Sunday, August 25, 2013

မြန်မာနိုင်ငံ လိင်တူချစ်သူများ အခွင့်အရေး ကွန်ယက်အဖွဲ့အကြောင်း တစေ့တစောင်း




ဒုတိယအကြိမ်မြောက် မြန်မာ လိင်တူချစ်သူများ ကွန်ယက်အစည်းအဝေး (Myanmar LGBT Rights Network Meeting) ကို ရန်ကုန်မြို့၊ ရွှေဂုံတိုင်အဝိုင်းအနီး Excel Treasure Tower ဟိုတယ်မှာ မေလ (၁၁) ရက်ကနေ (၁၂) ရက်နေ့အထိ နှစ်ရက်တိုင်တိုင် ကျင်းပပြုလုပ်ခဲ့ပါတယ်။ 

အဆိုပါ အစည်းအဝေးသို့ ရန်ကုန်၊ မန္တလေး၊ မုံရွာ၊ လားရှိုး၊ မြစ်ကြီးနား၊ မော်လမြိုင်၊ ထားဝယ်၊ မြိတ်၊ ပုသိမ်စတဲ့ မြန်မာနိုင်ငံ အနယ်အရပ်ရပ်မှာ အခြေစိုက်ပြီး လိင်တူချစ်သူများ အခွင့်အရေးကို ဦးဆောင်လှုပ်ရှား ဆောင်ရွက်နေကြတဲ့ အဖွဲ့အစည်းအသီးသီးက ကိုယ်းစားလှယ်တွေ၊ တသီးပုဂ္ဂလ စိတ်ဝင်စားသူတွေ စုစုပေါင်း လူအယောက် (၃၀) ကျော် တက်ရောက်ခဲ့ကြပါတယ်။ 

အဆိုပါ Myanmar LGBT Rights Network အစည်းအဝေးနဲ့ ပတ်သက်ပြီး Colors Rainbow အဖွဲ့ရဲ့ Program Officer ဖြစ်သူ ကိုလှမြတ်ထွန်းနဲ့ တွေ့ဆုံမေးမြန်းထားတာလေးတွေကို တင်ဆက်ပေးလိုက်တာ ဖြစ်ပါတယ်။ 

Colors Rainbow အဖွဲ့ဟာ Myanmar LGBT Rights Network ထဲမှာ အဖွဲ့ဝင် အဖွဲ့အစည်းတခုအနေနဲ့ ပါဝင် နေပြီး ကွန်ယက်ရဲ့ လုပ်ငန်းဆောင်တာ အတော်တော်များများကိုလည်း ရှေ့တန်းက ဦးဆောင်ပြီး ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတရပ် ဖြစ်ပါတယ်။ 

မြန်မာ လိင်တူချစ်သူများ ကွန်ယက်ကို ဘယ်အချိန်လောက်မှာ စတင်ဖွဲ့စည်းဖြစ်ခဲ့တာလဲ။
Myanmar LGBT Rights Network ကို ၂၀၁၂ ခုနှစ် နိုဝင်ဘာလ (၆) ရက်နေ့မှာ ကျနော်တို့ စတင်ပြီး ဖွဲ့စည်းခဲ့ပါတယ်။ 

ကွန်ယက်အဖြစ် ဖွဲ့စည်းရခြင်းရဲ့ ရည်ရွယ်ချက်လေးကို ပြောပြပါဦး။
ဒီကွန်ယက်ကို စတင်ဖွဲ့စည်းရခြင်းရဲ့ ရည်ရွယ်ချက်ကတော့ မြန်မာနိုင်ငံမှာ လိင်တူချစ်သူတွေရဲ့ အခွင့်အရေးနဲ့ ပတ်သက်ပြီး အဖွဲ့အစည်းတဖွဲ့တည်းကနေ အသံတသံတည်း ထွက်ပြီး တောင်းဆိုနိုင်ဖို့အတွက် ဖြစ်ပါတယ်။ နောက်တခုကတော့ မြန်မာနိုင်ငံမှာ လိင်တူချစ်သူတွေအပေါ် ခွဲခြားနှိမ်ချမှုတွေ၊ ဖိနှိပ်ဆက်ဆံမှုတွေ ရပ်တန့်သွားစေပြီးတော့ တန်းတူဆက်ဆံခံရမှုတွေ၊ အသိအမှတ်ပြု လေးစားမှုတွေ ရှိလာစေဖို့၊ လိင်တူချစ်သူတွေရဲ့ စွမ်းဆောင်ရည်တွေကို အသိအမှတ်ပြုတွေ၊ ရရှိလာဖို့၊ အစိုးရဖက်ကနေ ဥပဒေအရ အကာအကွယ်ပေးမှုတွေ ရရှိလာစေဖို့ ရည်ရွယ်ချက်နဲ့ ဖွဲ့စည်းရခြင်း ဖြစ်ပါတယ်။ 

မြန်မာနိုင်ငံမှာ လိင်တူချစ်သူတွေနဲ့ ပတ်သက်တဲ့ ကွန်ယက်အဖွဲ့တွေ အများကြီး ရှိပြီးသား ဖြစ်တယ်။ အခု ဖွဲ့စည်းတဲ့ ကွန်ယက်နဲ့ တခြားကွန်ယက်အဖွဲ့တွေအကြားမှာ ဘာတွေ ကွာခြားမှု ရှိလဲ။
ဟုတ်ပါတယ်။ မြန်မာနိုင်ငံမှာ လိင်တူချစ်သူတွေနဲ့ ပတ်သက်တဲ့ အခြားကွန်ယက်အဖွဲ့တွေလည်း အများကြီး ရှိပါတယ်။ ဒါပေမယ့် အဲဒီ ကွန်ယက်အဖွဲ့တွေက လိင်တူချစ်သူတွေရဲ့ အခွင့်အရေးနဲ့ ပတ်သက်ပြီး လုပ်ဆောင်ကြတဲ့ အဖွဲ့တွေ မဟုတ်ကြပါဘူး။ သူတို့တွေ အဓိက လုပ်ဆောင်ကြတာက ကျန်မားရေးနဲ့ ပတ်သက်ပြီးပေါ့နော်… အထူးသဖြင့် HIV/ AIDS နဲ့ ပတ်သက်ပြီး ကာကွယ်ရေး၊ တားဆီးရေး၊ စောင့်ရှောက်ရေး၊ ပညာပေးရေးတွေပေါ့လေ။ အခု ကျနော်တို့ ဖွဲ့စည်းထားတဲ့ Myanmar LGBT Rights Network ကတော့ လိင်တူချစ်သူတွေရဲ့ အခွင့်အရေးတွေနဲ့ ပတ်သက်ပြီးတော့ အဓိကလုပ်ဆောင်မယ့် ကွန်ယက်အဖွဲ့တရပ် ဖြစ်တယ်ပေါ့နော်။ ဆိုတော့ အဓိကကွာခြားတာက တခြားကွန်ယက်အဖွဲ့တွေက ကျန်းမာရေးကို အဓိကထားတယ်။ ကျနော်တို့ရဲ့ ကွန်ယက်အဖွဲ့ကတော့ အခွင့်အရေးတွေနဲ့ ပတ်သက်ပြီး အဓိကထား တိုက်တွန်းတောင်းဆို လှုပ်ရှားတဲ့ ကွန်ယက်အဖွဲ့တရပ် ဖြစ်ပါတယ်။ 

လောလောဆယ်အထိ ကွန်ယက်မှာ အဖွဲ့အစည်းပေါင်း ဘယ်လောက် ပါဝင်နေလဲ။
အဲဒါကတော့ ဒီလိုရှိတယ်ဗျ။ ကျနော်တို့ ကွန်ယက်ထဲမှာ တချို့တွေကတော့ အဖွဲ့အစည်းတခုလုံးအလိုက် ပါဝင်တာ ရှိတယ်။ ဥပမာ- ရန်ကုန်မှာ အခြေစိုက်ပြီး တည်ရှိတဲ့ Kings and Queens အဖွဲ့၊ ပုသိမ်မှာ အခြေစိုက်တဲ့ ငွေကြိုးကြာအဖွဲ့၊ ကျောက်ပန်းတောင်းမှာ ရှိတဲ့ မီးအိမ်ရှင်လေးများအဖွဲ့တွေဟာဆိုရင် အဖွဲ့အစည်းတခုလုံးအနေနဲ့ ကွန်ယက်ထဲမှာ ပါဝင်ကြပါတယ်။ ဒါပေမယ့် တချို့တွေကတော့ တသီးပုဂ္ဂလအနေနဲ့ ပါဝင်နေတာမျိုးတွေလည်း ရှိပါတယ်။
ဥပမာ- တခြား ယူအန်တို့၊ အန်ဂျီအိုတို့မှာ အလုပ်လုပ်နေကြတဲ့ သူတွေက အဖွဲ့အစည်းစတာတွေကို ကိုယ်စားမပြုပဲ တဦးချင်းအနေနဲ့ ကွန်ယက်ထဲမှာ ပါဝင်နေတာမျိုးပေါ့။ သူတို့တွေရဲ့ ပါဝင်မှုဟာ တသီးပုဂ္ဂလ တဦးချင်းအနေနဲ့ ပါဝင်မှုလို့ ဆိုပေမယ့်လည်း သူတို့ရဲ့ နောက်ကွယ်မှာရှိတဲ့ သူတို့ကို လေးစားတဲ့သူတွေ၊ ထောက်ခံ နှစ်သက်တဲ့သူတွေရဲ့ အင်အားက မသေးဘူးဗျာ့။ အဲတော့ သူတို့ရဲ့ နောက်မှာရှိနေတဲ့ ခွန်အားတွေကို ကျနော်တို့က ယူထားတယ်လို့ ပြောလို့ ရပါတယ်။ အနှစ်ချုပ်ရရင်တော့ ကွန်ယက်ထဲမှာ အဖွဲ့အစည်းလိုက် ပါဝင်နေတာမျိုး ရှိသလို အဖွဲ့အစည်း နောက်ခံတွေကို ကိုယ်စားမပြုပဲ တဦးချင်းအလိုက် ပါဝင်နေတာမျိုးတွေလည်း ရှိပါတယ်။ 

ကွန်ယက်အနေနဲ့ မြန်မာနိုင်ငံရဲ့ ဒေသဘယ်လောက်ကို လွှမ်းခြုံထားနိုင်လဲ။
ကွန်ယက်ကို စတင်ဖွဲ့စည်းခဲ့တဲ့ ပြီးခဲ့တဲ့ ၂၀၁၂ နိုဝင်ဘာလကနေ အခု ၂၀၁၃ ခုနှစ် မေလအထိဆိုရင် မြန်မာနိုင်ငံရဲ့ ဒေသပေါင်း (၁၃) နေရာစာလောက်ကို ကျနော်တို့အနေနဲ့ လွှမ်းခြုံဖြန့်ကျက်နေနိုင်ခဲ့ပြီလို့ အကြမ်းဖျဉ်းအားဖြင့် ပြောနိုင်နေပြီ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ခြောက်လတာ ကာလအတွင်း မြန်မာနိုင်ငံရဲ့ ဒေသအသီးသီးမှာ တည်ရှိတဲ့ တချို့အဖွဲ့အစည်းတွေကို ကျနော်တို့ကိုယ်တိုင်က ဆက်သွယ်ချိတ်ဆက်ပြီး စည်းရုံးခဲ့ကြသလို တချို့အုပ်စုတွေ၊ အဖွဲ့တွေကလည်း သူတို့ကိုယ်နှိုက်က ဆက်သွယ်ပြီး ပူးပေါင်းပါဝင်လာခဲ့တာမျိုးတွေလည်း ရှိပါတယ်။ ဒီအချက်တွေကို ထောက်ဆခြင်းအားဖြင့် ကျနော်တို့ ကွန်ယက်အဖွဲ့ရဲ့ လုပ်ဆောင်နိုင်စွမ်းနဲ့ ဒီကွန်ယက်အပေါ် တခြားအဖွဲ့အစည်းတွေရဲ့ စိတ်ပါဝင်စားလာမှုကို မြင်နိုင်ပါတယ်။

ပထမဦးအကြိမ် ကျင်းပနိုင်ခဲ့တဲ့ ကွန်ယက်အစည်းအဝေးမှာ ဘာတွေကို အဓိကထားပြီး ဆွေးနွေး ဆုံးဖြတ်နိုင်ခဲ့လဲ။
ဒီကွန်ယက်အစည်းအဝေးမှာ ဘာတွေကို အဓိကထားပြီး ဆွေးနွေး ဆုံးဖြတ်ခဲ့ကြသလဲဆိုတော့ ကွန်ယက်ကို ဘယ်လိုမျိုး အနေအထားနဲ့ ခိုင်မာတည်ဆောက်ကြမလဲ၊ ရှေ့လျှောက်မှာ ဖွဲ့စည်းပုံအနေနဲ့ ဘယ်လိုမျိုး သွားသင့်လဲ။ ဘယ်သူတွေက ဘာတာဝန်တွေကို ခွဲဝေထမ်းဆောင်ကြမလဲ၊ အလုပ်အမှုဆောင်အဖွဲ့ထဲမှာ ဘယ်သူတွေ ပါဝင်ကြမလဲ၊ ပါဝင်မယ့်သူတွေရဲ့ အရည်အသွေးက ဘာတွေ ဖြစ်သင့်လဲ ဆိုတာတွေကို အဓိကထားပြီး ဆွေးနွေး ဆုံးဖြတ်ခဲ့ကြတာပေါ့နော်။ နောက်ပြီးတော့ ပြီးခဲ့တဲ့ ခြောက်လတာ ကာလအတွင်း ဘာတွေ လုပ်ဆောင် အောင်မြင်နိုင်ခဲ့သလဲ၊ လာမယ့် ၂၀၁၃၊ ၂၀၁၄ ကာလတွေမှာကော ဘာတွေကို လုပ်ဆောင်ကြမလဲ ဆိုတာတွေကို ဆွေးနွေးခဲ့ကြတာပေါ့နော်။ ကျနော်တို့ လုပ်ချင်တဲ့ လှုပ်ရှားလုပ်ငန်းတွေနဲ့ ပတ်သက်လို့လည်း ဘယ်လိုလှုပ်ရှားမှုမျိုးတွေဟာ ဘယ်လိုအချိန်၊ ဘယ်လိုနေရာမှာ လုပ်မှ အဆင်ပြေနိုင်မလဲ ဆိုတာတွေကိုလည်း အဓိကထားပြီး ဆွေးနွေးခဲ့ကြတာပေါ့နော်။ 

ကွန်ယက်အဖွဲ့အနေနဲ့ မြန်မာ လိင်တူချစ်သူတွေနဲ့ ပတ်သက်ပြီး လတ်တလော လုပ်ဆောင်သွားဖို့ ရှိတဲ့ လုပ်ငန်းစဉ်တွေက ဘာတွေရှိလဲ။
အနီးစပ်ဆုံးကို ပြောရမယ်ဆိုရင် လာမယ့် မေလ (၁၇)နေ့မှာ ကျရောက်မယ့် International Day Against Homophobia (အပြည်ပြည်ဆိုင်ရာ လိင်တူချစ်သူများအပေါ် ကြောက်ရွံ့မုန်းတီးများ ပပျောက်ရေးနေ့) ပွဲ အခမ်းအနားကို ကျနော်တို့ ကွန်ယက်အဖွဲ့ (Myanmar LGBT Rights Network) အနေနဲ့ ဦးစီးလုပ်ဆောင်ဖို့ ရှိပါတယ်။ မြန်မာနိုင်ငံရဲ့ ဒေသ (၇)နေရာမှာ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။ အဲဒီဒေသတွေကတော့ ရန်ကုန်၊ မန္တလေး၊ မုံရွာ၊ ကျောက်ပန်းတောင်း၊ ပြည်၊ ပုသိမ်နဲ့ ကော့သောင်းမြို့တွေပဲ ဖြစ်ပါတယ်။ လူထုကို စည်းရုံးလှုံ့ဆော်ရေး လုပ်ငန်းတွေ၊ အသိပညာပေး လုပ်ငန်းတွေ၊ ကွန်ယက်အဖွဲ့ဝင် အချင်းချင်းကြား ဒေသအလိုက် ထူးခြားဖြစ်စဉ် သတင်းတွေ၊ အဖွဲ့အစည်းအလိုက် လှုပ်ရှားမှု သတင်းတွေကို ဖြန့်ဝေတာမျိုးတွေကိုလည်း လုပ်ဆောင်သွားဖို့ ရှိပါတယ်။ နောက်ပြီး ကွန်ယက်အဖွဲ့တွင်း စွမ်းရည်မြင့်မားမှု တည်ဆောက်ရေးအတွက် ဆိုင်ရာနယ်ပယ်အလိုက် ကျွမ်းကျင်မှု မြင့်မားရေး သင်တန်းတွေကိုလည်း ပြုလုပ်သွားဖို့လည်း ရှိပါတယ်။ 

ကွန်ယက်အဖွဲ့အနေနဲ့ လိင်တူချစ်သူတွေနဲ့ ပတ်သက်ပြီး အနာဂတ်မှာ ဘယ်လောက်အထိ မျှော်မှန်းထားလဲ။
ကျနော်တို့ မျှော်မှန်းထားတာကတော့ ခွဲခြားဆက်ဆံမှုတွေ ကင်းပြီး လူအချင်းချင်းကြား အပြန်အလှန် လေးစားမှု၊ တဦးရဲ့ ရပ်တည်မှုနဲ့ တန်ဖိုးတွေကို အချင်းချင်း အပြန်အလှန် အသိအမှတ်ပြုမှုတွေ ရှိလာဖို့ ဖြစ်ပါတယ်။ 

No comments: