Wednesday, August 1, 2012

ရာဇဝင်ထဲက လျှို့ဝှက်သောနှလုံးသား

မြန်မာ့သမိုင်းမှာ စစ်ဘုရင်အဖြစ်ထင်ရှားတဲ့ တောင်ငူဘုရင် တပင်ရွှေထီးအကြောင်းလေး စုစည်းရေးသားချင်ပါတယ်။ သက္ကရာဇ် ၈၇၉၊ နတ်တော်လဆန်း ၅ရက် ကြာသပတေးနေ့ ညဦးအချိန် (ခမည်းတော် မဟာသီရိဇေယျသူရ မင်းကြီးညို နတ်ရွာစံပြီးပြီးချင်း) သက်တော် ၁၄နှစ်အရွယ်တွင် နန်းသိမ်းပွဲကျင်းပကာ ဘုရင်အဖြစ်ရောက် ရှိခဲ့သူ တပင်ရွှေထီးမှာ စစ်ဘုရင်မင်းဧကရာဇ်အဖြစ်တစ်မျိုး၊  နန်းသက်၂၀နှစ်အတွင်း  မည်သည့်မိဖုရားကိုမှ တရားဝင်မိဖုရားကြီးအဖြစ် သိမ်းယူ ခြင်းမရှိခဲ့သည့် လူပျိုကြီးဘုရင်အဖြစ်တစ်ဖုံ ကျော်ဇောသည်။ လက်သည်းကြား၌အပ်စိုက်ကာ လက်မရွံ့သူရဲကောင်းများ ရွေးခြယ်ခဲ့သော ဘုရင်ဖြစ်သည်။ မြန်မာ့သမိုင်းတွင် သာမက ထိုင်းနိုင်ငံသမိုင်း (ဝါ) ယိုးဒယားသမိုင်းတွင်ပါ လျှာနက်မင်း (ထိုင်းမူ)ဟု မှတ်တမ်းဝင်ထားပြီး ယိုးဒယားနိုင်ငံသို့ ပထမဆုံး စစ်ကျူးကြော်တိုက်ခိုက်သည့်မြန်မာမင်းအဖြစ် သမိုင်းတွင် သည်။

ထီးနန်းအရေးအရာကိစ္စများသည် လွန်စွာရှုပ်ထွေးပွေလီလှပါသည်။ ထို့အတူ ၎င်းတော်ဝင်မင်းသားများ၊ မိသားစုများ ၏ နှလုံးသားရေးရာကိစ္စများသည် သာ၍ပင် ရှုပ်ထွေးလှပေသည်။ သမိုင်းတင်ထားသော ကိစ္စရပ်များရှိသလို သမိုင်း မတင်ထားသော ကိစ္စများ၊ သမိုင်းတင်ထားသော်လည်း အကြောင်းအမျိုးမျိုးကြောင်း ဖုံးကွယ်ထားနိုင်သော ကိစ္စရပ်များ အမျိုးမျိုး အလီလီရှိနိုင်ပေသည်။ ရှာဖွေစုဆောင်းမိသမျှသော အချက်အလက်တို့ကို စုပေါင်းချင့်ချိန်၍ ပေါင်းစည်းကွန့်မြူး ခြင်းဖြင့် အဆင်ပြေဆက်စပ်သော သမိုင်းဖြစ်စဉ်များကိုပုံဖော်ကြရမည်ဟု ယူဆပါသည်။ ထို့ကြောင့် ထိုထိုသော မင်းများ မိဖုရားများ တော်ဝင်မိသားစုများ၏ ကိုယ်ရေးကိုယ်တာများသည် မိမိတို့သိရှိဖတ်မှတ်ထားသလို အမှန်အားလုံးလဲဖြစ်ချင်မှ ဖြစ်နိုင်ပေမည်။ မျက်မှောက်ကာလတွင် ချက်ချင်းလက်ငင်းဖြစ်ပျက်နေသော ကိစ္စများပင်လျှင် အမှန်တရားသိနိုင်ရန်ခက်ခဲလှ သဖြင့် သမိုင်းဆိုသည့် အတိတ်ဖြစ်စဉ်များကိုမူ တွေးတောထောက်ချင့်ခြင်းဖြင့်သာ အမှန်အဖြစ်၊အမှားအဖြစ် ကောက်ချက် ဆွဲနိုင်ရုံသာရှိပေမည်။

စာရေးသူ ဥာဏ်မှီသလောက် တစ်ထွာတစ်မိုက်လောက် စဉ်းစားကွန့်မြူးကြည့်ရသည်မှာဖြင့် စာရေးသူတို့ စစ်ဘုရင်ဧကရာဇ် မင်းကြီး တပင်ရွှေထီးမှာ လိင်တူချင်းနှစ်သက်သူ (ဝါ) လိင်တူချစ်သူ Homosexual ဖြစ်နိုင်ပါသည်။ စာရေးသူ၏ စိတ်ကူးယဉ် ဆက်စပ်မှုမျှသာဖြစ်သည်ဆိုသည်ကို ဦးစွာပထမဝန်ခံလိုပါသည်။

ထိုင်းနိုင်ငံ သမိုင်းနောက်ခံဇာတ်လမ်းတစ်ခုတွင် မြန်မာဘုရင် တပင်ရွှေထီးအား မိန်းမဆန်သူ ကနွဲ့ကလျ အခြောက်ကြီး အဖြစ် ပုံဖော်ရိုက်ကူးထားသည်ဟု ဆိုသည်။ ထိုင်းနိုင်ငံကို ကျူးကျော်ခဲ့သဖြင့် ထိုင်းလူမျိုးများ၏ရွှေမေတ္တာကို အတော မသတ်ရရှိထားသဖြင့်လည်း ထိုသို့ လွန်လွန်ကျူးကျူးဖော်ကျူးခဲ့ဟန်ရှိပါသည်။ သို့ပါသော်လည်း... စာရေးသူအနေဖြင့် သဘောတူထောက်ခံလိုပါသည်။

စာရေးသူတို့ သာမန်လူယောက်ျားသားများပင် ယောက်ျားချင်း၊ လိင်တူချင်းနှစ်သက်စွဲလမ်း တပ်မက်ကြသည်ဟုဆိုပါလျှင် ဘုရင်ဆိုသော မင်းယောက်ျားများသည်လဲ ဘာသားနှင့်ထုထားသည်မို့...။

အတိတ်ဘဝကံကြောင့် ယခုဘဝတွင်ဤသို့ဖြစ်ကြသည်ဆိုလျှင် ထိုမင်းခယောက်ျားသည်လည်း အတိတ်ဘဝကံကြောင့်ဟု မပြောနိုင်ပါပြီလော...။ 

တဖန် ခရစ်ယာန်သမ္မာကျမ်းစာတွင်လည်း " လူတချို့သည် အမိဝမ်းတွင်းကပင် မိန်းမလျှာဖြစ်ကြ၏။ တချို့သည် သူတပါး ဆုံးမ၍ မိန်းမလျှာ ဖြစ်ကြ၏ ။ တချို့သည် ကောင်းကင်နိုင်ငံတော်၏ အဘို့ အလိုငှာ မိမိ ကိုယ်ကို မိမိ ဆုံးမ ၍ မိန်းမလျှာ ဖြစ်ကြ၏။ ဤ သည်ကား ဘု၇ားသခင် ယေရှု ၏ မိန့်ခွန်း စကားတော် ဖြစ်သည် ။ ၇ှင်မသဲ 19း12" ဟု ပါရှိသည်။ ထိုထို သော ရှင်ဘုရင်လောင်းလျာလေးသည်လည်း လူထဲကလူပင်ဖြစ်ပေသောကြောင့်... ထိုသို့ မဖြစ်နိုင်ပါဟု မည်သူမျှမငြင်းနိုင်။

အသက် ၁၄နှစ်အရွယ်တွင် နန်းတက်သော ရွှေရောင်ဆံမျှင်လေးတစ်ချောင်းဦးထိပ်တွင် တောက်လက်စွာပါရှိသော ထိုနုနယ် သည့် ဘုရင်ကလေးသည်ရော... ဘာသားနှင့်ထုထားပါသနည်း။ မျက်မှောက်လောကတွင်ပင် တစ်ပါးသောသူအား လိင်တူ ချစ်သူ (ဝါ) အခြောက် (ဝါ) မိန်းမလျာ ဟု စွပ်စွဲပြောဆိုဖို့ရန် မဝံ့ရဲရပေလျှင် သက်ဦးဆံပင်ဘုရင်ဧကရာဇ်မင်းမြတ်ဖြစ်တော်မူ သော ထိုအရှင်သခင်လေးအား မည်သူက စွပ်စွဲပေဝံ့။ သို့စေကာမူ ဖတ်ရှု ရဖူးသော မှတ်တမ်းမှတ်ရာများကိုကြည့်ခြင်းဖြင့် ဆင်ခြင်ထောက်ရှုကြရပေအံ့။

ဦးမွန်မစွ ရှင်ဘုရင်ကလေး၏ ရင်ထဲမှာပထမဆုံးစွဲလမ်းချစ်ခင်ရသူ ငယ်ချစ်အကြောင်းတင်ပြလိုပါတယ်။ "ရှင်ရဲထွတ်အား ကျော်ထင်နော်ရထာ ဟူသည့်ဘွဲ့ကိုပေးကာ အစ်မတော် သခင်ကြီးနှင့်လက်ဆက်ပေးလေသည်။ အမှန်လည်း ညီနောင် အရင်းကဲ့သို့ ချစ်ကြည်သည်။ နောင် တစ်ပင်ရွှေထီးလွန်ပြီး ဘုရင့်နောင်နန်းတက်ပြီးရာတွင် မကြာခဏပင် ညီတော် မင်းတရား၊ ညီတော်မင်းတရားဟု ပြောကြားလေ့ရှိသည်။" ဟု အဆိုရှိသည်။  

ထို့ပြင် "ရှင်ရဲထွတ်၏ညီမ ခင်ဘုန်းစိုး (နှင့် ရှင်နီတာ၏သမီး ခင်မြတ်) တို့ကို မိဖုရားအဖြစ်ကောက်ယူကာ လက်ဝဲလက် ယာ မြှောက်စားလေသည်။ သို့သော် မည်သူ့ကိုမျှ မိဖုရားကြီးအရာ မမြှောက်ဘဲနေခဲ့သည်မှ တစ်သက်လုံးပင်ဖြစ်ကာ ၎င်းမှာ တစ်ပင်ရွှေထီး၏ထူးခြားချက်ဖြစ်သည်" ဟု ပါရှိပါသည်။ ဆိုလိုသည်မှာ ထုံးတမ်းအစဉ်အလာအရ နန်းတက်သောဘုရင်တွင် ရှိရမည့် မိဖုရားများသည် အဆောင်အယောင်အဖြစ်ဖြင့် ဆောင်နှင်းထားသော်လည်း နှစ်ကိုယ်ကြင် ရွှေလက်တွဲချစ်ရည်လူး ခြင်း မရှိဆိုသည်ကို ပေါ်လွင်စေသည်။ ထို့ပြင် အသက်ရှစ်နှစ်အရွယ်ပင်ရှိသေးသော ခေမနောအမည်ရှိချောမောလှပသော မိန်းကလေးငယ်အား မိဖုရားအဖြစ်ကောက်ယူသည်ဟုပါရှိသည်။ ဤသည်ကိုထောက်ချင့်၍ ထိုထိုဘုရင်သည် လိင်ကွဲမိန်းမ များအပေါ်၌ နှမလေးများကဲ့သို့သဘောထားကာ မိဖုရားအဖြစ်ကောက်ယူတော်စပ်ကြောင်းလဲ ထောက်ချင့်နိုင်ပေသေးသည်။

ရှင်ဘုရင်လေး၏နားထွင်းမင်္ဂလာပြုသည့် အခမ်းအနားကသည်ပင် ဟိုမိုတို့၏ သူတစ်ပါးထက်သာလွန်ကောင်းမွန်ထူးကဲ ချင်သော စိတ်အလျင်ကို ဖော်ညွှန်းနေသည်ဟု စာရေးသူ ဆိုချင်ပါသည်။ စာရေးသူတို့ ဟိုမိုအများစုတွင် ထူးခြားသော ဥာဏ်ကွန့်မြူးခြင်းများ သာလွန်စွာရှိတတ်ပါသည်။ အနေအထိုင် အသွားအလာ ဝတ်စားဆင်ယင်မှုမှသည် အခမ်းအနားများ ပွဲလမ်းသဘင်များအထိပင်လျှင် ထူးခြားစွာ ထူးကဲစွာ ဆောင်ရွက်ပြုမူတတ်ကြပါသည်။ ထိုဘုရင်ကလေး၏နားထွင်းမင်္ဂလာ အခမ်းအနားသည် သူ့ထက်သူကဲကာ ရန်သူ့နယ်မြေ ဟံသာဝတီပိုင်နက်အတွင်း ကွန့်မြူးကျင်းပခဲ့လေသည်။

 အခြားသူများအား အဆောင်အယောင်များ ဘွဲ့များပေးအပ်ချီးမြှင့်သော်လည်း ဘုရင့်နောင်ကိုမူ "ငါနှင့်အတူဖြစ်သည်။ မြို့စားရာထူးများ အထွေအထူးပေးရန်မလို"ဟုဆိုကာ မိမိနှင့်ထပ်တူအာဏာကုန်ပေးအပ်၍ နိုင်ငံအားအုပ်ချုပ်စေသည်။ အိမ်ရှေ့မင်းအဆောင်အယောင်အကုန်ပေးကာချီးမြှောက်သော်လည်း ဘုရင့်နောင်သည်လည်း မိမိနှင့်ထပ်တူထပ်မျှ နိုင်ငံ တော်ကို ပိုင်သည်ဟုဆိုကာ တရားဝင် အမိန့်ပြန်ကာသတ်မှတ်ခြင်းမပြုခဲပေ။ သက်ဦးစံပိုင်စနစ်ဖြင့် သူပိုင်ဆိုင်သော နိုင်ငံတော်ကြီးကိုပင်ချစ်သောသူအပေါ် ရက်ရောစွာကြည်ဖြူခဲ့သူဖြစ်သည်။

ရာဇဝင်တွင် တစ်ပင်ရွှေထီးသည် လူမျိုးခြားပေါ်တူဂီတစ်ဦးဖြစ်သူ ဒီယိုဂို ဆွာဇို ဒီမဲလို၏တူတော်သူ က ဖော်စပ်တိုက်ကျွေး သော သေရက်ကိုအလွန်သဘောကျနှစ်သက်သဖြင့် အကြီးအကျယ်စွဲလမ်းကာ အရက်ကျွန်ဘဝရောက်ပြီး တိုင်းရေး ပြည်ရာ များ လစ်ဟင်းလာခဲ့သည်ဟု ဖွင့်ဆိုထားသည်။ သူအဝေးမှ ငေးခဲ့ရသော ရင်ထဲကချစ်သူအစား အရက်နှင့်သာ အဖော်ပြုခဲ့ပေ လိမ့်မည်ဟု စာရေးသူက ဟိုမိုဆန်ဆန်တွေးတောမိပြန်သည်။ အရက်ကျေးကျွံဖြစ်နေစဉ် လူယုံ သမိန်စောထွတ်ကို အယုံ ကြည်လွန်က ၎င်းကအကောက်ကြံသဖြင့် လုပ်ကြံခြင်းခံရသည်ဟု ဆိုပါသည်။

သာမန်အားဖြင့် စစ်သုံ့ပန်း ရန်သူ မွန်တို့ဘက်မှတစ်ဦးတစ်ယောက်သောသူအား မိမိ၏လူယုံအဖြစ် ထားလိမ့်မည် မဟုတ် နိုင်ပေ။ မိမိမင်းမှုထမ်းအဖြစ် ခစားစေပါစေဦးတော့ လူယုံအဖြစ်သတ်မှတ်သည့်အပြင် အယုံကြည်လွန်ကာ ဆိုသည် မှာ ဖြစ်တောင့်ဖြစ်ခဲဖြစ်ပေမည်။ မွန်အမျိုးသားအများစုသည် (စာရေးသူမြင်ဖူးသမျှ) အသားအရေ ဝင်းဝါစိုပြည်ကာ ရုပ်ရည် ချောမောပြေပြစ်ကြသည်။ ထိုမွန်အမျိုးသား သမိန်စောထွတ်က အရေးဆိုသဖြင့် လူရင်းငယ်ကျွန်အမှုထမ်း စောလဂွန်းအိမ် နှင့် သီဟသူတို့ တားဆီးနေသည့်ကြားမှ ဟံသာဝတီနန်းတော်မှခွာကာ ပန်းတရော်ဒေသတွင် ယာယီတဲနန်းဆောက်ကာ သမိန်စောထွတ်နှင့် စံတော်မူသည်။ ထို့ပြင် စစ်တောင်းမြို့ကိုစားစေကာ သမိန်စောထွတ်၏ညီများကိုပင် မိမိအပါးခစားခိုက် ဓားလွတ်ကိုင်ဆောင်ခွင့်ပေးခဲ့လေသည်။ တဖန် သမိန်စောထွတ်က ထိုအရပ်တွင်မပျော်ပိုက် ဟံသာဝတီနှင့်ဝေးရာ ရခိုင် ဒေသတွင်မှ နေချင်ပါသည်ဟု ခရာသဖြင့် ကမ်းခြေဒေသ၌ယာယီတဲနန်းထပ်ဆောက် ကာ ပြောင်းရွှေ့စံတော်မူပြန်လေ သည်။

ဤသို့ဖြင့် သက္ကရာဇ် ၉၁၃ခု၊ ကဆုန်လပြည့်ကျော် ၁ရက်၊ ည ၃ချက်တီးကျော် (နန်းသက်၂၀၊ သက်တော် ၃၅နှစ်အရွယ်) တွင် သူ၏ချစ်လှစွာသောအချစ်တော်လူယုံ သမိန်စောထွဋ်မှလုပ်ကြံသဖြင့် နတ်ရွာစံလေ သည်။ ထိုလျှို့ဝှက်သောနှလုံးသား ရေးရာပိုင်ရှင် တောင်ငူဘုရင်မင်းမြတ် တစ်ပင်ရွှေထီးသည် မြန်မာ့သမိုင်းတွင် ဒုတိယမြန်မာနိုင်ငံတော်ကို အစဦးတည် ထောင်သူအဖြစ်လည်းကောင်း၊ အင်းဝ ဟံသာဝတီ နှင့် ရခိုင်တို့ကို စစ်မက်ပြု အောင်နိုင်သော စစ်ဘုရင်အဖြစ်လည်း ကောင်း၊ တိုင်းတစ်ပါး ယိုးဒယားပြည်ကို ပထမဆုံးစစ်မက်ပြု ကာ အောင်နိုင်သူအဖြစ်လည်းကောင်း သမိုင်းဝင်မှတ်တမ်း တင်သည့် စစ်ဧကရာဇ်တစ်ပါးအဖြစ် ထင်ရှား ကျော်ကြားပေသည်။


Han Thu @ Teekock
(teekock.chanthar.pyaeson@gmail.com)

စာကြွင်း။   Wikipedia စွယ်စုံကျမ်းနှင့် အခြားစာအုပ်စာတမ်းများကို အခြေခံပြီး စာရေးသူ၏စိတ်ကူးဥာဏ်ကွန့်မြူးမှု၊ ဈာန်ဝင်စားမှု သက်သက်ဖြင့်သာရေးသားခြင်းဖြစ်ကြောင်းပါ။

No comments: