Saturday, January 21, 2012

Help! (Part One)

'ဘုန်း'

သစ်သားတံခါးမကြီးဆီမှ ဘာမှန်းမသိသောမည်ဟည်းသံကြောင့် ထိတ်လန့်တုန်လှုပ်လာရသလို အဲဒီတံခါးရဲ့ ပတ္တာတွေ ပြင်းပြင်း ထန် ထန်လှုပ်ရှားသွားသော အသံတွေကြောင့် ထိတ်လန့်နေမိတဲ့ကျွန်တော့်ကို ပိုမိုကြောက်လန့်စေပါတယ်။ ကျောထဲက စိမ့်တက်လာ အောင်ပါပဲ။

ကျွန်တော်...ကျွန်တော် ဘာတွေဖြစ်နေတယ်ဆိုတာကို မစူးစမ်းနိုင်ဘူး။ အခန်းရဲ့ အလင်းသိပ်မရှိတဲ့ ထောင့်တစ်ထောင့်မှာ အခန်းနံရံကို ကျောကပ် ဒူးတွေကို ရင်ဘတ်ဆီဆွဲကပ်ထွေးပိုက်ကာ ထိုင်ရင်း တကယ့်ကို ငြိမ်သက်နေမိပါတယ်။ ကျွန်တော် သိခဲ့ရတဲ့၊ ဖြစ်ပျက်ခဲ့ရတဲ့၊ ခံစားခဲ့ရတဲ့ အဖြစ်တွေက တကယ်ပဲလား.....

အိုး...မှောင်မိုက်....

တိတ်ဆိတ်ခြင်းတွေ....

ပြီးတော့...ငြိမ်သက်သော...

x x x

မနက်ခင်း....အောက်ထပ်လှေကားတွေဆီမှ အော်သံတွေကြောင့် ကျွန်တော်ရုတ်တရက်နိုးလာခဲ့ပါတယ်။ ကားမောင်းပြိုင်ပွဲတစ်ခုကို သေနတ်ပစ်ဖောက်ပြီး တာလွှတ်လိုက်သလို မျက်ခွံတွေကို ဖွင့်လိုက်မိတာပါ။ အခန်းကြမ်းပြင် ဟုတ်တယ်ဗျ....ကျွန်တော် အခန်းရဲ့ ကြမ်း ပြင်ပေါ်ရောက်နေလေရဲ့။ ကျောပြင်က မာပြီးအေးစက်နေတဲ့ နံရံကိုကပ်နေသလို ခြေထောက်တွေက အခန်းထောင့်နှင့် ၉၀ဒီဂရီ ထောင့် ချိုးအတိုင်း။ ဘေးတစောင်းလှဲနေတဲ့ ကျွန်တော့်ကိုယ်နှင့် ဖိမိနေတဲ့ ညာလက်က လက်မလေးတွေကို အသာလှုပ်ကြည့်ရွေ့လျားကြည့်မိ တယ်။ အောက်မှပိနေတဲ့လက်ကိုဖယ်ရတာ ဘာကြောင့် ခက်ခဲနေရတာလဲ 'အား..' အသာလေး ခပ်ဖြည်ဖြည်း ညင်သာစွာကြိုးစားမိတာ သေလောက်အောင် နာကျင်မှုက တဖြည်းဖြည်းတိုးတိုးလာတယ်။ လွတ်လပ်သွားချိန်မှာတော့ ကျွန်တော်ဟာ သွေးစီးကြောင်းထဲလှဲ လျောင်းနေမိတာပါပဲ။ ကျွန်တော့်နှလုံးခုန်သံတွေမြန်လာပြီး တစ်ကိုယ်လုံး တဆတ်ဆတ်တုန်လာတဲ့အထိ ငိုကြွေးမိရပါပြီ။ မနေ့ည မတိုင်ခင်က ဘာတွေဖြစ်ခဲ့တယ်ဆိုတာ ကျွန်တော်မှတ်မိပါပြီလေ..။

x x x

အမှတ်မထင် Roxy Bar မှာ ကျွန်တော့် အချစ်ဆုံးသူငယ်ချင်း 'မြတ်သူ'နဲ့ ယှဉ်တွဲရပ်နေမိတော့မှ သူ့သွင်ပြင်ကိုသေချာငေးမိပါရဲ့။ မြတ်သူက အရပ်မြင့်မြင့်၊ နက်မှောင်တဲ့ ဆံကေသာနှင့် ကျစ်လစ်တောင့်တင်းသော ကိုယ်ကာယဖြင့် ကြည့်ကောင်းသူတစ်ဦးပါ။ ပြုံး ရယ်လိုက်ရင် တောက်ပသွားတတ်သော သွားအစုံ၊ သန့်ရှင်းသပ်ရပ်သောမျက်နှာအနေအထား၊ ပြီးတော့ ပြီးပြည့်စုံတယ်ပြောရမယ့် တင်ပါးဆုံတွေနှင့်။ ဘောင်းဘီရှေ့ ခွဆုံက သူ့အထုပ်အထည်ကြီးကလည်း သတိမပြုဘဲမနေနိုင်အောင်ပါပဲ။ ဘယ်အချိန် ဘယ်ကို သွားသွား သူသဘောကျတဲ့အမျိုးသမီး သူ့ကိုပြုံးရယ် စကားပြန်ပြောလာအောင် ဆွဲဆောင်နိုင်ပါတယ်။

ကျွန်တော်က မြတ်သူ ထက်နည်းနည်းလေးအရပ်နိမ့်ပါတယ်။ ကျွန်တော့်ကိုယ်ခန္ဓာက သူ့လိုကြွက်သားနှင့်အပြည့်မဟုတ်ပေမဲ့ ပြေပြစ် တောင့်တင်းပါရဲ့။ ကျွန်တော် ရယ်ပြုံးလိုက်ရင် ဖြူဖွေးညီညာတဲ့သွားများဟာ မြတ်သူရဲ့ခပ်ကြီးကြီးသွားတွေလိုပါပဲ။ အင်္ကျီ အကြပ်လေး တွေ၊ Low-waist Jeans ဘောင်းဘီလေးတွေများ ကျွန်တော်ဝတ်မိရင် တော်တော်များများလူတွေဟာ ကျွန်တော့်ကိုယ်ခန္ဓာဆီ အာရုံ ရောက်နေတတ်ကြတယ်ဗျ။ ပြဿနာက မြတ်သူ က ကောင်မလေးတွေရဲ့ အာရိုက်စိုက်ခံရမှုအပေါ် သာယာသလိုလက်လည်း လက်ခံပါ တယ်။ ကျွန်တော်ကတော့ တကယ့်ကို စိတ်မ၀င်စားတာ။ ဟုတ်တယ် ကျွန်တော်က gay ပါ။

ကိုယ့်ကိုယ်ကို Gay ဖြစ်တယ်ဆိုတာ ပိုပိုသေချာလာတယ်ဗျ။ အမျိုးသားတွေကို အမျိုးသမီးတွေထက် ပိုမိုကြိုက်နှစ်သက်နေလို့ ဖြစ်ပါ တယ်။ နှစ်ကာလအတော်များများ လျစ်လျူရှုဖြစ်ခဲ့ပေမဲ့ အခုအရွယ်မှာတော့ သတိမမူလျစ်လျူမရှုနိုင်တော့ပါ။

ကိုယ့်ကိုယ်ကို ဘာဆိုတာ လက်ခံလိုက်တာနဲ့ ကျွန်တော့်စိတ်တွေဟာ သက်သောင့်သက်သာဖြစ်သွားသလို ခံစားရပါတယ်။ gay ဖြစ်နေ ခြင်းက ကျွန်တော့်အတွက် ကြီးမားတဲ့အကြပ်အတည်းတစ်ခုကြာရှည်မဖြစ်ခဲ့ပေမဲ့ အဓိကပြဿနာတစ်ခုရှိနေဆဲပါ။ တစ်ယောက်မှ အဲဒီ အကြောင်းမသိကြပါဘူး အရင်းနှီးဆုံးသူငယ်ချင်းတွေ၊ မိသားစုဝင်တွေကောပေါ့။ လူတွေအားလုံးကို ပြောပြချင်ခဲ့တယ်။ ဒါပေမဲ့ တစ်စုံ တစ်ယောက်ကိုပြောပြဖို့ ကြိုးစားလိုက်တဲ့အချိန်တိုင်း လည်ချောင်းထဲက အသံတွေကပ်သွားသလို စကားကိုဆုံးအောင် မပြောနိုင်ခဲ့ပါ။ ဒီဖိအားက ကျွန်တော့်ကို တဖြည်းဖြည်းသတ်နေသလို တစ်စုံတစ်ယောက်ကို ဖွင့်ပြောဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ခံစားမိရပါတယ်။

ကျွန်တော့်စိတ်တွေ တင်းကြပ် ပေါက်ကွဲတော့မလားဘဲ။ ဘားမှာထိုင်ရင်း အတွေးနက်ထဲ ကျရောက်နေရပါတယ်။ အတွေးများစွာဟာ ကျွန်တော့်ဦးနှောက်ထဲချာချာလည်ကာ ထိန်းလို့မရပါဘူး။

'အား....ငါ မထိန်းနိုင်တော့ဘူးကွာ!!!..'

ကျွန်တော် ဂီတသံတွေဖွင့်ထားတဲ့ အခန်းထဲ မျက်လုံးမှာမျက်ရည်တွေဝဲရင်း အော်ပစ်လိုက်မိပါတယ်။

x x x

Shock! ဖြစ်သွားမိတယ်ဗျ။ စကားလက်ဆုံကျနေတဲ့ ကောင်မလေးကို တောင်းပန်စကားဆိုရင်း 'သွားတော့မယ်ဗျ၊ သူငယ်ချင်းဘာဖြစ်လဲ မသိ၊ သွားကြည့်လိုက်ဦးမယ်၊ ဖုန်းဆက်လိုက်နော်' စကားပြောတာကိုရပ်တန့်လိုက်မိတယ်။ ဘီယာလက်ကျန်ကိုမော့သောက် Club ထဲ ဝေ့၀ဲကြည့်ကာ အပြင်ဘက်ကို ခပ်မြန်မြန်ပြေးထွက်လာလိုက်တယ်။

အပြင်ကိုရောက်ရောက်ခြင်း ဘေးပတ်ဝန်းကျင်ကို နေရာလပ်မကျန်လှည့်ပတ်ကြည့်ကာ ဘိုဘို ဘယ်ရောက်သွားလဲ၊ ဘယ်နေရာမှာလဲ စူးစမ်းရပါရဲ့။ တကယ်စိုးရိမ်သွားမိပါတယ် ပြီးတော့ ဖြစ်ပျက်သွားတဲ့ အခြေအနေက နည်းနည်းအတွေးရှုပ်မိပါရဲ့ သူဘာဖြစ်သွားလဲ ဆိုတာ။

'ဘိုဘို' လူတွေသွားလာရှုပ်ထွေးနေတဲ့လမ်းထဲ အော်ခေါ်မိပါတယ်။ 'မင်းဘယ်မှာလဲ ငါ့ကောင်' လူတွေအားလုံး ဘာကြောင့်ဒီကောင် အလန့်တကြား အော်နေရသလဲ စူးစမ်းကြည့်ကြတယ်။ သူတို့ဘယ်လိုထင်ထင် ဂရုမစိုက်မိအောင် ပတ်ဝန်းကျင်ကို ကျီးကန်း တောင်း မှောက် ကြည့်မိဆဲ။ တစ်စုံတစ်ရာ တုန့်ပြန်မှုရမလား စောင့်ဆိုင်းမိပါတယ်။ ဘာတုန့်ပြန်သံမှ မကြားရ။ အာရုံကို ဖျစ်ညှစ်ပြီး တွေးပါ တယ် ဘာဖြစ်တာလဲဆိုတာ။ ဒါပေမဲ့ alcohol က ခက်ခဲတာတွေတွေးတောဖို့ခွင့်မပြုခဲ့ပါဘူး။

'ခု စဉ်းစားစမ်း'

'ဘိုဘို အကြောင်း တကယ်သိရင် သူဘယ်ကိုပြေးသွားတယ်ဆိုတာ ငါသိသင့်တယ်' သက်ပြင်းအခါခါချကာ စဉ်းစားမိပါတယ် ဘိုဘိုရဲ့ အလေ့အထတွေကိုပေါ့။

'ဆုတောင်းပြည့် ရေတွင်းအိုကြီး' သတိရပြီဗျ။ ဘိုဘိုကြောက်စိတ်ဝင်တဲ့အခါတိုင်း သူပြေးပြေးသွားတတ်တဲ့နေရာ။ လူတွေများတဲ့ club ထဲကနေ ဆန့်ကျင်ဘက်လမ်းအတိုင်း ရေတွင်းကြီးရှိရာဘက်ကို မြန်နိုင်သမျှမြန်မြန် ခြေထောက်တွေကို သယ်ဆောင်ခိုင်းလိုက်ပါတယ်။ ခပ်မြန် မြန်လေးသွားမှ အချစ်ဆုံးသူငယ်ချင်းလေး ဘာဖြစ်သလဲ ဘယ်လိုနည်းလမ်းနဲ့ ကူညီနိုင်မလဲဆိုတာ ရှာဖွေနိုင်မှာ။ နှစ်ဦးသား အမြဲလိုလို တပူးတွဲတွဲနေဖြစ်ကြတဲ့ သူငယ်ချင်းဆိုတော့ ဒီကောင့်ပြဿနာဘာလဲဆိုတာ သေချာအောင်လုပ်ဖို့လိုသလို တကယ် ကူညီ မှလည်းဖြစ်မှာပါ။

ရေတွင်းဘက်ကိုရောက်တော့ အမှောင်ကဲပြီး တိတ်ဆိတ်ကာ အလွန်ကြောက်စရာကောင်းနေပါရဲ့။ အပြေးအလွှားခြေလှမ်းကိုရပ် အသက်ကိုပုံမှန်ဖြစ်အောင်ရှူရှိုက်ရပါတယ် စက္ကန့်အနည်းငယ်တော့။

'ဘိုဘို! မင်း ဒီနေရာမှာလား' ရေတွင်းဧရိယာပတ်ဝန်းကျင်မှာ ရှာဖွေမိပါတယ်။

ဘာတုန့်ပြန်သံမှ မကြားရတော့ သူဒီမှာမရှိဘူးလို့ စတွေးဖြစ်ပါတယ်။ ဒါပေမဲ့ ရှိုက်သံတအိအိနှင့် ငိုသံခပ်အုပ်အုပ်ကို ကြားနေရာတော့ ဒါ ဘိုဘိုပဲဆိုတာ သေချာသွားရပါတယ်လေ။ အသံကြားတဲ့အတိုင်းလိုက်သွားတော့ ဆုတောင်းပြည့်ရေတွင်းဘေးလမ်းကြားထဲမှာ ဒူးကို ကွေး မျက်နှာမှောက်ကာအပ်လျက်ငိုနေသော ဘိုဘို။ 'ဘိုဘို' နုနုညံ့ညံ့နှင့် ငြင်သာပျော့ပျောင်းစွာ ခေါ်လိုက်ပါတယ်။ 'ဘာ...ဘာဖြစ်တာလဲ သူငယ်ချင်း'

'ငါတစ်ယောက်တည်းနေချင်တယ်ကွာ' ဘိုဘို အဲဒီစကားကို သူ့ပခုံးပေါ်လက်တင်လိုက်မိတဲ့ ခဏမှာပြောပါတယ်။ လက်တွေကို ဆွဲဖယ် ပစ်ပြီး တအိအိဆက်ငိုနေရော။ ရင်ထဲစို့စို့နင့်နင့် ခံစားလာရကာ သူ့ပြဿနာက တော်တော်စိုးမှန်းသိလာရတယ်။ တော်တော်များများ စိုးသလားပဲ။

'လာစမ်းပါကွာ ငါ့ကို ဒီလိုမလုပ်ပါနဲ့။ မင်းကို ငါကူညီချင်လို့ပါကွာ။ မင်း ငါ့ကိုအားလုံးပြောပြနိုင်တယ်ဆိုတာ သိရဲ့သားနဲ့။ ငါက မင်း အချစ်ဆုံး သူငယ်ချင်းလေ' ရှင်းရှင်းလင်းလင်းပြောဆိုဖျောင်းဖျရသေးတယ်။

'မင်းနားလည်မှာ မဟုတ်ပါဘူးကွာ ငါ့ကိုထားခဲ့ပါ တစ်ယောက်ထဲ' ဘိုဘို့အသံက တုန့်ပြန်မှုအစစ်မဟုတ်။

'မထားသွားနိုင်ဘူးကွာ' ကြမ်းတမ်းမှုမရှိ နုညံ့စွာသူ့ကိုပြန်ပြောလိုက်ပါတယ်။ 'မင်းက ငါ့အချစ်ဆုံးသူငယ်ချင်းလေ။ မင်းဘာဖြစ်တယ် ဆိုတာ ငါ ဂရုစိုက်တာပေါ့ကွ'

'ကောင်းပြီလေ မြတ်သူ မင်းကို ငါပြဿနာမလုပ်ချင်ဘူးကွာ'

'ဟေး...မင်းငါ့ကို အဲလိုမဆက်ဆံနဲ့လေ ဘိုဘို' ဒေါသထွက်ထွက်နဲ့အော်ပစ်လိုက်မိတယ်။ 'မင်းထွက်ပြေးသွားတဲ့လမ်းအတိုင်း ငါလိုက် လာတာလေ မင်း ငါ့ကိုဘာပြဿနာဖြစ်နေလဲပြော'

'အေး...ကောင်းပြီ မင်း ငါ့ကိုအမှန်တကယ် ဂရုစိုက်ချင်တယ်ဆိုရင် ငါ အခုပြောမယ်....ငါ...ငါ...ငါ' ဘိုဘို့နှုတ်ဖျားက စကားလုံးတွေ တစ်ဆို့နေတယ်။

'မင်း...ဘာဖြစ်...ပြောလေကွာ'

'မြတ်သူ....ငါ မင်းကို သောက်ရမ်းချစ်နေပြီကွ'

တိတ်ဆိတ်သွားတယ် အရာအားလုံး။

Shock! နောက်တစ်ကြိမ် ဖြစ်သွားတာပေါ့။ ရှေ့တည့်တည့်ကရပ်နေတဲ့ ဘိုဘို့ကို မျက်လွှာပင့်ကာကြည့်ပြီး ဘာစကားမှ မပြောမိပါဘူး။ သူ့မျက်ဝန်းတွေမှာ မျက်ရည်တွေချောင်းစီးနေသည့်အလား ကျဆင်းနေပြီး အေးခဲနေတဲ့ ဒီလိုညမျိုးမှာ သူ့ခန္ဓာကိုယ်ဟာ တဆတ်ဆတ် ခါနေရဲ့။ ဘိုဘို့မျက်ဝန်းတွေက မျက်ရည်တွေကျနေတာကိုကြည့်ပြီး စိတ်ထဲမှာ အလွန့်ကို ဘယ်လိုရှင်းပြရမယ်မှန်းမသိတဲ့ ခံစားမှုတွေ၊ လက်ခံသိလိုက်ရတဲ့အကြောင်းအရာကို ဘယ်လိုအဖြေရှာရမလဲဆိုတာမျိုးတွေနှင့် ရှုပ်ထွေးမှုဖြင့် ကြမ်းပြင်ကို ခေါင်းငိုင်ကျကာကြည့်မိပါ တယ်။လေထုဟာဓားတစ်စင်းနှင့် ခုတ်ဖြတ်လိုက်တဲ့ လျှပ်စစ်ဓာတ်လို ပြတ်တောက်သွားပါတယ်။ ဘယ်လိုတုန့်ပြန်ရမလဲ တကယ်မသိ တော့တာပါ။

မျက်လုံးတွေဟာ ကြမ်းပြင်ကိုသာ စိုက်ကြည့်မိနေတယ်။ နှလုံးခုန်သံတွေကတော့ မှဲမှောင်နေတဲ့လမ်းသွယ်လေးထဲ စမ်းချောင်းတစ်ခု အဆက်မပြတ်စီးဆင်းနေသလို ဖြစ်နေပါတယ်။ ခံစားချက်တွေအားလုံးလဲ နေရာအနှံ့အပေါ်မှာရောက်နေသလိုပဲ။ ရှေ့တည့်တည့်မှာ စကားဆက်မပြော တိတ်ဆိတ်နေတဲ့ ဘိုဘို့ကို မော့ကြည့်ဖို့ကြိုးစားခဲ့ပါတယ်။ သူ ဘာတွေခံစား၊ ဘာအမြင်တွေပေါက်ပြီး စကားအသစ် အဆန်းတွေလာပြောနေရတာပါလိမ့်လို့ သိချင်မိတော့တာပေါ့ဗျာ။

x x x

'ငါတောင်းပန်ပါတယ်ကွာ' ကျွန်တော် နှစ်ကိုယ်ကြားလေသံနှင့် တီးတိုးပြောမိပါတယ်။ ကျွန်တော် တခြားဘာစကားလုံးကို ဆိုရမယ်မှန်း မသိလေ။ မြတ်သူ ခေါင်းငိုက်စိုက်ချနေရာကနေ ကျွန်တော့်ကိုမော့ကြည့်တယ်။ 'မင်းတောင်းပန်တယ်....မင်းတောင်းပန်နေတာလား' သူ တုန့်ပြန်တဲ့လေသံနှင့် အကြည့်တွေမှာ စိတ်တိုတဲ့အရိပ်အယောင်တွေ ပြည့်နှက်လာပြီး ကျွန်တော့်မျက်ဝန်းတွေကို တည့်တည့်ကြည့် တယ်ဗျ။

'ငါ တကယ်တောင်းပန်ပါတယ်' ကျွန်တော် ခပ်တိုးတိုးနှင့် တောင်းပန်စကားတတွတ်တွတ်ဆိုတာ ထပ်မံငိုကြွေးမှုကို စတင်မိပါတယ်။

ဟုတ်တယ်၊ 'မင်း ငါ့ကို ဘာပြောတယ်ဆိုတာ သိတယ်' မြတ်သူ ကျွန်တော့်လက်မောင်းအစုံကို ကိုင်ဆွဲရင်း ကျယ်ကျယ်လောင်လောင်ကို အော်ပြောတော့တာ။ 'မင်းတောင်ပန်တယ်၊ ပြီးတော့ အဲလိုတောင်းပန်တာနဲ့ ဒီကိစ္စက ပြီးသွားမှာလားပြော' သူ မေးခွန်းထုတ်တယ်။ ကျွန်တော်တုန့်ပြန်စကားမဆိုမိဘဲ သူ့လက်ကလွတ်အောင်ကြိုးစားမိပါတယ်။ 'ဖြေလေကွာ' မြတ်သူက အမိန့်ပေးတယ်။ မတုန့်ပြန်မိ။ 'ဖြေလေကွာ..တောက်!!' ကျွန်တော့်ကိုယ်ခန္ဓာကို လှုပ်ရမ်း ပြီးအဖြေရဖို့သူကြိုးစားရဲ့။

'ငါတောင်းပန်ပါတယ်' တုန်လှုပ်နေတဲ့ ကျွန်တော့်မျက်နှာပြင်မှာ မျက်ရည်တွေ ရွှဲရွှဲစိုနေဆဲ။ မြတ်သူ အချစ်ဆုံး သူငယ်ချင်း ကျွန်တော့် မျက်ဝန်းတွေကို စိုက်ကြည့်တယ်။ ခပ်သည်းသည်း ငိုရှိုက်ထားတာကြောင့် ကျွန်တော့်မျက်လုံးတွေ နီရဲနေမှာ။ ကြောက်လန့်အားငယ်မှု တွေနှင့် မြတ်သူရဲ့ တလက်လက်တောက်နေတဲ့ မျက်ဝန်းတွေကို ကျွန်တော်ပြန်စိုက်ကြည့်မိပါတယ်။

'ငါ တောင်းပန်ပါတယ်ကွာ' ကျွန်တော် နောက်တစ်ကြိမ်ထပ်ပြောမိပါတယ် မနားတမ်း တတွတ်တွတ်။ မြတ်သူ သူ့လက်တွေကို လွှတ်ချ လိုက်ကာ သူ့ဒေါသတွေကို လျော့ချလိုက်တာမြင်ရပါရော။ မျက်ဝန်းတွေက ဒေါသရိပ်တွေ ငြိမ်သက်သွားကာ တစ်မျိုးတစ်မည် အရိပ် အယောင်သန်းစပြုလာပါတယ်။ သူ့ ခေါင်းတွေ ငိုက်စိုက်ကျသွားကာ မကျန်းမာသူတစ်ယောက် ဟန်ပန်ဖြင့် သူ့အချစ်ဆုံး သူငယ်ချင်းကို မာန်မဲခဲ့မိမှုအပေါ် စိတ်မကောင်းဖြစ်သွားဟန်တူပါရဲ့။ ဒေါသကြောင့် တဆတ်ဆတ်တုန်ခါခဲ့တဲ့ သူ့ခန္ဓာကိုယ် အခုတော့ ၀မ်းနည်းမှုနှင့် အပြစ်တစ်ခုကို ခံစားရမိတဲ့အသွင်ဖြင့် ငြိမ်သက်နေပါတယ်။ ကျွန်တော်နှင့်မြတ်သူကြားမှာ အရင်အခြေအနေတွေနှင့် မတူ တစ်ခုခု ပြောင်းလဲသွားပါပြီ။

'မင်းကို အော်မိတာ ခွင့်လွှတ်ပါကွာ..ဆောရီး' မြတ်သူ ကျွန်တော့်ကိုပြန်လည်တောင်းပန်စကားဆိုရင်း လမ်းမကြီးဘက်ကိုမျက်နှာမူကာ လာလမ်းအတိုင်း တိတ်တဆိတ်ထွက်သွားပါတယ်။

....အရာအားလုံး တိတ်ဆိတ်......

ကျွန်တော် တကယ့်ကို ဘာမှမလှုပ်ရှားမိ မျက်လုံးများကို မှိတ်ကာ ရပ်တန့်နေမိပါတယ်။ ကျွန်တော့်နှုတ်ခမ်းတွေ တဆတ်ဆတ်တုန်နေ ပေမယ့် ဘာအသံကိုမှ မပြုမိပါ။ ဒီအချိန်လေးမှာ မြတ်သူ...ကျွန်တော့်အချစ်ဆုံးသူငယ်ချင်းဟာ အနားမှာမနေ အဝေးကိုလှမ်းစပြုပြီ။ သူ့ အချစ်ဆုံးသူငယ်ချင်းဟာ သူ့အပေါ်မရိုးမသားစိတ်ထားမိခြင်း၊ ပြီးတော့ လိင်တူခြင်းချစ်စိတ်ဝင်နေသူဆိုတာတွေ သိသွားရခြင်းက စွမ်းအင်မဲ့ကာ ရင်ဆိုင်နိုင်စွမ်းမရှိတော့တာလားမသိ ခပ်ဖြေးဖြေး ခြေလှမ်းကနေ မြန်နိုင်သမျှ မြန်မြန်ပြေးသွားသံကိုကြားရပါတယ်။ ဒီ နေရာလေးကနေ သူထွက်ပြေးသွားပြီပေါ့။ ကျွန်တော်နှင့် မြတ်သူ ပျော်ရွှင်စရာအချိန်များစွာ ဆုတောင်းပြည့်ရေတွင်းနားလေးမှာ ကလေး တွေလို တောင်းဆုဆန္ဓတစ်ခုခုပြုကြရင်း အချိန်အတူကုန်ဆုံးခဲ့ဖူးပါတယ်။ မျက်စိတစ်ဆုံး မှုန်ပြပြ နေရာရောက်တော့ မြတ်သူ ပြေးနေတာ ကိုရပ် ကျွန်တော် မလှုပ်မရှားရပ်နေဆဲကို လှည့်ကြည့်တယ်ထင်ရဲ့။ သူ...ကျွန်တော်တစ်ယောက်ထဲဆိုတဲ့ အတွေးနဲ့ပြန်လှမ်းလာဖို့ စိတ်ကူးပေမယ့် ထားခဲ့တဲ့သံယောဇဉ်တွေဟာ ကျွန်တော့်စကားတစ်ခွန်းဖြင့် ပျက်စီးသွားပြီထင့် ဆက်လက်ပြေးလွှားထွက်ခွာသွားပါရော။

အလင်းရောင်နည်းနေတဲ့ လမ်းသွယ်ထဲ ကျွန်တော်တစ်ယောက်တည်း ရပ်နေခဲ့ပါတယ်။ ကျွန်တော့် ဦးခေါင်းထဲ ဘာမှမရှိ ဟာလာ ဟင်းလင်း။ 'အခု..ဘာလဲ?' ကျွန်တော့်ကို ကျွန်တော်တွေးမိပါတယ်။ 'ဒီအဖြစ်အပျက် ဖြတ်သန်းခဲ့တဲ့ကာလတွေရဲ့ အဆုံးသတ်ဟာ ဒီလို ပဲပြီး ဆုံးသွားပြီလား?' တစ်ယောက်တည်း ဘယ်တော့မှ မထားတတ်ခဲ့တဲ့ မြတ်သူဟာ အခုလို စွန့်ခွာသွားပြီလားဗျာ။ ကျွန်တော့် အချစ် မေတ္တာတွေဟာ အဖြူရောင် မဟုတ်ဘူး မှားတယ်လို့ သူထင်မြင်သွားမှာကို စိုးရိမ်ပြီး ၀မ်းနည်းမှု အတိုင်းအဆမရှိဖြစ်တည်ခဲ့တာပါ။

ကျွန်တော့် အိမ်အပြန် ခြေလှမ်းတွေဟာ လေးကန်နေခဲ့ပါတယ်။ အိမ်ကိုပြန်အရောက် အ၀တ်အစားပင်မလဲလှယ် အိပ်ယာပေါ် ပစ်ထိုင်ချ မိပါရဲ့။ မောပန်းနွမ်းလျနေပြီး အိပ်ဖို့နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ဖို့ လိုအပ်နေခဲ့ပြီဆိုတော့ အ၀တ်တွေကို ခန္ဓာကိုယ်က ဖယ်ရှားပြီး နွေး ထွေးနုညံ့တဲ့ အိပ်ရာထက် လှဲလျောင်းလိုက်ပါတော့တယ်။ ကျွန်တော့်တစ်ကိုယ်လုံး နွမ်းနယ်နေပြီမို့ ညစ်ပတ်နေပေမယ့် သွားတွေကို သွားပွတ်တံနှင့် မတိုက်မပြု မသန့်စင်မိတော့။ စောင်ကို တစ်ကိုယ်လုံးဖုံးသွားအောင် ရုတ်တရက် ဆွဲခြံလိုက်တယ်။ ပြီးတော့ အခန်းမီး ကိုပိတ်.....။

x x x

နောက်တစ်နေ့မနက်မှာ ကျွန်တော် ၁၁း၃၀ နာရီမှနိုးထမိပါတယ်။ ဒါ အတော်နောက်ကျတဲ့ မနက်ခင်းပါ။ အမြဲလိုလို ၉း၀၀နာရီထက် နောက်မကျတတ်တဲ့ ၉း၀၀နာရီဆို အားလုံးအသင့်ဆိုတဲ့ လူမျိုးပေါ့။ ကျွန်တော့် ဦးခေါင်းကို လက်သီးနှင့်အထိုးခံထားရသလိုဖြစ်နေတယ်။ ပထမတော့ ကျွန်တော်ဘာမှမမှတ်မိ အိပ်ယာပေါ်လှိမ့်ကာ နာရီရှိရာကို အကြည့်ရောက်မိတာပေါ့နော်။ အချိန်ကိုမြင်သိတော့မှ မျက်လုံး ကိုပြူးပြဲဖွင့်ရင်း အိပ်ယာပေါ်မှ ခုန်ထကာ ရေချိုးခန်းထဲအပြေးဝင်ရတာပေါ့။ ပူနွေးနေတဲ့ရေတွေ ရေပန်းခေါင်းက ကျဆင်း၊ ပြီးတော့ ရေ အေးအေးလေးတွေက အပြေးလိုက်လာကာ ကျွန်တော့်အရေပြားကို ပွတ်သပ်နှိပ်နယ်တော့ သက်သောင့်သက်သာကိုဖြစ်လို့။ လန်းလန်း ဆန်းဆန်းဖြင့် မျက်လုံးတွေ ကျယ်သွားပြီဆိုတော့မှ အရာရာနိုးထကာ သတိရမိပါပြီ။

မကြုံဘူး အဟုတ်ထူးတဲ့ခံစားချက်အတွေ့အကြုံကြီးတစ်ခုကို ရရှိခဲ့တယ်ဆိုတာ..'အား...!!!' ကျွန်တော် အသံကုန်အော်လိုက်မိပြန်တယ်။ 'ဘုရားသခင်, ငါဘာတွေလုပ်ခဲ့ပြီလဲ? အဲလိုဖြစ်သွားဖို့မရည်ရွယ်ခဲ့ပါဘူး။ ဘယ်လိုရူးနှမ်းတဲ့ နည်းမျိုးနဲ့ ငါ့အချစ်ကို သူသိသွားစေရတာ လဲ?' ကျွန်တော့်ဦးခေါင်းထဲ အမေးများစွာ ၀ဲလှည့်နေပါတယ်။

'ဒုန်း...ဒုန်း...ဒုန်း'

ရေချိုးခန်းတံခါးကို အဆတ်မပြတ်ထုသံကြားရပါတယ်။ ကျွန်တော့်ခန္ဓာကိုယ်ထဲက ၀ိညာဉ် ခုန်ထွက်သွားရလောက်အောင် ကိုယ့်ကိုယ်ကို လည်း အံ့သြမိပါပြီ။ 'ဘိုဘို....ဘာဖြစ်တာလဲ သား အော်သံကြားလိုက်တယ်၊ ဘာမှမဖြစ်ပါဘူးနော်' မေမေရဲ့ အလန့်တကြားမေးသံကြား ရပါရဲ့။ မေမေ အတော်စိတ်ပူသွားတာဗျ။ မြတ်သူ...သူ့မိဘတွေ ဒီနေ့ပြန်လာမယ်ဆိုတာ မေ့နေပြီထင်တယ်။

'အာ...ဘာမှမဖြစ်ဘူးမေမေ..ဆောရီး' ကျွန်တော့်အသံကိုထိန်းရင်း မေမေ့ အမေးကို ပြန်ဖြေလိုက်ပါတယ်။

ရေချိုးတာကို အဆုံးသတ်လိုက်ပေမဲ့ ကျွန်တော်လုပ်ခဲ့မိတာတွေကို စိတ်ထဲက ဘယ်လိုမှနှင်လို့မရပါဘူး။ ကိုယ့်ကိုယ်ကို အပြစ်တင်နေမိ သလို မြတ်သူနှင့် စကားတွေပြောချင်စိတ်ဟာလည်း ပြင်းပြင်းထန်ထန်ကို လိုအပ်လာပါတယ်။ ခပ်မြန်မြန် အ၀တ်အစားလဲလှယ်ကာ အောက်ထပ်ကို အပြေးဆင်း အိမ်ရှေ့တံခါးမကြီးဆီ တန်းတန်းမတ်မတ်ပြေးမိပါတယ်။ ထမင်းစားခန်းထဲက မေမေတို့ကိုတောင် မနှုတ် ဆက်ခဲ့မိတော့ပါ။ ကျွန်တော့်ခြေထောက်တွေကို မြန်နိုင်သမျှမြန်အောင်လှမ်းကာ မြတ်သူတို့ အိမ်ကိုသွား..။

မြတ်သူနေတဲ့လမ်းထိပ်ရောက်တော့ ခပ်မြန်မြန်ပဲ ချိုးကွေ့လိုက်ပါတယ်။ ကျွန်တော် ထိတ်လန့်သွားပါရဲ့။ ရုတ်တရက် ကျွန်တော့် ခြေ လှမ်းတွေကို ရပ်တန့်လိုက်မိတယ်။ မြတ်သူရဲ့ အိမ်အပြင်မှာ သူ့မိဘနှစ်ပါးရယ် ရဲသားအချို့ရယ် စကားပြောနေကြတာ။ ငယ်ငယ် ကလေးတည်းက ဒီအိမ်ကို ကျွန်တော်လာလာလည်တော့ သူ့မိဘတွေနှင့် တွေ့ဆုံဖူးပါတယ်။သူတို့မျက်နှာတွေကို အခုလိုဖြစ်နေတာမျိုး တစ်ခါမှ မမြင်ဖူးခဲ့။ ခပ်မြန်မြန်လေး သူတို့ဆီလှမ်းသွားလိုက်ပါတယ်။ 'ဘာဖြစ်လို့လဲ ဦး' ကျွန်တော်စိုးရိမ်စွာ သိလိုစိတ်ပြင်းပြစွာ မေးခဲ့ မိတာပေါ့။။

မြတ်သူရဲ့ အဖေက ကျွန်တော့်ပခုံးပေါ်လက်တစ်ဖက်အသာဖေးမတင်ရင်း 'ဘိုဘို...ဦး..သားကိုဘယ်လိုပြောရမလဲ မသိဘူးကွာ...မြတ်သူ ပျောက်နေတယ်'

'ဗျာ'

Alex Aung (20 Jan 2012)

To be continued....

No comments: