Wednesday, October 29, 2014

နိုင်ငံတိုးတက်ရေးမှာ တတ်နိုင်သလောက် ပါဝင်ချင်ပါတယ်


မျိုးကိုကိုစန်း (ခေါ်) ချစ်လမင်းငယ် (ဓာတ်ပုံ – စိုင်းဇော် / ဧရာဝတီ)

နိုဝင်ဘာ ၁ ကနေ ၇ ရက်နေ့ အထိ ထိုင်းနိုင်ငံ၊ ပတ္တရားမြို့မှာ ကျင်းပမယ့် Miss International Queen 2014 “နိုင်ငံတကာ လိင်တူချစ်သူများ အလှမယ် ပြိုင်ပွဲ” မှာ မြန်မာနိုင်ငံကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်မယ့် သူကတော့ Miss International Queen Myanmar 2014  မျိုးကိုကိုစန်း (ခေါ်) ချစ်လမင်းငယ်ပဲ ဖြစ်ပါတယ်။

မျိုးကိုကိုစန်း (ခေါ်) ချစ်လမင်းငယ်ဟာ Rainbow Ribbon Network Myanmar Orgnization က ၂၀၁၃ ခုနှစ် နိုဝင်ဘာလ အတွင်းမှာ ကျင်းပပြုလုပ်ခဲ့တဲ့ Miss Rainbow Ribbon 2013 Winner ဆုရှင်တဦးလည်း ဖြစ်သလို အသက် ၂၀ အရွယ်ရှိပြီ ဖြစ်ပြီး လက်ရှိ မန္တလေး နည်းပညာတက္ကသိုလ်မှာ B-Tech (Civil) ဘာသာရပ် ပထမနှစ် တက်ရောက်နေသူ တဦးလည်း ဖြစ်ပါတယ်။
မျိုးကိုကိုစန်းကို သူ့ငယ်ဘဝ အကြောင်းအရာ တချို့နဲ့ လိင်တူချင်း စိတ်ဝင်စားသူ LGBT တယောက်အနေနဲ့ သူ့ဘဝ ဖြတ်သန်းမှု၊ သူ့ဘဝခံယူချက်၊ သူ့အမြင်တွေကို The Irrawaddy သတင်းထောက် သီဟတိုးက တွေ့ဆုံမေးမြန်းထား ပါတယ်။

မေး။   ။ အခုလက်ရှိ သွားပြိုင်ရမယ့် ပြိုင်ပွဲအကြောင်းကို ပြောပြပေးပါဦး။
ဖြေ။   ။ ကျမ အခု သွားပြိုင်မယ့် ပြိုင်ပွဲရဲ့ ရည်ရွယ်ချက်က ကမ္ဘာတဝန်းမှာ ရှိတဲ့ LGBT (Lesbian, Gay, Bisexual, Transgender) တွေ အပေါ်ကို လူသားအချင်းချင်း ခွဲခြားမှု ပပျောက်စေလိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်တဲ့ပွဲပါ။ ဒီပွဲက အသက် ၁၆ နှစ်ကနေ ၃၆ နှစ်အတွင်း လိင်ခွဲစိတ်ပြီးသား ဖြစ်စေ၊ မခွဲစိတ်ရသေးပေမယ့် မိန်းမလိုဝတ်တဲ့ လိင်တူချစ်သူ အလှမယ်တွေ ဖြစ်စေ ဝင်ပြိုင်နိုင်တဲ့ ပွဲပါ။

မေး။   ။ ပြိုင်ပွဲ မဝင်ခင်က မျိုးကိုကိုစန်းရဲ့ပုံစံက သာမန် ယောကျာ်းလေး တယောက်လိုပဲ ဝတ်စားခဲ့တာလို့ သိရတယ်။ အဲဒီ ပုံစံကနေ အခုလို မိန်းကလေး တယောက်ပုံစံ ပြောင်းလဲပြုမူ ဝတ်စားဖို့ ဘယ်လို အချက်တွေက တွန်းအား ဖြစ်စေခဲ့တာလဲ။
ဖြေ။   ။ တွန်းအားဖြစ်ခဲ့တယ် ဆိုတာက ဒီလိုမျိုးဆိုတာ အချိန်တန်ရင် ဒီစိတ်က ပေါ်လာတာပဲ။ ဒီစိတ်ပေါ် လာတဲ့ အချိန်မှာ တချို့ မိန်းကလေးလို ဝတ်တာလည်း ကြိုက်တယ်၊ မကြိုက်တာလည်း ရှိတယ်။ ဒါပေမယ့် ဒီစိတ် ပေါ်လာရင် တော့ ကြာရှည် ထိန်းသိမ်းထားလို့ ရတဲ့အရာမှ မဟုတ်တာ၊ အဲဒီတော့ အနည်းနဲ့အများ ဒီစိတ်က ပေါ်ထွက်လာမှာပဲ လေ။ အဲဒါကြောင့် ကျမ အနေနဲ့ တော်တော်ကြီးကို သည်းခံခဲ့ရတယ်။ အချိန် မရောက်သေးတဲ့ အတွက်။ ပြီးတော့ ဒီပွဲကို အိမ်ကမသိအောင် ဝင်ပြိုင်တယ်၊ အဲဒီမှာ Miss ရခဲ့တယ်။ ရတဲ့အချိန်မှာ ကျမကို အိမ်က လက်ခံလာတယ်။ အဲဒီ Miss မရခင် အတောတွင်းတော့ ယောကျာ်းလေးလိုပဲ နေဖြစ်တယ်ရှင့်။

မေး။   ။ ကိုယ်ကိုယ်ကိုယ် လိင်တူချင်း စိတ်ဝင်စားတဲ့ သူလို့ ဘယ်အရွယ်မှာ စသိခဲ့တာလဲ။
ဖြေ။   ။ ရှစ်တန်း နှစ်လောက်က ဖြစ်မယ် ထင်တယ်။ ကျမ ငယ်ငယ်က ဆိုရင်တော့ အမေကတော့ ပြောတယ်၊ စောင်တွေ ပတ်ပတ်ပြီး ကတယ် ဆိုပြီး အဲဒီလို မျိုးတွေ ပြောတယ်။ ပြီးတော့ ကျမတို့ အဘိုးက ပြောတယ်၊ ကျမ စကားပြောရင် အမြဲတမ်း အနောက်မှာ “တော့ …တော့” ဆိုပြီးတော့ ပါတယ်လေ။ အဲဒီ လို ပြောရင် အဘိုးက အရမ်းစိတ်ဆိုးပြီး ရိုက်တာမျိုးတွေ ရှိတယ်။ ငယ်ငယ်တုန်းကတော့ နွဲ့တဲ့တဲ့လေး ပေါ့၊ အကုန်လုံးကတော့ ပြောကြ တယ်။

မေး။   ။ ပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်မှုတွေကော ခံခဲ့ရတာမျိုးရှိလား။
ဖြေ။   ။ ဒီလိုမျိုး ဖြစ်ပြီ ဆိုကတည်းက ပတ်ဝန်းကျင် ဆိုတာက ပြောကြမှာပဲလေ။ ပတ်ဝန်းကျင်ဆိုတာ ကောင်းတဲ့ ပတ်ဝန်းကျင်လည်း ရှိသလို၊ မကောင်းတဲ့ ပတ်ဝန်းကျင်လည်း ရှိတယ်။ ဒါပေမယ့် ပတ်ဝန်းကျင်ကို ပတ်ဝန်းကျင်လို့ပဲ သဘောထားတယ်။ ကျမကတော့ သူတို့ ပြောလည်း ကောင်းတဲ့ အပြုသဘော ဝေဖန်မှုတွေ ဆိုရင် လက်ခံပြုပြင်လိုက် တယ်။ မကောင်းတဲ့ အဖျက်သဘောဆောင်တဲ့ ဝေဖန်မှုတွေ ဆိုရင်တော့ ဘာမှ ပြန်ပြောမနေဘူးပေါ့။

မေး။   ။ အခုလက်ရှိ လိင်တူချစ်သူ အလှမယ် တယောက်ဆိုတော့ ဒီလိုဖြစ်လာဖို့ အခက်အခဲတွေ အများကြီး ရှိခဲ့မှာ ပေါ့။ မိသားစုက လက်ခံလာအောင် ဘယ်လို အတိုက်ခံပြုခဲ့ရလဲ။ ဘယ်လိုဖြတ်သန်းခဲ့ရလဲ။
ဖြေ။   ။ အဖေကတော့ စစချင်းသဘောမတူဘူး။ အမေကတော့ မိန်းမ ဆိုတော့ သူ့မှာ မိခင်စိတ်၊ သနားကြင်နာစိတ် ရှိတယ်။ အဖေကျတော့ ကျမကို ဒီလို မဖြစ်စေချင်ဘူး။ ပြောရမယ် ဆိုရင် အစကတော့ မကြိုက်ဘူး။ ကျမ အနေနဲ့ လည်း ပေးဆပ်ရတာတွေ ရှိတယ်။ ဘာတွေ ပေးဆပ်ရလဲ ဆိုတော့ ကိုယ်က မိန်းကလေးလို နေမယ်ဆိုရင် မိန်းကလေးပုံစံ အတိုင်း အကုန်ပြောင်းလဲ ပစ်ရတာပေါ့နော်။ ဥပမာ- ညဘက် အိမ်ပြင်ထွက်တာမျိုးတို့၊ အနေအထိုင် အသွားအလာ အပြောအဆိုက အစ ဆင်ခြင်ရတာမျိုးပေါ့။ အဲဒီလိုမျိုး  မိဘရဲ့  ယုံကြည်မှုကို ယူရတာပေါ့။  ကိုယ်က ဒီလိုမျိုး နေပြီဆိုကတည်းက အိမ်မှာပဲ နေနေရတာ။ အဖေအမေနားပဲ အမြဲတမ်း နေနေရတာလေ။ အခု ဆိုရင်တော့ အဖေလည်း သဘောတူလာပါပြီ။

မေး။   ။ လူမှန်ရင် အရွယ်ရောက်ရင် ချစ်သူရှိစမြဲဆိုတော့ ညီမမှာကော အခု ချစ်ရတဲ့သူ ရှိနေပြီလား။
ဖြေ။   ။ အင်း … မရှိသေးဘူး။ ရှိတော့ ရှိခဲ့တယ်။ ဒါပေမယ့် အခုချိန်မှာတော့ မရှိသေးဘူး (ရယ်လျက်)၊ ဒီ အချိန်မှာ တော့ အေးအေးဆေးဆေး ပဲ။ ဘာဖြစ်လို့လဲ ဆိုတော့ ကျမ ပွဲလည်း နီးနေပြီလေ။ အဲဒီတော့ ဒီပွဲမှာပဲ အာရုံစိုက်ထားရ တယ်။ ဒီဘက်မှာ အချိန် မပေးနိုင်ဘူး။ အချစ်ရေး ဆိုတာကလည်း ကျမတို့က အဆင် မပြေကြတာ များတယ်လေ။ အဲကြောင့်မို့ အဲဒီက ဖြစ်လာမယ့် ဒဏ်ကိုလည်း မခံချင်ဘူး၊ ဝေဒနာလည်း ကျမ မခံစားချင်ဘူး။ ဒီပွဲမှာ စိတ်ကို ရှင်းရှင်း ထားပြီး ပွဲတခုတည်းပဲ အာရုံစိုက်ချင်တယ်။

မေး။   ။ LGBT တွေ အနေနဲ့ တန်းတူအခွင့်အရေးမရဘဲ နှိမ့်ချခံနေရတာကကော ဘယ်လို အချက်တွေကြောင့်လို့ မြင်မိလဲ။
ဖြေ။   ။ ကျမ ထင်တာတော့ ဗီဒီယိုကားတွေ ရုပ်ရှင်ကားတွေ ကြောင့်လို့ ထင်တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ သူတို့က ကျမတို့ကို ရိုက်ပြတယ်၊ ဟာသအနေနဲ့ ရိုက်ပြတယ်။ ဒါကို သူတို့က အနုပညာ အနေနဲ့လို့ ပြောတယ်၊ ကျမ လက်ခံ တယ်။ နောက်တခုက ဟာသအနေနဲ့ပဲ သူတို့က ရိုက်ပြတယ်၊ LGBT ကို ရိုက်ပြစရာ တခြားဇာတ်ကောင် တွေလည်း အပြင်မှာ အများကြီး ရှိတယ်။ သူတို့ ရိုက်ပြတာက သုံးမျိုးပဲ ရှိတယ်။

နတ်ကစားတာရယ်၊ ရှောက်သီးဆေးပြား ရောင်းစားတာနဲ့ မိတ်ကပ်လိမ်းစားတာ အဲဒီပုံစံ ၃ မျိုးနဲ့ပဲ ရိုက်ပြပြီး တူညီတာတခုက ယောက်ျားဆိုတာ တွေ့လိုက်တာ နဲ့ကို ငမ်းငမ်းတက်လို ပုံစံမျိုးကို ရိုက်ပြထားတယ်။ ပြီးတော့ ကျမတို့ကို ရယ်စရာ၊ လှောင်စရာ အဖြစ် ရိုက်ပြထား တယ်။ သူတို့ကတော့ အနုပညာဖန်တီးမှု၊ ပရိသတ် လက်ခံမှုလို့ ဆိုပေမယ့် တကယ်တမ်းနောက် ဆက်တွဲ Result ကို ခံရတာက သူတို့ မဟုတ်ဘူး။ ကျမတို့ ခံရတာ။
အခုဆိုရင် ကျမတို့ အပြင်သွားရင် ကျမတို့ ဘယ်လောက်လှလှ ဒီလိုမျိုးဆိုတာ သိလိုက်တာနဲ့ တချို့က လှောင်ပြုံး ပြုံးသွားကြတယ်။

ကျမ အဓိက ပြောချင်တာကတော့ ဟာသ အနေနဲ့ ရိုက်ပြတာကို သူတို့က အနုပညာ ဆိုရင် ကျမ လက်ခံတယ်။ အချိန်တိုင်းတော့ မရိုက်စေချင်ဘူး။ အပြင်မှာ ဆိုရင် အားလုံး သိကြတဲ့ အတိုင်းပဲ၊ လိင်တူချစ်သူတွေ ဆိုတာ  အိမ်ကို ပစ်ထားတာ တယောက်မှ မရှိဘူး။ အားလုံးအိမ်ကို လုပ်ကျွေးနေကြတာ ချည်းပဲ။ ကျမတို့ အိမ်ကို လုပ်ကျွေးနေတာ မျိုးတွေတို့၊ LGBT တွေထဲမှာ တကယ့် နိုင်ငံတော် ဝန်ကြီးတွေနဲ့ လက်ရေတပြင်တည်း ပြောနေရတဲ့ ပညာတတ်တွေ လည်း ပါတယ်။ တချို့ ဆရာဝန် တွေလည်း ပါတယ်။ Character အစုံ ရှိတယ်။ သူတို့က ၃ မျိုးပဲရိုက်ပြတော့ လူတွေ အမြင်မှာ ကျမတို့ကို ၃ မျိုးပဲ တွဲမြင်မယ်။

မေး။   ။ မြန်မာပြည်အနေနဲ့အခုနောက်ပိုင်းမှာ LGBT တွေအပေါ် လက်ခံမှု အရင်ကထက် တိုးတက်ပွင့်လင်း လာတဲ့ အပေါ် လိင်တူချစ်သူ တယောက်အနေနဲ့ ကိုယ်ပိုင်ခံစားချက် အမြင်ကို ပြောပြပေးပါဦး။
ဖြေ။   ။ ကျမတို့ ငယ်ငယ်က ထက်စာရင် အများကြီး တိုးတက်လာတယ်။ ဒီထက်ပိုပြီး တိုးတက်သွား အောင်လည်း ကျမတို့ ဘက်က အနေအထိုင်၊ အပြုအမူတွေ အများကြီး ပြင်ရမယ်။ ပြီးတော့ လူမှုဆက်ဆံရေး ပတ်ဝန်းကျင်မှာ လည်း ကျမတို့ တတ်နိုင်သလောက် ဘာသာရေး တို့၊ အလှူအတန်းတို့က အစ လုပ်ပေးရမယ်။ ပြီးတော့ နိုင်ငံ့အရေး ပေါ့။ အခု ကျမဆိုရင် ၂၀၁၅ ရွေးကောက်ပွဲ စောင့်ကြည့်ရေး ကော်မရှင်မှာ ကျမတို့ Organization ကနေ ပါဝင်ဖို့၊ သင်တန်း လာတက်ဖို့ ခေါ်ထားတယ်။ ဒါ နိုင်ငံတိုးတက်ရေးမှာ တထောင့်တနေရာကနေ ပါဝင်တာပဲလေ။ အဲဒီလို မျိုးတွေ လုပ်ကြမယ်၊ လုပ်ကြမယ်ဆိုတော့ ကိုယ့်ဘက်က စိတ်ရင်းစေတနာ မှန်မှန်နဲ့ တိုင်းပြည်ကို အလုပ်အကျွေး ပြုမယ် ဆိုရင် ဒီပြည်သူတွေကလည်း ကျမတို့ကို လက်ခံလာမယ်လို့ ထင်တယ်။

မေး။ မျိုးကိုကိုစန်းရဲ့ ခန္ဓာကိုယ် အချိုးအစားက မိန်းကလေးတွေ ရှုံးရလောက်အောင် လှတယ် ဆိုပြီး ပြောကြတော့ ဒီလို ဖြစ်အောင် ဘယ်လိုထိန်းသိမ်းမှု၊ လေ့ကျင့်မှုတွေလုပ်လဲ။
ဖြေ။   ။ ခန္ဓာကိုယ် ထိန်းသိမ်းမှုကတော့ Gym ကစားတာလောက်ပဲ ရှိတယ်၊ Personal Trainer သေချာ လေ့ကျင့် ပေးတဲ့ အတိုင်း ကစားတယ်။ ပြီးရင် အဓိကက မိန်းကလေးတယောက်နဲ့ တူဖို့ဆိုတာ ကိုယ့်စိတ်က မိန်းကလေးစိတ် ဖြစ်နေဖို့ လိုတယ်။ အကုန်လုံးကတော့ မိန်းကလေးစိတ် ရှိကြတာပဲ။ ဒါပေမယ့် မိန်းကလေးစိတ် ဆိုတာက ယောက်ျား လေးတွေကို ချစ်တယ်၊ ကြိုက်တယ်ဆိုတဲ့ စိတ်မျိုးကိုပဲ ပြောတာ မဟုတ်ဘူးနော်။ ဘာဖြစ်လို့လဲ ဆိုတော့ ကျမတို့ LGBT မှာက လိင်တူချင်း ကြိုက်တာရှိတယ်၊ မိန်းမပုံဝတ်ရတာ ကြိုက်တာရှိတယ်။ ယောကျာ်းလေးလို နေတာမျိုး ကြိုက်တာ ရှိတယ်။ ကျမတို့က မိန်းကလေးလို နေတာကြိုက်တဲ့ အတွက် မိန်းကလေးစိတ် ရှိတယ်။

တချို့က ထင်တာက မိန်းကလေးစိတ် ဆိုတာ ယောကျာ်း လိုချင်တာမျိုး ပေါ့။ ကျမပြောချင်တာ အဲဒီလိုမျိုး မဟုတ်ဘူး။ မိန်းမတယောက် ဆိုတာက မိခင်စိတ် အပြည့်ရှိတယ်၊ ပြီးရင် သနားကြင်နာစိတ် ရှိတယ်၊ သည်းခံတဲ့စိတ်ရှိတယ်၊ အရာရာကို ခွင့်လွှတ်နားလည် တတ်တဲ့ စိတ်မျိုးလည်း ရှိတယ်။ အဲဒီလို စိတ်မျိုး ထည့်သွင်းထားနိုင်တယ် ဆိုရင်တော့ တနေ့နေ့မှာ မိန်းကလေးနဲ့ တူလာမှာပါ။

မေး။   ။ အသားအရေကိုကော ဘယ်လို ထိန်းသိမ်းမှုလုပ်လဲ။ ပြီးတော့ ဒီခန္ဓာကိုယ် အချိုးအစား ဖြစ်အောင် ပြုပြင် ခွဲစိတ် ထားတာလား။ ဒါမှမဟုတ် ဟော်မုန်းဆေး စားတာလား။
ဖြေ။    အိပ်ရေးဝ၀ အိပ်တယ်၊ ရေများများသောက်တယ်၊ အဲဒီလောက်ပဲ။ ကျမ ဟော်မုန်းဆေးတော့ စားတယ်ရှင့်။ 
ခွဲစိတ် ပြုပြင်တာမျိုးတော့ မရှိဘူး။ ကျမရဲ့ ခါးဆိုဒ်က ၂၄၊ အရပ်အမောင်း ၅ ပေ ၆ လက်မခွဲ၊ ရင်က ၃၂၊ တင် ၃၄ ခွဲပါရှင့်။

မေး။   ။ မျိုးကိုကိုစန်း အနေနဲ့ကော နောင်အနာဂတ်မှာ လိင်ပြောင်းခွဲစိတ်ဖို့ အစီအစဉ်ရှိလား။
ဖြေ။   ။ ကျမ မော်ဒယ်လ် တယောက်အနေနဲ့ ရပ်တည်ချင်တယ်။ အဲဒီ အတွက်ကြောင့် ကျမ ခွဲစိတ်ဖို့တော့ အစီအစဉ် ရှိတယ်။

မေး။   ။ ဒီပြိုင်ပွဲကာလ အတွင်းမှာ Facebook မှာ ဂေးအချင်းချင်းကပဲ ဖြစ်ဖြစ်၊ ဂေးကို လက်မခံတဲ့ သူတွေကပဲ ဖြစ်ဖြစ် မျိုးကိုကိုစန်းကို တိုက်ခိုက်တာမျိုးတွေ တွေ့ရတယ်။ အဲဒီလို တိုက်ခိုက်မှုတွေ ရှိတဲ့အပေါ် ကိုကော ဘယ်လို ခံစားရလဲ၊ ဘယ်လိုမျိုး တုံ့ပြန်ချင်လဲ။
ဖြေ။   ။ ဂေးအချင်းချင်း ဆိုရင်တော့ ဒါ အချင်းချင်း ဆိုတာ စည်းလုံးရမယ့် အထဲမှာပါတယ်။ တယောက်ကို တယောက် ဖေးမရမယ့် အထဲမှာ ပါတယ်။ ကျမ ပြောချင်တာ ကတော့ နွားကွဲရင် ကျားဆွဲမယ်။ ညီမ တို့က အခုလက်ရှိမှာ လူနည်းစု၊ ပြောမယ် ဆိုရင် မြန်မာနိုင်ငံမှာ LGBT ဦးရေ ဘယ်လောက်မှ မရှိဘူး။ အဓိက ကျမတို့ ရအောင်ယူရမှာက 3rd Gender အခွင့်အရေး ပေါ်ပေါက်လာဖို့၊ 3rd Gender အခွင့်အရေး ပေါ်လာမှသာ ကျမတို့ရဲ့ လူမှုရေး၊ စီးပွားရေး၊ အချစ်ရေးကအစ အစစအရာရာ အာမခံချက်ရှိတယ်။ အစစအရာရာ တရားဝင် ဖြစ်မယ်။ အဲဒီအချက် 3rd Gender အခွင့်အရေးရဖို့ ဆိုတာ အားလုံးမှာ တာဝန်ရှိတယ်။

အားလုံး ပူးပေါင်းဆောင် ရွက်မှ ဒီ အခွင့်အရေးကိုရမှာ။ ကျမတို့ လိင်တူချင်း လက်ထပ်ခွင့်ရဖို့ကို ဘာကြောင့် တောင်းဆိုကြလဲ ဆိုတော့ သူများတွေထင်တာက လက်ထပ်ချင်တာ တခုပဲလို့ ထင်ကြတယ်။ ကျမတို့ အပြင်မှာက လက် မထပ်ဘဲနဲ့လည်း ဒီတိုင်း အတူနေလို့ ရတယ်လေ။ ဘယ်သူမှ ဘာမှ ပြောလို့ မရဘူး။

ဘာလို့ လက်ထပ်ခွင့်ကို တရားဝင် လိုချင်လဲ ဆိုတော့  ကျမတို့  တချိန်ချိန်မှာ  တယောက်ယောက်က သေဆုံးတာပဲ ဖြစ်ဖြစ် သူရှာခဲ့တဲ့၊ သူပိုင်ဆိုင်တဲ့ ငွေကြေးပစ္စည်း စသည်ဖြင့်ရှိမယ်၊ တရားဝင်ဖြစ်တာ မဖြစ်တာတော့ ကျမတို့ မပြောလိုဘူး။ အဓိကက အသက်ကြီးလာတဲ့အခါမှာ တယောက်ယောက်က သေဆုံးသွားခဲ့ရင် သူ့ရဲ့ ပစ္စည်းဥစ္စာ တွေက သူမပိုင်ဘဲ သူ့မိသားစု အသိုင်းအဝိုင်းက ရမှာလေ။

ကျမတို့ တသက်လုံး အတူတူ ပေါင်းသင်း နေထိုင်လာတဲ့သူက အဲဒီအချိန်မှာ ကိုယ်လည်း ဘာမှ မလုပ်ကိုင်နိုင်တော့ တဲ့ အရွယ်ဆိုရင် အတူတူကြိုးစား ရှာလာသမျှတွေကို သူများကို ပေးလိုက်ရတာတို့၊ အဲဒီလို ပြဿနာတွေကြောင့် ဒီ လိင်တူချင်း တရားဝင် လက်ထပ်ခွင့်ကို လိုချင်ရတာပါ။ 3rd Gender အခွင့်အရေး ကကျတော့ ကျမတို့ ကျန်းမာရေး၊ လူမှုရေးက အစပေါ့။ ကျမတို့ အပြင်သွားရင် မိန်းမပုံဝတ်တယ်။ အဲဒါကိုလည်း ဥပဒေအောက်မှာ ဒီလိုမျိုးပုံနဲ့ပဲ တရားဝင် စောင့်ရှောက်ခံခွင့် ရချင်တယ်၊ အခုဟာက ဥပဒေဆိုရင်လည်း ကြောက်နေရတဲ့ ပုံစံမျိုးတွေ ဖြစ်နေတယ်။

မေး။   ။ မြန်မာနိုင်ငံမှာ LGBT တွေ အနေနဲ့ တန်းတူအခွင့်အရေး ရဖို့အတွက် ဘာတွေ ပြောင်းလဲ ပြုပြင်သွားသင့် တယ် လို့ ထင်လဲ။
ဖြေ။   ။ ပြောင်းလဲ ပြုပြင်သွားဖို့က တချို့အပြုအမူ လေးတွေ ပြင်ဆင်ရမယ်။ ပြီးတော့ ကျမတို့နိုင်ငံနဲ့ ပတ်သက်တဲ့ အလုပ်တွေ၊ အလုပ်အကိုင် အခွင့်အလမ်းတွေမှာ ကျမတို့ ပါဝင်ရမယ်။ ဘာသာရေး၊ သာသနာ ရေးတွေမှာ ပါဝင်ရ မယ်။ ကျမဆိုရင်လည်း ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းက Mandalay Youth Forum မှာ LGBT ကိုယ်စားပြုအနေနဲ့ တက်ခဲ့တယ်။
ပြောမယ်ဆိုရင် လူငယ်တွေက တိုင်းပြည်တိုးတက်ရေး လုပ်ဆောင်နေတယ်။ အဲဒီ လူငယ်တွေထဲမှာ ကျမတို့ LGBT တွေလည်း ပါဝင်တယ် ဆိုတာကို သိစေချင်တယ်။ လူငယ်တွေ လုပ်ဆောင်တယ် ဆိုတာက ဒါ မြစ်ကြီးတစင်း၊ အဲဒီ မြစ်ကြီးထဲကို ကျမတို့ LGBT ဆိုတဲ့ ချောင်းငယ်လေးက ဝင်မှ တိုင်းပြည် တိုးတက်ရေးကို လုပ်ဆောင်နိုင်မှာ။ အဲဒါကြောင့် မို့လို့ ကျမတို့ကို ပစ်ပယ်မထားပါနဲ့။ ကျမတို့ကလည်း နိုင်ငံတိုးတက်ရေးမှာ တတ်နိုင်သလောက် ပါဝင်ချင်ပါတယ်။

မေး။   ။ အခု သွားပြိုင်မယ့် ပြိုင်ပွဲမှာ အလှမယ်သရဖူ ရရှိခဲ့ရင် မြန်မာနိုင်ငံမှာ ဘာတွေ ဆက်လုပ်သွားမလဲ။ ဘယ်လို လူမှုရေး အကျိုးပြု လုပ်ငန်းတွေ လုပ်ကိုင် ဆောင်ရွက်သွားမလဲ။
ဖြေ။   ။ ကျမ သရဖူရရှိခဲ့မယ် ဆိုရင် အဓိကကတော့ ဒီနိုင်ငံမှာ အတော်အသင့် အောင်မြင်သွားပြီလေ။ အောင်မြင် သွားပြီ ဆိုရင် ကျမအနေနဲ့ LGBT အပေါ်ကို အများကြီး Supporting လုပ်လို့ရပြီ။ ဥပမာ- ရုပ်သံတွေက အင်တာဗျူးမယ် ဆိုရင် တနိုင်ငံလုံး ကြည့်တဲ့ ရုပ်သံမျိုးလေ၊ အဲဒါဆိုရင် အဲဒီလိုမျိုး တွေမှာ ကျမ LGBT နဲ့ ပတ်သက်တဲ့ အကြောင်းအရာမျိုးတွေ ပြောလို့ရမယ်။
ပြီးရင် လူတွေ အမြင်မစောင်းအောင်လို့ ဒီစိတ်မျိုး ဆိုတာက မွေးကတည်းက ပါလာတာမျိုး ဆိုတာ ပြောရမယ်။ လူတွေ လက်ခံလာနိုင်အောင် အများကြီး လုပ်ဆောင်သွားနိုင်မယ် လို့ ထင်တယ်။ နောက်ပြီး ကျမ Miss ရပြီးသွားရင် မိဘမဲ့ ဂေဟာတွေ၊ သက်ကြီးရွယ်အိုတွေကို ရတဲ့လုပ်အားခထဲကနေ အမြဲတမ်းလှူသွားမယ်။ နောက်ပြီးတော့ ပိုက်ဆံကို ကြိုးစားရှာပြီး နောက်ဆုံး ကျမ အသက်လေးဆယ်လောက်မှာ မိဘမဲ့ဂေဟာ အရမ်း ထောင်ချင်တယ်။

မေး။   ။ နောက်ဆုံးအနေနဲ့ ဖြည့်စွက်ပြောချင်တာရှိရင် ပြောပြပေးပါဦး။
ဖြေ။   ။ ကျမကို အားပေးကြပါဦး လို့ ပြောချင်တယ်။ ကျမအနေနဲ့ နိုင်ငံတကာမှာ သွားရောက် ယှဉ်ပြိုင်တဲ့ အခါမှာ ဒီပွဲက နိုင်ငံတကာမှာ ရှိတဲ့ LGBT တွေကို ခွဲခြားမှု ပပျောက်စေလိုတဲ့ ပွဲဆိုတော့ ကျမတို့နိုင်ငံမှာလည်း ဒီလိုမျိုး မခွဲခြားဘူး၊ ကျမကို အရမ်းအားပေးကြတယ် ဆိုတဲ့ ပုံစံမျိုးလေး အရမ်းလိုချင်တယ်။ အဲဒါမှသာ ကျမက နိုင်ငံတကာ အလယ်မှာ လက်မထောင်နိုင်မှာလေ။

ကျမကို လက်ခံသည်ဖြစ်စေ၊ လက်မခံသည် ဖြစ်စေ ကျမဘက် ကတော့ အကုန်လုံးကို ချစ်တယ်ဆိုတဲ့ စကားကိုပဲ ပရိသတ် အတွက် အမြဲတမ်း ပြောနေပါတယ်။ ကျမဘက်က မုန်းတာလည်း မရှိဘူး၊ လူကို လူလို့ပဲ မြင်တယ်။ လူ တန်းစား မခွဲခြားဘူး။ အကုန်လုံးကို ချစ်တယ်။ ကျမကို ချစ်ချစ်၊ မုန်းမုန်း ကျမဘက်ကတော့ ချစ်တယ် ဆိုတဲ့ စကား ကိုပဲ အမြဲတမ်း ပြောနေမှာပါ။     ။

No comments: