Showing posts with label opinions. Show all posts
Showing posts with label opinions. Show all posts

Wednesday, September 2, 2026

လိင်တူချစ်သူတို့ရဲ့ စိတ်ကူးယဉ်ကမ္ဘာကို အာဏာသုံးဖျောက်ဖျက်ပစ်နိုင်လား

 

LGBTQ+ ချစ်ဇာတ်လမ်း - မြန်မာက လိင်တူချစ်သူတို့ရဲ့ စိတ်ကူးယဉ်ကမ္ဘာကို အာဏာသုံးဖျောက်ဖျက်ပစ်နိုင်လား

ရေးသားခဲ့သည်။
ဖတ်ရန်အချိန်: မိနစ် ၆



လိင်တူချစ်သူတွေရဲ့ အချစ်ဇာတ်လမ်းတွေကို စာအုပ်တွေအဖြစ် ဖန်တီးဖော်ပြခွင့်ကို နေပြည်တော်အစိုးရအာဏာပိုင်တွေက ပိတ်ပင်ကန့်သတ်လာပါတယ်။

လိင်တူအချစ်ဇာတ်လမ်းတွေ ပါဝင်တဲ့ စာအုပ်တွေဟာ မြန်မာ့ယဉ်ကျေးမှုနဲ့ မကိုက်ညီတာ၊ထုတ်ဝေခွင့် မှတ်ပုံတင်မရှိတာဆိုတဲ့ အကြောင်းပြချက်တွေနဲ့ အဲဒီစာအုပ်တွေကို ရောင်းချနေတဲ့ Facebook စာမျက်နှာ ကိုးခုကို တရားမဝင်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ကြေညာခဲ့ပါတယ်။

ဒါဟာ စာအုပ်တွေ၊ ထုတ်ဝေသူတွေနဲ့ အွန်လိုင်းစာမျက်နှာတွေကို ထိန်းချုပ်ဖို့ ကြိုးပမ်းတာထက် လူတစ်ဦးချင်းစီရဲ့ စိတ်ခံစားချက်နဲ့ လိင်စိတ်တိမ်းညွတ်မှုကို ထိန်းချုပ်လာတာဆိုတဲ့ ဝေဖန်ချက်တွေရှိလာပါတယ်။

LGBTQ+ လူငယ်အသိုင်းအဝိုင်းကတော့ စာအုပ်တွေကို ဖျောက်ဖျက်တာ၊ ဖြန့်ချိခွင့်ကန့်သတ်လိုက်ရုံနဲ့ လူတွေရဲ့ သဘာဝအတိုင်း ဖြစ်တည်လာတဲ့ လိင်စိတ်တိမ်းညွတ်မှုကို ဖျောက်ဖျက်နိုင်မှာ မဟုတ်ဘူးလို့ ပြောလာကြပါတယ်။

Wattpad ထဲက လိင်တူချစ်သူတွေရဲ့ကမ္ဘာ

LGBTQ+ အသိုင်းအဝိုင်းကတော့ ပြန်ကြားရေးဝန်ကြီးဌာနရဲ့ BL/GL စာအုပ်တွေ၊ ဇာတ်လမ်းတွေကို ထိန်းချုပ်ဖို့ ကြိုးပမ်းလာမှုရဲ့ နောက်ခံဟာ Wattpad လို့ခေါ်တဲ့ အွန်လိုင်းစာရေး၊ စာဖတ်ပလက်ဖောင်းပေါ်က စာရေးသူချင်းအငြင်းပွားမှုတွေကြောင့်လို့ ပြောဆိုကြပါတယ်။

BL ဆိုတာ (Boys' Love) အမျိုးသားနှစ်ဦးကြားနဲ့ GL (Girls' Love) ကတော့ အမျိုးသမီးနှစ်ဦးကြား တွေက အချစ်ရေးကို ဆိုလိုပါတယ်။ BL/GL စာအုပ်တွေနဲ့ ဇာတ်လမ်းတွေကတော့ သူတို့ကြားက ရိုမန်တစ်ဆန်တဲ့ ဆက်ဆံရေး ကို အဓိကထားဖော်ကျူးထားကြတာဖြစ်ပါတယ်။

အဲဒီဇာတ်လမ်းတွေက Wattpad ဆိုတဲ့ ဒစ်ဂျစ်တယ်ပလက်ဖောင်းပေါ် မှာရေပန်းစားပြီး အသုံးပြုသူအများအပြားက ဆယ်ကျော်သက်လူငယ်တွေနဲ့ အသက် ၂၀ နဲ့ ၃၅ ကြားလူငယ်၊လူလတ်ပိုင်းတွေဖြစ်ပါတယ်။

Wattpad အပလီကေးရှင်းဟာ အသုံးပြုသူတွေက ကိုယ်ပိုင်အကောင့်ဖွင့်ပြီး ဝတ္ထု၊ ကဗျာနဲ့ စိတ်ကူးယဉ်ဇာတ်လမ်းတွေကို ကိုယ်တိုင်ရေးသားပြီး အခြားသူတွေနဲ့ မျှဝေနိုင်တဲ့ ပလက်ဖောင်းတစ်ခုပါ။ အထူးသဖြင့် လိင်စိတ်ခံယူမှုကွဲပြားသူတွေရဲ့ အချစ်ဝတ္ထုတွေ၊ စိတ်ကူးစိတ်သန်းတွေကို လွတ်လွတ်လပ်လပ် ဖော်ပြကြတဲ့ နေရာဖြစ်ပါတယ်။


LGBT ကို ရာနှုန်းပြည့်လက်မခံသေးတဲ့ မြန်မာမှာ Wattpad ဟာ သူတို့ရဲ့ ဖြစ်တည်မှုနဲ့စိတ်ခံစားချက် အတွက် လုံခြုံမှုရနိုင်တဲ့တစ်ခုတည်းသော ဆိုရှယ်ပလက်ဖောင်းတစ်ခုဖြစ်တယ်လို့ LGBT အသိုင်းအဝိုင်းက ပြောပါတယ်။


၂၀၁၀ ပြည့်လွန်နှစ်တွေကစပြီး မြန်မာ LGBTQ+ အသိုင်းအဝိုင်းအကြား Wattpad အသုံးပြုမှု ပိုတွင်ကျယ်လာပြီး အသုံးပြုသူတချို့ဟာ သူတို့ရဲ့ စိတ်ကူးယဉ် လိင်တူအချစ်ဇာတ်လမ်းတွေ၊ ကဗျာတွေ ရေးရင်း LGBT စာဖတ်ပရိတ်သတ်တွေအကြားမှာ လူသိများတဲ့ စာရေးသူတွေ ဖြစ်လာကြတယ်လို့ ဆိုပါတယ်။


"အဲဒီမှာ ကိုယ့်အကောင့်ကိုယ်ဖွင့်ပြီး စတိုရီတွေ ဝတ္တုတွေရေးလို့ရတယ်။ တဖြည်းဖြည်းနဲ့ follower တွေ၊ ပရိသတ်တွေ များလာရင် Wattpad ကနေ ပိုက်ဆံပြန်ရတာတွေရှိတယ်" လို့ ရန်ကုန်မြို့မှာ နေထိုင်တဲ့ အမျိုးသားချင်းစိတ်တိမ်းညွတ်တဲ့ လိင်တူချစ်သူ တစ်ဦးက ပြောပါတယ်။


ဒါအပြင် Wattpad အပလီကေးရှင်းမှာ အီလက်ထရောနစ်စာအုပ် (ebook) ပုံစံမျိုးလည်းရှိနေပါတယ်။ ဇာတ်လမ်းအမျိုးအစားတွေကတော့ သာမန်ရိုးကျအချစ်ဇာတ်လမ်း၊ ကမ္ဘာကျော် မင်းသမီး၊ မင်းသားတွေကို စိတ်ကူးယဉ်ရေးသားတဲ့ လိင်တူအချစ်ဇာတ်လမ်း နဲ့ လိင်ပိုင်းဆိုင်ရာဇာတ်လမ်းတွေဆိုပြီး ကွဲပြားကြပါတယ်။


"အဲဒီမှာ ကျွန်တော်က လိင်တူအချစ်ဇာတ်လမ်းတွေဖတ်ရတာကြိုက်တယ်။ ဖတ်ပြီးရင် ထိုင်ရာက မထချင်လောက်အောင်ကို စွဲလမ်းကြိုက်သွားတာ" လို့ လိင်တူချစ်သူ အမျိုးသား တစ်ဦးကပြောပါတယ်။

ဘယ်နိုင်ငံတွေမှာ လိင်တူကြိုက်တာ တရားမဝင်သတ်မှတ်ထားသလဲ

တချို့ စာအုပ်တွေဆိုရင် ဖတ်ရှုသူ ၁၅ သန်းကျော်တဲ့ အထိ ရှိပါတယ်။ ဒါဟာ စီးပွားရေးဈေးကွက်တစ်ခုလို ဖြစ်လာပြီး စာရေးသူတွေကြား ပြိုင်ဆိုင်မှုတွေလည်း ပိုပြီးပြင်းထန်လာခဲ့တယ်လို့ ဘီဘီစီက မေးမြန်းခဲ့သူတွေက ပြောပါတယ်။


LGBTQ+ စာရေးသူတွေအတွက် Wattpad လို ပလက်ဖောင်းတွေဟာ စိတ်ကူးယဉ်ဇာတ်လမ်းတွေ ရေးသားဖို့ နေရာတစ်ခုထက်ပိုတယ်လို့ လိင်တူချစ်သူစာဖတ်သူတွေက ခုခံပြောဆိုကြပါတယ်။


လူမှုအသိုင်းအဝိုင်းအတွင်း ကိုယ့်ဖြစ်တည်မှုကို အပြည့်အဝ ဖော်ပြဖို့ အခက်အခဲတွေရှိနေချိန်မှာ ကိုယ့်လိုလူတွေရဲ့ ဇာတ်လမ်းတွေကို ဖတ်ရှုနိုင်ခြင်း၊ ကိုယ့်ရဲ့ အချစ်နဲ့ စိတ်ကူးတွေကို စာသားအဖြစ် ဖန်တီးနိုင်ခြင်းဟာ သူတို့အတွက် ကိုယ်ပိုင်ကမ္ဘာတစ်ခု ဖန်တီးနိုင်ခြင်းလည်း ဖြစ်တယ်လို့ ပြောကြပါတယ်။


အခု အာဏာပိုင်တွေက လိင်တူအချစ်ဇာတ်လမ်းစာအုပ်တွေကို ထိန်းချုပ်လာတာကြောင့် ''စာအုပ်တွေကို ဖျောက်ဖျက်နိုင်ရင် စာရေးသူတွေရဲ့ စိတ်ကူးတွေနဲ့ လိင်တူချစ်သူတွေရဲ့ ဖြစ်တည်မှုကိုပါ ဖျောက်ဖျက်နိုင်မှာလား'' လို့ လိင်တူချစ်သူတွေက မေးခွန်းထုတ်ကြပါတယ်။


အခု ပြန်ကြားရေးဝန်ကြီးဌာနက အရေးယူဖို့ ပြင်လာတဲ့ နောက်ကွယ်မှာ လိင်တူချစ်သူဇာတ်လမ်းတွေကိုရေးတဲ့ စာရေးသူတစ်ယောက်က နောက်ထပ်စာရေးသူတစ်ယောက်ကို တိုင်ကြားခဲ့တဲ့ အမှုကြောင့် ဖြစ်တယ်လို့ LGBT အသိုင်းအဝိုင်းက ပြောပါတယ်။


"စာရေးသူတစ်ယောက်က သူ့စာတွေခိုးချခံရပါတယ်ဆိုပြီး ပြန်ကြားရေးကို သွားတိုင်လိုက်တယ်။ တခြားစာရေးသူတစ်ယောက်က သူ့စာတွေကို ကူးယူတယ်။ စု၊ တု၊ ပြု လုပ်တယ်ပေါ့။ အဲဒီလိုနဲ့ စာရေးသူချင်း ပြဿနာတွေဖြစ်ကြတာ" လို့ ရန်ကုန်မြို့က အမျိုးသားလိင်စိတ်တိမ်းညွတ်နေသူတစ်ဦး က ပြောပါတယ်။


တိုင်ကြားခဲ့သူကိုယ်တိုင်ကလည်း တခြားစာရေးသူတစ်ဦးက သူ့စာတွေကို ကူးယူဖော်ပြခဲ့တာကြောင့် ပြန်ကြားရေးဝန်ကြီးဌာနကို တိုင်ကြားခဲ့တယ်လို့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားပါတယ်။


အဲဒီတိုင်ကြားချက်ထဲမှာ ညစ်ညမ်းစာပေတွေကို တရားဝင်ခွင့်ပြုချက်လိုင်စင်မရှိဘဲ စီးပွားဖြစ်ပုံနှိပ်ရောင်းချနေတယ်ဆိုတဲ့ အချက်လည်းပါဝင်တယ်လို့ သိရှိရပါတယ်။


၃၇၇(က)- လိင်တူလက်ထပ်ခွင့်တောင်းဆိုမှုက စင်ကာပူ LGBT အခွင့်အရေး စစ်မျက်နှာသစ်ဖြစ်လာ

ဒီဖြစ်စဥ်တွေနောက် ဩဂုတ် ၂၈ ရက်မှာ တော့ ပြန်ကြားရေးဝန်ကြီးဌာနက လိင်တူချင်းချစ်ကြိုက်တဲ့ BL (Boys' Love) ၊ GL (Girls' Love) စာအုပ်တွေ ထုတ်ဝေတဲ့ ဖေ့စ်ဘုတ်စာမျက်နှာ ၉ ခု ကို တရားမဝင်အဖြစ် ကြေညာခဲ့ပါတယ်။


အဲဒီစာမျက်နှာတွေကတော့ ရွှေအိမ်စာပေ၊ ဆူးခေတ်စာပေ၊ Chi စာပေ၊ ဘဝထက်စာပေ၊ ဧရိပ်-A Yeik၊ Alora Eleven Book House၊ Libra Book Shop(Chuu Sein)၊ နွေဦးကံ့ကော်စာအုပ်ဆိုင်နဲ့ Z For Zodiac တို့ဖြစ်ပါတယ်။


Chi စာပေကတော့ သူတို့ရဲ့ နောက်ဆုံးထုတ်ဝေတဲ့ BL စာအုပ်ကို ပုံနှိပ်စက်က ဆက်မရိုက်နှိပ်ပေးတော့ကြောင်း လူမှုကွန်ရက်မှာ ကြေညာထားပါတယ်။


ပြန်ကြားရေးဝန်ကြီးဌာနကတော့ ထုတ်ဝေသူဟာ သူထုတ်လုပ်တဲ့ စာကို မှတ်ပုံတင်စာရင်းပေးသွင်းတာ၊ မူပိုင်ခွင့်အတွက် ဝန်ကြီးဌာနကို ပေးပို့ရမယ်ဆိုတဲ့ ပုံနှိပ်ခြင်း၊ ထုတ်ဝေခြင်း လုပ်ငန်းဥပဒေ ပုဒ်မ (၁၁) ပါ ပြဋ္ဌာန်းချက်တွေကို ချိုးဖောက်ခဲ့တယ်လို့ ပြောထားပါတယ်။


ပုဒ်မ (၁၅) ပါ သက်ဆိုင်ရာလုပ်ငန်းအသိအမှတ်ပြုလက်မှတ်မရှိဘဲ ပုံနှိပ်ခြင်း၊ ထုတ်ဝေခြင်း တားမြစ်ချက်ကိုလည်း ချိုးဖောက်ခဲ့တယ်လို့ ဆိုပါတယ်။


ဒါအပြင် Facebook၊ Tiktok၊ Telegram တို့မှာလည်း လိင်တူအချစ်စာအုပ်ထုတ်ဝေမှုတွေကို စောင့်ကြည့်နေတယ်လို့ အာဏာပိုင်တွေကကြေညာပါတယ်။


ပြန်ကြားရေးဝန်ကြီးဌာနက စောင့်ကြည့် အရေးယူနေတယ်ဆိုပေမဲ့ Wattpad လို အက်ပလီကေးရှင်းမှာတော့ BL ၊ GL စာအုပ်တွေကို ဆက်ပြီးဖတ်ရှုနိုင်သေးတယ်လို့ စာဖတ်သူတွေက ပြောပါတယ်။


မြန်မာ့အယူအဆနဲ့ တစ်သက်နှစ်ဘဝ

ရှေးရိုးစွဲ မြန်မာ့လူမှုအသိုင်းအဝိုင်းမှာတော့ အခုဘဝ လိင်စိတ်ကွဲပြားခံယူသူတွေဟာ အတိတ်ဘဝတစ်ခုခုက ပြုခဲ့တဲ့ မကောင်းမှု အကုသိုလ်ကံရဲ့ အကျိုးဆက်ကြောင့်လို့ ယူဆယိုးစွပ်ကြလေ့ရှိပါတယ်။


တကယ်တော့ LGBTQ+ အသိုင်းအဝိုင်းက လူတွေဟာ သူတို့ရှင်သန်နေတဲ့ တစ်သက်တာမှာ မတူညီတဲ့ လူနေမှုဘဝနှစ်ခု နဲ့ ဖြတ်သန်းနေကြရတာပါ။


ဘီဘီစီက မေးမြန်းခဲ့တဲ့ လိင်စိတ်ခံယူမှုကွဲပြားသူအချို့ကတော့ "တန်ဆေး လွန်ဘေး" ဖြစ်စေနိုင်တဲ့ ညစ်ညမ်းစာပေတွေအပေါ် အရေးယူပိတ်ပင်တာကို လက်ခံတယ်လို့ ပြောပါတယ်။


ဒါပေမဲ့ အာဏာပိုင်တွေအနေနဲ့ လိင်စိတ်ခံယူမှုနဲ့ ဖြစ်တည်မှုကို ညစ်ညမ်းစာပေနဲ့ ပုံမှားရိုက်ပြောဆိုတာ၊ LGBTQ+ အသိုင်းအဝိုင်းတစ်ခုလုံးကို အရှက်ရစေတဲ့ ပုံစံနဲ့ ဖော်ပြတာတွေကိုတော့ လက်မခံနိုင်ဘူးလို့ဆိုပါတယ်။


ပြန်ကြားရေးဝန်ကြီးဌာနရဲ့ ကြေညာချက်မှာတော့ BL (Boys' Love) နဲ့ GL (Girls' Love) စာအုပ်တွေဟာ ''မြန်မာ့ယဉ်ကျေးမှုနဲ့ မကိုက်ညီဘဲ" လူငယ်တွေရဲ့ အတွေးအခေါ်၊ မျှော်မြင်မှုနဲ့ ခံစားချက်တွေကို လွဲမှားစေနိုင်တယ်လို့ ဖော်ပြထားပါတယ်။


"မြန်မာ့ယဉ်ကျေးမှုနဲ့ မကိုက်ညီဘူးဆိုတဲ့ အသုံးအနှုန်းက အစ်မအတွက် sensitive ဖြစ်တယ်။ ဘာလို့ဆိုရင် ၂၀၂၆ ခုနှစ်မှာ နိုင်ငံတော်တော်များများက LGBT နဲ့ ပတ်သက်ပြီး လက်ခံကြတယ်။ လက်မခံတဲ့နိုင်ငံတွေမှာတောင် လွတ်လပ်ခွင့်ပေးထားတယ်။ တချို့နိုင်ငံတွေဆို တရားဝင်လက်ထပ်ခွင့်တွေအထိ လုပ်လာကြတဲ့အချိန်မှာ အစ်မတို့က အဲဒါမျိုးတွေ တစ်ခုမှမရှိတဲ့အပြင် တဖြည်းဖြည်းနဲ့ ဆုတ်ယုတ်လာတယ်" လို့ အမျိုးသားလိင်စိတ်တိမ်းညွတ်နေသူ(အရပ်အခေါ် ယောက်ျားလျာ) တစ်ဦးကပြောပါတယ်။


အခုလို BL နဲ့ GL စာအုပ်တွေကို ပိတ်ပင်ကန့်သတ်တာဟာ အစိုးရက လိင်စိတ်ခံယူမှုကွဲပြားသူတွေအပေါ် ခွဲခြားဆက်ဆံမှုတွေ ပိုပြီးလုပ်ဆောင်လာနေပြီဆိုတဲ့ ပြယုဂ်တစ်ခုလို့ သူက ဆိုပါတယ်။


နာမည်ကြီး မင်းသား၊ မင်းသမီးတွေကို မိတ်ကပ်ပြင်ဆင်ပေးနေတဲ့ အမည်မဖော်လိုတဲ့နာမည်ကြီး မိတ်ကပ်ပညာရှင်တစ်ဦးကလည်း လိင်တူချစ်ခြင်းကို ဖော်ပြတဲ့ အနုပညာလက်ရာတွေအပေါ် ဆင်ဆာကန့်သတ်မှုတွေ ရှိနေတာကို လက်မခံဘူးလို့ ဆိုပါတယ်။


"အခုက ဇာတ်ကားတွေမှာ အခြောက်နဲ့ ယောကျ်ားကြိုက်တာကို ဆင်ဆာကလည်း ခွင့်မပြုဘူးဖြစ်နေတယ်။ နည်းနည်းလေး ချစ်ပြ၊ ကြိုက်ပြတာကို ရေးလို့လည်းမရ၊ ရိုက်လို့လည်းမရဘူးဆိုရင်တော့ ပြောစရာစကားကို မရှိတော့ပါဘူး။ ဒီလိုမျိုး စာအုပ်ထုတ်လိုက်လို့လည်း ယဉ်ကျေးမှုက ပျက်သွားမှာမဟုတ်ပါဘူး" လို့ သူက ပြောပါတယ်။


ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာနေထိုင်တဲ့ အမျိုးသမီးလိင်စိတ်ခံယူထားတဲ့လူငယ်တစ်ဦးကလည်း ပြန်ကြားရေးဝန်ကြီးဌာနရဲ့ ကြေညာချက်က ဖိုဝါဒကြီးစိုးမှုလို့ သူ့အမြင်ကိုပြောပါတယ်။


"ဖိုဝါဒ ကြီးစိုးတဲ့ သူတွေကပဲ ဆုံးဖြတ်၊ ဖိုဝါဒကြီးစိုးတဲ့သူတွေကပဲ ဦးဆောင်နေတဲ့ အခါကြတော့ အမျိုးသမီးတွေကို ဦးစားပေးမှု၊ လူနည်းစု LGBT တွေကို ဦးစားပေးမှုတွေက ပျောက် ပျောက်လာတယ်" လို့ သူကဆိုပါတယ်။

အိမ်နီးချင်းနိုင်ငံတွေက LGBTQ+ စာပေ

မြန်မာ့အိမ်နီးချင်းနိုင်ငံတွေမှာ LGBTQ+ အကြောင်းအရာပါတဲ့ စာပေတွေအပေါ် ချဥ်းကပ်ပုံက မတူညီကြပါဘူး။

ထိုင်းနိုင်ငံမှာ BL နဲ့ GL ဝတ္ထုတွေဟာ အွန်လိုင်းစာပေကနေ ပုံနှိပ်စာအုပ်၊ ရုပ်သံဇာတ်လမ်းတွဲနဲ့ နိုင်ငံတကာဖျော်ဖြေရေးဈေးကွက်အထိ ရောက်ရှိလာပြီး ဝင်ငွေအားကောင်းတဲ့ ဖျော်ဖြေရေးလုပ်ငန်းအဖြစ် ဖွံ့ဖြိုးလာသလို အစိုးရကခွင့်ပြုထားပါတယ်။

အိန္ဒိယမှာလည်း လိင်တူချစ်ခြင်းနဲ့ queer (LGBTQ+ ဆိုင်ရာစာပေ) စာပေသမိုင်းရှည်ရှိပြီး ခေတ်သစ် ထုတ်ဝေရေးလောကမှာ LGBTQ+ စာရေးသူတွေရဲ့ ဝတ္ထု၊ ကိုယ်ရေးမှတ်တမ်းနဲ့ ကဗျာတွေကို ထုတ်ဝေမှု ပိုမိုမြင်သာလာပါတယ်။

ဘင်္ဂလားဒေ့ရှ်မှာတော့ queer စာရေးသူတွေရဲ့ စာပေဖန်တီးမှုတွေ ရှိနေဆဲဖြစ်ပေမဲ့ လူမှုရေးဖိအားတွေနဲ့ ကိုယ့်ကိုယ်ကိုယ် ကန့်သတ်ရေးသားရတဲ့ အခြေအနေတွေ ရှိနေပါတယ်။

တရုတ်နိုင်ငံမှာတော့ အမျိုးသားနှစ်ဦးကြား အချစ်ဇာတ်လမ်းတွေကို အဓိကထားတဲ့ danmei စာပေဟာ အွန်လိုင်းမှာ ကြီးမားတဲ့ စာပေလှိုင်းတစ်ခု ဖြစ်လာခဲ့ပေမဲ့ အာဏာပိုင်တွေရဲ့ ဆင်ဆာထိန်းချုပ်မှုကြောင့် စာရေးသူတွေနဲ့ အွန်လိုင်းပလက်ဖောင်းတွေဟာ အကြောင်းအရာတွေကို ကန့်သတ်တာ၊ ဖယ်ရှားတာနဲ့ ကိုယ်တိုင် ဆင်ဆာလုပ်ရတာတွေ ရှိလာခဲ့ပါတယ်။

ဒါကြောင့် ဒေသတွင်းအခြေအနေတွေကို ကြည့်ရင် LGBTQ+ စာပေကို လက်ခံပုံနဲ့ ထိန်းချုပ်ပုံက နိုင်ငံတစ်နိုင်ငံနဲ့ တစ်နိုင်ငံ မတူညီကြပါဘူး။

တချို့နိုင်ငံတွေမှာ ဒီလိုစာပေတွေဟာ စီးပွားရေးနဲ့ ယဉ်ကျေးမှုဆိုင်ရာ အစိတ်အပိုင်းတစ်ခုအဖြစ် ပိုမိုမြင်သာလာနေချိန်မှာ တချို့နိုင်ငံတွေမှာတော့ ဆင်ဆာထိန်းချုပ်မှုနဲ့ လူမှုရေးဖိအားတွေကြားမှာ ဆက်လက်ဖန်တီးနေကြပါတယ်။


မူလဘူတရေးသားတင်ဆက်သူ - BBC Burmese 

အပြည့်အစုံ ဖတ်ရှုရန် - https://bbc.in/4gu2aFI 




Friday, August 21, 2026

ကြုံဆုံရသော မေးခွန်းအချို့

 ဘာလို့ အခုချိန်ထိ Coming out မလုပ်သေးတာလဲ? 




LGBTQ+ တော်တော်များများ ကြုံတွေ့ဖူးတဲ့ မေးခွန်းတွေပါ။ ဒါပေမယ့် လူတစ်ယောက်အတွက် Coming out ဆိုတာ ရိုးရိုးလေး ပြောလိုက်ရုံ နဲ့ ပြီးသွားတဲ့အရာမဟုတ်ပါဘူး။


Coming out ဆိုတာကိုယ့်ရဲ့ လိင်စိတ်တိမ်းညွှတ်မှု ဒါမှမဟုတ် လိင်ဝိသေသခံယူမှုကို တခြားသူတွေကို မျှဝေပြောပြဖို့ ဆုံးဖြတ်တာပဲဖြစ်ပါတယ်။ ဒီဆုံးဖြတ်ချက်ဟာ တစ်ဦးနဲ့တစ်ဦး မတူညီနိုင်ပါ။ တချို့လူတွေအတွက် Coming out လုပ်တာဟာ လွတ်မြောက်သလို ခံစားရစေနိုင်

သလို ကိုယ့်ကိုယ်ကိုယ် ဖုံးကွယ်မထားတော့စိတ်ပေါ့ပါးကာ လွတ်လပ်စွာနေထိုင်လို့ရသွားပါတယ်။


သို့သော် တချို့သူတွေအတွက်တော့ ကြုံတွေ့လာနိုင်တဲ့ အတားဆီးစိန်ခေါ်မှုတွေကို  ရင်ဆိုင်ရမှာအဆင့်သင့်မဖြစ်သေးတဲ့ အချိန်ဆိုတာရှိတတ်ပါတယ်။ Coming out လုပ်ပြီးနောက် မိသားစုက လက်မခံတာမျိုး သူငယ်ချင်းတွေရဲ့ ဆက်ဆံပုံဟာရုတ်ချည်းပြောင်းသွားတာမျိုး ကျောင်း၊ အလုပ်၊ ဒါမှမဟုတ် နေထိုင်တဲ့ပတ်ဝန်းကျင်မှာ ခွဲခြားဆက်ဆံခံရတာမျိုးတွေကြုံတွေရနိုင်ပါတယ်။ ဒါကြောင့် Coming out မလုပ်သေးဘူးဆိုတာ သူ့မှာ သတ္တိမရှိလို့ မဟုတ်ဘဲ သူ့အခြေအနေနဲ့ သူယုံကြည်ရတဲ့အချိန်ကို စဉ်းစားပြီး ရွေးချယ်နေတာ ဖြစ်နိုင်ပါတယ်။


Coming out လုပ်တယ်ဆိုတာဟာ LGBTQ+ တစ်ယောက်ဖြစ်ကြောင်း သက်သေပြရမယ့် စာမေးပွဲတစ်ခု မဟုတ်သလို၊ မဖြစ်မနေလုပ်ရမယ့် တာဝန်လည်း မဟုတ်ပါဘူး။


“ဘာလို့ come out မလုပ်သေးတာလဲ?” လို့ မေးမယ့်အစား အဆင်သင့်ဖြစ်တဲ့အချိန်မှသာ ပြောလို့ရပါတယ်။ မေးခွန်းတွေမေးပြီး ဖိအားပေးတာထက် လုံခြုံတဲ့ နေရာတစ်ခုကို ဖန်တီးပေးလိုက်

ပါ။ ဘယ်သူမှမဖြစ်မနေ သက်သေပြစရာမလိုဘဲ မိမိကိုယ်တိုင်လွတ်လပ်စွာ ရှင်သန်နိုင်ရှင်သန်နိုင်ပါတယ်❤️


#tvop

မင်းက ယောကျာ်းဖြစ်ပြီး ဘာလို့ ကောင်မလေးမထားတာလဲ?

###############################




Gay တစ်ယောက်ဖြစ်တဲ့အခါ ဒီလိုမေးခွန်းတွေကို မကြာခဏ ကြားရလေ့ရှိပါတယ်။ တချို့လူတွေအတွက်တော့ ယောကျာ်းတစ်ယောက်ဆိုရင် မိန်းကလေးတစ်ယောက်ရှိကိုရှိရမယ်၊ အမျိုးသမီးတွေကို မကြိုက်ဘူးလို့ တုန့်ပြန်တဲ့အခါမှာ ဟာ… နှမြောစရာကြီး မင်းကလည်းကွာ မင်းဒီလောက်ချောရဲ့သားနဲ့ကိုကွာ ဆိုပြီး နောက်ပြောင်သလိုနဲ့ သရော်ကြတာဟာ အမြဲတမ်းလိုလို ပတ်ဝန်းကျင်မှာ တွေ့မြင်နေကြရပါတယ်


“နှမြောစရာကြီး" ဆိုတဲ့ စကားလုံးဟာ ကြားရသူအဖို့ သာမန်နောက်ပြောင်မှု မဟုတ်ဘဲ ကိုယ်နဲ့ မတူညီတဲ့လိင်စိတ်တိမ်းညွတ်ဖော်ပြမှုကို အပြစ်တစ်ခုလို ဒါမှမဟုတ် ဆုံးရှုံးမှုတစ်ခုလို မြင်အောင် ပုံဖော်ပေးနေတဲ့ လှောင်ပြောင်သရော်မှုတစ်ခု ဖြစ်သွားပါတယ်။


“ယောကျာ်းဆိုရင် မိန်းမကိုပဲ ချစ်ရမယ်”

ဆိုတဲ့ သတ်မှတ်ချက်တစ်ခုဟာ လူမှုအသိုင်းအဝိုင်းမှာ ယနေ့ထက်တိုင်ရှိနေပါတယ်။


အချစ်ဆိုတာ gender နဲ့ သတ်မှတ်လို့ရတဲ့အရာမဟုတ်ဘဲ  လူတစ်ယောက်က ဘယ်သူ့ကိုချစ်တယ်ဆိုတာထက် သူ့ရဲ့ဘဝလက်တွဲဖော်ကို လွတ်လပ်စွာရွေးချယ်ခွင့်ရှိတယ်ဆိုတာကို နားလည်ပေးဖို့ကသာ ပိုအရေးကြီးပါတယ်။


အချစ်ဆိုတာ အချစ်ပါပဲ 

ဘာဖြစ်ရမယ် ညာဖြစ်ရမယ်မရှိပါဘူး။ အချစ်ဟာအရမ်းလှပပါတယ် ❤️


#tvop


LGBTတွေက ကိုယ်စိတ်ဝင်စားတဲ့ Gender တွေ့တာနဲ့ အငမ်းမရ ထိတွေ့ကိုင်တွယ်ချင်နေကြတယ် ဆိုတာက အမှန်ပဲလား??

==========================================



LGBT ဖြစ်ပြီဆိုတာနဲ့ ရှေ့မှာမြင်သမျှလူတွေကို ဇွန်ဘီတွေလိုမျိုး လိုက်ထိ၊ လိုက်ကိုင်တွယ်၊ လိုက်ချစ်နေကြတယ်လို့ ထင်နေကြသေးတဲ့ အချက်က တကယ်ကို ဘောင်ကျဉ်းတဲ့ အတွေးအခေါ်မျိူးတွေနဲ့ နေထိုင်နေတဲ့လူတွေလည်း အများကြီးရှိပါသေးလားဆိုတာကို အတိုင်းသား မြင်တွေ့နိုင်စေတဲ့ အချက်ဖြစ်ပါတယ်။

ဒီအကြောင်းအရာကိုပြောလိုက်တာနဲ့ ဆွေးနွေးသင့်တဲ့အကြောင်းအရာက လူတစ်ဦးတစ်ယောက်ချင်းစီမှာရှိတဲ့ စံနှုန်းတွေ ပုံစံတွေကို အရင်ဦးဆုံး ပြောရမှာပါ။ 


အဲ့တော့ ဆန့်ကျင်ဘက်လိင်ကိုချစ်နှစ်သက်တဲ့ အမျိုးသမီးတွေကို မေးချင်တာက မြင်မြင်သမျှအမျိုးသားတိုင်းကို စိတ်ဝင်စားပါသလား??


အဖြေကတော့ သိသာပါတယ်။ ဘယ်သူမှ မြင်မြင်သမျှလူကိုမကြိုက်ပါဘူး။ လူတိုင်းမှာ မိမိကြိုက်နှစ်သက်တဲ့သူအပေါ်မှာ ကိုယ်သတ်မှတ်ထားတဲ့ စံနှုန်းတွေ ပုံစံတွေရှိကြပါတယ်။ တချို့လူတွေက မိမိကြိုက်နှစ်သက်တဲ့သူအပေါ်မှာ ရုပ်ပိုင်းဆိုင်ရာနဲ့ ပတ်သက်ပြီး စံသတ်မှတ်ချက်တွေရှိနိုင်သလို တချို့ကတော့လည်း စိတ်ပိုင်းဆိုင်ရာ ဒါမှမဟုတ် အရည်အချင်းပိုင်းဆိုင်ရာတွေနဲ့ ပတ်သက်ပြီး စံနှုန်းတွေလည်းရှိကြပါတယ်။ ဆိုလိုချင်တာကတော့ ဆန့်ကျင်ဘက်လိင်ကိုချစ်နှစ်သက်တဲ့ အမျိုးသမီး/ အမျိုးသား တွေတောင် တွေ့တွေ့သမျှလူကို မကြိုက်ဘူးဆိုတဲ့ အဖြေကရှင်းလင်းနေပြီး။ 

ဘာလို့ LGBT တွေကျမှ ကိုယ်စိတ်ဝင်စားတဲ့ Genderကိုတွေ့တာနဲ့ ထိတွေ့ကိုင်တွယ်ချင်ပြီး လူတိုင်းကို ကြိုက်နေမှာပဲ လို့ တွေးနေကြသေးတာလဲ?

အလွယ်ပြောရရင် သင်ကအမျိုးသမီးဖြစ်လို့လည်း Lesbian တိုင်းကသင့်ကို ကြိုက်နေမှာမျိုးမဟုတ်သလို သင်က အမျိုးသားဖြစ်လို့လည်း Gay တိုင်းက သင့်ကို ကြိုက်နေမှာမျိုး မဟုတ်လို့ လွန်ကဲပြီး စိတ်ပူစရာမရှိကြောင်း ပြောချင်ပါတယ်နော်။

နောက်တစ်ခုကကျတော့ ဘာသာရေးကိုခုတုံးလုပ်ပြီး ကိုယ့်ရဲ့အတွေးအမြင်က ကမ္ဘာလုံးဆိုင်ရာ အမှန်တရားကြီး တစ်ခုဖြစ်သလိုမျိုးကြီး မပြောဖို့လည်း အရမ်းကိုမှ အရေးကြီးပါတယ်။ လူတိုင်းကို ချစ်ပေးဖို့ သင်ကြားပေးတဲ့ဘာသာရေးကိုတောင် အသုံးချပြီး တပါးသူကို မုန်းတီးဖို့၊ ခွဲခြားဆက်ဆံဖို့ သင်ကြားဟောပြောနေတာကလည်း မဖြစ်သင့်ဘူးလို့ထင်မိတာကြောင့် The Voice of Prideမှ စာဖတ်သူ ပရိသတ်ကြီးအနေနဲ့လည်း မိမိရဲ့ အတွေးအမြင်လေးတွေကို ဝေမျှပေးသွားဖို့ဖိတ်ခေါ်ချင်ပါတယ်ရှင့်။


#TVOP


လူတိုင်းကို မချစ်၊လူတိုင်းကို မထိ တဲ့ LGBT တို့ရဲ့ ချစ်ခြင်းမေတ္တာ


****************************************************




မကြာသေးခင်က ခရစ်ယာန်အမျိုးသမီး တရားဟောဆရာတစ်ဦးက လူတွေဟာ လိင်တူချစ်သူတွေ၊ လိင်ကွဲချစ်သူတွေ သို့မဟုတ် "ကြားနေတွေ” မဖြစ်သင့်ဘူးလို့ ပြောနေတာကို ကြားခဲ့ရတယ်။ လူတွေဟာ နည်းလမ်းတစ်မျိုးတည်းကိုသာ ရွေးချယ်ရမယ်လို့ သူမက ပြောခဲ့ပြီး အခြားအမျိုးသမီးတစ်ဦးက သူမကို ထိတွေ့မိတဲ့ အတွေးနဲ့ပတ်သက်လို့ မသက်မသာ ခံစားရမှာ ဖြစ်ကြောင်း ဖော်ပြခဲ့ပါတယ်။


လူတိုင်းမှာ ကိုယ်ပိုင်ခံစားချက်တွေနဲ့ ယုံကြည်ချက်တွေ ရှိပိုင်ခွင့်ရှိပါတယ်။ တစ်စုံတစ်ယောက်ဟာ ဆက်ဆံရေးပုံစံတစ်မျိုးနဲ့ အဆင်မပြေဘူးဆိုရင် ဒါဟာ သူတို့ရဲ့ ကိုယ်ရေးကိုယ်တာ သက်မှတ်ချက်တွေဖြစ်ပြီး အဲဒါကို လေးစားသင့်ပါတယ်။


ဒါပေမယ့် ကိုယ့်ရဲ့ ကိုယ်ရေးကိုယ်တာ ခံစားချက်တွေကို လူတိုင်းအတွက် စည်းမျဉ်းတွေလို ပြောင်းလိုက်တဲ့အခါမှာ တော့ ပြဿနာက စတာပါပဲ။


ချစ်ခြင်းမေတ္တာဆိုတာ လူအားလုံးနဲ့ အံဝင်ခွင်ကျဖြစ်မယ့် ပုံစံတစ်ခုတည်း မဟုတ်ဘူး။ လူသားတွေဟာ သဘာဝအရ စုံလင်ကွဲပြားကြတယ်။ လိင်ကွဲ ဆက်ဆံရေးတွေမှာတောင် လူတွေမှာ မတူညီတဲ့ နှစ်သက်မှုတွေ ရှိကြတယ်။ တချို့အမျိုးသမီးတွေက အရပ်ရှည်တဲ့ အမျိုးသားတွေကို ကြိုက်တယ်၊ တချို့က အရပ်ပုတဲ့ အမျိုးသားတွေကို ကြိုက်တယ်။ တချို့လူတွေက တိကျတဲ့ ကိုယ်ရည်ကိုယ်သွေး၊ ကိုယ်လုံးကိုယ်ပေါက်၊ အသားအရောင်နဲ့ စတိုင်ရှိသူကို ဆွဲဆောင်မှု ရှိတယ်လို့ ခံစားရကြတယ်။ ဆွဲဆောင်မှုရှိဆိုတယ်ဆိုတာ တစ်ဦးချင်းရဲ့ အမြင်တွေပါ။ 


ဒီနည်းတူပါပဲ လိင်တူချစ်သူ၊ လိင်ကွဲချစ်သူ၊ လိင်တူ လိင်ကွဲ နှစ်မျိုးလုံး ချစ်သူ စတဲ့ လူတွေမှာလည်း ကိုယ်ပိုင် နှစ်သက်မှုတွေ ရှိကြပါတယ်။ကျွန်တော်တို့ဟာ အမျိုးသားတိုင်း ဒါမှမဟုတ် အမျိုးသမီးတိုင်းကို ချစ်မိတာမျိုး မဟုတ်ပါဘူး။ လိင်ကွဲချစ်သူတွေလိုပဲ ကျွန်တော်တို့မှာလည်း ကိုယ်ပိုင် အမျိုးအစားတွေ၊ ကိုယ်ပိုင် ခံစားချက်တွေနဲ့ ဘယ်သူ့ကို ဆွဲဆောင်မှု ခံစားရတယ်ဆိုတဲ့ ကိုယ်ပိုင် ရွေးချယ်မှုတွေ ရှိတယ်။


ကျွန်တော်တို့က လူတိုင်းကို ထိတွေ့တာမျိုး မဟုတ်ပါဘူး။ ကျွန်တော်တို့မှာလည်း ကိုယ်ပိုင်ဂုဏ်သိက္ခာ၊ မာနနဲ့ တန်ဖိုးထားမှုတွေ ရှိပါတယ်။ တခြားလူတိုင်းလိုပဲ ကျွန်တော်တို့ဟာ ကိုယ်ရေးကိုယ်တာတွေကို လေးစားပြီး အပြန်အလှန် လေးစားမှု၊ သဘောတူညီမှုနဲ့ စစ်မှန်တဲ့ ဆက်သွယ်မှုကို အခြေခံတဲ့ ဆက်ဆံရေးတွေကို တည်ဆောက်ပါတယ်။


လိင်တူချစ်သူ ဖြစ်တယ်ဆိုတာ လိင်တူသူတိုင်းကို ချစ်တယ်လို့ ဆိုလိုတာ မဟုတ်ဘူး။ ဒါဟာ ကျွန်တော်တို့ရဲ့ နှလုံးသားတွေက လိင်တူသူတစ်ဦးကို ချစ်နိုင်စွမ်း ရှိတယ်ဆိုတာကိုပဲ ရိုးရိုးရှင်းရှင်း ဆိုလိုတာပါ။


တစ်ယောက်ယောက်က သူမကို အခြားအမျိုးသမီးတစ်ဦးက ထိတွေ့တာကို မလိုလားဘူးလို့ ပြောရင် ဒါဟာ လုံးဝ အဆင်ပြေပါတယ်။ ဒါပေမယ့် ဒါဟာ သူမရဲ့ ကိုယ်ရေးကိုယ်တာ ခံစားချက်ပဲ ဖြစ်ပြီး တခြားလူတိုင်းရဲ့ ဘဝကို အဓိပ္ပါယ်ဖွင့်ဆိုသင့်တဲ့ လူတိုင်းအတွက် မှန်ကန်တဲ့ အမှန်တရားတစ်ခုတော့ ဟုတ်မနေပါဘူး။


ဒါကြောင့် တစ်စုံတစ်ယောက်က "လိင်တူမချစ်နဲ့" ဒါမှမဟုတ် "တစ်မျိုးထဲကို ရွေးလိုက်" လို့ ပြောတဲ့အခါ ဒါဟာ လူသားတွေရဲ့ မတူကွဲပြားမှု အမှန်တရားကို လျစ်လျူရှုလိုက်တာပါပဲ။ မေတ္တာကို အမိန့်တွေနဲ့ ထိန်းချုပ်လို့ မရသလို ကြောက်ရွံ့မှုတွေနဲ့ ပုံသွင်းလို့လည်း မရဘူး။


အချစ်ဟာ စည်းမျဉ်းတစ်ခု မဟုတ်ဘူး။

အချစ်ဟာ အမျိုးအစားတစ်ခု မဟုတ်ဘူး။

အချစ်ဟာ လူသားအားလုံးရဲ့ ခံစားမှုပါပဲ။


နောက်ဆုံးမှာတော့ ချစ်ခြင်းမေတ္တာဆိုတာ ဆက်သွယ်မှု၊ လေးစားမှုနဲ့ စစ်မှန်မှုအကြောင်း ဖြစ်ပါတယ်။


ပြီးတော့ ကျွန်တော်တို့ ကိုယ့်ကိုယ်ကိုယ် မေးသင့်တဲ့ တကယ့်မေးခွန်းက ရိုးရှင်းပါတယ်။


အမျိုးသမီးတစ်ယောက်အနေနဲ့ သင်မြင်တဲ့ အမျိုးသားတိုင်းကို ချစ်မိလား။


အမျိုးသားတစ်ယောက်အနေနဲ့ သင်တွေ့ဆုံလိုက်တဲ့  အမျိုးသမီးတိုင်းကို ဆွဲဆောင်မှု ရှိတယ်လို့ခံစားရပါသလား။


ဖြေခဲ့ပေးကြပါဦးနော် 🙏


#tvop


Tuesday, August 11, 2026

မွတ်စလင် လူငယ်များ ရင်ဆိုင်နေရသည့် LGBTQ အယူအဆဆိုင်ရာ စိန်ခေါ်မှုများ

 မွတ်စလင် လူငယ်များ ရင်ဆိုင်နေရသည့် LGBTQ အယူအဆဆိုင်ရာ စိန်ခေါ်မှုများနှင့် ဘာသာရေး စံနှုန်းများ မှုန်ဝါးလာခြင်း အပေါ် ဘက်စုံ ခွဲခြမ်း စိတ်ဖြာ ကုစားမှု




(***အယူအဆ မှားသည် မှန်သည် ဆန်းစစ်တာမျိုးမဟုတ်ဘဲ သည်လိုအယူအဆ သည်လိုအတွေးရှိကြောင်း ဗဟုသုတ ရစေခြင်းငှာ ကူးယူမျှဝေ ခြင်းဖြစ်ပါသည်။)


၂၁ ရာစု ဂလိုဘယ်လိုက်ဇေးရှင်း (Globalization) နှင့် အနောက်တိုင်း လစ်ဘရယ်ဝါဒ (Western Liberalism) အားကောင်းလာသည့် ခေတ်ကာလတွင် မွတ်စလင် လူ့အဖွဲ့အစည်းများ အထူးသဖြင့် အနောက်နိုင်ငံများတွင် အခြေချနေထိုင် ကြီးပြင်းလာရသည့် မွတ်စ်လင်မ်လူငယ်များသည် ကြီးမားသော စိတ်ပိုင်းဆိုင်ရာ၊ အယူအဆပိုင်းဆိုင်ရာနှင့် ကိုယ်ကျင့်တရားဆိုင်ရာ အကျပ်အတည်း (Crisis) များကို ရင်ဆိုင်နေကြရသည်။ ထိုအထဲတွင် LGBTQ+ အယူအဆများ၏ လွှမ်းမိုးမှုနှင့် ထိုမှတစ်ဆင့် ဘာသာရေးစံနှုန်းများ မှုန်ဝါးလာခြင်းသည် အဓိက အကျဆုံး စိန်ခေါ်မှုတစ်ခု ဖြစ်လာသည်။


အနောက်နိုင်ငံများ (ဥပမာ - အမေရိကန်၊ ယူကေ၊ ကနေဒါနှင့် ဥရောပနိုင်ငံများ) ရှိ အစိုးရကျောင်းများနှင့် တက္ကသိုလ်များတွင် LGBTQ+ ဆိုင်ရာ အခွင့်အရေးများနှင့် အယူအဆများကို မသင်မနေရ ပညာရေးစနစ် (Sex Education) တွင် ထည့်သွင်းသင်ကြားလာကြရာ မွတ်စ်လင်မ်လူငယ်များသည် ငယ်စဉ်ကတည်းက "မတူကွဲပြားမှုကို လက်ခံခြင်း" (Inclusivity & Diversity) ဟူသော ခေါင်းစဉ်အောက်တွင် LGBTQ အယူအဆများကို ပုံမှန်အရာ (Normalcy) တစ်ခုအဖြစ် ဦးနှောက်ပုံသွင်းခြင်း (Indoctrination) ကို ခံကြရသည်။ ကျောင်း၊ မီဒီယာ (Netflix, Hollywood) နှင့် လူမှုကွန်ရက် (TikTok, Instagram) များက LGBTQ ကို ခေတ်မီခြင်း၊ လူ့အခွင့်အရေးကို လေးစားခြင်းအဖြစ် ပုံဖော်နေချိန်တွင် အစ္စလာမ့်စံနှုန်းများကို ရှေးရိုးစွဲ၊ ခေတ်နောက်ပြန်ဆွဲသည့်အရာအဖြစ် ပုံဖော်လာကြသဖြင့် လူငယ်များကြား ဇဝေဇဝါ ဖြစ်လာကြသည်။


အစ္စလာမ်သာသနာတွင် လိင်တူဆက်ဆံခြင်း သို့မဟုတ် သဘာဝတရားကို ဆန့်ကျင်ပြောင်းလဲခြင်း (LGBTQ လုပ်ရပ်များ) သည် ပြတ်သားစွာ တားမြစ်ထားသော (ဟရာမ်) ကိစ္စရပ် ဖြစ်သည်။ သို့သော် အနောက်တိုင်းလစ်ဘရယ်စနစ်၏ ရိုက်ခတ်မှုကြောင့် အဆိုပါ စံနှုန်းများ မှုန်ဝါးလာနေသည်။ အနောက်နိုင်ငံအချို့တွင် မိမိကိုယ်ကို မွတ်စ်လင်မ်ဟု ခံယူထားသော်လည်း LGBTQ ကို ထောက်ခံသည့် "Progressive Muslims" သို့မဟုတ် "Inclusive Mosques" များ ပေါ်ပေါက်လာပြီး ၎င်းတို့သည် ကုရ်အာန်နှင့် ဟဒီးဆ်တော်များကို ခေတ်သစ်အမြင်ဖြင့် ပုံဖျက်အဓိပ္ပာယ်ဖွင့်ဆိုကာ ရိုးရာဘာသာရေးစံနှုန်းများကို ကျော်လွှားရန် ကြိုးပမ်းကြသည်။


ဤအခြေအနေကြောင့် မွတ်စ်လင်မ်လူငယ်များသည် အိမ်တွင် မိဘများသင်ကြားပေးသည့် အစ္စလာမ့်တရားတော်များနှင့် ပြင်ပကမ္ဘာ၏ လက်ခံမှုကြားတွင် ညှပ်ပူးညှပ်ပိတ်ဖြစ်ပြီး၊ စိတ်ပိုင်းဆိုင်ရာ ပဋိပက္ခ (Cognitive Dissonance) ဖြစ်ကာ "ဘာသာရေးဆိုတာ နှလုံးသားထဲမှာပဲ ရှိရင်ရတယ်၊ အပြင်ပန်းစည်းကမ်းတွေ မလိုဘူး" ဟူသော Secular (လောကီအမြင်) ဘက်သို့ ယိုင်လဲသွားကြသည်။ ၎င်းတို့သည် "မွတ်စ်လင်မ်တစ်ယောက် ဖြစ်ရခြင်း" နှင့် "အနောက်တိုင်းသားတစ်ယောက် ဖြစ်ရခြင်း" ကြားတွင် မည်သူမည်ဝါဖြစ်ကြောင်း အကျပ်အတည်း (Identity Crisis) ဖြစ်ကြရပြီး LGBTQ ကို အတိအလင်း ဆန့်ကျင်ပါက Homophobic (လိင်တူမုန်းတီးသူ) ဟု အမဲစက်ကပ်ကာ လူမှုအသိုင်းအဝိုင်းမှ ဖယ်ကြဉ်ခြင်း (Cancel Culture) ကို ခံရနိုင်သည်။ ထို့ကြောင့် သူငယ်ချင်းများကြား မျက်နှာငယ်ရမည်ကို ကြောက်ရွံ့သဖြင့် အစ္စလာမ့်စည်းကမ်းများကို လျှော့ချလိုက်ရခြင်း သို့မဟုတ် "အပြစ်" ကို "အပြစ်" ဟု မပြောရဲတော့ဘဲ ဆိတ်ဆိတ်နေခြင်းဖြင့် ဘာသာရေးစံနှုန်းများကို တဖြည်းဖြည်း စတေးလာကြသည်။


ဤအကျပ်အတည်းကို ရင်ဆိုင်ရာတွင် မိဘအများစုသည် မိရိုးဖလာ စိတ်ဓာတ်ဖြင့်သာ သားသမီးများကို ထိန်းကျောင်းပြီး အနောက်တိုင်းယဉ်ကျေးမှု၏ ရိုက်ခတ်မှုကို နားမလည်ကြပေ။ သားသမီးများက LGBTQ နှင့် ပတ်သက်ပြီး သံသယမေးခွန်းများ မေးမြန်းလာပါက ပွင့်ပွင့်လင်းလင်း ဆွေးနွေးဖြေရှင်းပေးမည့်အစား ဆူပူကြိမ်းမောင်းတတ်သဖြင့် ဆက်သွယ်ရေး ပြတ်တောက်သွားကာ၊ လူငယ်များသည် အစ္စလာမ့်ပညာရှင်များထံမှ အဖြေရှာမည့်အစား အင်တာနက်ပေါ်ရှိ လစ်ဘရယ်အယူအဆများနောက်သို့ လွယ်လွယ်ကူကူ ပါသွားကြသည်။ တစ်ချိန်တည်းတွင် အစ္စလာမ့်ဥပဒေအရ ထိုလုပ်ရပ်များသည် အပြစ်ဖြစ်သော်လည်း၊ ထိုသို့သော စိတ်ခံစားမှု (Same-sex attraction) ရှိနေသည့် လူငယ်များကို အသိုင်းအဝိုင်းက ကရုဏာတရားဖြင့် မလမ်းညွှန်ဘဲ ဝိုင်းပယ်လိုက်ခြင်းကြောင့် ၎င်းတို့သည် အစ္စလာမ်သာသနာကို စွန့်ခွာကာ LGBTQ Community ထဲသို့ လုံးလုံးလျားလျား ရောက်ရှိသွားကြသည်။


📌 အမှန်တရားနှင့် အသိပညာဆိုင်ရာ အခြေခံအဆောက်အအုံ


ဤစိန်ခေါ်မှုများ၏ မြစ်ဖျားခံရာသည် "အမှန်တရားဆိုတာ ဘာလဲ (Metaphysics)" နှင့် "ထိုအမှန်တရားကို ငါတို့ဘယ်လိုသိနိုင်မလဲ (Epistemology)" ဟူသည့် အခြေခံအဆောက်အအုံဆိုင်ရာ ကွဲလွဲမှုများအပေါ်တွင် အခြေခံနေသည်။


(က) ဝဟီနှင့် လူသားဗဟိုပြုလွတ်လပ်ခွင့်တို့၏ ပဋိပက္ခ


ဉာဏ်အလင်းပွင့်ခေတ် (Enlightenment) နောက်ပိုင်း အနောက်တိုင်းအတွေးအခေါ်သည် ဘုရားသခင်နှင့် သာသနာကို အလယ်ဗဟိုမှ ဖယ်ထုတ်ကာ "လူသား (Human)" ကို ဗဟိုချက်မအဖြစ် အစားထိုးခဲ့သည်။ ဤအမြင် (Human Autonomy) အရ လူသားသည် မိမိကိုယ်ပိုင်အသိဉာဏ် (Reason) နှင့် အာရုံခံစားမှု (Empiricism) အပေါ်၌သာ အခြေခံ၍ အမှား/အမှန်၊ အကောင်း/အဆိုးနှင့် ကိုယ်ကျင့်တရားစံနှုန်းများကို ကိုယ်တိုင် ပြဋ္ဌာန်းပိုင်ခွင့်ရှိသည်။ လူသားတစ်ဦး၏ "လွတ်လပ်စွာရွေးချယ်ပိုင်ခွင့် (Absolute Autonomy)" နှင့် "ကိုယ်ပိုင်စိတ်ကျေနပ်မှု (Individual Desire)" သည် အမြင့်မြတ်ဆုံးသော စံနှုန်းဖြစ်ပြီး၊ ၎င်းကို မည်သည့်အကန့်အသတ်ကမျှ လာရောက်ချုပ်ကိုင်ခြင်း မရှိစေရဟု ခံယူသည်။


ဆန့်ကျင်ဘက်အားဖြင့် အစ္စလာမ့်အသိပညာစနစ် (Islamic Epistemology) တွင် အမြင့်မြတ်ဆုံးနှင့် အကြွင်းမဲ့အမှန်တရား၏ မြစ်ဖျားခံရာသည် ဖန်ဆင်းရှင်အလ္လာဟ်အရှင်မြတ်ထံမှ ကျရောက်လာသော "ဝဟီ (Divine Revelation)" ဖြစ်သည်။ လူသား၏ ဉာဏ်ရည် (عقل) သည် အကန့်အသတ်ရှိပြီး၊ အချိန်အခါ၊ နေရာနှင့် စိတ်ခံစားမှု (هوى) များကြောင့် အချိန်မရွေး လမ်းလွဲသွားနိုင်သည်။ ထို့ကြောင့် လူသားတို့အတွက် အမှန်တကယ် ကောင်းကျိုးဖြစ်ထွန်းစေမည့် ကိုယ်ကျင့်တရားနှင့် စကြဝဠာဆိုင်ရာ အမှန်တရားများကို သိရှိနိုင်ရန် ဝဟီ (ကုရ်အာန်နှင့် စွန္နဟ်) လမ်းညွှန်မှုသည် မရှိမဖြစ် လိုအပ်သည်။ လူသား၏ ဉာဏ်ရည်သည် ဝဟီကို အစားထိုးရန်မဟုတ်ဘဲ၊ ဝဟီ၏ နက်နဲမှုကို နားလည်သဘောပေါက်ရန်အတွက် ပေးသနားထားသော ကိရိယာမျှသာ ဖြစ်သည်။


ခေတ်သစ်လူငယ်များသည် ဤစနစ်နှစ်ခုကြား ညှပ်ပူးညှပ်ပိတ် ဖြစ်နေကြရသည်။ အနောက်တိုင်းစနစ်က "မင်းခန္ဓာကိုယ်ဟာ မင်းပိုင်တယ်၊ မင်းစိတ်ကြိုက် လိင်သဘာဝကို ရွေးချယ်ပိုင်ခွင့်ရှိတယ် (My Body, My Choice)" ဟု သင်ကြားပေးချိန်တွင်၊ အစ္စလာမ်က "မင်းခန္ဓာကိုယ်အပါအဝင် ဖြစ်တည်မှုအားလုံးဟာ အလ္လာဟ်အရှင်မြတ် ဖန်ဆင်းထားတာဖြစ်ပြီး အရှင်မြတ်ချမှတ်ထားတဲ့ ဘောင် (ရှရီအဟ်) အတိုင်း ရှင်သန်ရမယ်" ဟု အသိပေးသည်။ လူသားဗဟိုပြုဝါဒက "လွတ်လပ်မှု" ကို အကန့်အသတ်မဲ့ ကိုးကွယ်လာသောအခါ၊ ဝဟီ၏ အမိန့်တော်များကို "ချုပ်ချယ်မှု" ဟု မြင်လာကြပြီး ဘာသာရေးစံနှုန်းများ တဖြည်းဖြည်း ပြိုလဲပျက်စီးလာရခြင်း ဖြစ်သည်။


(ခ) The Concept of Fitrah (ဖစ်သ်ရဟ် - လူသားအားလုံး၏ မူလဖြစ်တည်မှုသဘာဝ)


ဤအယူအဆလွဲများကို တုံ့ပြန်ရန်အတွက် အစ္စလာမ့်စိတ္တဗေဒတွင် အလွန်နက်နဲသော "Fitrah (ဖစ်သ်ရဟ်)" သဘောတရား ရှိသည်။ "ဖစ်သ်ရဟ်" ဆိုသည်မှာ လူသားတစ်ဦးချင်းစီကို ဖန်ဆင်းရှင်အလ္လာဟ်အရှင်မြတ်က စတင်ဖန်ဆင်းကတည်းက သွန်းလောင်းပေးလိုက်သည့် "မူလအစစ်အမှန် သဘာဝတရား (The Primordial Nature/Innate Disposition)" ဖြစ်သည်။ လူသားသည် မွေးဖွားလာချိန်တွင် ဗလာစာရွက်အဖြစ် မွေးဖွားလာခြင်း မဟုတ်ဘဲ ၎င်း၏ဝိညာဉ် (روح) ထဲတွင် ဖန်ဆင်းရှင် တစ်ဆူတည်းရှိကြောင်း အသိအမှတ်ပြုလိုစိတ် (သောင်ဟီးဒ်)၊ အမှားနှင့် အမှန်၊ ကိုယ်ကျင့်တရား ကောင်းမွန်မှုနှင့် ယုတ်ညံ့မှုတို့ကို ခွဲခြားသိမြင်နိုင်စွမ်း (Moral Compass)၊ စကြာဝဠာနှင့် ရုပ်ပိုင်းဆိုင်ရာ ဒီဇိုင်းများတွင် ယောက်ျားနှင့် မိန်းမဟူ၍ သဘာဝချင်း ဖြည့်ဆည်းပေးရမည့် ဆန့်ကျင်ဘက်နှစ်ခုအဖြစ် ဟန်ချက်ညီညီ ဖန်ဆင်းထားမှုကို လက်ခံနိုင်စွမ်း (Biological and Psychological Norms) တို့ကို ကြိုတင်ထည့်သွင်းပေးလိုက်ပြီး ဖြစ်သည်။


တမန်တော်မြတ် (ဆွ) က မိန့်တော်မူခဲ့သည် - "မွေးဖွားလာသမျှသော ကလေးငယ်တိုင်းသည် 'ဖစ်သ်ရဟ်' (မူလအစစ်အမှန် အစ္စလာမ့်သဘာဝတရား) ပေါ်တွင်သာ မွေးဖွားလာကြသည်။ ထို့နောက်မှသာ ၎င်း၏မိဘများ (သို့မဟုတ် ပတ်ဝန်းကျင်) က ၎င်းအား ဂျူး၊ ခရစ်ယာန် သို့မဟုတ် မဂျူစီ ဖြစ်အောင် ပြောင်းလဲပစ်ကြခြင်း ဖြစ်သည်။" (မွတ်စ်လင်မ်ကျမ်း)


အနောက်တိုင်း Social Constructionism (လူမှုရေးတည်ဆောက်မှုဝါဒ) က ယောက်ျား၊ မိန်းမ သို့မဟုတ် လိင်စိတ်တိမ်းညွတ်မှု (Gender and Sexuality) ဆိုသည်မှာ သဘာဝက ပေးထားခြင်းမဟုတ်ဘဲ လူ့အဖွဲ့အစည်းက ဖန်တီးထားသည့်အရာမျှသာဖြစ်သည် (Social Construct) ဟု ဆိုကာ ပြောင်းလဲ၍ရသည်ဟု အဓိပ္ပာယ်ဖွင့်သည်။ သို့သော် အစ္စလာမ့်အမြင်အရ ယောက်ျားသည် ယောက်ျားအဖြစ်၊ မိန်းမသည် မိန်းမအဖြစ် ဖန်ဆင်းခံရခြင်းသည် "ဖစ်သ်ရဟ်" ဖြစ်သည်။ ယနေ့ခေတ်တွင် LGBTQ အယူအဆများကြောင့် လိင်သဘာဝများ ရှုပ်ထွေးကုန်ခြင်း၊ မိမိကိုယ်ကို မည်သည့်လိင်ဖြစ်ကြောင်း မရေရာတော့ခြင်း (Gender Dysphoria) များသည် လူသားတို့၏ မူလသဘာဝ "ဖစ်သ်ရဟ်" ကို ပြင်ပမီဒီယာ၊ ပညာရေးနှင့် စိတ္တဗေဒပိုင်းဆိုင်ရာ မှိုင်းတိုက်မှုများဖြင့် အတင်းအဓမ္မ ဖျက်ဆီး/ပုံဖျက်ခြင်း (Corruption of Fitrah) ကြောင့် ဖြစ်သည်။


📌 ခေတ်သစ် LGBT ဖြစ်တည်မှုအယူအဆကို ခွဲခြမ်းစိတ်ဖြာခြင်း


LGBT အယူအဆသည် လူ့အခွင့်အရေးနှင့် သဘာဝသိပ္ပံဆိုင်ရာ အမှန်တရားတစ်ခုကဲ့သို့ ပုံဖော်ထားသော်လည်း၊ ၎င်းသည် ခေတ်သစ်တွင်မှ တီထွင်ဖန်တီးထားသည့် "အယူအဆရေးရာ အဆောက်အအုံ" (Social Construct) မျှသာဖြစ်သည်။


(က) Desire vs. Action vs. Identity (စိတ်ဆန္ဒ၊ လုပ်ဆောင်မှုနှင့် ဖြစ်တည်မှုတို့၏ ကွဲပြားခြားနားမှု)


ခေတ်သစ် LGBT စနစ်သည် လူတစ်ယောက်၏ စိတ်ထဲတွင် ဖြစ်ပေါ်လာသော "လိင်စိတ်ဆန္ဒ" ကို ထိုလူ၏ "အမြဲတမ်းဖြစ်တည်မှု" (Fixed Identity) အဖြစ် အတင်းအဓမ္မ တံဆိပ်ကပ် ပစ်လေ့ရှိသည်။ သို့သော် အစ္စလာမ့်စိတ္တဗေဒနှင့် ယုတ္တိဗေဒအရ ဤခေါင်းစဥ်သုံးခု သည် အဆင့်ဆင့် ကွဲပြားခြားနားပြီး သီးခြားစီ ဖြစ်သည်။


Desire (စိတ်အလိုဆန္ဒ): လူသားတိုင်းတွင် စိတ်အလိုဆန္ဒနှင့် သွေးဆောင်မှုများ (نفس و هوى) ရှိကြသည်။ အချို့သောသူများတွင် မွေးရာပါဖြစ်စေ၊ ပတ်ဝန်းကျင်ကြောင့်ဖြစ်စေ မိမိနှင့် လိင်တူသူအပေါ် စိတ်ကူးစိတ်သန်း သို့မဟုတ် တိမ်းညွှတ်မှု (Same-sex attraction) ဖြစ်ပေါ်နိုင်သည်။ အစ္စလာမ်သာသနာတွင် စိတ်ထဲ၌ အတွေး သို့မဟုတ် ဆန္ဒတစ်ခု ဖြစ်ပေါ်လာရုံမျှဖြင့် ထိုသူ့ကို "အပြစ်သား" ဟု မသတ်မှတ်ပါ။ ၎င်းသည် လူသားတစ်ဦးချင်းစီ ရင်ဆိုင်ရသည့် ဝိညာဉ်ရေးရာ စမ်းသပ်ချက် (Imtihan/Test) မျှသာ ဖြစ်သည်။


Action (လက်တွေ့လုပ်ဆောင်မှု): စိတ်ထဲတွင် ဆန္ဒရှိခြင်းနှင့် ၎င်းကို လက်တွေ့ကျူးလွန်ခြင်း (Action) သည် လုံးဝမတူပါ။ အစ္စလာမ်က ပြတ်သားစွာ တားမြစ်ပိတ်ပင်ထားသည်မှာ လိင်တူချင်း လက်တွေ့ကာမဆက်ဆံသည့် "လုပ်ရပ်" (The Act of Sodomy) ကို ဖြစ်သည်။ စိတ်ထဲတွင် ဆန္ဒရှိသော်လည်း အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့သဖြင့် မိမိကိုယ်မိမိ ထိန်းချုပ်ကာ လက်တွေ့မကျူးလွန်သူကို အစ္စလာမ်က အပြစ်ပေးမည့်အစား ကြီးမားသော ကုသိုလ်ဆုလာဘ် (جهاد النفس) ကို ပေးသနားထားသည်။


Identity (လူတစ်ယောက်၏ ဖြစ်တည်မှု): ခေတ်သစ်ဝါဒက ကျူးလွန်သည့် အကြီးမားဆုံး အမှားမှာ လူတစ်ယောက်၏ "ယာယီစိတ်ဆန္ဒ" (Fickle Desire) ကို အခြေခံ၍ ၎င်းအား "Gay", "Lesbian" ဟူ၍ လူသားတစ်ဦးလုံး၏ "ထာဝရဖြစ်တည်မှု" (Identity) အဖြစ် တံဆိပ်ကပ်လိုက်ခြင်း ဖြစ်သည်။ အစ္စလာမ့်အမြင်အရ လူသားတစ်ယောက်၏ အစစ်အမှန် ဖြစ်တည်မှု (Identity) သည် ၎င်း၏ "အလ္လာဟ်အရှင်မြတ်၏ အစေခံ/ကျွန် (عبد الله)" ဖြစ်ခြင်းသာ ဖြစ်သည်။ လူသားသည် မိမိ၏ လိင်စိတ်ဆန္ဒ၊ ဒေါသ သို့မဟုတ် စိတ်ခံစားချက်များဖြင့် မိမိကိုယ်ကို အဓိပ္ပာယ်မဖွင့်ရပါ။ စိတ်ဆန္ဒဆိုသည်မှာ ရာသီဥတုကဲ့သို့ ပြောင်းလဲနိုင်သည်။ ရာသီဥတုကိုကြည့်၍ အိမ်အမည်ကို မမှည့်သင့်သကဲ့သို့၊ ပြောင်းလဲတတ်သော စိတ်ဆန္ဒကို အခြေခံ၍ မိမိ၏အမြဲတမ်းဖြစ်တည်မှုကို မဆုံးဖြတ်သင့်ပေ။


(ခ) The Invention of "Sexual Orientation" (လိင်တိမ်းညွှတ်မှုဟူသော စကားလုံးအား တီထွင်ပုံသွင်းခြင်း)


မွတ်စ်လင်မ်လူငယ် အများစုသည် "Heterosexual" (လိင်ကွဲတိမ်းညွှတ်မှု)၊ "Homosexual" (လိင်တူတိမ်းညွှတ်မှု) ဆိုသည့် အသုံးအနှုန်းများသည် ရှေးယခင်ကတည်းက ရှိခဲ့သော ဓမ္မဓိဋ္ဌာန်ကျသည့် သိပ္ပံနည်းကျ အမျိုးအစားများဟု ထင်မှတ်နေကြသော်လည်း ၎င်းသည် သမိုင်းကြောင်းအရ လုံးဝ မမှန်ကန်ပါ။

၁၉ ရာစုနှောင်းပိုင်း (၁၈၆၀ ကျော်နှစ်များ) မတိုင်မီအထိ ကမ္ဘာ့သမိုင်းတွင် "Homosexual" သို့မဟုတ် "Heterosexual" ဟူသော စကားလုံးနှင့် အယူအဆ လုံးဝမရှိခဲ့ပါ။ ကမ္ဘာ့အနောက်ခြမ်း ယဉ်ကျေးမှုများ၌ပင် လူသားများကို ၎င်းတို့၏ လိင်စိတ်ဆန္ဒအပေါ် အခြေခံ၍ လူတန်းစားခွဲခြားခြင်း၊ တံဆိပ်ကပ်ခြင်းမျိုး မရှိခဲ့ဖူးပါ။ ရှေးခေတ်လူများက လိင်တူဆက်ဆံခြင်းကို "လူတစ်ယောက် ကျူးလွန်လိုက်သည့် မှားယွင်းသော လုပ်ရပ်/ရာဇဝတ်မှု" ဟုသာ မြင်ကြပြီး၊ ထိုလုပ်ရပ်လုပ်သူကို လူသားအမျိုးအစားသစ်တစ်မျိုး (A Distinct Category of Human Being) အဖြစ် မသတ်မှတ်ခဲ့ကြပါ။


၁၈၆၉ ခုနှစ်တွင် Karl-Maria Kertbeny ဆိုသူက "Homosexual" ဟူသော စကားလုံးကို စတင်တီထွင်သုံးစွဲခဲ့ပြီး၊ နောက်ပိုင်းတွင် ဥရောပ စိတ်ကျန်းမာရေးပညာရှင်များ (Michel Foucault ၏ သုတေသနများအရ) က လူသားများကို လိင်မှုကိစ္စအပေါ်မူတည်ကာ "အုပ်စုများ" ခွဲခြားသတ်မှတ်ပစ်ခဲ့သည်။ ခေတ်သစ် အရင်းရှင်စနစ် (Capitalism) ကလည်း ဤအုပ်စုခွဲခြင်းကို ကြိုဆိုခဲ့သည်၊ အဘယ်ကြောင့်ဆိုသော် "LGBT" ဟူ၍ အုပ်စုသီးသန့်ခွဲထုတ်လိုက်မှသာ ၎င်းတို့ကို ပစ်မှတ်ထားသည့် စျေးကွက် (Target Market) နှင့် နိုင်ငံရေးအင်အားစု (Political Voting Bloc) အဖြစ် အသုံးချ၍ ရနိုင်သောကြောင့် ဖြစ်သည်။


ခေတ်သစ်လူမှုဗေဒက "Sexual Orientation" ဆိုသည့် ဘောင်ကြီးကို ဆောက်လုပ်ပြီး လူငယ်များကို “မင်းက ဘယ်အုပ်စုထဲမှာလဲ၊ မင်းကိုယ်မင်း ရှာဖွေပါ (Discover Yourself)” ဟု လမ်းမှားပြကြရာ၊ လူငယ်များသည် မိမိတို့၏ စိတ်ကူးယဉ်ဆန္ဒငယ်လေးတစ်ခုကို ရှာတွေ့သည်နှင့် ခေတ်သစ်လူ့အဖွဲ့အစည်းက ပေးထားသည့် LGBT အဝတ်အစားကို ကောက်စွပ်လိုက်ပြီး မိမိကိုယ်မိမိ ထိုတံဆိပ်အတိုင်း ပုံသွင်းပစ်လိုက်ကြတော့သည်။


📌 အစ္စလာမ့်ဓမ္မသတ်နှင့် ကျင့်ဝတ်ဆိုင်ရာ စံနှုန်းများ (The Islamic Legal and Ethical Paradigm)


ပရိုဂရက်ဆစ် (Progressive Muslims) ဟု မိမိကိုယ်ကို ခံယူထားသူများသည် အနောက်တိုင်းလူမှုစီးပွားစနစ်တွင် မျက်နှာပန်းလှစေရန်အတွက် ကုရ်အာန်ကျမ်းမြတ်လာ သမိုင်းကြောင်းများနှင့် အစ္စလာမ့်ဥပဒေပညာ (Fiqh) အခြေခံများကို နည်းမျိုးစုံဖြင့် ပုံဖျက်လေ့ရှိသည်။


(က) တမန်တော်လူးသွ်၏ သမိုင်းကြောင်းအား ပုံဖျက်မှုကို ချေပခြင်း


ခေတ်သစ်ဝါဒီ (Progressive) များက လူးသ်တမန်တော် (အလိုင်ဟစ္စလာမ်) ၏ လူမျိုးများ အပြစ်ပေးဖျက်ဆီးခံရခြင်းသည် "လိင်တူဆက်ဆံခြင်း" (Homosexuality) ကြောင့်မဟုတ်ဘဲ၊ ဧည့်သည်များကို "မတရားကျူးလွန် စော်ကားခြင်း" (Hospitality violation/Gang rape) ကြောင့်သာ ဖြစ်သည်ဟု ကုရ်အာန်ကို ပုံဖျက်ဖွင့်ဆိုကြသည်။ သို့သော် ကုရ်အာန်ကျမ်းမြတ်၏ မူရင်းအာရဗီစကားလုံး (Linguistic & Contextual Evidence) များက ၎င်းတို့၏ အဆိုကို လုံးဝပယ်ချထားပါသည်။


ကုရ်အာန်ကျမ်းမြတ် (စူရဟ် အလ်-အာအ်ရာဖ်၊ အာယသ် ၈၁) တွင် အလ္လာဟ်အရှင်မြတ်က တမန်တော်လူးသွ်၏  အမျိုးသားများ၏ အပြစ်ကို ဤသို့အတိအလင်း မိန့်ကြားတော်မူသည် -

إِنَّكُمْ لَتَأْتُونَ الرِّجَالَ شَهْوَةً مِّن دُونِ النِّسَاءِ ۚ بَلْ أَنتُمْ قَوْمٌ مُّسْرِفُونَ (81)

"ဧကန်မလွဲ သင်တို့သည် အမျိုးသမီးများကို စွန့်ပယ်၍ အမျိုးသားများထံသို့ ကာမရာဂစိတ် (စိတ်အလိုဆန္ဒ) ဖြင့် လာရောက် (ဆက်ဆံ) နေကြကုန်သလော။ အမှန်တော့ သင်တို့သည် အတိုင်းအထက်အလွန် စည်းကမ်းဖောက်ဖျက်သော လူမျိုးများ ဖြစ်ကြသည်။"


ဤနေရာတွင် အသုံးပြုထားသော အာရဗီစကားလုံး "شَهْوَةً"  သည် "ကာမရာဂစိတ်/ လိင်စိတ်အလိုဆန္ဒ" ကို ဆိုလိုပြီး၊ "مِّن دُونِ النِّسَاءِ"  ဆိုသည်မှာ "အမျိုးသမီးများကို ချန်လှပ်/စွန့်ပယ်၍" ဟု အဓိပ္ပာယ်ရသည်။ အကယ်၍ ၎င်းတို့၏ပြဿနာသည် ဧည့်သည်ကို စော်ကားခြင်း သို့မဟုတ် အကြမ်းဖက်ခြင်း သက်သက်သာ ဖြစ်ပါက အလ္လာဟ်အရှင်မြတ်က "အမျိုးသမီးများကို စွန့်ပယ်၍ အမျိုးသားများထံ သွားကြသည်" ဟု လိင်သဘာဝကို နှိုင်းယှဉ်ကာ ကန့်ကွက်မိန့်ကြားစရာ အကြောင်းမရှိပါ။

ထို့ပြင် အခြားအာယသ်တော်တစ်ခု (စူရဟ် အလ်-အာအ်ရာဖ်၊ အာယသ် ၈၀) တွင် ဤသို့လာရှိသည် -

أَتَأْتُونَ الْفَاحِشَةَ مَا سَبَقَكُم بِهَا مِنْ أَحَدٍ مِّنَ الْعَالَمِينَ (80)

"သင်တို့သည် မိမိတို့ထက်အရင်က ကမ္ဘာလောကသားတို့အနက် မည်သူတစ်ဦးတစ်ယောက်ကမျှ မလုပ်ခဲ့ဖူးသော စက်ဆုပ်ဖွယ်ရာလုပ်ရပ် (အောက်တန်းကျသော အမှုကိစ္စ) ကို ကျူးလွန်ကြသလော။"

အကယ်၍ လူးသ်ွအမျိုးသားများ၏ အပြစ်သည် ဧည့်သည်ကို အနိုင်ကျင့်ခြင်း၊ ခိုးဆိုးလုယက်ခြင်း သက်သက်သာ ဖြစ်ပါက၊ ၎င်းလုပ်ရပ်များသည် လူးသ်ွအမျိုးသားများမတိုင်မီ ကမ္ဘာဦးကတည်းကပင် ရှိခဲ့ဖူးသော အပြစ်များဖြစ်သည်။ သို့သော် အလ္လာဟ်အရှင်မြတ်က ၎င်းတို့ကျူးလွန်သော အမှုအမျိုးအစားကို "ကမ္ဘာပေါ်တွင် မည်သူမျှ မလုပ်ခဲ့ဖူးသေးသော အမှုသစ်" ဟု သတ်မှတ်ခြင်းမှာ ယောက်ျားအချင်းချင်း ကာမဆက်ဆံခြင်း (Sodomy) ဟူသော "လိင်သဘာဝ ဖောက်ပြန်မှု" ကို ရည်ညွှန်းနေခြင်းကြောင့်သာ ဖြစ်သည်။


(ခ)  ဓမ္မသတ်ပညာရှင်များ၏ တညီတညွတ်တည်းသော သဘောထား


အစ္စလာမ့်ဥပဒေပြုရေး၏ တတိယမြောက် အခြေခံမဏ္ဍိုင်သည် "အိဂျ်မအ်‘" (အစ္စလာမ့်ပညာရှင်ကြီးများအားလုံး၏ တညီတညွတ်တည်းသော သဘောတူညီချက်) ဖြစ်သည်။ လိင်တူဆက်ဆံခြင်း (لواط) ၏ ဟရာမ်  ဖြစ်မှုအပေါ်တွင် အစ္စလာမ့်သမိုင်းတစ်လျှောက် မည်သည့်ပညာရှင်မျှ သဘောထားကွဲလွဲမှု မရှိခဲ့ဖူးပါ။


အစ္စလာမ့်ဓမ္မသတ်၏ ပင်မဥပဒေဂိုဏ်းကြီး (၄) ဂိုဏ်း (المذاهب الأربعة ) ဖြစ်သော - ဟနဖီဂိုဏ်း (الحنفية) မာလိကီဂိုဏ်း (المالكية)ရှာဖေအီဂိုဏ်း (الشافعية) ဟန်ဗလီဂိုဏ်း (الحنابلة) တို့မှ ပညာရှင်ကြီးများနှင့် ဓမ္မသတ်ပညာရှင် အားလုံးသည် လိင်တူဆက်ဆံခြင်း (اللوطية / اللواط ) သည် အစ္စလာမ်တွင် "كبائر" (ကဗာအိရ် - ကြီးလေးသော အပြစ်ကြီး) ဖြစ်ကြောင်း တညီတညွတ်တည်း (إجماع - အိဂ်ျမာအ်) အတည်ပြုခဲ့ကြသည်။


ပညာရှင်ကြီးများသည် ဤလုပ်ရပ်ကို ကျူးလွန်သူအပေါ် မည်သို့အပြစ်ပေးရမည် (Hadd သို့မဟုတ် Ta'zir) ဆိုသည့် ဥပဒေပိုင်းဆိုင်ရာ နည်းလမ်းများတွင်သာ ကွဲလွဲမှုရှိပြီး၊ ၎င်းလုပ်ရပ်သည် "အပြစ်" ဖြစ်ကြောင်းကိုမူ ၁၀၀ ရာခိုင်နှုန်း သဘောတူညီကြသည်။ အစ္စလာမ်တွင် ဝတ်ပြုဆုတောင်းခြင်း (ဆွလားဟ်) သည် ဖရဇ် (မရှိမဖြစ်တာဝန်) ဖြစ်သည်ဟု အားလုံးသဘောတူထားသကဲ့သို့ပင်၊ လိင်တူဆက်ဆံခြင်းသည် ဟရာမ်ဖြစ်သည်ဟူသောအချက်သည်လည်း "သံသယဖြစ်ဖွယ်မရှိ သိသာထင်ရှားလှသော ဘာသာရေးအခြေခံ" (المعلوم من الدين بالضرورة) ဖြစ်သည်။ ထို့ကြောင့် ခေတ်သစ်လစ်ဘရယ်ဝါဒီများက ဤလုပ်ရပ်ကို "အစ္စလာမ်က ခွင့်ပြုသည်" ဟု ပြောဆိုလာခြင်းသည် ကုရ်အာန်၊ စွန္နဟ်နှင့် အစ္စလာမ့်ပညာရှင်ထုတစ်ရပ်လုံး၏ Ijma‘ ကို ပြောင်ပြောင်တင်းတင်း ဆန့်ကျင်ပုန်ကန်ခြင်းသာ ဖြစ်သည်။


📌  ဝိညာဉ်ရေးရာ စောင့်ရှောက်မှုနှင့် အသိုက်အဝန်း၏ တုံ့ပြန်မှု


အယူအဆပိုင်းတွင် မည်မျှပင် မှန်ကန်နေပါစေ၊ လက်တွေ့လူမှုဝန်းကျင်တွင် စာနာနားလည်မှု (Compassion) နှင့် စနစ်တကျ ဖေးမမှု မရှိပါက ခေတ်သစ်စိန်ခေါ်မှုများကြားတွင် လမ်းပျောက်နေသည့် မွတ်စ်လင်မ်လူငယ်များကို လစ်ဘရယ်အသိုင်းအဝိုင်း၏ လက်ထဲသို့ အဓမ္မ တွန်းပို့လိုက်သကဲ့သို့ ဖြစ်သွားပါလိမ့်မည်။


(က) အပြစ်နှင့် အပြစ်သားကို ခွဲခြားရှုမြင်ခြင်း


အစ္စလာမ်၏ အလွန်လှပသော ကိုယ်ကျင့်တရား စံနှုန်းတစ်ခုမှာ "အပြစ်လုပ်ရပ် (Sin) ကို မုန်းတီးရမည်ဖြစ်သော်လည်း၊ အပြစ်သား (Sinner) ကို လူသားတစ်ဦးအနေဖြင့် လုံးဝ လွှင့်ပစ်လိုက်ခြင်းမရှိ" ဟူသော မူဝါဒဖြစ်သည်။ လိင်တူဆက်ဆံခြင်း (لواط) သို့မဟုတ် ဖစ်သ်ရဟ် (သဘာဝတရား) ကို ပုံဖျက်သည့် လုပ်ရပ်များသည် အလ္လာဟ်အရှင်မြတ် ရှုတ်ချထားသော ကြီးလေးသည့် အပြစ်  ဖြစ်သဖြင့် ၎င်း "လုပ်ရပ်" ကို ကျွန်ုပ်တို့ ပြတ်သားစွာ ဆန့်ကျင်ရမည်။ သို့သော် အဆိုပါ စိတ်ဆန္ဒမျိုး ခံစားနေရသူ သို့မဟုတ် လမ်းမှားသို့ ခဏတာ ရောက်သွားသူသည် အစ္စလာမ့်အမြင်အရ ကျွန်ုပ်တို့၏ "မွတ်စ်လင်မ် ညီအစ်ကို/မောင်နှမ" ပင် ဖြစ်သည်။ ၎င်းတို့သည် သွေးဆောင်မှုနောက်သို့ ပါသွားသည့် လူမမာ (ဝိညာဉ်ရေးရာ ဖျားနာနေသူ) များသာ ဖြစ်သည်။ လူမမာကို မြင်လျှင် ရောဂါကိုသာ မုန်းရမည်၊ လူမမာကိုမူ ဆေးကုပေးရမည် ဖြစ်သည်။


တမန်တော်မြတ် (ဆွ) ၏ စံပြနမူနာတွင် သောက်စားမူးယစ်တတ်သည့် ဆွဟာဗီတစ်ဦးအား အခြားသူများက ကျိန်ဆဲကြသောအခါ တမန်တော်မြတ် (ဆွ) က ချက်ချင်း တားမြစ်တော်မူပြီး "သူ့ကို မကျိန်ဆဲကြပါနှင့်၊ အဘယ်ကြောင့်ဆိုသော် သူသည် အလ္လာဟ်အရှင်မြတ်နှင့် ၎င်း၏ ရစူးလ်တမန်တော်မြတ်ကို ချစ်မြတ်နိုးသူဖြစ်ကြောင်း ငါသိသည်" ဟု မိန့်ကြားခဲ့သည်။ (ဗုခါရီကျမ်း)။ ထို့ကြောင့် လိင်တူစိတ် တိမ်းညွှတ်မှု ခံစားနေရသည့် လူငယ်များကို ကာဖိရ် ဟု လွယ်လွယ်ကူကူ တံဆိပ်ကပ် ဝိုင်းပယ်မည့်အစား၊ ၎င်းတို့သည် အနောက်တိုင်း မှိုင်းလုံးများကြားတွင် ဝိညာဉ်ရေးရာ ရုန်းကန်နေရသူများ ဖြစ်ကြောင်း စာနာနားလည်မှု ဖြင့် ရှုမြင်တတ်ရန် လိုအပ်သည်။


ရုန်းကန်နေရသူများအတွက် လုံခြုံသော ဝန်းကျင်တစ်ခု ဖန်တီးပေးခြင်း


အနောက်နိုင်ငံများရှိ မွတ်စ်လင်မ်လူငယ်များထဲတွင် မိမိတို့၌ ထိုသို့သော စိတ်ဆန္ဒ ရှိနေသော်လည်း၊ အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်ကို နာခံသောအားဖြင့် လက်တွေ့မကျူးလွန်မိအောင်၊ LGBT Community ထဲသို့ မဝင်မိအောင် မိမိကိုယ်မိမိ ပြင်းထန်စွာ ထိန်းချုပ်ကာ ဝိညာဉ်ရေးရာ စစ်ပွဲ ဆင်နွှဲနေရသူ (Faithful Strugglers) မြောက်မြားစွာ ရှိပါသည်။ ၎င်းတို့သည် အစ္စလာမ့်အမြင်အရ "ဂျီဟတ် (جهاد النفس- မိမိစိတ်ကို နှိမ်နင်းခြင်း)" လုပ်နေသည့် သူရဲကောင်းများ ဖြစ်ကြသည်။


သို့သော် ၎င်းတို့သည် မိမိတို့၏ ခံစားချက်ကို မိဘ သို့မဟုတ် ဆရာသမားများအား ဖွင့်ပြောလိုက်ပါက အရှက်ခွဲခံရမည်၊ ဗလီဝတ်ကျောင်းတော်မှ နှင်ထုတ်ခံရမည်ကို ကြောက်ရွံ့ကြသဖြင့်၊ လုံခြုံမှု (Safe Space) မရှိသည့်အတွက် စိတ်ဓာတ်ကျကာ အဆုံး၌ ၎င်းတို့ကို နွေးထွေးစွာ ကြိုဆိုနေသည့် LGBT အသိုင်းအဝိုင်းထဲသို့ ခိုလှုံသွားကြတော့သည်။ ဗလီဝတ်ကျောင်းတော်များနှင့် အစ္စလာမ့်လူမှုအဖွဲ့အစည်းများသည် အောက်ပါအတိုင်း ပြောင်းလဲပြင်ဆင်ပေးရန် လိုအပ်သည် -


Non-Judgmental Counseling (အပြစ်မတင်သော နှစ်သိမ့်ဆွေးနွေးမှု): လူငယ်များ မိမိတို့၏ စိတ်ပိုင်းဆိုင်ရာ သံသယများနှင့် ခံစားချက်များကို လျှို့ဝှက်စွာ၊ ဘေးကင်းစွာ ဖွင့်ဟတိုင်ပင်နိုင်မည့် အစ္စလာမ့် စိတ္တဗေဒပညာရှင်များ (Muslim Psychologists) နှင့် စာနာတတ်သော သာသနာ့ပညာရှင်များ ရှိနေရပါမည်။


Validating the Struggle (ရုန်းကန်မှုကို အသိအမှတ်ပြုခြင်း): "မင်းရဲ့ စိတ်ထဲမှာ ဒီလိုဆန္ဒရှိနေပေမယ့် အလ္လာဟ်အရှင်မြတ်အတွက်ကြောင့် မကျူးလွန်ဘဲ အောင့်အီးသည်းခံနေတာဟာ အလွန်ကြီးမားတဲ့ အိဗာဒသ် ဖြစ်တယ်" ဟု ၎င်းတို့အား စိတ်ဓာတ်ခွန်အား ပေးရပါမည်။


Holistic Community Integration (လူမှုဝန်းကျင်တွင် အတူတကွ ပေါင်းစည်းခြင်း): ထိုသို့သော ဝိညာဉ်ရေးရာ စမ်းသပ်ချက် (Imtihan) ကြုံတွေ့နေရသည့် လူငယ်များကို သာသနာ့လုပ်ငန်းများ၊ လူမှုရေးလုပ်ငန်းများတွင် ပုံမှန်အတိုင်း ပါဝင်ခွင့်ပေးပြီး အစ္စလာမ့် ညီအစ်ကိုမောင်နှမပီသစွာ လက်တွဲထားရပါမည်။


📌 နိဂုံးနှင့် လက်တွေ့အကြံပြုချက်များ


ဤအကျပ်အတည်းကို ရင်ဆိုင်ကျော်လွှားရန်နှင့် မှုန်ဝါးလာသော ဘာသာရေးစံနှုန်းများကို ပြန်လည်ထက်မြက်လာစေရန်အတွက် လက်တွေ့ကျကျ အကောင်အထည်ဖော်ရမည့် မဏ္ဍိုင်ကြီး နှစ်ရပ်မှာ အောက်ပါအတိုင်း ဖြစ်သည်။


(က) အစ္စလာမ့်ဝေါဟာရများကို ပြန်လည်အသက်သွင်းခြင်း


အနောက်တိုင်း လစ်ဘရယ်ဝါဒက တီထွင်ထားသော စကားလုံးများကို ကျွန်ုပ်တို့က လွယ်လွယ်ကူကူ လိုက်လံအသုံးပြုခြင်းဖြင့် ၎င်းတို့ဆောက်လုပ်ထားသော အယူအဆဘောင် (Framework) ထဲသို့ အလိုအလျောက် ပိတ်မိသွားတတ်သည်။ ထို့ကြောင့် အစ္စလာမ့်ကိုယ်ပိုင် ဘာသာစကားနှင့် ဝေါဟာရများကို ပြန်လည်ရယူရပါမည်။

လူငယ်တစ်ဦးတွင် လိင်တူစိတ် တိမ်းညွှတ်မှု ရှိနေပါက ၎င်းအား အနောက်တိုင်းစကားလုံးဖြစ်သည့် "Gay" ဟု မခေါ်ဆိုပါနှင့်။ ၎င်းအစား အစ္စလာမ့်စိတ္တဗေဒ ဝေါဟာရဖြစ်သော "လောင်မြိုက်တတ်သည့် စိတ်အလိုဆန္ဒ/ သွေးဆောင်မှု" (هوى/نفس/شهوۃ) သို့မဟုတ် "ဝိညာဉ်ရေးရာ စမ်းသပ်ချက်" (ابتلاء/امتحان) ဟုသာ သုံးနှုန်းရပါမည်။


"Gay Marriage" ဟူသော စကားလုံးလှလှလေးများအစား ကုရ်အာန်က သုံးနှုန်းသည့် "ဖာဟိရှဟ်" (فاحشه - စက်ဆုပ်ဖွယ်လုပ်ရပ်) သို့မဟုတ် "မွန်ကရ်" (منكر - တားမြစ်ပိတ်ပင်ထားသောအရာ) အဖြစ်သာ ခေါ်ဆိုရပါမည်။


မိမိစိတ်ကို ထိန်းချုပ်နေရသူအား "Closeted/ဒုက္ခရောက်နေသူ" ဟု မရှုမြင်ဘဲ၊ "မုဂျာဟိဒ်" (مجاهد - မိမိစိတ်ရိုင်းကို တိုက်ခိုက်နေသည့် စစ်သည်တော်) သို့မဟုတ် "ဆွာဗိရ်" (صابر - အလ္လာဟ်အရှင်မြတ်အတွက် အောင့်အီးသည်းခံနေသူ) ဟု ကောင်းမွန်သော အစ္စလာမ့်ဝေါဟာရများဖြင့် အစားထိုး တန်ဖိုးထားပေးရပါမည်။


(ခ) မိဘများနှင့် ဆရာသမားများအတွက် လမ်းညွှန်


လူငယ်များကို ထိန်းကျောင်းရာတွင် ဒေါသထက် အသိဉာဏ်ပညာ (حكمه) နှင့် မေတ္တာ (رحمه) ကို အခြေခံ၍ အောက်ပါအဆင့်ဆင့်အတိုင်း လမ်းညွှန်ထိန်းကျောင်းရပါမည်။


အဆင့် ၁။ နားထောင်ခြင်းနှင့် လုံခြုံမှုပေးခြင်း (Active Listening & Safe Space): ကလေး သို့မဟုတ် ကျောင်းသားက LGBTQ နှင့်ပတ်သက်ပြီး သံသယမေးခွန်းများ မေးမြန်းလာချိန်တွင် ဒေါသမပါဘဲ တည်ငြိမ်စွာ နားထောင်ပေးပါ။ အိမ်နှင့် ကျောင်းကို ၎င်းတို့အတွက် "အလုံခြုံဆုံးနေရာ (Safe Space)" ဖြစ်အောင် အရင်ဖန်တီးပေးပါ။ မိဘထံတွင် ရင်မဖွင့်ရဲပါက ၎င်းတို့သည် အင်တာနက်ပေါ်ရှိ လစ်ဘရယ်သမားများထံတွင် သွားရောက်ရင်ဖွင့်ကြပါလိမ့်မည်။


အဆင့် ၂။ အသိဉာဏ်ပညာဖြင့် ဆွေးနွေးချေပခြင်း (Intellectual Dismantling): "ဒါက ဟရာမ်မို့လို့ မလုပ်နဲ့" ဟု ဇွတ်အတင်း အမိန့်ပေးမည့်အစား ဆင်ခြင်တုံတရား (Logic) နှင့် အစ္စလာမ့်ဒဿနများကို ခေတ်မီစကားပြောပုံစံဖြင့် ရှင်းပြပါ။ အနောက်တိုင်း လစ်ဘရယ်ဝါဒ၏ "ခန္ဓာကိုယ်ဟာ ကိုယ်ပိုင်တယ်" ဆိုသည့် အယူအဆသည် စိတ်ကူးယဉ်သက်သက်သာဖြစ်ကြောင်း၊ လိင်စိတ်ဆန္ဒဆိုသည်မှာ လူသားတစ်ဦးလုံး၏ ဖြစ်တည်မှု မဟုတ်ကြောင်း (Desire is not Identity) အဆင့်ဆင့် ဆွေးနွေးပြပါ။


အဆင့် ၃။ အစ္စလာမ့်အမှတ်သညာကို အမြစ်တွယ်စေခြင်း (Rooting Islamic Identity): လူငယ်များကို ငယ်စဉ်ကတည်းက တမန်တော်မြတ် (ဆွ) နှင့် ဆွဟာဗာ သာဝကကြီးများ၏ အတ္ထုပ္ပတ္တိများ၊ အစ္စလာမ့်သမိုင်းကြောင်းများနှင့် ထိတွေ့ပေးပါ။ မိမိကိုယ်မိမိ မွတ်စ်လင်မ်ဦး ဖြစ်ရခြင်းအပေါ် ဂုဏ်ယူတတ်သည့် စိတ်ဓာတ် (Psychological Resilience) မြှင့်တင်ပေးပြီး၊ "လူအများစု လက်ခံထားတိုင်း အမှန်တရားမဟုတ်ဘဲ၊ ဖန်ဆင်းရှင် ပြဋ္ဌာန်းထားသည့် 'ဖစ်သ်ရဟ်' သာလျှင် အစစ်အမှန် အမှန်တရားဖြစ်သည်" ဆိုသည့် ခိုင်မာသော အီမာန်မျိုး တည်ဆောက်ပေးရပါမည်။


အနှစ်ချုပ် ကောက်ချက်


ယနေ့ခေတ် ရင်ဆိုင်နေရသည့် LGBTQ အယူအဆဆိုင်ရာ စိန်ခေါ်မှုသည် ရုပ်ပိုင်းဆိုင်ရာ စိန်ခေါ်မှုတစ်ခု မဟုတ်ဘဲ၊ လူသားတို့၏ မူလသဘာဝ (فطرۃ) ကို ဖျက်ဆီးပြီး ဖန်ဆင်းရှင်၏ အမိန့်တော် (ဝဟီ) ကို မီးမြှိုက်ရန် ကြိုးပမ်းနေသည့် "အယူအဆရေးရာနှင့် ဝိညာဉ်ရေးရာ စစ်ဆင်ရေး" ဖြစ်သည်။ မှုန်ဝါးလာနေသော ဘာသာရေးစံနှုန်းများကို ပြန်လည်ထက်မြက်လာစေရန်အတွက် ကျွန်ုပ်တို့ လုပ်ဆောင်ရမည့် တစ်ခုတည်းသော နည်းဗျူဟာမှာ - "အတွေးအခေါ် စနစ်ကို ပညာရပ်ဆိုင်ရာ ခိုင်မာမှု (Intellectual Rigor) ဖြင့် ပြတ်ပြတ်သားသား တုံ့ပြန်ပြီး၊ လမ်းပျောက်နေသည့် လူငယ်များကိုမူ တမန်တော်မြတ်၏ ကရုဏာတရား ဖြင့် မေတ္တာရှေ့ထား ကုစားလမ်းညွှန်ခြင်း" သာလျှင် ဖြစ်ပါတော့သည်။


ကုရ်အာန်ကျမ်းမြတ်

ဘိုခါရီ

မွတ်စ်လင်မ်

ရဒ်ဒွလ်မုဟ်သားရ်

အလ်ဗယားန်ဝသ်သဟ်ဆီးရ်

အလ်မဂျ်မူးအ် ရှရဟ်မုဟဇ္ဇဗ်

အလ်မုဂ်နီ

#ကိတာဗွလ်ကဘာအိရ်

“Islam and the LGBT Question: Reframing the Narrative” – Dr. Jonathan Brown


Contributed by: Naung Lwin


မူရင်းစာမျက်နှာ: https://www.facebook.com/share/p/19M6qsN1B3/

Thursday, December 25, 2025

Yangon T လား?


LGBTIQ Community အတွင်းမှာ လိင်တူကြိုက်တဲ့ အမျိုးသားတွေကို သူတို့ရဲ့ ရုပ်ရည်၊ အရပ်၊ ခန္ဓာကိုယ်အချိုးအစားပေါ်မူတည်ပြီး “Top” “Bottom” လို့ အမျိုးအစားခွဲခြားလာတာဟာ community အတွင်းမှာ ထင်ထင်ရှားရှားဖြစ်လာပါတယ်။ ဒါဟာ အိမ်နီးချင်း ထိုင်းနိုင်ငံနဲ့ အရှေ့အာရှနိုင်ငံတွေဖြစ်တဲ့ တရုတ်၊ ကိုရီးယား နဲ့ ဂျပန်တို့ရဲ့ BL series တွေရဲ့ လှိုင်းလုံးတွေကြားမှာ အပြင်ပန်းပုံစံကိုကြည့်ပြီး လူတစ်ယောက်ရဲ့ sexual preference ကို ခန့်မှန်းတာဟာ ပုံသေကားချပ်တစ်ခုလိုဖြစ်လာပါတယ်။


သို့ပေသိ ဒီလို အပြုအမူ၊ အယူအဆတွေဟာ သေသေချာချာ ဆန်းစစ်လိုက်မယ်ဆိုရင် ကျွန်တော်တို့ LGBTIQ Community ကို ဖိနှိပ်ထားတဲ့ ဖိုဝါဒရဲ့ လက်တံတွေပဲဖြစ်ပါတယ်။ 


ဦးစွာပထမ Top, Bottom ဆိုတဲ့ အယူအဆဟာ ဖိုဝါဒရဲ့ လက်တံတွေအဖြစ် ဘယ်လိုဖြစ်လာသလဲဆိုတာ ကို မသွားခင် ဒီ အထက်အောက်စနစ်ဟာ သဘာဝအရ ဖြစ်ပေါ်လာတာမဟုတ်ဘဲနဲ့ ကျွန်တော်တို့ရဲ့ LGBTIQ Community အတွင်းကို ဖိုဝါဒကနေ စနစ်တကျ မသိမသာ ရိုက်သွင်းထားတဲ့ အယူအဆတွေ ဖြစ်ပါတယ်။ ဖိုဝါဒစနစ်မှာ Top ( active ဖြစ်တဲ့လူ၊ များသောအားဖြင့် ယောင်္ကျားလေး) ဟာ ထိုးသွင်းတာ (လိင်ပိုင်းဆိုင်ရာ) ကိုလုပ်ရတဲ့လူဖြစ်ပါတယ်။ ဒီ role ကို ယောင်္ကျားဆန်တယ်၊ ဦးစီးဦး ဆောင်လုပ်ရမယ် ဆိုပြီး လက်ခံထားကြပြီး Bottom (Passive ဖြစ်တဲ့လူ၊ အမျိုးသမီး) ကတော့ နာခံရိုကျိုးတတ်ရမယ်၊ မိန်းမဆန်တတ်ရမယ် ဆိုပြီး လက်ခံထားကြပါတယ်။ ဒီလိုမျိုး အမျိုးသမီး- အမျိုးသား ဆက်ဆံရေးတွေမှာ ထင်ထင်ရှားရှားတွေ့ရတဲ့ ဖိုဝါဒရဲ့ လက်တံဟာ လိင်တူချစ်သူတွေကြားထဲမှာလည်း တဖန်ပုံစံတစ်မျိုးနဲ့ ပေါ်ပေါက်လာပါတော့တယ်။ 


၂၀၁၂ခုနှစ်၊ Archives of Sexual Behavior ကနေ ကောက်ယူတဲ့ စစ်တမ်းတွေအရ ဂေးအားလုံးလိုလိုဟာ သူတို့ကိုယ်သူတို့  Top, bottom အဖြစ်သာ role ခွဲကြတယ်လို့ဆိုပါတယ်။ ဒီ role တွေဟာ LGBTIQ Community အတွင်းမှာ မရှိမဖြစ်လိုအပ်တဲ့ အခန်းကဏ္ဍတစ်ခုလို့ ယူဆထားကြပြီး ဒီ role တွေက sexual preference တစ်ခုဆိုတာထက် ပိုလာယုံသာမက ဂေးတစ်ယောက်က ကိုယ့်ကို ဘယ်လို ရှုမြင်တယ်၊ ကိုယ့်ရဲ့ ဂေးအသိုင်းအဝိုင်းက ကိုယ့်ကို ဘယ်လိုရှူမြင်တယ်၊ LGBTIQ နဲ့ ပြင်က community မှာ ကိုယ့်အပေါ် အမြင်သက်ရောက်မှုဘယ်လောက်ရှိတယ်ဆိုတာအထိကို ဖြစ်လာပါတယ်။ Bottom အနေနဲ့ identify လုပ်တဲ့လူတွေကို များသောအားဖြင့် လေးလေးစားစား ဆက်ဆံလေ့မရှိဘဲနဲ့ ဂေးအချင်း ချင်းတောင် ဒီ role ဟာ လိင်စိတ်ပြင်းပြတယ်၊ ရိုကျိုးရမယ်၊ စရိုက်ဆန်တယ်ဆိုပြီး သတ်မှတ်ခံရလေ့ ရှိပါတယ်။ ဒါတွေဟာ မတော်တဆဖြစ်လာတာလည်းမဟုတ်သလို သက်သက်မဲ့ တိုက်ဆိုင်မှုလည်းမ ဟုတ်ပါဘူး။ ကျွန်တော်တို့ကို ဖိနှိပ်နေတဲ့ ဖိုဝါဒရဲ့ လက်တံတွေ၊ သက်ရောက်မှုတွေပဲဖြစပါတယ်။


ကျွန်တော်တို့ဟာ လိင်တူဆက်ဆံရေးတစ်ခုအပေါ်မှာ Top/ Bottom သတ်မှတ်လိုက်ပြီဆိုတာနဲ့ ဒီ ဆက်ဆံ ရေးကို ချစ်ခြင်းမေတ္တာဆက်ဆံရေးအဆင့်ကနေ အထက်အောက်စနစ်နဲ့ ရှင်သန်တဲ့ ဆက်ဆံရေးအဖြစ် သတ်မှတ်လိုက်တာပါပဲ။ ဒီစနစ်အရ ဆက်ဆံရေးတစ်ခုမှာ တစ်ယောက်ယောက်ကတော့ Top ဖြစ်ရမယ်၊ Top မလို့ ဦးစီးဦးဆောင်ရှိရမယ်၊ လိင်ကိစ္စမှာ လုပ်တဲ့လူဖြစ်ရမယ်၊ Active ဖြစ်ရမယ်၊ တစ်ဖက်လူကတော့ bottom ဖြစ်ရမယ်၊ Bottom မလို့ ပျော့ညံ့ရမယ်၊ မိန်းမဆန်ရမယ်၊ လိင်ကိစ္စမှာ ခံရမဲ့လူဖြစ်ရမယ်၊ Top ဖြစ်ချင်တာကို လက်ခံရမယ်ဆိုတဲ့ မထူးမခြားမနား title အမည်ခံ အထက်အောက်စနစ်သာ ဖြစ်သွားပါတယ်။ ဒါတင်မကသေးပါဘူး၊ လိင်တူချစ်တဲ့လူနှစ်ယောက်မှာ တစ်ယောက်က အရပ်ရှည်နေမယ်၊ ခန္ဓာကိုယ်ထွားမယ်ဆိုရင် သူ့ကို Top လို့ သတ်မှတ်လေ့ရှိပြီး အရပ်ပုမယ်၊ နည်းနည်းအမျိုးသမီးဆန်မယ်ဆိုရင် bottom လို့သတ်မှတ်ကြပါတယ်။ ဒါဟာ လူတစ်ယောက်ရဲ့ အပြင်ပန်းကိုကြည့်ပြီး သူ့ရဲ့ လိင်ပိုင်းဆိုင်ရာ လုပ်နိုင်ကိုင်နိုင်စွမ်းနဲ့ role ကို ခွဲခြားဆက်ဆံနေတာဖြစ်ပါတယ်။


LGBTIQ အတွင်းမှာရှိနေတဲ့ "ဂေးမုန်းတီးရေးဝါဒ" ဟာလည်း ဒီ role တွေနဲ့ ပတ်သတ်နေပါတယ်။ Identity and Learning: The Experience of 'Bottoming စာတမ်းရဲ့ လေ့လာချက်တွေအရ bottom အဖြစ် ကိုယ့်ကိုကိုယ် identify လုပ်ထားတဲ့ အမျိုးသားတွေဟာ တစ်ခါတစ်လေမှာ သူတို့ကိုယ်သူတို့ ရှက်စိတ်၊ ကြောက်စိတ်၊ ရွံစိတ်ဖြစ်မိတယ်လို့ဆိုပါတယ်။ ဒါဟာ အမျိုးသမီးဆန်ခြင်း (femininity) ဟာ ပျော့ညံ့မှုလို့ယူဆတဲ့ ဖိုဝါဒစနစ်ကြောင့်ဖြစ်ပါတယ်။ အမျိုးသမီးဆန်ခြင်းကို bottom ဆိုတဲ့ အယူဝါဒနဲ့ ချိတ်ဆက်လိုက်တဲ့အခါမှာ bottom တွေဟာ ပျော့ညံ့တဲ့လူတွေအဖြစ် ရှုမြင်ခြင်းခံရပါတော့တယ်။ 


BL series တွေမြင့်တက်လာခြင်းနဲ့အတူ series တွေထဲမှာ ဗလတောင့်တောင့်၊ ပိုက်ဆံချမ်းသာတဲ့လူ၊ လွယ်လွယ်ကူကူ ဒေါသထွက်တတ်တဲ့လူ အရပ်ရှည်ရှည်လူဟာ Top/ seme အဖြစ် ပုံဖော်ခံရလေ့ရှိပြီး အရပ်ပုပု၊ လွယ်လွယ်နဲ့ ခံစားတတ်တဲ့လူ၊ အမျိုးသမီးဆန်တဲ့ ဇာတ်ကောင်ကတော့ bottom/uke အဖြစ် ပုံဖော်ခံရလေ့ရှိပါတယ်။ ဒါဟာ BL series တွေ၊ yaoi တွေ ကိုယ်၌က ဘယ်တုန်းကမှ LGBTIQ Community အတွက် ရိုက်ကူးပေးထားတာမဟုတ်ဘဲနဲ့ ကြည့်ရှူသူတွေဖြစ်တဲ့ fujoshi အမည်ခံ အမျိုးသ မီးတွေ လိင်အရသာခံဖို့ ထုတ်လွှင့်ထားတာဖြစ်လို့ပါပဲ။


အပေါ်မှာ ထပ်သလဲလဲပြောသလိုပါပဲ၊ အရပ်ရှည်ခြင်း၊ ဗလတောင့်ခြင်း အစရှိတဲ့ genetic လက္ခဏာတွေ ဟာ community အတွင်းမှာ အာဏာပါဝါ၊ Top ဖြစ်ခြင်းရဲ့ ပြယုဂ်အဖြစ် ရပ်တည်နေပါတယ်။ အရပ်ရှည် တဲ့လူဟာ bottom လုပ်မယ်ဆိုရင် သူဟာ သူ့အရပ်ကို wasting လုပ်တယ်အပြောခံရမှာဖြစ်ပြီး ပုတဲ့လူက လည်း bottom လုပ်ရင် လှောင်ပြောင်ခံရမှာပဲဖြစ်ပါတယ်။ ဒါဟာ အသားအရောင်ပေါ်မှာလည်း လွှမ်းမိုးမှု ရှိပါတယ်။ အသားဖြူတဲ့ဘက်ကို သွားတဲ့လူဟာ ယေဘုယျအားဖြင့် Bottom အဖြစ် သတ်မှတ်ခံရလေ့ရှိ ပြီး အသားညိုညိုဆိုရင်တော့ top အဖြစ် လက်ခံလေ့ရှိပါတယ်။ ဒီအသားအရောင်အယူအဆတွေဟာ ကို လိုနီစနစ်ရဲ့ beauty standard တွေဖြစ်ပြီး LGBTIQ Community မှာ ထင်ထင်ရှားရှားကြီးကို ထင်ရှားစေ နေပါတယ်။ ဂေးတစ်ယောက်ဟာ bottom ဖြစ်ချင်ရင် သေးသေးသွယ်သွယ်ရှိရမယ်၊ အသားဖြူရမယ်၊ အားနည်းတဲ့ ပုံပေါက်ရမယ်ဆိုတဲ့ standard ကြီးကို ထိုးသွင်းပေးလိုက်တာပဲဖြစ်ပါတယ်။ 


အနောက်နိုင်ငံမှာ ရေပန်းစားနေတဲ့ “Twink Culture” ဆိုတာကလည်း ဒီဖြစ်စဉ်တွေကို မီးမှောင်းထိုးပြနေ ပါတယ်။ Twink ဆိုတဲ့ အသားဖြူဖြူ၊ အမွှေးမရှိ၊ သေးသေးသွယ်သွယ် bottom ဆိုတဲ့ ပုံစံတွေဟာ bottom တွေရဲ့ ပြယုဂ်ဖြစ်လာပါတယ်။ LGBTIQ Community အတွင်းမှာ ဒီလို အသားဖြူဖို့ ဆေးဝါးတွေ သုံးစွဲတာ၊ သေးသေးသွယ်သွယ်ဖြစ်ဖို့ အစာဖြတ်တာတွေဟာ စိတ်ဓာတ်ကျခြင်း၊ ကျန်းမာရေးကို ဆိုးဆိုး ရွားရွားထိခိုက်စေခြင်း စတဲ့ အကျိုးရလဒ်တွေဖြစ်စေပါတယ်။ 


Top/ bottom culture နဲ့ပတ်သတ်ပြီးတော့လည်း အတွဲတွေရဲ့ ကိုယ်ရေးကိုယ်တာကို ထိပါးတာတွေဟာ ပေါပေါထင်ထင်ရှိလာပါတယ်။ ပြောင်သလိုသလို နောက်သလိုလိုနဲ့ စတဲ့ မေးတဲ့ မေးခွန်းတွေဟာ တစ်ဖက်လူကို ကသိကအောက်ဖြစ်စေပါတယ်။ အကယ်လို့ ကိုယ်က သေးသေးသွယ်သွယ်နဲ့ top ပါလို့ ပြောရင် လှောင်ပြောင်ခံ၊ ဟားတိုက်ခံရနိုင်ပြီး ဗလတောင့်တောင့်နဲ့ bottom ပါလို့ပြောရင်လည်း အလှောင် ခံရနိုင်ပါတယ်။ ဒီလိုဖြစ်ရပ်တွေ၊ အယူအဆတွေများလာလေလေ role ဟာ အကျဉ်းထောင်နဲ့ တူလာလေ လေပါ။ 


ကျွန်တော်တို့ LGBTIQ Community ဟာ  လူတိုင်းရဲ့ ဖြစ်တည်မှု၊ မတူညီကွဲပြားသော ချစ်ခြင်းမေတ္တာကို လက်ခံဖို့အတွက် တည်ရှိတိုက်ခိုက်လာတာပါ။ ဒါပေမဲ့ ဒီ community ကိုယ်၌က ဖိနှိပ်မှုရဲ့ ခေါင်းကိုင်ကြီး ဖြစ်တဲ့ ဖိုဝါဒရဲ့ စီးဆင်းလွှမ်းမိုးမှုကို ခံနေရပါတယ်။ နိဂုံးချုပ်အနေနဲ့ ကျွန်တော်တို့က လောကရဲ့ စံချိန်စံနှုန်းတွေကို ချိုးဖောက်ပြီး ရှင်သန်လာကြတဲ့လူတွေပါ။ အဲ့တာကို တစ်ဖက်လူကို ကိုယ်ရဲ့ စံချိန်စံနှုန်းကြီးနဲ့ အတင်းလိုက်ညှိ၊ ဖိအားပေးလို့မရပါဘူး။ ကျွန်တော်တို့ကို ဖိနှိပ်တဲ့ စနစ်ကိုလည်း ဆက်လက်ဆွဲကိုင်ထားလို့မရပါဘူး။ 


ဖိုဝါဒဟာ ဖြတ်တောက်ပစ်ရမဲ့ ပုတ်သိုးနေတဲ့ အမြစ်တစ်ခုပါ။ ဒီအမြစ်ကို ဆက်လက်ရှင်သန်ခိုင်းလို့မရပါဘူး။ ကျွန်တော်တို့ရဲ့ တည်ရှိမှုကို ခြိမ်းခြောက်နေဆဲ ဒီဝါဒကြီးကို "အခြောက်တွေ" ကိုယ်တိုင် တိုက်ခိုက်မှ ရပါမယ်။ ယောင်္ကျား၊ မိန်းမဖြစ်တည်မှုအပေါ်မူတည်ပြီး ကျွန်တော်တို့ ဘယ်သူ့ကို ယူမယ်၊ ဘယ်လိုနေရ မလဲဆိုတာကို လူ့အဖွဲ့အစည်းက ခိုင်းလို့မရပါဘူး။ ထိုနည်းတူပါပဲ၊ အခြောက်တွေဟာလည်း တစ်ခြားသော အခြောက်တွေကို အရပ်၊ ပုံပန်းကိုကြည့်ပြီး ဘယ်သူ့ကို ယူရမယ်၊ ဘယ်လိုနေရမလဲဆိုပြီး ပြောပိုင်ခွင့်မရှိပါဘူး။ 


Pic: What Does It Mean to Be a Top, Bottom, or Vers? By Evelyn Bauer


-ဖွံ့ဖြိုးပြီး လွတ်လပ်သော လူသားဖြစ်စေရန် ရည်ရွယ်လျက်-


***Aloysius ၏ စာမျက်နှာမှကူးယူဖော်ပြသည်။

Tuesday, November 25, 2025

ဗုဒ္ဓနဲ့ လိင်တူ စုံမက်ခြင်း homosexuality အ​ပေါ် အမြင်

 ဗုဒ္ဓနဲ့ လိင်တူ စုံမက်ခြင်း homosexuality အ​ပေါ် အမြင်

......................................




IGCSE (International General Certificate of Secondary Education) ​မေးခွန်းထဲမှာ

ဘာသာ​တရားလေ့လာမှုပညာရပ် 

(Religious Studies) အတွက် ထုတ်ထားတဲ့ ​နမူနာ sample မေးခွန်း​တွေ ရှိပါတယ်။ 


အဲဒီ​မေးခွန်း​တွေထဲက စိတ်ဝင်စားစရာ​မေးခွန်းတစ်ခုက လိင်တူအချင်းချင်း ချစ်ခင်စုံမက်မှု homosexuality နဲ့ပတ်သက်တဲ့​မေးခွန်းတစ်ခုပါလာပါတယ်။ 


လိင်တူအချင်းချင်း ချစ်ခင်စုံမက်မှု homosexuality ကို ဘာသာတရား​တွေက ဘယ်လို သ​ဘောထားသလဲဆိုတဲ့​မေးခွန်းပါပဲ။ 


ဒါ​ကြောင့် IGCSE ​မေးခွန်း​တွေကို ​လေ့လာရင် ​လူမှုအဖွဲ့အစည်းရဲ့ အရှိတရားနဲ့ ကိုးကွယ်မှုဘာသာတရား​တွေရဲ့ 

ထိပ်တိုက်ကြုံ​တွေ့​နေရတဲ့ ပြဿနာကို မီး​​မောင်းထိုးပြ​နေတာပါ။ 


၂၁ ရာစု လူ့အဖွဲ့အစည်းက ကိုးကွယ်မှု ဘာသာတရားဆို​တဲ့ စည်း​ဘောင်တစ်ခုက​နေ နှိပ်ကွပ်ပစ်ပယ်လိုက်ခြင်းဟာ လူသားတစ်ဦးရဲ့ဖြစ်တည်ခွင့်​တွေကိုပါ လျစ်လျူရှု​ရာ​ရောက်​စေသလား ဆိုတဲ့ 

စဥ်းစားမှုကို ဦးတည်ပါတယ်။ 


လူမှုအဖွဲ့အစည်းရဲ့ တည်ရှိမှု​တွေနဲ့ ချိန်ကိုက်​စဥ်းစားရမယ့်  Critical question အဖြစ်​တွေ့ရပါတယ်။ 


​မေးခွန်းက

Explain why religious people have differing attitudes towards homosexuality. 

(ဘာသာ​ရေးသမား​တွေက လိင်တူဆက်ဆံ​ရေးအ​ပေါ် မှာ မတူကွဲပြားတဲ့သ​ဘောထား​တွေ ဘာ​ကြောင့်ရှိတယ်ဆိုတာ ရှင်းပြပါ)ပဲဖြစ်ပါတယ်။ 


ဒီ​​မေးခွန်း က ရပ်တည်ချက်​တွေကို ဘယ်လို အ​ကြောင်းသင့်အကျိုးသင့် မျှတချင့်ချိန် justify  လုပ်​ဖြေရမယ့်

​မေးခွန်းမျိုးမှာပါတယ်။ 


​မေးခွန်းရဲ့ အသွားအလာကို ကြည့်ရင်

ဘာသာ​ရေးသမား​တွေရဲ့ ရှု​ထောင့်ကို ​တွေကို ဆန်းစစ်ခိုင်းတာ​ပေါ်လွင်ပါတယ်။ 


​မေးခွန်းကလည်း ကွဲပြားတဲ့သ​ဘောထား ဘာ​ကြောင့်ရှိရတယ်ဆိုတာ ရှင်းပြပါဆိုပြီး ယဥ်ယဥ်​လေးနဲ့ ​မေးပါတယ်။ 


ဤ​နေရာမှာ ဘာသာတရား နဲ့ လူအဖွဲ့အစည်းကို ဘာ​တွေက ကန့်သတ်ခြားနားလိုက်သလဲဆိုတာကို ခွဲခြား​စဥ်းစား​သုံးသပ်​စေခြင်းဖြစ်ပါတယ်။ 


​မေးခွန်းကို အပိုင်းသုံးပိုင်းဆွဲထုတ်ကြည့်ရင်

၁။ ဘာသာ​ရေးပုဂ္ဂိုလ်များ

 (Religious people)

၂။ လိင်တူဆက်ဆံ​ရေး

(Homosexuality)

၃။ ကွဲပြားတဲ့ သ​ဘောထားများ

( differing attitudes)

ဆိုပြီး​​တွေ့ရမှာဖြစ်ပါတယ်။ 


ပထမဆုံး​ဆွေး​​နွေးရမှာက  ဘာသာ​ရေးပုဂ္ဂိုလ်များ (religious people) ကို ​ဆွေး​နွေးရမယ်ထင်ပါတယ်။ ညာသာ​ရေးပုဂ္ဂိုလ် ဆိုတာ ဘာသာ​ရေး အဆုံးအမ တစ်ခုခု​အောက်​တွင် လိုက်နာကျင့်ကြံသူများ လို့ ပဲဖွင့်ဆိုရပါလိမ့်မယ်။ 


ဘာသာတရားအဆုံးအမ ​တွေက လိင်တူဆက်ဆံ​ရေး အပေါ် ဘယ်လိုရှုမြင်သလဲ ဆိုတာနဲ့

ဘာသာ​ရေးပုဂ္ဂိုလ်​တွေက လိင်တူ ဆက်ဆံ​ရေးအ​ပေါ် ဘယ်လို မြင်သလဲဆိုတာပါကွဲခြားမြင်ရမယ်တူပါတယ်။ 


ဆိုလိုတာက ဓမ္မနဲ့လူပုဂ္ဂိုလ်ကို အရင်ခွဲခြားဖို့လိုပါတယ်။ 


ဓမ္မက လူ​တွေကို တ​ပြေးညီဆက်ဆံတယ်ဆို​ပေမဲ့

ဘာသာ​ရေးပုဂ္ဂိုလ်​တွေက တ​ပြေးညီဆက်ဆံနိုင်စွမ်းရှိပါသလား ဆိုတာကိုပါ ဆင်ခြင်မိဖို့ပါပဲ။


 ဒုတိယတစ်ချက်ဖြစ်တဲ့

လိင်တူဆက်ဆံ​မှု homosexuality 

အ​ပေါ် 

ဘာသာ​ရေးပုဂ္ဂိုလ်​တွေအ​နေနဲ့ လက်မခံနိုင်တဲ့ ကိစ္စရပ်တစ်ခု အဖြစ် ဒီ​မေးခွန်းကို စတည်​ဆောက်ထားပါတယ်။ 


ဒီ​မေးခွန်းဟာ ဘာသာ​ရေးပုဂ္ဂိုလ်​တွေရဲ့ အမြင်​နဲ့သ​ဘောထားတွေ ဘယ်လိုရှိတယ်ဆိုတာ  ဆန်းစစ်​စေတဲ့ ​မေးခွန်းတည်​ဆောက်မှုပုံစံလို့ သုံးသပ်ပါတယ်။ 


ဘာသာ​ရေးပုဂ္ဂိုလ်​တွေရဲ့ 

ဖြစ်နိုင်​ခြေ သ​ဘောထား​တွေကို ဆွဲထုတ်ကြည့်ရင်

၁။ သဘာဝတရားနဲ့ မ​လျော်ညီ​ဆန့်ကျင်ဖောက်ပြန်လို့

၂။ ရွံ့မုန်း ထိတ်လန့်စရာ​ကောင်းလို့

၃။ လူ့အဖွဲ့အစည်းရဲ့အများစုက လက်မခံလို့ 

၄။ ဘာသာတရားနဲ့ ​ဆန့်ကျင်​သွေဖည်​နေလို့ 

၅။ အစဥ်အလာလက်ခံမှုက​နေဖောက်ပြန်​ သွေဖည်​နေလို့  ဆိုတဲ့ 

အစသဖြင့် အချက်​တွေကို ရပါတယ်။ 


အဲဒီအချက်​တွေက​နေ လူဖြစ်ခြင်းကို

လူ​တွေကပဲ  ငြင်းပယ်​မိ​နေသလို ဖြစ်​နေသလားဆိုတာ အစဆွဲထုတ်စဥ်းစားခိုင်း တယ်လို့မြင်မိပါတယ်။ 


လိင်တူခြင်းချစ်ခင်စုံမက်မှု Homosexuality ဆိုတာ အကျင့်လား၊ လူလား ဆိုတာ ခွဲခြားဖို့ လိုလိမ့်မယ်ထင်ပါတယ်။ 


လိင်တူခြင်းချစ်ခင်စုံမက်မှုဆိုတာ လူ မဟုတ်ဘူး လူရဲ့ စိတ်နဲ့ဗီဇ​ပေါ် ခို​​အောင်း​နေတဲ့ သဘာဝတစ်ခုပါ။ 


IGCSE က ဘာသာ​တရား​တွေအ​ပေါ်

ခြုံငုံ​မေးတာဖြစ်လို့ 

ဗုဒ္ဓဘာသာအ​နေနဲ့  လိင်တူခြင်းစုံမက်မှု homosexuality ကို ဘယ်လိုသ​ဘောထားသလဲဆိုတာပါ။ 


ဗုဒ္ဓက လူ့အဖွဲ့အစည်းကို စဥ်းစာတဲ့အခါ 

ကာယကံ ၃ ပါး

ဝစီကံ ၄ ပါး

မ​​နောကံ ၃ ပါး​ပေါ်မှာပဲ ဆုံးဖြတ်ပါတယ်။ 


ဘာသာ​ရေးပုဂ္ဂိုလ်ပဲဖြစ်ဖြစ်၊ လိင်တူစက်မက်သူပဲဖြစ်ဖြစ်၊ ဆင်းရဲသားပဲဖြစ်ဖြစ်

ချမ်းသာသူပဲဖြစ်ဖြစ်၊ အလုပ်ရှင်ပဲဖြစ်ဖြစ်၊ အလုပ်သမားပဲဖြစ်ဖြစ် 

မ​ကောင်းတာကို ကျူးလွန်ရင် မ​ကောင်းတဲ့လူပါပဲ။ 


လိင်တူစုံမက်မှု homosexuality ကို

ဗုဒ္ဓက ​ပေတံ  ၁၀ ခုနဲ့တိုင်းပါတယ်။ 


အဲဒီ​  လူမှုကျင့်ဝတ် ပေတံ​ (Social Morality Criteria) တွေကို ဘယ်မှာ ​တွေ့ရသလဲဆိုရင်  မူလပဏ္ဏာသပါဠိ​တော်နဲ့ နိဒါနဝဂ္ဂသံယုတ် ပါဠိ​တော်မှာ  ဒုစရိုက်တရား ၁၀-ပါး ဆိုပြီး ​တွေ့ရပါတယ်။ 


လိင်တူစုံမက်မှု homosexuality ဆိုတာ 

(၁) သူ့အသတ်ကိုသတ်သလား

(၂) သူ့ဥစ္စာကို ခိုးယူတာလား၊ 

(၃) သူ့မယားကို သွားလာလွန်ကျူးတာလား ဆိုပြီး

အဲဒီသုံးပါးနဲ့ မကောင်းမှုကို ကိုယ်နဲ့ ပြုတဲ့  ကာယဒုစရိုက် ၃-ပါးနဲ့ ကျူးလွန်​နေတာလားဆိုတာ ဆန်းစစ်ရပါမယ်။ 


​​​နောက်ပြီး

(၄) မဟုတ် မမှန်တဲ့ စကားကို အမှန်အဟုတ် လို ​ပြော​နေတာလား 

(၅) သူနှစ်ယောက်တို့ရဲ့ အချစ်ကိုပျက်အောင် ကုန်းတိုက်​နေတာလား

(၆) အကြမ်းအတမ်း ငေါက်ငမ်းဆဲရေး​နေတာလား၊ 

(၇) အပေါ့အဖျင်း အနှစ်ကင်းတဲ့ စကားကို ပြော​နေတာလား ဆိုပြီး 

မကောင်းမှုကို နှုတ်ဖြင့်တဲ့  ဝစီဒုစရိုက် လေးပါးနဲ့ ဆန်းစစ်ရပါမယ်။ 


​နောက်ပြီး 

(၈) သူရဲ့ဥစ္စာကို ငါ့ဥစ္စာဖြစ်ရင် ကောင်းမှာပဲလို့  စိတ်ထဲမှာ အောက်မေ့​နေသလား

(၉) သူတစ်ပါးကို ငြိုးထား ရန်မက် နှိပ်စက်ရအောင် စိတ်ကကြံဆောင်​နေတာလား၊ 

(၁၀) ဝိပ္ပလ္လာသ အမြင်​တွေနဲ့ စိတ်ထား အယူမှား​နေတာလားဆိုပြီးလည်း 


မကောင်းမှုကို စိတ်နဲ့ ကြံစည်တဲ့ မနောဒုစရိုက် ၃-ပါးကို ကျူးလွန်​နေတာ လားဆိုတာ သုံးသပ်ဆုံးဖြတ်ဖို့လိုပါတယ်။ 


ဗုဒ္ဓဘာသာက ဓမ္မအ​ပေါ် ပဲရပ်တည်ပညတယ်။ လူပုဂ္ဂိုလ်​တွေအ​ပေါ်မှာမျက်နှာမလိုက်ထားပါဘူး။ 


အ​ပေါ်က ဒုစရိုက် ၁၀ ပါးဟာ လူ့အဖွဲ့အစည်းရဲ့ တည်ငြိမ်တဲ့ ဟန်ချကိကို ပျက်ယွင်း​စေပါတယ်။ 


လိင်တူစုံမက်ခြင်း homosexuality က

လူ့အဖွဲ့အစည်းရဲ့ တည်ငြိမ်မှုဟန်ချက်ကို ပျက်ယွင်း​စေတယ်ဆိုရင် ဗုဒ္ဓဘာသာက

ဒုစရိုက်လို့သတ်မှတ်ပါတယ်။ 


ဗုဒ္ဓဘာသာက လူတစ်​ယောက်ရဲ့လွတ်လပ်စွာ ဖြစ်တည်ခွင့်ကို ကန့်သတ်​နေတာမဟုတ်ဘူး။ ကိုယ်ကျင့်တရား​ဖောက်ဖျက်မှုကိုသာ ဒုစရိုက်လို့ သတ်မှတ်တာဖြစ်ပါတယ်။ 


​IGCSE ​မေးခွန်းကို ပြန်​ကောက်ရရင် 

ဘာသာ​ရေးပုဂ္ဂိုလ်​တွေက လိင်စုံမက်မှုကို ဘယ်လိုသ​ဘောထားသလဲဆိုရင် 

ဒုစရိုက် ၁၀ ပါးနဲ့ ညီမညီ ဆုံးဖြတ်သ​ဘောထားသင့်တယ်လို့ သာ​ဖြေရပါမယ်။ 


ဒုစရိုက် ၁၀ ပါးရှု​ထောင့်အရကြည့်ရင် 

လိင်တူစုံမက်ခြင်း homosexuality ကို သီးသန့်ကန့်သတ်ထားတဲ့ ဥပ​ဒေမျိုး 

ဗုဒ္ဓ ဘာသာက​နေ ထုတ်မထားဘူးဆိုတာပါပဲ။ 


ဗုဒ္ဓဝါဒအရ အကုသိုလ်ကံအရ ဖြစ်လာတဲ့ ဝဋ်ခန္ဓာကိုယ်ကို နည်းလမ်းမှန်တဲ့ညလမ်းညွန်မှုမ​ပေးပဲ ပစ်ပယ် ကန့်သတ်လိုက်မှာလားဆိုတာပါပဲ။ 


ခန္ဓာကိုယ်တည်​ဆောက်ပုံကိုပဲကြည့်ပြီး လူ့အဖွဲ့အစည်းက​နေ ပစ်ပယ်လိုက်တဲ့အရာ​ရော လူ့အဖွဲ့အစည်းတရားမျှတမှု(social justice )ကို ဘယ်​လောက်​တောင်ချိုး​​ဖောက်လိုက်တာလဲ ဆိုတာပါ 

ထည့်သွင်းစဥ်းစားဖို့ပါ။ 


ဗုဒ္ဓက လူရဲ့ဖြစ်တည်ခွင့်​တွေကို ပယ်မြစ်ကန့်သတ်ဖို့ဆိုတဲ့ အချက်က​နေ မသွားဘဲ အကျင့်သီလတည်​ဆောက်မှု အပိုင်း ကသာ လူရဲ့ဖြစ်တည်ခွင့်ကို ချဥ်းကပ်တာ​တွေ့ရပါတယ်။ 


ဒါ​ကြောင့် လူပုဂ္ဂိုလ် နဲ့ အကျင့်သီလကို ကွဲဖို့လိုပါလိမ့်မယ်။


ဘယ်လူပုဂ္ဂိုလ်ပဲ ဖြစ်ဖြစ် အကျင့်သီလ​ဖောက်ပြန်ရင် ဒုစရိုက်သမားပါပဲ။


လိင်တူစုံမက်ခြင်း homosexuality က

အထက်က ​ဖော်ပြထားတဲ့ ဒုစရိုက်တစ်ခုခုကိုသာ​ဖောက်ဖျက်ရင် 

ဓုစရိုက်သမားပါပဲ။ 


ဘာမှ မ​ဖောက်ဖျက်​သေးရင်​တော့ သူ့ကို ဒုစရိုက် သမားလို့​တော့ စွပ်စွဲခွင့် မရှိပါဘူး။ 


လိင်တူစုံမက်စိတ်ရှိ​ပေမဲ့ အဲဒီဒုစရိုက် ၁၀ ပါး​တွေကိုသာ မကျူးလွန်ပဲ 

ကိုယ်ကျင့်တရားကို ထိန်းသိမ်းထားတယ်ဆိုရင် အပြစ်တင်စွပ်စွဲခွင့်မရှိပါဘူး။ 


ဓမ္မ​ပေတံအရ  homoseuality ဆိူတဲ့ အဲဒီ​မေးခွန်း ကို ​ဖြေကြည့် ရင် အကျင့်သီလအထိုင်​ပေါ်မှာသာ ဗုဒ္ဓကရပ်တည်ထားခြင်းဖြစ်ပြီး လူပုဂ္ဂိုလ် အသွင်သဏ္ဌာန်များ​ပေါ်မှာ  မရပ်တည်ထား​ကြောင်း အ​ဖြေထွက်ပါတယ်။ 


အကျင့်သီလနဲ့လူကို ခွဲခြားမြင်ပြီး 

လူ့အဖွဲ့အစည်းရဲ့ တည်ငြိမ်တဲ့ ဟန်ချက်ကို အကျိုးသင့်အ​ကြောင်းသင့် ညီညွှတ်မျှတစွာ ဆုံးဖြတ်ခြင်း သာ

ဗုဒ္ဓဝါဒဖြစ်​ကြောင်း ​​ဆွေး​နွေးပါတယ်။ 


လူကို လူလိုသာမြင်၍ 

ကိုယ်ကျင့်တရားကို ကိုယ်ကျင့်တရားဟု သာ ခွဲခြားမြင်နိုင်ပါ​စေ ​မေတ္တာရည်လျက်။ 


အာကာမိုးသူ

၁၀း၃၇ ည

၁၇.၉.၂၀၂၀ အိမ်

Wednesday, January 1, 2025

ထိပ်တန်းဒီမိုကရေစီနိုင်ငံကြီးများမှ မဲဆန္ဒရှင်မိန်းမလျာအရေအတွက်

 ထိပ်တန်းဒီမိုကရေစီနိုင်ငံကြီးများမှ မဲဆန္ဒရှင်မိန်းမလျာအရေအတွက်နှင့် ၎င်းတို့၏ ဘေးကြပ်နံကြပ်အခြေအနေ



တစ်နေ့သ၌ စာရေးသူ ကျွန်တော့်ထံသို့ အောက်ပါထူးဆန်းသော မေးခွန်းတစ်ခု ရောက်ရှိလာလို့ အများပြည်သူအကျိုးငှာ တင်ဆက် အပ်ပါသည်။

မေး။ ။ ဆရာရေ၊ ဆရာရှင့် ဒါမှမဟုတ် ဆရာခင်ဗျားလို့ လေးလေးစားစား မရေးဘဲ ဆရာရေလို့ ရေးရတာ ခွင့်လွှတ်ပါ။ နောက်တစ်ခု က မိမိကိုယ်တိုင်လည်း ကျွန်တော် ဒါမှမဟုတ် ကျွန်မရယ်လို့ ဘယ်လိုနာမ်စားရေးရမယ်မှန်းမသိလို့ မိမိကိုယ်မိမိ သူများလို့ သုံးခွင့်ပြုပါ။ သူများက ‘ကျားအုပ်စု’ထဲပါရမလား၊ မိန်းမအုပ်စုထဲပါရမလား မသိတော့ပါဘူး။ သန်းခေါင်စာရင်းထဲမှာတော့ ကျားလို့ရေးထားပါတယ်။ ဒါပေမယ့် သူများက ယောက်ျားမလုပ်ချင်တဲ့ မိန်းမလျာတစ်ယောက်ပါ ဆရာ။ အသက် ၃၈နှစ်ရှိပြီး B.Sc ဘွဲ့ ရပြီးပါပြီ။ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတစ်ခုကို ဦးစီးလုပ်ကိုင်နေလို့ စီးပွားရေးလည်း ပြေလည်နေပြီး အခြောက်ဖြစ်နေတော့ ဘဝက ပြည့်စုံတယ်လို့တော့ မခံစားရဘူးဆရာ။ ထိုင်းနိုင်ငံဘက်မှာ ခွဲစိတ်လိင်ပြောင်းပြီး မိန်းမဘဝကို လုံးလုံးရောက်သွားကြသူတွေ ရှိတယ်လို့ သိရပါတယ်။ အဲဒီကိစ္စမျိုးကို သူများက ထိုင်းနိုင်ငံသွားပြီးလုပ်ရင် တရားဝင်လား၊ အပြစ်ရှိလားဆရာ။ အဲဒီလိုလုပ်လာခဲ့ရင် သူများကို မိန်းမတစ်ယောက်အဖြစ် အသိအမှတ်ပြုမှာလား သိချင်ပါတယ်။

နောက်တစ်ခုကတော့ ဒိန်းမတ်နိုင်ငံအပါအဝင် အနောက်ဥရောပနိုင်ငံတချို့မှာ လိင်တူချင်း လက်ထပ်တာကို ခွင့်ပြုတဲ့ဥပဒေကို ပြဋ္ဌာန်း တယ်လို့သိရပါတယ်။ အရှေ့တိုင်းနိုင်ငံတွေမှာတော့ ဒီလိုကိစ္စမျိုး ဆောင်ရွက်ဖို့နှောင့်နှေးနေဆဲပါပဲ။

ဒီတော့ သူများ ခံစားရပါတယ်။ သူများတို့ အရှေ့မှာ လိင်တူချင်းလက်ထပ်ခွင့်မရှိဘူးဆိုရင်ထားပါတော့။ ဒါပေမယ့် လိင်မတူ(လိင်ကွဲ) ဖြစ်သွားအောင် ခွဲစိတ်လိင်ပြောင်းလိုက်ရင် ဥပဒေနဲ့ငြိမှန်းမသိ မငြိမှန်းမသိဆိုတော့ သူများကြောက်တယ်ဆရာ။ သူများဘ၀ ‘ရှေ့တိုး ထမ်းပိုး ၊ နောက်ဆုတ်ရင် တုတ်’ဆိုသလိုဖြစ်နေပြီး တောင်မရောက် မြောက်မရောက်ဘဝနဲ့ လူ့ဘဝသက်တမ်းတစ်ခုကို ကုန်လွန်ရ တော့မှာလား ဆရာ။

တကယ်ဆိုရင် သူများဟာ သူဋ္ဌေးမဟုတ်ပေမယ့် နိုင်ငံခြားမှာ ခွဲစိတ်လိင်ပြောင်းဖို့ ကုန်ကျစရိတ်အကုန်ခံနိုင်ပါတယ်။ သူများ ဘာဆက်လုပ်သင့်လဲဆရာ။


ဖြေ ။ ။ Oh My God! သူများရေ…သူများရဲ့မေးခွန်းက ကျယ်ပြန့်လွန်းလှပါတယ်။ ဖြေရမယ့်အဖြေကတော့ လိင်ဆေးပညာနယ်ပယ် ဘောင်ထဲမှာတင်မကတော့ဘဲ ဥပဒေနယ်ပယ်၊ နိုင်ငံရေးနယ်ပယ်က အကြောင်းတွေကိုပါ ဖြေဆိုရမှာဖြစ်ပါတယ်။ ဒီလိုဖြေဆိုခွင့်ရလို့ ဆရာဝမ်းသာပါတယ်။

ဒါပေမယ့် မဖြေခင်မှာ တစ်ခုပြောချင်တာက သည်ကိစ္စဟာ နက်နဲသိမ်မွေ့လွန်းလို့ အယူအဆမတူတာတွေ များလွန်းလှပါတယ်။ ဥပမာ ဆိုပါတော့ ပြင်သစ်နိုင်ငံမှာ သမ္မတကြီး မစ္စတာအော်လန်ဒီက လိင်တူချင်းလက်ထပ်တဲ့ ဥပဒေကို ပြဋ္ဌာန်းရန် လက်မှတ်ရေးထိုးလို့ သဘောမတူသူတွေ ဆန္ဒပြတာတွေ ဘာတွေ ဖြစ်ကုန်ပါတယ်။

သူများရဲ့ မေးခွန်းတွေကို ဖြေမယ့် ဆရာရဲ့ အဖြေနဲ့ပတ်သက်ပြီး ပြောချင်တာကတော့  ဆရာဟာ ကမ္ဘာပေါ်မှာရှိတဲ့ မည်သည့်နိုင်ငံရဲ့ အစိုးရ၊ မည်သည့်ကျန်းမာရေးဌာန၊ မည်သည့်ဥပဒေဌာနနဲ့မှ မူဝါဒရေးရာအကြံပေး (Policy Advisor) တစ်ယောက်မဟုတ်ပါဘူး။  ဒီတော့ဆရာရဲ့ အဖြေတွေဟာ ပေါ်လစီချမှတ်သူ (Policy Maker) ရှုထောင့်ကမဟုတ်ဘဲ ပေါ်လစီလေ့လာသူ (Policy Observer) ရှုထောင့်ကနေ ဖြေဆိုသွားပါတယ်။

သူများအနေနဲ့ ထိုင်းနိုင်ငံသွားပြီး ခွဲစိတ်မှုခံယူကာ မိန်းမဘဝကို လုံးလုံးခံယူမယ်ဆိုရင် အပြစ်ရှိ မရှိကိစ္စနဲ့ပတ်သက်ပြီး ပြောရရင်တော့ ထိုင်းနိုင်ငံမှာတော့ ဒီကိစ္စမျိုး အိုကေနေပါပြီ။ ပြဿနာမရှိပါဘူး။ ဒါပေမယ့် တစ်နိုင်ငံနဲ့ တစ်နိုင်ငံ တည်ဆဲဥပဒေတွေက မတူညီပါဘူး။ ဥပမာ ဆရာတို့မြန်မာနိုင်ငံမှာ တစ်ပါးသူရဲ့ မယားကိုကြာခိုရင် ထောင်ကျပါတယ်။ ဒါပေမယ့် အင်္ဂလန်နိုင်ငံမှာတော့ တစ်ပါးသူရဲ့ မယား ကိုကြာခိုရင် အပြစ်မရှိပါဘူး။မုဒိမ်းကျင့်တဲ့အဆင့်ရောက်မှ အပြစ်ရှိပါတယ်။

မြန်မာနိုင်ငံက ပုဂ္ဂိုလ်အချို့ ထိုင်းနိုင်ငံသွားပြီး တိုးတိုးတိတ်တိတ် ခွဲစိတ်လိင်ပြောင်းကြတာ သိုးသိုးသန့်သန့်နဲ့ တစ်ဆင့်စကားကြားရဖူး ပါတယ်။ ဘယ်သူဘယ်ဝါတွေလဲရယ်လို့တော့ သေသေချာချာမသိပါဘူး။ဒါပေမယ့် အကယ်၍ အဲသည်လိုများ လုပ်လာခဲ့ရင် မိန်းမပုံသဏ္ဌာန်ဖြစ်သွားလို့ မိန်းမသားအဖြစ် အသိအမှတ်ပြုခံရတဲ့ မြန်မာနိုင်ငံသားရယ်လို့တော့ မကြားဖူးသေးပါဘူး။ သူတို့ကလည်း သိုသိုသိပ်သိပ်နေကြပြီး သူတို့ကိုယ်သူတို့ မိန်းမဖြစ်သွားပါပြီလို့ မြွက်ဟကြေငြာတာမျိုး၊ ဂျာနယ်တွေကိုဖိတ်ပြီး ရှင်းလင်းပွဲလုပ်တာမျိုး ဆရာမကြားမိသေးပါဘူး။ ဒီတော့ ခွဲစိတ်လိင်ပြောင်းပြီး မိန်းမစစ်စစ်အဖြစ် အသိအမှတ်ပြုခံရတဲ့သူရယ်လို့တော့ ဆရာတို့ဆီမှာ မကြား မိသေးပါဘူး။

နောက်တစ်ခုကလည်း ပြစ်မှုဥပဒေပုဒ်မ ၃၂၆မှာ ကိုယ်အင်္ဂါအစိတ်အပိုင်းတစ်ခုခု ပျက်စီးစေလျှင် ပြစ်မှုမြောက်တယ်လို့ ဆိုပါတယ်။ ဒီတော့ ယောက်ျားအင်္ဂါကြီးကို ဖြတ်တောက်လိုက်ရင် အဲဒီပုဒ်မနဲ့ငြိမလားဆိုပြီး စိုးရိမ်ကြသူတွေရှိပါတယ်။ဒါပေမဲ့ ဒီကိစ္စက အမှုမဖြစ် သေးတော့  စီရင်ချက်ချမှတ်ခံရတာမျိုး မကြားမိသေးပါဘူး။ တဖန် ဒီကိစ္စကို ကင်းလွတ်ခွင့်ပေးတယ်ဆိုပြီး ခွင့်ပြုတဲ့စီရင်ချက်လည်း မကြားမိသေးပါဘူး။ ဒီကိစ္စနဲ့ပတ်သက်တဲ့ စီရင်ထုံးလည်း မတွေ့သေးပါဘူး။ ဒါကြောင့် ‘သူများ’ရဲ့ အမေးကိုဖြေရန် လောလောဆယ်မှာ အဖြေမရှိသေးပါဘူး။

ဥပမာ ဆီးချိုရောဂါကြောင့် ခြေထောက်ပုပ်လာရင် ခြေထောက်ကို ဖြတ်ပစ်တဲ့ဆရာကို ကိုယ်အင်္ဂါချို့တဲ့စေမှု ပုဒ်မ ၃၂၆နဲ့ အပြစ်မယူပါဘူး။ ဒါပေမယ့် ယောက်ျားအင်္ဂါကြီးကို ဖြတ်တာကျတော့ ဘယ်လိုလုပ်ကြမလဲဆိုတာ ဥပဒေပညာရှင်တွေ အချေအတင် ဆွေးနွေးရမယ့်ကိစ္စ ဖြစ်နေဆဲပါ သူများရေ။ ဒီတော့  ယောက်ျားအင်္ဂါကြီးကိုဖြတ်ဖို့ သူများကကြောက်နေရင် အဲဒီကြောက်စိတ်ဟာ မမှားပါဘူး။

တစ်ဖန် ပုဒ်မ ၃၇၇အရ လိင်တူဆက်ဆံပြန်ရင်လည်း အပြစ်ရှိတယ်။ လိင်တူမဟုတ်တော့ဘဲ မိန်းမစစ်စစ်ဖြစ်သွားအောင် ခွဲစိတ်လိင်ပြောင်းရင်လည်း အပြစ်ရှိ မရှိ မသေချာတော့ အခက်ကြုံနေကြတဲ့ သူများတို့ရဲ့ဘဝကို ဆရာ စာနာပါတယ်။ ဒါပေမယ့် သူများရေ အဲဒီပုဒ်မ ၃၇၇တို့၊ ၃၂၆တို့ဆိုတာ ပြစ်မှုပုဒ်မတွေဖြစ်ပြီး ယခင်က ရာဇသတ်ကြီးဥပဒေလို့ခေါ်ခဲ့ပါတယ်။ အဲဒီဥပဒေကို အင်္ဂလိပ်အစိုးရ ပြဋ္ဌာန်းခဲ့တာပါ။ သူများတို့အနေနဲ့ အင်္ဂလိပ်အစိုးရကို စိတ်နာမယ်ဆိုရင်တော့ မိမိတိုင်းပြည်ကို ကျွန်ပြုခဲ့လို့ စိတ်နာချင်နာပါ။ ရာဇသတ်ကြီးဥပဒေအတွက်တော့ စိတ်မနာပါနဲ့ဦးလို့ ဆရာပြောချင်တယ်။ ဘာကြောင့်လဲဆိုတော့ ဒီဥပဒေကို ပြဋ္ဌာန်းခဲ့တဲ့ အင်္ဂလိပ်ကိုလိုနီခေတ်တုန်းက ခွဲစိတ်လိင်ပြောင်းတဲ့ အတတ်ပညာ မပေါ်ခဲ့သေးပါဘူး။ ဒါကြောင့် အင်္ဂလိပ်ဥပဒေ ရေးဆွဲသူတွေဟာ သူများတို့ မိန်းမလျာတွေကို လိင်ပြောင်းခွင့်ပိတ်ရန် ရည်ရွယ်ရေးဆွဲထားတာမဟုတ်တာတော့ သေချာပါတယ်။

တစ်ချိန်တုန်းက အများက မိန်းမလျာတွေကို ယောက်ျားစစ်စစ်စိတ်ပြန်ပေါက်လာဦးမယ်လို့ မျှော်လင့်ခဲ့ကြဖူးတယ်။ ဆရာ့ရဲ့ မိတ်ဆွေ တစ်ဦးဆိုရင် သူ့ရဲ့သားက မိန်းမလျာစိတ်ပေါက်တော့ လုံချည်ကို ရင်လျားဝတ်လို့ ခါးပတ်နဲ့ချွတ်ရိုက်ဖူးတယ်။ သူ့သားငယ်ငယ်က မိခင်က သနပ်ခါး ခဏ ခဏလူးပေးလို့ မိန်းမဘဝကို အားကျတာ၊ ဒါဟာပြင်လို့ရတယ်လို့ ထင်ခဲ့တယ်။

ယခင်တုန်းက ယောက်ျားတွေ မိန်းမစိတ်ပေါက်တာကို မူမမှန်ခြင်း (Abnormal) လို့ယူဆခဲ့ကြတယ်။ (Abnormal) ဆိုရင်တော့ ပြုပြင်ဖို့ ကြိုးစားရတော့မှာပေါ့။ ဒါပေမယ့် နောက်ပိုင်းမှာ ဆရာက ဂျာနယ်တစ်စောင်မှာ တွေ့ရတာကတော့ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)  က မိန်းမလျာတွေကို မူမမှန်ခြင်းစာရင်းက ပယ်ဖျက်ပြီး သာမန်လူ၊ မူမှန်လူ (Normal) အဖြစ် အသိအမှတ်ပြုလိုက်တယ်။ (Normal) ဆိုရင်တော့ မူမမှန်စိတ်ရောဂါ မဟုတ်တော့ဘူး။ဒါဟာ သဘာဝပဲ။သည်တော့ ယောက်ျားစိတ်ပြန်ပေါက်အောင် ဆေးကုစရာမလိုတော့ဘူးပေါ့။

ဒီနေရာမှာ လိင်နဲ့ဆိုင်တဲ့ နိုင်ငံရေး Sex Related Politics ကိစ္စက ဆွေးနွေးရတော့မယ်။ မိန်းမလျာကို အထင်မသေးတဲ့ ထိုင်းနိုင်ငံလို နိုင်ငံမျိုးမှာ မိန်းမလျာတွေက မိမိကိုယ်ကို မိန်းမလျာအဖြစ် ကြေညာခြင်း (Declare) လုပ်လို့ မိန်းမလျာဦးရေများလာတယ်။ USA သုတေသနစာရင်းတစ်ခုအရ သူတို့ဆီမှာ မိန်းမလျာလူဦးရေဟာ ယောက်ျားထုရဲ့ ၆ရာခိုင်နှုန်းရှိပါတယ်။ ယောက်ျားလျာဦးရေလည်း နည်းမှာမဟုတ်ဘူး။ ဆိုကြပါစို့ မိန်းမလျာနဲ့ ယောက်ျားလျာဦးရေကတော့ လူဦးရေရဲ့ ၆ရာခိုင်နှုန်းလောက် ရှိနေနိုင်ပါတယ်။

တစ်ဖန် နိုင်ငံရေးစနစ်အကြောင်း နည်းနည်းရှင်းပြရရင် ဘာသာတရားကို အခြေပြုအုပ်ချုပ်တဲစနစ်ကို သီယိုကရေစီလို့ ခေါ်ပါတယ်။

အာဏာရှင်ကို အခြေပြုအုပ်ချုပ်တာကို အော်တိုကရေစီလို့ ခေါ်ပါတယ်။ လူထုကိုအခြေပြုပြီး အုပ်ချုပ်တဲ့စနစ်ကို ဒီမိုကရေစီလို့ ခေါ်ပါတယ်။ အနောက်ဥရောပနိုင်ငံတွေက ဒီမိုကရေစီ ဘိုးအေကြီးတွေဆိုတော့ ပြည်သူ့အသံကိုနားစွင့်ရမယ်တို့၊ လူ့အခွင့်အရေး (Human Right)တို့ စတဲ့စကားသံတွေဟာ ဒီမိုကရေစီသက်တမ်းနုတဲ့ နိုင်ငံတွေနဲ့စာရင် ပိုမိုကျယ်လောင်ပါတယ်။ ဒီတော့ လူထုအခြေပြု ပြည်သူ့အသံကို နားစွင့်တော့ လူဦးရေရဲ့ ၆ရာခိုင်နှုန်းရှိတဲ့ မိန်းမလျာနဲ့ ယောက်ျားလျာတို့ရဲ့အသံနဲ့ ဆန္ဒရှင်တွေကို တော်တော်အလေးထားရပါတယ်။ သူတို့က မဲဆန္ဒရှင်တွေရဲ့ ၆ရာခိုင်နှုန်းရှိတယ်လေ။ အနောက်ဥရောပပါတီစုံရွေးကောက်ပွဲတွေမှာ တစ်ခါတရံ ပါတီတစ်ခုက ၁ရာခိုင်နှုန်း၊ ၂ရာခိုင်နှုန်းသော မဲဆန္ဒနဲ့ ပွတ်ကာသီကာနိုင်ပြီး အစိုးရဖွဲ့တာမျိုးရှိပါတယ်။ ဒီတော့ ၆ရာခိုင်နှုန်း သော မဲဆန္ဒရှင်တွေကို အစိုးရကိုယ်တိုင် လေးစားရပါပြီ။ ဒါကြောင့်လည်း အစိုးရက လိင်တူချင်း လက်ထပ်ခွင့်ဥပဒေကို ပြဋ္ဌာန်းတာလား လို့ ဆရာတွေးမိတယ်။ ဒီအတွေးဟာ ဆရာ့ရဲ့ ပုဂ္ဂလိက ယူဆချက်ပါ။ မှန်ချင်လည်းမှန်မယ်၊ မှားချင်လည်း မှားပါမယ်။ တခြားအကြောင်း..ဥပမာ မိန်းမလျာတွေကို ကိုယ်ချင်းစာမှု၊ သူတို့ရဲ့အခွင့်အရေးကို  လေးစာမှု စတဲ့အကြောင်းတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။

ဒါပေမယ့် အရှေ့တိုင်းနိုင်ငံတွေမှာ မိန်းမလျာတွေကို လိင်တူချင်းလက်ထပ်ခွင့်ပေးသင့်တယ်လို့တော့ ဆရာမပြောလိုပါဘူး။ ဘာကြောင့်လဲဆိုတော့ ဆရာပြောထားသလိုပါပဲ။ ဆရာဟာ အစိုးရရဲ့ မူဝါဒရေးရာ အကြံပေးမှမဟုတ်တာ။

ဆရာက ဥပမာတွေကိုရေးပြပြီး ဘယ်လိုလုပ်သင့်လဲဆိုတာ အများကစဉ်းစားနိုင်အောင် ဉာဏ်ကိုစေ့ဆော်ပေးတာသာ ဖြစ်ပါတယ်။ အရှေ့တိုင်းမှာတော့ အနောက်တိုင်းနဲ့မတူတဲ့ ယဉ်ကျေးမှုတွေရှိလို့ အနောက်တိုင်းဥပဒေနဲ့မတူနိုင်တာတွေ အများကြီးရှိနိုင်ပါတယ်။ ဒါဆိုရင် အရှေ့တိုင်းတွေမှာ အနောက်တိုင်းတွေလို  ပိုမိုဖြေလျော့တဲ့ဥပဒေ ပြဋ္ဌာန်းရေးအတွက် နှောင့်နှေးမှုရှိကြတဲ့အကြောင်းကို  သူများ သဘောပေါက်မယ်ထင်ပါတယ်။

နောက်တစ်ခုကတော့ “သူများ ဘာဆက်လုပ်ရမလဲ၊ တောင်မရောက် မြောက်မရောက်ဘဝနဲ့ သူများတို့ဘဝတွေ ဒီလိုပဲ အချိန်ကုန်ဆုံး ရတော့မှာလား ဆရာ” ဆိုတဲ့ မေးခွန်းကတော့ နက်နဲသိမ်မွေ့လွန်းလှပါတယ်ကွယ်။

“ ကဲ…သူများရေ၊ ဘယ်သူသိတာမှတ်လို့ လိင်တူချင်းပဲ ဆက်ဆံလိုက်ပါတော့” ဆိုတဲ့ အဖြေမျိုးကိုတော့ ဥပဒေနဲ့ဆန့်ကျင်ပြီး ဆရာက မဖြေလိုဘူး။ မြှောက်ထိုးပင့်ကော် မလုပ်လိုပါဘူး။

ဒါပေမယ့် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၇၇အရ လိင်တူဆက်ဆံရင်လည်းအပြစ်ရှိ၊ လိင်ကွဲဖြစ်အောင် ခွဲစိတ်ပြောင်းတော့လည်း ပုဒ်မ ၃၂၆ ကို ကြောက်ရအောင် ပြဋ္ဌာန်းတုန်းက ခွဲစိတ်လိင်ပြောင်းတဲ့ ဆေးပညာမတိုးတက်သေးပါဘူး။ ခုတော့ ခွဲစိတ်လိင်ပြောင်းနိုင်ပြီဆိုတော့ တနေ့နေ့ တစ်ချိန်ချိန်မှာ ဒီကိစ္စ၊ ဒီဥပဒေတွေကို ဥပဒေပညာရှင်တွေက ပြန်လည်သုံးသပ်နိုင်ပါတယ်။

သည်နေရာမှာ ကြုံကြိုက်လို့ သတင်းတစ်ခုကို ဖောက်သည်ချလိုပါတယ်။ ၁၃ - ၁၀ - ၂၀၁၃ ပြည်မြန်မာနေ့စဉ်သတင်းစာကို ဖတ်လိုက် ရတဲ့အခါ စာမျက်နှာ ၃၂မှာပါတဲ့သတင်းကတော့ ဘရာဇီးနိုင်ငံမှာ အခြောက်တွေကို အလှမယ်ရွေးပွဲ ကျင်းပပေးတယ်။ အဲဒီမှာ ပထမရ တဲ့သူကို ထိုင်းနိုင်ငံသို့သွား၍ ခွဲစိတ်လိင်ပြောင်းရန် ဆန္ဒရှိက ထိုသို့ဆောင်ရွက်နိုင်အောင် အထောက်အကူရရန် ပေါင်လေးထောင် ဆုငွေချီးမြှင့်မှာဖြစ်ပါတယ်။ ကာယကံရှင်က ကြိုက်သလိုသုံးနိုင်ပါတယ်။ ဘရာဇီးဥပဒေက ခွဲစိတ်လိင်ပြောင်းတာ ခွင့်မပြုထားလို့ ထိုင်းကိုသွားပြီး လိင်ပြောင်းရမှာဖြစ်ပါတယ်။

အဲဒီသတင်းကို ဖတ်ပြီးတော့ သူများတို့ရဲ့ ဘေးကြပ်နံကြပ်  အကြပ်အတည်းတစ်ခုကို ဆရာ သတိထားမိသွားပါတယ်။ လိင်တူချင်း လိင်ဆက်ဆံတာကိုလည်း ခွင့်မပြုဘူး။ လိင်ကွဲသွားအောင် ခွဲစိတ်လိင်ပြောင်းတော့လည်း ခွင့်မပြုဘူး။ ဒါဆိုရင် အဲဒီနှစ်ခုစလုံးကို လုပ်ခွင့် မရှိရင် အခြောက်တွေဟာ ယောက်ျားစစ်စစ်ပြန်လုပ်ဖို့ပဲရှိတော့တယ်။ အဲဒီလိုဆိုပြန်တော့လည်း WHO က အခြောက်တွေကို Normal (ပုံမှန်)လူသားလို့ သတ်မှတ်လို့ ယောက်ျားစစ်စစ်ဖြစ်လာအောင် လုပ်ရန် လက်လျှော့လိုက်သလို ဖြစ်သွားပါပြီ။ ဒီတော့ သူများတို့ ရဲ့ဘဝဟာ အတားအဆီးတွေကြားမှာ မွန်းကြပ်နေတာ သတိထားစာနာမိပါတယ်။

ဒီကိစ္စကို ဖြေရှင်းနည်းကတော့ ဆရာ ဒေါက်တာထွန်းဝင်း တစ်ဦးတည်းရဲ့ အကြံဉာဏ်နဲ့ မလုံလောက်တော့ပါဘူး။ နိုင်ငံတော်ရဲ့ ထိပ်တန်းဆေးပညာရှင်ကြီးများ၊ ဥပဒေပညာရှင်ကြီးများ၊ ဥပဒေပြုလွှတ်တော် ကိုယ်စားလှယ်ကြီးများ စုပေါင်းဆွေးနွေး အဖြေရှာရမယ့် ကိစ္စတစ်ခုဖြစ်တယ်လို့ ဆရာမြင်ပါတယ်။

ဒါကြောင့် သူများကို အကြံပြုချင်တာကတော့ သူများရဲ့ ဘေးကြပ်နံကြပ်ဖြစ်နေတဲ့ အခက်အခဲကို သူများတို့ရဲ့ သက်ဆိုင်ရာလွှတ်တော် ကိုယ်စားလှယ်ကြီးများထံမှ တင်ပြသင့်ပါတယ်။ ပါတီစုံဒီမိုကရေစီခေတ်မှာ လွှတ်တော်ကိုယ်စားလှယ်ကြီးများ ပြည်သူတွေရဲ့ အခက်အခဲ တွေ နားထောင်ပြီး လိုက်လံဖြေရှင်းပေးတဲ့ အလေ့အထရှိပါတယ်။ ဒီမိုကရေစီအသီးအပွင့်ကို သူများတို့လည်း ခံစားနိုင်ကြပါစေရယ်လို့ ဆုတောင်းလိုက်ပါတယ်။


ဒေါက်တာ ထွန်းဝင်း

*** ဒေါက်တာ ထွန်းဝင်း၏ ‘လိင်နှင့် ကျား မဆိုင်ရာ နိုင်ငံရေး (Sex and Gender Politics)’ စာအုပ်မှ ကူးယူဖော်ပြပါသည်။