Friday, February 6, 2015

အချစ်ဆန်းကြောင့် သေဆုတောင်းခဲ့သူ (ဇာတ်သိမ်း)



အိမ်သစ် ထူထောင်၍ တင့်တင့်တယ်တယ် ရှိလှသဖြင့် အမြရော မောင်ခင်အောင်ပါ အလွန်ဝမ်းသာနေဆဲ တနေ့မှာ မောင်ခင်အောင် သည် ပုလင်းကလေးတလုံးထဲမှ အရည်ကလေးများကို ရေနှင့်စပ်ပြီး အမြကိုလည်းတိုက်သည်။ သူလည်း အတော်များများသောက်သည်။ ထို့နောက် အခန်းထဲတွင် နှစ်ယောက်သား ပျော်မြူးပြီး သတ်ပုတ်လုံးဖက် ကစားနေမိကြသည်။ မည်သို့ပင် တအားလုံစေကာမူ၊ အမြ သည် မောင်ခင်အောင်ကို မနိုင်၊ အရှုံးပေးရသည်ချည်းဖြစ်၏။ ၃ပြန် ၄ပြန် လုံးထွေးပြီး၍ မတ်တပ်ပြန်ရပ်သောအခါ အမြသည် မောလှပြီ “တော်ပါတော့ မောင်ခင်အောင်” ဟုတောင်းပန်သော်လည်း မရ၊ တချီ ဖက်လုံးပြန်ချေပြီ။ ပွေ့သည်၊ဖက်သည်၊နမ်းသည်၊ လုံးသည်။ ဤအချီလဲကျခါနီး မောင်ခင်အောင်က အမြ၏ထမီစကို တက်နင်းမိရာ ထမီကျွတ်ကျသွား၏။ ဤနေရာတွင် အမြ အလွန်ရှက်သွားသည်။ ထမီပြန်၍ ဆွဲတင်လိုက်ကာ မောင်ခင်အောင်၏ လုံးထွေးကစားခြင်းကို ဆက်လက် လက်ခံ တွန်းလှန်ရပြန်သည်။ မောင်ခင်အောင် အိနြေ္ဒပျက် မသွားသောကြောင့် အမြ ၀မ်းသာရသည်။

နေ့လယ်က ကစားလွန်၍ ညအိပ်ရာဝင်ကြသောအခါ၊ ခပ်စောစော အိပ်ပျော်ကြသည်။ တရေးနိုးသော် မောင်ခင်အောင်၏ စိတ်၌ အခြားအချိန်များတွင် မိန်းမရှာများကို တွေ့ခဲ့သည်လည်း ရှိခဲ့သည်က တကြောင်း၊ နေ့ခင်းက အမြထမီကျွတ်သွားရာတွင် ရုတ်တရက် မြင်လိုက်ရသော ပစ္စည်းပစ္စယကြောင့် တကြောင်း၊ အတွေ့အကြုံအရာတွင် မညွန့်ညွန့်နှင့်ကွာခြား ခြားနားသည်က တကြောင်း ဤအကျိုးအကြောင်းပေါင်း မျိုးစုံကို စုပေါင်းပြီး နဖူးပေါ်လက်တင်ကာတွေးတော စဉ်းစားနေမိသည်။ ခဏကြာသော် အိပ်ပျော်နေသော အမြ၏ ထမီကိုလှန်၍ ကြည့်လေတော့သည်။ မောင်ခင်အောင် ထမီလှန်ပြီး ကြည့်သည်ကို အမြသိလိုက်သည်။ သို့ရာတွင် ဖုံးဖိကွယ်ကာ ရန် နောက်ကျနေပြီဖြစ်သဖြင့် မသိချင်ဟန်ဆောင်နေလိုက်ရသည်။ ထိုအချိန်မှစ၍ အမြသည် ပြန်၍ အိပ်မပျော်တော့။ လူချော လူလှ မောင်ခင်အောင်ကလေးသည် တကယ်အစစ် မိန်းမနှင့် အိမ်ထောင်မပြုရဘဲ မိမိကြောင့် ဒုက္ခရောက်နေသည်ဟု တွေးတောမိကာ မျည်ရည်များ တွေတွေကျလာတော့သည်။ မောင်ခင်အောင်ကို မိန်းကလေး တဦးဦးနှင့် တကယ်ပေးစားလိုက်သည်ကပင် ကောင်းပါ သည်ဟု ဆက်၍တွေးလိုက်ပြန်ရာ ဘယ်နည်းနှင့်မှ မောင်ခင်အောင်ကို မိမိမခွဲနိုင်။ သေမှပင် ခွဲ၍ရမည်ဆိုသည်ကို သိလေသောကြောင့် ဤစိတ်ကူးကိုလည်း ဇက်တုံ့လိုက်ရသည်။

နံနက်မိုးလင်းသော်လည်း မောင်ခင်အောင်သည် အိနြေ္ဒမပျက် ခါတိုင်းလိုပင်ရှိသည်။ သူ့ရုပ်လုံးပေါ်၍ သူ့အကြောင်း သိသွားပြီဖြစ်သော ကြောင့် မောင်ခင်အောင်သည် သူ့အပေါ်တွင် စိတ်ပျက်ချေပြီလားဟု အမြက အကဲခတ်သည်။ သို့ရာတွင် ဘာတခုမှ မထူးခြား။

“ငါက နောက် ၁၀နှစ်ဆိုရင် ပါးရေနားရေတွေ တွန့်ကုန်တော့မှာ မောင်ခင်အောင်” ဟု အမြက ဆိုလိုက်သည်။
“အို ဘာဖြစ်သလဲဗျာ ကိုယ်ထင် ကုတင်ရွှေနန်းပေါ့ဗျ” ဟု မောင်ခင်အောင်က ပြန်၍ပြောသည်။
အမြသည် ဤစကားကြောင့် ၀မ်းသာရသည်။ သို့ရာတွင် မပြတ်သားလှသေးသောကြောင့် -
“မင်း ငါ့ကို မရွံဘူးလား၊ အကြောင်းစုံသိလာတော့ မစက်ဆုပ်ဘူးလား”ဟု ခပ်ပွင့်ပွင့်ပင် မေးလိုက်သည်။
“အို ဘာဖြစ်သေးသလဲဗျာ၊ သူများတွေသာ မသိပါစေနဲ့။ သာတောင် ကောင်းသေး။ ဒါမှ ကလေးဗုစုတွေ မရမှာ၊ ဒါမှ လွတ်လွတ်လပ်လပ် နေရမှာ” ဟု ခပ်သွက်သွက်ပြန်ဖြေလေသည်။

ဤအဖြေသည် အမြ အဘို့ သိန်းဆုပင်ဖြစ်သည်။ တသက်လုံးပင် မောင်ခင်အောင်နှင့် ပေါင်းသင်းနေထိုင်ရလိမ့်မည်ဟု ယုံကြည်မိသည်။

ဇနီးမောင်နှံ ၂ယောက်သည် ၂ဦးစလုံးပင် သားရေဘိနပ်၊ သားရေသေတ္တာချုပ် အလုပ်များကို ကြိုးစား၍ လုပ်ကြရာ။ ကြွေးများကျေသည့် အပြင်သုံးချင်တိုင်းသုံးကြပြီးသည့်နောက် ၁၉၄၇ခု နှစ်လယ်လောက်တွင် ငွေတော်တော်များများ စုဆောင်းမိကြပေပြီ။ ထိုအချိန်အထိ အမြနှင့် မောင်ခင်အောင်တို့ တဦးပေါ်တဦး သစ္စာမြဲ၍ စုံတွဲဖြုတ်သည်ဟု မရှိ၊ ရုပ်ရှင်သွားလည်း အတူတူ၊ ဘုရားသွားလည်း တတွဲတွဲ၊ တကယ့်ဖိုမအတိုင်း မကွဲမကွာ စွဲမြဲနေကြပေသည်။

x           x           x
မဖြောင့်ဖြူးသော လောကတွင် မဖြောင့်ဖြူးမှု ကလေးသည် စ၍ပေါ်လာသည်။ တနေ့သော် ၆နှစ်ရွယ်ခန့်ရှိ ကလေးငယ် ယောက်ျားကလေး တယောက်သည် သပ်သပ်ယပ်ယပ် ဘောင်းဘီကလေးဝတ်ကာ မောင်ခင်အောင်တို့ အိမ်ရှေ့သို့ရောက်လာသည်။ သူ့အိတ်ထဲတွင်လည်း စာတိုကလေးတစောင်ပါလာသည်။ မောင်ခင်အောင်နှင့် အမြတို့သည် အိမ်ရှေ့ပိုင်း၌ ဘိနပ်ချုပ်သားရေလှီးနေကြ ခိုက်ဖြစ်ပေသည်။ ကလေးကလေးအား ဘယ်သူက ဘယ်လိုသင်ကြား၍ လွှတ်လိုက်သည်မသိ ပါလာသော စာကိုမောင်ခင်အောင်အား ပေးလေတော့သည်။ လူကြီးတဦးဦးသည် တနေရာရာမှ သေသေချာချာ ညွှန်ကြား၍ ဤကလေးကို လွှတ်လိုက်ခြင်းဖြစ်ကောင်း ဖြစ်ပေမည်။

ထိုစာတွင် -

ကိုခင်အောင်ရှင့်

ယခုလာသောကလေးမှာ ရှင့်ရင်သွေး ကျမ၏သားကလေး မောင်ညွန့်လွင်ဖြစ်ပါသည်။ ဆီးလို့တော့ မရိုက်လိုက်ပါနှင့်။ အရှက်ကြောင့် တောရွာသွားပြီး ကိုယ်ဝန်ကို ဖွားခဲ့၍ ပြုစုပျိုးထောင်ခဲ့ရာ ယခုဤအရွယ်အထိ ကြီးပြင်းခဲ့ပါပြီ။ ကလေးက အဘေကို မေးလွန်းသော်လည်း ကျွန်မလိမ်လည်၍သာ ပြောခဲ့ပါသည်။ သူများ ကလေးတွေက အဘေတွေနှင့်မို့ သူ့မှာ အဘေမရှိသည့်အတွက် များစွာ မျက်နှာငယ်ပြီး အထပ်ထပ် အဘေပူဆာလွန်းလို့ ကလေးစိတ်မထိခိုက်ရလေအောင် ယခုလွှတ်လိုက်ရခြင်းဖြစ်ပါသည်။ နောင်ကို လွှတ်တော့မည် မဟုတ်ပါ။ ဘုရားသခင်၏ ဂုဏ်ကျေးဇူးကြောင့် ကျွန်မတို့သားအမိမှာ စားရ ၀တ်ရရှိပါသည်။

ညွန့်ညွန့်

ဤစာကို ဖတ်၍ဆုံးသည်နှင့် တပြိုင်နက် မောင်ခင်အောင်၏ မျက်နှာမှာ ထိကရုန်းပင်ကို လက်နှင့် တို့လိုက်ဘိသကဲ့သို့ ညှိုးငယ်နွမ်းလျ ၍ သွားသည်ကို အမြ မြင်ရသည်။ ထို့နောက် မောင်ခင်အောင်သည် စာကလေးကို အသာပစ်ထားပြီး ကလေးကို ကောက်ချီကာ နမ်းရှုပ်သည်။ သူ၏ မျက်လုံးနှစ်သွယ်မှာ မေခနှင့် မေလိခပမာ မျက်ရည်တွေ စီးကျ၍လာသည်။ ထို့နောက် မောင်ခင်အောင်သည် ရှိုက်၍ ရှိုက်၍ ငိုလေတော့သည်။ ၍အဖြစ်အပျက်များမှာ အမြ မျက်စိအောက်တွင် ဖြစ်ပျက်သည်များ ဖြစ်၍ တိမ်သား တိမ်လိပ်များ တက်လာသည်၊ ကောင်းကင်ကြီး တခုလုံး ညို့မှိုင်း၍လာသည်။ ထို့နောက် သွန်ပြီး ရွာချလိုက်သည့် မိုးကြီး တမိုး၏ ပြောင်းလဲသော သဘာဝကို မြင်နေရဘိသကဲ့သို့ ရှိလှသည်။ အမြသည် စာကိုကောက်ယူ၍ ဖတ်လိုက်သည်။ အကြောင်းစုံကိုလည်း တခါတည်း သိတော့သည်။ “သြော် မောင်ခင်အောင် မောင်ခင်အောင်” ဟု အသံသဲ့သဲ့ကလေးဖြင့် ညည်းရှာသည်။ အမြလည်း မျက်ရည်လည်လာ သည်။ မောင်ခင်အောင်သည် မိမိကြောင့် ဆင်းရဲနေရှာပြီဟု တွေးမိတော့သည်။

“မင်းတို့ ဘယ်မှာနေသလဲ သား” ဟု မောင်ခင်အောင်က ကလေးကို ဖက်ချီရင်း မေးသည်။
“မေမေက မပြောရဘူးလို့ မှာလိုက်တယ်ဗျ” ဟု ကလေးက ပြန်ဖြေသည်။
“မင်းအမေကော အခု ဘယ်မှာလဲ”
“အဲဒါလဲ မပြောရဘူးတဲ့ဗျ”
“မင်း အခု ဘယ်သူနဲ့လာသလဲ”
“ဒါလဲ မပြောရဘူးတဲ့ဗျ”
ကလေးကလည်း သူ့အဘေဆို၍ တချက်နှစ်ချက် မောင်ခင်အောင်ကို မွှေးလိုက်လေသည်။ ထို့နောက် “သွားတော့မယ်” ဟုဆိုကာ ဆင်းပြေးတော့သည်။ မောင်ခင်အောင်က နောက်မှ ခပ်မြန်မြန်ပင် လိုက်သွားသည်။ ကလေးသည် လမ်းထောင့် ဘဏ္ဍာပင်အောက်တွင် စောင့်နေသော မိန်းကလေးတစ်ယောက်ဆီသို့အရောက်ပြေးလေသည်။ ထိုအမျိုးသ္မီးသည် ကလေး၏ နောက်မှ လိုက်လာသူကိုလည်း တွေ့သည်။ သို့ရာတွင် ကလေးရောက်လာလျှင် ရောက်လာချင်း အသင့် ထိုးဆိုက်လာသော ဘတ်စ်ကားပေါ်သို့ ကလေးကိုချီကာ ခပ်သွက်သွက်ကလေး တက်သွားတော့သည်။ မောင်ခင်အောင်အနီးသို့ မရောက်မီပင် ဘတ်စ်ကား စပယ်ယာက “ခိုလိုး ဆရာ”ဟု ဆိုလိုက်သဖြင့် ကားသည် လမ်းမကြီးအတိုင်း အရှေ့မှ အနောက်သို့ ထွက်သွားတော့သည်။ မောင်ခင်အောင်သည် မညွန့်ညွန့်ကို မြင်ရုံသာ မြင်လိုက်ရ၏။ စကားတခွန်းပင် မပြောလိုက်ရ၊ ဘတ်စ်ကားတစီးနှင့် နောက်ကလိုက်ရန် သတိရပါ၏။ သို့ရာတွင် ကလေး ဆင်းပြေး၍ အလုပ်လုပ် အ၀တ်အစားနှင့် ကပျာကသီလိုက်ခဲ့ရသည့်ပြင် ပိုက်ဆံလည်း တပြားမှမပါခဲ့။ သို့ဖြစ်ရာ စစ်ရှုံးသော စစ်သူကြီးပမာ ခေါင်းငိုက်စိုက်နှင့် အိမ်သို့ ပြန်လှည့်ခဲ့ရတော့သည်။

မောင်ခင်အောင် အိမ်သို့ ပြန်အလာကို မျှော်နေသော အမြသည် ပူပုံပန်း၍ ပြန်လာသည့် မောင်ခင်အောင်အား များစွာသနားမိသည်။ “ငါ့ကြောင့်ဘဲ ငါ့ကြောင့်ဘဲ”ဟု ရင်ထဲတွင် ရေရွတ်မိသည်။ မောင်ခင်အောင်သည် အလုပ်ခွင်သို့လည်း မ၀င်တော့ဘဲ ပက်လက် ကုလားထိုင်မှာ လှဲပစ်တော့သည်။ ညစာ ထမင်းလည်း မစားတော့။ မောင်ခင်အောင်၏ အဖြစ်အပျက်များကြောင့် အမြလည်း စိတ်မချမ်းသာနိုင်။ ထို့ကြောင့် ညအိပ်ရာဝင်ကြသောအခါ -
“မင်း သိပ်စိတ်ဆင်းရဲနေသလား မောင်ခင်အောင်၊ မညွန့်ညွန့်ကို ပြန်ပေါင်းချင်သလား”
“မမမြကလဲဗျာ၊ စိတ်ဆင်းရဲရတဲ့အထဲ ဒီအကြောင်းတွေကို မပြောပါနဲ့”
“မင်း ဒုက္ခရောက်နေတာကို ငါကြည့်နိုင်ဘူး”
“ကျွန်တော့် သားကိုတော့ ကျွန်တော် ချစ်တယ်ဗျာ”
“နို့ ကလေးကို ခေါ်ချင်သလား၊ ခေါ်ထားချင် ခေါ်ထားပေါ့”
“သူ့အမေကလဲ ထည့်မှာ မဟုတ်ဘူး၊ ကလေးကလဲ လိုက်မယ် မထင်ဘူး”
“ဒီလိုဆို သူ့အမေပါ ခေါ်ရမှာပေါ့။ ခေါ်ပါ၊ မင်းတို့ကို ငါလုပ်ကျွေးပါ့မယ်”

မောင်ခင်အောင်ကို ချစ်လှသောကြောင့် အမြ၏ ရင်ထဲတွင် မချိမဆန့် ခံစားနေရသော ဝေဒနာလုံးကြီးကို ထွင်းဖောက်ကာ ဤစကားရပ် များသည် သူမ၏ နှုတ်ဖျားကထွက်လာရသည်။ “မောင်ခင်အောင်သည် သူ့ကလေးကိုချစ်သည်။ မညွန့်ညွန့်ကိုလည်း တွေ့လိုက်သည်။ မိမိမှာ ဣတ္ထိယအစစ်မဟုတ်မှန်းလည်း သူသိနေပြီ။ မိမိကလည်း သူနှင့် မခွဲနိုင်၊ ထို့ကြောင့် လူကိုဆုံးဦးတော့ တအိမ်တည်း အတူနေ ရပြီး မောင်ခင်အောင်၏ မျက်နှာကလေးကို နေ့စဉ်မြင်နေရလျှင် တခါတည်းကွဲသွားရသည်ထက် တော်သေးသည်” ဟု တွေးတောကာ မြွေမသေ တုတ်မကျိုး စေ့စပ်ရေးလမ်းစဉ်ကို အမြ ခမျာ ချရရှာသည်။ ရင်ထဲမှာကား မချိမဆန့် ရှိလှသည်။

အမြ တိုက်တွန်းချက်အရ မောင်ခင်အောင်သည် မညွန့်ညွန့်တို့ သားအမိကို တွေ့ရှိရန် နေ့တိုင်း စနည်းနာထွက်သည်။ တရက်နှင့် လည်းမတွေ့ ၂ရက် ၃ရက်နှင့်လည်း လမ်းစမမြင်၊ ၇ ရက်သော်လည်း မရ၊ မိုးလင်းက မိုးချုပ်အထိ ထွက်၍ရှာနေသည်မှာ တလကျော် ခဲ့ပြီ။ ခေါင်းငိုက်စိုက်နှင့်သာ အိမ်ပြန်လာပြီး။ အမြက ဆီး၍မေးသောအခါ “သဲလွန်စ မရပါဘူး မမမြရာ၊ တွေ့တော့မှာလဲ မဟုတ်ပါဘူး ထင်ပါရဲ့”ဟု လက်လျှော့သည့်အလား ပြောလေ့ရှိသည်။ ထိုအခါ အမြက “ပျောက်သောသူ ရှာလျှင်တွေ့ ဆိုတဲ့စကား အရှိသားဘဲကွယ်၊ ဘယ်မတွေ့ဘဲ ရှိမလဲ၊ တွေ့ရမှာပေါ့၊ ကြိုးစားရှာပါဦး” ဟု အားပေးစကားပြောရသေးသည်။

မောင်ခင်အောင်သည် နေ့စဉ်ပင် အိမ်က ထွက်မြဲထွက်၍ ရှာမြဲရှာလျက်ရှိသည်။ ၂လနီးပါးခန့် ကြာသောအခါ မောင်ခင်အောင် အိမ်သို့ တည၌ပြန်မလာ၊ ဤသို့ မပြန်သဖြင့် အမြ တော်တော် စိတ်ပူမိသည်။ နောက်တရက်လည်း ပြန်မလာ၊ နောက် ၃ ရက်လည်းပြန်မလာ။ ၇ ရက်နှင့်လည်း ပြန်မရောက်။ ထို့ကြောင့် အမြသည် မောင်ခင်အောင်ကိုရှာရသည်။ စနည်းနာရသည်။ ဟိုဟို ဒီဒီ မေးရမြန်းရသည်။ မညွန့်ညွန့် နောက်လင်နှင့် တွေ့၍ အူများပွင့်ပြီးသေပြီလားဟု တွေးတော ပူပန်မိသည်။ တယောက်တည်း အိမ်မှာ နေရသည်ကလည်း ခြောက်လှသွေ့လှသဖြင့် မနေတတ်အောင် ရှိလှသည်။

မောင်ခင်အောင်သည် ၃လနှင့်လည်း ပြန်မရောက်၊ ၆လအထိလည်း သူ့သတင်း ဘာမျှမရ။ မောင်ခင်အောင်ကို မတွေ့ရသည့်ဆင်းရဲ ထက် ကြီးသောဒုက္ခသည် အမြအဘို့မရှိ။ ထို့ကြောင့် မိမိကိုယ်ကို သတ်သေရန် ကြံစည်မိ၏။ သားရေလှီးသည့် ဓားနှင့် ရင်ဝကို တအားထိုးလိုက်လျှင် လွယ်လွယ်ကလေးနှင့် သေနိင်သည်ကို သိ၏။ ဤသို့ သေလိုက်ပါက မောင်ခင်အောင်သည် မိမိအကြောင်း ဘာမှ မသိသဖြင့် အကြောင်းထူးမည် မဟုတ်။ စောင့်ဦးမည်ဟု စောင့်၏။ မောင်ခင်အောင်၏ သတင်းကိုသာ မေးနေ၏။ “မောင်ခင်အောင် အမြန်ပြန်လာပါ၊ မမစိတ်ပူနေသည်” ဟု သတင်းစာများတွင် ကြော်ငြာထည့်၏။ ၁၉၄၇ခုနှစ် ကုန်ခါနီးကထွက်သွားသော မောင်ခင်အောင် သည် ၁၉၄၈ခုလည်း ပြန်မလာ၊ ၁၉၄၉ ခုနှစ်မှာလည်း ပြန်မရောက်။ တိုင်းပြည်တခုလုံးမှာလည်း ပြည်တွင်းစစ် အမျိုးမျိုးကြောင့် ရှုပ်ထွေး ပွက်လောရိုက်နေပေပြီ။ ဤအရှုပ်ထဲတွင် သေသူတွေ အလွန်ပင် များသည်။ အမြသည် မောင်ခင်အောင်အတွက် သာ၍ မျှော်လင့်ချက် နည်းပေပြီ။ မောင်ခင်အောင် မရှိသောလောကတွင် မနေလိုသောကြောင့် သတ်သေဘို့ အကြိမ်ကြိမ် ကြံစည်မိသည်မှာ ၄၈ -၄၉ခုနှစ်အတွင်း ၁၀ကြိမ်ထက်မနည်းပေ။

၁၉၅၀ခုနှစ် တပေါင်းလလောက်တွင် မိတ်ဆွေတဦးက မောင်ခင်အောင်တို့ကို ဆင်းရဲနွမ်းပါးစွာ သုံးခွမြို့တွင် တွေ့ခဲ့ရကြောင်း လာပြော သည်။ ထိုနှစ် ထိုလပိုင်းလောက်တွင် အသွားအလာ အဆက်အသွယ်များ အတော်အသင့် ပြန်၍ ကောင်းလာပြီဖြစ်ရာ၊ ထိုသတင်းရပြီး နောက် တရက်တွင် အမြသည် အိမ်ကိုသော့ခတ်၊ အိမ်နီးချင်းများကိုအပ်ပြီး သုံးခွမြို့သို့ လိုက်သွားတော့သည်။ သုံးခွမြို့တွင် ပြည်တွင်း စစ်ပြေး ဒုက္ခသည်များ မနည်းလှပေ။ မောင်ခင်အောင်တို့ကိုမူ စရပ်ဟောင်းကြီး တခုထဲတွင် အခြား ဒုက္ခသည်များနှင့် အတူတွေ့ရသဖြင့် အမြရင်ထဲတွင် ဆို့သွားသည်။ မောင်ခင်အောင်မှာ အ၀တ်တထည် ကိုယ်တခုနှင့် ရှာပုံတော် ထွက်သွားသူဖြစ်သောကြောင့် သူ့တွင် အ၀တ်အစားမှ ကောင်းကောင်းမရှိ၊ သုံးခွသို့ရောက်ကတည်းက အလုပ်လက်မဲ့ ဖြစ်နေ၏။ ဤစစ်ပြေးစရပ်ထဲမှာပင် မညွန့်ညွန့်၏ မိခင်ကြီး သေဆုံးသွားသဖြင့် လူတယောက် လျှော့သွားသည်။ သို့ရာတွင် သူတို့၌ သမီးကလေး တယောက် နောက်ထပ်ရနေကြပြီ။ အခါလည် အရွယ်ပင် ရှိနေပေပြီ။

မောင်ခင်အောင် အသက်ရှင်နေမှန်းသိလျက်နှင့် ခွဲ၍နေရန် များစွာ ခက်ခဲဝန်လေးလှသော အမြသည် ဘာဘုပ်ရမည်နည်း။ လင်ရော မယားရော သားရော သ္မီးပါ အိမ်သို့ခေါ်ခဲ့ဘို့ပင်ရှိ၏။ ထို့ကြောင့်ခေါ်၏။ မလိုက်ချင်ကြ။ တခုခုကိုလန့်ပြီး စိုးရိမ်နေကြ၏။ “ငါကဘဲ လုပ်ကျွေးပါမယ်”စသည်ဖြင့် အကြိမ်ကြိမ်ချော့မော့ခေါ်မှ ရှိသမျှ ပစ္စည်းများထုပ်ပိုးပြီး လိုက်ခဲ့ကြ၏။ ရန်ကုန်သို့ရောက်သောအခါ မောင်ခင်အောင်တို့ကို အိမ်အပေါ်ထပ်မှာ နေရာချထားပေး၍ အမြကမူ တယောက်တည်း အောက်ထပ်မှာ နေရှာသည်။ အမြသည် သားရေအလုပ်ကိုကြိုးစားလုပ်ပြီး စားမြုံတခုလုံးအဘို့ ဖူလုံစေသည်။ မောင်ခင်အောင်နှင့်အတူအိပ်ပြီး တအိမ်လုံး ၂ယောက်တည်းနေရ သော ဘ၀ကား ဆုံးရှုံးခဲ့ပြီ။ သို့ရာတွင် မောင်ခင်အောင်၏ မျက်နှာကလေးကို မြင်နေရသေးသည့်အတွက် များစွာ သက်သာရပေ သေးသည်။ မောင်ခင်အောင်ကို မိမိ မပိုင်တော့။ မောင်ခင်အောင်၏ မျက်နှာထားမှာလည်း မိမိအပေါ်တွင် ရှေးရှေးကကဲ့ သို့ တပြုံးပြုံး တရွှင်ရွှင် လှိုက်လှိုက်လှဲလှဲ မရှိတော့။ ရေလိုက် ငါးလိုက်အနိုင်နိုင်၊ ခပ်တင်းတင်း ခပ်မာမာ ခဏခဏဆိုသကဲ့သို့ ဖြစ်နေ၏။

တနေ့တွင် အမြသည် မောင်ခင်အောင်အား အတူတွဲ၍ ဘိုင်စကုတ် မကြည့်ရသည်လည်း ကြာပြီ၊ ပြောစရာလည်း နည်းနည်းရှိ၍ သွားရ အောင်ဟု ခေါ်ရာ မောင်ခင်အောင်က မလိုက်။ ထို့ကြောင့် တယောက်တည်းပင် ဘိုင်စကုတ်ကြည့်ရန်ဆိုပြီး ထွက်သွားခဲ့သည်။ သို့ရာတွင် ဘိုင်စကုတ်ကိုကား မရောက်၊ တယောက်တည်းမို့ ကြည့်ချင်စိတ်လည်း မရှိ။ ထို့ကြောင့် အိမ်မှထွက်သွားပြီး၍ ၄၅မိနစ်ခန့် အကြာတွင်ပင် အိမ်သို့ပြန်ရောက် လာလေတော့သည်။ အိမ်သို့ အမြန်ပြန်ရောက်လာသည်ကို မောင်ခင်အောင်တို့ လင်မယားကမသိ၊ ကလေးတွေကလည်း အိပ်နေကြ၏။ ဤအိမ်မှာ မနေချင်ကြောင်း မညွန့်ညွန့်က မောင်ခင်အောင်အား အပူတိုက်နေသော စကားများကို အမြ ကြားရလေသည်။ “ရှင်မလိုက်ချင်ရင်နေ၊ ကျမနနဲ့ကလေးတွေချည်း ဆင်းသွားမယ်” ဆိုသော စကားကိုလည်း အမြ ကြားလိုက်ရ သေးသည်။ အမြသည် အသံပေး၍ တက်သွားသည်။ ထို့နောက် “ပြောင်းဘို့ရွေ့ဘို့တော့ မလုပ်ကြပါနဲ့ကွယ်၊ မင်းတို့ကို ရှာပုံတော်ကြီးနဲ့ ရှာခဲ့ရတာ ဗမာပြည် တနံတလျားလောက် ရှိပါလိမ့်မယ်။ ဒီအိမ်မှာဘဲ ချမ်းချမ်းသာသာနေကြပါ။ မမမြဘဲလုပ်ကျွေး ပါ့မယ်”ဟုပြောလိုက်လေသည်။ အမြက ဤသို့ပြောလိုက်သည်ကို မောင်ခင်အောင်သည် ဘာမှပြန်မပြော ငြိမ်၍သာ နားထောင်နေ သည်။ မညွန့်ညွန့်ကလည်း မလှုပ်ပေ။ မောင်ခင်အောင်အဘို့မှာမူ သောင်ပြင်တွင်ပေါက်နေကြသော ကိုင်းပင်မြက်ပင်ကြီးများကဲ့သို့ လေယူရာတိမ်း၍ ပါနေသည်။ မညွန့်ညွန့်ကိုလည်းချစ်၊ အမြကိုလည်း သနားသဖြင့် ပစ်၍မသွားနိုင်။

အမြသည် မညွန့်ညွန့်မမြင်ခိုက် မောင်ခင်အောင်ကို မီးဖိုထဲသို့အသာခေါ်သည်။ မောင်ခင်အောင်သည် ရှေးကကဲ့သို့ အမြအား ယုယုယယ ခါးကိုဖက်ကာ “ဘာလဲ မမမြ”ဟုမေးသည်။ “မင်းငါ့ကို တခါပစ်သွားဦးမလို့လား၊ ငါမင်းကို ဘယ်လောက်ချစ်တယ်ဆိုတာ မင်းသိတယ်မဟုတ်လား” ဟု မျက်ရည်တွေရွှဲနေသော မျက်လုံမျးားဖြင့် စိုက်ကြည့်ရင်းမေးသည်။ “ကျွန်တော်သိပါတယ် မမမြရယ်၊ မညွန့်ညွန့်က ဒီမှာ မနေချင်တော့ဘူးလို့ပြောနေတယ်။ အဲဒီအတွက် ခက်နေတာပါ”

“နို့သူမနေချာင်တော့ မင်းပါ လိုက်သွားမှာလား၊ သူနဲ့ငါ့ကို ဘယ်သူ့ပိုချစ်သလဲ”
“မမမြကိုလဲ ချစ်ပါတယ်၊ ခွဲပြီးလဲ မနေချင်ပါဘူး။ ဒါပေမဲ့ ကလေး ၂ယောက်က ရှိသေးတယ်။ သူ့ကိုခွဲနိုင်ပေမဲ့ ကျွန်တော့်ကလေး ၂ယောက်ကို မခွဲနိုင်ဘူး မမမြရယ်”
“သူဆင်းသွားချင်ရင် ဆင်းသွားပစေပေါ့။ ကလေး ၂ယောက်သာခေါ်ထားပါ။ ငါလုပ်ကျွေးပါ့မယ်”
“သူကလဲ ကလေးတွေရဲ့ အမေဖြစ်နေသေးတာကိုး မမမြရဲ့၊ ဒီကိစ္စဟာ တော်တော်ခက်တယ်ဗျာ၊ ဗြုံးကနဲ ဆုံးဖြတ်လို့မဖြစ်သေးပါဘူး။ စဉ်းစဉ်းစားစားလုပ်မှ ဖြစ်မှာပါ”

x           x           x

နောက် ၂ ရက်ခန့်ကြာသောအခါ အမြ အလုပ်လုပ်နေသည့်ရှေ့မှ ဖြတ်၍ ဘာမပြော ညာမပြော နှုတ်ပင်မဆက်ဘဲ မောင်ခင်အောင်တို့ လင်မယားနှင့် ကလေး၂ယောက်ပါ အထုပ်အပိုးကလေးများယူကာ အိမ်ပေါ်မှဆင်းကြတော့သည်။ အမြက မောင်ခင်အောင်ကို လိုက်ဆွဲကာ “ဒါ ဘယ်ကိုလဲ၊ ဘယ်သွားကြမှာလဲ” ဟုမေးသည်။ “သူပျော်တဲ့ဆီ ကျွန်တော်လိုက်နေဦးမယ် မမမြရယ်” ဟု မောင်ခင်အောင်က ပြောသဖြင့် လက်လျှော့ကာ သွားလိုရာသွားဟု သဘောထားလိုက်ရသည်။

အမြ၏ စိတ်ထဲတွင် တနေ့တော့ သူတို့ ဆင်းရဲဒုက္ခရောက်လိမ့်မည်။ သူတို့လင်မယားက အလုပ်မရှိ ကလေး ၂ယောက်နှင့် ဘယ်နည်းနှင့်မှ ဟန်ကျပန်ကျ ၀၀လင်လင် ရှိနိုင်မည်မဟုတ်။ တနေ့ ဒုက္ခတွေ့လို့ ပြန်လာမှဘဲ ငါလက်ခံထားရမှာဘဲဟု စဉ်းစားတွေးတောရင်း ငေးကာ ကျန်ရစ်ခဲ့တော့၏။

မောင်ခင်အောင်သည် အိမ်မှ ဆင်းသွားပြီး သုံးလေးရက်ကြာ်သော်လည်း တခေါက်မှ မရောက်လာ။ အမြမှာလည်း တကိုယ်တည်း ဟာလာ ဟင်းလင်းကြီး ဖြစ်၍ကျန်ရစ်တော့သဖြင့် အလုပ်လည်း ကောင်းကောင်းမလုပ်၊ ထမင်းပင် စားမိသည့် အခါမှ စားမိတော့သည်။ ၁၀ရက်ခန့်ကြာသော တနေ့တွင် အမြသည် စိတ်ချမ်းသာမှု ကိုယ့်ဖာသာပြုရရှာရမည်။ ဆင်းရဲစရာတွေ မေ့ပစ်မည်ဟုအောက်မေ့ကာ ရေမိုးချိုး၍မှန်ရှေ့တွင် အ၀တ်အစားလဲ၊ အလှအပပြုပြင်ရင်း သီချင်းများပင် ခပ်တိုးတိုး ဆိုနေမိသည်။ သီချင်းများမှာ သဘာဝအတိုင်း လင်တရူး ဆန်ဆန် သီချင်းကလေးများ၊ မောင်ခင်အောင်ကို လွမ်းသည့် သီချင်းကလေးများသာဖြစ်သည်။ အလှပြင် သီချင်းဆို၍ ကောင်းတုန်းအချိန်မှာပင် မောင်ခင်အောင်၏ အရိပ်သည် မှန်ထဲတွင် ပြုံးပြုံးကြီးပေါ်လာသည်။ အမြသည် အံ့အားလည်း သင့်၏။ သဘောလည်းကျနေသည်။

ထို့ကြောင့် -
“မောင်ခင်အောင် မင်းဒီအထိ ငါ့ကိုလှည့်စား ဒုက္ခပေးတုန်းဘဲလား” ဟုမေးလိုက်သည်။ မောင်ခင်အောင်က “ထမင်းဆာလိုက်တာ မမမြရယ်” ဟုပြန်ပြောလိုက်လေရာ အမြသည် များစွာ စိတ်ထိခိုက်သွားသည်။ “မွန်းလွဲချိန်အထိ သူ နံနက်စာမစားရသေးဘူး” ဟု စိတ်ထဲတွင် ဆိုမိသည်။

သေသေချာချာ လှည့်၍ကြည့်လိုက်သောအခါ မောင်ခင်အောင်၏ တကိုယ်လုံးမှာ ရေတွေမိုးတွေစိုနေသည်။ မောင်ခင်အောင်၏ နှုတ်ခမ်းမှာလည်း ပြာ၍ ကိုယ်ကလည်းတုန်နေသည်။ သူယူသွားသောကြောင့် ယောက်ျားဝတ်အထည်ဆို၍ ဤအိမ်တွင် ဘာမှ မကျန်တော့။ အမြသည် မောင်ခင်အောင်အား အ၀တ်တွေချွတ်ခိုင်းပြီး စောင်ကြီးနှင့် ထွေးခိုင်းလိုက်သည်။ အင်္ကျီနှင့် လုံချည်ကိုမူ သူကိုယ်တိုင် ရေညှစ်ပြီး လွှားလိုက်သည်။ ထို့နောက် ထမင်းဆိုင်သို့သွားကာ ထမင်းနှင့်ဟင်းများ ၀ယ်ပြီး မောင်ခင်အောင်ကိုကျွေး လေသည်။ ဘယ်လောက်ဆာနေသည် ဘယ်နှစ်နပ်ငတ်နေခဲ့သည်မသိ။ မ၀သေး၍ နောက်ထပ်တခါသွားဝယ်ပြီး ကျွေးပြန်တော့လည်း ကုန်အောင်ပင် စားနိုင်သေးသည်။ စောင်ပတ်ကြီးနှင့် စားနေသော မောင်ခင်အောင်၏ အနားမှ ကြုံ့ကြုံ့ကလေးထိုင်ကာ ကရုဏာကြီးလှ သော အမြက -

“မောင်ခင်အောင် မင်း အခုဘာလုပ်နေသလဲ”
“ကျွန်တော် အလုပ်မရှိလို့ခက်နေတယ် မမမြရဲ့”
“နို့ အခုဘယ်ကလာတာလဲ”
“အလုပ်လိုက်ရှာရင်းက ၀င်လာတာ၊ နေ့စဉ်ဒီလိုဘဲ လိုက်ရှာနေတာဘဲ၊ ရလဲမရသေးဘူးဗျာ”
“ဒီလိုဆိုရင်လဲ မင်းကောင်းကောင်း ကျွမ်းကျင်တဲ့ သားရေအလုပ်ဘဲ မမမြနဲ့အတူ လာလုပ်နေပါတော့လား။ မင်းရတဲ့ လက်ခ မင့်မိန်းမကို ပေးပေါ့။ ဒီတော့ သားသ္မီးတွေနဲ့ အသင့်အတင့် နေနိုင်စားနိုင်ရောပေါ့။ မင့်လုပ်ခထဲက ငါတပြားမှ မယူပါဘူး”

အမြက ဤသို့ပြောသော်လည်း မညွန့်ညွန့်က မောင်ခင်အောင်အား ဤအိမ်တွင် အလုပ်လာလုပ်သည်ကို မည်သည့်နည်းနှင့်မျှ ကြိုက်မည် မဟုတ်သည်ကို မောင်ခင်အောင်သိသည်။ ထို့ကြောင့် အမြ၏စကားများကို ဘာမျှမပြန်၊ ငြိမ်၍သာ နားထောင်နေသည်။ အမြကလည်း ဤအကြောင်းများကိုရိပ်မိသည်။ ညနေ လုံချည် အင်္ကျီများခြောက်၍ မိုးစဲသည့်အချိန်တိုင် မောင်ခင်အောင်နှင့် အမြတို့ သည် နှစ်ပေါင်းများစွာ ကွဲကွာနေရသော ဇနီးမောင်နှံပမာ အားရပါးရ စကားတွေပြောနေကြတော့သည်။ မောင်ခင်အောင်ပြန်သွားသော အခါ လမ်းဓာတ်မီးများပင် ထွန်းပြီးနေလေပြီ။

အမြသည် ရှေးကကဲ့သို့ အလုပ်ကို ကြိုးစားပြီး မလုပ်တော့။ တ၀မ်း တခါးဖြစ်သဖြင့် ဘာလုပ်စရာလိုသေးသလဲဟုလည်း ခပ်ထွေထွေ စိတ်အလိုက် တွေးတောမိသည်။ ဟိုထွက်လည် ဒီထွက်လည်၊ လည်နေသည့် ရက်တွေကလည်း မနည်းတော့ချေ။ မောင်ခင်အောင်လည်း ၅ ရက်တခါ၊ ၇ရက်တခါလောက်မှ အိမ်ကိုရောက်လာတတ်၏။ ရောက်လာသည့်အခါလည်း စားစရာသာတောင်းလေ့ရှိ၏။ အမြနှင့်နေစဉ် က ကောင်းကောင်းစား၍ လွယ်လွယ်သုံးနေသူဖြစ်လေရာ ယခုသော် ရှားပါးခြင်း ဒုက္ခကို အတော်ပင် ခံနေရပေပြီ။ တခါတရံလည်း တလေနေ၍ တခေါက် မရောက်ဘဲ နေပြန်၏။ တခါတလေလည်း ရောက်လာပြီး ညပင်အတူအိပ်သွားသေး၏။ တခါတလေလည်း ပေါ်မလာဘဲနေပြန်၏။ ညအိပ် သွားသောရက်များမှာ နေရေး ထိုင်ရေး စားရေးသောက်ရေး ၀တ်ရေးတို့ကို အကြောင်းပြု၍ မညွန့်ညွန့် နှင့် ရန်ဖြစ်လာသော နေ့ရက်များ ဖြစ်ဟန်တူလေသည်။

သို့နှင့် ၁၉၅၂ခုနှစ်၊ နှစ်ဦးလ၊ တနေ့သော နံနက်ခင်းတွင် အမြသည် ကုက္ကိုင်းလမ်းအတိုင်း ခြေလျင်လျောက်သွားရာ ဆောက်နေသော တိုက်သစ်ကြီး ထိပ်ဖျားတွင် ရေပုံးတပုံးနှင့် လူငယ်တယောက်ကို မြင်သဖြင့် ငေး၍ရပ်ကြည့်နေမိ၏။ အိမ်သို့ပေါ်မလာသည်မှာ ကြာပြီဖြစ် သော မောင်ခင်အောင်နှင့် တူလွန်းသဖြင့် ကြည့်နေမိခြင်းဖြစ်လေသည်။ သေသေချာချာကြည့်လေ တူလေရှိလှသဖြင့် အလုပ်သမားများ အလုပ်နား၍ နံနက်စာ စားချိန်အထိ စောင့်နေသည်။ ဟုတ်သည်။ မောင်ခင်အောင်ပင်ဖြစ်သည်။ အခြား ပန်းရံအလုပ်သမားများနည်းတူ ချိုင့်ကလေးဆွဲကာ အရိပ်တခုတွင်ထိုင်ပြီး ထမင်းစားနေသည်။ အမြသည် နောက်ကဖြည်းဖြည်းသွားကာ မောင်ခင်အောင်စားနေသော ချိုင့်ထဲသို့ ငုံ့ကြည့်လေသည်။ ပဲပုပ်ချက်တခွက်နှင့် ဘရာကြော်တချပ်သာတွေ့ရ၏။ ထိုအခါ အမြ မျက်ရည်မဆည်နိုင်။ “မင်း ဒီလောက်ဘဲ ဆင်းရဲနေသလား မောင်ခင်အောင်” ဟု ခပ်တုန်တုန် နှုတ်ခမ်းများဖြင့် မေးမိသည်။ မောင်ခင်အောင်က မော့ကြည့်၏။ ထို့နောက် သူ့ကိုပြောသည်ဟုပင် မယူဆသောအနေမျိုးဖြင့် ငုံ့၍စားမြဲစားနေတော့သည်။

အမြအဘို့ ဤနေ့သည် စိတ်မချမ်းသာဆုံးသော နေ့တနေ့ဖြစ်၏။ ယခင်အခါက ဟင်းမကောင်းလျှင် ထမင်းမစားသော မောင်ခင်အောင်၊ ဘရာကြော်ကို သွားရည်စာ အဖြစ်ပင် မစားချင်သော မောင်ခင်အောင်သည် ယခုဘရာကြော်ကို ဟင်းကောင်းလုပ်၍ စားနေရသည်။ သူ့အသားတွေမှာလည်း နေလောင်၍ညိုမဲနေပြီး ၀တ်ထားသည့်အ၀တ်မှာလည်း စစ်တပ်က ပစ်ထားခဲ့၍ အရောင်အဆင်း မရှိတော့သော စွပ်ကျယ်စိမ်းမျိုးနှင့် ဘောင်းဘီစုတ်သာ ဖြစ်သည်။ လုပ်ရသည့်အလုပ်ကလည်း အစွန်းအဖျားမှကျ၍ သေတတ်သော အလုပ်မျိုးဖြစ်သည်။ မောင်ခင်အောင်၏ ဤဘ၀ကို အမြ ကြာကြာ ကြည့်မနေနိုင်၊ မြန်မြန် အိမ်သို့ပြန်ခဲ့ပြီး အိမ်သို့ရောက်မှပင် ခေါင်းအုံးပေါ် မှောက်၍ အသံထွက်အောင် ငိုချလိုက်တော့သည်။

ထိုနေ့ကစ၍ အမြ အိမ်ကမထွက်၊ ဘယ်မှလည်း မလည်တော့၊ မိမိမှာမူ ဆီများများပါသည့် ဟင်းကောင်းများနှင့် စားနေပြီး၊ မောင်ခင်အောင်မှာ မသေရုံ စားနေရသည်ဟု တွေးတောကာ တမှိုင်မှိုင် တတွေတွေနှင့် စိတ်ဆင်းရဲ၍သာ နေရတော့သည်။

မောင်ခင်အောင် ပေါ်မလာသည်မှာလည်း ကြာပေပြီ။ ယခင့် ယခင်က မောင်ခင်အောင်နှင့်အတူတွဲလျက်သွားနေကျဖြစ်သော ရုပ်ရှင်၊ ပွဲလမ်းသဘင်၊ ပျော်ပွဲ စသည့်လမ်းမကြီးများမှာလည်း ယခုသော် အမြ အဘို့ ခြောက်သွေ့လှသည်။

မိုးကလေး တဖွဲဖွဲရွာနေသည့် တနေ့သော ညတည ၉နာရီအချိန်ခန့်တွင် အမြသည် အိပ်တော့မည်ဟု အိမ်တံခါးကိုပိတ်ပြီး အိမ်ထဲတွင် ဟိုဟို ဒီဒီ တံမြက်စည်းလှဲနေသည်။ ထိုအချိန်တွင် တံခါးခေါက်သံ ကြားရသဖြင့် အပေါက်မှ ချောင်းကြည့်လိုက်ရာ မောင်ခင်အောင် ဖြစ်နေသည်။ သူ့လက်ထဲမှာလည်း ၆လက်မခန့်ရှိ ဓားတချောင်း ပါလာသည်။ ဤအိမ်သာ မဟုတ်ဘဲ အခြားအိမ် တအိမ်သို့ ဤညမျိုး ဤအချိန်မျိုးတွင် ဤအတိင်းသွားပါက မောင်ခင်အောင်သည် ဧကန်မုချ ရာဇ၀တ်မှုသင့်ပေတော့မည်။ မောင်ခင်အောင်ဖြစ်နေသော ကြောင့် ဘာဖြစ်ဖြစ်ဆိုပြီး အမြက ဖွင့်ပေးလိုက်၏။

အိမ်ထဲသို့ရောက်သောအခါ မောင်ခင်အောင်သည် တစုံတခု အဓမ္မလုပ်ရန်အတွက် စိတ်တင်းလာသည့် မျက်နှာနှင့် တော်တော်ပင် ရုန့်ကြမ်းနေသည်။

“မင်း ဘာဖြစ်လာတာလဲ မောင်ခင်အောင်” ဟု အမြက မေးလိုက်သည်။
“ကျွန်တော် ငွေသိပ်လိုနေတယ်ဗျာ၊ အလုပ်ကလဲတနေ့မှ ၃ိထဲဝင်တယ်။ အလုပ်မဆင်းရတဲ့နေ့ကလဲ ရှိသေးတယ်၊ အခုအိမ်မှာ စားစရာ မရှိဘူးဗျ။ ကလေးတွေကလဲ ငိုနေတယ်၊ မိန်းမကလဲ မမာဘူး”
“ကောင်းကောင်းမွန်မွန် ဖူဖူလုံလုံ နေရတဲ့ဆီမှာတော့ မနေကြဘဲနဲ့ ငါ့ကိုကန်ဆင်းသွားတဲ့ဆီအထိ ငါကလိုက်ပြီး လုပ်မကျွေးနိုင်ဘူး မောင်ခင်အောင်”
“အခု စားစရာမရှိဘူးဗျ၊ လူမမာကလဲ တဘက်”
“မင်းအတွက် မင်းကလေးနှစ်ယောက်အတွက်ဆိုရင် ဘာမှကိစ္စမရှိဘူး၊ လာခဲ့ကြ။ မင်းရဲ့ကလေးတွေလဲ ငါ့ကလေးတွေဘဲလို့ သဘောထားနိုင်တယ်။ ငါခေါင်းနဲ့လုပ်ကျွေးမယ်။ မင့်မိန်းမအတွက် ငါဘာမှ မပေးနိုင်ဘူး၊ မင်းဘယ်တော့မှ လာမပြောနဲ့”

ချိုချိုသာသာနှင့်ရမည် မဟုတ်ဟုသိသော မောင်ခင်အောင်သည် အမြကို အတင်းဖက်ကာ အမြ၏လက်ဝတ်လက်စားများကို လုတော့ သည်။ အမြလည်း ရုန်းကန် တွန်းဖယ်သည်။ အော်ကား မအော်။ ထို့ကြောင့် အိမ်နီးနားချင်းများ မသိကြ။ ပစ္စည်းအသင့်ရလျှင်ရချင်း မောင်ခင်အောင်သည် အိမ်ပြင်သို့ပြေးထွက်ကာ မှောင်ရိပ်ခို၍ ပျောက်သွားတော့သည်။ သံယောဇဉ်ကြီးလှသော အမြသည် မျက်စိတဆုံး လိုက်၍ ကြည့်နေသည်။ ရဲနှင့်များ တိုးမိနေမလားဟုလည်း စိုးရိမ်နေရှာသည်။ မောင်ခင်အောင် ပေါ်မလာပြန်လျှင်လည်း “မောင်ခင်အောင် ပေါ်မလာပြန်ဘူး ဘာများဖြစ်နေသလဲ။ တခြားဆီများ ဟိုတနေ့ညကလို လိုက်လုပ်လို့အဘမ်းများ ခံနေရသလား” စသည်ဖြင့် အမြတယောက်တည်းတွေး၍ ပူနေမိပြန်သည်။ “သူမလာတာ၅ရက်ရှိသွားပြီ။ ၇ ရက်ရှိသွားပြီ။ ဒီကနေ့ဆိုရင် ၁၁ရက်ဘဲ” စသည်ဖြင့်လည်း တွက်နေသေးသည်။ ၁၂ရက်မြောက် နေ့ခင်းနာရီပြန် ၂ချက်အချိန်လောက်တွင် မောင်ခင်အောင်ပေါက်လာသည်။ သူသည် ထမင်း၀၀ခါးလှလှနှင့် ရွှင်ပျသော မောင်ခင်အောင်မျိုးမဟုတ် သူ့ရုပ်သူ့ရည်မှာလည်း ပင်ပန်းဆင်းရဲသော ဒဏ်ကြောင့်ကြုံလှီ သည်။ အသားအရေများလည်း ညစ်ထေးလှသည်။ အ၀တ်အစားကလည်း မပြောင်၊ မပြောင်ရုံသာမက ညစ်ပေနေလေပြီ။ ဦးခေါင်းကို လည်း ဆီမရောက်သည်မှာ တော်တော်ကလေးကြာပုံရသည်။ အမြက ဆီးပြီး -

“ဒါဘယ်က လာတာလဲ မောင်ခင်အောင်”ဟုမေးလိက်၏။
“ဒီလာတာပါဘဲဗျာ”
“ဆာလာသလား၊ ဘာစားချင်သလဲ”
“ကျွန်တော်ဆာတာ ကိစ္စမရှိပါဘူးဗျာ”
“နို့ဘာဖြစ်ပြန်သလဲ”
“အိမ်မှာ စားစရာမရှိဘူး။ မိန်းမကလဲ တော်တော်ဖြစ်နေတယ်”
“ဒါဘဲ မောင်ခင်အောင်၊ မင့်မိန်းမအတွက်ဆိုရင် ငါ့ဆီမလာနဲ့။ တပြားမှ ငါမပေးနိုင်ဘူး”
“ပေးဦးဗျာ၊ စားစရာမှ မရှိတာ။ သူကလဲ တော်တော် ဖျားတယ်ဗျ”
“ဟေ့ မပေးနိုင်ဘူး၊ မပေးနိုင်ဘူး”
“မပေးလို့ ဘယ်ဖြစ်မလဲဗျ။ ကျွန်တော်လဲ ဆိုင်သလောက်ဆိုင်သေးတာ”
“မပေးနိုင်ဘူးကွာ”

မောင်ခင်အောင်သည် စကားဆက် မပြောတော့ဘဲ ခေတ္တမျှငြိမ်သွားသည်။ ထို့နောက် အတင်းပင် အမြကိုထဖက်ကာ ခါးထဲမှ သေတ္တာသော့ကို လုသည်။ အမြက ရုန်းကန်ဖယ်ရှားသည်။ သို့ရာတွင် မောင်ခင်အောင်က လက်ဦးနေလေပြီ။ ပြန်လုံး၍လည်း မနိုင်နိုင်၊ မောင်ခင်အောင်က သေတ္တာကို ပြေးဖွင့်ပြီး အလွယ်တွေ့သမျှ ငွေကိုဆုပ်ယူကာ ထွက်သွားသည်။ သော့ပါယူသွားသည်။ အမြက “သော့ပေးခဲ့”ဟု ခပ်တိုးတိုးပင်တောင်းသည်။ သူက မပေးခဲ့။ အမြကလည်း အိမ်နားနီးချင်းများကြားအောင် အော်ဟစ်၍မပြော၊ အိမ်နားနီးချင်းများကလည်း မောင်ခင်အောင် ၀င်သည် ထွက်သည်၊ တခါတလေ စကားများတတ်ကြသည်၊ တခါတလေ ချစ်နေတတ်ကြ သည်များကို သိနေပြီးသားဖြစ်ကြသောကြောင့် ဂရးမစိုက်ကြတော့ပေ။

ရှေးနည်းအတူ မောင်ခင်အောင် အမြထံသို့ ပေါ်မလာပြန်။ ဤတကြိမ်တွင် တလနီးပါးမျှ ကြာသွားလေပြီ။ မောင်ခင်အောင်မှာ အမြအဘို့ မောင်ဆိုးသားဆိုးကလေးလို ဖြစ်နေသည်။ ပစ်လည်းမပစ်နိုင်၊ လာလာပြီး အဓမ္မလုယက်ယူငင်နေသည်ကိုပင် ကလိထိုးသည် ဟု ထင်သယောင်ဖြစ်မိသည်။ မလာပြန်လျှင်၊ အထူးအားဖြင့် ရက်တွေ အတော်များများ ကြာအောင် မလာဘဲနေလျှင် မျှော်၍နေမိသည်။ တမ်းတ၍သာ နေမိသည်။ မောင်ခင်အောင် လာပြန်ပြီ။ တလ တရက်လျော့သောနေ့မှာ ရောက်၍လာသည်။ နေ့လယ်ပိုင်းပင်ဖြစ်သည်။ ရှေးကကဲ့သို့ပင် ငွေတောင်းသည်။ သူရသင့်သည်ကို ပေးပါဟုဆိုသည်။ သူ့မိန်းမ မမာနေကြောင်းကို ပြောပြန်သည်။ သူ့မိန်းမဆို၍ အမြက တပြားမှ မပေးချင်။ သို့ရာတွင် အတင်းလုယူပြန်လျှင်လည်း ပေးလိုက်ရသည်ချည်း ဖြစ်သောကြောင့် “ငါ့ကိုသော့ပေး” ဟုတောင်းလိုက်သည်။ ရုတ်တရက်သော် မောင်ခင်အောင်ငေးနေသည်။ တွေနေသည်။ ထို့နောက် သေတ္တာသော့ကို အမြလက်သို့ ပေးလိုက်သည်။ အမြသည် မဆိုင်းမတွ သေတ္တာကိုဖွင့်ပြီး ငွေများကို ယူကာ ၂ပုံ ပုံလိုက်၏။ တပုံလျှင် ၅၀၀ိကျော်ကျော်လောက် ရှိလိမ့်မည်။ “ကဲ မင်း တပုံ ငါတပုံ၊ ရှိတာ ဒါအကုန်ဘဲ၊ မင်းတို့ကို အိမ်ပေါ်တင်ပြီးလဲ ငါလုပ်ကျွေးခဲ့ပြီ၊ မင်းလာယူတာတွေကလဲ မနည်းလှ ဘူး၊ ငါအလုပ် ကောင်းကောင်း မလုပ်နိုင်တာလဲကြာပြီ၊ စပြီး ပြန်လုပ်တာမှ တလလောက် ရှိဦးမယ်။ ကဲ မင်းဝေစု မင်းယူသွား တော့၊ မင်းမိန်းမ မမာတဲ့ အတွက်လဲ ငါဘာမှ တာဝန်မယူနိုင်ဘူး၊ သွားတော့” ဟုပြောလိုက်သည်။ မောင်ခင်အောင်သည် ဆိုင်ရာငွေပုံကို ကောက်ယူပြီးလျှင် ထပြန်သွားသည်။ စကားဆို၍ ဘာတခွန်းမှ ပြန်မပြောခဲ့။

သို့ရာတွင် အမြသည် မောင်ခင်အောင် တယောက် အလည်အပတ်ပင် မလာပြန်သောအခါ “ဘာများဖြစ်နေပါလိမ့်၊ သူကိုယ်တိုင်ပင် မကျန်းမမာဖြစ်နေ၍လော၊ သူ့မိန်းမပင် ဘယ်လိုဖြစ်လို့လဲ၊ ကလေးတွေပင် နေမကောင်းလို့လား၊ အလုပ်သွားပြီး အိမ်ပြန်ရောက်တော့ တခါ ထမင်းချက်နေရသေးလို့လား၊ ငါပြောလိုက်တဲ့ စကားတွေကြောင့် စိတ်နာကြည်းသွားလို့လား” စသည်ဖြင့် “လို့ လား”ပေါင်းများစွာ နှင့် အမြ တယောက်တည်း “လို့ လား”နေရှာပြန်သည်။

အမြ တောင့်တလွန်း၍ကား ဟုတ်ချင်မှ ဟုတ်ပေမည်။ မောင်ခင်အောင် ပေါက်လာလေပြီ။ ၁၉၅၂ ခုနှစ်၊ နှစ်ဦးပိုင်းနေ့တနေ့ နေ့လယ်ပိုင်းမှာ ဖြစ်သည်။ သူ့မျက်နှာမှာမှုန်လှသည်။ အခက်အခဲ အကျပ်အတည်းများနှင့် ရင်ဆိုင်တိုက်ခိုက်ရလွန်းသဖြင့် ဤသို့မှုန် နေ သုံနေခြင်းဖြစ်ရာ။ ယခုတကြိမ်၌လည်း ဒသကချိုင်ဘို့လာခြင်းပင် ဖြစ်ပေသည်။

မောင်ခင်အောင်ကို မြင်ရ၍ အမြ ၀မ်းသာသည်။ သို့ရာတွင် တခုခု မသာမယာဖြစ်မည်ကိုမူ စိုးရိမ်သည်။
“မောင်ခင်အောင် မင်း ဘယ်ကလာတာလဲ၊ အခု ဘာအလုပ်ရသလဲ”
“ဒီလာတာဘဲဗျာ၊ ဘာအလုပ်မှလဲ မရဘူး၊ ဒါကြောင့် ဒီလာရတာဘဲ”
“ဒီတခါတော့ ငါမတတ်နိုင်ဘူး မောင်ခင်အောင်”
“ရှိတာပေးပေါ့၊ ရှိသလောက်ပေးပေါ့”

မောင်ခင်အောင် အကြမ်းဖက်မည်ကို အမြရိပ်မိသည်။ ထို့ကြောင့် သတိနှင့်နေသည်။ “ငါ့မှာ ဘာမှမရှိတော့ဘူး၊ မင်းယူလို့ကုန်ပြီ။ ငါ့ကိုသာ သတ်သွားတော့” ဟုဆိုလိုက်သည်။ မောင်ခင်အောင်သည် အမြ အနားသို့ပြေးလာကာ သော့ကိုအတင်းလုသည်။ အမြက ရုန်းကန်သောအခါ သူက အတင်းထိုးကြိတ် ဖက်လှဲသည်။ အမြ၏ လည်မျိုကို ညှစ်သည်၊ ခြေထောက်နှင့် ကန်သည်။

“တသက်လုံးပြုစုလာတဲ့ ကျေးဇူးတွေ ဆပ်တာလား မောင်ခင်အောင်”ဟု မခံနိုင်၍ အမြက အော်မေးလိုက်သည်။ အသံတော်တော် ပင်ကျယ်သွားသည်။ မောင်ခင်အောင်ကမူ ဘာမှပြန်မပြော၊ အကြမ်းဖက်၍ ထိုးကြိတ်သည်။ လုယက်ဘို့သာ အားထုတ်သည်။ အမြတွင် အချစ်စိတ်များပျောက်၍ ဒေါသစိတ်များ လွှမ်းသွားပေပြီ။ ထို့ကြောင့် ထရံတွင် ညှပ်ထားသော သားရေလှီးဓားကို ဆွဲပြီးလျှင် အနီးသို့တိုး လာသော မောင်ခင်အောင်ကို ပွေ့ထိုး ထိုးလိုက်ရာ မောင်ခင်အောင်မှာ သွေးအိုင်ထဲတွင် ခွေလျက်လဲကျသွားတော့သည်။ အမြလည်း ဒေါသ အလျောက်ပြုမိမှားသည်ကိုသိကာ ယူကြုံးမရဖြစ်ပြီးလျှင် မောင်ခင်အောင်၏ အလောင်းကိုမချဘဲ မျက်နှာချင်းအပ်ကာ နာရီဝက်မျှ ငိုနေသည်။ မိမိကိုယ်ကို ဤဓားနှင့်ပင် သတ်သေရန်ကြံသည်။ သို့ရာတွင် အဖန်ငါးရာ ငါးကမ္ဘာဆိုသော စကားကိုကြားဘူးထားသော ကြောင့် မလုပ်ဝံ့ဘဲရှိတော့သည်။

အမြတို့အိမ်ကို အိမ်နီးနားချင်းများက ဂရုစိုက်လေ့မရှိ။ ထို့ကြောင့် လူတယောက်သေသည့် အမှုကြီးဖြစ်သည်ကို မည်သူမျှမသိ။ အမြအဘို့ လူ့ပြည်မှာ မနေချင်၊ မောင်ခင်အောင်ကဲ့သို့သာ သေချင်သည်။ ထို့ကြောင့် ဂတ်သို့ကိုယ်တိုင် သွားတိုင်လျှင် လူသတ်မှုနှင့် အမှုလုပ်ပြီး သူ့ကို တရားသူကြီးက သတ်ပေးလိမ့်မည်ဟု သူထင်သည်။ ထို့ကြောင့် ဂတ်သို့သွားပြီး “လူသတ်လာလို့ ဘမ်းပါ။ နောက်ပြီး မြန်မြန်သတ်ပါ”ဟု ပြောကာ တိုင်ချက်ဖွင့်သည်။ ပဌမတွင် ရဲအရာရှိများ အံ့အားသင့်နေကြ၏။ ထို့နောက်မှ အမြပြောသော လိပ်စာအတိုင်း သူ့အိမ်သို့လိုက်သွားပြီး မောင်ခင်အောင်၏ အလောင်းကို စစ်ဆေးရသည်။ အမြကိုမူ တကယ်ပင် မိန်းမထင်သော ကြောင့် ယောက်ျားအချုပ်သမားများနှင့် ခွဲ၍ချုပ်ထားလိုက်သည်။ ထောင်ကြီးချုပ်သို့ ပြောင်းရွှေ့ပို့သောအခါ၌ တလာစီ (တကိုယ်လုံးကို လှန်လှောရှာခြင်း)မှပင် မိန်းမ မဟုတ်မှန်းသိ၍ မိန်းမထောင်မှ ယောက်ျားထောင်သို့ ပြောင်းရသည်။ ရုံးတွင် အမြက သူသတ်ကြောင်း ဖြောင့်ချက်ပေးသည်။ “သေမိန့်ပေးပါ”ဟုလည်း တောင်းဆိုသည်။

တရားသူကြီးကား ရက်စက်လှသည်။ အမြကို အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၀နှစ်သာ အပြစ်ဒဏ်ပေးလိုက်သည်။ ထို့ကြောင့် အလွန်သေချင်၍ သေဆုတောင်းနေသော အမြ တယောက်မသေရ။ ၇နှစ်ကျော် အပြစ်ဒဏ်အပေးခံရသည့်နှစ်ကြီးသမားများကို ပို့လေ့ရှိသည့် အင်းစိန်ထောင်ကြီးသို့ ရန်ကုန်ထောင်ကြီးချုပ်မှ အစိုးရတို့က ပို့လိုက်လေသည်။

မိတ်ဆွေများက တရားချသောကြောင့် အမြသည် သတ်သေဘို့၊ အမြန်သေရဘို့ မကြံစည်တော့။ ကောင်းမှုကုသိုလ်ပြုကာ ရှေ့ဘ၀တွင် ဒုက္ခတွေမကြုံရဘဲ မောင်ခင်အောင်နှင့် အတူနေရဘို့သာ ဆုတောင်း အားထုတ်ရှာသည်။ အင်းစိန်ထောင်ကြီး ဘိနပ်ချုပ်သားရေရုံတွင် အလုပ်ဆင်းနေရရာမှာ ဆဋ္ဌသင်္ဂါယနာတင် ပွဲတော်ကြီးကိုအကြောင်းပြု၍ လျှော့ရက်များရသဖြင့် အမြတယောက် လွတ်သွားပေပြီ။

(ပြီးပြီ)

လူထု ဦးလှ

Credit: လူထုဦးလှ - ထောင်နှင့်လူသား

စာကြွင်း ။   မူရင်းစာအုပ်တွင်ပါသော စာလုံးပေါင်းသတ်ပုံအတိုင်း တတ်နိုင်သမျှတူအောင် ကူးပြီးစာစီထားပါသည်။ ချို့ယွင်းချက်ရှိပါက စာရိုက်သူ ကျွန်တော့်တာဝန်သာဖြစ်ပါသည်။

1 comment:

Thet Zaw Aung said...

ဇာတ်လမ်းကောင်းလေးတစ်ခုကို ပြန်လည်မျှဝေပေးတဲ့အတွက် ကျေးဇူးပါအကို