Wednesday, March 27, 2013

သူခ်စ္တဲ့ သူမ



ၾသစေၾတးလ် တောကျတဲ့မြို့လေးတစ်မြို့ရဲ့ တစ်ခုသောဆေးရုံရှိ အခန်းငယ်တစ်ခုပိုင် ပြတင်းပေါက်ဘေးနားက ခုတင်ပေါ်မှတစ်ဆင့် ကျွန်တော် နေ၀င်ချိန်ကို… နေလုံးကြီးငုံ့လျှိုးသွားတာကို ထိုင်ကြည့်နေမိပါတယ်။ စစ်မှု့ထမ်းရင်း oversea training နဲ့ပါလာစဉ် ခြေ ထောက်မှာ ဒဏ်ရာရခြင်းကြောင့် အနားယူနေရခြင်းပါ။ ကျွန်တော် သူနာပြုဆရာမလေး အကူအညီနဲ့ အပြင်ကိုလမ်းထွက် လျှောက် ပါတယ်။ ကျွန်တော့်မှာ ချိုင်းထောက်ကြီးနဲ့ သူနာပြုဆရာမလေးကို အဖော်ပြုရင်း လမ်းဘေးတလျှောက် သဘာဝရှုခင်းတွေ ကိုကြည့်ရင်း လျှောက်လာလိုက်တာ သတိပြုမိရတာက ဒီမြို့ကလေးရဲ့ ရှုခင်းတွေက သိပ်ကိုလှပနေတာပါပဲ။  လျှောက်လာတဲ့ခဏ မိုးစက်လေးတွေ ကောင်းကင်ပြင်က တဖွဲဖွဲကျလာတယ်။ သူနာပြုဆရာမလေးခမျာ စိတ်ပူစပြုသွားတယ်ထင်ပါရဲ့။ နေကောင်းကာစ လူနာတစ်ယောက် အနေနဲ့ မိုးရေထဲ လမ်းမလျှောက်သင့်တာအမှန်ပဲ မဟုတ်လား။ သူမက ကားမှတ်တိုင်က ခုံကလေးတွေနားရောက်တော့ ကျွန်တော့်ကို ထိုင်ခိုင်းထားခဲ့ပြီး သူမက ဆေးရုံဘက်ကကို ကားယူဖို့ ခပ်သွက်သွက်ပြန်သွားတယ်။ အချိန်က ညနေ ၆နာရီခွဲလောက်ရှိနေပြီဆိုပေမဲ့ မိုးအုံ့နေတာကြောင့် မှောင်လုနီးနီးဖြစ်နေပြီ။

ဟိုး….ညို့နေတဲ့မိုး တဖွဲဖွဲကျနေတဲ့မိုးက သဲကြီးမဲကြီးရွာချလာတယ်။ ရွာနေတဲ့မိုးတွေကို အမှတ်တမဲ့ ငေးကြည့်နေမိပါရဲ့။ ချိုင်းထောက် ကြီးကို နံဘေးမှာချ ခုံလေးမှာ ခပ်လျော့လျော့ထိုင်ရင်း ဆရာမလေးမသိအောင် ထည့်လာတဲ့ စီးကရက်ကိုထုတ်ကာ အားရပါးရ ဖွာရှိုက် နေမိပါတယ်။ အဲဒီအချိန်မှာ “ ကျွန်တော့်ကို စီးကရက်တစ်လိပ်လောက်ပေးနိုင်မလား ခင်ဗျာ” ဆိုပြီး ရုတ်တရက်ပေါ်လာတဲ့အသံကြောင့် ကျွန်တော့်ဘေးကိုကြည့်လိုက်တယ်။ မိုးတွေစိုရွှဲနေတဲ့ ကျွန်တော့်အရွယ် ၂၃နှစ်ဝန်းကျင်လောက် ရှိတဲ့ လူတစ်ယောက်။ နှာတံပေါ်ပေါ် ဆံနွယ်ကွေးကောက်ကောက်လေးတွေမှာ မိုးရေစက်တွေ တွဲလဲခိုလို့။ ကောလိပ်ကျောင်းသားဝတ်စုံနဲ့ဗျာ။ ကျွန်တော်လည်း စီးကရက် ဘူးကိုကမ်းပေးလိုက်တယ်။ သူ့နှုတ်ခမ်းတွေ တွန့်ကွေးသွားရင်းပြုံးလိုက်တော့ ပါးချိုင့်လေးတွေက နှစ်လိုစွာပေါ်လာပါရော။

ကျွန်တော်အမှန်အတိုင်း ၀န်ခံရရင် မနာလိုဘူးသူ့ကို။ ကျွန်တော့်မှာ သူ့လိုဖြူစင်တဲ့အပြုံးမျိုး ဘယ်တုန်းကမှ မရှိခဲ့ဘူးလို့။ သူက စီးကရက်ကို နှုတ်ခမ်းဖျားမှာတေ့လိုက်တော့ ကျွန်တော်က မီးခြစ်ကို ခြစ်ပြီး မီးညှိပေးလိုက်တယ်။ ထူးဆန်းတာက သူ့ရဲ့ စီးကရက်က လုံးဝ မီးမစွဲဘူး။ ကျွန်တော် နောက်တစ်ကြိမ် မီးခြစ်ကိုခြစ်ပြီး မီးညှိပေးဖို့ကြိုးစားတယ်။ ဒါပေမဲ့ ဒီတစ်ခါလည်း မီးမစွဲပြန်ဘူး။ သူ့ရဲ့ မျက်နှာက ညှိုးကျသွားတယ်။ ကျွန်တော်လည်း စိတ်ရှုပ်ရှုပ်နဲ့ ကျွန်တော်သောက်နေဆဲ စီးကရက်ကို သူ့အားပေးလိုက်ပါတယ်။ သူ့ရဲ့ မျက်လုံးလေးတွေက အရောင်တောက်လာပြီး နှုတ်ခမ်းဖျားလေးတွေက ပြုံးရောင်သန်းသွားပါရဲ့။ သူက စီးကရက်ကိုလှမ်းအယူမှာ လက်ချောင်းချင်းတွေ့ထိသွားတော့ သူ့ရဲ့လက်တွေက အရမ်းအေးစက်နေတယ်ဗျ။ “မင်းရဲ့လက်တွေ အရမ်းအေးစက်နေတာပဲ” လို့ ကျွန်တော်ကပြောလိုက်တော့ သူက ခင်ဗျားရဲ့လက်တွေကလည်း အရမ်းအေးစက်နေတဲ့လက်တွေထဲမှာ ပါပါတယ်တဲ့။ ကျွန်တော့်မှာ ဟက်ဟက်ပက်ပက် ရယ်လိုက်မိသည်ပေါ့။

သူက “ကျွန်တော့်နာမည် အေသင်ပါ” ဆိုပြီး ကျွန်တော့်ကို နှုတ်ဆက်လက်ဆွဲဖို့ လက်ဆန့်တန်းပေးပါတယ်။ ကျွန်တော်က တကာရှီပါလို့ပြောရင်း အလိုက်သင့်လက်ပြန်ကမ်းပေးလိုက်ပါတယ်။ ကျွန်တော်နဲ့လက်ဆွဲနှုတ်ဆက်ရင်း သူက “ ကျွန်တော့်ရဲ့ လက်တွေကလေ အရင်ကအရမ်းနွေးထွေးခဲ့ဖူးတယ်၊ ပြီးတော့ အရင်က လက်တွေအမြဲအေးစက်နေတတ်တဲ့ ချစ်သူရှိခဲ့ဖူးတယ်”တဲ့။ ကျွန်တော်က ရွာနေတဲ့မိုးတွေကိုငေးကြည့်ရင်း “အဆင်ပြေသွားမှာပါ”လို့ သူ့ကိုပြောလိုက်ပါတယ်။ သူက သူ့ချစ်သူအဆင်ပြေ နေမယ်လို့ ထင်ပါတယ်တဲ့ပြောပြန်တယ်။ အဲ့ဒီနောက် သူ့ရဲ့လက်က ကျွန်တော့်သောက်လက်စ စီးကရက်လေးကိုကြည့်လိုက်တော့ မီးသေနေတယ်။ ကျွန်တော်လည်း စိတ်လေသွားရပေါ့။ သူက “ကျွန်တော်တစ်ခုတောင်းဆိုလို့ရမလား ခင်ဗျာ”တဲ့။ ကျွန်တော်က “ပြောကြည့်လေ” လို့ ပြောလိုက်တယ်။ “ကျွန်တော့်ဘက်ကို စီးကရက်ငွေ့တွေ မှုတ်ထုတ်လိုက်ပါလား” ကျွန်တော်တို့ တစ်ယောက်ကိုတစ်ယောက်ကြည့်ပြီး အားရပါးရရယ်မိလိုက်ကြတယ်။ “အိုကေကွာ” လို့ပြောပြီး ရူးကြောင်ကြောင်လုပ်ရပ်ပေမဲ့ ဆေးလိပ်သောက်သူအချင်းချင်း စာနာစိတ်နဲ့ ကူညီဖို့သဘောတူလိုက်တယ်။ သူက ခပ်ပါးပါးမှုတ်ထုတ်လိုက်တဲ့ စီးကရက်ငွေ့တွေကို မက်မက်မောမော ရှူရှိုက်လိုက်ပါတယ်။ 

အချိန်နည်းနည်းကြာ စီးကရက်တစ်လိပ်ကုန်သွားတော့ ရွာနေဆဲမိုးတွေကိုကြည့်ပြီး သူကပြောတယ် “တာကာသိလား အချစ်စစ်ဆိုတာ မင်းကိုမင်းသတ်သေဖို့အကောင်းဆုံးနည်းလမ်းပဲ”လို့။ ကျွန်တော်ဘယ်လိုမှ နားမလည်ဘူး။ အထူးသဖြင့် အချစ်ဆိုတာကို ကျွန်တော် မသိဘူး။ ကျွန်တော်ပြုံးလိုက်မိတယ်။ သူ့မျက်လုံးလေးတွေက အရောင်တောက်ပလာပြီး အားရပါးရနဲ့ ဆက်ပြောတယ် “ဟုတ်တယ် အရင်က ကျွန်တော့်မှာ အရမ်းချစ်ရတဲ့ချစ်သူရှိတယ်”တဲ့။ ကျွန်တော်က “မင်းချစ်သူကံကောင်းမှာပါ”လို့ ပြောလိုက်တယ်။ ခဏလေး တွေ့ရတဲ့ အချိန်တိုလေးအတွင်းမှာ ကျွန်တော့်လို သူစိမ်းတစ်ယောက်ကတောင် ခင်မင်နှစ်လိုစိတ်ဝင်ခဲ့တာပဲဟာ။ သူ့မျက်နှာလေး ညှိုးကျသွားရင်း “ကျွန်တော်ချစ်တာ သူမက လုံးဝမသိဘူး” “ကျွန်တော်က သူ့ရဲ့အနားမှာနေရရင်ကို ပျော်နေတဲ့သူ တစ်ခါတလေဆိုရင် သူ့ချစ်သူနဲ့တွေ့ဖို့ ကျွန်တော်ကပဲ သူ့အိမ်ကနေခေါ်ထုတ်ပေးရတယ်” တဲ့စကားဆက်တယ်။  ကျွန်တော့်မှာ ပြောစရာစကားလုံးတွေ ဆွံ့အသွားရပါတယ်။ “တကယ်တော့ အချစ်က တကယ်ချစ်တဲ့သူတစ်ယောက်အနေနဲ့ ချစ်နေရရင်ပြီးပါတယ်” ကျွန်တော် သူ့ကို တိုးတိုးလေးပဲစကားတုန့်ပြန်လိုက်ရတာက “အချစ်ဆိုတာ ကျွန်တော့်အတွက် သိပ်နားလည်ဖို့ ခက်ခဲနေသလိုပဲ” လို့။ အပြင်မှာ မိုးတွေက ပိုပြီး သည်းသည်းမည်းမည်းရွာလာတယ်။

သူက စကားဆက်တယ် “သူမကလည်း သူမရဲ့ချစ်သူကိုသိပ်ချစ်တယ်”
“အဲ့ဒါကပဲ ကျွန်တော့်အတွက် အချစ်စစ်ဆိုတာအတွက် ကိုယ့်ဟာကို သတ်သေဖို့အကောင်းဆုံးအကြောင်းပြချက်ဖြစ်သွားတယ်”   
“ကျွန်တော်တို့ ကောလိပ်ကအပြန်မှာပေါ့ စက်ဘီးတွေစီးလာကြရင်းနဲ့ လမ်းအကွေ့မှာ ကုန်ကားကြီးတစ်စီးက ရုတ်တရက်ကွေ့ လာတော့ ကယ်တင်ရင်းနဲ့ ကားတိုက်ခံလိုက်ရပြီး သေသွားတယ်ခင်ဗျ”     

ကျွန်တော် သူ့ရဲ့မျက်နှာကို အလန့်တကြားနဲ့ကြည့်လိုက်တော့ သူ့ရဲ့မျက်နှာက သက်ရှိတစ်ယောက်လိုသွေးရောင်မရှိ သွေးဆုတ် ဖြူရော်နေပြီး ၀တ်ထားတဲ့အပြာရင့်ရောင် ကုတ်အကျ င်္ီမှအနီကွက်တွေနဲ့ စွန်းနေကြောင်း သေချာကြည့်မှ သတိထားမိသွားတယ်။ သူက ရှိုက်ကြီးတငှင်နဲ့ ကလေးတစ်ယောက်လိုငိုချတော့တာ။ ကျွန်တော့်စိတ်မှာ ကြောက်စိတ်မ၀င်သလို ကြောက်လည်းမကြောက်မိ။သူ့ကို တွေးရခက်စွာ သနားသွားတယ်။ သူ့ရဲ့ပခုံးလေးကို ငြင်သာစွာပုတ်လိုက်ပြီး နှစ်သိမ့်ပေးလိုက်တယ်လေ။ သူ့ဆီက အေးစက်နေတဲ့ အငွေ့အသက်ကို ခံစားရပြီးတဲ့နောက် သူဟာ လူစင်စစ်တစ်ယောက်မဖြစ်နိုင်မှန်း နားလည်သွားပါတယ်။ “ဟုတ်ပြီ အေသင် မင်းရဲ့ချစ်သူ ကို ကယ်ရင်းနဲ့ မင်းသေဆုံးခဲ့တာပေါ့”လို့မေးလိုက်တယ်။ သူက ငိုနေရာကနေ ကျွန်တော့်ကိုကြည့်ပြီး “မဟုတ်ဘူး သူမရဲ့ ချစ်သူကို တွန်းထုတ်ရင်းနဲ့ ကျွန်တော် ကိုယ့်ဟာကိုယ်သေဆုံးဖို့ ရွေးချယ်လိုက်တာပါ”လို့ဖြေတယ်။ ကျွန်တော် ဆွံ့အငြိမ်သက် သွားရတယ်။ သူက တိုးရှအက်ကွဲနေတဲ့ အသံနဲ့ “ကျွန်တော် သူမကိုအရမ်းချစ်သလို သူမရဲ့ချစ်သူကိုလည်း သူမက အရမ်းချစ် တယ် လေ” “သူမ မရှိရင် ကျွန်တော်အသက်ရှင်ရက်နဲ့သေဆုံးသလိုခံစားမှာမျိုး သူမကို မခံစားစေချင်ဘူး၊ ကျွန်တော့်ရဲ့ဆုံးဖြတ်ချက်အတွက် နောင်တမရ ခဲ့ပါဘူးဗျာ”ပြောပြန်တယ်။ ကျွန်တော် သူ့ရဲ့အေးစက်နေတဲ့လက်တွေကို တလေးတစားနဲ့ ဆုပ်ကိုင်ဖျစ်ညှစ်လိုက်ပါတယ်။ အဲ့ဒီအချိန် မှာပဲ အဝေးကနေ မောင်းလာတဲ့ ကုန်ကားကြီးတစ်စီးရဲ့ မီးရောင်ကိုမြင်လိုက်ရတယ်။

အေသင်က ကျွန်တော့်ကိုကြည့်ပြီး “ကျွန်တော်သွားတော့မယ်နော် ခင်ဗျားရဲက စီးကရက်ငွေ့တွေအတွက် ကျေးဇူးတင်နေမှာပါ” တဲ့။ ကျွန်တော်က မင်းဘယ်သွားမလို့လဲလို့မေးတော့ သူက အေးစက်စွာရှိနေရာက ပါးချိုင့်လေးတွေပေါ်အောင်ပြုံးလိုက်တယ်။ “ကိုယ့် ဟာကိုယ် သတ်သေဖို့ ရွေးချယ်တဲ့သူတစ်ယောက်အနေနဲ့ နေ့တိုင်း အဲ့ဒီအချိန်ရောက်ရင် ဒီလိုပဲ ထပ်ခါတလည်းလည်း နာကျင်စွာ သေဆုံးရတယ်” ကုန်ကားကြီးရဲ့ မီးရောင်က တဖြည်းဖြည်းနဲ့နီးလာတယ်။ “ခင်ဗျားရဲ့လက်တွေကိုနွေးထွေးအောင် လက်အိပ်တစ်စုံ တော့ဆောင်ထားဖို့မမေ့နဲ့”လို့ မှာရင်း ကုန်ကားကြီးဆီပြေးထွက်သွားပါတယ်။ “အေသင်” ကျွန်တော်အော်ခေါ်လိုက်သော်လည်း သူ မကြားတော့ပါ။ မိုးတွေက ပိုသည်းလာခြင်းလား ကျွန်တော့်မျက်လုံးက မျက်ရည်တွေကြောင့်လား အရာရာကေ၀၀ါးသွားတယ်။ ဆေးရုံက ကားလေး ကျွန်တော့်ရှေ့ဆိုက်ရောက်လာတယ်။ ပြီးတော့ စိုးရိမ်စွာနဲ့ ဆင်းလာသော သူနာပြုဆရာမလေး.....

နောက်တစ်ပါတ်ခန့်ကြာသောအခါ ကျွန်တော်ဆေးရုံကနေ ဆင်းခွင့်ရချိန် သူနာပြုဆရာမလေးကို ဒီမြို့ကလေးရဲ့ သချုင်္ံင်းကိုလိုက်ပို့ ပေးဖို့တောင်းဆိုလိုက်ပါတယ်။ သူမက ပင်ကိုယ်ခင်မင်ရင်းစွဲလည်းရှိတော့ သူမနဲ့ သူမရဲ့အမျိုးသားစစ်ဗိုလ်တို့ လိုလိုလားလားပဲလိုက် ပို့ကြပါတယ်။ သချုင်္ံင်းရောက်တော့ သူမရဲ့အမျိုးသားက ကားနားမှာစောင့်နေခဲ့ပြီး သူမကစိတ်မချနိုင်စွာလိုက်ပို့ပါတယ်။ သချုင်္ံင်းသာဆို တာ စနစ်တကျစောင့်ရှောက်မှုကြောင့် ပန်းခြံတစ်ခုနှင့်ပင်တူသည်လေ။ ကျွန်တော်က အေသင်ရဲ့ အုတ်ဂူရှေ့တွင်ရပ်လိုက်တော့ သူနာပြု ဆရာမလေးက ကျွန်တော့်ကိုစူးစိုက်ကြည့်တော့သည်။ သိုးမွှေးလက်အိပ်ကို ချွတ်ပြီး အေသင့်အုတ်ဂူလေးအပေါ်ကိုတင်ပေးလိုက်ပါ တယ်။ “ကိုယ့်မှာအပိုတစ်စုံရှိတယ်” လို့တိုးတိုးလေးပြောမိတာပေါ့။ ပြီးတော့ စီးကရက်ကို ထုတ် မီးငြိကာ ဖွာရှိုက်ပြီးနောက် သူ့ရဲ့ အုတ်ဂူဆီကို စိတ်ရှည်လက်ရှည်နဲက မှုတ်ထုတ်ပေးလိုက်တယ်။ အဲ့ဒီအချိန် နောက်ပါးစီက သူနာပြုဆရာမလေးရဲ့ငိုရှိုက်သံလေးကို ကြားလိုက်ရပါတယ်။ ကျွန်တော်က ကြည့်လိုက်တော့ သူမ ခပ်တိုးတိုးလေးပြောလိုက်တာ “အေသင်က ကျွန်မရဲ့အချစ်ဆုံး သူငယ်ချင်းပါ” တဲ့။

တိုက်တိုက်ဆိုင်ဆိုင် ခပ်လှမ်းလှမ်းက ဘုရားကျောင်းရဲ့ခေါင်းလောင်းထိုးသံကို ကြားလိုက်ရပါတယ်။

ကျွန်တော့်နှုတ်ဖျား ပြောစရာ စကားလုံးတွေ ဆွံ့အနေခဲ့ပြန်ပါပေါ့။

No comments: