LGBTIQ Community အတွင်းမှာ လိင်တူကြိုက်တဲ့ အမျိုးသားတွေကို သူတို့ရဲ့ ရုပ်ရည်၊ အရပ်၊ ခန္ဓာကိုယ်အချိုးအစားပေါ်မူတည်ပြီး “Top” “Bottom” လို့ အမျိုးအစားခွဲခြားလာတာဟာ community အတွင်းမှာ ထင်ထင်ရှားရှားဖြစ်လာပါတယ်။ ဒါဟာ အိမ်နီးချင်း ထိုင်းနိုင်ငံနဲ့ အရှေ့အာရှနိုင်ငံတွေဖြစ်တဲ့ တရုတ်၊ ကိုရီးယား နဲ့ ဂျပန်တို့ရဲ့ BL series တွေရဲ့ လှိုင်းလုံးတွေကြားမှာ အပြင်ပန်းပုံစံကိုကြည့်ပြီး လူတစ်ယောက်ရဲ့ sexual preference ကို ခန့်မှန်းတာဟာ ပုံသေကားချပ်တစ်ခုလိုဖြစ်လာပါတယ်။
သို့ပေသိ ဒီလို အပြုအမူ၊ အယူအဆတွေဟာ သေသေချာချာ ဆန်းစစ်လိုက်မယ်ဆိုရင် ကျွန်တော်တို့ LGBTIQ Community ကို ဖိနှိပ်ထားတဲ့ ဖိုဝါဒရဲ့ လက်တံတွေပဲဖြစ်ပါတယ်။
ဦးစွာပထမ Top, Bottom ဆိုတဲ့ အယူအဆဟာ ဖိုဝါဒရဲ့ လက်တံတွေအဖြစ် ဘယ်လိုဖြစ်လာသလဲဆိုတာ ကို မသွားခင် ဒီ အထက်အောက်စနစ်ဟာ သဘာဝအရ ဖြစ်ပေါ်လာတာမဟုတ်ဘဲနဲ့ ကျွန်တော်တို့ရဲ့ LGBTIQ Community အတွင်းကို ဖိုဝါဒကနေ စနစ်တကျ မသိမသာ ရိုက်သွင်းထားတဲ့ အယူအဆတွေ ဖြစ်ပါတယ်။ ဖိုဝါဒစနစ်မှာ Top ( active ဖြစ်တဲ့လူ၊ များသောအားဖြင့် ယောင်္ကျားလေး) ဟာ ထိုးသွင်းတာ (လိင်ပိုင်းဆိုင်ရာ) ကိုလုပ်ရတဲ့လူဖြစ်ပါတယ်။ ဒီ role ကို ယောင်္ကျားဆန်တယ်၊ ဦးစီးဦး ဆောင်လုပ်ရမယ် ဆိုပြီး လက်ခံထားကြပြီး Bottom (Passive ဖြစ်တဲ့လူ၊ အမျိုးသမီး) ကတော့ နာခံရိုကျိုးတတ်ရမယ်၊ မိန်းမဆန်တတ်ရမယ် ဆိုပြီး လက်ခံထားကြပါတယ်။ ဒီလိုမျိုး အမျိုးသမီး- အမျိုးသား ဆက်ဆံရေးတွေမှာ ထင်ထင်ရှားရှားတွေ့ရတဲ့ ဖိုဝါဒရဲ့ လက်တံဟာ လိင်တူချစ်သူတွေကြားထဲမှာလည်း တဖန်ပုံစံတစ်မျိုးနဲ့ ပေါ်ပေါက်လာပါတော့တယ်။
၂၀၁၂ခုနှစ်၊ Archives of Sexual Behavior ကနေ ကောက်ယူတဲ့ စစ်တမ်းတွေအရ ဂေးအားလုံးလိုလိုဟာ သူတို့ကိုယ်သူတို့ Top, bottom အဖြစ်သာ role ခွဲကြတယ်လို့ဆိုပါတယ်။ ဒီ role တွေဟာ LGBTIQ Community အတွင်းမှာ မရှိမဖြစ်လိုအပ်တဲ့ အခန်းကဏ္ဍတစ်ခုလို့ ယူဆထားကြပြီး ဒီ role တွေက sexual preference တစ်ခုဆိုတာထက် ပိုလာယုံသာမက ဂေးတစ်ယောက်က ကိုယ့်ကို ဘယ်လို ရှုမြင်တယ်၊ ကိုယ့်ရဲ့ ဂေးအသိုင်းအဝိုင်းက ကိုယ့်ကို ဘယ်လိုရှူမြင်တယ်၊ LGBTIQ နဲ့ ပြင်က community မှာ ကိုယ့်အပေါ် အမြင်သက်ရောက်မှုဘယ်လောက်ရှိတယ်ဆိုတာအထိကို ဖြစ်လာပါတယ်။ Bottom အနေနဲ့ identify လုပ်တဲ့လူတွေကို များသောအားဖြင့် လေးလေးစားစား ဆက်ဆံလေ့မရှိဘဲနဲ့ ဂေးအချင်း ချင်းတောင် ဒီ role ဟာ လိင်စိတ်ပြင်းပြတယ်၊ ရိုကျိုးရမယ်၊ စရိုက်ဆန်တယ်ဆိုပြီး သတ်မှတ်ခံရလေ့ ရှိပါတယ်။ ဒါတွေဟာ မတော်တဆဖြစ်လာတာလည်းမဟုတ်သလို သက်သက်မဲ့ တိုက်ဆိုင်မှုလည်းမ ဟုတ်ပါဘူး။ ကျွန်တော်တို့ကို ဖိနှိပ်နေတဲ့ ဖိုဝါဒရဲ့ လက်တံတွေ၊ သက်ရောက်မှုတွေပဲဖြစပါတယ်။
ကျွန်တော်တို့ဟာ လိင်တူဆက်ဆံရေးတစ်ခုအပေါ်မှာ Top/ Bottom သတ်မှတ်လိုက်ပြီဆိုတာနဲ့ ဒီ ဆက်ဆံ ရေးကို ချစ်ခြင်းမေတ္တာဆက်ဆံရေးအဆင့်ကနေ အထက်အောက်စနစ်နဲ့ ရှင်သန်တဲ့ ဆက်ဆံရေးအဖြစ် သတ်မှတ်လိုက်တာပါပဲ။ ဒီစနစ်အရ ဆက်ဆံရေးတစ်ခုမှာ တစ်ယောက်ယောက်ကတော့ Top ဖြစ်ရမယ်၊ Top မလို့ ဦးစီးဦးဆောင်ရှိရမယ်၊ လိင်ကိစ္စမှာ လုပ်တဲ့လူဖြစ်ရမယ်၊ Active ဖြစ်ရမယ်၊ တစ်ဖက်လူကတော့ bottom ဖြစ်ရမယ်၊ Bottom မလို့ ပျော့ညံ့ရမယ်၊ မိန်းမဆန်ရမယ်၊ လိင်ကိစ္စမှာ ခံရမဲ့လူဖြစ်ရမယ်၊ Top ဖြစ်ချင်တာကို လက်ခံရမယ်ဆိုတဲ့ မထူးမခြားမနား title အမည်ခံ အထက်အောက်စနစ်သာ ဖြစ်သွားပါတယ်။ ဒါတင်မကသေးပါဘူး၊ လိင်တူချစ်တဲ့လူနှစ်ယောက်မှာ တစ်ယောက်က အရပ်ရှည်နေမယ်၊ ခန္ဓာကိုယ်ထွားမယ်ဆိုရင် သူ့ကို Top လို့ သတ်မှတ်လေ့ရှိပြီး အရပ်ပုမယ်၊ နည်းနည်းအမျိုးသမီးဆန်မယ်ဆိုရင် bottom လို့သတ်မှတ်ကြပါတယ်။ ဒါဟာ လူတစ်ယောက်ရဲ့ အပြင်ပန်းကိုကြည့်ပြီး သူ့ရဲ့ လိင်ပိုင်းဆိုင်ရာ လုပ်နိုင်ကိုင်နိုင်စွမ်းနဲ့ role ကို ခွဲခြားဆက်ဆံနေတာဖြစ်ပါတယ်။
LGBTIQ အတွင်းမှာရှိနေတဲ့ "ဂေးမုန်းတီးရေးဝါဒ" ဟာလည်း ဒီ role တွေနဲ့ ပတ်သတ်နေပါတယ်။ Identity and Learning: The Experience of 'Bottoming စာတမ်းရဲ့ လေ့လာချက်တွေအရ bottom အဖြစ် ကိုယ့်ကိုကိုယ် identify လုပ်ထားတဲ့ အမျိုးသားတွေဟာ တစ်ခါတစ်လေမှာ သူတို့ကိုယ်သူတို့ ရှက်စိတ်၊ ကြောက်စိတ်၊ ရွံစိတ်ဖြစ်မိတယ်လို့ဆိုပါတယ်။ ဒါဟာ အမျိုးသမီးဆန်ခြင်း (femininity) ဟာ ပျော့ညံ့မှုလို့ယူဆတဲ့ ဖိုဝါဒစနစ်ကြောင့်ဖြစ်ပါတယ်။ အမျိုးသမီးဆန်ခြင်းကို bottom ဆိုတဲ့ အယူဝါဒနဲ့ ချိတ်ဆက်လိုက်တဲ့အခါမှာ bottom တွေဟာ ပျော့ညံ့တဲ့လူတွေအဖြစ် ရှုမြင်ခြင်းခံရပါတော့တယ်။
BL series တွေမြင့်တက်လာခြင်းနဲ့အတူ series တွေထဲမှာ ဗလတောင့်တောင့်၊ ပိုက်ဆံချမ်းသာတဲ့လူ၊ လွယ်လွယ်ကူကူ ဒေါသထွက်တတ်တဲ့လူ အရပ်ရှည်ရှည်လူဟာ Top/ seme အဖြစ် ပုံဖော်ခံရလေ့ရှိပြီး အရပ်ပုပု၊ လွယ်လွယ်နဲ့ ခံစားတတ်တဲ့လူ၊ အမျိုးသမီးဆန်တဲ့ ဇာတ်ကောင်ကတော့ bottom/uke အဖြစ် ပုံဖော်ခံရလေ့ရှိပါတယ်။ ဒါဟာ BL series တွေ၊ yaoi တွေ ကိုယ်၌က ဘယ်တုန်းကမှ LGBTIQ Community အတွက် ရိုက်ကူးပေးထားတာမဟုတ်ဘဲနဲ့ ကြည့်ရှူသူတွေဖြစ်တဲ့ fujoshi အမည်ခံ အမျိုးသ မီးတွေ လိင်အရသာခံဖို့ ထုတ်လွှင့်ထားတာဖြစ်လို့ပါပဲ။
အပေါ်မှာ ထပ်သလဲလဲပြောသလိုပါပဲ၊ အရပ်ရှည်ခြင်း၊ ဗလတောင့်ခြင်း အစရှိတဲ့ genetic လက္ခဏာတွေ ဟာ community အတွင်းမှာ အာဏာပါဝါ၊ Top ဖြစ်ခြင်းရဲ့ ပြယုဂ်အဖြစ် ရပ်တည်နေပါတယ်။ အရပ်ရှည် တဲ့လူဟာ bottom လုပ်မယ်ဆိုရင် သူဟာ သူ့အရပ်ကို wasting လုပ်တယ်အပြောခံရမှာဖြစ်ပြီး ပုတဲ့လူက လည်း bottom လုပ်ရင် လှောင်ပြောင်ခံရမှာပဲဖြစ်ပါတယ်။ ဒါဟာ အသားအရောင်ပေါ်မှာလည်း လွှမ်းမိုးမှု ရှိပါတယ်။ အသားဖြူတဲ့ဘက်ကို သွားတဲ့လူဟာ ယေဘုယျအားဖြင့် Bottom အဖြစ် သတ်မှတ်ခံရလေ့ရှိ ပြီး အသားညိုညိုဆိုရင်တော့ top အဖြစ် လက်ခံလေ့ရှိပါတယ်။ ဒီအသားအရောင်အယူအဆတွေဟာ ကို လိုနီစနစ်ရဲ့ beauty standard တွေဖြစ်ပြီး LGBTIQ Community မှာ ထင်ထင်ရှားရှားကြီးကို ထင်ရှားစေ နေပါတယ်။ ဂေးတစ်ယောက်ဟာ bottom ဖြစ်ချင်ရင် သေးသေးသွယ်သွယ်ရှိရမယ်၊ အသားဖြူရမယ်၊ အားနည်းတဲ့ ပုံပေါက်ရမယ်ဆိုတဲ့ standard ကြီးကို ထိုးသွင်းပေးလိုက်တာပဲဖြစ်ပါတယ်။
အနောက်နိုင်ငံမှာ ရေပန်းစားနေတဲ့ “Twink Culture” ဆိုတာကလည်း ဒီဖြစ်စဉ်တွေကို မီးမှောင်းထိုးပြနေ ပါတယ်။ Twink ဆိုတဲ့ အသားဖြူဖြူ၊ အမွှေးမရှိ၊ သေးသေးသွယ်သွယ် bottom ဆိုတဲ့ ပုံစံတွေဟာ bottom တွေရဲ့ ပြယုဂ်ဖြစ်လာပါတယ်။ LGBTIQ Community အတွင်းမှာ ဒီလို အသားဖြူဖို့ ဆေးဝါးတွေ သုံးစွဲတာ၊ သေးသေးသွယ်သွယ်ဖြစ်ဖို့ အစာဖြတ်တာတွေဟာ စိတ်ဓာတ်ကျခြင်း၊ ကျန်းမာရေးကို ဆိုးဆိုး ရွားရွားထိခိုက်စေခြင်း စတဲ့ အကျိုးရလဒ်တွေဖြစ်စေပါတယ်။
Top/ bottom culture နဲ့ပတ်သတ်ပြီးတော့လည်း အတွဲတွေရဲ့ ကိုယ်ရေးကိုယ်တာကို ထိပါးတာတွေဟာ ပေါပေါထင်ထင်ရှိလာပါတယ်။ ပြောင်သလိုသလို နောက်သလိုလိုနဲ့ စတဲ့ မေးတဲ့ မေးခွန်းတွေဟာ တစ်ဖက်လူကို ကသိကအောက်ဖြစ်စေပါတယ်။ အကယ်လို့ ကိုယ်က သေးသေးသွယ်သွယ်နဲ့ top ပါလို့ ပြောရင် လှောင်ပြောင်ခံ၊ ဟားတိုက်ခံရနိုင်ပြီး ဗလတောင့်တောင့်နဲ့ bottom ပါလို့ပြောရင်လည်း အလှောင် ခံရနိုင်ပါတယ်။ ဒီလိုဖြစ်ရပ်တွေ၊ အယူအဆတွေများလာလေလေ role ဟာ အကျဉ်းထောင်နဲ့ တူလာလေ လေပါ။
ကျွန်တော်တို့ LGBTIQ Community ဟာ လူတိုင်းရဲ့ ဖြစ်တည်မှု၊ မတူညီကွဲပြားသော ချစ်ခြင်းမေတ္တာကို လက်ခံဖို့အတွက် တည်ရှိတိုက်ခိုက်လာတာပါ။ ဒါပေမဲ့ ဒီ community ကိုယ်၌က ဖိနှိပ်မှုရဲ့ ခေါင်းကိုင်ကြီး ဖြစ်တဲ့ ဖိုဝါဒရဲ့ စီးဆင်းလွှမ်းမိုးမှုကို ခံနေရပါတယ်။ နိဂုံးချုပ်အနေနဲ့ ကျွန်တော်တို့က လောကရဲ့ စံချိန်စံနှုန်းတွေကို ချိုးဖောက်ပြီး ရှင်သန်လာကြတဲ့လူတွေပါ။ အဲ့တာကို တစ်ဖက်လူကို ကိုယ်ရဲ့ စံချိန်စံနှုန်းကြီးနဲ့ အတင်းလိုက်ညှိ၊ ဖိအားပေးလို့မရပါဘူး။ ကျွန်တော်တို့ကို ဖိနှိပ်တဲ့ စနစ်ကိုလည်း ဆက်လက်ဆွဲကိုင်ထားလို့မရပါဘူး။
ဖိုဝါဒဟာ ဖြတ်တောက်ပစ်ရမဲ့ ပုတ်သိုးနေတဲ့ အမြစ်တစ်ခုပါ။ ဒီအမြစ်ကို ဆက်လက်ရှင်သန်ခိုင်းလို့မရပါဘူး။ ကျွန်တော်တို့ရဲ့ တည်ရှိမှုကို ခြိမ်းခြောက်နေဆဲ ဒီဝါဒကြီးကို "အခြောက်တွေ" ကိုယ်တိုင် တိုက်ခိုက်မှ ရပါမယ်။ ယောင်္ကျား၊ မိန်းမဖြစ်တည်မှုအပေါ်မူတည်ပြီး ကျွန်တော်တို့ ဘယ်သူ့ကို ယူမယ်၊ ဘယ်လိုနေရ မလဲဆိုတာကို လူ့အဖွဲ့အစည်းက ခိုင်းလို့မရပါဘူး။ ထိုနည်းတူပါပဲ၊ အခြောက်တွေဟာလည်း တစ်ခြားသော အခြောက်တွေကို အရပ်၊ ပုံပန်းကိုကြည့်ပြီး ဘယ်သူ့ကို ယူရမယ်၊ ဘယ်လိုနေရမလဲဆိုပြီး ပြောပိုင်ခွင့်မရှိပါဘူး။
Pic: What Does It Mean to Be a Top, Bottom, or Vers? By Evelyn Bauer
-ဖွံ့ဖြိုးပြီး လွတ်လပ်သော လူသားဖြစ်စေရန် ရည်ရွယ်လျက်-
***Aloysius ၏ စာမျက်နှာမှကူးယူဖော်ပြသည်။



No comments:
Post a Comment