Thursday, January 12, 2012

HCOP (Home Care For Older Person)

'သက်ကြီးရွယ်အို အဘိုးအဘွားတွေကို တန်ဖိုးထားတတ်တဲ့စိတ်ဟာ လူတိုင်းမှာ လိုအပ်ပါတယ်'

ကျွန်တော် အားလပ်ချိန်ဆိုရင် ရန်ကုန်မြို့ ချောင်ကြိုချောင်ကြားပါမကျန် ခြေကျင်လျှောက်သွားပြီး လူတွေဘာလုပ်နေလဲ ငေးမောတတ် ပါတယ်။ အခု ဒီတစ်နှစ် နှစ်နှစ်အတွင်း လမ်းသွယ်တွေမှာ လူတွေစည်ကားရာနေရာတွေမှာ အသက်အရွယ်ကြီးသော အဘိုးအဘွား တစ်ချို့ တွေဝေမိန်းမောနေတာ စုတ်တီးစုတ်ပဲ့နဲ့ လှဲလျောင်းနေတာတွေ ပြီးတော့ အလှူခံစားနေတာတွေကို မြင်ရပါတယ်။ အဲဒီအခါ ကိုယ်တတ်နိုင်သလောက်အလှူငွေထည့်ဖြစ်ပေမယ့် ရင်ထဲကမကောင်းပါဘူး နယ်မှာကျန်ခဲ့တဲ့ ကိုယ့်အဖိုးအဖွားတွေကို သတိရမိ သလိုပါပဲ။

အခု အဲဒီလို အဘိုးအဘွားတွေအတွက် အိမ်တိုင်ရာရောက် သက်ကြီးရွယ်အိုစောင့်ရှောက်ရေးအဖွဲ့ HCOP (Home Care For Older Person) ရဲ့ လက်ရှိပေးဆပ်ဆောင်ရွက်မှုတွေအကြောင်းဖတ်မိတဲ့အခါ အလွန်ပဲဝမ်းသာဂုဏ်ယူမိပါတယ်။

HCOP ကို ၂၀၀၄ ခုနှစ်မေလမှာ စေတနာ့ဝန်ထမ်းတွေကို အခြေခံပြီး သက်ကြီးရွယ်အိုတွေကို စောင့်ရှောက်ပေးခဲ့တဲ့စီမံကိန်းဖြစ်ကြောင်း၊

အဓိကထောက်ပံ့ပေးနေတာက Help Age Korea ပေါ့နော်။ ဆင်းရဲနွမ်းပါးပြီး အထီးကျန်ဖြစ်နေတဲ့ သက်ကြီးရွယ်အိုတွေကို စေတနာ့ ၀န်ထမ်းစောင့်ရှောက်မှုအားဖြင့် ကျန်းမာရေးနဲ့လူမှုရေးအခြေအနေတွေ အတိုင်းအတာတစ်ခုအထိ တိုးတက်ကောင်းမွန်လာဖို့ဆိုတာ သူတို့အဖွဲ့ရဲ့ အဓိကရည်မှန်းချက်ပါ။

အသက် ၇၀နဲ့အထက်ရှိသူ၊ မိသားစု အထောက်အပံ့မရှိသူ၊ ကျန်းမာရေးချို့တဲ့သူ၊ ဆင်းရဲနွမ်းပါးသူတွေကို ဦးစားပေးရွေးချယ်ပါသတဲ့။

Social Care လို့ခေါ်တဲ့ လူမှုစောင့်ရှောက်ရေးကိုပဲ အဓိကပြုလုပ်တာပါ။ စေတနာ့ဝန်ထမ်းတွေက အဘိုးအဘွားတွေဆီသွားတယ်၊ လက်တိုလက်တောင်းလုပ်ပေးတယ်၊ စကားပြောဖော်လုပ်ပေးတယ်၊ အ၀တ်အစားလျှော်ဖွပ်ပေးတယ်၊ အလှူရှင်တွေရှိတဲ့အခါ အိမ် ဆောက်ပေးတယ်၊ ရေတုံကင်တူးပေးတယ်၊ အိုဗာတင်းလို အဟာရတွေလှူပါတယ်။အားဆေး၊ ဆန်၊ဆီဆား စတာတွေလှူတယ်။ မျက်စိခွဲစိတ်ပေးတယ်၊ မျက်မှန်တွေလုပ်ပေးတယ်။

မြန်မာဝိုင်အမ်စီအေရဲ့ HCOP အနေနဲ့ဆိုရင်တော့ အင်းစိန်၊လှိုင်သာယာ၊ကွတ်ခိုင်၊ပြင်ဦးလွင်၊တောင်ကြီး၊ ဟင်္သတာ စုစုပေါင်းနယ်မြေ ခြောက်ခုက စီမံကိန်းနယ်မြေတွေပါ။

စေတနာ့ဝန်ထမ်းအဖြစ် အသက် ၁၈နှစ်နဲ့အထက်ရှိရမယ်၊ ကိုယ်ရောစိတ်ပါ ကျန်းမာရမယ်၊ စိတ်ရှည်ရမယ်၊ ကူညီချင်စိတ်ရှိရမယ်၊ လူမှုရေးစိတ်ဓာတ်ပေါ့။ နောက်ပြီး အဘိုးအဘွားတွေဆီ တစ်ပတ်သုံးနာရီအနည်းဆုံးသွားနိုင်ရမယ်။ စေတနာ့ဝန်ထမ်းရှာဖွေဖို့ ခက် သလားဆိုတော့ တကယ်ရှာဖွေတဲ့အခါ မခက်ခဲကြောင်း မြန်မာလူမျိုးတွေရဲ့ ပရဟိတစိတ်ရှိတာနဲ့ ရိုင်းပင်းကူညီစိတ်ရှိတာ ကြောင့် အဆင်ပြေပါကြောင်းလည်းသိရပါတယ်။ စေတနာ့ဝန်ထမ်းတွေကို ကျန်းမာရေးစောင့်ရှောက်မှုသင်တန်းတွေ၊ စေတနာ့ဝန်ထမ်း သင်တန်းတွေတက်ခွင့်ရတာကြောင့် သူတို့မိသားစုကိုလည်းစောင့်ရှောက်နိုင်တာပါ။ စေတနာ့ဝန်ထမ်းရွေးချယ်ကတည်းက အဘိုး အဘွားတွေနဲ့ အိမ်ချင်းနီးတဲ့သူ၊ ရပ်ကွက်ချင်း နီးတဲ့သူတွေကိုပဲရွေးချယ်ပါသတဲ့။

သူတို့အဖွဲ့ရဲ့ဆောင်ပုဒ်က 'သက်ရွယ်စုံညီ လူ့ဘောင်သစ်ဆီသို့' ဆိုတဲ့အပြည့်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ဆောင်ပုဒ်ပါပဲ။

အလှူဒါနပြုချင်ရင်ပဲဖြစ်ဖြစ် စေတနာ့ဝန်ထမ်းကိစ္စစိတ်ဝင်စားလို့ဆောင်ရွက်ချင်ရင်ပဲဖြစ်ဖြစ် စုံစမ်းနိုင်တာက စေတနာ့ဝန်ထမ်း အခြေခံ သော အိမ်တိုင်ရာရောက်သက်ကြီးရွယ်အိုစောင့်ရှောက်ရေးစီမံကိန်း။ မြန်မာဝိုင်အမ်စီအေ။အမှတ် - ၂၆၃၊ သိမ်ဖြူလမ်းနှင့် မဟာဗန္ဓုလ လမ်းထောင့်၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြို့။ ဖုန်း - ၀၁-၂၉၆၄၃၄၊ ၃၈၀၈၅၆၊ အီးမေးလ်လိပ်စာ - natymea@mptmail.net.mm ဖြစ်ပါတယ်။

အဘိုးအဘွားတွေရဲ့ စိတ်ဓာတ်တွေမြင့်တက်လာမယ်၊ အထီးကျန်ဆန်မှုကလွတ်မြောက်မယ် တခြားသောပျော်ရွှင်မှုလေးတွေနဲ့ သူတို့ ဘ၀နေ၀င်ချိန်ကိုဖြတ်သန်းနိုင်ဖို့ဆိုတာ သူတို့အဖွဲ့ရဲ့လုပ်ဆောင်မှုလေးတွေကိုမြင်ရပြီးတဲ့နောက် ကျွန်တော် စိတ်ထဲပျော်ရွှင်အားတက် မိပါတယ်။ အသက်အရွယ်ကြီးသူများပြားလာတဲ့ လူ့ဘောင်သစ်မှာ အသက်ကြီးသူတွေအပယ်ခံဖြစ် မျက်နှာငယ်နဲ့အိမ်မှာနေရတဲ့ အဖြစ် တွေက ကင်းဝေးဖို့ တစ်ဖက်တစ်လမ်းက ကူညီကြပါစို့လို့ပြောချင်ပါတယ်။

ကျွန်တော်ဖတ်တဲ့ဆောင်းပါးတစ်စောင်ပါအချက်အလက်များကိုဝေငှခြင်းသာဖြစ်လို့ ဆောင်းပါးလည်းမဟုတ် စာတစ်စောင် ပေတစ်ဖွဲ့ လည်းမမြောက်ပါဘူး။့ သူငယ်ချင်းတို့ဖတ်ပြီး စိတ်ဝင်စားနိုင်လာပါစေလို့ဆန္ဒပြုပါရစေ။

Alex Aung

Ref: မြန်မာဝိုင်အမ်စီအေမှ အိမ်တိုင်ရာရောက် သက်ကြီးရွယ်အိုစောင့်ရှောက်ရေးအဖွဲ့ (HCOP) နှင့် တွေ့ဆုံမေးမြန်းခြင်း

No comments: