ဘာလို့ အခုချိန်ထိ Coming out မလုပ်သေးတာလဲ?
LGBTQ+ တော်တော်များများ ကြုံတွေ့ဖူးတဲ့ မေးခွန်းတွေပါ။ ဒါပေမယ့် လူတစ်ယောက်အတွက် Coming out ဆိုတာ ရိုးရိုးလေး ပြောလိုက်ရုံ နဲ့ ပြီးသွားတဲ့အရာမဟုတ်ပါဘူး။
Coming out ဆိုတာကိုယ့်ရဲ့ လိင်စိတ်တိမ်းညွှတ်မှု ဒါမှမဟုတ် လိင်ဝိသေသခံယူမှုကို တခြားသူတွေကို မျှဝေပြောပြဖို့ ဆုံးဖြတ်တာပဲဖြစ်ပါတယ်။ ဒီဆုံးဖြတ်ချက်ဟာ တစ်ဦးနဲ့တစ်ဦး မတူညီနိုင်ပါ။ တချို့လူတွေအတွက် Coming out လုပ်တာဟာ လွတ်မြောက်သလို ခံစားရစေနိုင်
သလို ကိုယ့်ကိုယ်ကိုယ် ဖုံးကွယ်မထားတော့စိတ်ပေါ့ပါးကာ လွတ်လပ်စွာနေထိုင်လို့ရသွားပါတယ်။
သို့သော် တချို့သူတွေအတွက်တော့ ကြုံတွေ့လာနိုင်တဲ့ အတားဆီးစိန်ခေါ်မှုတွေကို ရင်ဆိုင်ရမှာအဆင့်သင့်မဖြစ်သေးတဲ့ အချိန်ဆိုတာရှိတတ်ပါတယ်။ Coming out လုပ်ပြီးနောက် မိသားစုက လက်မခံတာမျိုး သူငယ်ချင်းတွေရဲ့ ဆက်ဆံပုံဟာရုတ်ချည်းပြောင်းသွားတာမျိုး ကျောင်း၊ အလုပ်၊ ဒါမှမဟုတ် နေထိုင်တဲ့ပတ်ဝန်းကျင်မှာ ခွဲခြားဆက်ဆံခံရတာမျိုးတွေကြုံတွေရနိုင်ပါတယ်။ ဒါကြောင့် Coming out မလုပ်သေးဘူးဆိုတာ သူ့မှာ သတ္တိမရှိလို့ မဟုတ်ဘဲ သူ့အခြေအနေနဲ့ သူယုံကြည်ရတဲ့အချိန်ကို စဉ်းစားပြီး ရွေးချယ်နေတာ ဖြစ်နိုင်ပါတယ်။
Coming out လုပ်တယ်ဆိုတာဟာ LGBTQ+ တစ်ယောက်ဖြစ်ကြောင်း သက်သေပြရမယ့် စာမေးပွဲတစ်ခု မဟုတ်သလို၊ မဖြစ်မနေလုပ်ရမယ့် တာဝန်လည်း မဟုတ်ပါဘူး။
“ဘာလို့ come out မလုပ်သေးတာလဲ?” လို့ မေးမယ့်အစား အဆင်သင့်ဖြစ်တဲ့အချိန်မှသာ ပြောလို့ရပါတယ်။ မေးခွန်းတွေမေးပြီး ဖိအားပေးတာထက် လုံခြုံတဲ့ နေရာတစ်ခုကို ဖန်တီးပေးလိုက်
ပါ။ ဘယ်သူမှမဖြစ်မနေ သက်သေပြစရာမလိုဘဲ မိမိကိုယ်တိုင်လွတ်လပ်စွာ ရှင်သန်နိုင်ရှင်သန်နိုင်ပါတယ်❤️
#tvop
မင်းက ယောကျာ်းဖြစ်ပြီး ဘာလို့ ကောင်မလေးမထားတာလဲ?
###############################
Gay တစ်ယောက်ဖြစ်တဲ့အခါ ဒီလိုမေးခွန်းတွေကို မကြာခဏ ကြားရလေ့ရှိပါတယ်။ တချို့လူတွေအတွက်တော့ ယောကျာ်းတစ်ယောက်ဆိုရင် မိန်းကလေးတစ်ယောက်ရှိကိုရှိရမယ်၊ အမျိုးသမီးတွေကို မကြိုက်ဘူးလို့ တုန့်ပြန်တဲ့အခါမှာ ဟာ… နှမြောစရာကြီး မင်းကလည်းကွာ မင်းဒီလောက်ချောရဲ့သားနဲ့ကိုကွာ ဆိုပြီး နောက်ပြောင်သလိုနဲ့ သရော်ကြတာဟာ အမြဲတမ်းလိုလို ပတ်ဝန်းကျင်မှာ တွေ့မြင်နေကြရပါတယ်
“နှမြောစရာကြီး" ဆိုတဲ့ စကားလုံးဟာ ကြားရသူအဖို့ သာမန်နောက်ပြောင်မှု မဟုတ်ဘဲ ကိုယ်နဲ့ မတူညီတဲ့လိင်စိတ်တိမ်းညွတ်ဖော်ပြမှုကို အပြစ်တစ်ခုလို ဒါမှမဟုတ် ဆုံးရှုံးမှုတစ်ခုလို မြင်အောင် ပုံဖော်ပေးနေတဲ့ လှောင်ပြောင်သရော်မှုတစ်ခု ဖြစ်သွားပါတယ်။
“ယောကျာ်းဆိုရင် မိန်းမကိုပဲ ချစ်ရမယ်”
ဆိုတဲ့ သတ်မှတ်ချက်တစ်ခုဟာ လူမှုအသိုင်းအဝိုင်းမှာ ယနေ့ထက်တိုင်ရှိနေပါတယ်။
အချစ်ဆိုတာ gender နဲ့ သတ်မှတ်လို့ရတဲ့အရာမဟုတ်ဘဲ လူတစ်ယောက်က ဘယ်သူ့ကိုချစ်တယ်ဆိုတာထက် သူ့ရဲ့ဘဝလက်တွဲဖော်ကို လွတ်လပ်စွာရွေးချယ်ခွင့်ရှိတယ်ဆိုတာကို နားလည်ပေးဖို့ကသာ ပိုအရေးကြီးပါတယ်။
အချစ်ဆိုတာ အချစ်ပါပဲ
ဘာဖြစ်ရမယ် ညာဖြစ်ရမယ်မရှိပါဘူး။ အချစ်ဟာအရမ်းလှပပါတယ် ❤️
#tvop
LGBTတွေက ကိုယ်စိတ်ဝင်စားတဲ့ Gender တွေ့တာနဲ့ အငမ်းမရ ထိတွေ့ကိုင်တွယ်ချင်နေကြတယ် ဆိုတာက အမှန်ပဲလား??
==========================================
LGBT ဖြစ်ပြီဆိုတာနဲ့ ရှေ့မှာမြင်သမျှလူတွေကို ဇွန်ဘီတွေလိုမျိုး လိုက်ထိ၊ လိုက်ကိုင်တွယ်၊ လိုက်ချစ်နေကြတယ်လို့ ထင်နေကြသေးတဲ့ အချက်က တကယ်ကို ဘောင်ကျဉ်းတဲ့ အတွေးအခေါ်မျိူးတွေနဲ့ နေထိုင်နေတဲ့လူတွေလည်း အများကြီးရှိပါသေးလားဆိုတာကို အတိုင်းသား မြင်တွေ့နိုင်စေတဲ့ အချက်ဖြစ်ပါတယ်။
ဒီအကြောင်းအရာကိုပြောလိုက်တာနဲ့ ဆွေးနွေးသင့်တဲ့အကြောင်းအရာက လူတစ်ဦးတစ်ယောက်ချင်းစီမှာရှိတဲ့ စံနှုန်းတွေ ပုံစံတွေကို အရင်ဦးဆုံး ပြောရမှာပါ။
အဲ့တော့ ဆန့်ကျင်ဘက်လိင်ကိုချစ်နှစ်သက်တဲ့ အမျိုးသမီးတွေကို မေးချင်တာက မြင်မြင်သမျှအမျိုးသားတိုင်းကို စိတ်ဝင်စားပါသလား??
အဖြေကတော့ သိသာပါတယ်။ ဘယ်သူမှ မြင်မြင်သမျှလူကိုမကြိုက်ပါဘူး။ လူတိုင်းမှာ မိမိကြိုက်နှစ်သက်တဲ့သူအပေါ်မှာ ကိုယ်သတ်မှတ်ထားတဲ့ စံနှုန်းတွေ ပုံစံတွေရှိကြပါတယ်။ တချို့လူတွေက မိမိကြိုက်နှစ်သက်တဲ့သူအပေါ်မှာ ရုပ်ပိုင်းဆိုင်ရာနဲ့ ပတ်သက်ပြီး စံသတ်မှတ်ချက်တွေရှိနိုင်သလို တချို့ကတော့လည်း စိတ်ပိုင်းဆိုင်ရာ ဒါမှမဟုတ် အရည်အချင်းပိုင်းဆိုင်ရာတွေနဲ့ ပတ်သက်ပြီး စံနှုန်းတွေလည်းရှိကြပါတယ်။ ဆိုလိုချင်တာကတော့ ဆန့်ကျင်ဘက်လိင်ကိုချစ်နှစ်သက်တဲ့ အမျိုးသမီး/ အမျိုးသား တွေတောင် တွေ့တွေ့သမျှလူကို မကြိုက်ဘူးဆိုတဲ့ အဖြေကရှင်းလင်းနေပြီး။
ဘာလို့ LGBT တွေကျမှ ကိုယ်စိတ်ဝင်စားတဲ့ Genderကိုတွေ့တာနဲ့ ထိတွေ့ကိုင်တွယ်ချင်ပြီး လူတိုင်းကို ကြိုက်နေမှာပဲ လို့ တွေးနေကြသေးတာလဲ?
အလွယ်ပြောရရင် သင်ကအမျိုးသမီးဖြစ်လို့လည်း Lesbian တိုင်းကသင့်ကို ကြိုက်နေမှာမျိုးမဟုတ်သလို သင်က အမျိုးသားဖြစ်လို့လည်း Gay တိုင်းက သင့်ကို ကြိုက်နေမှာမျိုး မဟုတ်လို့ လွန်ကဲပြီး စိတ်ပူစရာမရှိကြောင်း ပြောချင်ပါတယ်နော်။
နောက်တစ်ခုကကျတော့ ဘာသာရေးကိုခုတုံးလုပ်ပြီး ကိုယ့်ရဲ့အတွေးအမြင်က ကမ္ဘာလုံးဆိုင်ရာ အမှန်တရားကြီး တစ်ခုဖြစ်သလိုမျိုးကြီး မပြောဖို့လည်း အရမ်းကိုမှ အရေးကြီးပါတယ်။ လူတိုင်းကို ချစ်ပေးဖို့ သင်ကြားပေးတဲ့ဘာသာရေးကိုတောင် အသုံးချပြီး တပါးသူကို မုန်းတီးဖို့၊ ခွဲခြားဆက်ဆံဖို့ သင်ကြားဟောပြောနေတာကလည်း မဖြစ်သင့်ဘူးလို့ထင်မိတာကြောင့် The Voice of Prideမှ စာဖတ်သူ ပရိသတ်ကြီးအနေနဲ့လည်း မိမိရဲ့ အတွေးအမြင်လေးတွေကို ဝေမျှပေးသွားဖို့ဖိတ်ခေါ်ချင်ပါတယ်ရှင့်။
#TVOP
လူတိုင်းကို မချစ်၊လူတိုင်းကို မထိ တဲ့ LGBT တို့ရဲ့ ချစ်ခြင်းမေတ္တာ
****************************************************
မကြာသေးခင်က ခရစ်ယာန်အမျိုးသမီး တရားဟောဆရာတစ်ဦးက လူတွေဟာ လိင်တူချစ်သူတွေ၊ လိင်ကွဲချစ်သူတွေ သို့မဟုတ် "ကြားနေတွေ” မဖြစ်သင့်ဘူးလို့ ပြောနေတာကို ကြားခဲ့ရတယ်။ လူတွေဟာ နည်းလမ်းတစ်မျိုးတည်းကိုသာ ရွေးချယ်ရမယ်လို့ သူမက ပြောခဲ့ပြီး အခြားအမျိုးသမီးတစ်ဦးက သူမကို ထိတွေ့မိတဲ့ အတွေးနဲ့ပတ်သက်လို့ မသက်မသာ ခံစားရမှာ ဖြစ်ကြောင်း ဖော်ပြခဲ့ပါတယ်။
လူတိုင်းမှာ ကိုယ်ပိုင်ခံစားချက်တွေနဲ့ ယုံကြည်ချက်တွေ ရှိပိုင်ခွင့်ရှိပါတယ်။ တစ်စုံတစ်ယောက်ဟာ ဆက်ဆံရေးပုံစံတစ်မျိုးနဲ့ အဆင်မပြေဘူးဆိုရင် ဒါဟာ သူတို့ရဲ့ ကိုယ်ရေးကိုယ်တာ သက်မှတ်ချက်တွေဖြစ်ပြီး အဲဒါကို လေးစားသင့်ပါတယ်။
ဒါပေမယ့် ကိုယ့်ရဲ့ ကိုယ်ရေးကိုယ်တာ ခံစားချက်တွေကို လူတိုင်းအတွက် စည်းမျဉ်းတွေလို ပြောင်းလိုက်တဲ့အခါမှာ တော့ ပြဿနာက စတာပါပဲ။
ချစ်ခြင်းမေတ္တာဆိုတာ လူအားလုံးနဲ့ အံဝင်ခွင်ကျဖြစ်မယ့် ပုံစံတစ်ခုတည်း မဟုတ်ဘူး။ လူသားတွေဟာ သဘာဝအရ စုံလင်ကွဲပြားကြတယ်။ လိင်ကွဲ ဆက်ဆံရေးတွေမှာတောင် လူတွေမှာ မတူညီတဲ့ နှစ်သက်မှုတွေ ရှိကြတယ်။ တချို့အမျိုးသမီးတွေက အရပ်ရှည်တဲ့ အမျိုးသားတွေကို ကြိုက်တယ်၊ တချို့က အရပ်ပုတဲ့ အမျိုးသားတွေကို ကြိုက်တယ်။ တချို့လူတွေက တိကျတဲ့ ကိုယ်ရည်ကိုယ်သွေး၊ ကိုယ်လုံးကိုယ်ပေါက်၊ အသားအရောင်နဲ့ စတိုင်ရှိသူကို ဆွဲဆောင်မှု ရှိတယ်လို့ ခံစားရကြတယ်။ ဆွဲဆောင်မှုရှိဆိုတယ်ဆိုတာ တစ်ဦးချင်းရဲ့ အမြင်တွေပါ။
ဒီနည်းတူပါပဲ လိင်တူချစ်သူ၊ လိင်ကွဲချစ်သူ၊ လိင်တူ လိင်ကွဲ နှစ်မျိုးလုံး ချစ်သူ စတဲ့ လူတွေမှာလည်း ကိုယ်ပိုင် နှစ်သက်မှုတွေ ရှိကြပါတယ်။ကျွန်တော်တို့ဟာ အမျိုးသားတိုင်း ဒါမှမဟုတ် အမျိုးသမီးတိုင်းကို ချစ်မိတာမျိုး မဟုတ်ပါဘူး။ လိင်ကွဲချစ်သူတွေလိုပဲ ကျွန်တော်တို့မှာလည်း ကိုယ်ပိုင် အမျိုးအစားတွေ၊ ကိုယ်ပိုင် ခံစားချက်တွေနဲ့ ဘယ်သူ့ကို ဆွဲဆောင်မှု ခံစားရတယ်ဆိုတဲ့ ကိုယ်ပိုင် ရွေးချယ်မှုတွေ ရှိတယ်။
ကျွန်တော်တို့က လူတိုင်းကို ထိတွေ့တာမျိုး မဟုတ်ပါဘူး။ ကျွန်တော်တို့မှာလည်း ကိုယ်ပိုင်ဂုဏ်သိက္ခာ၊ မာနနဲ့ တန်ဖိုးထားမှုတွေ ရှိပါတယ်။ တခြားလူတိုင်းလိုပဲ ကျွန်တော်တို့ဟာ ကိုယ်ရေးကိုယ်တာတွေကို လေးစားပြီး အပြန်အလှန် လေးစားမှု၊ သဘောတူညီမှုနဲ့ စစ်မှန်တဲ့ ဆက်သွယ်မှုကို အခြေခံတဲ့ ဆက်ဆံရေးတွေကို တည်ဆောက်ပါတယ်။
လိင်တူချစ်သူ ဖြစ်တယ်ဆိုတာ လိင်တူသူတိုင်းကို ချစ်တယ်လို့ ဆိုလိုတာ မဟုတ်ဘူး။ ဒါဟာ ကျွန်တော်တို့ရဲ့ နှလုံးသားတွေက လိင်တူသူတစ်ဦးကို ချစ်နိုင်စွမ်း ရှိတယ်ဆိုတာကိုပဲ ရိုးရိုးရှင်းရှင်း ဆိုလိုတာပါ။
တစ်ယောက်ယောက်က သူမကို အခြားအမျိုးသမီးတစ်ဦးက ထိတွေ့တာကို မလိုလားဘူးလို့ ပြောရင် ဒါဟာ လုံးဝ အဆင်ပြေပါတယ်။ ဒါပေမယ့် ဒါဟာ သူမရဲ့ ကိုယ်ရေးကိုယ်တာ ခံစားချက်ပဲ ဖြစ်ပြီး တခြားလူတိုင်းရဲ့ ဘဝကို အဓိပ္ပါယ်ဖွင့်ဆိုသင့်တဲ့ လူတိုင်းအတွက် မှန်ကန်တဲ့ အမှန်တရားတစ်ခုတော့ ဟုတ်မနေပါဘူး။
ဒါကြောင့် တစ်စုံတစ်ယောက်က "လိင်တူမချစ်နဲ့" ဒါမှမဟုတ် "တစ်မျိုးထဲကို ရွေးလိုက်" လို့ ပြောတဲ့အခါ ဒါဟာ လူသားတွေရဲ့ မတူကွဲပြားမှု အမှန်တရားကို လျစ်လျူရှုလိုက်တာပါပဲ။ မေတ္တာကို အမိန့်တွေနဲ့ ထိန်းချုပ်လို့ မရသလို ကြောက်ရွံ့မှုတွေနဲ့ ပုံသွင်းလို့လည်း မရဘူး။
အချစ်ဟာ စည်းမျဉ်းတစ်ခု မဟုတ်ဘူး။
အချစ်ဟာ အမျိုးအစားတစ်ခု မဟုတ်ဘူး။
အချစ်ဟာ လူသားအားလုံးရဲ့ ခံစားမှုပါပဲ။
နောက်ဆုံးမှာတော့ ချစ်ခြင်းမေတ္တာဆိုတာ ဆက်သွယ်မှု၊ လေးစားမှုနဲ့ စစ်မှန်မှုအကြောင်း ဖြစ်ပါတယ်။
ပြီးတော့ ကျွန်တော်တို့ ကိုယ့်ကိုယ်ကိုယ် မေးသင့်တဲ့ တကယ့်မေးခွန်းက ရိုးရှင်းပါတယ်။
အမျိုးသမီးတစ်ယောက်အနေနဲ့ သင်မြင်တဲ့ အမျိုးသားတိုင်းကို ချစ်မိလား။
အမျိုးသားတစ်ယောက်အနေနဲ့ သင်တွေ့ဆုံလိုက်တဲ့ အမျိုးသမီးတိုင်းကို ဆွဲဆောင်မှု ရှိတယ်လို့ခံစားရပါသလား။
ဖြေခဲ့ပေးကြပါဦးနော် 🙏
#tvop






No comments:
Post a Comment