ဗုဒ္ဓနဲ့ လိင်တူ စုံမက်ခြင်း homosexuality အပေါ် အမြင်
......................................
IGCSE (International General Certificate of Secondary Education) မေးခွန်းထဲမှာ
ဘာသာတရားလေ့လာမှုပညာရပ်
(Religious Studies) အတွက် ထုတ်ထားတဲ့ နမူနာ sample မေးခွန်းတွေ ရှိပါတယ်။
အဲဒီမေးခွန်းတွေထဲက စိတ်ဝင်စားစရာမေးခွန်းတစ်ခုက လိင်တူအချင်းချင်း ချစ်ခင်စုံမက်မှု homosexuality နဲ့ပတ်သက်တဲ့မေးခွန်းတစ်ခုပါလာပါတယ်။
လိင်တူအချင်းချင်း ချစ်ခင်စုံမက်မှု homosexuality ကို ဘာသာတရားတွေက ဘယ်လို သဘောထားသလဲဆိုတဲ့မေးခွန်းပါပဲ။
ဒါကြောင့် IGCSE မေးခွန်းတွေကို လေ့လာရင် လူမှုအဖွဲ့အစည်းရဲ့ အရှိတရားနဲ့ ကိုးကွယ်မှုဘာသာတရားတွေရဲ့
ထိပ်တိုက်ကြုံတွေ့နေရတဲ့ ပြဿနာကို မီးမောင်းထိုးပြနေတာပါ။
၂၁ ရာစု လူ့အဖွဲ့အစည်းက ကိုးကွယ်မှု ဘာသာတရားဆိုတဲ့ စည်းဘောင်တစ်ခုကနေ နှိပ်ကွပ်ပစ်ပယ်လိုက်ခြင်းဟာ လူသားတစ်ဦးရဲ့ဖြစ်တည်ခွင့်တွေကိုပါ လျစ်လျူရှုရာရောက်စေသလား ဆိုတဲ့
စဥ်းစားမှုကို ဦးတည်ပါတယ်။
လူမှုအဖွဲ့အစည်းရဲ့ တည်ရှိမှုတွေနဲ့ ချိန်ကိုက်စဥ်းစားရမယ့် Critical question အဖြစ်တွေ့ရပါတယ်။
မေးခွန်းက
Explain why religious people have differing attitudes towards homosexuality.
(ဘာသာရေးသမားတွေက လိင်တူဆက်ဆံရေးအပေါ် မှာ မတူကွဲပြားတဲ့သဘောထားတွေ ဘာကြောင့်ရှိတယ်ဆိုတာ ရှင်းပြပါ)ပဲဖြစ်ပါတယ်။
ဒီမေးခွန်း က ရပ်တည်ချက်တွေကို ဘယ်လို အကြောင်းသင့်အကျိုးသင့် မျှတချင့်ချိန် justify လုပ်ဖြေရမယ့်
မေးခွန်းမျိုးမှာပါတယ်။
မေးခွန်းရဲ့ အသွားအလာကို ကြည့်ရင်
ဘာသာရေးသမားတွေရဲ့ ရှုထောင့်ကို တွေကို ဆန်းစစ်ခိုင်းတာပေါ်လွင်ပါတယ်။
မေးခွန်းကလည်း ကွဲပြားတဲ့သဘောထား ဘာကြောင့်ရှိရတယ်ဆိုတာ ရှင်းပြပါဆိုပြီး ယဥ်ယဥ်လေးနဲ့ မေးပါတယ်။
ဤနေရာမှာ ဘာသာတရား နဲ့ လူအဖွဲ့အစည်းကို ဘာတွေက ကန့်သတ်ခြားနားလိုက်သလဲဆိုတာကို ခွဲခြားစဥ်းစားသုံးသပ်စေခြင်းဖြစ်ပါတယ်။
မေးခွန်းကို အပိုင်းသုံးပိုင်းဆွဲထုတ်ကြည့်ရင်
၁။ ဘာသာရေးပုဂ္ဂိုလ်များ
(Religious people)
၂။ လိင်တူဆက်ဆံရေး
(Homosexuality)
၃။ ကွဲပြားတဲ့ သဘောထားများ
( differing attitudes)
ဆိုပြီးတွေ့ရမှာဖြစ်ပါတယ်။
ပထမဆုံးဆွေးနွေးရမှာက ဘာသာရေးပုဂ္ဂိုလ်များ (religious people) ကို ဆွေးနွေးရမယ်ထင်ပါတယ်။ ညာသာရေးပုဂ္ဂိုလ် ဆိုတာ ဘာသာရေး အဆုံးအမ တစ်ခုခုအောက်တွင် လိုက်နာကျင့်ကြံသူများ လို့ ပဲဖွင့်ဆိုရပါလိမ့်မယ်။
ဘာသာတရားအဆုံးအမ တွေက လိင်တူဆက်ဆံရေး အပေါ် ဘယ်လိုရှုမြင်သလဲ ဆိုတာနဲ့
ဘာသာရေးပုဂ္ဂိုလ်တွေက လိင်တူ ဆက်ဆံရေးအပေါ် ဘယ်လို မြင်သလဲဆိုတာပါကွဲခြားမြင်ရမယ်တူပါတယ်။
ဆိုလိုတာက ဓမ္မနဲ့လူပုဂ္ဂိုလ်ကို အရင်ခွဲခြားဖို့လိုပါတယ်။
ဓမ္မက လူတွေကို တပြေးညီဆက်ဆံတယ်ဆိုပေမဲ့
ဘာသာရေးပုဂ္ဂိုလ်တွေက တပြေးညီဆက်ဆံနိုင်စွမ်းရှိပါသလား ဆိုတာကိုပါ ဆင်ခြင်မိဖို့ပါပဲ။
ဒုတိယတစ်ချက်ဖြစ်တဲ့
လိင်တူဆက်ဆံမှု homosexuality
အပေါ်
ဘာသာရေးပုဂ္ဂိုလ်တွေအနေနဲ့ လက်မခံနိုင်တဲ့ ကိစ္စရပ်တစ်ခု အဖြစ် ဒီမေးခွန်းကို စတည်ဆောက်ထားပါတယ်။
ဒီမေးခွန်းဟာ ဘာသာရေးပုဂ္ဂိုလ်တွေရဲ့ အမြင်နဲ့သဘောထားတွေ ဘယ်လိုရှိတယ်ဆိုတာ ဆန်းစစ်စေတဲ့ မေးခွန်းတည်ဆောက်မှုပုံစံလို့ သုံးသပ်ပါတယ်။
ဘာသာရေးပုဂ္ဂိုလ်တွေရဲ့
ဖြစ်နိုင်ခြေ သဘောထားတွေကို ဆွဲထုတ်ကြည့်ရင်
၁။ သဘာဝတရားနဲ့ မလျော်ညီဆန့်ကျင်ဖောက်ပြန်လို့
၂။ ရွံ့မုန်း ထိတ်လန့်စရာကောင်းလို့
၃။ လူ့အဖွဲ့အစည်းရဲ့အများစုက လက်မခံလို့
၄။ ဘာသာတရားနဲ့ ဆန့်ကျင်သွေဖည်နေလို့
၅။ အစဥ်အလာလက်ခံမှုကနေဖောက်ပြန် သွေဖည်နေလို့ ဆိုတဲ့
အစသဖြင့် အချက်တွေကို ရပါတယ်။
အဲဒီအချက်တွေကနေ လူဖြစ်ခြင်းကို
လူတွေကပဲ ငြင်းပယ်မိနေသလို ဖြစ်နေသလားဆိုတာ အစဆွဲထုတ်စဥ်းစားခိုင်း တယ်လို့မြင်မိပါတယ်။
လိင်တူခြင်းချစ်ခင်စုံမက်မှု Homosexuality ဆိုတာ အကျင့်လား၊ လူလား ဆိုတာ ခွဲခြားဖို့ လိုလိမ့်မယ်ထင်ပါတယ်။
လိင်တူခြင်းချစ်ခင်စုံမက်မှုဆိုတာ လူ မဟုတ်ဘူး လူရဲ့ စိတ်နဲ့ဗီဇပေါ် ခိုအောင်းနေတဲ့ သဘာဝတစ်ခုပါ။
IGCSE က ဘာသာတရားတွေအပေါ်
ခြုံငုံမေးတာဖြစ်လို့
ဗုဒ္ဓဘာသာအနေနဲ့ လိင်တူခြင်းစုံမက်မှု homosexuality ကို ဘယ်လိုသဘောထားသလဲဆိုတာပါ။
ဗုဒ္ဓက လူ့အဖွဲ့အစည်းကို စဥ်းစာတဲ့အခါ
ကာယကံ ၃ ပါး
ဝစီကံ ၄ ပါး
မနောကံ ၃ ပါးပေါ်မှာပဲ ဆုံးဖြတ်ပါတယ်။
ဘာသာရေးပုဂ္ဂိုလ်ပဲဖြစ်ဖြစ်၊ လိင်တူစက်မက်သူပဲဖြစ်ဖြစ်၊ ဆင်းရဲသားပဲဖြစ်ဖြစ်
ချမ်းသာသူပဲဖြစ်ဖြစ်၊ အလုပ်ရှင်ပဲဖြစ်ဖြစ်၊ အလုပ်သမားပဲဖြစ်ဖြစ်
မကောင်းတာကို ကျူးလွန်ရင် မကောင်းတဲ့လူပါပဲ။
လိင်တူစုံမက်မှု homosexuality ကို
ဗုဒ္ဓက ပေတံ ၁၀ ခုနဲ့တိုင်းပါတယ်။
အဲဒီ လူမှုကျင့်ဝတ် ပေတံ (Social Morality Criteria) တွေကို ဘယ်မှာ တွေ့ရသလဲဆိုရင် မူလပဏ္ဏာသပါဠိတော်နဲ့ နိဒါနဝဂ္ဂသံယုတ် ပါဠိတော်မှာ ဒုစရိုက်တရား ၁၀-ပါး ဆိုပြီး တွေ့ရပါတယ်။
လိင်တူစုံမက်မှု homosexuality ဆိုတာ
(၁) သူ့အသတ်ကိုသတ်သလား
(၂) သူ့ဥစ္စာကို ခိုးယူတာလား၊
(၃) သူ့မယားကို သွားလာလွန်ကျူးတာလား ဆိုပြီး
အဲဒီသုံးပါးနဲ့ မကောင်းမှုကို ကိုယ်နဲ့ ပြုတဲ့ ကာယဒုစရိုက် ၃-ပါးနဲ့ ကျူးလွန်နေတာလားဆိုတာ ဆန်းစစ်ရပါမယ်။
နောက်ပြီး
(၄) မဟုတ် မမှန်တဲ့ စကားကို အမှန်အဟုတ် လို ပြောနေတာလား
(၅) သူနှစ်ယောက်တို့ရဲ့ အချစ်ကိုပျက်အောင် ကုန်းတိုက်နေတာလား
(၆) အကြမ်းအတမ်း ငေါက်ငမ်းဆဲရေးနေတာလား၊
(၇) အပေါ့အဖျင်း အနှစ်ကင်းတဲ့ စကားကို ပြောနေတာလား ဆိုပြီး
မကောင်းမှုကို နှုတ်ဖြင့်တဲ့ ဝစီဒုစရိုက် လေးပါးနဲ့ ဆန်းစစ်ရပါမယ်။
နောက်ပြီး
(၈) သူရဲ့ဥစ္စာကို ငါ့ဥစ္စာဖြစ်ရင် ကောင်းမှာပဲလို့ စိတ်ထဲမှာ အောက်မေ့နေသလား
(၉) သူတစ်ပါးကို ငြိုးထား ရန်မက် နှိပ်စက်ရအောင် စိတ်ကကြံဆောင်နေတာလား၊
(၁၀) ဝိပ္ပလ္လာသ အမြင်တွေနဲ့ စိတ်ထား အယူမှားနေတာလားဆိုပြီးလည်း
မကောင်းမှုကို စိတ်နဲ့ ကြံစည်တဲ့ မနောဒုစရိုက် ၃-ပါးကို ကျူးလွန်နေတာ လားဆိုတာ သုံးသပ်ဆုံးဖြတ်ဖို့လိုပါတယ်။
ဗုဒ္ဓဘာသာက ဓမ္မအပေါ် ပဲရပ်တည်ပညတယ်။ လူပုဂ္ဂိုလ်တွေအပေါ်မှာမျက်နှာမလိုက်ထားပါဘူး။
အပေါ်က ဒုစရိုက် ၁၀ ပါးဟာ လူ့အဖွဲ့အစည်းရဲ့ တည်ငြိမ်တဲ့ ဟန်ချကိကို ပျက်ယွင်းစေပါတယ်။
လိင်တူစုံမက်ခြင်း homosexuality က
လူ့အဖွဲ့အစည်းရဲ့ တည်ငြိမ်မှုဟန်ချက်ကို ပျက်ယွင်းစေတယ်ဆိုရင် ဗုဒ္ဓဘာသာက
ဒုစရိုက်လို့သတ်မှတ်ပါတယ်။
ဗုဒ္ဓဘာသာက လူတစ်ယောက်ရဲ့လွတ်လပ်စွာ ဖြစ်တည်ခွင့်ကို ကန့်သတ်နေတာမဟုတ်ဘူး။ ကိုယ်ကျင့်တရားဖောက်ဖျက်မှုကိုသာ ဒုစရိုက်လို့ သတ်မှတ်တာဖြစ်ပါတယ်။
IGCSE မေးခွန်းကို ပြန်ကောက်ရရင်
ဘာသာရေးပုဂ္ဂိုလ်တွေက လိင်စုံမက်မှုကို ဘယ်လိုသဘောထားသလဲဆိုရင်
ဒုစရိုက် ၁၀ ပါးနဲ့ ညီမညီ ဆုံးဖြတ်သဘောထားသင့်တယ်လို့ သာဖြေရပါမယ်။
ဒုစရိုက် ၁၀ ပါးရှုထောင့်အရကြည့်ရင်
လိင်တူစုံမက်ခြင်း homosexuality ကို သီးသန့်ကန့်သတ်ထားတဲ့ ဥပဒေမျိုး
ဗုဒ္ဓ ဘာသာကနေ ထုတ်မထားဘူးဆိုတာပါပဲ။
ဗုဒ္ဓဝါဒအရ အကုသိုလ်ကံအရ ဖြစ်လာတဲ့ ဝဋ်ခန္ဓာကိုယ်ကို နည်းလမ်းမှန်တဲ့ညလမ်းညွန်မှုမပေးပဲ ပစ်ပယ် ကန့်သတ်လိုက်မှာလားဆိုတာပါပဲ။
ခန္ဓာကိုယ်တည်ဆောက်ပုံကိုပဲကြည့်ပြီး လူ့အဖွဲ့အစည်းကနေ ပစ်ပယ်လိုက်တဲ့အရာရော လူ့အဖွဲ့အစည်းတရားမျှတမှု(social justice )ကို ဘယ်လောက်တောင်ချိုးဖောက်လိုက်တာလဲ ဆိုတာပါ
ထည့်သွင်းစဥ်းစားဖို့ပါ။
ဗုဒ္ဓက လူရဲ့ဖြစ်တည်ခွင့်တွေကို ပယ်မြစ်ကန့်သတ်ဖို့ဆိုတဲ့ အချက်ကနေ မသွားဘဲ အကျင့်သီလတည်ဆောက်မှု အပိုင်း ကသာ လူရဲ့ဖြစ်တည်ခွင့်ကို ချဥ်းကပ်တာတွေ့ရပါတယ်။
ဒါကြောင့် လူပုဂ္ဂိုလ် နဲ့ အကျင့်သီလကို ကွဲဖို့လိုပါလိမ့်မယ်။
ဘယ်လူပုဂ္ဂိုလ်ပဲ ဖြစ်ဖြစ် အကျင့်သီလဖောက်ပြန်ရင် ဒုစရိုက်သမားပါပဲ။
လိင်တူစုံမက်ခြင်း homosexuality က
အထက်က ဖော်ပြထားတဲ့ ဒုစရိုက်တစ်ခုခုကိုသာဖောက်ဖျက်ရင်
ဓုစရိုက်သမားပါပဲ။
ဘာမှ မဖောက်ဖျက်သေးရင်တော့ သူ့ကို ဒုစရိုက် သမားလို့တော့ စွပ်စွဲခွင့် မရှိပါဘူး။
လိင်တူစုံမက်စိတ်ရှိပေမဲ့ အဲဒီဒုစရိုက် ၁၀ ပါးတွေကိုသာ မကျူးလွန်ပဲ
ကိုယ်ကျင့်တရားကို ထိန်းသိမ်းထားတယ်ဆိုရင် အပြစ်တင်စွပ်စွဲခွင့်မရှိပါဘူး။
ဓမ္မပေတံအရ homoseuality ဆိူတဲ့ အဲဒီမေးခွန်း ကို ဖြေကြည့် ရင် အကျင့်သီလအထိုင်ပေါ်မှာသာ ဗုဒ္ဓကရပ်တည်ထားခြင်းဖြစ်ပြီး လူပုဂ္ဂိုလ် အသွင်သဏ္ဌာန်များပေါ်မှာ မရပ်တည်ထားကြောင်း အဖြေထွက်ပါတယ်။
အကျင့်သီလနဲ့လူကို ခွဲခြားမြင်ပြီး
လူ့အဖွဲ့အစည်းရဲ့ တည်ငြိမ်တဲ့ ဟန်ချက်ကို အကျိုးသင့်အကြောင်းသင့် ညီညွှတ်မျှတစွာ ဆုံးဖြတ်ခြင်း သာ
ဗုဒ္ဓဝါဒဖြစ်ကြောင်း ဆွေးနွေးပါတယ်။
လူကို လူလိုသာမြင်၍
ကိုယ်ကျင့်တရားကို ကိုယ်ကျင့်တရားဟု သာ ခွဲခြားမြင်နိုင်ပါစေ မေတ္တာရည်လျက်။
အာကာမိုးသူ
၁၀း၃၇ ည
၁၇.၉.၂၀၂၀ အိမ်



No comments:
Post a Comment