၊ ပလတ်စတစ်ပန်းကန်ခွက်ယောက်များထဲမှာ ပါဝင်ပါတယ်။ ဒါတွေဟာ ယနေ့ ခေတ်မှာကျွန်တော်တို့ လူသားတွေရဲ့ ကိုယ်ထဲကိုနည်းအမျိုးမျိုးနဲ့ဝင်ရောက်လာကြပြီး ယောက်ျားတွေမှာအမျိုးသားဟော်မုန်းတွေကို လျော့နည်းကျဆင်းစေသလို လူတိုင်းမှာလည်း ကင်ဆာရောဂါတွေဖြစ်စေပါတယ်။

ဒါဆို ဘယ်လိုလုပ်ကြမလဲ။ တတ်နိုင်သမျှ အော်ဂဲနစ်သီးနှံတွေဝယ်စားကြပါ။ ဒါတွေဟာ ဈေးကြီးတယ်ဆိုနိုင်ပေမယ့် သင့်ရဲ့အသက်ရှည် ရာအနာမဲ့ကြောင်းကို အထူးအထောက်အကူ ပြုပါတယ်။ ဘယ်အသီးအရွက်ပဲဖြစ်ဖြစ် ရေအကြိမ်ကြိမ်ဆေးပြီးမှ စားသုံးပါ။ တတ်နိုင်ရင် ကြီးထွားရေးဟော်မုန်းတွေပေးပြီး ထုတ်လုပ်ထားတဲ့ မွေးမြူရေးထွက်ပစ္စည်းတွေကိုလဲ ရှောင်ကြဉ်သင့်ပါတယ်။ အော်ဂဲနစ်သီးနှံများလို သဘာဝနည်းအတိုင်း မွေးမြူထုတ်လုပ်ထားတဲ့ နို့ထွက်ပစ္စည်းနဲ့ အသားငါးများဟာ ပြည်ပနိုင်ငံတွေမှာတော့ စူပါမားကတ်တွေမှာ အလွယ်တကူ ၀ယ်ယူနိုင်တဲ့အထိ တွင်ကျယ်နေပြီ ဖြစ်ပါတယ်။

ဘယ်လို ရေမွှေး၊ Air Freshener ၊ အမွှေးနံ့သာပဲဖြစ်ဖြစ် ပါဝင်ဖက်ပစ္စည်းစာရင်း Ingredients ထဲမှာ Parabens ဆိုတာပါရင် တတ် နိုင်သမျှပြောင်းသုံးပါ။ Parabens ဟာရေရှည်ထိတွေ့ဖန်များရင် ကင်ဆာရောဂါအချို့ကိုဖြစ်စေနိုင်ပြီး တက်စတိုစတီရုန်းပမာဏကို ကျဆင်းစေတယ်လို့တွေ့ရှိထားရတဲ့ Xenoesterogen တစ်မျိုးဖြစ်ပါတယ်။

(၆) တစ်ည အိပ်စက်ချိန် အနည်းဆုံး၆နာရီပြည့်ပါစေ

ချီကာဂို တက္ကသိုလ်ကလေ့လာခဲ့တဲ့ သုတေသနတစ်ခုရဲ့ အဖြေများအရ ညဖက်အိပ်ချိန် ၆နာရီ မပြည့်တဲ့ အမျိုးသားတွေဟာ တက်စတို စတီရုန်းလျော့ပါးတဲ့ ဝေဒနာခံစားရဖို့ ပိုနီးစပ်ပါသတဲ့။ မြောက်ကယ်ရိုလိုင်းနား တက္ကသိုလ်ကလည်း အဲဒီအဆိုကို သူတို့ရဲ့တွေ့ရှိချက် အရ ထောက်ခံပြောဆိုကြပါတယ်။ မြောက်ကယ်ရိုလိုင်းနား ကျန်းမာရေးပညာရှင်များတွေ့ရှိတဲ့အချက်က အမျိုးသားတစ်ယောက်ဟာ တစ်ညတာအိပ်ချိန်အနည်းဆုံး ၆နာရီမပြည့်တဲ့ နောက်နေ့တာမှာ တက်စတိုစတီရုန်းပမာဏ ပုံမှန်ထက် ၄၀%လောက်အထိ လျော့ကျ နေစေနိုင်ပါသတဲ့။

(၇) စိတ်ဖိစီးမှုများ ရေရှည်မထားတဲ့ အကျင့်လုပ်ပါ

ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်မှာ စိတ်ဖိစီးမှုခံစားရတိုင်း တုန့်ပြန်မှုအနေနဲ့ ကော်တီဇော (Cortisol) ခေါ် စိတ်ဖိစီးမှုဟော်မုန်း(Stress Hormone) ထွက်ပါတယ်။ ကော်တီဇောဟာ တက်စတိုစတီရုန်းထုတ်လုပ်မှုကို ပိတ်ပင်တားဆီးလို့ ရေရှည်စိတ်ဖိစီးမှုများသူအမျိုးသား တွေဟာ အိမ်ထောင်ရေးနဲ့ လုပ်ငန်းစွမ်းဆောင်နိုင်မှုတွေမှာ ကျဆင်းလာတာဖြစ်ပါတယ်။

နောက်တစ်ချက်က ကော်တီဇောများရင် ၀မ်းဗိုက်မှာ အဆီတွေစုလာတာကို အားပေးလို့ နံပါတ်(၃)မှာ ရေးခဲ့တဲ့အတိုင်း အီစထရိုဂျင် တွေများလာနိုင်တာမို့ စိတ်ဖိစီးမှုကို မွေးမြူမထားဘဲ ပေါ့ပေါ့ပါးပါး ရင်ဆိုင်ဖြတ်သန်းတတ်တဲ့ အကျင့်ထားစေချင်ပါတယ်။

(၈) စိတ်ဖိစီးမှုများတဲ့ရက်တွေမှာ ဗိုက်တာမင်စီမှီဝဲပေးပါ

ဘယ်လိုမှ ရှောင်လွှဲမရတဲ့ စိတ်ဖိစီးမှုတွေ ဆက်တိုက်ကြုံလာရင် ဗိုက်တာမင်စီ ၁၀၀၀ ကနေ ၁၅၀၀ mg လောက်နေ့စဉ်မှီဝဲပေးနိုင် ပါတယ်။ ဗိုက်တာမင်စီဟာ ဆရာဝန်ခွင့်ပြုချက်မလိုတဲ့ ဆေးဝါးတစ်မျိုးဖြစ်သလို ယနေ့ခေတ်မှာအရသာလည်းရှိတဲ့ ငုံဆေးပြားများ အဖြစ်ရရှိနေ နိုင်ပြီဖြစ်ပါတယ်။ တစ်ပြားမှာ ၅၀၀ mg ပါတာမို့ ၂ပြားကနေ ၃ပြားအထိ စားနိုင်ပါတယ်။ ဗိုက်တာမင်စီကို အဲလိုတကယ် လိုအပ်နေတဲ့ အချိန်မှာ အရွယ်ရောက်ပြီးသူတစ်ယောက်ဟာ ၂၅၀၀ ၃၀၀၀mg အထိမှီဝဲလို့ ပြဿနာမရှိဘူးလို့ ကမ္ဘာ့ကျန်းမာရေး ပညာရှင်များက ဆိုတာမို့ စိတ်ပူစရာမလိုပါဘူး။

(၉) ကိုယ်လက်လေ့ကျင့်ခန်းလုပ်ရင် ယောက်ျားဆန်တဲ့ အမာစားလေ့ကျင့်ခန်းတွေပဲလုပ်ပါ။

အလေးမခြင်း ပုံစံအမျိုးမျိုးနဲ့ အမြန်ပြေးခြင်းစတဲ့ ကြွက်သားအားသုံးရတဲ့ လေ့ကျင့်ခန်းတွေကမှ တက်စတိုစတီရုန်းပြည့်ဝဖို့ အထောက် အကူပြုပြီး ရွရွပြေးခြင်းနဲ့ သာမန် ကိုယ်လက်လှုပ်ရှားမှုများ လုပ်ခြင်းကတော့ အဲလောက်အာနိသင်မရှိဘူးလို့ သိရပါတယ်။ အားကစား တစ်ခုခု စနစ်တကျ လိုက်စားသူများဟာ အမျိုးသားသဘာဝအတိုင်း ကြံ့ခိုင်သန်စွမ်းကြတယ်ဆိုတာ တက်စတိုစတီရုန်းကြောင့် ဖြစ်ပါ တယ်။

(၁၀) ဆန့်ကျင်ဖက်လိင်နဲ့ပတ်သက်တဲ့ အသွင်သဏ္ဌာန်များကလည်း အကျိုးပြုပါတယ်

ဂျာမန်ကျန်းမာရေးပညာရှင်တွေ စတွေ့တဲ့အချက်ပါပဲ။ လှပဆွဲဆောင်မှုရှိတဲ့ အမျိုးသမီးတွေရဲ့ အသွင်သဏ္ဌာန်အမူအရာ ပုံရိပ်တွေကို မှန်မှန်တွေ့နေရတတ်တဲ့ ယောက်ျားတွေက ပိုမိုအသက်ရှည်ဖို့ နီးစပ်တယ်ဆိုတာ အဲလိုတွေ တွေ့ကြုံခံစားရတဲ့ အကြိမ်အရေအတွက် များလေလေ တက်စတိုစတီရုန်း ပုံမှန်ထွက်နေကာ အထက်မှာ ပြောခဲ့တဲ့ရောဂါတွေကာကွယ်ပြီးသား ဖြစ်လို့ပါ။

(၁၁) ဗိုက်တာမင် အေ၊ဘီနဲ့ အီးများလည်း မချို့တဲ့ပါစေနဲ့။

ပုံမှန် တက်စတိုစတီရုန်း ပမာဏရှိနေဖို့အတွက် ဗိုက်တာမင်စီ၊ ဇင့်အပါအ၀င် အထက်ပါအဟာရများအပြင် ဗိုက်တာမင်အေ၊ ဘီနဲ့ အီး များလည်း မချို့တဲ့ဖို့လိုပါတယ်။ သင်ဟာ အနီရောင်၊အ၀ါရောင်၊အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်များနဲ့ အသားမျှတလုံလောက်စွာ နေ့စဉ်စားတယ်ဆိုရင် ဒီပြဿနာ မရှိနိုင်ပါဘူး။ (ဒါပေမဲ့ အသားစား အရမ်းကြူးခြင်းဟာလည်း တက်စတိုစတီရုန်း ကျဆင်းစေတတ်တဲ့ အချက်တစ်ချက်ဖြစ်လို့ သတိထားစေလိုပါတယ်။

(၁၂) ကျားအင်္ဂါကို လွန်ကဲလွန်းတဲ့အပူချိန်နဲ့ ရေရှည်ထိတွေ့မှုမှ ရှောင်ပါ။

ကပ္ပာယ်အိတ်ထဲမှာရှိတဲ့ ဝှေးစေ့များဟာ တက်စတိုစတီရုန်းနဲ့ ဖိုမျိုးပွားဆဲလ် သုတ်ကောင်များထုတ်လုပ်နိုင်ဖို့ အကောင်းဆုံးအပူချိန် အနေအထားမှာရှိနေဖို့ လိုပါတယ်။ အကောင်းဆုံး အပူချိန် (Optimal Temperature) ဆိုတာ ပုံမှန်ကိုယ်အပူချိန် ၉၇ ဒီဂရီ ဖာရင်ဟိုက် အောက် အနည်းဆုံး ၂ဒီဂရီလောက် လျော့နည်းနေတာကို ဆိုလိုတာဖြစ်ပါတယ်။ ဒီတော့ အပူချိန်များတဲ့ အလုပ်ခွင်မှာ အလုပ်လုပ်သူ တွေ သတိထားသင့်တဲ့အချက်တစ်ချက်ဖြစ်ပါတယ်။ ဒါ့အပြင် ယနေ့ခေတ်မှာ Laptop ကိုယ်စီ သယ်ဆောင်အသုံးပြုကြတော့ အပူချိန် မသိမသာ တက်နေတာကို သတိမထားမိဘဲ ပေါင်ပေါ်မှာကြာကြာထားသုံးသူတွေမှာလည်း ဒီပြဿနာရှိနိုင်တယ်လို့ နောက်ဆုံးပေါ် စစ်တမ်းများ အရ လေ့လာတွေ့ရှိရပါတယ်။

(၁၃) အရက်သေစာ အလွန်အကျွံသောက်ခြင်းရှောင်ပါ

လွန်မင်းစွာ နှစ်ရှည်လများသောက်ရင် အသည်းရဲ့လုပ်ငန်းတာဝန်တွေ ချို့ယွင်းစပြုလာပြီး တက်စတိုစတီရုန်းချို့တဲ့မှု ခံစားရနိုင်ပါတယ်။

(၁၄) ဂရိတ်ဖရုသီး မစားပါနဲ့

ကိုယ့်ကိုယ်ကို ကျားဟော်မုန်းအားနည်းတယ်လို့ လတ်တလောထင်နေတဲ့ကာလမှာ ဂရိတ်ဖရုသီး ရှောင်ကြဉ်သင့်ပါတယ်။ ဘာဖြစ်လို့ လဲဆိုတော့ ဂရိတ်ဖရုသီးထဲမှာ အသည်းက အီစထရိုဂျင်တွေချေဖျက်ခြင်းကိုတားဆီးတဲ့ဒြပ်ပေါင်းတွေပါဝင်လို့ပဲဖြစ်ပါတယ်။ ပုံမှန် အချိန်မှာ စားရင်တော့ ဂရိတ်ဖရုသီးဟာ သွေးတိုး၊ နှလုံးသွေးကြောကျဉ်း၊အဆီပိတ်၊ကင်ဆာ စတဲ့ရောဂါအတော်များများကို ကာကွယ် ပေးနိုင်တဲ့သဘာဝဓာတ်စာတစ်မျိုးပါ။

စာဖတ်ပရိတ်သတ် အမျိုးသားများအနေဖြင့် အထက်ပါ Lifestyle များနဲ့နေထိုင်သွားရင်း စွမ်းဆောင်ရည်မြင့်မားမှု၊ အောင်မြင်မှု၊ ကျန်းမာ ရေးကောင်းမွန်မှု၊သာယာပျော်ရွှင်တဲ့အိမ်ထောင်ရေးစတဲ့ ဆုလာဘ်များ ရရှိပိုင်ဆိုင်နိုင်ပါစေလို့ ဆန္ဒပြုပါတယ်။ အထက်ပါ အချက်များ ဟာ အသက်အရွယ်ကြီးရင့်သူများသာမက အရွယ်ရောက်ပြီး အမျိုးသားတိုင်းနဲ့ပါ သက်ဆိုင်ပါတယ်။ ဒီဆောင်းပါးဟာ အမျိုးသားပရိတ် သတ်တွေအတွက် အဓိကရည်ရွယ်ပေမယ့် အမျိုးသမီးစာဖတ်သူများအနေနဲ့လည်း မိမိတို့တန်ဖိုးထားချစ်ခင်ရသူ အမျိုးသားတွေကို လက်ဆင့်ကမ်းမျှဝေနိုင်ဖို့လည်း ရည်ရွယ်ရေးသားခဲ့တာဖြစ်ပါတယ်။

Ref: www.people.com.mm

No comments: