Friday, September 16, 2011

ခပ်ပုန်းပုန်းပဲ နေပါ့မယ်ဆိုတဲ့ ကိုမျိုးရဲ့ ရင်တွင်းစကားသံများ

ဒီတစ်လ သက်တံ့ရောင် မဂ္ဂဇင်းရဲ့ In & Out ကဏ္ဍအတွက် မြန်မာပြည်တွင်းမှာ ကိုယ့်ကိုယ်ကို လိင်တူချစ်သူအဖြစ် လက်ခံထားပေမယ့် အပုန်းတယောက်အဖြစ်နဲ့ပဲ ဆက်လက်ရပ်တည်ပြီးတော့ နေချင်ပါသေးတယ်ဆိုတဲ့ ကိုမျိုးကို ရွေးချယ်ဖော်ပြပေးလိုက်ပါတယ်။ ကိုမျိုးရဲ့ ဖြတ်သန်းခဲ့ရတဲ့ လိင်တူချစ်သူတယောက်ရဲ့ ငယ်ဘဝအကြောင်းအရာတွေ၊ မြန်မာပြည်တွင်းမှ လိင်တူချစ်သူများရဲ့ အခွင့်အရေးတွေ စသဖြင့် တစေ့တစောင့် မေးမြန်းထားတာလေးကို မျှဝေခံစားနိုင်ကြဖို့ ဆန္ဒပြုလိုက်ပါတယ်။

နာမည်၊ ဇာတိနဲ့ ကိုယ့်ရဲ့ ဖြတ်သန်းခဲ့ရတဲ့ အကြောင်းလေးတွေကို အနည်းအကျဉ်းလောက် မိတ်ဆက်ပေးပါလား။

နာမည်အရင်းက မျိုးသန်းကြွယ်ပါ။ အခုချိန်မှာ သူငယ်ချင်း အများစုကတော့ ကိုမျိုးလို့ပဲ ခေါ်ကြပါတယ်။ ကိုယ်က မန္တလေးသားပါ။ ကိုယ်က ကျောင်းတက်ခဲ့တာ သူငယ်တန်းကနေ ၁ဝ တန်းအထိ ကျောင်းတစ်ကျောင်းထဲမှာ တက်ခဲ့တာ။ အတန်းတိုင်းမှာလဲ ဆုရတယ်။ မောင်နှစ်မ ၆ ယောက် တကျောင်းထဲမှာ တက်ကြတာပေါ့။ ကိုယ်တို့ မောင်နှစ်မတွေကိုလဲ တစ်ကျောင်းလုံးက ဆရာ၊ ဆရာမတွေ အားလုံးက သိကြတယ်။ ငယ်ကတည်းက ကျောင်းမှာ အမြဲ အစအနောက် ခံရတယ်။ ဆရာမတွေကလဲ ချစ်ကြတယ်။ ကောင်လေးက နွဲ့နွဲ့လေးပေါ့နော်။

ကစားရင်လဲ ဘောလုံးကန်တာမျိုးလို ယောက်ျားလေးတွေ ကစားတာမျိုးတွေ မကစားတတ်ဘူး။ ဆရာမတွေကလဲ သိတယ်။ မှတ်မှတ်ရရ ၈ တန်းတုန်းက စာမေးပွဲဖြေနေတုန်း အခန်းစောင့် ဆရာမ ၂ယောက်က ကိုယ့်လက်တွေကိုကြည့်ပြီး သူတို့အချင်းချင်း စကားပြောနေကြတာကို မမေ့သေးဘူး။ လက်ကလေးတွေက လှလိုက်တာ မိန်းကလေးလက်လေး ကျနေတာပဲဆိုပြီး ပြောနေကြတာပေါ့။ အဲလိုကြားရတာ စိတ်ထဲမှာ အရမ်းပျော်တယ်။ အိမ်မှာ ကစားရင်လဲ ယောက်ျားလေးတွေနဲ့ ကစားဖြစ်တာ နည်းတယ်။ အစ်မနဲ့ နောက်မိန်းကလေး သူငယ်ချင်းတွေနဲ့ အိုးပုတ်တမ်း တူတူပုန်းတမ်း ကစားဖြစ်တယ်။

လမ်းထဲမှာ ကျောင်းမှာ အစခံရတာလဲ ခဏခဏ "အခြောက်၊ ဂျီပုန်း" စသည်ဖြင့်ပေါ့။ ရှိသေးတယ် တခါ ကျောင်းမှာ အစခံရလို့ ငိုပြီး အိမ်ပြန်အလာမှာ အဖေက ဘာလို့ငိုလာသလဲပေါ့နော် မေးတယ်။ အခြောက်လို့ အစခံရလို့ဆိုပြီး ပြောလိုက်တော့ မင်းယောက်ျား မဟုတ်ဘူးလား။ ဒီမှာ ဘာလဲ ဆိုပြီး ဘောင်းဘီချွတ်ပြလိုက်ပါလား လို့ပြောပြီး အရိုက်ခံရတယ်။ အဖေက ရိုက်ခဲတယ်လေ။ မာန်တာလောက်ပဲ ရှိတာ။ အဲဒါကြောင့်လား၊ ဘာကြောင့်လဲတော့ မသိဘူး။ နဲနဲလေးကြီးလာတဲ့ အချိန်မှာ အဖေ့ကို အရမ်းကြောက်တယ်။ ရိုက်ဖို့ ဆူဖို့ မပြောနဲ့ မျက်လုံးနဲ့ကြည့်လိုက်ရင်တောင် ဘယ်မှာသွားနေရမှန်း မသိဖြစ်တာ။

ကိုယ်က ကိုယ့်ကိုအဲလို စတာတွေကို မကြိုက်ဘူး။ ဒါပေမယ့် ကိုယ့်ပုံစံကလဲ စ စရာလို ဖြစ်နေတော့လည်း ခဏခဏ အစခံရတာပဲပေါ့လေ။ အဲဒီမှာ ကိုယ်က ဒီလိုလူပုံခပ်နွဲ့နွဲ့ ဖြစ်နေပေမယ့် အစွမ်းအစတော့ ရှိတယ်ဆိုတာကို ပြမှဖြစ်မယ်ဆိုတဲ့ အတွေးနဲ့ ကျောင်းမှာ စာကိုပိုပြီး ကြိုးစားဖြစ်တယ်။ စာတော်တယ်။ အမြဲဆုရတယ် ဆိုတော့လည်း အဲဒီလို စတာနောက်တာတွေ သိပ်မရှိတော့ဘူးပေါ့။

ကိုယ့်ကိုယ်ကို လိင်တူချင်းချစ်သူဆိုတာကို ဘယ်အချိန်လောက်မှာ စသတိထားမိလဲဆိုတာ ပြောပြပါဦး။

စပြီး သတိထားမိတာကတော့ ၁ဝတန်းလောက်ကပါ။ အသက် ၁၄၊ ၁၅ လောက်ထိလည်း ဘာမှန်းသေချာအောင် မသိခဲ့သေးဘူး။ သူငယ်ချင်းတွေ စရင်းနောက်ရင်းနဲ့လည်း မိန်းကလေးရည်းစား ရခဲ့ဖူးသလို အလုပ်ထဲ ရောက်တော့လဲ မိန်းကလေးရည်းစား ရှိခဲ့ဖူးတယ်။ ၂ဝဝ၄ ခုနှစ်လောက်မှာ အင်တာနက်ကို စသုံးဖြစ်လာတယ်။ ကိုယ်က ယောက်ျားလေးပုံတွေကို ပိုပြီးကြည့်ချင်လာတယ်။ မိန်းကလေးပုံတွေကို စိတ်မဝင်စားတော့ဘူး။ ဆိုတော့ ကိုယ့်စိတ်ကို ကိုယ်နည်းနည်းတော့ သိလာပြီ။ နောက်တော့ အင်တာနက်ပေါ်မှာ လိင်တူတွေနဲ့ ပတ်သက်တဲ့ Website တွေကို စတွေ့လာတယ်။ ပိုပြီး စိတ်ဝင်စားလာတယ်။ အဲဒီ ၂ဝဝ၄ မှာပဲ အလုပ်ထဲက ကောင်လေးတစ်ယောက်နဲ့ လိင်မှုကိစ္စ ဖြစ်လိုက်တယ်။ အဲဒါပြီးတဲ့နောက်မှာ ကိုယ့်ကိုယ်ကို ဘာလဲဆိုတာကို သေချာသိသွားတယ်လို့ ထင်တယ်။

ငယ်ငယ်လေးကတည်းက စာအုပ်တွေလဲ ဖတ်ဖူးတယ်လေ။ လိင်တူဆက်ဆံတယ်ဆိုတာ ရောဂါတစ်မျိုးပေါ့။ နာမည်တောင် မှတ်မိပါသေးတယ်။ "လိင်တူစိတ်စွဲရောဂါ" တဲ့လေ။ ဆိုတော့ ကိုယ့်ကိုယ်ကို ငါတော့ စိတ်ရောဂါဖြစ်နေပါလား ဆိုပြီးတော့ ကြောက်တာ။ ကိုယ့်စိတ်ကို ပြန်ထိန်းချုပ်ရမယ်ဆိုပြီး အမြဲတွေးတယ်။ ဒါပေမယ့် မရပါဘူး။ ကိုယ့်ကို သူငယ်ချင်းတွေက မင်းက အပုန်းလို့ ပြောရင်လည်း မကြိုက်ချင်ဘူး လက်မခံချင်သေးဘူး။ နောက် တနှစ်လောက်နေပြီးမှ စာအုပ်တွေဖတ်ရင်း သိလာရတယ်။ ဒါဟာ ရောဂါမဟုတ်ဘူး။ သဘာဝပဲဆိုတာကို။ တဖြည်းဖြည်းနဲ့မှ သိလာရတာပါ။ တော်တော်လဲ စိတ်ထဲမှာ မတင်မကျတွေနဲ့ စိတ်လှုပ်ရှားမှုတွေ တင်းကျပ်မှုတွေနဲ့ ကျော်ဖြတ်ခဲ့ရတာပေါ့။

အပုန်းဘဝမှာ တွေ့ကြုံရတဲ့ အခက်အခဲ စိတ်ဒုက္ခလေးကို ပြောပြပါလား။

အပုန်းဘဝဆိုတော့ ကိုယ်ကခုလဲ အပုန်းပဲလေ။ အပုန်းလိုပဲ နေချင်ပါတယ်။ တခါတလေမှသာ ပွင့်ချင်ပွင့်မယ်ပေါ့နော်။ ထူးထူးခြားခြား စိတ်ဒုက္ခရှိတာမျိုးတော့ မရှိပါဘူး။ အိမ်မှာလဲ ဒီလိုပဲနေတယ်။ အလုပ်မှာလဲ ဒီလိုပဲနေတယ်။ ခပ်ပုန်းပုန်း ပဲနေပါ့မယ် ပေါ့နော်။ ဆိုတော့ ထူးထူးခြားခြား စိတ်ဒုက္ခရောက်တာမျိုးကြီးတော့ မရှိပေမယ့် တစ်ခါတလေ ကိုယ့်ရဲ့ အပြုအမူတချို့က နည်းနည်းနွဲ့တာမျိုး ဖြစ်သွားတဲ့အပေါ် ဝေဖန်တာမျိုး နောက်ပြောင်ချင်တာမျိုး တွေကိုတော့ မကြိုက်ချင်ပါဘူး။ အဲ့လောက်ပဲရှိပါတယ်။

ကိုယ့်ရဲ့ မိသားစု ပတ်ဝန်းကျင် အသိုင်းအဝိုင်းကရော ကိုယ်ကို ဘယ်လိုမြင်လဲ။

ကိုယ်က ကံကောင်းတယ်ပဲ ပြောရမလား မသိဘူး။ ခုထိတော့ ကိုယ့်မိသားစုက အေးဆေးပါပဲ။ နေပုံထိုင်ပုံ အပေါ်မှာ ထူးထူးခြားခြား ဘာမှပြောဆိုခြင်း မရှိပါဘူး။ အမေကတော့ နည်းနည်းရိပ်မိသလို ရှိတယ်လို့ စိတ်ထဲမှာ ခံစားရတယ်။ ဒါပေမယ့် အမေ့ကလဲ ဘာမှ မပြောပါဘူး။ ပတ်ဝန်းကျင် အသိုင်းအဝိုင်း ဆိုတဲ့နေရာမှာလည်း ကိုယ့်အိမ်နားပတ်ဝန်းကျင်က ကိုယ့်ကို သိပ်မသိကြဘူးလေ။ မနက်အလုပ်သွား ညမှပြန်ဆိုတော့။ ဆွေးမျိုး အသိုင်းအဝိုင်းနဲ့ကလည်း သိပ်မနီးစပ်ဘူး ဖြစ်နေတယ်ဆိုတော့ ဒီအပိုင်းမှာ သိပ်ကြီး ထူးထူးခြားခြား ဖြစ်တာမရှိပါဘူး။

ကိုယ်ကိုယ်တိုင်ကရော ဂေးဖြစ်တဲ့ အတွက်ကြောင့်ဆိုပြီး ခွဲခြားဆက်ဆံ ခံခဲ့ရတာမျိုး ရှိလား။

ကိုယ့်အနေနဲ့ကတော့ အဲဒီလိုမျိုး ခွဲခြားဆက်ဆံခံရတာ မရှိပါဘူး။ ဒါကလဲ အပုန်းဖြစ်နေလို့ ထင်ပါတယ်။ နောက်တစ်ခု ကိုယ်က လိင်တူချစ်သူပါ ဆိုတာကို အထူးတလည် ထုတ်ဖေါ် မပြောနေဘူးလေနော်။ ဆိုတော့ အပုန်းလည်း ဖြစ်တယ်ဆိုတော့ ထူးထူးခြားခြား ခွဲခြားဆက်ဆံခံရတာမျိုး မရှိပါဘူး။

ဘယ်အချိန်လောက်မှာမှ ကိုယ့်ကိုယ်ကို ပွင့်ပွင့်လင်းလင်း လိင်တူချစ်သူပါလို့ လက်ခံပြီး ထုတ်ပြောလိုက်မယ်လို့ စိတ်ကူးလဲ။ ဘယ်လိုအခက်အခဲတွေ ကြုံတွေ့ခဲ့ရမယ်လို့ ထင်ပါလဲ။

ငါဟာ ဂေးတစ်ယောက်ပါ ဆိုတာကို လက်ခံပြီးပေမယ့် ထုတ်ဖေါ်ပြောလိုက်တယ် ဆိုပြီးတော့ မရှိသေးပါဘူး။ ကိုယ့်မိသားစု အတွင်းမှာဆိုရင် အဖေတစ်ယောက်ကလွဲလို့ အမေကလဲ ရိပ်မိတယ်။ ညီတွေကလဲ ရိပ်မိတယ်လို့ ထင်ပါတယ်။ ကိုယ့်နေပုံ ထိုင်ပုံ ဝတ်ပုံစားပုံနဲ့ ညဘက် အပြင်ထွက်တာတွေ၊ မိန်းကလေး သူငယ်ချင်း မရှိတာတွေ နောက်ပြီးတော့ ညပြန်မအိပ်တာတွေ စတာတွေပေါ့နော်။ ဒါတွေကို အမေက သိပေမယ့် ဘာမှ ထူးထူးခြားခြား ပြောဆိုခြင်း မရှိပါဘူး။ ကွန်ပျူတာထဲမှာဆိုလဲ ပုံတွေ၊ ဗွီဒီယိုတွေ စဖြင့်ပေါ့ ဂေးနဲ့ ပတ်သက်တာတွေ အများကြီးရှိနေတာကို ညီတွေက သိနေပေမယ့်လည်း ဒီတိုင်းပဲ ထားထားပါတယ်။ သူတို့ကလဲ ဘာမှ ဝေဖန်ပြောဆိုခြင်း မရှိသလို ပြောဆိုဆက်ဆံရာမှာလည်း အစ်ကိုတစ်ယောက် အနေနဲ့ပဲ လေးလေးစားစား ပါပဲ။

အရှေ့မှာ ပြောခဲ့သလိုမျိုးပဲ ပေါ့နော်။ ကိုယ့်ကိုယ်ကို သတိထားမိတာ အသက် ၁၇ လောက်က ဖြစ်ပြီးတော့ ငါဟာ ဂေးပါဆိုတာကို လက်ခံလိုက်တာကတော့ အသက် ၂၄ မှာပါ။ ကိုယ့်ကိုယ်ကို ဂေးတစ်ယောက်ပါ ဆိုပြီးတော့ ထူးထူးခြားခြား ထုတ်ဖေါ်ပြောတာမျိုးကတော့ ပြီးခဲ့တဲ့ မေ(၁၇)မှာ တုန်းကပေါ့။ ချင်းမိုင်မှာ လိင်တူချစ်သူတွေရဲ့ အခွင့်အရေးနဲ့ ပတ်သက်တဲ့ သင်တန်းလာတက်ရင်း သတင်းဌာနတစ်ခုကို အင်တာဗျူးတစ်ခု ဖြေဖြစ်တယ်။ ဒါတွေက တစ်ကမ္ဘာလုံးကို ပြန့်သွားမှာလေ။ ဆိုတော့ မြန်မာပြည်တင်မက နိုင်ငံခြားက လူတွေပါ အားလုံးသိသွားနိုင်တယ်။

ပြီးတော့ အခုဒီအင်တာဗျူး ဖြေထားတဲ့ သက်တံ့ရောင်မဂ္ဂဇင်းကို ဖတ်တဲ့သူတွေ နောက်ပြီး အင်တာဗျူးကို ကြည့်မိတဲ့ သူတွေပေါ့။ ဒီထဲမှာ ကိုယ်သိတဲ့သူတွေ ကိုယ့်ကိုသိတဲ့သူတွေ ကိုယ့်ဆွေမျိုး အသိုင်းအဝိုင်းတွေ အများကြီး ပါလာနိုင်ပါတယ်။ ဒီဟာတွေကိုတွေးပြီး ထူးထူးခြားခြား စိတ်လှုပ်ရှားမိတာမျိုးလည်း မရှိတော့ပါဘူး။

လောလောဆယ်မှာ အခက်အခဲတွေ မကြုံတွေ့ရပေမယ့် ရင်ဆိုင်ကြုံတွေ့လာရမယ် ဆိုရင်လည်း ရင်ဆိုင်ဖို့ အသင့်ပါပဲ။ အခုလို ပြောလိုက်ရလို့ ပွင့်ပွင့်လင်းလင်း ဝန်ခံလိုက်လို့ ကိုယ့်စိတ်ထဲမှာ ခံစားရတာကတော့ စိတ်ထဲမှာ ပေါ့ပါးသွားပြီး ကိုယ်လုပ်ချင်တာကို ဟန်ဆောင်ကွယ်ဝှက် ထားတာတွေ မရှိတော့ပဲ လွတ်လွတ်လပ်လပ် လုပ်လို့ရလာတယ်လို့ ခံစားရပါတယ်။

မြန်မာပြည်မှာ ဂေးတွေရဲ့ အဆင့်အတန်းနဲ့ အခြေအနေကို ဘယ်လိုမြင်လဲ။

ဒီမှာတော့ သိတဲ့အတိုင်းလေ။ ဘာသာတရားမှာကိုက ဒီလူတွေသည် အရင်ဘဝက သူတစ်ပါး သားမယားကို ပြစ်မှားခဲ့လို့ ဒီလိုဖြစ်ရတယ်ဆိုတဲ့ အစွဲကရှိပြီးသား။ ဆိုတော့ တစ်ချို့ကတော့ သနားစရာလို မြင်တယ်။ တစ်ချို့ကလည်း ဘယ်လိုပြောမလဲ ယောက်ျားဖြစ်ပြီး ယောက်ျားလို မနေဘူး။ မိန်းမဖြစ်ပြီး မိန်းမလို မနေဘူးဆိုပြီး အထင်အမြင် သေးတာမျိုးတွေ ရှိတယ်။ တစ်ချို့ကျပြန်တော့လဲ စိတ်ရောဂါသည်လို့ ထင်တယ်။ နောက်တစ်မျိုး ရှိသေးတယ်။ Homophobia လို့ပဲခေါ်မလား။ ဒီလိင်တူချစ်သူတွေကို သက်သက်ကို မုန်းတီးတာပေါ့နော်။ အဲဒီလို လူတွေမျိုးမျိုး ရှိကြတာပေါ့။

အခုချိန်မှာ အရင်ထက်စာရင် နားလည်မှု စာနာမှုရှိတဲ့သူတွေ များလာပြီ ဆိုပေမယ့်လည်း ပြောပလောက်တဲ့ ပမာဏ မရှိသေးပါဘူး။ ခြုံပြီး ပြောရမယ်ဆိုရင်တော့ ဘာသာတရားနဲ့ ယှဉ်ပြီးတော့ နိမ့်ကျတယ်။ ဝဋ်ခံရတယ်ဆိုပြီး မြင်ကြတာ များပါတယ်။ အပွင့်တွေနဲ့ဆိုရင် ဆိုပါတော့ မိတ်ကပ်ကိစ္စ၊ ပန်းကိစ္စကလွဲရင်၊ နတ်ကတော်တွေနဲ့ဆိုရင် နတ်ကနား ကိစ္စပေါ့။ ဒီကိစ္စတွေကလွဲလို့ သိပ်ပြီးတော့ အပေါင်းအသင်းလုပ်ချင် ပြောဆိုဆက်ဆံချင်ကြမယ်လို့ မထင်ပါဘူး။ ယောက်ျား၊ မိန်းမတွေထက် အဆင့်နှိမ့်ထားပြီး ဆက်ဆံချင်ကြတယ်လို့ ထင်ပါတယ်။ ကိုယ့်ရဲ့ အမြင်ကို ပြောတာနော်။

လိင်တူချင်းကြိုက်တာကို စိတ်ရောဂါတခုလို့ ပြောကြသလို၊ သဘာဝကို ဆန့်ကျင်တဲ့ သူတွေလို့ ပြောကြတဲ့ အပေါ်မှာရော ဘယ်လိုမြင်လဲ၊ ဘာကြောင့်လဲ။

သူတို့ သေသေချာချာ မလေ့လာသေးလို့ လို့ပဲ မြင်ပါတယ်။ ဒါမှမဟုတ် သူတို့မှာသာ Homobhobia ဆိုတဲ့ (လိင်တူချစ်သူများအပေါ် မုန်းတီးခြင်းရောဂါ) ဖြစ်တယ်လို့ မြင်ပါတယ်။ ဘာလို့လဲဆိုတော့ ဒါဟာ ရောဂါမဟုတ်ပါဘူး ဆိုတာကို ကမ္ဘာက အသိအမှတ် ပြုထားပြီးပြီလေ။ WHO လို့ခေါ်တဲ့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကနေပြီးတော့ တရားဝင် ကြေငြာထားပြီးသား။ ဒါကိုသူတို့က လက်မခံဘူး ဆိုရင်တော့ သူတို့သာ လိင်တူချင်းချစ်တာကို မုန်းတီးနေတဲ့ရောဂါ ဖြစ်နေလို့ပါပဲ။

ပြီးတော့ ယောက်ျားချင်း။ မိန်းမချင်းကြိုက်တာကို ကုသလို့ရတယ် ပြောင်းလဲလို့ရတယ် ဆိုတဲ့အပေါ်မှာရော ဘယ်လိုမြင်လဲ၊ ဘာကြောင့်လဲ။

တစ်ချိန်က ကိုယ်လဲ ဒီလိုထင်ခဲ့ဖူးပါတယ်။ ဘာလို့ဆိုတော့ ကုလို့ရတယ်ဆိုတဲ့ စာအုပ်တွေ ဖတ်ထားလို့ပေါ့။ ဒါပေမယ့် တဖြည်းဖြည်းနဲ့ သိလာရတာက ရောဂါမဟုတ်ဘူး ဆိုတော့ ဘာလို့ ကုသစရာလိုသလဲ။ ဘာကို ကုသရမှာ လဲပေါ့နော်။ ယောက်ျားတိုင်းက မိန်းမကိုကြိုက်ချင်မှ ကြိုက်မှာပေါ့။ ဒီလိုပဲလေ မိန်းမတိုင်းကလည်း ယောက်ျားတိုင်းကို ကြိုက်ချင်မှ ကြိုက်မှာပေါ့။ ကိုယ့်အကြိုက် သူ့အကြိုက် ရှိကြမှာပါပဲ။ အဲလို တွေးလိုက်လို့ရှိရင် နားလည်လာပါလိမ့်မယ်။ ကုသလို့ရတယ်။ ပြောင်းလဲလို့ရတယ်လို့ ပြောနေတဲ့ သူတွေက တကယ်နားမလည်လို့ ပြောနေတယ်လို့ပဲ မြင်ပါတယ်။

မြန်မာပြည်မှာ ဂေး အခွင့်အရေး အပြည့်အဝရှိပြီးသား လူမှုအသိုင်းအဝိုင်းက မခွဲခြားဘူးလို့ ပြောတဲ့အပေါ်မှာရော ဘယ်လိုသဘောရလဲ။

ဒါကတော့ ဘယ်လိုပြောမလဲဆိုတော့ စကားပုံတစ်ခုလိုပေါ့။ နွားခြေရာခွက်ထဲက ဖားဆိုလား၊ အဲ့လိုမျိုး ပေါ့နော်။ သူကျင်လည်ကျက်စားရာ နေရာလေးမှာ သူပျော်သလိုလေး နေလို့ရနေသရွေ့တော့ သူက သူလုပ်ချင်ရာလုပ်လို့ ရနေတယ်။ သူ့အခွင့်အရေး အပြည့်အဝ ရနေတယ်လို့ မြင်မှာပဲလေ။ ဒီရေအိုင်လေး ခွက်ကလေးထဲမှာ ပျော်မွေ့နေမှာပဲပေါ့။

အခွင့်အရေးဆိုတာဘာလဲ။ ခွဲခြားမှုဆိုတာဘာလဲ သူမသိဘူးလေ။ သူသွားချင်ရာသွားမယ်။ စားချင်ရာ စားလိုက်မယ်။ သူလုပ်ချင်တာလေးတွေ လုပ်လို့ရနေရင် ပြီးပြီလေ။ တခြားဟာတွေ သူမသိချင်ဘူး။ မလိုချင်ဘူး။ သူ့အတွက် ပြည့်စုံနေပြီပေါ့။ ဆိုတော့ အဲလိုလူမျိုးကို သနားစရာကောင်းတယ်လို့ မြင်ပါတယ်။ သူ့ကိုသနားတာပါ။

ဥပမာပေါ့နော် ဂေးအခွင့်အရေးဆိုတာ ဘာလဲ ဆိုတာကို သေချာမသိတော့ ပန်းအလှပြင်ရတာလေး လုပ်ခွင့်ရတာနဲ့ မိတ်ကပ်လေးပြင်ခွင့်ရတာနဲ့ သူ့အတွက် အခွင့်အရေးတွေ အပြည့်အဝကို ရနေပြီလေ။ အဲလို ထင်မြင်နေတဲ့သူကို ကိုယ့်မျက်စိကို ကိုယ်ပိတ် ကိုယ့်နားကို ကိုယ်ပိတ် ထားတဲ့သူလို့ပဲ မြင်ပါတယ်။

ဒီလိုမျိုး လူမှုအသိုင်းအဝိုင်းရဲ့ ခွဲခြားဖိနှိပ်မှုကနေ လွတ်မြောက်ပြီး လိင်တူချင်းချစ်တဲ့ သူတွေရဲ့ ဘဝတိုးတက် မြင့်မားလာအောင် လိင်တူချစ်သူတွေရော လိင်တူချစ်သူ မဟုတ်တဲ့ လူမှုအသိုင်းအဝိုင်းရော ဘာတွေလုပ်ဆာင်ဖို့ လိုအပ်မယ်လို့ ထင်လဲ။

တဆင့်ပြီးတဆင့် လုပ်သွားရမှာပေါ့။ မြန်မာနိုင်ငံမှာ လုပ်ရမှာက အရင်ဆုံးကတော့ အချင်းချင်း ညီညွတ်ကြဖို့ပါပဲ။ ဒါအရင်ဆုံးပါပဲ။ မညီမညွတ်ပဲနဲ့ ဘာမှလုပ်လို့ မရပါဘူး။ တစ်ယောက်တစ်ပေါက် ဖြစ်နေရင် ဘာမှ အလုပ်ဖြစ်မှာ မဟုတ်ပါဘူး။ ဒီနေရာမှာ အချင်းချင်းခွဲခြားတယ် ဆိုတာလေးကို ပြောချင်ပါတယ်။ တစ်ချို့ နားလည်မှု လွဲနေကြလို့ပါ။ ကိုယ့်ကိုယ်ကို ခွဲခြားပြီး သတ်မှတ်တာမျိုး၊ ဥပမာ ကိုယ်က Top ပဲကြိုက်တယ်။ Bottom ပဲကြိုက်တယ်၊ စတာမျိုးကို ဆိုလိုတာ မဟုတ်ပါဘူး။ ဒါက စိတ်ခံစားမှုပါ။ ကိုယ့်စိတ်ခံစားမှုအလိုက် ကိုယ်ကြိုက်ရာ ရွေးချယ်ပိုင်ခွင့် ရှိပါတယ်။

ကိုယ်ပြောချင်တဲ့ ခွဲခြားမှုက ငါက အပုန်းမို့လို့ အပွင့်တွေနဲ့ မဆက်ဆံချင်ဘူး။ အခေါ်အပြော မလုပ်ဘူး။ အပွင့်တွေလုပ်တဲ့ လုပ်ငန်းတိုင်းမှာ မပါဘူး။ ဒါမျိုးတွေကို ဆိုလိုချင်တာပါ။ လိင်တူချစ်သူများ အကျိုးတွက် ကောင်းသောအရာများ စုပေါင်းလုပ်မယ်ဆိုရင် မခွဲမခြားပဲ ညီညွတ်ကြဖို့ ဒါမျိုးကို ပြောချင်တာပါ။ Entry သေချာရွေးတတ်ဖို့ လိုပါတယ်။

ကိုယ့်အနေနဲ့ လုပ်ချင်တာဆိုရင် အားလုံး ညီညီညွတ်ညွတ်လေးနဲ့ Society အဖွဲ့လေးတစ်ခု တည်ဆောက်ချင်ပါတယ်။ ပြီးရင် လူမှုရေး လုပ်ငန်းလေးတွေ လုပ်ချင်တယ်။ ဒီကနေ တဆင့်ပြီးတဆင့် ပတ်ဝန်းကျင်လူတွေရဲ့ အမြင်လေးတွေကို ပြောင်းလဲလာအောင် စွဲဆောင်ခေါ်ယူ သွားချင်ပါတယ်။

ကိုယ်တွေ လိင်တူချစ်သူတွေ ဘက်ကတော့ ဘာတွေ ရှောင်သင့်သလဲဆိုရင် အများသူငှာတွေ အထင်အမြင်သေးအောင် မနေဖို့။ အထင်အမြင်သေးတဲ့ အပြုအမူတွေကို မလုပ်ကြဖို့၊ ကိုယ့်ကိုမှ လက်ညှိုးထိုးချင်နေကြတဲ့ လူတွေကြားမှာ လက်ညှိုးထိုးစရာ မဖြစ်အောင်နေဖို့ လိုပါတယ်။

လိင်တူချစ်သူ မဟုတ်တဲ့ သူတွေကို ပြောချင်တာကတော့ ကိုယ်ချင်းစာစိတ် ထားကြပါ။ ကိုယ်က လူတဖက်သားကို စမယ်နောက်မယ်ဆိုရင် ငါသာ သူ့နေရာမှာဆိုရင် ဘယ်လိုနေမလဲ ဆိုတာ တွေးကြည့်ကြပါ။ လိင်တူချစ်သူဆိုတာ ရောဂါမဟုတ်ဘူး။ ဒါလဲ သဘာဝပဲ ဆိုတာကို လက်ခံပေးကြပါ။ အားလုံး အတူတူပဲဆိုတာ နားလည်ပေးကြပါလို့ ပြောချင်ပါတယ်။

ကိုယ်အားကျတဲ့ စံပြလိင်တူချစ်သူ တယောက်အကြောင်း ပြောပြပါလား။

အထင်ကြီးလေးစား အားကျတဲ့ သူတစ်ယောက်ကတော့ ကိုယ် အမေမျိုးလို့ခေါ်တဲ့ ကိုအောင်မျိုးမင်းပါပဲ။ အရမ်းအားကျတယ်။ အမေမျိုးလိုမျိုး လူတစ်ယောက် ဖြစ်ချင်တယ်။ အမေမျိုးက ခက်ခဲကြမ်းတမ်းမှုတွေ ကြားထဲကနေ ကြံကြံခံပြီး ယနေ့အချိန်အထိ နေရာတစ်နေရာမှာ မားမားမတ်မတ် ရပ်တည်နေနိုင်ပြီ။ လူ့အခွင့်အရေးနဲ့ ပတ်သက်တာရော လိင်တူချစ်သူတွေရဲ့ အခွင့်အရေးတွေနဲ့ ပတ်သက်တာတွေကို စံပြ လုပ်ဆောင်နိုင်ခဲ့တဲ့အတွက် နိုင်ငံတကာကပေးတဲ့ ဆုတွေဆိုလဲ အများကြီး ရထားတယ်။ အရမ်းကို အားကျပါတယ်။ အမေမျိုးလောက် မတော်ပေမယ့် ကိုယ့်စိတ်ထဲမှာလဲ အမေမျိုးလို လိင်တူချစ်သူများအတွက် တထောက်တနေရာကနေ အထောက်အပံ့ ပေးနိုင်မယ့် လူတစ်ယောက် ဖြစ်ချင်ပါတယ်။

သက်တံ့ရောင် မဂ္ဂဇင်းကနေတဆင့် လိင်တူချင်းချစ်တဲ့ သူတွေကို ဘာအမှာစကားများ ပါးချင်ပါသလဲ။

လိင်တူချစ်သူတွေမှာ အစွမ်းအစ တစ်ခုစီတော့ ကိုယ်စီရှိကြပါတယ်။ ကိုယ့်မှာ ဘာအရည်အချင်း ရှိသလဲ။ ဒီအရည်အချင်းကို သိအောင်လုပ်ပါ။ သိပြီဆိုရင် ဒီအရည်အချင်းကို အကောင်းဆုံးဖြစ်အောင် ဖေါ်ထုတ်ပါ။ လိင်တူချစ်သူ အများစုက အနုပညာပိုင်းမှာ အားသာကြပါတယ်။

ပြီးတော့ လူမှုရေးလုပ်ငန်းတွေ လုပ်ရာမှာလဲ စိတ်ဝင်စားကြတာ များပါတယ်။ ပြီးတော့ ဇွဲရှိတယ်။ ဥာဏ်ကောင်းကြတယ်။ တီထွင်ဖန်တီးနိုင်စွမ်း ရှိကြတယ်။ ကိုယ့်အစွမ်းအစကို မှန်ကန်တဲ့ ပတ်ဝန်းကျင် အသိုင်းအဝိုင်းမှာ အကောင်းဆုံး ဖေါ်ထုတ်နိုင်အောင် ကြိုးစားပါ။ ကိုယ်တို့ လိင်တူချစ်သူတွေကို အများပတ်ဝန်းကျင်က အထင်ကြီးလေးစား အားကျတဲ့ သူတွေဖြစ်အောင် ကြိုးစားကြပါလို့ ပြောချင်ပါတယ်။

အခုလို ကိုယ့်ရဲ့ဘ၀အကြောင်းတွေရော အတွေ့အကြုံတွေကိုပါ စိတ်ရှည်လက်ရှည်နဲ့ ဖြေကြားပေးသွားတဲ့ ကိုမျိုးကို သက်တံ့ရောင် အဖွဲ့မှ အထူးပဲ ကျေးဇူးတင်ရှိပါတယ်။

သက်တံ့ရောင်အယ်ဒီတာအဖွဲ့။ စက်တင်ဘာ ၁၃ရက်နေ့၊ ၂၀၁၁ခုနှစ်။

Copy from: www.coloursrainbow.com

No comments: