Friday, December 2, 2011

တစ်ယောက်သောသူကိုပြောပြသော ကျွန်တော့်အကြောင်း

ကျွန်တော့်နာမည်ရင်း ပြီးတော့ မှတ်ပုံတင်ထဲမှာပါတဲ့နာမည်ကတော့ ဇာနည်အောင်ပါ။ အမေတို့ကရော သူငယ်ချင်း တွေကရော ဇာနည် လို့ခေါ်လေ့ရှိ ပါတယ်။ ကျွန်တော့်ငယ်ဘ၀ကတော့ရိုးပါတယ် အဆန်းတကြယ် မရှိပါဘူး။ အရမ်းနွေးထွေးတဲ့ မိသားစုလေး တစ်ခုမှာ ပြင်ဦးလွင်ဆေးရုံကြီးရဲ့ မွေးခန်းထဲကနေ မွေးဖွားခဲ့တယ်ဆိုပါတော့။ အမေက ကျန်းမာရေးဆရာမပါ။အဖေကတော့ ကားမောင်းတယ်၊ ကုန်သည် လုပ်တယ်။ ပညာတတ်လူတန်းစားတော့မဟုတ်ကြပါဘူး။ဒါပေမဲ့ ပညာမဲ့လူတန်းစားလည်းမဟုတ်ပြန်ပါဘူး။ အမေအလုပ်လုပ် တဲ့နေရာမှာ အဖေကအထောက်အကူ ပေးနိုင်သလို အဖေ့လုပ်ငန်းမှာလည်း အမေပါ ၀င်နိုင်သူပါ။ မိသားစုမှာ အဖေရယ် အမေရယ် ကျွန်တော်ရယ် ကျွန်တော့်ညီလေးရယ်လေးယောက် ရှိပါတယ်။ အဖေက မိသားစူအပေါ် သံယောဇဉ်ကြီးလွန်းသူပါ။မှတ်မိသေးတယ် အမေသင်တန်းတက်ဖို့ ရန်ကုန်သွားရမယ် ဆိုတဲ့သတင်းကြားတဲ့ညကလေ အဖေရှိုက်ကြီးတငင်ငိုနေတဲ့ပုံစံကို။ အဖေ့လိုခက်ထန်တဲ့လူ ကငိုတယ်ဆိုတော့ စဉ်းစားကြည့်ပေါ့နော်။ ကျွန်တော့်ကို ဥခွံထဲမှာထည့်ထားသလိုကို ချစ်နေတတ်တာ။အဖေ့အချစ်ကို မဝေဖန် လိုပေမဲ့ အဲဒီလိုအချစ်ကြောင့် ကျွန်တော့်စိတ်ဟာ သူများထက်ထိရှလွယ်ပါတယ်၊ အားကိုးချင်စိတ်ကလည်း မသိမသာရှိနေတတ်ပြန်တယ်။ ထားပါတော့လေ....။

အမေ့မိသားစုဘက်က ကုန်သည်မျိုးရိုးပါ။ဆန်ကုန်သည်တွေဆိုပါတော့ စီးပွားရှာရာမှာတော်ကြပါတယ်။ ဒါပေမဲ့ပညာတတ်လူတန်းစား တော့ မဟုတ်ပြန်ဘူး။ စေတနာတော့ပါတယ် စကားပြောမတတ်ဆိုတဲ့ လူမျိုးတွေပေါ့။ အမေက စကားအပိုမပြောတတ်သူပါ။ ခံစားစရာ ရှိကြိတ်ခံစားတတ် သူဆိုပါတော့လေ။ သားတွေကိုလွမ်းရင် ထမင်းစားပျက်တယ် ငေးငိုင်နေတတ်တယ်တဲ့ အဖေကပြောပြတယ်။ စာတော့အရမ်း တော်သူပါ သားဖွားဆရာမအတွက် သင်တန်းတက်တုန်းကလည်း မြန်မာတပြည်လုံးပထမတဲ့၊ ကျန်းမာရေး ဆရာမ စာမေးပွဲကြတော့လည်း မြန်မာတပြည်လုံး ပထမပဲ။ အလုပ်ခွင်မှာ သင်တန်းတွေတက်ရတော့လည်း ရှေ့တန်းကပါတယ်။ စကားမစပ် ပြောရရင် အမေနဲ့အဖေက ရန်ကုန်မှာမနေချင်တဲ့ ရန်ကုန်လူနေမှုစနစ်ကို အလွန်သဘောမကျသူတွေပါ။ အမေကျန်းမာရေးဆရာမ သင်တန်းစာမေးပွဲမှာ ပထမရတုန်းက သင်တန်း ကျောင်းမှာ နည်းပြပြန်လုပ်ပါ တိုက်ခန်းကိုယ်ပိုင်ပေးပါ့မယ် ဆိုတာတောင် ငြင်းဆိုပြီး ပြင်ဦးလွင်နဲ့မနီးမဝေးမှာ တာဝန်ကျအောင်ရွေးချယ်ခဲ့သူပါ။ ကျွန်တော်ကတော့မဟုတ်ပြန်ဘူး ရန်ကုန်မှာနေမယ်ဆိုတာ ငယ်ငယ်က တည်းကပြောနေတဲ့စကားပါ။ ဘာလို့လည်းတော့မသိ ကျွန်တော်ဟာ လွတ်လပ်မှုကိုကြိုက်သူပါ။ အဖေစည်းကမ်းကြီး သလောက် အနည်းငယ်တော့ ဆန့်ကျင်လိုစိတ်ရှိသူပါပဲ။ ဒါမလုပ်ရဘူးပြောရင် ဘာကြောင့်မလုပ်ရတာလည်း စူးစမ်းတတ်သူပေါ့။ နည်းနည်းလေး တော့ စမ်းကြည့်ပြီးမှ ဆက်မလုပ်သူပါ။

မေမြို့မရောက်ခင် အောင်ချမ်းသာရွာလေးမှာ သူငယ်တန်းကနေ ၄တန်းထိတက်ရောက်သင်ကြားခဲ့ပါတယ်။ တတိယတန်းတက်နေတုန်း ၈၈အရေးအခင်းဖြစ်လို့ကျောင်းနားခဲ့ရပါသေးတယ်။ ၅တန်းလောက်မှာ အမေရန်ကုန်သင်တန်းသွားတက်တော့ ပြင်စာ အဖေ့ရွာမှာ ၆တန်းအထိတက်ခဲ့ပါတယ်။ ၇တန်းမှာတော့ အမေတာဝန်ကျတဲ့ အမရပူရနယ်ကလေးရဲ့ မြစ်ငယ်မြို့မှာ ၁၀တန်းထိတက်ခဲ့ပါတယ်။ တက္ကသိုလ်တက် တာကတော့ တောင်သမန်အင်းနားက ရတနာပုံတက္ကသိုလ်မှာ မြန်မာစာအဓိကနဲ့တက်ခဲ့ပါတယ်။ ကျောင်းမတက်ခင် တနှစ်မှာတော့ မန္တလေးနည်းပညာတက္ကသိုလ်မှာ ညနေပိုင်းဒီပလိုမာသင်တန်းကို နှစ်နှစ်တက်ခဲ့တယ် တခြားသင်တန်းတွေတက်ခဲ့တယ်။ ကျောင်းတက်ရင်း ကွန်ပျူတာစင်တာတစ်ခုမှာ အလုပ်လုပ်ခဲ့ပါတယ်။ အလုပ်တန်ဖိုးသိလိုတာရော အိမ်မှာကပ်ပြီးနေရမဲ့ဘ၀ ကိုနည်း နည်းညည်းငွေ့တာ ရောကြောင့်ပေါ့။ ရတဲ့လခက မဖြစ်စလောက်ပါ ဒါပေမဲ့အလုပ်လုပ်တော့ လူတွေနဲ့ဆက်ဆံရတာ အဆင်ပြေပြေ ဆက်ဆံလာတတ်ခဲ့တာပေါ့။ ဒီလိုနဲ့ပဲ ကျောင်းပြီးခဲ့ပါတယ်။ ကျောင်းပြီးတော့လည်း အလုပ်ဆက်လုပ်ခဲ့ပါတယ် မန္တလေးမှာအဆောင် နေရင်းနဲ့ပေါ့လေ။

ဘာသာရေး ယုံကြည်ချက်ကိုပြောရရင် အဖေအမေက ဗုဒ္ဓဘာသာမို့ ဗုဒ္ဓဘာသာဖြစ်ခဲ့ပါတယ်။ မိရိုးဖလာဗုဒ္ဓဘာသာပေါ့နော်။ အဒေါ် အပျိုကြီးတွေ နတ်တင်ရင်လည်း လိုက်သွား၊ ဘုရားပွဲဆိုလည်းပျော်ပျော်ပေါ့။ သူတို့တွေရဲ့ ယုံတမ်းနတ်သမိုင်းတွေကိုလည်း တကယ် ကြီးထင်တတ်ခဲ့တယ်လေ။ ဒါပေမဲ့ တက္ကသိုလ်ပထမနှစ်မတက်ခင် ဆယ်တန်းဖြေပြီးစမှာပဲ ဘာသာရေးကိုလေ့လာဖြစ်တယ်၊ တရား စခန်းတွေဝင်ဖြစ်တယ်၊ နောက်တော့ ဗုဒ္ဓဘာသာကို ရင်ထဲအသည်းထဲကယုံကြည်တဲ့ ထေရ၀ါဒဗုဒ္ဓဘာသာဝင်ဖြစ်ခဲ့ပါတယ်။ 'ထေရ၀ါဒ ဗုဒ္ဓဘာသာဝင်' နော်အစ်ကို ကျွန်တော်ကလေ။

ကျွန်တော့်ဘ၀ကသာမန်ပါပဲနော်။ ကျွန်တော့်လိင်စိတ်သဘာဝကိုလည်းပြောပြပါဦးမယ်။ ကျွန်တော်က အိမ်မှာ သီးသန့်နေထိုင်တတ် သူပါ။ စကားပြောနူးညံ့သတဲ့။(အရင်ကပေါ့လေ။) စာအုပ်တွေနဲ့ပျော်မွေ့တတ်သူပါ။ ငယ်ငယ်ကအမေအလှပြင်တဲ့နားထိုင်ကြည့်ရင်း အလှအပကို စိတ်ဝင်စားပါတယ်။ အမေကလည်း ညီကိုမွေးဖို့ အဝေးကြီးဆိုတော့ တစ်ဥိးတည်းသောသားလိုဖြစ်နေတဲ့ကျွန်တော့်ကို အလွန်ချစ် အလိုလိုက်သူပါ။ အဖော် သိပ်မထားပဲအလုပ်ကျိုးစားသူဖြစ်တဲ့အတွက် သူလိမ်းသမျှ ကျွန်တော့်မျက်နှာပေါ်တင်ပေးတတ် တယ်။ ထားပါလေ......ဒါပေမဲ့ မိန်းမဖြစ်ချင်စိတ်တော့ ၀င်မသွားပါဘူး။ အလှအပမျက်စိရှိသွားတယ်ဆိုပါတော့။

ဆယ်ကျော်သက်အရွယ်ရောက်ခါစမှာ မန္တလေးက ဦးလေးမန်နေဂျာလုပ်တဲ့ ဟိုတယ်ကိုနွေရာသီကျောင်းပိတ် ရက် သွားလည်ချိန်မှာ တော့ လိင်ကိစ္စတွေကို သိကြားလာခဲ့ပါတယ်။ ထူးဆန်းတာက မိန်းကလေးတွေအပေါ် ရင်မခုန်တတ်တာကိုပဲ။ အဲဒီမှာပဲ လိင်တူဆက်ဆံ တဲ့အတွေ့အကြုံကို လူပျိုဖော်တောင်မ၀င်သေးတဲ့ ကျွန်တော်ရရှိခဲ့ပါတယ်။ အရွယ်မတိမ်းမယိမ်း ဟိုတယ်ဝန်ထမ်းချောချော တစ်ယောက် နဲ့ပေါ့။ အခန်းထဲမှာ ညအိမ်ရင် ကျွန်တော်က လွတ်လွတ်လပ်လပ်အိပ်ကျင့်ရှိပါတယ်။ တညမှာတော့...

အခန်းထဲမှာတစ်ယောက်တည်း အိပ်တဲ့အခါလွတ်လွတ်လပ်လပ်အိပ်ခြင်းအကျိုးကတော့ စိတ်လွတ်လပ်တယ် ပေါ်ချင်ရာပေါ်ကြည့်မယ့် လူမရှိဘူးလေ။ ဒါပေမဲ့အခုတော့ ကိုယ့်အိမ်မှမဟုတ်ဘဲ....ညတစ်ဝက်လောက်အရောက်မှာ တခုခုနာကျင်တဲ့ခံစားမှုကြောင့် နိုးထလာခဲ့ ရပါတယ်။ ကျွန်တော်အိပ်နေတာ ကိုနှောင့်ယှက်နေသူတစ်ဦးကြောင့်ပေါ့။ ထူးဆန်းတာက အဲဒီအပြုအမူဟာ ကိုယ့်ကိုစော်ကားတဲ့အပြု အမူ ဒေါသဖြစ်ရမယ့်အကြောင်းအရာ ဖြစ်ပေမယ့် ကျွန်တော် ဒေါသလည်းမထွက် စူးစမ်းချင်စိတ်သာပေါ်နေတာ ကိုယ့်ကိုယ်ကိုတောင် အံ့သြမိသလားမမှတ်မိပါဘူး။ တခြားလူဆိုရင် ထထိုးမယ့်အပေါက် ပါသူ့လုပ်ဆောင်ချက်က။ " မင်းငါ့ကိုဒီလိုလုပ်တာ ဖီးလ်ရှိလို့လား၊ မိန်းကလေးတွေကိုပဲလုပ်ကြတာမဟုတ်ဘူးလား။" "ရှိတာပေါ့ကွာ....မင်းအိပ်နေတာ တော်တော် စိတ်လှုပ်ရှားဖို့ကောင်း တယ်... ဒါကြောင့်" စတဲ့စကားတွေကသူနဲ့ပြောဖြစ်ခဲ့တဲ့စကားပါ။ ပြီးဆုံးသွားတဲ့နွေရာသီကျောင်းပိတ်ရက်အပြန်မှာ ကျောင်းဆက်တက်တယ် ။ တစ်လနှစ်လလောက်ကြာတော့ ဟိုတယ်ကအတွေ့ကိုရင်ခုန်တမ်းတရင်း တဖြည်းဖြည်းနဲ့လူပျိုဖော်ဝင်မှန်းမသိဝင်ခဲ့ပါတယ်။

နယ်မှာနေတဲ့လူတစ်ယောက်အတွက် ပါတနာရဖို့လွယ်မယ်မထင်ပါဘူး။ကျွန်တော့်အနေနဲ့လည်းလုံးဝမရှာတတ်မရှာဖြစ်ခဲ့ပါဘူး။ တက္ကသိုလ်တက်တော့ လည်း သူငယ်ချင်းများနဲ့သာအပျော်နေဖြစ်တယ်။ တချိန်ကအဖြစ်အပျက်ဟာ အိမ်မက်လိုပါပဲ။ မိန်းကလေး သူငယ်ချင်းများနဲ့အပျော်နေတယ်.... ရည်းစားမကျဘာမကျပေါ့လေ။ ဒါပေမဲ့ရင်ထဲမှာ ဖီးလ်က သိပ်မနှစ်သက်သလိုပဲ သူတို့ကိုယ်နံ့ အမူအကျင့်စသဖြင့်ပေါ့။ အင်းယောက်ျားပီသတဲ့ အကျင့်စရိုက်ရှိသူ စိတ်ဓာတ်ပြည့်သူသူငယ်ချင်းကို မသိမသာသဘောကျ နေဖြစ်ပါရဲ့ လေ။ နည်းပညာတက္ကသိုလ်မှာ ညနေပိုင်းသင်တန်းတက်ဖြစ်တော့ ကိုယ့်သူငယ်ချင်းတစ်ချို့နဲ့သာအတူသွားလာဖြစ်ခဲ့ပါတယ်။ ဒီအချိန်မှာ အားကစားကလပ်မှာ ကိုယ်ကာယအလှအတွက်လေ့ကျင့်ကစားဖြစ်ခဲ့ပါရဲ့။ ပျော်ပါးသွားလာ ၀တ်စားနိုင်သူအများစုပါဝင်တဲ့ ပိန်ပိန်သွယ် သွယ်ကျောင်းသားတွေထဲမှာ ကိုယ်ခန္ဓာကောက်ကြောင်းထူးခြားနေတဲ့အဖြစ်ကြောင့် သူ့အတွက် စိတ်လှုပ်ရှားဖို့ဖြစ်စေပါသတဲ့။ စကား ပြောချိုသာတယ် ဒေါသထွက်တာသိပ်မတွေ့ရဘူး စာအုပ်တွေဖတ်ပြီးငြိမ်နေတတ်တဲ့ကျွန်တော်ဟာ သူ့အတွက် ပိုမိုသဘောကျစရာဖြစ်ခဲ့ ပါသတဲ့။ သူဆိုတာက ကျွန်တော်တို့တက်တဲ့ သင်တန်းအပတ်စဉ်တူ ကျောင်းသားတစ်ယောက် ကျွန်တော့်အတွက် ပါတနာဆိုတာကို သိဖို့သင်ပေးသူ ခပ်ထွားထွားလူငယ်တစ်ယောက်ပေါ့။ ကျောက်မဲကလာသတဲ့ ကိုယ်ပိုင်ကားနဲ့လာသလေ။ ထားပါတော့.....ညနေပိုင်း တစ်ခါတလေ အချိန်စောဆင်းလို့ သူများတွေလို ကန်တင်းမသွားချင်လို့ ကျောင်းရှေ့တမာပင်တန်းမှာပဲထိုင်ဖြစ်တဲ့အချိန်တွေဆိုသူက ဘယ်မှမသွားဘဲ ကျွန်တော်နဲ့စကားလက်ဆုံကျတယ်၊ စာအုပ်တွေလက်ဆောင်တဲ့ဝယ်လာပေးတယ်၊ မုန့်ထုပ်တွေက မပါမဖြစ်ပေါ့လေ။ ကြာလာတော့ သံယောဇဉ်ဖြစ်လာ တယ်ထင်ပါရဲ့။ ဒီလိုနဲ့ မိုးသည်းလို့ သူ့ကားနဲ့အစောင်ပြန်ဖြစ်တဲ့ည က.......သူ့အိမ်လိုက်ပါသွားဖြစ် တယ်။ သူ့အ၀တ်အစားချောင်ချောင်ချိချိတွေနဲ့ အိပ်မောကျခဲ့တယ်။ အဲဒီ့ညမှာပဲ လှုပ်ရှားမှုအရှိန်အဟုတ်ပြင်းတဲ့ ရင်ခုန်မှုတွေကို သူသင် ပေးခဲ့ပါတယ်။ တတွဲတွဲနဲ့ အမြဲတွေ့ရတယ် ကျောင်ြး့ပီးလို့ လတ်မှတ်ပေးတဲ့အခမ်းအနားမှာတောင် ဓာတ်ပုံတွေနေရာအနှံ့ရိုက် ဖြစ်ခဲ့ကြ တာ တခြားသူငယ်ချင်းတွေက စတဲ့အထိပါပဲ။ အချိန်တန်အိမ်ပြန် ပျော်ရာမနေ တော်ရာမနေစကားပုံတွေကိုနားလည်ဖြစ်ခဲ့တဲ့ကာလငယ် လေးပေါ့။ ဒါပေမဲ့ ...အခုချိန်တော့ အမှတ်တရတစ်ခုအဖြစ်သာပါ။

ကျွန်တော့် ၀ါသနာလေးတွေကိုလည်းပြောပြချင်ပါသေးတယ်။ ငယ်ငယ်ကတည်းက အမေက ညီ့ကိုမွေးဖို့ကာလရှည်တားထားတာ ဆိုတော့ ကျွန်တော်ဟာ တစ်ယောက်ထဲဖြစ်နေခဲ့တာ ကြာရှည်စွာပေါ့။ ဒီတော့ အမေ၀ယ်ဝယ်လာပေးတဲ့ ရွှေသွေး၊တေဇ၊မိုးသောက်ပန်း၊ အဖေ၀ယ်လာပေးတဲ့ ပုံပြင်စာအုပ်လေး တွေက စာဖတ်ဝါသနာပါဖို့ဖန်လာသောအရာလေးတွေပါ။အဖေ့အဒေါ် ဘွားလေးဖြစ်မှာ ပေါ့လေ...ပြင်စာအိမ်ကိုသွားလည်တဲ့ညမှာဆိုရင် ခေါင်းကို သန်းဥမရှိလည်း စမ်းစမ်းပေးရင်း ရိုးရာပုံပြင်တွေပြောပြတာနားထောင် ရင်းဖြတ်သန်းဖြစ်ခဲ့တာလွမ်းစရာပါ။ မေမြို့အဘွားအိမ်ရောက်တော့ 'ကော်ဖီဆိုရင် ခါးခါးသောက်တတ်တယ်'ဆိုတဲ့ ချစ်ကောင်းသီချင်း တွေ 'နင်းဂျား..နင်းဂျား'ဆိုတဲ့ ကော်နီသီချင်းတွေကို ဖွင့်တတ်တဲ့ တီဗီကို အလွန်သဘောကျဖြစ်ခဲ့ပါတယ်။ ငယ်ငယ်ကတည်းက တီဗီက လာတဲ့ ဇာတ်မင်းသားတွေကတဲ့အက မိုက်ကယ်ဂျက်ဆင်သီချင်းထဲကအကတွေကို ကြည့်ပြီး ထထကပြတာ ရယ်စရာတော့အကောင်း သားထင်ပါရဲ့။ အက၀ါသနာပါသူပါပဲ။အခုချိန်မှာရောဆိုရင်တော့ စိတ်လှုပ်ရှားမှုပေးတဲ့ သရဲကားတွေ၊ လူသတ်ကားတွေ၊ အဆန်း တကြယ်ကားတွေကြိုက်နေပါပြီ။ မြန်မြန်ဖတ်မြန်မြန်ပြီး စာအုပ်တွေဖတ်ဖြစ်နေပေမဲ့ တကယ်တမ်းအချိန်ယူဖတ်မယ်ဆိုရင် ဟဲမင်းဝေးရဲ့ 'ပင်လယ်ပြာနဲ့ တံငါအို'လိုစာအုပ်မျိုးကိုလည်းဖတ်တတ်သူပါ။မြန်မာပြည်မှာအကြိုက်ဆုံးစာရေးဆရာကတော့ ဆရာမ'ဂျူး'ပါ။

အခုချိန်မှာတော့ အွန်လိုင်းသုံးဖြစ်နေတယ်ဆိုတော့ ဘလော့ခ်တွေရေးဖြစ်ပါတယ်။ ကျွန်တော့်မှာကိုယ်ပိုင်ဘလော့်ခ်နှစ်ခု ရှိတယ်။ တစ်ခုကတော့ ကဗျာတွေ၊ ဆောင်းပါးတွေ တခြားသာမန်ကျန်းမာရေးဆောင်းပါးတွေရေးတင်လေ့ရှိပြီး၊နောက်တစ်ခုကတော့ ဟိုမို လိင်ဝတ္ထုတွေကို ဘာသာပြန်ပြီးတင် ရေးပြီးတင်တဲ့လိင်ကိစ္စ ဘလော့်ခ်ကတစ်ခုပေါ့။ အချိန်ရရင်အွန်လိုင်းပေါ်တက် သူငယ်ချင်းတွေနဲ့ စကားပြောရတာလည်း အထီးကျန်ခံစားမှုကိုမေ့ပျောက်ဖို့အကောင်းဆုံးပေါ့။ အင်္ဂလိပ်သီချင်းချိုချိုလေးတွေ မြူးမြူးလေးတွေကိုလည်း နားထောင်လေ့ရှိသူပါ။ လူတွေနဲ့တွေ့ဆုံစကားပြော သူတို့ပြောတာကိုနားထောင်ရတာကိုလည်း ၀ါသနာပါသူပါပဲ။ ကျွန်တော့်ဝါသနာက "Learn about human beings and their mind"

ချစ်ရေးချစ်ရာကိစ္စတွေကိုလည်းအစ်ကိုသိချင်မယ်ထင်တယ်။ ကျွန်တော့်ခံယူချက်ကတော့ လူတစ်ယောက်နဲ့တစ်ယောက်ချစ်ဖို့ဆိုတာ အထင်ကြီးအားကိုး စိတ်ဖြစ်ပေါ်မယ်၊ သူ့ခံစားချက်ကိုကိုယ့်ခံစားချက်ကို နားလည်မှုရှိမယ်၊နောက်ပြီး ကိုယ့်အတ္တကိုလျော့ပြီးသူ့အတွက် လိုက်လျောနိုင်ရမယ် စသဖြင့်ပေါ့လေ အဲဒီအချက်တွေပေါ်မူတည်ပြီး အချစ်ဆိုတာကိုလက်ခံတယ် ပြန်ချစ်ပါတယ်။ ချစ်သူ ရင်ထဲက အမှန်တကယ် ရင်ခုန်ပြီးချစ်ခဲ့တဲ့ချစ်သူ ဘ၀မှာ(၃)ယောက် ရှိခဲ့ပါပြီ။ သေချာတာကတော့ ကျွန်တော့်ဘက်က ဘယ်တုန်းကမှရယူခဲ့တာ မရှိခဲ့ဖူးဘူး။ တစ်ယောက်နဲ့လမ်းခွဲတယ်ဆိုရင်တောင် ဘယ်တုန်းကမှ အမုန်းနဲ့ လမ်းခွဲခဲ့တာမရှိဘူး။အခုထိ သူငယ်ချင်းအဖြစ်ဆက်ဆံလို့ ရတဲ့ဆက်ဆံရေးမျိုးတွေနဲ့ ဆက်ဆံပြီးလမ်းခွဲခဲ့တာပါ။ ဒါမထူးဆန်းဘူးလို့ထင်လား လမ်းခွဲတယ်ဆိုကတည်းက မုန်းလို့ဆိုတာ ကျွန်တော့် အတွက်မမှန်ပါဘူး။ အချိန်ကြာလာတော့ ကိုယ့်အပေါ်သူတို့ဖီလင် နောက်ပြီး သူတို့တွေရဲ့ ပြောင်းလဲလာတဲ့ အမြင်၊ခံစားမှု၊အချစ်အပေါ် သဘောထား ရှေ့ရေးအပေါ်စသဖြင့်အမြင်မတူတော့သလို လိင်ကိစ္စမှာသူတို့က အသစ်အသစ်အမြဲလို နေတဲ့ တခြားဟိုမိုတွေလိုဖြစ်လာ တော့ ဘယ်လိုမှမခံစားနိုင်တော့ဘဲ အဆင်ပြေမယ့်ရေရှည်ဆက်ဆံရေးမျိုးကိုရွေးချယ်ဖြစ်ခဲ့ကြတာပါပဲ။

(၁) သူနဲ့ကျွန်တော် မန္တလေးမှာနေပြီး ကွန်ပျူတာစင်တာမှာအလုပ်လုပ်နေရင်း အွန်လိုင်းသုံးဖြစ်တော့ မိတ်ဖွဲ့ဝက်ဘ်ဆိုဒ်တစ်ခုကနေ ခင်မင်ခဲ့ရာက စာတွေစာတိုက်ကနေ အပြန်အလှန်ထည့် ဖြစ်ခဲ့ကြတယ်ဆိုပါတော့။ခင်တာကြာလာတော့ မတွေ့ရမနေနိုင်ဖြစ်လာရော မိသားစုမပါဘဲ ခရီးမထွက်ဖူးတဲ့ ကျွန်တော်က သူနဲ့တွေ့ဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ စိတ်ကူးယဉ်ဆန်ဆန်ကို ရန်ကုန်ကိုဆင်းလာခဲ့ပါတယ်။

- သူဟာ စကားပြောအလွန်ညက်သူပါ၊ပေါင်းသင်းဆက်ဆံရေးမှာ ချို့ယွင်းချက်မရှိပါဘူး၊စကားပြောဖူးတဲ့သူတိုင်းသူ့ကိုနှစ်လို ခင်မင်သွား ကြတာကြီးပါပဲ။အသွင်အပြင်ကလည်းစတားပါပဲ။

- ကျွန်တော်နဲ့မတူတဲ့အချက်က သူဟာပေါ်ပြူလာဖြစ်ချင်သူပါ။ပေါ်ပြူလာဖြစ်တဲ့သူငယ်ချင်းတွေနဲ့ပေါင်းသလို အရာရာမှာ ပေါ်ပြူလာ ဖြစ်အောင်ကြိုးစားချင်သူပါ။ တက်ကြွလှုပ်ရှားလွန်းသူဆိုပါတော့။

- ချစ်ရေးချစ်ရာကိစ္စမှာတော့ အလွန်အတ္တကြီးသူပါပဲ။ သူ့ကိုအရာရာလိုက်လျောနိုင်မှအဆင်ပြေပါတယ်။သူသွားချင်ရင် သူလုပ်ချင်ရင် သူ့စိတ်အတိုင်းလိုက်လုပ်ပေးမှ အဆင်ပြေပါတယ်။

- ကျွန်တော်နဲ့တွဲနေတုန်းလည်း တခြားလူတွေနဲ့ ဆက်ဆံမှုမပြတ်ပါဘူး။ သူ့နဲ့ဆက်ဆံရေးမပြတ်ချင်တော့ သူငယ်ချင်းဖြစ်ကြစို့ ဆိုပြီး လမ်းခွဲခဲ့ပါတယ်။ အခုထိလည်းသူငယ်ချင်းဖြစ်တုန်းပါ။

(၂) သူဟာ ပြင်သစ်ပိုင်ရေနံကုမ္ပဏီရဲ့ ကမ်းရိုးတန်းမှာ ပညာရှင်အဖြစ်အလုပ်လုပ်နေသူပါ။ အသက်က ၃၅၀န်းကျင်ပါ။ အရပ် ၆ပေကျော်တယ်၊ ရုပ်ရည်ကတော်တော်သန့်သူပါပဲ။ ကျွန်တော် ပထမတစ်ယောက်အတွက်ခံစားနေရချိန်မှာ သူငယ်ချင်းတစ်ယောက် မိတ်ဆက်ပေးမှုကြောင့် ခင်မင်ခဲ့ပါတယ်။ သူ့ရဲ့နွေးထွေးတဲ့ဆက်ဆံရေး ညီလေးတစ်ယောက်လိုဆုံးမတဲ့အပြင် အလွန်ဂရုစိုက်ခဲ့သူမို့ ပထမတစ်ယောက်ကို စိတ်ထဲမှာ မှေးမှိန်သွားစေခဲ့ပါတယ်။

- သူဟာ ပညာအရည်အချင်း၊အလုပ်အကိုင်၊ပေါင်းသင်းဆက်ဆံရေး အပြစ်ပြောစရာကိုမရှိပါဘူး။ သူနဲ့ဒိတ်ဖူးသူတိုင်းကလည်း နွေးထွေး ပြူငြာမှုကြောင့်ကြေနပ်ကြတာကြီးပါပဲ။

- အသက်အရွယ်ကွာဟမှုကြောင့် အချစ်အပေါ်ခံယူချက်ထားပုံချင်း လှုပ်ရှားတက်ကြွပုံခြင်းမတူပါဘူးလေ။ ကျွန်တော်က ဂရုစိုက်မှု အချစ်ခံရမှုကို သည်းသည်းလှုပ်တတ်ပေမဲ့ သူကလက်တွေ့ကျကျချစ်တတ်သူပါ။

- အချစ်ကိစ္စမှာသူဟာ သစ္စာရှိလွန်းသူပါ။အချိန်ကြာလာမှ သူ့မှာချစ်ဦးသူရှိတယ်ဆိုတာရော၊အဲဒီချစ်ဦးသူကိုသာ ချစ်သူ အဖြစ်အမြဲတစေ သတ်မှတ်ထားတယ်ဆိုတာရော၊ကျွန်တော်နဲ့တော့ လမ်းခွဲလည်းကွဲနိုင်တဲ့သဘောတွေသိလာရတယ်။ သူ့ချစ်ဦးသူက နိုင်ငံရပ်ခြားမှာ အလုပ်သွားလုပ်နေသမို့လေ ကျွန်တော်နဲ့တွဲတာ။ သူ့ချစ်ဦးသူက သူ့ကို အဖေလိုရော၊ အစ်ကိုလိုရော၊လင်လိုရော ချစ်သူပါ။ ကျွန်တော်ကတော့ ဒါမလုပ်နဲ့ဆိုရင် ဘာကြောင့်မလုပ်ရတာလည်းလို့ အတွန့်နည်းနည်းတက်တတ်သူပါ။

- သူ့ချစ်သူပြန်လာတော့ သူဟာနှစ်ယောက်လုံးနဲ့မခွဲချင်ဘူး၊ပြဿနာမဖြစ်တဲ့တွေ့နည်းမျိုးနဲ့ကျွန်တော့်ကိုတွေ့မယ်ပေါ့။ ကျွန်တော်ဟာ သူ့အပေါ် သူ့ရင်ခွင်ထဲမှာ ရှိုက်ကြီးတငင်ငိုပြီးမခွဲနိုင်ကြောင်းပြောဖူးတဲ့အထိသည်းသည်းလှုပ်ခဲ့ပါတယ်။ သူ့ချစ်သူကိုရင်ထဲ ကထုတ် ကျွန်တော်သာရှိချင်ခဲ့တဲ့စိတ်တွေဖြစ်ခဲ့ပါတယ်။ နောက်လူက မိဦးဖြစ်ချင်ခဲ့တယ်ပေါ့ဗျာ။ကြာလာရင် သူ့အနေနဲ့အတ္တကြီးရာ ရောက်မယ် ကျွန်တော်လည်း စိတ်ဆင်းရဲမယ် ဒါကြောင့်မတွေ့ကြပါဆို့နဲ့ဆိုပြီး လမ်းခွဲခဲ့ကြပါတယ်။ အလိုကြီးမိခဲ့တဲ့ကျွန်တော်ပေါ့ဗျာ။

(၃) သူဟာ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတစ်ခုမှာအရေးပါအရာရောက်သူပါ။ ကျွန်တော့်ထက်အသက်တစ်နှစ်ကြီးသူပါ။ အလုပ် အလွန်ကြိုးစားသူလွန်းသူပါပဲ။ တိုင်းရင်းသားတစ်ယောက်ပါ။ ရုပ်ရည်ကပြောစရာမရှိပေမဲ့သူဟာ အနည်းငယ်ဝသူပေါ့။ အလုပ်မှာ စိတ် ရှုပ်စရာရှိတိုင်း အစားအစာနဲ့ဖြေဖျောက်သူမို့ပါ။ ထုံးစံအတိုင်းပေါ့ အွန်လိုင်းကနေတဆင့်ခင်တာပါပဲ။ နယ်ကလာတာချင်းအတူတူ စကားပြောကောင်း အလုပ်ကြိုးစားသူ နှစ်လိုဖွယ်ဆက်ဆံရေးတွေကြောင့် အသဲကွဲနေတာ သက်သာသွားပြန်ပါရော။

- သူဟာ ပညာအရည်အချင်းတော်တယ်၊အလုပ်အရမ်းကြိုးစားသူ၊ ပေါင်းသင်းဆက်ဆံရေးကတော့ အလုပ်ကလုပ်ဖေါ်ကိုင်ဖက်နဲ့ ပြင်ပက သူငယ်ချင်းတချို့ကိုသာအလေးထားတတ်ပါတယ်။။

- သူ့ခံစားချက်အစစ်အမှန်ကို ကာလအတော်ကြာမှ သိရပါတယ်လေ။ သူ့အချစ်ဟာ ငယ်ငယ်ကတည်းကသေဆုံးသွားပါပြီ။ ပြန်လည် မွေးဖွားလာမှာမဟုတ်တော့ပါဘူးတဲ့လေ။ ကျွန်တော့်စိတ်ထဲမှာ မရတော့ဘူးဆိုမှ သူ့ကိုမခွဲနိုင်တဲ့စိတ်ဟာ အမြစ်တွယ်နေပါပြီ။

- သူဟာ အလုပ်ကိုကြိုးစားမယ်၊မိသားစုကိုကောင်းကောင်းထောက်ပံ့မယ် တစ်ယောက်ယောက်ကိုလိုအပ်ချိန်မှာ အဆင်ပြေ သူနဲ့တွေ့မယ်။ ဘ၀ကိုရိုးရိုးသားသားသာ နေထိုင်တတ် နေထိုင်သွားလိုသူပါ။စိတ်ရှုတ်ထွေးတာကိုမလိုချင်သူပါပဲ။ ကျွန်တော်က မီးခဲ ဖြစ်နေချိန်မှာ သူဟာရေခဲဖြစ်နေလွန်းတတ်သူပါ။

- သူ့အတွက်ကိုယ်ဟာ အနှောက်အယှက်ဖြစ်နေမလား၊ သူ့ဘ၀လေးအေးဆေးစွာပျော်ရွင်ပါစေ၊သူ့လိင်စိတ်ဆန္ဒအတွက် ဖြည့် ဆည်းပေးနိုင်သူကို စိတ်ကြိုက်ရှာနိုင်ပါစေပေါ့။ ကျွန်တော်သူနဲ့ တွေ့ဖို့မကြိုးစားတော့ပါဘူး။ အမှန်တကယ်တန်းတော့ သူ့ကို မခွဲနိုင်ပါဘူး။ သူ့မျက်နှာမြင်ရုံနဲ့ကျေနပ်တတ်တာ ကြားတဲ့သူယုံမယ်မထင်။

ဘာပဲဖြစ်ဖြစ်လေ ဘ၀တစ်ခုမှာသူတို့နဲ့ ဆုံတွေ့ရတဲ့အတွက် စိတ်ဓာတ်ရင့်ကျက်လာရသလို၊ အချစ်ဆိုတာဘာလည်း သိလာပါတယ်။ ဘ၀ရှေ့ရေးအတွက် အချစ်မှာ လဲကျမနေတတ်တော့တာလည်းအမှန်ပါပဲ။ အချစ်ရေးနဲ့ပတ်သက်ရင် အနည်းငယ်ရင့်ကျက်သွားပြီဆိုပါ တော့။ လိင်တူတွေရဲ့အချစ်ကိစ္စမှာ လိင်ကွဲကိုချစ်ရတာနဲ့ မတူတာတော့အမှန်ပါဘဲ။ အချစ်အပေါ်သဘောထားပုံမတူဘူးမဟုတ်လား။

အလုပ်အကိုင်ကတော့ ကွန်ပျူတာစင်တာမှာ သင်ကြားရေးဝန်ထမ်းလုပ်ခဲ့တယ်၊အခု ဆေးကုမ္ပဏီမှာ ကွန်ပျူတာအော်ပရေတာ၊နောက် အန်ဂျီအိုတစ်ခုမှာ အလုပ်လုပ်တော့မယ်။ ဘယ်အလုပ်ကိုလုပ်သည်ဖြစ်ပါစေ ကိုယ့်အတွက် အလုပ်အကိုင်တစ်ခုသာမဟုတ်ပဲ ကိုယ့်ကို တိုးတက်ဖို့ဘာတွေလုပ် ပေးနိုင်သလည်း ရှေ့မှာကိုယ့်အတွက်ဘာတိုးတက်လမ်းတွေရှိနိုင်မလည်းစဉ်းစားပြီးမှ အလုပ်ကိုလုပ်ကိုင် ပါတယ်။ဒါကြောင့်အလုပ်ကိုအမြဲ စူးစမ်းနေတတ် တာကျွန်တော့်အကျင့်ထင်ပါရဲ့။

ဘ၀နေထိုင်မှုအနေနဲ့ကတော့ ဘယ်လိုပြောရမလည်း တိုးတက်မှုလည်းအလွန်လိုချင်သူပါ။ပြီးတော့ စိတ်ရဲ့အလိုကိုလည်း ကိုယ့်ကိုယ်ကို အလိုလိုက်တတ်သူပါပဲ။ငယ်ငယ်က စကားပြောတာ သိပ်မတတ်ပါဘူး ကိုယ့်စိတ်ထဲမှာ ရှိတဲ့စကားအတိုင်းပြောတတ်ခဲ့တယ်။ ဘုဂလန့် ဂွစာ ဖြစ်ခဲ့သပေါ့လေ။အခုများတော့ သူတို့ပြောစကားကိုနားထောင်ပြီး သူတို့စိတ်ကိုသိအောင်တောင် စကားနှိုက်တတ်နေပါပြီ။ သူများ တွေ နိုင်ငံခြားသွား အလုပ်လုပ်ဖို့စဉ်းစားဖူးပါတယ်။ဒါပေမဲ့ မိသားစုက သူတို့ရင်ခွင်ရိပ်ကနေခွဲဖို့လုံးဝသဘောမတူပါဘူး။ မြင့်မြင့်ပဲလေ အနောက်နိုင်ငံသွားမယ်ဆိုရင်တော့ စဥင်္းစားမတဲ့။တိုးတက်လမ်းရှိတဲ့ဆီကိုပေါ့နော်။ အဖေတို့က ရန်ကုန်မြေနဲ့ ရန်ကုအကျင့်စရိုက်ကို မကြိုက်ပေမဲ့ ကျွန်တောကတော့ ငယ်ငယ်ကတည်းက ဘာလို့မှန်းမသိဘူး ရန်ကုန်သွားမယ် ရန်ကုန်မှာနေမယ်။ အမေရိကန်သွားမယ် အဲဒီမှာနေမယ်တဲ့ ငယ်ငယ်ကတည်းက နှုတ်ဖျားမချဘူး။ ဒါဟာ နိုင်ငံကိုအထင်ကြီးတာတော့မဟုတ်ဘူး လွတ်လပ်စွာ နေထိုင်ရတာ ကိုသဘောကျသူဖြစ်နေတာပါ။ အဖေက စည်းကမ်းအရမ်းကျပ်တော့ မသိစိတ်က လွတ်လပ်မှုကို ပိုလိုလားတယ်ထင်ပါရဲ့။

စိတ်ဓာတ်ရေးရာကတော့ ဆယ်ကျော်သက်ဘ၀တွေတုန်းက လုံးဝအဖြူထည်ပါ။ကိုယ့်ဖာသာကိုယ်ပြောတာမဟုတ်ပါဘူး။ အားလုံး အပေါင်းအသင်းတွေနဲ့ ဆက်ဆံတဲ့နေရာမှာ ကိုယ့်စိတ်နဲ့သာနှိုင်းတတ်ခဲ့ပါတယ်။သူငယ်ချင်း မိတ်ဆွေက ဟင်လို့အကြည့်ခံရရင်တောင် ခံစားတတ်လွန်းသူပါပဲ။ စိတ်ပျော့သလိုလိုနဲ့ပေါ့လေ။ မဟုတ်တဲ့နေရာမှာတော့ ခေါင်းမာတတ်ပြန်ရော လိုချင်တာဖြစ်ချင်တာကို ဘယ် လောက်တားတားနည်းနည်းလေးတော့ လုပ်ရမှကျေနပ်သူပေါ့။ ဘေးမဖြစ်မဲ့ကိစ္စမှန်သမျှကို တားနေရင်လည်းမကြိုက်ခဲ့သူပါ။ အခုတော့ အရွယ်ရလာသလို စိတ်ဓာတ်လေးလည်းထား တတ်သွားပါပြီ။ ဒါပေမဲ့ တစ်ခါတလေ ငယ်စိတ်ကမပျောက်ချင်သေးပါဘူး။

ဝါသနာကတော့ ရုပ်ရှင်ကြည့်တာ သီချင်းနားထောင်တာ မီဒီယာတစ်ခုခုနဲ့ထိတွေ့နေမှ နေပျော်သူပါ။ ဘ၀ကိုအရှုံးမပေးတဲ့ဇာတ်ကား၊ မိသားစု ဆရာသမားသံယောဇဉ်ဘွဲ့၊ နောက်ြ့ပီးရင်ထဲတသိမ့်သိမ့်ကြောက်လန့်လောက်အောင်ရိုက်ချက်ကောင်းတဲ့ဇာတ်ကားမျိုးတွေ စွဲစွဲလန်းလန်းထိုင်ကြည့် တတ်သူပါ။ ငြိမ်ငြောင်းတဲ့သံစဉ်လေးတွေနားထောင်ရင် စိတ်လှုပ်ရှားတတ်ပြန်ပါရဲ့။ မြူးကြွရင်လည်း အခန်း ထဲမှာ ဘယ်သူမှမရှိရင် ဒိုးဒိုးဒန့် ထလုပ်တတ်သူပါ။ ပြီးတော့ ကလေးတွေကိုချစ်တတ်ပါတယ်။ ကလေးတွေမတရားခံနေရရင် မကြိုက် ပါဘူး။ လမ်းဘေးလူငယ်တွေကို မြင်ပြီးနှမြော နေတတ်သူပါ။

မျှော်လင့်ချက်ကတော့ ဘ၀မှာအေးအေးချမ်းချမ်းပြည့်ပြည့်စုံစုံနေသွားချင်တယ် တစ်ဦးတစ်ယောက်နဲ့။ မိသားစုတွေအပေါ်လည်း ထောက်ပံ့ပေးနိုင်သူ ဖြစ်ချင်ပြန်တယ်။ ကိုယ့်ကိုတကယ်နားလည်ပေးနိုင်တဲ့ ကိုယ်ကလည်းနားလည်ပေးမယ့် ချစ်သူမျိုးရချင်ပြန်တယ်။ အချစ်သာရှိရင် လိင်ကိစ္စက ဒုတိယပါ။

ပြည့်စုံတဲ့လူနေမှုစနစ်ရှိပြီးသားနိုင်ငံတစ်ခုမှာနေထိုင်သွားချင်သလို ကိုယ့်အမိနိုင်ငံကိုလည်း ချစ်တတ်ပါတယ်။

ကဲပါလေ....ကျွန်တော့်ဘ၀ထဲက အကောင်းမွန်ဆုံးတွေရေးထားတာမဟုတ်ပါဘူး စိတ်ရင်းအမှန်တွေကိုချပြခြင်းပါ။ စိတ်တိုအလို မကျတဲ့ အခါမှာ တစ်ခါတစ်လေတော့ ကိုယ့်စိတ်ရဲ့ဆန့်ကျင်ဘက်ဖြစ်သွားတတ်ပါတယ်။ ဒေါသအရမ်းဖြစ်ရင် အားငယ်ရင် ဘာပဲဖြစ်ဖြစ် စာအုပ် ထဲချရေးပြီး စိတ်ညစ်တာကိုဖြေဖျောက်တတ်ပြန်ရော။ ဒါပေမဲ့လေ ဘယ်လောက်ဒေါသဖြစ်ဖြစ် တစ်ဘက်သားနာကျင်သွားအောင်တော့ ဘယ်တုန်းကမှမလုပ်ခဲ့ပါဘူး။ လုံးဝမုန်းသွားရင် မျက်နှာချင်းမဆိုင်တော့တာကလွဲလို့ပေါ့။

ဗုဒ္ဓအလိုကျနေထိုင်မယ် .....ချစ်တဲ့သူနဲ့ပျော်ရွှင်စွာနေထိုင်သွားမယ် လောကကြီးကို အကျိုးမပြုနိုင်ရင်တောင် အကျိုးယုတ်အောင်မလုပ်ဖို့ ကြိုးစားနေထိုင်သွားမယ်။ကျွန်တော့်အကြောင်းတွေက သာမန်ပါပဲ...အစ်ကိုသိအောင်ရေးတတ်သလောက်ရေးပြလိုက်တာပါ။ ဖတ်ပြီး ကျွန်တော့်အကြောင်းတွေ ထပ်သိချင်တယ်ဆိုရင် အစ်ကိုနဲ့တွေ့တဲ့အခါကျွန်တော့်ကို စမ်းသပ်လေ့လာနိုင်ပါတယ် ခင်ဗျာ။

ချစ်ခြင်းများဖြင့်

ဇာနည် @ Alex Aung

(26 Oct 2010)

kyawkyawster@gmail.com

No comments: