Wednesday, February 18, 2015

သူငယ်ချင်းတွေကို ဘယ်လိုပြောရမယ် (How to Come Out to Your Friends)


 ‘လူဟူသည် လူမှုသတ္တ၀ါ (social animal) ဖြစ်သည်’ဟု ဆိုလေ့ရှိကြပါတယ်။

လူတစ်ယောက်ဖြစ်သော စာဖတ်သူ အနေဖြင့် မိမိအရင်ရှိနှင့်နေတဲ့ အခြားလူများကြားတွင် မွေးဖွားကာ ၄င်းတို့မှာ ရှိနှင့်သော ဘာသာစကား၊ ယဉ်ကျေးမှု၊ ကိုးကွယ်သည့် ဘာသာ၊ မျိုးနွယ်စရိုက်၊ ဒေသစရိုက် စသည်များကို ထိတွေ့မှတ်သားရင်း ကြီးပြင်းကြ ရပါတယ်။

ဒါကြောင့် ကနဦးအစမှာ မိမိမွေးဖွားကြီးပြင်းရာ ပတ်ဝန်းကျင် လူမှုအဖွဲ့အစည်းရဲ့ အယူအဆများ၊ ထုံးဓလေ့ အစဉ်အလာများကိုပင် အမှန်များ၊ စံများအဖြစ် ခံယူတတ်ကြပြီး တဖြည်းဖြည်း အခြားသော လူမှုဝန်းကျင်များ၊ မတူသော လူမျိုးအ၀န်းအ၀ိုင်းများ၊ ရေခြားမြေခြား ဒေသများနှင့် တွေ့ထိသိကျွမ်းရသည့်အခါတွင်မှ မိမိယဉ်ကျေးမှုနှင့် သူ့ယဉ်ကျေးမှု မတူကွဲပြားပုံ၊ မိမိ လူမျိုးဓလေ့စရိုက်နှင့် သူ့လူမျိုး ဓလေ့စရိုက် မတူကွဲပြားပုံ၊ သူ့မြို့ပြရပ်ရွာစနစ် သူ့နိုင်ငံရေး စီးပွားရေးစနစ်နှင့် မိမိရပ်ရွာစနစ် မိမိနိုင်ငံရေး စီးပွားရေးစနစ် မတူကွဲပြားပုံ စသည်တို့ကို တွေ့မြင်ကာ ထိုမှဆက်ကာ လူအားလုံးတို့မှာ တူညီစွာရှိတတ်သည့် ယေဘုယျသဘာဝများ ၊ လူမျိုး-ဘာသာ-ဒေသ အလိုက် သီးခြားစီရှိတတ်သည့် မတူကွဲပြားသော လူမှုလက္ခဏာများကို တဖြည်းဖြည်းခွဲခြားရိပ်စားမိလာရတတ်ပါတယ်။

ကဲဟုတ်ပါပြီ လူတစ်ယောက်အနေနဲ့ လူမှုအဖွဲ့အစည်းထဲဝယ် သူငယ်ချင်းမိတ်ဆွေများနဲ့ ပေါင်းသင်းဆက်ဆံနေထိုင်ကြတာ ဘဘာဝ တစ်ခုဆိုတာ ပြောပြီးပါပြီ။ ကနဦးအစပိုင်းမှာ မွေးဖွားကြီးပြင်းရာ ပတ်ဝန်းကျင် လူမှုအဖွဲ့အစည်းရဲ့ အယူအဆများ၊ ထုံးဓလေ့ အစဉ် အလာများကိုပဲ အမှန်များ၊ စံများအဖြစ် လူအများစုက ခံယူတတ်ကြတယ်ဆိုတာကိုလည်း ထပ်လောင်းပြောပြခဲ့ပါတယ်။ ဆိုတော့ကာ အဆိုပါလူအများစု ထိတွေ့ခံစားဖြစ်တည်နေကြတဲ့ လိင်စိတ်တိမ်းညွှတ်မှုကိစ္စရပ်တွေသည် သမရိုးကျမြင်နေကြ အသွင် တစ်ခုအဖြစ် ဆောင်နေပြီး အခုစာရေးသူပြောပြမယ့် လိင်စိတ်တိမ်းညွှတ်မှုကွဲပြားတဲ့ကိစ္စ ဖွင့်ဟပြောဆိုခြင်းပြုလုပ်လိုက်မယ်ဆိုရင် အပေါင်းအသင်း ကဏ္ဍ၀ယ် အနှုတ်လက္ခဏာတစ်ရပ်အသွင်ဆောင်မလား သို့မဟုတ် သူငယ်ချင်းမိတ်ဆွေအားလုံးကိုဆုံးရှုံး ရမည်ဆိုသော စိုးရိမ်မှုများ စာဖတ်သူခံစားမိတော့မှာပါ။ ဘာကြောင့်လဲဆိုတော့ စာရေးသူပြောခဲ့သလိုပါပဲ မိမိ လတ်တလောရှင်သန်နေထိုင်နေကြတဲ့ အ၀န်းအ၀ိုင်း မှာရှိတဲ့ လူအများစုက ကိုယ်ဖွင့်ဟပြောဆိုလိုက်တဲ့ လိင်မှုကိစ္စတိမ်းညွှတ်မှု အကြောင်းအရာအပေါ် မှားယွင်းမှုတစ်ရပ်အသွင် အဦးဆုံး ရှုမြင်ကြမှာ သေချာသလောက်မို့ဖြစ်ပါတယ်။

အခု စာဖတ်သူဖတ်ရမည့် အကြောင်းအရာတွေကတော့ အဆိုပါအခြေအနေတွေအပေါ် ဘယ်လိုဆိုတာ ခြုံငုံသုံးသပ်ဖို့၊ ဖွင့်ဟပြောဆိုဖို့ နည်းလမ်း သို့မဟုတ် စာဖတ်သူကိုယ်တိုင် မိမိဖြစ်တည်နေတဲ့ဘ၀တစ်ခုအပေါ် စွန့်ခွာချင်နေတဲ့ စိတ်အခြေအနေဖြစ်နေခြင်း ဒါမှမဟုတ် စာဖတ်သူ နေထိုင်ရှင်သန်ရာ လူမှုအသိုင်းအ၀ိုင်းနဲ့ ဆက်နွယ်မှုမရှိပြတ်တောက်နေမိခြင်းကိစ္စရပ်တွေအပေါ် ဘယ်လိုရင်ဆိုင်သင့်တယ် ဆိုတဲ့ နည်းလမ်းအချို့ကို အကြံဥာဏ်ပေး ထောက်ပြသွားမှာဖြစ်ပါတယ်။ စာဖတ်သူအနေနဲ့ ပထမဦးဆုံးအကြိမ် တစ်စုံတစ်ယောက်ကို ဖွင့်ဟပြောဆိုခြင်းဆိုတဲ့ကိစ္စဟာ အခက်အခဲဆုံး ပြဿနာတစ်ရပ်ဖြစ်ကောင်းဖြစ်နေနိုင်သလို အဲ့လိုဖွင့်ဟပြောဆိုခြင်းဟာ အမှားတစ်ခု လို့လဲထင်မြင်နေမှာပါ။ စာရေးသူထောက်ပြမှုလေးတွေက စာဖတ်သူအမြင်များ အကောင်းဘက်ကိုပြောင်းလာစေမယ်ထင်ပါတယ်နော်။

(၁) ကိုယ့်အခြေအနေနဲ့ ကိုယ့်ပတ်ဝန်းကျင်

စာဖတ်သူကို မိတ်ဆွေသူငယ်ချင်းအဖြစ် လက်ခံပြီးသူများ သို့မဟုတ် စာဖတ်သူရဲ့ရင်းနှီးသောပတ်ဝန်းကျင်မှမဟုတ်သော မိတ်ဆွေ သူငယ်ချင်းအချို့ ဒါမှမဟုတ် စာဖတ်သူ ဖွင့်ဟမယ့် သူငယ်ချင်းအုပ်စုအတွက် အကြီးမားဆုံးသော အကြောင်းရင်းတစ်ရပ်ဖြစ်မှာ သေချာသလောက်ဖြစ်ပါတယ်။ ကိုယ့် အကြောင်းကို ဖွင့်ဟပြောဆိုရမယ့် လူတွေဟာ အနည်းဆုံးတော့ စာဖတ်သူ့ပြောတဲ့ အကြောင်းအရာနဲ့ပတ်သက်ပြီး နှုတ်လုံစိတ်ချရတဲ့သူ ပြီးတော့ ဖွင့်ဟပြောဆိုသင့်သောသူများသာဖြစ်ရပါမယ်။ ကိုယ့်မိဘမောင်ဖွား ပတ်ဝန်းကျင်ကို ပြန်လည်ဖောက်သည်ချမယ့် သူငယ်ချင်းမိတ်ဆွေကို စာဖတ်သူက ဖွင့်ဟပြောဆိုမိတယ်ဆိုရင် စာဖတ်သူ့မိဘ အသိုင်းအ၀ိုင်းများရဲ့ အနုတ်လက္ခဏာဆောင်မယ့် တုန့်ပြန်ချက်တွေ(ဥပမာ - အိမ်ကနေ ကန်ထုတ်ခံရတာ၊ ခက်ထန်ကြမ်းတမ်းစွာ ဆက်ဆံ ပစ်ပါယ်ခံရတာ စသဖြင့်)ကြုံလာရနိုင်တယ်ဆိုတာကြောင့်အနည်းငယ်တော့ ဖြည်းဖြည်းလေးလေးနှင့် စဉ်းစားချင့်ချိန်ပြီးမှ ဖွင့်ဟ ရပါမယ်။ ဘာကြောင့်ဆို စာဖတ်သူက မိဘအသိုင်းအ၀ိုင်းကို မှီခိုနေရတုန်းအခြေအနေဖြစ်နေခဲ့တာကြောင့်ပါ။ ဒီရွေးပိုင်ခွင့်က တော်တော် ဆိုးတာ။ ဘယ်လိုပဲဖြစ်ဖြစ် ကျောင်းကိစ္စပြီးဆုံးသွားပြီ သို့မဟုတ် ကိုယ့်ဘာသာအမှီအခိုကင်းကင်းနေနိုင်ပြီဆိုသော နောက်ဆုံးအခြေ အနေမှာတော့ ဘာအကြောင်းအရာကိုမှ အလွန်အကျွံစိုးရိမ်နေစရာမလိုတော့ဘူး ကိုယ်ပြောသမျှ ကိုယ့်မိဘဆီပြန်ရောက်နိုင်ပေမယ့် ဖွင့်ပြောချင်လည်း ပြောနိုင်ပြီပေါ့။

(၂) အကောင်းမတုန့်ပြန်ရင် မဖွင့်ဟသင့်

ကိုယ်ဖွင့်ဟမယ့် သူငယ်ချင်းမိတ်ဆွေတွေက အကောင်းလက္ခာဆောင်မယ့်တုန့်ပြန်မှုတွေ ပြန်မရနိုင်ဘူးလို့ စာဖတ်သူအနေနဲ့ သိနေတယ်ဆိုရင် သူတို့ကို ဖွင့်ဟပြောဆိုခြင်းမပြုလုပ်ပါနဲ့။ သူတို့ကိုဖွင့်ဟနေမယ့်အစား ကိုယ့်ဖြစ်တည်မှုအပေါ် အရှိအတိုင်းလက်ခံပြီး အရာရာဖေးမထောက်ကူတတ်တဲ့ သူငယ်ချင်းအသစ်တစ်ယောက်ယောက်ကို ရှာပြီး ဖွင့်ဟရမှာပေါ့။ ကိုယ့်အပေါ် အရာရာအနုတ် လက္ခဏာဆောင်တဲ့ ဆိုးရွားတဲ့ ဆက်ဆံမှုတွေ ဒါမှမဟုတ် စာဖတ်သူပြောသမျှ ဆိတ်ဆိတ်နေ မတုန့်ပြန်ခြင်းတွေစတဲ့ တုန့်ပြန်ချက်တွေ ကိုပေးတော့မယ့် သူငယ်ချင်းတွေနဲ့ ပေါင်းသင်းဆက်ဆံနေရပြီး စိတ်ဆင်းရဲနေရမယ့်အစား အသိအမြင်ကျယ်ဝန်းတဲ့/ပေါင်းသင်း ဆက်ဆံရေးကောင်းမွန်စွာ လက်ခံတတ်သော အပေါင်းအသင်းအုပ်စုတစ်ခုကိုထပ်မံမိတ်ဖွဲ့ပြီး ပေါင်းသင်းဆက်ဆံနေလိုက်ခြင်းဖြင့် စာဖတ်သူအရင်က သိခဲ့သော သူငယ်ချင်းများထံမှရရှိမယ့် စိတ်ဓာတ်ကျစေသော ဆက်ဆံမှုတွေ မရရှိနိုင်တော့ပါဘူး။

 (၃) ဖွင့်ဟဖို့ အဆင်ပြေတယ်ဆိုပေမယ့် စိတ်သိပ်မလှုပ်ရှားနဲ့

ကိုယ့်ဖြစ်တည်မှု ကိုယ်ဘာဆိုတာ ဖွင့်ဟပြောဆိုခြင်းကို လက်ခံပေးတယ် နားလည်ပေးတယ်ဆိုတဲ့ ပတ်ဝန်းကျင်ကောင်း/အခြေအနေ ကောင်းတစ်ရပ် စာဖတ်သူရရှိနေပြီဆိုရင် အခြေခံအကျဆုံးပြင်ဆင်မှုကတော့ အလွန်စိတ်လှုပ်ရှားနေတာမျိုးမဖြစ်ဘဲ မျက်နှာချင်းဆိုင် လိုက်ဖို့ဖြစ်ပါတယ်။ကိုယ့်ရည်းစားဖြစ်မယ့်သူနဲ့ ပထမဆုံးအကြိမ်ချိန်းဆိုတွေ့ဆုံကြဖို့ အချိန်၊နေရာ၊၀တ်စားဆင်ယင်ပုံအဆုံးကြိုတင် စီမံမိတတ်ကြသလိုပါပဲ ကိုယ့်ရဲ့လိင်စိတ်တိမ်းညွှတ်မှုကိစ္စကို ဖွင့်ဟပြောဆိုမယ့် သူငယ်ချင်းတစ်ယောက် သို့မဟုတ် အုပ်စုတွေအတွက် လည်း ဗြုံးကနဲ အံ့အားတသင့်မဖြစ်စေတဲ့ပုံစံတစ်ခုလုပ်သင့်ပါတယ်ခင်ဗျ။ အထူးသဖြင့်တော့ အမျိုးသားသူငယ်ချင်းများအတွက် တော် တော် စဉ်းစားပြင်ဆင်ထားရပါမယ်။ ဘာကြောင့်ဆိုရင်တော့ စာဖတ်သူဖွင့်ဟပြောဆိုမယ့်ကိစ္စနဲ့ပတ်သက်ပြီး စာဖတ်သူကလည်း စိတ်လှုပ်ရှား သူတို့ကလည်း ကြားရတဲ့သတင်းအပေါ် စိတ်ခံစားမှုရောင်စုံနဲ့တုန့်ပြန်ကြမယ်ဆိုတာ ဖြစ်ရင်းစွဲမို့ပါ။ ပုံမှန် တွေ့ဆုံနေကျ သွားလာနေကျ စကားလက်ဆုံကျနေကျ အချိန်နေရာတစ်ခုခုမှာ ဖွင့်ဟပြောမယ်ဆိုရင်ကော အဆင်ပြေမပြေ စာဖတ်သူအနေနဲ့ အလားတူ ဆုံးဖြတ်ပြင်ဆင်ရပါမယ်။

 (၄) မလိုလားတဲ့တုန့်ပြန်ချက်များအပေါ်
အလွန်အမင်း ပုဂ္ဂိုလ်ရေးအရခင်တွယ်မိသူများက ကိုယ့်အပေါ် မလိုလားသောတုန့်ပြန်ချက်များပေးလာတဲ့အပေါ် လက်ခံပြီး စိတ်ဓာတ် ကျသွားလို့မဖြစ်ပါဘူး။ အချို့သော လူပုဂ္ဂိုလ်တွေဟာ အစဦးပိုင်းမှာတော့ စာဖတ်သူဖွင့်ဟပြောဆိုတဲ့ကိစ္စအပေါ် သဘောတူကြောင်း ကတိပေးနေခြင်း သို့မဟုတ် လက်ခံနေသော အသွင်မြင်ရပေမယ့် အနုတ်လက္ခဏာဆောင်သော တုန့်ပြန်မှုပေးနိုင်ပါတယ်။ အဲဒါတွေကို ပုဂ္ဂိုလ်ရေးအရ ခံစားမနေပါနဲ့။ စာဖတ်သူ့ ပထမဦးစားပေး ပေါင်းသင်းဆက်ဆံရမယ့် တန်ဖိုးကြီး လူသားများဆိုတဲ့နေရာအတွက် သူတို့တွေက မဟုတ်တာ သေချာသလောက်ပါပဲ ။ စာဖတ်သူကိုယ်တိုင် အနုတ်လက္ခာဆောင်တဲ့အတွေးခံစားချက်တွေနဲ့ဝန်းရံမိနေခြင်း သို့မဟုတ် anti – gay ဂေးဆန့်ကျင်ရေးသဘောရှိတဲ့လူများ စာဖတ်သူ့ပတ်ဝန်းကျင်မှာ များပြားနေမယ်ဆိုရင်တော့ ငြင်းပယ်တဲ့ သတင်းများနှင့် ပတ်သက်၍ စာဖတ်သူကိုယ်တိုင် သဘာဝမကျဘူးဆိုတဲ့ သဘောတွေကို အဆုံးသတ်အနေနဲ့ နှလုံးသွင်းမိနေခြင်း သို့မဟုတ်  စိတ်ဓာတ်ကျဆင်းခြင်းဆိုသောကိစ္စရပ်စီ ဦးတည်သွားမှာလည်း သေချာပါတယ်။ ဒီလိုမဖြစ်ရအောင်ဆိုလျှင်တော့ စာဖတ်သူရဲ့ဖြစ်တည်မှု စာဖတ်သူဘာဖြစ်တယ် ဘယ်သူဆိုတာလက်ခံတတ်တဲ့ အပြုသဘောဆန်သော စိတ်ဓာတ်ပိုင်ရှင် သူငယ်ချင်း များအပေါ် အာရုံစိုက်လိုက်ဖို့ဖြစ်ပါတယ်။ အချို့သောသူများဟာ စာဖတ်သူကဖွင့်ဟသော လိင်စိတ်တိမ်းညွှတ်မှုလိုမျိုး နည်းနည်း အကဲဆတ်တဲ့ ကိစ္စရပ်တွေနဲ့ပါတ်သက်ပြီး အတွေ့အကြုံရှိတတ်တော့ သူတို့ရဲ့ခင်မင်ရင်းနှီးမှုအတိုင်းအတာ ဘယ်လောက်ရှိတယ် ဆိုတာသိရလွယ်ပါ တယ်။ ဒီတော့ စာဖတ်သူအနေနှင့် ဘယ်သူတွေဟာ ယုံယုံကြည်ကြည်နှင့် ပထမနေရာထား ပေါင်းသင်းဆက်ဆံ ရမယ်ဆိုတာ သိနိုင်တာပေါ့နော်။

 (၅) စိတ်ထဲမှာထား
မိသားစု ပတ်ဝန်းကျင် အပေါင်းအသင်းများစွာတွေထဲမှာ ရှိတတ်ကြတဲ့ လိင်တူခြင်းကြိုက်နှစ်သက်သူများထဲမှ စုန်းပြူးအချို့ရဲ့ အကြောင်း စာဖတ်သူရဲ့သူငယ်ချင်းမိတ်ဆွေများသိမြင်နေကြတဲ့အပေါ် အတိုက်အခံလုပ်ပြောမနေဘဲ စိတ်ထဲမှာပဲထားလိုက်ပါ။ လူအပေါ်မှာပဲ မူတည်နေပြီး လိင်တူကြိုက်နှစ်သက်သူ ဂေးဖြစ်နေခြင်းကြောင့်ဆိုတာ မဟုတ်ကြောင်း သူတို့တွေသိဖို့အချိန်အတိုင်း အတာတစ်ခုပေး စံနမူနာဖြစ်နေထိုင်ပြလိုက်နိုင်ပါတယ်။

 (၆) အပြုသဘောဆောင်သူများကို ဆက်လက်ပေါင်းသင်း
စာဖတ်သူလိုမျိုး လိင်စိတ်ကွဲပြားသူတွေအပေါ် အပြုသဘောဆောင်အထောက်အကူပေးတတ်သော သူများနှင့် သူငယ်ချင်းမိတ်ဆွေ များအဖြစ် ဆက်လက်ပေါင်းသင်းနိုင်ပါတယ်။ ပြီးတော့ LGBT အဖွဲ့အစည်းများ သို့မဟုတ် အုပ်စုများမှာ ပေါင်းစည်းပါဝင်လှုပ်ရှား ချင်တယ်ဆိုရင်လည်း စာဖတ်သူအနေနဲ့ပျော်ပျော်ရွှင်ရွှင်ပဲ ပူးပေါင်းလိုက်ပါနော်။ ဒါဟာ မိမိစိတ်ကို အပြုသဘောဆောင်စိတ်တွေ တိုးပွား စေပြီး စိတ်ဓာတ်ကျသောခံစားမှုများ နည်းပါးသွားနိုင်လို့ပါပဲ။

ပြောစရာ အချို့ (Tips)
-       တကယ်လို့ ဘယ်သူတစ်ဦးတစ်ယောက်ကမှ စာဖတ်သူရဲ့ဖြစ်တည်ခြင်း (ဂေးဖြစ်ခြင်း)အပေါ် လက်မခံဘူး သို့မဟုတ် အခြား ကြုံဆုံရတဲ့အခြေအနေဆိုးများရင်ဆိုင်ရတဲ့အခါ ကိုယ့်ကိုယ်ကို အပြစ်ဖို့ခြင်းမပြုလုပ်ပါနဲ့။ လက်သင့်ခံခြင်း သို့မဟုတ် လက်မခံခြင်းဆိုတာ သူတို့မရွေးချယ်တဲ့ ပုစ္ဆာတစ်ရပ်သာဖြစ်ပါတယ်။ ပြီးတော့ ဒီအခိုက်အတန့်လေးဟာ လိင်တူခြင်း ကြိုက်နှစ်သက်သူများကို မုန်းတီးသူ (Homophobic)ဟုတ်မဟုတ် စာဖတ်သူအနေနှင့်လေ့လာနိုင်တဲ့အချိန်လည်းဖြစ်နိုင်သလို သူတို့ရှုထောင့် ကနေကြည့်လျှင် စာဖတ်သူရဲ့ ဖွင့်ဟပြောဆိုခြင်းကိစ္စရပ်ဟာ ခြောက်လှန့်သည့်အသွင်ဆောင်သွားခြင်း ဖြစ်မဖြစ် ဆိုတာလည်း သိနိုင်တယ်လေ။

-       အကယ်၍ စာဖတ်သူကိုယ်တိုင်နှင့်ပတ်သက်ပြီး ကိုယ့်ကိုယ်ကို မသေချာသလိုခံစားရတယ် သို့မဟုတ် စာဖတ်သူရဲ့ လိင်မှုလက္ခဏာရပ်နဲ့ပတ်သက်ပြီး အငုံ့စိတ်ဝင်နေဆဲဆိုပါက အခြားသောလူပုဂ္ဂိုလ်များရဲ့ ငြင်းပယ်တဲ့ တုံ့ပြန်ချက်များစွာကို ညံ့ဖျင်းစွာလက်ခံလိုက်တဲ့သဘောဖြစ်နေပါမယ်။ ဘယ်အရာကိုပဲလုပ်လုပ် ကိုယ့်ကိုယ်ကို စိတ်ချယုံကြည်မှုနှင့် ကိုယ့်ကိုယ်ကို တန်ဖိုးထားခြင်းဆိုတာတွေ တိုးပွားလာစေမယ့်အရာတွေကို ကြိုးစားလုပ်ဆောင်ရပါမယ်။ ကိုယ့်အသက်အရွယ်ဝန်းကျင်ရှိ LGBTs လူပုဂ္ဂိုလ်များအနေဖြင့် သူတို့ကိုယ်သူတို့ဘယ်လို ကောင်းမွန်သောခံစားချက်တွေနဲ့ရပ်တည်နေသလဲဆိုတာ လေ့လာကြည့်ပါ။ သူတို့တွေရဲ့ ဂုဏ်ယူဖွယ် အမူအကျင့်၊အသက်မွေးဝမ်းကြောင်းပညာတတ်မြောက်မှု၊ဂုဏ်သိက္ခာပိုင်းဆိုင်ရာ စတာတွေကို လက်တွေ့ကျင့်သုံးခြင်းဖြင့် စာဖတ်သူရဲ့ စံပြပုဂ္ဂိုလ်များသဖွယ် ကူညီလမ်းပြပေးသွားပါလိမ့်မယ်။ အချို့သော အစိုးရမဟုတ်သောအဖွဲ့အစည်းများမှာတော့ LGBTs တွေအတွက် အသင်းအဖွဲ့လေးတွေ၊သင်တန်းလေးတွေစီစဉ်ပေးထား တတ်တာကြောင့် စာဖတ်သူအနေနဲ့ ကိုယ့်ပတ်ဝန်းကျင်မှာ အဲ့လို club လေးတွေရှိရင်ဖြင့် သွားရောက်ပူးပေါင်းကာ လေ့လာ ကျင့်ဆောင်ကြည့်ပါလားလို့။

-       ကိုယ့်ရဲ့လိင်စိတ်တိမ်းညွှတ်မှုကိစ္စရပ်လိုမျိုး လူ့အခွင့်အရေးပိုင်းဆိုင်ရာတွေကို အသေးစိတ်တွယ်ကပ်မနေတတ်တဲ့ နားလည် ပေးတတ်သော အလုပ်ပတ်ဝန်းကျင်မျိုးမှာ အလုပ်လုပ်နိုင်ဖို့ရယ် အဲ့လိုပတ်ဝန်းကျင်မှာလုပ်ကိုင်နေတဲ့ သူငယ်ချင်းများကိရုရှိခဲ့ ရင်ဖြင့် စာဖတ်သူ့စိတ်ထဲက ဖွင့်ဟချင်တာတွေကို သူတို့နဲ့စတင်ဖို့ကြိုးစားနိုင်ပါလိမ့်မယ်။ ထူးထူးခြားခြားဒါကို အထူးတလည် ပြောနေရခြင်းက ကိုယ့်ရဲ့ဖြစ်တည်မှု ကိုယ့်ရဲ့ဘ၀အမှန်ကို နားလည်ပေးတတ်တဲ့ ပတ်ဝန်းကျင်နဲ့ သူငယ်ချင်းမိတ်ဆွေများကို ပေါင်းသင်းခွင့်ရတဲ့အခါမှာ ဒီလိုပါလားဆိုတာ ခံစားမိစေချင်တဲ့စေတနာကြောင့်ပါ။

သတိပေးချက်များ (Warnings)

-       စာဖတ်သူရဲ့ ဖွင့်ဟ၀န်ခံခြင်းဖြစ်စဉ်မှာ ရလဒ်ဆိုးရွားနေတယ် ပြီးတော့/သို့မဟုတ် ကိုယ့်အခြေအနေကိုကြည့်ကာ စိတ်ဓာတ်ကျ သောခံစားမှုတွေရရှိနေရတယ်ဆိုရင် ကျွန်တော်တို့လိုလူမျိုးတွေကို အထောက်အကူပေးနိုင်တဲ့ ကုထုံးပညာရှင်တစ်ယောက်ရဲ့ အကူအညီကို ရယူကြည့်ဖို့ အကြံဥာဏ်ပေးပါရစေ။ ဒါဟာ ပျော့ညံ့ခြင်း အားနည်းချက်တစ်ခုရဲ့ သင်္ကေတတစ်ရပ်မဟုတ်ပါဘူး။ အခုအချိန် ကိုယ်ဖြတ်သန်းနေရတဲ့အခက်အခဲ စိတ်အခြေအနေ ကြုံဆုံရတဲ့ပြဿနာတွေနဲ့ပတ်သက်ပြီး  ကျွမ်းကျင်ပညာရှင် ပရိုတစ်ယောက်ရဲ့ အကူအညီ အကြံဥာဏ်ကောင်းတွေရယူပြီးဖြတ်သန်းဖို့ဆိုတာ အရေးပါပါတယ်။

-       တကယ်လို့ စာဖတ်သူဟာ လိင်တူခြင်းကြိုက်နှစ်သက်သူများကို မုန်းတီးသူ သူငယ်ချင်းများနှင့် နီးနီးကပ်ကပ်နေထိုင်နေရတယ် ဆိုလျှင်တော့ ဒါဟာ ဒီအ၀န်းအ၀ိုင်းကနေ ရွေ့ဖို့ အသေအချာလှုပ်ရှားဖို့ အကောင်းဆုံးစိတ်ဝင်စားစရာတစ်ရပ်ပါပဲ။ စာဖတ်သူ အနေဖြင့် ကိုယ့်ကို ငြင်းပယ် ရန်လိုသော အနုတ်သဘောဆောင်တဲ့ လူမှုပတ်ဝန်းကျင်တစ်ရပ်ဝန်းရံကာနေထိုင်လိုစိတ် ရှိမယ် မထင်ဘူးနော် ဟုတ်တယ်ဟုတ်။ (ကိုယ်ငှားနေတဲ့ တိုက်ခန်းပတ်လည်က အခန်းတွေ၊အိမ်တွေ၊အခန်းဖော်တွေ စသဖြင့်)။


စာကြွင်း။                  ဒီစာစုလေးကိုရေးသားရာမှာ အချို့သောစာသားတွေကိုတော့ ဆရာဖေမြင့်ရဲ့စာအုပ်က ရယူထားသလို www.wikihow.com ကနေလည်း မှီးငြမ်းရေးသားထားပါတယ်။ လူတစ်ယောက်ပဲဖြစ်ဖြစ် လူအုပ်စုတစ်ခုခုကိုပဲဖြစ်ဖြစ် ကိုယ့်အတွင်းရေး တစ်ခုကို ဖွင့်ဟဖို့ဆိုတာ ကြုံဆုံရတဲ့အခြေအနေက ထပ်တူမဖြစ်နိုင်တော့ ပျှမ်းမျှသဘောလေးသာရေးဖြစ်ထားခြင်းကို နားလည်ပေးစေ လိုပါတယ် ခင်ဗျာ။

No comments: